မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တော်လှန်ရေးနှင့် အိမ်ထောင်ရေး (နိဂုံးပိုင်း)





ကိုယ်တိုင်ဆောက်ထားတဲ့ မင်္ဂလာ အိမ်ဂေဟာ

မင်္ဂလာလက်ထပ်စာချုပ်ကို လက်ခံယူနေစဉ် /


ဆက်ရန်ကို မျှော်နေသူအားလုံးအတွက် ဒီပို့စ်ကို အချိန်ယူပြီး တင်ပေးလိုက်ပါတယ်။ အပိုင်းလေးပိုင်းစလုံးမှာ ပါဝင်တဲ့ အချက်အလက်တွေ အားလုံး တကယ်အဖြစ်မှန်တွေ ဖြစ်ပြီး ကွာဟနေတာတွေ ရှိနေနိုင်လို့ တပ်ဖွဲ့ဝင် ဟောင်းတွေထဲက ဖတ်မိသူများရှိပြီး အမှားတွေ့ရှိပါက ကျွန်မကို ထောက်ပြနိုင်ပါတယ်။ မရင်မြတ်တယောက်က လွဲရင် ကျန်တဲ့သူတွေ အားလုံး နာမည်အမှန်တွေကို သုံးထားတဲ့အတွက် မိမိနာမည် မပါစေချင်သူများ ရှိရင်လည်း ကျွန်မကို အကြောင်းကြားဖို့ မေတ္တာရပ်ခံပါတယ်။

အပိုင်း (၁) (၂)၊ (၃) ကို ပြန်ဖတ်လိုပါက
(အပိုင်း - ၁)
(အပိုင်း - ၂) နှင့်
(အပိုင်း - ၃)

ဖတ်လိုသည့် အပိုင်းကို ထောက်ပြီး ပြန်ဖတ်နိုင်ပါသည်။

တတိယအပိုင်းမှ အဆက်
တပ်ရင်း (၃၀၃) က ထောက်ပံ့ရေးရုံးရှိရာ ထတမောလဲခေါ် နယ်စပ်အနီး တောင်ခြေက ထိုင်းရွာလေးကို ကျွန်မတို့ အရင်ရောက်ပြီး နယ်စပ် တောင်ထိပ်ပေါ်မှာ ရှိတဲ့ တပ်ရင်း ၃၀၃ ကိုရောက်ဖို့ ကျွန်မတို့ ခြေလှမ်းနဲ့ ၃-၄ နာရီခန့် တောင်တက်ရပါတယ်။ တောင်ထိပ်ပေါ် ရောက်တော့ နွေခေါင်းခေါင်မှာတောင် မြူတွေဆိုင်းပြီး မြန်မာပြည်က ဆောင်းတွင်းထက် ပိုအေးနေပြီး ရာသီဥတု အပြောင်းအလဲကြောင့် ဗဟိုက ရောက်လာတဲ့ ကျွန်မတို့ တယောက်ပြီးတယောက် နေမကောင်းဖြစ်ကာ အဖျားဝင်ကြတယ်။

 နွေခေါင်ခေါင်ကြီးမှာ စစ်ပြေးလာခဲ့တဲ့ ကျွန်မတို့အဖွဲ့တွေထဲက တချို့က အနွေးထည်ကို အလေးခံပြီး မသယ်ခဲ့ဘူး။ မြို့ပေါ် ရုံးတွေက အ၀တ်အစား မပို့ပေးခင် ၃၀၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေကပဲ အနွေးထည် မပါလာသူများအတွက် မျှပြီးဝတ်ခဲ့ကြရတယ်။ အဲဒီတုန်းက ၃၀၃ တပ်ရင်းမှာ အိမ်ထောင်သည်တစု နှစ်စုပဲရှိပြီး ကျွန်မတို့ ဗဟိုကအဖွဲ့တွေ မိသားစုတွေ တပြုံကြီးနဲ့ ရောက်လာတော့ မို့တောင်ကျတုန်းက ကျွန်မတို့ တပ်ရင်းကို ၂၀၃ အဖွဲ့တွေ ရောက်လာတုန်းက အခြေအနေကို သတိရပြီး တပ်ရင်း (၂၀၃) အဖွဲ့တွေကို ကျွန်မ တကယ် ကိုယ်ချင်းစာလို့ တတ်သွားတယ်။ အဲဒီတုန်းက ၂၀၃ အဖွဲ့တွေကို ကြည့်ပြီး ကျွန်မစိတ်ပျက်သလို အခု ၃၀၃ က တပ်ဖွဲ့ဝင်တွေထဲမှာလည်း ကျွန်မတို့ ဗဟိုကအဖွဲ့တွေကို ကြည့်ပြီး စိတ်ပျက်သူရှိမှာ သေချာပါတယ်။



