မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အမှောင်ထဲက တေးသီချင်းသံ




အမှောင်ထဲက ထွက်ပေါ်လာနေတဲ့ လွမ်းလွမ်းဆွေးဆွေး တေးသီချင်းအသံက အဆိုတော် ခင်ဝမ်းတယောက် တမလွန်ဘ၀ကနေပြီး လူ့လောကကြီးထဲမှာ ကျန်နေရစ်တဲ့ သူ့ရဲ့ တေးချစ်ပရိတ်သတ်များကို ကိုယ်ထင်မပြဘဲ အသံပဲ ပေးပြီး လာနှုတ်ဆက်ကာ အလွမ်းဖြေ ပေးနေတယ်လို့တော့ မထင်လိုက်ပါနဲ့လို့ လာလည်သူတွေကို ကြိုပြောထားပါရစေ။ အသံရှင်က ဘယ်သူ့အတွက် ဘယ်လိုခံစားပြီး ဆိုထားမှန်းတော့ မသိပါ။ ဒီသီချင်းသံလေးကို ကြားရတဲ့ ကျွန်မကတော့ အဆိုတော် ခင်ဝမ်းကိုပဲ သတိရလို့လား၊ နီးလျက်နဲ့ ဝေးနေရတဲ့ အသံရှင်ကိုပဲ သတိရလို့လား ဝေခွဲမရ ဖြစ်ခဲ့တာတော့ အမှန်ပဲ။


မနက်မိုးသောက်ထ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ စိတ်သန့်စင်အောင် ဘုရားရှိခိုးပြီး စာခဏဖတ်တယ်။ ပြီးတော့ အလုပ်မသွားခင် ကွန်ပြူတာ ခဏဖွင့်ပြီး မေးလ်စစ်တယ်၊ ဘလော့ဂ်ထဲဝင်တယ်။ ဘလော့ဂ်ထဲမှာ မိတ်ဆွေတွေ လာပြီး နှုတ်ဆက်ထား၊ ပို့စ်နဲ့ ပတ်သက်ပြီး Appreciate လုပ်ထားတာတွေ တွေ့ရရင် ပီတိဖြစ်ရတာ ရှိသလို ကလေးလိုလို ခွေးလိုလိုတွေက အမှိုက်ပွထားရင်လည်း ရှင်းရလင်းရတာတွ ရှိတတ်ပါတယ် ဘုရားရှိခိုးတဲ့ အချိန်က မေတ္တာပို့ထားတဲ့ အရှိန်လေး ရှိနေသေးတော့ ပူလောင်နေတဲ့ သူတို့စိတ်တွေ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးဖြစ်တယ်။ ဘုရားရှိခိုးထားခြင်းမရှိတဲ့ နေ့လည်ဘက် အချိန်မျိုးတွေမှာကျတော့ ပြာရာပြာရာနဲ့ ပြေးပြေးလွှားလွှား သွားလာနေရတော့ အဲလောက် စိတ်ရှည်ဖို့ ဆင်ခြင်တုံတရားမကပ်နိုင်ဘူး။ ဘုရားဟောတဲ့ လူမိုက်နဲ့ ပေါင်းရင်လူမိုက်ဖြစ်တတ်တယ် ဆိုတဲ့အတိုင်းဘဲ မိုက်မဲသူတွေနဲ့ အဖက်လုပ်ပြီး အပြန်အလှန် ပြောမိဆိုမိရင် ကိုယ်ပါမိုက်မဲလာတာ သတိထားမိလာတယ်။ ဒီတော့လည်း လူမိုက်ကိုရှောင်ပြီး သူတော်ကောင်းနဲ့ပဲ ပေါင်းဖက်ရမယ်ဆိုတဲ့ မင်္ဂလာသုဒ်မှာ ဘုရားဟောထားတာလေးကို ပြန်ပြီး အသိတရားထဲ ရောက်လာပြန်တယ်။ ထားလိုက်တော့ ကျွန်မက ဒီအကြောင်း အဓိကပြောချင်တာ မဟုတ်ပါဘူး။ ခုနက သီချင်းအကြောင်းကို ပြောချင်တာပါ။

