မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်

ဒီနေ့ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့တဲ့၊ သတင်းဘလော့ဂ် တခုကို ၀င်ဖတ်ရင်း အဲဒီ ဘလော့ဂ်မှာ ရှိတဲ့ မြန်မာပြက္ခဒိန်ထဲမှာ တွေ့လိုက်ရတော့ အမှတ်တမဲ့နဲ့ ဒီလိုနေ့ကို သတိမထားမိပဲ ဖြတ်သန်းသွားတာ နှစ်တွေ ဘယ်လောက်တောင်များ ရှိပြီလဲဆိုတာ တွေးပြီး စိတ်မကောင်း ဖြစ်မိတယ်။ ဒါနဲ့ပဲ ကျောင်းပိတ်ခါနီး မအားဘူးဆိုပေမမယ့် ကျွန်မမှာ ပို့စ်တင်စရာ အကြောင်းက ဖန်လာပါတော့တယ်။ ၂၀၀၉ စာသင်နှစ်ရဲ့ နောက်ဆုံးပတ်မှာ ရှိသမျှ Assignment တွေ မပြီးမချင်း ပို့စ်အသစ်လည်း မတင်တော့ဘူး ဘလော့ဂ်ထဲ ၀င်မိရင်လည်း Link ထားတဲ့ ဘလော့ဂ်တွေမှာ ပို့စ်အသစ်တင်ထားတာကို တွေ့ရင် မဖတ်ရ မနေနိုင်ဖြစ်ပြီး ဘလော့ဂ် စာမျက်နှာတွေပေါ်က ပြန်ထွက်လို့ မရတော့ပဲ Assignmet တွေဆီ ပြန်မရောက်ဖြစ်မှာ စိုးလို့ ဘလောဂ်ထဲ လုံးဝ ၀င်မကြည့်တော့ဘူလို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာ သိရုံလေးအတွက် သတင်းဌာန တချို့နဲ့ သတင်းဘလော့ဂ်တချို့ကို ဖတ် ဖြစ်ခဲ့တော့ အဲဒီအချိန်မှာ ဒီနေ့ထူး နေ့မြတ်ကို သွားတွေ့လိုက်ခြင်း ဖြစ်ပါတယ်။ အဲဒါနဲ့ မနေနိုင်လို့ မှတ်တမ်းလေးတခု ရေးချရင်း ပို့စ်တခု ဖြစ်သွားပါတယ်။

တချိန်က မြန်မာပြည်မှာ အဲဒီနေ့ နီ်းကပ်လာတိုင်း သတင်းတွေထဲမှာလည်း အမျိုးသားရေး စိတ်ဓါတ်နဲ့ ဗြိတိသျှ ကိုလိုနီ စနစ်ကို ကျောင်းသားတွေက ဘယ်လို တွန်းလှန်ခဲ့တယ်ဆိုတာကို တခမ်းတနား ဖေါ်ပြကြသလို ကျောင်းတွေမှာလည်း ဟောပြောပွဲတွေ တခမ်းတနား လုပ်ပါတယ်။ အဲဒီနေ့မှာ မွေးတဲ့ကလေးတွေကို သက်ဆိုင်ရာက နေ့ထူးနေ့မြတ်မှာ မွေးတဲ့ကလေးအဖြစ် သတ်မှတ်ပြီး မိဘတွေကို ဆုလာတ်တွေ ပေးပါတယ်။ ကျွန်မ အစ်မဆိုရင် ဒီနေ့မှာ မွေးလို့ ငယ်ငယ်က ကလေးအသုံးအဆောင် ပစ္စည်းတွေ အများကြီး ဆုရခဲ့တယ်လို့ လူကြီးတွေ ပြောပြလို့ သိရတယ်။ ဒီနေ့မှာ မွေးတဲ့ကလေးတွေကို အခုချိန်မှာ ဆုမပေးတာကတော့ အကြောင်းမဟုတ်ပါဘူး။ ဒီနေ့ကို ဒီလောက် အမှတ်တရ ဖြတ်သန်းလာခဲ့ဖူးတဲ့ ကျွန်မတောင်မှ အခုလိုအမှတ်မထင် ပြက္ခဒိန်ကိုသာ မတွေ့လိုက်ရရင် ဒီနေ့ကို ဖြတ်သွားတာ သိတောင် သိလိုက်မိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အခုခေတ် ကျောင်းတွေမှာ ကျွန်မတို့တုန်းကလို ဒီနေ့နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်မှ လုပ်သေးရဲ့လား၊ ဒီနေ့ဟာ ဘာလုပ်တဲ့နေ့ဆိုတာကော ပြည်သူလူထုတွေနဲ့ ကျောင်းသားလူငယ်တွေ သိကောသိသေးရဲ့လား ဆိုတာကို ကျွန်မ တွေြး့ပီး ငယ်ငယ်က အကြောင်းကို ပြန်ပြီး စဉ်းစားနေမိတယ်။

