မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပထမဦးဆုံး ရှေ့တန်းတိုက်ပွဲ


ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ဘုန်းနှိမ့်တယ်လို့ မိရိုးဖလာအရ ယုံကြည်မှု ရှိပါတယ်။ ဒီအယူအဆကြောင့်ပဲ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ နောက်မှာပဲ နေခဲ့ရပြီး ဘုန်းနှိပ့်သူများအဖြစ် ဖိနှပ်မှုကို ခေတ်အဆက်ဆက်က ခံလာခဲ့ရပါတယ်။ ယခုလက်ရှိ စစ်အာဏာရှင် စနစ်အောက်မှာလည်း အာဏာရှင်ရဲ့ ဖိနှပ်မှုကို အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးခံရပါတယ်။ ဒီလို ခေတ်အဆက်ဆက်မှာ အဖိနှိပ်ခံလာရတဲ့ ကြားကပဲ အမျိုးသမီးတွေဟာ မိမိတို့ နိုင်ငံနဲ့ လူမှုပတ်ဝန်းကျင်အတွက် လိုအပ်နေတဲ့ လိုအပ်ချက်တွေအတွက် လှုပ်ရှားရာမှာ ပါဝင်လာခဲ့တာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲတွေအထိ ပါဝင်လျက် ရှိပါတယ်။





၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ စစ်တပ်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပစ်ခတ်ဖြိုခွင်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးဖြင့် အောင်ပွဲခံမယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် မြန်မာပြည် ပတ်ပတ်လည်မှာ ရှိတဲ့ နယ်စပ်ဒေသတွေကို ထွက်ခွာလာခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသားတွေအထဲမှာ ကျွန်မလည်း တဦးပါဝင်ခဲ့ပါတယ်။ ကျောင်းသူတွေအပါအ၀င် အမျိုးသမီးတွေဟာ ပြည်တွင်းက လက်နက်မဲ့ ဒီမိုကရေစီတိုက်ပွဲမှာလည်း အမျိုးသားတွေနှင့်အတူ ပါဝင်တိုက်ပွဲဝင်ခဲ့သလို ဒီလို စစ်တပ်က အကြမ်းဖက်နှိပ်နှင်းတဲ့အခါမှာ စာသင်ခန်းနှင့်တကွ မွေးရပ်မြေ၊ မိဘ၊ ညီအစ်ကို၊ မောင်နှမတွေကို အမျိုးသားတွေလိုပဲ စွန့်ခွာပြီး စွန့်စားထွက်ခွာ လာတဲ့အထဲမှာလည်း အမျိုးသမီးတွေ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးဖြစ်နေခြင်းအတွက် အကန့်အသတ်တွေကတော့ ဘယ်လိုပဲ စွန့်စားပြပြ များစွာကြုံတွေ့ရဆဲပဲ ဖြစ်တယ် ဆိုတာကျွန်မ ပိုပြီးသတိထားမိပါတယ်။

ကျွန်မ နယ်စပ်ဒေသတွေကို ရောက်လာခဲ့ပြီး ABSDF မှာ ကျွန်မတို့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေဟာ စစ်သင်တန်းနှင့် ဆေးသင်တန်းကို အမျိုးသားတွေနဲ့ အတူတူ တက်ခဲ့ရပြီး ဆေးမှူး ဖြစ်လာခဲ့ပါတယ်။ ဒီလို ကြမ်းတမ်းတဲ့ သင်တန်းတွေကို အမျိုးသားတွေနဲ့ အတူတူ တက်ခဲ့ရပေမယ့် ရှေ့တန်းဆင်းချိန်ရောက်လို့ ဆင့်ခွင့်ရတဲ့သူတွေထဲမှာ ကျွန်မတို့ အမျိုးသမီးတွေက အမျိုးသမီး ဖြစ်နေတဲ့အတွက်ကြောင့် ပါဝင်ခွင့် ချက်ချင်းမရခဲ့ပါဘူး။ တပ်ဖွဲ့ဝင် အမျိုးသမီးတွေ ရှေ့တန်းဆင်းခွင့်ရဖို့အတွက် တပ်ရင်းမှူးနှင့် စခန်းကော်မီတီဆီမှာ ကျွန်မတို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ရှေ့တန်းဆိုတာ အန္တရယ်များလှကြောင်း အကြောင်းအမျိုးမျိုးပြပြီး အကြိမ်ကြိမ် ငြင်းဆိုခံခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ အမျိုးမျိုး ဆန္ဒြပတောင်းဆိုမှုကြောင့် နောက်ဆုံးမှာတော့ စခန်းကော်မီတီက ABSDF ဗဟို ဒုတိယအကြိမ် ညီလာခံသက်တမ်းမှာ အမျိုးသားတွေနဲ့ အတူတူတက်ခဲ့ရတဲ့ စစ်သင်တန်းထက် ပိုပြီးကြမ်းတဲ့ သင်တန်းတခုကို သီးသန့်ထပ်ပေးခဲ့ပါတယ်။ အဲဒီသင်တန်းကို ပြီးအောင်တက်နိုင်တဲ့ ကျွန်မတို့ကို ရှေ့တန်းဆင်းခွင့်ပြုခဲ့လို့ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရတယ်။ ကျွန်မကတော့ အလုပ်တခုကို လုပ်ဖို့ သင့်တော်မတော်ဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အမျိုးသမီးဖြစ်နေခြင်း အမျိုးသားဖြစ်နေခြင်း ဆိုတာထက် ဘယ်လောက်ထိ စွမ်းဆောင်မှုရှိတယ်ဆိုတဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်ပြီး ဆုံးဖြတ်သင့်တယ်လို့ ထင်တယ်။

ကျွန်မတို့ တပ်ရင်းမှာ မိန်းကလေးတွေ ရှေ့တန်းဆင်းခွင့် ရပြီးနောက်ပိုင်း ၁၉၉၀-၉၃ အထိ ကာလတွေမှာ ကျွန်မရဲ့အချိန်တွေကို ရှေ့တန်းမှာပဲ ကုန်ဆုံးစေတာ များပါတယ်။ ကျွန်မတို့ တပ်ရင်းမှာ အမျိုးသမီးတွေ ပါတဲ့ စစ်ကြောင်းဟာ တချို့ ABSDF တပ်ရင်းတွေမှာလို စည်းရုံးရေး စစ်ကြောင်းသက်သက် မဟုတ်ပါဘူး။ တိုက်ခိုက်ရေး တပ်တွေနဲ့အတူ သွားရတဲ့ စစ်ကြောင်းတွေမှာလည်း လိုက်ပါခွင့်ရခဲ့ပါတယ်။ ရှေ့တန်းအတွေ့အကြုံတွေကို ပြန်တွေးမိရင် ရှေ့တန်းဒေသတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ပါဝင် တိုက်ပွဲဝင်နိုင်တယ် ဆိုတာကို ပြသခွင့် ရခဲ့လို့ ကျွန်မတို့ကို ဒီလို စစ်ကြောင်းတွေမှာ လိုက်ပါခွင့်ပြုတဲ့ တချိန်က ရှေ့တန်းမှာ တာဝန်ယူခဲ့တဲ့ ကျဆုံးသွားလေသူ တပ်မှူးများနှင့် ယခုအထိ အသက်ရှိထင်ရှား ရှိနေဆဲဖြစ်ပြီး နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ အဲဒီတုန်းက တပ်မှူးတွေကို အထူးပဲ ကျေးဇူးတင်မိပါတယ်။