တပ်ရင်း ၃၀၃ မှာတည်းခိုရင်း ၃၀၃ နဲ့ တကုန်းကျော်မှာ ဗဟိုကုန်းအဖြစ် သတ်မှတ်ပေးပြီး ဌာနဆိုင်ရာ အသီးသီးက သူ့ဌာနအလိုက် ဗဟိုစခန်းကို စဆောက်ခဲ့ကြပါတယ်။ စခန်းဆောက်လို့ ပြီးတာနဲ့ ပြောင်းနေပြီး မိုးတွင်းအတွက် ရိက္ခာသယ်ရာမှာ တခြားရိက္ခာတွေကို ထောက်ပံ့ရေးက မြင်းနဲ့ သယ်ပေမယ့် ဆန်ကိုတော့ တောင်ခြေရွာမှာရှိတဲ့ တပ်ရင်း ၃၀၃ ရိက္ခာ ဂိုဒေါင်ကနေ တောင်ထိပ်အရောက် တယောက်ကို သံပုံးနဲ့ ငါးပုံးစီ ဗဟိုအဖွဲ့ဝင်တွေအားလုံး တယောက်မကျန် အကုန်သယ်ရပါတယ်။

 ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားပုံအတိုင်းပဲ ကျွန်မတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ ကျွန်မတို့ ဆန်သယ်လို့ ပြီးတာနဲ့ ကရင်နီ တောင်ကုန်းတွေကို ရန်သူက စပြီးစစ်ကြောင်းထိုးလို့ မိုးတွင်းကြီး တောင်အောက်ကို ပြန်ဆင်းပြေးခဲ့ရတယ်။ ကျွန်မတို့ ကံကောင်းတာကတော့ တောင်အောက်ရောက်တော့ ထတမောလဲရွာနဲ့ မိနှစ်နှစ်ဆယ်ခန့် လျှောက်လို့ရောက်တဲ့ နေရာမှာ စီးပွားရေးဌာနက ဆောက်ထားတဲ့ အဆောက်ဦးတခုကို ကျွန်မတို့ အမျိုးသမီးအဆောင်အဖြစ် သုံးဖို့ ပေးလိုက်လို့ အမျိုးသမီးအဆောင် ဆောက်စရာမလိုတော့ပဲ အခန့်သင့် တက်နေခွင့် ရခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်မတာဝန်ကျတဲ့ ဘဏ္လာရေးဌာနမှာ စာရင်းပြုစုစရာ မရှိသေးပဲ အလုပ်ပါးချိန်ဖြစ်ပြီး အချိန်တွေပိုနေလို့ ဒေါင်းအိုးဝေ စာစောင်ကို အချိန်မီထွက်ဖို့ လိုနေသလို တခြားတာဝန်တွေနဲ့လည်း အလုပ်များနေတဲ့ မဆူးပွင့်က ကျွန်မကို စာစောင်အတွက် စာမူတွေကို ကွန်ပြူတာမှာ ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ ပြန်ကြားရေးမှာ စာတွေ သွားကူရိုက်ပေးဖြစ်ပြီး စာရိုက်ရင်းနဲ့ ၂၀၈ ကနေ ဗဟိုမှာ ကွန်ပြူတာ သင်တန်းလာတက်နေပြီး အဲဒီအချိန်က အင်္ဂလိပ် သဒ္ဒါအတန်းမှာလည်း ကျွန်မနဲ့ Level အတူတူ တက်နေတဲ့ သူနဲ့ စရင်းနီးခဲ့ပါတယ်။ 

ကျွန်မ စာရိုက်တဲ့အချိန်မှာ သူလည်း အားနေတာနဲ့ ပြီးမြန်အောင် ဖတ်ပေးပါရစေ ဆိုလို့ ဟုတ်သားပဲ ကောင်းတာပေါ့ ဆိုပြီး ခွင့်ပြုခဲ့ပါတယ်။ သူဖတ်ပေးတော့ ကျွန်မက လက်ရေးစာမူတွေကို ပြန်ကြည့်စရာမလိုတော့ပဲ ကွန်ပြူတာကိုပဲ ကြည့်ပြီးရိုက်ရတော့ ပြီးမြန်ခဲ့တာတော့ အမှန်ပဲ။ နောက်ပိုင်းတော့ သူက ကွန်ပြူတာသင်တန်းကို အခုမှ တက်နေသူဆိုတော့ စာရိုက် အလွန်နှေးပြီး လေ့ကျင့်ချင်တဲ့ အရိပ်ယောင် တွေ့ရလို့ ကွန်ပြူတာ သင်တန်းသား တယောက်အနေနဲ့ ကွန်ပြူတာနဲ့ အလေ့အကျင့် ပိုရှိချင်မှာပဲ ဆိုတာသတိထားမိတာနဲ့ သူ့ကိုစာပေးရိုက်ပြီး ကျွန်မက ပြန်ဖတ်ပေးတာလည်း လုပ်ခဲ့ပါတယ်။ 