ကျွန်မတို့ ငယ်ငယ်တုန်းက တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့ နီးရင် တခြား အာဇာနည်နေ့၊ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့ နီးသလိုပဲ ကျောင်းမှာ ဆရာဆရာမတွေက ဟောပြောပွဲတွေ လုပ်ဖို့ စီစဉ်ပြီး ဒီနေ့အတွက် ပြင်ဆင်ကြတာကို မှတ်မိနေပါတယ်။ ရှစ်တန်းအထိ သင်ခဲ့ဖူးတဲ့ သမိုင်းစာမျက်နှာတွေထဲကနေ ဒီနေ့အကြောင်းကို ကျွန်မရဲ့ မှတ်ဥာဏ်ထဲမှာ ကောင်းကောင်း မှတ်မိနေပါတယ်။ မြန်မာနိုင်ငံဟာ ၁၈၂၄ ခုနှစ်မှာတကြိမ်၊ ၁၈၅၂ မှာတကြိမ်၊ ၁၈၈၅ မှာတကြိမ် ဗြိတိသျှတို့နဲ့ စစ်ကြီးသုံးကြိမ် ဖြစ်ပြီး ဗြိတိသျှတို့ရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ အင်္ဂလိပ်တွေ တနိုင်ငံလုံးကို သိမ်းပိုက်လို့ သီပေါမင်းနဲ့ မိဘုရား အချွေရံတွေကို ရတနာဂီရိသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်း ၁၈၈၆ ဇန္န၀ါရီလမှာ မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာ ဖြစ်သွားပြီလို့ ကြေညာလိုက်တဲ့ အချိန်မှာတော့ ၀န်းသိုစော်ပွား ဦးအောင်မြတ်၊ ချင်းအမျိုးသား ကြွမ်ဘိစ်နဲ့ ဗမာ့သွေးပြောင် ဗိုလ်မင်းရောင်(ဗိုလ်ချုပ်အောင်ဆန်းရဲ့အဖိုး) တို့က မခံမရပ်နိုင်ပဲ စတင်တော်လှန်ခဲ့ပေမယ့် အင်အားမမျှတခြင်း၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ခဲ့ခြင်း မဟုတ်လို့ မအောင်မြင်ခဲ့ဘူးဆိုတာ သိခဲ့ရတယ်။ ဒီလိုနဲ့ ၁၈၈၆ ခုနှစ် နှစ်အစမှာ တနိုင်ငံလုံး ကျွန်ဘ၀ကို ရောက်ရှိခဲ့ပါတယ်။ ဒီအကြောင်းဟာ စာစီစာကုံးတိုင်း အခမ်းအနားတိုင်း မပါရင် မပြီးတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

