မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အစာအာဟာရ မမျှတခြင်း



ခန္ဓာကိုယ် အတွက် အစာအာဟာရ လိုခြင်း နှင့် ပိုခြင်း နှစ်ခုစလုံး (သို့) တခုခု ကြောင့် ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ များကို အစာ အာဟာရ မမျှတခြင်း (Malnutrition) ဟု ခေါ်ပါသည်။ လူအပါအ၀င် သက်ရှိများ၏ ခန္ဓာကိုယ်သည် နေ့စဉ် မြင်တွေ့ နေရသော သက်မဲ့ ရုပ်ဝထ္ထု ပစ္စည်းများကဲ့သို့ပင် ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် ဖွဲ့စည်းထားပြီး ထိုဓါတ်ပေါင်း များကို နေ့စဉ် စားသုံး နေသော အစားအသောက်နှင့် ရှူရှိုက်သော လေမှ တဆင့် ခန္ဓာကိုယ်မှ လက်ခံ ရရှိ ပါသည်။ ထို့ကြောင့် လူတယောက် ပုံမှန် အတိုင်း ကျန်းမာစွာ ရှင်သန် နိုင်ရန် အတွက် အပိုအလိုမရှိ သင့်တင့် မျှတသော အာဟာရ အား နေ့စဉ် စားသုံး ပေးရန် လိုအပ် ပါသည်။

ခန္ဓာ ကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး နေ့စဉ် စားသုံး သင့်သော အာဟာရ များတွင် ဗိုက်တာမင်နှင့် သတ္တုဓါတ်များပါဝင်သည့် အသေးစား အာဟာရ (Micronutrients) နှင့် ကစီဓါတ်၊ အဆီဓါတ်၊ အသားဓါတ် နှင့် ရေပါဝင်သည့် အကြီးစား အာဟာရ (Macronutrient) ဟူ၍ နှစ်မျိုး တွေ့ရပါသည်။ ထိုအာဟာရ နှစ်မျိုးထဲတွင် ပါဝင်နေသည့် အစားအစာများအား လုံလောက်စွာ မစားသုံးခြင်း နှင့် လွန်ကဲစွာ စားသုံးခြင်း တို့ကြောင့် ဖြစ်သော (အစာအာဟာရ မမျှတခြင်း (Malnutrition) သည် အသက် အန္တရာယ်နှင့် နာတာရှည် ရောဂါတို့ကို  ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစာ အာဟာရ မမျှတခြင်းကို လူတိုင်း ကာကွယ်နိုင်ရန်အတွက် အစာ အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း နှစ်ခု စလုံးအား ရှောင်ရှားသင့်ပါသည်။ လွန်ကဲစွာ စားသုံးခြင်းအကြောင်းကို ဦးစွာတင်ပြပါမည်။

၁။ အစာ အာဟာရ ချို့တဲ့ခြင်း

အကြောင်း အမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှ အာဟာရ လုံလောက်စွာ မရရှိ ခြင်းကြောင့် အာဟာရ ချို့တဲ့နိုင်ပါသည်။ ပိန်လွန်းခြင်း၊ ဖေါရောင် ခြင်း၊ ကြွက်သား အားနည်းခြင်း၊ ကိုယ်အပူချိန် အလွန်နည်းခြင်း အနာ ဒဏ်ရာများ ရှိပါက ဆေးကု သော်လည်း သက်သာ ပျောက်ကင်းမှု နှေးကွေးခြင်း စာသည့် လက္ခဏာ များကို တွေ့ရ ပါသည်။ အစာရေစာ ရှားပါးမှု ကြောင့် အဖြစ်များပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် အများဆုံး တွေ့ရသည်။ နေရာ ဒေသနှင့် မသက်ဆိုင်ပဲ ဖြစ်ရသည့် အကြောင်းများနှင့် အဖြစ်များသည့် အုပ်စုမှာ မွေးခါစ ကလေးများ အပါအ၀င် ကလေးသူငယ်များ၊ ဆယ်ကျော်သက်ရွယ် ကလေးများ၊ စားဝတ်နေရေး အဆင်မပြေသူများ၊ သက်ကြီး ရွယ်အိုများ၊ နာမကျန်းဖြစ်နေသူ သို့မဟုတ် ရောဂါ တစုံတရာ ခံစား နေရသူများ နှင့် ထိခိုက်ဒဏ်ရာ ရရှိထား သူများ တွင်လည်း တွေ့ရ နိုင်ပါသည်။

