မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကလေးနှစ်ယောက်နဲ့ မိတ်ဆက်ပေးခြင်း

မောင်တိုးနန္ဒနှင့် မောင် နိုလန်အောင်



ရင်ခုန်နေသော အိပ်မက်ငယ်
KEY OF F
Dm F G Dm F G Dm
Dm C Dm
-အကြင်နာလွှမ်းတဲ့ ညှို့အနမ်းလေးတစ်ရာ
F Dm G Dsus2
ရင်မှာအရိုင်း တေးသံများ ကုဋေကဋာ
Dm C
စွဲစွဲမြဲမြဲ ထွေးပွေ့လျက် အမြဲမခွဲပါ
Dm C Dm F G Dm
တိမ်များကြား ပြေး၍ကစားသလိုပါ။

-ရေကြည်စမ်းလေး ခြောက်ခန်းသွားရာ
နွေနေရူးမင်းမူဆဲ အချိန်အခါ
ဝေးဝေးခွဲလို့မသွားနဲ့ မောင့်အချစ်မေတ္တာ
အနေဝေးတော့ဆွေးရတဲ့သူမှာ Dm F G Dm F C G Dm

-ရောင်စုံပန်းလေး ကြွေနွမ်းသွားရာ
မဖြေသားဘူး ကိုယ့်ရင်ထဲဝေဒနာ
လန်းဆန်းမွှေးပျံ့ ပန်းကလေးတပွင့် ထပ်ဆင့်ကာ
ကိုယ့်အသည်းလေး တွေးရှက်လို့နေတာ Dm F G Dm

-အလွန်အလကျွံအချစ်နဲ့ နွံနစ်ခဲ့ရာ
ကြာနွယ်ရိုးရိုင်ပြတ် မချိုး မလွယ်ပါ
ထွေးထွေးလေးပဲ အသည်းထဲကဖြင့်ချစ်မှာ
ကြွေလွင့်မယ့် အဖြစ်နဲ့ မထားချင်ပါ။ Dm F G Dm F C G Dm


ကလေးနှစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ အပေါ်က ဓါတ်ပုံထဲမှာ မိုက်ကိုင်ပြီး သီချင်း ဆိုနေတဲ့တယောက်က ကျွန်မဘလော့ဂ်ကို Link ထားတဲ့ ဘလော့ဂ်မောင်နှမ အတော်များများ သိပြီးဖြစ်ကြတဲ့ သားလေး မောင်တိုးနန္ဒပါ။ တီးနေတဲ့တယောက်က သားသားထက် သုံးလနဲ့ တပတ်တိတိငယ်တဲ့ သားသားရဲ့ညီ ကျွန်မတူ မောင်နိုလန်အောင် ဖြစ်ပါတယ်။ မောင်တိုးနန္ဒက ဆစ်ဒနီ သြစကြေးလျားမှာ ဖြစ်ပြီး မောင်နိုလန်အောင်က ဗန်ကူးဝါး ကနေဒါမှာ သူတို့နှစ်ယောက် သုံးနှစ် ပတ်ဝန်းကျင် ကာလတုန်းက ရိုက်ထားတဲ့ပုံတွေ ဖြစ်ပါတယ်။ အောက်မှာ စန္ဒရားတီးနေတဲ့ ပုံက မောင်နိုလန်အောင် ဖြစ်ပါတယ်။ သားသားက တီးလို့မတတ်ပါဘူး ကလို့ပဲ တတ်ပါတယ်။ ခပ်ဆင်ဆင်ဆိုတော့ စန္ဒယားတီးနေတဲ့ တူလေးကို ကျွန်မသားလေးနဲ့ မှားမှာစိုးလို့ မဟုတ်ဘူးဆိုတာ ဘလော့ဂ်မောင်နှမတွေကို ကြိုပြောထားတာပါ။ သူတို့လေးတွေရဲ့ မျိုးရိုးဗီဇမှာ ကျွန်မတို့ မောင်နှမက ရုပ်သွင်လက္ခဏာမှာ စိုးမိုးဗီဇ နေရာမှာ ယူနေလို့လား မသိဘူး သားနှစ်ယောက်က တော်တော်ဆင်တယ်။့ ၀ါသနာနဲ့ဆိုင်တဲ့ လက္ခဏာလက္ခဏာမှာ ကျတော့ တေးဂီတနဲ့ ပတ်သက်လာရင် လက်ခုပ်တောင် ဖြောင့်ဖြောင့်တီးမတတ်ကြတဲ့ အမေနှစ်ယောက်နဲ့ လုံးဝမတူကြပဲ သူတို့အဖေတွေနဲ့ပဲ တူနေကြတာ တွေ့ရတော့ မျိုးရိုးဗီဇ စကားနဲ့ ပြောရရင်တော့ တကယ်ကို Autosomal Dominant inheritance (တိုက်ရိုက် အမွေဆက်ခံတဲ့ပုံစံချ) ပါပဲ။

