မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကရင့်တော်လှန်ရေးနေ့ အမှတ်တရ

ကရင်အမျိုးသမီးငယ် တဦးမှ သီချိုဖျော်ဖြေနေစဉ် (ဗွီဒယို)
ဆစ်ဒနီမြို့ Senior Citinzen Hall မှာ 6/02/10 က ကျင်းပသွားတဲ့ ၆၂ နှစ်မြှောက် ကရင့်တော်လှန်ရေးနေ့နှင့် ၆၃ နှစ်မြှောက်KNU ဖွဲ့စည်းသည့် နှစ်ပတ်လည်နေ့ကို ပူးတွဲ ကျင်းပသွားတဲ့ အထိမ်းအမှတ် အခမ်းအနားကို ရောက်ဖြစ်ခဲ့ပါတယ်။ အခမ်းအနား ပထမပိုင်းမှာ ကရင့်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး ဦးဆောင်တဲ့ ကရင့်တော်လှန်ရေး သမိုင်းနှင့် ကရင်လူမျိုးတွေရဲ့ လက်ရှိအခြေအနေ၊ နယ်စပ်ဒေသ တလျှောက်ရှိ ကရင်ဒုက္ခသည်တွေရဲ့ အခက်အခဲ စသည်တို့ကို အခမ်းအနား ဖြစ်မြောက်ရေးမှာ ပါဝင်တဲ့ ဆစ်ဒနီရောက် ကရင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်တွေက ပြောကြားပြီး ဒုတိယပိုင်းကိုတော့ ဖျော်ဖြေရေးအစီစဉ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယပိုင်းကို ရိုးရာ အကနှင့် စတင်ဖွင့်လှစ်ပြီး ဆက်လက် ဖျော်ဖြေမှုတွေကို ခေတ်ပေါ် တီးဂီတအစီစဉ်နှင့် တောက်လျှောက် ဖျော်ဖြေပြီး အဆုံးသတ်ခဲ့တာကို တွေ့ရပါတယ်။ ရိုးရာ အကာများကို ယခင်ပို့စ်တွေမှာ အတော်များများ တင်ပြခဲ့ပြီး ဖြစ်လို့ ဒီပို့စ်မှာတော့ ကရင် ခေတ်ပေါ်တေးဂီတမှာ ကပြသီဆိုခဲ့တာတွေကို အဓိကထားပြီး နောက်ဆုံးမှာ တင်ပေးထားတာကို ဆက်လက် ကြည့်ရှု နိုင်ပါတယ်။ ဗီဒယိုတွေ၊ ဓါတ်ပုံတွေမှာ အသံမရှင်းလင်းမှု၊ ပုံမကြည်လင်မှုတွေ တွေ့ရပါက ကျွန်မရဲ့ ကင်မရာကြောင့်သာ ဖြစ်ပါတယ်။


ဒီအခမ်းအနားကို တက်နေစဉ်နှင့် တက်ပြီး အပြန်မှာတော့ ကျွန်မက အနာဂတ်ကို မတွေးပဲ အတိတ်က အဖြစ်အပြစ်တွေကိုပဲ ပိုပြီး ပြန်တွေးနေမိတယ်။ ပထမဦးဆုံး ကြုံဖူးတဲ့ ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို သွားသတိရမိတာက ၈၈ မှာ ကျွန်မတို့ တောတွင်းရောက်ပြီးနောက် ၈၉ ဇန်န၀ါရီမှာ KNU တပ်မဟာ (၄) မှာ ကရင့်တော်လှန်ရေး အနှစ် ၄၀ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပစဉ်က အကြောင်းဖြစ်ပါတယ်။ အဲဒီပွဲတော်မှာ ကျွန်မတို့ ABSDF က အနုပညာ ၀ါသနာပါသူတွေကလည်း အောင်ပွဲနဲ့အတူ ပြန်ခဲ့မယ် ဆိုတဲ့ ပြဇာတ်လေးတခုကို ပါဝင်ကပြခဲ့တာကို သွားပြီး သတိရတယ်။ အဲဒီတုန်းကတော့ ကရင်တွေ တော်လှန်ရေး အနှစ် (၄၀) တောင် ကြာခဲ့ပြီဆိုတာကို အံ့သြခဲ့ကြတယ်။ တော်လှန်ရေးကို ဒီလောက်ကြာအောင် လုပ်တာတောင် မအောင်ဘူးဆိုပြီး အပြစ်တင်ချင်သလိုလို၊ အားမလို အားမရ ဖြစ်မိခဲ့တယ်။ ကရင်တွေ သူတို့ဖါသာသူတို့ လုပ်နေတာ နည်းလမ်းမမှန်လို့ ဒီလောက်ကြတာ ဖြစ်နိုင်တယ်၊ အခုတော့ ကျောင်းသားတွေ အားဖြည့်လာပြီဆိုတော့ အတူတူ တိုက်ကြရင်တော့ မကြာခင် အောင်မှာပဲလို့ယုံကြည်ပြီး ကျောင်းသားတွေက သေနတ်ရတာနဲ့ ရှေ့တန်းပြန်ဆင်းပြီး အောင်ပွဲ အရယူဖို့ စိတ်လောနေချိန်ဖြစ်တယ်။ အောင်ပွဲကို မကြာခင်ပဲ အရယူတော့မယ် ဆိုပြီး လက်နက်မရခင် စိတ်ကူးယဉ်မှုက ရန်သူကို မတော်လှန်ခင် ခုခံတော်လှန်နေရတဲ့ ငှက်ဖျားရောဂါ၊ စားနေရတဲ့ ငှက်ပျောအူပြုတ်၊ ပဲဟင်းရည်ကျဲနဲ့ ငါးပိရေကျဲကိုမှ အားမနားဘဲ အောင်ပွဲကို မကြာခင်ပဲ အရယူဖို့တော့မယ် ဆိုပြီး သိပ်တက်ကြွနေတဲ့ အချိန်ဖြစ်တယ်။

