မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အပူဓါတ် လွန်ကဲခြင်း

အပူဓါတ် အလွန်အမင်းများတဲ့အချိန်မှာ ကျန်းမာနေသူများနှင့် မကျန်းမာသူများ အတတ်နိုင်ဆုံး ပြုမူကျင့်ကြံနေထိုင်နိုင်ရန် အကြံပြုချက် တချို့ဖြစ်ပါတယ်။ ကျန်းမာနေသူတယောက် နေထိုင်ရန် လိုအပ်ချက်က အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို ပြန်ထည့်ထားလိုက်ပြီး အပူဓါတ်ကြောင့် ပြဿနာရင်ဆိုင်နေရသူများအတွက် အကြံဥာဏ်က နယူးဆောက်ဝေးပြည်နယ် TAFE (Technical and Further Study) မှ ထုတ်ဝေတဲ့ ရှေးဦးသူနာ ပြုစုနည်းစာအုပ်ထဲက ကောက်နှုတ်ဖေါ်ပြထားပါတယ်။ ကမ္ဘာမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံက အပူချိန်ကို ဖါရင်ဟိုက်ဒီဂရီနဲ့ပဲ သုံးတယ် ဆင်တီဂရိတ်ဒီဂရီကို မသုံးဘူးဆိုတာ သိထားပြီး ကျွန်မကိုးကားတဲ့ စာအုပ်က သြစကြေးလျားက ဖြစ်နေတော့ အစပထမမှာ ဒီဂရီကို စင်တီဂရိတ်နဲ့ပဲ ဖေါ်ပြထားပါတယ်။ မြန်မာပြည်က စာဖတ်သူတွေသိအောင် ပြန်တွက်ဖို့ကလည်း တွက်ချက်နည်း မေ့နေလို့ အပူချိန် ဆင်တီဂရိတ်ကနေ ဖါရင်ဟိုက်ပြောင်းတဲ့ ပုံသေနည်းကို စာဖတ်သူများဆီက အကူအညီတောင်းပြီး စာဖတ်သူများက C-B0x နဲ့ မှတ်ချက်မှာ ထည့်ပေးခဲ့တဲ့ တွက်နည်းအတိုင်း တွက်ပြီး ဖါရင်ဟိုက်ဒီဂရီကို ပြန်ဖြည့်ထားပေးပါတယ်။ အပူချိန်ဒီဂရီ ပြောင်းနည်း ထည့်ထားပေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။



အပူဓါတ်လွန်ကဲမှုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်နေသူများအတွက် အကြံပြုချက်

အပူဓတ်လွန်ကဲခြင်းကို Hyperthermia လို့ ခေါ်ကြပါတယ်။ ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် များပြားလာခြင်းကြောင့် Heat exhaustion နှင့် Heat Stroke ဟူ၍ အဓိကပြဿနာ နှစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ လူတယောက်ရဲ့ ခန္ဓာကိုယ် သာမန်အပူချိန်က ဒီဂရီ ၃၆-၃၇ (တချို့သူတွက် 37.5 ) (C) စင်တီဂရိတ်၊ ၉၆.၈ - ၉၈.၆ (တချို့သူတွေအတွက် ၉၉.၅) (F) ဖါရင်ဟိုက် ဖြစ်ပြီး Heat Exhaustion ဖြစ်ပါက အပူချိန် ဒီဂရီ ၄၀ (C) စင်တီဂရိတ်၊ ၁၀၄ (F) ဖါရင်ဟိုက် နှင့် အထက်မှာ ရှိပါတယ်။ Heat Exhaustion ကို ပြင်းထန်တဲ့ ရာသီဥတု အပူချိန်ကြောင့်လည်းကောင်း၊ ပူသည့်အချိန်မှာ ကိုယ်လက်လှုပ်ရှားမှု များလွန်းခြင်းကြောင့်လည်းကောင်း ဖြစ်စေနိုင်ပါတယ်။ Heat stroke ကတော့ အပူချိန်လွန်ကဲခြင်း (သို့) တခြားအကြောင်းတခုခုကြောင့် ခန္ဓာကိုယ်အပူချိန် ရှိရာကနေ ပြန်မကျဘဲ တဖြည်းဖြည်းတက်လာပြီး ဆက်တိုက် အပူချိန် မြင့်တက်လာရင် ဖြစ်ပါတယ်။ ကိုယ်အပူချိန်ကို ပြန်ကျအောင် မလုပ်နိုင်ပါက Heat stroke က ဦးနှောက်ပျက်စီးခြင်း၊ ဘယ်တော့မှ ပြန်သတိမရနိုင်တဲ့ အထိသတိလစ်ခြင်း (coma)၊ နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ Heat exhaustion က ကလေးများနှင့် အသက်ကြီးရွယ်အိုများ၊ ရာသီဥတုနဲ့ မသင့်တော်သည့် အ၀တ်အစားများ ၀တ်ဆင်ခြင်း၊ ပူအိုက်လွန်းသော ရာသီဥတုရှိခြင်းကြောင့် အဖြစ်များပြီး Heat stroke က ကိုယ်အလေးချိန် များလွန်းခြင်း၊ အရက်ကိုအလွန်အမင်း သောက်သုံးခြင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ၊ ကျန်းမာရေး ချွတ်ယွင်းနေသူတွေမှာ အများဆုံး ဖြစ်စေနိုင်ပါတယ်။ သို့သော်လည်း မြန်မာပြည်မှာ လက်ရှိအခြေအနေမှာ အပူဓာတ် လွန်ကဲနေတဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေမှာတော့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဖြစ်လာရင် လူနာကို တခြားမိသားစုဝင်တွေက ဘယ်လိုကူညီရမယ်ဆိုတာကို သိထားသင့်ပါတယ်။

