မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၏ အခြေခံ ရပ်တည်ချက်


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့ အခြေခံ နိုင်ငံရေး ရပ်တည်ချက် နဲ့ ဝါဒ သဘော ထားကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ အတွင်းမှာ ပြင်ပ သို့ အမှာ စကား ပါးလိုက် ရာမှာ အောက်ဖော် ပြပါ မိန့်ခွန်း သုံးခု အတိုင်း ဖြစ်တယ်လို့ ပြောလိုက် ပါတယ်။ အဲဒီ မိန့်ခွန်း / ဆောင်းပါး တွေကတော့ --

၁။"လွတ်လပ် မှုကိုဘဲ ကျမတို့ လိုချင်တယ်" Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃
၂။"ကျမတို့ လွတ်လပ် မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့ လွတ်လပ် မှုကို အသုံးချ ကြပါ" New York Times သတင်းစာ၊ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇ (ဝါရှင်တန်မြို့တော် အမေရိကန် တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ မိန့်ခွန်း)
၃။နေရူးဆု လက်ခံ မိန့်ခွန်း၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃

(၁)

လွတ်လပ် မှုကိုဘဲ ကျမတို့ လိုချင်တယ်


မြန်မာ နိုင်ငံ တဝန်း ခရီးသွား လာရင်း ကျမက လူတွေကို ဘာလို့ ဒီမိုကရေစီ လိုချင် တာလဲလို့ မေးကြည့် မိပါတယ်။ မကြာ ခဏ ဆိုသလို အကြားရဆုံး အဖြေ ကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ ဆိုတာပါပဲ။ သူတို့ အကျယ် ချဲ့ပြီး မပြော ရဘဲ သူတို့ ဘာပြောတယ် ဆိုတာ ကျမ နားလည် ပါတယ်။ သူတို့ရဲ့ ကံကြ မ္မာကို သူတို့ ကိုယ်တိုင် ပုံဖော် ဆုံးဖြတ်ခွင့် မရှိဘဲ ဖိနှိပ်ခံ နေရတာ ကနေ လွတ်မြောက်ချင် ကြပါတယ်။ လက်နက် အင်အားပေါ် အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာစိုင်းမှု တွေအောက် ရောက်နေ ရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝ ကြုံတွေ့ နေရတဲ့ အဖြစ် တွေကို မလိုချင် ကြတော့ ပါဘူး။ လူငယ်တွေကို ကျမက လွတ်လပ်ခြင်း ဆိုတာ ဘာလဲလို့ မေးကြည့်တဲ့ အခါ သူတို့က သူတို့ စိတ်ထဲ ရှိတာတွေကို ရှိတဲ့ အတိုင်း ရင်ဖွင့် ပြောပြ ချင်တာလို့ ဆိုပါတယ်။ သူတို့ အသိဉာဏ် ပညာ စိန်ခေါ် မှုကို ဖြည့်ဆည်း မပေးနိုင်တဲ့ ပညာရေး စနစ် အပေါ် မကျေနပ် ချက်တွေကို သူတို့ ထုတ်ဖော် ပြောလို ကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံ နိုင်သူတွေ ဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာ ပေးနိုင်ဖို့ ထောင်သောင်း သိန်း မက စုဝေး နိုင်သူတွေ ဖြစ်လို ကြပါတယ်။ မြန်မာနိုင်ငံက လူငယ် တွေဟာ ကျယ်ပြန့် လွန်းတဲ့ မျှော်လင့်ချက် တွေနဲ့ အံမခန်း မှုတွေ ပြည့်နေတဲ့ လူငယ် ဘဝရဲ့ နိုးကြား တက်ကြွတဲ့ အရွယ် တွေကို အပြည့် အဝ ပိုင်ဆိုင် ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ် မှုတွေနဲ့ စိတ်ကူးယဉ် မှုတွေ၊ တောက်ပ ခမ်းနားမှုနဲ့ ဖီလာ ဆန့်ကျင် မှုတွေ ကြမ်းတမ်း ခက်ထန် မှုနဲ့ သိမ်မွေ့ မှုတွေ တန်းစီ ပြည့်နေတဲ့ လူငယ် ဘဝကို အပြည့် အဝ ရယူလို ကြပါတယ်။

မြန်မာ အမျိုးသမီးတွေ အနေနဲ့ရော ဘာတွေ အလို ရှိပါသလဲ။ ကုန်ဈေးနှုန်း ကြီးမြင့်မှုရဲ့ ဖိစီးမှု ဒဏ်ကြောင့် အားဆုတ် ငြီးငွေ့ လောက်အောင် အိမ်မှု ထိန်းသိမ်း နေရတဲ့ဘဝက လွတ်မြောက်ချင် ကြပါတယ်။ လွတ်လပ်စွာ တွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေး အရေးယူ ခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့ အခွင့်အလမ်းတွေ ဆုံးပါး သွားမလားဆို တဲ့ စိုးရိမ် ကြောင့်ကြ မှုတွေက ကင်းလွတ်ချင် ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ ဘဝက လွတ်မြောက်ဖို့ တောင့်တ နေကြတဲ့ အမျိုးသမီး တွေလည်း တော်တော် များများ (အများကြီးကို) ရှိပါတယ်။

ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမား ယာသမားတွေ ဆိုရင် သူတို့ ဆန္ဒအတိုင်း စိုက်ပျိုး ထွန်ယက်ချင် ကြတယ်။ မတော် မတရား ဈေးနှိမ် ခံရပြီး အစိုးရကို မရောင်း မနေရ ခြိမ်းခြောက် ခံရတာ မျိုးတွေက ကင်းလွတ်ပြီး သူတို့ ထွက်ကုန် တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက်တင် ရောင်းချလို ကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ ဖက်ပြီး ဘဝကို ရုန်းကန် ရပ်တည် သူတွေပါ။ ဒီလို ကြမ်းတမ်းတဲ့ ဘဝတွေ အပေါ်မှာ ကျိုးကြောင်း မဆီလျော်တဲ့ အမိန့် တွေနဲ့ နားလည်ရ ခက်တဲ့ အာဏာပိုင် တွေကြောင့် နောက်ထပ် ဝန်ထုပ် ဝန်ပိုး မလိုချင် ကြတော့ ပါဘူး။

ဒါနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကျမ တို့ရော လို့ မေးစရာ ရှိပါတယ်။ ဘာလို့ ကျမတို့ တတွေ တိုင်းပြည် လွတ်မြောက်ဖို့ ခက်ခက် ခဲခဲ လုပ်ကိုင် နေပါသလဲ။ ဒီလို လုပ်ကိုင် နေတာဟာ ဒီမိုကရေစီ အပေါ် မရေ မရာနဲ့ အကောင်းမြင် မျှော်လင့်ပြီး ထင်ရာ လုပ်ကိုင် နေတာ မဟုတ် ပါဘူး။ ဒီမိုကရေစီ ဆိုတာ သူရဲ့တောက်ပ မှုကို ကြာရှည် ထိန်းနိုင်အောင် အမြဲတစေ အရောင်တင် ပေးရတဲ့ ရတနာ တပါး ဖြစ်တယ် ဆိုတာ ကျမတို့ သိပါတယ်။ ပျက်စီး ဆုံးရှုံးတာ၊ အခိုး ခံရတာတွေ မဖြစ်အောင် ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည် မပြတ် စောင့်ကြပ် ကြည့်ရှု နေရပါ လိမ့်မယ်။

လွတ်လပ်တဲ့ မြန်မာပြည် ကသာ လူ့ဂုဏ် သိက္ခာကို တန်ဖိုးထား လေးစားတဲ့ နိုင်ငံ တည်ထောင် နိုင်မှာမို့ လွတ်မြောက်ရေး အတွက်ကို ကျမတို့ တတွေ ပင်ပင် ပန်းပန်း ကြိုးစား နေကြတာ ဖြစ်ပါတယ်။

တိုင်းပြည် တဝှန်း လှည့်လည် သွားတဲ့ အခါ လူတွေက ကျမ နေအိမ် အကျယ်ချုပ် နဲ့ နေရတဲ့ အချိန်တွေ၊ ပထမ အကြိမ် ခြောက်နှစ်နဲ့ ဒုတိယ အကြိမ် ဆယ့်ကိုးလ နေရတာမှာ ဘယ်လို ခံစားရ သလဲလို့ မေးကြ ပါတယ်။ မိသားစု မိတ်ဆွေ အပေါင်း အသင်း တွေနဲ့ ခွဲခွာပြီး ကျမ ဘယ်လို နေခဲ့ သလဲပေါ့။ ဒီ အာဏာရှင် နိုင်ငံမှာ ယုံကြည်ချက် အတွက် အကျဉ်းချ ခံရ သူကသာ အမှန် တကယ် လွတ်လပ် သူဖြစ် နေတာ ဂွကျ လှတယ်လို့ ကျမ ပြောချင် ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့သာမန် ဘဝ လွတ်လပ်ခွင့် တွေကို ပေးဆပ် ထားရတယ်။ ဒါပေမဲ့ လူသား ဘဝရဲ့ တန်ဖိုး အရှိဆုံး ဖြစ်တဲ့ ယုံကြည်ချက် အမှန် တရား အပေါ် ကျမတို့ ကြံ့ကြံ့ခံရပ် နေခဲ့ ကြပါတယ်။

ဒီမှာ ပြည်သူ လူထု အတွက် ကျမ အလိုချင်ဆုံး ကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့် အောက်မှာ လုံလုံ ခြုံခြုံ နေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှု အောက်မှာ လွတ်လွတ် လပ်လပ် နေနိုင် ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့် သေးသိမ် စေတဲ့ အနှောင် အဖွဲ့တွေကို ဖယ်ရှားပြီး မြန်မာ ပြည်သူ တွေဟာ လွတ်လပ်တဲ့ လူသားတွေ အဖြစ် ခေါင်းမော့ ဂုဏ်ယူ နိုင်သူတွေ ဖြစ်လာမှာကို ကျမ တွေ့မြင် လိုပါတယ်။ ကျမတို့ အားလုံး အတွက် ပိုပြီး ပျော်ဖို့ ကောင်းတဲ့၊ လုံခြုံမှုလည်း ပိုရှိတဲ့ လူ့ဘောင်ဘဝ တည်ဆောက်ဖို့ စည်းစည်း လုံးလုံး ပျော်ပျော် ရွှင်ရွှင် ကြိုးပမ်း ကြတာကို ကျမ တွေ့မြင် လိုပါတယ်။

အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ အနာဂတ်ကို တက်လှမ်းပြီး တန်ဖိုး ရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့် မားမားနဲ့ စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်တာ ကျမ တွေ့မြင် လိုပါတယ်။ "ဒီ တိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာ သေခဲ့ သူအားလုံးအ တွက် ထိုက်တန်တဲ့ တိုင်းပြည် အဖြစ် ဘိုးဘွား အမွေ အနှစ် အတွက် ဂုဏ်ယူ ရပြီ" လို့လည်း ကျမ ပြောပြ ချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ် အိပ်မက်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူ လူထုရဲ့ဆန္ဒသာ နောက်ဆုံးမှာ အောင်ပွဲ မုချ ရရမယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ကျမတို့ အားလုံး နှစ်နဲ့ချီ ကြိုးပမ်း လုပ်ဆောင် နေတာ တွေရဲ့ ပကတိ ဦးတည်ရာပဲ ဖြစ်ပါတယ်။

