မင်္ဂလာပါ
လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..
မြတ်ဗုဒ္ဓ၏ မေတ္တာတရား
မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။
နာဂစ် ရန်ပုံငွေ ပွဲတော် သတင်းနဲ့ သုံးသပ်ချက်
မြန်မာနိုင်ငံက နာဂစ်ဆိုက်ကလုံး မှုန်တိုင်းတိုက်ခတ်သွားတဲ့ ဒေသမှာရှိတဲ့ မိဘမဲ့ကလေး စာ သင်ကျောင်း တွေအတွက် ရန်ပုံငွေ ရှာဖွေလှူဒါန်းနိုင်ရန် ဆစ်ဒနီမြို့မှာရှိတဲ့ အနုပညာဝါသနာပါသူ စေတနာရှင် မြန်မာတွေ စုပေါင်းပြီး မြန်မာပြည်က အနုပညာရှင်တွေကို ဖိတ်ခေါ်ကာ ပွဲတော်တခုကို ၁၁.၁၀.၀၉ ရက်၊ စနေနေ့မှာ ဆစ်ဒနီမြို့ ဆင်ခြေဖုန်းရပ်ကွက်တခု ဖြစ်တဲ့ Lidcombe ရှိ Ukrainian Hall မှာ ညနေ ၆ နာရီမှ ညသန်းခေါင်အထိ ကျင်းပခဲ့ပါတယ်။ ပွဲတော်ကို ဆစ်ဒနီမြန်မာများအပြင် ဒေသခံ သြစကြေးလျားလူမျိုး တချို့၊ မဲလ်ဘုန်း၊ မြို့တော် ကမ်ဘာရာနှင့် နယူးဇီလန်နိုင်ငံရောက် မြန်မာတချို့လည်း လာရောက် အားပေးခဲ့ပါတယ်။ (ဓါတ်ပုံနှင့် သတင်း အပြီးမှာ နှစ်ပါးသွားအက ဗွီဒီယိုကို တင်ထားပါတယ်)
ဟာသပြဇာတ်ရဲ့ ပထမဆုံးခန်းကို လူရွှင်တော် မိုးဒီနှင့် မင်းသမီးဒါလီလင်း က စတင်စဉ်
မင်းသား မင်းမော်ကွန်းနှင့်နေတိုး လူရွှင်တော်အဖြစ် သရုပ်ဆောင်ပြီး ဟာသ ပြကွက်တခုကို ပြနေစဉ်
ဆစ်ဒနီ မြန်မာ ဆိုင်းဖွဲ့မှ အဖွဲ့ဝင်တချို့နှင့် ဒါရိုက်တာနေပိုင် (၀ဲဘက်မှ ဒုတိယတယောက်) အမှတ်တရ
ဒီပွဲတော်မှာ ဒါရိုက်တာ နေပိုင်၊ ရုပ်ရှင်မင်းသမီး မင်းသားများဖြစ်ကြတဲ့ မင်းမော်ကွန်း၊ နေတိုး၊ ရဝေအောင်နှင့် ချောရတနာ၊ ဇာတ်မင်းသား ရွှေမန်းတင်မောင်ရဲ့ မြေးဖြစ်သူ တင်မောင်ဆန်းဝင်းမင်းနှင့် အငြိမ့်မင်းသမီး ဒါလီလင်း၊ လူရွင်တော် မော့စ်နဲ့ မိုးဒီ တို့က အခကြေးငွေ မယူပဲ စေတနာဖြင့် လာရောက် ဖြေဖျော်ပေးသွား ကြပါတယ်။ ဒီပွဲတော်ကို ဆစ်ဒနီမြို့မှာ အခြေစိုက်ပြီး နာဂစ်ဒေသအတွက် အဓိက ဦးဆောင်ပြီး ရန်ပုံငွေ ရှာဖွေပေးနေတဲ့ အဖွဲ့ Australian Burma Community Development (ABCD) Network မှ ဥက္ကဌ Mr. Dennis Jackson, ဒုဥက္ကဌ ဒေါက်တာ ကျော်မြင့်နှင့် နယးဆောက်ဝေးပြည်နယ် Auburn မြို့တော်ဝန်တို့ကိုယ်တိုင် လာရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
ABCD net work မှ ဒုဥက္ကဌ ဒေါက်တာ ကျော်မြင့်မှ ကျေးဇူးတင်စကား ပြောကြားနေစဉ်
