မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဆီးချိုရောဂါ ထိန်းချုပ်ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ခြင်း



ဆီးချိုရောဂါနှင့် အင်ဆူလင်ဟော်မုန်း ဆက်နွယ်မှုကို ဒီနေရာမှာ အရင်ဖတ်နိုင်ပါသည်။
ဆီးချိုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများ ကာကွယ်ခြင်းသည် သွေးထဲရှိ သကြားဓါတ်ကို အမြဲတမ်း ပုံမှန်ဖြစ်နေစေရန် ထိန်းညှိ ပေးခြင်းက အဓိက ဖြစ်သည်။ ဆီးချို ရောဂါသည် သွေးထဲ သကြားဓါတ် အလွန်အမင်း များခြင်း အပေါ်တွင် အရင်းခံသော်လည်း Diabetes Complication သည် သွေးထဲသကြားဓါတ် အလွန်အမင်း နည်းသည့်အခါတွင်လည်း ဖြစ်သောကြောင့် နှစ်ခုစလုံးကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ရောဂါသည်များ ကောင်းစွာ နားလည်ထားရမည်။ သို့မှသာ ရုတ်တရက်နှင့် နာတာရှည် နောက်ဆက်တွဲ ပြဿနာများ (Acute & Chronic complications) များကို ကောင်းစွာ ကာကွယ်နိုင်မည် ဖြစ်ပြီး ဤသို့ ကာကွယ်ခြင်း သည်ပင် Diabetes Management ဖြစ်သည်။







ထိန်းချုပ်ခြင်း

ဆီးချိုရောဂါအား ကောင်းစွာ နှိမ်နှင်းရန် ဝေဒနာရှင်သည် ဘ၀ နေထိုင်မှု ပုံစံကို မဖြစ်မနေ ပြောင်းလဲရမည် ဖြစ်ပြီး အာဟာရကို မှန်ကန်စွာ စားသုံခြင်း၊ ကာယ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခြင်းနှင့် ဆေးဝါး အသုံးပြုခြင်းဖြင့် သွေးထဲ သကြားဓါတ်ကို ပုံမှန် ဖြစ်အောင် ကောင်းစွာ ထိန်းချုပ်ရမည်။ သို့သော် Type 1 နှင့် Type 2 သည် ဆဲလ်များ၏ အင်ဆူလင် ဟော်မုန်းအပေါ် တုန့်ပြန်မှု မတူညီခြင်း၊ Type 1 သည် ကိုယ်အလေးချိန် လျှော့သည့် လက္ခဏာရှိပြီး Type 2 တွင် အ၀လွန်သူ အများစု ဖြစ်ခြင်းနှင့် တခြား သွေးတိုး၊ နှလုံး ရောဂါများနှင့်လည်း တွဲနေနိုင်ခြင်း စသည့် အမျိုးအစား နှစ်ခုအကြား မတူ ကွဲပြားသည့် အချက်များ ရှိသောကြောင့် ဆေးဝါးကုသမှု (Medical Treatment) တွင် အနည်းငယ် ကွာခြားပါသည်။