Heat exhaustion

Heat exhaustion လဏ္ခာများကတော့ ကိုယ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိခြင်း၊ အားအင်ကုန်ခမ်းပြီး အလွန်အမင်း ခေါင်းကိုက်ခြင်၊ ပျို့အန်ခြင်း၊ ရေဆာပြီး အစာအိမ်လှုပ်ရှားခြင်း (stomach cramps)၊ ခေါင်းမူးခြင်း၊ မေ့လဲခြင်း၊ ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်ခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

အကူအညီပေးရန်

-ရှေးဦးသူနာ ပြုစုနည်းကို သိထားသူ ဖြစ်ပါက DRABC ကို မပြတ်စောင့်ကြည့်ရန်
- လူနာက ပူတဲ့နေရာမှာ ရှိနေပါက အေးတဲ့နေရာကို ရွှေ့ပေးရန်
- လူနာကို လဲလျောင်းနေစေရန်
-ကြပ်တဲ့ အ၀တ်အစားဝတ်ထားသူ ဖြစ်ပါက ဖြေလျော့ပေးရန်
-ရေအေးနဲ့ ရေပတ်တိုက်ပေးရန်
-ရေအေး (သို့) အအေးအရည်တခုခုပေးရန်
-အပူမကျမချင်း ရေအေးဖြင့် ရေပတ်တိုက်ပေးပြီး အနီးကပ်စောင့်ကြည့်ကာ အခြေအနေ မတိုးတက်လာဘဲ ပိုဆိုးလာပါက အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပို့ရန်လိုအပ်ပါတယ်။

Heat Stroke

Heat Stroke လက္ခဏာများကတော့ အထက်ပါ Heat exhaustion မှာ ပါရှိတဲ့ အချက်များအပြင် လူနာဟာ စိတ်ထွေပြားလာပြီး အမူအရာ ပြောင်းလာခြင်း၊ အမြင်မှုန်ဝါးလာခြင်း၊ သွေးခုန်နှုန်း သိသိသာသာပိုမြန်လာခြင်း၊ အရေပြား ခြောက်သွေ့ပူပြင်းခြင်း (ချွေးမထွက်တော့ပါ)၊ တက်ခြင်း၊ သတိလစ်ခြင်း ခန္ဓာကိုယ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်နှင့် အထက် ၁၀၄ ဒီဂရီ ဖါရင်ဟိုက်နှင့် အထက်မှာပဲ ဆက်ရှိခြေင်း စသည့်အချက်များကို တွေ့ရမယ်။

အကူအညီပေးရန်

ချက်ချင်း၊ ဆေးရုံဆေးခန်း တင်ဖို့လိုပြီး ဆေးရုံဆေးခန်းနဲ့ ဆိုင်တဲ့ Ambulance staff, သူနာပြု၊ ဆရာဝန် စတဲ့ တယောက်ယောက်နဲ့ မတွေ့သေးခင်မှာ အောက်ပါအတိုင်း လိုက်နာပါ။

-ရှေးဦးသူနာ ပြုစုနည်းကို သိပါက DRABC အတိုင်း လုပ်ပါ။
-အတတ်နိုင်ဆုံး အေးတဲ့နေရာမှာ ထားပါ။
- သတိလစ်နေပါက Recovery position လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း ဖြောင့်အောင် လည်ပင်းကို ဘေးစောင်းထား၍ တခြမ်းမှောက်လျက် အနေထားနဲ့ ထားပါ။
- သွေးကြောကြီးများ တည်ရှိရာ လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံတ၀ိုက်မှာ ရေခဲ (သို့) ရေအေးကိုအ၀တ်ဖြင့်သော်လည်းကောင်း အိတ်ဖြင့်သော်လည်းကောင်း တင်ပေးပါ။
-သတိလုံးဝ ရနေပါက ရေအေး (သို့) အအေးအရည်တခုခု တိုက်ပါ (သတိလစ်ခြင်း (သို့) သတိရတချက်မရတချက် ဖြစ်နေချိန်မှာ မပေးရ)။

ကျန်းမာနေသူများအတွက် ကာကွယ်ရန် အကြံပြုချက်

လူခန္ဓာကိုယ်အတွင်းအပြင်၊ လူ့ပတ်ဝန်းကျင်နဲ့ လူတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ အမြဲတမ်း ရှင်သန်နေပါတယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။ ပူတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ရဲ့ ရေဓါတ်၊ သတ္တုဓါတ်တွေ ဆုံးရှုံးပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲက အဆက်မပြတ် ထွက်နေတဲ့ မိုက်ခရိုစကုတ်ဖြင့် ကြည့်မှသာ မြင်နိုင်တဲ့ ဘက်တီးရီးယားအပါအ၀င် ပိုးမွှားတွေဟာ ချွေးနဲ့ရောနှောနေပြီး အချိန်မရွေး လူကို ဒုက္ခပေးနိုင်ပါတယ်။ သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါ အမျိုးမျိုးရဖို့ သိပ်ကိုလွယ်ပါတယ်။ ၀မ်းလျှော၊ ၀မ်းကိုက် ပျို့အန်တာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကတဆင့် ခန္ဓာကိုယ်ရဲ့ ရေနဲ့ သတ္တုဓါတ် ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းလို့ ကိုယ်အပူအချိန်ကို ပုံမှန်အတိုင်း မထိန်းနိုင်ဘဲ အေးလွန်းခြင်း၊ ပူလွန်းခြင်း ဖြစ်ကာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်မှာ အစာရေစာကို လုံလောက်မျှတအောင် စားသုံးပြီး တကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ အထူးလိုအပ်ပါတယ်။ အစာရေစာ လုံလောက်မျှတဖို့ ဆိုတဲ့နေရာမှာ ပုံမှန်ကျန်းမာရေးကို ထိန်းသိမ်းတဲ့ အာဟာရနဲ့ သတ္တုဓါတ်များ မချို့တဲ့စေရန်နှင့် ရေဓါတ်မခန်းခြောက်စေရန် ဟင်းသီးဟင်းရွက်နှင့် ရေကို များများသောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ ချွေးထွက်လွန်ပြီး အားအင်ကုန်ခမ်းကာ မောမမ်းနွမ်းနယ်နေပါက ရေဓါတ်နဲ့ ဆားဓါတ်ကို ပြန်လည်ဖြည့်ပေးတဲ့ ဓါတ်ဆားရည် ဖျော်သောက်သင့်ပါတယ်။ (အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို ဖြည့်စွက်ရေးထားပြီး အကြံပြုသူများ၏ ထောက်ပြချက်ဖြင့် အနည်းငယ် ထပ်ပြီး ပြင်ဆင်ဖြည့်စွက်ထားပါတယ်)။ ဒေါက်တာ ဇိဝကရဲ့ ရေအကျိုး ၁၀ ပါးကိုလည်း ဒီနေရာမှာ သွးဖတ်ပြီး လိုက်နာကျင့်သုံးပါက အပူဓါတ်လွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်သည့် ဆက်ပွားအန္တရယ်များကို တစိတ်တဒေသ ကာကွယ်နိုင်ကြောင်း အကြံပြုပါတယ်။

