မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အိမ်ထောင်မပြုဘဲ ကိုယ်ဝန်ဆောင်ကြသော အမျိုးသမီးများ

အမျိုးသမီးနဲ့ အမျိုးသား နှစ်ဦးမှားယွင်းလို့ ဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ မှားယွင်းမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေမှာ အမျိုးသမီးဖြစ်သူတွေမှာသာ တာဝန်ရှိတယ်လို့ ယူဆခံရပြီး အဲဒီအမှားအယွင်းကြောင့် အမျိုးသမီးတယောက်အတွက် ပတ်ဝန်းကျင်မှာ လူတောမတိုးနိုင်တဲ့ အဆင့်ထိ ရိုက်ခတ်ခံရလေ့ ရှိပါတယ်။ တခြားတဘက်မှာတော့ ”ယောက်ျားပဲ ရရင်ယူမှာပေါ့ မိန်းမက ဆင်ခြင်ဖို့ လိုတာပေါ့၊ ယောက်ျားတွေမှာ မင်္ဂလာဟာ ဘယ်တော့မှ မကုန်တတ်ဘူး” ဆိုတဲ့ အမြင်နဲ့ အမှားအယွင်းမှာ ပါဝင်ပတ်သက်တဲ့ အမျိုးသားကို ပတ်ဝန်းကျင်မှာ ပုံမှန်နဲ့ ဘာမှမခြားဘဲ ဆက်လက်ရပ်တည် သွားနိုင်ခွင့်ကို မြန်မာ့လူ့ဖွဲ့အစည်းက ပေးထားပါတယ်။ အမျိုးသမီးဘက်က ကိုယ်ချင်းစာ နားလည်ခံစားပေးနိုင်သူများ အတွက်တော့ ရင်နဲ့ မဆံ့အောင် ခံစားရစေတဲ့ ဒီလိုအဖြစ်အပျက်တွေက မြန်မာပြည်က ကျေးလက်ဒေသတွေမှာတော့ အပြည့်ရှိနေပါတယ်။ ဒီပို့စ်ကို ရေးသူ Nee Htay (နီဌေး) က သူကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်က ယေက်ျားမရှိပဲ ကိုယ်ဝန်ဆောင်မိတဲ့ အမျိုးသမီးများနဲ့ နိုင်ငံခြားတိုင်းပြည်က ယေက်ျားမရှိပဲ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေရဲ့ ဘ၀နှစ်ခုကို သူတွေ့မြင် ခံစားရသည့်အတိုင်း နှိုင်းယှဉ်ဖေါ်ပြထားတာကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

အိမ်ထောင်မပြုဘဲ ကိုယ်ဝန်ဆောင်ကြသော အမျိုးသမီးများ

မည်သို့သော အကြောင်းရင်းကြောင့် ဖြစ်စေ ကိုယ်ဝန်တစ်ခု ဖြစ်တည်လာသော အချိန်တွင် မိန်းမသားအများစု ကိုယ်လက် မအီသာခြင်း မူးခြင်း ပျို့အန်ခြင်း စိတ်နလုံးမရွင်လန်းခြင်းများဖြစ်တတ်ပါသည်။ ထိုကဲ့သို့ ဝေဒနာများကို ရင်ဆိုင် ဖြတ်ကျော်ရခြင်း အတွက် ကျမတို့ စိတ်ဆင်းရဲ့မှုဖြစ်ရသော်လည်း သဘာဝကဖန်တီးပေးထားသော သားသမီးမွေးဖွားပေးနိုင်သည့် လူသားတစ်ဦးအဖြစ် ရရှိထားသော မိန်းမသားများအဖြစ် ကျမတို့ဂုဏ်ယူထိုက်ပါသည်။

မိန်းမသားတစ်ဦး ကိုယ်ဝန်ရရှိလာခြင်းနဲ့ပါတ်သက်ပြီး ကျမတို့သာမန်အမြင်ဖြင့် ကြည့်မည်ဆိုပါလျှင် မိမိခင်ပွန်းနှင့်အတူ ချစ်မြတ်နိုး၍ ကလေးတစ်ယောက်လူ့ဘ၀ကို ရောက်လာဖို့အရေးကို လိုလိုလားလား ရရှိလာသော ကိုယ်ဝန်သည်များရှိသလို မိသားစုအတွင်း စားဝတ်နေမှုကျပ်တည်းမှုများနှင့် အဖက်ဖက်မှ ဘေးကျပ်နံကျပ်ကာလများအတွင်း မတော်တဆမရည်ရွယ်ပဲ ရရှိလာသော ကိုယ်ဝန်သည်များလည်းရှိပါသည်။ နောက်ဆုံးတမျိုးဖြစ်သော ထိုကိုယ်ဝန်သည်များထက် ပို၍ အဆိုးဝါးဆုံးအခြေနေမျိုးဖြင့် ရရှိလာသော ကိုယ်ဝန်သည်အမျိုးစားကတော့ ကလေးအဖေနာမည်ကို ထုတ်ဖေါ်မပြောနိုင်ပဲ ဒါမှမဟုတ် အိမ်ထောင်မပြုဖြစ်ပဲ ရရှိလာသော ကိုယ်ဝန်သည်များဖြစ်ပါတယ်။

ဖေါ်ပြပါ ပထမ အမျိုးစား နှစ်ခုကိုတော့ တစ်ကမ္ဘာလုံးကတမျိုးတည်း တတန်းစားတည်း လက်ခံပြီး သာမန် ကိုယ်ဝန်ဆောင် မိခင်များ အဖြစ် အသိအမှတ် ပြုထားခြင်းခံရသည်ကို လူတိုင်းသိပြီးဖြစ်ပါသည်။ ကျမအခုဆွေးနွေးချင်သော ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကတော့ နောက်ဆုံး ကျမဖေါ်ပြခဲ့သော အိမ်ထောင်မပြုဖြစ်ပဲ ရရှိလာသော ကိုယ်ဝန်သည်များကိစ္စနှင့်ပါတ်သက်၍ ဒီနေ့ခေတ်၌ လူတော်တော်များများပါးစပ်ဖျား ရေပန်းစားသော အပျို လူပျို ဆိုစကားများလိုပဲ စင်ဂဲလ်မားသား (single mother) ဟူသော ဝေါဟာရသည်လည်း လူပျိုကာလသားများကြား မိန်းမပျိုလေးများကဲ့သို့ ရေပန်းစားသော ရဲရဲတင်းတင်းနေရာဝင်ယူနိုင်သော လူတန်းစားတစ်ရပ်အဖြစ် ကျမပါတ်ဝန်းကျင်တွင် မြင်တွေ့နေရပါသည်။