(ဝါရှင်တန်ပို့စ် သတင်းစာ နှင့် တွဲထွက် သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံ မဂ္ဂဇင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆို တင်ပြ ထားသည်။)

(၂)

ကျမတို့ လွတ်လပ် မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့ လွတ်လပ် မှုကို အသုံးချ ကြပါ

ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အရေး ကြိုးပမ်း ဆောင်ရွက် နေသူတွေဟာ ဖိနှိပ် ချုပ်ချယ် မှုများလွန်းတဲ့ လူ့အဖွဲ့အစည်းမှာ သူ့ကျွန်အဖြစ် အေးအေး ဆေးဆေးေ နမယ့်အစား အခြေခံ လူ့အခွင့် အရေး အတွက် ရပ်တည် တိုက်ပွဲ ဝင်ဖို့ ကိုယ့်ဘဝ ကိုယ် ရွေးချယ် ကြပါတယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရား မျှတမှုနဲ့ စာနာ နားလည်မှု အပေါ် အရင်းခံတဲ့ ယုံကြည်မှု ရှိမှသာလျှင် ဖြစ်မယ့် အကြမ်း မဖက် လှုပ်ရှားမှု တရပ်သာ ဖြစ်ပါတယ်။

လူဆိုတာ မိမိကောင်းစားရေးကိုသာအဓိကထားတဲ့ စီးပွားရေးအကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တဝါသာ ဖြစ်တယ်လို့ တချို့က ဆိုကောင်းဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ဒုနဲ့ဒေး ရှိသေးတယ်ဆိုတာကိုကြည့်ယင် အဲဒီအဆိုဟာ သေးသိမ်ကျဉ်းမြောင်းလှတယ်ဆိုတာ သိပါလိမ့်မယ်။ ဒီလိုအမျိုးကောင်း သမီး၊ အမျိုးကောင်းသားတွေ ကျမတို့နိုင်ငံမှာ မြောက်များစွာရှိနေသေးတာကြောင့် ကျမလွန်စွာ အားတက်မိပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေကြောင့် တော်လှန်ပြောင်း လဲမှုတွေ ပေါ်ပေါက်လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ်ရှိတယ်လို့ အများကလက်ခံထားကြပါတယ်။ ရန်ကုန် တက္ကသိုလ်ကနေ သူတို့ရဲ့နိုင်ငံရေးဘဝကို အစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ငယ်ရွယ်နုနယ်တဲ့ ခေါင်းဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။

ဒီလို ထူးထူးခြားခြား ရဲရင့်တက်ကြွတဲ့ ဆန့်ကျင်အာခံလိုစိတ်တွေနဲ့ သြဇာတိက္ကမကြီးမားလှတဲ့ အတိုက်အခံ အဖွဲ့အစည်းမျိုးကို ဘယ်လိုအာဏာရှင်အစိုးရမဆို ပစ်မှတ်ထားချေမှုန်းမှာ အသေအချာပါဘဲ။ ၁၉၆၂ ခုနှစ်ကတည်း က အာဏာရလာတဲ့ မြန်မာစစ်အစိုးရကတော့ အာဏာရပြီးသိတ်မကြာခင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အသင်းအပင်းဖွဲ့စည်းခွင့်ကိုပါ တရားမ၀င်ကြောင်း ဆုံးဖြတ် ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှု ကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံခဲ့ပါတော့တယ်။ တတိုင်းတပြည်လုံးမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့သူတွေကတော့ ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိကတောင်းဆိုချက် တွေထဲက တခုကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ဘဲ ဖြစ်ပါတယ်။

ဒီအတွက် စစ်အာဏာရှင်တွေတုံ့ပြန်လိုက်တဲ့အဖြေကတော့ သူတို့ကို ပစ်သတ်လိုက်ကြတာပါဘဲ။ ရှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန်မာပြည်ကကျောင်းသား ကျောင်းသူတွေဟာ မိမိတို့အကျိုးဖြည့်ဆီးပေးပြီး မိမိတို့ အမှန်တကယ် လိုချင်တောင့်တလှတဲ့ ကျောင်းသားအဖွဲ့အစည်းမျိုးကို မတည်ထောင်နိုင်သေးပါဘူး။

အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုတောင်းဆိုတဲ့ ကျောင်းသား ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့ပြီး အဲဒီဆန္ဒပြပွဲတောင်းဆိုချက်တွေ လျစ်လျူရှုခံခဲ့ရပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေ ကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပါတီဝင်တွေကို အဆိုပါဆန္ဒပြပွဲ စီစဉ်ရာမှာ ပါဝင်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပါတယ်။ ကျမကိုလည်း ကျောင်းသားတွေနဲ့  တွေ့ဆုံဆွေးနွေးခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။

နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေဆုံဆွေးနွေးတာဟာ အစိုးရကို ပုန်ကန်ခြားနားတယ်လို့ အမှန် တကယ်သာ ယူဆနေမယ်ဆိုယင် ကျမတို့နိုင်ငံမှာ ဝမ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီးပေါ်lပေါက်လာတော့မှာ ဖြစ်ပါတယ်။ ကျမပါတီဟာ ကျောင်းသားတွေရဲ့မျှော်မှန်းချက်တွေကို စာနာထောက်ခံကြောင်း ဘယ်တုံးကမှာ လျှို့ဝှက် မထားခဲ့ပါဘူး။ ကျမတို့ဟာ မတူညီတဲ့မျိုးဆက်တွေအကြား နီးစပ်အောင် ကြိုးပမ်းနေပြီး ဒီလိုကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ရည်ရွယ်ချက်တွေနဲ့ အားထုတ်မှုတွေ ဆက်လက်ရှင်သန်တည်တန့်ပြီး ကျမတို့တိုင်းပြည်ရဲ့ အသွေးအသား ထဲ ပေါင်းစည်း ယှက်နွယ် သွားအောင် ဖြစ်ပါတယ်။

ကျမတို့ဟာ ကိုယ့်ထက်အဆမတန်သာလွန်တဲ့အင်အားတွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရဗျူရိုကရက် ယန္တရား ပေါင်းစည်းထားတဲ့အားကို ဆန့်ကျင်အာခံယင်း တခါတလေမှာ သံသယတွေ ဝင်လာတတ်ပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိအမိန့်အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်း တည်ရှိမယ့်အရာတွေဘဲလို့ ယုံကြည် နေသူတွေရဲ့ သံသယတွေပါဘဲ။ လက်ရှိအခြေအနေကိုဘဲ လက်ခံလိုက်တာဟာ အသင့်လျှော်ဆုံးဖြစ်မယ်လို့ နားလည်ယုံကြည်ထားသူတွေ အများကြီးရှိနေတာ အံ့သြစရာပါဘဲ။

ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ကိစ္စတွေကို ပြောင်းလဲဖို့စွမ်းအားအပေါ် ယုံကြည်မှုရှိပေမဲ့ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရလက်ထက် မှာ ကျမတို့ရဲ့ပြဿနာတွေအားလုံး ပြေပျောက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်ယောင်မှားခဲ့တာမျိုး မရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ်တည်ထောင်ဖို့အတွက် ကျမတို့ရဲ့လှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ရဲ့ ဘဝသက်တမ်းမက ကြာမြင့် ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကြိုတင်မှန်းဆထားပါတယ်။

ဒါပေမဲ့ ဒီလို လှုပ်ရှားရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှာဖွေရာမှာ ကျမတို့ကိုဂရုဏာသက်သူတွေ ကမ္ဘာနဲ့အဝှန်း ရှိနေပါတယ်။ လူမျိုး၊ ဘာသာ၊ အသား အရောင်မရွေး နေရာတိုင်းက ခံစားတွေးတောတတ်တဲ့ လူသားတွေအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ဖြစ်တည်မှုကို လိုလား တောင့်တတာဟာ ရုပ်ဝတ္ထုပစ္စည်းတပ်မက်မှုသက်သက်ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ နိုင်ငံရေးအခွင့် အရေးတွေ အပြည့်အဝရှိတဲ့လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံကောင်းလှသူတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ ကျမတို့ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ကံမကောင်းအကြောင်းမလှသူတွေကိုကူညီဖို့ အင်မတန် လိုအပ်လှပါတယ်။

ကျမတို့လှုပ်ရှားရုန်းကန်မှုရဲ့ တစိတ်တပိုင်းကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျမတို့ ဆင်းရဲမွဲတေနေ ရတာဟာ လုံလောက်တဲ့ရင်းမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှားပါးလွန်းလို့မဟုတ်ဘဲ အုပ်ချုပ်မှုကောင်းကောင်း ပေါ်ထွန်းစေ တဲ့ အခြေခံအဆောက်အအုံတွေနဲ့ အလေ့အကျင့်တွေ နည်းပါးလွန်းလို့သာဖြစ်တယ် ဆိုတာကို သိမြင်နားလည်စေခြင်း ပါဘဲ

ဖိနှိပ်လွန်းတဲ့အစိုးရတွေနဲ့ ဆက်ဆံဖို့ နောက်တွန့်စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးတွေ အများအပြား ရှိနေပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အကူ အညီ ဖြစ်စေဖို့သာ ဖြစ်တယ်လို့ အကြောင်း ပြလေ့ ရှိပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်၊ ချမ်းသာပြီးသားလူတစုကိုသာ ပိုမိုချမ်းသာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံအုတ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖော် ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့စိတ်ကူးစံတွေကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျက်ဖို့ စိတ်ဝင်စားသူ ဘယ်သူမဆို မြန်မာစစ်အစိုးရ နဲ့ စီးပွားရေး လုပ်ဆောင်နေတဲ့ ကုမ္ပဏီ တွေကို ပြတ်ပြတ် သားသား ဆန့်ကျင် ရပ်တည် သွားပါလို့ တိုက်တွန်း ချင်ပါတယ်။ ကျေးဇူးပြု၍ ကျမတို့ရဲ့လွတ်လပ်မှုကို မြှင့်တင်ဖို့ ရှင်တို့ ရဲ့လွတ်လပ်မှုကို အသုံးချပေးပါလို့ တောင်းပန်ပါရစေ

(ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်းကို အခြေခံသည့် New York Times နှင့် International Herald Tribune သတင်းစာဆောင်းပါး၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇)

(၃)

ဂျာဝါဟာလားလ်နေရူး ဆုချီးမြှင့်ပွဲသို့ ပေးပို့သည် ဒေါ်အောင်ဆန်းစုကြည်၏ ဆုလက်ခံ မိန့်ခွန်း
နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃


သမ္မတကြီး၊ ဒုသမ္မတကြီး၊ ဝန်ကြီးချုပ်၊ နေရူးဆု ကော်မတီဝင်များ၊ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော် များနှင့် မိတ်ဆွေများရှင့်

ဒီဆုပေးပွဲ အခါသမယဟာ ခံစားချက်အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ ကျမကို အိန္ဒိယနိုင်ငံက လူပေါင်းများစွာနဲ့ သံယောဇဉ်တွယ်မိစေတဲ့၊ အားကောင်းတဲ့ ချစ်ကြည်ရင်းနှီးမှုနှောင်ကြိုးတွေ ဘုံနိုင်ငံရေးစိတ်ကူးစံတွေရှိပါတယ်။ ကျမဘဝမှာ အိန္ဒိယနိုင်ငံအကြောင်း၊ "ပန်ဒစ်ကြီး" လို့ ကျမတို့မိသားစုကအမြဲခေါ်တဲ့ ပန်ဒစ်နေရူးအကြောင်းရင်းနှီးကျွမ်းဝင် မဖြစ်ခဲ့တဲ့အချိန်ကာလဆိုတာ မရှိခဲ့ပါဘူး။ သူ့ကိုအမှတ်တရနဲ့ထူထောင်ထားတဲ့ နိုင်ငံတကာနားလည်မှုဆုတံဆိပ် ချီးမြှင့်ခံရတာဟာ ကျမအတွက် ဂုဏ်ယူဝမ်းသာစရာဖြစ်ပါတယ်။

တဖက်ကကြည့်ရင် ဒီဆုကို ကျမ လူတဦးချင်းအနေနဲ့ရတာမဟုတ်ဘဲ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုရဲ့ ကိုယ်စားလှယ်တယောက်အဖြစ် ရတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။ အဲဒါကြောင့် ကျမမှာ လူသားပီသ တဲ့ မေတ္တာကရုဏာစိတ်နဲ့ ကျေးဇူးတင်ဝမ်းမြောက်စိတ် ပြည့်လျှမ်းသွားမိပါတယ်။ ကမ္ဘာတလွှားမှာ လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် ထူးထူးချွန်ချွန်အကျိုးဆောင်ခဲ့သူတွေကို ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေလက်ခံဖို့ ကျမ အရွေးချယ်ခံရတိုင်း အဲသလိုစိတ်မျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကျမရဲ့တိုင်းပြည်မှာတော့ နိုင်ငံတကာအသိအမှတ်ပြု စောင့်ရှောက်မခံရဘဲ ကျမတို့ပြည်သူလူထုကို လုံခြုံပြီးသိက္ခာရှိတဲ့ဘဝရပ်တည်မှု အာမခံချက်ပေးမယ့် အခြေခံမူတွေ ရပိုင်ခွင့်တွေရဖို့အတွက် မိမိတို့ရဲ့ဘဝနဲ့ မိမိတို့ရဲ့လွတ်လပ်မှုသာမက မိမိတို့အသက်တွေတောင် စွန့်လွှတ်စွန့်စားနေသူ အမျိုးသား အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။ ဒီသတ္တိပြောင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့တိုက်ပွဲကို မီးမောင်းထိုးပြဖို့ အခွင့်အလမ်းရတဲ့အတွက် ကျမကျေးဇူးတင်ပါတယ်။ လူသားနွယ်တရပ်လုံးအတွင်းမှာ သူတို့တတွေ ကိုယ်စား နိုင်ငံတကာနားလည်မှုဆိုင်ရာနေရူးအမှတ်တရဆု လက်ခံခွင့်ရတဲ့အတွက်လည်း ကျမကျေးဇူးတင်ပါတယ်။

ကျမဟာ လွတ်လပ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် အင်မတန့်ကို စွန့်လွှတ်စတေးခဲ့သူတွေကို ဦးညွတ်ဂုဏ်ပြုချင်တဲ့ဆန္ဒ ပြင်းပြနေသလို အိန္ဒိယနိုင်ငံနဲ့ ကျမရဲ့နှောင်ကြိုးတွေကို တဖန်ပြန်ထူထောင် အချောကိုင်ဖို့ လည်း ဆန္ဒပြင်းပြနေတဲ့အတွက် ဒီကနေ့ လူကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ မပေးလို့ မဖြစ်နိုင်တဲ့အတွက် ကျမရဲ့ကိုယ်စားအဖြစ် အင်မတန်ချစ်ခင်တဲ့ မိသားစုမိတ်ဆွေလည်းဖြစ်၊ "ဂုဏ်ထူး ဆောင်" ဒေါ်လေးလည်းဖြစ်သူကို ထိုက်ထိုက်တန်တန်ရွေးချယ်ခဲ့ပါတယ်။ သူမဟာ ကုလသမဂ္ဂအတွင်းရေးမှူးရုံးရဲ့ ပထမဆုံးမြန်မာလူမျိုး ရုံးအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတကာနားလည်ရေးအတွက် ထက်ထက်သန်သန်ဆော်သြခဲ့ လက်တွေ့ ကျင့်သုံးခဲ့သူဖြစ်ပါတယ်။ သူမဟာ ကျမကိုယ်စား ဆုချီးမြှင့်ပွဲနဲ့ထိုက်သင့်တဲ့ ဂုဏ်ကြက်သရေအပြည့်နဲ့ ဆု လက်ခံမယ် ဆိုတာ ကျမယုံကြည်ပါတယ်။