ဒီမတိုင်ခင်တော့ ရန်သူ စစ်ကြောင်းမထိုးခင် တောင်ကုန်းပေါ်မှာတုန်းက ခြံစည်းရိုးကို သေသပ်ကျနစွာ သပ်ထားတဲ့ ၀ါးခြမ်းတွေနဲ့ သေသေသပ်သပ်ခတ်ပြီး လုပ်ထားတဲ့ စိုက်ခင်းစိမ်းစိမ်းကို တခြား ဘယ်ဘားတိုက်မှာမှ မတွေ့ရပဲ ပြန်ကြားရေးမှာ ထူးထူးခြားခြား တွေ့ခဲ့တာကို စိတ်ဝင်စားခဲ့ပေမယ့် အဲဒီစိုက်ခင်းရဲ့ ဥယာဉ်မှူးဘယ်သူလဲ ဆိုတာတော့ စိတ်ဝင်စားဖို့ သတိမရခဲ့ဘူး။ တောင်အောက်ရောက်လို့ အတန်းအတူတူတက် စာအတူတူရိုက်ရင်း စကားစပ်မိလို့ သူပြောပြတော့မှ သိရပြီး စိုက်ခင်းပိုင်ရှင်ကိုပါ စိတ်ဝင်စားသလိုလို ဖြစ်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ အင်္ဂလိပ်စာ အတန်းခဏနားချိန်၊ ကွန်ပြူတာ စာရိုက်တာ ခဏနားချိန်တွေမှာ တယောက်အကြောင်း တယောက် ပြောရင်း တယောက်နဲ့ တယောက် သိပြီး ပိုရင်းနီးသွားခဲ့ပါတယ်။

နောက်တော့လည်း လူချင်းအချင်းချင်း ခင်မင်ရင်းနီးတယ် ဆိုတာထက်ပိုပြီး မျက်လုံးတွေထဲက အရောင်တွေအချင်းချင်း၊ ရင်ထဲကခံစားမှုတွေ အချင်းချင်းပါ ရင်းနှီးသွားတယ်လို့ ထင်ရပါတယ်။ ဒီလို ရင်းနှီးမှုနဲ့အတူ တော်လှန်ရေးဟာလည်း ကျွန်မတို့ ထင်ခဲ့သလို ခဏနဲ့ ပြီးသွားနိုင်တဲ့ တော်လှန်ရေးမျိုး မဟုတ်ပဲ အခက်အခဲတွေကို မျှော်လင့်ခဲ့တာထက် အဆပေါင်း မြောက်များစွာ ပိုပြီးဖြတ်ခဲ့ရသလို နောက်ထပ်လည်း ဒီထက် ပိုခက်ခဲနိုင်တဲ့ အခြေအနေတွေလည်း အများကြီး ရှိလာနိုင်ပါတယ် ဆိုတာ ကျွန်မ သဘောပေါက်လာပါတယ်။ 

ဒီလို သဘောပေါက်လာခြင်းနဲ့အတူ လူ့သက်တမ်းတခုကို သာမန်အတိုင်း ဖြတ်သန်းနေကြတဲ့ သူတွေမှာတောင် ဘ၀ခရီးမှာ အဖေါ်ဆိုတာကို လိုအပ်သေးရင် သာမန်ထက် များစွာ ကြမ်းတမ်းခက်ခဲတဲ့ ခြိမ်းချောက် စိန်ခေါ်မှုတွေ အများကြီး ရှိနေတဲ့ ဘ၀ခရီးကို လျှောက်နေသူ ကျွန်မတို့ တော်လှန်ရေးသမားတွေအတွက် ဘ၀မှာ အဖေါ်ဆိုတာ ပိုပြီးလိုအပ်မှာပဲ ဆိုတာ ကျွန်မ စဉ်းစားမိလာပါတယ်။ တကယ်တော့ သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူတွေအားလုံးမှာ အရိယသူတော်စင် အဖြစ်ကို ရရှိဖို့ ၀ိပဿနာဘ၀နာ တရားနဲ့ အခုမျက်မှောက်ဘ၀မှာပင် နိဗ္ဗန်ရောက်ရဖို့ အာသာဆန္ဒ ပြင်းပြစွာ ကြိုးစားအားထုတ်နေတဲ့ ရသေ့ရဟန်း သူတော်စဉ်တွေကလွဲရင် လောကီရေးရာမှာပဲ ကျင်လည်နေကြတဲ့ ကျွန်မတို့လို သာမန် ပုထုစဉ်တွေ အားလုံးမှာ Social emotional needs အပါအ၀င် သဘာဝတရားအရ လိုအပ်တဲ့ လိုအပ်ချက်တွေ များစွာ ရှိပါတယ်။