မိန်းကလေးများ ချစ်သူရီးစားများနှင့် လက်မထပ်ခင် အနေထိုင် မဆင်ခြင်သောအခါများ၌ ကိုယ်ဝန်ရရှိလာ၍ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲသွားလို့ပဲ ဖြစ်ဖြစ် မိဘသဘောမတူလို့ပဲဖြစ်ဖြစ် မိန်းကလေးကိုယ်တိုင်က ထိုသူအား လုံးဝ မိမိလင်ယောကျာင်္း အဖြစ် လက်မခံချင်လို့ပဲ ဖြစ်ဖြစ် လက်မထပ် ဖြစ်ပဲ တစ်ဦးတည်း ရင်ဆိုင် မွေးဖွားရသော စင်ဂဲလ် မားသားများ ရှိသလို အပျော်အပါး မက်မောပြီး အပေါင်းသင်း ပေါင်းစုံဖြစ် သွားရောက်လည်ပတ်ရာမှ ရရှိလာသော ကိုယ်ဝန်အား ပိုင်ရှင်မည်သူမည်ဝါ လက်ညိုး မထိုးပြနိုင်ပဲ မွေးလာသော စင်ဂဲမားသား အမြောက်များကိုလည်း တွေ့ဖူးခဲ့ပါသည်။ စင်ဂဲမားသားများအနေနှင့် မိမိတို့မှ မွေးဖွားလာသော သားသမီးများကို မိမိ ကိုယ်တိုင် နာမည်ပေးပိုင်ခွင့် ရှိသော အချက်မှာ အိမ်ထောင်ရှိသူများထက် ပိုသော အခွင့်ကောင်းဖြစ်ပါသည်။ မိမိသားသမီးများအား အဖေဖြစ်သူ၏ မျိုးရိုးစဉ်ဆက် မှဆင်းဆက်လာသော (last name) နာမည်ကို တရားဝင် မပေးချင်ကမပေးပဲ နေနိုင်ပါသည်။ မိမိကိုယ်ပိုင် နာမည်ကိုပင် ကလေးအတွက် ပေးချင်ပါက ပေးနိုင်သော အခွင့်ရှိပါသည်။ ထိုသို့ မွေးဖွားခြင်းခံရသော ကလေးများ ကျမပါတ်ဝန်းကျင်၌ လူတစ်လုံးသူတစ်လုံးအဖြစ် အရေးပါအရာရောက်နေသော၊ ဌာနဆိုင်ရာများ၌ အကြီးအကဲများ ဖြစ်နေသော သူတော်တော်များများလည်း တွေ့ဖူးပါသည်။ အဖေမရှိပဲကလေးတစ်ယောက် လူ့လောကထဲရောက်လာခြင်းနှင့်ပါတ်သက်၍ မည်သူမှလည်း အရေးတစ်ခုလုပ်ပြီး ဆွေးနွေးပြောဆိုခြင်း ကဲ့ရဲ့ ပုတ်ခတ်ခြင်းနှင့် လူ့အသိုင်းဝန်းမှ ဘေးရောက်ရခြင်းမျိုးလည်း မတွေ့ခဲ့ရသလို ထိုကဲ့သို့သော အမျိုးသမီးများအတွက် ထောက်ပံ့ကြေး အကူအညီကို အစိုးရမှ သာမန် လူများထက် ပိုပေးကြောင်း ကိုတောင် သိခဲ့ရပါသည်။ တချို့သော အမျိုးသမီးငယ်များကလည်း မိမိတို့ရပိုင်ခွင့်ကို အလွတ်မပေးပဲ ယောကျာ်းများကို တရားဝင် လက်ထပ် ပေါင်းသင်းမှုမပြုပဲ စင်ဂဲမားသားအဖြစ်နှင့် သာ အစိုးရထောက်ပံ့ကြေးဖြင့် ကလေးတစ်ယောက်ပြီးတစ်ယောက် မွေးထုတ် နေကြသော မိန်မသားများကိုလည်း ကျမတွေ့ဖူးပါသည်။

ကျမတို့ မြန်မာလူ့အဖွဲအစည်းမှာတော့ အဖေမပေါ်ပဲ ကလေးတစ်ယောက်မွေးဖွားခြင်းနှင့် ပါတ်သက်၍ မည်သို့ရှိသည်ဆိုသော အကြောင်းကို လူတိုင်းသိထားပြီးသားဖြစ်ပါလိမ့်မည်။ တစ်ချို့မိန်းကလေးများ မိမိကိုယ်ကိုယ် သတ်သေတဲ့အထိ အသက်ထက် အရှက်ကို ပိုပြီး ကာကွယ်ရမည်ဟူသော ညီမလေးများအတွက် များစွာရင်နာမိပါသည်။ ကျမငယ်စဉ်က တွေ့ဖူးခဲ့သော ဖြစ်ရပ်လေးတစ်ခု ပြန်သတိရမိပါသည်။ ကျမတို့နဲ့ ဆွေမကင်းမျိုးမကင်းထဲက အကိုတစ်ယောက် မင်္ဂလာမဆောင်ခင် နေ့မှာ သူ့ချစ်သူဟောင်းက အဆိပ်သောက်ပြီးကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါသည်။ သူ့မင်္ဂလာဦးညပြီးနောက်တနေ့ ကျမတို့ ထိုအမျိုးသမီးလေး အသုဘကိုလိုက်ပို့ရပါသည်။ နောက်ပိုင်းကျမတို့သိရသည်မှာ ထိုကောင်မလေး၌ ကိုယ်ဝန်ရှိနေပြီး ကောင်လေးက မိဘသဘောတူသူကို လက်ထပ်ဖို့ ဖြစ်လာတဲ့အခါမှာ သူ့ချစ်သူကောင်မလေးက မကြိမ်ကြိမ်တောင်းပန်ပြီး သူ့ကို လာခိုးဖို့ ပြောပါတယ်လို့ဆိုပါတယ်။ နောက်ဆုံး မင်္ဂလာဆောင်အလုပ်ကိုင်နေ့မှာတော့ ကောင်မလေးအဆိပ်သောက်သွားတယ်။ မိမိချစ်လှစွာသော ချစ်သူ မိမိကြောင့်အရှက်တကွဲအကျိုးနည်းဖြစ်ရမယ်ဖြစ်ပြီး အသက်ကို ပေးတဲ့အထိ အရှုံးပေးသွားသောအဖြစ်မှာ ထိုမင်္ဂလာသတိုးသားအနေနဲ့ သူ့မင်္ဂလာဦးညကို ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ ကျမသိချင်လှပါသည်။ ထိုအဖြစ်နဲ့ပါတ်သက်ပြီး တလောကလုံးက သေသွားသူ ကောင်မလေးအား မည်သူမှ ဂရုဏာမပွားသလို မိဘများကိုယ်တိုင်ကလည်း ထိုအသုဘကိုတောင် လိုက်မပို့ဘူးလို့သိရပါတယ် မိဘကို အရှက်ခွဲပြီး ထားခဲ့လို့ ပါတဲ့။

