မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

"ဘုရားရှင်က ကျား၊ မ တန်းတူထားပါသလား"

ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ကျွန်မ အမြဲတမ်း သိချင်နေခဲ့ပြီး ဘ၀င်မကျလည်း ဖြစ်ခဲ့ဖူးတဲ့ အကြောင်းအရာတခု၊ တခြားသူ အတော်များများမှာလည်း အခုထိ မေးစရာအဖြစ် ကျန်ရှိနေနိုင်တဲ့ မေးခွန်းတခုကို ဒေါက်တာ တင့်ဇင်ဦးက မေးထားပြီး ဆရာတော် ဦးကောဝိဒ (မြိတ်) က A Light of dhamma မှာဖြေကြားပေးထားတာကို တွေ့လို့ ပြန်လည် ကူးယူပြီး ဖေါ်ပြလိုက်ပါတယ်။ ဥပါဒန်ကြောင့် ဥပဒ်ရောက်ခြင်း၊ အမှားကြာက အမှန်ဖြစ်သွားခြင်းတွေဟာ ကျွန်မတို့ လူသားတွေကြားမှာ အမှန်တကယ် ရှိနေတာ တွေ့ရလို့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ယုံကြည်နေတာတချို့ဟာ ဘုရားဟောကြောင့်မဟုတ် အစွဲအလန်းကြောင့်သာ ဖြစ်တယ်ဆိုတာ အသိပေးတဲ့ ပို့စ်ဖြစ်ပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များနှင့် ဘာသာခြားအတော်များများ ဗုဒ္ဓဘာသာအပေါ် လွဲမှားစွာ ထင်မြင်/ယုံကြည်နေကြတာကိုလည်း ဒီပို့စ်လေးက အမှန်ကို တည့်မှတ်ပေးလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အမှတ်တရအတွက် ကျွန်မ တင်ခဲ့တဲ့ အမျိုးသမီးအခွင့်အရေး ပို့စ်မှာ Anonymous အမည်ဖြင့် ကျိုက်ထီးရိုးဘုရားကို အမျိုးသမီးတက်တာနဲ့ ပတ်သက်တဲ့ မှတ်ချက်လာရေးသွားသူ တယောက်အတွက် ကျွန်မ ဘာမှ ပြန်မဆွေးနွေးဖြစ်ခဲ့တာကိုလည်း ဒီပို့စ်လေးနဲ့ဖြေပေးချင်ပါတယ်။ နောက်ဆုံးအချက်က ဒီပို့စ်လေးကို ကျွန်မ ဘလော့ဂ်မှာ သိမ်းထားချင်လို့ ပြန်လည် ဖေါ်ပြရခြင်း ဖြစ်ပါတယ်။ ဆရာတော် ဦးကောဝိဒ (မြိတ်) ဘလော့ဂ်မှာ ဒီပို့စ်ကို ဖြစ်လာစေဖို့ မေးခွန်းမေးတဲ့ ဒေါက်တာ တင့်ဇင်ဦးကိုရော ဖြေကြားပေးတဲ့ ဆရာတော် ဦးကောဝိဒ (မြိတ်) ကိုပါ ကျေးဇူး ဥပကာရတင်ရှိပြီး လေးလေးနက်နက် သာဓုခေါ်ပါတယ်။

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့လင်းစေသော်...