နိုင်ငံတကာနားလည်မှုရှိရေးအတွက် ပန်ဒစ်နေရူးရဲ့ အကျိုးပြုချက်တွေက သူ့ဘဝတသက်တာအတွင်း ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ သူပါဝင်ကပြခဲ့တဲ့အခန်းထက် ကျော်လွန်ပြီး ထွေပြားတဲ့ယဉ်ကျေးမှုဓလေ့တွေကြား၊ အမျိုးမျိုးအဖုံဖုံ သော သဘောတရားဝါဒရေးရာတွေကြား ကွာဟချက်ကို ကျဉ်းမြောင်းလျော့ကျစေခဲ့ပါတယ်။ ရုပ်ဝတ္ထုစွမ်းပကား ပိုလို့ ပိုလို့တွင်ကျယ်လာတဲ့ကမ္ဘာကြီးမှာ တလောကလုံးဆိုင်ရာ လူသားတန်ဖိုးစံတွေ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်ရုန်းကန်နေ ကြတဲ့ ပြည်သူလူအများကို နေရူးဝိညာဉ်က အားပေးအကျိုးပြုနေပါတယ်။

ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေအတွင်းမှာ မဟတ္တမဂန်ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ စာတွေ ဟာ အစဉ်တစိုက် စိတ်ဓာတ်မြှင့်တင် အားပေးနေခဲ့ပါတယ်။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ အိန္ဒိယအမျိုးသားနှစ်ယောက် ကို ကျမအလေးစားအကြည်ညိုဆုံး ရှေ့ဆောင်လမ်းပြတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေစာရင်းထဲ ထည့်ထားပါ တယ်။ ကျမ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရတဲ့ ခြောက်နှစ်တာကာလတလျှောက်လုံး ကျမအိမ်ရှေ့ခန်းမမှာ ပန်ဒစ် ကြီးကိုယ်တိုင်ရေးအထုပ္ပတ္တိထဲက ထာဝရရှင်သန်နေမယ့်စကားတွေကို ကောက်နှုတ်ပြီး ပိတ်ကားချပ်ပေါ် ရေးကူး ချိတ်ဆွဲထားပါတယ်။ ဒီစကားတွေဟာ ကျမအပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့အတွက် အဲဒီထဲကတပိုဒ်ကို ကိုးကားပါရစေ။

တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်စိုးမှု၏ ဂုဏ်ယူဖွယ်အောင်မြင်ချက်များထဲ ပါဝင် သည်ဟု ကျနော်တို့ကို သင်ကြားခဲ့သည်။ ကျနော်၏ကိုယ်ပိုင်အသိစိတ်အရ ယင်းတရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လုံးဝလိုလားထောက်ခံပါသည်။ ကျနော်သည် စည်းကမ်းရှိရှိနေထိုင်ခြင်းကို နှစ်သက်ပြီး မင်းမဲ့ဝါဒ၊ စည်းကမ်းမဲ့ ဗရုတ်သုက္ခဖြစ်မှုနှင့် စွမ်းဆောင်ရည်မဲ့မှုကို မနှစ်ခြိုက်ပါ။ သို့ရာတွင် ခါးသီးသောအတွေ့အကြုံကြောင့် ပြည်သူလူထုအပေါ် နိုင်ငံတော်အစိုးရများက ချမှတ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၏ တန်ဖိုးကို ကျနော်သံသယဖြစ်မိပါသည်။ တခါတရံတွင် ယင်းတန်ဖိုး အတွက် ပေးဆောင်ရသည့် စရိတ်မှာ လွန်ကျူးလှပြီး တရားဥပဒေစိုးမိုးရေး ဟူသည်မှာ ကြီးစိုးလွှမ်းမိုးနေသည့် ဂိုဏ်းတရပ်၏ ဆန္ဒ သဘောထားသာဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေး ဟူသည်မှာလည်း အသွေးအသားထဲအထိ စိမ့်ဝင်နေသည့် ကြောက်ရွံ့မှု၏လွန့်တုန့်ချက် reflex သာဖြစ်သည်။ တခါတရံတွင် တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်ဝပ် ပိပြားရေး ဟုခေါ်ဆိုကြသည့်အရာမှာ လက်တွေ့တွင် တရား ဥပဒေနှင့် ငြိမ်ဝပ်ပိပြားခြင်း ကင်းမဲ့မှုဟု ပို၍သင့်တော်စွာခေါ်ဝေါ်နိုင်ပေသည်။ အပြန့်အနှံ့ဖြစ်နေသည့် ကြောက်ရွံ့မှုအပေါ် အခြေခံ ထားသော မည်သည့်အောင်မြင်မှုမဆို နှစ်လိုဖွယ်ရာဖြစ်နိုင်ရန်ခဲယဉ်းလှပြီး နိုင်ငံတော်အစိုးရ၏ အကြပ်ကိုင် ခြိမ်းခြောက်မှု ယန္တရားပေါ် အခြေခံထားကာ ယင်းယန္တရားနှင့် ခွဲခြားမတည်ရှိနိုင်သော 'ငြိမ်ဝပ်ပိပြားရေး' ဆိုသည်မှာလည်း အရပ်ဖက်အုပ်စိုးမှုထက် စစ်ဖက်သိမ်းပိုက်စိုးမိုးမှုနှင့် ပိုတူနေပါသည်။ ကဗျာဆရာကြီး ကဠဏ၏ သက်တမ်းထောင်ချီရှိပြီဖြစ်သည့် ရာဇတရံဂဏိ အမည်ရှိ ကက်ရှ်မီးယားရာဇဝင်ဇာတ်တော်ကြီးထဲတွင် မင်းနှင့်နိုင်ငံတော်အစိုးရတို့က စောင့်ထိန်းရန်တာဝန်ရှိသော ဓမ္မ (မှန်သောတရား) နှင့် အဘယ (အကြောက်အရွံ့မဲ့မှု) တို့ကို တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်ဝပ်ပိပြားရေး အဓိပ္ပာယ်ဖြင့် ထပ်တလဲလဲသုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ တရားဥပဒေစိုးမိုးရေး ဆိုသည်မှာ တရားဥပဒေ မည်ကာမတ္တထက်သာလွန်သလို ငြိမ်ဝပ်ပိပြားရေး ဆိုသည်မှာ လည်း ပြည်သူပြည်သားများအနေဖြင့် အကြောက်အရွံ့မဲ့ခြင်းကို ဆိုလိုခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသော ပြည်သူလူထုအပေါ် 'ငြိမ်ဝပ်ပိပြားမှု' သက်ရောက်စေခြင်းထက် အကြောက်အရွံ့မဲ့မှုကို ပျိုးထောင်စိမ့်ဝင်စေသည့်စိတ်ကူးက အများကြီးပို၍ နှစ်လိုဖွယ်ပါ တကား။

