မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကိုယ့်အကြိုက်

ဝတ်စားဆင်ယင် ထုံးဖွဲ့မှုမှာဖြစ်စေ၊ အစာအာဟာရမှာဖြစ်စေ၊ ဘာသာ အယူဝါဒ အတွေးအခေါ် ယုံကြည်လက်ခံမှုမှာ ဖြစ်စေ၊ လူတိုင်းလူတိုင်းဟာ မိမိကြိုက်နှစ်သက်သလို ဆင်ယင်ထုံးထုံးဖွဲ့၊ ချက်ပြုတ်စားသောက်၊ ယုံကြည်လက်ခံကြတာကို မတူတဲ့သူတိုင်းက အပြန်အလှန် လေးစားနားလည်မှု ပေးဖို့ လိုအပ်လိမ့်မယ်။ မိမိနဲ့ သဘောထားမတူ၊ အကြိုက်မတူတဲ့သူတွေကို ရန်သူလို သဘောထားကာ ရွံရှာမုန်းတီးတတ်သူတွေကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ များစွာ တွေ့လာရတဲ့အခါမှာ လူသားအချင်းချင်း ယဉ်ကျေးတဲ့ ဆက်ဆံရေးမှာ ရင်းနှီးမှု ကင်းဝေးကာ နားလည်မှု ကင်းမဲ့လာမှာကို ကျွန်မ စိုးရိမ်မိပါတယ်။

သတ္တ၀ါ အားလုံးသာ အကြိုက်ချင်း တူနေရင် အဲဒီတူနေတဲ့ အရာ တခုတည်းအတွက် Demanding သိပ်များနေမှာဖြစ်ပြီး ပြဿနာတောင် ပိုရှိနိုင်ပါသေးတယ်။ ဒါကြောင့် အကြိုက်မတူခြင်း၊ သဘောထား မတူခြင်းကို အပြစ်ရှာဖို့ မလိုဘဲ အကျိုးကိုပဲ ရှာပြီး ကြည့်တတ်အောင် ကျွန်မတို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် မတူကွဲပြားမှုတွေကို သဟဇာတ ရှိရှိနဲ့ ပေါင်းစပ် ထူထောင်ပြီး ငြိမ်းချမ်းပျော်ရွှင်စွာ အတူလက်တွဲ အသက်ရှင် ရပ်တည်နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။


လူသတ္တ၀ါတွေ ဆိုတာ တယောက်နဲ့တယောက် အကြိုက်ချင်း ဘယ်သူမှ ထပ်တူကျတာ မရှိနိုင်ပါဘူး။ မိမိမကြိုက်တာကို သူတပါးကြိုက်တာ ရှိသလို သူတပါးမကြိုက်တာကို မိမိကြိုက်တာလည်း ရှိနိုင်ပါတယ်။ တယောက်နဲ့တယောက် အကြိုက်မတူတဲ့အတွက် မိမိနဲ့ အကြိုက်ချင်း မတူလို့ မှားတယ်လို့ သတ်မှတ်ဖို့ မလိုအပ်သလို မိမိကြိုက်တာကမှ အမှန်လို့လည်း ဘယ်လိုမှ သတ်မှတ်လို့ မရနိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ကိုယ်မကြိုက်ပေမဲ့ သူများကြိုက်လို့ သဘောကျလို့ သူများနဲ့ သင့်တော်တယ် ထင်လို့ လက်ခံထားသူကိုယ်တိုင်က လိုလိုလားလား သဘောကျ လက်ခံထားတာ တခုကို မိမိမကြိုက်ပေမဲ့လည်း နားလည်လက်ခံပေးနိုင်တဲ့ စိတ်နှလုံးကို မွေးတတ်ဖို့ လိုပါတယ်။