အမေး။ ။အရှင်ဘုရား….ဓမ္မမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ သူဟာ မြတ်စွာဘုရားကိုတော့ ကြည်ညိုပါတယ်။ဒါပေမဲ့ ဘိက္ခုနီမ တွေမှာ ပါရာဇိက (၈)ပါးအထိ ပညတ်ထားခြင်း၊ ဂရုဒဏ်တရား(၈)ပါးလိုက်နာနိုင်မှ ဘိက္ခုနီမပြုလုပ်ရခြင်း၊ အခုအခါ ဗမာပြည်က ဘုရားအချို့ပေါ်မှာ မိန်းမမတက်ရခြင်း၊ နိယတဗျာဒိတ်ကို မိန်းမမခံရခြင်း စတာတွေဟာ အမျိုးသမီးများကို ဖိနှိပ်ထားတဲ့သဘောဖြစ်နေပါတယ်။ ဒါတွေကို ထောက်ပြီး မြတ်စွာဘုရားဟာ (discrimination) ကျားမခွဲခြားတယ်လို့ မြင်နိုင်ပါသလား။ တကယ်လို့ ဘုရားရှင်ဟာ အင်္ဂလန်မှပွင့်ခဲ့မယ် ဆိုရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမ တန်းတူထားနိုင်မှာလား လို့ မေးလာပါတယ်။ တပည့်တော်က အရှင်ဘုရားဖြေပါလိမ့်မယ်လို့ပဲ အာမခံခဲ့ပါတယ်ဘုရာ။ ဒါကြောင့် ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် ဖြေကြားပေးတော်မူပါဘုရား။
Dr. တင့်ဇင်ဦး
မန်းစဖီးလ်၊အင်္ဂလန်

အဖြေ။ ။အမျိုးသမီးများကို ခွဲခြားပြီး တန်းတူအခွင့်အရေးမပေးလို့ဆိုပြီး မကျေနပ်မှုများ ရှိနေတယ်ထင်ပါတယ်။ ဒီအတွက် စိတ်အနှောက်အယှက်မဖြစ်ရအောင် ရှင်းလင်းဖြေကြားပေးပါ့မယ်။

ဘိက္ခုနီမများကို ဂရုဓမ်တရား (၈)ပါး ထားရခြင်းအကြောင်း

နောင်အခါမှာ သဒ္ဓါ ပညာ ၀ီရိယနည်းပါးတဲ့အမျိုးသမီးများဟာ သာသနာတော်အတွင်း ၀င်ရောက်လာခဲ့ကြလိမ့်မယ်။ တကယ်လို့ ဂရုဓမ်တရား (၈)ပါး မထားခဲ့၊ မပညတ်ခဲ့ဘူးဆိုရင် ဘိက္ခုနီမများဟာ ရဟန်းတော်ယောင်္ကျားများနဲ့ ရောယှက်ရှုပ်ထွေးလာလိမ့်မယ်။ အဲဒီအခါ သာသနာတော်ကြီး တစ်ဝက်လောက်လျော့ပါးကာ ခပ်မြန်မြန် ကွယ်ပျောက်သွားဖွယ်ရာရှိပါတယ်။ အခုအခါ ဂရုဓမ်(၈ပါး ပညတ်တော်များကြောင့် သာသနာတည်တံ့ချိန် မလျော့ပါးဘဲ နဂိုအတိုင်း အချိန်ပြည့် တည်တံ့နိုင်ဖွယ်ရှိပါတယ်။ဒါကြောင့် ဂရုဓမ်(၈)ပါး လိုက်နာနိုင်မှ ဘိက္ခုနီမပြုခွင့်ပေး ရခြင်းဖြစ်ပါတယ်။