ဗြိတိသျှခေတ် မြန်မာပြည် ပညာရေးမှာ မြန်မာပြည်သူလူထုအတွက် ဘာမှ အသုံးမ၀င်ပဲ ဗြိတိသျှ ဗျူရိုကရက် ယန္တရား လည်ပတ်နိုင်ရေးအတွက် အထောက်အကူ ပြုတဲ့ ကျွန်ပညာရေးသက်သက် ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ငယ်ငယ်က မနက်တိုင်း ကျောင်းတက်ခေါင်းလောင်း ထိုးပြီးတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွကျဆုံးသွားတဲ့ အာဇာနည်ေ ခါင်းဆောင်ကြီးတွေကို နိုင်ငံတော်အလံ အလေးပြုတဲ့အချိန်မှာ အလေးပြုရပါတယ်။ ပြီးတော့မှ မဆလ ခေတ်ရဲ့ လူငယ်သစ္စာ အဓိဌါန် (၅) ချက်နဲ့ ကျွန်ုပ်တို့၏ ယုံကြည်ချက်ဆိုတာကို ဆိုရပါတယ်။ ပြီးတော့မှ ဘုရားရှိခိုးကို ဆိုရပါတယ်။ အဲဒီအချိန်က ဒီလိုလုပ်တဲ့နေရာမှာ ဗြိတိသျှခေတ်ကတော့ ကျောင်းတက်ရင် အင်္ဂလန်မှာ ရှိတဲ့ ဗြိတိသျှ ဘုရင်မကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သက်တော်ရာကျော် ရှည်ပါစေလို့ ကျောင်းသားတွေက ကျောင်းတက်တိုင်း ဆုတောင်းပေးရတယ်လို့ သိရပါတယ်။

ဗြိတိသျှလက်အောက် မြန်မာနိုင်ငံသားတွေဟာ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေး ကျန်းမာရေ၊ အစစအရာရာမှ ဘာတခုမှ နလံမထူနိုင်ပဲ အင်္ဂလိပ်တွေရဲ့ ခြေဖ၀ါးအောက်ကို ပြားပြားမှောက် ရောက်ရှိခဲ့ရပါတယ်။ ဒီလို အစစအရာရာ အောက်ကျ နောက်ကျ အဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကို စတင်သတိထားမိပြီး တွန်းလှန်ခဲ့သူများမှာ တက္ကသိုလ် ကျောင်းသားတွေ ဖြစ်ကြပြီး ကျောင်းတွေမှာ မြန်မာစာပေ ဗြိတိသျှသတ်မှတ်ထားတဲ့ တက္ကသိုလ် ဥပဒေတွေကို ဆန့်ကျင်တဲ့ သပိတ်ကို ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက် မှာ ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၂၈၂ ခု အခုလို တန်ဆောင်မုန်းပြည့်ကျော် (၁၀) ရက်နေ့မှာ စတင်သပိတ်မှောက်ခဲ့ပါတယ်။ ပထမ ကျောင်းသားသပိတ်ကို နောင်တချိန်တွင် အမျိုးသားပညာဝန် ဖြစ်လာမည့် ရန်ကုန်တက္ကသိုလ် ကျောင်းသား ကိုဖိုးကျား အပါအ၀င် တက္ကသိုလ်ကျောင်းသားများက စတင်ခဲ့ပါတယ်။ ပထမ ကျောင်းသားသပိတ်ရဲ့ ကြွေးကြော်သံတွေကတော့

သပိတ် သပိတ်…………မှောက် မှောက်
သခင်မျိုးဟေ့……………..ဒို့ဗမာ
မြန်မာပြည်သည်………….ဒို့ပြည်
မြန်မာစာသည်…………..ဒို့စာ
မြန်မာစကားသည်………ဒို့စကား
ဒို့ပြည်ကို……………….ချစ်ပါ
ဒို့စာကို ……………….မြတ်နိုးပါ
ဒို့စကားကို ………..လေးစားပါ၊
လာမယ့်ဘေး……. ပြေးတွေ့
ကြောက်မွေးပါ…..ဇာဂနာနဲ့နုတ်
အရေးတော်ပုံ……အောင်ရမည် ဆိုတာဖြစ်ပြီး ကြောက်မွေးပါ ဇာဂနာနဲ့ နုတ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ပတ်သက်ပြီး ကျွန်မတို့ စာဖတ်နေတာကို လူကြီးတွေက တလွဲကြားပြီး ရယ်ကြတာကိုလည်း ကျွန်မ မှတ်မိနေသေးတယ်။

