မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ABSDF ရဲမေ နှစ်ဦး၏ ကဗျာနှစ်ပုဒ်


ကဗျာတွေကိုဖတ်ရင် ကျွန်မက ကျွဲအပါးစောင်းတီး သလိုပဲ သိပ်ပြီးနားမလည်သလို နားလည်ခဲ့ရင်လည်း စကားပြေကို ခံစားရသလောက် ခံစားမတတ်ဘူး။ ဒါပေမယ့် တချို့ကဗျာတွေကိုကျတော့ ဖတ်ပြီး နားလည်ရင် စကားပြေထက် ပိုသဘောကျမိတယ်။ အကြောင်းအရာ အများကြီးကို ကျွန်မတို့လို စာတွေ အရှည်ကြီးရေးပြီး ပြောနေစရာမလိုပဲ တိုတိုနဲ့ လိုရင်းကို ဖတ်သူတွေရဲ့ ရင်ထဲရောက်အောင် ထိထိမိမိ တင်ပြထားတဲ့ အများနားလည်နိုင်တဲ့ ကဗျာမျိုးကျတော့ နားလည်း နားလည်တယ် ခံစားလို့လည်းရတယ်။ ကိုယ်တိုင် ကဗျာစပ်လို့ လုံးဝမတတ်ပေမယ့်လည်း ဒီလို ဖတ်ဖူးတဲ့ ကဗျာတွေထဲက သဘောကျမိတဲ့ ကဗျာလေးတွေကို ရွေးပြီး ပြန်လည်ဖေါ်ပြဖို့ ရည်ရွယ်ချက်နဲ့ ကျွန်မဘလော့ဂ်မှာ ကဗျာကို ကဏ္ဍတခုအနေနဲ့ ရွေးထားပါတယ်။ ကျွန်မ နှစ်သက်တဲ့ကဗျာတွေအနက် ဒီကဗျာနှစ်ပုဒ်ကို စပြီး တင်လိုက်ပါတယ်။

ဒီကဗျာနှစ်ပုဒ်ရဲ့ ပိုင်ရှင်တွေအနက် တယောက်ကတော့ လူ့လောကမှာ မရှိတော့ပါဘူး။ တယောက်ကတော့ အလံမလဲပဲ ဆက်လက် ချီတက်နေဆဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်အနက် မသက်သက်လွင်ခေါ် မသက်ဟာ ယခင်က ABSDF တပ်ရင်း ၆၀၁ (ပအိုဝ်မြေ) က ဖြစ်ပြီး ၂၀၀၃ ခု၊ ဧပြီလမှာ သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ St. Josephs's Hospital, Auburn မှာ အစာအိမ်ကင်ဆာနှင့် ကွယ်လွန်ခဲ့ပါတယ်။ သူမ မကွယ်လွန်မီ ရေးခဲ့တဲ့ စာကို ဒီနေရာမှာ တင်ထားတာ ရှိပါတယ်။။ မိဆူးပွင့်က ABSDF တပ်ရင်း (၃၀၃) ကရင်နီနယ်မြေကဖြစ်ပြီး ချင်းမိုင် အခြေစိုက် မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်နှင့် မြန်မာအမျိုးသမီးသမဂ္ဂ (BWU) တို့မှာ ဦးဆောင်နေသူ တယောက်ဖြစ်ပါတယ်။