သိက္ခာပုဒ်တိုးလာရခြင်းအကြောင်း

ဂရုဓမ်ပညတ်တော်များဖြင့် လာမဲ့ဘေးကို ကြိုတင်တားဆီးထားပါသော်လဲ အတော်ကြာတဲ့အခါ ထူးထူးခြားခြားပေါက်ကြားမှုများလဲ ပေါ်ပေါက်လာ လိမ့်မယ်။ ဒါကြောင့် ရဟန်းယောင်္ကျားများအားပညတ်ထားတဲ့ (မေထုန်မမှီဝဲရ၊သူ့ဥစ္စာမခိုးရ၊သူ့အသက်မသတ်ရ၊ဈာန်မဂ်ဖိုလ်မရဘဲ ရတယ်လို့ မလိမ်ရ စတဲ့ သိက္ခာပုဒ်အချို့ကို ဘိက္ခုနီမများအတွက် သက်ဆိုင်စေပြီး၊ ရဟန်းယောင်္ကျားများနဲ့ အပြစ်ပြုပုံခြင်း မတူတဲ့ကိစ္စများအတွက် သီးခြားထပ်ပြီး ပညတ်တော်မူရပြန်ပါတယ်။ (ဘုရားဥပဒေတော်ကြီး၊နှာ-၃၁၂)
သာသနာတော်မှာ ဘ၀ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဟန်းယောင်္ကျားများသာမဟုတ် ရဟန်းမိန်းမများလဲ ရပိုင်ခွင့်တွေရှိနေကြ တဲ့အပြင် အဂ္ဂသာဝက၊ မဟာသာဝကရာထူးတွေကိုလဲ ရရှိနေကြပါတယ်။ ရဟန်းယောင်္ကျားများကိုပေးတဲ့ ဧတဒဂ်ဘွဲ့ထူးတွေကိုလဲ ရဟန်းမိန်းမ များသာမက ဥပါသိကာမိန်းမများ(ဥပမာ-ခုဇုတ္တရာ)ကိုလဲ ဧတဒဂ်ဘွဲ့ထူးကို ပေးပါသေးတယ်။ ဒါဟာ သတ္တ၀ါတွေအပေါ် ကျားမ မခွဲခြားဘဲ တန်းတူ အခွင့်အရေးပေးထားတယ်ဆိုတာ သိသာနေပါတယ်။

ဗမာပြည်က အချို့ဘုရားအပေါ် မိန်းမ မတက်ရ

ဘုရားဆိုလို့ ကျိုက်ထီးရိုးဘုရားမှာလဲ တံတားလေးကနေ စေတီတော်ဘက်သို့ မသွားရတာကတော့ စေတီတော်ရဲ့ဝန်းကျင်က ကျဉ်းတယ်။ အကာအရံလဲမရှိတဲ့အတွက် အားငယ်ပြီးကြောက်တတ်တဲ့ အမျိုးသမီးများနဲ့မသင့်လျော်ဘူး၊ မူးမော်ပြီး လိမ့်ကျမှစိုးတဲ့အတွက် အန္တရာယ်များလှတဲ့ အတွက်ကြောင့် တားမြစ်ထားတာဖြစ်တယ်၊ အမျိုးသမီးများစေတီတော်ရင်ပြင်နားအထိ လာရောက်ရှိခိုးတာကို နတ်များက မကြိုက်လို့ တားမြစ်တာ မဟုတ်ပါဘူးလို့ ၁၂၇၇ ခုနှစ်က ကျိုက်ထီးရိုးစေတီတော်မှာ အုပ်ချူပ်တဲ့ ဆရာတော်ဦးအာဒိစ္စက ပြောပါတယ်။
ဒါဆိုရင် သတ္တိရှိတဲ့ အမျိုးသမီးများက စေတီတော်အနီးအထိသွားမယ်ဆိုရင် သွားရောက်ဖူးမျှော်နိုင်ပါတယ်။
တကယ်တော့ အမျိုးသမီးများမတက်ရ၊ ဘုရားနားအထိမသွားကောင်းဘူးဆိုတဲ့ ဒိဋ္ဌိဆန်ဆန် အယူသည်းနေတဲ့ သမိုင်းဆရာကြီးတစ် ချို့ရဲ့ သမိုင်းစာမျက်နှာအမှားတွေပါ။ အမှားကြာတော့ အမှန်ဖြစ်ဆိုတာလို အခုတော့ ဘုရားပေါ်အထိ အမျိုးသမီးများ မသွားဝံ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ လောကမှာ ဘယ်သူမဆို ကောင်းမှုကုသိုလ်လုပ်ရင် ကောင်းကျိုးချမ်းသာရကြမှာ အမှန်ပါ။ အမျိုးသမီးများ ဘုရားအနီးသွားပြီး ဘုရားရှိခိုးတော့ ကုသိုလ်ရတာပေါ့။ ကုသိုလ်ရရင် ကောင်းကျိုးချမ်းသာကတော့ ရကြမှာပါ။ ထိတ်လန့်ဖွယ်ရာတွေနဲ့ခြောက်လန့်ထားပေမဲ့ ဘာမှမဖြစ်ပါဘူး။ ရဲရဲကြီးသာသွားကြဖို့ တိုင်တွန်းပါတယ်။
ကျိုက္ခမီရေလည်ဘုရားလဲ ထိုနည်းအတူပါပဲ။ အမျိုးသမီးများ ၀င်ရောက်မဖူးရ အဝေးကဖူးရမယ်၊ သတ်မှတ်ထားတဲ့နေရာက ဖူးရမယ်၊ တကယ်လို့ ၀င်ဖူးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာတွေဟာ အလကားပါ။ သမိုင်းဆရာတွေရဲ့ အဓိပ္ပါယ်မဲ့ တဲ့လုပ်ရပ်တွေပါ။ ပြောလိုတာကတော့ သာသနာတော်ကိုကြည်ညိုရင်းစွဲရှိတဲ့ သဒ္ဓါတရားကောင်းတဲ့အမျီုးသမီးများ ဘယ်ဘုရားမဆို အနီးသို့ ၀င်ရောက်ဖူးမျှော်နိုင်ပါတယ်။ ဘာအန္တရာယ်မှမဖြစ်တဲ့အပြင် ကုသိုလ်ရပြီး ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပါတယ်။
(သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း၊နှာ-၂၇၅-၂၇၆)