 ဒီလိုအပ်ချက်တွေနဲ့အတူ စိတ်ဓါတ်ကျဆင်းမှု၊ စိတ်ညိုးငယ်မှု၊ စိတ်ဖိစီးမှု စတဲ့ ဘ၀အမောတွေကို ပုထုစဉ်တိုင်း ဘယ်သူမှ ရှောင်လွဲလို့မရပါဘူး။ ဒီလို အခက်အခဲတွေ၊ ဘ၀ပြဿနာတွေထဲက တခုခုကို ရင်ဆိုင်ရတဲ့အချိန်မှာ ဘ၀မှာ စိတ်ဖိစီးမှု အကြီးအကျယ် ကြုံတွေ့ရတဲ့အခါ နှစ်သိပ့်အားပေးစရာ ဖေးမကူညီစရာ မျက်နှာအပ် ခိုလှုံစရာ ကြင်နာ၊ နွေးထွေးလုံးခြုံတဲ့ ရင်ခွင်တခုဆိုတာ သာမန်ပုထုစဉ် လူသားတိုင်းအတွက် လိုအပ်ပါလိမ့်မယ်။ ဒီတော့ ဒီနေရာမှာတော့ အိမ်ထောင်ရေးဟာ တော်လှန်ရေးအတွက် ၀န်ထုပ်ဝန်ပိုးလို့ ပြောလို့မရတော့ပဲ တော်လှန်ရေးကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် တယောက်ကိုတယောက် တယောက်အားနည်းတဲ့အချိန်မှာ တယောက်ကတွဲခေါ်ဖို့ အချင်းချင်း ဖေးမကူညီနိုင်ဖို့အတွက် ခွန်အားအဖြစ် မြင်လာပါတယ်။ ဒီလို အတွေးအခေါ်တွေနဲ့အတူ ကျွန်မတို့နှစ်ယောက် လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အထိ နီးးစပ်သွားခဲ့ပါတယ်။

ကျွန်မသူနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီး လက်ထပ်စာမတင်ခင် ကျွန်မတို့တပ်ရင်းက ဗဟိုမှာ အတွင်းရေးမှူး (၂) နဲ့ စစ်ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ကျနေတဲ့ ဦးဌေးအောင် (ယခု သြစကြေးလျား) အပါအ၀င် တခြားတပ်ဖွဲ့ဝင် တယောက်စီကို အသိပေးတော့ တယောက်မှ မကန့်ကွက်ခဲ့ပဲ သဘောတူကြပါတယ်။ ပြီးတာနဲ့ ကျွန်မတို့ လက်ထပ်ခွင့် စာတင်ခဲ့တယ်၊ ကျွန်မလက်ထပ်ခွင့် စာတင်တဲ့အချိန်မှာ မဆူးပွင့်နဲ့ တပ်ရင်း ၂၀၇ က ဗဟိုမှာ တာဝန်ကျနေတဲ့ စန်းစန်းချိုကလည်း တင်ထားပြီးနေပြီ။ အားလုံး သဘောတူရင် ဗဟိုလည်း သိပ်အလုပ်မများပဲ အကုန်အကျလည်း သက်သောအောင် သုံးတွဲအတူတူ မင်္ဂလာဆောင်ရင် ကောင်းမယ်ထင်ပြီး မဆူးပွင့်နဲ့ ကျွန်မနဲ့ တိုင်ပင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ အမျိုးသားတွေက ဒီအစီစဉ်ကို သဘောကျတဲ့ အရိပ်ယောင် မပြလို့ စာတင်ထားတဲ့ နေ့စွဲအစီစဉ်လိုက်ပဲ အရင်စောတဲ့ အတွဲက အရင်မင်္ဂလာဆောင်ပြီး သီးခြားစီပဲ မင်္ဂလာဆောင်ဖြစ်ခဲ့ပါတယ်။ 

မင်္ဂလာဆောင်တဲ့သူတိုင်းကို အိုးခွက်ပန်းကန်တွေနဲ့ အိမ်ဆောက်ဖို့ သံကို ထောက်ပံ့ရေးက ထုတ်ပေးပါတယ်။ အိမ်မိုးဖို့ ဖက်ဖိုးနဲ့ ကျွေးမွေးဧည့်ခံဖို့ လဘက်ရည်နဲ့ မုန့်ဖိုးစာရိတ် အနည်းငယ်ကို အဖွဲ့အစည်းက ပေးပါတယ်။ ကျွန်မတို့အိမ်ကို ကျွန်မတို့ ကိုယ်တိုင်ဆောက်ပြီး အိမ်ဆောက်လို့ အပြီးမှာ မင်္ဂလာမဆောင်ခင် ၉၅ ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ ၃၁ မှာ သူ့ဗားတိုက်က သူ့ပစ္စည်းတွေနဲ့ အမျိုးသီးအဆောင်က ကျွန်မအ၀တ်အစား အသုံးအဆောင်တွေကို ဆောက်ထားတဲ့ အိမ်ကိုအပြီးရွှေ့ပြီး နေရာချခဲ့ပါတယ်။