ကဗျာပိုင်ရှင် နှစ်ဦးစုံးဟာ တချိန်က ABSDF မှာ ကျွန်မနဲ့ အတူလက်တွဲလာခဲ့ဖူးသူတွေ ဖြစ်ပြီး သူတို့ရေးထားတဲ့ ကဗျာလေးတွေကိုဖတ်ရင်း သူတို့ကို လွမ်းဆွတ်မိတာနဲ့ စာသင်ခန်းကို စွန့်ပြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်ဖို့ ထွက်လာတဲ့ ကျောင်းသူတွေထဲမှာ ဒီလို ကလောင်ရှင်တွေလည်း ပါတယ်ဆိုတာကိုပါ ဖေါ်ပြချင်တာနဲ့ နေ့သစ် မှာ တင်ထားတဲ့ ABSDF မှ ၁၉၈၉ ခု၊ သြဂုတ်လထုတ် ဒေါင်းအိုးဝေ အတွဲ (၁)၊ အမှတ် (၅) မှ ကူးယူဖေါ်ပြလိုက်ပါတယ်။ သူတို့ရဲ့ ပျိုမြစ်နုနယ်တဲ့ အရွယ် လွန်ခဲ့တဲ့ အနှစ် (၂၀) ဒီလ၊ ဒီအချိန်အခါသမယမှာ စပ်ဆိုခဲ့တဲ့ ဒီကဗျာတွေဟာ အခုထက်ထိ အကျုံးဝင်နေဆဲ ရှင်သန်နေဆဲဆိုတာ ဖတ်တဲ့သူတိုင်း ခံစားမိပါလိမ့်မယ်။





တိမ်ပေါ်ဓါးထမ်းလိုက်ခဲ့မယ်

အမှားနဲ့အမှန် အားပြိုင်ရန် မျဉ်းတကြောင်း
အသက်ပေါင်း များစွာစတေး၍ စည်းတားခဲ့ပြီ။

မှားသူတွေဒေါသမာန်မချသေး
မောဟမာန် မာနအတွေး
ဘေးတွေ့တော့မှာ ဧကန်။


အမှန်ဆောင်တဲ့ ခွပ်ဒေါင်းအဖွဲ့
ပြောင်းလိုက်မကွဲ့ ခေတ်စံနစ်ကို
မောင်းလိုက်မဟဲ့ မင်းအညစ်ကို
မှားသူတွေသတိထား ဓါးဆိုလဲဓါး
အားဆိုတော့လဲ အားနဲ့ပေါ့။

မင်းသန်ရာနဲ့ စိန်ခေါ်စမ်း
တိမ်ပေါ်ဓါးထမ်းလိုက်ခဲ့မယ်။ ။

မသက် (၆၀၁)


သူငယ်ချင်းသို့ ညမွန်းလွဲ သတိပေးချက်

ယုဒသာန်က
ပန်းချီပြပွဲမှာ
လျှို့ဝှက်တဲ့ စုတ်ချက်တွေရှိတာ
သူတို့မသိဘူး...


ဦးချစ်ဆိုင်ထဲက
နံရံကပ်ကဗျာကြော်ငြာမှာ
လျှို့ဝှက်တဲ့ကာရန်တွေရှိတာ
သူတို့မသိဘူး….


လူငယ်တွေရဲ့ ဟော်လိုဂစ်တာထဲမှာ
လျှို့ဝှက်တဲ့သံစဉ်တွေရှိတာ
သူတို့မသိဘူး....


မယားဖို့….
သားဖို့….
သူတို့ကုလားထိုင်တွေ
သံမှိုနာနာရိုက်နေကြတယ်။


မှော်အတတ်ကြောင့်
အင်းလျားကန်ရေတွေ
အနီရောင်ဖြစ်ကုန်တာမဟုတ်ဘူး
ဒါဟာ..အကြောင်းရှိတယ်...


သံလွင်ဟိုတစ်ဘက်ကမ်းမှာ
မျှော်လင့်ချက်နဲ့ကြည့်နေတဲ့
တို့သူငယ်ချင်းတွေရဲ့
ဝိညာဉ်တွေရှိတယ်။
မျက်ရည်မခြောက်သေးတဲ့
တို့အမေတွေ များစွာရှိတယ်။


သူငယ်ချင်း
တို့အားလုံးရဲ့နေ့ကိုရောက်ဖို့
တို့အားလုံးရဲ့ခြေထောက်နဲ့ပဲ
လျှောက်ရဲရမယ်. . .။ ။