ထိခိုက် ဒဏ်ရာ ရရှိသောအခါ တစ်ရှူးများ ရောင်ပြီး အာရုံကြော စနစ်တခု (Sympathetic Nervous System) ၏ အလိုလျောက် တုန့်ပြန်မှု ကြောင့် ခန္ဓာကိုယ် အတွင်းရှိ ဟော်မုန်းများ မြင့်တက်လာကာ ခန္ဓာကိုယ်၏ အာဟာရ စွမ်းအင်လောင်စာ သုံးစွဲမှုနှုန်းကို မြင့်တက် စေပါသည်။ ထိုနည်း အတူပင် ဒဏ်ရာရရှိချိန် မဟုတ်သည့် သာမန် အခြေအနေများ တွင်လည်း အစာ အာဟာရ ကို လုံလောက်စွာ မသုံးစွဲသောအခါ ခန္ဓာကိုယ်မှ စွမ်းအင်တောင်းဆိုမှုကို ဖြစ်စေသည်။ မည်သည့်အကြာင်းကြောင့် တောင်းဆိုသည်ဖြစ်စေ ထို တောင်းဆိုမှု ကို ပြင်ပမှ မဖြည့်ပေးပါက ကိုယ်တွင်း မှာပင် အသားဓါတ်ကို ပိုမို ထုတ်လုပ်ပြီး ခန္ဓာကိုယ်၏ အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ် အဖြစ်သို့ ပြန်ပြောင်းပြီး အသုံးချ ရသောကြာင့် အသားဓါတ် ဆုံးရှုံးသည့် ရောဂါ Protein Calorie Malnutrition (PCM) ကို ဖြစ်စေ ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အသားဓါတ်ကို ခန္ဓာကိုယ် တွင်းရှိ အချဉ်ဓါတ် တခုဖြစ်သည့် အမီနိုအက်စစ် မှ တဆင့် ထုတ်လုပ် ရပြီး အမီနိုအက်စစ်ကို ထုတ်လုပ် သောအခါ အရိုးတွယ် ကြွက်သားများကို အသုံးပြု ရသောကြောင့် အရိုးတွယ် ကြွက်သား များ ဆုံးရှုံး သွားရသဖြင့် လူကို ပိန်ချုံးစေခြင်း ဖြစ်ပါသည်။

PCM အသားဓါတ်ဆုံရှုံးခြင်းတွင် ခန္ဓာကိုယ်အတွင်း သိုလှောင် ထားသော အဓိကလောင်စာဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း စသည့် စားစရာများမှ ဖြစ်လာသော ကစီဓါတ်သည် ၁၈ နာရီအတွင်း ကုန်ခမ်းသွားခြင်းကြောင့် ခန္ဓာကိုယ်ကို ဆက်လက် လည်ပတ်နိုင်ရန် အဆီ များ နှင့် အမီနို အက်စစ်များမှ ၄ နာရီမှ ၆ နာရီအတွင်း ဂလူးကို့စ်အဖြစ် ပြန်ပြောင်း အသုံးပြု ရပါသည်။ အစာ အာဟာရ ကို မဖြည့်ပေးပဲ ဆက်တိုက် ချို့တဲ့နေစေပါက အသားဓါတ် ထုတ်လုပ်သည့် အမီနိုအက်စစ်များ ကုန်ခမ်း သွားစေနိုင်ပြီး အသည်း အလုပ်လုပ်မှုကို ရပ်ဆိုင်း သွားနိုင်ပါသည်။ ထို့နောက် သွေးထဲ အရေစိမ့်ဝင်သည့် ဖိအား (Plasma Osmotic Pressure) ကျဆင်း လာပြီး ဆဲလ် ကလပ်စည်း အတွင်းရှိ အရည်များ ဆဲလ်အတွင်း ဆက်လက် မနေနိုင်တော့ပဲ အပြင်သို့ စိမ့်ထွက် လာခြင်း ကြောင့် ဆဲလ်ကလပ်စည်း တခု နှင့် တခုကြား တစ်ရှုးအတွင်း အရည်များ ကိန်းအောင်းလာပြီး လူကိုဖေါရောင် စေပါသည်။