အဲဒီတုန်းက ကျောင်းသားတွေ တင်ဆက်ခဲ့တဲ့ ပြဇာတ်ကလည်း အဲဒီစိတ်ကူးယဉ်မှုကို အတိအကျ ပုံဖေါ်ထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အတိုချုပ်က ပြည်တွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို လက်နက်နဲ့ ဖြိုခွင်းခံရလို့ ဓါးဓါးချင်း၊ လှံလှံချင်း တော်လှန်ဖို့ ကရင်နယ်မြေကို ရောက်လာတယ်။ ကျောင်းသား ရဲဘော်ထဲက တယောက်က ကရင်မလေးတယောက်နဲ့ ချစ်ကြိုက်ပြီး ကရင်မလေးမှာ ကိုယ်ဝန်ရခဲ့တယ်။ ကရင်မလေးက သူ့ချစ်သူကို လွမ်းဆွတ်နေချိန်မှာ အဲဒီရဲဘော်က ကရင်လက်နက်ကိုင် တပ်တွေနဲ့အတူ လက်နက်ကိုင်ပြီး ပြည်တွင်းကို ပြန်ဝင်တိုက်ကာ ပြည်သိမ်းတိုက်ပွဲကြီးကို ဆင်နွဲနေချိန်ဖြစ်တယ်။ တောခိုသွားတဲ့ ကျောင်းသားတပ်တွေ လက်နက်နဲ့အတူ ပြန်လာတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ BIA ဖွဲ့ပြီး ပြန်လာတုန်းက ကြိုဆိုသလို ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုပြီး မြို့ပြအုံကြွမှုနဲ့ လက်နက်ကိုင် တော်လှန်ရေး ပေါင်းစပ်ကာ တော်လှန်ရေးကြီးက ချက်ချင်းပဲ အောင်သွားတယ်။ ငြိမ်းချမ်းသာယာ ၀ဖြိုးတဲ့ ပြည်ထောင်စုကြီးမှာ ကွဲကွာနေတဲ့ ဇာတ်လိုက် ချစ်သူနှစ်ဦး အပါအ၀င် တိုက်ပွဲဝင်သူတွေ အားလုံး ကွဲကွာနေသူတွေနဲ့ မိဘ၊ ညီအစ်ကို မောင်နှမ၊ ချစ်သူတွေနဲ့ ပျော်ရွှင်စွာ ပြန်ဆုံပြီး ခွပ်ဒေါင်းအလံတော်ကြီးကို လွှင့်ထူလျက် အောင်ပွဲနဲ့အတူ ပြန်လာပုံနဲ့ ဇာတ်လေးလေးကို အဆုံးသတ်ခဲ့ပါတယ်။

လက်တွေ့ကျတော့ တော်လှန်ရေးဆိုတာ ဒီလောက်မလွယ်ဘူးဆိုတာ ဖြတ်သန်းပြီးမှ သိလာရတယ်။ ကျွန်မထင်တာ ကရင့်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးတို့ တော်လှန်ရေး စတုန်းကလည်း ဒီလောက်ကြာလိမ့်မယ်လို့ ဘယ်သူမှ တွေးခဲ့လိမ့်မယ် မဟုတ်ဘူး။ ကရင့်တော်လှန်ရေးဟာ အခု ၆၁ နှစ်ဖြစ်သွားပါပြီ။ ဒီ ၆၁ နှစ်ကာလအတွင်း ကရင်လူမျိုးတွေဟာ အခက်အခဲအမျိုးစုံ၊ ဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရသလို စစ်ပွဲတွေကြောင့် နှစ်ဘက်စလုံးကတပ်တွေမှာ ထိခိုက်၊ ဒဏ်ရာရ သေဆုံးသူတွေ၊ ပြည်သူလူထု ဒုက္ခရောက်ရတာတွေက နှစ်ဘက်စလုံးမှာ ရှိမှာ အမှန်ပဲ ဖြစ်ပါတယ်။ ၈၈ မတိုင်ခင် ကျွန်မတို့ ငယ်ငယ်က တော်လှန်ရေးဆိုတာ ဗိုချုပ်အောင်ဆန်းတို့ အင်္ဂလိပ်နဲ့ ဂျပန်ကို တော်လှန်တဲ့ တော်လှန်ရေးနဲ့ တော်လှန်ရေး ကောင်စီလို့ခေါ်တဲ့ ဦးနေ၀င်းဦးဆောင်တဲ့ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးဆိုတာကလွဲပြီး ကျန်တာ ဘာတော်လှန်ရေးမှ နားမလည်ခဲ့ဘူး။

"လက်နက်ကိုင်ပြီး ခိုးစား၊ ဓါးမြတိုက်စားတဲ့သူတွေကို သူတို့မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့၊ ရိုးသားတဲ့ တခြားနည်းလမ်းနဲ့ ရှာစားဖို့ ဦးနှောက်ဥာဏ်မရှိ၊ ဆင်ခြင်တုံတရား မရှိလို့ မှားတယ်ဆိုပြီး နားလည်ပေးလို့ ရနိုင်သေးတယ်၊ ဘယ်သူ့အတွက်မှ ဘာအဓိပ္ပါယ်မှ မရှိ၊ ဘာအကြာင်းမှ မရှိဘဲ ပြည်သူလူထုကို ဒုက္ခပေးချင်လို့၊ သတ်ဖြတ်ချင်လို့သက်သက် သောင်းကျန်းနေတဲ့ သောင်းကျန်းသူတွေကိုတော့ ဘယ်လိုမှ နားလည်ပေးလို့မရဘူး" ဆိုတဲ့ ကျွန်မအဖေမကြာခဏ ပြောတဲ့ စကားတွေအပေါ် ပြန်ပြောမရဲပေမဲ့ ဒီလူတွေ ဒီလိုလုပ်နေတာ အကြောင်းတခုခုတော့ ရှိရလိမ့်မယ်ဆိုတာတော့ ငယ်ငယ်တုန်းကတောင် မကြာခဏ တွေးမိပါတယ်။ ဒါပေမဲ့ ဘာအကြောင်းဆိုတာ တခါမှ အဖြေရှာလို့ မရတဲ့အဆုံး အဖေပြောတဲ့အတိုင်း ဗမာတွေကို မုန်းလို့ သတ်ချင်လို့ လုပ်နေတယ်ဆိုတာ ဟုတ်မှာပါ ဆိုတာနဲ့ပဲ အတွေးကို အဆုံးသတ်ကာ လက်နက်ကိုင် တော်လှန်ရေးသမားတွေကို သောင်းကျန်းသူအဖြစ် မြင်ခဲ့တဲ့ ကျွန်မရဲ့ ၈၈ မတိုင်ခင်က အတွေးတွေကိုလည်း ပြန်သတိရမိပါတယ်။