 ပြီးတော့ နောက်နေ့ မနက် ၉၆ ရဲ့နှစ်ဆန်းတရက်နေ့မှာ မင်္ဂလာဆောင်ပြီးတာနဲ့ အတူတူဆောက်ထားတဲ့ အိမ်အသစ်ကြပ်ချွတ်မှာ အတူတူ စနေခဲ့ပါတယ်။ အိမ်ဆောက်တဲ့ အချိန်မှာ သူ့တပ်ရင်းက ရဲဘော်တွေက ကျွန်မတို့နှစ်ယောက်နဲ့အတူ သစ်ဝါး၊၀ိုင်းခုတ်တာ အမိုးအတွက် အင်ဖက်ဝိုင်းကောက်တာနဲ့ ကောက်ထားတဲ့ အင်တွေကို ဖက်ဖြစ်အောင် ပြန်လုပ်တာ အပါအ၀င် အိမ်ကိုပြီးတဲ့အထိ ၀ိုင်ပြီး တာဝန်ယူခဲ့ပါတယ်။ ကျန်တဲ့ကိစ္စ ကျွေးမွေးဧည့်ခံဖို့ ချက်ပြုတ်တာကို ကျွန်မတို့ တပ်ရင်းက ကိုမြင့်အောင်၊ မနီနီစန်းက ဦးဆောင်ပြီး ဗဟိုမိသားစုတွေ လုပ်ပေးပါတယ်။ အိမ်မှာ လိုအပ်တဲ့ တချို့အိမ်သုံးပစ္စည်းတွေကို ကျွန်မတို့ တပ်ရင်းက ကိုကင်းရှင်က ၀ယ်ပေးပါတယ်။

 မင်္ဂလာဆောင်တဲ့ ဓါတ်ပုံကို မဆူးပွင့်နဲ့ တပ်ရင်း ၂၀၄/၂၀၅ က ဦးစိုးခိုင်က ရိုက်ပေးပါတယ်။ ဓါတ်ပုံရိုက်ထားတဲ့ ဖလင်ကို ကျွန်မတို့ တပ်ရင်းက အဲဒီချိန်က ပြန်ကြားရေးမှာ ဗဟို (CEC) တာဝန် ယူထားတဲ့ ကိုခင်မောင်ဝင်း (ယခု DVB) က ကူးပေးပါတယ်။ ကျွန်မတို့ မင်္ဂလာပွဲဟာ ဗဟိုမိသားစုတွေ၊ နှစ်ဘက်တပ်ရင်းက ရဲဘော်ရဲဘက်တွေ၊ တပ်ရင်း ၆၀၁၊ ၃၀၃၊ ၂၁၀၊ ၈၀၁ မိသားစုတွေအားလုံးရဲ့ အကူအညီကြောင့် သိုက်သိုက်မြိုက်မြိုက်နဲ့ ချောချောမောမော ပြီးသွားခဲ့ပါတယ်။

မင်္ဂလာဆောင်ပြီးမှ ရောက်လာတဲ့ မရင်မြတ်ရဲ့ မင်္ဂလာလက်ဖွဲ့နဲ့ပတ်သက်ပြီး အဲဒီတုန်းက အတိတ်ကို ပြန် မတွေးဖြစ်ခဲ့ပေမယ့် ကျွန်မရဲ့ တော်လှန်ရေးမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သဘောထားတွေဟာ သူမင်္ဂလာဆောင်တုန်းက ကျွန်မသဘောထားတွေက မသက်နဲ့ ကျွန်မကိုယ်တိုင် မင်္ဂလာဆောင်တဲ့အချိန်မှာနဲ့ ဘာကြောင့် ဒီလောက် ကွာခြားခဲ့တယ်ဆိုတာကို ကျွန်မ အခုပြန်င်္ပြီး ဆန်းစစ်ကြည့်မိပါတယ်။ ကျွန်မတို့ဟာ တော်လှန်ရေးတခုကို ဆင်နွဲခဲ့ပေမယ့် အောင်ပွဲအတွက် ဘာကို ဘယ်လို အကောင်အတည်ဖေါ်မယ်ဆိုတဲ့ တိကျတဲ့ အစီစဉ်မရှိခဲ့ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးနဲ့ မြို့ပြအုံကြွမှု ပေါင်းစပ်ပြီး ကြားဖြတ်အစိုးရ ဖွဲ့ဖြစ်လို့ ဖြစ်စေ NLD နိုင်သွားလို့ ဖြစ်စေ တော်လှန်ရေးဟာ အကြာကြီး လုပ်နေစရာ လိုလိမ့်မယ်လို့ မမျှော်လင့်ထားပဲ မကြာခင်မှာပဲ အိမ်ပြန်ရမှာ ဖြစ်ပြီး အိမ်ပြန်ရင် ကျောင်းပြန်တက်ဖို့ပဲ ကျွန်မအတွေးထဲမှာ ရှိခဲ့ပါတယ်။ အဲဒီကာလတွေက ကျွန်မလိုထင်တာ ကျွန်မတယောက်တည်း မဟုတ်နိုင်ပါဘူး။ 

