မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကိုဆောင်းယွန်းလ တပ်ထားတဲ့ ညည်းဖြစ်သော သီချင်းများ


တောတွင်း ABSDF မှာတုန်းက တပ်ရင်း တရင်းတည်းအောက်မှာ အတူတူ တိုက်ပွဲဝင်လာခဲ့တဲ့ ကိုဆောင်းယွန်းလ က ကျွန်မကို စကားများများ ပြောတာတောင် တခါမှ မတွေ့ဖူးလို့ ဘာသီချင်းတွေများ ညည်းလဲဆိုတာ စိတ်ဝင်စားပုံရပါတယ်။ ညည်းဖြစ်သော သီချင်းများနဲ့ ပတ်သက်ပြီး ဘလော့ဂ် သက်တမ်း နှစ်လပြည့်ခါစတောင် တပ်ထားတာ အခုဆို တလခန့်တောင် ရှိနေပါပြီ။ ကျွန်မလည်း ကိုယ့်အသံကိုယ် သဘောပေါက်လို့ လူရှေ့သူရှေ့မှာ သီချင်း တခါမှ မညည်းဖူးပေယ့် တယောက်တည်း ရှိတဲ့အချိန်တွေမှာ ညည်းဖြစ်တဲ့ သီချင်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်သူရေးပြီး ဘယ်သူဆိုတယ်ဆိုတာ မသိတဲ့ အပြင် သီချင်းနာမည်တွေကိုလည်း မမှတ်မိတာက ပိုများပြီး တပုဒ်လုံး ပြည့်အောင်ရတာလည်း မရှိတဲ့သီချင်းတွေသာ ဖြစ်နေတယ်။ သီချင်းရေးသူနဲ့ ဆိုသူတွေ သိတဲ့အထိ စောင့်နေရင် ဘယ်တော့မှ ရေးဖြစ်မှာ မဟုတ်လို့ ရှာမနေတော့ပဲ ရသလောက်ကို တင်ပေးလိုက်ပါတယ်။


ကျွန်မက ဘ၀မှာ မိဘ၊ မောင်နှမ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ အိမ်မွေးတိရိစ္ဆာန် ခွေး၊ ကြောင်၊ ကျွဲ၊ နွားတို့လို သက်ရှိတွေတင်မက သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းတွေဖြစ်တဲ့ နေရာဒေသ၊ သုံးစွဲခဲ့ဖူးတဲ့ ပစ္စည်းတွေကိုတောင်မှ ငြိတွယ်တဲ့ သံယောဇဉ် လုံးဝထားခွင့် မရတဲ့ဇာတာပါလာပုံ ရပါတယ်။ တစုံတယောက် (သို့) တခုခုကို နည်းနည်းလေး သံယောဇဉ် ဖြစ်မိတာနဲ့ ချက်ချင်းကို ကွေကွင်းဖို့ အကြောင်းက ဖန်လာပြီး အဲဒီ ကွေကွင်းရတဲ့ ဒုက္ခကို တသက်စာ ခံစားလို့ မဆုံး ဖြစ်ရပါတယ်။ ဒါကြောင့်မို့ မင်္ဂလာတရားနဲ့ ညီအောင် kiki ဘလော့ဂ်မှာ ရေးထားတဲ့ မချစ်မမုန်း အကောင်းဆုံး ဆိုတဲ့ သဘောတရားအတိုင်း လိုက်နာပြီး ဘယ်သူနဲ့မှ မရင်းနှီးအောင် ဘာကိုမှ မကပ်ငြိအောင် ကြိုးစား နေလာခဲ့ပါတယ်။ ဒါပေမဲ့ အရိယာ သူတော်စင်မှ မဟုတ်ပဲ ကြုံတွေ့ဖူးပြီး ကပ်ငြိဖူးတာမှန်မျှကို တွယ်တာမိလို့ ရင်နဲ့မဆံ့အောင် ခံစားရပါတယ်။ အဲဒီလို သံယောဇဉ် ဖြစ်ဖူးတဲ့ သက်ရှိသက်မဲ့တွေကို သတိရတိုင်း ၎င်းတို့နဲ့ ပတ်သက်တဲ့ သီချင်းလေးတွေကို ညည်းဖြစ်ပါတယ်။

ကျွန်မငယ်ငယ်က ဆရာဆရာမတွေက ကျွန်မဘ၀ကို နွေးထွေးမှု သိပ်ပေးခဲ့လို့ ၀လုံးကို လက်ထပ်ပြီး သင်ကြားပေးတဲ့ သူငယ်တန်းက ဆရာမကနေ ရှုပ်ထွေးလှတဲ့ Organic Chemistry formulae တွေကို ရှင်းအောင် ရှင်းပြတဲ့ ၁၀ တန်း သိပ္ပံခန်းက ဆရာမအထိကို အမြဲအမှတ်ရနေပါတယ်။ အဲဒီလို ဆရာဆရာမတွေနဲ့ ငယ်ငယ်က ပညာ စတင် သင်ကြားဖူးတဲ့ မူလတန်းကျောင်းက သူငယ်ချင်းတွေကို သတိရရင်

”မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိ အတန်းကို ကောင်းအောင် ကြိုးစားမည် မိမိ ကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိ တိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။ ဂတိလေးချက်ကို မူတည် ဖွဲ့စည်းခဲ့တဲ့ ကျောင်းကောင်စီ အသင်းလေးသင်းဖွဲ့ကာရယ် ကျန်စစ်သားနဲ့ ဘုရင့်နောင် အလောင်းဘုရားနဲ့ ဗန္ဓုလရဲ့အမည်” အဲဒါမဆလ ခေတ်က ကျောင်းသားတွေ ဆိုရတဲ့ ကျောင်းကောင်စီ သီချင်းပါ။ ခုခေတ် ကျောင်းသားတွေတော့ ဘာတွေဆိုရလဲမသိဘူး။

အိမ်က အဖေကို သတိရရင် ဆိုတာက အဖေအမြဲဆိုတတ်တဲ့ သီချင်း ဖြစ်တဲ့ ”တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်၊ ဗမာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့ ပြလိုက်မယ်၊ ဗမာ့ရဲ့ သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ် ဝေးစွာ ရှောင်ကြပါလို့ ငါတို့ ဟစ်ကြွေးတယ်။ တို့ဗိုလ်က ဓါးဆွဲလို့ ရှေ့ကတက်ပါတယ်။ သူတို့အလောင်းကောင် ကွယ်ကာပြုလို့ ငါတို့တိုက်ခိုက်တယ်“ တဲ့။ ဒါက ခေတ်အဆက်ဆက်က ရဲရဲတောက် စစ်သည်တော်တွေ ဆိုတဲ့သီချင်း ဖြစ်ဖို့များတယ်။

အမေကို သတိရရင်တော့ အမေအမြဲဆိုတတ်တဲ့ "သံသရာဘုံ မလွတ်ကင်းနိုင်ကြကုန် ဤကမ္ဘာမြေ၀သုန် မေတ္တာနယ်ထဲ သက်ဆင်းကာကြုံ လွဲရှောင်နိုင်မရကုန်…… ….... ....မေတ္တာဖြန်းမှ လန်းဆန်းမယ်သာယုံ" ဆိုတဲ့သီချင်း ရေးသူရော ဆိုသူပါ မမှတ်မိတော့ပါ။

ကျွန်မအကိုအကြီးဆုံးက ကျွန်မသုံးလေးနှစ်လောက်မှာ အိပ်ကနေ ထွက်သွားပါတယ်။ကျွန်မတို့ မိသားစုနဲ့ မခွဲခွာမီက ကျွန်မကို လက်ဆွဲ၊ ကျွန်မညီမလေးကို ပုခုံးမှာထမ်းပြီး အမြဲဆိုတတ်တဲ့ ”တယောက်မှတဆင့် ပိတောက်မ အချစ်ကို ပြောရရင် မောင်တော့ ရှက်လှပါပေတယ်၊ စစ်ပွဲတရာ နွှဲလိုက်ချင်ရဲ့ အချစ်တပွဲမှ မနွှဲချင်တော့ဘူးကွယ်” ဆိုတဲ့ တွံတေးသိန်းတန်ရဲ့ အချစ်တပွဲနဲ့ စစ်ပွဲတရာ သီချင်းကို အမြဲဆိုတတ်လို့ ကျွန်မအကိုကို သတိရတိုင်း ဒီသီချင်းကို မကြာခဏ ညည်းဖြစ်ပါတယ်။

ကျွန်မတို့ ငယ်ငယ်က ချီပိုးထိန်းကျောင်း ကျွေးမွေးပြုစုလာတဲ့ ကျွန်မအစ်မကြီးကို သတိရရင်တော့ ” ပြာရည်မှိုင်းကာမို့မို့... ညို့ညို့ညိုလွင်... ညင်းလေပြေ သွေးလို့ကာ ဖေးမကူချင်…” အစချီတဲ့ ၀င်းဦးရဲ့ တိမ်လွှာမို့မို့လွင် (ဦးဂင်ကြီးနဲ့ အကြိုက်ချင်းတူနေတယ်) သီချင်း အပါအ၀င် မာမာအေး၊ ချိုပြုံး၊ တင်တင်မြ၊ ကိုတင်လှိုင်၊ ကိုသန်းလှိုင် စန္ဒယားချစ်ဆွေ၊ စန္ဒရားလှထွဋ် တို့ ဆိုတဲ့ အစ်မတို့ခေတ်က ပေါ်တဲ့ အလွမ်းသီချင်း အတော်များများ ကျွန်မကြိုက်လည်းကြိုက်တယ် ညည်းလည်း ညည်းဖြစ်တယ်။