ပြီးတော့ ကရင်ပူဆူတုန်းကလို့ အစချီပြီး မိဘတွေ ပြောပြဖူးတဲ့ ကရင်နဲ့ဗမာ တွေ့တာနဲ့ ချက်ချင်း ဦးရာလူကသတ်ကြတဲ့ ကြေကွဲဖွယ်ရာ အဖြစ်အပြစ်တွေကို တအံ့တသြ နားထောင်ဖူးတာကိုလည်း သတိရနေမိတယ်။ အဲဒီအချိန်က ကရင်ရော ဗမာပါ အမျိုးသမီးတွေကလေးတွေက အိမ်တံခါးပိတ်ပြီး အမြဲ တိတ်တဆိတ် နေရကြောင်း အမျိုးသားတွေက ဘယ်ပဲသွားသွား ထက်အောင် သွေးထားတဲ့ ဓါးတချောင်းကို အမြဲထမ်းပြီး သွားရကြောင်း လမ်းမှာ ကရင်တယောက်နဲ့ ဗမာတယောက်တွေ့ရင် လက်ဦးအောင် အရင်ခုတ်နိုင်သူကသာ အသက်ချမ်းသာရာ ရပြီး ကျန်တဲ့တယောက်တော့ သေဖို့ သေချာပေါက် ဖြစ်တဲ့ အကြောင်းတွေ နားထောင်ဖူးတာ မှတ်မိနေတယ်။ တခါတော့ အဖေနဲ့ ပဋိပက္ခ မတိုင်ခင်က ဘုန်းကြီးကျောင်းမှာ ကျောင်းအိပ်ကျောင်းစား ကျောင်းနေဖက် ဖြစ်ခဲ့ဖူးသူ ကရင်သူငယ်ချင်းတယောက်နဲ့ လမ်းမှာ ဆုံဖူးတယ်လို့ ပြောပြဖူးတယ်။ နှစ်ယောက်စလုံးက ဓါးကိုယ်စီ ထမ်းထားပြီး တောအုပ်တခုကို အကွ့မှာ တွေ့တယ်ဆိုတော့ တယောက်နဲ့တယောက် ဘွားကနဲ ရုတ်တရက် တွေ့ရတာဖြစ်ပြီး နှစ်ယောက်စလုံးက တွေ့တာနဲ့ ချက်ချင်း ဓါးကို ပုခုံးပေါ်မှ ဆွဲအချ ဓါးအိတ်ထဲက ထုတ်ဖို့ အပြင်မှာ မျက်နှာကို တွေ့ကြတော့ သူငယ်ချင်းတွေမှန်း သိသွားပြီး ဓါးကို နှစ်ယောက်စလုံးက လက်ကဓါးကို ဆွဲထုတ်ရမလိုလို ပြန်သွင်းရမလိုလိုနဲ့ ပါးစပ်ကလည်း ဘာကိုပြောလို့ ပြောရမှန်းမသိပဲနဲ့ ဖြစ်နေကြတယ်လို့ ဆိုတယ်။

ပြီးတော့ နှစ်ယေက်စလုံးက တပြိုင်တည်း "ဟေ့ကောင် မင်းနဲ့ငါ သူငယ်ချင်းနော့်" ဆိုတဲ့စကားကို ပြိုင်တူ အသံထွက်ကြတယ်လို့ ပြောတယ်။ ဒါဆို အခုဘာလုပ်မလဲ မင်းဓါးဆွဲထုတ်ရင်တော့ ငါလည်း ထုတ်ရမှာပဲလို့ အဖေက ပြောတယ်တဲ့။ ငါလည်း မင်းလိုပဲ ဒီတော့ မင်းလည်းမဆွဲထုတ်နဲ့ ငါလည်း မဆွဲထုတ်ဘူးလို့ အဖေ့သူငယ်ချင်း ကရင်က ပြောတယ်တဲ့။ ဒါနဲ့ ငါတို့ လာလမ်းအတိုင်း လှည့်ပြန်မယ်လို့ ပြောပြီးလှည့်မပြန်ခင် သူတို့နှစ်ယောက် တွေ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှ အာချောင်ပြီး လိုက်မပြောကြဖို့ အချင်းချင်း ကတိတောင်းပြီး လှည့်ပြန်ခဲ့တယ်လို့ သိရတယ်။ တကယ်လို့ ပြောပြခဲ့ရင် အဲဒီအချိန်က သတ်မှတ်ထားတာက ဗမာကကရင်ကို တွေ့ရင်ဖြစ်စေ၊ ကရင်ကလည်း ဗမာကိုတွေ့ရင် သတ်ရမယ် အကြောင်းပြချက် တခုခုနဲ့ မသတ်ဘဲ ပြန်လာရင် သစ္စာဖေါက်လို့ ကရင်ရော ဗမာက သတ်မှတ်ထားတော့ အဖေကိုလည်း ကရင်တယောက်လုံး တွေ့လျက်နဲ့ မသတ်ပဲ ပြန်လာတဲ့အကောင် ကိုယ့်လူမျိုးကို ဖေါက်တဲ့အကောင်၊ အဖေ့သူငယ်ချင်းကိုလည်း ဗမာတယောက်လုံး တွေ့လျက်နက် မသတ်ပဲ ပြန်လာတဲ့ ကရင်ကို သစ္စဖေါက်တဲ့အကောင် ဆိုပြီး ကရင်၊ ဗမာ အသိုင်းအ၀ိုင်းကြီး တခုလုံးက အဖေနဲ့ အဖေ့သူငယ်ချင်းကို ညှင်းဆဲခံရနိုင်၊ အသက်အန္တရယ် ပေးနိုင်တဲ့အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် အဖေနဲ့ အဖေ့သူငယ်ချင်းဟာ မိဘတွေ၊ ညီအစ်ကိုရင်းတွေကိုတောင် လုံးဝမပြောပြဘဲ ဖုံးထားခဲ့တယ်လို့ ကျွန်မတို့ကို ပြန်ပြောပြတယ်။ ကျွန်မတို့ ခပ်ငယ်ငယ်က အဲဒီ အတီးနဲ့ အဖေနဲ့ တွေ့တိုင်း အဲဒီတုန်းကကသာ အချင်းချင်း သတ်ခဲ့ရင် ငါတို့နှစ်ယောက်မှာ တယောက်မဟုတ်တယောက် သေမှာပဲ၊ ငါတို့အချင်းချင်း တယောက်အသက်ကို တယောက် ကယ်ခဲ့လို့ အခုလို ပြန်တွေ့နိုင်တာလို့ တွေ့တိုင်း ပြောပြလေ့ရှိပါတယ်။ ကျွန်မလည်း အဖေတို့ အဲဒီတုန်းကသာ သတ်ကြရင် အခုလို ဘယ်ပြန်ပြောပြီး စကားပြောနိုင်မလဲဆိုတာနဲ့ သူ့ဦးလေးက ဆူပူကာလတုန်းက ကရင်သတ်ပြီး သေသွားတာပေါ့လို့ ပြောတဲ့ သူတွေကို သတိရပြီး သံဝေဂရမိတယ်။ အဖေတို့လို မဟုတ်ပဲ သူငယ်ချင်းဖြစ်လျက်နဲ့ လူမျိုးကိုတော့ သစ္စာမဖေါက်နိုင်ဘူး ဆိုပြီး သွေးဆူပြီး သတ်ကြသူတွေလည်း အများကြီး ရှိခဲ့ပြီး သတ်ပြီးမှ ပြန်တွေးကာ စိတ်မကောင်း ဖြစ်ကြတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်။ ဗမာနဲ့ ကရင် အိမ်ထောင် ကျထားတဲ့သူတွေဆိုလည်း လင်မယားအချင်းချင်း ဘာမှ ဖြစ်ကြတာမဟုတ်ပဲနဲ့ ပတ်ဝန်းကျင်က လိုက်ရှာသတ်မှာစိုးလို့ တိတ်တဆိတ် ကရင်ဆိုလည်း ကရင်၊ ဗမာဆိုလည်း ဗမာတွေကြားထဲကို တိတ်တဆိတ် ပြန်ပို့ပေးပေးရ၊ ပို့ဖို့ အချိန်မရရင် ၀ှက်ထားရတဲ့အကြောင်းတွေ စိတ်မချမ်းမြေ့စရာ အကြောင်းအရာတွေကို ကြားသိဖူးလို့ လူမျိုးရေး မုန်းတီးမှုရဲ့ စက်ဆုပ် ရွှံရှာစရာကောာင်းတဲ့ အတွေ့အကြုံတွေကို ကိုယ်တိုင်မကြုံဖူးပေမဲ့ ကြုံဖူးသူတွေ ပြောပြလို့ သိခဲ့ရသမျှနဲ့ ကျွန်မ သံဝေဂယူလို့ ရပါတယ်။

