မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အချစ်ဆိုသည်မှာ

အချစ်ကို လူအမျိုးမျိုးက ဘယ်လိုပဲ ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနေကြပါစေ အချစ်ဆိုတာ တွယ်တာမှု သံယောဇဉ် မကင်းဘူးဆိုတာတော့ ဘယ်သူမှ ငြင်းလို့ရမယ် မထင်ပါဘူး။ တွယ်တာမှုဆိုတာ သက်ရှိ၊ သက်မဲ့ အရာအားလုံးအပေါ်တွယ်တာတာ အားလုံး အကျုံးဝင်နိုင်ပါတယ်။ ဒီပို့စ်နဲ့အတူ ချစ်တတ်သူများအားလုံး တွယ်တာခြင်းဟူသည့် သမုဒယ ဝေဒနာတွေ နည်းနိုင်သမျှ နည်းပြီး မေတ္တာတည်းဟူသော အေးမြသည့် အချစ်ဖြင့် ချစ်ကာ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစွာ ချစ်နိုင်ကြပါစေ။ ချစ်သောသူများ အားလုံး ပေါင်းဖက်နိုင်ကြပါစေ၊ ပေါင်းဖက်ပြီးသူများအားလုံး ထာဝရ ချစ်နိုင်ကြပါစေလို့ ချစ်သူများနေ့မှာ ချစ်သူများအားလုံးအတွက် ဆုတာင်းလိုက်ပါတယ်။

တွယ်တာမှု သံယောဇဉ်တွေကြောင့်သာ ဘ၀ဆိုတာကို ရကြပြီး ဘ၀သံသရာထဲက မရုန်းထွက်နိုင်ကြ ဖြစ်နေကြပါတယ်။ ကျွန်မသည်လည်း ကံကံ၏အကျိုးနှင့် ဘ၀သံသရာကို ယုံကြည်ပေမဲ့ ၀ိပဿနာတရားတွေ အားထုတ်ပြီး ယခုလက်ရှိဘ၀မှာပဲ မဂ်ဖိုလ် နိဗ္ဗာန်ဝင်ဖို့ အာသာပြင်းပြစွာ အားထုတ်တဲ့အဆင့်ထိ အကျွတ်တရား မရသေးဘဲ ဘ၀ကို ခုံမင်နေသေးတဲ့အတွက် သံယောဇဉ် နှောင်ဖွဲ့မှုတွေ အမျှင်မပြတ်သေးတဲ့ သာမာန် ပုထုစဉ် လူသားတဦးသာ ဖြစ်နေလို့ အချစ်နဲ့မကင်းနိုင်တဲ့အထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့်မို့ ဒီနေ့ ချစ်သူများနေ့မှာ အချစ်အကြာင်းကို အနည်းငယ် အမှတ်တရအဖြစ် တင်ချင်ပါတယ်။

ကျွန်မနဲ့သူ မမျှော်လင့်ဘဲ ဆုံတွေ့ရင်းနဲ့ ကျွန်မဘ၀ထဲ သူရောက်လာခဲ့ပါတယ်။ ကျွန်မဆီက သူ့လိုအပ်နေတဲ့ အကူအညီတခုကို တောင်းရင်းကျွန်မဆီ သူရောက်လာတာ ဖြစ်ပြီး ကျွန်မက သူ့အတွက် လိုအပ်နေတဲ့ အကူအညီကို ပေးရုံသက်သက်သူ့ကို လက်ခံခဲ့ပါတယ်။ ကျွန်မနဲ့သူ အချိန်အတိုင်းအတာ တခုထိ ရင်းနှီးခဲ့ပါတယ်။ သူ့အတွက် အချိန်တွေ ပေးရင်းနဲ့ သူနဲ့ကျွန်မ ပိုမို ရင်းနှီးလာခဲ့ပါတယ်။ ကျွန်မ သူ့ကို လက်ခံထားတာ ကျွန်မဘက်က တကယ်ကို ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး။ သူအလိုရှိနေတဲ့ သူ့အတွက် လိုအပ်နေတဲ့ အကူအညီကို ပေးဖို့သက်သက်ပဲ ဖြစ်ပြီး သူတနေ့ ကျွန်မဆီက ဘာအကူအညီမှ မလိုတော့တဲ့အချိန် ပြန်ထွက်သွားရင်လည်း ကျွန်မက ကြည်ကြည်ဖြူဖြူ နားလည်ပြီး ထွက်ခွာသွားခွင့် ပြုမှာဖြစ်ပါတယ်။