ဒီကလေး နှစ်ယောက် စလုံးက စနေနေ့မှာ မွေးကြတော့ ဗေဒင်တွက်ရင် အဓိပဓိဘွားတွေလို့ ဇာတာမှာ တွက်ချက်တဲ့ အဖြေလည်း တူပါတယ်။ အမေနှစ်ယောက်က မောင်နှမ အရင်းတွေ ဖြစ်ပြီး သူတို့ကို မွေးရပုံကလည်း ပုံမှန်မဟုတ်ပဲ ဗိုက်ခွဲမွေးရချင်းလည်း တူပါတယ်။ သားတယောက်တည်း မွေးထားကြတာချင်းလည်း တူပါတယ်။ ကွာတာကတော့  ဒီကလေး နှစ်ယောက်က ၀ါသနာတွေလည်း တူပုံရပါတယ်။ ဒါပေယ့် သူတို့နှစ်ယောက် မရင်းနှီးဘူး အကြောင်းက စကားပြောရာမှာ လေယူလေသိမ်း မတူတော့ တယောက်နဲ့ တယောက် ရှက်နေကြတယ်။ ပထမဦးဆုံး တခါ စကားပြောခိုင်းတော့ သားသား ပြောတယ် မေမေ Nolan က အင်္ဂလိပ်စကားကို ပြောတာ မှန်တော့မှန်တယ် ဒါပေမယ့် ဗြိတိရှ်လည်းမဟုတ် အမေရိကန်လည်း မဟုတ် ဘယ်လို ပြောလေမှန်းလည်း မသိဘူးတဲ့။ တူလေးကလည်း သူ့အမေကို မောင်တိုးက အင်္ဂလိပ်လို ဘယ်လိုပြောနေမှန်းလည်း မသိဘူးလို့ ပြောတယ်ဆိုတော့ တသံတည်းထွက်တယ်။ နောက်တော့ သူတို့နှစ်ယောက်က ချတ်မှာ စာရိုက်ပြီးပြောတာ တခါတလေ တွေ့ပေမယ့် စကားပြောနေတာတော့ တခါမှ မတွေ့တော့ဘူး။