ပွဲတော်ကို မစတင်မီ ABCD network မှ ဒုဥက္ကဌ ဒေါက်တာကျော်မြင့်က ပွဲတော်ဖြစ်မြှောက်အောင် ဆောင်ရွက်ခဲ့သူများနှင့် လာရောက်ဖြေဖျော်ပေးကြတဲ့ အနုပညာရှင်များ၊ ကြည့်ရှုအားပေးတဲ့ ပရိတ်သတ်များကို ကျေးဇူးတင်စကား ပြောကြားပြီး ၎င်းတို့ရဲ့ အဖွဲ့အစည်း ABCD network အကြောင်းကို မသိသေးသူများ ရှိပါက သိရှိသွားအောင် မိတ်ဆက်ပေးခဲ့ပါတယ်။ ABCD network ကို မြန်မာနိုင်ငံမှာ နာဂစ်မှုန်တိုင်း တိုက်ခတ်သွားပြီးတဲ့နောက် ဒုက္ခရောက်သူများကို ရန်ပုံငွေ ရှာဖွေပြီး ကူညီနိုင်ရန် ဆစ်ဒနီရောက် မြန်မာများနဲ့ မြန်မာမျိုးဆက် သြစကြေးလျားလူမျိုး စေတနာရှင်များက စုပေါင်းဖွဲ့စည်းခဲ့တယ်လို့ ဒုဥက္ကဌ ဒေါက်တာကျော်မြင့်က ပြောပြပါတယ်။
ဒေသခံ Auburn မြို့တော်ဝန်မှ အမှာစကား ပြောကြားနေစဉ်Auburn မြို့တော်ဝန်ကလည်း ဒုက္ခရောက်တဲ့သူတွေကို ကူညီဖို့ လုပ်တဲ့ပွဲတော်မှာ မြန်မာပြည်ဖွား အော်စီတွေကို အခုလို စုစု ဝေးဝေးနဲ့ တွေ့ရတာ ၀မ်းသာကြောင်း ဆစ်ဒနီမြန်မာကွန်မြူနီတီကို အားပေးစကား ပြောကြားပြီး နာဂစ်ဖြစ်ခဲ့စဉ်က Auburn ကောင်စီကနေပြီး Fund raising တခု ပြုလုပ်ပြီး သြစကြေးလျားက အကူအညီပေးတဲ့ ရန်ပုံငွေအထဲ ထည့်ဝင် လှူဒါန်းခဲ့တဲ့အကြောင်း၊ Auburn ကောင်စီ အုပ်ချူပ်ရေး နယ်မြေအောက်မှာ ရှိတဲ့မြန်မာလူမျိုးစုတွေ တစုံတရာ အကူအညီလိုအပ်ပါက Auburn ကောင်စီ အနေနဲ့ အချိန်မရွေး ကူညီဖို့ အသင့်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အမှာစကားတွေ၊ ကျေးဇူးတင်စကားတွေ အပြီးမှာတော့ ပွဲတော်ကို စတင်ခဲ့ပါတယ်။ ပွဲတော်မှာ အဆို၊ အက၊ ဟာသပြဇာတ်နှင့် နှစ်ပါးသွားအကတို့ကို ဖြေဖျော်ခဲ့ပါတယ်။
ဒီပွဲတော်မှာ ဟာသပြဇာတ်နှင့် အငြိမ့်မှလွဲပြီး တခြားအစီစဉ်များကို ဆစ်ဒနီရောက်မှ အနုပညာရှင်များနှင့် ဆစ်ဒနီမြို့ခံ အနုပညာဝါသနာပါသူ မြန်မာများက ပွဲတော်ဖြစ်မြှောက်ရေး အထာက်အကူပြုအဖွဲ့မှာ ၀ါဝင်ပြီး ဖျော်ဖြေရေး အစီစဉ်တချို့မှာ ၀င်ရောက်အားဖြည့် ကူညီ ဖျော်ဖြေခဲ့ပါတယ်။ အထူးသဖြင့် နှစ်ပါးသွားအကမှာ ပါဝင်တဲ့ မင်းသမီးတွေအနက် ချောရတနာနှင့် ဒါလီလင်း မင်းသမီးနှစ်လတ်မှတပါး တခြားမင်းသမီးများမှာ ဆစ်ဒနီမြို့မှ အနုပညာဝါသနာရှင် လှပျိုဖြူနှင့် လှအိုဖြူများ ၀ိုင်းဝန်းကူညီ ကပြထားပါတယ်။ ဆစ်ဒနီ မြန်မာ ဆိုင်းအဖွဲ့မှလည်း ၀ိုင်းဝန်းကူညီ တီးမှုတ်ပေးထားပါတယ်။ စတိတ်ရှိုးအ စီအစဉ်တွေမှာ မြန်မာသံစဉ်ရော ခေတ်ပေါ် သံစဉ်ပါနှစ်ခုစလုံး ပါဝင်ခြင်းနှင့် နှစ်ပါးသွားအက ပါဝင်ခြင်းတို့ကြောင့် မြန်မာသံစဉ်နှင့် မြန်မာ့အနုပညာအက စစ်စစ်ကို မရင်းနှီးဖူးသေးသော အဝေးရောက် မြန်မာလူငယ်များ အမြန်မာ့အနုပညာကို ကောင်းစွာ မြင်တွေ့ခံစားကြရလို့ ဒီပွဲတော်က အစီစဉ်တွေဟာ သိပ်ကိုအားရစရာ ကောင်းလှပါတယ်။
