မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မှတ်ချက်တချို့ ဖျက်ရတဲ့ အကြောင်းရင်း

တနေ့က ကရင့်တော်လှန်ရေးနေ့နဲ့ ပတ်သက်တဲ့ ပို့စ်မှာ လာပေးတဲ့ မှတ်ချက်တချို့ကို ဖျက်ခဲ့ရပါတယ်၊ ဘလော့ဂ်သက်တမ်း ၆ လ ကာလမှာ ဒီလိုလုပ်ရတာ ဒါဟာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ကျရင်လည်း ပို့စ်တခု တင်စရာ ရှိပြီး နောက်လည်း အလားတူပို့စ်တွေ တင်စရာ ရှိတဲ့အတွက် နောက်ထပ် ဒီလို မဖြစ်စေချင်လို့ ဒီပို့စ်ကို ကျွန်မ ရှင်းလင်းချက် အနေနဲ့ တင်ရတာ ဖြစ်ပါတယ်။ ကျွန်မ ရေးထားတဲ့ ကရင့်တော်လှန်ရေးနေ့ အမှတ်တရ ပို့စ်မှာ ၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်လို့ ဆိုပြီး မကျေနပ်သူ သူ့ကိုယ်သူ ABSDF လက်ရှိတပ်ဖွဲ့ဝင်လိုလိုနဲ့ တိုင်းရင်းသားတွေကို မကျေနပ်တဲ့ ဗမာတယောက်က ကျွန်မဆီကို မှတ်ချက်လာပေးရင်း Complaints တက်လာခဲ့ပါတယ်။ သူက ကျွန်မ လိုချင်နေတဲ့ ၄၇ ဖွဲ့စည်းပုံ မြန်မာလို ရှိတဲ့ Link သူပို့ပေးမယ်ဆိုလို့ အဲဒါကို တောင်းရင်း၊ သူပြောတာကို ပြန်ဆွေးနွေးရင်းနဲ့ သူက မဆိုင်တဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုဘက်ကို ဦးတည်လာခဲ့ပါတယ်။




သူ့ရဲ့ Link ကို ကြည့်တော့ အဲဒီလူက ဘလော့ဂါတယောက် ဖြစ်နေပါတယ်။ ဆွေးနွေးရင်းနဲ့ IP ကြည့်တော့မှ ကျွန်မထင်ထားသလို နယ်စပ်က ABSDF တပ်ဖွဲ့ဝင် မဟုတ်ဘဲ အပြင်ရောက်နေသူမှန်း သိခဲ့ရတယ်။ နောက်ဘယ်အထိ ဖြစ်လာလဲဆိုတော့ ပို့စ်နဲ့ဘာမှ မဆိုင်တဲ့ တခြားအကြောင်းအရာတွေကို ရောက်လာတယ်။ ကျွန်မက ရွာမှာမွေးပြီး တောကတက်လာလို့ အော်စီရောက်နေတာ ဘ၀င်မြင့်နေတယ်၊ ကွန်ပြူတာကို အော်စီရောက်မှ မြင်ဖူးတာဖြစ်မယ်၊ သူကတော့ ၉၄ ကတည်းက စကိုင်ဖူးပြီး အင်တာနက်ကိုကျတော့ ၉၇ မှာ စသုံးဖူးတယ်ဆိုပြီး ကွန်ပြူတာ သုံးဖူးတာကိုပဲ လကမ္ဘာတခေါက်ရောက်ဖူးသလို ပြောနေတယ်။ ပြီးတော့ ကျွန်မ ကွန်ပြူတာ ၉၄ ခုနှစ်ကစပြီး ကိုင်ဖူးတာ မယုံဘူးတွေ၊ ABDF မှာ ဘာတာဝန်ယူလာလဲ စတဲ့ တင်ထားတဲ့ ပို့စ်နဲ့ ဘာဆို ဘာမှမဆိုင်တာတွေကို ပြောဆိုလာ၊ မေးမြန်းလာခဲ့ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မကို ဘလော့ဂ် မိတ်ဆွေ တယောက်ယောက်က ခင်မင်ပြီး မေးရင် အားလုံးကို အမှန်အတိုင်း ပြောပြလေ့ရှိပြီး ပို့စ်တွေမှာလည်း အလျဉ်းသင့်ရင် သင့်သလို အရင်က အတွေ့အကြုံတွေကို ရေးရင်း ထည့်သွင်းဖေါ်ပြလေ့ ရှိပေမဲ့ ဒီလို အဓိပ္ပါယ်မရှိ ကျောပြီး လာမေးတာကိုတော့ အရေးတယူ လုပ်ပြီး ဖြေမနေခဲ့ပါဘူး။ ကျွန်မ ဘယ်သူလဲ ဘာလုပ်ခဲ့လဲဆိုတာ ABSDF မှာ ဥက္ကဌတွေ လုပ်လာခဲ့ဖူးကြတဲ့ ဦးထွန်းအောင်ကျော်၊ ဦးမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်တို့ကနေ ABSDF မှာ ၁၀ နှစ်အကြာ တာဝန်ထမ်းဆောင်လာတဲ့ ကာလအတွင်း တပ်ရင်း (သို့) ဗဟိုမှာ အတူတူ တွဲလုပ်ဖူးသူတွေ အားလုံးသြိကပါတယ်။ ကျွန်မ ဘလော့ဂ်ကို ပုံမှန် လာဖတ်နေသူတွေ အတော်များများလည်း ပို့စ်တွေကို ဖတ်ပြီးသိကြပါတယ်။ ကျွန်မ ဘာတာဝန်ပဲ ယူယူ အကြောင်းမဟုတ်ပါဘူး လောလောဆယ်မှာ ကျွန်မဟာ ဘလော့ဂါ တယောက်ဖြစ်လို့ ဘလော့ဂ်နဲ့ ပတ်သက်တာကိုပဲ ပြောချင်ပါတယ်။