ပြောက်ကျားတပ်တွေရဲ့ ရှေ့တန်းဒေသဆိုတာဟာ တပ်ကုန်းတကုန်းကို သိမ်းသည်ဖြစ်စေ၊ ရန်သူနဲ့ နီးတဲ့ရွာတရွာကို ရုတ်တရက်ဝင်ရောက်သည် ဖြစ်စေ ရွာတွေကိုဝင်ဖြစ်ရင် ပါလာတဲ့စာရွက်စာတမ်းတွေဖြန့် ရွာသားတွေကို ဆေးဝါးကုသပေးဖို့ လိုရင်ပေးပြီး ရန်သူလာရင် ရုတ်တရက် ရှောင်ထွက်လိုက်နဲ့ ဆိုတော့ ကိုယ်လိုက်တဲ့အလှည့်ဆို သူပြေး၊ သူလိုက်တဲ့အလှည့်ဆို ကိုယ်ပြေးနဲ့ တလှည့်စီ လိုက်တမ်းပြေးတမ်း ကစားသလိုပဲ ရင်ဆိုင်ရတာ များပါတယ်။ တပ်ကုန်းတကုန်းကို သိမ်းမိပြီးရင်တော့ ရန်သူက အလုံးအရင်းနဲ့ ပြန်မလိုက်လာသေးသရွေ့တော့ အဲဒီအနီးနား တ၀ိုက်ရွာတွေမှာ ကျွန်မတို့တပ်တွေက ကိုယ့်အိမ်ကိုယ့်ယာလို အချိန်အတိုင်းအတာ တခုထိ ၀င်ထွက်သွားလာ နေထိုင်ကြပြီး ရန်သူ အလုံးအရင်းနဲ့ ချီလာပြီဆိုရင်တော့ ရွာနာမှာစိုးလို့ ရှောင်ပေးလိုက်တာက ပိုများပါတယ်။ တိုက်ပွဲကို ရွာထဲမှာ တော်တော်နဲ့ ပေးမဖြစ်လိုဘူး။ ဖြစ်ခဲ့ဖူးတဲ့ တိုက်ပွဲတွေမှာ နိုင်တဲ့တိုက်ပွဲတွေ ရှိသလို ရှုံးတဲ့တိုက်ပွဲတွေလည်း ကြုံခဲ့ရပါတယ်။

ကျွန်မရဲ့ ရှေ့တန်းမှာ ပထမဦးဆုံး ရင်ဆိုင်ဖူးတဲ့ တိုက်ပွဲကတော့ မမျှော်လင့်ပဲ ကြုံရတဲ့ တိုက်ပွဲတခုပါ။ ဒီတိုက်ပွဲကို ကျွန်မဘယ်တော့မှလည်း မေ့မှာမဟုတ်ပါဘူး။ အဲဒီနေ့ မနက်မှာ ကျွန်မတို့တပ်တွေ အချိန်အတော်အကြာက ထိုးဖေါက်ဝင်ရောက်နေထိုင်တဲ့ ရွာတရွာက လက်ဘက်ရည်ဆိုင် တဆိုင်မှာ ရောက်နေကြတယ်။ ရွာက အိမ်ခြေ ၄၀၀ ခန့်ရှိပြီး တရွာလုံးကို အုန်းပင်တွေနဲ့ ဖုံးလွှမ်းထားတော့ အဝေးကကြည့်ရင် ရွာလို့မထင်ရပဲ အုန်းခြံတခုလို့ ထင်ရပါတယ်။ ဒီရွာမှာ မနက်စာ စားပြီရင် ကျွန်မတို့တပ်တွေက မြို့နဲ့ ပိုနီးတဲ့ တခြားရွာတရွာကို သွားဖို့ ပြင်နေကြပါတယ်။ ကျွန်မတို့ တပ်ရင်းမှာ တပ်ခွဲ (၃) ခွဲနှင့် ပင်လယ်ပြင်လှုပ်ရှားအဖွဲ့ ဆိုပြီး လှုပ်ရှားတပ်ဖွဲ့ ၄ ခု ရှိတဲ့အနက် ဒီဒေသမှာ လှုပ်ရှားတဲ့ တပ်ခွဲက ခွဲ (၁) ဖြစ်ပြီး ကျွန်မတို့ တပ်ရင်းက တခြားဒေသမှာ လှုပ်ရှားတဲ့ တပ်ခွဲတခွဲကလည်း ခဏအရောက်နေတဲ့ အချိန်ဆိုတော့ တပ်ခွဲနှစ်ခွဲ ဆုံတဲ့အချိန်လည်း ဖြစ်တယ်။ 

ပင်လယ်ပြင် လှုပ်ရှားဖွဲ့ကလည်း ဒီတပ်ခွဲနယ်မြေကို ဖြတ်သန်းပြီးမှ သူတို့လှုပ်ရှားတဲ့ နရာကို ရောက်တယ်ဆိုတော့ တပ်ခွဲ (၁) ဟာ ကျွန်မတို့ တပ်ရင်းရဲ့ အဓိက အမာခံနယ်မြေလို ဖြစ်နေပါတယ်။ အဲဒီနေ့က ဒေသခံဖြစ်တဲ့ ရွာသားတွေကလည်း ရောက်နေတဲ့ ဧည့်သည်တပ်ခွဲကို လိုနေသးမရှိအောင် ပြုစုတာ ကျွန်မတို့ ဒေသခံတပ်ခွဲ (၁) က ရဲဘော်ရဲမေတွေအတွက် ဂုဏ်ယူစရာ ကောင်းလှပါတယ်။ ကျွန်မတို့ကတော့ ဌာနဆိုင်ရာ ၀န်ထမ်းဆိုတော့ တပ်ခွဲအတိအကျ မရှိပေမယ့် လက်ရှိ ကိုယ်ကျတဲ့ တပ်ခွဲကို ကိုယ့်တပ်ခွဲလို့ သဘောထားပြီး ဂုဏ်ယူတဲ့အထဲမှာ ပါပါတယ်။ ကျွန်မကိုယ်တိုင် အပါအ၀င် ခွဲ (၁) ရဲဘော်တွေက မိမိတို့စည်းရုံးထားတဲ့ ဒေသဟာ မြို့နဲ့ ကပ်နေပြီ ဖြစ်ပြီး အဲဒီဒေသက ပြည်သူတွေရဲ့ တော်လှန်ရေးတပ်တွေအပေါ် သဘောထား ဘယ်လိုရှိတယ်ဆိုတာကိုလည်း ပြသဖို့ တက်ကြွနေတဲ့ အချိန်ဖြစ်တယ်။