သို့သော်လည်း အကောင်းနှင့်အဆိုးဟာ အမြဲတမ်း ဒွန်တွဲနေတဲ့အတွက် အကုန်လုံး လုံးဝဥသုံ ကောင်းတယ်လို့တော့ ပြောလို့၊ မှတ်ယူလို့ မရပဲ အားနည်းချက်လေး အနည်းငယ်ကိုတော့ တွေ့ရပါတယ်။ ဟာသပြက်လုံးတွေက တော်တော်လေးကို ရယ်ရပေမယ့် တော်တော်လေးကို မကြားဝံ့မနာသာ ညစ်ပတ်တဲ့ ဖိုမကိစ္စတွေကို အသားပေးထားတာ တွေ့ရပါတယ်။ မြန်မာ့အနုပညာနဲ့ ပတ်သက်ပြီး သိပ်မရင်းနှီးသေးတဲ့ အဝေးရောက် မြန်မာလူငယ်များကို ငါတို့ မြန်မာလူမျိုးတွေမှာ ရယ်စရာဟာသဆိုလို့ ဒီအကြောင်းတွေပဲ ပြောစရာရှိတာလား ဆိုတဲ့ အမြင်မျိုး မြင်သွားမှာကို စိုးရိမ်မိတယ်။ သဘာဝတရားအရ ဒီလိုကိစ္စတွေကတော့ ရှောင်လွဲလို့ မရတော့ ပြက်လုံးတွေမှာ အတော်အသင့် ထည့်တာ အကြောင်းမဟုတ်ပေမယ့် ပြက်လုံးတိုင်းကို ဒီကြောင်းတွေနဲ့ပဲ တင်ပြရင်တော့ အနည်းငယ် ရိုင်းသလို ထင်ရပါတယ်။ နောက်ထပ် လုပ်မည့် ဖျော်ဖြေရေး အစီစဉ်တွေအတွက် နိုင်ငံတခုရဲ့ နိုင်ငံကျော် ဟာသ နုပညာရှင်တွေ လုပ်တဲ့ Professional comedies တွေမှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်အင်္ဂါတွေကို လူရွှင်တော် မော့စ်နဲ့ မိုးဒီတို့ အလေးပေး ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။
အကုန်လုံးကို ခြုံပြောရင်တော့ ဒီပွဲတော်ဟာ သိပ်ကိုကောင်းပါတယ်။ ပထမဦးဆုံးအနေနဲ့ နိုင်ငံခြားတိုင်းပြည်မှာ မြန်မာ့အနုပညာကို ဖျော်ဖြေပေးသွားတဲ့ပွဲ ဖြစ်ပါတယ်။ အရင်ပွဲတော်တွေမှာ အနုပညာကြေးအဖြစ် သုံးတာ သိပ်မတွေ့ရတဲ့ ၁၀ ကျော်၊ ၂၀ ကျော်အသက်အရွယ် ဆစ်ဒနီမြန်မာလူငယ် ပရိတ်သတ်တွေက ဒီပွဲမှာ ရက်ရက်ရောရောနဲ့ အနုပညာရှင်တွေကို ငွေစက္ကူအရွက်လိုက် (သို့) ပန်းကုံးစွပ်ပြီး ဆုချနေတာကို တွေ့ရပါတယ်။ မင်းမော်ကွန်းနှင့် နေတိုး သီချင်းဆိုတဲ့ အချိန်မှာ ပန်းကုံးဝယ်သမားတွေ တန်းစီနေတဲ့အတွက် ပန်းကုံးမလောက်မင ဖြစ်လို့ သီချင်းဆိုမပြီးခင် စွပ်ပြီးသွားတဲ့ ပန်းကုံးတွေကို လည်တိုင်ပြည့်တာနဲ့ ချက်ချင်း ပြန်ဖြုတ်ကာ အနောက်ဘက်က ပြန်ယူချပြီး ရှေ့မှာ ပြန်လာချရောင်းရတာကို တွေ့ရပါတယ်။ အဲဒီပွဲတော်ဟာ မြန်မာ့ အနုပညာကို ဆစ်ဒနီလူငယ်တွေ ပထဦးဆုံး တွေ့ဖူးတဲ့ပွဲဆိုလည်း မမှားပါဘူး။ အမူအရာနှင့် သရုပ်ဆောင်မှုတွေက အနုပညာရသ တကယ်ကိုပီပြင်ပြီး သူတို့ လုပ်ပြတဲ့ ဟာသ သရုပ်ဖေါ် ပြကွက်တွေကို ကြည့်ပြီး မြန်မာလို လုံးဝနားမလည်တဲ့ လုံခြုံရေးအဖွဲ့နဲ့ နိုင်ငံခြားသား ပရိတ်သတ်များတောင် တဟားဟားနဲ့ ရီနေကြတာ တွေ့ရလို့ သိပ်ကိုပီတိ ဖြစ်မိပါတယ်။ အမူရာမှာ ပီပြင်သလို အပြောကိုလည်း ယဉ်ယဉ်ကျေးကျေးလေး ပြက်လုံးထုတ်နိုင်ရင် သိပ်ကို အဆင့်အတန်း မြင့်မှာပဲလို့ စဉ်းစားမိပါတယ်။