ဒီကရင့်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားမှာ ကရင်လူမျိုးတွေရဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို မရမချင်း ကရင့်တော်လှန်ရေး ရှိနေလိမ့်မယ်လို့ အလေးအနက် ပြောသွားတာကို ကျွန်မ ကြားရပါတယ်။ ကရင်ဗမာ အဓိကရုဏ်းဟာ တန်းတူအခွင့်အရေး မရရှိလို့ တိုက်ပွဲဝင်ရာက ရရှိခဲ့တဲ့ နောက်ဆက်တွဲ ပြဿနာ တခု ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး ရှိနေသရွှေ့ စစ်ပွဲတွေရဲ့ ဒုက္ခတွေကို ပြည်သူလူထုတွေက ခံနေရဦးမှာ ဖြစ်ပါတယ်။ ဒီစစ်ပွဲတွေကို ငြိမ်းဖို့အတွက် မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအတွက် အာမခံချက်ရှိတဲ့ ပြည်ထောင်စု စစ်စစ် ဖွဲ့စည်းပုံတခု တကယ်လို လိုအပ်နေပါတယ်။ ပါလီမန် ဒီမိုကရေစီလက်ထက်မှာ ကရင်နှင့်ဗမာ အပါအ၀င် တိုင်းရင်းသားတွေနဲ့ ဗမာတွေအကြား ဒီလို ပဋိပက္ခတွေ ဖြစ်ကြတာဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေအခံဥပဒေရဲ့ တပြည်ထောင်မက ပြည်ထောင်စု မကျ ဟိုမရောက် ဒီမရောက် ရေးထားတဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ကျွန်မ လေ့လာသိရှိဖူးပါတယ်။ အခုလက်ရှိ နအဖဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ၁၉၄၇ ခုနှစ် ဖွဲ့စစည်းပုံ အခြေခံဥပဒေထက် အဆ ၁၀၀ မက ဆိုးရွားနေတဲ့ တပြည်ထောင်စနစ်စစ်စစ် ပုံစံ ဖြစ်နေတဲ့အပြင် စစ်အုပ်စုကို အာဏာ တရားဝင် ပေးထားတာ တွေ့ရတော့ အနာဂတ် အတွက် တကယ်ပဲ ရင်လေးမိပါတယ်။

ကရင်တွေနဲ့ ပတ်သက်ပြီး ကျွန်မ မမီလိုက်တဲ့အချိန်က အကြောင်းရော မီခဲ့တဲ့ အချိန်က အကြောင်းကိုပါ တွေးမိရင်တော့ လူမျိုးရေး မုန်းတီးမှုဆိုတာ တကယ်ကို ကြောက်ရာကောင်းပါတယ်။ လက်နက်ကိုင်သူတွေဟာ သောင်းကျန်းသူတွေ မဟုတ်၊ ပြည်ထောင်စုကြီးမှာ တန်းတူအခွင့်အရေးနဲ့ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်တဲ့ ကိုယ်ပိုင်ပြဌါန်းခွင့် ရဖို့ တိုက်ပွဲ ၀င်နေခြင်းသာ ဖြစ်တယ် ဆိုတာကို ကျွန်မ အဖေအပါအ၀င် မသိသေးတဲ့ ဗမာတွေ အားလုံးကို ပေးသိစေချင်တာ ရင်ထဲက ဆန္ဒအမှန် ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာ တိုင်းရင်းသား လူအနည်းစုတွေကို ဒီလို တန်းတူ အခွင့်အရေး ပေးရမှာစိုးလို့ ဖိနှိပ်ချုပ်ချယ်နေသရွေ့ တိုင်းပြည်က ဒီထက်ပိုပြီး အခြေအနေဆိုးဖို့သာ ရှိပါတယ်၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အ၀ရရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကိုသာ တည်ဆောင်နိုင်ပါက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဆိုတာလည်း ရှိစရာမလို၊ ပြည်တွင်းစစ်လည်း ဖြစ်စရာမလိုလို့ ပြည်သူလုထုနဲ့ တပ်မတော်မှာလည်း ပြည်တွင်းစစ်ရဲ့ဒုက္ခတွေ ရှိစရာမလိုတော့ဘဲ စစ်အတွက် ကုန်ကျခဲ့တဲ့ တိုင်းပြည်ရဲ့ အရင်းမြစ်တွေနှင့် တိုင်းပြည်ကို ခဏလေးနဲ့ တိုးတက်အောင် လုပ်လို့ ရနိုင်ပါလိမ့်မယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီနေ့ ဖြေရှင်းရမယ့် ပြဿနာဟာ ဒီမိုကရေစီအရေးနဲ့ လူမျိုးစုအရေး နှစ်ခုစလုံးကို အတူတကွ ဖြေရှင်းမှ အဆင်ပြေမယ် ဆိုတာကို သုံးသပ်ရင်း ဒီနှစ်ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။