ခုနက ပြောတာကို ပြန်စရရင် အဲဒီ လူမျိုးရေး အမြင်ကျဉ်းတဲ့ ဗမာနဲ့ ကျွန်မနဲ့ ပြောနေတဲ့ မှတ်ချက်တွေ အပေါ် အကြောင်းပြုပြီး ဂျပန် ရောက်နေတဲ့ လူမျိုးရေး အမြင်ကျဉ်းတဲ့ ကရင်တယောက်ကလည်း ၀င်လာပြီး မဆီမဆိုင်နဲ့ ဗမာတွေ သူတို့အချင်းချင်း သိတဲ့သူချင်း ဖေါ်ကုန်ကြပြီ၊ အော်စီမှာ အဆီရစ်နေတယ်တွေ ဗမာတွေ မာနယ်ပလောက ဖွေးပေါလူ ဆေးရုံမှာတုန်းက ဘာဖြစ်တယ်တွေနဲ့ ပို့စ်နဲ့လည်း လုံးဝ မပတ်သက် ကျွန်မနဲ့လည်း လုံးဝမပတ်သက်တာတွေ ရေးပြီး ၀င်လာပြန်တယ်။ ကျွန်မရေးထားတဲ့ ပို့စ်နဲ့ ဘာမှမဆိုင်တဲ့ အကြောင်းအရာတွေကို ဦးတည်သွားနေတဲ့အပြင် ဒီနှစ်ယောက်စလုံးက လူမျိုးရေးအမြင် လုံးဝကျဉ်းမြောင်းတာကို တွေ့ရပြီး တခြား စာလာဖတ်သူတွေအတွက်ပါ လူမျိုးရေး အမြင်ကျဉ်းမြောင်းမှုတွေ ကူးစက်နိုင်၊ စိတ်အနှောင့်အယှက်တွေ ဖြစ်လာစေနိုင်ခဲ့လို့ ကျွန်မ ပြန်ဆွေးနွေးထားတဲ့ မှတ်ချက် အပါအ၀င် မှတ်ချက်တချို့ကို ပြန်ဖျက်ခဲ့ရပါတယ်။ နောက်ထပ် ဒီလို ဘယ်တော့မှ ထပ်မဖြစ်စေချင်တဲ့အတွက် ကျွန်မရဲ့ မှတ်ချက်ရေးတဲ့ နေရာမှာ စည်းကမ်းချက်တွေကို ရေးထားလိုက်ပါပြီ။ ဒီလို လူမျိုးရေး မုန်းတီးမှု ပြင်းထန်သူတွေ ရှိနေလို့ တိုင်းပြည်က ဒုက္ခရောက်နေပါတယ်။ ဒီလို လူမျိုးရေး မုန်းတီးတဲ့ မှတ်ချက်တွေကို ကျွန်မ ဘလော့ဂ်မှာ လက်မခံပါဘူး။