ကျွန်မ အကြိုက်တွေကို စပြောရရင် ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ကျွန်မမှာ အကြိုက်နှစ်မျိုးရှိပါတယ်။ ပထမတမျိုးက မျက်စိနဲ့ ကြည့်ပြီး ကြိုက်တဲ့ကြိုက်နှင့် ဒုတိယ တမျိုးက တကယ်အသုံးပြုတဲ့ အချိန်မှာ သက်တောင့်သက်သာ ရှိမှုအပေါ် မူတည်ပြီး ကြိုက်တဲ့အကြိက်ပါ။ ကျွန်မ မွေးရပ်မြေက ကျွန်မတို့ မြို့မှာ အလယ်တန်းပြ ဆရာမ လုပ်နေသူ တချိန်က ကျောင်းနေဖက် သူငယ်ချင်း တယောက်ဆီက လွန်ခဲ့တဲ့ လေးငါးနှစ်က အဆက်အသွယ် ပြန်ရတော့ စာတစောင် ရောက်လာပါတယ်။ သူရေးထားတာက ”မီးငယ်ရေ တို့ရွာက ဌေးဌေး တယောက်တော့ ဂျပန်မှာ သွားလုပ်စားပြီး ရွာကိုတခေါက် အလည်ပြန်လာတာ ဘောင်းဘီရှည်ကြီး ၀တ်လာတယ်တော် ငါတော့ ကြည့်ပြီး အံ့သြလို့တောင် မဆုံးဘူး” ဆိုတဲ့ ၀ါကျတကြောင်းပါလာတယ်။ 

ဟုတ်ပါတယ် ကျွန်မတို့ ရွာမှာ အမျိုးသမီးတယောက် ဘောင်းဘီရှည်ဝတ်တာ တကယ်ကို မျက်စိနောက်စရာ ဖြစ်မှာကို မြင်ယောင်လို့တော့ ရပါတယ်။ သူပြောတဲ့ ဌေးဌေးက ငယ်ငယ်တုန်းကဆိုရင် ကျွန်မတို့လို စကားခပ်နည်းနည်း မဟုတ်ဘဲ သွက်သွက်လက်လက်နဲ့ တကယ်ကို ခေတ်ဆန်ဆန်နေတတ်တဲ့ တယောက်ဖြစ်တယ်။ အဲဒီတယောက် ဘောင်းဘီဝတ်တာကိုတောင် ဒီလိုပြောနေရင် ကျွန်မ၀တ်နေတာသာ သိရင် ဘယ်လိုများ ပြောနေမလဲဆိုတာ စဉ်းစားပြီး ကျွန်မ နေမကျ ထိုင်မကျ ဖြစ်နေခဲ့တယ်။

နောက်တော့ ကျွန်မ သူ့ဆီကို စာပြန်ရေးလိုက်တယ်။ “သူငယ်ချင်းရေ ဘောင်းဘီရှည် ၀တ်တာ ဘာများဆန်းလို့လဲ။ ဒီဘက်နိုင်ငံတွေမှာ ကျားမ မရွေး လုပ်နေတဲ့ အလုပ်တွေက အတူတူပဲ ဖြစ်ပြီး သွားလာလှုပ်ရှားနေရတဲ့ အခြေအနေတွေကလည်း အတူတူပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာလို မိန်းကလေးတွေက တမိန်စလေးကိုဆွဲပြီး ဆင်မယဉ်သာလို သွားဖို့ အချိန်မရဘူး။ ဒါကြောင့်မို့ ကာလံ၊ ဒေသံအရ သူ့နေရာနဲ့သူ သင့်တင့်လျှောက်ပတ်သလို ၀တ်ရစားရတာတွေ ရှိပါတယ်။

ဝတ်စားဆင်ယင်မှုနဲ့ စိတ်နေသဘောထားကို သွားပြီး ဆုံးဖြတ်လို့ မရပါဘူး။ ဘောင်းဘီ ၀တ်ခြင်းရဲ့ အကျိုးက ပထမအချက် ခြေလှမ်းကို စိတ်စိတ်ပဲဖြစ်ဖြစ် ကျဲကျဲပဲ ဖြစ်ဖြစ် ကြိုက်သလို လျှောက်နိုင်တယ်။ မိုးရွာရွာ၊ နေပူပူ၊ လေတိုက်တိုက် ဘာကရိကထမှ မရှိဘဲ ထမိန်ဝတ်ရင် ထိန်းရသလို လိုက်မထိန်းနေရဘူး။ နောက်တခုက ထမိန်စရွှေ့သွားလို့ ပုံမကျ ပန်းမကျ ဖြစ်သွားတာကို ခဏခဏ ပြန်ပြင်ဝတ်ရတာမျိုး မရှိဘူး။ လေတိုက်ရင် လွှင့်နေလို့ လိုက်ထိန်းရတာမျိုးလည်း မရှိဘူး။ နောက်တခုက လမ်းလျှောက်မြန်သူတွေအတွက် ခြေသားလုံးနဲ့ ထမိန်နဲ့ ထိပြီး တဖတ်ဖတ် အသံမြည်နေတာမျိုး မဖြစ်သလို လွတ်လွတ်လပ်လပ် လျှောက်လို့ ရပါတယ်။ ဒါကြောင့် ငါလည်း ဘုန်းကြီးကျောင်းနဲ့ မလှူ၊ မင်္ဂလာပွဲသွားတာနှင့် အိမ်နေရင်း ၀တ်တာလွဲပြီး အပြင်သွား၊ အပြင်လာ ထမိန် ဘယ်တော့မှ မ၀တ်ဘူး” လို့ ကျွန်မသူငယ်ချင်းဆီကို ကျွန်မ စာပြန်ရေးလိုက်ပါတယ်။