အမျိုးသမီးများ နိယတဗျာဒိတ်မခံရ

နိယတဗျာဒိတ်ဆိုတာ ဘုရားဧကန်ဖြစ်မယ်ဆိုမှသာ နိယတဗျာဒိတ်ပေးတော်မူကြတာပါ။ ဘယ်အမျိုးသမီးကမှ ဘုရားမဖြစ်ပါဘူး။ လောကမှာ ယောင်္ကျားကသာ ဘုရားဖြစ်ရတာပါ။ ဒါကြောင့် အမျိုးသမီးကို နိယတဗျာဒိတ်ပေးလို့မရပါဘူး။ တကယ်လို့ နိယတဗျာဒိတ်ခံချင် သပဆိုရင်တော့ ပထမ မိမိကိုယ်ကို ယောင်္ကျားဖြစ်အောင် ကျင့်သုံးရပါအုံးမယ်။
အဆူဆူဘုရားရှင်တို့ ပွင့်တော်မူမြဲနေရာဒေသဟာ မဇ္ဈိမဒေသဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှ အင်္ဂလန်မှာ ပွင့်ရိုးထုံးစံမရှိပါဘူး။ တကယ်လို့ပွင့်မယ်ဆိုရင်တောင်မှ စည်းကမ်းဥပဒေသကတော့ နေရာဒေလိုက်ပြီး ပြောင်းလဲမှာမဟုတ်ပါ။ အရင်ကလဲဒီဥပဒေသ အခုလဲဒီဥပဒေသ နောင်လဲ ဒီဥပဒေသပဲဖြစ်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ ။

အမေးနှင့် အဖြေကို A Light of Dhamma မှ ကူးယူဖေါ်ပြထားပါတယ်။ Everyone should know that there is no discrimination against women in Buddhism.

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

15 comments:

ငယ်ငယ်ကတည်းက ဒီလိုနေရာတွေ မိန်းကလေးတွေ မသွားရ၊ မတက်ရ ဆိုလို့သာ မသွားခဲ့ရတာ ဘာကြောင့်မှန်း တကယ်မသိခဲ့တာပါ။ အမှန်ပြောရရင်တော့ ကိုယ်တိုင် သိအောင် မကြိုးစားခဲဘူး။ အများအားဖြင့် မိရိုးဖလာ ဘာသာတရားလို ဖြစ်နေကြတယ်။ အခုလို တန်ဘိုးရှိပြိး သိသင့်တဲ့ အရာတွေကို ရေးသားပေးလို့ မမကို ကျေးဇူးတင်ပါတယ်။ အရမ်းလည်း ကျေးဇူးတင်သိလို မေးတဲ့သူရော ဖြေကြားပေးတဲ့ ဆရာတော်ကိုပါ ကျေးဇူးအထူး တင်ပါတယ်။