ဒီနေ့ မနက် အလုပ်သွားခါနီး ဘလော့ဂ်ဝင်ကြည့်ပြီး ဘာမှမကြာသေးဘူးလို့ ထင်ရပေမဲ့ နာရီကြည့်လိုက်တော့ အလုပ်သွားဖို့ အချိန်တောင် ကပ်နေပါပြီ။ ကတန်းကမန်း ထပြီး အ၀တ်အစားလဲ အခန်းထဲဝင်ပြီး သားကို "သားသားရေ မေမေ အလုပ်သွားဦးမယ် မကြာခင် ဖေဖေ ပြန်ရောက်လာလိမ့်မယ် ကျောင်းသွားရင် အနွေးထည်ဝတ်သွားနော့် အပြင်မှာ တော်တော်အေးတယ်လို့ အနွေးထည်ဝတ် ဦးထုပ်ဆောင်းသွား" လို့ သားကို သတိပေးရင်း မျက်နှာမှာ မိတ်ကပ်တဖတ်ဖတ်ရိုက်ကာ နှုတ်ခမ်းနီဆိုးလိုက်တော့ အလှပြင်တဲ့ကိစ္စ စက္ကန့်ပိုင်း မိနှစ်ပိုင်းမှာတင် ပြီးသွားတယ်။ ဆံပင်ကတော့ ဘုရားမရှိခိုးခင်က ဖီးထားလို့ ထပ်ဖီးစရာမလိုတော့ဘူး။ သားကို နှုတ်ဆက်ပြီး ထွက်ဖို့လုပ်နေခါမှ သားက ခဏနေဦးဆိုပြီး ရင်ခွင်ထဲမှာ လာမှီနေလို့ ခဏလေး ဖက်ထားပေးရသေးတယ်။

သူ့ကိုဖက်ထားစဉ်မှာ "ရေခဲသေတ္တာထဲမှာ ကျောင်းမသွားခင် သားသားစားဖို့မုန့် ရှိတယ်။ စားပွဲခုံပေါ်မှာ နေ့လည်စာအတွက် ပိုက်ဆံတင်ထားပေးတယ် ကြားလား" လို့ ကျွန်မ ပြောရင်း နာရီကြည့်လိုက်တော့ "ဟဲ့ သား မေမေ အချိန်မရတော့ဘူးသား နောက်တောင် ကျနေပြီ ပြန်အိပ်လိုက်တော့နော့်" လို့ ချော့မော့ကာ ထားခဲ့ပြီး ပိုက်ဆံအိတ်ကို ပုခုံးမှာ ကောက်လွယ်ကာ အပြင်ထွက်လာပြီး အိမ်တံခါးဝရောက်တော့ ခြေစွပ်က စွပ်ထားပြီးသားမို့ ကတန်းကမန်း ဖိနပ်ကောက်စီးကာ အိမ်တံခါးကို ဖွင့်လိုက်တော့ တံခါးဝမှာ သူ့အဖေပြန်လာတာနဲ့ တန်းတိုးတယ်။ တယောက်ကအထွက် တယောက်က အ၀င်။ "အလုပ်သွားတော့မယ် သားသားလည်း နိုးနေလို့ ပြန်အိပ်ခိုင်းထားတယ်" လို့ ပြောပြီး လှေကားကို ဆင်းဖို့အလုပ်မှာ သွားတော့မလား နေဦးလေဆိုပြီး လိုက်စပြီး ဆွဲထားလို့ "ဖယ်စမ်းပါ အလုပ်သွားဖို့ နောက်ကျနေရတဲ့ ကြားထဲ သားကတမျိုး အဖေကတမျိုး" ဆိုပြီး ပြေးဆင်းလာလိုက်ရတယ်။ အလုပ်ရောက်တော့ ငါးမိနှစ်ပဲ နောက်ကျလို့ တော်ပါသေးရဲ့။

ညနေ အိမ်ပြန်ရောက်တော့ ခဏအနားယူပြီး ဘလော့ဂ်ထဲက အကုသိုလ်တွေကိုရှင်းပြီးမှ မီးဖိုချောင်ထဲ ၀င်ဖြစ်တယ်။ ကျွန်မရောက်တော့ သားက ကျောင်းက ပြန်ရောက်နေပြီး Opera House မှာ သွားဆိုရမည့် ကျောင်းအုပ်စု သီချင်းဆိုပွဲအတွက် laptop ကို သုံးပြီး သီချင်းလေ့ကျင့်နေတယ်။ We are the world, အပါအ၀င် သီချင်း တွေကို လေ့ကျင့်နေတယ်။ အဖေကလည်း အခုကျွန်မ စာရိုက်နေတဲ့ ကွန်ပြူတာသုံးပြီး တယောက်ယောက်နဲ့ ချတ်နေတယ်။ ကျွန်မ ရောက်တော့ ကျွန်မဘာမှ မလုပ်ခင် ကွန်ပြူတာကို အရင်ဝင်ကြည့်မယ်ဆိုတာ သိလို့ အလိုက်သိသိနဲ့ ဖယ်ပေးလိုက်တယ်။ ဘလော့ဂ်ကို ၀င်ကြည့်တော့ ထင်တဲ့အတိုင်း အမှိုက်တွေပွနေလို့ ရှင်းလိုက်ရသေးတယ်။ ပြီးတော့မှ အင်္ကျီအ၀တ်အစားလဲပြီး မီးဖိုခန်းထဲ ၀င်ဖြစ်တယ်။