ကိုယ်အလေးချိန်

ပထမဦးစွာ ဆေးလိပ် သောက်သူဖြစ်ပါက ဆေးလိပ် ဖြတ်ရမည် ဖြစ်ပြီး အ၀လွန်သော Type 2 သမားများသည် ကိုယ်အလေးချိန်ကို လျှော့၍ ပိန်လွန်းသော Type 1 သမားများသည် ကိုယ်အလေးချိန် ပုံမှန် ဖြစ်အောင် လုပ်ရမည်။ လူတယောက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်ကို Body Mass Index (BMI) ဖြင့် တိုင်းတာပြီး BMI 20-25 အထိကို ပုံမှန် ရှိသင့်သော ကိုယ်အလေးချိန်အဖြစ် သတ်မှတ်ထားပါသည်။ တွက်နည်းမှာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ် စတုရန်းမီတာဖြင့် စား၍ (kg/m2) ရရှိသော အဖြေဖြစ်သည်။ ဥပမာ ကိုယ်အလေးချိန် 51kg နှင့် အရပ် 155cm=1.55m ရှိသူအတွက် 51/(1.55)2 = 21.2 ဖြစ်ပါသည် (ဒေါက်တာ ငွေဇင်သူတင်တဲ့ BMI တိုင်းကြမယ် ပို့စ်က ပေးထားတဲ့အကွက်မှာ မိမိ ကိုယ်အလေးအချိန်နဲ့ အရပ်ကို အစားသွင်းပြီး အလွယ်တကူ တွက်ချက် နိုင်ပါတယ်) ။ ထို့ကြောင့် အဟာရနှင့် လေ့ကျင့်ခန်းဖြင့် ဆီးချိုရောဂါ သမားများသည် ကိုယ်အလေးအချိန်ကို BMI 20-25 အတွင်း ထိန်းနိုင်လျင် နောက်ဆက်တွဲ ပြဿနာ များကို တစိတ်တဒေသ အားဖြင့် ကာကွယ်ပြီးသား ဖြစ်ပါသည်။ Type 2 Diabetes ကို ပုံမှန် ကိုယ်အလေးချိန် ထိန်းပြီး ရာနှုန်းပြည့် နီးပါး ကာကွယ်နိုင်သည်။

အာဟာရ

ဆီးချိုရောဂါအတွက် အာဟာရ သီးသန့် သတ်မှတ်ထားခြင်း မရှိ (Diabetes Australia, 2003) ပဲ ဆောင်ရန်၊ ရှောင်ရန် အချက်အနေဖြင့် အဆီလျှော့ စားခြင်း၊ သကြားကို လုံးဝရှောင်ခြင်း၊ တခြား အချိုပါသော အစား အသောက်များနှင့် အသီးနှံများ စားနိုင်သော်လည်း ချင့်ချိန်၍ စားခြင်းတို့ကို အဓိကလိုက်နာရမည် (Dr Carter, 2005)။ ထို့ကြောင့် ယေဘုယျအားခြင့် သာမန် Healthy Diet အဖြစ်သတ်မှတ်ထားသည့် စံအတိုင်း ကာဗွန်ဟိုက်ဒရိတ်ကို အများဆုံးစား၍ တခြား အဟာရများမှ ဟင်းသီးရွက်ကိုများများ၊ နို့ထွက်အစားအစာများနှင့် အသားငါးကိုအသင့်အတင့်၊ အဆီနှင့်ဆားကို နည်းငယ်သာစားခြင်း စသည်တို့ ပါဝင်သည့် Food Pyramid အတိုင်း လိုက်နာနိုင်ပါသည်။ ဆီးချိုရောဂါအတွက် အဟာရနှင့်ပတ်သက်၍ ဒေါက်တာ ၀င်းသိန်း ရေးသားသည့် အသေးစိတ်ကို နောက်တင်မည့် ပို့စ်တွင် ဆက်လက်ဖေါ်ပြပေးပါမည်။

လေ့ကျင့်ခန်း

ဆီးချိုရောဂါ ဝေဒနာရှင်များအနေဖြင့် မပျော့လွန်း မပြင်းလွန်းသည့် ကာယလေ့ကျင့်ခန်းကို မိနှစ် ၂၀-၄၀ ခန့် တပတ်မှာ အနည်းဆုံး သုံးလေးကြိမ် ပြုလုပ်သင့်ပါသည်။ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် အဟာရကို သင့်တင့်စွာ ပုံမှန် စားသောက်ခြင်းသည် အင်ဆူလင်ကို အလုပ်လုပ်အောင် နိုးဆော်ပေးခြင်းဖြစ်၍ Type 2 သမားများအတွက် ဆဲလ်၏ အင်ဆူလင် ခံနိုင်ရည်ရှိမှုကို လျှော့နည်းစေပါသည်။ ထို့အပြင် သွေးထဲသကြားဓါတ်၊ ကော်လက်စထရောလ် ပမာဏနှင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင်လည်း ထိန်းညှိပေးသည်။ လေ့ကျင့်ခန်းသည် ရောဂါအမျိုးအစား နှစ်ခုစလုံး အတွက် နာ့ဗ်ကြောများနှင့် သွေးကြောများကို ပုံမှန်အလုပ်လုပ် စေသဖြင့် ၎င်းတို့ကို ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ထို့ကြောင့် ဆီးချိုကို ဆေးဖြင့်အရင် မကုပဲ အာဟာရနှင့် လေ့ကျင့်ခန်းဖြင့် အရင်ကု၍ နောက်ပိုင်း သွေးထဲသကြားဓါတ်ကို ထိုနှစ်ခုဖြင့် မထိန်းချုပ်နိုင်မှသာ Combination therapy အဖြစ် ဆေးကို တွဲပေးပါသည်။