မြန်မာပြည်မှာ တိုင်းရင်းသားတွေ အားလုံး တန်းတူ အခွင့်အရေး အပြည့်အ၀ ရရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေ။

ဆစ်ဒနီ ကရင်ဘလော့ဂါတဦးမှ သီဆိုဖျော်ဖြေနေစဉ် (ဗွီဒယို)



ကရင်လူငယ်တဦးက ခေတ်ပေါ် တေးဂီတနဲ့ ဖျော်ဖြေနေစဉ်

ကရင်အမျိုးသမီးငယ်နှစ်ဦးမှ သီဆိုဖျော်ဖြေနေစဉ်
ဒီအခမ်းအနားနားနဲ့ ပတ်သက်တဲ့ သတင်းအတိအကျကို ကျွန်မ ဘလော့ဂ်မှာ Link လုပ်ထားတဲ့ ကရင်ဘလော့ဂါတွေ ဖြစ်တဲ့ စောကျော်ခွိ နဲ့ အမိကရင်မြေ ဘလော့ဂ်မှာ တင်ပြမှာ ဖြစ်တဲ့အတွက် စောင့်ဖတ်နိုင်ပါတယ်။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။



15 comments:

မငယ်ရေ...လက်ဆင့်ကမ်းတာဝန်ဆိုတာ ဒါပဲထင်တယ်ဗျာ။ ကျွန်တော် မနေ့ကမှ ၀ါးလေ ကပြန်ရောက်တယ်။

သမိုင်းရယ်..နိုင်ငံရေးရယ်နားမလည်ဘဲရေးထားတယ်
ကရင်တော်လှန်ရေးကဒီထက်လေးနက်တယ်......
ဗမာစိတ်မပျောက်ဘဲလာမရေးနဲ့ နင်တို့ ဗမာတွေကထား
ဝယ် မှာ စလူသတ်တာ...........
ခုမှသံဝေဂရသလိုလာမလုပ်နဲ့ 

တရားမျှတမှုအတွက် ဖြစ်ပွားနေရတဲ့ စစ်မီးတွေ အားလုံး ငြိမ်းအေးစေချင်ပါပြီ....

လူသားတိုင်း တန်းတူအခွင့်အရေးရဖို့... လူလူချင်း လေးစားတတ်တဲ့ စိတ်တွေ လူသားတိုင်းရဲ့ ရင်မှာ ကိန်းဝပ်နိုင်ကြစေဖို့... ဆုတောင်းပါတယ်ဗျာ...

မငယ်နိုင်ရေ။
တော်လှန်ရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးမယ်ဆိုရင်တော့ သတိနှင့်ရေးစေချင်ပါတယ်။ မငယ်နိုင်သုံးသပ်ထားတာက ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ဟိုမရောက် ဒီမရောက် ရေးထားတဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ရေးထားပါတယ်။ တကယ်ဘဲ မငယ်နိုင်အနေနဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အမှန်တကယ်ဘဲ ဖတ်ထား၊ လေ့လာထားတယ်ဆိုရင်ဖြင့် ဘယ်ပုဒ်မ၊ ဘယ်အချက်က အများပြည်သူ၊ တိုင်းရင်းသားတွေနှင့် မကိုက်ညီဘူးဆိုတာကို ထောက်ပြပြီးတော့ သုံးသပ်ပေးစေချင်ပါတယ်။ A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

ခေါင်းစဉ်တော့ မတပ်တော့ဘူး
(တေဇသူရ)

သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။

သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။

အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။

ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။

သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။

တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။

လာဖတ်သွားပါတယ်ရှင်
ပရင့်ထုတ်ထားပါတယ်

ကျွန်မ ပို့စ်တင်ပြီးတာနဲ့ အလုပ်နည်းနည်း များနေလို့ ဘလော့ဂ်ကို ပြန်မကြည့်ဖြစ်တာ နည်းနည်း ကြာသွားတာ အားလုံးကို တောင်းပန်ပါတယ်။ အလုပ်ကနေ အိမ်ပြန်အရောက် ခရီးရောက်မဆိုက် အမျိုးသားက တော်လှန်ရေး၊ နိုင်ငံရေးအကြောင်းကို နားမလည်ရင် မသေချာရင် မရေးတာ ကောင်းတယ်လို့ ပြောတာနဲ့ မှတ်ချက်တွေကို ကြည့်လိုက်တော့ သူဘာကြောင့် ပြောတယ်ဆိုတာ သဘောပေါက်သွားပါတယ်။ စာလာဖတ်သူ၊ လာလည်သူ အများကြီးထဲက ကြိုက်လို့ဖြစ်စေ၊ မကြိုက်လို့ ဖြစ်စေ မှတ်ချက်ထားခဲ့သူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ဒီအထဲက မဲလထ၊ Always နဲ့ တေဇသူရတို့ သုံးယောက်ကို အနည်းငယ်စီ ပြန်ဆွေးနွေးပါရစေ။ တယေက်စီကို မပြောခင် သုံးယောက်စလုံးကို ပတမဦးစွာ ပြောလိုတာက ကျွန်မဘာပဲ ရေးရေး စာဖတ်သူတွေအတွက် ရာနှုန်းပြည့် မမှန်နိုင်ပေမဲ့ ကျွန်မ ရေးထားတာကို ကျွန်မ၊ တာဝန်ယူရဲ၊ တာဝန်ခံရဲတယ်ဆိုတာပဲ ဖြစ်ပါတယ်။