နောက်အဖြစ်တစ်ခုကတော့ ကျမတို့နေထိုင်ခဲ့သော ရွာမှာပဲဖြစ်သွားသော အကြောင်းလေးတစ်ခုပါ။ အထက်တန်းကျောင်းသွားဖေါ် ကောင်မလေးနဲ့ကောင်လေးနှစ်ယောက်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အိမ်နီးခြင်းလည်းဖြစ် အတူမွေးဖွားကြီးပြင်းလာသူများလည်းဖြစ်သော ထိုနှစ်ယောက် သူ့အိမ်ငါဝင် ငါ့အိမ်သူဝင်နဲ့နေလာခဲ့ကြတာ ဆယ်တန်းရောက်တဲ့နှစ်မှာပဲ သူတို့ချင်း ချစ်ကြိုက်ကြပြီး မိန်းကလေးမှာကိုယ်ဝန်ရှိလာတယ် လို့သိရပါတယ်။ တသက်လုံးအတူနေလာတဲ့မိဘတွေကလည်း သူတို့ချင်းလက်ထပ်ဖို့ကိစ္စကို ထည့်မစည်းစားပဲ ကောင်လေးကို သူ့မိဘများက ဝေးရာကို ထွက်သွားခိုင်းလိုက်တဲ့နောက်မှာ ကျန်နေရစ်သူကောင်မလေးခမြာ မိဘ၏ ရိုက်ပုတ်ခြင်း၊ ပါတ်ဝန်းကျင်ကဲ့ရဲ့ခြင်း ကိုယ်ဝန် အဆိပ်တက်သောက်ကြောင့် မစားနိုင်မသောက်နိုင် မူးဝေပျို့အန်ခြင်းများအပြင် အဆိုးဝါးဆုံးဖြစ်သော ဒီလိုဒုက္ခတွေရင်ဆိုင်နေရချိန်မှာ မိမိချစ်မြတ်နိုးသူ မိမိအနား အားပေးဖေါ်မရှိခြင်း လွမ်းဆွတ်အောက်မေ့ခြင်းများ ရင်မှာပိုက်ပြီး တနေ့မှာ ရွာဦးတံတားကြီးပေါ်ကနေ ရေထဲခုန်ချသတ်သေသွားကြောင်းသိခဲ့ရပါတယ်။

မိန်းကလေးတို့ ဣနြေ္ဒ ရွှေပေးလို့မရဟူသော မြန်မာဆိုရိုးစကားလိုပဲ အရှက်နဲ့လူလုပ်ကြသော ကျမတို့ မြန်မာအမျိုးသမီးလေးများ ဒီလိုအဖြစ်ဆိုးမျိုး နောင်မဖြစ်ရလေအောင် မိမိဖက်မှလည်း ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးကို ထိမ်းသိမ်းပြီး လက်မထပ်ရသေးခင် မိမိချစ်သူရည်စားများအားလည်း ယုံလို့ပုံလိုက်တယ်ဆိုတာမျိုး မဖြစ်စေချင်ပါ။ ကျမတို့ ပါတ်ဝန်းကျင်၌ အနောက်နိုင်ငံများမှ ယဉ်ကျေးမှုများလိုလည်း စင်ဂယ်လ်မားသားများကို တရားဝင် အသိမှတ်ပြုထားခြင်းမျိုးကို မြန်မာလူ့အဖွဲစည်းကသော်လည်းကောင်း တရားဥပဒေကြောင်းအရသော်လည်းကောင်း ခွင့်ပြုလိုက်လျောထားတာမျိုးမရှိခြင်းကြောင့် မလိုအပ်သော ပြသနာများကို ကြိုတင် ကာကွယ်ရမည်ဖြစ်သလို အကယ်၍များ မလွဲရှောင်သာလို့ပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် ကြိုတင်စီမံပြီးပဲဖြစ်ဖြစ် တစုံတရာသော အကြောင်းကြောင့် ထို ပြသနာမျိုး အဖေမပေါ်ပဲ ကလေးမွေးရမည့် အနေထားမျိုး ဖြစ်လာခဲ့မည်ဆိုပါက ထိုပြသနာသည် မိမိတစ်ဦးတည်း၌သာ သက်ဆိုင်သောကြောင့် မိမိအနေနှင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်၍ ကိုယ့်ဘ၀ထဲ မလိုလားစွာပဲဖြစ်ဖြစ် လိုလိုလားလားနဲ့ပဲဖြစ်ဖြစ် ရောက်ရှိလာသော မိမိရင်သွေးအား နွေးထွေးစွာကြိုဆိုသင့်သည်ဟုကျမယုံကြည့်ပါသည်။

မိန်းကလေးများ ကိုယ်ဝန်ဖျက်ချခြင်း မိမိကိုယ်ကိုယ်သေကြောင်းစီရင်ခြင်းများ စသောမဖြစ်သင့်သော အကြောင်းများကို ပြန်စဉ်းစားမိတိုင်း ကျမ မြန်မာမိန်းကလေးများအတွက်ရင်နာမိပါသည်။ အကယ်၍များ ကမ္ဘာ့တနေရာရာ၌ မိန်းကလေးများ အခွင့်ရေးပိုမိုရရှိရေးအတွက် ယောကျာ်းတစ်ယောက်လုံး ငုတ်တုတ်ရှိနေပါလျက် အဖေမပေါ်ပဲ ကလေးမွေးပါသည်ဟု အစိုးရများထံ လိမ်ညာစားသောက်နေသော ထိုကဲ့သို့ မိန်းကလေးများရှိကြောင်း ဘ၀ကို ရင်း၍ အသက်ပေးသွားသော သူတို့လေးများ ထိုအချိန်က သိခွင့်ရမည်မည်ဆိုပါလျှင် သူတို့ ၏စိတ်ဓါတ်အင်အားများ တမျိုးတဖုံပြောင်းလွဲကောင်း ပြောင်းလဲသွားနိုင်မလား ကျမတွေးတောမိပါသည်။

မူရင်းကို ဤနေရာမှာ နှင့် ဤနေရာ နှစ်ခုမှာ ဖတ်နိုင်ပါတယ်။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

21 comments:

I used to meet many Single Mothers very often from European countries (eventually from Russia). They give their fathers' family name to their children. But in our Myanmar community, it is not ready to accept easily. FYI, there are many reasons why they become Single Mothers.