ဆေးဝါးများ

ဆီးချိုရောဂါဆေးများမှာ Oral Agent ဟုခေါ်သော သောက်ဆေးများနှင့် အရေပြားအောက် ထိုးပေးရသော အင်ဆူလင် ဟော်မုန်းဆေးများ ပါဝင်ပါသည်။

သောက်ဆေး

သောက်ဆေး အများစုသည် အင်ဆူလင် ခံနိုင်ရည်ရှိသည့် Type 2 Diabetes အတွက်ဖြစ်ပြီး ထင်ရှားသော သောက်ဆေးများမှာ အလုပ်မလုပ်နိုင်သော ဘီတာဆဲလ်ကို အလုပ်လုပ်အောင် အားပေးသည့် Sulfonylureas and Meglitinides, ဂလူးကို့စ်ကို ဆဲလ်ထဲသို့ ၀င်ရောက်အောင် အင်ဆူလင်၏ စွမ်းရည်အား မြှင့်တင်ပေးသည့် Biguanides, ဆဲလ်ကို အင်ဆူလင်နှင့် သဟဇာတဖြစ်စေရန် အကူအညီပေးသည့် Thiazolidinediones နှင့် ကစီဓါတ်ချေဖျက်မှုကို အားပေးသည့် အင်ဇိုင်းများအား အဟန့်အတားဖြစ်စေသည့် Alpha-glycosidase တို့ ဖြစ်ပါသည်။ အဟာရ၊ လေ့ကျင့်ခန်းနှင့် သောက်ဆေး သုံးမျိုးပေါင်းစပ်၍ ကုသပြီး သွေးထဲ သကြားဓါတ် များခြင်းကို မထိန်းချုပ်နိုင်သော လူနာများအတွက် အင်ဆူလင် ထိုးဆေးပါ တွဲပေးရသည်။

ထိုးဆေး

အင်ဆူလင်သည် ဆီးချိုရောဂါအတွက် တခုတည်းသော ထိုးဆေးဖြစ်သည်။ အစာအိမ်ထဲရှိ အစာချေရည် အက်ဆစ်ဓာတ်မှ အင်ဆူလင် အာနိသင်ကို ဖျက်ဆီးနိုင်သောကြောင့် အင်ဆူလင်ကို သောက်ဆေးအဖြစ် အသုံးမပြုနိုင်ပဲ ထိုးဆေးအဖြစ်သာ အသုံးပြုပါသည်။ Type 1 Diabetes တွင် ဘီတာဆဲလ်ကို အလုပ်လုပ်စေရန် အကူအညီပေးသည့် သောက်ဆေးများဖြင့် မထိရောက်နိုင်သောကြောင့် အင်ဆူလင် ထိုးဆေးကို စောစီးစွာ ပေးရလေ့ရှိပါသည်။ အင်ဆူလင် ထိုးဆေးအတွက် အင်ဆူလင် ဟော်မုန်းကို ယခင်က ၀က်နှင့် သိုးများမှ အများဆုံးထုတ်ယူ သုံးစွဲခဲ့သည်။