သို့ပေမဲ့လည်း သူနဲ့ကျွန်မ အတူတူရှိနေချိန်မှာ ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးတဲ့ သံယောဇဉ်တွေကို သူ့အပေါ်မှာ ကျွန်မ ကပ်ညှိလာတာ ကျွန်မကိုယ် ကျွန်မ အံ့သြလို့မဆုံး ဖြစ်ရပါတယ်။ သူ့ကို ပိုင်ဆိုင်ဖို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပေမဲ့ ရင်းနှီးမှုအတိုင်းအတာ ပိုများလာတာနဲ့အမျှ ကျွန်မဟာ သူနဲ့အတူရှိနေတာကို သာယာလာတယ်၊ ကျွန်မ ရင်ခွင်ထဲမှာ ပျော်ပျော်ကြီး နေရာယူနေတဲ့ သူ့ကို ကြည့်ပြီး ကျွန်မတကယ်ပဲ ပျော်လာခဲ့တယ်။ သူဟာ တချိန်တန်ရင် အိမ်ပြန်မယ့် ဧည့်သည်၊ တနေ့ကျွန်မဆီက ဘာအကူအညီမှ မလိုတော့တဲ့အချိန်မှာ ပြန်ရင် ပြန်သွားနိုင်တယ်ဆိုတာ အစပိုင်းမှာ ယူဆထားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ ကျွန်မကို ဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူးဆိုတဲ့  စကားတွေကို ကျွန်မ ယုံစားမိခဲ့ပါတယ်။ သူ့အတွက် လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ကျွန်မ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့ပါတယ်။ သူ့အပေါ်မှာထားတဲ့ ကျွန်မရဲ့ သံယောဇဉ်တွေက ဘယ်လိုမှ ဖြတ်တောက်လို့ မရလောက်အောင် ခိုင်မြဲလာတဲ့ နောက်ပိုင်းမှာ သူကျွန်မဆီက ဘယ်တော့မှ ပြန်မထွက်သွားနိုင်အောင် ကျွန်မ ပြင်ဆင်ခဲ့ပါတယ်။ အဖေါ်မရှိ တကိုယ်တည်း အထီးကျန်လှတဲ့ သူ့ဘ၀လေးကို အဆုံးသတ်စေပြီး သူ့ကို ကျွန်မတို့နဲ့အတူ မိသားစုအဖွဲ့ဝင်အဖြစ် ဝေေ၀ဆာဆာ သိုက်သိုက်ဝန်းဝန်းလေး ဖြစ်လာနိုင်အောင် ကျွန်မ ကြိုးစား ခဲ့ပါတယ်။

သူနဲ့တွဲဖက်ဖို့ လိုက်ဖက်တာလေးတွေကို ကျွန်မ ရှာဖွေစုဆောင်း ၀ယ်ခြမ်းခဲ့ပါတယ်။ သူနဲ့ တွဲဖက်ဖို့ အကုန်လုံး အဆင်သင့်ဖြစ်တဲ့ အချိန်မှာတော့ မမျှော်လင့်ထားတဲ့အချိန်မှာ သူဟာ ကျွန်မကို နှုတ်မဆက်ဘဲ ရုတ်တရက် ထွက်ခွာသွားခဲ့ပါတယ်။ ထွက်သွားလိမ့်မယ်လို့ မျှော်လင့်နေတဲ့အချိန်တုန်းက မထွက်သွားဘဲ မထွက်သွားတော့ဘူးလို့ လုံးဝ အယုံသွင်းခဲ့လို့ ယုံလိုက်တဲ့အချိန်မှာမှ သူထွက်သွားလိုက်တော့ ကျွန်မ တကယ်ကို ကြေကွဲပြီး လွမ်းကျန်ခဲ့ရပါတယ်။ ပြင်ဆင်ထားတာ အားလုံးဟာ အရာမရောက် ဖြစ်ခဲ့ရပါတယ်။ ဆက်မဖတ်ခင် အကယ်၍များ စာဖတ်သူ မိတ်ဆွေများအနေနဲ့ ဘ၀မှာ ဒီလို ကြုံတွေ့ခဲ့ရမယ်ဆိုရင် ဘယ်လိုရင်ဆိုင် ကျော်ဖြတ်မလဲဆိုတာကို ကျွန်မ သိချင်လှပါတယ်။ ကျွန်မကတော့ ကျွန်မဟာ သူနဲ့ကံဇာတာ ဒီဘ၀မှာ ဆုံဖို့ဒီလောက်ပဲ ပါလာလို့ဖြစ်တယ်လို့ပဲ ယူဆပြီး တရားနဲ့ပဲ ဖြေကာ နေရာဟောင်းမှာ သူအဆင်ပြေပါစေ၊ သူနဲ့တွဲဖက်နိုင်တဲ့ အတွဲကောင်းကောင်းလေး ရပါစေလို့ပဲ ဆုတောင်းရတော့တယ်။

မနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ ရင်ခွင်မှာ လေးနှစ်နီးပါး လာရောက်ခိုလှုံသွားခဲ့ဖူးတဲ့ သူ့ကို မူလရင်ခွင်မှာ ပြန်တွေ့လိုက်ရတော့ သူ့ကို ကျွန်မ လွမ်းလွမ်းဆွေးဆွေး ကြည့်လိုက်မိတယ်။ ကျွန်မက အသားညိုပြီး သူက ဖြူဖွေး တောက်ပြောင်နေတော့ အသားဖြူတဲ့ သူ့ရဲ့ မူလပိုင်ရှင်ရင်ခွင်မှာ အဖြူအချင်းချင်း ထပ်ပြီး တွေ့ရတာနဲ့စာရင် သူ့အသွင်က အသားညိုတဲ့ ကျွန်မ ရင်ခွင်မှာလောက် မခန့်ညား၊ မပေါ်လွင်တော့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူ့မူလပိုင်ရှင်က ကျွန်မလို လူတွေနဲ့ သိပ်မတွေ့ဖြစ်သူ မဟုတ်ပဲ လူတွေနဲ့ အမြဲတမ်း ရောနှောယှက်တင်နေတတ်ပြီး ပေါင်းသင်းဆက်ဆံရေး ပိုများတော့ သူဟာ ကျွန်မဆီမှာ ရှိတုန်းကထက် လူသိသူသိ ပိုများပြီး လူတကာရဲ့ ဂရုစိုက်မှုကို ပိုရမှာကတော့ သေချာပါတယ်။ ဒါကြောင့်မို့ သူ့အတွက် ကျွန်မ ၀မ်းသာပါတယ်။

သူ့ကို မူလပိုင်ရှင်နဲ့ အတူတွေ့ရတဲ့ အချိန်မှာ ကျွန်မမှာလည်း သူကျွန်မနဲ့အတူ ရှိနေစဉ်က သူနဲ့တွဲဖို့ ဆိုပြီး မြန်မာပြည်က သီးသန့်မှာထားတဲ့ သူပြန်သွားပြီးမှ ရောက်လာတဲ့ သူနဲ့ပုံစံတူ နားဆွဲလေးတရံကို ပန်ထားတာကို သူ့သခင်က သတိထားမိလိုက်ပြီး “မငယ်ရေ လှလိုက်တာ တူတာက အရွယ်အစားပဲကွာတယ် ကျန်တာ ချွတ်စွပ်ပဲနော့်” လို့ ပြောလိုက်တယ်။ ကျွန်မကလည်း “တူဆို အဲဒီအတိုင်း ဒီဇိုင်းပြပြီး မှာထားတာကိုး သူငယ်ချင်းလိုချင်ရင် ပုံစံပြပြီး မှာလိုက်ပါလား” လို့ သူ့သခင်ကို ကျွန်မက အကြံပြုလိုက်တယ်။ ကျွန်မဆီမှာ လေးနှစ်ခန့်လာကြာသွားတဲ့ သူ့ကို ပြန်ပိုင်ဆိုင်ဖို့ ကျွန်မ မမျှော်လင့်တော့သလို ကျွန်မမှာရှိနေတဲ့ သူနဲ့ပုံစံတူ နားဆွဲလေးကိုလည်း သူ့သခင်ကို စပ်ရောင်းပြီး တစုံဖြစ်အောင် တွဲဖက်ခိုင်းဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါကြောင့်မို့ သူနဲ့ ပုံစံတူ၊ ဒီဇိုင်းတူ ဖြစ်အောင် စုံဖက်ဖို့ မှာထားတာ ဖြစ်ပေမဲ့ ကျွန်မရဲ့ နားဆွဲလေးနဲ့ သူ့ကို ဘယ်တော့မှ တစုံဖြစ် ပေါင်းဖက်လာနိုင်စရာ အကြောင်း ရှိနိုင်မယ် မထင်ပါဘူး။