အထက်ပါ လက္ခဏာများကို ဖြစ်စေသည့် အတိုင်းအတာထိ မပြင်းထန်ပဲ အစာအဟာရ အခုခု လုံလောက်စွာမရ၍ မသိမသာ ချို့တဲ့ သူများ သည်ပင် ခန္ဓာကိုယ်၏ ရောဂါကို ခုခံနိုင်သည့်အား ကျဆင်း လာသောကြောင့် တချိန်လုံး မောပမ်း နွမ်းနယ်နေပြီး အားအင် ကုန်ခမ်းသည့် လက္ခဏာ ကို တွေ့ရပါမည်။ ဆက်လက်ပြီး သတ္တုဓါတ်နှင့် ဗိုက်တာမင်ဓါတ်မျိုး ချို့တဲ့လာပါက အသက် အန္တရာယ်ကို အထူး စိုးရိမ်ရပါသည်။

ကုသခြင်း

(၁) ဖေါရောင်နေပြီး ဆေးဝါး ကုသရန် လိုအပ်သည် အထိ အခြေအနေ ပြင်းထန် ပါက ဆေးရုံ တက် ကုသ ရနိုင် ပါသည်။
(၂) အရည် နှင့် သတ္တုဓါတ် မမျှမတ ဖြစ်သည်ကို ပုံမှန် ဖြစ်အောင် လုပ်ရမည်။
(၃) ကယ်လိုရီ များသည့် အသားဓါတ်နှင့် ကစီဓါတ် များသော အစားအစာ များများစား ရမည်။
(၄) ခံတွင်း တွေ့သော အစားအစာ များ စားသုံး သင့်သည်။


၂။ အစာ အာဟာရ လွန်ကဲခြင်း

ခန္ဓာကိုယ်မှ လိုအပ် သည်ထက် ပို၍ အာဟာရ ကို လက်ခံ ရရှိ သောကြောင့် အာဟာရ လွန်ကဲမှုကို ဖြစ်စေပါသည်။ အထင်ရှားဆုံးတွေ့နိုင်သည့် အာဟာရ လွန်ကဲ ခြင်း မှာ အ၀လွန်ခြင်း ဖြစ်သည်။ အ၀လွန်ခြင်း ရှိမရှိကို လူတယောက်၏ အရပ်အမောင်းနှင့် ခန္ဒာကိုယ် ဖွဲ့စည်းပုံကို ကြည့်ခြင်းဖြင့် ယျေဘုယျ သိနိုင်ပြီး အတိအကျကိုမူ Body Mass index (BMI) ကို တွက်ကြည့်ခြင်း ဖြင့် သိနိုင်ပါသည်။ 
တွက်နည်းမှာ မိမိကိုယ်အလေးချိန် ကီလိုဂရမ်ကို မိမိအရပ် စတုရန်းမီတာဖြင့် စား၍ (kg/m2) ရရှိသော အဖြေဖြစ်သည်။ ဥပမာ ကိုယ်အလေးချိန် 51kg နှင့် အရပ် 155cm (1.55m) ရှိသူအတွက် 51/(1.55)2 = 21.2 ဖြစ်ပါသည်။ BMI သတ်မှတ်ချက် တွင် အနိမ့်ဆုံး BMI အတွက် ၁၈.၅၊ ၁၉၊ ၂၀ စသည်ဖြင့် ရည်ညွှန်းချက် အပေါ် မူတည်၍ ကွဲပြားမှု ရှိသော်လည်း BMI မြင့်ဆုံး ကိုမူ ရည်ညွှန်းချက် အားလုံး တွင် ၂၅ ဖြစ် လက်ခံ ထားသည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် BMI ကို ပုံမှန်အဖြစ် ၁၈.၅-၂၅ အဖြစ် အတည်ယူ ထားပါသည်။ ထိုထက် ၁၀% ပိုခြင်း၊ လိုခြင်း ရှိပါက မိမိကိုယ်ကို ပိန်လွန်းခြင်း နှင့် အ၀လွန်ခြင်း အဖြစ် ယူဆကာ အန္တရာယ် အတွင်း ကျရောက် နေပြီ ဟု သတ်မှတ် နိုင်ပါသည်။

