မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တခါတုန်းက ဇူလိုင်လရဲ့ နေ့ရက်များ

မနက် ၉ နာရီခွဲ ကျောင်းတက်ချိန် ရောက်လို့လာတာနဲ့ ခေါင်းလောင်းသံတွေမြည်လာပြီး ခေါင်းလောင်း သုံးကြိမ်အနက် နောက်ဆုံးအချိန် ဖြစ်တဲ့ အသံတချက်တည်း မြည်တဲ့အချိန်မှာတော့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလဆိုတဲ့ အသင်းလေးသင်းအနက် အလှည့်ကျ အသင်းခေါင်းဆောင်ကနေ နိုင်ငံတော်အလံနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့  အကျယ်နိုင်ဆုံးသော ကျယ်လောင်တဲ့အသံနဲ့ စပြီးအမိန့်ပေးပါတယ်..

အားလုံး သတိ -----
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြု
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု---
သစ္စာအဓိဋ္ဌာန် စဆို ---
(၁) ကျွန်ုပ်တို့သည် ပြည်ထောင်စု မြန်မာနိုင်ငံနှင့် တိုင်းရင်းသား လုပ်သားပြည်သူများအပေါ် သစ္စာရှိပါမည်။
(၂) ကျွန်ုပ်တို့သည် ပေးအပ်သော တာဝန်နှင့် ၀တ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်ကြပါမည်။
(၃) ကျွန်ုပ်တို့သည် လုပ်အားတန်ဖိုး ချစ်မမြတ်နိုး၍ လုပ်သားကောင်းများ ဖြစ်အောင် ကြိုးစားကြပါမည်။
(၄) ကျွန်ုပ်တို့သည် လူလူချင်း ညာတာ၍ ထောက်ထားသော အသိစိတ်ဓါတ်ဖြင့် ဆက်ဆံပါမည်။
(၅) ကျွန်ုပ်တို့သည် ဆိုရှယ်လစ်လူ့ဘောင် တည်ဆောက်သူများ ကာကွယ်စောင့်ရှောက်သူများ ဖြစ်အောင် ကြိုးစားကြပါမည်။

ကျွန်မသူငယ်တန်းကနေပြီး ၁၀ တန်းရောက်တဲ့နှစ် ၈၈ သြဂုတ်လအထိ ကျောင်းတက်ခဲ့တဲ့ နေ့အားလုံး စာသင်ခန်းထဲက ထွက်ခွာလာတဲ့ နေ့မှအပ မနက်ကျောင်းတက်ချိန်တိုင်း ကျောင်းသူကျောင်းသားတွေက  တနေ့မှ မပျက်မကွက်ဘဲ အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း နိုင်ငံတော်အလံ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို နေ့တိုင်းအလေးပြုကာ မဆလစနစ်က လူငယ်တွေအတွက် ချမှတ်ထားတဲ့ သစ္စာအဓိဋ္ဌာန် ငါးချက်ကို ကျွန်မတို့ နေ့တိုင်းဆိုရပါတယ်။ ဒါတွေကို အာဇာနည်နေ့မှာမှ လုပ်ရတာမဟုတ်ပါဘူး။  အာဇာနည်နေ့တွေမှာ ကျတော့ အခမ်းအနားတွေနဲ့ ဟောပြောပွဲတွေ ကဗျာရွတ်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ကျင်းပပါတယ်။ ဒါကို ကျွန်မတို့နဲ့ အသက်အရွယ်တူသူတွေ အကုန်လုံး မှတ်မိလိမ့်မယ်လို့ ထင်ပါတယ်။ အခုဒီပို့စ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ကျေးဇူးကို ကျွန်မ အမြဲအေက်မေ့တသနေပြီး လူငယ်တွေကိုလည်း ဒီအမွေအနစ် ရှိစေလို၍ မျှဝေခြင်းဖြစ်ပြီး ငယ်ဘ၀က အာဇာနည်နေ့ ပုံရိပ်တွေကို ပြန်တမ်းတရင်း အမှတ်တရ မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါတယ်။