ပထမကျောင်းသား သိပိတ်ဟာ အင်တာနက်မရှိ တယ်လီဖုန်းမရှိတဲ့ ခေတ်မှာတောင် တနိုင်ငံလုံးရှိ ကျောင်းတွေကို နောက်နေ့မှာ ချက်ချင်းပြန့်နှံ့သွားတယ်လို့ သိရပါတယ်။ ဒီပထမ ကျောင်းသားသပိတ်က တောင်းဆိုချက်တွေကို အင်္ဂလိပ် အစိုးရက လိုက်လျောခဲ့လို့ အမျိုးသားကျောင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့်မို့ အမျိုးသား စိတ်ဓါတ်ကို စတင်နိုးဆော်ပေးပြီး အောင်ပွဲခံခဲ့တဲ့ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့ကို အမျိုးသားနေ့လို့ စတင်သတ်မှတ် ကျင်းပရာကနေ အမျိုးသားနေ့ ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီပိုစ်ရဲ့ ရည်ရွယ်ချက်ကတော့ ဗြိတိသျှ လက်အောက် ကျွန်ဘ၀က လွတ်မြောက်အောင် တော်လှန်ရာမှာ ဒါဟာ ပထမဆုံး ခြေလှမ်းဖြစ်ခဲ့လို့ အမျိုးသားနေ့ကို မြန်မာပြည်သားအားလုံး မမေ့သင့်ပါဘူး။ အခုခေတ်မှာ ဗြိတိသျှ နယ်ချဲ့တွေ မရှိတော့သည့်တိုင် ဗြိတိသျှထက် အဆပေါင်း တရာမက ပိုဆိုးတဲ့ မိစ္ဆာစစ်ဘီလူးတွေက မြန်မာပြည်ကို ဆက်ပြီး ကျွန်ပြုနေပါတယ်။ နယ်ချဲ့အင်္ဂလိပ် မရှိတော့လို့ ကျွန်ဘ၀က လွတ်မြောက်သွားတာ မဟုတ်ပဲ ပိုဆိုးတဲ့ ကျွန်ပြုမှုကို မြန်မာပြည်သားတွေ ဆက်လက် ခံနေရတာကို မတွန်းလှန်ပဲနဲ့ ဘယ်လိုမှ လွတ်မြောက်ဖို့ မရှိနိုင်ပါဘူး။ ကိုလိုနီခေတ် မတရားမှုတွေကို ကျောင်းသားတွေက စတင်တွန်းလှန်ခဲ့ပြီး ကျောင်းသားတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်စေချင်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်း၊ အမျိုးသားနေ့ရဲ့သမိုင်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ အရေးကြီးတဲ့ သမိုင်းအားလုံးကို စစ်အုပ်စုက ၎င်းတို့ အာဏာ တည်မြဲရေးအတွက် စနစ်တကျ ဖုံးကွယ်ထားပါတယ်။ စစ်ကျွန်စနစ်ကို တရားဝင် ဖြစ်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ဗြောင်လိမ်ပြီး ကျွန်သက်တည်မြဲရေးအတွက် အတည်ပြုထားပါတယ်။ ဒါကို အမျိုးသားရေး အသိရှိရှိနဲ့ ဖေါ်ထုတ်ဖို့ မျိုးချစ်စိတ်ဓါတ်ရှိသူ အားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။