မိဆူးပွင့် (ရန်ကုန်တက္ကသိုလ်)





13 comments:

ဒုတိယ တစ်ပုဒ်ကို တော်တော်ကြိုက်တယ်။

မမေငြိမ်းရေးဖူးတဲ့ သူ့သူငယ်ချင်း မိဆူးပွင့် ..
ကျေးဇူးပါပဲ။ ကဗျာကောင်းလေးတွေ အတွက်။

ကဗျာ ၂ ပုဒ်လုံး အားမာန်အပြည့် နဲ့ မို့ ကြိုက်ပါတယ်...

mie nge

မလေး ငယ်နိုင်ဆီကို မလေး ဘလော့စလုပ်တဲ့နေ့ မိတ်ဆက်စာမှာထဲက ရောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် မလေးရာ.. သိတဲ့အတိုင်းပဲလေ .. မလေးက နိုင်ငံရေးကို အရမ်း ချရေးနေတဲ့အချိန် ကျနော်နဲ့ကိုက မလေးတို့ ရန်သူ စစ်တပ်နဲ့ ပတ်သတ်နေတာရော။ တစ်ခါတစ်ခါလေ ကျနော် တကယ်စိတ်မကောင်းဘူး။ ကိုက ခပ်အေးအေးပဲ နေတတ်တဲ့ ကျောင်းဆရာတစ်ယောက်။ ကျနော်ကလဲ ကိုယ့်မိသားစုနဲ့ ပညာရေးကလွဲရင် ကျန်တာကို မသိနားမလည်တဲ့သူတစ်ယောက်လို့ ဆိုပေမယ့် ခုအားလုံးရဲ့ အမြင်မှာ ကို့ကိုရော ကျနော့်ကိုပါ မလေးတို့ ရန်သူအုပ်စုထဲ ထည့်ထားကြတယ်လေ။ အမှန်တကယ်က ကိုက စစ်သားသာဖြစ်တာပါ။ သူ့ဘ၀မှာ ပညာရေးနောက်ကိုပဲ လိုက်နေခဲ့တာ။ သူက ဘယ်နေရာမှာမှ ၀င်မပါခဲ့ဖူးဘူး။ ရှေ့တန်းတောင် မထွက်ခဲ့ဖူးဘူး။ အဟုတ်။ သူက စာအုပ်ထဲ နစ်နေတဲ့ စစ်သားတစ်ယောက်ပါ။ ဒါပေမယ့်ဗျာ ... ။

မလေးဆီကို ကျနော် အမြဲလို ရောက်ဖြစ်ပြီး မလေးရေးတဲ့ စာတွေကို တမေ့တမော ဖတ်ဖြစ်ခဲ့ပေမယ့် ကျနော် မလေးကို နှုတ်မဆက်ရဲဘူး။ ကျနော် ကြောက်လို့ပါ။ ခု မလေးက ကျနော့်အိမ်ကို လိုက်လာတယ်ဆိုတော့ ကျနော် သိပ်ပျော်တယ်ဗျာ။ ကျေးဇူးတင်ပါတယ်နော်။

( ဒီစာကို အရဲစွန့်ပြီး ကျနော် ရေးတာပါ။ အမှားပါရင် ခွင့်လွှတ်ပါ။ )

အမ ရေ ..ရောက်ပါတယ်။ တအားကောင်းတဲ့ ရင်ထဲ အထိရောက်တဲ့ ကဗျာ ၂ပုဒ်ကို မျှဝေ ပေးလို့ ဖတ်ခွင့် ရတာ ကျေးဇူးတင်ပါတယ်။
နောက်ထပ်လည်း ကောင်းတာလေးတွေ မျှဝေပေးပါဦးနော်။

မိသားစုအဆင်ပြေ အေးချမ်းပါစေဗျာ။
ခင်တဲ့
အားလုံးကို ပျော်စေချင်တဲ့

အင်းးး နှစ်ယောက်လုံးကို သိပါတယ်။ မိဆူးပွင့်ကတော့ ကျောင်းမှာတုန်းကလည်း ကျောင်းတွင်း စာကူးစက် ကဗျာစာအုပ် လောကသားချင်းလေ..။ လွမ်းတယ်....

မိဆူးပွင့်ရဲ့ ကဗျာလေး ကြိုက်လိုက်တာ
ယုဒသန်ကို လွမ်းတယ်
အင်းယား လွမ်းတယ်
ပြီးတော့
သံလွင်တဖက်ကမ်းက သူငယ်ချင်းတွေ...

အစ်မရေ တိမ်ပေါ်ကို ဓားထမ်းလိုက်ခဲ့မယ်ဆိုတဲ့ ကဗျာ့ စာသားနဲ့ တို့အားလုံးနေ့ကို ရောက်ဖို့ တို့အားလုံးခြေထောက်နဲ့ပဲ လျောက်ရဲရမယ်ဆိုတဲ့ ရဲရဲတောက် ကဗျာ့စာသားလေးတွေကို ဖတ်ရတာ ကြက်သီးထမိပါရဲ့

လေးစားပါတယ် စွန့်ဝံ့သူတွေကို

သံလွင်ရဲ့တစ်ဖက်ကမ်းက မျော်လင့်ချက်တွေနဲ့ကြည့်နေတဲ့တို့သူငယ်ချင်းတွေရဲ့ ၀ိညဉ်နဲ့ မျက်ရည်မခြောက်သေးတဲ့ တို့အမေတွေဆိုတဲ့ စာသားကိုတော့ ဖတ်ပြီး မျက်ရည်ဝဲမိတယ် အစ်မရေ.. သားပျောက် အမေတွေနဲ့ အမေချန်ခဲ့ရတဲ့ သားသမီးတွေ အမြန်ဆုံချင်လှပါပြီ...

အင်း...
မှတ်မိနေသေးတယ်
အဲသည်ကဗျာတွေကို ဖတ်ရတဲ့အချိန်က
ရှေ့တန်း စစ်ကြောင်းတနေရာမှာ ရောက်နေတုန်း...
စစ်ပူနေတဲ့ ဖလူးခံတပ်အတွက်
Reinforcement တွေလိုနေလို့ စစ်ကြောင်းနောက်တခုကို ပြင်ဆင်ဖို့ ပြန်တက်လာရတဲ့ လမ်းမှာ ထောက်ပံ့ရေးအဖွဲ့နဲ့ပါလာတဲ့ ဒေါင်းအိုးဝေတွေကို အလုအယက် လုပြီး ဖတ်ကြရတာ...
အဲသည်တုန်းက ကိုယ်က ဒေါင်းအိုးဝေကို ကဗျာတွေပို့ဖို့ စာတွေရေးဖို့ကို စိတ်မပါခဲ့တာ...
စိတ်ထဲမှာ ရှိနေတာက ပစ်ဖို့ ခတ်ဖို့ချည့်ကိုး...
ခုတော့လည်း အလွမ်းပြေ ပြန်ဖတ်ရတာပေါ့လေ...
မသက်ကတော့ အရေးနည်းပါတယ်...

မငယ်ရေ
ီကဗျာလေးတွေပြန်တင်ပေးလိုက်တာ ကျေးဇူးအများကြီးတင်တယ်။ အနာဟောင်းကိုအပ်နဲ့ ပြန်ဆွသလိုပဲ ခံစားရတယ်။ တချိန်ကဆိုရင် မသက်ကဗျာလေးကို ကြိုက်လွန်းလို့ အလွတ်ပါ ရနေတာ။ မှားသူတွေသတိထား ဓါးဆိုလဲ ဓါးဆိုတာကို မှားသူတွေသတိထား ကျားဆိုမှကျားဆိုပြီးမသက်ကို စနောက်ကြတာကိုလည်း ပြန်မြင်ယောင်ရင်း တာမလွန်ရောက်မသက်ကို လွမ်းမိပါတယ်။

လာဖတ်ပြီးမှတ်ချက်ထားခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။
-Sin Dan Lar နဲ့ မမသီရိရေ မဆူးပွင့်က ကျောင်းမှာကတည်းက ကဗျာစပ်တယ်ဆိုတော့ သူက ကျွန်မတို့ အဖွဲ့အစည်းမှာလည်း ကဗျာဆရာမ အဖြစ် ထင်ရှားခဲ့တယ်။ စာပေအရ သူ့ကဗျာက ပိုကောင်းမှာ သေချာတယ်။ ဒါပေယ့် အဓိပ္ပါယ်အရတော့ နှစ်ခုစလုံး ကောင်းပါတယ်။
-ကိုတင်မင်းထက် ဆရာမမေငြိမ်း ပြောတဲ့အတိုင်းပဲ သူတို့က ကျောင်းမှာကတည်းက စာပေမိတ်ဆွေတွေဆိုတာ ကျွန်မလည်း သိတာ မကြာသေးဘူး။
-မမီးမီးနဲ့ မဆုမွန် ပြောတဲ့အတိုင်းပဲ ကျွန်မလည်း ကဗျာနှစ်ပုဒ်စလုံးကို ကြိုက်တယ်။
-ဆရာမရေ- ဆရာမနဲ့ မသက်သိတယ် ဆိုတာတော့ ကျွန်မ အခုမှ သိရတယ်။ သူက အခုကျွန်မ အလုပ်လုပ်နေတဲ့ ဆေးရုံမှာ ကျွန်မ ရှေ့မှာပဲ ဆုံးသွားတာ။
-ကိုအောင်သာငယ်- လွန်ခဲ့ အနှစ် ၂၀ အခုလိုချိန်က ကျွန်မကတော့ အဲဒီအချိန်က တပ်ရင်းကို ဦးဆောင်နေတဲ့ ကိုအောင်သာငယ်တို့လို တပ်ရင်းမှူးတို့ ဥက္ကျဌတို့ကို မိန်းကလေးတွေကို ရှေ့တန်းပေးမဆင်းပဲ တပ်ရင်းမှာ ငှာက်ဖျားနဲ့ပဲ နပမ်းလုံးခိုင်းထားတယ် ဆိုပြီး ရှေ့တန်းဆင်းခွင့်ရအောင် အမျိုးမျိုး ကလန်ပြီး တောင်းဆို နေတဲ့အချိန်ပဲ။
-Nee Htay ရေ အနာဟောင်းကို အပ်နဲ့ ဆွချင်တဲ့ ရည်ရွယ်ချက်တော့ မရှိပါဘူး ငါလည်း နင့်လို မသက်ကို လွမ်းတာတော့ အမှန်ပဲ။