အဲဒီအလွမ်းသီချင်းတွေ အထဲက အကြိုက်ဆုံးတပုဒ်ကတော့ ကိုတင်လှိုင်ဆိုတဲ့ ရွက်ဝါကြွေလူး သီချင်းဖြစ်တယ်။ ” ရွက်ဝါကြွေလူး... နွေဦး.. ပုရွက်ဖူးဝေ၍ ဖူးငုံစီမြ ပွင့်သည့်လကို မျှော်တလေသည့် မေ့အဖြစ်များ... မျှော်ကာ မျှော်ကာလေတိုင်း... စိတ်ရိုင်းတွေ..ရင်မှာမစဲ သူ့ကိုပဲ သတိရခြင်းနဲ့ ရင်မှာ ကုဋေကဋာ ပြန်လည်တသ မေ့မရနိုင်ပြီ” တောတွင်းရောက်လာပြီး နောက်ပိုင်း ကျွန်မတို့ မင်္ဂလာဆောင်ပြီး နောက်နေ့မှာ အစ်မကို သတိရလို့ ဒီသီချင်းကို ညည်းလိုက်မိတယ်။ အဲဒါနဲ့ ပြဿနာက စပြီး စစ်လားဆေးလား အလုပ်ခံရတော့တာပဲ ”ရည်းစား မရှိဖူးဘူးဆိုတာ ဟုတ်ကော ဟုတ်ရဲ့လား၊ ဒီသီချင်းကို ဘာအတွက် ဆိုရတာလဲ” နဲ့ ပုလိပ်စစ်သလို အလုပ်ခံရတော့ ပြဿနာ မဖြစ်ချင်တာနဲ့ ”ကဲ ကဲ မကြိုက်ရင်လည်း မဆိုတော့ဘူး အဓိပ္ပါယ် မရှိတာတွေ လာမမေးပါနဲ့” လို့ ပြောပြီး နောက်တော့ အစ်မကို သတိရလည်း သူ့ရှေ့မှာ ဒီသီချင်းကို ဘယ်တော့မှ မညည်းဖြစ်တော့ဘူး။

တောတွင်းကာလ စစ်သင်တန်းတက်တဲ့အချိန်ကို သတိရရင်တော့ တော်လှန်ရေး သီချင်းများအားလုံးနဲ့ ”ကျောင်းသားတပ်မတော် သီချင်းနဲ့ အရေးကြီးပြီ (ထူးအိမ်သင်)” သီချင်းတွေကို အများဆုံး ညည်းဖြစ်တယ်။ (သီချင်းစာသားကို နောက်မှ ပြန်ဖြည့်ပေးမယ်)

တပ်ရင်းမှာ အခမ်းအနားတွေ လုပ်တဲ့အချိန်ကို သတိရရင်တော့ စန်းစန်းမြင့် သီဆိုခဲ့တဲ့ ဘ၀တက္ကသိုလ်ကို ညည်းဖြစ်တယ်။ ” ကျမတို့ လူငယ်ပီပီ.. ရေမြေတကွဲတပြား.... တသီးတခြား နေလာခဲ့ကြတယ်... ဒါပေမဲ့ ယနေ့အခါ… ဘ၀တက္ကသိုလ်မှာ ၀င်လာဆုံစည်းလို့ရယ်.... သွေးကပြောလာစဉ်အခါ.... အကိုညီငယ် မောင်ငယ်နှမတို့လို... ခင်ကြတယ် မင်ကြတယ်… ခင်ကြမင်ကြပါပေတယ်....။ တစည်းတည်း တလုံးတည်း… လက်တွဲ တိုင်ပင် တူယှဉ်ညှိနှိုင်းလို့… ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်... တဘက်တလမ်း တာဝန်ထမ်းလို့ရယ်... ဒီလမ်းကိုလျှောက် ဒီစခန်း ဒီလမ်းရောက်မှ... ဒီစမ်းကရေကို သောက်ရမည် … ရည်မှန်းချက် အနီရောင် တောက်ရမည်” ကို မကြာခဏ ညည်းဖြစ်ပါတယ်။

အမျိုးသားက တခါတလေ တခြားမြို့တွေကို ညအိပ်ညနေ သွားလည်တဲ့အခါ သူတောထဲမှာတုန်းက ကျွန်မကို ဆွဲဆောင်ခဲ့တဲ့ သီချင်းတွေ အများကြီးအနက် အကြိုက်ဆုံးသီချင်း နှစ်ပုဒ်ကတော့ ” အရှုံးမပေးနဲ့ မိငယ်ရေ… ရဲရင့်မှ ကျော်ဖြတ်သွား... အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ တကယ်ကိုယ်ကျိုး စွန့်နိုင်မှာ........” ဆိုတဲ့ ”ခွန်အားဖြည့်မိငယ်” သီချင်းနဲ့ ”အေးအတူ ပူအမျှတို့ဘ၀လေးမှာ... သာယာစိုပြေ ချမ်းမြေ့တလှည့်နဲ့... ပူပင်ဆူလောင် ပွက်ပွက်ညံခြင်းရယ် … သွားတလှည့်လာတလှည့်နဲ့... ခဏခဏ ကြုံမှာပဲလို့ …စိတ်မညစ်နဲ့လေ အားပေးရင်းနဲ့...” ဆိုတဲ့ ”အေးအတူပူအမျှ” သီချင်းကို ညည်းဖြစ်တယ်။ ကျွန်မ အမျိုးသားက ခင်မောင်တိုး သီချင်းကို ခင်မောင်တိုးနဲ့ တသံတည်း ဖြစ်အောင် ဆိုတတ်တယ်။