ပထမအကြိမ် ညီလာခံသက်တမ်း ABSDF တပ်ဖွဲ့ဝင် အင်အား အများဆုံးကာလမှာ ဥက္ကဌ ဖြစ်ခဲ့သူ ဦးထွန်းအောင်ကျော်ကနေ ကျွန်မတို့ အောက်ခြေရဲဘော်တွေအထိ တော်လှန်ရေးဟာ ဒီလောက်ကြာလိမ့်မယ်လို့ ယုံကြည်ထားသူ တယောက်မှ ရှိလိမ့်မယ် မထင်ဘူး။ ကျွန်မတို့ မင်္ဂလာဆောင်တဲ့ အချိန်မှာတော့ အခြေအနေက ကြားဖြတ်အစိုးရပဲဖြစ်ဖြစ် NLD ကို အာဏာလွဲဖို့ပဲဖြစ်ဖြစ် နေရင်းထိုင်ရင်းနဲ့ ဖြစ်လာမှာမဟုတ်ဘူး တော်လှန်ရေးဟာ လွယ်လွယ်နဲ့တော့ မပြီးဘူး တကယ်ကို ခက်ခက်ခဲခဲ တိုက်ယူမှရတော့မယ် ဆိုတဲ့အသိက ရှိနေပါပြီ။ ကျွန်မရဲ့ အိမ်ပြန်ရင်ကျောင်းပြန်တက်ဖို့ အိပ်မက်တွေလည်း ပျက်သွားတဲ့အချိန်ဖြစ်လို့ သူတို့နှစ်ယောက်အပေါ် ကျွန်မရဲ့ တုန့်ပြန်မှုတွေ ကွာခြားသွားတာကို တွေ့ရပါတယ်။

မရင်မြတ် ပို့လာတဲ့ စာနဲ့ပတ်သက်ပြီး သံသယ ဖြစ်ခဲ့တာကတော့ တခြားတပ်ရင်းက ပြောင်းလာပြီး ကိုယ့်တပ်ရင်းက တပ်ဖွဲ့ဝင် ဖြစ်ပြီးသောသူကို လက်ထပ်လို့ ပြောခဲ့ဖူးတဲ့ ကျွန်မက တခြားတပ်ရင်းက လူတယောက်နဲ့ မင်္ဂလာဆောင်တဲ့ အချိန်မှာ သူပို့လာတဲ့ စာသားမှာ ”နင်တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ လက်ထပ်တော့မယ်ဆိုတာ သိရလို့” ဆိုတဲ့ စကားလုံးတွေနဲ့ သူတချိန်က ပြောခဲ့ဖူးတဲ့ ”နင်တို့ခလှည့်ကျမှ ငါကောင်းကောင်းကြီး စောင့်ကြည့်ဦးမယ်” ဆိုတဲ့စကားက ကျွန်မကို ချောက်လှန့်နေလို့သာ ဖြစ်တယ်။ တကယ်တော့ ဒီလက်ဆောင်ကို သူက “ငါ့ကိုပြောထားတဲ့ကောင်မ နင့်ခလှည့်ကျတော့ ငါထက်တောင် ဆိုးနေပါလား” ဆိုပြီး အာဂါတနဲ့ ပို့လိုက်တာတော့ မဖြစ်နိုင်ပါဘူး သဘောရိုးနဲ့ မင်္ဂလာလက်ဖွဲ့ ပို့တာပဲ ဖြစ်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