အ၀လွန်ခြင်း

အ၀လွန်ခြင်း ရှိမရှိကို BMI 25 ထက် ပိုများနေခြင်း တခုတည်း ကို ကြည့်၍ ဆုံးဖြတ် သတ်မှတ်နိုင်ပါသည်။ အ၀လွန်ခြင်း သည် ကယ်လိုရီ များသော ကဇီဓါတ်နှင့် အဆီဓါတ် ကို လွန်ကဲစွာ စားသုံး ရာမှ စသောကြောင့် ဖြစ်ပါသည်။ အဆီနှင့် ကဇီဓါတ်များကို ပို၍ စားသုံးပါက ခန္ဓာကိုယ်မှ အသုံးပြုပြီး ပိုလျှံသော အာဟာရ များကို အဆီအဖြစ်သို့ ပြောင်းလဲကာ ရေပြားအောက်နှင့် အတွင်း ကလီစာ များ တ၀ိုက်တွင် သိမ်းထား ပေးပါသည်။ ခန္ဓာကိုယ်အတွက် ရှိသင့်ရှိထိုက်သည့် အဆီပမာဏမှာ အမျိုးသားများတွင် စုစုပေါင်း ခန္ဓာကိုယ် အလေးအချိန် ၏ ၂၀% နှင့် အမျိုးသမီး များတွင် ၃၀% ထက် ပိုမရှိသင့်ပဲ အဆီ ပမာဏ ထို ထက် ပိုများ နေခြင်းကြောင့် အ၀လွန်နေခြင်း ဖြစ်ပါသည်။
 


အ၀လွန်ခြင်းသည် တချိန်ချိန်မှာ ရောဂါပေါင်း များစွာကို ဦးတည်စေနိုင်သည့် အပြင် လက်ရှိ အခြေအနေတွင်လည်း အ၀လွန်သူသည် ပုံမှန် ခန္ဓာကိုယ် အလေးချိန် ရှိသူထက် နှလုံးနှင့် အာရုံကြောစနစ် နှစ်ခုစလုံးကို ပိုမိုအလုပ်လုပ် ရစေပါသည်။ နေ့စဉ် လှုပ်ရှား သွားလာရာတွင် မိမိ အရပ်နှင့် မမျှသည့် အလေးချိန်ကို သယ်နေရသောကြောင့် အာရုံကြော စနစ်ရှိ လှုပ်ရှားမှု ဆိုင်ရာ အပိုင်း ကို အလုပ် ပိုလုပ် ရစေ ပါသည်။ ပုံမှန်ထက် ပိုကြီးထွား နေသော ခန္ဓာကိုယ် အနှံ့ရှိ ဆဲလ်များ အားလုံးသို့ အောက်စီဂျင် နှင့် အာဟာရ ကို မနိုင်ဝန် ထမ်းကာ မရောက် ရောက်အောင် ပို့ပေး နေရခြင်း ကြောင့် နှလုံးကိုပို အလုပ်လုပ် ရစေသဖြင့် သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများ ဖြစ်ရန် အလွန် နီးစပ်ပါသည်။