ဒီပွဲတော်ကြောင့် ကျွန်မသားလေးကိုလည်း မြန်မာ့အနုပညာဆိုတာ ဒါတွေဖြစ်တယ်ဆိုတာ မျက်ဝါးထင်ထင် ပြလို့ရသွားတယ်။ မင်းသားလေး တင်မော်ဆန်းဝင်းမင်းရဲ့ အဖိုးခြေရာကို နင်းတဲ့ နှစ်ပါးသွားအကကလည်း မြန်မာပြည်က မထွက်လာခင်က ဇာတ်ပွဲသိပ်ကြိုက်တဲ့ ကျွန်မအတွက် အနှစ်နှစ်ဆယ်ကျော် ကာလက ဘ၀တွေကို ပြန်ပြီးလွမ်းဆွတ်စေကာ မိမိကိုယ်ကိုယ် အသက် ၂၁ နှစ်ပြန်ငယ်သွားသလို ခံစားသွားရပါတယ်။ ဒီပွဲတော်က ရတဲ့ရန်ပုံငွေဟာ နာဂစ်ဖြစ်ခဲ့တဲ့ ဒေသက မိဘမဲ့ကလေးတွေအတွက် ပညာရေးမှာ အထောက်အကူ ဖြစ်မှာသေချာသလို အဝေးရောက် မြန်မာလူငယ်တွကလည်း မြန်မာ့ယဉ်ကျေးမှုကို စိမ့်ဝင်ခံစားခွင့် ရသွားတယ်၊ နာဂစ်မှာ ဒုက္ခဖြစ်ခဲ့သူတွေ အတွက်လည်း အထောက်အကူ ဖြစ်သွားတဲ့အတွက် နောက်ထပ်လည်း ဒီလိုပွဲတော်လေးတွ နေရာတိုင်းမှာ များများ ကျင်းပနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ (ဖျော်ဖြေရေး အစီစဉ်နှင့် အမှတ်တရ ဓတ်ပုံများနှင့် နှစ်ပါးသွားအက ဗွီဒယိုကို ဆက်လက် ကြည့်ရှုပါရန်)
ဖျော်ဖြေရေး အစီစဉ်ကို ဇာတ်မင်းသား တင်မောင် ဆန်းမင်းဝင်းနှင့်အဖွဲ့က ကိုကြီးကျော်အကနှင့် စတင်ဖျော်ဖြေစဉ်
စတိတ်ရိုး အစီစဉ်ကို လူရွှင်တော် မိုးဒီက ရွှေဘိုသနပ်ခါး သီချင်းနှင့် စတင်သီဆို ဖျော်ဖြေစဉ်
လူရွှင်တော် မော့စ်က ငယ်ကချစ်တဲ့ ငယ်ကျွမ်းဆွေ သီချင်းကို သီဆိုစဉ်
မင်းသမီး ချောရတနာက ခေတ်ပေါ်သီချင်း တပုဒ်ကို သီဆိုစဉ်
အငြိမ့်မင်းသမီး ဒါလီလင်းမှ ခေတ်ပေါ်တေး တပုဒ်ကို သီဆိုစဉ်
စတိတ်ရှိုး အစီစဉ်တွင် မင်းမော်ကွန်းနှင့် ဆစ်ဒနီမြို့ခံ တဦးစုံတွဲသီချင်း သီဆိုစဉ်
မင်းသား ရဝေအောင်က မြန်မာသံစဉ် သင်္ကြန်သီချင်း တပုဒ်ကို သီဆိုစဉ်
မင်းသား နေတိုးက ခေတ်ပေါ်သီချင်းတပုဒ်ကို သီဆို ဖျော်ဖြေစဉ်
အငြိမ့်အစီစဉ်တွင် မင်းသမီးချောရတနာနဲ့ လူရွှင်တော်အဖြစ် သရုပ်ဆောင်သော မင်းသား နေတိုး၊ မင်းမော်ကွန်းနှင့် လူရွှင်တော်များဖြစ်ကြသော မော့စ်နှင့်မိုးဒီ
အငြိမ့်မင်းသမီး ဒါလီလင်းနှင့် လူရွှင်တော် မိုးဒီ
ဟာသပြဇာတ်မှ ပြကွက်တခု ချောရတနာ၊ မော့စ်၊ နေတိုး၊ မိုးဒီ၊ တင်မောင်ဆန်းမင်းဝင်း၊ မင်းမော်ကွန်း၊ ရဝေအောင်
ဟာသပြကွက်တခု (နေတိုး၊ မော့စ်၊ မိုးဒီ မင်းမော်ကွန်း)
မင်းသား နေတိုးနဲ့ အကတိုက်တဲ့ နေ့တွေမှာ၊ ကမင်းသားလေး တင်မောင်ဆန်းမင်းဝင်းနှင့် ပွဲတော်ညမှာ နှစ်ပါးသွား အကကို ပထမဦးဆုံး တွေ့ဖူးသော ဆစ်ဒနီမြို့မှ ကလေးပရိတ်သတ် မောင်တိုးနန္ဒ အမှတ်တရ
(ပွဲတော်က အရင်တပတ်ကျော်ကတောင် လုပ်ခဲ့ပေမဲ့ ကျွန်မ မအားလို့ အခုမှ တင်ရတာဖြစ်တယ်။ အားလုံး နှစ်ပါးသွားအကလေးကို ကြည့်ပြီး မြန်မာ့အနုပညာရဲ့ ရသကို ခံစားနိုင်ကြပါစေ။)
...........