မြန်မာပြည်သူများအားလုံး အပူလွန်ကဲခြင်းနှင့် ရေရှားပါးခြင်းမှ အမြန်ဆုံးလွန်မြောက်နိုင်ပါစေ။

15 comments:

F to C conversion
C is Celsius
F is Farenheit
C = 5/9 (F-32)

whatever u want to convert , use google.
Just Enter as like following.
Eg. " 37.5 centigrade in fahrenheit "

C = 5/9 (F-32)

F = 9/5 (C+32 )..

မြန်မာ ပြည်သူများ ၊ ပူလောင် ပျက်စီးခြင်း မှ ကင်းဝေးကြပါစေ

အမှား၁) ရာသီဥတု ပူတဲ့အချိန်မှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။
အမှန်နဲ့  အကြောင်းရင်း http://www.mondofacto.com/facts/dictionary?optimum+temperature
http://wiki.answers.com/Q/Define_optimum_temperature
လူကိုမှီတွယ်နေကြတဲ့ bacteria and virus ဟာ အပူချိန် ၃၄ကနေ ၄၀အတွင်းသာ ပွားနိုင်ပါတယ် ။ ဒီထက် ပူ/အေးလာရင် ပွားနှုန်းဟာလျော့သွားတန့် သွားပါတယ် ။

အမှား၂) ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။
အမှန် နဲ့ အကြောင်းရင်း
ဒါမှာတော့ အရေပြားကို လာနေတာဟာ သွေးဖြစ်ပါတယ် ။ သွေးဟာ အထူးအခြေအနေတချို့ လေးကလွဲရင် ( transient bacteriaemia ) ဘာပိုးမှမပါပါ ။ ဒါကြောင့်သွေးကိုစစ်ထုတ်လိုက်သော ချွေး ဟာ ဘာပိုးမှ မပါပါ ။ ချွေးဂလင်းအတွင်းနေသောပိုးများ( skin commensals ) ရှိသော်လည်း ပြင်ပပိုပူချိန်မှာ အရေပြားမှာပိုးပိုပွါးတယ်ဆိုတာ မှားနေပြန်တယ် ။ အမှား၁)ကအပေါ်က အချက် ၁) ကြောင့် နောက်တချက်က လူဟာ သွေးနွေးသတ္တ၀ါဖြစ်ပြီး ပြင်ပအပူချိန် ဘယ်လိုဘဲနေပစေ ။ core temperature 37 and surface temperature 35 ကို ဆက်တိုက်ထိန်းထားလို့ ဖြစ်ပါတယ် ။

အမှား ၃) အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊
အပေါ်က အချက်တွေ မှာရှင်းပြီး ။
အမှား၎)ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါ အမျိုးမျိုးရဖို့ သိပ်ကိုလွယ်ပါတယ်။
လူရဲ့ ကိုယ်ခံအား တနည်း body defence mechanism မှာ လတ်တလော ရေနဲ့  သတ္တုဓါတ်တွေ ဆုံးရှုးခြင်း (acute dehydration ) နဲ့  လုံးဝမသက်ဆိုင်ပါ ။ Chronic deficiency of copper and zinc မှာ ဖြစ်တတ်တယ်လို့ သီအိုရီရှိသော်လဲ ခုထိတော့ မရေရာသေးပါ ။

အမှား၅) သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့
ဒီမှာလဲ အစားကနေ ကူးစက်ရောဂါများဟာ လူရဲ့  gut resistance ပေါ် မီသော်လည်းဘဲ food hygiene ပျက်တာနဲ့  ဒုက္ခပေးကိုပေးပါတယ် ။ သိထားဘို့ က လက်ဆေးတယ်ဆိုတာ food hygiene မှာ နောက်ဆုံအဆင့်ပါ ။ ဘာအစားမဆို စပြီး ပြင်သည်ကနေ စားသည်ထိ food processing hygiene မကောင်းတာကို စားရင် ပြဿနာကို ရှိပါတယ် ။
ရာသီဥတု ဖေါက်ပြန်တိုင်း အထူးသဖြင့် မိုးခေါင်ခြင်း ရေလျှံခြင်းတွေမှာ ၀မ်းနဲ့  ပါတ်သက်သောရောဂါများအဖြစ်များတာဟာ breakdown in food processing hygiene သာဖြစ်ပါကြောင်း

