မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပထမဦးဆုံး ရှေ့တန်းတိုက်ပွဲ အဆက်


အရင်ပို့စ် မှအဆက်



ဖိုးဇော်နဲ့အတူ ပါလာတဲ့ ဆေးမှူးက သွေးမူးနေလို့ ကျွန်မတို့ကို ဘာမှမပြောနိုင်ပဲ ရောက်တာနဲ့ ချက်ချင်း လှဉ်းပေါ်ကဆင်းပြီး အိမ်တအိမ်ပေါ်မှာ သွားအပြီး နားယူနေလိုက်တယ်။ ဖိုးဇော်ကို နွားလှည်းပေါ်ကနေ အိမ်ရှေ့ သစ်ပင်အောက်မှာ အသင့်ခင်းထားတဲ့ ဖျာပေါ်ကို ရဲဘော်တွေက သယ်ချပြီး သင့်တော်တဲ့ အနေအထားအတိုင်း ရွှေ့ထားလိုက်ပါတယ်။ ဖျာပေါ်ရောက်တဲ့အချိန်မှာ ကျွန်မကြည့်လိုက်တော့ သူ့လည်ပင်း ညာဘက်ခြမ်းမှာ ဒဏ်ရာရထားပြီး ပြတ်နေတဲ့ လည်ပင်း သွေးကြောကြီးက ဖြူဖွေးပြီး ထွက်နေတာကို တွေ့ရတယ်။ ကျွန်မက ချက်ချင်း သူ့လက်ကောက်ဝတ်မှာ သွေးခုန်နှုန်း ((Radius Pulse) ကို စမ်းဖို့ ထိလိုက်တော့ အေးစက် စေထိုင်းနေပြီး သွေးခုန်နှုန်းကို စမ်းလို့မရဘူး။ ကျွန်မစိတ်တွေ တူပူပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတယ်။



”ဖိုးဇော် ဖိုးဇော်” လို့ ခေါ်ရင်း ကျွန်မ နားကျပ်နဲ့ သူ့နှလုံးကို နားထောင် ကြည့်တော့လည်း စိတ်တွေက ထူပူနေသလို နားထဲမှာလည်း ရှင်းရှင်းလင်းလင်း ဘာမှမကြားရပဲ ထူပူပြီး ရှုပ်ထွေးနေတယ်။ ဒါနဲ့ ကျွန်မက Adrenaline (နှလုံးနိုးဆေး) ထိုးပြီး နှလုံးနိုး ကြည့်ရအောင်လို့ ပြောတော့ တခြားဆေးမှူး ရဲမေတယောက်က Adrenaline ကို စုပ်ပေးတယ်။ Drip သွင်းဖို့ ဆိုပြီး Drip ၀ိုင်းပြင်တဲ့သူက ပြင်နဲ့ ဆေးမှူးမဟုတ်တဲ့ တခြား ရဲမေနှစ်ဦးကလည်း ကျွန်မတို့ကို ၀ိုင်းလုပ်ပြီး အလုပ်များနေကြတယ်။ ကျွန်မက သွေးကြောလိုက်ရှာနေတယ်။

“ရော့ ဒီမှာ Adrenaline ရပြီ” တခြားဆေးမှူးရဲမေက Sarying ထဲ ဆေးစုပ်ထည့်ပြီး ထိုးဖို့အဆင်သင့် လုပ်ပေးပြီးတဲ့ အချိန်ထိ ကျွန်မက သွေးကြောကို ရှာမတွေ့သေးဘူး။ နောက်ဆုံးတော့ တတောင်ဆစ်အထိ ခေါက်တင်ထားတဲ့ ပြောက်ကျား ယူနီဖေါင်း အင်္ကျီလက်ခေါက်ကို လက်မောင်းရင်းအထိ ရွှေ့တင်လိုက်ပြီး တတောင်ဆစ်ရှေ့နားက သွေးကြောကိုရတယ်။ ကျွန်မ အပ်ကို သွေးကြောထဲ သွင်းလိုက်တာ အပ်က သွေးကြောထဲကို တည့်တည့် ရောက်ပေမယ့် သွေးကမလိုက်လာဘူး။ အဲဒီတော့ သွေးဆုတ်နေတာ တတောင်ဆစ်တောင် ကျော်နေပြီပဲ ဆိုတဲ့အသိနဲ့ ဖြစ်ချင်ရာဖြစ် သွေးမလိုက်လည်း အကြောင်းမဟုတ်ဘူး Sarying ထဲ သွေးလိုက်လာတာကို မစောင့်တော့ပဲ Sarying ထဲက ဆေးကို သွေးကြောထဲ ရောက်အောင် အရှိန်နဲ့ ထိုးလိုက်ရင်တော့ နှလုံးဆီကို တချို့တ၀က်တော့ ရောက်မှာပဲလို့ အထင်နဲ့ Sarying ကို လက်မနဲ့ အားယူပြီး ဖိသွင်းကြည့်တာတောင် လုံးဝ မ၀င်တော့ဘူး။

ကျွန်မလည်း Adrenaline သွင်းလို့ ပြန်ပြီး နှလုံးခုန်လာ သတိပြန်ရလာတဲ့ လူနာတွေပဲ တွေ့ဖူးပြီး ဒီလိုမျိုး ဆေးတောင် သွင်းလို့မရတော့တဲ့ လူနာမျိုးတခါမှ မတွေ့ဖူးတော့ စိတ်တွေ ထူပူနေပြီး ”ဘုရား ဘုရား” လို့ စိတ်ထဲမှာ တမိတယ်။ ယုံရခက်ခက်နဲ့ မယုံချင်ပေမယ့် သူ့အခြေအနေက မယုံလို့ မဖြစ်တော့ဘူး။ အသက်မရှူတော့ဘူး၊ နှလုံးမခုန်တော့ဘူး၊ မခုန်တော့ပေမယ့် သွေးရှိနေသေးရင် နှလုံးကို ပြန်နိုးနိုင်ရင် မျှော်လင့်ချက်က ရှိနိုင်သေးတယ် အခုတော့ သွေးလုံးဝ မရှိတော့ဘူးဆိုတော့ သဘောပေါက်သင့်ပြီ။ တိုက်ပွဲ မဖြစ်ခင်လေးကမှ ကျွန်မတို့ကို လိုက်စနေတဲ့ သူ့ပုံကို မြင်ယောင်မိပြီး ဆောက်တည်ရာမရနဲ့ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဘာပြောလို့ ပြောရမှန်းလည်း မသိတော့ပဲ နောက်ဆုံးတော့ ကျွန်မ ဘာမှပြောမနေ လုပ်မနေတော့ပဲ အားရပါးရ ထိုင်ငိုချလိုက်တော့တယ်။

ဒီအချိန်မှာ ရန်သူကလည်း ကျွန်မတို့ဘက်ကို လိုက်လာနေတယ်လို့ သိရတယ်။ သူတို့တပ်စုက ဆေးမှူးက ကျွန်မတို့ကို ဘာမှ မပြောပြခဲ့ပဲ သွေးမူးလို့ဆိုပြီး သွားအနားယူနေလိုက်တာ သူလည်း ယုံရခက်ခက်နဲ့ ကျွန်မတို့ နှလုံး ပြန်နိုးလို့ ပြန်ရရင်လည်း ရနိုင်တယ်လို့ မျှော်လင့်ပုံရပါတယ်။ အမှန်က ဖိုးဇော်က တိုက်ပွဲထဲမှာတင် သူ့တပ်စုက ဆေးမှူးလက်ထဲမှာ ဆုံးခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ရုတ်တရက်ကြီး ဖြစ်သွားတယ်ဆိုတော့ အားလုံးက နှမြှောတသပြီး မယုံချင်ကြပဲ ကျွန်မတို့ ကြိုးစားကြည့်လို့ ရရင်လည်း ရနိုင်သေးတယ် ဆိုတဲ့ မျှော်လင့်ချက်က ရှိနေကြပြီး တကယ်မရတော့ဘူးဆိုတာ သေချာမှပဲ တပ်ခွဲမှူးက ဖိုးဇော်ဆုံးပြီဆိုတာ အတည်ပြုပြီး တပ်ရင်းကို သတင်းပို့ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဖိုးဇော်ဆုံးပြီဆိုတာကို အတည်ပြုပြီးတာနဲ့ ဟိုဘက်ရွာကို မရောက်ခင် ဖိုးဇော်အလောင်းကို မြေမြှုပ်ဖို့ ပြင်ဆင်ကြတယ်။ သူ့တပ်ခွဲနှင့်အတူ ဒေသခံတပ်ခွဲ (၁) က တပ်စိတ်တစိတ်က ဒီရွာနဲ့ ဆက်သွားမည့် ရွာအကြားမှာရှိတဲ့ ခပ်လှမ်းလှမ်း တောင်ကုန်းတနေရာမှာ ဖိုးဇော် အလောင်းကို မြေမြုပ်ဖို့ အရင်ထွက်ခွာကြပြီး ခဏကြာတော့ ကျွန်မတို့ တပ်ခွဲ (၁) က လူနာတွေကို သယ်ပြီး တခြားရွာကို သွားနေကျ လမ်းအတိုင်း ဆက်သွားခဲ့ပါတယ်။ လက်ရှိလူနာတွေကလည်း အနာဆေးကြောပြီး ဆေးထည့် ထိုးဆေး သောက်ဆေး ပေးထားပေမယ့် ရှေ့တန်းမှာ ရေရှည်အနေနဲ့ စိတ်မချရတဲ့အတွက် ဟိုဘက်ရွာ ရောက်ရင် သူတို့ကို ဆင်ငှားပြီး တပ်ရင်းပို့ဖို့ ပြင်ဆင်ရဦးမယ်။