ကျွန်မ ဘလော့ဂ်မှာ စာလာဖတ်တဲ့သူတွေကို ကျွန်မရေးထားတာနဲ့ ပတ်သက်ပြီး လက်ခံသူဖြစ်စေ၊ လက်မခံသူ ဖြစ်စေ အားလုံးကို လေးစားတဲ့ သဘောနဲ့ ကျွန်မ ယဉ်ယဉ်ကျေးကျေး ဆက်ဆံလေ့ ရှိပါတယ်။ အမြင်မတူမှု သဘောထား ကွဲလွဲမှုတွေကိုလည်း လက်ခံပေးပါတယ်။ ကျွန်မအနေနဲ့ စာဖတ်သူအားလုံးရဲ့ ခံစားချက်၊ Emotion တွေ ကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်မဘလော့ဂ်မှာ ဆွေးနွေးချင်ရင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အယူဝါဒ၊ လိင်ခွဲခြားမှု၊ လူမျိုးရေးမုန်းတီးမှု ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို လက်မခံဘူး။ တင်ထားတဲ့ ပို့စ်နဲ့လည်းမဆိုင် အများကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အပြုအမူ၊ အပြောအဆိုတွေ အားလုံးကို လက်မခံပါဘူး။ ရေးထားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သဘောတူ ထောက်ခံတဲ့သူကိုမှ ဘလော့ဂ်မှာ ဖတ်ဖို့ ဖိတ်ခေါ်တာ မဟုတ်သလို ကိုယ့်ကို ထောက်ခံတဲ့သူရဲ့ မှတ်ချက်ကိုမှ ထည့်တာလည်း မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း သဘောထားကွဲလွဲပိုင်ခွင့် ရှိတယ်ဆိုတာကို ကျွန်မက လုံးဝ လက်ခံသူဖြစ်ပါတယ်။ ကျွန်မရေးထားတာတွေက စာဖတ်သူတွေရဲ့ သဘောထား မတိုက်ဆိုင်တာတွေ၊ လက်မခံနိုင်တာတွေ ရှိရင် လက်မခံနိုင်တဲ့အချက်ကို ဘယ်အချက်မှာ ဘာကြောင့် ဘယ်လို ကွဲလွဲနေလို့ လက်မခံနိုင်ဘူး၊ အမှန်က ဒါဖြစ်တယ် ဆိုတာမျိုး တိတိကျကျ ထောက်ပြပြီး အပြုသဘောဆောင်တဲ့လေသံ (Tone) နဲ့ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးရင် ကျွန်မ ပြန်လက်ခံ ဆွေးနွေးမှာ ဖြစ်တယ်။ ဒီလိုမဟုတ်ပဲ ဦးတည်ချက်မရှိ ပြောချင်ရာ လာပြောဖို့ကတော့ ကျွန်မဘလော့ဂ်မှာ လက်ခံမှာ မဟုတ်ဘဲ အကုန်လုံး ဖျက်ပစ်မယ်ဆိုတာ အသိပေးပါရစေ။

မြန်မာနိုင်ငံကို တိုးတက်စေချင်ရင် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ မိမိနဲ့ မတူတဲ့သူနဲ့ မပတ်သက်ချင်ဘူးဆိုပြီး နေလို့မရပါဘူး။ အချင်းချင်း မုန်းတီးမှုကို ဦးတည်တဲ့ လူမျိုး၊ ဘာသာ၊ ကျားမ၊ လူတန်းစား အဆင့်အတန်း ခွဲခြားမှုတွေကို ကျွန်မ ဘလော့ဂ်မှာ ခွင့်မပြုပါဘူး။ တူတာကို ဘယ်လို စနစ်တကျ ပေါင်းစပ်ပြီး မတူကွဲပြားမှုကို ဘယ်လို သဟဇာတရှိအောင် ပြုမူပြော ဆိုနေထိုင်ရမယ်ဆိုတာ ကျွန်မတို့ လေ့လာဖို့ အကျင့်လုပ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဘယ်လောက်ပဲ စိတ်ကြီးတဲ့သူ၊ မာနကြီး အစွဲကြီးပြီး အဆင့်အတန်း ခွဲခြားတတ်သူ ဖြစ်နေပါစေ၊ ကျွန်မဘ လော့ဂ်ကို ၀င်ဖတ်တဲ့အချိန်မှာ အတ္တအစွဲတွေကို ဘေးဖယ်ထားပြီးမှ ဖတ်ကြဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။ ကျွန်မဘလော့ဂ်က စိတ်ထွက်ပေါက်အဖြစ် ခံစားချက်ကို ဦးစားပေးပြီး လာပေါက်ကွဲရာနေရာမဟုတ်၊ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲဆိုပြီး အချင်းချင်း ပညာစမ်းရာ နေရာမဟုတ်ပါ။ ကျွန်မ ဘလော့ဂ်ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ လူမျိုးရေး အမြင်ကျဉ်းမှု ကိုယ့်နဲ့မတူသူကို ရန်သူလို သဘောထားပြီး ကဲ့ရဲ့ပြစ်တင်ရှုပ်ချလိုမှုကို လုံးဝ ဆန့်ကျင်တဲ့နေရာ ဖြစ်ပါတယ်။ စာလာဖတ်သူများ အားလုံး ယဉ်ကျေးတဲ့ အပြုအမူနဲ့ ကူညီကြလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