17 May 10, 15:47
လသာည: Tc = (5/9)*(Tf-32); Tc = temperature in degrees Celsius, Tf = temperature in degrees Fahrenheit.
17 May 10, 16:17
စင်တီဂရိတ် --> ဖာရင်ဟိုက်: စင်တီဂရိတ်ကို ဖာရင်ဟိုက် ပြောင်းချင်ရင် ပြောင်းချင်တဲ့ စင်တီဂရိတ်ကို ၉ နဲ့ မြှောက်ပြီး ၅ နဲ့ စားလို့ ရတဲ့ ရလဒ်ကို ၃၂ နဲ့ ပေါင်းပါ။
17 May 10, 16:12
ဖာရင်ဟိုက် --> စင်တီဂရိတ်: ဖာရင်ဟိုက်ကို စင်တီဂရိတ် ပြောင်းချင်ရင် ပြောင်းချင်တဲ့ ဖာရင်ဟိုက်ထဲက ၃၂ နှုတ်လို့ ရတဲ့ ရလဒ်ကို ၅ နဲ့ မြှောက်ပြီး ၉ နဲ့ စားပါ။
17 May 10, 16:05
စင်တီဂရိတ် --> ဖာရင်ဟိုက်: [° Fahrenheit] = 9 ⁄ 5 x [° Centigrade] + 32
17 May 10, 16:03
ဖါရင်ဟိုက် --> စင်တီဂရိတ်: [° Centigrade] = 5 ⁄ 9 x ( [° Fahrenheit] − 32)
(ပို့စ်နဲ့ ဆိုင်နေလို့ C-Box က ကူးပြီး သိမ်းထားလိုက်ပါတယ်)။

ပို့စ်တင်ပြီး ချက်ချင်း ကျောင်းသွားလိုက်ရလို့ စာလုံးပေါင်းတွေစစ်မအား၊ ဖါရင်ဟိုက်ဒီဂရီတွက်ဖို့ ပုံသေနည်း ရှာမအား ဖြစ်သွားပါတယ်။ လာဖတ်ပြီး အချိန်ဒီဂရီပြောင်းပုံ ပေးခဲ့သူများဖြစ်တဲ့ လသာည၊ Nanda, AungH, kiki တို့နဲ့ မမှားတာကို အမှားအဖြစ် နားလည်မှု လွဲပြီး လာထောက်ပြသွားတဲ့ ဆရာတင့်ကို ကျေးဇူးတင်ပါတယ်။ ဆရာတင့် ထောက်ပြတာကိုတော့ သီးသန့် ပြန်ဆွေးနွေးမယ်နော့်။ ဆရာတင့်က မှားတယ်ထင်တာကိုတော့ ထောက်ပြသွားပြီး တချို့ မြန်မာလိုပြန်ဖို့ လိုတာတွေကိုလည်း စာဖတ်သူတွေ လွယ်လွယ်နဲ့ နားလည်အောင် ပြောပြခဲ့ဖို့သင့်ပါတယ်။ ကျွန်မကို မှားနေတယ် ထင်ရင် အပြုသဘောနဲ့ ဘယ်သူမဆို ထောက်ပြနိုင်ပါတယ်။ ကျွန်မက သာမန် လူတွေ နားလည်အောင် ယေဘုယျ ဆန်ဆန် ရေးထားတာပဲ ရှိပါတယ်၊ အချက်အလက်တွေ တခုမှ မမှားပါဘူး ဆရာတင့် နားလည်မှု လွဲတာသာ ဖြစ်တယ်။ ကျွန်မ ပြောတာ တခြား ဆရာထောက်ပြတာ တခြားဖြစ်နေတာကို သီးသန့်မှတ်ချက်တခု ပြန်ရေးပြီး ရှင်းပြမယ်နော့် ခဏစောင့်ပါ။ ကျွန်မ အခုပဲ ကျောင်းက ပြန်လာလို့။

ဆရာတင့် ထောက်ပြထားတဲ့ အမှားတွေကို တခုချင်း ကျွန်မ ပြန်ရှင်းပြီနော့်။
ဆရာတင့် ပေးထားတဲ့ အချက်အလက် တွေအတော်များများကို ငြင်းစရာ မရှိဘူးဆိုတာ ပထမဆုံး ပြောလိုပါတယ်။ ပေးထားတဲ့ အချက်အလက်တွေက မှန်ပေမဲ့ ကျွန်မကို ထောက်ပြထားတဲ့ အချက်တွေက ဒါတွေနဲ့ မဆိုင်ဘူး ဆိုတာအကြောင်းပြန်ချင်ပါတယ်။

အမှား (၁) မှာကတည်းက ဆရာစပြီး လွဲနေပြီ။ ဘက်တီးရီးယားပိုးပွားနှုန်းက ပူတဲ့အချိန်မှာ သာမန်အချိန်ထက် မြန်တယ်ဆိုတာကို မှားတယ်လို့ ပြောတယ်၊ ပြီးတော့ ဆရာက အပူချိန် ၃၄-၄၀ ဒီဂရီအတွင်းမှာသာ ပွားနိုင်တယ်လို့လည်း ပြောထားတယ်ဆိုတော့ သာမန်အပူချိန်ဆိုတာ ဆရာက ဘယ်လောက်ကို ပြောတယ်ဆိုတာ ကျွန်မသိပါ။ ကျွန်မတို့ သင်ရတာတော့ သာမန် Room temperature ဆိုတာ ၂၁-၂၄ ဒီဂရီပဲ ဖြစ်တယ်။ အဲဒီတော့ ၃၄-၄၀ က ၂၄ ထက်များတယ်ဆိုတကည်းက သာမန်ထက် ပိုများတဲ့အပူချိန်ဆိုတာ ကျွန်မပြောတာ ဘာများမှားသွားသလဲ။

အမှား၂) ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။ ဆိုတာကို မှားတယ် ပြောထားပြီး (((“ချွေးဂလင်းအတွင်းနေသောပိုးများ( skin commensals ) ရှိသော်လည်း ပြင်ပပိုပူချိန်မှာ အရေပြားမှာပိုးပိုပွါးတယ်ဆိုတာ မှားနေပြန်တယ်” ))) ဆိုတဲ့အချက်အရ ချွေးဂလင်းထဲမှာ ပိုးရှိတယ်ဆိုတာတော့ ဆရာ လက်ခံတယ်ဆိုတာ သေချာတယ်။ အဲဒီပိုးတွေက ချွေးနဲ့အတူ အပြင်ရောက်လာပြီး ပြင်ပအပူချိန်က ၃၄-၄၀ အကြား (ကျွန်မဆိုလိုတဲ့ သာမန်ထက် အပူများချိန်) ဖြစ်နေရင် ပွားတယ်ဆိုတာ ဆရာလက်ခံပြီးသား ဖြစ်နေပြီ။

