မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်နှင့် မြန်မာနိုင်ငံ

“ဒုတိယကမ္ဘာစစ်မှာ ဘယ်နိုင်ငံတွေက British side မှာပါပြီး ဘယ်နိုင်ငံတွေက German side မှာပါလဲ၊ မြန်မာပြည်ကကော ဘယ်ဘက်ကပါသလဲ မေမေ” လို့ သားဆီက မေးခွန်းတွေ မေးလာတဲ့ အချိန်ကစပြီး ကျွန်မမှာ တော်တော်လေး စဉ်းစားစရာတွေ ဖြစ်နေတယ်။ ၆ တန်း တက်နေတဲ့သားက သူတို့အတန်းမှာ ဒုတိယကမ္ဘာစစ်အကြောင်းတွေ စသင်နေပြီး ဒီအကြောင်းကို အတန်းထဲမှာ နောက်ပတ်ကျရင် ကောင်းကောင်း ဆွေးနွေးနိုင်ဖို့အတွက် စာကြည့်တိုက်တွေ၊ အင်တာနက်တွေမှာ အချက်အလက် ရှာဖွေစုဆောင်းရင်းနဲ့ အလုပ်များနေပါတယ်။ မြန်မာနိုင်ငံနဲ့ ဒုတိယ ကမ္ဘာစစ်အကြောင်း အထက်က မေးခွန်းကို ကျွန်မကို မေးလို့ ကျွန်မက ရှင်းပြခဲ့ရပါတယ်။ ကျွန်မက သားကို ရှင်းပြပြီး ဒုတိယ ကမ္ဘာစစ်ကာလမှာ ဖြစ်ပွားခဲ့တဲ့ ဂျပန်နဲ့ အင်္ဂလိပ်ကို လွတ်လပ်ရေးအတွက် တိုက်တဲ့ စစ်ပွဲတွေ သမိုင်းကို သားလည်း တော်တော်လေး သိသွားခဲ့ပါတယ်။ သို့ပေမဲ့ ဒါကို သိပြီးတဲ့အချိန်မှာ အထက်ပါ မေးခွန်းနဲ့ ပတ်သက်ပြီး သားနားလည်သွားပုံက ကျွန်မ ရှင်းပြခဲ့တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ သားပြောလိုက်တဲ့ မမျှော်လင့်တဲ့ သုံးသပ်ချက်ကြောင့် ကျွန်မကို တော်တော်လေး တုန်လှုပ်ကာ မကျေမနပ် ဖြစ်သွားစေခဲ့လို့ “ဟင့်အင်း..သား ဒီလိုတော့မဟုတ်ဘူး ဒီလိုမဟုတ်ဘူး မြန်မာနိုင်ငံဟာ သားထင်သလို လုံးဝ မဟုတ်ဘူးနော့်” လို့ ထပ်ခါတလဲလဲ ပြောပြီး အကြိမ်ကြိမ် ပြန်ရှင်းပြလေ ရှုပ်လေ ဖြစ်နေတယ်။



သားကဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံ ပါမပါဆိုတာက အခုမှ မေးတာဖြစ်ပြီး ဒါကို မမေးခင် ဒုတိယကမ္ဘာစစ်မှာ ဂျာမန်ဘက်က ဘယ်နိုင်ငံတွေ ပါပြီး အင်္ဂလိပ်ဘက်က ဘယ်နိုင်ငံတွေပါလဲ ဆိုတာ အရင် နှစ်ပတ်လောက်ကတောင် အရင်မေးခဲ့ပါတယ်။ အဲဒါမေးတုန်းက ကျွန်မကလည်း ရှစ်တန်းအထိ စနစ်ဟောင်း စနစ်သစ် အပိုင်းပိုင်း အပြတ်အပြတ် သင်ထားတဲ့ သမိုင်းထဲက မှတ်မိသလောက် "ဂျာမန်ဘက်က ဂျပန်တခုပဲ သိတယ် ကျန်တာအင်္ဂလိပ်ဘက်က ဖြစ်မှာပေါ့" လို့ အလွယ်ပဲ ပြောလိုက်တော့ သားက “မဟုတ်ဘူးလေ မေမေ အာရှနိုင်ငံ အတော်များများ အင်္ဂလိပ်ဘက်က ပါပြီး ဥရောပနိုင်ငံ အတော်များများက ဂျာမန်ဘက်က ပါတာတော့ သားသိတယ်၊ အခုသားသိချင်တာ ဘယ်နိုင်ငံတွေ ပါတယ်ဆိုတာ အတိအကျ သိချင်လို့ မေးတာ” ဆိုပြီး မသိလို့ မေးမှပဲ မှားပါတယ် ဆိုတဲ့ပုံစံနဲ့ ခွက်ထိုးခွက်လှန်ရယ်နေတယ်။ အမျိုးသားကလည်း “မငယ်ရေ မင်းဒီလောက်ပဲ ညံ့ရတာ အီတလီက မူဆိုလီနီတို့ ဒီလောက်နာမည် ကြီးတာကို မင်းမသိဘူးလားမေးလာတော့ "ဟုတ်သားပဲ သတိမထားမိလိုက်ဘူး အီတလီလည်း ဂျာမန်ဘက်ကကိုး” လို့ ကျွန်မလည်း ရှက်ရှက်နဲ့ပြောရင်း “ကျွန်မက သိပ္ပံကျောင်းသူလေ စနစ်ဟောင်းတုန်းကလို သမိုင်းကို ၁၀ တန်းအထိ သင်ခဲ့ရတာ မဟုတ်ဘူး ကျွန်မတို့ခေတ်က စနစ်သစ်သိပ္ပံ ကျောင်းသားတွေဟာ သမိုင်းကို ရှစ်တန်းအထိပဲ သင်ရတယ် သူ့ဖေတို့ ခေတ်တုန်းကလို စနစ်ဟောင်းမဟုတ်ဘူး၊ ကိုယ့်နိုင်ငံအကြောင်းမှ မဟုတ်တာ ဒီလောက်ပဲ သိမှာပေါ့” လို့ ရှက်ရှက်နဲ့ ပြန်ပြောလိုက်ရတယ်။

သားက ကျွန်မကို ပထမအကြိမ်တုန်းက ကမ္ဘာသမိုင်းနဲ့ ပတ်သက်ပြီး မေးတုန်းကတောင် ကျွန်မ အဲဒီလို တလွဲလွဲ တချော်ချော် ဖြေလိုက်ပြီးနောက်ပိုင်း သမိုင်းနဲ့ ပတ်သက်ပြီး ကျွန်မကို သိပ်အထင်မကြီးတော့လို့ ရှိစုမဲ့စု သိထားတာလေးတွေပေါ် မှန်နေတာတောင်မှ သိပ်မယုံချင်တော့ဘူး။ ကျွန်မကိုယ်တိုင်ကလည်း သားမေးတဲ့ သင်္ချာတို့၊ သိပ္ပံတို့နဲ့ ဆိုင်တဲ့မေးခွန်းတွေကို လွယ်လွယ်ကူကူ ၀ိုင်းရှင်းပေးနိုင်ပေမဲ့ သမိုင်းမေးခွန်းကျတော့ မလွယ်ပါလားလို့ သတိထားမိသွားပါတယ်။ ရှစ်တန်းအထိပဲ သမိုင်းကို စနစ်သစ်နဲ့ စနစ်ဟောင်းအကြား အဆက်အစပ်မရှိ အပိုင်းပိုင်း ပြတ်ပြီး သင်ခဲ့ရလို့ ပထမကမ္ဘာစစ်ရော ဒုတယကမ္ဘာစစ်ကာလပါ ကမ္ဘာ့သမိုင်းကို ကျွန်မ ကောင်းကောင်း မသိခဲ့ဘူး။ ကမ္ဘာ့သမိုင်းကို မသိပေမဲ့ ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံအကြောင်းတော့ ကျွန်မ ကောင်းကောင်းသိလို့ သားကိုလွတ်လပ်ရေး တိုက်ပွဲဝင်ကာလ ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးစားခဲ့ရတဲ့ မြန်မာနိုင်ငံ သမိုင်းအကြောင်း သိသမျှကို ပြောပြဖြစ်ခဲ့ပါတယ်။ သားကလည်း မရှင်းတာကို ထပ်ခါတလဲလဲ မေးလို့ ကျွန်မလည်း ပြန်ဖြေခဲ့ရပါတယ်။ နောက်ဆုံးတော့ သားက ရှင်းသွားပြီထင်ခဲ့တယ်။

သားက ဘာပြောလဲဆိုတော့ “ဒါဆို သားသဘောပေါက်ပြီ စစ်က ၁၉၃၉ မှာ စပြီး ၁၉၄၅ မှာ ပြီးတယ်ဆိုတော့ မြန်မာနိုင်ငံက ကမ္ဘာစစ် အစပိုင်းမှာ ဂျာမန် (ဂျပန်) ဘက်ကပါပြီး စစ်ပြီးခါနီးမှာမှ အင်္ဂလိပ်ဘက်ကို ဘက်ပြောင်းသွားတယ် မြန်မာနိုင်ငံကတော့ Funny ပဲ နှစ်ဘက်စလုံးမှာ ပါခဲ့တယ်” တဲ့လေ ကျွန်မနားထဲမှာ ကြားရခက်လိုက်တာ ဥပမာပေးလို့တောင် မတတ်ဖြစ်သွားတယ်။ သူက အဲဒီလိုပဲ သုံးသပ်ပြီး နောက်ပတ် သူ့ကျောင်းက ဆွေးနွေးခန်းမှာ ဒီလိုပဲ သွားပြောမှာ ဖြစ်တယ်။ ကျွန်မက လုံးဝ လက်မခံနိုင်ဘဲ “သား အဲဒါ ဒုတိယ ကမ္ဘာစစ်အတွက် တိုက်တဲ့ စစ်ပွဲတွေ မဟုတ်ဘူး သူ့ကျွန်ဘ၀က လွတ်မြှောက်ဖို့ လွတ်လပ်ရေးအတွက် တိုက်တဲ့ တိုက်ပွဲတွေပဲ ဖြစ်တယ် ဒါကြောင့် ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဘယ်ဘက်ကမှ မပါဘူးလို့ မေမေ ဘယ်နှစ်ကြိမ် ပြောရမလဲ" လို့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်တော့ emotion တွေ ပါကုန်တယ်။ သားက “ထိုင်းနိုင်ငံပဲ ဒုတိယကမ္ဘာစစ်မှာ မပါတာပါ မေမေရယ်၊ မြန်မာနိုင်ငံ ဒုတိယကမ္ဘာစစ်မှာ ပါတာအကုန်လုံးသိပါတယ် မပါဘူးလို့ ဘယ်လို သွားပြောမလဲ။ ဘာကြောင့်ပဲ စစ်ဖြစ်ဖြစ် စစ်ပွဲမှာ ပါတဲ့သူတိုင်းဟာ ဘက်နှစ်ဘက် တဘက်ဘက်မှာပါခဲ့ပါတယ်" လို့ ထပ်ပြောလိုက်တော့ ဒီကလေး ပြောလေကဲလေပါလား ဆိုပြီး ကျွန်မကို ပိုပြီး ထူပူသွားစေတယ်။