ကျွန်မ ညအိပ်ရာဝင်ခါနီးတိုင်း ဆိုဖြစ် ညည်းဖြစ်တဲ့ သီချင်းတွေကတော့ ကျွန်မသားက ကျွန်မကို Burmese Idlol ၀င်ပြိုင်ရင် ပထမရနိုင်တယ် လို့ချီးကျူးတဲ့ ကလေးကဗျာတွကို ဖျက်ဆိုတဲ့ သီချင်းပါ။ ”twinkle twinkle little star how I wonder what you are” သံစဉ်ကိုယူပြီး ”မေမေသားလေး လိမ္မာတယ်…. မေမေသားလေး အိပ်တော့မယ်” ဆိုတဲ့ နှစ်ခွန်းတည်းနဲ့ တေးကဗျာပုဒ်လုံး ပြီးအောင် အစားသွင်းပြီး ထည့်ဆိုတယ်။ This old man ကဗျာရဲ့ သံစဉ်ကိုတော့ ”မေမေသား…သားလိမ္မာ.. မေမေသား.. သားလိမ္မာကို မေမေချစ်.. မေမေသားလေး လိမ္မာတယ်… မေမေသားလေး အိပ်တော့မယ်…” ဆိုတာနဲ့ အစားသွင်းပြီး ယခုထိ နေ့တိုင်းဆိုဖြစ်တယ်။

ကိုဆောင်းယွန်းလ တပ်ပြီးမှ ညည်းဖြစ်တဲ့သီချင်းကတော့ ”ကိုကိုချစ်” သီချင်းပါ။ အကြောင်းရင်းကတော့ ကျွန်မတို့ တပ်ရင်းမှာ ကိုဆောင်းယွန်းလကို သိပ်ပြီး နှစ်သက်မြတ်နိုးခဲ့တဲ့ နီနီ (အမည်ရင်းမဟုတ်ပါ) ဆိုတဲ့ ကောင်မလေးတယောက် ရှိခဲ့ပါတယ်။ ကိုဆောင်းယွန်းလက အဲဒီအချိန်က အခုလို ကတုံးဆံပင်နဲ့ မဟုတ်ပဲ ဆံပင်ကို ရှည်ရှည်ထားပြီး ခပ်ပွပွ ညှပ်ထားတော့ နီနီကို သိပ်ပြီးမျက်စိကျစေတယ်။ ဒီတော့ နီနီက အဆောင်မှာ ရောက်ရင် ဒီသီချင်းကို ကိုကိုချစ်ရေလို့ မူရင်းအတိုင်း မဆိုပဲ ”ကိုကိုတူးရေ တို့ကတော့ ခေါ်မှာပဲလေ” နဲ့ အစချီပြီး အဆောင်မှာ အမြဲတမ်း လာလာဆိုတတ်လို့ မိန်းကလေးဟာ မိန်းကလေးလိုနေပါလို့ အမြဲဆုံးမရပါတယ်။ ကိုဆောင်းယွန်းလက ကျွန်မကို တပ်လိုက်တေ့ ပျော်တတ်တဲ့ နီနီကို သိပ်သတိရမိပြီး ဒီသီချင်းကို ညည်းဖြစ်တယ်။ (ဆောရီး ဒီပို့စ်ကို NM မတွေ့စေနဲ့နော့်၊ သတိပေးရက်နဲ့ တွေ့သွားလို့ ပြဿနာဖြစ်ရင်တော့ တာဝန်မယူဘူး)။
 





ပြီးခဲ့တဲ့ စနေနေ့က ကျွန်မတို့ ဆစ်ဒနီမြို့မှာ မြန်မာပြည်က အနုပညာရှင်တွေ နာဂစ်ဒေသ ရန်ပုံငွေအတွက် ပွဲလာကပြီးနောက်ပိုင်းမှာတော့ အခုရက်တွေထဲမှာ ညည်းဖြစ်တာက ၂၁ နှစ်ကျော်မှ ပထမဦးဆုံး ပြန်ကြည့်ရတဲ့ နှစ်ပါးသွားအကမှာ ဇာတ်မင်းသားတွေ သီဆိုကကြတဲ့ ရွှေမန်းတင်မောင်ရဲ့သီချင်း ”အောင်ပါစေ” သီချင်းပါပဲ။ ဒီသီချင်းကိုတော့ ကျွန်မ မညည်းပြတော့ပါဘူး ရွှေမန်းတင်မောင်ရဲ့မြေး တင်မောင်ဆန်းမင်းဝင်း ကိုယ်တိုင် သီဆို ကပြထားတဲ့ပုံကိုသာ ဆက်ကြည့်ပြီး နားထောင်ပေတော့။ ဒီလောက်ဆို ကိုဆောင်းယွန်းလ tag ထားတာနဲ့ ပတ်သက်ပြီး ကျေနပ်လိမ့်မယ် ထင်ပါတယ်။