ကျွန်မ သူငယ်တန်းတုန်းက ကျင်းပတဲ့ အာဇာနည်နေ့ကို မမှတ်မိတော့ပေမဲ့ ပထမတန်းကစပြီး နှစ်စဉ်နှစ်တိုင်း ပြုလုပ်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေ အားလုံးကို မှတ်မိနေပါတယ်။ မူလတန်းနဲ့ အလယ်တန်းအဆင့် ကျွန်မတို့ရွာက ကျောင်းမှာ ကျင်းပတဲ့ အာဇာနည်နေ့တွေမှာ ဇူလိုင်လထဲကို ချင်းနင်းဝင်ရောက်လာတာနဲ့ ကျွန်မတို့ ကျောင်းကဆရာဆရာမတွေက အာဇာနည်နေ့ အကြိုဟောပြောပွဲအတွက် လူရွေးဖို့ အလုပ်များကြပြီး အောင်ဆန်းဇာနည် ကဗျာပြိုင်ပွဲ ရှိတဲ့နှစ်တွေမှာကျတော့ အမူအရာနဲ့ သံစဉ်တွေအတွက် အကြိုတိုက်တာတွေနဲ့ အလုပ်များကြပါတယ်။ အာဇာနည်နေ့ မတိုင်ခင် တလနီးပါးခန့် အလုပ်များကြပြီး အာဇာနည်နေ့မှာတော့ ဟောပြောပွဲနဲ့ ကဗျာပြိုင်ပွဲအတွက် ဆုပေးပွဲတွေ လုပ်ပြီး အဆုံးသတ်လေ့ ရှိပါတယ်။ အာဇာနည်နေ့အကြောင်း ဟောပြောပွဲတွေကို နားထောင်ပြီးတိုင်းလည်း ကျွန်မ မျက်ရည်အသွယ်သွယ် ကျခဲ့ပါတယ်။ အာဇာနည်တွေရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ အာဇာနည်တွေလို တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိအသက်ကို အဓါနမထားပဲ ကိုယ်ကျိုးစွန့် အနစ်နာခံမယ်လို့ အာဇာနည်တွေကို အလေးပြုရင်း အကြိမ်ကြိမ် အဓိဋ္ဌာန်ပြုပြီး ငယ်စဉ်က အာဇာနည်နေ့တွေကို ဖြတ်သန်းခဲ့ပါတယ်။