ရင်ဘတ်မှာ ထိပြီး အစာမစားနိုင် မသောက်နိုင်လို့ Drip ဗူးချိတ်ထားပေးထဲ့ လူနာက အဖျားဝင်လာပြီး နည်းနည်း စိုးရိမ်ရလို့ ဆေးတချို့ ထပ်ပေးထားရပြီး လူနာကို ရဲဘော်နှစ်ဦးက ပုခက်ကို ၀ါးလုံးမှာ ကြိုးချည်ပြီး ရှေ့တယောက် နောက်တယောက်ထမ်း ကျွန်မက အလယ်မှာ လူနာပုခက်ဘေးနားကနေ လူနာကို ချိတ်ပေးထားတဲ့ Drip ဗူးကို တလမ်းလုံး ကိုင်မြှေက်ပြီး ခရီးဆက်ခဲ့ပါတယ်။ လမ်းတ၀က်ခန့်မှာ သေနတ်ဖေါက်သံတွေ ကြားတော့ ရန်သူအနီးကပ် လိုက်ချောင်းပစ်ပြန်ပြီ ထင်လို့ ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပေမယ့် သေနတ်သံတွေက AK နဲ့ ၁၆ အသံတွေပဲဆိုတာ သတိထားမိမှ ဖိုးဇော် အလောင်းကို မြေဖို့ခါနီး အမိန့်တော်ပြန်တယ် ဆိုတာ သဘောပေါက်လိုက်တယ်။ တပ်ခွဲမှူးကလည်း ဒါအမိန့်တော်ပြန်တာလို့ ပြောလိုက်တယ်။

"ရဲဘော် ဖိုးဇော် သင်ကား အမိမြန်မာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တာဝန်ကျေပြွန်ခဲ့ပါပြီ။ သင့်ရဲ့ စွန့်လွှတ်မှုကို ကျွန်ုပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ် တပ်ဦးမှ ကျေးဇူးတင် ဂုဏ်ပြုပါတယ်။ ယနေ့ကစပြီး သင်ဟာ ကျွန်ုပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦးနဲ့လုံးဝ မသက်ဆိုင်တော့ပါ။ သင်သွားလိုရာ သွားနိုင်ပြီ ရဲဘော်ဖိုးဇော်” ဆိုတဲ့ ဧည့်သည်တပ်ခွဲ တပ်ခွဲမှူးရဲ့ အမိန့်စာဖတ်တဲ့ အသံကို စိတ်မှန်းနဲ့ ကြားယောင်မိလို့ ကျွန်မ မဖေါ်ပြတတ်အောင် ၀မ်းနည်းပက်လက် ခံစားမိပြီး မျက်ရည်ကျ မိပါတယ်။

 တောက်လျှောက် အတူတိုက်ပွဲဝင်လာတဲ့ ရဲဘော်တဦးကို သေတာနဲ့ ချက်ချင်းမှောင်းထုတ်တဲ့ ဒီအမိန့်တော်ပြန်တာကြီးကို မလုပ်လို့မရဘူးလား မသိဘူးလို့ တွေးနေတဲ့အချိန်မှာ ပုခက်ထဲက လူနာရဲဘော်က "အာခေါင်ခြောက်တယ်" ဆိုလို့ ဘေးအိတ်ထဲမှာ ရေဗူးနဲ့ ထည့်ထားတဲ့ အုန်းသီးနုရည်ကို ပါးစပ်စိုရုံ ထည့်ပေးရ၊ ကျန်တဲ့ လက်တဘက်ကလည်း Drip ဗူးကို ကိုင်မြှောက်ထားရဆိုတော့ ဖိုးဇော်ကို မှောင်းထုတ်တဲ့ အမိန့်တော်ပြန်စာနဲ့ ပတ်သက်ပြီး ကြာကြာ ခံစားနေဖို့ အချိန်မရလိုက်ဘူး။

သွားနေတဲ့ ရွာကို ရောက်တဲ့အခါမှာတော့ လူနာပါလာတယ် ဆိုတာသိတာနဲ့ ရွာသားတွေက လူနာအတွက် လိုအပ်တဲ့ ဓါတ်စာတွေအတွက် လိုနေသေးမရှိအောင် ပြင်ဆင်ထားပေးပါတယ်။ လူနာကို တပ်ရင်းပြန်ပို့ဖို့အတွက် ကရင်ရွာတွေမှာ တပ်က ရဲဘော်တချို့နဲ့အတူ ဆင်သွားရှာပေးပါတယ်။ ဧည့်သည်တပ်ခွဲကလည်း သူတပ်ခွဲ လှုပ်ရှားတဲ့ နယ်မြေကို မကြာခင်ပြန်မှာ ဖြစ်တယ်။ အဲဒီ ကြားကာလ နားနေတဲ့ အချိန်လေးမှာ ဂီတာတီးတတ်တဲ့ ရဲဘော်တချို့က ရွာက ကာလသားတွေဆီက ဂီတာငှားပြီးတော့ ကျဆုံးသွားတဲ့ ဖိုးဇော်အတွက် သီချင်းတွေကို လွမ်းလွမ်းဆွေးဆွေး သီဆိုကြတယ်။

 "ဒီမိုကရေစီ ရရှိရေးအတွက် ရှေ့တန်း တနေရာမှာ အသက်ပေးသွားတဲ့ သူငယ်ချင်းတို့ရေ..အသေစောလို့ နှမြှောမိပါတယ်… ဒီမိုကရေစီ ရရှိသွားလို့ တို့များအိမ်ယာ ပြန်ကြတဲ့အခါ ဆီးကြိုနေမယ့် မင်းတို့မိဘ မောင်နှမကို တို့များဘယ်လို ပြောပြရမလဲ တွေးရင်းတွေးရင်း ၀မ်းနည်းမိပါတယ်…" ဆိုတဲ့ သီချင်းကို လွမ်းဆွတ်တသစွာနဲ့ သီဆိုကြပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ ဖိုးဇော် ဘယ်မှာ ကျန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြည်တွင်းက မိဘ မောင်နှမ ရင်းတွေကို မပြောခင် သူတို့တပ်ခွဲ လုပ်ရှားတဲ့ နယ်မြေ ပြန်ရောက်ရင် အဲဒီက မိဘပြည်သူတွေ မေးရင် ဘယ်လို ပြောပြရမယ် ဆိုတာ အရင် စဉ်းစားရလိမ့်မယ်။ ဧည့်သည်တပ်ခွဲ အတွက် ကျွန်မ တကယ်ပဲ ၀မ်းနည်းမိပါတယ်။ သီချင်းကို ဆက်လက်နားထောင်နိုင်ပါတ်ယ။

ဒီသီချင်းရဲ့ မူလအစက မြောက်ပိုင်း ရဲဘော်ရဲမေတွေက စပ်ဆိုသီဆိုထားပြီး ကျွန်မတို့ တောင်ပိုင်းက နောက်တန်း၊ ရှေ့တန်း ရဲဘော်တွေကလည်း အဲဒီတုန်းက ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုကာ ရင်ထဲက ခံစားချက်အပြည့်နဲ့ ဆွေးဆွေးမြေ့မြေ့ သီဆိုလေ့ရှိတဲ့ သီချင်းဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက ABSDF ဗဟိုဌာနချုပ် ဒေါင်းဂွင်က ထုတ်တဲ့ ခေတ်သစ်ကောင်းကင်ပျံမည့်ငှက်များ အခွေမှာလည်း ဒီသီချင်းကို ရဲမေ မစန်းစန်းမြင့်က ပြန်ဆိုခဲ့ဖူးပါတယ်။ 