“ဒီ နှစ်ပါးသွား ဗွီဒီယိုလေးကို ကိုယ်ပိုင်ယူပြီး အေးဆေးကြည့်ချင်တယ်ဆိုရင် ဒေါင်လုပ်ယူလို့ ရပါတယ်။ ” ဒေါင်းလုပ်လို့ အဆင်မပြေပါက Instructions ကို ဤနေရာမှာ ကြည့်နိုင်ပါတယ်။
=> ဒီမှာ ဒေါင်းလိုက်ပါ <=
24 comments:
ညီမရေ ကျေးဇူးနော် ပုံတွေကြည့်ရလို့...
ဗမာပြည်က လူရွှင်တော်တွေအနေနဲ့က ပြက်လုံးပြက်ဖို့ဆိုတာ ဘောင်ကျဉ်းတယ်လေ...
ပြောချင်တိုင်းပြောလို့ ရတာ မဟုတ်ဖူးနော့...နားလည်ပေးရမယ်ထင်တယ်...
mie nge
မြန်မာဆန်ဆန်ယဉ်ကျေးမှုတွေရော ၊ ခေတ်ပေါ် ယဉ်ကျေးမှုရော ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ခုလို ရန်ပုံငွေပွဲတွေ မှာ တတပ်တအား ပါဝင်ကြတာ က အားရစရာကောင်းပါတယ် ။ တကယ် ဒုက္ခရောက်နေတဲ့သူတွေ လက်ထဲ အမြန်ဆုံး အထိရောက်ဆုံး လှူဒါန်းနိုင်ဖို့  အရေးကြီးပါတယ် ။ ဟာသပျက်လုံးတွေ ကတော့ ဒီစကားလုံးတွေ မပါရင်ဘဲ ဟာသ မမြောက်တော့ ဘူးလို့  အမြင်ရောက်နေကြတဲ့ မြန်မာလူမျိုးတွေ ရှိနေသ၍ ဒီလိုပဲ ဖျော်ဖြေနေကြအုန်းမှာပဲလေ ။ ဘယ်သူ့ အပြစ်ဆိုရမလဲတောင် ခပ်ခက်ခက်ပါပဲနော့ ။ ဟိုရောက်သွားတဲ့  မြန်မာလူငယ်တွေက အလှုဒါန သိပ်မရက်ရောကြဘူးဆိုတာ ဘာလို့ များပါလိမ့်နော် ။ ဒိုးသမားတွေ များနေလို့ လား လို့ တွေးနေမိတာ ။။
ဒီပုံတွေထဲက နောက်ဆုံးဓာတ်ပုံမှာ မင်းသားနေတိုးနဲ့ တွဲရိုက်တားတဲ့မင်းသားသစ်က အချောဆုံးပဲ နာမည်လေးသိပါရစေ။
အမရေ အခုလိုမြန်မာတွေ တတပ်တအားနဲ့ ကိုယ့်တိုင်းပြည်အတွက် အခုလိုဝိုင်းဝန်းကြိုးပမ်းကြတာ ကို တွေ့ရလို့ ၀မ်းသာပါတယ်ဗျာ .. မော်စ့်ဆိုတဲ့ လူဟာ လူရွှင်တော်တွေထဲမှာ အရိုင်းဆုံးပဲဗျ .. ဒါမျိုးကျတော့ စစ်တပ်ကလူတွေက ဘာမှမပြောပဲ လွှတ်ထားပေးတယ် သူတို့ရဲ့  အာဏာကို မထိပါးဘူးလေ ... ဒီလူတွေလုပ်ရင်းနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ ပျက်စီးကုန်တော့မယ် ....
မောစ်တို့မိုးဒီတို့ ပျက်လုံးတွေက ဟိုးအရင်ကထဲက အောက်လုံး (ခါးအောက်ပျက်လုံး)တွေ များပါတယ်..
ကြားနေကြမဟုတ်ရင် စိတ်ပျက်ဖို့အတော်ကောင်းတယ်..