ငါးတန်းနှစ်တုန်းကတော့ ကျွန်မတို့ ရွာကျောင်းက အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်နေ့မတိုင်ခင် ကြိုလုပ်ပြီးတော့ အာဇာနည်နေ့မှာတော့ မြို့က မြို့တော်ခန်းမရှေ့က ကွင်းမှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအခမ်းကို ကျွန်မတို့ကျောင်းက အလယ်တန်းအဆင့် ကျောင်းသားတွေထဲက လိုက်ချင်သူတွေကို ဆရာဆရာမတွေက စစ်လှေနဲ့ မြို့ကိုခေါ်သွားပေးလို့ ကျွန်မဘ၀မှာ ပထမဦးဆုံး လေ့လာရေးခရီးအဖြစ် မြို့က မြို့တော်ခန်းမရှေ့ ကွင်းထဲမှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီအခမ်းအနားမှာ ဟောပြောနေတာက ကျွန်မတို့ ကျောင်းမှာလို ဆရာဆရာမတွေပဲ ပြောတာ မဟုတ်ဘဲ တခြားပါတီ ကောင်စီဝင်တွေလည်း ပြောနေတာတွေ့ရတယ်။ အခမ်းအနားပြီးတဲ့အချိန်မှာ မြို့တော်ခန်းမထဲက နံရံကပ်စာစောင် ပြပွဲရှိတော့ ၀င်ကြည့်ရပြီး နံရံကပ်စာစောင်ဆိုတာလည်း အဲဒီအချိန်မှာမှ စတွေ့ဖူးပါတယ်။ ကပ်ထားတဲ့အထဲမှာ စာတွေ၊ ကဗျာတွေ ဆုရစာစီစာကုံးတွေ အပါအ၀င် ရန်ကုန်မှာ ရှိတဲ့ ဗိုလ်ချုပ်ပြတိုက်က ပုံတွေကိုလည်း ဗိုလ်ချုပ်နောက်ဆုံးစီးသွားတဲ့ကားစသည်ဖြင့် ဗိုလ်ချုပ်နောက်ဆုံး အသုံးပြုသွားတာမှန်သမျှကို ခြေရာလက်ရာ မယွင်းအောင် ထိန်းသိမ်းထားတဲ့ ပုံတွေကို ဓါတ်ပုံတွေ ရိုက်ထားပြီး ကပ်ထားတာ တွေ့ရတော့ ရန်ကုန်ကို ပထမဦးဆုံး ရောက်ဖူးရင်တော့ ဗိုလ်ချုပ်ရဲ့ လက်ရာခြေရာတွေကို ကိုယ်တိုင်အပြင်မှာ မြင်ဖူးအောင် သွားကြည့်မယ်လို့ ဆုံးဖြတ်ပြီး ဘယ်မှ လိုက်မလည်ခင် ဗိုလ်ချုပ်ပြတိုက်ကို အဦးဆုံးသွားမယ်လို့လည်း ငါးတန်းကတည်းက စိတ်ကူးယဉ်ခဲ့တာ အခုထိ ရန်ကုန်ကို မရောက်ဖူးသေးပါဘူး။ အခုတော့ ဗိုလ်ချုပ်ပြတိုက်က မှိုတက်နေပြီလို့လည်း ကြားတယ်။

အာဇာနည်နေ့တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေအကြောင်း ဆရာဆရာမ တဦးချင်းစီရဲ့ ဟောပြောမှုတွေ၊ အာဇာနည်နေ့စာစီစာကုံး ပြိုင်ပွဲတွေ၊ နံရံကပ်စာဆောင်တွေအတွက် အလုပ်များခဲ့တာတွေ၊ မူလတန်းကလေးများ အောင်ဆန်းဇာနည်ကဗျာရွတ်ပြိုင်ပွဲအတွက် အသံအနေအသံထားနဲ့ အမူအရာတိုက်နေနေတာတွေ စတဲ့ ငယ်စဉ်ကျောင်းသားဘ၀က ဇူလိုင်လ မြင်ကွင်းက အခုထိမျက်စိထဲက မထွက်သေးဘူး။ ကျွန်မတို့ရွာက မူလတန်းနဲ့ တွဲဘက်အလယ်တန်းကျောင်းမှာ အာဇာနည်နေ့ ဟောပြောပွဲအခမ်းအခနားနဲ့ ဘာအခမ်းအနားမှ မရှိဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ အောင်ဆန်းဇာနည် ကဗျာရွတ်ပြိုင်ပွဲပဲ ရှိပါတယ်။  မြို့မှာ ကျောင်းသွားတက်တဲ့ ကိုးတန်းနဲ့ ဆယ်တန်းတက်တဲ့  နှစ်နှစ်မှာတော့ စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲအပြင် နံရံကပ်စာစောင်ပြပွဲပါ လုပ်တဲ့အတွက် နံရံကပ်စာစောင်အတွက် အာဇာနည်နေ့ ဖြစ်မြောက်ရေး အလုပ်အဖွဲ့မှာပါပြီး ၈၇ တန်းနှစ်နဲ့ ၈၈ က အာဇာနည်နေ့မတိုင်ခင် အခုလိုနေ့တွေမှာ ကျွန်မတို့အတွက် အလုပ်များဆုံး နေ့တွေ ဖြစ်ခဲ့ပါတယ်။  