မငယ်ရေ ပို့စ်ကိုတင်ပေးတာ ကျေးဇူးတင်တယ်နော် ဒိုပို့စ်ကို Our Tenenthayi မှာက ကွန်မြူနီတီဆိုက်မို့ အဖြစ်ပဲတင်ထားတာ ဖတ်သူတော့ ရှိချင်မှရှိမယ် အများပြည်သူဖတ်တဲ့ချောကလက်မြို့ကလင့်ကို ပေးထားလိုက်ပါတယ် အဲဒီကလည်းဘယ်လို မြင်ကြတယ်ဆိုတာ သိရတာပေါ့။ http://chocolatemyotaw.ning.com/profiles/blogs/3019402:BlogPost:791651?xg_source=activity

အကြောင်းအရာလေးကောင်းတယ် မငယ်နိုင်ရေ ။ တွေးစရာ ရေးစရာတွေ အများကြီးပဲပေါ့။တင်ပြထားတာ ကြိုက်တယ် ။

ဒီအကြောင်းအရာ မှာ သုံးပွင့်ဆိုင် လိုဖြစ်နေတယ် ။ လူကြီး နှစ်ဖက် ဖြစ်တဲ့ ကိုယ်ဝန်ပေးသူ အမျိုးသား ၊ ကိုယ်ဝန်ဆောင်ရတဲ့ အမျိုးသမီး နဲ့ ရင်ထဲက သန္ဓေသား (သို့ မဟုတ် အဖေမပေါ်ပဲ နေမွေးဖွားလာရတဲ့ ကလေး ) တို့ ဖက်က ပြဿနာ တွေပါပဲ ။ အပြစ်မဲ့သူကတော့ ကလေးပေါ့ ။ဒီကလေးကို အားလုံးက နွေးထွေးစွာ ကြိုဆို ပေးရမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ရလာတဲ့ ဒီကိုယ်ဝန် (သို့ မဟုတ် ကလေး ) ကို ဘယ်လို ပြုစုပျိုးထောင်ကြမလည်း ဆိုတာ အရေးကြီးပါတယ် ။ ကိုယ့်ဟာကိုယ် လျှပ်ပေါ်လော်လီ လို့ ရလာတဲ့ ကလေးကို မလိုချင်လို့ သန္ဓေဖျက်ချပစ်တဲ့ တာဝန်မဲ့မိဘ မျိုးကိုတော့ ရှုံ့ ချခြင်ပါတယ် ။

ဒါပေမဲ့ မတရားစော်ကားခံလိုက်ရလို့ ၊ သဘောမတူ အဓ္ဓမကျင့်ခံ လိုက်ရလို့ ရလာတဲ့ ကိုယ်ဝန် ဆိုရင်တော့ ၊ (အကယ်၍ မိခင်ဖြစ်မည့်သူက အကြောင်းကြောင်း ကြောင့် မလိုချင် ပါက ) တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ကို တချို့ နိုင်ငံတွေမှာ ပေးထားပါတယ် ။ ဒီလို ခွင့်ပြုထားတာဟာ သင့်မြတ်တယ်လို့ ဆိုချင်ပါတယ် ။ ဘာကြောင့်လည်း ဆိုတော့ မတရားစော်ကား( ရှင်းရှင်းပြောရရင် မုဒိမ်းကျင့်) ခံရပြီး ရလာမဲ့ ကလေးကို ဒီမိခင်က မြင်တိုင်း စိတ်ဆင်းရဲ စိတ်နာကျဉ်း နေမယ်ဆိုရင် ၊ ပတ်ဝန်းကျင်က အမြဲ ကဲ့ရဲ့ နေမယ်ဆိုရင် ဒီကလေးရဲ့ စိတ်ဓါတ်ကို ထိခိုက်စေနိုင်တယ် ။နောက်ဆက်တွဲ လူမှုရေးပြဿနာတွေ အများကြီး ရှိလာမယ် ဖြစ်တယ် ။

ဒါပေမဲ့  မြန်မာလူမျိုး ၊ ဗုဒ္ဓဘာသာ ထုံးစံအရ ဆိုရင် ကိုယ်ဝန်ဖျက်ချတာကို လူသတ်မှုတခု အနေနဲ့ ယူဆနေကြဆဲ ဖြစ်လို့ ဒီလိုကလေးကို မွေးကြတယ်။ပြီးတော့ တာဝန်မယူနိုင်လို့ ဟိုပစ်ဒီပစ်လုပ်ကြတယ်။ ကလေးကို အညှိုးထားတတ်တယ် ။ ဒါမှ မဟုတ် အရှက်နဲ့ အသက်ကိုလဲတယ်ဆိုပြီး ကိုယ့်ကိုကိုယ် သတ်သေကြတယ် ။ ဒါမှမဟုတ် တရားမဝင်ခိုးပြီး ကိုယ်ဝန် ဖျက်ချကြလို့ မလိုလားအပ်တဲ့ သေဆုံးမှုတွေ ဖြစ်ကြတယ် ။

မြန်မာပြည်မှာတော့ single mother တွေကို ထောက်ပံ့ပေးဖို့  မပြောနဲ့  ၊ကျန်တဲ့ ပြည်သားတွေ အတွက်တောင် ပြည့်ဝအောင် တာဝန်မယူနိုင်သေးတော့ မြန်မာ အမျိုးသမီးများ မိမိကိုယ်ကို မိမိ တန်ဘိုးထား ထိန်းသိမ်းမှပဲ တော်ကာကျမယ် လို့ ထင်ပါတယ်။

လူသားအားလုံး ကိုယ် စိတ် နှစ်ဖြာ ကျန်းမာ စွာ အသက်ရှင် နေနိုင်ကြပါစေ ။

မြန်မာအမျိုးကောင်းသမီးများ ဆင်ခြင်ကြပါ။ ချစ်သူအပေါ် စေတနာရေစီးကမ်းပြိုမလိုက်ကြပါနဲ့။ ကိုယ့်ချစ်သူဟာ တစ်ကယ်ချစ်ပြီး တာဝန်ယူရဲတဲ့လူဆိုပေမယ့်လည်း ပုံသေမရှိတဲ့ ကံကြမ္မာကြောင့် လူ့ပတ်ဝန်းကျင်မှာ အရှက်ကွဲရတတ်ပါတယ်။