အ၀လွန်သူများ၏ သွေးထဲတွင် တိရစ္ဆာန်အဆီတွင် အများဆုံး တွေ့ရသော ကော်လက်စရောလ်ဓါတ် ပါသော အဆီဖတ်များသည် သွေးကြော နံရံတွင် စုဝေး၊ တွယ်ကပ်ကာ အနယ်ထိုင် နိုင်၍ သွေးကြော မာကြောသည့် ရောဂါကို ဖြစ်စေ နိုင်ပါသည်။ မာကြောနေသော သွေးကြောနံရံကို နှလုံးမှ လာသော သွေးဖိအား အရှိန်ဖြင့် တိုက်စား ခံရ နိုင်သောကြောင့် သွေးကြော နံရံပဲ့ထွက် ပျက်စီး၍ တစ်ရှူး အတွင်း သွေးယိုစီးခြင်း၊ ပဲ့ထွက် သွားသော အစသည် သွေးကြော တလျှောက် တနေရာတွင် သွားရောက် ပိတ်ဆို့ နိုင်ပြီး အကယ်၍ ဦးနှောက်နှင့် ဦးနှောက်သို့သွားသော သွေးကြော ပိတ်ခံရပါက ဦးနှောက် သွေးကြော ပိတ်ပြီး လေဖြတ်၍ အသက်ဆုံးရှုံးနိုင်ခြင်း (သို့) ခနွာကိုယ် အစိတ်အပိုင်းများ အလုပ်မလုပ်နိုင်တော့သောကြောင့် မသန်စွမ်းသူဖြစ်နိုင်ပါသည်။ ကိုယ်အလေးချိန်ကို အချိန်မီ မလျှော့ချပဲ ဆက်လက် အ၀လွန် နေခြင်း (သို့) ထိုထက် ပိုဝ လာစေခြင်းသည် ရောဂါ တခုခုကို မလွဲမသွေ ရရန် ကြိုဆို ဖိတ်ခေါ် နေခြင်းပင် ဖြစ်သောကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်အနေအထားမှာ အမြဲထိမ်းထားသင့်ပါသည်။

Body fat composition ခန္ဓာကိုယ် အဆီဓါတ် ဖွဲ့စည်းတည်ရှိမှု

အ၀လွန်သူ ဖြစ်စေ၊ ပုံမှန် ကိုယ်အလေးချိန် ရှိသူဖြစ်စေ ရောဂါ တခုခုကို ရရှိနိုင်သည့် လက္ခဏာသည် ကိုယ်အလေးချိန် နည်းခြင်း များခြင်းတခုတည်း အပေါ်တွင်သာ မူတည်ခြင်းမဟုတ်ဘဲ ခန္ဓာကိုယ် အတွင်း အဆီဓါတ် စုစည်း တည်ရှိသည့် နေရာ အပေါ်တွင်လည်း မူတည် နေပါသည်။ မလိုအပ်ပဲ စားသုံးလိုက်သော အဆီများကို ဆဲလ်များက အသုံးမပြုပဲ ၀မ်းဗိုက်နှင့် အဆီစုစည်းရာ နေရာအသီးသီးသို့ တိုက်ရိုက်ရောက်စေပါသည်။ အ၀လွန်ခြင်း တူသူ နှစ်ဦးတွင်ပင် အဆီကို ခန္ဓာကိုယ်အနှံ့ အချိုးကျစွာ ပြန့်နှံ့ပြီး ၀နေသူထက် အဆီကိုဝမ်းဗိုက်နေရာမှာ စုပြီး ၀နေသူက ပို၍ အန္တရယ်နှင့် နီးစပ်ပါသည်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသား ဖြစ်စေ ခါးနှင့်တင်ကို တိုင်းတာ ကြည့်၍ ခါး၏ အကျယ်အ၀န်းသည် တင်၏အကျယ်အ၀န်းထက် ပိုများနေပါက အန္တရာယ်နှင့် နီးကပ်နေပြီဟု ဆိုနိုင်ပါသည်။