မဲလထ- ကျွန်မက နိုင်ငံရေးကို ပြီးပြည့်စုံစွာ နားလည်တယ်လို့ ကျွန်မကိုယ်ကျွန်မ မသတ်မှတ်ထားပါဘူး။ ဒီပို့စ်ထဲမှာ ကရင့်လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး လေးနက်တယ်၊ မလေးနက်ဘူးဆိုတာလည်း တခွန်းမှ ပြောမထားပါဘူး၊ အဲဒီအခမ်းအနားကို သွားပြီး ကျွန်မသိထားတဲ့ အတိတ်က အကြောင်းတွေကို ပြန်တွေးပြီး ရေးထားတာပဲ ရှိပါတယ်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး အခမ်းအနားမှာ ပြောသွားတာတွေ နဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်ရင် စောကျော်ခွိ ဘလော့ဂ်မှာ သွားဖတ်နိုင်ပါတယ်လို့ ကျွန်မ ညွန်းထားပြီးသားဖြစ်ပါတယ်။ လူမျိုးရေး မုန်းတီးမှုနဲ့ ကရင်ကပဲဗမာကိုသတ်သတ်၊ ဗမာကပဲ ကရင်ကိုသတ်သတ်၊ သတ်တဲ့သူက မှားတာပဲ။ ဗမာစိတ်၊ ကရင်စိတ်၊ အင်္ဂလိပ်စိတ်၊၊ ဂျပန်စိတ် ဆိုတာ သတ်မှတ်ထားတာလည်း မရှိပါဘူး အဓိကက စိတ်ဓါတ်မှန်ကန်ဖို့နဲ့ အကျင့်သီလရှိဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်မက ကောင်းတဲ့စိတ် အကုန်လုံးကို လက်ခံတယ်၊ မကောင်းတဲ့စိတ် အကုန်လုံးကို ပယ်တယ်။ သံဝေဂ ရတယ်ဆိုတာ ကျွန်မ အမှားလုပ်ခဲ့လို့ ပြောတာ မဟုတ်ဘူး။ လုပ်ခဲ့တဲ့သူတွေကို ကုသိုလ်မှန်း အကုသိုလ်မှန်း မသိရှာပဲ အလကားရတိုင်း အကုသိုလ်တွေကို ယူနေတဲ့သူတွေကိုကြည့်ပြီး တရားရတယ်ဆိုတယ် ဆိုတာကိုပြောချင်တာ ဖြစ်ပါတယ်။

တေဇသူရ- ကဗျာအတွက် ကျေးဇူးတင်ပါတယ်။ ရေးထားတဲ့ တချို့အပိုဒ်တွေကို ကဗျာရှင်နဲ့ ထပ်တူ ခံစားလို့ ရပါတယ်။ တချို့ပိုဒ်တွေကျတော့ ငယ်ငယ်တုန်းက သုံးတန်းမြန်မာစာ စာအုပ်ထဲမှာ သင်ရဖူးတဲ့ အချိန်က ပြောသော ပုံပြင်လိုပဲ သဘောထားပါတယ်။ ဆိုလိုတာက "အခုအသင်ပြောနေသော စကားများသည် တချိန်က အကျွန်ုပ် ပြောခဲ့သော စကားများ ဖြစ်သည်" ဆိုတဲ့ စကားပုံကို ပြောတာ ဖြစ်ပါတယ်။