အခုဒီဗွီဒီယိုမှာ ဆိုထားတာက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ABSDF မြောက်ပိုင်းဒေသမှာ မကဒတ မြောက်ပိုင်းဥက္ကဌ ကိုထွန်းအောင်ကျော်နဲ့ မတရား သတ်ဖြတ်ခံခဲ့ရတဲ့ မြောက်ပိုင်းရောက် ရဲဘော်တွေအတွက် အသက်ရှင်လွတ်မြောက်လာသူ တပ်ဖွဲ့ဝင်ဟောင်းတွေက မန္တလေးမှာ 12/02/12 က ကျင်းပတဲ့ ၀မ်းနည်း အောက်မေ့ဖွယ် အခမ်းအနားမှာ တောတွင်းအမှတ်တရအနေနဲ့ သီဆိုထားပါတယ်။ မကြားရတာ ကြာပြီဖြစ်တဲ့ ဒီသီချင်းကို အခုလို ရုတ်တရက် ပြန်ကြားရတဲ့အချိန်မှာ ကျွန်မအတွက် အဟောင်းတွေကို အသစ်ပြန်ဖြစ်သွားစေခဲ့ပါတယ်။ ထူနည်းအတူ မကဒတမှာ ဒီသီချင်းနဲ့ပတ်သက်ပြီး အမှတ်တရ ရှိခဲ့ဖူးသူ အားလုံးကလည်း ကျွန်မနဲ့ တူညီတဲ့ ခံစားမှုကို ဒီသီချင်းလေးက ပေးမှာ သေချာလှပါတယ်။


ဒီတိုက်ပွဲက ကျွန်မ ရှေ့တန်းမှာ ကြုံဖူးတဲ့ တိုက်ပွဲတွေအနက် ပထမဦးဆုံး ကြုံရပြီး အရှုံးနဲ့ တိုးတဲ့ တိုက်ပွဲ၊ ဆေးမှူးဘ၀မှာ ပထမဦးဆုံး သေနတ်ဒဏ်ရာ လတ်လတ် ဆတ်ဆတ်ကို တွေ့ဖူးတဲ့ တိုက်ပွဲ လည်းဖြစ်၊ ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ဒဏ်ရာရတဲ့ ရဲဘော်တွေ အားလုံးဟာ ဧည့်သည်တပ်ခွဲက ရဲဘော်တွေ ဖြစ်တဲ့အတွက် ဒီတိုက်ပွဲကို ကျွန်မ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကြုံခဲ့ဖူးတဲ့ တိုက်ပွဲတွေမှာ အခုလို ကိုယ့်ဘက်က ရှုံးတာ ရှိသလို နိုင်တဲ့ တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ လူကိုသတ်ချင်လို့ တိုက်နေတာ မဟုတ်ပဲ အာဏာရှင် စနစ်ကိုသာ တိုက်နေတာ ဖြစ်တဲ့အတွက် ဘယ်သူပဲ ရှုံးရှုံးနိုင်နိုင် တိုက်ပွဲမှာ ဘယ်သူ့ဘက်ကပဲ ကျကျ ကျွန်မ မပျော်ပိုက်ခဲ့ပါဘူး။ ရှေ့တန်းမှာ ကျွန်မတို့ ရဲဘော်တွေ အများကြီး အသက်ပေးခဲ့ရတယ်။ ထိုနည်းအတူ ရန်သူဘက်ကလည်း ကျဆုံးတာ အများကြီး ရှိခဲ့ပါတယ်။ နှစ်ဘက်စလုံးကတော့ တိုင်းပြည်အတွက် ပေးဆပ်ကြတယ်လို့ ခံယူကြပေမယ့် ရတဲ့ ရလဒ်ကတော့ ဘယ်သူမှ ပေးဆပ်ရတာနဲ့ မတန်ခဲ့ပါဘူး။ ဒီအဖြစ်ပအပျက်တွေက ကျွန်မမျက်စိထဲက ဘယ်တော့မှ ထွက်ခွါသွားမှာ မဟုတ်တဲ့အတွက် ဘယ်တော့မှလည်း မေ့ပစ်လို့ ရနိုင်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။ တကယ်တော့ အနှစ် ၂၀ အစိတ်ဆိုတဲ့ အချိန်ကာလက ကျွန်မတို့ ABSDF ရဲဘော်ရဲမေဟောင်းတွေရဲ့ ရင်ထဲက ခံစားမှုတွေကို ပြောင်းလဲနိုင်စွမ်းမရှိ၊ ဟောင်းနွမ်းဆွေးမြေ့ အောင် လုပ်နိုင်စွမ်း မရှိပါဘူး။




ကျွန်မတို့ နိုင်ငံမှာ ဒီလိုဆိုးရွားတဲ့ ခေတ်စနစ်ဆိုး မရှိခဲ့ရင် ဒီလို အဖြစ်ပျက်မျိုးတွေလည်း ကြုံတွေ့စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ရှေ့တန်းဒေသာကို သွားတာ ပြည်သူလူထုနဲ့ ထိတွေ့ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ပြည်သူတွေကြားမှာ အကောင်အထည်ဖေါ်ဖို့ သွားတာဖြစ်တယ်။ ကျွန်မတို့နိုင်ငံမှာ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ပြသ စည်းရုံးပိုင်ခွင့် မရှိလို့ ပြည်သူလူထုဆီကို သွားရာမှာ လက်နက်ကို ကိုင်ဆောင်ပြီး သွားမှရောက်ပါတယ်။ တကယ်လို့ ကျွန်မတို့ တပ်တွေသာ ပြည်သူလူထုကြားကို မရောက်တော့ပဲ ကင်းကွာသွားရင် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုအကြောင်း ပြောပြမည့်သူ မရှိတော့ပဲ ပြည်သူလူထုဟာ စစ်အာဏာရှင်တွေ ချယ်လှယ်သမျှ ခံနေရမှာ ဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို မေ့လျော့သွားနိုင်ပြီး မြန်မာပြည်ဟာလည်း ဒီထက်ပိုပြီး အခြေအနေ ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ လွတ်လပ်စွာ ပြောဆို စည်းရုံး ဖွင့်ဟ ပိုင်ခွင့် မရှိတဲ့ နိုင်ငံတခုမှာ လူထုကြားကို ထိုးဖေါက်ပြီး ပြည်သူလူထုအတွက် ဒီမိုကရေစီ လူ့အခွင့်ရေး လုပ်ငန်းစဉ်တွေကို ဖေါ်ဆောင်နိုင်ဖို့ဆိုတဲ့ လိုအပ်ချက်အတွက် လက်နက်ကိုင် လမ်းစဉ်ကို ဆုပ်ကိုင်ရတာ ဖြစ်ပါတယ်။