အမျိုးသမီး များတွင် ခါးနှင့်တင် အချိုး wrist/Hip တနည်းအားဖြင့် ခါးအတိုင်း အတာကို တင်အတိုင်း အတာနှင့် စား၍ ရသည့် အဖြေသည် ၀.၈ နှင့်အောက်မှာ ရှိသင့်ပြီး အမျိုးသားများတွင် ခါးနှင့်တင် အချိုးတူ ၁ နှင့် အောက်မှာ ရှိသင့်ပါသည်။ ထိုထက် ခါးအချိုး ပိုများနေပါက အန္တရာယ် ရှိသည်ဟု မှတ်ယူရမည်။ ထို့ကြောင့် BMI တခုတည်းကို ကြည့်၍ အန္တရာယ် ကင်းပြီဟု မှတ်ယူ၍ မရပဲ BMI ပုံမှန် ရှိသူ သည်လည်း ခါးသည် တင်ထက် ပိုကျယ်နေပါက ၀မ်းဗိုက်မှ အဆီကို ကျအောင် ချရမည် ဖြစ်သည်။ သတ္တုဓါတ်များ လွန်ကဲခြင်း ကြောင့်လည်း တခြား ပြဿနာ များစွာကို ဖြစ်ပေါ် စေနိုင်ပါသည်။ ကျန်းမာသူ တယောက်၏ ခန္ဓာကိုယ် အချိုးအဆသည် ပန်းသီးပုံ (ဗိုက်ပူနံကား) မဖြစ်စေရပဲ သစ်တော့သီးပုံ (ခါးသေးတင်ကျယ်) ဖြစ်ရမည်ဟု ပြောလေ့ရှိပါသည်။

ထို့ကြောင့် ကျန်းမာချင်သူတိုင်း BMI နှင့် မိမိတို့ ခန္ဓာကိုယ် အချိုးအစားကို အလှအပအတွက်သာမကပဲ ကျန်းမာဖို့အတွက် အမြဲတမ်း တိုင်းတာ စောင့်ကြည့်သင့်ပါသည်။ အစာ အာဟာရ မမျှတခြင်းသည် အန္တရာယ် အလွန် များသောကြောင့် မည်သူမဆို မိမိကိုယ်ကို ကျန်းမာစွာ အသက်ရှင် ရပ်တည် လိုပါက အစာ အာဟာရ ကို လုံလောက်စွာ နှင့် မျှတစွာ စားသုံးခြင်း ဖြင့် ခန္ဓာကိုယ်ကို ပုံမှန် အရွယ်အစားမှာ အမြဲ ထိန်း ထားသင့်ပြီး ခန္ဓာကိုယ် အဆီ စုစည်းမှုကိုလည်း သူ့နေရာနှင့်သူ စနစ်တကျ ရှိနေစေရန် ဂရု စိုက်ရပါမည်။ ကျန်းမာရေး အတွက် နေ့စဉ် လိုအပ်သော အာဟာရ ကို ဆက်လက် ဖေါ်ပြပါမည်။ စာလာဖတ်သူများ အားလုံး အစာအာဟာရကို မျှတအောင် စားသုံးပြီး ခန္ဓာကိုယ် အချိုးအစားကို ကောင်းစွာထိန်းနိုင်ကြပါစေ။

 Public Health in Myanmar တွင် တင်ခဲ့ဖူးသော ပို့စ်ကို အနည်းငယ် ပြန်လည် ပြင်ဆင်ပြီး တင်လိုက်ပါတယ်။



ရွှ့င်လန်းချမ်းမြေ့ကြပါစေ

5 comments:

အစ်မကြီးရေ တကယ့်ကို ဗဟုသုတရပြီး ကျမ်းမာရေးအကျိုးရှိစေတဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်
ညီမတော့ ထိုင်တာများလို့လား မသိဘူး ဗိုက်လေးစူနေတယ် ချက်တင်းဗိုက်လို့တော့ ပြောကြတယ်..အခုတော့ ညနေတိုင်း မှန်မှန်ပြေးဖြစ်အောင် လုပ်တယ် အရပ် ၅ပေ ၆နီးနီးမှာ ၅၈ကီလိုဆိုရင်တော့ သိပ်ဝိတ်မတက်သေးဘူးထင်တယ်နော် အစ်မ ၂၅နာရီ ကွန်ပျူတာေ၇ှ့ရောက်နေတာ ခက်တယ်..