ယခု ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ကျယ်ပြန့်စွာ ထွန်းကားလာပြီး နောက်ပိုင်းတွင် Human Insulin က တခြား အင်ဆူလင်များထက် ပိုမို အင်နိသင် ရှိသည်ကို စမ်းသပ်တွေ့ရှိရပြီး ယခုအချိန်တွင် Human Insulin ကို ပိုမို အသုံးပြု လာနေပါသည်။ Human Insulin ကို လူ့ခန္ဓာကိုယ်မှ တိုက်ရိုက် ထုတ်ယူခြင်းမဟုတ်ပဲ မျိုးရိုးဗီဇ ပြုပြင်ဖန်တီးသည့်ပညာ (Genetic engineering) ဖြင့် လူနှင့် ဘက်တီးရီးယား၏ DNA ကို ဖြတ်တောက် ပေါင်းစပ်ခြင်း ( Recombinant DNA) မှ ဘက်တီးရီးယား Plasmic ဆီမှတဆင့် ထုတ်လုပ်ပါသည်။ အင်ဆူလင်ထိုးဆေးကို လူနာအား အစာမစားမီ ၁၅-၄၅ မိနှစ်အတွင်း ထိုးပေးရပါသည်။ ထိုအခါ အင်ဆူလင် မှ သွေးကြောထဲရှိ ဂလူးကို့စ် မော်လီကျူးများအား ဆဲလ်ထဲရောက်အောင် ပို့ပေးနိုင်ခြင်းဖြင့် သွေးထဲ သကြားဓါတ် များခြင်းမှ ကာကွယ်ပေးသည်။

Complications နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆက်ပွား ရောဂါများကို ရုတ်တရက် (Acute Complication) နှင့် နာတာရှည် (chronic Complication) ဆက်ပွား ရောဂါ ဟူ၍နှစ်မျိုး တွေ့ရနိုင်ပါသည်။ Diabetes Management ကို ကောင်းစွာလိုက်နာခြင်းသည် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းဖြစ်၍ ဆရာဝန် ညွန်ကြားသည့်အတိုင်း မသွေမတိမ်း လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

Acute Complications

သွေးထဲ သကြားဓါတ် အလွန်အမင်းနည်းသွားခြင်းကြောင့် ဖြစ်သော (Severe Hypoglycaemia)၊ သွေးထဲ၌ သကြားဓါတ် အလွန်အမင်းများ၍ သွေးကြောထဲ အညစ်အကြေးများဖြင့် ပြည့်နေသောကြောင့်ဖြစ်သော Diabetic Ketoacidosis နှင့် သွေးထဲသကြားဓါတ် အလွန်အမင်း များနေသည့်အချိန် ကြာသွားသောကြောင့် ဖြစ်သော Hyperosmolar Coma ဟူ၍ ထင်ရှားသည့် Acute Complication ၃ မျိုးရှိပါသည်။

Hypoglycaemia ဖြစ်ပါက လူနာသည် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ငိုကြွေးခြင်း၊ အကြမ်းဖက်ခြင်း စသည့် လက္ခဏာများကိုတွေ့ရပြီး အားအင်ကုန်ခန်း၍ နောက်ဆုံး သတိလစ်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ သတိမလစ်ပါက အချိုရည်တခုခုကို အမြန်ဆုံးတိုက်ပြီး သွေးထဲသကြားဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ လေ့ကျင့်ခန်းမလုပ်မီ သို့မဟုတ် အင်ဆူလင်ထိုးပြီး အစာမစားထားခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းကို ကာကွယ်ရန် ကာဗွန်ဟိုက်ဒရိတ်ကို သတ်မှတ်ထားသည့်အချိန်တွင် မလစ်ဟင်းစေပဲ မှန်မှန်စားရပြီး လေ့ကျင့်ခန်းမလုပ်ခင်နှင့် ကြားကာလ နားချိန်များတွင် စားရန်လည်း ကာဗွန် ဟိုက်ဒရိတ် အစာတခုခုကို အမြဲဆောင်ထားရမည်။

Diabetes Ketoacidosis နှင့် Hyperosmolar Coma သည် ဆင်တူ၍ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်း ရေဓါတ်ခမ်းခြောက်ခြင်း၊ ခန္ဓာကိုယ်အတွင်း သတ္တုဓါတ် မညီမျှခြင်းနှင့် ကိုယ်အလေးချိန် ချက်ချင်း လျော့ကျသွားခြင်း စသည့် လက္ခဏာများ တွေ့ရနိုင်ပြီး သတိလစ်သေဆုံးသည်အထိ ဖြစ်တတ်သည်။ Acute Complications အားလုံးသည် အသက်အန္တရယ် အထူး စိုးရိမ်ရသည် ဖြစ်၍ အရေးပေါ် ဆေးဝါးကုသမှု ချက်ချင်း လိုအပ်ပြီး ဆေးရုံ ချက်ချင်း တင်ရမည်။