မြန်မာအမျိုးကောင်းသားများ ကိုယ့်ချစ်သူအပေါ် နှမချင်းစာနာသောအားဖြင့် ထိန်းသိမ်းနိုင်စွမ်းရှိပါ။ ဒါဟာ ဂုဏ်ယူစရာပါ။ နွားကျတာမဟုတ်ပါဘူး။ မထိန်းသိမ်းနိုင်ဘူးဆိုရင် အကာအကွယ်သုံးပါ။ ဆေးဝါးအကူအညီယူပါ။ ဒီကြားထဲကမှ စုဗူးကလေးဖြစ်လာပြီဆိုရင် ယောကျာ်းပီသစွာတာဝန်ယူပါ။ တာဝန်ကိုရှောင်လွဲလိုက်ခြင်းက အဲဒီဝဋ်က ခင်ဗျားဆီကို သေချာပေါက်လိုက်လာပါလိမ့်မယ်။ တာဝန်ယူခြင်းသည် လူ့အသက် ၂ ချောင်းကို ကယ်တင်လိုက်တာပဲဖြစ်ပါသည်။

အမျိုးသမီးတွေက ပိုပြီးခံရတဲ့ဘက်ကချည်းပါ...ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်မှာရော၊ မွေးလာမဲ့ ကလေးပါ မျက်နှာငယ်ရမှာ...တို့မြန်မာမှု အမြင်နဲ့ပေါ့နော်...။ အပေါ်က မောင်မိုး ပြောသွားသလိုပါပဲ နှစ်ဦးနှစ်ဖက် ဆင်ခြင်ကြရင်တော့ အကောင်းဆုံးပေါ့...။

ဒီဆောင်းပါးကလေးက အရမ်းကောင်းပါတယ်။ ပတ်ဝန်းကျင်အနေနဲ့ ခွင့်လွှတ်နားလည်တတ်တဲ့ နှလုံးသားရယ်၊ ရင့်ကျက်တဲ့အမြင်မျိုးရယ်ကို မွေးမြူသင့်ကြတယ်လို့ တွေးမိပါတယ်။

အထူးသဖြင့် မြန်မာအမျိုးသမီးများအတွက် ဆင်ခြင်သင့်တဲ့ အကြောင်းအရာလေးမို့ တန်ဘိုးရှိတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ အမငယ်ရေ။ ချစ်သူကို ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကို ထိခိုက်နစ်မွန်းအောင် မချစ်သင့်ဘူးလေ။

ကျွန်မ ဒီပို့စ်ကို ပြန်ဖေါ်ပြခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဒီလိုအဖြစ်အပျက်တွေကို မှားတယ်လို့ သတ်မှတ်ရင် မိန်းကလေးတယောက်တည်းကို မသတ်မှတ်ဘဲ ပါဝင်ပတ်သက်တဲ့ ယောက်ျား၊ မိန်းမ နှစ်ဦးစလုံးကို မှားသူတွေအဖြစ် သတ်မှတ်ဖို့ လိုတယ်ဆိုတာကို ဖေါ်ညွန်းချင်လို့ ဖြစ်တယ်။ လာဖတ်ပြီး မှတ်ချက်ပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

AATO ရေ Single mother ကို မြန်မာပြည်မှာ မူစလင်နိုင်ငံတွေလို တရားဝင် ဥပဒေအရ ကန့်သတ်ထားတာ မရှိပါဘူး။ ပတ်ဝန်းကျင်က ကဲ့ရဲ့ခံရတာ တခုပဲ ရှိပါတယ်။

Kiki ရေ တွေးစရာ၊ ရေးစရာတွေ အများကြီးဆိုတာတော့ အမှန်ပဲ။ စိတ်ဝင်တစား အရှည်ကြီး ဆွေးနွေးပေးသွားတာ ကျေးဇူးတင်ပါတယ်။

မောင်မိုးနဲ့ မချစ်ကြည်အေး တို့ရဲ့ နှစ်ဦးနှစ်ဘက် ဆင်ခြင်ဖို့ လိုတဲ့သဘောထားကို လက်ခံပါတယ်။

ညီမလေး ဇွန်မရေ-ညီမလေးပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို ခွန်အားဗလ ကြီးမားတဲ့ ယောက်ျားလေးကသာ ကလေးဆိုးကြီးလို အတင်းပူဆာပြီး ဖြစ်လာတာများလို့ နှစ်ဦးနှစ်ဘက် ဆင်ခြင်မှပဲ ဖြစ်ပါလိမ့်မယ်။

ကိုပေါရေ ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းက ပတ်ဝန်းကျင်တခုလုံး မျှတတဲ့ အမြင်ရှိဖို့ တကယ်လိုအပ်ပါတယ်။

ဌေးငယ်ရေ နင့်ပို့စ်ကိုတင်လိုက်တာ စာဖတ်သူတွေ အတော်စိတ်ဝင်စားကြလို့ တင်ပေးခွင့်ရတာ ကျေးဇူးတင်ပါတယ်။ Google မှာ ဘလော့ဂ်လေးတခု ဖွင့်ပြီး ရေးဖို့ နင့်ကို တိုက်တွန်းချင်တယ်။

ခုခေတ်လူငယ်တွေက အရမ်းခေတ်မှီပြီး westernized ဖြစ်နေကြပါတယ်။ ဒါကို ထိန်းသိမ်းစရာကောင်းတဲ့ကိစ္စလို့တောင် မထင်ကြတော့တဲ့မိန်းကလေးတွေ ရှိနေပါပြီ။ တစ်နေ့တစ်နေ့ တရားမဝင်ကိုယ်ဝန်ဖျက်ချနေတဲ့ မိန်းကလေးတွေလည်း အများကြီးပါ။ ဒီထဲကမှ အသက်ဆုံးရှုံးရတဲ့လူတွေလည်း အရမ်းသနားဖို့ကောင်းပါတယ်။ အတူပျော်ကြပြီး တကယ်တမ်းခံရတော့ မိန်းကလေးတွေပါ။
ဒီတော့က contraception အကြောင်းကို sexually active မိန်းကလေးတိုင်း မဖြစ်မနေသိသင့်တယ် လို့ထင်ပါတယ်။ သိထားလို့မှားတဲ့အရာမဟုတ်ပါဘူး။ လက်ဆင့်ကမ်းလို့ရတဲ့ knowledge လဲဖြစ်ပါတယ်။