ဒါဆိုရင်တော့ လျော့စားဦးမှာ... လျော့စားဦးမှ...

းဝ)

အဲ ..
ကျနော်က ဘယ်တော့မှ ပုံမှန်စားလေ့မရှိဘူး။ တစ်ခါတစ်ခါ ၄၈နာရီလုံး အစာမရှိဘူး။ အဲ့လို။ ခုတော့ ပြင်မှ။ =]

စာလာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ မဆုမွန်ရေ- ထိုင်ပြီး အလုပ်လုပ်တယ်ဆိုတော့ ဘာအလုပ်ပဲ လုပ်လုပ်ဆက်တိုက် နှစ်နာရီင်္ထက် ပိုကြာကြာထိုင်တာ ခန္ဓာကိုယ် သွေးလည့်ပတ်မှုနဲ့ ဦးနှောက်အာရုံကြောအတွက် ကျန်းမာရေးနဲ့ မညီညွတ်လို့ ဦးနှောက်ကို သုံးပြီး ထိုင်အလုပ်လုပ်ရတဲ့ သူတိုင်း တနာရီ တကြိမ် ခဏ ထပေးသင့်ပါတယ်။ မဆုမွန်က ကိုယ်အလေးချိန်နဲ့ အရပ်အရ BMI 21.3 ဆိုတော့ ပုံမှန်ထဲမှာ ရှိပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ဖို့ မလိုပေမယ့် ဗိုက်မှာ ရှိတဲ့ အဆီက တခြားအဆီတွေထက် နှလုံးရောဂါအတွက် အန္တရယ် ပိုဖြစ်စေတဲ့အတွက် ခါးနဲ့ တင်အချိုး ၈၀.၈ ထက် များနေရင် ဗိုက်က အဆီကို လျှော့ချသင့်ပါတယ်။

ကိုလူထွေးရေ- အစားလျှော့ရင်တော့ အဆီနဲ့ ထမင်း၊ ခေါက်ဆွဲလို ကဇီဓါတ်တွေကိုပဲ လျှော့ပါ။ အသည်းနဲ့ အစာလမ်းကြောင်းမှာ ဘာရောဂါမှ မရှိရင် ဟင်းသီးဟင်းရွက်ကိုတော့ ကြိုက်သလောက် စားလို့ရတယ်။

ဇော်ရေ- အဲဒီအထိ အစာအပြတ်ခံတာ အန္တရယ် ရှိပါတယ်။ ဒီလို ရေရှည် အစားမမှန်ရင် လက်ရှိအခြေအနေမှာ အစာအိမ်ရောဂါ ဖြစ်နိုင်သလို အသက်ကြီးလာရင် တခြားရောဂါတွေ အများကြီး ၀င်လာနိုင်လို့ အစားကို ပုံမှန် စားသင့်ပါတယ်။

အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ် အစ်မရေ

အဲ့တာကြောင့် ထိုင်နေရင်း ထဖို့မေ့မေ့နေတတ်လို့ ရေပုလင်းအကြီးတစ်ပုလင်းဆောင်ထားတယ် ရေများများသောက်တော့မှ မဖြစ်မနေ ထဖို့ ကိစ္စပေါ်မယ်လို့လေ..

ဗိုက်အဆီကိုတော့ အခုချနေတယ် အစ်မ ညနေတိုင်း ပြေးတယ် အလုပ်ပီးရင်ပေါ့ နောက် ပန်းခြံထဲမှာ အုပ်စုလိုက် အားကစားလေ့ကျင့်ခန်းလုပ်တာလေးလဲ အချိန်ပေးပြီး သွားကစားတယ်
နည်းနည်းတော့ ကိုယ့်ကိုကိုယ် ဖိအားပေးရတယ် လယ်ဂိမ်းစွဲနေသေးတယ် အခုကလေ ဟီး