ကျွန်မဆီ သူ့သခင် ပိုက်ဆံလိုလို့ မမျှော်လင့်ဘဲ ရောက်လာတဲ့ စိန်ဆွဲသီးလေးအပေါ် အစပိုင်းမှာ ကိုယ်ပိုင်လို့လည်း မယူဆထားပဲ နောက်ပိုင်း ၀တ်ဆင်ရင်းနဲ့ တဖြည်းဖြည်း စွဲလန်းလာပြီး စွဲလန်းမှု သံယောဇဉ် အထွတ်ထိပ်ရောက်ပြီး တွဲဖက်ဝတ်ဖို့ ပုံစံတူ နားဆွဲလေးမှာထားပြီးကာမှ ရုတ်တရက် သူ့သခင် ပြန်တောင်းဝယ်လို့ ပြန်ရောင်းပေးလိုက်ရချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ကျွန်မက စွဲလန်းမှု သံယောဇဉ် (သို့) တွယ်တာခြင်း (အချစ်) အဖြစ်တင်စားချင်ပါတယ်။ ကျွန်မတို့ နှစ်ယောက်က တရပ်ကွက်တည်းမှာ နေတော့ သွားရင်းလာရင်း မကြာခဏ ကြုံတွေ့နေရပြီး တွေ့တိုင်းလည်း သူက ကျွန်မ နားဆွဲကို ကြည့်သွားပြီး ကျွန်မကလည်း သူ့လည်ပင်းမှာ ဆွဲထားတဲ့ ကျွန်မဆီမှာ လေးနှစ်ခန့် လာနေသွားတဲ့ သူ့ဆွဲသီးလေးကို ကြည့်ဖြစ်ပါတယ်။ အကယ်၍များ ဒီဆွဲသီးလေးနှင့် နားဆွဲလေးသာ သက်ရှိလူသား ချစ်သူနှစ်ဦး ဖြစ်မယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုများ ခံစားရမလဲဆိုတာ ကျွန်မ တွေးနေမိပါတယ်။


ကျွန်မဘ၀မှာ သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ ဘာကိုမှ တွယ်တာပိုင်ခွင့် မရှိပါဘူး။ တွယ်တာလိုက်တာနဲ့ ကွေကွင်းရဖို့က အမြဲတမ်း ဖြစ်လာလေ့ရှိပါတယ်။ ဒါကြောင့် လက်ရှိ အနီးကပ်ဆုံး ရှိနေတဲ့ ကျေးဇူးရှင် နှစ်ယောက်ကိုတောင် လိုတာထက် ပိုပြီးမတွယ်တာမိအောင် ကြိုးစားနေရပါတယ်။ ရလိုက်တဲ့ အသိတရားက စွဲလန်းမှု သံယောဇဉ်ဆိုတာ လူနဲ့သက်ရှိကိုမှ မဟုတ်ဘူး သက်မဲ့ကိုလည်း ဖြစ်တတ်တယ်ဆိုတာနဲ့ လူလူချင်း ချစ်တဲ့ အချစ်ဆိုတာဟာလည်း စွဲလမ်းမှု သံယောဇဉ်ပါပဲ။ အရင်းစစ်လိုက်ရင်တော့ အချစ်ဆိုတာဟာ ကပ်ညှိမှု၊ စွဲလမ်းမှုသံယောဇဉ်ဆိုတဲ့ သမုဒယတွေသာ ဖြစ်လို့ ဒုက္ခကို ဖြစ်စေတဲ့ အကြောင်းအရာတွေသာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း အဲဒီအချစ်ဆိုတာသာ မရှိရင် လောကကြီးဆိုတာ ရှိလာဖြစ်လာမှာ မဟုတ်တဲ့အတွက် လောကမှာ အချစ်ဆိုတာလည်း မရှိမဖြစ် လိုအပ်နေသးတာ အမှန်ပဲ။ ဒါကြောင့်မို့ ဒုက္ခကိုသာ ဖြစ်စေတဲ့ အချစ်ဆိုတာမျိုး မဖြစ်ရလေအောင် ချစ်သူများအားလုံး အချစ်နှင့် မေတ္တာကို ပေါင်းစပ်ဖို့ လိုပါတယ်။ ဒီလို မပေါင်းစပ်နိုင်ပါက လူသားအချင်းချင်း ချစ်တဲ့ အချစ်ရဲ့တန်ဖိုးက အရာဝတ္တုတခုကို တွယ်တာတာနဲ့ ဘာမှ မခြားဖြစ်သွားလိမ့်မယ်။ သူများတွေက သက်ရှိ အချစ်တွေအကြေင်း ရေးတဲ့အချိန်မှာ ကျွန်မက သက်မဲ့ကို ချစ်ရတဲ့ အချစ် (သို့) သက်မဲ့နှင့် တူတာကို ချစ်တဲ့အချစ်ကို ရေးရင်း ဒီနှစ် ချစ်သူများနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။ (မေတ္တာအကြောင်းကို စိတ်ဝင်စားပါက ကျွန်မတင်တဲ့ မေတ္တာဆိုသည်မှာ ပို့စ်ကို ဤနေရာမှာ စိတ်ဝင်စားသူများ ဖတ်နိုင်ပါတယ်။)