သားက စာကြည့်တိုက်က စာအုပ်တွေ အကိုးအကားနဲ့ ကျွန်မကို ခုနှစ်သက္ကသရာဇ် အတိအကျတွေနဲ့ ဖတ်ပြပြီး ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဟာ နှစ်ဘက်စလုံးပါတဲ့အကြောင်းကို လာပြောနေလို့ အခုထိ ရှင်းလို့ မပြီးဘူး။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာထက် ကျွန်မ စိတ်ထဲမှာ ကျွန်မတို့ နိုင်ငံက အစကတမျိုး နောက်တော့တမျိုး ဂျာမန် စစ်ရှုံးတော့မယ်ဆိုတာ သိမှဗြိတိသျှဘက်ကို ပြောင်းပြီး သာကူးလို့ သူများမထင်သွားနိုင်ဘူးလားလို့ သံသယဖြစ်မိတယ်။ ပြီးတော့ မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ကို ခံခဲ့ရတယ်ဆိုတာပဲ နားလည်ထားပြီး ကျွန်မတို့ဘိုးဘွား ဘီဘင်တွေ အင်္ဂလိပ်နဲ့ ဂျပန်ကို တော်လှန်ခဲ့တာဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တယ်ဆိုတာပဲ ခံယူထားတယ်။ မြန်မာနိုင်ငံ ဒုတိယကမ္ဘာစစ်မှာ ပါတယ် မပါဘူး ဆိုတာ ကျွန်မတခါမှ မစဉ်းစားခဲ့မိတာလည်း အမှန်ပဲဖြစ်တယ်။ မျိုးဆက်သစ်တွေကိုလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ အသက်သွေးချွေးပေးပြီး တိုက်လာတဲ့ လွတ်လပ်ရေးတိုက်ပွဲကို ဒုတိယကမ္ဘာစစ်အတွက် တိုက်တယ်လို့ မထင်စေချင်ဘူး။ ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံက တကယ်ပဲ နှစ်ဘက်ပါတယ်လို့ မြင်နေသူ ဘယ်နှစ်ယောက် ရှိလဲဆိုတာ ကျွန်မ တကယ်စိတ်ဝင်စားပါတယ်။ ပြီးတော့ စာလာဖတ်သူ ကြီး၊ ငယ်၊ လယ်လတ် မရွေးဆီကလည်း ကျွန်မက သားကို ပြောလိုက်တာ မှားနေရင်လည်း အမှန်ကို ဆွေးနွေးပေးကြဖို့နဲ့ မှန်နေရင်လည်း သားကိုဘယ်လို ထပ်မံဖြည့်စွက် ပြောပြသင့်တယ်ဆိုတာ ဆွေးနွေးပေးကြဖို့ အားလုံးဆီမှ မျှောင်လင့်ပါတယ်။


ဖြည့်စွက်ချက် (၂၇. ၀၅. ၁၀)


ကျွန်မ အနေနဲ့ မြန်မာနိုင်ငံက ဒုတိယကမ္ဘာစစ်မှာ ဘယ်ဘက်ကမှ မပါဘူးလို့ ထင်ခဲ့တာက ကျွန်မတို့ ကျောင်းမှာတုန်းက သင်ရတာရော နေ့ကြီးရက်ကြီးတွေ နီးတိုင်း ဆရာဆရာမတွေ ပြောပြတဲ့ သမိုင်းတွေမှာပါ အင်္ဂလိပ်နဲ့ ဂျပန်ကိုတော်လှန်ခဲ့တာဟာ ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းအနေနဲ့ မသင်ခဲ့ရ၊ မကြားသိခဲ့ရဘဲ လွတ်လပ်ရေးအတွက် တိုက်တဲ့ တိုက်ပွဲတွေအဖြစ်ပဲ သိခဲ့ရလို့ ဖြစ်တယ်။ ပြီးတော့ ဒုတိယကမ္ဘာစစ်အကြောင်းကို ရှစ်တန်းမှာ သင်ခဲ့ရပေမဲ့ ရုရှားနိုင်ငံ အောက်တိုဘာ တော်လှန်ရေးလို စာမေးပွဲမှာ မေးလေ့မရှိတော့ ဖြစ်သလိုပဲ သင်ခဲ့ရပြီး ထပ်ခါထပ်ခါ ပြန်ဖတ်မှုမရှိလို့ မှတ်သားမှု နည်းတာလည်းပါတယ်။ ဒါကြောင့် ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကို ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းအဖြစ် လုံးဝ မထင်ခဲ့သလို ဒုတိယကမ္ဘာစစ်မှာ မြန်မနိုင်ငံ ပါခဲ့တယ်ဆိုတဲ့ အမြင်မျိုး ကျွန်မစိတ်ထဲမှာ လုံးဝမရှိခဲ့ဘူး။ သားဆီက မေးလာတဲ့မေးခွန်းနဲ့ ဒီမှာ မှတ်ချက်ပေးလာတဲ့ မိတ်ဆွေတွေရဲ့ မှတ်ချက်တွေကို ဖတ်ကြည့်ပြီး သားဖတ်နေတဲ့ စာကြည့်တိုက်က စာအုပ်ကိုလည်း ပြန်ဖတ်ကြည့်တော့ ကျွန်မတို့ မြန်မာနိုင်ငံဟာ ဗြိတိသျှဦးဆောင်တဲ့ မဟာမိတ်တွေဘက်ကနေပြီး ဒုတိယကမ္ဘာစစ်မှာ ဂျာမန်ဦးဆောင်တဲ့ ဂျပန်တွေကို ပါဝင် တိုက်ခိုက်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဂျပန်ကို ပြန်တိုက်ဖို့ အင်္ဂလိပ်အကူအညီကို ယူစဉ်က အင်္ဂလိပ်တပ်တွေလို့ မသုံးဘဲ မဟာမိတ်တပ်တွေလို့ သုံးထားတာကို ကျွန်မ ပြန်မှတ်မိတယ်။ အင်္ဂလိပ်ကို ဂျပန်နဲ့ ပေါင်းပြီးတိုက်ခဲ့တုန်းက ဂျာမန်ဦးဆောင်တဲ့ဘက်က ပါတဲ့ ဂျပန်တွေကို ထောက်ခံလို့မဟုတ်၊ မိမိနိုင်ငံကို ကိုလိုနီပြုနေတဲ့ အင်္ဂလိပ်ကို မြန်မာ့မြေပေါ်က မှောင်းထုတ်ချင်လို့သာ ဖြစ်တယ်။ ဒါကြောင့် အဲဒီစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူး။ ဂျပန်ကို အင်္ဂလိပ်နဲ့ ပေါင်းပြီးပြန်တိုက်ခဲ့တဲ့ အခါမှာတော့ မြန်မာ့လွတ်လပ်ရေးအတွက် တခုတည်းမဟုတ်ဘဲ ဖက်ဆစ်စနစ်ကို ကမ္ဘာ့မြေပေါ်က မှောင်းထုတ်ဖို့အတွက်ပါ ပူးတွဲပါဝင်တဲ့အတွက် ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ နောက်တချက်က ဒုတိယကမ္ဘာစစ်မှာ စစ်နိုင်တဲ့ နိုင်ငံတွေက ဖွဲ့စည်းထားတဲ့ ကမ္ဘာကုလသမဂ္ဂအဖွဲ့ထဲမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတာနဲ့ ချက်ချင်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ဦးဆောင်တဲ့ မဟာမိတ်ဘက်က ပါခဲ့တယ်လို့ ကျွန်မနားလည် လက်ခံလိုက်တယ်။

သားကလည်း မှတ်ချက်တွေနဲ့ သူဖတ်တဲ့ စာအုပ်က သိသမျှတွေပေါင်းပြီး သုံးသပ်ချက်အရ ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဟာ အခြေအနေအရ တိုင်းပြည် လွတ်လပ်ရေးအတွက် ရည်ရွယ်ပြီး နှစ်ဘက်စလုံးက တိုက်ခဲ့ပါတယ် ။သို့ပေမဲ့ ဘယ်ဘက်က ပါတယ်ဆိုတာကိုကျတော့ ဒုတိယကမ္ဘာစစ်မှာ ဗြိတိသျှဘက်က ပါတယ်လို့ လက်ခံသွားတယ်။ နောက်ပတ်မှာ ပြုလုပ်မည့် ကျောင်းက အတန်းဆွေးနွေးပွဲမှာ သူတို့ ရရှိထားတဲ့ အချက်အလက်တွကို အတန်းထဲမှာ ၀ိုင်းဆွေးနွေးရင် သူဒီအတိုင်းပဲ ဆွေးနွေးမယ်လို့ ပြောတယ်။ ကျွန်မလည်း လုံးဝမထင်ထားတဲ့ ဒုတိယကမ္ဘာစစ်မှာ ပါတဲ့ ဥရောပ နိုင်ငံအတော်များများဟာ ဂျာမန်ဘက်က ပါတယ်ဆိုတာ အခုမှပဲ သိရတာအမှန်ပဲ။

သို့သော်လည်းပဲ ဒုတိယကမ္ဘာစစ်အတွင်းကလို စစ်၏အနိဌာရုံများနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို နောင်လာနောက်သားများ ဘယ်သောအခါမှ မခံစားရစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ထားတဲ့ 1948 ခု၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ Universal Decalration of Human Rights ကို မဲခွဲ အတည်ပြု ဆုံးဖြတ်ရာမှာ ပါဝင်ခဲ့ မြန်မာနိုင်ငံဟာ အခုတော့ ဒီအခွင့်အရေးတွေကို လုံးဝဂရုမစိုက်တော့ဘဲ ဖက်ဆစ်စနစ်ကို ပြန်လည်ကျင့်သုံးနေသည်မှာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက စစ်ရှုံးတဲ့ဘက်က ဦးဆောင်ခဲ့တဲ့ ဂျာမဏီနဲ့ ဂျပန်က အခုချိန်မှာ ဖက်ဆစ်စနစ်ကို လုံးဝမကျင့်သုံးတော့ဘဲ လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေကို အပြည့်အ၀ ကျင့်သုံးနေချိန်မှာ ကျွန်မသားလေးအခေါ် modern Hitler (သို့) Burmese Hitler ခေါ်တဲ့ ဗိုလ်သန်းရွှေက ဖက်ဆစ်စနစ်ကို မြန်မာပြည်မှာ ပြန်လည်သွတ်သွင်းနေတာ မြန်မာပြည်သူတွေအတွက် ရှေးဘ၀ကုသိုလ်ကံလို့တော့ မှတ်ယူလို့ရမယ်မထင်ဘူး။

(အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ တစိတ်တဒေသကို ဂျပန်ရှုဒေါင့်ကနေပြီး ဖေါ်ပြထားတဲ့ ဗွီဒယို ကျွန်မ ပြန်ဖေါ်ပြထားတာ ဒီနေရာမှာ ရှိပါတယ်။ ဒါပေမဲ့ အခုပြန်ကြည့်တော့ ဗီဒယိုကို ဖျက်ထားတာ တွေ့ရပါတယ်။ သို့သော်လည်း ဗီဒယိုထဲက ဂျပန်လို ပြောပြီး အင်္ဂလိပ်လို စာတန်းထိုးထားတာတွေကို ကျွန်မ မြန်မာလိုပြန်ထားတဲ့ စာသားကတော့ ကျန်နေတာမို့ အဲဒီခေတ်က စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ BIA နဲ့ ဂျပန်တွေရဲ့ အနေအထားကို အနည်းအကျဉ်း တွေ့ရှိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း Label အောက်က ဗွီဒယိုအတော်များများမှာလည်း လွတ်လပ်ရေး တိုက်ပွဲကာလက ပုံတွေကို တွေ့နိုင်ပါတယ်)

ရွှင်လန်းချမ်မြေ့ကြပါစေ။


44 comments:

သာကူးလို့ ပြောလည်း ခံရမှာပဲ။ တကယ်လည်း အားသာတဲ့လူနဲ့ ပေါင်းခဲ့တာကိုး။

ဖက်ဆစ်တော်လှန်ရေးအတွင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝီလျံစလင်းမ် (William Slim)တို့ ပထမဦးဆုံးအကြိမ်တွေ့ကြတော့ စလင်းမ်က ဗိုလ်ချုပ်အောင်ဆန်းကို ပြောသတဲ့။

“ ငါတို့မဟာမိတ်တွေ အရေးသာလာတော့မှ မင်းတို့က ငါတို့နဲ့ လာ ပေါင်းဖော်ရတယ်” လို့ ပြောသတဲ့။

အဲဒီအခါမှာ ဗိုလ်ချုပ်အောင်ဆန်းက...

“ခင်ဗျားတို့ အရေးနိမ့်နေတုန်း လာပေါင်းလို့ရော ကျုပ်တို့အတွက် ဘာအကျိုးရှိမှာ မို့လို့လဲ” လို့ ပြန်ပြောသတဲ့။

စလင်းမ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ဒီလူ လူဖြောင့်ပဲဆိုပြီး သဘောကျသွားသတဲ့။

ဗမာပြည်က လွတ်လပ်ရေးကိုလိုချင်တာဆိုတော့..
ပထမ ဂျပန် နဲ့ပေါင်းတယ်..လွတ်လပ်ရေးကြေငြာတယ်..
ဂျပန်ကမဟန်မှန်းသိတော့ အင်္ဂလိပ်နဲ့ထပ်ပေါင်းတယ်.
ကိုယ်ကြိုးစီးပွားအတွက် ၂ ဖက်လုံးနဲ့ပေါင်းခဲ့တာမို့..
သားပြောမယ်ဆိုလဲပြောလောက်ပါရဲ့..