တပ်ရင်းတရင်းတည်းက တပ်တွေ ဖြစ်ပေမယ့် ဧည့်သည်တပ်ခွဲက မိန်းကလေးတပ်ဖွဲ့ဝင် လက်မခံတဲ့ တပ်ခွဲမို့ သူတို့တပ်မှာ ရဲမေမရှိပါဘူး။ ကျွန်မတို့က ခွဲ (၁) မှာတော့ ကျွန်မနဲ့ တခြားဆေးမှူးရဲမေတဦး ပြီးတော့ ဆက်သွယ်ရေးနဲ့ စည်းရုံးရေးကရဲမေ တဦးစီပါတယ်ဆိုတော့ ကျွန်မတို့ တပ်ခွဲက စစ်ကြောင်းမှာ ရဲမေ ၄ ဦးပါပါတယ်။ ဒီလိုပဲ လက်ဘက်ရည်ဆိုင်ထဲမှာ လက်ဘက်ရည်သောက်ရင်း အဲဒီရွာကို သွားလို့ လမ်းမှာ တကယ်လို့များ စစ်တပ်နဲ့ ဆုံပြီး တိုက်ပွဲဖြစ်ရင် နင်တို့ ကြောက်နေမည့် ပုံကို မြင်ယောင်သေးတယ်လို့ ဧည့်သည်တပ်ခွဲက ရဲဘော်တွေက ကျွန်မတို့ကို လိုက်စနေကြတယ်။ ကျွန်မတို့ မိန်းကလေးတွေက ရုံးအဖွဲ့မှာပဲ အမြဲလိုက်ရတော့ တပ်ခွဲမှူးနဲ့အတူ အမြဲရှိပါတယ်။

 တိုက်ခိုက်ရေးပိုင်းကို ဒုခွဲမှူးဦးဆောင်တဲ့ တပ်စုက တာဝန်ယူတာများပြီး အဓိက အရှေ့ကသွားတဲ့ အဖွဲ့မှာပဲ နေပါတယ်။ အဲဒီလို စကားပြောရင်း လက်ဘက်ရည် သောက်နေဆဲမှာ ရွာသားတယောက်က ဘုန်းကြီးကျောင်းကုန်းမှာ စစ်သားတွေရောက်နေတာ သူတွေ့လာတယ်လို့ လာပြီး သတင်းပေးပါတယ်။ အဲဒီအချိန်မှာ အကုန်လုံးက အံ့သြပြီးတော့ ဘုန်းကြီးကျောင်းနဲ့ နီးတဲ့အပိုင်းမှာ ဧည့်သည်တပ်ခွဲက တပ်စုတစု ရှိတယ်ဆိုတော့ ရွာမှာ တွေ့နေကျ တပ်မဟုတ်လို့ အဲဒီတပ်ကိုပဲ စစ်တပ်ထင်ပြီး သတင်းလာ ပေးတာလားလို့ ဟုတ်ကောဟုတ်ရဲ့လားလို့ ပြန်မေးကြည့်တော့ စစ်တပ်နဲ့ ကျောင်းသားတပ်ကို သူကောင်းကောင်းခွဲတတ်ပါတယ် သေချာပါတယ်လို့ ရွာသားက ပြောပါတယ်။

အဲဒီတော့ ကျွန်မတို့ တပ်ခွဲမှူးက ချက်ချင်းပဲ အဆင်သင့်လုပ်ပြီး နေရာယူဖို့ ပြောတော့ ကျွန်မတို့လည်း ဆိုင်ထဲကထွက်ပြီး အနီးနားက အုန်းပင်တွေနားမှာ အသီးသီး နေရာယူနေကြပါတယ်။ တပ်ခွဲနှစ်ခွဲမှာ ရှိတဲ့ တပ်စုတွေကလည်း တပ်စိတ်အလိုက် အသီးသီး နေရာဖြန့်ယူကြပါတယ်။ ရွာသားတွေကလည်း တူးထားတဲ့ ကတုတ်ကျင်းတွေထဲနဲ့ အုန်းပင်တွေနောက်မှာ နေရာယူနေကြပါတယ်။ များမကြာမီမှာပဲ ရန်သူဘက်က စပစ်တဲ့အသံတွေကြားရပြီး ကျွန်မတို့ဘက်က ပြန်ပစ်တဲ့အသံတွေ၊ နှစ်ဘက်စလုံးကပစ်တဲ့ လက်နက်ကြီး လက်နက်ငယ်အသံစုံ ထွက်ပေါ်လာပြီး တရွာလုံး ဗုံးပေါက်ကွဲသလို ဆူညံသွားတယ်။ 

တပ်ခွဲမှူးကလည်း စက်တလုံးနဲ့ အလုပ်ရှုပ်နေပါတယ်။ ရန်သူက ရွာလမ်းတွေအတိုင်းမလာပဲ တောထဲက တောင်ပတ်ပြီးလာတော့ ရွာသားတွေ မတွေ့ရလို့ ကျွန်မတို့ အသိနောက်ကျသွားတာ ဖြစ်တယ်။ ခါတိုင်းဆိုရင် သုံးလေးရွာကျော်လောက် ရောက်နေပြီဆိုရင်တောင် ရွာသားတွေက ဆိုင်ကယ်နဲ့ ပြေးပြီး သတင်းလာပို့နေကျမို့ အဲဒီလောက်ထိ ပြန်တိုက်ဖို့ ဒါမှမဟုတ် ရှောင်ပေးဖို့ ပြင်ဆင်ချိန်ရပါတယ်။ အခုတော့ ရောက်ရောက်ချင်း ရွာရဲ့ အမြင့်ဆုံး တောင်ကုန်းဖြစ်တဲ့ ဘုန်းကြီးကျောင်ကုန်းကို စစ်တပ်ရ နေရာယူလိုက်နိုင်တော့ သူတို့က မြေမျက်နှာပြင်အရ အပေါ်စီးမှာ ရသွားပြီး ကျွန်မတို့တပ်တွေက မြေနိမ့်ပိုင်းက ပြန်ခုခံနေရတာ ဖြစ်တယ်။

ခဏကြာတော့ ကျွန်မတို့ဘက်က ၃ ယောက် ဒါဏ်ရာရနေပြီလို့ တပ်ခွဲမှူးက ပြောတော့ ဘယ်သူ၊ ဘယ်မှာထိလဲ ဘယ်လောက်ပြင်းထန်လဲ မေးပြီး အရေးပေါ်ဆေးတွေ ပြင်ဖို့လုပ်နေတဲ့အချိန်မှာ အချိန်မရဘူး ဟိုဘက်ရွာကို ဆုတ်မှ ဖြစ်မယ် လူနာကို ဟိုဘက်ရွာမှာ စောာင့်မယ်လို့ တပ်ခွဲမှူးက ပြောတော့ ကျွန်မတို့ ဒီရွာက စဆုတ်ပြီး မိုင်တ၀က်ခန့်ဝေးတဲ့ ဟိုဘက်ရွာကို ထွက်ခွာလာခဲ့ပြီး လူနာကို သယ်လာမည့် တပ်စုကို အိမ်တအိမ်မှာ အသင့်ပြင်ပြီး စောင့်ပါတယ်။ ရွာသားတွေကလည်း ဆေးထိုးဖို့ ရေနွေးကျိုပေး လူနာသောက်ဖို့ အုန်းသီးနုရည်တွေ အဆင်သင့်ပြင်ထားပေးပါတယ်။ ကျွန်မတို့ အမျိုးသမီးဆေးမှူးတွေ ရှိနေတော့ ရုံးဖွဲ့မှာ အမျိုးသား ဆေးမှူးမရှိပဲ ကျွန်မတို့ အမျိုးသမီးဆေးမှူးနှစ်ယောက်ပဲ တာဝန်ယူရပါတယ်။