နံရံကပ်စာစောင်အတွက်နဲ့ အခမ်းအနားပြင်ဆင်ဖို့အတွက် ပန်းချီဆွဲတတ်သူတွေ၊ ကဗျာရေးတတ်သူတွေ၊ လက်ရေးလက်သားလှသူတွေက အာဇာနည်နေ့ ဖြစ်မြှောက်ရေးအဖွဲ့ထဲမှာ ခေါ်ထည့်လေ့ ရှိပါတယ်။ အဲဒီထဲမှာ ကျွန်မကတော့ အဲဒီတုန်းက ဘာစာမှ ရေးလို့မတတ်ပေမဲ့ လက်ရေးလက်သားကောင်းလို့ ကိုးတန်းနဲ့ ဆယ်တန်း နှစ်နှစ်လုံးမှာ ကျွန်မတို့ကျောင်းက နံရံကပ်စာစောင်တွေကို ပြန်ရေးဖို့ အာဇာနည်နေ့ ဖြစ်မြောက်ရေးအဖွဲ့ထဲမှာ သွားကူခဲ့ရပါတယ်။ အဲဒီတုန်းက အခုလို ကွန်ပြူတာလည်းမရှိ လက်နှိပ်စက်ကလည်း စာရေးကြီးရုံးခန်းမှာ တလုံးပဲရှိတော့ နံရံကပ်စာစောင်အတွက် စာမူပိုင်ရှင်တွေ ပေးထားတဲ့ မူရင်းစာမူတွေကို ကျွန်မတို့က ပြန်ကူးရပြီး ပန်းချီဆွဲတတ်တဲ့ ကျောင်းသားတွေက ခဲတံရောင်စုံနဲ့ ရေးထားတဲ့စာတွေနဲ့ သင့်တော်တဲ့ ပုံတွေဆွဲပြီး အာဇာနည်နေ့ မနက်အစောကြီး အခမ်အနားလုပ်မည့် ၁၀ နာရီမတိုင်ခင် အပြီးကပ်ဖို့ ပြင်ရတော့ အာဇာနည်နေ့နဲ့ ပိုနီးကပ်လာလေ အလုပ်ပိုများလေ ဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၁၈ ၇က်နေ့တွေဟာ တက်သုတ်ရိုက်နေတဲ့ အချိန်တွေ ဖြစ်တယ်။

နံရံကပ် စာစောင်ကို တနှစ်မှာ တကြိမ်သာ အာဇာနည်နေ့မှာပဲ လုပ်ခွင့်ရပြီး ကျောင်းမှာ ထုတ်ဝေတဲ့ စာစောင်ဆိုတာလည်း မရှိတဲ့အတွက် အာဇာနည်နေ့ နံရံကပ်စာစောင် လုပ်တဲ့အချိန်မှာ အာဇာနည်နေ့ အကြောင်းအပြင် တခြားသုတရသလေးတွေကိုလည်း ကျောင်းသားတွေကို ဆရာတွေက အနည်းငယ် ရေးခွင့်ပေးပါတယ်။ အဲဒီအချိန်က ကိုးတန်းနဲ့ ၁၀ တန်းမှာ ရှစ်တန်းအောင်တုန်းက အောင်စာရင်းမှာ ၀ိဇ္ဇာနဲ့ သိပ္ပံခွဲထားပေးပါတယ်။  မြန်မာ၊ အင်္ဂလိပ်နဲ့ သင်္ချာ သုံးဘာသာက မဖြစ်မနေ ယူရတဲ့ ဘာသာတွေ ဖြစ်ပြီး သိပ္ပံသမားတွေက ဓါတုဗေဒ၊ ရူပဗေ၊ ဇီဝဗေဒ သုံးဘာသာနဲ့ ၀ိဇ္ဇာ သမားတွေက ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒ ဆိုပြီး သုံးဘာသာ စုစုပေါင်း ၆ ဘာသာရှိပါတယ်။  ၀ိဇ္ဇာနဲ့ သိပ္ပံ ကျောင်းသားအချင်းချင်းကလည်း အပြိုင်အဆိုင်လေးတွေ ရှိကြပါတယ်။ နံရံကပ် စာစောင်ဖြစ်မြှောက်ရေးအတွက် လုပ်အားပေးရာမှာပါတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာလည်း ၀ိဇ္ဇာရော သိပ္ပံပါ နှစ်ခုစလုံးက ကျောင်းသားတွ ပါကြတယ်။ အာဇာနည်နေ့ အကြောင်းအပြင် တခြားအရောင်းအရာလေးတွေလည်း ၀ါသနာပါတဲ့သူတွေကို အနည်းငယ် ရေးခွင့်ပေးတဲ့အတွက် အမှတ်တရအဖြစ် မှတ်မိနေတာ တခုလည်း ရှိနေပါတယ်။ 