အခုနားလည်သလောက် ရေးကြည့်မယ်..။

သမိုင်းကလည်း တခါတရံမှာ ကြည့်တဲ့ ရူထောင့်တွေက တမျိုးစီပါ ( ဆိုလိုတာက ဘယ်မျက်စိနဲ့ ရေးသလဲ ဘယ်သူရေးသလဲပေါ့..) ။ ဥပမာ .. ဦးသန့် ရဲ့ ကျူးဘား ပြဿနာမှာ တစုံတရာ ဝင်ရောက်ဖြေရှင်း ဆွေးနွေးမှု အရေးပါမှုကို နော်ဝေး ကမ္ဘာ့သမိုင်းစာအုပ်မှာ ထည့်သွင်းခြင်း မရှိတာမျိုး..။

မြန်မာက ဂျာမာန်အာဏာရှင်တွေကို ထောက်ခံတယ် ဆိုတာတော့ တခါမှ မဖတ်ဖူးသေးဘူး..။ အော်စီက ပြဌာန်းစာအုပ်မှာ သူတို့ ဘယ်ကအထောက်အထားနဲ့ ရေးသလဲဆိုတာတော့ မသိဘူး..။ ဖြစ်နိုင်တာကတော့ အင်္ဂလိပ်ရဲ့ ကိုလိုနီဖြစ်လိုက် တခါ ဒုတိယ ကမ္ဘာစစ်မှာပဲ ဦးဆောင်ပါဝင်ခဲ့တဲ့ ဂျပန်အောက်ရောက်လိုက်ဆိုတော့ ဂျာမာန်ကို အားကိုးခဲ့တာလားလို့ တွေးထင်ပါတယ်..။ မြန်မာ့သမိုင်းမှာလည်း ကိုယ်ညံ့လို့ပဲလား ဂျာမာန်ကို ထောက်ခံတာ တခါမှ မဖတ်ဖူးဘူး..။

နောက်တခုကတော့ `သာကူး `ဆိုတဲ့ စကားထက် ပိုကောင်းအောင် ပြောမယ်ဆိုရင် နိုင်ငံရေးမှာ ထာဝရ မိတ်ဆွေ ဆိုတာ မရှိဘူး ဆိုတာ အားလုံး သိပါတယ်..။ အကျိုးစီးပွား ဆိုတာက သိပ်အရေးပါပါတယ်.. သာမာန် လူတွေ လိုမျိုးပါပဲ..။ အကျိုးစီးပွားပေါ်မှာပဲ ပိုအခြေခံ စဉ်းစာတဲ့ သဘောပေါ့..။

နောက်ဆုံးတခုကတော့ ဥရောပ နဲ့ အာဖရိက က နိုင်ငံများဟာ ဂျာမာန် အာဏာရှင် အဖွဲ့ကို အဲဒီတုန်းက မထောက်ခံကြတာ များပါတယ်..။ စာအုပ် အထောက်အထား အရဆိုရင်တာ့ အများစု နိုင်ငံတွေက ကြားနေလုပ်တာရယ်.. (လုပ်ရခြင်းက ကိုယ့်ပြဿနာ နဲ့ကိုယ်ရယ် .. ပြည်တွင်းစစ်တွေ ရယ်က အမောတွေ မပြေနေသေးတာကြောင့် ) ..မဟာမိတ်တွေ အဖြစ် နေခဲ့ကြတာပါ..။ ဒါကြောင့်ပဲ ဂျူးတွေ အများကြီးကို နိုင်သလောက် ကူခဲ့တာတွေလည်း ဥရောပ သမိုင်းမှာ အထင်အရှား ရှိပါတယ်..။ နောက် အော်စီကလည်း အင်္ဂလိပ်ဘက်က ရှိနေခဲ့တာပါ..။


မဗေဒါ (၈၈)

နောက်တခုက ဘယ်စစ်ပွဲမှာမှ နှစ်ဘက်စလုံးမှာ တပြိုင်နက် နေလို့ မရပါဘူး..။

တဘက်ကို မကြိုက်တော့မှ နောက် တဘက်ကို သွားရတာ ဖြစ်ပါတယ်..။ သားကို နားလည်စေချင်တာကတော့ တပြိုင်နက် ပါခဲ့တာ မဟုတ်ဘူး ဆိုတာပါ..။

မဗေဒါ ( ၈၈)

နောက်တခု မှတ်မိသလောက်တော့ မြန်မာနိုင်ငံက အရင်းရှင်ကိုတွန်းလှန်ပြီးတော့ ဒီ ဖက်စစ် စနစ်ကို ကြိုက်ကိုမကြိုက်လို့ ဂျပန်ကို တော်လှန်တာ ဆိုတော့ ဖက်စစ် ဖြစ်တဲ့ ဂျာမာန် အာဏာရှင်တွေကို ထောက်ခံတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..။ ဒါကြောင့်ပဲ တိုင်းရင်းသားတွေ အားလုံး ဖက်စစ် စနစ်ကို ဝိုင်းတိုက်ခဲ့တာပဲ..။

လူကြီးအများစုက ကိုယ့်နိုင်ငံသမိုင်းကို မသိကြတော့ပါဘူး။ အထူးသဖြင့် ပြည်ပရောက် လူကြီးတွေအများစု။ သူတို့ထင်ထားတာက သမိုင်းဆိုရင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ နိုင်ငံရေးဆိုရင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းလို့ပဲ သိကြတော့တာ။ အဲ့ဒီ လူကြီးတွေက မွေးလာတဲ့ ကလေးတွေက ပိုဆိုးတာပေါ့။

အမှန်တကယ်ဖြစ်သင့်တာက နိုင်ငံခြားရောက် မြန်မာတစ်ယောက်ဆိုတာ နိုင်ငံခြားသားတွေကို ကိုယ့်နိုင်ငံအကြောင်း သေချာ ပြောပြနိုင်သင့်တယ်။ ခု တော့ နိုင်ငံခြားသားမပြောနဲ့ ကိုယ့်သားကိုယ်တောင် မပြောနိုင်ကြတော့ဘူး။

နိုင်ငံခြားသားတွေက မေးရင်လည်း ဝေ့လည်ကြောင်ပက် လုပ်ကုန်ကြရော။ အဲ့ အခြား မြန်မာ တစ်ယောက်က နိုင်ငံခြားရောက်နေတဲ့ မြန်မာတစ်ယောက်ကို အဲ့ဒီနိုင်ငံအကြောင်းမေးရင်တော့ အသက်မရှူတမ်း ပြောကြပြန်ရော။ မြင်သမျှ ကြားသမျှ ပိုစ့်တင်ကြပြန်ရော။

အမျိုးကိုချစ်တာတွေ၊ အနာဂါတ်မြန်မာအတွက်တွေ နေပါအုံး။ အတိတ်က မြန်မာအကြောင်းလေးကို အရင်သိအောင် လုပ်ကြပါအုံး။

မငယ်နိုင်လည်း စီဘောက်စ်တကာ လိုက်အော်နေတာတွေ လျှော့ပြီး ကိုယ့်နိုင်ငံရဲ့ သမိုင်းလေးကို သိအောင် ကြိုးစားသင့်ပါတယ်။ အချိန်ကုန်ရကျိုးလည်းနပ်သလို။ ဗဟုသုတလည်း တိုးတာပေါ့။ သိသလောက်ကိုလည်း ပိုစ့်တင်ပြီး ပြန်ဖြန့်ပေးနိုင်ရင် ပိုကောင်းတာပေါ့။ သြစတြေးလျနိုင်ငံ က ဖြစ်စဉ်တွေထက်တော့ လူကြိုက်များမှာ သေချာပါတယ်။ အသက်လည်း မငယ်တော့ဘူးဆိုတော့။


ကျန်ရှိနေသေးတဲ့ အချိန်တွေကို အကျိုးရှိစွာ အသုံးချနိုင်ပါစေ။
မောင်စူပါ (ခေတ္တ ဘန်ကောက်)

အင်း ကျနော်နားလည်သလောက်ဝင်ဆွေးနွေး ရမယ်ဆိုရင် က မ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ဘယ်လူ မျိုးပဲဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွါးကို ဦးစား ပေးကြတာ များပါတယ်..။ဒုတိယ ကမ္ဘာစစ်တုန်း က မြန်မာဟာ စစ်အစမှာ ဂျပန်ဘက်ကပါတယ် .စစ်ကြီးပြီးခါနီးမှာ မဟာမိတ်တွေ ဘက်က ၀င် တိုက်ခဲ့တယ်.။အဲဒီအချိန် မြန်မာ့ခေါင်းဆောင် တွေရဲ့ စိတ်ထဲမှာ ရှိနေနိုင်တာကတော့ ကမ္ဘာ စစ်မှာ ဘယ်ကောင်တွေ စစ်ရှုံးရှုံး၊ဘယ် ကောင်တွေ နိုင်နိုင် အဓိကရည်ရွယ်ချက်က မြန် မာပြည် (လုံးဝ)လွတ်လပ်ရေး ရဖို့ပါပဲ..။ဒါကလဲ မြန်မာ့ အမျိုးသား အကျိုးစီးပွားအတွက်လို့ ပြောလို့ရပါတယ်..။အဲဒီတော့ သားကိုပြော သင့်တာကတော့ သားနိုင်ငံတိုင်းဟာ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက် လုပ်နေကြတာချည်းပဲ ဆိုတာပါပဲ..။အင်္ဂလိပ်၊ဂျပန်တွေတောင် သူတို့အကျိုးစီးပွားအတွက် ကျနော်တို့ နိုင်ငံ ကို ကျွန်ပြုခဲ့သေးတာပဲလေ...။

မြန်မာတွေ ဟာအင်္ဂလိပ်ဘက်ကသာပါခဲ့တယ်လို့
သိထားဘူးပါတယ် ၊ ယနေ့တိုင် ဥရောပစစ်ပြန်
ကြီးများ အသက်(၉၈)နှစ်ကျော်တွေမြန်မာနိုင်ငံ
မှာရှိနေပါတယ် ၊ နောက်တခုကတော့ နိုင်ငံဂုဏ်ရည်နဲ့
မော်ကွန်းဝင် စာရင်းဝင်ပုဂ္ဂိုလ်တွေရဲ့အကြောင်းဖက်ရင်
လဲဒီအကြောင်းကိုသိနိုင်ပါတယ် ၊ မြန်မာနိုင်ငံမှာဦးကျော်
မြင့်လို့လူသိများတဲ့အရီးတောင်းလ္ဘတ်ပိုင်ရှင်ဟာ ဥရော
ပစစ်ပြန်တဦးဖြစ်ပါတယ် ၊ ဗြိတိအစိုးရကနေချီးမြင့်ထား
တဲ့စစ်ဘက်ဆိုင်ရာ ဆုတံစိပ်တခုကိုလဲ ရရှိထားသူဖြစ်ပါ
တယ် .... ဒါကြောင့် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာ
နိုင်ငံဟာ အင်္ဂလိပ်ဘက်ကသာရပ်တည်ခဲ့ကြောင်း
နှင့် ဂျာမန်ဘက်ကရပ်တည်ခဲ့သည်ဟု မသိဘူးပါကြောင်း .........ဇေ

မငယ်နိုင်ရှင့်
ကျောင်းစာတဖက်နဲ့ မအားတဲ့ကြားကနေ ပို့စ်လေးတွေမှန်မှန်တင်ပေးတာ ကျေးဇူးတင်ပါတယ်။ တိုက်ခိုက်သူတွေက တိုက်ခိုက်နေတာကို ကြံ့ကြံ့ခံနေနိုင်တဲ့ စိတ်ဓါတ်ကိုလဲ လေးစားမိတယ်။ အထူးကျေးဇူးတင်မိတဲ့သူကတော့ မငယ်နိုင်ရဲ့အမျိုးသားပါ၊ သူကခွင့်ပြုနေသေးလို့ မငယ်နိုင် ဘလော့ဆက်ရေးဖြစ်နေတယ်လို့ ထင်မိလို့။ အခုပို့စ်လေးကို တော်တော်သဘောကျမိတယ်။ Bravo!