 ခဏကြာတော့ လူနာနှစ်ယောက်ကို ရဲဘော် နှစ်ဦးစီက ပုခက်နဲ့ထမ်းလာပါတယ်။ ကြည့်လိုက်တော့ တယောက်က ခြေတောက်မှာ ထိပြီး နေ့ဘက်မို့ သွေးထွက်များတာကလွဲပြီး သွေးတိတ်အောင် လုပ်နိုင်ရင် စိုးရိမ်စရာ မရှိနိုင်ပဲ တခြားတယောက်က လက်မောင်းနဲ့ ရင်ဘတ်မှာ ရှပ်ထိသွားလို့ ခြေတောက်ထိတဲ့တယောက်ထက် နည်းနည်း စိုးရိမ်ရပေမယ့် အသက်အန္တရယ် စိုးရိမ်ရတဲ့အထိ မဖြစ်ခဲ့ပါဘူး။ နှစ်ယောက်စလုံးကတော့ အနာဆေးတဲ့အချိန်မှာ ယမ်းအရှိန်နဲ့ အထိမခံနိင်လောက်အောင် နာကျင်လို့ ” မိဝေး- မိဝေး” ( အမေရေ- အမေရေ) လို့ ရွှေရွတ်နေကြပါတယ်။ သူတို့နှစ်ယောက်ကို အနာဆေးထည့်ပေးပြီး နာကျင်သက်သာတဲ့ ဆေးတွေထိုးပေးကာ ရွာသားပေးတဲ့ အုန်းသီးနုရည်တွေ တိုက်လိုက်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်။ တယောက်က မသောက်နိုင်လို့ Drip သွင်းထားပေးထားလိုက်တယ်။

သူတို့နှစ်ယောက်ကို အဆင်ပြေသလို လုပ်ပေးခဲ့ပြီးတဲ့အချိန်ထိ နောက်တယောက်က မရောက်လာသေးပဲ တိုက်ပွဲက ဆက်လက်ဖြစ်နေဆဲ ရန်သူပစ်တဲ့ G3, G4 အသံတွေ ကျွန်မတို့ ဘက်က ပစ်တဲ့ AK နဲ့ ၁၆ အသံတွေ ကြားနေရဆဲပဲ ဖြစ်တယ်။ ကျွန်မတို့ဟာ လူနာသုံးယောက် ထိတယ်ဆိုတာပဲ သိရပြီး တပ်ခွဲမှူးက ကြိုမပြောပြလို့ ဘယ်သူဆိုတာ ရောက်လာမှပဲ သိရတယ်။ နောက်တယောက်က ဘယ်သူဖြစ်မလဲမသိဘူးလို့ စဉ်းစားနေရင်း တအောင့်နေတော့ လူနာရောက်ပြီဆိုလို့ ကြည့်လိုက်တာ လူထမ်းလာတာ မဟုတ်ပဲ နွားလှည်းနဲ့ တင်ပြီးတော့ ရောက်လာပါတယ်။ တပ်စုက ဆေးမှူးကိုသွေးတွေ တကိုယ်လုံးပေပြီး လှည်းထဲမှာ ထိုင်လျက်လိုက်လာတာတွေ့တော့ ဆေးမှူးကိုယ်တိုင် ဒါဏ်ရာရလာတာကိုး ဆိုပြီး ကြည့်လိုက်တော့ ဒါဏ်ရာရသူက ဆေးမှူးမဟုတ်ပဲ တိုက်ပွဲမဖြစ်ခင်က ကျွန်မတို့ကို တိုက်ပွဲဖြစ်ရင် နင်တို့ကြောက်နေတဲ့ပုံကို မြင်ယောင်နေတယ်လို့ လိုက်စနေတဲ့ ရဲဘော် “ ဖိုးဇော်” ကို တကိုယ်လုံး သွေးတွေပေကျံနေပြီး အရင်ရောက်လာတဲ့ လူနာရဲဘော်နှစ်ယောက်လို မိဝေး လည်းမအော် နာတယ်လည်းမပြောနိုင်ပဲ မလှုပ်မယှက်နဲ့ လှည်းပေါ်မှာ ပုံလျက်သတိလစ်နေတာ တွေ့ရတော့ ကျွန်မတို့ စိတ်ထဲမှာ တကယ်ပဲ ထိတ်ကနဲ ဖြစ်သွားခဲ့ပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။ (ဆက်ရန်ကို ဤနေရာမှာ ဖတ်နိုင်ပါသည်)

Alternative Asean network on Burma မှ ၂၀၀၃ ခုနှစ်တွင် အင်္ဂလိပ်လိုနဲ့ ထုတ်ဝေသည့် Burma Women Voices Together မှာ ကျွန်မတခြားနာမည်နဲ့ ရေးခဲ့သည့် A Border Incident ကို ခေါင်းစဉ်ပါ ပြောင်းပြီး ပြန်လည် ပြင်ဆင်ရေးသား ထားပါသည်။


20 comments:

မငယ်ရေ
ဒါတွေဟာ တစ်ချိန်ကျရင် သမိုင်းမှတ်တမ်းတွေပါ
အမတို့  အခုလို ရင်ဆိုင်ခဲ့ရတာတွေကို ပြန်လည်ရေးပြတာ အရမ်းစိတ်ဝင်စားဖို့  ကောင်းပါတယ်
နောက်ပိုင်း ပိုစ့်တွေကိုလည်း မျှော်နေမယ်

မငယ်
ဘုန်းနိမ့်တယ်ဆိုတာ ထဘီဝတ်လို့လား၊ ဒါဆို ပုဆိုးဝတ်ရင် ဘုန်းမြင့်ပြီပေါ့။

ဖတ်ရင်းနဲ့တောင် ရင်တွေတုန်လာတယ် အစ်မက တကယ်သတ္တိရှိတာပဲ.. တကယ်ပြောရရင် ညီမလေးလဲ တိုက်ပွဲတွေထဲ လိုက်ကြည့်ချင်တယ်..ကိုယ်တိုင်လဲ ၀င်ပစ်ချင်တယ်..စောင့်ဖတ်နေတယ် နော် အစ်မ