ပို့စ်ကို စတင်တုန်းက ပြန်တပ်ဖို့ မေ့သွားလို့ အခုမှ ထပ်ဖြည့်ပြီး တပ်လိုက်ပါတယ်။ ဆက်ပြီးတပ်ချင်တဲ့ သူတွေကတော့ အများကြီးရှိပေမဲ့ ဘလော့ဂ်သက်တမ်း သုံးလပဲ ရှိသေးတယ်ဆိုတော့ ဘယ်လောက်ရင်းနှီးတဲ့သူကို တပ်ရတယ်ဆိုတဲ့ တပ်တာနဲ့ ပတ်သက်ပြီး သဘောသဘာဝကို သိပ်နားမလည်သေးတာရယ် ကျွန်မက လူတိုင်းကို ခင်ပေမယ့် အွန်လိုင်းပေါ်မှာပဲ သိတဲ့ဘလော့ဂါတွေအထဲမှာ ကျွန်မကို တပ်ရလောက်အောင် ခင်မင်ရင်းနှီးသူတွေ ဘယ်သူတွေ ရှိတယ်ဆိုတာ မသိတာရယ်ကြောင့် နဂိုကတည်းက အပြင်မှာ သိပြီးသားဖြစ်တဲ့ ဘလော့ဂါတွေကိုပဲ တပ်ဖို့ အရင်စဉ်းစားလိုက်မယ်။ ရဲဘော်ကြီး နော်မန် နဲ့ မောင်လေး စောကျော်ခွိ (ကရင်သီချင်း ဖြစ်ရင် ဗမာလိုပြန်ပေးရမယ်) ဘာသတင်းထူးလဲဆိုတာပဲ လိုက်ရှာပြီး တင်နေရတာကို ခဏလေး Relax လုပ်ပေးစေချင်လို့ တပ်ပါတယ်။ နောက်တယောက်က တောထဲမှာတုန်းကတော့ ရှေ့တန်းမှာပဲ တိုက်ပွဲတွေနဲ့ အချိန်ကုန်ပြီး အခုကျတော့ သတင်းတွေနဲ့ပဲ အချိန်ကုန်နေတဲ့ သူငယ်ချင်း လူလ ကို relax ဖြစ်စေချင်လို့ ရေးပေးစေချင်တယ်။ ပြီးတော့ လာမည့် ABSDF နှစ်ပတ်လည် အခမ်းအနားအတွက် အလုပ်များနေရှာလို့ ခဏတာ relax ဖြစ်စေချင်တဲ့ စေတနာနဲ့ တပ်ချင်တာက ကျွန်မတို့ ABSDF New South Wale Branch ဥက္ကဌ အဲ.. ဦးဆောင်ကော်မတီ စနစ်မဟုတ်တော့ဘူးဆိုတော့ အတွင်းရေးမှူးများ အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုအောင်နိုင်လေး နှင့် ဘလော့ဂ် ဆိုတာကို ကျွန်မ စတွေ့ဖူးတုန်းက အမြဲမပြတ် ဖတ်ခဲ့တဲ့ ဘလော့ဂ်တခု ဖြစ်ပြီး အခုချိန်မှာ ပို့စ်သိပ်မတင်တော့တဲ့ ဆရာယောဟန်အောင် ကို တပ်ချင်ပါတယ်။ ဆရာ အလုပ် များနေလို့ နားထားတယ်ဆိုတာ သိပေမယ့် ခဏ အချိန်ရရင် Relax လုပ်တဲ့အနေနဲ့ ရေးပေးစေချင်ပါတယ်။ အပြင်မှာသိတဲ့ ဘလော့ဂါတွေတော့ ကုန်သွားပြီ ချွင်းချက်အနေနဲ့ အပြင်မှာ လူချင်း တခါမှ မတွေ့ဖူး၊ မမြင်ဖူးပေမယ့် အွန်လိုင်းပေါ်မှာ တကယ်ကို မောင်နှမ အရင်းလို ရင်းနှီးနေပြီး ကျွန်မဘလော့ရဲ့ လိုအပ်ချက်တွေကို အမြဲတမ်း လာကူညီပေးနေတဲ့ မိုးသွေးငယ် ခေါ် မောင်လေး ကိုလတ်ကို တပ်လိုက်ပါတယ်။ နောက်ထပ်တယောက်က ကျွန်မဒီပို့စ်ကို ရေးတဲ့အချိန်မှာ ကျွန်မကို tag ထားပြီးသားဖြစ်တဲ့ ညီမလေး မချစ်ရ ကို ပြန်တပ်လိုက်ပါတယ်။ ဖြစ်အောင် ရေးပေးကြစေချင်ပါတယ်။