မှတ်ချက် ရှည်နေလို့ Always ကို သီးသန့် ဆွေးနွေးမယ်နော့်။

Always- အတွက်
၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာချင်ရင် ကျွန်မ Link လုပ်ထားတဲ့ ပြည်ထောင်စုကို တို့ချစ်တယ်ဘလော့ဂ် က http://www.scribd.com/full/25420681?access_key=key-16ihc7fx03ya687yml83 မှာ အင်္ဂလိပ်လိုနဲ့ ရှိပါတယ်။ မြန်မာလိုကိုကျတော့ ကျွန်မလည်း ပြန်ဖတ်ချင်ပေမဲ့ ဘယ်မှာ ရှာရမှန်းမသိဘူး။ ABSDF တပ်ဖွဲ့ဝင် တဦးအနေနဲ့ မြန်မာနိုင်ငံ သမိုင်းမှာ သိပ်အရေးကြီးတဲ့ ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်းကို အကြေအညက် လေ့လာသင့်ပါတယ်။ ကျွန်မတို့တုန်းက ကျွန်မကိုယ်တိုင် ၀ါသနာပါလို့လည်း လေ့လာခဲ့ရသလို တာဝန်အရလည်း အဖွဲ့အစည်းက ပေးတဲ့ သင်တန်းတွေမှာ စိတ်မ၀င်စားသူရော၊ ၀ါစားသူပါ အကုန်လုံးက ၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသာမက ပြည်ထောင်စုစနစ်နဲ့ တပြည်ထောင်စနစ် အပါအ၀င် ကမ္ဘာပေါ်မှာ ကျင့်သုံးနေ ကျင့်သုံးဆဲ ပြည်ထောင်စု ဖွဲ့စည်းပုံတွေဖြစ်တဲ့ ဆိုဗီယက်၊ အမေရိကန်၊ ဆွစ်ဇာလန်နိုင်ငံတို့က ဖွဲ့စည်းပုံတွေကိုပါ နိုင်ငံရေးနြ့ စည်းရုံးရေး သင်တန်းတက်ဖူးသူတိုင်း တာဝန်အရ မဖြစ်မနေ လေ့လာသင်ကြားရပြီး ကျွန်မတို့ ပတ်စဉ်က အခြေခံစစ်ပညာသင်တန်း တက်တဲ့သူတိုင်း ပင်လုံစာချုပ်နဲ့ ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းကို သင်ခဲ့ရဖူးတယ်။ စိတ်မ၀င်စားတဲ့သူက မေ့နိုင်ပေမဲ့ ကျွန်မက စိတ်ဝင်စားတဲ့သူဖြစ်လို့ ပိုမှတ်မိပါတယ်။ ဒါကြောင့်မို့ ဘယ်အပိုဒ်ဆိုတဲ့ ပုဒ်မနံပါတ် အတိအကျ မပြောနိုင်ပေမဲ့ ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းကို ကျွန်မတို့ အကြိမ်ကြိမ် အပြန်အလှန် ဆွေးနွေး အဖြေရှာလို့ ရတဲ့အထဲမှာ မှတ်မိနေတဲ့ အချက်တွေက အမျိုးသားလွှတ်တော်မှာ ပြည်နယ်တခုနဲ့တခု ကိုယ်စားလှယ်ဦးရေ မတူဘူး၊ သမ္မတကို ၀န်ကြီးချုပ်က ခန့်အပ်မှ ရတဲ့အတွက် ပြည်ထောင်စုရဲ့ ဦးသျှောင် သမ္မတဟာ မဲအများစုရတဲ့ ပါတီက နိုင်လာလို့ ဖြစ်လာတဲ့ ၀န်ကြီးချုပ်ရဲ့ အောက်မှာ ရောက်နေပါတယ်။ ပြီးတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ တာဝန်ကို သတ်သတ်မှတ်မှတ် ခွဲခြားထားတာ သိပ်နည်းပြီး ပြည်နယ်တွေကို ပေးထားတဲ့ လုပ်ပိုင်ခွင့်က သိပ်ကို နည်းနေတယ်။ ပြည်နယ်တွေရဲ့ အရေးမှာ ဗဟိုအစိုးရ ၀န်ကြီးချုပ်က ၀င်ရောက်စွက်ဖက်နိုင်တာတွေ အများကြီး ရှိနေပါတယ်။ နောက်တခုက ပြည်နယ်တွေအထဲမှာ အင်အားကြီးမားတဲ့ တခြားတိုင်းရင်းသားတွေအတွက် သီးခြားခံစားပိုင်ခွင့် ထည့်သွင်းဖေါ်ပြထားတာ မရှိဘူး။ ဥပမာ ပြည်နယ်တခုမှာ အဲဒီပြည်နယ်ရဲ့ အဓိက တိုင်းရင်းသားအပြင် တခြားတိုင်းရင်းသားတွေ အများစု စုဝေးနေထိုင်တဲ့သူတွေအတွက် သီးခြားအခွင့်အရေးတွေ ထည့်သွင်းဖေါ်ပြထားတာ မရှိဘူး စတဲ့ ပြည်ထောင်စု စနစ်မှာ ပါဝင်သင့် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေ အတော်များများကို ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မတွေ့ရဘူး။ ဒီအထဲက အဓိကအကျဆုံးက လူမျိုးစု လွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ ခပ်ဆင်ဆင် ဘယ်ပြည်နယ်က ဘယ်နှစ်ယောက်ဆိုပြီး လူဦးရေ အနည်းအများအလိုက် သတ်မှတ်ထားတာဟာ ပြည်ထောင်စုစနစ်နဲ့ လုံးဝမကိုက်ညီတဲ့ အချက်ဖြစ် သတ်မှတ်ပါတယ်။ ဒီအချက်တွေကြောင့် ၄၇ ဖွဲ့စည်းပုံကို လူမျိုးစုတွေက လက်မခံဘဲ ပြည်တွင်းစစ် ဖြစ်ခဲ့တယ်။ ဒါကို အခွင့်ကောင်းယူပြီး ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ ဆက်ကျင့်သုံးနေရင် တိုင်းပြည် အစိတ်စိတ်အမွှာဖြစ်သွားမယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းပြီး တပြည်ထောင်စနစ်ကို ထူထောင်ခဲ့တယ်။

မငယ်နိုင်ရေ။ ခင်ဗျားက မိန်းခလေးဆိုတော့ ကျနော်ဆက်ပြီးတော့မဆွေးနွေးချင်ပါဘူး။ မငယ်နိုင်အနေနဲ့ မြန်မာလိုဖတ်ချင်တယ်ဆိုရင်တော့ ကျနော့ကို မငယ်နိုင်ရဲ့ e-mail ထည့်ပေးလိုက်ပါ။ ကျနော့ e-mail ကတော့ tayzathura@gmai.com ဖြစ်ပါတယ်။

Always ရေ Link ကို သိနေမှတော့ ကျွန်မကို ဘာဖြစ်လို့ လာမေးနေရတာလဲ။ ကိုယ့်ဖါသာကိုယ် ဖတ်ကြည့်ရင် ကျွန်မ ပြောတဲ့အချက်တွေကို တွေ့ရမှာပဲ။ ကျွန်မပြောတဲ့ အချက်တွေကကျွန်မတယောက်တည်း ပြောထားတာ မဟုတ်ဘူး။ ABSDF တခုလုံး NDF, DAB တခုလုံး လက်ခံထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ မယုံရင် မကဒတ ခေါင်းဆောင်တွေနဲ့ NDF, DAB ထဲမှာပါတဲ့ လူမျိုးစု ခေါင်းဆောင်တွေကို မေးကြည့်လိုက်ပါ။ ဒါကို Always က လက်မခံဘူးဆိုရင်လည်း လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်လက်ခံ ပိုင်ခွင့် ရှိတယ်ဆိုတော့ Always ရဲ့ အခွင့်အရေးပဲလေ။ လူမျိုးစုတွေက ဒါကို လက်မခံလို့ ပြည်တွင်းစစ်ကြီး ဖြစ်နေတာကို ကျွန်မတို့က သွားဆုပ်ကိုင်ထားလို့ ဖြစ်မလား။ ဒီဖွဲ့စည်းပုံကြီးက ကောင်းနေရင် NCUB က အနာဂတ် ပြည်ထောင်စု ဖွဲ့စည်းပုံဆိုတာ သီးသန့် ဆွဲနေစရာလိုမလား။ အမျိုးသမီး အမျိုးသား ခွဲခြားပြီး မဆွေးနွေးချင်ရင်လည်း အစကတည်းက မှတ်ချက်လာထည့်ဖို့ မသင့်ပါဘူး။ ဒါပေမဲ့ အဲဒီ ၄၇ ဖွဲ့စည်းပုံ မြန်မာစာ ရှိတဲ့ Link ကို ပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မ အီးမေလ်က ngenaing2008@gmail.com ပါ။ ကျွန်မ C-Box က ကျွန်မနာမည်ကို နှိပ်လိုက်တိုင်းမှာ ပေါ်ပါတယ်။ Link ကို တခြားလိုချင်တဲ့သူတွေလည်း ယူလို့ရအောင် C-Box ထဲမှာပဲ ထည့်ပေးထားခဲ့ရင်တော့ ပိုကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။