ဆရာတော်ရဲ့ အဖြေတွေကို ကူးယူခွင့်ပြုပါလို့ ခွင့်တောင်းပါရစေ မမ။ မမေ့ပျောက်အောင် မှတ်သားထားချင် လို့ပါ။

ခင်မင်လေးစားလျှက်

မကြီးငယ်ရေ....
ဗဟုသုတ အများကြီးရတဲ့ ဒီစာလေးတွေကို မွေးဖွားပေးတဲ့ ဆရာတော်နဲ့ ဒေါက်တာရော... နောက်တင်ပေးတဲ့ မကြီးငယ်ကိုရော ကျေးဇူးတင်မိတယ်ဗျာ....။
မသိသေးတာတွေသိသွားရတယ်လေ....။
ခင်မင်တဲ့
ဏီလင်းညို

ဆရာတော် ဦးကောဝိဒ (မြိတ်) ရဲ့  ကြောင်းကျိုးသင့်လျှော်တဲ့ အဖြေ ကို မှတ်သားသွားပါတယ် ။ ရှာဖွေတင်ပြပေးတဲ့ မငယ်နိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။

အရင်ကတော့ ကိုယ်တိုင်လည်း ဒီလိုသတ်မှတ်ချက်တွေကြောင့် ဘာလို့များ လူလူချင်းအတူတူ အမျိုးသမီးတွေ မှာ တချို့ သော အခွင့်အရေးတွေ ဆုံးရှုံးနေကြရတာလည်း ဆိုပြီး သိပ်မကျေနပ်ချင်ခဲ့ပါဘူး ။
ဒါပေမဲ့ ခုချိန်ထိလည်း အမျိုးသမီးများ မတက်ရ ၊ မဝင်ရ ဆိုတဲ့  သတိပေးဆိုင်းဘုတ်တွေကို ဘုရားတိုင်း လိုလို မှာ မြင်နေရဆဲပါပဲ ။ အမှားကြာတော့ အမှန်ဖြစ်တယ် ဆိုတာ တကယ်ပဲဟုတ်နေပါတယ် မငယ်နိုင်ရေ ။

ဆရာတော်ရဲ့ အဖြေတွေက အကျိုးသင့် အကြောင့်သင့်နဲ့ မှတ်သားသင့်ပါတယ်...။

ကျွန်တော်ကတော့ တစ်ခြားနေရာတွေမှာသာ ကျား၊မ အခွင့်အရေး တန်းတူ မဖြစ်ရင် မကျေနပ်ချင်ပေမယ့် ဘာသာရေးနဲ့ ပတ်သက်ရင်တော့ အဲလို စေတီပုထိုးများရဲ့ အထက်ပစ္စယံကို အမျိုးသမီးများ မတက်ရတာတို့ ရုပ်ပွားတော်များကို ရွှေချခွင့် မရှိတာ တို့ကိုတော့ ကျေနပ်စွာ လက်ခံထားပါတယ်..။

ဘယ်လိုပဲ ပြောပြော သဘာဝက မတူညီဘူးလေ..။ အမျိုးသမီးများရဲ့ အာဝေဋိက ဒုက္ခများကြောင့် အမျိုးသားများလို မသန့်စင်တာ အမှန်ပဲ မဟုတ်လား...။

နောက်တစ်ချက် မတူညီတာက ရဟန်းတော် များက ဆွမ်းခံစားခွင့် ရှိပြီး သီလရှင်များကတော့ ဆွမ်းဆန်ခံပြီး ကိုယ်ဟာကိုယ် ချက်စားရတယ်လေ..။

ဘုရားဆု ပန်ချင်သူ ဆုကြီးပန်များကလည်း နောက်နောင် ဘဝများမှာ ယောင်္ကျားဖြစ်ဖို့ ဆုတောင်းရတယ် မဟုတ်ပါလား..။

ကျွန်တော်လည်း နောင်ဘဝ လူပြန်ဖြစ်ခဲ့ရင်တော့ အမျိုးသားပဲ ဖြစ်ချင်ပါတယ်..။

မှတ်သားသွားပါတယ် ခင်ဗျာ ..