ကမ္ဘာစစ်ပွဲမှာပါတယ် ကမ္ဘာစစ်ထဲမှာ မပါဘူး ဆိုတာကို ပြောမယ်ဆိုရင် ... ကိုယ့်စစ်အင်အားကို သုံးပြီး ကိုယ့်ရန်သူဘက်က ပိုင်တဲ့နယ်ထိ သွားတိုက်သလား ဆိုတာပါ ရှင်းရလိမ့်မယ်လို့ ယူဆပါတယ်။

စစ်ပွဲမှာ ဖက်ဆစ်စနစ်ကို ပြုတ်သည်အထိ နယ်ခြားကျော်ပြီး လိုက်တိုက်တဲ့ အင်္ဂလိပ်၊ အမေရိကန်လို နိုင်ငံတွေနဲ့ ဂျပန်ဖက်ဆစ်ကို ကိုယ့်နိုင်ငံပေါ်က ရှင်းရုံသာ တိုက်ထုတ်တဲ့ မြန်မာနိုင်ငံ စစ်ထဲပါဝင်ပုံခြင်း မတူဘူး။ သာကူးလည်း မဟုတ်ပါဘူး။

နိုင်မယ့်ဘက်ပါတယ် ဆိုတာက အင်အားကြီးဘက်က မတရားလိုက်သိမ်းနေတဲ့အခါမှာ မျက်နှာလိုမျက်နှာရ စစ်အင်အားကူတာကို ခေါ်နိုင်ပါလိမ့်မယ်။

တကယ်လို့သာ ဖက်ဆစ်ဂျပန်က အိမ်နီးချင်းတစ်နိုင်ငံကို သိမ်းချိန်မှာ မြန်မာက ကူခဲ့ရင် ဖက်ဆစ်ဘက်ပါတယ်လို့ ပြောနိုင်ပါတယ်။ တကယ်တမ်းမှာ အဲ့ဒါမျိုးတွေ မကူခဲ့ပါဘူး။

ဖြစ်ခဲ့တာက ပြည်တွင်းအတွက်ပဲ ကိုလိုနီသမားကို တိုက်ထုတ်ရုံသက်သက်။ ပြီးနောက်တော့ ဖက်ဆစ်သမားကို ပြန်တိုက်ထုတ်ရုံသက်သက်။ ဟိုဘက်ဒီဘက်ယိမ်းတယ် ဆိုတာထက် နှစ်ဖက်လုံးကို မကြိုက်လို့ တစ်လှည့်စီတိုက်ခဲ့တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ စစ်ပြီးတယ်လို့ ကြေငြာပြီးနောက် တခြားနည်းလမ်းနဲ့ လွတ်လပ်ရေး မရရအောင် ကြိုးစားခဲ့ကြတယ် မဟုတ်လား။

အပေါ်မှာ ကိုပေါ ပြောခဲ့တဲ့ ... ““ခင်ဗျားတို့ အရေးနိမ့်နေတုန်း လာပေါင်းလို့ရော ကျုပ်တို့အတွက် ဘာအကျိုးရှိမှာ မို့လို့လဲ”” ... ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားဟာ “ကိုယ့်နိုင်ငံမှာ နယ်ချဲ့ရှင်းလင်းရေး ဆိုတဲ့ အကျိုး”အတွက် ဖြစ်ပါတယ်။ စစ်ပွဲက ရတဲ့ အကျိုးမြတ်အတွက်၊ တစ်နည်းအားဖြင့် ကိုယ့်နိုင်ငံပါဝင်တဲ့ အုပ်စုအနိုင်ရရေး ဆိုတာမျိုးအတွက် မဟုတ်ပါဘူး။ အဲ့လိုအတွေးမျိုး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာခေါင်းဆောင်ပိုင်းမှာ မရှိခဲ့ပါဘူး။

ခုလောက်ဆို မငယ်နိုင်ရဲ့ သားလေး ရှင်းလောက်ပြီ ထင်ပါတယ်။

အပေါ်က ရွှန်းမီ ပြောတာကို နှစ်သက်မိပါတယ်။

အစ်မရေးထား တာဖတ်ကြည့်တော့မှ ငယ်ငယ်ကကျက်မှတ်ခဲ့ရတာတွေ ပြန်မှတ်မိအောင် မနည်းပုံဖော် ကြည့်ရတယ်..။

WWI >> ဂျာသြအီ vs ပြင်သျှလန်
WWII >> ၀န်ရိုးတန်းနိုင်ငံများ vs မဟာမိတ်

ရွှန်းမီ ပြောတာ ထောက်ခံပါတယ်..
ကျွန်တော့် တစ်ဦးချင်း သဘောအရ ဆိုရင်..မြန်မာနိုင်ငံ ဟာ ကမ္ဘာစစ်မှာဝင်မပါခဲ့ဘူး လို့ဆိုမယ်...။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်ကို သွားခေါ်တယ်ဆိုတာထက် ဂျပန်က အင်္ဂလိပ်ကို တိုက်ချင်တဲ့ ဗမာမျိုးချစ်လူငယ်တွေကို သူတို့ အကျိုးအတွက် လာပေါင်းတယ်လို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ သိတဲ့အတိုင်း သမိုင်းမှာ အရေးကြီးဆုံးက facts နဲ့ opinion (interpretation) ကွဲအောင်ရေးတတ်ဖို့ ပါ။ ဒီနေရာမှာ အကျဉ်းပဲပြောချင်တာက ဗိုလ်ချုပ်တို့ သခင်လူငယ်တစု အင်္ဂလိပ်ကို တွန်းလှန်ဖို့ ဆန္ဒပြ တာတို့၊ အင်္ဂလိပ်ဆန့်  ကျင်ရေး တရားဟောတာတို့ လောက်သာ လုပ်နိုင်တဲ့အချိန်မှာ ဗိုလ်ချုပ်ကို ဖမ်းဝရမ်းကျလာတယ်။ တချိန်ထဲမှာ သခင်ခေါင်းဆောင် အတော်များများ
လည်း အဖမ်းခံလိုက်ရတယ်။ ဒို့ ဗမာအစည်းအရုံးက လွတ်လပ်ရေးအတွက် ပြည်ပ အကူအညီယူဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ဘယ်သူ့ ကို ပြည်ပလွှတ်မလဲဆိုတာ ဖြစ်လာတယ်။ အဲဒိအချိန်မှာ ဗိုလ်ချုပ်ကို ဖမ်းဝရမ်းလည်း အထုတ်ခံထားရချိန်၊ ဒို့ ဗမာ အစည်းအရုံး ခေါင်းဆောင် အတော်များများလည်း ထောင်ထဲရောက်နေချိန်မို့  ပြည်ပအကူအညီ ရှာဖို့က အလိုလို သူ့ ပုခုံးပေါ် ရောက်လာတယ်။

ဒီတော့သူနဲ့ နောင်ဗိုလ်ရန်နိုင်ဖြစ်လာမဲ့ သခင် ထွန်းရှိန်တို့ နှစ်ယောက် ပြည်ပထွက်ဖို့ လုပ်ကြရော။ ဗိုလ်ချုပ်တို့ ဟာ အဲဒိအချိန်က ကွန်မြူနစ်အယူအဆကို လက်ခံထားကြသူတွေ ဖြစ်နေတော့ နောက်တရုတ်ပြည်ကြီးမှာ ဂျပန်ရဲ့ ရက်စက်ယုတ်မာမှုတွေကို သတင်းစာတွေက တဆင့်မြင်နေကြတော့ ဂျပန်ကို အကူအညီသွားတောင်းဖို့ စိတ်ဝင်စားနေတယ်လို့ ပြောရမှာခက်တယ်။ တကယ်လည်း သူတို့ အကူအညီယူဖို့ အရင်ဆုံး စဉ်းစားတာက မော်စီတုန်း ကွန်မြူနစ်တွေ။ ဒါပေမယ့် ဖမ်းဝရမ်းအောက်မှာ လှုပ်ရှားကြရတာဖြစ်တော့ အရင်ဆုံး ဗမာပြည်ကနေ ဖြစ်တဲ့နည်းနဲ့  ထွက်နိုင်ဖို့ အရေးကြီးတယ်လို့ ယူဆပြီး ဟိုင်လီသင်္ဘောနဲ့ လိုက်သွားကြတာ။ အဲဒိမှာ ဟိုင်လီက မော်စီတုန်းတို့ အားကောင်းတဲ့ နေရာကို မရောက်နိုင်ဘဲ ဂျပန်အားကောက်တဲ့ တရုတ်ပြည် အမွိုင်မှာ သွားသောင်တင်တယ်။ အမွိုင်မှာ သောင်တင်နေတုန်း ဗိုလ်ချုပ်တို့ နှစ်ယောက်ကို မီနာမီကီကန်းအဖွဲ့ က ဂျပန်ထောက်လှမ်းရေျးတွေက တိုကျိုကို ခေါ်ချသွားတာ။ (တချို့ အပြောအရ ဗိုလ်ချုပ်တို့ နေရေးစားရေးအတွက် ဗမာပြည်က လုပ်ဖော်ကိုင်ဘက်တွေက ပိုက်ဆံကျိတ်ရှာရာမှာ ဒို့ ဗမာအစည်းအရုံးထဲက ဂျပန် လိုလားသူတွေကိုလည်း ပိုက်ဆံ အလှုခံမိရကနေ သူတို့ အမွိုင်မှာ ရှိတာ ဆူဇီကီးက သိသွားတယ်လို့ ကြားဖူးတယ်။)

ဂျပန်က အရှေ့တောင်အာရှကို ၀င်ဖို့ သူ့ အစီအစဉ်နဲ့  သူရှိပြီးသား။ အဲ့ဒိအတွက် အစောကြီးကတည်းက ဂျပန်ထောက်လှမ်းရေးတွေကို ဗမာပြည်ထဲမှာ သတင်းစာဆရာ၊ သွားစိုက်ဆရာ အယောင်ဆောင်ပြီး ချထားပြီးသား။ ဘယ်သူဘာဆိုတာ သူတို့ က အစောကြီးကတဲက အကဲခပ်နေတာ။ ဗိုလ်ချုပ်ကို တိုကျိုမှာ ဂျပန်တွေ ဗျူးတယ်လို့ ဗိုလ်ချုပ်ကိုယ်တိုင်ရေးတယ်လို့ ဆိုတဲ့ စာမှာ ဖတ်ရဖူးတယ်။ ခင်ဗျားဟာ ကွန်မြူနစ်လား၊ ဂျပန်ပေါ်ဘယ်လိုသဘောထားလဲ၊ တရုတ်ပြည်ပေါ် ဘယ်လို သဘောထားသလဲ စသဖြင့် မေးခွန်းတွေပါတယ်လို့ အဲဒိစာအုပ်ထဲပါတယ်။ အဲဒိမှာ ဗိုလ်ချုပ်က ဗမာပြည်လွတ်လပ်ရေးအတွက် ဘယ်သူနဲ့ ပေါင်းရပေါင်းရ ဆိုတဲ့ အဖြေကလွဲပြီး ကျန်တဲ့အဖြေတွေကို ဂျပန်က စိတ်တိုင်းမကျဘူးလို့ အဆိုရှိတယ်။ နောက်ဆုံး ဂျပန်ပြည်ကနေ ဘယ်မှပြေးလို့ မရတော့တဲ့အတူတူ ဗိုလ်ချုပ်က ဗမာလူငယ် တစုကို ဂျပန်ခေါ်ပြီး အင်္ဂလိပ်တိုက်ဖို့ လက်နတ်ကိုင်တပ်ဖွဲ့ ဖို့ လုပ်ရတာပဲ။ ရဲဘော်သုံးကျိပ်က ဒီအစီအစဉ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ပေါ်လာတာပေါ့။ ဒါပေမယ့် ဗိုလ်မှုးချုပ် ကျော်ဇောရေးတဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိအရ (www.cpburma.org မှာ ဖတ်ရှုနိုင်ပါတယ်။) ဂျပန်က ဗမာပြည်ဝင်မ၀င်၊ နောက်သူတို့ ကို (ရဲဘော်သုံးကျိပ်ကို) ဆက်အသုံးချမချ ပုလဲဆိပ်ကမ်းကို ဗုံမကြဲခင်ထိ သူတို့ ဘာဖြစ်မယ်ဆိုတာ မသိကြရဘူးလို့ ဆိုတယ်။