ပွဲဆိုရင်..နောက်ပ်ုင်းဇတ်တော်ကြီးတွေပဲကြိုက်တယ်
အင်း ဘာပဲ ပြောပြော နာဂစ် ရန်ပုံငွေ ပွဲ အတွက် ပါဝင် ခဲ့ ကြသူတွေ ရော စီစဉ်ခဲ့ ကြသူတွေကို ပါလေးစား မိပါတယ်။
နောက် ခုလို အာလုံးအတွက် မျှဝေပေးတဲ့ အမ ကိုပါ ကျေးဇူးတင်ပါတယ်။
ခင်မင်မှုဖြင့် -
အားလုံးကို ပျော်စေချင်တဲ့...
မမီးငယ်ရေ မြန်မာပြည်က အနုပညာရှင်တွေရဲ့ အခြေအနေကို နားလည်ပေးပါတယ်။ ဒီ Hall မှာ မြန်မာကွန်မြူနီတီက လုပ်တဲ့အခမ်းအနား မရေတွက်နိုင်တော့ဘူး။ အခမ်းအနား တော်တော်များများမှာ ဒေသခံ မြို့ဝန်၊ ပြည်နယ်/ဖက်ဒရယ် လွှတ်တော်အမတ် စတဲ့ ဒေသခံ အရာရှိတဦးဦးကို စကားပြောဖို့ မမြဲဖိတ်လေ့ရှိပြီး သူတို့စကား လာပြောရင်လည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းနှင့် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေက မပါရင်မပြီးဘူး ဒါပေမယ့် ဒီတခါမြို့ဝန် စကားပြောတဲ့အထဲမှာ ဒီအကြောင်းတွေ လုံးဝမပါတာ အမှတ်တမဲ့ ချန်ခဲ့တာ မဖြစ်နိုင်ဘူး ဒီအနုပညာရှင်တွေရဲ့ အခြေအနေကို နားလည်လို့ မြို့ဝန်ရဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်ကိုတောင် ကန့်သတ်ရတာ ဖြစ်နိုင်တယ်။
kiki ရေ ရတဲ့ပိုက်ဆံကတော့ သီတာဂူဆရာတော်နဲ့ တိုက်ရိုက်လှူတာ ဖြစ်လို့ ဆရာတော် ဖွင့်ထားပေးတဲ့ မိဘမဲ့ကလေးကျောင်းကိုပဲ ရောက်မှာ သေချာပါတယ်။ လူငယ်တွေက်မရက်ရောတာက မရှိလို့ပါ။ လူငယ်တွေက Austady လို့ခေါ်တဲ့ အစိုးရထောက်ပံ့တဲ့ စာရိတ်နဲ့ ကျောင်းတက်နေသူ များပြီး လူကြီးတွေလို အလုပ်အကိုင် အတည်တကျမရှိလို့ များများ မလှူနိုင်ဘူး။ kiki တခါ မေးဖူးတဲ့ အော်စီနိုင်ငံရဲ့ လူမှုဖူလုံခြုံရေးစနစ် (Social Security System) အကြောင်းကို နိုဝင်ဘာ အလယ် ကျောင်းပိတ်မှ ရေးပေးမယ်နော့်။
ဌေးငယ် (Nee) ရေ-အဲဒီမင်းသားပုံက အခု ဆင်ဆာဖြတ်ခံလိုက်ရပြီ။ အဲဒီမင်းသားက နေတိုးနဲ့ဆိုတော့ သူ့ပုံမပေါ်မှာစိုးလို့ ထင်တယ် သူ့ပုံကို ဘလော့ဂ်မှာ တွေ့တာနဲ့ ဒေါသတွေ ဖြစ်ပြီး ချက်ချင်းဖြုတ်ဆိုလို့ ငါလည်း ဘလော့ဂ်လေး ရေးခွင့်ရအောင် တနှစ်ကျော်ကျော်တောင် စည်းရုံးထားရတာ စည်းရုံရေးပြန်ပျက်ပြီး ဘလော့ဂ်ရေးခွင့် လိုင်စင်ပါ ပြုတ်သွားမှာစိုးလို့ ဘာမှ စောတက မတက်ပဲ ချက်ချင်း ဖြုတ်ပေးလိုက်ရတယ်။
ကိုဇော်ရေ နဲ့ အစ်ကိုကြီး Nai ရေ- သူတို့က ဒီမှာ ပြက်မည့် ပြက်လုံးတွေကို သက်ဆိုင်ရာမှာတင်၊ အတည်ပြုပြီးမှ လာရတယ်။ ဒီခေတ် ဒီစနစ် အောက်မှာ ကြီးပြီး ဒီဘောင်ထဲမှာ ဒီပြက်လုံးမျိုးတွေကိုပဲ ပြက်ခွင့်ရတော့ သူတို့ကို အပြစ်တင်လို့ မရပါဘူး။ ပြီးတော့ စေတနာနဲ့ အခမဲ့ လာဖျော်ဖြေပေးတဲ့သူတွေ ဖြစ်လို့နားတော့ နားလည်ပါတယ်။ ဒါပေမဲ့ နောက်ပွဲတွေမှာ ဒါတွေကို နည်းနည်းလျှော့ပြီး ဒီထက် ပိုယဉ်ကျေးစေချင်တဲ့ စေတနာတော့ ရှိပါတယ်။
ကိုလတ်ရေ- ကျေးဇူးတင်ပါတယ်။ ဓါတ်ပုံတွေ ကြည့်မကောင်းရင် အထားအသို ပြန်ပြင်ပေးလို့ ရပါတယ်။ ဖြစ်ချင်တာက အပေါ်ဆုံး တပုံနဲ့ စာတပိုဒ်ပဲ အပေါ်မှာ ရှိစေချင်ပြီး ကျန်တာကို ဆက်ဖတ်မယ် နေရာမှာပဲ ထားချင်တာ လုပ်လို့ မတတ်ဘူး။
ကျေးဇူးပဲမငယ်ရေ မျှဝေတာ... ပွဲလေးလည်း ကြည့်ချင်တယ် အစအဆုံး...