Multi-cultural ကို နားလည်နိုင်ကြပါစေ။

7 comments:

ကောင်းပါလေ့ မငယ်ရေ။ ကြုံဖူးပါတယ်ဗျာ။ အမျိုးမျိုးကိုလေ။

အေးဗျာ အဲဒါတွေလည်း ခက်တယ်။ ကျနော်ဆို တခါက DSTA အကြောင်း တင်လိုက်တာ ဆဲစာမျိုးစုံးရောက်လာတယ်။ ရုရှ ရောက်နေတဲ့ ကောင်တွေလေ။ အဲဒါနဲ့ နောက်ပို့စ်တစ်ခု ရေးပြီး တင်လိုက်တယ်။ အေးရော ...
ဟုတ်ပါတယ် အစ်မ။ မဲက IP aderess တစ်ခုမှာ တစ်ခါပဲ ပေးလို့ရပါတယ်။
DSTA အကြောင်း ဖတ်ချင်ရင်
http://nwaysuelinkar.blogspot.com/2008/10/blog-post_6346.html နောက်တစ်ခုက
http://nwaysuelinkar.blogspot.com/2008/10/blog-post_22.html

အေး..ဟုတ်ပါ့မငယ်ရယ်...မဆိုင်တာရေးနေတာတွေ ခနခနတွေ့တယ်...blogထဲမှာ ပျော်ပျော်ပါးပါး နေကြတာ ဘာလို့ရန်ဖြစ်ချင်တယ် မသိပါဘူး..

လောကကြီးမှာ ဒီလိုပဲ ရှိတယ်။

မောင်မိုးနဲ့ ကိုလူစ်ရေ အခုလို အသိပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မက ဘလော့ဂ်သက်တမ်း ၆ လပဲ ရှိသေးတော့ အတွေ့အကြုံသိပ်မရှိသေးဘူး။ ကျွန်မထင်ထားတာ ဒီလိုမျိုးတွေက နအဖဆီကပဲ လာမယ်ထင်ခဲ့တာ ကိုယ့်လူကိုယ့်လူတွေပဲ ရောက်လာကြတော့ ခက်တယ်။

နွေဆူးလင်္ကာရေ သွားဖတ်ဖြစ်ပါတယ်။ ပို့စ်မှာ ပြောထားတာနဲ့ ပတ်သက်ပြီး လာတာကတော့ ကျွန်မက ပြန်ဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ အခုက မဆိုင်တာတွေ ကြောင့်ပါ။

အန်ကယ်နိုင်က ရီစရာတွေပဲ ရေးပြီး ကျွန်မလို နိုင်ငံရေးအကြောင်းတွေ မပါတော့ အန်ကယ်နိုင်က ကျွန်မလို ကြုံရဖို့ မရှိပါဘူး။ ကျွန်မလည်း စိတ်ညစ်စရာ ကြုံလို့ ရီချင်ရင် အန်ကယ်နိုင် ဘလော့ဂ်ကို အမြဲရောက်ပြီး သဘောကျတဲ့ ပို့စ်တွေ အမြဲပြန်ရှာဖတ်တယ်။ သဘောကျဆုံးက ဗြိတိသျှတွေ မန္တလေးကို သိမ်းတုန်းက မင်းလှခံတပ်မှာ ပြန်ခုခံတဲ့ အခန်းပဲ။ ပြောရင်းနဲ့တောင် ရီရလွန်းလို့ စိတ်ညစ်စရာတွေ ပျောက်ကုန်ပြီ။

ရေးထား တာလေး က စိတ်ခံစားချက် ပြင်းလွန်း နေတယ်နော်...အနော်လည်း ဖြစ် ဖူး လို့  ..ကိုယ်ချင်းစာသောအား ဖြင့်  ...အားပေးချင်တာပါ...ပို့ စ် ကိုသေချာဖတ် ပြီး ရင်...အပြုသဘောနဲ့  ဝေဖန် ကြမယ်ဆိုရင်....

အားပေးလျက်ပါ ..မငယ်နိုင်..ဆက်လက်ကြိုးစားပါ လို့  .............