(သီချင်းစာသားတွေက မှတ်မိသလို ရေးထားတာသာ ဖြစ်လို့ အမှားပါရင် ခွင့်လွတ်ကြပါ၊ ပြီးတော့ မွေးရပ်မြေမှ အဝေးရောက်နေတဲ့ မြန်မာတွေအားလုံး မြန်မာ့ ယဉ်ကျေးမှု အနုပညာ စစ်စစ်ကို ခံစားချင်ရင် တင်ထားတဲ့ ဗွီးဒယိုကို ဖြစ်အောင်ကြည့်ပြီး သီချင်းကို နားထောင်ဖို့ မမေ့ပါနဲ့။ အဲဒီပွဲတော်နဲ့ ပတ်သက်တဲ့ပို့စ်ကိုနောက်ပိုင်း အချိန်ရင် တင်ဖို့ ရှိပါတယ်)

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။


18 comments:

ညီမရေ...တိုက်ဆိုင်လိုက်တာ
အမလည်း အမသမီးကို သိပ်ရင် ဆိုပြတဲ့ သီချင်းနဲ့
ညီမသားကို ဆိုပြတဲ့ သီချင်းက စကားလုံးတွေက အားလုံးတူတူဘဲ...( မေ့မေ့သမီးလေး လိမ္မာ တယ်..
မေမေ့သမီးလေး အိပ်တော့မယ် ) အမက သီချင်းသာ
အရမ်းကြိုက်တာ တပုဒ်လုံး ရအောင် ဆိုတတ်တဲ့သူ
မဟုတ်တော့ ပါးစပ်ထဲ လွယ်တာ ဆိုပြီး သိပ်တော့
အဲ စကားလုံးတွေဘဲထွက်လာတော့တယ်...

mie nge

အဲဒီ အောင်ပါစေ သီချင်းကို လေးလေးတို့တော့..
စာမေးပွဲနားနီးရင် မိန်းကလေးဆောင်ရှေ့..
သွားဆိုတာပဲ...

ဒီ post ဖတ်ရင်း ဖွင့်ထားမိတာ ရွှေမန်းတင်မောင်ရဲ့မြေး တင်မောင်ဆန်းမင်းဝင်းကတော့ နားငြီးတယ်ဗျား) အောင်ပါစေ :D

မငယ်ကတော့ လုပ်ပြီဗျာ...
တဂ်ပို့စ်ကို အမှတ်တရအဖြစ် သတိတရရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်မငယ်ရေ...

ကိုကျော်နိုင်နဲ့ကျနော်နဲ့ ကြိုက်တဲ့အဆိုတော် ကြိုက်တဲ့သီချင်းတွေက အတူတူပဲ...ကိုခင်မောင်တိုးကိုငယ်ငယ်ကတည်းက ကြိုက်ပါတယ်..
ခုတော့လည်း အသက်ကြီးလာမှ လေးဖြူသီချင်းတွေကိုကြိုက်နေမိတယ်...
မငယ်ဆိုညည်းတတ်တဲ့ သီချင်းတွေကို ဖတ်ရပြီး အတိတ်တွေကို သတိရသွားမိပါတယ်.....စန်းစန်းမြင့်ဆိုတဲ့ သီချင်းနဲ့ ကိုငှက်ရဲ့ အရေးကြီးပြီသီချင်းကို ဖတ်ရလို့ အထူးသဖြင့် တပ်ရင်းကိုသတိရသွားမိပါတယ်...

ခင်မင်လျှက်
ဆောင်းယွန်းလ

မငယ်နိုင်က မဆိုတတ်ဖူးသာပြောတယ် ..ဆိုလိုက်တဲ့ သီချင်းတွေကလည်း အများသားးး
အလွမ်းအဆွေး၊ ဇာတိမာန် ၊ ကလေးချော့ ။ခေတ်ပေါ်။ရေဒီယို ၊ စတီရီယို ၊ မိုနို ၊အာဂျီနို မိုတို.. အဲလေ... လိုင်းပေါင်းစုံ.. .. နေတာပါပဲ .... ကိုအောင်သာငယ် လို ဆို /တီး လုပ်ဖို့  အစီအစဉ်လေး .. ပွဲတောင်းဆိုပါတယ် ၊။

ပရိဿတ် တဦး ...

ဖြူတုတ်သိတဲ့ သီချင်းတချို့ကို တူတူဆိုသွားပါတယ် မngaenaing။

အောင်ပါစေ သီချင်း နားထောင်သွားပြီ မငယ်ရေ...
မငယ်ကြိုက်တဲ့သီချင်းတွေက စိမ်း သိပ်မသိတော့ဘူး ခင်မောင်တိုးလောက်တော့ သိသေးတယ်...
:)

"ဗမာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့ ပြလိုက်မယ်၊"

:)

သံသရာဘုံ မလွတ်ကင်းနိုင်ကြကုန် ဤကမ္ဘာမြေ၀သုန် မေတ္တာနယ်ထဲ သက်ဆင်းကာကြုံ လွဲရှောင်နိုင်မရကုန်…… ….... ....မေတ္တာဖြန်းမှ လန်းဆန်းမယ်သာယုံ....

