မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဆီးချိုရောဂါ ဖြစ်စဉ် နှင့် အင်ဆူလင် ဟော်မုန်း ဆက်နွယ်မှု




ဆီးချိုရောဂါသည် ကမ္ဘာတွင် အဖြစ်များဆုံး နာတာရှည်ရောဂါများအနက် တခု အပါအ၀င် ဖြစ်ပါသည်။ ဆီးချိုရောဂါ ရှိသည်ဟု စစ်ဆေး တွေ့ရှိပြီး ရောဂါ သတ်မှတ် ခံထားရ သူများသည် ဆီးချိုနှင့် ပတ်သက်သည့် ရောဂါဖြစ်စဉ်ကို အတိအကျ နားလည်ရန် အထူးလိုအပ် သောကြောင့် ကျန်းမာရေး ပညာပေးသူများ အနေဖြင့် လူနာအား နားလည်အောင် ပညာပေး အစီစဉ်များ လုပ်ဆောင်ရန် တာဝန်ရှိ ပေသည်။ လူနာများ မှလည်း ထိုပုဂ္ဂိုလ်များ၏ လမ်းညွှန်မှုကို မသွေမတိမ်း လိုက်နာရန် လိုအပ်ပါသည်။ ဆီးချို ရောဂါသည် ပျောက်ကင်း အောင် ကုသ၍ မရသော ရောဂါ ဖြစ်သောကြောင့် ရောဂါလက္ခဏာကို ထိန်းချုပ်ပြီး ဆက်ပွား ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ခြင်း သည်သာ ၎င်း၏ အဓိက ကုသမှု ဖြစ်ပါသည်။ သို့သော် ရောဂါအား နိုင်နိုင်နင်းနင်း ထိန်းချုပ် နိုင်ပါက ဝေဒနာရှင်သည် ပုံမှန်အတိုင်း သက်တမ်းစေ့အောင် အသက်ရှင် နိုင်ပါသည်။ ထို့ကြောင့် ဆီးချို ရောဂါ ဝေဒနာ ရှင် များသည် ပုံမှန် ကျန်းမာသူ နီးပါး စိတ်ချ ယုံကြည်စွာ ဆက်လက် အသက်ရှင် နေနိုင်ရန် အတွက် ဆီးချိုကြောင့် ဖြစ်လာနိုင်သော ဆက်ပွား ရောဂါများ ကိုလည်း နားလည် ထားရန် အထူး လိုအပ် ပေသည်။ ဤသို့ နားလည်ထား မှသာလျင် မိမိရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ကျရောက် လာနိုင်မည့် ဆက်ပွားရောဂါ အန္တရယ်ကိုလည်း အလေးအနက် ထားပြီး ကာကွယ်နိုင်မည် ဖြစ်ပေသည်။







ဆီးချိုရောဂါ ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေ ဖေါ်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း လက်ရှိ လေ့လာချက် များအရ မျိုးရိုးဗီဇ၊ လူမျိုးနွယ်စုနှင့် ဘ၀လူနေမှုပုံစံ စသည်တို့ အပေါ်တွင် များစွာ အခြေခံသည်ဟု သိရှိထားပါသည်။ ဆီးချိုရောဂါသည် ပန်ကရိယမှ အင်ဆူလင်ဟော်မုန်းကို ပုံမှန် မထုတ်လုပ်ခြင်း သို့မဟုတ် အင်ဆူလင် ဟော်မုန်းကို ဆဲလ်များမှ ပုံမှန်အတိုင်း အသုံးမချနိုင်ခြင်း ကြောင့် ဖြစ်ပေါ်သော ရောဂါ ဖြစ်ပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ သွေးထဲ၌ အချိုဓါတ် (Glucose) လွန်ကဲခြင်းနှင့် အခြားသော ခန္ဓာကိုယ် အတွင်း အစာဓါတ် ဖြစ်ပေါ်ပြောင်းလဲမှု (food Metabolism) ချွတ်ယွင်းခြင်း ကြောင့် ဖြစ်ပါသည်။ ဆီးချိုရောဂါတွင် အင်ဆူလင်ဟော်မုန်း မထုတ်လုပ်နိုင်ခြင်း သို့မဟုတ် လုံလောက်စွာ မထုတ်လုပ်ခြင်းကြောင့် ဖြစ်သော Insulin Dependence ခေါ် Type 1 Diabetes နှင့် အင်ဆူလင်ဟော်မုန်း အလုံလောက် ထုတ်လုပ်နိုင်သော်လည်း ဆဲလ်များမှ အင်ဆူလင်ကို ကောင်းစွာ အသုံးမပြု နိုင်သောကြောင့် ဖြစ်ရသော Insulin Resistance ခေါ် Type 2 Diabetes Mellitus ဟူ၍ အဓိက အမျိုးအစား နှစ်မျိုး ရှိပါသည်။