ကျွန်မ မီးဖိုခန်းထဲ ၀င်တဲ့အချိန်မှာ သူ့အဖက ဂီတာတလုံးဆွဲပြီး အိမ်ခန်းထဲဝင်သွားတယ်။ ခင်ဝမ်းသီချင်းကို ဆွဲဆွဲငင်ငင်နဲ့ ဂီတာတီးပြီး ဆိုနေသံကို ကြားရတော့ အခုလို ကျောင်းဖွင့်တဲ့ ရာသီတွေမှာ ကျွန်မအတွက် ကျောင်းသွားလိုက် အလုပ်သွားလိုက်နဲ့ မိသားစု သုံးယောက် အတူဆုံတဲ့အချိန်ဟာ သိပ်ကိုနည်းပါလားလို့ တအိမ်တည်းနေပြီး လွမ်းနေရတဲ့ အဖြစ်ကို တွေးနေမိတယ်။ သူအိမ်ခန်းထဲ ၀င်သွားတုန်းကတော့ ညကျရင် အလုပ်ပြန်သွားရမှာမို့ အိပ်ဖို့ဝင်သွားတယ် ထင်နေတာ သူက ဂီတာတီးတာကို ဗွီဒယိုရိုက်ထားတယ် ဒါပေမဲ့ အသံကိုပဲ လိုချင်လို့ အခန်းအမှောင်ချထားပြီး ရိုက်ထားလို့ တွေ့တဲ့အတိုင်းပါပဲ။ နားထောင်ပြီးတော့ ခင်ဝမ်းလား ခင်မောင်တိုးလားလို့တောင် မေးလိုက်သေးတယ်။ အဲဒါနဲ့ ဒီပို့စ်လေးကို တင်ဖြစ်သွားပါတယ်။ သူကတော့ ဒါကိုတော့ မတင်ပါနဲ့ တင်ချင်ရင်နောက်ပိုင်း သူကောင်းကောင်းလေး ဆိုပေးမယ်လို့ ပြောပေမဲ့ ကျွန်မက ဒါကိုပဲ ကြိုက်တယ်ဆိုပြီး တင်လိုက်ပါတယ်။ ပထမဦးဆုံး အားပေးတဲ့ သားကတော့ boring တဲ့။ ဒါကြောင့် သားကြိုက်ဖို့ထက် မေမေကြိုက်ဖို့က အရေးကြီးတယ် သားလို့ ပြန်ပြောလိုက်တယ်။ တကယ်လည်းပဲ ကျွန်မ အမျိုးသားက အဆိုတော်မှ မဟုတ်တာ သူဆိုတဲ့ သီချင်းကို တခြားသူကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်မကြိုက်ဖို့ပဲ အရေးကြီးတယ်မဟုတ်လား။

ခင်ဝမ်းတယောက် ဒီကမ္ဘာလောကကြီးထဲမှာ သက်ရှိထင်ရှား မရှိတော့ပေမဲ့ သူ့ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ တေးသံတွေကတော့ စွဲမက်သူတို့ရဲ့ နှလုံးသားထဲမှာ ကိန်းအောင်းနေဆဲပါပဲ။ ခင်ဝမ်းကိုယ်တိုင် သီဆိုထားတဲ့ ဒီသီချင်းကို ဒီနေရာမှာ သွားနားထောင်နိုင်ပြီး ခင်မောင်တိုး ပြန်ဆိုပြီး ခင်ဝမ်းဂီတာတီးပြီး ဆိုထားတဲ့ အမှတ်တရလေးနဲ့ အဆုံးသတ်ထားတာကို ဒီနေရာမှာ သွားနားထောင်နိုင်ပါတယ်။ ဒီ Link ကို C-Box မှာ လာပေးသွားတဲ့ ပြည်သားကို အထူးပဲ ကျေးဇူးတင်ပါတယ်။

လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

17 comments:

ဘုရားတရားနဲ့ နေတက်တဲ့သူငယ်ချင်း..မငယ်

ပထမဦးစွာပြောချင်တာကတော့ သိပ်ကောင်းတဲ့အလေ့အထ ဆိုတာပါ.. အပရီရှီယတ်လုပ်တာ ဟဲ.. ကိုယ့်ချင်း ကိုယ့်ချင်း..။