အဲဒီ သီချင်းလေး ပြန်ညည်းမိသွားတယ်..မငယ်နိုင်-
ကိုဆောင်းယွန်းလ စွံခဲ့တာတွေ ရေးပြသွားလို့.. ပျော်စရာ တောထဲက..ဘ၀တက္ကသိုလ် လေးကိုလဲ မြင်ယောင်သွားပါတယ်။ ( ကိုဆောင်းယွန်းလ ရေ.. အဲလောက်တောင်ပဲလား..:)

မငယ်နိုင် ဆက်တဂ် တဲ့ လူတွေဆီ လိုက်ဖတ်လိုက်အုံးမယ်..

ခင်မင်စွာဖြင့်-

လာဖတ်ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

မမီးငယ်ရေ-မမီးငယ်သမီးတော့ မသိဘူး ကျွန်မသားကိုတော့ ဘုရားရှိခိုးဆိုပြီးရင် အဲဒီကဗျာတွေကို ဖျက်ဆိုထားတဲ့ သားလိမ္မာ သီချင်းတွေနဲ့ အခု ၁၀ နှစ်ပြည့်ပြီးတဲ့ထိ သိပ်နေရတုန်းပဲ။

မောင်လေးဖြိုးဝေ- နားညည်းတယ်မလုပ်ပါနဲ့။ အဲဒါ မြန်မာ့ယဉ်ကျေးမှု အနုပညာ အစစ်အမှန်ြဖစ်တယ်၊ မောင်လေးတို့ ကြိုက်တဲ့ တဒုန်းဒုန်း တဒန်းဒန်း မည်တဲ့ သံစဉ်တွေက အနောက်တိုင်းက လာတာတွေ။

ကိုဆောင်းယွန်းလက အတိတ်တွေကို ပြန်သတိရသွားတယ်ဆိုတာ နီနီကိုတော့ မဟုတ်ပါစေနဲ့နော့် နို့မဟုတ်ရင် ကျွန်မ စပေးလို့ဆိုပြီး NM က ကျွန်မကို ပြဿနာ ရှာနေဦးမယ်။

kiki ရေ- ဆိုသာဆိုတယ် တပုဒ်မှ ပြီးအောင်မရဘူး အထင်မကြီးပါနဲ့။ ရတဲ့ အလွမ်းသီချင်းတွေကလည်း ယောက်ျားက ယုန်ထင်ကြောင်ထင် ဖြစ်တတ်လွန်းလို့ သိပ်မညည်းဖြစ်ဘူး

စိမ်းနဲ့ ဖြူတုတ်လေး- အစ်မကြိုက်တဲ့သီချင်းတွေကို ညီမလေးတို့ မသိနိုင်ဘူး၊ တော်လှန်ရေး သီချင်းတွေကလွဲရင် ကျန်တာအားလုံး အစ်မထက် အသက် ၁၀ နှစ် ၁၅ နှစ်ကြီးတဲ့ အကိုတွေ၊ အစ်မတွေ လက်ထက်က သီချင်းတွေချည်းပါပဲ။

ကိုလင်းဦးက ကျွန်မ အဖေဆိုတဲ့ သီချင်းကို ကြိုက်ပုံရတယ်။ တိုင်းပြည်ကို လွဲမှားစွာ ချစ်ကြတဲ့ အဖေတွေ၊ အကိုတွေကို သတိရလို့သာ ဆိုတယ် ကြိုက်လို့မဟုတ်ဘူး။

မကေရေ- အဲဒါနည်းသေးတယ်၊ ရုပ်ရည်နဲ့ မကဘူး တချို့ရဲမေတွေကို ကိုဆောင်းယွန်းလက ကဗျာနဲ့လည်း ဆွဲဆောင်နိုင်သေးတယ်။

ဒီပို့စ်ကို ရေးတာ ငယ်ငယ်ကနေ အခုထိ အကြောင်းအရာတွေကို ပြန်တွေးခွင့်ရလို့ လွမ်းဆွတ် တသရသလို ပျော်လည်း ပျော်ပါတယ်။ ဒါကြောင့်မို့ တပ်တဲ့ ကိုဆောင်းယွန်းလကိုရော လာလည်အားပေးသူ အားလုံးကိုပါ ကျေးဇူး အများကြီး တင်ပါတယ်။

အောင်ပါစေသီချင်းကို တကူးတက အသိအမှတ်ပြုသွားတဲ့ လေးလေးNai နှင့် စိမ်းကို ကျေးဇူးအထူးတင်ပါတယ်။ မြန်မာပြည်မှာတုန်းက ကျွန်မက ဇာတ်ပွဲကြည့်ရင် ပြဇာတ်နဲ့ နှစ်ပါးသွားပဲ ကြည့်ပါတယ်။ အနှစ် ၂၁ နှစ်ကျော်သွားပြီ အခုမှ ပထမဦး အကြိမ်ပြန်ကြည့်ရလို့ တခြား အဝေးရောက်နေသူတွေထဲက ကျွန်မလို ကြိုက်မလားလို့ တင်ထားပေးတာဖြစ်တယ်။