Type 1 Diabetes သည် ၁၀% ဖြစ်၍ ကလေးများနှင့် လူငယ်လူရွယ် များတွင် စတင်ဖြစ်ပွားလေ့ရှိသည်။ Type 2 Diabetes သည် ၉၀% ဖြစ်၍ အသက် ၄၀ ပတ်ဝန်းကျင် အရွယ်မှစ၍ အ၀လွန်ခြင်းနှင့် တွဲလျက် စတင် ဖြစ်လေ့ရှိပါသည်။ အမျိုးအစား နှစ်မျိုး စလုံးသည် အသက်အရွယ် မရွေးတွင် စတင် ဖြစ်ပွား နိုင်သောကြောင့် ၎င်းအား ရာနှုန်းပြည့် ပုံသေ ယူ၍ မရပဲ အမျိုးအစား နှစ်ခုကို အသေအချာ ခွဲခြား သတ်မှတ်ပြီးမှ မည်သည့် အမျိုးအစား ဖြစ်သည်ကို အတည်ပြု ရမည် ဖြစ်သည်။ ဆီးချိုရောဂါကို စစ်ဆေး သတ်မှတ်သည့် နည်းတချို့ရှိသော်လည်း အရိုးရှင်းဆုံး ရောဂါ သတ်မှတ်သော နည်းမှာ အနည်းဆုံး ရှစ်နာရီခန့် အစာ မစားထားသည့် အချိန်၌ သွေးထဲတွင် ဂလူးကို့စ် ပမာဏကို စမ်းသပ် ကြည့်၍ တလီတာတွင် ၈ မီလီမိုးလ် (8mmol/L) ကျော်ပါက ဆီးချိုရောဂါ အဖြစ် သတ်မှတ် နိုင်ပါသည်။

ဆီးချိုရောဂါတွင် အင်ဆူလင် ဟော်မုန်းသည် အဓိက အခန်း ကဏ္ဍမှ ပါဝင် နေသောကြောင့် အင်ဆူလင် ဟော်မုန်း အကြောင်းကိုလည်း သိထား သင့်ပေသည်။ အင်ဆူလင်သည် ပန်ကရိယထဲရှိ ဘီတာဆဲလ်မှ ထုတ်လုပ်သော ကာဗွန်ဟိုက်ဒရိတ် ဓါတ်ပြောင်းလဲမှုနှင့် သွေးထဲ ဂလူးကို့စ် ပမာဏကို ထိန်းညှိရန်အတွက် မရှိမဖြစ် လိုအပ်သော ဟောမုန်း တခုဖြစ်သည်။ ထမင်း၊ ပေါင်မုန့် ခေါက်ဆွဲ စသည့် ကာဗွန် ဟိုက်ဒရိတ်သည် ခန္ဓာကိုယ် ပုံမှန် အလုပ်လုပ် နိုင်ရန်အတွက် အဓိက လောင်စာဆီ ဖြစ်သည်။ စားသုံး လိုက်သော ကာဗွန်ဟိုက်ဒရိတ် များအား အစာခြေညက်မှု လုပ်ငန်းစဉ် အရ အစာခြေ အင်္ဂါအဖွဲ့အစည်းမှ ဂလူးကို့စ် (သကြားဓါတ်) အဖြစ်သို့ ပြောင်းလဲ ပေးလိုက် သောအခါ သွေးကြောထဲ၌ ဂလူးကို့စ် ပမာဏကို များပြား လာစေပါသည်။


အင်ဆူလင်ကို ထုတ်လုပ်သည့် နေရာနှင့် သွားသည့်လမ်းကြောင်း (dev.nsta.org/evwebs)


အင်ဆူလင် ဟော်မုန်း မမျှတခြင်းကြောင့် ဂလူးကို့စ်ကို ဆဲလ်မှ မစုပ်ယူနိုင်သောကြောင့် သွေးကြောထဲ၌ စုပြုံနေခြင်း (http://z.about.com/f/p/)

ထိုသို့ များပြား လာသောအခါ ပုံမှန် အခြေအနေ တွင် သွေးထဲရှိ ဂလူးကို့စ် ပမာဏကို 3-8mmol/L အတွင်း အမြဲတမ်း ရှိနေအောင် ပန်ကရိယမှ အင်ဆူလင်ကို လိုအပ်လျင် လိုအပ်သလို ထုတ်လုပ်ပြီး ထိန်းညှိ ပေးပါသည်။ ထို့နောက် သွေးထဲမှ ဂလူးကို့စ်များကို အရိုးတွယ် ကြွက်သားနှင့် အဆီကြွက်သားများထဲရှိ အင်ဆူလင် မီခိုသည့် ဆဲလ်များထဲသို့ ရောက်အောင် အင်ဆူလင်က ပို့ဆောင်ပေးသည်။ အင်ဆူလင်မပါပဲ ဂလူးကို့စ်သည် ဆဲလ်ထဲသို့ မ၀င်ရောက် နိုင်သောကြောင့် ဤနေရာ၌ အင်ဆူလင်သည် ဂလူးကို့စ်ကို ဆဲလ်ထဲသို့ ပို့ဆောင်ရာ၌ ဆဲလ်တခါးကို ဖွင့်ပေးသည့် သော့ တစ်ခုဖြစ်သည်။ ထို့အပြင် အင်ဆူလင်သည် ဂလူးကို့စ် ချေဖျက်ခြင်းနှင့် အဆီတစ်ရှူးထဲရှိ အဆီများကို ချေဖျက်ခြင်းမှ ကာကွယ်ရန်နှင့် အသားဓါတ်များကို ထုတ်လုပ်နိုင်ရန် (Protein synthesis) ဆဲလ်များမှ စားသုံး၍ ပိုသျှံသော ဂလူးကို့စ်များအား အသည်းထဲ၌ သိမ်းထား ပေးသည်။