ဒုတိယကတော့ ဆင်ခြင်တုံတရားလေးတွေ ကပ်ထားနိုင်တဲ့စိတ်က သိပ်အရေးကြီးလို့ အသက်ရူခြင်းတူပေမဲ့ လူတွေ အသက်ရှင်ရပ်တည်တာ ကွဲတော့ နေလို့ထိုင်လို့ ကောင်းသွားတာပေါ့..။ ပုထုဇဉ်ဆိုတော့ အမှားတွေ မကြာခဏ ဖြစ်တက်တော့ စိတ် တချက်လေး လွတ်တာနဲ့ မှားတာပဲ.. အရေးကြီးတာက အခု သူငယ်ချင်းပြောသလို ဆင်ခြင်လိုက်ဖို့ပဲ..။ ကောင်း၏ပေါ့..။

သီချင်းက ဘယ်သူများလဲလို့ .. မကြွားပါနဲ့.. များ ချစ်ချစ်လည်း အဆိုကောင်း အကြောင်းမလှလို့ အချိုဒေါ်မဖြစ်တာ.. တောခိုလိုက်လို့.. မြို့မှာသာဆို ... ( ) ။ အခုလည်း ပွဲတိုင်းမှာ လိုက်ဆိုတယ်.. မိုက်မချတန်းပဲ..။

နားထောင်ပြီးတော့ ချစ်ချစ်က ပြောနေတယ်.. အပျော်တမ်း အဆင့်ပဲတဲ့.. ကိုယ့်က မမှီဘူးတဲ့..။ ကဲ .. မပြိုင်တော့ဘူး.. ဆက်.. မကြွားချင်တော့ဘူး..။

မေးရဦးမယ်.. ဘာကိစ္စနဲ့ မငယ်ချစ်ချစ်က ဒီသီချင်းကို ဆိုရတာလဲ.. ဟင်းနော်..။ ကောင်လေးက အခုထိ ငယ်ချစ်ကို မမေ့ဘူးထင်ပါ့.. အတည်ပြောတာနော်..။ ချိန်ဆိုးရဘူးးးးးး..။

မဗေဒါ (၈၈)

မငယ်နိုင် ရဲ. အမျိုးသား က အသံကောင်းပါတယ် ၊ ကျွန်တော် အဲဒီ သီချင်းကို ကြားဖူးတယ်၊ ဒါပေမဲ့. သီချင်းအမည် ကိုတော့ မေ့နေတယ်၊ ခင်ဝမ်းရဲ. အမေ၊ နုတ်ဆက်ခဲ့ပါတယ်၊ ဆယ်လ်မွန်ငါးတို.အပြန် သီချင်းတွေနဲ. ခင်မောင်တိုး ရဲ. သီချင်းတွေကို ကြိုက်ပါတယ်၊ (သီချင်းနာမည်တွေ အနည်းငယ်လွဲမှားနေရင် ခွင့်လွတ်ပါ)၊ ကျွန်တော်လည်း ကိုခင်မောင်တိုး နယူးယောက် Live Show မှာ ဆိုထားတဲ့ သီချင်းတွေကို youtube ကနေ bookmarks ထဲမှ ထည့်ထားပြီး နားထောင်ပါတယ်၊ ဘုရား အလုပ် လုပ်တာကောင်းပါတယ်၊ စိတ်ချမ်းသာပြီး ၊ ကုသိုလ်ရပါတယ်၊ မငယ်နိုင် နဲ. မိသားးစု ကျန်းမာရွှင်လန်းပါစေ၊

သူငယ်ချင်း အဲဒါ ကင်မရာ မကောင်းလို့။ အသံမကောင်းလို့ မဟုတ်ဘူးဆိုတာ ကို (--) ကို ပြောပြလိုက်ပါ။ ကြီးကြီးကျယ်ကျယ် ကို (--) က ကျွန်မယောက်ျားကို ပျော်တမ်းအဆင့်သလေး ဘာသလေးနဲ့ ပြောတဲ့သူက တောထဲမှာတုန်းက မှုန်ကုပ်ကုပ်နဲ့ပဲ တွေ့တယ်။ သီချင်းဆိုနေတာ တခါမှ မတွေ့ဖူးပါဘူး။ ကျွန်မယောက်ျားက ဒီလိုဂီတာနဲ့ ဆိုတာ အိမ်မှာပဲဆိုတယ်။ ပွဲတွေမှာ မြန်မာသံစဉ်တွေပဲ မယ်ဒလင်တွေ စန္ဒယားတွေနဲ့ ဆိုတော့ ခေတ်ဟောင်း သီချင်းသမားအဖြစ်ပဲ သူ့ကိုသိတယ်။ အိမ်မှာ အခုလို ဂီတာတီးဆိုတာနေကို ဆစ်ဒနီမြန်မာလူငယ် ခေတ်ပေါ်တေးဂီတ အဖွဲ့တွေကို ပေးသိလို့ မရဲဘူး လာခေါ်နေမှာစိုးလို့။ ခေတ်ဟောင်းပဲဖြစ်ဖြစ် ခေတ်ပေါ်ပဲဖြစ်ဖြစ် အကုန်ရတယ်လို့ သူငယ်ချင်း ချစ်ချစ်ကို ပြောပြလိုက်ပါ။ ဒီမှတ်ချက်ကို သူတွေ့အောင် ခေါ်ပြလိုက်နော့်။