ဒီလို လက်နက်ကိုင်လမ်းစဉ်ကို ဆုပ်ကိုင်ပြီး တော်လှန်ခဲ့တဲ့ ကျွန်မတို့တွေဟာ ရှေ့တန်းဒေသတွေမှာ အန္တရယ် သိပ်များခဲ့ပါတယ်။ ကျွန်မတို့ တပ်ရင်းမှာ ရှေ့တန်းဆင်းခွင့် တောင်းဆိုတုန်းက ရှေ့တန်းမှာ အန္တရယ်များတယ်လို့ ခေါင်းဆောင်တွေ ပြောတာကို ကျွန်မ မငြင်းပါဘူး။ ဒါပေမယ့် မိန်းကလေးတွေမှ အန္တရယ်များတာ မဟုတ်ပါဘူး။ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်လို့ စစ်ပွဲတွေ မငြိမ်းသရွေ့ မြန်မာပြည်မှာ ဘယ်သူမဆို တယောက်မှ အန္တရယ်နဲ့ မကင်းပါဘူး။ ပြည်တွင်းစစ်ကြောင့် မြန်မာပြည်ဟာ အဆင်းရဲဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်သာ မရှိခဲ့ရင် ကျွန်မတို့ မြန်မာနိုင်ငံဟာ အခုလို စစ်ပွဲတွေ ဖြစ်နေစရာမလိုပဲ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်စွာနဲ့ လက်တွဲပြီး လူမျိုး၊ ဘာသာ၊ ကျားမ၊ လူတန်းစား မခွဲခြား အရည်ချင်းရှိလျင် ရှိသလို ငြိမ်းချမ်း၊ သာယာ၊ လှပ တိုးတက်ခေတ်မှီတဲ့ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်လာအောင် အတူတကွ လက်တွဲ တည်ဆောက်နိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အခုတော့ စစ်ပွဲဖြစ်နေတဲ့ မြန်မာပြည်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ စစ်အုပ်စုရဲ့ ပေါ်တာဆွဲခေါ်ခြင်း၊ လုပ်အားပေးအဖြစ် ခိုင်းစေခံရခြင်း ညှင်းပမ်းနှိပ်စက် ခံရခြင်းစတာတွေကို ခံရတဲ့အပြင် အဓမ္မ ပြုကျင့်မှုတွေကလည်း မကြာခဏ ခံရတော့ စစ်ပွဲတွေရဲ့ ဒဏ်ကို ခံရတဲ့နေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီးခံစားရတယ် ဆိုတဲ့အချက်ကို ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ စစ်ပွဲ မဖြစ်တဲ့ မြို့ပေါ်တွေမှာလည်း ဘုန်းနှိမ့်ကျခြင်းဆိုတဲ့ အယူသီးမှုတွေက အခုချိန်ထိ လွှမ်းမိုးနေသေးတော့ အမျိုးသမီးတွေမှာ ဘာပဲလုပ်လုပ် အတွေးအခေါ်အရ အကန့်အသတ်တွေကို ရင်ဆိုင်နေရဆဲ နှိမ့်ကျနေဆဲ ဖြစ်နေသေးတယ်။ ပညာအခြေခံ နည်းတဲ့ သာမန် အမျိုးသမီး အများစုတင်မက ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်းရှိတဲ့ အမျိုးသမီးမျိုး ကိုယ်တိုင်ပင် နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့လို့ ဆိုပြီး အတွေးအခေါ်အရ နိုင်ငံခြားသား ပိုင်ဆိုင်တဲ့ သက်မဲ့ ပစ္စည်းတခုလို သတ်မှတ်ခံရပြီး စစ်အာဏာရှင်တွေရဲ့ အကြောင်းပြချက်ထဲမှာ အဓိကအဖြစ်နဲ့ အကန့်အသတ် အချုပ်အချယ် ခံရသေးတယ် ဆိုတော့ တခြား အမျိုးသမီးတွေအတွက် ဆိုရင်တော့ ဆိုဖွယ်ရာ မရှိပါဘူး။ ဒါပေမယ့် ကျွန်မတို့ တကယ်လုပ်ချင်တဲ့ အလုပ်တခုကို ကျွန်မတို့ တကယ် လုပ်နိုင်တယ်ဆိုတာကို အလုပ်နဲ့ သက်သေပြနိုင်ရင် အမျိုးသားတွေဟာ အမျိုးသမီးတွေကို ခွဲခြားနေလို့ မဖြစ်တော့ဘူးဆိုတာ သဘောပေါက် ကြလိမ့်မယ်လို့ ကျွန်မယုံကြည်တယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာမှာ လူဦးရေ အများစုကြီးဖြစ်တဲ့ အမျိုးမီးတွေမှာ အကန့်အသတ် အချုပ်အချယ်တွေ ဘုန်းနှိမ့်တယ်ဆိုတဲ့ အတွေးအခေါ်တွေကို တွန်းလှန်နိုင်မှသာ ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းကို တိုးတက်အောင် လုပ်တဲ့နေရာမှာ အမျိုးသားတွေနဲ့ တန်းတူရည်တူ ဆောင်ရွက်ခွင့်ရနိုင်မှာ ဖြစ်တယ်။ မြန်မာ့ လူ့အဖွဲ့အစည်းကို တိုးတက်အောင်လုပ်ဖို့အတွက် မြန်မာနိုင်ငံမှာ လူဦးရေ အများစုကြီးဖြစ်တဲ့ အမျိုသမီးတွေရဲ့ အတွေးအခေါ်တွေ အရည်အချင်းတွေ နှိမ့်ကျနေလို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ဆိုတာကို အမျိုးသမီးတွေရော အမျိုးသားတွေပါ သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေဟာ သူတို့စိတ်ဝင်စား စိတ်အားထက်သန်တဲ့ နေရာတွေမှာ အမျိုးသားတွေနဲ့ တန်းတူ ပါဝင်နိုင်တယ် ဆိုတာကို လက်ခံပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက ၀ိုင်းဝန်းအားပေး ဖို့လိုပါတယ်။ ကျွန်မတို့ အမျိုးမီးတွေ ကိုယ်တိုင်ကလည်း မိမိတို့မှာ အရည်အချင်းရှိပါတယ် ဆိုတာကို ပြသပြီး ပါဝင်နိုင်အောင် ကြိုးစားဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ အမျိုးသမီးတွေရဲ့ အတွေးအခေါ်နှင့် အရည်အချင်းကို မြှင့်တင်ပြီး ငြိမ်းချမ်းသာယာ ၀ဖြိုးတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်တဲ့နေရာမှာ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းကာ မိမိတို့မှာ ရှိတဲ့ စွမ်းအားတွေကို အစွမ်းကုန် အသုံးချကြပါစို့လို့ တိုင်းရင်းသား ညီမအစ်မများ အားလုံးကို တိုက်တွန်းလိုက်ပါတယ်။

၁၉၉၈ ခုနှစ်က Alternative Asean Network on Burma မှ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့အတွက် အမှတ်တရ ထုပ်ဝေတဲ့ Voices of women in the struggle (တိုက်ပွဲဝင် အမျိုးသမီးများအသံ) စာအုပ်အတွက် ရေးခဲ့တဲ့ စာကို အင်္ဂလိပ်ဘာသာ အစီစဉ်မှ သင့်လျှော်အောင် ဘာသာပြန်ပြီး အနည်းငယ် ပြင်ဆင် ဖြည့်စွက် ပြန်လည်ဖေါ်ပြ ခြင်းဖြစ်သည်။


ဖိုးဇော်လို့ အမည်ပေးထားတဲ့ ကျဆုံးခဲ့တဲ့ ရဲဘော်ဟာ ABSDF တပ်ရင်း (၂၀၁) မင်းသမီးစခန်း၊ တပ်ခွဲ (၃) က တပ်ခွဲအရာခံဗိုလ် ရဲဘော်ဇော်နိုင်အောင်ဖြစ်ပါတယ်။ အောက်က ဓါတ်ပုံထဲမှာ အောက်ဆုံးက သေနတ်ချိန်နေတဲ့တယောက်က ဇော်နိုင်အောင်ပါ။

ဇော်နိုင်အောင်နဲ့တကွ ABSDF မှ တိုင်းပြည်အတွက် အသက်ပေးသွားသော ရဲဘော်များ အားလုံး ကောင်းရာသုဂတိလားပါစေ။
နောက်ဆုံးတိုက်ပွဲကလည်း ဒီရွာမှာပဲ ဖြစ်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲအကြောင်းက Favorite post ဆယ်ခုထဲမှာ (သို့) ဒီနေရာမှာ ထောက်ပြီး ဖတ်နိုင်နိုင်ပါတယ်။

29 comments:

စာတွေလာဖတ်သွားတယ် အမ၊ အမတို့ တပ်ရင်းမှာ
တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ သူတွေနဲ့ ကျနော်က
လက်ရှိမှာ တစ်မြို့တည်း နေတော့ ဒီအကြောင်းတွေ
တခါတလေ သူတို့ပြောပြရင် ကြားဘူးပါတယ်၊
အခုလို သေသေချာချာ ရေးပြတော့ ပိုပြီး ဖတ်လို့
ကောင်းပါတယ်၊ အားပေးလျက်ပါ အမ။

တောတွင်းက ကိုယ်တွေ့ အဖြစ်မှန်တွေကို ခုလိုသိရတာ
စိတ်လည်း စိတ်ဝင်စားဖို့ ကောင်းတယ် ။ကိုယ့်ယုံကြည်ချက်နဲ့ မကြောက်မရွံ့  အသက်စွန့် သွားခဲ့ကြတဲ့ အညတြ သူရဲကောင်းများ အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ် မငယ်နိုင် ရေ ...
မြန်မာပြည်ကြီးနဲ့ အတူ မြန်မာပြည်သားများ အမြန်ဆုံး လွတ်လပ်ပြီး ကြီးပွားတိုးတက် နေနိုင်ကြပါစေ။

မအားလပ်တဲ့ ကြားထဲကရေးသား ဝေမျှပေးတာ ကျေးဇူးပါ။။

အစ်မရေ တောထဲမှာ အခုလို အသက်ပေးသွားတဲ့ရဲဘော်တွေအတွက် စိတ်ထိခိုက်မိသလို သူ့တို့မိဘတွေ မိသားစုတွေဆို ဘယ်လိုနေမယ်ဆိုတာ တွေးပြီး တော်တော် စိတ်ထိခိုက်မိတယ်

လာဖတ်သွားပါတယ်။ ကျဆုံးသွားတဲ့သူတွေအတွက် ဘာပြောပေးရမှန်းတောင် မသိတော့ပါဘူးဗျာ။

တိုက်ပွဲအတွေ့အကြုံတွေ လာဖတ်ပါတယ်အစ်မရေ...
အန္တာရယ်တွေကြားမှာ ဘယ်အချိန်ကိုယ့်အသက်ပျောက်မယ်မသိပဲ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်ကြတဲ့ ရဲဘော်တွေကို လေးစားပါတယ်...