တကယ်လက်တွေ့မှာလည်း ကျွန်မ သူ့ကို စာပြန်ရေးလိုက်တဲ့အတိုင်းပါပဲ သက်တောင့်သက်သာ ဖြစ်မှုအတွက်တော့ ကျွန်မဟာ Casual အ၀တ်အစားလို့ ခေါ်တဲ့ အနောက်တိုင်းက ၀တ်နေတာကို ကြိုက်နှစ်သက် သဘောကျပါတယ်။ ကျွန်မကိုယ်ကျွန်မ မျက်စိနဲ့ ကြည့်လို့ သဘောကျတောကတော့ ကျွန်မက မြန်မာ ချိတ်တမိန်၊ တိုင်းရင်းသား ရိုးရာ အ၀တ်အစားတွေ အစုံကြိုက်တယ်။ ဒါကြောင့် တခါတလေ ကျွန်မ ကျောင်းသွားဖို့ ထမိန်စကပ်လေးတွ ချုပ်ဝတ်တတ်ပါတယ်။ ကျွန်မ မျက်စိက ကျွန်မကိုယ်ကျွန်မ မှန်ထဲမှာ ပြန်ကြည့်ရင်လည်း ချိတ်ထမိန်လေး မြန်မာအင်္ကျီ (ရင်ဖုံး၊ ရင်စေ့) လေးနဲ့ ဆို ရိုးရိုးယဉ်ယဉ်နဲ့ နဂို မလှတဲ့ ပုံက ပိုလှသွားတယ်လို့ ထင်မိတယ်။

ဒါပေမဲ့ အိမ်က ကျေးဇူးရှင် နှစ်ယောက် မြင်တာကတော့ ကျွန်မကိုယ်ကျွန်မ ပြန်မြင်တဲ့ပုံနဲ့ ပြောင်းပြန်ပဲ။ ကျေးဇူးရှင်လေးကတော့ "မေမေ ဒါတွေ ၀တ်ရင် ဒုက္ခသည်နဲ့ တူတယ်” တဲ့။ ကျေးဇူးရှင် အကြီးကလည်း "မငယ်ရေ မင်းကလည်း နဂိုကတည်းက အဖွားကြီးအိုနဲ့ တူရတဲ့ ကြားထဲ ဒါကြီးတွေနဲ့ မလိုက်ပါဘူး..ဆန်းဆန်းလေးတွေပဲ ၀ယ်ဝတ်ပါ” ဆိုလို့ ကျေးဇူးရှင်နှစ်ယောက် သဘောကျအောင်လည်း ၀တ်ရသေးလို့ မြန်မာ အ၀တ်အစား ၀တ်ချင်တိုင်းလည်း ၀တ်လို့မရသလို များများစားစားလည်း မရှိပါဘူး။ ရှိတာလေးတွေကို ထုတ်ကြွားလိုက်မယ်။

ဒါကတော့ ကျွန်မက မြန်မာပြည်မှာတုန်းက ပိုးချိတ်ထမိန် တခါမှ မ၀တ်ဖူးလို့ မြန်မာပြည်က မှာရောင်းသူက ရောက်လာတာနဲ့ စပ်ရောင်းလို့ နှစ်ထည်တောင် ၀ယ်ပြီး ချူပ်ဝတ်လိုက်တယ်။ ပန်းရောင်က ထမိန်စကပ် ဖြစ်ပြီး အစိမ်းရောင်ကတော့ ရိုးရိုး ကွင်းထမိန် ဖြစ်တယ်။ အပေါ်အင်္ကျီကို အဖြူရောင်နဲ့လည်း ၀တ်ပါတယ်။ ကျွန်မမှာ ရှိတဲ့ ချိတ်တွေအနက် ဈေးအကြီးဆုံး ပေးဝယ်ရတဲ့ နှစ်ထည်ဖြစ်ပြီး ကျွန်မ သိပ်ကြိုက်ပါတယ်။