တူလေး Nolan Aung စန္ဒရား တီးထားတဲ့ ပထမ အပုဒ်က ကျွန်မ သိပ်ကြိုက်တဲ့ ခင်မောင်တိုးရဲ့ ကော်ပီသီချင်းတပုဒ်ပါ။ ဒါကြောင့် သီချင်းစာသားကိုပါ တင်ထားပေးလိုက်ပါတယ်။ သူတီးထားတာကတော့ မူရင်း အင်္ဂလိပ်သီချင်းကို တီးထားတာ ဖြစ်ပါတယ်။ဒုတိယသီချင်း ဖြစ်တဲ့ Wonderful Tonight ကို တူလေး နိုလန်အောင်က သူ့ကျောင်းကလုပ်တဲ့ ဖျော်ဖြေရေး အစီစဉ်တခုမှာ တီးထားတာ ဖြစ်တယ်လို့ သူ့အမေက ပြောပြပါတယ်။ ဒါပေမဲ့ အဲဒီ အင်္ဂလိပ် သီချင်းကို ကျွန်မ မသိလို့ ခင်မောင်တိုး သီချင်းကိုပဲ ထည့်လိုက်ပါတယ်။ နောက်တပုဒ်က ကျွန်မ ကြားပဲ ကြားဖူးပြီး သီချင်းကို မသိလို့ နာမည်ကြီး သီချင်းကိုပဲ မသိရကောင်းလားဆိုပြီး ကျွန်မကို ကဲ့ရဲ့ချင်တဲ့ သူတွေကလည်း ရှိသေးတယ်။ အဲဒီသီချင်းကို တူလေး တီးထားတာ ကိုသားဆွေ ဘလော့ဂ် ဆိုက်ဘားမှာ တင်ထားတာကို ကျွန်မတွေ့တာနဲ့ ကျွန်မဘလာ့ဂ်မှာ တင်ချင်လို့ ကိုသားဆွေနဲ့ စောကျော်ခွိ နှစ်ယောက်စလုံးကို အကူအညီတောင်းပြီး ကြိုးစားကြည့်တယ်။ ဒါပေမယ့် ကျွန်မဘာတွေ မှားပြီး သွားနှိပ်လဲမသိဘူး သူတို့ပြောတဲ့အတိုင်း လိုက်လုပ်ပေမယ့် တင်လို့မရပဲ သူတို့ ဘလော့ဂ်တွေမှာ စမ်းတင်ကြည့်တော့ ရနေတာကို တွေ့ရတယ်။ ကျွန်မကို အကူအညီပေးနေတဲ့ မောင်လေး မိုးသွေးငယ်က အင်တာနက် ကွန်နက်ရှင် အဆင်မပြေလို့ ဒီအတောအတွင်း အကူအညီလိုရင် ကိုဒီရေဆီမှာ တောင်းပါဆိုလို့ ကိုဒီရေကို အကူအညီ တောင်းလိုက်ပြီး ကိုဒီရေ ပြောတဲ့အတိုင်း လိုက်လုပ်တာ အောင်မြင်သွားတယ်။ ကျွန်မတော်တာတော့ မဖြစ်နိုင်ဘူး ဆရာတော်တာပဲ ဖြစ်ဖို့များတယ်။ ကွန်ပြူတာနဲ့ပတ်သက်ရင် ပြောတဲ့အတိုင်း လိုက်လုပ်လို့ ဘယ်တုန်းကမှ အဆင်မပြေဖူးပဲနဲ့ အခုတော့ ကိုဒီရေ ကျေးဇူးနဲ့ အောင်မြင်သွားတာ ၀မ်းသာလို့မဆုံးဘူး။ ဘလော့ဂ်ထဲကို Youtube ကပုံ ဘယ်လိုထည့်လဲဆိုတာ အခုတော့ သိသွားပါပြီ။ တူလေး နိုလန်အောင်ရဲ့ စန္ဒရား လက်သံလေးကို ဆက်လက် နားထောင်ရင်း ခင်မောင်တိုးသီချင်းကို လိုချင်သူများ ကူးသွားနိုင်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

14 comments:

ဆရာ မပြ နည်းမကျ ဆိုတာ အမှန်ပဲ နော် ။
မသိတာ မေး ပြီး လိုက်လုပ်ကြည့်လို့  အောင်မြင်သွားရင် ပျော်ရတာပဲလေ ။

ကလေးတွေ ဝါသနာပါတာ ပျိုးထောင်ပေးရင် ပိုပြီး အကျိုးရှိပါတယ် ။ မျိုးရိုးဗီဇ လည်း ပါတော့ ပိုပြီး ကောင်းမှာပေါ့ နော် ။

အမရေဒီခေတ်ကလေးတွေက
သိပ်လည်တာနော်
ချစ်ဖို့လည်းကောင်းတယ်သူတို့
လူလည်ကျတာလေးတွေက
တတ်လည်းတတ်လွယ်တယ်
ညီမတို့တုန်းကတောင်
ဘာမှမလုပ်တတ်မကိုင်တတ်နဲ့
ကလေးတွေသီချင်းဆိုနေပုံကြည့်ပြီးပီတိဖြစ်သွားတယ်

နိုလန်အောင်လေးက ချစ်စရာကောင်းလိုက်တာ။ ၀၀ ကစ်ကစ်လေး။ စန္ဒယား လက်သံကို မအယ်က နားမလည်လို့ မပြောတတ်ပေမဲ့ လူအုပ်ရှေ့ တီးနေတဲ့ပုံ နူတ်ဆက်သွားပုံက တကယ် ချစ်စရာကောင်းတယ်။

ကလေးတွေက ဗမာ စကား မတတ်ကြဘူးလား မငယ်နိုင်။

မအယ်

ကျမက မငယ်နိုင်နဲ့ ပြောင်းပြန်။ ဒုတိယသီချင်းကိုပဲ သိတယ်။ ဇော်ဝင်းထွဋ်ရဲ့ ကော်ပီသီချင်း။ စာသားတွေတော့ မေ့တေ့တေ့ပဲ။
အားလုံးအိပ်ကြပြီ..ဒီငွေရောင်လမင်းငယ်
ဒီပုံပြင်မှာ မင်းရဲ့ငွေလ၀န်း ငါပဲ..
ဆိုလားပဲ...