မနိုင်ရေ
သမိုင်းမှတ်တမ်းလေးတွေ အလျဉ်းသင့်သလို
ရေးပါဦး...
နောင်လာနောက်သားတွေကို ဒါတွေဟာ..
ဒဏ္ဍာရီ မဟုတ်မှန်းသိစေချင်တယ်

ညက Assignment လုပ်တာ လုံးဝ စိတ်မ၀င်စားပဲ အိပ်ငိုက်နေလို့ စိတ်ပါတာပဲ လုပ်တော့မယ် ဆိုပြီး တင်စရာ တ၀က်ကျန်နေတဲ့ ပို့စ်ကို ဘာသာပြန်ပြီး ကတန်းကမန်းနဲ့ တင်ပြီး အိပ်လိုက်တာ သေသေချာချာ ပြန်မစစ်မိလိုက်ဘူး။ ဒီမနက် ပြန်ဖတ်ကြည့်တော့ အမှားတွေ အများကြီးကို တွေ့ရတယ်။ မှားမှားယွင်းယွင်းတွေကို နားလည်အောင် ဖတ်ပြီး မှတ်ချက်တွေ ပေးသွားသူတွေကို သိပ်ပြီး အားနာမိတယ်။

ကိုအောင်ရေ - တပ်ရင်းတူပေမယ့် ကျွန်မတို့ တပ်ရင်းမှာ လှုပ်ရှားမှု ဧရိယာ ၄ ခု ရှိတော့ အတွေ့အကြုံတွေက တပ်ခွဲတခုနဲ့ တခုမတူပါဘူး။

kiki မဆုမွန်၊ စိမ်းနဲ့ ကိုလူသစ် တို့ရေ- လက်ရှိအခြေအနေတွေက ဒုံရင်းဒုံရင်းလို့တောင် ပြောလို့မရပဲ ပြောင်းပြန် နောက်ဆုတ်ပြန်သွားနေတော့ အရေးအခင်းတွေ အခုလို ရှေ့တန်းတိုက်ပွဲတွေမှာ အသက်တွေ ရင်းပြီး ပေးဆပ်ခဲ့တာနဲ့ လုံးဝ မကာမိသေး မထိုက်တန်သေးတာတော့ အမှန်ပဲ။

Nai ရေ- ကျွန်မ ပို့စ်တွေက အတွေ့အကြုံကပဲ လာတာ များပါတယ်။ ဆက်ရးဖို့ရှိပါတယ်။

အားလုံးကို ကျေးဇူုးတင်ပါတယ်နော့်။

ညီမလေး ငယ်နိုင်ရေ ...အမကို သတိတရနှုတ်ဆက်သွားတာ ကျေးဇူးတင်ပါတယ်..
အမသမီးလေးက အခု ကျောင်းဖွင့် ပြီမို့လို့ သူ့ကျောင်းစာတွေ အမ တတ်သလောက်လေး လုပ်ပေးနေရတာရယ် ခေါင်းထဲမလည်း အိပ်ရေးပျက်တာတွေရှိနေလို့ မူးနောက်နောက် ဖြစ်နေတာရယ် တခြားအလုပ်ရှုပ်စရာတွေပါ ရှိနေတာမို့ အမ အခုနောက်ပိုင်း ဘလော့တွေကို အရင်လောက် မလည်နိုင် ဖြစ်နေ ကွန်မန့်လည်း သိပ်မရေးဖြစ်ဘူး ဖြစ်နေတယ်...စိတ်ထဲမတော့ ဘလော့ သံယောဇဉ်က ရှိနေပါတယ်... နေ့ခင်းကတော့ အမနေ့လည်စာ စားရင်းနဲ့ ဒီပို့စ်ကို ဖတ်ဖြစ်သွားတာမို့ ကွန်မန့် မရေးဖြစ်ဘဲ အခုမှ ရေးရတာပါ...ညီမရဲ့  အတွေ့ အကြုံတွေ ကို မျှဝေ ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော့.... mie nge

လေ့လာမှတ်သားသွားပါသည် အမရေ ခုလိုသိခွင့်ရလို့ ကျေးဇူးလည်းတင်တယ်ခင်ဗျာ အရင်က အကိုတွေ၊ အမတွေ အကြောင်းဖတ်ဖူးပေမယ့် ဒီလောက်စုံစုံလင်လင်သိခဲ့ရဖူး ! အားပေးနေပါသည်။

အမရဲ့တောတွင်းကအတွေအကြုံလေးတွေက နောင်တချိန် သမိုင်းစာကြောင်းအသွင်ရှိလာနိုင်တယ်အမရေ။ကျွန်တော်ကို လာအားပေးတဲ့အတွက်လဲ ကျေးဇူးပါအမရေ။

Blogger လူလ said...

မင်္ဂလာပါ မငယ်

ဖတ်ဖြစ်တယ် ပိုစ့်တင် စကပါ။ စီဘောက်မှာ လာအော်သွားလို့ ကွန်မန်းလာပေးတာ။ ဒီလိုလဲ မဟုတ်ပါဘူးလေ။ လွတ်လပ်စွာထုတ်ဖေါ်ရေးသားခြင်းကို လက်ခံတယ်လေ။ ငါ့တပ်ခွဲကို အဖျင်းပြောတယ် ဘာညာ မဟုတ်ပါဘူး။ လူငယ်တွေလဲ မဟုတ်တော့ဘူးလေ။ အမှန်ကို ရေးသာရေးပါ၊ သိတယ်ဟုတ် ငါတို့က ရှုံးတဲ့ဖက်မှာ ရှိတယ်ဆိုတော့ ရှုံးခြင်း နိုင်ခြင်းက အာရုံထဲ မပြင်းထန်တော့ဘူး။ ဒါမျိုးတွေ များများရေးပေး အရင်က အဖြစ်သနှစ်တွေ မှတ်ရတာပေါ့။

ရွှင်လန်းချမ်းမြေ့ပါစေ....

လူလက ဒီပို့စ်အတွက် မှတ်ချက်ကို တခြားမှာ မှားပြီး သွားရေးထားလို့ ပြန်ကူးလာတာ ဖြစ်တယ်။
လူလရေ- ဒီလို အန္တရယ်များတဲ့ ABSDF က တိုက်ပွဲတွေမှာ အမျိုးသမီးတွေ ဘယ်လို ပါဝင်ခဲ့တယ်ဆိုတဲ့ Message ကို ပေးချင်လို့ ရေးရာမှာ ရှုံးတဲ့တိုက်ပွဲ အကြောင်း ဖြစ်နေတော့ တိုက်ပွဲမှာပါတဲ့သူ အတော်များများက တပ်ရင်း ဒါမှမဟုတ် တပ်ခွဲကို သိက္ခာကျစေတယ်၊ တခြားတပ်ရင်းက ရဲဘော်တွေဆိုရင်လည်း ABSDF တပ်တွေကို သက္ခာကျစေတယ်လို့ ထင်နိုင်တယ် မဟုတ်လား။ အဲဒါကြောင့် ရှင်းပြတာ ဖြစ်တယ်။