ကျွန်မတို့က မရင်မြတ်အတွက်ပါတဲ့ ခွဲတမ်းကို မပေးပဲ ခွဲယူလိုက်တာကလွဲရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေမှာ ဘယ်သူမှ မမှားခဲ့ဘူးလို့ ကျွန်မထင်ပါတယ်။ မရင်မြတ် အိမ်ထောင်ပြုခဲ့တုန်းက ကျွန်မရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမြင်ဟာ မရင်မြတ်အတွက် မမှန်ပေမယ့် ကျွန်မအတွက် မှန်ပါတယ်။ ထိုနည်းအတူ မရင်မြတ်ရဲ့ သဘောထားကလည်း ကျွန်မတို့အတွက် မမှန်ပေမယ့် သူ့အတွက် မှန်ပါတယ်။ ကျွန်မအိမ်ထောင်ပြုတဲ့ အချိန်မှာ အိမ်ထောင်ရေးအပေါ် သဘောထားက အရင် တော်လှန်ရေး စတဲ့အချိန် သဘောထားနဲ ဆန့်ကျင်ဘက် ဖြစ်နေပေမယ့် အခြေအနေနဲ့ အချိန်အခါအရ မှန်ကန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တော်လှန်ရေး ကြန့်ကြာရခြင်း အကြောင်းအရင်းကတော့ အိမ်ထောင်ရေးနဲ့ လုံးဝမသက်ဆိုင်ပဲ ကိုယ်ချမှတ်ထားတဲ့ လမ်းစဉ်ကို တိကျအောင် အကောင်အတည်မဖေါ်နိုင်လို့သာ ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးမှားတာကတော့ တဖက်သားရဲ့ ဆန္ဒကို လုံးဝ မလေးစားကြပဲ ကိုယ်ထင်တာကိုပဲ ကိုယ်မှန်တယ် ထင်ခဲ့တဲ့ တခုတည်းသော အမှားသာ ဖြစ်ပါတယ်။

တော်လှန်ရေးကာလ အိမ်ထောင်ရေးအပေါ် အမြင်နဲ့ အတွေ့အကြုံကို သုံးသပ်ရရင်တော့ ငယ်ငယ်က သုံးတန်းမြန်မာစာမှာထဲမှာ သင်ခဲ့ရတဲ့ ”အချိန်က ပြောသောပုံပြင်” အထဲကအတိုင်းပါပဲ။ အဲဒီပုံပြင်မှာ ဖားတပိုင်းငါးတပိုင်း ဖြစ်နေတဲ့ ဖားလောင်းကလေးတွေက ဖားတွေကို အရောမ၀င်ပဲ ငါးတွေကိုပဲ အရောဝင်တယ်။ ဖားတွေက နင်တို့ဟာ ငါးအမျိုးမဟုတ် ဖားအမျိုးတွေသာ ဖြစ်တယ်လို့ ပြောပြီး ဖားလောင်းကလေးတွေကို သူတို့နဲ့ ပူးပေါင်းဖို့ ခေါ်ပါတယ်။ ဒါပေမယ့် ဖားလောင်းလေးတွေက လက်မခံခဲ့ဘူး။ ဒီတော့ ဖါးတွေက ဖားလောင်းလေးတွေကို နောက်တလကြာမှ တွေ့ကြရအောင်လို့ ပြောပြီး ပြန်သွားကြတယ်။ နောက်တလကြာရင် ဘာဖြစ်မယ်လို့ သင်ထင်သလဲဆိုတာနဲ့ စာကို အဆုံးသတ်ထားပါတယ်။

နောက်တလကြာလို့ ဖါးလောင်းလေးတွေကို ဖားအဖြစ်နဲ့ တွေ့ရတဲ့အချိန်မှာ ဖားကြီးတွေက ငါတို့ပြောတာကို လက်မခံတဲ့အကောင်တွေ အခုတော့ နင်တို့ဘာတွေဆိုတာ သိပြီလားဆိုတဲ့ လေသံနဲ့တော့ ကြိုဆိုလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ သူတို့ ဖားမျိုးဆက်ကို ဆက်လက် သယ်ဆောင်ပေးသွားမည့် မျိုးဆက်သစ်တွေအဖြစ်ပဲ ၀မ်းပမ်းတသာ ကြိုဆိုလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ တချိန်က ဖားလောင်းနဲ့ ဖားဆိုတာ ဘယ်လိုပဲ ကွဲပြားနေပေယ့် နောက်ဆုံးတနေ့မှာတော့ ဖားအဖြစ်နဲ့ အတူတူ ဆုံတွေ့ကြတာပါပဲ။ ဒီအတိုင်းပါပဲ ကျွန်မတို့တတွေဟာလည်း ကိုယ်ယုံကြည်လို့ ခံယူတာကို ခံယူပိုင်ခွင့် ရှိပါတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာအရ အမှန်တရားဆိုတာ သစ္စာလေးပါးကလွဲပြီး ဘာမှမရှိ ကျန်တာအကုန်လုံးက သတ်မှတ်ထားတဲ့ ပညတ်တွေသာ ဖြစ်တယ်လို့ ဆိုတားတဲ့အတွက် သစ္စာတရားနဲ့ ကြည့်ရင် အကုန်လုံးက မှားနေကြပါတယ်။ ဒီမှားနေတဲ့ သူတွေအချင်းချင်းမှာ ငါမှမှန်တယ်ဆိုတဲ့ အစွဲတွေအလန်းနဲ့ ကိုယ်နဲ့သဘောထား မတူသူကို အာဂါတငြိုးတွေ မထားပဲ တုန့်ပြန်ကြမယ်ဆိုရင်တော့ အမှန်တရားနဲ့ အနီးစပ်ဆုံး ငြိမ်းချမ်းမှုကို ရနိုင်ပါလိမ့်မယ်။