အဲဒီအပိုဒ်မှာ ပန်ဒစ်နေရူး ဖော်ပြထားတဲ့ ခံစားချက်တွေဟာ ကျမရဲ့ခံစားချက်တွေနဲ့ လုံးဝတထပ်တည်း ဖြစ်ပါ တယ်။ သူနဲ့ကျမ တူညီတာတွေ အများကြီးရှိတယ်လို့ မကြာခဏဆိုသလို ကျမခံစားမိပြီး အမေနဲ့အတူ အိန္ဒိယမှာ ကျမနေတဲ့ကာလတွေတုံးက ပန်ဒစ်ကြီးနဲ့ ပိုရင်းနှီးအောင်လုပ်နိုင်တဲ့အခွင့်အလမ်း မယူမိခဲ့တာကို နောင်တရမိပါ တယ်။ အဲဒီတုံးကတော့ သူ့ကို ကျမမိဖတွေရဲ့ မိတ်ဆွေတယောက်အဖြစ်လောက်ဘဲ သဘောထားမိခဲ့ပြီး တနေ့ကျရင် ကျမကိုယ်တိုင်ရဲ့မိတ်ဆွေအဖြစ် သဘောထားမိမှာကို တခါမှ မစဉ်းစားမိခဲ့ပါဘူး။

ပန်ဒစ်နေရူးဟာ လူမျိုးရေးနဲ့ အသားအရောင်တံတိုင်းတွေ မျိုးဆက်တံတိုင်းတွေကို သူ့ရဲ့ နွေးထွေးတဲ့ လူသား ဆန်မှု မေတ္တာကရုဏာဓာတ်နဲ့ မကြာခဏဖြတ်ကျော်ခဲ့ပါတယ်။ ကျမအဖေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် လန်ဒန်ကိုသွားဆွေးနွေးတဲ့အခါ ဒေလီမှာခဏနားပြီး ပန်ဒစ်နေရူးနဲ့တခြားအိန္ဒိယခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါ တယ်။ ပန်ဒစ်ကြီးဟာ သူ့ထက် (၂၆)နှစ်ငယ်တဲ့ ကျမအဖေအပေါ် ဖခင်စိတ် ချက်ချင်းပြခဲ့ပါတယ်။ အဖေ့ရဲ့ နွမ်း ဖတ်ဖတ် ပါးလှပ်လှပ် ချည်ယူနီဖောင်းကို ကြင်နာတဲ့မျက်လုံးနဲ့ ဝေဖန်ပိုင်းခြားပြီး အဲဒီအဝတ်အစားနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်ဒစ်ကြီးက အပ်ချုပ်ဆရာတွေကို ပုံစံကျကျ ထူထူထဲထဲ သိုးမွှေးယူနီဖောင်း လေး- ငါးထည် အမြန်ချုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာ အဲဒီတုံးက တသက်မှာမကြုံဖူးအောင်အေးတဲ့ ဆောင်း ရာသီကိုတွေ့နေရတာ ကြားရတဲ့အတွက် ပန်ဒစ်ကြီးက အပေါ်ဝတ်ရုံအနွေးထည်ကြီး (ဂရိတ်ကုတ်) တထည်ကိုလည်း တနေရာကဆွဲပေးခဲ့ပါတယ်။ ကျမအဖေရဲ့ လူသိများတဲ့ဓာတ်ပုံတပုံမှာ သူ့အတကွ အတော်လေးကြီးနေတဲ့ အဲဒီ ဂရိတ်ကုတ်ကြီးထဲ မြုပ်ဝင်နေတာကို ပြထားပါတယ်။

၁၉၆၀ မှာ ကျမအမေ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ် ခန့်အပ်ခံရတဲ့အခါ ပန်ဒစ်နေရူးက ရင်းရင်းနှီးနှီး နွေးနွေး ထွေးထွေး စောင့်ရှောက်ခဲ့ပါတယ်။ အများပြည်သူပွဲလမ်းသဘင်တွေမှာဆိုရင်လည်း အမေ့ကိုတမင်ရွေးပြီး နေကောင်း ကျန်းမာလား မေးလေ့ရှိခဲ့ပါတယ်။ ဒီလို လူသားဆန်တဲ့နွေးထွေးမှုအမူအရာမျိုးတွေနဲ့ ပန်ဒစ်နေရူးဟာ လူမျိုးမရွေး ဘာသာမရွေး ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒီမိုကရေစီ ယုံကြည် ချက် နိုင်ငံတကာ့ဝါဒယုံကြည်ချက်တွေကို လက်မခံသူတွေကတောင် သူ့ဉာဏ်ပညာနဲ့ ရိုးဖြောင့်မှုကြောင့် လေးစား သွားကြပါတယ်။

ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်းကမ္ဘာကြီးကို ဖိစီးနှိပ်စက်နေတဲ့ ပြဿနာတပုံတခေါင်း အတွက် အကောင်းဆုံးဖြေရှင်းချက်တွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံ တို့ရဲ့အောင်မြင်မှုတွေက အင်မတန့်ကို အားဖြစ်စေပါတယ်။ ဒီအိန္ဒိယတိုက်ငယ်ဟာ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ အယူဝါဒတွေ အများကြီးရှိနေတဲ့တိုက်ငယ်ဖြစ်တယ်၊ ဒီနိုင်ငံဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းလှတဲ့ လူမျိုးရေး- ဘာသာရေးအဓိကရုဏ်း၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကြောင့် အနေအထားတွေ ဖရိုဖရဲဖြစ်သွားပြီး လပိုင်း အတွင်းမှာ ကံကြမ္မာနဲ့ချိန်းဆိုချက်အတိုင်း ရင်ကော့ခေါင်းမော့ပြီး ရှေ့တက်လှမ်းသွားခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ လူသားရဲ့ ဝမ်းတွင်းပါဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့နဲ့ ကိုယ့်ဖာသာကိုယ်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့သတ္တဝါအဖြစ် တန်ဖိုးထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ပြဿနာမရှိဘူး ဆိုတာကို ဒီ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးက
အကောင်းဆုံးသက်သေပြနေပါတယ်။ ကျမတို့နိုင်ငံလည်း မဝေးတော့တဲ့တနေ့မှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထား က ရှေ့ဆောင်လမ်းပြပြီး ဓမ္မ နဲ့ အဘယ တို့စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မြန်မာပြည်သူအများတကာ့ အများစုကြီးက နှစ်နှစ်ကာကာမျှော်လင့်နေပါတယ်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်မြေချင်းစပ်နေရုံမကပါဘူး။ မြန်မာ့ယဉ်ကျေးမှုရဲ့ ကျောရိုးဖြစ်တဲ့ ဗုဒ္ဓ ဘာသာဟာ အိန္ဒိယမြေပေါ်က ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကျမတို့ခေတ်ကာလရဲ့ ဧရာမနည်းပညာတိုးတက်မှု တွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီးသေးငယ်လာပေမဲ့ ပိုရှုပ်ထွေးပြီး အင်မတန်အန္တရာယ်ကြီးနိုင်စရာ ဖြစ်လာပါတယ်။ ဒီလိုကမ္ဘာကြီးမှာ ဗုဒ္ဓဝါဒကသင်ကြားပေးတဲ့ မေတ္တာ၊ ကရုဏာ၊ သည်းခံခွင့်လွှတ်မှု နဲ့ မိမိကိုယ်မိမိထိန်းချုပ်မှုတို့ဟာ တန်ဖိုးရှိလှတဲ့ အရည်အသွေးတွေဖြစ်ပါတယ်။ လူမျိုးအားလုံး လူအားလုံးကို ဘုံလူသားနွယ်ဖြစ်မှုက စည်းနှောင်ထား တာကို အသိအမှတ်ပြုဖို့၊ တယောက်ကိုတယောက် ပိုနားလည်စေတဲ့ အရည်အသွေးတွေကို မြေတောင်မြှောက်ပေးဖို့ တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။ သူတို့ရဲ့အမြော်အမြင်ကျယ်ပြောမှုနဲ့ တစိမ်းတရံစာနှလုံးသားတွေကို သိမ်းကျုံးယူနိုင်ခဲ့တဲ့ မဟတ္တမဂန္ဒီ နဲ့ ပန်ဒစ်နေရူးတို့လို ကြီးကျယ်မြင့်မားမှု တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။

ဒီကနေ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ဆက်လက်လျှောက် လှမ်းနေပါတယ်။ ကျမရဲ့နှလုံးသားနဲ့ အင်မတန့်ကိုရင်းနှီးလှတဲ့ ဒီနိုင်ငံကနေ နိုင်ငံတကာ့နားလည်မှုဆိုင်ရာဆု လက်ခံ ယူဖို့ ရွေးချယ် ခံရတာဟာ တကယ့်ကို ဂုဏ်ယူ စရာ ဖြစ်ပါတယ်။

သမတကြီးနဲ့ နေရူးဆု ကော်မတီ ဝင်များရှင့်၊ ကျမရဲ့တိုင်းပြည်၊ ကျမရဲ့ပြည်သူတွေနဲ့ ကျမကိုယ်တိုင်ကို ဂုဏ်ပြု တဲ့အတွက် ကျေးဇူး တင်ပါတယ်။

(ဒေါ်သန်းအေးက သမ္မတကြီး ဒေါက်တာရှန်ကာဒါယားရှားမ ထံမှ ဒေါ်စုကိုယ်စား ဆုလက်ခံယူခဲ့သည်။)


ကိုဇော်မိုးအောင် ( ကိုရီးယား ) မှ ပေးပို့ပါသည်။
၂ . ၄ . ၂၀၁၀

စာသားကို ဟံသာဝတီ မှ ကူးယူဖေါ်ပြပြီး ဓါတ်ပုံကို ကိုဒီရေ ဘလော့ဂ်မှ ကူးယူ ဖေါ်ပြထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

1 comments:

အစ်မရဲ့ အားထုတ်မှူ ကိုလေးစားပါတယ်...။