မပြောချင်ပေမဲ့ပြောရအုံးမယ်အစ်မရေ၊ပြည်ပရောက်နေတဲ့မြန်မာမိန်းကလေးတွေကပိုပြီးဆင်ချင်သင့်တယ်လိုထင်တယ်။ညီမလေးကပျော်ပျော်နေတယ်။အားလုံးကိုဖော်ဖော်ရွေရွေဆက်ဆံတယ်။ဒီရောက်နေတဲ့မြန်မာမိန်းကလေးတွေထဲမှာဖြူထက်ကြီးတာရောရွယ်တူရောအငယ်တွေရောရှိတယ်။
ကြီးတဲ့သူမှားလို့စေတနာနဲ့ပြောရင်ငါကနင့်ထက်အရင်ထမင်းစားတာတဲ့။ရွယ်တူကြတော့လည်းမနာလိုလို့တဲ့၊ငယ်သူကြတော့လည်းဆရာလာမလုပ်နဲ့တဲ့။
မြန်မာမိန်းကလေးတွေထဲမှာမူစလင်လည်းပါတယ်၊ဗုဒ္ဓဘာသာလည်းပါတယ်၊ခရစ်ယာန်ရောပေါ့။
မူစလင်၊ခရစ်ယာန်ရောပြောပြတယ်၊ရေမြေမတူဘူးနော်၊ဘာသာတူပေမဲ့သတိထားပါ။အာရဗစ်ကောင်တွေအကြောင်းလည်းကြားဖူးမှာပေါ့၊just play ပဲ။
စိတ်အဆိုးဆုံးကဗုဒ္ဓဘာသဲာ့မြန်မာမိန်းကလေး၊ဘာသာမတူဘူးနော်ဆိုတော့၊ယူပြီးရင်ညှိမယ်တဲ့၊မယူခင်တောင်ညှိမရတာစဉ်းစားကြည့်။
တချို့များကြအိမ်ကရည်းစားထားလို့တဲ့နိုင်ငံခြားကိုပို့လိုက်တာတဲ့။ဒီလိုမိဘကလည်းရှိသေးတယ်လို့။မိဘနောက်ကွယ်ဆိုတော့ကဲချင်တိုင်းကဲပေါ့၊၊
ခုနောက်ဆုံးတစ်ယောက်မှာဖြူဆုံးဖြတ်လိုက်တယ်၊လူတိုင်းနဲ့တန်တဲ့စေတနာပဲထားတော့မယ်လို့။
တကယ်ကိုခင်ရတဲ့ညီမနဲ့အကိုပါ၊ချစ်သူဖြစ်တာကိုလက်ခံတယ်၊living togetherကတော့လုံးဝပဲ။ညီမကိုပြောပြတယ်။လက်ထပ်ပြီးမှတူတူနေပေါ့လို့၊တူတူနေချင်သပ့ဆိုရင်အခုလက်ထပ်လို့၊နစ်နာရင်ကိုယ်ပဲနစ်နာမှာလို့၊ဘာပြောတယ်ထင်လည်းအမရေ....
ရပါတယ်တဲ့၊လက်ထပ်ဖို့ကကြာအုံးမှာတဲ့၊အကိုကိုမေးပြန်တော့လည်းငါကတော့ယူမှာပါတဲ့၊ဒီကြားတည်းအခြေအနေပြောင်းလည်းသွားနိုင်တယ်တဲ့၊
ညီမသိရသလောက်မြန်မာပြည်မှာလည်းဒါမျိုးတွေမနည်းဘူး၊ဆရာအတ္တကျော်ပြောသလိုပေါ့ယောင်္ကျားဆိုတာမျိုးကတော့ရရင်စားမှာပဲတဲ့၊၊
living together ၊single mother ဆိုတဲ့အနောက်တိုင်းခေတ်မှီမှု့မျိုးနဲ့ခေတ်မမှီစေချင်ဘူး၊မြန်မာမှန်ရင်မြန်မာ့ယဉ်ကျေးမှု့ဓလေ့စရိုက်ကိုလေးစားပါလို့ပဲ။
အမရေ...အမblogမှာလာရှုတ်သလိုဖြစ်ခဲ့ရင်ခွင့်လွှတ်ပေးပါနော်!

Eric နဲ့ ဇူလိုင်ဖြူတို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ နည်းနည်း ပြန်ဆွေးနွေးချင်တယ်။ ဒီလိုကိစ္စတွေကို ထိန်းသိမ်းစရာကိစ္စအဖြစ် လက်ခံတာ မခံတာက တဦးချင်းစီရဲ့ ခံယူချက်နဲ့သာ ဆိုင်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မအနေနဲ့ ကိုယ်နဲ့မတူလို့ မှားတယ်လို့ မသတ်မှတ်ဘူး။ ဒါပေမဲ့ ဒါကို လက်ခံသူတွေက လက်ခံတဲ့အတိုင်း Safety နဲ့ ညီတဲ့ အပြုအမူအတိုင်း Contraction ကို စနစ်တကျ အသုံးပြုဖို့ကို Eric ပြောတာ လက်ခံပါတယ်။ ဒီကိစ္စကို လက်ခံတဲ့ ပတ်ဝန်းကျင်မှာ ဒီကိစ္စ ဖြစ်လာရင် ပြဿနာကိုပဲ ဖြေရှင်းရပြီး ပါဝင်သူ နှစ်ဦးစလုံးနဲ့ ဗိုက်ထဲကကလေးကို လူတောမတိုးနိုင်လောက်အောင် အရှက်မရစေဘူး။ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေလည်းမှာ Choices လည်းပေးထားတာ ရှိတဲ့အတွက် ကျွန်မကိုယ်တိုင် ဒီအပြုအမူကို လက်မခံပေမဲ့ အနောက်တိုင်းလူ့အဖွဲ့အစည်းမှာ ဒါကိုလက်ခံထားတာ နှစ်ဦးစလုံး အရှက်မရအောင် မျှမျှတတ လက်ခံထားတဲ့အတွက် တရားတယ်လို့ ကျွန်မ ယူဆတယ်။