ဆက်ရန်ကို မျှော်နေသူများ အားလုံး အတွက် အချိန်ယူပြီး တင်ပေးလိုက်ပါတယ်။

ရွင်လန်းချမ်းမြေ့ကြပါစေ။

9 comments:

အခက်အခဲတွေ၊ ဘ၀ပြဿနာတွေထဲက တခုခုကို ရင်ဆိုင်ရတဲ့အချိန်မှာ ဘ၀မှာ စိတ်ဖိစီးမှု အကြီးအကျယ် ကြုံတွေ့ရတဲ့အခါ နှစ်သိပ့်အားပေးစရာ ဖေးမကူညီစရာ မျက်နှာအပ် ခိုလှုံစရာ ကြင်နာ၊ နွေးထွေးလုံးခြုံတဲ့ ရင်ခွင်တခုဆိုတာ သာမန်ပုထုစဉ် လူသားတိုင်းအတွက် လိုအပ်ပါလိမ့်မယ်။

သိပ်မှန်တဲ့ အချက်ပါပဲ...

တော်လှန်ရေးနှင့် အိမ်ထောင်ရေး အပြင် ဘာသာရေးပါ
ဖတ်လိုက်ရလို့ ညီမကို ကျေးဇူးတင်ပါတယ်....ဒါတွေအားလုံးက ဘ၀ပေးသင်ခန်းစာတွေဘဲပေါ့....

mie nge

မငယ်ရေ ပိုစ့်၂ခုလုံး အခုမှ ပေါင်းဖတ်သွားရတယ်၊
တော်တော်လေးလည်း ကြမ်းတမ်းခဲ့ရပါလား
ဒီလိုတင်ပြပေးတဲ့အတွက် နောင်တစ်ချိန်မှာ သမိုင်းဖြစ်လာနိုင်ပါတယ်

ဖတ်သွားပါပြီ...။

ဟူးး အစ်မရေ အခုမှပဲ အသက်ရူဖြစ်တော့တယ် အစ်မ စာရေးတော်တော်ကောင်းတာပဲ..ကိုယ်နေမယ့်အိမ်လေးကို ကိုယ်တိုင်ဆောက်နေတဲ့ အစ်မနဲအစ်ကိုကို မြင်ယောင်မိပါတယ်.. အစ်မတို့ဇနီးမောင်နှံအတွက်လည်း ဆုတောင်းပေးပါတယ် အစ်မ မရင်မြတ်ကိုလည်း သနားမိတယ်.. သူ့ခင်ဗျာ သနားပါတယ်နော်.. ဟီးဟီး

တကယ်တော့ အဲဒါ အားလုံးက တော်လှန်ရေးအတွက် ရင်းနှီးခဲ့ရတာတွေချည်းပါပဲလေ..။ ဘာပဲဖြစ်ဖြစ်.. တန်ဖိုးရှိတဲ့ ရင်ခုန်သံတွေပါ။

ဖတ်ခွင့်ရတာနောက်ကျပေမယ့် အစ အဆုံး ဖတ်ခွင့်ရလိုက်လို့ ဝမ်းသာမိသားး)
စာအရေးအသားရော အတွေးအခေါ်ရော လေးစားမိတယ်
အောင်မြင်ပါစေခင်ဗျာ...

အမရေ လင့်တွေ အကုန် ဖတ်သွားတယ် ယုံကြည်ချက်အတွက် တော်လှန်ရေးလုပ်နေတဲ့လူတွေကို လေးစားမိပါတယ်။ လက်ထပ်တယ်ဆိုတာကတော့ သဘာဝတရားပါပဲ ဖြစ်သင့်ပါတယ် အကိုနဲ့ အမ ပျော်ရွှင်စွာနဲ့ ဆက်လက် ချီတက်နိုင်ပါစေ

လေးစားလျက်
တောင်ပေါ်သား

ကျွန်မတို့ အားလုံးမှားတာကတော့ တဖက်သားရဲ့ ဆန္ဒကို လုံးဝ မလေးစားကြပဲ ကိုယ်ထင်တာကိုပဲ ကိုယ်မှန်တယ် ထင်ခဲ့တဲ့ တခုတည်းသော အမှားသာ ဖြစ်ပါတယ်။ that is right,so ABSDF was fail.