မ Mie Nge, ဖြိုးဝေနဲ့
ချမ်းလင်းနေရေ- အားပေးသွားကြတာ ကျေးဇူးတင်ပါတယ်။

မရေ...........
တေားတွင်း အတွေ့ အကြုံတွေ လာဖတ်သွားတယ်သိလား

မငယ်နိုင်ရေ
ဆုံးရှူံးရတဲ့ ဘ၀တွေ အသက်တွေအတွက် တကယ်ခံစားရပါတယ်။
မငယ်နိုင်တို့ ဘယ်နှစ်ကြိမ် ဒီသီချင်းဆိုခဲ့ရတယ် ဖိုးဇော် ဘယ်နှစ်ယောက်ရှိခဲ့မယ်လည်း တွေးနေမိတယ်။
ဘ၀တွေ ကြမ်းလိုက်တာ။

အာဏာရှင်စနစ် ဒီကမ္ဘာမှာ ကျဆုံးဖို့  သူတို့ တွေကို ဖယ်ရှားနိုင်မဲ့ နည်းလမ်းကောင်းတွေ ပေါ်လာဖို့ သာ ဆုတောင်းပါတယ်။

မအယ်

၉၉ ခုနှစ်က လက်လှမ်းမှီသလောက် ပြုစုထားတဲ့ စာရင်းအရ ကျွန်မတို့တပ်ရင်းမှာ ကျဆုံးသူ စုစုပေါင်း ၈၁ ရှိပါတယ်။ ဒုက္ခိတ ဖြစ်သွားသူတွေလည်း အများကြီး ရှိပါတယ် မအယ်။

ဖိုးဇော်လို တိုက်ပွဲအတွင်းမှာ ကိုယ့်ရဲဘော်ဘက်တွေရဲ့ လက်ထဲမှာ ကျဆုံးသွားပြီး အလောင်းကို ကောင်းကောင်း သဂြိုလ်ရတဲ့ ရဲဘော်တွေက တခြား အဖမ်းခံရပြီး သတ်ခံရသူတွေ၊ တိုက်ပွဲအတွင်းမှာ ကျန်ခဲ့ပြီး ကျဆုံးခဲ့သူတွေနဲ့ စာရင် အများကြီး တော်သေးတယ်လို့ ပြောလို့ရတယ်။

အဲဒီ ရဲဘော်တွေအနက် ရန်သူ အ၀ိုင်းခံရပြီး အပြင်းထန်ဒဏ်ရာ ရသွားတဲ့အချိန်သူ့ခန္ဓာကိုယ်ကို ရွှေ့လို့မရတော့တဲ့ အခြေအနေမှာ ရဲဘော်တွေ သူ့ကိုသယ်နေရင် ထွက်ပေါက် မရှိပဲ အကုန်လုံး သေနိုင်တယ်။ သူ့ကို သယ်ပြေးလို့ ဒီနေရာက သူလွတ်သွားတယ် ဆိုရင်တောင်မှ ကြာကြာနေရမှာ မဟုတ်တော့ဘူးဆိုတာ သိလို့ သူ့ကို အတင်းပဲ သယ်ပြေးဖို့ လုပ်နေတဲ့ ရဲ့ဘော်တွေကို ခွင့်မပြုပဲ နင်တို့မပြေးပဲ ငါ့ကို သယ်နေရင် အခုချက်ချင်း ငါ့ကိုယ်ငါ ပစ်သတ်မယ် ဆိုတာနဲ့ ခြိမ်းခြောက်ကာ သယ်ခွင့်မပြုပဲ ရဲဘော်တွေကို အကုန်လုံး ဘေးလွတ် အသေခံ ကာပစ်ပေးပြီး ကျန်ခဲ့တဲ့ တပ်မှူးတယောက်လည်း ရှိခဲ့ပါတယ်။ နောက်ဆုံး ဘယ်လိုမှ ပြောမရတဲ့အချိန်မှာ အပြန်အလှန်အလေးပြုပြီး ဒီမိုကရေစီ ရတဲ့အထိ ဆက်တိုက်ဖို့ပဲ မှာနေလို့ အလေးပြုပြီး နှုတ်ဆက်ခဲ့ရတယ်လို့ ပြောတယ်။ ဒီလိုနည်းနဲ့ အသက် ပေးသွားသူတွေလည်း ရှိပါတယ် မအယ်။

ဒီလို အလောင်းမရတဲ့ ရဲဘော်တွေအတွက် အမိန့်တော်ပြန်ရင် သူတို့ အသုံးအဆောင် ပစ္စည်းတွေကို သူတို့ ခန္ဓာကိုယ်ကိုယ်စား အသုံး ပြုပြီး အမိန့်တော်ပြန်ရပါတယ်။ မအယ်ရေ တောတွင်းရောက်သွားတဲ့ သူတွေ လူမသိသူမသိ မီဒီယာမသိနဲ့ အသက် ပေးဆပ်ခဲ့ရသူတွေ အများကြီးပါပဲ။ ဒီ ၈၁ ဦးဟာ ကျွန်မတို့ တပ်ရင်း (၂၀၁) တခုတည်းပဲ ရှိသေးတယ်။ ABSDF မှာ တပ်ရင်းတွေ အများကြီး ရှိခဲ့ပါတယ်။

မနက်မိုးလင်း အိပ်ခါနီး ရောက်လာခဲ့တယ်။ ဒီပို့စ်ကို ဖတ်ပြီး အရင်တင်ထားတဲ့ ပို့စ်ကိုပါ ပြန်ဖတ်မိတယ်။ မငယ်နိုင်ရဲ့ အဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို လေးစားဂုဏ်ယူမိပါတယ်။ တိုက်ပွဲမှာ ကျဆုံး၊ ဒါဏ်ရာတဲ့ ရဲဘော်တွေ အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဆက်လက်ရေးသားပါလို့ တိုက်တွန်းလိုပါတယ်။
လေးစားလျှက်...

စိတ်ဝင်စားတာရော ဖတ်ရရင် စိတ်တက်ကြွတာရော ...ဒါမျိုးပို့စ်တွေ ကွန်မန့်တွေက ပိုက်ဆံ ဘယ်လောက်တတ်နိုင်ပါစေ ဖတ်ရဖို့က မလွယ်ဘူးဗျ။
အမကိုရော ကွန်မန့်ပေးသူတွေပါ ကျေးဇူးတင်စရာပါ။အမ ဘဝ သည့်ထက်အောင်မြင်ပါစေ။

ဒီလို အညတရ သူရဲကောင်းတွေကို သူငယ်ချင်း မိတ်ဆွေတွေ ကပဲ တာဝန်သိစွာ မှတ်တမ်း ပြုထားကြရမှာ ဗျ၊ မရှင်းလို့ မေးချင်ပါတယ်၊ သူ့ တပ်ရင်းက မကြိုက်မှာ စိုးလို့ ဆိုတာ ဒီလူတွေက ရှုံးတာက အာဏာသိမ်း တောထဲ ပြေး ကတည်းကပဲ ဆိုတာပဲ မသိကြ လေရောလား? ခတ်စပ်စပ် ပြောတယ်လို့ မထင်စေချင်ပါ၊ အရှိတရားကို လက်ကိုင်ပြု ကြဖို့ပါ။ အား မလျော့ပါနဲ့ အိမ်ပြန်ကြရဦးမှာပါ။

သူ့တပ်ရင်းမဟုတ်ဘူး ကိုဒူကဘာ ကျွန်မတို့က တပ်ရင်း တရင်းတည်း တပ်ခွဲပဲ မတူတာပါ။ အဲဒီတပ်ခွဲက တိုက်ခိုက်ရေးမှာ သိပ်အားသန်ပြီး တိုက်တဲ့ တိုက်ပွဲတွေမှာကျဆုံးတဲ့ ရဲဘော်တွေ ရှိခဲ့ပေမယ့် ရှုံးတဲ့ပွဲ တနည်းအားဖြင့် ကိုယ့်ဘက်က ဆုတ်ရတဲ့ပွဲ သိပ်နည်းတယ်။ ဒီတပ်ခွဲက ရဲဘော်တွေမှာ တိုက်ခိုက်ရေးနဲ့ ပတ်သက်ပြီး မာန နည်းနည်းရှိပါတယ်။ အခုဖြစ်သွားတာ တခြားတပ်ခွဲကို လာလည်ရင်းနဲ့ ဖြစ်သွားတော့ သူတို့တပ်ခွဲက ဦးဆောင်ပြီးတိုက်တဲ့ တိုက်ပွဲလို့ အထင်ခံရမှာကို စိုးရိမ်မှုတွေ ရှိခဲ့တာ တွေ့လို့ နာမည်ရင်း မထည့်တာ ဖြစ်တယ်။