ဂျပန်က အစီအစဉ်ပြောင်းပြီး သူတို့ အားလုံးကို ဖြောင်ပစ်ဖို လည်း လုပ်လာနိုင်တယ်။ ဟိုင်နန်က ရဲဘော်သုံးကျိပ်ရဲ့ ကံကြဟ္မာဟာ ဂျပန်ရဲ့ အရှေ့  တောင်အာရှ စစ်ရေးဗျူဟာ၊ တရုတ်ဗမာလမ်းကြီး အဖွင့်အပိတ်လို တခြားစဉ်းစားစရာတွေ
ပေါ်မှာလည်း မူတည်နေပုံရတယ်။ ဂျပန်တွေက သူတို့ အကျိုးအတွက် မျိုးချစ် ဗမာလူငယ် တွေကို အသုံးချတာဖြစ်ပြီး ဗိုလ်ချုပ်တို့ ကလည်း ဂျပန်ကို ချစ်လို့ ပေါင်းတာမဟုတ်ဘဲ ကိုယ့်တိုင်းပြည်အတွက် တခုခုရအောင်ယူမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မတတ်သာဘဲ ပေါင်းနေခဲ့ရတာ။ ဆူဇီကီးက အောက်ဗမာပြည်ကို သိမ်းပြီးရင် လွတ်လပ်ရေး ပေးမယ်လို့  ကတိပေးပေမယ့် တကယ်တမ်းမှာ ဆူဇီကီးရဲ့ မီနာမီကီကန်းဟာ ဂျပန်တပ်မတော်ကြီး လက်အောက်က အပိုင်းလေးတခုသာ ဖြစ်ပြီး ဆူဇီကီးဟာ သူ့ ကတိကို ဘယ်လိုမှ တည်နိုင်စရာ မရှိဘူး။ အဲဒါကြောင့်လည်း နောက်ပိုင်းမှာ ဂျပန် စစ်တပ်က မီနာမီကီကန်းကို ဖျက်ပစ်လိုက်တာပဲ။ ဗိုလ်ချုပ်တို့ က ကိုယ့်တိုင်းကိုယ့်ပြည်ထဲ ရောက်တဲ့အခါ ကိုယ့်ဟာကိုယ် လွတ်လပ်ရေး ကြေငြာနိုင်မယ်လို့ မျှော်လင့်ထားကြတယ်။ ဒါပေမယ့်လည်း ဗိုလ်မှုးအောင်ရဲ့ ပြောပြချက်အရ အဲ့ဒိအချိန်က သူတို့ ကဂျပန်ကို မလိုလားပေမယ့် ဗမာပြည်သူလူထုက အတိုင်းအတာတခုထိ ဂျပန်ကို မျှော်လင့်နေတာမို့  စောစောစီးစီး ဂျပန်ကို ချဖို့ ၊ ကိုယ့်ဟာကိုယ် လွတ်လပ်ရေး ကြေငြာဖို့ ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။

နောက် ဒို့ ဗမာအစည်းအရုံးမှာလည်း အယူအဆနှစ်ခု ဖြစ်နေတယ်။ သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ အဖွဲ့ ကလူများစုဖြစ်ပြီး ကျန်တဲ့ သခင်ထွန်းအုပ်နဲ့ သခင်ဗစိန်တို့  ခေါင်းဆောင်တဲ့ အဖွဲ့ ကလူနည်းစု ဖြစ်တယ်။ ဒုတိယအုပ်စုက ဂျပန်ကို တကယ်ပဲ လိုလားခဲ့တယ်။ ရဲဘော်သုံးကျိပ်ဖွဲ့ ရာမှာ ဗိုလ်နေ၀င်း ထိပ်ကိုရောက်လာတဲ့ထဲမှာ ဒီအချက်က ထည့်စဉ်းစားစရာ တခုဖြစ်တယ်။ သခင်ကိုယ်တော်မှိုင်းအဖွဲ့ က ဗိုလ်ချုပ်နဲ့  ဗိုလ်လက်ျာတို့ က ခေါင်းဆောင်ပိုင်းနေရာ ယူထားပြီးတဲ့အခါမှာ လွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်မှုကို အကြောင်းပြုပြီး ဗိုလ်ချုပ်က ထွန်းအုပ်-ဗစိန် ဂိုဏ်းက ဗိုလ်နေ၀င်းကို ထိပ်ပိုင်းနေရာ ပေးခဲ့တာဖြစ်တယ်လို့ ဆိုကြတယ်။
နောက် သခင်လူငယ်တွေထဲမှာ တချို့ က ခုထွန်းအုပ်ဗစိန်ဂိုဏ်းကလို ဂျပန်နဲ့  ပေါင်းချင်သူတွေ ရှိသလို၊ မော်စီတုန်းတို့ ဆီသွားအကူအညီတောင်းပြီး အင်္ဂလိပ်လည်းချ၊ ဂျပန်လည်းချရမယ်ဆိုတဲ့ အယူအဆကို တင်ပြသူလည်းရှိတယ်။ (အထင်ရှားဆုံးက သခင်ဗဟိန်း၊ ဒဂုန်တာယာ စာအုပ်မှာ သူတို့ နှစ်ယောက်တရုတ်ပြည်အသွား ရှမ်းပြည်မှာ ဗမာပြည်ကို ပြန်အပို့ ခံရတယ်လို့ ဆိုတယ်။) နောက်ကျန်တဲ့တဖွဲ့ က သခင်စိုးခေါင်းဆောင်တဲ့ အဖွဲ့ ။ သူတို့ က ဂျပန်ဟာ တရုတ်ပြည်ကြီးမှာ ရက်စက်ယုတ်မာ နေတာ၊ နောက် ဟစ်တလာက ဆိုဗီယက်ကို ကျူးကျော်တာတွေ လုပ်လာချိန်မှာ ကွန်မြူနစ်တွေ ဖြစ်တဲ့အလျောက် ဖက်ဆစ်တွေကို မဟာမိတ်တွေနဲ့ ပေါင်းချရမယ်ဆိုတဲ့ အယူအဆကိုတင်တယ်။

မြင်းခြံထောင်ထဲမှာ အဲဒိအယူအဆထွက်လာတာမို့  မြင်းခြံစစ်တမ်းဆိုပြီးလဲ သိကြတယ်။ ဒါပေမယ့် အင်္ဂလိပ်က သခင်တွေကို မယုံဘူး။ သူတို့ နဲ့ ပေါင်းတိုက်ပါ့မယ်လို့ ပြောလာတဲ့ သခင်စိုးတို့ အုပ်စုကိုတောင် ဂျပန်လက်အပ်ဖို့  လုပ်ခဲ့သေးတာပဲ။ ကံကောင်းလို့ သာ သခင်စိုးတို့ မသေတာဖြစ်တယ်။ ဦးနုရဲ့  ငါးနှစ် ရာသီမှာ ဒီအကြောင်းတွေ ရေးထားတယ်။
ဗိုလ်ချုပ်တို့ ကို ဂျပန်က သူတို့ စစ်ကြောင်း တပ်ဦးမှာထားပြီး ဗမာပြည်ထဲ ၀င်လာချိန်မှာ ဗိုလ်ချုပ်ရဲ့ ဒို့ ဗမာအစည်းအရုံးက လုပ်ဖော်ကိုင်ဘက်တွေက ဂျပန်စ၀င်ကတည်းက ဂျပန်ကို တနေ့ ခံချဖို့ စလုပ်နေပြီ။ သခင်စိုးတို့ သခင်ဗဟိန်းတို့ က တောတကာလှည့်ပြီး မော်စီတုန်းတို့ ပုံစံ ပျောက်ကြားအခြေခံဒေသတွေလုပ်ဖို့ လိုက်လံစည်းရုံးနေသလို သခင် သိန်းဖေဟာလည်း အိန္ဒိယကို သွားကြတယ်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နတ်ကိုင် တိုက်ကြရာမှာ ရဲဘော်သုံးကျိပ်က လူပိုသိတယ်။ ဒါပေမယ့် ကျန်တဲ့ မျိုးချစ်လူငယ်တချို့  ဟာ အိန္ဒိယဘက် သွားကြတယ်။ သမ္မတမန်းဝင်းမောင်၊ ဗိုလ်မှုးချစ်ကောင်း၊ ဗိုလ်အုန်းမောင် စတဲ့ ပုဂ္ဂိုလ်တွေဟာ ထင်ရှားတယ်။ ဗိုလ်ချုပ်ဟာ ဂျပန်စစ်ယူနီဖောင်း ၀တ်ထားတဲ့ ဗမာပြည်စပြန်ရောက်ချိန်ကတည်းက ဒီလူတွေနဲ့ အဆက်အသွယ်ရှိတယ်။ ဂျပန်နှာခေါင်းအောက်မှာ ဂျပန်ယူနီဖောင်းဝတ်ပြီး ဂျပန်ကို ပြန်ချဖို့ ပိပိရိရိနဲ့ အသိုသိပ်ဆုံး လုပ်ခဲ့ရတာ ဖြစ်တယ်။ အင်္ဂလိပ်ကလည်း ဗမာပြည်ကို ပြန်ဝင်ဖို့ သူ့ အစီအစဉ်နဲ့  သူလုပ်ရာမှာ ပြည်တွင်းက ဂျပန်ဆန့် ကျင်ရေး အင်အားစုတွေကို အသုံးချခဲ့တယ်။ ကိုယ်ကလည်း ကိုယ့်တိုင်းပြည်အရေးကို ရှေးရှုပြီး ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံး ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာ စဉ်းစားပြီး ဒီအသုံးချမှုတွေကို မီးစင်ကြည့်ကခဲ့ရတာပဲ။

ဗိုလ်ချုပ်နဲ့ ဝီလီယံစလင်းတို့ တွေ့ ချိန်မှာ စလင်းက ဗိုလ်ချုပ်က ဂျပန်စစ်ယူနီဖောင်းနဲ့  နောက် ခါးမှာလည်း ဓားကိုလွယ်ထားတယ်ဆိုတယ်။ စလင်းပြောတာ အတိအကျက
“Go on, Aung San, You only come to us because you see we are winning!”
ငါတို့ နိုင်နေတာမြင်တဲ့အတွက်ကြောင့်သာ မင်းက ငါတို့ ဆီလာတာပဲလို့ ပြောတော့ ဗိုလ်ချုပ်က ချက်ချင်းပဲ
“It wouldn’t be much good coming to you if you weren’t, would it?”
ဒီအဖြေကို စလင်းက ရိုးသားတယ်ဆိုပြီး သဘောကျသွားသတဲ့။ ဒါပေမယ့် ဗိုလ်ချုပ်ဆိုလိုရင်းက ငါတို့ က မင်းတို့ နိုင်နိုင် မနိုင်နိုင် ဂျပန်ကို ချမှာဘဲ။ ချလည်း ချနေပြီ။ မင်းတို့ နိုင်မနေရင် မင်းတို့ ဆီလာစရာ အကြောင်းမရှိဘူး။ ဒို့ ဟာဒို့ ဆက်ချနေရမှာဘဲလို့  တချို့ ကအဓိပါယ်ကောက်ကျတယ်။ သူပြောသလိုပဲ စလင်းနဲ့ တွေ့ ချိန်မှာ ဗမာ့တပ်မတော်က ဂျပန်ကို စတော်လှန်နေပါပြီ။