ဒါပေမဲ့ မြန်မာအပါအ၀င် ဒါကို လက်မခံတဲ့ လူ့အဖွဲ့အစည်းမှာကျတော့ မိန်းကလေးကိုပဲ အပြစ်ပုံချပြီး ယော်ျားလေးတွေကို ကဲ့ရဲ့ပြစ်တင် ရှုပ်ချခြင်းမှ ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် မမျှတမှု၊ ကိုယ်ချင်းစာတရားကင်းမှုကို သိသိသာသာကြီး တွေ့နေရတယ်။ လက်မခံတဲ့ လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ လူတွေကလည်း အချစ်နဲ့မကင်း ကိလေသာနဲ့မကင်း သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ သူတွေမို့ မဖြစ်ပဲ မနေဘူး ဖြစ်နေကြတာပါပဲ။ ဖြစ်လာရင် ဒါကိုလက်မခံတဲ့ လူ့အဖွဲ့အစည်းမို့ မှားသူနှစ်ယောက်စလုံးကို ၀ိုင်းမပယ်ပဲ မိန်းကလေးတယောက်တည်းကို ၀ိုင်းပယ်တာက ယောက်ျားတွေကို ဒီလိုဖြစ်အောင် လုပ်ဖို့ အားပေးအားမြောက် ပြုရာရောက်နေပါတယ်။ နှစ်ယောက်ပေါင်းစပ်မှသာ ဖြစ်လာနိုင်တဲ့ အမှုကိစ္စတခုကို ရှုပ်ချရင် နှစ်ယောက်စလုံးကို ရှုပ်ချရမှာ ဖြစ်တယ်။

မြန်မာ့လူ့အဖွဲ့အစည်းကို အနောက်တိုင်းလူ့အဖွဲ့အစည်းလို ဒီကိစ္စကို ပေးမဖြစ်စေချင်ရင်၊ ကာကွယ်ဖို့ စည်းကမ်းပေးတဲ့နေရာမှာ၊ ဖြစ်ပြီးရင် အပြစ်ပေးတဲ့နေရာမှာ မိန်းကလေးတယောက်တည်းကိုပဲ လုပ်လို့ ဘယ်လိုမှ ထိန်းချုပ်လို့ ရမှာမဟုတ်ဘဲ ဒီကိစ္စကို ဦးဆောင်နေတဲ့ ယောက်ျားလေးတွေကိုပါ လုပ်မှ ဒါကို ထိန်းသိမ်းနိုင်မှာ မျှတမှုလည်း ရှိမှာဖြစ်လိမ့်မယ်လို့ ကျွန်မ ပြန်ဆွေးနွေးပါတယ်။

Eric နဲ့ ဇူလိုင်ဖြူတို့ရဲ့ အချိန်ပေးဖတ်ရှုပြီး ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျနော်တို့ မြန်မာလူ့အဖွဲ့စည်းမှာ မိန်းကလေးတွေ ဘက်ကနစ်နာမှုတွေ များလှတယ်ဗျာ.အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဆောင်ရတဲ့ မြန်မာမိန်းကလေးများရဲ့ နစ်နာမှုတွေထဲမှာ မချစ်မနှစ်သက်ပဲ(နှစ်သက်သယောင်ရှိလို့) မိဘ ပေးစားလို့ အိမ်ထောင်ကျခဲ့ရပြီး ရလာတဲ့ ကလေးကို မိန်းကလေးက အမေအဖြစ်ထိမ်းသိမ်းရပေမဲ့ အိမ်ထောင်ဖက်အပေါ် မနှစ်သက်မှုများနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေမှာ နစ်နာရမှုတွေ လည်းရှိနေမှာပါ အဲ့ဒီလို ၀တ္တရားနဲ့ ခံစားချက်တွေ ပဋိပက္ခဖြစ်လာခဲ့ရင်လဲ မိန်းကလေးတွေကပဲ နစ်နာရတာပါပဲ.ဗျာ.ကိုယ်ချင်းစာနာပါတယ်.အမျိုးသမီးအခွင့်အရေးများ ပိုမိုရနိုင်ပါစေ..( အမျိုးသားအခွင့်အရေးလဲ မထိခိုက်နဲ့ပေါ့နော.ဟဲ.)

အခုဗမာပြည်မှာ..မိန်းကလေးတွေကလဲဒီကိစ္စမှာ..
လွပ်လပ်ရဲတင်းနေကြပြီလို့ကြားတယ်..အပျိုစင်ဘဝကိုဘယ်သူမှသိတ်အရေးမစိုက်ကြဖူးလို့လဲဆိုတယ်..အထုပ်အထည်မကျန်အောင်လဲရှောင်တတ်တိမ်းတတ်ကြသတဲ့....အန်ကယ်ကတော့ ကြားရတဲ့သတင်းတွေပဲအံ့ဩနေတယ်..

ဒီကိစ္စကို လူမှုရေးဖောက်ပြန်မှုလို့ ခေါင်းစဉ်တပ်ပြီး ကဲ့ရဲ့ရှုံ့ချနေကြမယ့်အစား...

မိဘဘက်ရော၊ လူငယ်လူရွယ်တွေ ဘက်ကရော ကျန်းမာရေး ရှုထောင့်ကနေ ကြည့်တတ်မြင်တတ်ကြဖို့ ဒီလိုစာတွေ များများရေးပေးဖို့ လိုပါတယ် မငယ်ရေ...

ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး... ဒါပေမဲ့ ဒီလိုကောင်မလေးမျိုး ပတ်ဝန်းကျင်မှာရှိခဲ့ရင် အားမငယ်ဘို့အားပေးပြီး အတတ်နိုင်ဆုံးကူညီပေးနိုင်ကြရင် ကောင်းမယ်နော်.