ဒီသီချင်းနာမည်က မဒီမင်္ဂလာပါ kokosan. ကျွန်မနဲု့kokosan နဲ့တော့ အကြိုက်ချင်းတူသွားပြီ။ ကျွန်မလည်း ခင်မောင်တိုးနဲ့ ခင်ဝမ်းနဲ့ သီချင်းဆို တပုဒ်မကျန် အကုန်ကြိုက်တယ်။ အရင်ကတော့ ငယ်ငယ်ကတည်းက အစ်ကိုတွေ အစ်မတွေနဲ့ ကြီးတော့ အစ်ကိုတွေ အစ်မတွေ နားထောင်လေ့ရှိတဲ့ ခေတ်ဟောင်းသီချင်းပဲ ကြိုက်တတ်တယ်။ ကျွန်မတို့ ၁၀ ကျော်သက်ရွယ်ဆို ဂီတာနဲ့ ဆိုတဲ့သီချင်းတွေပဲ ပေါ်နေတယ်၊ ဒါပေမဲ့ ကျွန်မ နားထဲမှာ ကိုးလိုးကန့်လန့်နဲ့ လုံးဝနားထောင်လို့ မတတတ်ခဲ့ဘူး။ မြန်မာသံစဉ်သီချင်းတွေပဲ နားရည်ဝပြီး အကျင့်ရနေရာကနေ ခင်မောင်တိုးနဲ့ ခင်ဝမ်းနဲ့ သီချင်းတွေကို ကြားဖူးပြီးမှ ခေတ်ပေါ်သီသချင်းတချို့ကို နားထောင်လို့ တတ်သွားတယ်။ ကျွန်မ အမျိုးသားက ခပ်ငယ်ငယ်က ခင်မောင်တိုးသီချင်းဆိုတာ သိပ်ကောင်းတယ်။ ခင်မောင်တိုး နီးပါးရတယ်။ အခုတော့ သိပ်မဆိုတေ့ဘူး။ ခေတ်ဟောင်းသီချင်းတွေဖြစ်တဲ့ ကိုတင်လှိုင်၊ ကိုသန်းလှိုင်၊ ကိုမင်းနောင်၊ ဆန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွဋ်တို့နဲ့ ဇော်ဝမ်းဆိုတဲ့ သင်္ကြန်သီချင်းတွေလည်း ဆိုတတ်တယ်။

မြန်မာသီချင်းဖြစ်ဖြစ် အင်္ဂလိပ်သီချင်းဖြစ်ဖြစ် မိသားစုသုံးယောက်စုဆိုတာလေး ဗွီဒီယိုရိုက်ပြီးတင်ပါဦး