8 Feb 10, 23:59
Always: ကဲကဲ မငယ်နိုင်ရေ။ မငယ်နိုင်က Aus မှာ နေတယ်ဆိုတော့ တချိန်လုံး E ဘဲ ဖတ်နေ၊မှတ်နေ၊သွားနေ၊လာနေ၊စားနေရတယ် ဆိုတော့ မြန်မာစာတွေနဲ့လည်း အလှမ်းမဝေးအောင်ပေါ့. မြန်မာစာအုပ်တွေ မြန်မာလိုဖတ်လို့ရတဲ့ Links တွေကိုပေးလိုက်ပါ့မယ်။ www.ebooks.mmblogs.net www.elibrary.com.mm www.naytthit.com မြန်မာလို အဲဒါတွေကို အရင်ကုန်အောင်ဖတ်လိုက်ပါဦး။

ကို Always ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ မြန်မာလိုပဲ ရှိတဲ့ Link ရှိတယ်ဆိုလို့ ကျွန်မတောင်းတာ ဖြစ်တယ်။ အခု C-box မှာ လာပေးထားတဲ့ Link တွေကို ကျွန်မ မလိုအပ်ဘူး။ ကျွန်မမှာ အကုန်ရှိပါတယ်။ ကျွန်မလိုတာ 47 ဖွဲ့စည်းပုံ မြန်မာလိုပါ။ ကျွန်မက ရှင့်ကို နယ်စပ်က ABSDF မှာ လက်ရှိ တိုက်ပွဲဝင်နေဆဲ တဦး ပြင်ပရောက်နေသူတွေကို အမြင်စောင်းပြီး ရေးထားတာ မဖြစ်သင့်ဘူး ထင်လို့ တလေးတစားနဲ့ ပြန်ဆွေးနွေးခဲ့ ပါတယ်။ ဒါပေမဲ့ C-Box က IP ကိုစစ်ကြည့်တော့ ရှင်က ထိုင်းမှာမှ မဟုတ်ဘဲ။ ရှင်လည်း အဝေးရောက်ပဲ ဆိုတော့ တေဇသူရ နာမည်နဲ့ ရှင်ရေးထားတဲ့ ရှင့်ကဗျာထဲက ရှင်အပြစ်တင်ထားတဲ့ လူအမျိုးအစားတွေအထဲမှာ ရှင်ကိုယ်တိုင်လည်း ပါနေပါတယ်။

သြော်....ရန်ပွဲတွေ ရပ်ပစ် !

မငယ်နိုင်ရေ။ IP သိရုံနဲ့ ကျနော့အကြောင်းသိတယ်လို့ ရမ်းမတုတ်ပါနဲ့။ မငယ်နိုင် Computer စကိုင်ဘူးတယ်ဆိုတာ Aus ရောက်မှဖြစ်မှာပါ။ ကျနော် Computer ကို ၁၉၉၄ ကတည်းကစပြီး သုံးခဲ့တာပါ။ အင်တာနက်က ၁၉၉၇ မှအများသုံး ဖြစ်လာတာပါ။ အရင်တုန်းက Window မရှိသေးပါဘူး။

ကိုဒူကဘာရေ ရန်ပွဲထင်ရလောက်အောင် ဖြစ်နေတာကို အားနာမိပါတယ်။ ပေးမယ်လို့ ပြောတာတခု၊ ပေးလာတာတခု၊ ကျွန်မပြောတာတခြား၊ ပြန်ပြောလာတာ တခြား ကြာလေ မဆိုင်တာတွေ ပိုပြောလာလေ ဒီလောက် တလွဲစီ ဖြစ်နေတာတောင် ရိပ်မမိတာ ကျွန်မမှားပါတယ်။ ၉၄ မှာ ကွန်ပြူတာ စကိုင်တယ်ဆိုတော့ ကျွန်မတို့ကို ၉၄ တုန်းက ဒေါင်းဂွင်မှာ ကွန်ပြူတာ သင်တန်းပေးခဲ့တဲ့ ကွန်ပြူတာ ဆရာနှစ်ယောက်ထဲက တယေက်များ ဖြစ်နေမလားလို့ စိုးရိမ်လိုက်သေးတယ်။ နောက်တော့ ရေးသားပုံ၊ မဆိုင်တာတွေ တုံ့ပြန်ပုံတွေကို ကြည့်ပြီး ကျွန်မဆရာထဲကတော့ မဖြစ်နိုင်ဘူး၊ အူဝဲဆိုတဲ့ အချိန်တုန်းကတောင် ကွန်ပြူတာနဲ့ ဖက်ပြီး မွေးလာလို့ ဘ၀င်မြင့်စရာ မဟုတ်တာကို ဘ၀င်မြင့်စရာ ထင်နေတဲ့ ၉၉ မှာမှမွေးတဲ့ ကျွန်မသားလေးထက် လေးငါးနှစ်ပဲ ကြီးတဲ့ ကလေးတယောက် အရွယ်ပဲ ဖြစ်နိုင်တယ်ဆိုတာ သဘောပေါက်သွားတယ်။

ပို့စ်နဲ့ မဆိုင်ဘဲ ရေးထားတာကို Reply ပြန်လုပ်ထားတဲ့ ကျွန်မ မှတ်ချက်တွေ အပါအ၀င် ပို့စ်ထဲက အကြောင်းအရာနဲ့လည်း မဆိုင် ဘယ်သူ့အတွက်မှ အကျိုးမရှိ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုမှု၊ လူမျိုးရေး မုန်းတီးမှုကို ဖြစ်စေလိုတဲ့ မှတ်ချက်တွေ အားလုံးကို ကျွန်မ ဖျက်လိုက်ပါတယ်။ ပို့စ်ထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး လက်မခံနိုင်တာ ရှိရင် ဘယ်အချက်ဆိုတဲ့ တိတိကျကျနဲ့ ဆွေးနွေးလာရင် ကျွန်မ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးပါမယ်။ မဆိုင်တာတွေ၊ ရိုင်းစိုင်းတာတွေ၊ ဘယ်သူ့အတွက်မှ အကျိုးမရှိတာတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေကို ကျွန်မ တုံ့ပြန်မှာ မဟုတ်ဘဲ ဖျက်ဖို့ပဲ ရှိပါတယ်။