မြန်မာပြည်က ပြက်လုံးကတော့ ထုံးစံလိုဖြစ်နေပါပြီ... အိမ်မှာတုန်းကဆို အငြိမ့်ကြည့်ရင် အဖေတွေ အစ်ကိုမောင်တွေနဲ့ တူတူမကြည့်ရဲဘူး... ပြောရတာလည်း ခက်တော့ခက်သား... :)
မိုးဒီမော့စ် နာမည်ပျက်ချက်ကတော့ ဆိုးတယ်ဗျာ။ ကလူသစ်ငယ်ငယ် ကြည့်ဘူးတုံးကတော့ အဲ့လောက်ကြီး ခါးအောက်ပိုင်းမပါသေးဘူးဗျ
မသိရတာတွေ သိခွင့်ရအောင် ရေးထားတဲ့အတွက် ကျေးဇူးပါခင်ဗျာ။
စိမ်းပြောတာ ဟုတ်တယ်။ အဲဒီညက ဘေးနားမှာ ထိုင်နေတဲ့ သားသားကလည်း သာမန် မြန်မာလိုဆိုရင် နားလည်ပေမယ့် အဲဒီလို ပြက်လုံးတွေကို နားမလည်လို့ ဘာပြောလိုက်တာလဲ မေမေ လို့ မေးတော့ သားနားလည်အောင် မေမေ မရှင်းပြနိုင်ဘူးလို့ပဲ ပြန်ပြောနိုင်တယ်။ ယဉ်ယဉ်ကျေးကျေးလေး ပြက်လုံးထုတ်ရင် သိပ်ကို အဆင့်အတန်းမြင့်မှာပဲလို့ စဉ်းစားမိတာပါ။ သူတို့ကို အပြစ်တင်မတာ မဟုတ်ပါဘူး။
ကိုလူသစ်နဲ့ တက်လူငယ် စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။
အမေ၇
မိုးဒီမော့စ်က အမြဲတမ်းအဲလိုပဲပျက်တာ.
သူတိ့ပျက်တာတွေကို ကျနော်တော့ နားမလည်လို့ အမြဲတမ်းစကားပြန်ပေး၇တယ်။အိမ်က။ ဒါတောင် တခါတလေနားမလည်လို့ လိုက်မ၇ီဖြစ်ဘူး
ကောင်းလိုက်တာနော်..။ ၇ည်၇ွယ်ချက်လေးနဲ့..ဒီလိုမျိုးလေး၇န်ပုံငွေ၇ှာတာ။
သရုပ်ဖော်သွားတာရယ်၊ ဒီပွဲကြည့်ရလို့ တအားကျေနပ်ရတာရယ် ဖတ်ရတဲ့လူတောင် ပျော်သွားတယ်။
မော့စ်ရဲ့ ပြက်လုံးတွေကို သိပ်နားမထောင်ရဲတာ ကြာပါပေါ့။ မှတ်မှတ်ရရ သီတဂူဆရာတော်မွေးနေ့ အငြိမ့်ကတည်းကပဲ ။
မိုးဒီက တခြား လူရွှင်တော်တွေနဲ့ တွဲရင် နည်းနည်းတော်သေးတယ်။
လာတာ နောက်ကျလို့ နေတိုးထက်ချောတယ်ဆိုတဲ့ မင်းသားကို မမြင်ဖူးလိုက်ရဘူး...:P
SDL ရေ လာတာ နောက်မကျပါဘူး။ အဲဒီမင်းသားပုံက ဒီဘလော့ဂ်က ပို့စ်တချို့မှာ ပါပြီးသား အခုလည်း ဆိုင်းအဖွဲ့မှာ ပါတယ်လေ။ နေတိုးနဲ့ နှစ်ယောက်တည်းဆိုတော့ လူတွေက သူ့ကို မကြည့်ပဲ မင်းသားကိုပဲ ကြည့်မှာ စိုးလို့ ထင်တယ် အတင်းပဲ ဖြုတ်ခိုင်းလို့ ဖြုတ်ပေးလိုက်တယ်။ တကယ်တော့ သူက မင်းသားမဟုတ်ဘူး ပိုက်ဆံငါးပြားမှ မရတဲ့ ဆစ်ဒနီ အဆိုတော်ပါ။
အနုပညာသမားတွေ အစုံပါပဲလား တော်တော်ပျော်ဖို့ကောင်းမှာပဲနော် ဒီမှာလည်း အဲ့လို ရန်ပုံငွေပွဲလေးတွေ ရှိရင် ကောင်းမယ် အခုလို အများကြီး တင်ပေးတာ ကျေးဇူးအရမ်းတင်ပါတယ် ပျော်ရွှင်နိုင်ပါစေ မ ရေ...