ချစ်သူများနေ့မှာ ကျွန်မ ပို့စ်တင်ဖို့ စာရိုက်နေချိန်မှာ အမျိုးသားက Happy Valentine Day ဆိုပြီး ချောကလက်တခုကို လာပေးလို့ ချောကလက်ကို မကြိုက်တတ်ပေမဲ့ မေတ္တာနဲ့ တုံ့ပြန်တဲ့အနေနဲ့ စားလိုက်တာ ဒီတခါ ချော့ကလက်က စားရတာ အရသာရှိသား။ ချောကလက်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် စိတ်ချမ်းသာဖို့က အရေးကြီးတယ် မဟုတ်လား။ ချစ်သူများနေ့ အမှတ်တရ ရတဲ့ ချောကလက်လေးကို ၀ါးရင်းနဲ့ ကျွန်မရဲ့ ချစ်သူများနေ့ အမှတ်တရ ပို့စ်ကို အဆုံးသတ်လိုက်ပါပြီ။ မိတ်ဆွေတို့ကော မိတ်ဆွေတို့ရဲ့ ချစ်သူတွေဆီက ဘာတွေ ရကြလဲဆိုတာ စိတ်ဝင်စားမိပါတယ်။

ချစ်သူများနေ့မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

12 comments:

မေတ္တာဖြင့်တည်ဆောက်သော မငယ်၏ရင်ဘတ်ကမ္ဘာငယ်လေးလည်း ငြိမ်းချမ်းပါစေဗျာ......

မငယ်နိုင်
ခုပို့စ်လေးကိုဖတ်ပြီး ပျော်ရွှင်ချမ်းမြေ့မိပါတယ်ရှင်.။
ချောကလက် လေးကိုစားပြီရေးတော့ပိုပြည့်စုံသွား
တာပေါ့နော်.။မေတ္တာရှင်မလေး မငယ်နိုင်
သိပ်သဘောကျ မိပါတယ်ရှင်..။

အမရေ ချစ်သူများနေ့မှာ ချစ်သူလေးပေးတဲ့ ချေကလက် လေး စားရင်း ပို၍ပို၍ သက်ဆုံးတိုင် ချစ်နိုင်ပါစေဗျာ

ရေးထားတာ မိုက်တယ်... ချစ်စရာလေး...း))

(ချောကလက် ကျန်သေးလား...)