Chronic Complications

မျက်စိပျက်စီးခြင်း (Retinopathy)၊ ကျောက်ကပ် ပျက်စီးခြင်း (Nephropathy)၊ နာ့ဗ်ကြောများကြောင့် ခြေထောက်ပျက်စီးခြင်း (Neuropathy)၊ နှလုံးရောဂါနှင့် လိင်ပိုင်းဆိုင်ရာ အင်အားမရှိခြင်း (Sexual dysfunction) တို့ပါဝင်သည်။

Retinopathy သည် ဆံချည်မျှင် သွေးကြောများပျက်စီး၍ မျက်ကြည်လွှာကို ထိခိုက်ပြီး မျက်စိေ၀၀ါးလာသည်။ု မျက်စိထဲ၌ အတိုင်းအတာတခုထိ ပျက်စီး သွားပြီးမှသာ မျက်စိမှုန် လာသည်ကို သတိထား မိသောကြောင့် မျက်စိပုံမှန် စမ်းသပ်ခြင်း မရှိပါက အသိနောက်ကျပြီး မျက်စိ ကွယ်သည်အထိ ဖြစ်တတ်သည်။ ထို့ကြောင့် အသိ နောက်မကျစေရန် ပုံမှန် မျက်စိ စစ်ဆေးခြင်းကို နှစ်စဉ် ပြုလုပ်ရမည်။

Nephropathy သည် ကျေက်ကပ်မှ အသားဓါတ်နှင့် အဆီပါသောဆီးများကို မကြာခဏစစ် ထုတ်ရသောကြောင့် ကျောက်ကပ် ယိုစိမ့်လာပြီးပုံမှန် အလုပ်မလုပ်နိုင် ဖြစ်သွားသည်။ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ခြင်း ကျောက်ကပ်ကို တနှစ်တကြိမ်စမ်းသပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

Neuropathy သည် အာရုံခံနာ့ဗ် (Sensory) နှင့် အာရုံတုန့်ပြန်သည့် နာ့ဗ် (Motor) များ ပုံမှန် အလုပ်မလုပ် သောကြောင့် ဖြစ်ရသည်။ ခြေလက်များ ထုံကျင်၍ ထိခိုက်နာကျင်မှုနှင့် ရောဂါကူးစက်မှုကို သတိမထား မိခြင်းကြောင့် ခြေထောက် ဖြတ်ရသည် အထိ ဖြစ်ခြင်း၊ မော်တာနာ့ဗ် ပျက်စီး သောကြောင့် ကြွက်သားများ ပျက်စီး၍ ခြေထောက်၏ ပုံသဏ္ဍန်ပြောင်းပြီး သားရေဖုများနှင့် အနာများဖြစ်လာကာ ခြေတဖက်လုံး ကူးစက်ပြီး ဖြတ်ရနိုင်ပါသည်။ ခြေတောက်အား ခြစ်ရာနှင့် အနာများရှိမရှိ နေ့စဉ်ဂရုတစိုက် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ကာကွယ်နိုင်သည်။ နှလုံးရောဂါသည် သွေးတိုးနှင့်တွဲဖြစ်၍ နှလုံးသို့သွားသော သွေးကြောထဲတွင် အဆီဖတ်များ ပိတ်ခြင်း၊ သွေထဲကော်လက်စထရောလ် များပြီး သွေးကျောနံရံများတွင် အနည်ထိုင်၍ သွေးကြောများ မာကျောတောင့်တင်းလာခြင်းကြောင့် ဖြစ်သည်။