ဒီသုံးထည်ကတော့ ကျွန်မကို သူများလက်ဆောင်ပေးထားတဲ့ ချည်ချိတ်တမိန်လေးတွေ ဖြစ်ပါတယ်း။ ဒီဘက်က အစိမ်းရောင်လေးက ကျွန်မတို့ မင်္ဂလာဆောင်တုန်းက ၀တ်တဲ့ ထမိန်နဲ့ တူလို့ နောက်နှစ်မင်္ဂလာဆောင်တဲ့ နှစ်ပတ်လည် နေ့ကျရင် မင်္ဂလာဆောင်တုန်းက အင်္ကျီနဲ့ ပြန်ဝတ်ဖို့ စဉ်းစားထားပါတယ်။ အဲဒီထမိန်တွေကိုလည်း ကျွန်မ သိပ်ကြိုက်ပါတယ်။

ဒီအောက်က တိုင်းရင်းသား ရိုးရာ ထမိန်သုံးထည်မှာ ကရင်ထမိန်လေးက လက်ဆောင်ရထားတာ ဖြစ်ပြီး ကျန်တဲ့ နှစ်ထည်က ကျွန်မ ၀ယ်ထားတဲ့ ကြိုးချည်တဲ့ ပတ်ထမိန်တွေ ဖြစ်ပါတယ်။ ဒီထမိန်သုံးထည်ကိုလည်း ကျွန်မက တခါတလေ ဗမာအင်္ကျီနဲ့ ၀တ်ပြီး တခါတလေကျတော့ တခြား Blouse တွေနဲ့ ၀တ်ပါတယ်။
ဒီအောက်က အပြာရောင် တစုံက ကျွန်မ ချုပ်ပြီး ၀တ်တောင် မ၀တ်ရသေးဘူး။ မချစ်ကြည်အေး Tag လိုက်တာနဲ့ ဓါတ်ပုံ ရိုက်ပြီး ကြွားတာ။ ဗေဒါရောင်ကတော့ ချုပ်ပြီးသား ၀ယ်တာ ဖြစ်ပြီး ကရင်ပိတ်စကို ဗမာပုံအင်္ကျီ ချုပ်ထားတာ ဖြစ်တယ်။
အောက်က နှစ်စုံမှာ ပန်းရောင်က ထိုင်းပြန်လည်တဲ့ မိတ်ဆွေတဦး ပြန်လာတော့ ၀မ်းဆက်တစုံစာ ပိတ်စ လက်ဆောင်ရထားတာကို ချုပ်ဝတ်ထားတာ ဖြစ်ပြီး အစိမ်းရောင်ကတော့ ၀ယ်ပြီး ချုပ်ဝတ်ထားတာဖြစ်တယ်။

အောက်က တိုင်းရင်းသား ထမိန်တွေနဲ့ ချိတ်တမိန်တွေက ကျွန်မ အခုလတ်တလော အိမ်နေရင်း ၀တ်နေလို့ တော်တော် နွမ်းနေပြီဖြစ်ပေမဲ့ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် ၀တ်နေဆဲ ဖြစ်ပါတယ်။
အောက်က ပိတ်စ ၀မ်းဆက် သုံးစုံကတော့ ၀ယ်ထားတာ မချုပ်ရသေးဘူး ဒါတွေကိုလည်း ကျွန်မက အလယ်က တစကို ရင်ဖုံးအင်္ကျီ ချုပ်ပြီး ဘေးက နှစ်စုံကိုတော့ ရင်စေ့ခါးအတို ချုပ်ဝတ်မယ်လို့ စဉ်းစားထားပါတယ်။
အကြိုက်နဲ့ ပတ်သက်ပြီး ခြုံပြောရရင်တော့ အ၀တ်အစား ဖြစ်စေ၊ တခြားအကြောင်းအရာ အခြေအနေ တစုံတရာကိုဖြစ်စေ၊ မိမိကြိုက်ပေမဲ့လည်း အသုံးပြုဖို့ အခြေအနေ အချိန်အခါ မပေးလို့ဖြစ်စေ၊ မသင့်လျှော်လို့၊ အသုံးပြုဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ရှိသလို မကြိုက်ဘဲနဲ့ အသုံးပြုရတာတွေလည်း အများကြီး ရှိနိုင်ပါတယ်။ မကြိုက်ဘဲနဲ့ အသုံးတည့်လို့ပဲ သုံးသုံး ကြိုက်လို့ပဲသုံးသုံး နှလုံးသွင်းထားသင့်တာက အနောက်တိုင်း ၀တ်စုံဖြစ်စေ၊ အရှေ့တိုင်းဝတ်စုံ ဖြစ်စေ၊ မိမိနဲ့ လိုက်ဖက်လို့ ကြည့်ကောင်းမယ် ထင်လို့ သုံးစွဲ ၀တ်ဆင်ကြတဲ့အပေါ် တယောက်အကြိုက်နဲ့ တယောက်အကြိုက် တူနိုင်မှာ မဟုတ်သလို မိမိ ကြိုက်တာကမှ မှန်တယ်လို့ သတ်မှတ်လို့ မရပါ။