စာရော၊ မငယ်နိုင်ကောမန့်ပြန်ထားတာတွေပါဖတ်ရင်း ငိုမိပါတယ်

အစ်မ ဘယ်နှစ်ခုနှစ်အထိ ABSDF နဲ့ တောထဲမှာနေခဲ့ပါသလဲ။

၁၉၈၈ အောက်တိုဘာကနေ ၁၉၉၈ ကုန်ခါနီးအထိ

အစ်မတော်တော်ကြာကြာနေခဲ့တာပဲ။ အသတ်ခံရတဲ့ ဥက္ကဌကိုထွန်းအောင်ကျော်က ဘယ်ကပါလဲ။ ကျွန်တော် သိသလောက် ကိုထွန်းအောင်ကျော်နာမည်တူနှစ်ယောက် ရှိနေသလားလို့ပါ။

ရန်သူထောက်လှန်းရေးလို့ အစွပ်အစွဲခံရပြီး အသတ်ခံရတဲ့ ထွန်းအောင်ကျော်က မြောက်ပိုင်းဥက္ကဌ ထွန်းအောင်ကျော်ဖြစ်ပြီး တခြားထွန်းအောင်ကျော်က ABSDF တခုလုံးရဲ့ ပထမဆုံး ဥက္ကဌ ဖြစ်ပြီး အခုထိ US မှာ အသက်ရှိထင်ရှား ရှိနေပါတယ်။

ကြာတယ်ဆို အားလုံးတော့ မဟုတ်ဘူး ဗဟိုဌာနချုပ် ဒေါင်းဂွင်ကျပြီးနောက်ပိုင်း နောက်ဆုံးနှစ်နှစ်က အမျိုးသမီးအဖွဲ့တာဝန်နဲ့ ပြင်ပမှာပဲ လှုပ်ရှားတာများပြီး နယ်စပ်ကို သွားလိုက်ပြန်လိုက်ပဲ များပါတယ်။

အစ်မရေ
ဆက်မေးရဦးမယ်။ အဲဒီကျောင်းသားတွေသတ်တုန်းက ခေါင်းဆောင်ခဲ့တဲ့ သံချောင်းက ဘယ်ကပါလဲ။ သူ့ကိုဖမ်းမိတာ လွန်ခဲ့တဲ့ ၃ - ၄ နှစ်လောက်ကပဲလို့ထင်ပါတယ်။ သူက ကျောင်းသားတွေသတ်ပြီးတော့ ABSDF ထဲမှာ တော်တော်ကြာကြာနေခဲ့တာပဲနော်။

အဲဒါကတော့ ကျွန်မလည်း အတိအကျမသိဘူး ကချင်ပြည်နယ်ကလို့ သူများရေးထားတာကို ဖတ်ရပါတယ်။ ABSDF မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ ပြဿနာကို ABSDF တောင်ဘက်အကျဆုံးတပ်ရင်းက ဖြစ်တဲ့အပြင် အဲဒီအချိန်တွေတုန်းက ရှေ့တန်းဒေသမှာပဲ အချိန်ကုန်များတဲ့ အောက်ခြေရဲဘော်ယောက်အနေနဲ့ ကျွန်မလည်း ဒါတွေနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ဘဲ အခုမှ အဲဒီတုန်းက ညှင်းဆဲခံခဲ့ရပြီး မသေဘဲ ကျန်ခဲ့တဲ့သူတွေ ရေးထားတဲ့စာကို ဖတ်ရမှ သိရလို့ ဘာကြောင့် ဒီကိစ္စကို အခုထိအရေးယူမှုမလုပ်ဆိုတာတွေကို မေးမြန်းစုံစမ်း လေ့လာနေဆဲ ဖြစ်တယ်။

ကျေးဇူးတင်ပါတယ်အစ်မ

ကျောင်းသားတွေကို လေးစားပါတယ်...ပညာတွေတတ်ပီး ယုံကြည်ချက်အရ တောခိုနိုင်တာတစ်ခုတည်းနဲ့ တင်ကို လေးစားမိတာပါ..ဒါပေမယ့် မြောက်ပိုင်း လူသတ်မှုတွေသာ တကယ်ဖြစ်ခဲ့ရင် ကျောင်းသားတွေဟာ တစ်ခုခု မှားယွင်းနေသေးတယ်လို့ ထင်ပါတယ်.. တကယ်လို့ အဲဒီလိုသာဖြစ်ခဲ့ရင် ကျောင်းသားတွေဟာ ဒီမိုကရေစီဆိုတာကို မပြောသင့်ပါဘူး... အဲဒီကိစ္စတွေမှာ ကျောင်းသားအားလုံး မပတ်သက်ခဲ့ဘူးဆိုရင်တောင် ကျောင်းသား အဖွဲ့အနေနဲ့ အဲဒီကိစ္စတွေကိုပြေလည်အောင် ဖြေရှင်းသင့်တယ်လို့ ထင်မိလို့ပါ...

ဟုတ်ပါတယ် Anonymous (February 3, 2012 5:06 PM)ABSDF မှာ အခုဒီပို့စ်ထဲကလိုပဲ အသက်ပေးသွားတဲ့ ရဲဘော်တွေ ကျွန်မတို့ တပ်ရင်းတရင်းတည်းမှာတင် ၁၉၉၉ ခုနှစ်အထိ ကျွန်မတို့ ထိုင်းမှာ ရှိနေစဉ် ပြုစုခဲ့တဲ့ စာရင်းအရ ၈၁ ရှိပြီး တခုလုံးအနေနဲ့ဆို တထောင်ခန့်ရှိတယ်လို့ သိရတယ်။

မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ ကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ လက်ရှိ ABSDF ဗဟိုက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ABSDF မြောက်ပိုင်းက ပထ၀ီအနေအတားအရ နယ်စပ်ဆိုလို့ တရုတ်နိုင်ငံ တခုသာ ဆက်စပ်မှုရှိပြီး လမ်းပမ်းဆက်သွယ်ရေးအရရော ကြေးနန်းအဆက်အသွယ်အရပါ၊ ပြင်ပကမ္ဘာာနဲ့ သီးခြားလို ဖြစ်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က တတိယအကြိမ် ညီလာခံ ကျင်းပပြီးတဲ့အချိန်အထိ ABSDF မြောက်ပိုင်းဆိုတာ ဖွဲ့စည်းပုံအရ လုပ်ငန်းလည်ပတ်မှုအရ၊ တောင်ပိုင်းနဲ့ သီးခြားစီ ဖြစ်နေပြီး ၉၂ ဖေါ်ဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ဒီမြောက်ပိုင်းသတ်ဖြတ်မှုမှုတွေ ဖြစ်ပြီးသွားခဲ့တာကို တောင်ပိုင်းဗဟိုက သိရတာ မတ်လမှာမှ The Nations သတင်းစာမှာပါလို့ သိရတယ်လို့ အဲဒီတုန်းက ဗဟိုကော်မတီက ပြောပါတယ်။

ဧပြီလမှာ တောင်ပိုင်းဗဟိုက ဥက္ကဌနဲ့ အဖွဲ့ရောက်သွားပြီးမှ တောင်ပိုင်းဗဟိုနဲ့ မြောက်ပိုင်းဗဟို လုပ်ငန်းစီးဆင်းမှုကို စတင် ဆက်စပ်လုပ်ဆောင်ခဲ့တယ်ဆိုတာ သိရတယ်။ တောင်ပိုင်းဗဟို ရောက်သွားပြီးနောက်ပိုင်းမှာ သလျှိုလို့သတ်မှတ်ပြီး သံကွင်းတွေစွပ်ထားတာကို ဖြုတ်လိုက်တယ်၊ သူလျှိုတယောက်မှ သေဒဏ်ဆက်မပေးဖို့ ညှဉ်းဆဲတာအပါအ၀င် လူ့အခွင့်အရေး ချိုးဖေါက်တာတွေ ထပ်မလုပ်ဖို့ တောင်ပိုင်းဗဟိုက တောင်းဆိုချက်ကို မြောက်ပိုင်းဗဟိုက သဘောတူခဲ့တယ်လို့သိရတယ်။ ICRC နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်ဆိုတာ သိရပါတယ်။ ဒါဆိုရင် မြောက်ပိုင်း ABSDF ဟာ တောင်ပိုင်းအပေါအ၀င် ပြင်ပနဲ့ စတင်ဆက်စပ် အလုပ်လုပ်တာ ၉၂ ဧပြီနောက်ပိုင်းမှ စတယ်လို့ ပြောလို့ရပါတယ်။