အဲလို ဟုတ်ပါဘူးဗျာ။

ပို့စ်က နည်းနည်းရှည်နေလို့ နှစ်ခုခွဲတင်လိုက်တာပါ Andrew အခန်းဆက်မဟုတ်ပါဘူး။

အိအိချောရေ ဘုန်းနှိမ့်တယ်လို့ သတ်မှတ်တာ အ၀တ်အစားနဲ့တော့ ဆိုင်မယ်မထင်ဘူး မိန်းမဖြစ်နေလို့ ဆိုတဲ့ အစွမ်းအလမ်းပဲ ဖြစ်ပါလိမ့်မယ်။ ဘုရားရှင်လက်ထက်ကတောင် အမျိုးသမီးတွေကိုယ်တိုင် ချက်ပြုတ်ပြီး အမျိုးသမီးတွေကိုယ်တိုင် ဘုရားကို ဆွမ်းကပ်တာ ရှိခဲ့ပေမယ့် အခု မြန်မာပြည်မှာ သက်တော်ထင်ရှားဘုရားကို ရည်စူးပြီးကိုးကွယ်နေတဲ့ စေတီဆင်တချို့ကို မိန်းမတွေကို အထဲဝင်ပေးမဖူးတာ ဘုန်းနှိပ့်တယ်ဆိုတဲ့ အယူအဆကြောင့်ပဲ မဟုတ်လား။

မဆုမွန်ရေ အစ်မရှေ့တန်းမှာ ဆေးပဲကုပါတယ် သေနတ်မပစ်ဘူး။ ပစ်ချင်စိတ်လည်း မရှိခဲ့ဘူး။ သေနတ်ဆိုတာ ကာကွယ်ဖို့အတွက်ပဲ ထားပါတယ်။ ဆေးမှူးသယ်ရတဲ့ ဆေးပစ္စည်းပေါင်းစုံက တိုက်ခိုက်ရေး ရဲဘော်တွေ သယ်ရတဲ့ ကျည်ဆံတွေထက် ပိုများတော့ သေနတ်သိပ်မလိုချင်တာ အမှန်ပဲ။ ဒါကြောင့်မို့ လူသစ်တွေ ၀င်လာရင် ကိုင်ထားတဲ့ သေနတ်ကို ပေးကိုင်လိုက်တာပဲ များပါတယ်။

စခန်းချတဲ့ အချိန်မှာ ခွဲမှူးတွေက ကင်းရှည် ထုတ် မထားဘူးလားဗျာ...
ခုကျတော့ ရင်ဆိုင်တိုက်ပွဲနဲ့ ကြုံရတော့ လက်ဦးမှုမယ့်သွားတာပေါ့...

ပြီးတော့ ထွက်ပြေးတယ်ဆိုတဲ့ အသုံးကို မသုံးစေချင်ဘူးဗျာ... တကယ်က ထွက်ပြေးတာမှ မဟုတ်တာ...
ဘာလို့လည်းဆိုတော့ စစ်သဘောအရ ခံစစ် ခွာစစ် ချီစစ် ဆိုတာရှိတာပဲ ရန်သူလည်း သူ့ မြေ မကောင်းတဲ့အခါ အင်အား ဘယ်လောက်ပါပါ ဆုတ်သွားတာပဲ... စစ်သဘောအရတော့ သည်လိုပဲ လက်ဦးမှုရအောင် ယူနေကြတာပဲ...
နောင် ရေးလတံသော စာတွေမှာ ထွက်ပြေးတယ် ဆိုတဲ့ ဝေါဟာရ မသုံးစေချင်ပါ... ဖတ်သူ နားလည်မှု လွဲသွားနိုင်ပါတယ်... ကျောင်းသားတပ်တွေက ထွက်မပြေးဘူးဆိုတာ တိုက်ပွဲပေါင်းများစွာ သက်သေရှိပါတယ်...

ဒီလိုအကြောင်းအရာလေးတွေဟာ တချိန်ကြရင် အဖိုးတန် သမိုင်းဝင်တွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် အမငယ်ရေ။အားပေးလျှက်........

ကင်းချတာနဲ့ ပတ်သက်ပြီး ကိုအောင်သာငယ် ပြောတာ ကျွန်မသဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီရွာက ဒီအနီးအနားပတ်ဝန်းကျင်က တပ်ကုန်းတွေကို ကျွန်မတို့ တပ်တွေ သိမ်းပြီးနောက်ပိုင်း ကျွန်မတို့ ကိုယ့်အိမ်ကိုယ့်ယာလို အကြာကြီးနေနေတဲ့ရွာ သိပ်ပြီးစိတ်ချရတော့ တခါတလေ ကင်းတွေဘာတွေတောင် စနစ်တကျ ချတာသိပ်မရှိလိုဘူ။ စစ်တပ်ကလည်း တခါတခါ အလုံးအရင်းနဲ့ လာတဲ့ပေမယ့် နယ်မြေကို အကြာကြီး မထိန်းထားနိုင်ခဲ့လို့ ပြန်သွားတာပဲ များပါတယ်။ ကင်းပေါ့တာကတော့ အားနည်းချက်တခုပေါ့။ အဲလိုအခြေအနေမှာ ရန်သူက ကိုယ့်အားနည်းချက်ကို သိပြီး ပြောက်ကျားဝင်လာလို့ ကျွန်မတို့ ခံလိုက်ရတာ ဖြစ်တယ်။ ရန်သူက ပြောက်ကျားမလာပဲ ရိုးရိုးလာရင် အနည်းဆုံး ၁၀ မိုင်လောက် ဝေးတဲ့နေရာမှာ ရန်သူရောက်နေတယ်ဆိုရင်တောင် လူဦးရေဘယ်လောက်နဲ့ ဘယ်နေရာ ဘယ်ကိုဦးတည်နေတယ်ဆိုတာ အဆင့်ဆင့် သတင်းပေးသမားက ရှိပါတယ်။ ရွာသားတွေက သိပ်အားကိုးရပါတယ်။ တခါတလေ စစ်ကြောင်းထွက်ရင် တပ်မှာလူနာရှိနေလို့ ကျွန်တို့ ရဲမေတွေနဲ့ လူနာတွေကို ရွာမှာ ခဏအပ်ထားခဲ့ရင်တောင် ကျွန်မတို့ကို တာဝန်ယူစောင့်ရှောက်ပေးတာမျိုး ရှိပါတယ်။ ဒီတော့ ဒီအထိ ပိုနေတဲ့ ရွာကို ဒီလို ရုတ်တရက်ေ၇ာက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားဘူး။

နောက်တခုက ထွက်ပြေးတယ်ဆိုတဲ့ နေရာမှာ ရန်သူကိုယ့်ဘက်ကို ဦးတည်လာနေတယ်လို့ သတင်းကြားရင် တိုက်ပွဲဖြစ်ရင် ရွာနာမှာစိုးလို့ ထွက်ပေးလိုက်ရတာ ရှိတယ် ဒါကထွက်ပေးတာ။ ဒါပေမယ့် ကျွန်မတို့ဘက်က ကင်းသမားပေါ့လျှော့ပြီး အခုတိုက်ပွဲလို ရန်သူရုတ်တရက် ပြောက်ကျားလာပစ်ရင် တကယ်ပဲ ဖိနပ်တွေဘာတွေ မပါပဲတောင် ထွက်ပြေးရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို ဒီထဲမှာ ရေးထားတမပါဘူး။ ကိုအောင်သာငယ်ပြောတဲ့ ထွက်ပြေးရတယ်ဆိုတာ ဘယ်အပိုဒ်မှာ ပြောထားတာကို ဆိုလိုချင်လဲမသိပါဘူး။ အခုဒီတိုက်ပွဲမှာ ဆုတ်လာတာကို ဆိုလိုတာလားမသိဘူး။ အတိအကျ သိရင် အသုံးအနှုံးလွဲနေရင် နောက်ပို့စ်မဟုတ်ဘူး အခုလည်းပြင်လိုက်လို့ ရပါတယ်။ ကိုအောင်သာငယ် ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပြေးခဲ့ဖူးတာတော့အမှန်ပဲ။

... ကိုယ်လိုက်တဲ့အလှည့်ဆို သူပြေး၊ သူလိုက်တဲ့အလှည့်ဆို ကိုယ်ပြေးနဲ့ ....