5 Jun 10, 05:58
ပြည်သား: အဲဒီသီချင်းလေးက ပြည်မြို့ကမ်းနားဖက်က နံနက်ခင်းလေးကို ခင်ဝမ်းခံစားရေးဖွဲ့ထားတာပါ။ ပြည်မှာ ဟိုးနှစ်ပေါင်း ၃၀ ၄၀ကျော်လောက်ကတည်းက နံနက်ခင်းဆို တစ်ဖက်ကမ်းက ရွှေဘုံရွာဖက်ကလား အခြားဘယ်ဖက်ကလဲမသိဘူး တရားဓမ္မတေးသ
5 Jun 10, 06:00
ပြည်သား: တေးသံလေးတွေ ဟာ ပြည်မြို့ကမ်းနားဖက်က ကောင်းကောင်းကြားရပြီး အလွန်မှ ကျက်သရေရှိစိတ်ချမ်းသာဖွယ်ကောင်းလှပါတယ်။ ကမ်းနားဖက်က မြင်ရတဲ့ Sunset ရယ်၊နံနက်ခင်း မှုန်ရီဝါးမြင်ပြင်ကျယ်ကြီးရယ်၊ ဧရာဝတီမြစ်ဟိုဖက်ကမ်းက
5 Jun 10, 06:01
ပြည်သား: ဘုရားပုထိုး စေတီလေးတွေနဲ့ အဲဒီတရားဓမ္မတေးသံဟာ အလွန်လိုက်ဖက်လှတဲ့ မေ့မရနိုင်တဲ့ အရာလေးဖြစ်ပါတယ်။ ကိုယ်တိုင်က အဲဒီအရာတွေကို ၃ .. ၄နှစ်သားလောက်ကကြုံခဲ့ရတာဖြစ်ပေမယ့် သီချင်းကြားရင် အလိုလို အဲဒီအသံတွေမြင်က
5 Jun 10, 06:03
ပြည်သား: မြင်ကွင်းတွေ ခံစားချက်တွေပြန်ပေါ်လာပြီး ဘာရယ်မဖေါ်ပြတတ်တဲ့ ခံစားမှုမျိုးခံစားရတတ်တာ အခုထိပါပဲ။ နှစ်ပေါင်း ၄၀နီးပါးကြာပေမယ့် အခုထိအဲဒီသီချင်းကြားတိုင်း ပြန်မှတ်မိနေတုံးပဲ
5 Jun 10, 06:27
ပြည်သား: မူရင်းသီချင်းလေးကိုပြန်နားထောင်ချင်စိတ်ပေါက်လာတာနဲ့ ရှာလိုက်တာ http://www.apytzmedia.net /musicvideo.php?vid=250479a7c မှာတွေ့တယ်။

5 Jun 10, 01:00
မဗေဒါ (၈၈): ချစ်ချစ်ကပြောတယ်.. မငယ် ချစ်ချစ်ဆိုတာ မိုက်ဆိုပဲ..။ :P အင်း ကိုယ်လည်း အားကျမခံ ပြန်တင်မှ ထင်တယ်.. ရုပ်ကလေးပါထည့်ပြီး..။ :/
5 Jun 10, 00:58
မဗေဒါ (၈၈): သူငယ်ချင်း.. အစ္စရေး အကြောင်း လာဆွေးနွေးပါဦး.. မန့်သွားပသေး.. မြင်တာတွေ ရေးစေ....
5 Jun 10, 03:58
M: သီချင်းလေး အရမ်းကြိုက်တယ်။ ခင်ဝမ်း ကိုလဲ သတိရလိုက်တာ။ သူရဲ့ မိုးပန်းချီကားနဲ့ .... :(
5 Jun 10, 02:56
မော်: ဟိုတစ်ဖတ်က တရားဒေသနာ အရုဏ်ဦးရဲ့ ငြိမ်းချမ်းမှု။ ဟန်ဆောင်နှစ်သိမ့်တတ်ရင်လည်း ငြိမ်းချမ်းမှာပါ။
5 Jun 10, 01:20
slip: သိုင်းကျူး အစ်မ။ အမှောင်ထဲက ထွက်ပေါ်နေတဲ့ သီချင်း ကို နားထောင်သွားပါတယ်။

C-Box မှာ Appreciate လုပ်သွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဝမ်းကိုယ်တိုင် သီဆိုထားတဲ့ Link ကို ပေးသွားတဲ့ ပြည်သားကို အထူး ကျေးဇူးတင်ပါတယ်။
-သူငယ်ချင်း မဗေဒါလည်း ချစ်ချစ်သီဆိုထားတာကို အသံရော အရုပ်ပါ ထည့်လိုက်လေ။ ရုပ်က အခု ကျော်ရဲအောင်ထက် သာသွားပြီ အရင်က မှုန်ကုပ်ပေမဲ့ အကြိုက်ဆုံးမင်းသား ကျော်ရဲအောင်နဲ့ တူတယ်လို့ လိုက်စဖူးတာ ဟိုနေ့က အိန္ဒိယသွားတုန်းက ပုံထဲမှာ ကြည့်လိုက်တာ ကျော်ရဲအောင်က အခု နဖူးပြောင်သွားလို့ သိပ်မခန့်တော့ဘူး သူငယ်ချင်း ချစ်ချစ်က ကျော်ရဲအောင်ထက် သာသွားပြီ။ ဒါကိုလည်း ပြောပြလိုက်နော့်။

I think the song name must be Nadi Mingalar, not madi mingalar. I like the way he sung and I'm big fan of oldies songs. Old is gold. Isn't it? :)

ဟုတ်တယ် သီချင်းနာမည်က နဒီမင်္ဂလာပါ။ မဒီမင်္ဂလာလို့ နားကြားမှားပြီး ရေးလိုက်တာ ဆောရီး။ kokosan ရေ နဒီမင်္ဂလာပါ။ ကျေးဇူးတင်ပါတယ် ကော်ကီ။