ဦးနေ၀င်းဦးဆောင်တဲ့ မဆလ လက်ထက်က ၆၂ ခုနှစ်မှ စတဲ့ကျောင်းသားသမိုင်းကိုပဲ ဖုံးကွယ်ခဲ့ပြီး ဗြိတိသျှလက်ထက် ကျောင်းသားသမိုင်းကို မဖုံးကွယ်ခဲ့ပါဘူး။ အခု နအဖလက်ထက်မှာ ကျောင်းသားသမိုင်း မှန်သမျှ ဘယ်ခေတ်က သမိုင်းကိုမှ လက်မခံပဲ လူထုကို ကျွန်ဇာတ်သွင်းဖို့ လွယ်ကူအောင် ဖုံးကွယ်ထားပါတယ်။ သူများနိုင်ငံနဲ့ ဘယ်နေရာမှာမှ ဘာတခုမှ မတူပဲ အရာရာမှာ နောက်ကျနေပြီး ဘာပဲလုပ်လုပ် ခက်ခဲအောင် လုပ်ထားခြင်း ခံနေရလို့ ခေတ်ကြီးက တဖြေးဖြေး တိုးတက်လာရမည့်အစား ဆုတ်ယုတ်လာနေတာ ဒီလို ကျွန်ပြုထားတဲ့ စနစ်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုမင်းကိုနိုင်ပြောတဲ့ အတိုင်း တိုင်းတပါးကျွန်မှ မဟုတ်ဘူး ဘယ်ကျွန်မှ ခံစရာမလိုပဲ ကျွန်ပြုသူ မှန်သမျှကို တွန်းလှန်ဖို့ လိုပြီး ကျွန်ပြုသူကို စတင်တော်လှန်ခဲ့တဲ့ အမျိုးသားနေ့ကို မမေ့ကြပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်။

(ကျွန်မတို့ ငယ်ငယ်က ဆရာဆရာမတွေက ဟောပြောပွဲတွေမှာ ပြောပြခဲ့တာနဲ့ ရှစ်တန်းအထိ သင်ခဲ့ဖူးတဲ့ သမိုင်းစာအုပ်တွေအထဲက မှတ်မိနေတဲ့အချက်တွေသာ ဖြစ်ပါတယ်။ ဘယ်စာအုပ်ကမှ ကိုးကားဖေါ်ပြထားတာ မဟုတ်တဲ့အတွက် အမှားပါနေရင်လည်း မည်သူမဆို ထောက်ပြပေးနိုင်ပါတယ်။)

(11/11/09 11:01 ) ပြီးခဲ့တဲ့နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့က တင်တဲ့ ပို့စ်ဖြစ်ပါတယ်။

9 comments:

ငါ့တူမရေ..
ဘကျောက်တို့ ငယ်ငယ်ကတော့..အမျိုးသားအောင်ပွဲနေ့..လို့ ခေါ်ခဲ့တာ..
နောက်တော့အောင်ပွဲဆိုတာ..ဦးနေဝင်းကဖြုတ်ပစ်လိုက်တယ်.. ကိုယ့်ဗမာတွေအောင်ပွဲ
မခံစေချင်လို့နဲ့..တူပါရဲ့

လက်ရှိစစ်အစိုးရဟာ မြန်မာနိုင်ငံသားတွေကို အမျိုးသားစိတ်ဓါတ်နဲ့ နိုင်ငံရေးတက်ကြွမှုတွေ မရှိတော့ အောင် ဒီလို အရေးကြီးတဲ့ သမိုင်းတွေကို ဖုံးကွယ်နေတာပါ .. အခုလို တာဝန်သိတယောက်အနေ နဲ့ ပြန်လည်ဖေါ်ထုတ်ပေးတာ ကျေးဇူးပါဗျာ...

နေကျောက်ခဲ ပြောတဲ့ အမျိုးသားအောင်ပွဲနေ့ ဆိုတာ မှန်ပါတယ်ဗျာ၊ ကြောက်မွှေးပါယင် ဇာဂနာ နဲ့ နုတ် / မနုတ်တော့ မသိဖူး၊ ဇာဂနာကို ကို ကြောက်လို့ ထောင်ထဲ ထည့်ထားတာတော့ သေခြာတယ်။