အဲသည်အပိုဒ်ကို ပြောတာပါ...

ရုတ်တရက် ထိတွေ့မှုဖြစ်လို့ ပြေးရတာမျိုးကို မဆိုလိုပါဘူး... ဒါမျိုးကတော့ စစ်တိုက်နေတဲ့ လူတိုင်း တချိန်မဟုတ် တချိန်တော့ ကြုံရတတ်တာပဲလေ...

ကျနော် ဆိုလိုတာက စစ်သဘောမှာ တကယ်တော့ ရန်သူကလည်း လက်ဦးမှုရအောင် အမြဲကြိုးစားနေတာပဲလေ.... သည်လိုနဲ့ အလစ်အငိုက် မျိုးစုံရအောင်ယူရင်း စစ်ကစားနေကြတာ... များသောအားဖြင့်ကတော့ ရင်ဆိုင်မယ် ရှောင်ထွက်မယ် ဆိုတာ စစ်ကြောင်းမှူးတွေရဲ့ ဆုံးဖြတ်ချက်ပဲလေ... ဒါပေမယ့် ရှောင်ထွက်တာက ပြေးတာတော့ မဟုတ်ဘူးလေ... တော်ကြာ ပြေးတယ်ဆိုတဲ့ စကားက အရပ်သုံး အဓိပ္ပါယ်မှာက တမျိုးဖြစ်တယ်လေ... ဖတ်တဲ့သူတွေက ကြောက်လို့ ပြေးနေတယ် ထင်သွားမှာ စိုးလို့ပါ...

မငယ်နိုင်ရေ ကျမ တို့ မသိနိုင်တဲ့တော်လှန်ရေးအကြောင်း ရှုဒေါင့် တခု ကနေဖတ်ရလို့ စိတ်ဝင်စား ရသလို ၀မ်းလဲ ၀မ်းသာ မိတယ် ကျေးဇူးလဲ တင်တယ်
သူပုန်ဘ၀ ဆိုတာ လူတိုင်း မရနိုင်သလို
သာမန်လူတွေ အတွက် လဲ ခက်ခဲ လွန်းလှတဲ့ဘ၀ တခုပါ
လူတိုင်း လုပ်နိုင်ခဲတဲ့ အလုပ် တခု ပါပဲ

လေးစား မိပါတယ်

ဒါပေမဲ့ မြန်မာ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ မငယ်နိုင်ရဲ့ အမြင်လေးကို နဲနဲ လောက် ဆွေးနွေးချင်လို့ပါ
ကျမတို့ မြန်မာလူမျိုး အများစုရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေအရ အမျိုးသမီးတွေကို ဘုန်းနိမ့်သူ အဖြစ် မြင်ကြတယ် ဆိုတာ မှန်ပေမဲ့
ကမ္ဘာပေါ် က တခြား နိုင်ငံ အများစုနဲ့ နှိုင်းစာရင် ကျမတို့ နိုင်ငံက တော်ပါသေးတယ်
အချို့နေရာတွေ မှာ အပုံကြီး သာပါသေးတယ်

လွတ်လပ်ခွင့်တွေ အများကြီး ရနေသေးတယ်လေ

ဖတ်လို့ကောင်းတယ်ဗျ။ မှတ်တမ်းလေးတွေ ရေးပေးတော့ ဗဟုသုတ တိုးတာပေါ့။

ဖတ်ပြီးမှတ်ချက်ပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဂျေဂျူပိုင်က အဲလိုမဟုတ်ဘူးဆိုတာ ဘာကိုပြောတာလဲမသိဘူး။

ကိုချမ်းလင်းနေ-ကျွန်မအတွက်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒါဟာ တန်ဖိုးရှိတဲ့ ဘ၀အတွေ့အကြုံပါပဲ။

ကိုအောင်သာငယ်ရေ ”သူလိုက်တဲ့အလှည့်ဆိုကိုယ်ပြေး ကိုယ်လိုက်တဲ့အလှည့်ဆို သူပြေး” ဆိုတာနဲ့ ပတ်သက်ပြီး ပြောက်ကျားစစ်မှာ အလိုက်ရှိသလို အပြေးလည်းရှိတဲ့အတွက် ဒါကိုတော့ ဘယ်သူမှ ငြင်းလို့ ရမယ်မထင်ပါဘူး။ ကိုယ်ပြေးရတယ်လို့ သိက္ခာကျစရာ အဖြစ်လည်း မြင်စရာ မရှိသလို စာဖတ်သူများအနေနဲ့လည်း မြင်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ပြောက်ကျားစစ်ရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တပ်ကုန်းတကုန်းကို သိမ်းတယ်ဆိုတာ နယ်မြေကို စိုးမိုးဖို့ဆိုတာထက် အဲဒီတပ်က ထန်းသိမ်းထားတဲ့ ဒေသခံနယ်မြေက ပြည်သူလူထုနဲ့ ထိတွေ့ ချင်လို့သာဖြစ်တယ်။ ကျားကွက်ရွှေ့သလို ပြေးလိုက်ရွှေ့လိုက်ကတော့ ရှိနေမှာ သေချာပါတယ်။ ၈၈ ကတောခိုတဲ့သူတွေထဲမှာ မဆလ စစ်တပ်ကနေ ဘက်ပြောင်းလာတဲ့ တပ်ဖွဲ့ဝင်တွေကလွဲရင် စစ်ရေးဆိုတာ အပြည်တွင်းမှာတုန်းက ကြိုသိနေသူ တယောက်မှ မရှိပါဘူး။ တောထဲရောက်မှသာ သေနက္ကဗျူဟာ ထိုးစစ်တို့ ခံစစ်တို့ဆိုတာကို အမြင့်ဆုံးတာဝန်ကို ယူထားတဲ့ ဗဟို ဥက္ကဌ ဦးထွန်းအောင်ကျော်တို့ကနေ တပ်ရင်းမှူးလုပ်ခဲ့တဲ့ ကိုအောင်သာငယ်တို့လို တပ်မှူးတွေနဲ့ ကျွန်မတို့လို အောက်ခြေရဲဘော်အထိ အားလုံး အတူတူ ၁- ကစပြီး လေ့လာခဲ့ရ သူတွေချည်းပါပဲ။ သူကတပ်ရင်းမှူးမို့၊ သူက ဥက္ကဌမို့ ကြိုပြီးသိနေသူ တယောက်မှ မရှိခဲ့ပါဘူး။ တောထဲရောက်ပြီးမှ စိတ်ဝင်စားမှုအရ အားသန်တဲ့ နေရာတွေအပေါ် ပိုပြီးလေ့လာမူ အရသာ အသိအနည်းအများဆိုတာ ကွာခြားသွားတာပဲ ရှိနိုင်ပါတယ်။ ရှေ့တန်းဆင်းခွင့်ရဖို့ တပ်ရင်းမှာ အကြိမ်အကြိမ် တိုက်ပွဲဝင်ခဲ့ရတဲ့ ကျွန်မတို့အနေနဲ့ စစ်ရေးကို တက်ခဲ့တဲ့ သင်တန်းအပြင် မိမိစိတ်ဝင်စားမှုအရလည်း လေ့လာခဲ့ပါတယ်။ ပြောက်ကျားတပ်တိုင်းဟာ ပစ်ပြီးရင် ပြေးတာပါပဲ။ ဒါကြောင့်မို့ ပြောက်ကျားလှုပ်ရှားသူတွေအတွက် လိုက်တမ်းပြေးတမ်း ကစားတာနဲ့ ဥပမာပေးတာဟာ ဘာမှ မထူးဆန်းသလို တပ်အတွက်လည်း သိက္ခကျနိုင်စရာ မရှိနိုင်ဘူးလို့ ကျွန်မယူဆပါတယ်။ ထွက်ပြေးရတယ် ဆိုတဲ့အသုံးအနှုံးကိုတော့ ကိုအောင်သာငယ် ပြောတာကို လက်ခံလို့ ရှောင်ပေးရတယ်ဆိုတာနဲ့ ကျွန်မ ပြင်လိုက်ပါတယ်။ ဒါဆိုရင်တော့ ကိုအောင်သာငယ် ကျေနပ်မယ်ထင်တယ်။