နေ့အိပ်မက်ကတော့ လူငယ်တွေ အဲလိုကျူးလွန်တာတွေ့ရင် အံ့သြတယ်။ (မရိုသေ့စကား) တူတူအိပ်ဖို့ကျ နားလည်ပြီး အကာအကွယ်လုပ်ဖို့ နားမလည်ဘူးဆိုတာ အဓိပ္ပာယ်မှမရှိတာ။ ယောင်္ကျားလေးရော၊ မိန်းကလေးနှစ်ယောက်လုံးကို ပြောတာပါ။ အမှန်တော့ ဒီဆန္ဒက ယောင်္ကျားလေးဘက်ကများတာဆိုတော့ သူ့ဘက်က ကြိုစဉ်းစားပေးသင့်တယ်။ ဘယ်လိုကာကွယ်ရမလဲလို့။ မိန်းကလေးဘက်က တောင်းဆိုရင်တောင် ယောင်္ကျားစကားကို မတွန်းလှန်နိုင်တာနဲ့ဘဲ ဒီတိုင်းအိပ်ဖြစ်သွားကြမှာလေ။

ဒါနဲ့တီတီ ဣနြေ္ဒကို မှားပေါင်းထားတယ်နော်။ မူရင်းစာရေးသူကို ပြောတာပါ။

ပြောချင်တာကျန်ခဲ့သေးလို့။ အဲလို အဖေကို ဖော်ခွင့်မရှိဘဲ ကိုယ်ဝန်ရှိလာပြီဆို ပတ်ဝန်းကျင်ကလူအားလုံးနီးပါက “ဖျက်ချလိုက်”ဆိုတာချည်းပဲ ၀ိုင်းပြောကြတာလည်း မုန်းတယ်။ ယောင်္ကျားလေးဘက်ကိုကျ ၀ိုင်းမတိုက်တွန်းပေးကြဘူး။ တူတူအိပ်တဲ့အထိ အားထုတ်တတ်မှတော့ ကလေးတစ်ယောက်ကို မွေးဖို့ထိ ၀င်ငွေရှာနိုင်၊ သူများအပြောခံနိုင်တဲ့အထိလည်း အားထုတ်တတ်ရမှာပေါ့။ :(

ပြောတာနည်းနည်းလေးများသွားပြီ။ ရွယ်တူတွေထဲမှာ အဲလိုမျိုးဟာတွေ တွေ့ရလွန်းလို့ စိတ်လေနေတာ။ ကာယကံရှင်တွေကိုရော၊ တိုက်တွန်းပေးတဲ့သူတွေကိုရော။

ကိုလူထွေးပြောသလို...ညီမရဲ့ အမြင်ကိုအရင်ပြင်ရမယ်။ကျေးဇူးပါပဲအကို။အမကိုလည်းကျေးဇူးတင်ပါတယ်။ဒီဘလော့ကိုလာဖတ်ရတာစဉ်းစားပုံလေးတွေတောင်နည်းနည်းပြောင်းသွားပါတယ်။

အမှန်တော့ မိန်းကလေးတွေဟာ ယောက်ကျားလေးတွေကို ယုံကြည်အားကိုးတဲ့စိတ်နဲ့ ကိုယ်ဝန်မရဖို့ကိစ္စကိုလည်း ယောက်ကျားလေးတွေပြောတဲ့၊ ပေးတဲ့၊ နည်းလမ်းကိုပဲ ယုံကြည်ကြတာများတယ်။
တကယ်ဆို တစ်ခုခုဖြစ်ရင် မိမိတို့ မိန်းကလေးတွေပဲ ခံရမယ်ဆိုတဲ့အသိနဲ့ contraception အကြောင်းသေချာသိပြီး မိမိကိုယ်မိမိ ကာကွယ်သင့်ပါတယ်။

အမျိုးသမီးတွေအတွက် Anonymous ရဲ့ ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။

အန်ကယ်နိုင်ရေ- မအံ့သြပါနဲ့ လူဆိုတာ တယောက်နဲ့ တယောက် မိမိကိုယ် မိမိ တန်ဖိုးသတ်မှတ်တဲ့စံ တူတာမဟုတ်ဘူး။ ကျွန်မကတော့ မှားတယ်လို့ သူများကိုတော့ ရှုပ်ချပြီး ကိုယ်တိုင်ကတော့ ကြောင်သူတော် ကြွက်သူခိုးလို ခိုးစားတာနဲ့ စာရင် မှန်တယ်ယူဆလို့ ရဲရဲတင်းတင်း လက်ခံကျင့်သုံးတာကမှ ပိုပြီး သမာသမတ်ကျတယ်လို့ ထင်တယ်။

ကိုလူထွေးနဲ့ ဂျူလိုင်ဖြူ- ကျွန်မ ဒီစာကို ပြန်ဖေါ်ပြတာ တချို့အမြင်တွေကို မျှတမှု ရှိမရှိ ပြန်လည်သုံးသပ်စေချင်တဲ့ အတွက်ပါ။

Rose ရေ သဘောထားလေးအတွက် ကျေးဇူးတင်တယ်။ လူတိုင်း လူတိုင်း ဒီလိုပဲ ဖြစ်သင့်ပါတယ်။

နေ့အိပ်မက်နဲ့ Eric ပြောသွားတာတွေကို သဘောကျပါတယ်။ စာလုံးပေါင်း သတ်ပုံမှားတာ ထောက်ပြတဲ့အတွက်လည်း သမီးလေး နေ့အိပ်မက်ကို ကျေးဇူးတင်ပါတယ်။ အန်တီ့ပို့စ်တွေမှာလည်း မှားတာတွေ့ရင် အချိန်မရွေး လာထောက်ပြနိုင်ပါတယ်နော့်။

အစ်မငယ် ... အစ်မပို့စ်လေးေ၇ာ ကွန့်မန့်တွေပါသေချာဖတ်ဖြစ်ပါတယ် ... အစ်မပြောတဲ့ပွိုင့်ကိုသဘောကျတယ် ... ပြုသူကနှစ်ယောက်ဖြစ်ပါလျက်နဲ့ အမျိုးသမီးကိုပဲ အပြစ်တင်တာမျိုးကမဖြစ်သင့်တာတွေကို ပိုဖြစ်စေတယ် ... ကျွန်မသူငယ်ချင်းတစ်ယောက် အကြောင်းကြောင်းကြောင့် မဖြစ်ချင်ပဲစင်ဂယ်မားသားဖြစ်ရတော့မယ့်အချိန်မှာ ကျွန်မတို့ အတူနေတဲ့သူငယ်ချင်းတွေ အတတ်နိုင်ဆုံးဖေးမကြပါတယ် .... ဘယ်လိုပဲဖေးမမ သူ့မှာ ပတ်ဝန်းကျင်ကြောင့်စိတ်တွေပင်ပန်းခဲ့ရတာ အသေအချာပါပဲ .. ဖျက်ချပစ်လိုက်ဖို့ မတိုက်တွန်းရက်သလို သူကိုယ်တိုင်ကလဲမွေးဖို့ အစွမ်းကုန်သတ္တိမွေးခဲ့ပါတယ် ...ဘယ်လိုပဲသတ္တိရှိပါစေ မြန်မာအမျိုးသမီးလေးတွေကို စင်ဂယ်မာသားတော့မဖြစ်စေချင်ဘူး... ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့် စိတ်ဒဏ်ရာမရစေချင်လို့ပါ ...