သမိုင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေမှာ ဘယ်တော့မှ ရိုးရှင်းတဲ့ အဖြေမရှိနိုင်ဘူး။ ရိုးရှင်းတဲ့ အဖြေမျိုးရှာချင်ရင် ဘယ်သူလွန်သလဲတို့ ၊ ဗိုလ်ချုပ်က အင်္ဂလိပ်နဲ့ ပေါင်းလား၊ ဂျပန်နဲ့  ပေါင်းလားတို့ လို မေးခွန်းတွေကို တခွန်းထဲနဲ့ ဖြေလို့ မရဘူး။ သေချာတာကတော့ ဗိုလ်ချုပ်ဟာ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကိုပဲ အမြဲတန်း ရှေ့ တန်းတင်ခဲ့တယ်။ ကိုယ်မဖန်တီးနိုင်တဲ့ ပေးလာတဲ့ အခြေအနေတွေအောက်မှာ လှုပ်ရှားခဲ့ရတာဖြစ်တယ်။
တဖက်မှာ ဗိုလ်ချုပ်ဟာ ဂျပန်ကို အထူးသဖြင့် ဂျပန်ရဲ့ စစ်တပ် အာဏာနဲ့ ပြတ်ပြတ် သားသား အုပ်ချုပ်မှုကို တချိန်မှာ ခဏပဲဖြစ်ဖြစ် လိုလားခဲ့တာမျိုးကို ပြနေတဲ့ အထောက်အထားတွေလည်း ရှိတယ်လို့ ပြောတာလည်း ရှိတယ်။ အဓိကပြောတဲ့လူက ဒေါက်တာမောင်မောင်နဲ့ ပြည်ပမှာတော့ မိုက်ကယ်အောင်သွင်ပဲ။ ဒါပေမယ့် ဒေါက်တာမောင်မောင်ဟာ ဗိုလ်ချုပ် အထ္ထုပတ္တိကို ရေးချိန်မှာ သူ့ ရဲ့ motive က ဗိုလ်နေ၀င်းဟာ ဗိုလ်အောင်ဆန်းရဲ့ အမွေကို ဆက်ခံသူ အစစ်အမှန်ဖြစ်တယ်၊ ဗိုလ်နေ၀င်းရဲ့ မဆလဟာ ဗိုလ်ချုပ်လိုလားတဲ့ အုပ်ချုပ်ပုံမျိုးဖြစ်တယ်ဆိုတာကို ပြဖို့  ရေးတာလို့ ဗိုလ်ချုပ်အကြောင်းကို စနစ်တကျ သေချာလေ့လာအဓိပါယ်ကောက်ခဲ့တဲ့ လန်ဒန်အခြေစိုက် ပညာရှင်တယောက်က ပြောတယ်။ (Gustaf Houtman) ဒီတော့ ဒေါက်တာမောင်မောင်ရဲ့ သီအိုရီကို သတိထားရလိမ့်မယ်။ ဒေါက်တာမောင်မောင် ဘယ်သူ ဆိုတာလဲ အားလုံးသိပါတယ်လေ။

လောလောဆယ်မှာ ဒီဘလော့ကိုတွေ့ လို့ ရေးချင်စိတ်ချက်ချင်းဖြစ်ပြီး ရေးလိုက်တာမို့  စလင်းရဲ့  quote ကလွဲပြီး ကျန်တာကို အကိုးအကားမပေးလိုက်နိုင်ဘူး။ ကျနော့်ဘလော့မှာ ဒါကို အကိုးအကားတွေနဲ့  အသေးစိတ် ရေးပြချင်တယ်။

ဝတုတ်

Ko Paw,
I no agree with ur comment. I also read biology of General Salin book. U conculded that Bogyoke Aung San Co-operate with Brithish because of thery are winnnig the war.But if they are not co-operate with Bogyoke Aung San, Our leader first decided already to against Japan and had plan how to revolute. I want to tell u that u think first deeply before u remak something because u are well-known blogger and u are educated person and here in singaproe, most of the persons are not dull.

တချို့ မှတ်ချက်တွေ ဖတ်ပြီး စိတ်ထဲ ဘ၀င်မကျဖြစ်နေရာမှာ ရွှန်းမီရဲ့  'စစ်ပွဲက ရတဲ့ အကျိုးမြတ်အတွက်၊ တစ်နည်းအားဖြင့် ကိုယ့်နိုင်ငံပါဝင်တဲ့ အုပ်စုအနိုင်ရရေး ဆိုတာမျိုးအတွက် မဟုတ်ပါဘူး။ အဲ့လိုအတွေးမျိုး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာခေါင်းဆောင်ပိုင်းမှာ မရှိခဲ့ပါဘူး။' ဆိုတဲ့ အရေးအသားတွေ့ ရတဲ့အတွက် တော်သေးတာပေါ့လို့ ခံစားမိပါတယ်။

ဝတုတ် @ www.zizawa.wordpress.com

မငယ်နိုင်ကတော့ မီးခဲတစ်ခဲတင်လာပြီဗျား၊

အဲဒါနဲ့ပတ်သက်လို့ သိထားတာတွေက မပြည့်စုံသေးလို့ ဖြစ်နိုင်ရင် ဆောင်းပါးတွေ၊ ပို့စ်တွေတင်ချင်ပေမယ့် မတင်ရဲသေးတာတော့ အမှန်ပဲဗျ။ အမှန်ပြောလည်း ဇွတ်ငြင်းမယ့်သူတွေက အများသားလေ။

ကိုပေါပြောတာ မှန်ပါတယ်။ ဒါပေမယ့် အဖျားဆွတ်ဖေါ်ပြသလို ဖြစ်နေပါတယ်။ ဇီဇ၀ါလည်း အတော်ပြည့်ပြည့်စုံစုံ တင်ပြထားတာ အားရစရာပါ။ အချက်အလက်များလွန်းတော့ လိုရင်းအချုပ်ကို ပြောရခက်တာမျိုးလည်း သတိထားဖို့လိုပါမယ်။

ဒုတိယကမ္ဘာစစ်မှာ မြန်မာပြည်ဟာ ကိုလိုနီတစ်နိုင်ငံအနေနဲ့ နိုင်ငံသားတွေ ပါဝင်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါကို စစ်ထဲပါခဲ့တယ်၊ မပါခဲ့ဘူးဆိုတာကတော့ တစ်ယောက်စီရဲ့ သဘောထားအပေါ်မူတည်ပါတယ်။

တစ်ခုပဲဖြည့်ဆည်းပေးလိုတာကတော့ တိုင်းရင်းသားတွေကို မေ့ထားလို့မရဘူးဆိုတာပါပဲ။ အဆိုးအကောင်း၊ အကျိုးအကြောင်းတွေရှိခဲ့ဖူးပါတယ်။ အခုထပြောရင် ဗမာအပါအ၀င် လူမျိုးပေါင်းစုံရဲ့အမုန်းခံရရုံသာ ရှိတာမို့ စကားဦးလောက်ပဲ သန်းလိုက်ပါတယ်။

သေချာတာတစ်ခုကတော့ မြန်မာပြည်လွတ်လပ်ရေးရတာ ကံကောင်းတယ်ဆိုတာပါပဲ။ မဟုတ်ရင် သွေးချောင်းစီးစရာတွေ အများကြီးရှိပါတယ်။ ဘယ်သူမှ သူရဲကောင်းအဖြစ် ကျန်ရစ်စရာ မမြင်မိပါဘူး။

ဒီလိုတွေရေးလို့ ဝေ့လယ်ကြောင်ပတ်လုပ်တယ်လို့ ဆိုမယ့်သူတွေကို ပြန်ဖြေရှင်းဖို့လည်း လောလောဆယ် အစီအစဉ်မရှိသေးပါဘူး။

(ဦးအောင်ခင်ရေးတဲ့ `အရပ်သားအမြင်နှင့် စစ်သားအထင်´ ဆိုတဲ့ ခေတ်ပြိုင်ကဆောင်းပါးမှာတော့ သမိုင်းအမှန်ကို တစ်စိတ်တစ်ပိုင်း ဖတ်ရှုနိုင်ကြပါတယ်။ လောလောဆယ်တော့ ခေတ်ပြိုင်ဆိုက်ဒ်ပြင်နေလို့ ရှာလို့ရချင်မှ ရပါလိမ့်မယ်။)

သမိုင်းဆိုတဲ့မှတ်တိုင်တစ်ခုကို ဘက်ပေါင်းစုံကနေကြည့်ပြီး အရှိကိုအရှိအတိုင်း သုံးသပ်ဖို့တော့လိုပါလိမ့်မယ်။ ကိုယ်မြင်တဲ့ အမြင်တစ်ခုထဲ သမိုင်းဖြစ်စဉ်ကြီးတစ်ခုလုံးကို ပုံဖော်ဖို့ မလွယ်နိုင်ဘူး။

25 May 10, 22:12
ကျော်ထင်: လွတ်လပ်ရေးအတွက်တိုက်ခဲ့တာကြောင့် ဒုတိယကမ္ဘာစစ်မျာဘယ်ဖက်ပါပါအရေးမကြိးပေမဲံဖက်ဆစ်မျိုးစေ့ကဂျပန်မှာအမျီုးတုန်းသွားတာတောင်မြန်မာပြည်မှာကျန်နေတာကဒီနေ့ပြဿနာပဲwww.futureroadvisions.blogspot.com

26 May 10, 14:12
မလင်းပြာ: မြန်မာ့သမိုင်းကို ခေတ်လူငယ်တွေကစိတ်မဝင်စားကြဘူး.. ကျမမောင်လေးတွေရောပဲ...စိတ်မကောင်းစရာပေါ့..ကျမဖတ်ဆိုတာတောင်မဖတ်ဘူးမောင်လေး နှစ်ယောက်ကတော့

26 May 10, 20:45
kiki: သမိုင်းကြောင်းတွေ ဆွေးနွေးဖို့  ဥာဏ်ရည် မမှီတဲ့  အတွက် ..လာဖတ်ပြီးတော့ ပြန်သွားပါတယ် မငယ်နိုင်ရေ..မသိသေးတာတွေ သိလိုက်ရလို့  ဗဟုသုတ တော့ တိုးစေပါတယ် ..

26 May 10, 20:58
ခိုင်နုငယ်: ကျနော်တို့တွေတုန်းကတော့ ကျောင်းသင်ရိုးမှာ..သမိုင်းကြောင်းဆိုတာ...အနည်းအကျဉ်းလောက်ပဲပါတော့တယ်..ကမ္ဘာသမိုင်း..မြန်မာသမိုင်းရယ်ဆိုပြီး..ခြောက်တန်းလောက်ထိတော့ပါသေးတယ်...အဲအရွယတုန်းကလည်း..စာအမြန်ရပြီးရော. 26
May 10, 20:58
ခိုင်နုငယ်: ဖင်မိုးထောင်ပြီး..အော်စာအော်ကျက်တဲ့အရွယ်ဆိုတော့..သမိုင်းကြောင်းသေချာမသိတော့ဘူ..
(ပို့စ်နဲ့ ဆိုင်တာတွေကို C-Box က ကူးလာပြီး သိမ်းထားလိုက်ပါတယ်။)

ဒီပို့စ်က ဒုတိယကမ္ဘာစစ်မှာ ပါဝင်တဲ့နိုင်ငံတွေရယ် ဘယ်ဘက်က ပါခဲ့တယ်ဆိုတာကို သားကမေးလာတော့ ကျွန်မလည်း တခြားနိုင်ငံတွေ ဘယ်သူပါမပါ ဆိုတာထက် ကျွန်မတို့ နိုင်ငံရဲ့ ပါဝင်မှုကို မသဲမကွဲ ဖြစ်နေလို့ တခြားသူတွေကော ဘယ်လိုရှိလဲဆိုတာ အသိဖလှယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ဖြစ်ခဲ့ပါတယ်။ ကျွန်မသား သိချင်တာက ဘာကြောင့်စစ်ဖြစ်ရတယ်ဆိုတာ မဟုတ်ဘူး။ စစ်ဖြစ်ရာမှာ ဘယ်သူတွေပါပြီး ဘယ်ဘက်က ပါခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။

မောင်စူပါကလွဲရင် မှတ်ချက်ပေးခဲ့သူ အားလုံးက ဒုတိယကမ္ဘာစစ်နဲ့ ပတ်သက်ပြီး သိသမျှ၊ မှတ်သားသမျှကို မျှဝေသွားကြသူတွေ၊ မသိသူတွေကလည်း သူများသိထားတာတွေကို မျှဝေယူသွားပြီး feedback ထားခဲ့သူတွေ ဖြစ်လို့ ပို့စ်နဲ့ ဆိုင်တာ ဘာမှမရေးပဲ အပြစ်ပဲ တင်သွားတဲ့ မောင်စူပါကလွဲရင် အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