Sexual Dysfunction သည်
ဆီးချိုရောဂါကြောင့် အာရုံကြော အဖွဲ့အစည်း တခုဖြစ်သည့် Sympathetic Nervous System ၏ ထိန်းချိုပ် နိုင်မှုအားနည်းသွားသောကြောင့် လိင်အင်္ဂါများသို့ သွားသော နာ့ဗ်ကြောနှင့် သွေးကြောများကို ထိခိုက်စေပါသည်။ လိင်အင်္ဂါများတွင် အမျိုးသမီးများတွင် အရည်ထွက်နည်းခြင်းနှင့် အမျိုးသားများတွင် လိင်တံတောင့်တင်းမှု အားနည်း၍ လိင်ဆက်ဆံစဉ် သုတ်မထုတ်နိုင်ခင် လိင်တံပျော့ခွေခြင်း များ ဖြစ်တတ်ပါသည်။ အစားအသောက်ကို စနစ်တကျ စားသုံးပြီး လေ့ကျင့်ခန်းပုံမှန် လုပ်ပါက ထိုပြဿနာများကို အနည်းငယ် လျှော့စေနိုင်ပါသည်။


Public Health in Myanmar တွင် တင်ခဲ့သည့် မူရင်းပို့စ် အနည်းငယ် ပြင်ဆင်ပြီး ပြန်လည်တင်ပြခြင်း ဖြစ်သည်။ ဆီးချိုရောဂါ အစားအစာကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဆီးချိုရောဂါ မရှိသူများ အ၀မလွန်အောင် ကြိုးစားပြီး ရောဂါကို ကာကွယ်နိုင်ကြပါစေ။
ရောဂါ ရှိနေပြီးသူများ ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင် စားသောက်ပြီး နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်နိုင်ကြပါစေ။


Bibliography

Cater, W. (2005). Home doctor: Know your body & look after it, (pp 112-120). Australia: Hinkler Books Pty Ltd.

Diabetes Australea. (2003). Living with type 2 diabetes: A practical hand book about managing type 2 diabetes. Australia: Diabetes Australia.

McCane & Huether. (2006). Pathophysiology: The Biological Basis for Disease in Adults and Children, (5thed). (pp 700-720). USA: Mosby.





4 comments:

မမရေ...နောင့် ဖေဖေ က ဆီးချို သွေးချို သမားလေ...စိတ်ဝင်တစား လေ့လာသွားပါတယ်..။ ဝေမျှပေးတာ ကျေးဇူးပါ..။

ဆီးချိုအကြောင်း နောက်ထပ်ပို့စ် နှစ်ခု ဆက်တင်ဖို့ ကျန်သေးတယ် မေဇင်။ အတွဲလိုက် အကုန်လုံးဖတ်ရရင် အတော်လေး သဘောပေါက်သွားလိမ့်တယ်။ မြန်မာပြည်မှာက ဆရာဝန်ပေးတဲ့ ဆေးကိုပဲ ဘာအတွက်သောက်ရပြီး မိမိရောဂါ အခြေအနေ မိမိ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုဖြစ်တယ်ဆိုတာ တိတိကျကျ လူနာကိုယ်တိုင် နားလည်အောင် ပညာပေးတဲ့ အစီစဉ်တွေ မရှိလိုဘူး မဟုတ်လား။ နောက်ထပ်ပို့စ်တွေကိုလည်း ဖြစ်အောင်လာဖတ်ပါ။

မငယ်နိုင်
ညီမမှာဆီးချိုရောဂါရှိပါတယ်။အမကိုကျေးဇူးလဲတင်ပါတယ်။ညီမကအစာဘဲရှောင်တယ်.
လေကျင့်ကတော့အမြဲမလုပ်ဖြစ်ဘူး.ညီမတို့က
မျိုးရိုးရှိပါတယ်။နောက်လဲအမစာတွေလာပြီးလေ့လာမှတ်သားမှာပါရှင်။

လေးစားစွာဖြင့်
မြတ်လေးငုံ။

ကျေးဇူးပါ အမေ က ၈၁နှစ်ပါ ဆီးချိုစစ်ကြည့်မှ၅၀၀ကျာ်ရှိနေပါတယ်
အကြံပေးပေးပါရှင်