ဖတ်နေရင်း မငယ်ကတော့ ငါ့လိုများရေးနေပြီလားလို့...အဟူးးးဟူးးးလက်စသတ်တော့ စိန်ဆွဲသီးဖြစ်နေတာကိုးဗျ။

စာရေးကောင်းတယ်ဗျာ.။ဆွဲဆောင်မှုရှိတယ်။

မငယ်နိုင်
ဒီနေ့ မအယ် ချစ်သူများနေ့ အကြောင်း ရေးကြတဲ့ ပို့စ် လေးတွေ လိုက်ဖတ်ဖြစ်တယ်။
ဖတ်ခဲ့ သမျှထဲမှာ မငယ်နိုင်ပို့စ်ကို အကြိုက်ဆုံးပဲ။ အပြန်အလှန် မေတ္တာလည်း တကယ် ထားမှ ချစ်တယ် မြည်တယ်လို့ မအယ်လည်း ယူဆတာမို့ မငယ်နိုင်ပြောတာကို သဘောကျတယ်။
ထွက်သွားရင်လည်း ထွက်သွားမယ်တွေးတုန်းက ထွက်မသွားခဲ့ဘူး၊ ကိုယ်နဲ့ အမြဲ အတူ ရှိနေမယ်လို့ လုံးလုံးကြီး တွေးထင် ယုံမိကာမှ ရုတ်တရက် ထွက်သွားတယ် ဆိုတာမျိုးကစ ရေးပုံ ရေးနည်းလေးလည်း အရမ်း ချစ်စရာကောင်းတယ်။
မငယ်နိုင်ရဲ့ နူးနူးညံ့ညံ့ စိတ်သဘောထားတွေလည်း ခင်မင်နှစ်လိုဖွယ် တွေ့ရတယ်။




မအယ်

မှတ်ချက်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျွန်မက လူတကာအတွက် အပူများတတ်တတ်အပြင် လူမဟုတ်တဲ့ သက်ရှိတွေနှင့် အသက်မဲ့တွေကိုလည်း စွဲလန်းတတ်တော့ ကိုဆောင်းယွန်းလ ပြောသလို ရင်ဘတ်ကမ္ဘာ ငြိမ်းချမ်းဖို့တော့ တော်တော် အချိန်ယူရဦးမယ်ထင်တယ်။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မြတ်လေးငုံရေ မေတ္တာထက် သမုဒယက ပိုများနေလို့ ခက်နေတယ်။

ကိုဇော်ရေ အစ်မက ချဉ်ငန်စပ်ကြိုက်သူပါ။ ချော့ကလက်ကို ချစ်သူများနေ့မို့ ချွင်းချက်အနေနဲ့ စားတာပါ။

မောင်မိုး၊ မသက်ဝေနဲ့ မအယ်တို့က မြှောက်နေပြန်ပြီ။ ဖွဲ့ပြီးရေးထားတာ မဟုတ်ဘူးနော့် တကယ်ခံစားခဲ့ရတာကို ရေးထားတာပါ။ သက်မဲ့ကိုတောင် ဒီလောက်စွဲလန်းတတ်ရင် အကယ်၍ သက်ရှိတဦးဦးနဲ့ ဒီလို ဆုံခဲ့ဖူးရင် ဘယ်လောက် လွမ်းတတ်လိမ့်မယ်ဆိုတာ ခန့်မှန်းလို့ ရလိမ့်မယ် ထင်တယ်။

ချစ်ချစ်ခင်ခင်အကြောင်းလေးတွေ ဖတ်ရတာ ကြည်နူးစရာပဲ မငယ်နိုင်။
ချိုသင်းလဲ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ ဖြစ်ဖြစ် ချစ်ခင်တတ်လို့ စိတ်လျှော့ထားရတယ်။ နို့မို့ဆို ကိုယ်ပဲ ခံစားရတာလေ..။
စိန်ဆွဲသီးအကြောင်း ရေးမယ်တော့ မထင်ခဲ့ဘူး။ ဖတ်စက ချစ်စရာ pet လေး အကြောင်း ထင်မိတာ။ :)

အချစ်အကြောင်းဖတ်သွားတယ်

ကြည်နူးစွာ ဖတ်သွားပါတယ် မငယ်ရေ...
နတ်သမီးလည်း ချော့ကလက်ကြိုက်ဘူး..
းးး))))))))))))
Happy Valentine's Day ပါနော်..

ုချိုမြသော ချောကလက်လေးနှင့်အတူ မမငယ်နိုင်တို့ ချစ်မေတ္တာခရီးလမ်းလည်း အမြဲသာယာလှပနေမှာပါ .. နောက်ဆုံးမေးခွန်းလေးကိုတော့ မဖြေတော့ဘူး မမရေ .. Facebook မှာသာ လာကြည့်လိုက်ပါတော့နော် :P

စိတ်သဘောထားလေးကိုကြိုက်လိုက်တာရှင်။