အမရေကြည့်ဖို့ဓါတ်ပုံလေးတွေပါဆိုတော့
အဆင်ပြေလိုက်တာ အမရယ်လာကြည့်သွားပါတယ်နော်
မငယ်နိုင် ပွဲတော်နဲ့ သတင်းသုံးသပ်ချက် ကိုလေ့လာဖတ်ရှု သွားပါတယ်။ မချီးကျူးပဲ မနေနိုင်အောင်ပါပဲ။ သတင်းတင်ဆက်ပုံ အရေးအသား အထူးကောင်းမွန်ပါတယ်။
ချမ်းမြေ့ပါစေ။
ဆစ်ဒနီအဆိုတော်ကြီးကို ပြောပေးပါ မငယ်နိုင်၊
နှစ်ယောက်တွဲပုံဆိုရင် နေတိုးပုံကို ဘယ်ကြည့်ပါ့မလဲ။ .နေတိုးပုံက ဘယ်မှာဖြစ်ဖြစ်ကြည့်လို့ရတယ် ၊ ရိုးနေပြီလို့၊
:P,
ပျော်စရာကြီးပဲ...
ပြီးတော့ ဝမ်းသာစရာ...
စာဖတ်ပြီး ဓါတ်ပုံတွေပဲ အရင်ကြည့်သွားတယ်...
နောက်နေ့မှ အက တွေ လာပြန်ကြည့်ပါအုံးမယ်...
မငယ်နိုင်...
ဒီနေ့ ကိုယ်တင်ထားတဲ့ ပိုစ့်လေးက ချစ်စရာ ဖြူစင်လှတဲ့ မှတ်ချက်လေးအတွက် ကျေးဇူးပါ...
G Mail တွေ G Talk တွေ မြန်မာစာတွေကို ဇော်ဂျီနဲ့ ရိုက်လို့ရတာ မှန်ပေမယ့် လက်ရေးလေးနဲ့ဆို ပိုပြီး ဆွဲဆောင်မှုရှိနိုင်တယ်လို့ ပြောပြချင်တာပါ။ စက်နဲ့ရေးလို့ ရလာတဲ့ စာရဲ့ Mood နဲ့ ကိုယ့်လက်နဲ့ရေးပြီး ပေးဖတ်တဲ့အခါမှာ ရလာတဲ့ Mood နဲ့တော့ ဘယ်တူ နိုင်မှာလဲ.. ဟုတ်ဖူးလား...။
ကိုယ်က လက်ရေးတွေကို စိတ်ဝင်တစား သတိထားတတ်တဲ့ သူတယောက် ဆိုတော့ အခါအခွင့်သင့်ရင် မငယ်နိုင်ရဲ့ လက်ရေးလေးကိုလဲ တွေ့ချင်ပါသေးတယ်...
ချစ်ခင်စွာဖြင့်
သက်ဝေ
(အခုတလော အပြောင်းအရွှေ့တွေနဲ့ အလုပ်များနေလို့ မှန်မှန်မရောက်ဖြစ်တာ ခွင့်လွှတ်ပါ)
စာတွေလာဖတ်သွားတယ် မငယ်နိုင်၊ အားပေးလျက်ပါ။
မငယ်နိုင်ရေ, ဒီကလည်း ပွဲကြိုက်ခင်ပါ...။
မငယ်နိုင် စာအရေးအသားကောင်းတာ သိပြီးဖြစ်ပေမဲ့ အထက်က ပြောသွားသလိုပဲဒီပို့စ်ရေးပုံလေးကို အထူးနှစ်ခြိုက်မိတယ်။
SDL ရေ ဘာမှဟုတ်ဘူး အဆိုတော်က ရှက်တတ်လွန်းလို့ပါ။ ဓါတ်ပုံ အရိုက်ခံရမှာကိုတောင် ရှက်လို့ အတင်းကို လိုက်ရိုက်ယူရတာ။
ပွဲတော်ကို နောက်ထပ်လာပြီးတော့ အားပေးသွားတဲ့ Waing, မချစ်ရ၊ ဒီမိုဝေယံ၊ သက်ဝေ၊ ကိုအောင်၊ ကိုဧရာ+မသီတာတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။