စန္ဒယားတီးသံက တော်တော်လေးနားထောင်ကောင်းတယ် ငယ်ငယ်လေးနဲ့ တော်လိုက်တာ ချီးကျူးပါတယ်

ုKiki ရေဟုတ်တယ်၊ ကွန်ပြူတာနဲ့ ပတ်သက်ပြီး တခုခုလုပ်ရင် ရပ်ကူပါလူဝိုင်းပဲ။

မချစ်ရရေ ခုခေတ်ကလေးတွေက လူကြီးတွေထက် ပိုပြီး သင်လွယ်တတ်လွယ်တာ အမှန်ပဲ။

မအယ်ကလည်း သားအကြောင်းကို ဘာမှ မပြောပဲ တူအကြောင်းပဲ ချီးကျူးနေတော့ ဆရာဝန်လုပ်ပြီး Human behaviour and Psychology ကို မသင်ခဲ့ဖူးရာ ကျနေတာပဲ။ အလကား ပြောတာပါ ကျွန်မတူလေးက တကယ်ချစ်စရာ ကောင်းပါတယ်။ ကျွန်မသားလေးလည်း တီးမတတ်ပေမယ့် ကတတ်ပါတယ် ကဗျာတွေ စပ်တတ်ပါတယ် ဆိုတာ ပို့်စ်အဟောင်းတွေ ပြန်ကြည့်ရင် မအယ် သိနိုင်တယ် အဟိ..။ အင်္ဂလိပ်လို ပြောတဲ့ပတ်ဝန်းကျင်မှာ ကြီးတဲ့ ကလေးတွေက ဗမာလို တတ်ပေမယ့် သဘာဝအလျောက် အင်္ဂလိပ်လိုကို ပိုအားသန်သွားတယ် မအယ်။ နောက်ပိုင်းမှ ဗီဇနဲ့ ပတ်ဝန်းကျင် အကြောင်းကို ပို့စ်တခုလောက် ရေးဖို့ စဉ်းစားထားတယ်။

ဇော်ဝင်းထွဋ် သီချင်းတွေ ကျွန်မ သိပ်နားမထောင်ဖြစ်လို့ မသိပေမယ့် ခင်မောင်တိုး ပြန်ဆိုတဲ့ သီချင်းကိုတော့ ကျွန်မလည်း သိပ်ကြိုက်တာ အပြင် ကျွန်မ အမျိုးသားက အမြဲဆိုလို့ ကျွန်မသိတာပါ စူးနွယ်လေး။

တော်တယ်ဗျာ။ ဂီတတခုခုကို တီးခတ်နေတဲ့သူဟာ မှတ်ဥာဏ်ကိုလေ့ကျင့်ပေးနေသလိုပဲဆိုလား ကြားဘူးတယ်။

အမရေ အခုလို မျိုးဆက်သစ်ခလေးတွေ ထက်မြက်နေတာကို မြင်ရလို့ ၀မ်းသာမိပါတယ် နော်တခုက အမစာရဲ့  အောက်ဆုံး စာကြောင်းမှာ ခင်မောင်တိုးက ခင်တောင်တိုးဖြစ်နေတယ်လေ ... ပြောပြတာပါနော် ...

Waing, ကိုလူသစ် ကိုဇော် (ခြေလှမ်းသစ်) ရေ- ဟုတ်တယ် ကျွန်မတူလေး တီးတာ သိပ်ကောင်းတယ်။ ပထမပိုဒ်ကို တီးထားတာကို စတွေ့တော့ တူလေးက မြန်မာသီချင်းကိုလည်း တီးတတ်တယ် ထင်နေတာ ခင်မောင်တိုးက အင်္ဂလိပ်သီချင်းကို ပြန်ဆိုထားတာလို့ အမျိုးသားက ပြောပြမှ ကျွန်မသိတယ်။ ကျွန်မသားလေးသာ ဒီလို တီးတတ်ရင်တော့ စန္ဒရားချစ်ဆွေတို့၊ စန္ဒရားလှထွဋ်တို့ လက်ကွက်တွေ ရှာပြီး တီးခိုင်းမှာ သေချာတယ်။