မမသီရိရေ- မမသီရိတို့လို မြို့ပေါ်မှာကြီးပြင်းတဲ့ ပညာတတ် အသိုင်းအ၀ိုင်းက ပေါက်ဖွားလာတဲ့ အမျိုးသမီး တယောက်ရဲ့ ရှုဒေါင့်ကနေ ပြောရင်တော့ ဟုတ်မှာပေါ့။ ဒါပေမယ့် မြန်မာလူဦးရေ အများစုဖြစ်တဲ့ ကျေးလက်ဒေသက မြန်မာအမျိုးသမီး အများစုကတော့ မမသီရိထင်သလို မဟုတ်ပါဘူး။ ပို့စ်ကို စိတ်ဝင်စားတာ ကျေးဇူးတင်ပါတယ်။ အမျိုးသမီးရေးရာနဲ့ ပတ်သက်ပြီး နောက်ထပ်ဆွေးနွေးစရာတွေ ရှိလာမှာပါ။

နွေဆုးလင်္ကာရေ ဖတ်လို့ကောင်းတယ်ဆိုလို့ တင်ရကျိုးနပ်ပါတယ်။

မင်္ဂလာပါ

နှစ်ခေါက်တောင် လာဖတ်သွားတယ်။ အဓိကက comment ကို ကြည့်ချင်လို့ပါ။

တက်တယ် ဆုတ်တယ် ၊ ပြေးတယ် လိုက်တယ် အဓိပါယ်ကတော့ အတူတူပါပဲ၊ မြန်မာစာကို နယ်စကားနဲ့ ရေးလိုက်တော့ ပြေးတယ် လိုက်တယ် ဖြစ်သွားတယ် ထင်၏။

သေနတ်ကိုင်တဲ့ တပ်ဖွဲ့တိုင်း ကင်းရှည် ကင်းတို ထုတ်ဖြစ်ပါတယ်။ တခါတလေ ကင်းရှည်အဖွဲ့နဲ့ မတိုးပဲ... မိမိ စိုးမိုးနယ်မြေ၊ လုံခြုံရတယ်လို့ ထင်မှတ်နေတဲ့နေရာကို ရန်သူက သတင်းဖျောက်ပြီး ဘွားကနဲ့ ရုတ်တရက် လာပေါ်တတ်တော့ ကမန်းကတန်း ကြုံခဲ့ရတဲ့ အဖြစ်တွေကလည်း ရှိ။ နောက်ပြီး ရန်သူ စစ်ကြောင်းတွေကို ကိုယ်ဖက်က ရဲဘော် တယောက်စ နှစ်ယောက်စ သွားသွားပြီး ချောင်းပစ် ပြန် ပြေး ( ဆုတ် ) လုပ်လေ့ပါတယ်။ စိတ်ဓါတ်ခြောက်ခြားအောင်လို့ ဆိုရမလား။ အချိန်မရွေး သေနတ်ပေါက်နိုင်တယ်ဆိုတဲ့ အထာပေါ့။

နောက်တခုက မငယ်နိုင် ထင်သလိုလဲ ဖြစ်နိုင်ပါတယ်။ ကျားမခွဲခြားတာပေါ့။

ဒါဗေမဲ့ ကျွန်နော် သိသလောက်ဆိုရင် အဲဒီအချိန်တုန်းက ထိုးဖေါက်နေတဲ့ကာလဆိုတော့ တပ်ခွဲမှူးတိုင်းက တာဝန်မယူချင်ကြဘူး။ တခုတော့ ရှိတာပေါ့ တပ်ခွဲ ၂ နတ်အိမ်တောင်လို နယ်စပ်မှာ အေးဆေးနေရတယ်။ ဒီတော့ မိန်းကလေးတွေ လက်ခံတယ်။

အထူးသဖြင့် တပ်ခွဲ ၃ ဆိုရင် ကရင်နယ်မြေနဲ့ ဗကပနယ်မြေ နှစ်ခုကြား၊ နေ့မြင်ညပျောက် လှုပ်ရှားရတယ်လေ။ ကိုယ်ပိုင်နယ်မြေလဲ မရှိဆိုတော့ လက်မခံတာတော့ အမှန်ပဲ။

သေချာတာကတော့ ကျားမ ခွဲခြားတာမဟုတ်ပါဘူး။ အထူးသဖြင့် နောက်တန်းမှာဆို မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် အခွင့်အရေး နည်းနည်းသာသလို ကျွန်နော် မြင်မိပါတယ်။

ဘာဖြစ်ဖြစ်လေ.. အခုလို ရေးတဲ့အတွက် အရင်တုန်းဘ၀တွေကို ပြန်တမ်းတရသွားတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

တကယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများကို ယခုလို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်ဗျာ ... မြန်မာ့လူ့အဖွဲ့အစည်းနဲ့အတူ နိုင်ငံအတော်များများမှာ အမျိုးသမီးတွေကို အားနည်သူလို့ ထင်မှတ်နေတုန်းပါပဲ ယေင်္ကျားနဲ့ မိန်းမတွေ ယှဉ်ပြီး လုပ်နိုင်တဲ့အလုပ်တွေကို တိုးတူဘောင်ဖက် ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင် အမြန်ခရီးရောက်မယ်လို့ ယူဆပါတယ် ...