 ပြီးတော့ ကြိုက်တိုင်းလည်း အသုံးမတည့်ရင် သုံးလို့မရ၊ မကြိုက်ပေမဲ့လည်း မိမိနဲ့ အသုံးတည့်ပြီး သင့်တော်ရင် သုံးနေရတဲ့ ဘ၀လည်း ရှိတတ်တယ် ဆိုတာ အားလုံးနားလည်ကြရင် ကျွန်မတို့ရဲ့အစွဲတွေ၊ အတ္တတွေကို အတတ်နိုင်ဆုံး ဖျောက်နိုင်ပြီး လောကကြီးဟာ ပိုမိုလှပလာလိမ့်မယ်လို့ ကျွန်မထင်တယ်။ Tag ထားတဲ့ မချစ်ကြည်အေး တယောက် ကျေနပ်လိမ့်မယ် ထင်တယ်။

ပြန် Tag ချင်သူများကတော့ မဆုမွန်၊ Kiki, မြတ်လေးငုံမမေအိခင် နဲ့ အမျိုးသားထဲက မောင်မိုးတယောက်ကို Tag ချင်ပါတယ်။ တခြားအမျိုးသားတွေကိုကျတော့ ကြိုက်မှန်း မကြိုက်မှန်းမသိ Tag လို့ မရဲဘူး။ မောင်မိုးကတော့ စာရေး ကောင်းလွန်းတော့ Tag တာ မကြိုက်ရင်တောင်မှ ကေင်းကောင်းရေးလိမ့်မယ် ဆိုတာယုံလို့ Tag လိုက်တာ ဖြစ်တယ်။

ရွင်လန်းချမ်းမြေ့ကြပါစေ။

21 comments:

ဟုတ်တယ် မငယ်နိုင်ရေ ထောက်ခံပါတယ်..အကြိုက်မတူတဲ့ လူ့သဘာဝအကြောင်းကို ပြောချင်နေတာကြာပြီ..အကောင်းဆုံးဆိုတာမရှိဘူး.
အကြိုက်ဆုံးဆိုတာသာ ရှိတယ်..ဒါပေမယ့်ကိုယ်ကြိုက်တာသာ အကောင်းဆုံးထင်နေတတ်တာမျိုးဟာ မမှန်တဲ့အကြောင်းပေါ့..

ထမီ တွေ အများကြီးပါလား မငယ်နိုင် ရေ...
တထည်လောက် အလှူခံရရင် ကောင်းမလား လို့  ..း)

“တောင်းမှာအကွပ် လူမှာ အဝတ်” ဆိုတဲ့  ဝေါဟာရ က ဒီလိုနေရာမှာ သုံး လို့  ရမလား မသိ ဘူး ။

သားနဲ့  အမိ ။ မောင် နဲ့  နှစ်မ ကြည့်လို့ မှ မသင့်တော်တဲ့  အဝတ်အစားမျိုးက လွဲပြီး ၊ကိုယ် အဆင်ပြေ သလို ၊ ကာလ ဒေသ နဲ့ လိုက်လျော တဲ့ အဝတ်အစားမျိုး တွေ ..ဘာမဆို ဝတ်လို့  ရပါတယ်နော် ။ လူတစ်ကိုယ် အကြိုက် တမျိုးစီပဲမို့  အားလုံး သင့်တော် လွတ်လပ်စွာ ဝတ်ကြရင် အဆင်ပြေကြမှာပါ ။

ဟုတ် မမ မဆုမွန်လည်း မြန်မာဝတ်စုံလေးတွေ သိပ်ကြိုက်တယ်..ရေးပေးမယ်နော် မငယ်နိုင်ဆီက ၀တ်စုံလေးတွေ ကြိုက်လိုက်တာ အရောင်လေးတွေရော ဒီဇိုင်းလေးတွေရော