(((အမှား ၃) အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ))) ဒါကလည်း အပေါ်ကအချက်ကို ပြန်ရေးထားပဲ ဖြစ်လို့ သာမန်အခြေအနေဆိုတာ သာမန်အပူချိန်ရှိတဲ့ အခြေအနေကို ဆိုလိုတယ်ဆိုတာ သဘောပေါက်ရင် ထပ်ရှင်းစရာ လိုမယ်မထင်ဘူး။ ဒီလိုသာ လက်မှာ ရောဂါပိုးမရှိရင် လူနာကို မကိုင်ခင် လက်ဆေးနေစရာလိုမလား။ Operating Theatre မ၀င်ခင် လက်ဆေးခြင်း Sterile Gloves တို့ Sterile gown တို့ ချိန်းစရာလိုမလားဆိုတာ စဉ်းစားစရာ ရှိပါတယ်။ ဆက်ရန်...

ဆရာပြောတဲ့ အမှား ၄ နဲ့ အမှား ၅ က ဆင်တူလို့ တခုတည်း အကြောင်းပြန်လိုက်မယ်။ အမှား ၄မှာ ကျွန်မဆိုလိုတာကို ဆရာ နားလည်မှုလွဲတာ မဟုတ်ရင် ကပ်ပြောတယ်လို့ပဲ ယူဆရလိမ့်မယ်။ ကျွန်မအနေနဲ့ Thermoregulation တို့ Electrolyte imbalance တို့ကို သာမန်စာဖတ်သူတွေကို ပြောနေရင် ပိုရှုပ်နေမှာစိုးလို့ အလွယ်ဆုံးနားလည်အောင် အရိုးရှင်းဆုံး ပြောလိုက်တာပဲ ရှိတယ်။ ဒါကို ဆရာက မှားတယ်ဆိုပြီး ထောက်လာတော့ နည်းနည်းတော့ ပြန်ရှင်းလိုက်မယ်။ ပူအိုက်လွန်းလို့ ချွေးအလွန်အမင်း ထွက်နေသူတယောက်မှာ ဆားဓါတ် (Sodium) အတော်များများက ချွေးနဲ့အတူ ပါသွားမှာ ဖြစ်လို့ ဆဲလ် အတွင်းအပြင်မှာ ရှိသင့်တဲ့ အရည်တွေလည်း ပုံမှန်လယ်ဘယ်အတိုင်း ရှိတော့မှာမဟုတ်ဘူး။ ရေမသောက်ဖြစ်ရင်လည်း Dehydration ဖြစ်ဖို့ ရှိပြီး သောက်ဖြစ်ပြန်ရင်လည်း ဆဲအပြင်ဘက်မှာ ရေတွေ ပိုစုလာမယ် Cerebral Oedema အထိ ဖြစ်သွားနိုင်တယ်။ ပြီးတော့ အခြေအနေ အဆိုးကြီးမဟုတ်ရင်တောင်မှ ဆဲလ်တခုရဲ့ အတွင်းနဲ့အပြင် exchange လုပ်တဲ့ Sodium and Potassium imbalance အတိုင်းအတာ တခုထိ (mild အဆင့်ထိ) ဖြစ်မှာ သေချာတယ်။ ဒီလိုအခြေအနေမှာ Thermoregulation ကို ဆောင်ရွက်ပေးနေတဲ့ Nervous System ကိုလည်း သွားထိခိုက်ပြီး ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အတိုင်း ထိန်းညှိမနိုင်တော့ဘဲ Central Nervous System က ထိန်းချုပ်ထားတဲ့ တခြား System တွေ အားလုံးကိုပါ သွားပြီးထိခိုက်နိုင်တယ်။ အဲဒီလို အခြေအနေမှာ စားလိုက်တဲ့ အစားအစာကို အစာချေအင်္ဂါအဖွဲ့အစည်းက ကောင်းကောင်း တုံ့ပြန်ဖို့ မရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ အစာကို ချေတာ Digestive System တခုတည်း လုပ်တာမဟုတ်ဘူး Central Nervous System နဲ့ ဆက်စပ်နေတဲ့ Endocrine System ပါ ပါရပါတယ်။ အစာအပြင် လက်ကပါလာတဲ့ ပိုးမွှားတွေပါ ကပ်ပါလာရင် ဘယ်လိုမှ တုံ့ပြန်ခုခံနိုင်တဲ့အားမရှိဘဲ ပြန်အန်တာ ၀မ်းလျှောဝမ်းပျက်တာ ဖြစ်မှာသေချာတယ်။ ခုနက ချွေးထွက်လွန်ပြီး ဖြစ်ချင်နေတဲ့ Electrolyte imbalance က ဒီအချိန်မှာ ကျိန်းသေဖြစ်ဖို့ သေချာသွားပြီး ခန္ဓာကိုယ် Body System အားလုံး ရပ်ဆိုင်းသွားနိုင်တယ်။ ကျွန်မ ဒါကိုပြောချင်ခဲ့တယ် ဒါပေမဲ့ စာဖတ်သူတွေအတွက် အကျိုးမရှိဘူး။ စိတ်လည်း ၀င်စားမှာမဟုတ်ဘူး စိတ်မ၀င်စားရင် ဘယ်သူမှလည်း နားလည်မှာ မဟုတ်သလို ပြီးအောင်လည်း ဆက်ဖတ်ကြမှာမဟုတ်ဘူး။ ဒါကြောင့် လက်ရှိအရေးပေါ်လိုအပ်နေတာကိုပဲ ပြောလိုက်ရလို့ လူတွေရဲ့ လက်မှာ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ပိုးတွေ ရှိတယ်ဆိုတာသိပြီး လက်ကိုအလေးအနက်ထားပြီး ဆေးအောင် ပြောလိုက်တာသာ ဖြစ်တယ်။ ဆက်ရန်...