နံရံကပ် စာစောင်အတွက် ရောက်လာတဲ့ ကဗျာတွေထဲမှာ သိပ္ပံကျောင်းသူတွေကို ၀ိဇ္ဖာကကျောင်းသားတယောက်က မကျေနပ်တဲ့ ကဗျာတပုဒ်ကို ၀ိဇ္ဇာမောင်မောင်ဆိုတဲ့ နာမည်နဲ့ စပ်ထားတာကို တွေ့ရပါတယ်။ ကဗျာကို အသေးစိတ် မမှတ်မိတေ့ပေမဲ့ အဓိပ္ပါယ်ကတော့ သိပ္ပံက မိန်းကလေးတွေက ၀ိဇ္ဇာက မိန်းကလေးတွေလောက် မချောမလှဘဲနဲ့ ၀ိဇ္ဇာက မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် အနောက်မှာပဲ အမြဲရှိနေကြပြေမဲ့ ၀ိဇ္ဇာက ယောက်ျားလေးတယောက်က မောင်နှမလို ခင်လို့မင်လို့ စကားပြောရင် မတူသလိုမတန်သလို အိနြေ္ဒကြီး တခွဲသားနဲ့ မာနကကြီးရသေးတယ်လို့ စောင်းပြီး ကဗျာစပ်ထားတဲ့ မူရင်းစာမူတခုကို ကျွန်မက နံရံမှာကပ်ဖို့ ပြန်ကူးရပါတယ်။ စာမူတွေကို ပြန်ကူးပေးနေတဲ့ အထဲမှာ သိပ္ပံက မိန်းကလေးဆိုလို့ ကျွန်မနဲ့ တခြားတယောက်နဲ့ဆို နှစ်ယောက်ပဲ ရှိပြီး ကျွန်မတို့ နှစ်ယောက်စလုံးကလည်း စကားသိပ်နည်းပြီး ဘာမှမပြောတတ်တဲ့သူတွေဖြစ်တယ်။ ဒီကဗျာဘယ်သူရေးတာလဲလို့ ၀ိဇ္ဇာက လုပ်အားလာပေးနေတဲ့ ကျောင်းသားတွေကို မေးတော့ နံရံကပ်စာစောင်အတွက် အလုပ်ဖွဲ့မှာ ကျွန်မတို့ကို ဦးဆောင်နေတဲ့ ဆရာဦးမောင်စိုးက မူရင်းနာမည် ပြောခွင့်မရှိဘူးဆိုလို့ ကျွန်မတို့လည်း ဘယ်သူရေးတယ်ဆိုတာ မသိလိုက်ရဘူး။