ဟုတ်တယ် မငယ်နိုင်ရေ မအယ်သိတဲ့ ဒီက ကလေးတွေဆို တယောက်နဲ့ တယောက် အကြိုက် မတူတာကို အပြန်အလှန်လေးစား တန်ဖိုးထားတတ်ကြတယ်။ စာသင်တည်းက အဲ့လို သင်ခံရလို့ ထင်တယ်နော်။ ကလေးတွေကို အားကျပြီး ကိုယ်လည်း စိတ်ထားတတ်အောင် ကျိုးစားနေရတယ်။

မငယ်နိုင် ကိုယ်တိုင် ချုပ်ဝတ်တာလား။ လုံခြည်တွေ များလိုက်တာ။ မအယ်ဆို ယောလုံခြည် တထည်နဲ့ ကချင်လုံခြည် တထည်ပဲ ရှိတယ်။ ကချင်လုံချည်က ၀တတ်တောင် မ၀တ်ရဲတော့ဘူး ရိနေပြီ။

မအယ်

မငယ်ရေ...ပထမဆုံး ပြောချင်တာက ကျေးဇူး အရမ်းတင်ပါတယ် ဆိုတာပါပဲ...ပုံလေးတွေနဲ့ မို့လို့လည်း ပိုသဘောကျမိတယ်။ မငယ် အချိတ်လုံချည်ကလေးတွေ အများကြီးပဲနော်...ကျမ ငယ်ငယ်က အပြာကြိုက်တယ် နောက် အနက်ကြိုက်တယ်၊ ခုတော့ အစိမ်းကြိုက်နေမိပြန်ပြီ။ အရွယ်အလိုက် အကြိုက်ပြောင်းတယ် ထင်ပါရဲ့...။ မငယ်ရဲ့ ထမီတွေလေးက အဆင်စိပ်စိပ်လေးတွေမို့ လူကိုနုစေတာပေါ့နော်။ တော်တော်များများကို ကြိုက်မိတယ်။ လူတွေက အကြိုက်မတူ ရန်သူလို့ သတ်မှတ်တတ်ကြတာ...အမှန်ပဲ မငယ်ရေ....။ အချိန်ယူပြီး အသေအချာ ရေးပေးတဲ့အတွက် ကျေးဇူး သိတ်တင်တယ်လို့ ထပ်ပြောပါရစေနော်...။

မိန်းကလေး အကြိုက်တွေမို့ ထင်ပါရဲ့

အ၀တ်အစားတွေချည်းပဲ

Many Culture One Community တဲ့ ကျနော်တို့စီက refugee ရုံးရဲ့ ဆလိုဂန် ပါ .. ဒီလိုပါပဲ လူမျိုးပေါင်းစုံ ရှိရင် ယဉ်ကျေးမှုပေါင်းစုံရှိမယ် သူ့ဟာနဲ့သူ တန်ဖိုးတွေ ရှိကြတယ် အပြန်အလှန်လေးစား တတ်ရင် အားလုံးငြိမ်းချမ်းနေတာပဲ ..

ကိုယ့်အကြိုက် သူ့အကြိုက် တူတာလည်းရှိ၊ ကွဲတာလည်းရှိ...အဲ့လိုမျိုး တွေးနေမိတာ ပို့စ်တခုတောင် အစပျိုးထားမသေး ...း)
ပုံထဲက အင်္ကျီလုံချည်လေးတွေ ကြိုက်၏။

ဟာ... မငယ်ဆီမှာလဲ လုံချည်တွေ အများကြီး ရှိတာပါလား... လာကြည့်ပြီး အားတောင်ငယ်သွားတယ်...
ဟွန်း... ဒီတခါ အိမ်ပြန်ရင် အများကြီး ဝယ်လာခဲ့အုံးမယ်... အဲဒီအခါကျ ဒီလိုပိုစ့်မျိုး ထပ် Tag ဖို့ မမေ့ပါနဲ့လို့ ပေါက်တို့ ချစ်ကြည်တို့ကို သေသေချာချာ ပြောထားရအုံးမယ်... ဟဲဟဲ

သတိရနေပါတယ်.. မငယ်ရေ...
အခုတလော အလုပ်တွေများတာရယ် ခေါင်းကိုက်နေတာရယ်နဲ့ သိပ်အိမ်မလည်ဖြစ်ဖူး...