အမကတော့ ပို့စ်တခုဆိုရင် ဆိုသလောက်ပါပဲ။

လူမျိုးခြားရဲ့  ကျွန်ဖြစ်ခဲ့ရတာတောင် တော်လှန်လို့ ရခဲ့သေးတာ ...
ခု တော့ စစ်ဖိနပ်နဲ့ နင်းတဲ့ လူမျိုးတူချင်း ရဲ့  ကျွန်ဘဝ မှာ သက်ဆိုးရှည်နေကြရတာ ပို အသည်းနာစရာကောင်းလှတယ် နော် ။

အပေါ်က ဦးဒူကဘာ ပြောသလို ဇာဂနာ ကိုကြောက် နေကြတာ လည်း မှန်တာပဲ ။( မုန်းတာ လည်း ပါမယ် )

မငယ်နိုင်က မှတ်ဥာဏ် အတော်ကောင်းတာပဲ..သမိုင်းကြောင်းတွေကို ခုချိန်ထိ ခုနှစ် ၊ လ ၊ ရက်တွေ အတိအကျ နဲ့ မှတ်သားထားနိုင်တယ် ။

မဆလခေတ်မှာ မွေးပြီး မဆလ ခေတ်မှာပဲ ကြီးလို့ အမျိုးသားနေ့ကို အရင်က အမျိုးသားအောင်ပွဲနေ့ ခေါ်မှန်း အခု အန်ကယ်ကျောက် ပြောမှပဲ ရတယ်။
ကိုဇော်ထက် အရင်ကျတဲ့ ကျွန်မက အန်ကယ်ကျောက်လောက်တော့ မသိလိုက်ဘူး။ ဒီတော့ အာဏာရှင်ကြီးစိုးနေရွေ့တော့ နောက်မှမွေးလေ အသိနည်းလေ ဖြစ်လာတော့မှာပဲ။

ကိုဒူကဘာ ပြောတာ ကျွန်မလည်း လက်ခံပါတယ်။ တပုဒ်ဆိုတပုဒ်ဆိုတာ AATO က ကောင်းတယ်လို့ ပြောချင်တာလား မသိဘူး။

Kiki ရေ ဒီဇင်ဘာလ (၅) ရက်နေ့နဲ့ ဦးဖိုးကျား နာမည်က အဘဦးရဲခေါင် စာအုပ်ပုံထဲက မှတ်စု တခုမှာ မထင်မှတ်ပဲ တွေ့လို့ ခိုးချထားတာပါ။ ကျန်တာတွေပဲ မှတ်ဥာဏ်ထဲကလာတာ ဖြစ်တယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်နော့်။ ဘလော့ဂ်မလည်ရလို့ အိပ်မပျော် စားမ၀င်တောင် ဖြစ်နေတယ်။

14 Nov 09, 03:28
ဇော်: မဖတ်ရသေးသမျှထဲမှာ လပြည့်ကျော်၁၀ရက်နေ့ရဲ့ သမိုင်းဝင်မှတ်တမ်းလေး အကောင်းဆုံးပဲနော် .. =)

11 Nov 09, 22:17
အဖြူရောင်နတ်သမီး: တန်ဆောင်တိုင်..လာဖတ်သွားတယ်..“မငယ်”ရေ..မွေးနေ့ပွဲလေးလဲတက်ရောက်ဖို့ဖိတ်ပါတယ်နော်...နိုဝင်ဘာ(၁၉)နော်...စောင့်နေမယ်..

11 Nov 09, 12:24
penai22: အရေးတော်ပုံ.....အောင်ရမည်

ယောင်ဝါးဝါး ဖြစ်နေလို့  ဗိုလ်အောင်ကျော် ကျဆုံးတဲ့ နေ့ ကိုရောမှတ်မိလား။အဲဒါ တစ်ရက်ထဲလားလို့ 

မဟုတ်ဘူး Anonymous ဗိုလ်အောင်ကျော် ကျဆုံးတာက ဒုတိယကျောင်းသားသပိတ် ၁၉၃၆ ပါ။ နေ့တော့ စာအုပ်ပြန်လှန်မှရမယ်။ အခုက အမျိုးသားနေ့က ပထမကျောင်းသားသပိတ်ပါ။