ကျွန်မ ဒီပို့စ်ကို ရေးတာက လတ်တလော လိုအပ်တယ်လို့ ယူဆတာနဲ့ စာဖတ်သူတယောက်ကလည်း တောင်းဆိုထားတာကို ဘယ်သူမှ ရေးသမား မရှိလို့ ရေးတာဖြစ်ပြီး တစုံတရာ လွဲချော်နေရင်လည်း အဖွဲ့ဝင်တွေထဲက ထောက်ပြလိမ့်မယ်ဆိုတာ မျှော်လင့်ထားပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ဆရာ
ကျွန်မကို မှားတယ်ဆိုပြီး ထောက်ပြတာက အကြောင်းမဟုတ်ပေမဲ့ ထောက်ပြတာတခြား၊ ကျွန်မဆိုလိုတာက တခြား ဖြစ်နေတော့ ဆရာဝန်တယောက် ဖြစ်တဲ့ ဆရာ ပြောလိုက်တဲ့ စကားတွေက စာဖတ်သူတွေကို သူတို့လက်မှာ ဘာရောဂါပိုးမှ မရှိဘူးလို့ အထင်ရောက်သွားပြီး Infection Control ကို ထိန်းချုပ်ရကောင်းမှန်းမသိ ဖြစ်သွားနိုင်လို့ မဆုံးရှုံးသင့်တဲ့ အသက်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ လက်မှာ ဘက်တီးရီးယား ရှိမရှိ ဆရာ ဓါတ်ခွဲခန်းက ဂျယ်လီခွက်ထဲမှာ လက်မနှိပ်ပြီး မတူတဲ့ အပူချိန်ရှိတဲ့အထဲမှာ ထားပြီး Experiment လုပ်ဖူးရင် သိလိမ့်မယ်။ အရင်ခေတ်က ကျောင်းသားတွေကို ဒါတွေ သင်မသင် ကျွန်မမသိပေမဲ့ ခုခေတ်ကျောင်းသားတွေ Health Care နဲ့ ပတ်သက်တဲ့သူတိုင်း အကုန်သင်ရပါတယ်။ ကျောင်းမှာ သင်ခဲ့တာအပြင် ဆေးရုံတွေက Medical and Surgical တို့ Peri-operative Care တို့လို Acute Care Ward တိုင်းမှာလည်း Occupational Staff တွေက တပတ်တခါ (သို့) နှစ်ပတ်တခါ လာလာပြီးတော့ ဘက်တီးရီးယား ကပ်လေ့ရှိတဲ့ Crystal Violet နဲ့စမ်းသပ်ပြီး ဘက်တီးရီးယားဟာ လူကိုအချိန်မရွေး ဒုက္ခပေးနိုင်တဲ့အကြောင်း အမြဲသတိရှိနေအောင် လာစမ်းသပ်ပြတာမျိုး ရှိပါတယ်။ လက်ကိုအသေအချာ ဆေးပြီး ပြန်ကြည့်ရင်တောင် လက်သည်းကြား လက်ချောင်းကြားမှာ တွေ့ရသေးတယ်။ ဆရာက GP ဆိုတော့ ဆေးရုံနဲ့ ကင်းကွာနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ကျွန်မ Microorganisms အကြောင်းကို သင်ရတာ၂၀၀၈ ခုနှစ်ကပါ။ ကျွန်မကိုးကားတဲ့ စာအုပ်က ၂၀၀၆ နဲ့ ၂၀၀၅ မှာ ထုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာလာထောက်ပြလို့ ပြန်ရှင်းပြခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာ့ကို ကျွန်မ တခုမေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မ မေးခွန်းတွေ ဖြေထားတဲ့ ပို့စ်မှာ မေးခွန်းတချို့ မဖြေဘဲ ကျန်နေတာ ရှိပါတယ်။ ဒါကို သက်တန့်ချိုနဲ့ ဇိဝကကို မေတ္တာရပ်ခံထားပေမဲ့ သူတို့က အခုချိန်မှာ မြန်မာပြည်ထဲမှာ ရာသီဥတု အခြေအနေကြောင့် လူနာတွေနဲ့ လက်မလည်ဘဲ ဖြစ်နေနိုင်တယ်လို့ ကျွန်မထင်တယ်။ အဲဒါကို ဆရာအချိန်ရရင် ဖြေပေးဖို့ အကူအညီတောင်းချင်ပါတယ်။ အချိန်မရရင်တော့ ထားလိုက်ပါ။