သို့သော် ဆီးချိုရောဂါတွင် အင်ဆူလင်ကို ပုံမှန်အတိုင်း အသုံးမပြု နိုင်ခြင်းကြောင့် သွေးထဲ ဂလူးကို့စ် ပမာဏကို ပုံမှန်အတိုင်း ထိန်းချုပ်ရန် မဖြစ်နိုင်ပါ။ Type 1 diabetes တွင် အင်ဆူလင်မပါပဲ သို့မဟုတ် အင်ဆူလင် မလုံလောက်ပဲ ဆဲမှ ဂလူးကို့စ်ကို မရနိုင်သကဲ့သို့ Type 2 Diabetes တွင် အင်ဆူလင်ကို ဆဲလ်က အသုံးပြုနိုင်စွမ်း မရှိသောကြောင့် ဆဲလ်မှာ အစာ ပြတ်လပ်မှုကို ဖြစ်စေသည်။ ထိုအခါ ဂလူးကို့စ်သည် သွေးကြောထဲ၌ လှည့်လည်နေပြီး သွေးထဲ သကြားဓါတ် လွန်ကဲခြင်း (Hyperglycaemia) ကို ဖြစ်စေပါသည်။ ဤသည်ပင် ဆီးချိုရောဂါ၏ အဓိကမူလ ပြဿနာ ဖြစ်ပေသည်။

သွေးထဲ ဂလူးကို့စ် လွန်ကဲနေမှုကို အချိန်မီ မထိန်းညှိ ပေးနိုင်ပါက ဆဲလ်များ ရေဓါတ် ခန်းခြောက်ခြင်းကြောင့် ရေငတ်ခြင်း၊ သွေးထဲရှိ ဂလူးကို့များကို ကျောက်ကပ်မှတဆင့် ဆီးအဖြစ် စွန့်ပစ်ရသောကြောင့် ဆီးထဲ သကြားဓါတ် များပြားပြီး ဆီး မကြာခဏ သွားခြင်း၊ ညဘက် အိပ်ရေးပျက် လောက်အောင် ဆီးခဏခဏ သွားခြင်း၊ ခန္ဓာကိုယ်ထဲရှိ တခြား သတ္တုဓါတ်များ မညီမျှဖြစ်ခြင်း (Electrolyte imbalance) နှင့် ဆဲလ်များ အစာမရခြင်း ကြောင့် ဆာလောင်ခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့် လက္ခဏာများကို ဖြစ်ပေါ်စေပါသည်။ ဆီးချိုရောဂါအား အချိန်မီ ကုသခြင်း မပြုလုပ်ပါက ရေတိုနှင့် နာတာရှည် ဆက်ပွားရောဂါ အန္တရာယ်များအား မလွဲမသွေ ကြုံတွေ့ ရမည် ဖြစ်သည်။

ကုသမှုနှင့် ဆက်ပွား ရောဂါများအား မဖြစ်အောင် ကာကွယ်ပုံကို ဆက်လက် ဖေါ်ပြပါမည်။


Bibliography

http://dev.nsta.org/evwebs/1150/images/type1diabetes.jpg

http://z.about.com/f/p/440/graphics/images/en/19204.jpg

McCane, K.L. & Huether, S.E. (2006). Pathophysiology: The Biological Basis for Disease in Adults and Children, (5thed). (pp 700-720). USA: -Mosby.

Semb, S. (2005). Nursing management: Diabetes mellitus. In Brown, D., & Edwards, H. (Eds.). Lewis’s medical-surgical nursing: Assessment and management of clinical problems (2nd ed.). (pp 1272-1299). Marrickville, NSW: Elsever.




Public Health in Myanmar တွင်တင်ခဲ့သည့် မူရင်းပို့စ် ကို ပြန်လည် ဖေါ်ပြပါသည်။




1 comments:

အစ်မရေ ဆီးချိုရောဂါအကြောင်းမှတ်သား
သွားပါတယ် ကျေးဇူး
ရန်ကုန်သား :D