တူမမငယ်ရေးလိုက်ရင်တကယ်စနစ်ကျတယ်
အားလုံးက ကိုယ့်အကြိုက်နဲ့ကိုယ်ပဲလေ
ဒါတောင် တခါတလေ အကြိုက်ချင်းတူနေလို့ လုနေရသေး.း))

ညီမရဲ့  ကျေးဇူးရှင် နှစ်ယောက် ပြောထားတာလေး ဖတ်ပြီး ပြုံးမိတယ် ... တို့မှာက ရန်ကုန် မသွားခင်က
အိမ်နေရင်းထမီ တွေဘဲ ရှိခဲ့တာ .. ဟို ကနေ ချုပ်ပြီးသား လေးတွေ ၀မ်းဆက် ဗမာ ချည်သား တွေ
လေးစုံ ( ၀ယ်ခဲ့တာ ) နဲ့ ယိုးဒယားပိုး ၀မ်းဆက် တစုံ ( လက်ဆောင်) ရခဲ့တယ် ... အခုတော့ ဒီမှာ ဆောင်းတွင်းကြီးဆိုတော့ ၀တ်ချင်နေတာ( အမှန်တော့ ကြွားချင်တာ ) သည်းခံပြီး နွေရောက်အောင် စောင့်ရ
ဦးမယ် ........... ညီမ ထမီ တွေ က အဆင်နုပ် လေးတွေ မို့ အကြိုက်ချင်း တူ တယ် .. အပေါ်ဆုံးက
ပန်းရောင်လေးကို ပို ကြိုက်မိတယ်...

mie nge

ထမီလေးတွေ အများကြီးပဲ။ အားကျသွားပါတယ်။ ဒီတစ်ခေါက်ပြန်ဖြစ်ရင်တော့ ကိုယ့်စိတ်ကြိုက်လေးတွေ ၀ယ်ဦးမယ် စိတ်ကူးထားတယ်။

အ၀တ်တွေကို ဦးတည်လို့ ဖြစ်စေ၊ အကြိုက်ရဲ့ သဘောသဘာဝတွေကို ဦးတည်ပြီးဖြစ်စေ၊ နှစ်ခုစလုံးကိုဖြစ်စေ မှတ်ချက်ပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

စူးနွယ်လေး၊ မအယ်၊ ကိုဇော်၊ ကိုဧရာ-မသီတာ၊ အန်ကယ်နိုင်တို့ကတော့ ကျွန်မဆိုလိုတဲ့ အကြိုက်ရဲ့ သဘောသဘာဝကို သဘောပေါက်ကြလို့ ၀မ်းသာပါတယ်။

kiki, မဆုမွန်၊ မချစ်ကြည်အေး၊ မသက်ဝေ၊ မမီးငယ်၊ TTsweet က တကယ်ပဲ ပြောတာ ဟုတ်မဟုတ်တော့မသိဘူး။ လောလောဆယ်တော့ မချုပ်ရသေးတာတွေရော ၀တ်နေတဲ့ အဟောင်းတွေပါ ရှိသမျှ တင်ထားလိုက်လို့ များနေတာကို ကြည့်ပြီး အထင်ကြီးခံရတော့ ကြွားရကျိုးနပ်သွားတယ် အဟီး.

kiki ရေ မမြင်အပ်ဘူးလို့ သတ်မှတ်တဲ့ အစိတ်အပိုင်းမှာ တယောက်နဲ့တယောက် သတ်မှတ်တာ မတူကြပါဘူး။ Private Part တွေပဲ ဖုံးဖို့လိုတယ်လို့ ယူဆတဲ့ အနောက်တိုင်းသူတွေနဲ့ မျက်နှာတောင် ပေးမပေါ်ဘဲ မျက်လုံး နှစ်လုံးနေရာမှာပဲ ဖေါက်ထားတဲ့ ခေါင်းမြှီးခြုံ အာရပ်ကမ္ဘာက အမျိုးသမီးတွေ ကြားမှာ သာမက လူမျိုးတူတဲ့ သူတွေမှာတောင် တယောက်နဲ့ တယောက် အမြင်မတူ၊ အကြိုက်မတူတဲ့ သူတွေက ရှိနိုင်ပါသေးတယ်။