ကလေးချော့တဲ့ သီချင်းလေးတွေ ချစ်စရာ..း)
မငယ်နိုင်ပုံဖော်ထားတဲ့ ကိုဆောင်းယွန်းလ ကိုလဲ မျက်စိထဲ ပြေးမြင်ယောင်မိ..း)

သီချင်း မဆိုတတ်လို့ ပဲ အငယ်နိုင်။
အရှုံးမပေးနဲ့ မိငယ်ရေကို ကြိုက်တယ်။
ဒီသီချင်းနားထောင်ရင် ငိုချင်တယ်။ ဒီတော့ နားထောင်ဘူး။
ခင်မောင်တိုးသီချင်းတွေ ဆိုတတ်တာ တူနေတယ်။
မငယ်နိုင် သားလေး လိမ်မာတယ်နဲ့ အိပ်တယ်လား
မအယ်ကတော့ ခေါင်းလောင်းထိုးသံရယ် ဆိုတဲ့ ခင်မောင်တူးသီချင်းနဲ့ အိပ်တယ်။

ပျော်ရွှင် ချမ်းမြေ့ပါစေ

မအယ်

အချိန်နဲနဲရရင် ရေးပေးပါ့မယ် မငယ်နိုင်ရေ...

အမရေ.. ကိုဆောင်းက တစ်ခါတဂ်၊ အမက တစ်ခါတဂ်ဆိုတော့ အကယ်ဒမီ နှစ်ခါရပြီ။
မရေးတော့ဘူးနော်...(:D)

နောက်တာနော်...အမ..ရေးပေးမယ်။

မကြာမီ..လာမည်...မျှော်...

ခင်မင်မှုဖြင့်
အားလုံးကို ပျော်စေချင်တဲ့...

16 Oct 09, 20:42
လူလ: ခရီးထွက်နေပါတယ်။ အင်တာနက်ကလဲ ၀ိုင်ယာလက်စ် ဆင်လိုက်တာ နှေးလိုက်တာ လက်ကုန်ပဲ၊ ဘလောဂ်တောင် တခါတလေမှ ၀င်ဖြစ်ပါတယ်။ နောက်အားမှ ရေးနိုင်မယ် ထင်တယ်။ ရွှင်လန်းချမ်းမြေ့ပါစေ...

tag ထားတဲ့သူတွေ ဖြစ်တဲ့ လူလ၊ အောင်နိုင်နိုင်၊ ကိုလတ်တို့ဆီက အကြောင်းပြန်ကြားတာ သိရပြီး ရေးလိမ့်မယ်လို့ မထင်မှတ်ထားတဲ့ ဆရာယောဟန်အောင်က tag တာကို ချက်ချင်းပဲ ရေးပေးတဲ့အတွက် ၀မ်းသာပါတယ်။

မမသီရိနဲ့ မအယ်တို့ကိုလည်း ကျွန်မ လုံးဝလိုက်လည်မအားပေမယ့် ကျွန်မဆီမှာ တကူးတက လာဖတ်ပြီး မှတ်ချက်ပေးသွားတာ ကျေးဇူးတင်ပါတယ်။ ကျွန်မ သားလေးက သားလိမ္မာလေး သီချင်းမဆိုပေးရင် မအိပ်ဘူး။ အဲဒါကြောင့် ကျွန်မ Assignment တွေ သိပ်အရေးကြီးနေလို့ မအားရင် သူ့အဖေက ”ဖေဖေသား သားလိမ္မာ၊ ဖေဖေသား သားလိမ္မာကို ဖေဖေချစ်၊ ဖေဖေသားလေး လိမ္မာတယ်၊ ဖေဖေ သားလေး အိပ်တော့မယ်” လို့ မေမေ နေရာမှာ ဖေဖေထည့်ဆိုပြီး သိပ်ရတယ်။

အဟေ ဟေ ... မငယ်နိုင် မသိလိုက်ဖူး ထင်တယ် ကိုဆောင်းက ဘလော့ဂ်တွေမှာ သီချင်းတွေ လိုက်တဂ် ဆိုခိုင်းထားပြီး ပြီးခဲ့တဲ့ အပါတ်က သူက ဖို့တ်ဝိန်းမှာ လေးဇီး ကလပ်လာတော့ အလွမ်းပြေ ထူးအိမ်သင်ရဲ့ သူပန်ထားတဲ့ ပန်းနီနီ ဘာတွေ လုပ်ချသွားတာကိုး၊ ဟိုသီချင်းလဲ ဆိုချင်နေတာ ဘာတဲ့ရယ် အတူးရေ....အသက်ရေ မီးပုံးကလေးတွေ ဘာညာပေါ့။

ကိုဆောင်းယွန်းလ က အဆိုတော် လုပ်လိုက်သေးတာကိုး။ ကျေးဇူးပဲ ကိုဒူကဘာ ပြောပြမှ သိရပြီး ဒါကြောင့် သူများကို လိုက် tag နေတာကို သဘောပေါက်သွားပြီ။