စာသင်ချိန် အတန်းထဲပြန်ရောက်တော့ အဲဒီလို ၀ိဇ္ဇာက ယောက်ျားလေးတယောက်က ဒီလိုဒီလိုတွေ ရေးပြီး ကဗျာစပ်ထားတဲ့အကြောင်း တခြားမိန်းကလေးတွေကို သွားပြောပြတော့ ကျွန်မတို့ သိပ္ပံလိုင်းက မိန်းကလေးတချို့ကလည်း မကျေနပ်ကြဘူး။ ဒါနဲ့ သွက်သွက်လက်လက် ရှိတဲ့ ကျွန်မတို့ သိပ္ပ္ပံခန်းက မိန်းကလေးတဦးက သပ္ပံကျောင်းသူတွေဘက်က ကဗျာတပုဒ်ဖြစ်အောင် ပြန်ရေးဖို့ ကဗျာစပ်တတ်တဲ့ မိန်းကလေးတွေကို သူလိုက်ရှာလိုက်မယ်လို့ ပြောပြီး နောက်နေ့မှာတော့ ကျွန်မတို့ နံရံကပ်စာဆောင် ဖြစ်မြောက်ရေးအဖွဲ့ဆီကို သဘောဖြူတဲ့ သိပ္ပံသူ ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာတပုဒ်ရောက်လာပါတယ်။ အဲဒီကဗျာမှာ သိပ္ပံသူတွေဟာ ဘယ်လိုသဘောထားကောင်းကြောင်း၊ သိပ္ပံသူဆိုတာ အတွေးအခေါ်က ဘယ်လိုမြင့်မြင့်မားမား ရှိပြီး လူ့လောကကြီး ကောင်းကျိုးအတွက် ခက်ခဲနက်နဲတဲ့ ပညာရပ်တွေနဲ့ အချိန်ကုန်ရတာ များတော့ လူမှုရေးအတွက် ၀ိဇ္ဇာမောင်မောင်တွေလောက် အချိန်မရတာကို အထင်မမှားသင့်ကြောင်း၊ အပြင်ပေါ်ရံ ကြည့်ရုံနဲ့ သိပ္ပံသူတွေရဲ့ မနောကို ခန့်မှန်းလို့မရနိုင်ကြောင်း၊ သိပ္ပံသူတွေရဲ့ မနောကို သိချင်ရင် ပေါင်းကြည့်ရင် သိနိုင်ကြောင်း၊ သိပ္ပံသူတွေဟာ မနောဖြူ သဘောဖြူတွေ ဖြစ်ကြောင်း ရေးထားပါတယ်။ အဲဒီအချိန်က ကျွန်မတို့ ၁၀ တန်း A က အချောဆုံး အလှဆုံး မိန်းကလေးနှစ်ယောက်မှာ ၀ိဇ္ဇာခန်းက ယောက်ျားလေးတွေနဲ့ ရည်းစားဖြစ်နေကြတဲ့အချိန် အားလုံးကလည်း သူတို့နှစ်တွဲကို သိကြပါတယ်။ ဒီကဗျာနှစ်ပုဒ်ကို ယှဉ်ပြီးကပ်ထားတော့ အားလုံးက သဘောကျကြပြီး သူတို့နှစ်တွဲကို သဘောဖြူတဲ့ သိပ္ပံသူနဲ့ ၀ိဇ္ဇာမောင်မောင် လို့ ၀ိုင်းပြီး လိုက်စကြတယ်။ ဒါကတော့ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့နေ့အတွက် လွမ်းစရာ အခမ်းနားအတွက် ပြင်ဆင်ရင်း ရရှိတဲ့ ရှစ်လေးလုံး မတိုင်ခင် တလတောင် မလိုတော့တဲ့အချိန်က နံရံကပ်စာစောင်မှ အာဇာနည်တို့အတွက် ဂျူလိုင် မျက်ရည်ကြားက ရခဲ့ဖူးတဲ့ အမှတ်တရ တခုပေါ့။