မသိသေးတာတွေ သိရလို့ ကျေးဇူးတင်ပါတယ် အစ်မး)

"ဘယ်လိုပဲ ပြောပြော သဘာဝက မတူညီဘူးလေ..။ အမျိုးသမီးများရဲ့ အာဝေဋိက ဒုက္ခများကြောင့် အမျိုးသားများလို မသန့်စင်တာ အမှန်ပဲ မဟုတ်လား...။" ဒီအချက်ကို ကန့်ကွက်ပါတယ်။ အမျိုးသမီးများကို မသန့်စင်ဘူးဆိုတော့ အမျိုးသားများကကော ဘာသားတွေနဲ့ ထုလုပ်ထားလို့ပါလဲ။ အမျိုးသမီးခနာကို ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားသလို အမျိုးသားခနာကို လည်း ဓါတ်ကြီး၎ပါးနဲ့ဖွဲ့စည်းထားတာပါပဲ။ အသွေး အသား ပြည် သလိပ် အညစ်ကြေးတွေဟာ အမျိုးသားရော အမျိုးသမီးရော ကုန်ကုန်ပြောရင် အသက်ရှိ သတ၀ါတွေအားလုံးမှာ ရှိပါတယ်။ ဒါကို အမျိုးသမီးတွေက ခနာ မသန့်စင်ဘူး အမျိုးသားက သန့်စင်တယ်ဆိုတာ အမှန်ကို အမှန်အတိုင်းမမြင်တဲ့ ထေရ၀ါဒမဟုတ်တဲ့ ဒိဌိတို့ရဲ့ အယူအဆတွေ လွမ်းမိုးနေလို့ပါပဲ။ အဓိက က စိတ်အညစ်အကြေးတွေ ကင်းစင်ဖို့ပါ။

Buddha is a religious leader, not a human right activist or civil leader. He showed us how to reach nirvana (နိဗ္ဗာန်) . at his prime age, India was using caste systems and discrimination was everywhere. He did not fight these systems did not mean he accept these norms. He stands on Neutral ground. Most of discrimination against female gender in Buddhism were made by people from both India and Myanmar and not by Buddha. But due to difference in physiology and hormonal influence, only males would get enlightenment. If males take up responsibility of child bearing, women may become Buddha one day.

အသေးစိတ် ဖတ်ခွင့် သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် အမငယ်။ အခုလို တန်ဖိုးရှိတဲ့ ဘလော့ဂ်လေးကိုလည်း အမြဲရောက်တယ်နော် အမငယ်တို့ မိသားစု ပျော်ရွှင်ပါစေ။

ဒီပို့စ်လေး ဖတ်ရတာ
မသိသေးတာတွေ သိလာတယ် ...
ဗဟုသုတ တွေ ရသွားတဲ့ အတွက်
ကျေးဇူး ပါ ... :)

ဘာမှ ပြောစရာမရှိပါဘူး။ ဗုဒ္ဓဘာသာကို အရောင်ဆိုးနေတဲ့ အယူသီးမှုတွေကို မြင်တတ်ဖို့ပဲလိုအပ်တယ်။

အမငယ်
ဒီပို့စ်လေးအတွက် ကျေးဇူးအရမ်းတင်ပါတယ်
အရမ်းအဖိုးထိုက်တန်လွန်းပါတယ်


အမငယ်တို့မိသားစု ကျန်းမာရွှင်လန်းပါစေ

ခင်တဲ့
seesein

မိရိုးဖလာဓလေ့ထုံးစံနဲ့ ဘာသာတရားအဆုံးအမကို ခွဲခြားနာလည်ပေးနိုင်ရင် ပြဿနာရှိမယ် မထင်ပါဘူး … ။