-ကိုပေါ ပြောတဲ့ သဘောသဘာဝကို လက်ခံပေမဲ့ သာကူး တော့မဟုတ်ဘူးလို့ ကျွန်မသုံးသပ်တယ်။

မဗေဒါရဲ့ "အော်စီက ပြဌာန်းစာအုပ်မှာ သူတို့ ဘယ်ကအထောက်အထားနဲ့ ရေးသလဲဆိုတာတော့ မသိဘူး" ဆိုတာနဲ့ ပတ်သက်ပြီး အော်စီ ပညာရေးစနစ်မှာ ပြဌါးစာအုပ်ဆိုတာ မရှိဘူး သူငယ်ချင်း။ သူဖတ်တဲ့ စာအုပ်ဆိုတာ စာကြည့်တိုက်က ငှားလာတဲ့ စာအုပ် ၁၉၄၂ မှာ ဂျပန်နဲ့အတူ အင်္ဂလိပ်ကို တိုက်တယ်။ ၁၉၄၅ မှာ အင်္ဂလိပ်နဲ့အတူ ဂျပန်ကို တိုက်တယ်ဆိုတဲ့ စာအုပ်ထဲက Fact ကိုပဲ ကြည့်ပြီး နှစ်ဘက်စလုံးမှာ ပါခဲ့တယ်လို့ ပြောတာ သားရဲ့သုံးသပ်ချက်သာ ဖြစ်တယ်။ ဖတ်စာအုပ်ထဲမှာ ပြောထားတာ မဟုတ်ဘူး။

yaynawe@sindecafe.com, ရွှန်းမီ၊ Zizawa, nandalynn တို့ရဲ့ မျှဝေပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ Zizawa က Reference အတိအကျနဲ့ ဘလော့ဂ်မှာ တင်ဖြစ်ရင် အကြောင်းကြားပါနော့် ကျွန်မ ပြန်ဖေါ်ပြချင်လို့။

-Helen, AATO, Zay tar yar တို့ရဲ့ Appreciation အတွက် ကျေးဇူးတင်ပါတယ်။

ကိုမန်းကိုကို အဲဒါ မီးခဲမဟုတ်ပါဘူး မရှင်းတာကို ရှင်းအောင်လုပ်တာပါ။

-မောင်မိုးရေ အမြင်တခုတည်းနဲ့ သုံးသပ်လို့မရလို့ အဲဒီပို့စ်ကို တင်ဖြစ်ပါတယ်။

-မောင်စူပါအလှည့်၊ မောင်စူပါက ဘလော့ဂ်ဖတ်နေတာ ကြာပြီလို့သာ ပြောတယ် စာလည်း ဖတ်လို့မတတ်၊ ပို့စ်ရဲ့ Main idea ကလည်းမသိ လူကြီးတွေက ကလေးကို ပြောမပြနိုင်လို့ အပြစ်တင်ပြီး ကိုယ်တိုင်လည်း ဘာမှမသိဘူး။ သူများတွေလို တစုံတရာ ဆွေးနွေးပြီးမှ ကျွန်မကို အပြစ်တင်ရင်တော့ လက်ခံစရာရှိတာ လက်ခံလိုက်ဦးမယ် အခုတော့ ဒုတိယကမ္ဘာစစ်အကြောင်းလည်း မပါ၊ သားပြောတာနဲ့ ကျွန်မပြောတဲ့အကြောင်းလည်း ဘာမှမပါဘဲ အပြစ်တင်သွားတယ်။ အဲဒီလို အပြစ်တင်ပြီး သူများဘလော့၈်တွေမှာ လိုက်နှောင့်ယှက်ခ ပိုက်ဆံ တော်တော်လေး ရထားပုံရတယ်။ နောက်တခါ ဒီလို မဆိုင်တဲ့ မှတ်ချက်တွေ လာမရေးပါနဲ့။ မှတ်ချက်ပေးသမားတွေအနေနဲ့ ကျွန်မနဲ့ သဘောထား တူဖို့မလိုပါဘူး။ တင်ထားတဲ့ပို့စ်နဲ့ ဆိုင်ဖို့ပဲ အရေးကြီးတယ်။

ကျနော်လည်း လိုရင်းပြောလိုက်တာ ခုန်ကျော်ပြောသလိုတော့ ဖြစ်သွားတယ်။ `မီးခဲ´ လို့ သုံးလိုက်တာ အကြောင်းရှိပါတယ်။ ပုဂံရာဇ၀င်ကို ၀ါးရင်းတုတ်ထမ်းပြီး ငြင်းရတယ် ဆိုတာမျိုးပေါ့၊ လူအများစုကနေ အဖြစ်မှန်တစ်ခုကို လက်ခံဖို့အဆင်သင့် မဖြစ်သေးခင် ကိုယ်ကသဘောရိုးနဲ့ pioneer သွားလုပ်မိသလိုမျိုး ဖြစ်သွားနိုင်တာကို မြင်မိလို့ပြောလိုက်တာပါ။

ကျနော်ကိုက အကဲပိုပြီး သတိထားလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။

I would appreciate if Zizawa is going to write a complete post linking clues and facts he discussed in the comments. Please make it to be an unbiased historical article. I noticed U Aung Khin's articles are very much daring in presenting some controversial facts. Those facts contradicts with what we were taught from the text books. But, remind that the history we learned were not written by independent historians. The history we learned described the roles of BIA mainly but short of other factors which played vital roles in Burmese independence.

(Ko)Nanda, Thanks for the encouragement although that would make another unwelcome distraction to my already heavy workload. But I’ll try. Quite a good number of books have been penned on the subject that Ma Nge Naing inquired. I would personally recommend, in particular, the following books: Mary Callahan’s Making Enemies is an outstanding book on the rise of military rule in Burma while Nicholas Tarling’s A Sudden Rampage focused on the Japanese occupation of Southeast Asia (including Burma), Rober Taylor’s A State in Burma is also a must-read text to both undergrad and post-grad students of Burmese history and politics whether we agree with his actions or not. These books came to my mind at the time of writing but that doesn’t mean there are no other books worth reading. If you have access to JSTOR, you’ll find almost infinite supply of articles, papers on the relevant subject. Certain biographical work or memoir of important people of the time like the auto-bio of General Kyaw Zaw , William Slim’s From Defeat to Victory, Dorman-Smith’s memoir and numerous other narratives must also form, I think, a part of broader study on the subject. By the way if you guys have a chance, have a look at ‘who really killed Aung San’ on youtube.

Watote

As for Burmese books, Thakhin Tin Mya has written quite a lot of books on that particular period. Sagaing Han Tin, the history of We Burman Organization and modern Burmese Politics. All of them were published in Burma. Win Tint Tun, though not a historian by trade, put a tremendous amount of effort in his အမှောင်ကြားက ဗမာပြည် His book is definitely worth reading.

ဗိုလ်ခင်ညွန့် လက်ထက်မှာ ထုတ်တဲ့ အပိုင်း ၇ ပိုင်းလောက်ပါတဲ့ ‘တပ်မတော် သမိုင်း’ ကနေလည်း တချို့ အချက်အလက်တွေကို ရနိုင်ပါတယ်။

Another book to add to the list: Christopher Bailey and Tim Harper's Forgotten Armies is also a great book . Another recent publication includes Michael Charney's A history of modern Burma.
Hope that helps.

နန္ဒာရဲ့ဆန္ဒအတိုင်း ဇီဇ၀ါသာပို့စ်တင်ရရင်တော့ သိပ်တော့အဆင်ပြေလှမယ် မထင်ဘူး၊ အနည်းဆုံး စာတမ်းတစ်ခုစာလောက်ရှိတာကို ချုံ့လို့လွယ်မယ်တော့ မထင်ပါ။ ပြီးတော့ ဇီဇ၀ါသိထားတဲ့ အချက်အလက် အရင်းအမြစ်တွေက အတော်များတာကိုတွေ့ရပါတယ်။ ဒါတွေမှီပြီး (လူမျိုး၊ ဒေသစွဲ မထားပဲ) စာရေးရင်တော့ အငြင်းပွားစရာအချက်တစ်ချို့ ထောက်ပြရုံကလွဲပြီး သွားငြင်းလို့တော့ လွယ်မှာမဟုတ်ဘူး။ (မျက်စိမှိတ် ဇွတ်ငြင်းမယ့် သူတွေကလွဲရင်ပေါ့လေ)

သူညွှန်ထားတာတွေကြုံရင် လိုက်ရှာဖတ်ကြည့်ပါအုံးမယ်။ ဒါပေမယ့် ဆရာသမားက ကိုယ့်ရဲ့လင့်ထည့်မထားတာတော့ နည်းနည်းဆိုးပါတယ်။

အခုမှတ်ချက်လာရေးတဲ့ Zizawa က Ziaawa's refuge ဘလော့ဂ် http://zizawa.wordpress.com/ ကထင်တယ်။ မဟုတ်ရင်လည်း ပြန်ပြောပါနော့်။

နောက်ပိုင်း မှတ်ချက်တွေကိုတော့ သားသိပ်နားလည်မှာ မဟုတ်လို့ ကျွန်မ သူ့ကို မရှင်းပြဖြစ်ဘူး။ အရင်မှတ်ချက်တွေနဲ့ သူဖတ်တဲ့ စာအုပ်က သိသမျှတွေပေါင်းပြီး ကျွန်မသား သုံးသပ်သွားတာကတော့ ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဟာ အခြေအနေအရ တိုင်းပြည် လွတ်လပ်ရေးအတွက် ရည်ရွယ်ပြီး နှစ်ဘက်စလုံးက တိုက်ခဲ့ပါတယ် ဒါပေမဲ့ ဘယ်ဘက်က ပါတယ်ဆိုတာကိုကျတော့ ဒုတိယကမ္ဘာစစ်မှာ ဗြိတိသျှဘက်က ပါတယ်လို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပတ်မှာ ပြုလုပ်မည့် ကျောင်းက အတန်းဆွေးနွေးပွဲမှာ သူ Research လုပ်ထားတာကို ပြန်ဆွေးနွေးရင် သူဒီအတိုင်းပဲ ဆွေးနွေးမယ်လို့ ပြောတယ်။