17 May 10, 23:56
Ko Aryu: ဆရာမ မငယ်နိုင်သို့ ၊ မနက်က ဆရာမက စင်တီဂရိတ်ကနေ ဖါရင်ဟိုက်ပြောင်းတဲ့ ပုံသေနည်းကို မေးလို့ "ဖါရင်ဟိုက် --> စင်တီဂရိတ်" ရော၊ "စင်တီဂရိတ် --> ဖာရင်ဟိုက်" ရော ပြောင်းချင်ရာကို ပြောင်းနိုင်အောင် ပုံသေနည်း ၂ ခုကို ရေးပေးသွားပါတယ�
17 May 10, 23:57
Ko Aryu: ပုံသေနည်း ၂ ခုကို ရေးပြီးတော့ "အဲဒီ ပုံသေနည်း ၂ ခုကို ဒီအတိုင်း မှတ်ရတာထက် မြန်မာလို မှတ်ရတာ ပိုပြီး လွယ်လွယ်ကူကူ မှတ်မိနိုင်မယ်" ထင်လို့ မြန်မာလို မှတ်ဖို့ စာသား ၂ ခုပါ ထပ် ရေးပေးခဲ့ပါတယ်။
17 May 10, 23:58
Ko Aryu: မနက်က ၄ မျိုးနဲ့ အခု ၂ မျိုး အားလုံး ၆ မျိုးထဲက စာဖတ်သူအနေနဲ့ ကိုယ့်အတွက် မှတ်ရတာ အဆင်ပြေမယ့် နည်း ၂ နည်းကိုပဲ မှတ်ထားဖို့ပါ။
17 May 10, 23:59
ဖာရင်ဟိုက် --> စင်တီဂရိတ်: (5) ဖာရင်ဟိုက်ကို စင်တီဂရိတ် ပြောင်းချင်ရင် ပြောင်းချင်တဲ့ ဖာရင်ဟိုက်ထဲက ၃၂ နှုတ်လို့ ရတဲ့ ရလဒ်ကို "၅ / ၉" (၉ ပိုင်း၊ ၅ ပိုင်း) (၉ ပုံ၊ ၅ ပုံ) နဲ့ မြှောက်ပါ။
17 May 10, 23:59
စင်တီဂရိတ် --> ဖာရင်ဟိုက်: (6) စင်တီဂရိတ်ကို ဖာရင်ဟိုက် ပြောင်းချင်ရင် ပြောင်းချင်တဲ့ စင်တီဂရိတ်ကို "၉ / ၅" (၅ ပိုင်း၊ ၉ ပိုင်း) (၅ ပုံ၊ ၉ ပုံ) နဲ့ မြှောက်လို့ ရတဲ့ ရလဒ်ကို ၃၂ နဲ့ ပေါင်းပါ။

ကျေးဇူးတင်ပါတယ် ကိုအာယု၊ သြစကြေးလျားမှာ ဖါရင်ဟိုက်ကို မသုံးပေမဲ့ သိတော့ သိထားသင့်ပါတယ်။

kiki ရေးထားတဲ့ ပုံသေနည်း ၂ ခုမှာ ၁ ခု မှားနေပါတယ်။

စင်တီဂရိတ်ကို ဖာရင်ဟိုက် ပြောင်းတဲ့ ပုံသေနည်းကို F = 9/5 (C+32 ) လို့ ရေးထားတာ မှားနေပါတယ်။

အမှတ်မှားမှာ စိုးလို့ ပြင်ပေးပါရစေ။

စင်တီဂရိတ်ကို ဖာရင်ဟိုက် ပြောင်းချင်ရင် ပြောင်းချင်တဲ့ စင်တီဂရိတ်ကို "၉ / ၅" (၅ ပိုင်း၊ ၉ ပိုင်း) (၅ ပုံ၊ ၉ ပုံ) နဲ့ အရင် မြှောက်ပြီးမှ မြှောက်လို့ ရတဲ့ ရလဒ်ကို ၃၂ နဲ့ ပေါင်းရမှာပါ။

F = 9/5 C + 32 လို့ ရေးမှ မှန်မှာပါ။

ချွေးထွက်လို့ bacteria တွေ စိမ့်ထွက်ပါတယ်လို့ မပြောသင့်ဘူး။ အဲဒီ concept က သိပ်မမှန်ဘူး။ skin commersals လောက်ပဲ ကာဗာဖြစ်တယ်။ အဲလိုပြောမဲ့အစား sweat ဟာ good culture for bacterial growth လို့ ပြောသင့်တယ်။ excessive sweating ကြောင့် အရေပြားရောဂါတွေ ရနိုင်တယ်လို့ ပြောချင် ပြောနိုင်မယ်။

refractory immunosuppression ဟာ electrolyte immbalace ကြောင့် မဟုတ်ဘူး။ imflammatory and anti imflammatory imbalance ကြောင့် ဖြစ်တယ်။ electrolyte imbalance ကို ဒီနေရာမှာ သုံးလိုက်တဲ့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်လုံးလုံး မရေးမိဘဲ ကျန်ခဲ့တယ်။ အဲဒါကတော့ hyponatraemmia ပဲ။ cardiac arrest ရနိုင်တယ်။ စာရေးသူက အလွန်အရေးကြီးတဲ့ ဆိုဒီယမ် စားဖို့ အကြံပြုထားတာ မတွေ့ရဘူး။ concept လိုလို့ အဲလိုဖြစ်ရတာပဲ။

immunosuppression ကြောင့် infection prone ဖြစ်တာ မှန်တယ်။ ၀မ်းရောဂါမှမဟုတ်ဘူး။ အကုန်ဖြစ်နိုင်တယ်။ Endocrine ကလည်း Acute phase မှာ ဒီလောက် အရေးပါတာ မဟုတ်ဘူး။ အဲဒါကို နေပူလို့ ၀မ်းလျှောတာ၊ ချွေးကရတဲ့ ပိုးကြောင့် ၀မ်းလျှောတာပါလို့ကြံဖန် စဉ်းစားရင် food poisoning ကို လက်လွတ်သွားနိုင်တယ်။

ဥပမာ အခု နယ်တစ်နယ်မှာ လူရှစ်ဆယ်ကျော် ၀မ်းလျှောနေတယ်ဆိုတာဟာ food poisoning ဖြစ်နိုင်တယ်။ source ကို ရှာဖွေဖို့ လိုအပ်တယ်။ သွေးရိုးသားရိုး ချွေးထဲကပါတဲ့ ပိုးတွေ ပါးစပ်ထဲဝင်လို့ ဖြစ်တာ မဟုတ်ဘူး။

Basic concept ကို ဆရာတင့်ဦးက ထောက်ပြတာ ဖြစ်ပါတယ်။ working concept တွေကြောင့် အလုပ်ဖြစ်သလိုလို ရှိပေမဲ့ အခြေခံမှားနေတော့ တချို့ဟာတွေက လစ်လပ်နေခဲ့တယ်။ ဥပမာ core temperature ကိုသာ 40 လို့ဆိုတာ လူနာက ချိုင်းကြားမှာတိုင်းရင် ဘယ်လောက်ဖြစ်မတုန်း ကွဲကွဲပြားပြား မဆိုနိုင်တာ... ဆိုဒီယမ် နည်းတဲ့ အန္တရာယ်ကို သတိမမူမိတာတို့။ heat exhaustion မှာ sweating ကျန်သေးလို့ body temperature normal ဖြစ်နေနိုင်တယ်လို့ ကျန်နေတတ်ပါတယ်...