အချို့ကိစ္စရပ်တွေမှာ အမျိုးသမီးတွေက ယောက်ျားတွေထက်နိမ့်ကျလို့ဆိုတဲ့ အတွေးမျိုးမ၀င်ပဲ… ရဟန်းတော်တွေနဲ့ နီးနီးစပ်စပ်နေခြင်းဟာ ဒီရဟန်းတော်တွေရဲ့ တရားကျင့်ကြံရာမှာ အန္တရာယ်ဖြစ်စေနိုင်လို့ ခံယူပေးသင့်ပါတယ်။ ထို့အတူပဲ အမျိုးသားများဟာလည်း သီလရှင်တို့နဲ့ နီးနီးစပ်စပ်နေခြင်းကို ရှောင်ကြဉ်သင့်တာပါပဲ။

အမျိုးသမီးများ နိယတဗျာဒိတ် မခံနိုင်တဲ့အတွက်ကတော့ အမျိုးသားတွေ အနေနဲ့ ဂုဏ်ယူနေစရာလိုသလို (သိပ်ဆိုင်ကြမယ်မထင်လို့) အမျိုးသမီးတွေအတွက်လည်း အားငယ်နေစရာမရှိဘူး ထင်ပါတယ်။

ဧရာ

မှတ်ချက်တွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အားလုံးက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အမြင်တွေက တူကြလို့ အထွေအထူး ပြောစရာ ရှိမယ်မထင်ဘူး။ ဒါပေမဲ့ သင်္ဂါကျော်ကိုတော့ ပြန်ဆွေးနွေးဖို့ လိုအပ်နေပါတယ်။ mgmg ရဲ့ မှတ်ချက်ကလည်း သိင်္ဂါကျော်ကို ကျွန်မ ပြောလိုတာနဲ့ တထပ်တည်းကျပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို ဘာကြောင့် ယုတ်ညံ့တယ်လို့ အမြင်ရှိနေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ဓမ္မာတာ ပေါ်တဲ့ကိစ္စကို နည်းနည်း ရှင်းပြချင်ပါတယ်။

အမျိုးသမီးများရဲ့ အာဝေဋိက ဒုက္ခများကြောင့် အမျိုးသားများလို မသန့်စင်တာ အမှန်ပဲ မဟုတ်လား. လို့ သင်္ဂါကျော်ရဲ့ မေးခွန်းကို အစ်မရဲ့ အဖြေက "မဟုတ်ဘူး" ပဲ ဖြစ်တယ်။ အစ်မလည်း တောမှာကြီးပြီး အစ်မပတ်ဝန်းကျင်တခုလုံးက ကအခုထိ အစ်မလည်း ငယ်ငယ်က ဒီလိုပဲထင်ခဲ့တယ်။

မိန်းမတွေဟာ ယုတ်ညံ့ပြီး မသန့်စင်လို့ မသန့်တဲ့သွေးတွေကို တလတကြိမ် စွန့်စွန့်ပစ်နေရတယ်။ မီးနေသည်တွေဟာ မသန့်စင်လို့ဆိုပြီး ကလေးမွေးစဉ်ကာလမှာ ကျားဆိုလို့ ခင်ပွန်းသည်ကိုတောင် ပေးမလာဘူး။ ဘုရားပေါ်ကိုလည်း အဲဒီအကြောင်းတွေကြောင့်ပဲ ပေးမတက်တာ ဖြစ်တယ်။