ကျွန်မ အနေနဲ့ မြန်မာနိုင်ငံက ဒုတိယကမ္ဘာစစ်မှာ ဘယ်ဘက်ကမှ မပါဘူးလို့ ထင်ခဲ့တာက ကျွန်မတို့ ကျောင်းမှာတုန်းက သင်ရတာရော နေ့ကြီးရက်ကြီးတွေ နီးတိုင်း ဆရာဆရာမတွေ ပြောပြတဲ့ သမိုင်းတွေမှာပါ အင်္ဂလိပ်နဲ့ ဂျပန်ကိုတော်လှန်ခဲ့တာ ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းအနေနဲ့ မသင်ခဲ့ရဘဲ အကြားသိခဲ့ရဘဲ လွတ်လပ်ရေးအတွက်တိုက်တာပဲ သိခဲ့ရလို့ ဖြစ်တယ်။ ပြီးတော့ ဒုတိယကမ္ဘာစစ်အကြောင်းကို ရှစ်တန်းမှာ သင်ခဲ့ရပေမဲ့ ရုရှားနိုင်ငံ အောက်တိုဘာ တော်လှန်ရေးလို စာမေးပွဲမှာ မေးလေ့မရှိတော့ ဖြစ်သလိုပဲ သင်ခဲ့ရပြီး မှတ်သားမှု နည်းတာလည်းပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်မှာ မြန်မနိုင်ငံ ပါခဲ့တယ်ဆိုတဲ့ အမြင်မျိုး ကျွန်မစိတ်ထဲမှာ လုံးဝမရှိခဲ့ဘူး။ အခုသားဆီက မေးလာတဲ့မေးခွန်းနဲ့ ဒီမှာ မှတ်ချက်ပေးလာတဲ့ မိတ်ဆွေတွေရဲ့ မှတ်ချက်တွေကို ဖတ်ကြည့်၊ သားဖတ်နေတဲ့ စာကြည့်တိုက်က စာအုပ်ကို ပြန်ဖတ်ကြည့်တော့ ကျွန်မတို့ မြန်မာနိုင်ငံဟာ ဗြိတိသျှဦးဆောင်တဲ့ မဟာမိတ်တွေဘက်ကနေပြီး ဒုတိယကမ္ဘာစစ်မှာ ဂျာမန်ဦးဆောင်တဲ့ ဂျပန်တွေကို ပါဝင်တိုက်ခိုက်ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဂျပန်ကို ပြန်တိုက်ဖို့ အင်္ဂလိပ်အကူအညီကို ယူစဉ်က အင်္ဂလိပ်တပ်တွေလို့ မသုံးဘဲ မဟာမိတ်တပ်တွေလို့ သုံးထားတာကို ကျွန်မ ပြန်မှတ်မိတယ်။ အင်္ဂလိပ်ကို ဂျပန်နဲ့ ပေါင်းပြီးတိုက်ခဲ့တုန်းက ဂျာမန်ဦးဆောင်တဲ့ မဟာမိတ်အုပ်စုက ဂျပန်တွေကို ထောက်ခံလို့မဟုတ်၊ မိမိနိုင်ငံကို ကိုလိုနီပြုနေတဲ့ အင်္ဂလိပ်ကို မြန်မာ့မြေပေါ်က မှောင်းထုတ်ချင်လို့သာ ဖြစ်တယ် ဒါကြောင့် အဲဒီစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူး။ ဂျပန်ကို အင်္ဂလိပ်နဲ့ ပေါင်းပြီးပြန်တိုက်ခဲ့တဲ့အခါမှာတော့ မြန်မာ့လွတ်လပ်ရေးအတွက် တခုတည်းမဟုတ်ဘူး ဖက်ဆစ်စနစ်ကို ကမ္ဘာ့မြေပေါ်က မှောင်းထုတ်ဖို့အတွက်ပါ ပူးတွဲပါဝင်တဲ့အတွက် ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ဦးဆောင်တဲ့ မဟာမိတ်ဘက်က ပါခဲ့တယ်လို့ ကျွန်မနားလည်လိုက်တယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ မြန်မာ့သမိုင်း မဟုတ်ဘူးလား။ ဗိုလ်ချုပ်အောင်ဆန်း သမိုင်းကို မသိတဲ့သူဟာ မြန်မာ့သမိုင်းကို မသိတဲ့သူသာ ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေ ကမ္ဘာ့သမိုင်းကို မသိချင်နေ မိမိသမိုင်းကိုတော့ မိမိ သိသင့်ပါတယ်။ မိမိကိုယ်တိုင် ဘာသမိုင်းကိုမှ မသိဘဲနဲ့ သားကိုတောင် ပြောပြမနိုင်ဘူးလို့ အပြစ်တင်လာသူ မောင်စူပါကို ပြန်ပြောချင်တာက ကျွန်မသား ဆယ်နှစ်သားလေး မေးလာတဲ့ မေးခွန်းကြောင့်သာ ကျွန်မအခုလောက် သိသွားပါတယ်။ အစကတော့ မြန်မာနိုင်ငံ ဒုတိယကမ္ဘာစစ်မှာ ပါတယ်လို့ သတ်ကိုမသတ်မှတ်ထားဘူး။ ကျောင်းမှာတုန်းကလည်း သိအောင် သင်ခဲ့ရတာမဟုတ်ဘူး၊ သူတို့ကိုကျတော့ မိတ်ဆက်ပဲ ပေးပြီး မိမိဖါသာ Research လုပ်ရတယ် ပြီတော့မှ အတန်းထဲမှာ မိမိ သိလာတောကို ပြန်ဆွေးနွေးတယ် ဆရာမသိထားတာနဲ့ ပြန်ပေါင်းပြီး အနုလုံပဋိလုံ ဆွေးနွေးပြီး ဦးနှောက်ထဲ ရောက်သွားတဲ့အသိနဲ့ သူတို့သင်ရတာ ဒါတောင်မှ မူလတန်းပဲ ရှိသေးတယ်။ ကျွန်မတို့လို ကျွန်မတို့ သင်ရသလို ၏၊ သည်၊ ၌၊ ၍ တူအောင် ကြက်တူရွေးစာကျက်သလို ကျက်ပြီး သင်ခဲ့ရတာ မဟုတ်လို့ သားသင်ရတဲ့ အဆင့်နဲ့ ကျွန်မတို့ သင်ခဲ့ရတဲ့ အဆင့်က အများကြီးကွာတယ် ဆိုတာ ဘာမှမသိဘဲ အပြစ်တင်နေတဲ့ မောင်စူပါကို သိစေလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဥရောပနိုင်ငံ အတော်များများဟာ ဂျာမန်ဘက်ကပါတယ်ဆိုတာနဲ့ ပါခဲ့တဲ့ နိုင်ငံတွေ အားလုံးနဲ့ ဦးဆောင်ခဲ့တဲ့ ဘာလင်တံတိုင်းကြီးပြိုပြီး ဂျာမဏီကိုယ်တိုင် အခုဒီမိုကရေစီ နိုင်ငံကြီး ဖြစ်နေတဲ့အချိန်မှာ သူတို့နဲ့ ဆန့်ကျင်ဘက်ဆိုက်မှာ ပါခဲ့တဲ့ မြန်မာပြည်ကတော့ ဖက်ဆစ်စနစ်ကို ပြန်ရောက်ပြီး နောက်ပြန်သွားနေတာကတော့ မောင်စူပါတို့လို အမှောင်ဖုံးနေတဲ့ သူတွေအတွက် ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဖက်ဆစ်တွေရဲ့ဘုရင် ဂျာမန်တို့၊ ဂျပန်တို့တောင် သူတို့စစ်ရှုံးသွားတဲ့ သူတွေ ချမှတ်ထားတဲ့ ဒီမိုကရေစီလူ့အခွင့်အရေးကို ဘယ်လို ကျင့်သုံးနေကြတယ်ဆိုတာ လေ့လာလိုက်ဦး။

ဗိုလ်ချုပ်နဲ့ အတူ ဟိုင်လီသင်္ဘောနဲ့ တရုတ်ပြည်သွားတဲ့ ဗိုလ်ရန်အောင်ရဲ့ နံမယ်ရင်းက သခင်လှမြိုင်ပါ။ သခင်ထွန်းရှိန်မဟုတ်ပါ။ ကျနော့်ဘလော့မှာ လာဆွေးနွေးသွားတဲ့ (ဦး၊ကို)တင့်ဦး ပြင်ပေးတာ ကျေးဇူးပါ။ အဲဒါကို ပြင်ဆင်ဖတ်ရှုပေးစေလိုပါတယ်။
တာတေစနေသားကိုလည်း စာအုပ်စာရင်းမှာထည့်ပြောဖို့ မေ့သွားတယ်။ နောက်ဗြိတိသျှ စာကြည့်တိုက် India Office မှာလည်း primary source တွေအများကြီးပါ။ ခုတော့ ကိုယ်စလိုက်တဲ့ (မငယ်နိုင်တို့ သားအမိစတဲ့ဇာတ်လမ်းလို့ ပြောရမလား) အလုပ်တခုကို ပြီးစီးအောင် ကျကျနနဖြစ်အောင် လုပ်ရတော့မယ်။ ကောင်းပါတယ်။

ဝတုတ်

I just want to go to the British Library right now. But the dentist told me to take a rest having had a tooth extracted an hour ago... :)

Watote

ကိုမန်းကိုကိုရေ၊ သိသိနဲ့ လူမျိုးစွဲမထားဖို့ ၊ ဘာသာစွဲမထားဖို့ က အရေးကြီးဆုံးပါ။ ကျနော် ကြားဖူးတာ တခုက if you are writing about history, you have to be a historian first before you are a Burmese or a communist or anything else. Remind လုပ်တဲ့အတွက်လည်း ကျေးဇူးပါ။

မငယ်နိုင်ရေ၊ www.zizawa.wordpress.com ကို အလယ်လာဖို့ ဖိတ်ပါတယ်။

တကယ်ရေးဖြစ်သွားမယ်ဆိုရင်တော့ zizawa အား အလွန်ကို ကျေးဇူးတင်မိမှာပါ။ ဦးနာအောက် အကြောင်းကို ကျကျနန သုတေသနပြုရေးသားခဲ့ဖူးတဲ့ ကိုမောင်ရင် ကို သတိရမိသေးတယ်။ အလွန်တန်ဖိုးရှိလှတဲ့ ပို့စ်တွေပါ။ ၀မ်းနည်းစရာက အခုဘလော့ကို invited readers only လုပ်သွားတယ်။ ပြောချင်တာက အဲလို တန်ဖိုးရှိတဲ့ ပို့စ်တွေဖြစ်အောင် တကယ့်ကို စနစ်တကျရေးသားသွားတဲ့သူတွေရှိတယ်ဆိုတာပါ။ အချိန်အား၊ လူအား အများကြီးအားစိုက်ရမယ်ဆိုတာ ပြောစရာပင်မလိုပါ။

အချိန်ကုန်ခံပြီး လက်ညောင်းအောင် ဘာလို့ရေးနေကြတာလဲ..ဂျပန်စစ်ရှုံးတာတွေ နိုင်တာတွေ ချေးပါ သေးပေါက်တာတွေ ဆွေးနွေးနေမယ့်အစား ဒို့နိုင်ငံမှာ လက်ရှိလိုအပ်နေတဲ့ ဒီမိုကရေစီအရေးကိုပဲ ၀ိုင်းဝန်းလုပ်ဆောင်သင့်တယ်...


ဇန်ရဲ

ဒီမိုကရေစီ အကြောင်းတွေ ဆွေးနွေးထားတာ အများကြီးရှိပါတယ်။ ပို့စ်အဟောင်းတွေမှာ ပြန်ရှာကြည့်လိုက်ပါ။ ဆွေးနွေးချင်ရင် ပို့စ်အောက်မှာ ဆွေးနွေးလို့ရတယ်။ မိမိမကြိုက်ပေမဲ့ သူများ ကြိုက်လို့ ဆွေးနွေးထားတာကို မစော်ကားပါနဲ့။ ဒီမိုကရေစီဆိုတာ သူများဆန္ဒကို လေးစားရတယ် အခုလို အပျက်သဘောဆောင်လို့ မရဘူးဆိုတာ သဘောပေါက်ပါ။ မကြိုက်ရင် အေးအေးဆေးဆေး ပြန်နိုင်ပါတယ်။ နောက်ထပ်လည်း လာမဖတ်ဘဲ နေနိုင်ပါတယ်။

It took me a good eight hours to finish the first part and a draft for the later parts. Phew... I'll go to the British Library and hope the second part should be on it by next week. Looks like there could be four five or even six parts. Bear in mind that I'm relying exclusively on reliable secondary sources until now. But BL should have more primary stuff, like the governor's report on Do Bama Asiayone and so on...
It's worth doing I think. But also pretty draining. Hope that should be helpful to all Burmese readers interested in history. But please do raise questions whenever possible so that I can make it more comprehensive. Would really appreciate it..
It's 40 mins past midnight and I'm off to sleep.

ဂျပန်ပြတိုက်မှာ ဒုတိယကမ္ဘာစစ်နှင့် မြန်မာ ကတစ်မျိုး၊
အင်္ဂလန်ဆရာတွေ ကတစ်မျိုး၊ အဲဒီလိုပဲ မြန်မာထဲမှာပင် တစ်မျိုး တစ်မျိုးတွေပါပဲ၊
အဓိက က ကိုယ်ရဲ့ ဂျန်နရေးရှင်းကို မြန်မာအကြောင်းပြောပြခြင်းပါပဲ၊ မြန်မာစာပါ သင်ပေးရင်အကောင်းဆုံးပေါ့၊ ဖတ်ရင်းနှင့် သူသိလာပါလိမ့်မယ်၊ သူကိုယ်တိုင်သိလာတာ အကောင်းဆုံးပါပဲ၊

ပြောချင် မေးချင်တာတွေကို အပေါ်ကကောမန့်တွေမှာ အကုန်မြင်လိုက်ရပြီးပြီမို့ ဘာမန့်ရမှန်းကို မသိတော့ဘူး
ဆွေးနွေးတာတွေ စုံစုံလင်လင်မို့ အများကြီးသိသွားရပါတယ် ပို့စ်တင်သူကစပြီး ၀င်ဆွေးနွေးသူတွေအကုန် ကျေးဇူးဗျ