အမငယ် အားလုံးရဲ့ တောင့်တမှုကြောင့် ထင်ပါတယ် ရန်ကုန်မှာ မနေ့က မိုးရွာပြီ အမငယ် ပျော်ရွှင်ပါစေနော်း)

ဆရာ Horizontal ရဲ့ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ဓါတ်ဆားရည် သောက်သင့်တယ်ဆိုတာ ပို့စ်မတင်ခင်က ရေးဖို့ သတိရပေမဲ့ နောက်ပိုင်း ရေးတဲ့အချိန်မှာ မေ့ကျန်သွားတယ်။ ဓါတ်ဆားရည်ကို အိမ်မှာဖျော်လို့ရတဲ့နည်းအတွက် ဆား၊ သကြား၊ ရေအချိုးအဆလေး သိရရင်တော့ ကျွန်မပို့စ်ထဲမှာ ထည့်ဖြည့်ပေးချင်ပါတယ်။ ပူတဲ့ မြန်မာပြည်မှာ ရာသီဥတု ဖေါက်ပြန်တဲ့ အချိန်မှမဟုတ်ဘူး အချိန်မရွေး အသုံးဝင်နိုင်ပါတယ်။ Electrolyte imbalance က hyponatraemmia တခုတည်းကို ဖြစ်စေနိုင်တာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲက အခြားသတ္တုဓါတ်တွေနဲ့လည်း အကျုံးဝင်တဲ့အတွက် တခုတည်းကို သီးသန့်မဖေါ်ပြဘဲ အားလုံးကို ချုံပြီး Electrolyte imbalance ပဲ ပြောလိုက်တာဖြစ်တယ်။ ဖြစ်တယ်။ ဆရာတင့် ထောက်ပြတာက မှားတယ်လို့ တခုပြီးတခု ပြောထားပြီး စာဖတ်သူတွေအတွက် ဖြည့်စွက်ထည့်သွင်းဖေါ်ပြသင့်တာ ဘာတခုမှ အကြံမပြုဘဲ ကျွန်မပြောထားတဲ့ အချက်အလက်တွေကိုပဲ ပိုမိုအသေးစိတ်ကျတာတွေကို ပြန်ရေးထားသလိုပဲ တွေ့ရလို့ ပြန်ပြောတာ ဖြစ်တယ်။ ကျွန်မလည်း ပြန်ပြီး ကပ်ပြောမယ်ဆိုရင် ဘက်တီးရီးယားက အပူချိန် "၃၄-၄၀ အတွင်းမှာ ပွားနှုန်းအများဆုံး" ဖြစ်တာကို ဆရာတင့်က "၃၄-၄၀ အတွင်းမှာသာ" ပွားနိုင်တယ်လို့ ရေးထားတာကို ပြန်ကပ်ငြင်းလို့ ရတာပေါ့။ ဒါပေမဲ့ ဆရာတင့် ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မသဘောပေါက်လို့ ငြင်းနေစရာ မဟုတ်ပါဘူး။ ဒီပို့စ်အတိုင်းအတာနဲ့ စာဖတ်သူတွေကလည်း ကိန်းကဏန်းအတိအကျနဲ့ ဘယ်အချိန်ဘယ်လောက်ပွားနှုန်းရှိတယ်ဆိုတာ သိဖို့မလိုဘူး အကြမ်းဖျင်းပဲ သိဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မပို့စ်က Health Care Professional တွေအတွက် Micro level တွေကို အသေးစိတ် ဖေါ်ပြတာ မဟုတ်ဘဲ လက်ရှိလူအများစု နားလည်ဖို့ သတိထားမိဖို့ ရေးထားတာသာ ဖြစ်ပါတယ်။ စိတ်ဝင်တစား ရှိလွန်းလို့ ထပ်လေ့လာချင်သူတွေ ရှိရင်လည်း ဒီဘလော့ဂ်အတိုင်းအတာနဲ့ လုံလောက်မှာ မဟုတ်ဘူး။ ဆရာတို့နှစ်ယောက် ဆိုလိုချင်တာကို ကျွန်မ သဘောပေါက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဆရာပြောတဲ့ ပထမအချက် ချွေးနဲ့ ဘက်တီးရီးယား ဆက်စပ်မှုကို ကျွန်မ ပြင်ဆင်ဖြည့်စွက်လိုက်မယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ဓါတ်ဆားရည် အိမ်မှာဖျော်နည်းလေး သိရရင်လည်း ကောင်းမယ်။

ဂဏန်းတွေ မှတ်ရတာ ရှုပ်တယ်။ အခြေခံ သိထားရင် ပြန်မှတ်မိလွယ်ပါတယ်။

စင်တီဂရိတ် က ရေဆူမှတ်ကို ၁၀၀ မှာ အခြေခံတယ်။
ဖာရင်ဟိုက်ကတော့ ၁၈၀ မှာ အခြေခံတယ်။

သိလိုတဲ့ ဟာတွေ ကို အနဲလို အများစားခြေ လုပ်ပြီး တွက်လိုက်။

ဗဟုသုတများစွာ ရရှိလို့ ကျေးဇူးပါ မကြီးငယ်နိုင်ရေ။
အခုတော့ မိုးရွာနေပြီကြားရလို့ နည်းနည်းတော့စိတ်ချမ်းသာစရာနော်။