ကိုဇော်ရေ အခုလို ပြောပြတာ ကျေးဇူးတင်ပါတယ် ပြင်လိုက်ပါပြီ။

အခုလို သားလေးတီးတာတွေကို အရေးတယူတင်ပေးလိုက်တဲ့ အမဖြစ်သူ ငယ်နိုင်ကိုရော ၀ိုင်းဝန်းချီးကျူးအားပေးကြသူများကိုပါ ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်ရှင်။ နောက်ပြီးအဲဒီထဲက မေးထားတာလေးကို မငယ်နိုင်အစားပဲ ကျမဖြေပေးလိုက်ပါ့မယ် ကလေးတွေမြန်မာစကားတတ်လားဆိုတဲ့ မအယ်ရဲ့အမေးကိုပါ။ နိုလင်က မြန်မာစကားကို လုံးစေ့ပတ်စေ့ပြောတတ်ပါတယ် ဒါပေမယ့် တခါတလေမှာ သူပြောတဲ့ပုံစံလေးကိုလည်း ပြန်ဝေမျှလိုက်ပါတယ် ဘာတဲ့ မေမေ့လက်ဒူးခေါင်းက သားသားကို ဘောသားရီး လုပ်နေတယ်တဲ့ ကျမအိပ်ချိန် လက်နဖူးပေါ်တင်တော့ နဘေးမှာရှိတဲ့ သူ့မျက်နာကို ကျမလက်တစ်တောင်ဆစ်နဲ့ သွားတိုက်မိတဲ့အချိန်ပြောတဲ့စကားပါ။ နောက်တစ်ခုကတော့ မေမေရေ အိမ်ရှေ့မှာ ခွေးနှစ်ယောက်နဲ့ လူတစ်ကောင်လာနေတယ်တဲ့။ သားလေးရဲ့ youtube မှာ လောလောဆယ်သီချင်း ရှစ်ပုဒ်တင်ထားပါတယ် အဲဒီအောက်မှာပေါ်တဲ့ သူ့ပုံလေးတွေ ကလစ်လုပ်ပြီးလည်း ကျန်သီချင်းများနားထောင်အားပေးလို့ရကြောင်း နဲ့ အမေတစ်ယောက်အနေနဲ့ သားလေးကို တေးဂီတမှာ အောင်မြင်စေချင်သလို သူ့အစ်ကိုလိုစာပေဖက်ကို လိုက်စားစေချင်တာအမှန်ပဲ ဒီလိုပဲတိုးနန္ဒ အမေကလည်း သူ့သားလေးကို ဂီတသမားဖြစ်စေချင်မှာပဲ သူတို့နှစ်ယောက်အပြင်မှာ တကယ်ပေါင်းဖြစ်တဲ့နေ့ကိုပဲ ကျမမျှော်လင့်နေပါတယ်။

လာလည်ကြည့်သွားဖတ်သွားပါတယ်ရှင်

14 Nov 09, 00:10
ကိုဇော်: အမရေ ကလေး၂ယောက်ကို ကြည့်ရတာ ပီတိဖြစ်မိပါတယ်ဗျာ

14 Nov 09, 19:58
တနင်္သာရီကမ်းရိုးတန်း: အမ နိုင်းနိုင်ပိုစ့်အသစ်တွေဖတ်သွားတယ်ဗျ အမတူလေးကအရမ်းတော်တာဘဲ restatement ရရင်အော်စီကိုလာခဲ့မယ်နော်အမ ဆန်ဒနီမှာ ထားဝယ်ကျောင်းရှိတယ် ဆစ်ဒနီသွားချင်တာ

C-Box ထဲက ဒီပို့စ်နဲ့ ဆိုင်တဲ့ မှတ်ချက်မို့ ကူးပြီး ပို့စ်က သိမ်းထားလိုက်ပါတယ်။ (ငယ်နိုင်)

ခလေးတွေတော်တာ သိရလို့ ကာယကံရှင်မိဘတွေ ကိုယ်စား ပီတိဖြစ်မိတယ်...

ကလေးတွေဆိုပေမယ့် တော်လိုက်ကြတာဗျာ။