မအယ် ကျွန်မ ကိုယ့်ဖါသာကိုယ် ချုပ်တာ မဟုတ်ဘူး ဆိုင်မှာ သွားချုပ်ရတာ မြန်မာအင်္ကျီတလည်ကို ချုပ်ခတောင် အနည်းဆုံး ၂၅ ကျပ်ပေးရတယ်။ စကပ်နဲ့ဆိုရင် တစုံကို အနည်းဆုံး ၅၅ ဒေါ်လာပေးရတယ်။

မချစ်ကြည်အေးရေ ကျွန်မက အရင်က သိပ်ရှက်တတ်ပြီး အရောင် သိပ်ရွေးတယ်။ အခုတော့ ဘာအရောင်မှ မရွေးတော့ဘူး။ နီရဲရဲတောင် ၀တ်ထားရင် အသားမဲ အရဲဆင်ဆိုတာ ဒါမျိုးလားမသိဘူးလို့ အမျိုးသားက လိုက်စတတ်တယ်။

ဂျေဂျူပိုင်ရေ စာရေးထားတဲ့အထဲမှာ အစ်မဆိုလိုတဲ့ အကြိုက်က အ၀တ်အစား တခုတည်း မဟုတ်ပါဘူး။

မငယ်ရေ...ကျွန်တော် ရေးပေးပါမယ်ဗျာ။ နည်းနည်းတော့ သည်းခံပေးဦးနော်။ ၃ ရက်လောက်ပေါ့။ ကျွန်တော် သတင်းစာတစ်စောင်လေးအောက်ထိုင်နေတာ မပြီးသေးလို့။ အဲဒါ ပြီးတာနဲ့ တင်ပေးလိုက်မယ်။ ဒီကြားထဲ အချိန်ရရင်လည်း တင်ပေးပါမယ်။

ခင်မင်စွာဖြင့်

အစ်မငယ်ရေ .... လုံချည်လေးတွေအကုန်သဘောကျတယ် ... ကြယ်ပြာလဲ ချည်သားအေးအေးလေးတွေဝတ်ရတာကြိုက်တယ် ..
ဒါပေမယ့် ကြယ်ပြာက ကွင်းလုံချည်ပဲဝတ်တော့ ခဏခဏ ကျွတ်တယ် ... ဒါမို့ အပြင်ထွက်လာတော့ လုံချည်သိပ်မယူလာဖြစ်ဘူး ... အစ်မမှာ အများကြီးပဲနော် ... မိုက်တယ် ...

များလိုက်တာ... အမမှာ အဲလောက်မရှိဘူး။ ၀တ်ဖြစ်တာတွေလဲ တခါ နှစ်ခါ ၀တ်ပြီး ပေးပစ်လိုက်တာ များတယ်။

ရေးမယ် မငယ်နိုင် အကြိုက် ဆိုတဲ့နေရာမှာ အ၀တ်အစားတင်မက အနုပညာရပ်ဆိုင်ရာ ဘာသာဆိုင်ရာနဲ့  နှစ်သက်ရာ ကိုပေါ့ နော့

အစ်မမှာလည်း အများကြီးပဲနော်...အားကျပြီး ငေးသွားပါကြောင်း။

အသစ်ရော အဟောင်းပါ မချုပ်ရသေးတာတွေပါ အကုန်ပြထားတော့ ညီမတွေ အစ်မတွေက အများကြီးရှိတယ်လို့ အထင်ကြီးခံရတာ မဆိုးပါဘူး။ မမေအိခင်ရေ လူတကိုယ် အကြိုက်တမျိုးပဲ၊ ဘာပဲရေးရေး ကြိုက်တာရေးပါ။ ကျေးဇူးတင်ပါတယ်။

ခုမှ ဒီပို့စ်ဖတ်မိတယ်။
လုံချည်တွေ ကြိုက်လွန်းလို့ အကြီးချဲ့ကြည့်သွားတယ်။
အချိတ်ထက် တိုင်းရင်းသားလုံချည်တွေ အရမ်းကြိုက်တာ။
ခုတော့အိမ်နေရင်း စပန့်လုံချည်တွေ အဝတ်များနေတယ်။
တတိယပုံ၊ ညာဖက်အစွန်ဆုံးလုံချည်မျိုး ညီမမှာရှိတယ်။ ဟားခါးသွားတဲ့လူကို လှမ်းမှာလိုက်တာ။


sdl

လာလည်သွားပါတယ်မငယ်...
မငယ်မြန်မာလိုဝတ်ပြီးရိုက်ထားတဲ့ပုံလေး
တွေတင်ရင်ကောင်းမယ်နော်..
လေးစားပါတယ်ဗျာ..ဒီ postလေးအတွက်