အခုချိန်မှာ အဲဒီတုန်းက ရန်သူလူမဟုတ်ဘဲ အညှဉ်းဆဲခံခဲ့ရတဲ့ ကာယကံရှင်တချို့က ထုတ်ဖေါ်ရေးသားဖေါ်ပြလိုက်မှ ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားတယ်ဆိုတာ ကျွန်မလည်း အခုမှပဲ သိရတယ်။ အစကတော့ ရန်သူသလျှိုဆိုပြီး သေဒဏ်ပေးခဲ့တယ်ဆိုတာပဲ သိထားတယ်။ ဒါကိုလည်းပဲ လူ့အခွင့်အရေးကို တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ မဖြစ်သင့်ဘူးဆိုတာ အားလုံးကလက်ခံထားပါတယ်။ အဲဒီတုန်းက တောင်ပိုင်း ဗဟိုကိုယ်တိုင်ကလည်း ဒီကိစ္စအပေါ် မြောက်ပိုင်းဗဟိုက အစီရင်ခံတဲ့အတိုင်းပဲ ရန်သူသလျှို ဖေါ်ထုတ်အရေးယူမှုအဖြစ် လက်ခံထားလိုက်ပုံရပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ မဖြစ်သင့်မဖြစ်ထိုက်ဘူး၊ ABSDF သမိုင်းမှာ အမဲစက်ကြီးတခု ဖြစ်တယ်၊ တချိန်ချိန်မှာ တာဝန်ယူဖြေရှင်းရမယ်ဆိုတာ ဗဟိုကော်မတီအဆက်ဆက်က အမြဲတမ်း နှလုံးသွင်း လက်ခံထားပြီး အခုချိန်မှာ မဟုတ်ဘဲနဲ့ ခံရတဲ့သူတွေဆီက အသံတွေထွက်လာချိန်မှာ ဒီကိစ္စကို အမှန်တရားဖေါ်ထုတ်ဖို့အတွက် လောလောဆယ် လုပ်နိုင်စရာဆိုလို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့ပြီး စဆင်ဆောင်ရွက်နေတဲ့အကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက်သော်လည်းကောင်း၊ ဘယ်လိုအကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်ဆိုတာအပါအ၀င် ကာယကံရှင်တွေ ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အထူးလိုအပ်ကြောင်း ABSDF ဥက္ကဌ ကိုသံခဲက ၂၉-၁-၁၂ ရက်နေ့က ဆစ်ဒနီမှာ ကျင်းပတဲ့ Public Meeting မှာ မေးခွန်းမေးသူတဦးကို ဖြေရင်း ပြောသွားခဲ့ပါတယ်။ အမှန်တရားကတော့ ဖုံးကွယ်လို့မရပါဘူး မဟုတ်ရင်မဟုတ်တဲ့အတိုင်း အဖြေမှန်က ပေါ်မှာပါ။ ABSDF ဟာ တိုင်းပြည်အတွက် လိုအပ်ချက်တွေ အများကြီးကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီအမဲစက်ကြောင့်တော့ ABSDF ဟာ ပြည်သူလူထုအတွက် ပေးဆပ်လာတဲ့ သမိုင်းကို ဖျောက်ဖျက်လို့ မရပါဘူး။

ဒါကတော့ ပေါ်က နောက်ဆုံးမှတ်ချက်ပေးသွားတဲ့ Anonymous နှစ်ယောက်စလုံးအတွက် ABSDF တပ်ဖွဲ့ဝင်ဟောင်း တဦးအနေနဲ့ မြောက်ပိုင်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကျွန်မသိထားတဲ့အချက်တွေနဲ့ သဘောထားကို အကြောင်းပြန်တာပါ။

အစ်မကြီး ငယ်နိုင်ခင်ဗျား...

အေဘီ မြောက်ပိုင်းလူသတ်ပွဲအကြောင်း ဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး။ ၁၉၈၈ အရေးတော်ပုံ ကာလမှာ ကျွန်တော်က (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်ရလောက်အောင်တော့ အစ်မကြီးတို့လို သွေးမရဲခဲ့ပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်ရလောက်အောင်လည်း သတ္တိ မကောင်းခဲ့ပါဘူး။ မိဘရိပ်မှာပဲ ပညာကို ကောင်းကောင်းသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ်မကြီးတို့လို လူတွေကို လေးစားပါတယ်လို့ ပဏာမ ပြောပါရစေ။


အေဘီမြောက်ပိုင်း လူသတ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် အကြံနည်းနည်း ပေးချင်ပါတယ်။

စနစ်တကျ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ထဲမှာ သူလျှိုလို့ ထင်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ သဘာဝကျပါတယ်။ ဒါပေမယ့် နှိပ်စက်ညှင်းပန်းတာကိုတော့ ဘာအကြောင်းပြချက်နဲ့မှ လက်မခံနိုင်ပါဘူး။

လက်နက်ကိုင် တိုက်ပွဲတစ်ခုမှာ ဖမ်းဆီးပြီး လူမဆန်အောင် နှိပ်စက်တာဟာ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ International Humanitarian Law (IHL) ဟာ စစ်ဥပဒေပါ။


ဒါကြောင့် အစ်မကြီး ငယ်နိုင်အနေနဲ့ လုပ်လို့ရတာ တချို့ကို ကျွန်တော်စဉ်းစားမိသလောက် ပြောပါ့မယ်။

ဒီအဖြစ်အပျက်ဟာ လက်နက်ကိုင် စစ်ပွဲတစ်ခု အတွင်းမှာ ဖြစ်တဲ့အတွက် အိုင်စီစီ (အပြည်ပြည်ဆိုင်ရာ စစ်ရာဇ၀တ်ရုံး)ကို တင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကို သေချာစေချင်ရင်တော့ ကိုယ့်ဘက်က အထောက်အထားကို ရသလောက် အခုကတည်းက စုထားသင့်ပါတယ်။ လက်ရှိအေဘီ ခေါင်းဆောင်ပိုင်းရဲ့ ပူးပေါင်းမှုကို ယူသင့်ပါတယ်။

တစ်ဖက်ကလည်း ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ စစ်ဥပဒေအကြောင်းကို ပိုပြီး နားလည်ချင်ရင်တော့ Australia Red Cross ကို အကူအညီ တောင်းလို့ရပါတယ်။ နီးစပ်ရာ အော်ဇီကြက်ခြေနီ အသင်းကို ဆက်သွယ်ပြီး အခြေအနေကို ပြောပြရင် သူတို့က ရှင်းပြပေးနိုင်ပါတယ်။ ဒါသူတို့ရဲ့ လုပ်ငန်း အစိတ်အပိုင်း တစ်ခုပါ။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross-ICRC) ကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်ပါတယ်။

ဖမ်းထားသူတွေကို နှိပ်စက်တယ်ဆိုတာ ဘယ်ဥပဒေကမှ ခွင့်မပြုထားပါဘူး။ စစ်ဖြစ်နေချိန်မှာတောင် ရန်သူသုံ့ပန်းကို မနှိပ်စက်ရဘူးလို့ စစ်ဥပဒေ (International Humanitarian Law) က အတိအလင်း ပြောထားပါတယ်။ ဒီဥပဒေကို နိုင်ငံအားလုံးက အတည်ပြု လက်မှတ်ထိုးထားတာပါ။ မြန်မာပြည်ကည်း ဦးအုန်းကျော် လက်ထက်မှာ လက်မှတ်ထိုးထားပါတယ်။

အီရတ်မှာ ရှိတဲ့ အဘူဂါရစ် ထောင်ထဲမှာ စစ်ကြောရေး လုပ်ရင် သုံးတဲ့ နည်းတစ်ခုချင်းစီကို အမေရိကန် ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပြီးမှ သုံးရပါတယ်။ ဒါက အမေရိကန်က လူမျိုးခြား မွတ်ဆလင် အကျဉ်းသားတွေကို ဆက်ဆံရင်တောင် တင်းကျပ်ထားတာကို ပြောချင်တာပါ။

အေဘီမြောက်ပိုင်းက ခံယူချက်တူတဲ့ ကျောင်းသားအချင်းချင်း ဒီလောက် လုပ်တာကို ဘယ်လိုမှ အကြောင်းပြလို့ မရပါဘူး။

ကိုယ်လေးစားရတဲ့ နောင်တော်တွေကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုကို ချပြကြည့်တာပါ။ ကျေးဇူးပါ။