အဲဒီ သီချင်းကို ခင်မောင်တိုး ပြန်ဆိုထားသလို မီမီဝင်းဖေလည်း ပြန်ဆိုထားတယ် မငယ်ရေ... ကျမလည်း ကြိုက်တယ်...၊ မငယ်အမျိုးသား အသံက အေးအေးငြိမ်ငြိမ်နဲ့ သက်သက်သာသာ ဆိုတီးသွားတာ ကောင်းတယ်...အားပေးသွားတယ် ပြောလိုက်ပါနော်...:)

အဆိုကောင်းပါတယ် မငယ်နိုင်ရေ..
ပြည်ကမ်းနားမှာထိုင်၊ ဟိုဖက်ကမ်းကို ငေးရင်း အဲဒီသီချင်းကို ကိုခင်ဝမ်းလည်း ငါတို့လို ထိုင်ရင်းငေးရင်း ရေးခဲ့ဆိုခဲ့လေသလားလို့ တွေးမိတာ။ အပေါ်က ပြည်သားအပြောအရ ဟုတ်နေပြီပေါ့။
"ပြည်မှာဆောင်း" သီချင်းလည်း တော်တော် ကြိုက်တယ်။ အဲဒီသီချင်းရော ဆိုဖို့အစီအစဉ်ရှိလား၊
သီချင်းကို အဲလို ဂစ်တာသံလေးတစ်ခုထဲနဲ့ နားထောင်ရတာ အရသာတစ်မျိုးနော်။


sdl

မငယ်နိုင်-- ကျေးဇူးတင်ပါတယ် ၊ ကြိုက်တဲ့ သီချင်းတွေကို ပြောပြနေတာ ကိုယ်အသက်ဘယ်လောက်ရှိပြီး ဆိုတာကို ကြေငြာနေရသလိုပါပဲ ၊အမှန်အတိုင်း ပြောရရင် ခင်ဝမ်း သီချင်းတွေ အရင်က နားထောင်ခဲ့ပေမဲ့ အခုနားမထောင် ဖြစ်တာကြာပါပြီ၊ မငယ်နိုင် ရဲ. အမျိုးသား ဆိုတဲ့ သီချင်းကို ကြားပြီ အခွေဝယ်ပြီး နားထောင်ကြည့် မယ်လို.စိတ်ကူးပါတယ် ၊ ကျွန်တော် နက်ဖန် ခရီးထွက်မှာမို. မငယ်နိုင်ရဲ. ဘလော့ကို နောက်တစ်ပတ်မှ အလည်လာပါတော့မယ်၊ ကျွန်တော် မငယ်နိုင် ရဲ. ပို.စ် အသစ်တွေကို မျှော်နေပါ့မယ် ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ. မွေ.နေ.ကို ဂုဏ်ပြုတဲ့ ပို.စ် တစ်ခုကို ရေးဖို. အကြံပြုချင်ပါတယ်၊ အားလုံးကျန်းမာ ရွှင်လန်းကြပါစေ၊

ခင်ဝမ်းသီချင်းတွေထဲမှာ အကုန်လုံးကိုကြိုက်ပေမယ့် နဒီမင်္ဂလာနဲ့ ပန်းခရမ်းပြာကို အကြိုက်ဆုံးလေ ခဲအိုက အသံနဲ့တင်ပြသွားတယ်ဆိုတော့ ဒီသီချင်းလေး ဒေါင်းသွားပါတယ်။ သံလွင်မြစ်ကြီးကိုလည်း မျက်စိထဲမြင်လာသလို သေ့လောထတောင်ကုန်းလေးနဲ့ ကမ်းနားလေး ကိုအောင်နိုင်ဦး( လေးလေးအောင်) တို့ ကွယ်လွန်သူကိုဂွမ်တီးတို့ မျက်နှာတွေလည်း ကွက်ကနဲ့ပြန်မြင်မိသလို ငယ်ဘ၀ဗီဇတွေလည်း ပြန်လည်နိုးထလာတယ်ခံစားလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆိုထားတာလေး ကောင်းတယ် ညီမ ငယ် ... နောက်သည်ထက် ကောင်းအောင် ဆိုထားတာ တွေ ရှိရင်လည်း တင် လို့ရပါတယ် ... အားပေးလျက် ...

mie nge

စာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘလော့ဂ်ရှိတဲ့ မိတ်ဆွေတွေကိုလည်း ကျွန်မ ဘလော့ဂ်မှာပဲ ပို့စ်တင်ဖြစ်ပေမဲ့ စာမေးပွဲရှိလို့ လတ်တလော ဘလော့ဂ်မလည်ဖြစ်လို့ တောင်းပန်ထားပါရစေ။