လူလရေ
အဲဒီတိုက်ပွဲတုန်းက ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူ တယောက်အနေနဲ့ အခုလို လာဆွေးနွေးသွားတာ ကျေးဇူးတင်ပါတယ်။

တက်တယ် ဆုတ်တယ်ပဲ ပြောပြော လိုက်တယ်ပြေးတယ်ပဲ ပြောပြော အဓိပ္ပါယ်က အတူတူပဲ ဆိုတာအပါအ၀င် ပြောသွားတာတွေကို လက်ခံပါတယ်။ တကယ်လည်း ပြေးခဲ့ရတာပဲလေ။ ဒီတရွာတည်းမှာ ဖြစ်ခဲ့တဲ့ နိုင်ခဲ့တဲ့ တိုက်ပွဲအကြောင်းကိုလည်း တနေ့အချိန်ရရင် ရေးဦးမှာပါ။

ကျွန်မဒီပို့စ်ကို ရေးခဲ့တာ လွန်ခဲ့တဲ့ ၁၁ နှစ်ခန့်က ABSDF တပ်ဖွဲ့ဝင်တယောက် အဖြစ်နဲ့ ရှိနေဆဲကာလ ရေးထားတဲ့ စာဖြစ်ပြီး အင်္ဂလိပ်စာအုပ်ထဲက မူရင်းကို အတတ်နိုင်ဆုံး မပျက်အောင် ဘာသာပြန်ထားတော့ မိန်းကလေးတွေကို တပ်ရင်းက ခွဲခြားတယ်ဆိုတာနဲ့ ပတ်သက်ပြီး အခု အသက်အရွယ်မှာ ရှိတဲ့သဘောထားနဲ့ အံဝင်ခွင်ကျ အကုန်လုံး ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက် လိမ့်မယ်ထင်တယ်။ အဲဒီတုန်းက တပ်မှူးတွေရဲ့ ကျွန်မတို့အတွက် စိုးရိမ်မှုကိုလည်း သဘောပေါက်ပါတယ်။

နောက်တခုက တပ်ခွဲ (၂) နတ်အိမ်တောင်တပ်ခွဲက နယ်စပ်မှာ အေးအေးဆေးဆေး မနေခဲ့ရပါဘူး။ အဲဒီတပ်ခွဲကရဲဘော်တွေ တပ်ခွဲ (၁) ခွဲ (၃)နှင့် ရေအဖွဲ့က ရဲဘော်တွေထက် ရပ်တည်ရေးမှာ အခက်အခဲတွေ အများကြီး ပိုရှိခဲ့တာ အမှန်ပဲ။ တိုက်ခိုက်ရေးမှာ အားနည်းခဲ့ပေမယ့် ကျန်တဲ့ တပ်ခွဲတွေ မလုပ်နိုင်ခဲ့တဲ့ UG လုပ်ငန်းနဲ့ မြို့ထဲထိုးဖေါက်တဲ့ လုပ်ငန်းတွေ အဲဒီတပ်ခွဲက အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ကျွန်မက ဆေးမှူးဆိုတော့ တပ်ရင်းအောက်မှာ ရှိတဲ့ တပ်ခွဲတွေရဲ့ လှုပ်ရှားတဲ့ နယ်မြေအားလုံးကို ရောက်ဖူးတော့ ဘယ်ဘက်ကမှ ဘက်မလိုက်ပါဘူး တပ်ခွဲအားလုံးရဲ့ လုပ်ဆောင်မှုတွေမှာ အားသာချက်တွေ ကိုယ်စီရှိကြပြီး မတူတဲ့ အခက်အခဲတွေလည်း ရှိကြတာကို မြင်တွေ့ရတဲ့အတိုင်း ပြောတာပါ။ ကျွန်မတို့ တပ်ရင်းက လှုပ်ရှားတဲ့ အဖွဲ့အားလုံး ကိုယ်စီတာဝန် ကျေခဲ့ပါတယ်။

ကိုဇော်ရေ မှတ်ချက်အတွက်ရော အမျိုးသမီးတွေကို တိုးတက်စေလိုတဲ့ စေတနာအတွက်ပါ ကျေးဇူး။ ဒီစာက ကျွန်မလွန်ခဲ့တဲ့ ၁၁ နှစ် ၁၂ နှစ်ခန့်က ရေးခဲ့တဲ့စာဆိုတော့ အကုန်လုံးတော့ ထပ်တူမကျတော့ပါဘူး။ မျှဝေလိုတဲ့ စေတနာနဲ့ ဘ၀ဖြတ်သန်းမှုတခုကို ဘလော့ဂ်မှာ သိမ်းထားလိုလို့ တင်လိုက်တာပါ။

လေးစားတယ် အစ်မရေ...

တိုက်ဖူးတဲ့သူတွေပြောနေတာ ငိုက်ပဲ ငိုက်ဖူးတဲ့သူ ငြိမ်ငြိမ်လေး ငိုက်ပြီး နားထောင်သွားတယ် :)

ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို မျှဝေပေးတာ ကျေးဇူးလည်းတင် ချီးလည်းကြူးမိပါတယ်...

စိတ်ဝင်စားစရာမို့ ဆက်ဖတ်နေပါဦးမယ်...

ဒီလောက်စာရေးကောင်းပြီး အတွေ့အကြုံတွေများတာ ဝတ္ထုဆန်ဆန်မျိုးတွေရော ရေးဖို့ စိတ်ကူးမရှိဘူးလား...

အကြံပြုကြည့်ခြင်း ဖြစ်ပါတယ်...

းဝ)

စိမ်း၊ ကိုလူသစ်နဲ့ ကိုလူထွေးတို့ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက ပုံမှန်တိုင်း လူ့သက်တမ်းကို ဖြတ်သန်းသူတွေ ပညာရှာတဲ့အရွယ်မှာ ပညာမရှာဖြစ်တော့ ပညာရေးမှာ အားနည်းပြီး အတွေ့အကြုံ တွေတော့ကတော့ ပုံမှန်အတိုင်း ဘ၀ကို ဖြတ်သန်းသူတွေထက် ပိုများတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လက်ခံပါတယ်။ ဒါပေမယ့် ကိုလူထွေးထင်သလို ကျွန်မ စာရေးမတတ်ပါဘူး။ ငယ်ငယ်က ရသစာတွေကို ဖတ်ပြီး စာဖတ်တာကို ၀ါသနာထုံသူ ဖြစ်လာခဲ့လို့ ရသစာလေးတွေ သိပ်ရေးချင်တယ်။ ဒါပေမယ့် ရေးမတတ်ဘူး။ ရေးနည်း စာအုပ်လေးများ အွန်လိုင်းပေါ်မှာ ရှိရင် ညွှန်းပေးကြပါ။ ရေးတတ်တဲ့သူတွေကို သိပ်အားကျတယ်။

မငယ်ရေ...
လွန်လေခဲ့ပြီးသော တိုက်ပွဲကာလကရှေ့တန်းနယ်မြေတွေမှာသွားလာလှုပ်
ရှားခဲ့ရတာတွေနဲ့ ရဲဘော်ရဲမေတွေအားလုံးကိုလည်း သတိရသွားမိတယ်ဗျာ.....

မိသားစုချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေဗျာ