မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

စာသင်ခန်းကို စွန့်ခွာတဲ့နေ့


၈.၈.၈၈ မှာ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ စတင်ဆန္ဒပြပြီး ရှစ်လေးလုံး အရေးခင်းကြီးကို စတင်ခဲ့ကြပြီး ကျောင်းသား၊ ပြည်သူတွေ သွေးမြေကျခဲ့ရပါတယ်။ ဒီလို သွေးမြေကျခဲ့လို့ လှုပ်ရှားမှုတွေက မရပ်သွားတဲ့အပြင် ပိုလို့တောင် တိုးလာပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗြိတိသျှကို တော်လှန်အုံကြွတဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံလို လူထုအုံကြွမှုကြီးကိုပါ ဖြစ်လာစေခဲ့ပါတယ်။ ရှစ်လေးလုံးဟာ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာပဲ ဖြစ်ပွားခဲ့ပြီး တခြားနယ်တွေမှာ ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် တပါတီအာဏာရှင်စနစ် အဆုံးသတ်ပါ့မလား ဆိုတာကို ကျွန်မ မကြာခဏ ပြန်တွေးမိပါတယ်။ ဒီလိုပြန်တွေးရင်း အရေးတော်ပုံကြီးကို ကျွန်မတို့နေတဲ့ တောစွန်အုံဖျားပါမကျန် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်လာအောင် လှုံဆော်ခဲ့တဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ဗကသရဲ့ စွမ်းဆောင်မှုကိုလည်း အံ့မခန်း ဖြစ်မိပါတယ်။ အရေးတော်ပုံကြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာပုံကို ပြန်တွေးရင်း ကျေးလက်တောမြို့လေးမှာ ရှိတဲ့ ကျွန်မတို့ကျောင်းက စတင်ပြီး ကျွန်မတို့ မြို့နယ်မှာ အရေးတော်ပုံ ဖြစ်လာပုံကို ပြန်သတိရနေမိတယ်။



ခွေးအိုဆင်းလို့ ခွေးရူးတက် မြန်မာနိုင်ငံပျက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုမင်းကိုနိုင် လက်ရေးမူနဲ့ ကော်ပီဆွဲထားတဲ့ ဗကသများ အဖွဲ့ချုပ်က လှုံ့ဆော်စာတစောင်ကို ကျွန်မတို့ အတန်းက ယောက်ျားလေးတွေကြားထဲမှာ ရှစ်ရက်နေ့ မတိုင်ခင် နေ့ရက်တွေကတည်းက ရောက်နေရာကနေ ကျွန်မတို့ မိန်းကလေးတွေ ဆီအထိ ပြန့်နှံ့လာခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ၆၂ အာဏာသိမ်းတဲ့နေ့ ကနေ ၈၈ တံတားနီအရေးခင်းမှာ ကျောင်းသူတွေကို စိန်လွင်လက်ပါးစေတွေက အင်းယားကန်မှာ ရေနစ်သတ်တာ၊ အချုပ်ခန်းအတွင်း မုဒိန်းကျင့်ခဲ့အရေးအခင်းထိနဲ့၊ အခုချိန်မှာ မဆလကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာအထိ မဆလ တပါတီအာဏာရှင်တွေရဲ့ စံပြလုပ်ရပ်တွေနဲ့ ဖုံးကွယ်ထားတဲ့ သမိုင်းတွေကို ဖေါ်ပြထားပါတယ်။ စာရဲ့ အဆုံးပိုင်းမှာတော့ ဒီမကောင်းတဲ့ မစ္ဆာအယုတ်မာတွေကို ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ဟာ ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ ဆိုတဲ့အကြောင်း၊ ခေတ်အဆက်ဆက်မှာ စနစ်တခုကို ပြောင်းချင်ရင် ကျောင်းသားတွေကပဲ အနှစ်နာခံပြီး ရှေ့ကအသေခံ ဦးဆောင်ခဲ့လို့သာ ပြောင်းခဲ့ကြောင်း ဒါကြောင့်မို့ ၈.၈.၈၈ မှာ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူကျောင်းသားများ အားလုံးလမ်းမပေါ်ထွက် ဆန္ဒပြပြီး ပြည်သူတွေကို ရှေ့ကလမ်းပြဖို့ ရေးထားပါတယ်။

ဒီစာကို ဖတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ကိုယ်ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို အခုမှ သိရတာကို ယူကျုံးမရ ခံစားရပြီး ကျွန်မတို့ အထက်တန်း ကျောင်းသားတွေကြားမှာ အစိုးရကို မုန်းတီးရွံရှာတဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့ပါတယ်။ ဒီစာကို ဖတ်ပြီးနောက်ပိုင်း ကျွန်မတို့ ကျောင်းသားတွေ မလုပ်ရင်တော့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ တကယ်ပဲ ယုံကြည်သွားခဲ့ပါတယ်။ ရှစ်ရက်နေ့မှာ ဆန္ဒထွက်ပြဖို့ စီစဉ်ခဲ့ပါတယ် ဒါပေမယ့် အဲဒီနေ့က တမနက်လုံးနီးပါး ကျောင်းအုပ်ဆရာကြီးက ကိုးတန်းနဲ့ ၁၀ တန်း ဖြစ်တဲ့ ကျွန်မတို့ ကျောင်းသားကြီးကြီးတွေရဲ့ အခန်းတွေရှေ့မှာ ခေါက်တုန့်ခေါက်ဖြန့် လမ်းလျှောက်ပြီး မကြာခဏ ရောက်ရှိနေပါတယ်။ မနက်ပိုင်းမှာ မဖြစ်တော့ နေ့လည်ကျောင်းဆင်းတာနဲ့ ကျောင်းပြန်မတက်တော့ပဲ ဆန္ဒပြဖို့ အစီစဉ်ခဲ့ပြန်တော့လည်း မြို့ပေါ်က ကျောင်းသားတွေက အိမ်ပြန် ထမင်းပြန်စားကြပြီး ကျောင်းမှာ ကျန်နေတာက ကျေးရွာတွေက လာတက်တဲ့သူတွေပဲ ကျန်ပြီး စတင်ဖို့ အချိတ်အဆက်မရ၊ ဆရာတွေကလည်း တချက်မှ မျက်စိအလစ်မပေးဆိုတော့ ကျွန်မတို့ မြို့မှာ အရေးအခင်းကို ရှစ်ရက်နေ့မှာ မစနိုင်ခဲ့ဘူး။

၉.၈.၈၈ မှာတော့ ကျောင်းတက်ခေါင်းလောင်း နောက်ဆုံးကြိမ်ကျတာနဲ့ ဆိုနေကျ ဖြစ်တဲ့ လူငယ်သစ္စာ အဓိဌါန်ငါးချက်ကို မဆိုပဲ ညနေ ကျောင်းဆင်းမှ ဆိုရတဲ့ နိုင်ငံတော်သီချင်းကို ဆိုကြဖို့၊ သီချင်းကျတာနဲ့ အလယ်တန်းအဆင့်ကနေ ကျောင်းသားအားလုံး ကျောင်းဝင်းပြင်က လမ်းမပေါ် ထွက်ပြီး ဆန္ဒပြကြမယ်လို့ သူငယ်တန်းကနေ ၁၀ တန်းအထိအတန်းကုန် လိုက်ပြီးဆရာမတွေ မသိအောင် ကျောင်းသား ကြီးတွေက နိုးဆော်ထားလိုက်ပါတယ်။ ကလင်… ကလင်… ကလင်… ပထမဦးဆုံး အကြိမ် ခေါင်းလောင်းသံ

ကလင်… ကလင်… ကလင်… ဒုတိယခေါင်းလောင်းသံ နဲ့အတူ အားလုံးငြိမ်နေကြတယ်။ ဆရာမလည်း အတန်းထဲမှာ ရောက်နေပြီ။ ကျွန်မတို့ အားလုံးရဲ့ စိတ်ထဲမှာတော့ ရန်သူတပ်ကုန်းတခုကို ချီတက်နေသည့်အလား စိတ်လှုပ်ရှားနေမိတယ်။

..........ကလင်… နောက်ဆုံးခေါင်းလောင်းသံ

ကမ္ဘာမကြေ… ဗမာပြေ… တို့အဖိုးအဖွားအမွေစစ်မို့ ချစ်မြတ်နိုးပေ”... လို့ ဆိုလိုက်တာနဲ့ ဆရာမ မျက်နှာက ပြူးတူးပြာတာနဲ့ ”ဘာလုပ်တာလဲ နင်တို့ ဒုက္ခရောက်ကုန်တော့မှာပဲ မလုပ်ကြပါနဲ့ ဆရာမတောင်းပန်ပါတယ်” လို့ ပြောလိုက်တဲ့အချိန်မှာ ယေက်ျားလေးထဲက တယောက်က ”ဆရာမ ကျွန်တော်တို့ကို တားမနေပါနဲ့တော့ ဒီလူသတ်၊ မုဒိန်းကျင့် အစိုးရ ကို ကျွန်တော်တို့ ဖြုတ်ချမှ ရတော့မယ်” ပြန်ပြောလိုက်ပေမယ့် ကျန်တဲ့သူတွေကတော့ ကမ္ဘာမကြေကို အဆိုမပျက် ပဲ ဆက်ဆိုနေတယ်။ ပြည်ထောင်စုကို အသက်ပေးလို့… (ဒို့ကာကွယ်မလေအထိ မဆိုလိုက်ရဘူး)

အားလုံးတိတ်ကြစမ်း မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ လုံးဝဆက်မဆိုနဲ့ ငြိမ်ငြိမ် တိတ်တိတ်နေကြစမ်း” ဆရာကြီးရဲ့ အသံဖြစ်တယ် ဆရာကြီးကိုတော့ တခါမှ ရိုက်တာမတွေ့ပေမယ့် အရှိန်အ၀ါကြောင့် ထင်တယ် ကျောင်းသား အားလုံးက ကြောက်ကြတယ်။ ဆရာကြီးက အခန်းအားလုံး ကြားအောင် အသံကျယ်ကျယ်နဲ့ ကျွန်မတို့အခန်းရှေ့က နေအော်ပြီးပြောတော့ အတန်းကြီးဆုံးတွေ ဖြစ်တဲ့ ကျွန်မတို့ အပေါ်ထပ်က အတန်းတွေ အားလုံးနီးပါး ငြိမ်သွားကြတယ်။ ဒါပေမယ့် အောက်ထပ်နဲ့ တခြားအတန်းကတွေ ဆက်ဆိုနေတော့ အဲဒီအတန်းတွေကို သွားထိန်းဖို့ ဆရာကြီးကသွားလိုက်တယ်။ ကျွန်မတို့ အောက်ဘက်က သူငယ်တန်းက ကလေးတွေရဲ့ ကမ္ဘာမကြေ သီချင်းသံကို သဲသဲကွဲကွဲကြားနေရပါတယ်။

ကျွန်မတို့ ကျောင်းက အင်္ဂလိပ် အက္ခရာ E ပုံသဏ္ဍန် ရှိပြီး E ပုံသဏ္ဍန်ရဲ့ ကန့်လန့်ဖြတ် မျဉ်းစရာ နေရာတိုင်းမှာ အပေါ်ထပ်တက်တဲ့ လှေကားတွေ ရှိတော့ စုစုပေါင်း လှေကား သုံးခု ရှိပါတယ်။ ကိုးတန်းနဲ့ ၁၀ တန်းမှာ သိပ္ပံနဲ့ ၀ိဇ္ဇာ နှစ်ခန်းစီ ရှိတော့ တတန်းမှာ လေးခန်းစီရှိပါတယ်။ ခုနှစ်တန်းကနေ ၁၀ တန်းအထိက အပေါ်ထပ်မှာ ရှိပြီး သူငယ်တန်းကနေ ၆ တန်းအထိ က အောက်ထပ်မှာ ရှိပါတယ်။ ကျွန်မတို့ အခန်းက ၁၀ တန်း A ဆရာများနားနေခန်းတွေ ရုံးခန်းတွေနဲ့ အနီးဆုံးခန်း E ပုံသဏ္ဍန် ကျောင်းမှာ အရှေ့လှေကားက တက်ရင် ပထမဦးဆုံး ရောက်တဲ့ စာသင်ခန်း ဖြစ်သလို ကျောင်းဆင်းရင်လည်း ပထမဦးဆုံး ကျောင်းပြင်ရောက်တဲ့ အခန်း ဖြစ်တယ်။ အောက်ထပ်က ကျောင်းသားတွေကို ထိန်းဖို့ ဆရာကြီးဆင်းသွားတာ ကျွန်မတို့အတန်းကနေ အပေါ်ထပ်မှာ ရှိတဲ့ အတန်းတွေ အားလုံးရှေ့ကို ဖြတ်ပြီးမှ အနောက်လှေကားက ဆင်းသွားတာ ဖြစ်တယ်။

ဆရာကြီးကြောင့် ခဏငြိမ်သွားရာကနေ ”ဆရာကြီး ပြန်ရောက်လာရင် ငါတို့ အစီစဉ် ဘာမှ ဖြစ်တော့မှာ မဟုတ်ပဲ မနေ့ကလိုပဲ အစီစဉ် ပျက်သွားနိုင်တယ် ကမ္ဘာမကြေလည်း ဆက်ဆိုနေလို့ ထူးတော့မှာ မဟုတ်ဘူး လာအခုပဲ ထွက်ကြရအောင်” လို့ ပြောပြီး ယောက်ျားလေးထဲက တချို့က အခန်းပြင်ကို စထွက်ကြတော့ ဆရာမက ”မသွားကြပါနဲ့ နင်တို့ဒုက္ခရောက်မှာစိုးလို့ပါ” လို့ တောင်းပန်ပြီး ပြောနေတာကို ကျွန်မတို့ မိန်းကလေးတွေက ဆရာမကိုတလှည့် ယောက်ျားလေးတွေကို တလှည့် ကြည့်ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်မှာ ”မိန်းကလေးတွေ နင်တို့က ကျောင်းသူတွေမဟုတ်ဘူးလား မြန်မြန်ထွက်လာကြပါ အချိန်မဆွဲနေကြပါနဲ့ ဆရာကြီး ရောက်လာရင် ဘာမှလုပ်လို့ရတော့မှာ မဟုတ်ပဲ အနေ့ကလိုပဲ အစီစဉ်ပျက်သွားလိမ့်မယ်” လို့ ပြောလိုက်တာနဲ့ ဒီနေ့တော့ ပျက်လို့ မဖြစ်ဘူးဆိုပြီး ကျွန်မတို့အားလုံး ဆရာမနဲ့ စာသင်ခန်းကို ထားခဲ့ပြီး စတင်စွန့်ခွာခဲ့ပါတယ်။ အခန်းပြင်ရောက်တော့ ဆရာကြီးက အလယ်လှေကားကနေ အပေါ်ထပ် ပြန်တက်လာပြီလို့ တယောက်က ပြောလိုက်တာနဲ့ ဆရာကြီးရောက်ရင်တော့ ပွဲပျက်တော့မှာပဲ ဆိုတဲ့အသိနဲ့ ချက်ချက်ပဲ ကျောင်းအောက်ကို အမြန်ဆုံးရောက်အောင် အရှေ့လှေကားကနေပြီး ဆင်းပြေးကြတယ်။ ထိုနည်းအတူ တခြား အလယ်လှေကားနဲ့ နီးတဲ့ကိုးတန်းအခန်းတွေက ကျောင်းသားတွေကလည်း အလယ်လှေကားက မဆင်းပဲ အနောက်လှေကားက ဆင်းကြတယ်လို့ သိရတယ်။ ဒီလိုနဲ့ ကျွန်မတို့ဟာ ကျောင်းဝင်းပြင်ကို အစုလိုက် အပြုံလိုက်နဲ့ ရောက်ရှိလာခဲ့ပါတယ်။

ဒုတိယပိုင်းကို ဤနေရာမှာ ဖတ်နိုင်ပါတယ်။

.....................။.....................

8 comments:

ရှစ်လေးလုံးအတွက် စွန့်စားကာ အသက်တွေ စတေးခဲ့ တာတွေကို ဆက်လက်ရှုစားချင်ပါတယ် ၈၈၈၈ စိတ်ဓါတ်တွေ ပြန်လည်ထင်ဟပ်စေရန် ဆက်လက်ရေးဖို့လည်း တိုက်တွန်းပါတယ်...ကမ္ဘမကြေ တဲ့နေ့ပါဗျာ..

ရာစဝင်တွင်တဲ့ဒီသမိုင်းကြောင်းကို ကိုယ်တွေ့အဖြစ်အပျက်ရေးသားတာမို့စိတ်ဝင်စားတယ်.. ဆက်ရန်မျှော်နေမယ်...

ပြန်လာမှဆက်ဖတ်မယ်ဗျို့

ခံစားချက်တွေ ထင်ဟပ်သွားတယ်။

ကိုယ်တွေ့ မှတ်တမ်းတခု ထပ်ဖတ်လိုက်ရတာမို့ ကျေးဇူးပါရှင့်...

mie nge

အမှတ်တရ နေ့နဲ့
အမှတ်တရ အဖြစ်အပျက်တွေ
အမြဲ အမှတ်ရနေမှာပါပဲ...

BTW word verification is annoying.
Just my feeling... no big deal... :)

It is the same in almost all the rural areas.(I mean 9-8-88)

လွန်ခဲ့တဲ့ ၂၁ နှစ်ရဲ့ မဟောင်းသေးတဲ့ ပုံရိပ်တွေ
တူတူ ခံစားဖြစ်ပါတယ်