မချစ်ကြည်အေးနဲ့ :) - သူက မြန်မာသံစဉ်သီချင်းပဲ ဆိုတာများတယ်။ ခေတ်ပေါ်သီချင်းက ခင်မောင်တိုးနဲ့ ခင်ဝမ်းသီချင်းပဲ ဆိုတာကောင်းကောင်းတယ် ကျန်တဲ့ အဆိုတော်တွေဆိုတဲ့သီချင်း သူ့အသံနဲ့ မလိုက်ဘူး။ လာအားပေးတာ ကျေးဇူးပဲ။

မမီးငယ်ရေ - နောက်ထပ်ဆို မြန်မာသံစဉ် သီချင်းကို တင်ပေးမယ်။ မိတ်ဆွေတယောက် အိမ်ရောင်းပြီး ပြောင်းတော့ သူ့အိမ်မှာ ရှိတဲ့ စန္ဒယားတလုံး လက်ဆောင်ပေးထားတယ် အဲဒါသွားယူပြီးရင် တီးဖြစ် ဆိုဖြစ်လိမ့်မယ်။ အဲဒီအချိန်ကျရင် တင်ပေးမယ်။

ကိုကိုစန်းရေ - ခရီးသွားလာရေး အဆင်ပြေချော့မွေ့ပါစေလို့ ဆုတောင်းနေမယ်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရပို့စ် ရေးဖြစ်လိမ့်မယ်။

ဌေးငယ်ရေ နင့်ခဲအိုက မြန်မာသံစဉ် သီချင်းတွေကို ဆိုတာပိုတောင် ကောင်းသေးတယ်။ ခင်မောင်တိုးသီချင်းကို ခင်ဝမ်းသီချင်းထက် ပိုကောင်းတယ်။ ဒါပေမဲ့ သေ့လောထ တပ်ရင်း (၂၁၂) က ကိုအောင်နိုင်ဦးလောက်တော့ မကောင်းဘူး။

7 Jun 10, 01:05
ကျော်ထင်: ကိုကျော်နိုင်သီချင်းဆိုသံကို ကျနော်တို့လင်မယား၂ ယေက်စလုံး နားထောင်ဖြစ်ခဲ့တယ်။ ပညာတွေလျှိုထားတာ အခုမှပေါ်တယ် မိုက်စပယ်မယ်ရယ်စခန်းများမှာ အတူနေခဲ့ရတဲ့ဘ၀တွေကို သတိရပါတယ်။

အမယ်လေး မငယ်နိုင်..

ချစ်ချစ်ကိုထိလို့ သူငယ်ချင်းကိုစွာတယ်ပေါ့လေ.. ရပါတယ်လေ.. ကိုယ်က မဟုတ်တာတွေ ပြောမိတာကို..။

ကိုယ့်ချစ်ချစ်က လေ စန္ဒယားလှထွ()တို့.. ချစ်ဆွေတို့ သီချင်းတွေလည်းပိုင်သေးနော်.. ။ မြို့မငြိမ်းရေးခဲ့တဲ့ သီချင်းတွေ ဆိုလည်း အပီဟဲတာနော်.. ။

ပြောတော့ဘူး ကြွားတယ်ထင်မှာစိုးလို့.. အခု ကိုမွန်းအောင်တောင် သူ့ကို ဆရာတင်ရတော့မယ်ပြောတယ် သီချင်းဆိုတာ ကောင်းလွန်းလို့.. ဟဲ.. အလကားပြောတာ ဟုတ်ဘူးနော်..။ အတည်ပြောတာ..။

ပျော်ရွင်ပါစေ.. စာမေးပွဲလည်း အမှတ်ကောင်းပါစေ.. ဒါမှ လူနာတွေအတွက် စိတ်ချရမှာ.. အဟဲ..။

မဗေဒါ (၈၈)

တခါမှနားမထောင်ဖူးဘူး။ အခုမှနားထောင်ဖူးတာပါ။ သီချင်းစာသားရော၊ ဆိုထားတဲ့ မငယ်နိုင်ရဲ့ အမျိုးသားရဲ့ အသံရော အရမ်းနှစ်သက်မိပါတယ်။
ကိုပြည်သားရဲ့ comment ကိုဖတ်ပြီးမှ တစ်ခေါက်ထပ် နားထောင်ရသေးတယ်။ စိတ်ထဲမှာ တမျိုးကြီးပဲ၊ ၀မ်းနည်းသလိုလို ........