ဇော်ရေ စာလာဖတ်ပြီး မှတ်ချက်ထားခဲ့တာ ကျေးဇူးတင်ပါတယ်။ ကျွန်မက ဇော်တွေ ကိုတွေ တယောက်မှ မသိပါဘူး။ ကျွန်တော့်အိမ်ဆိုတာကို တွေ့လိုက်လို့ အရင်က ဘလောဂ့်တွေမှာ တွေ့တွေ့ရတဲ့ Tea နဲ့ တယောက်တည်းလားလို့ မေးကြည့်တာပါ။ ကျွန်မ နိုင်ငံရေးကို ရေးနေတာ မဟုတ်ပါဘူး ကိုယ့်ဘ၀ ဖြတ်သန်းမှုကိုပဲ ကိုယ်ရေးနေတာပါ။ ဒါတွေပဲ ရေးမှာလည်း မဟုတ်ပါဘူး၊ အပေါ်က မိတ်ဆက်မှာ ရေးထားတဲ့အတိုင်းပဲ ကျွန်မ လေ့လာဖူးတာ ဖြတ်သန်းဖူးတာတွေနဲ့ ရင်ထဲမှာ ခံစားရတာတွေကို တင်မှာ ဖြစ်တယ်။ ကျွန်မဘလော့ဂ်ကို ဘယ်သူတွေမဖတ်ရဘူး ဘယ်သူတွေပဲ ဖတ်ရမယ်ဆိုတဲ့ ကန့်သတ်ထားတာ ဘာမှ မရှိလို့ ရဲရဲသာ လာဖတ်ပါ။ ရင်ထဲက ဆန္ဒကို လွတ်လပ်စွာ ဖေါ်ပြပိုင်ခွင့် မရတဲ့ ခေတ်စနစ်အောက်မှာ ကြီးပြင်းလာကြသူ အချင်းချင်း ကိုယ်ချင်းစာပါတယ်။ သူများက ကိုယ့်ကို ဘယ်လို သတ်မှတ်တယ် မသတ်မှတ်ဘူးဆိုတာထက် ကိုယ့်ဆန္ဒနဲ့ ကိုယ်ရွေးချယ်ထားပြီး လျှောက်နေတဲ့ လမ်းဟာ ကိုယ့်ခံယူချက်နဲ့ အံဝင်ခွင်ကျ ရှိမရှိ ဆိုတာ သိဖို့ ပိုအရေးကြီးပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရွေးချယ်မှုကို ကိုယ်တိုင် appreciate ဖြစ်ဖို့နဲ့ အများအတွက် ထိခိုက်မှု၊ ဒါမှမဟုတ် အကျိုးသက်ရောက်မှု ဘယ်လောက် ရှိမရှိ အပေါ်မှာ မိမိဖာသာ လိပ်ပြာသန့်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အများအတွက် ထိခိုက်အောင် ဒါမှမဟုတ် အကျိုးရှိအောင် လုပ်တဲ့အုပ်စုတခုမှာ ကိုယ်ပါနေရင် အဲဒီအုပ်စုကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုတိုင်းမှာ ကိုယ်လည်း တာဝန်ရှိပါတယ်။ ကိုယ်က အဲဒီရဲ့ အစိတ်ပိုင်းတခု ဖြစ်ပြီးသားမို့ ဒါတွေဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောလို့မရနိုင်ပါဘူး ဒီသဘောတရားကိုတော့ ဇော် သိထားသင့်ပါတယ်။

-ကိုလတ် (မိုးသွေးငယ်) ဒီဘလော့ဂ်ကို ဘလော့ဂ်နဲ့တူအောင် ကူညီပေးတာကို သိပ်ပြီးကျေးဇူးတင်ပါတယ်။ အခုဆိုရင် ဘလောဂ်က တော်တော်ကို ပြည့်စုံနေပါပြီ G-talk မှာ တွေ့တဲ့ မိတ်ဆွေတိုင်းက ဘလော့ဂ်လေးက သိပ်လှတယ် ဆိုတာ ချီးကျူးပြီး ကျွန်မကို အထင်တွေကြီးလို့ ဘာကိုဘယ်လို ထည့်လဲဆိုတာကိုပါ မေးမေးနေလို့ ကျွန်မဘာမှ လုပ်လို့မတတ်ဘူး ကိုလတ်ထည့် ထားပေးတယ်ဆိုတာ အမြဲပဲ ရှင်းပြနေရတယ်။ ကျွန်မက ကဗျာစပ်မတတ်တော့ ဒီကဗျာတွေ ကို ပြန်ဖေါ်ပြပေးပါတယ်။ ဖတ်သူတွေ ကြိုက်တယ်ဆိုတာ သိရလို့ ၀မ်းသာတယ်။ ကိုလတ် ကဗျာစပ်တယ်ဆိုတော့ ကိုလတ်ကဗျာတွေကိုလည်း ဒီမှာ တင်ပေးစေချင်တယ်။