အရွယ်ရှိသူ အမျိုးသမီးတိုင်း သွေးမဆုံးခင်ထိ သားဥပြွန်ထဲမှာ ရှိတဲ့ မျိုးဥတွေက သားအိမ်ခဲကို တလတကြိမ် တလုံးစီကြွေကျပြီး ဓမ္မာတာသွေး လာပါတယ်။ သားဥကြွေလာရင် သားအိမ်နံရံမှာ သားဥနဲ့ ဖိုသုတ်ကောင်တွေ့လို့ ဖြစ်တည်လာတဲ့ သန္ဓေသား နေရာအတွက် သားအိမ်နံရံမှာ အမြှေးပါးအရိအချွဲတွေနဲ့ သဘာဝအလျှောက် နေရာပြင်ဆင်ပေးထားပါတယ်။ ဒါပေမဲ့ သားဥကြွေပြီး ၂၄ နာရီ ကြာတဲ့အထိ သုတ်ကောင်နဲ့ မတွေ့ရတော့ သန္ဓေသား ဖြစ်မလာနိုင်ဘဲ သားဥဟာ ပျက်စီးသွားပါတယ်။ သားဥပျက်စီးသွားတာနဲ့ သားအိမ်နံရံမှာ သားန္ဓေသားတွယ်ကပ်ဖို့ ပြုပြင်ဖန်တီးထားတဲ့ အမြှေးပါးတွေအားလုံး ကွာကျတော့ သားအိမ်နံရံက ဆံချဉ်မျှင်သွေးကြောတွေကနေ သွေးတွေ ထွက်ကျပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ တလတကြိမ် ဓမ္မတာလာဟာ မသန့်တဲ့သွေးတွေကို စွန့်တာ မဟုတ်ပါဘူး။ mgmg ပြောသလိုပဲ ကျားပဲဖြစ်ဖြစ် မပဲဖြစ်ဖြစ် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဆိုတဲ့ ဓါတ်လေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်ပါပဲ။

သက်တော်ထင်ရှား မြတ်စွာဘုရားဟာ ပြည့်တန်ဆာမ သီရိမာကိုယ်တိုင် မြတ်စွာဘုရားကို ဆွမ်းကပ်တာ မြတ်စွာဘုရားလက်ခံ ဘုန်းပေးခဲ့တာပဲ။ ဘုရားကို အကြောင်းပြုပြီး ပေါ်လာတဲ့ သြဓိဿစေတီ၊ ပရိဘောဂစေတီတွေကို သီလသမာဓိနဲ့ ပြည့်စုံတဲ့ အမျိုးကောင်း အမျိုးသမီးတွေ ဘာဖြစ်လို့ ကိုယ်တိုင်သွားရောက်ပူဇော်လို့ မဖြစ်နိုင်ရမှာလဲ။ ဒါတွေဟာ ဘုရားကန့်သတ်ထားတာ မဟုတ်ပါဘူး။

Islam ဘာသာမှာရှိတဲ့ gender discrimination တွေကိုပြောရင် ဗုဒ္ဓဘာသာဝင်တွေက နှာခေါင်းရှုံ့လေ့ရှိတယ်။ ငါတို့တော့ ဒီလို မလုပ်ဘူးပေါ့ ဆိုပြီး လွယ်လွယ်တွေးတတ်ကြတယ်။ ကိုယ်ကိုယ်တိုင်ကကော ဘယ်လောက် liberal ကျသလဲဆိုတာ အရင်စဉ်းစားရင် ကောင်းပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်ကျတော့ အရက်သောက် ထန်းရေသောက် ကြိုက်သလိုနေ၊ မြင့်မြတ်တယ်လို့ယူဆပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံရအရ မျိုးပွားဖို့လိုအပ်ချက်အရ သွေးဆင်းတဲ့ အမျိုးသမီးတွေကျတော့ နိမ့်ကျတယ်တဲ့။ ယျောက်ကျားဖြစ်စေ မိန်းမဖြစ်စေ မြင့်မြတ်တယ် နိမ့်ကျတယ်ဆိုတာ မိမိရဲ့ ကံ (ပြုလုပ်မှု)နဲ့ သာ ဆိုင်ပါကြောင်း