ကျွန်မတို့ ငယ်ငယ်က အာဇာနည်တွေကို အာဇာနည်နေ့မှာ (သို့) ဇူလိုင်လမှာမှ အလေးပြုကြတာမဟုတ်ဘဲ နေ့တိုင်းအလေးပြုကြပေမဲ့ အခုခေတ် ကျောင်းသားတွေက အာဇာနည်နေ့ကိုတောင် ဘာဖြစ်သွားတဲ့နေ့ဆိုတာ မသိရတော့ဘူးဆိုတာ ကြားရတော့ တကယ်ကို စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မတို့ကို သူငယ်တန်းကနေ ၁၀ တန်းအထိ အာဇာနည်နေ့ ရောက်တိုင်း အာဇာနည်နေ့အကြောင်းသာမက မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်ကို ဘယ်လိုရောက်ကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်စဉ်ဘ၀ကနေ အာဇာနည်နေ့အထိ လုပ်သွားတဲ့ လုပ်ရပ်တွေကို ဆရာဆရာမတွေက ကဏ္ဍခွဲပြီး တာဝန်ခွဲပြီး ပြောပြကြပါတယ်။ ဒီသမိုင်းတွေကို သမိုင်းစာအုပ်ထဲမှာ မဖတ်ရလည်း ဒီလိုဟောပြောပွဲတွေမှာ ပြောပြထားလို့ သူငယ်တန်းကနေ ဆယ်တန်းအထိ ကျောင်းသူကျောင်းသားတွေ တယောက်မကျန် အကုန်လုံး သိကြပါတယ်။

အဲဒီနေ့က ဆရာဆရာမတွေ ဟောပြောပြီးတာနဲ့ ကျောင်းသားထဲက ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကျောင်းကောင်စီ အတွင်းရေးမှူးဖြစ်သူက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွအာဏာနည် ခေါင်းဆောင်ကြီးတွေကို တိုင်တည်ပြီး ဂတိပေးတဲ့ စာပိုဒ်လေးကို ဖတ်ပါတယ်။ အဲဒီ ဂတိတွေထဲမှာ အာဇာနည်တွေရဲ့ ကျေးဇူးကို ကမ္ဘာတည်သရွေ့ကျွန်တော်၊ ကျွန်မတို့မေ့မှာ မဟုတ်ဘဲ အာဇာနည်တွေရဲ့ သွေးတွေနဲ့ တည်ဆောက်ထားတဲ့ အမိမြန်မာပြည်အပေါ်မှာ ကျွန်တော် ကျွန်မတို့ သစ္စာစောင့်သင်ပါမည် ဆိုတဲ့အကြောင်း၊ ခေါင်းဆောင်ကြီးများ အသက်နဲ့လဲပြီး ရယူထားတဲ့ လွတ်လပ်ရေးကို ကျွန်တော်၊ ကျွန်မတို့ ကမ္ဘာတည်သရွှေ့ ထိန်းသိမ်းပါမည် ဆိုတဲ့အကြောင်း အာဇာနည်တွေကို ဂုဏ်ပြုကာ ဂတိပေးခဲ့ပါတယ်။ 

၈၈ တုန်းကတော့ ဒီအခမ်းအနားဟာ မြန်မာပြည်မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား တွေမှာ ကျွန်မ နောက်ဆုံးတက်ရတဲ့ အခမ်းအနား ဖြစ်လိမ့်မယ်လို့ လုံးဝမထင်ခဲ့မိဘူး။ ၈၈ က ကျောင်းမှာကျင်းပတဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားက မြန်မာပြည်မှာ ကျွန်မအတွက်ပဲ နောက်ဆုံး အခမ်းအနားထင်နေတာ ၈၈ က ကြားရတဲ့ အာဇာနည်နေ့ ဥသြဆွဲသံက ကျွန်မအတွက်ပဲ နောက်ဆုံးကြားဖူးတဲ့ အာဇာနည်နေ့ ဥသြဆွဲသံထင်နေတာ အခုတော့ တခြားသူတွေအတွက်ပါ နောက်ဆုံးအခမ်းအနားလို ဖြစ်နေတာကို သိကျေကွဲမဆုံး ဖြစ်ရပါတယ်။ အာဇာနည်တွေကို အလေးမပြုတာဟာ ကျေးဇူးရှင်တွေကို ကျေးဇူးကန်းရာ ရောက်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက နေ့တိုင်းအလေးပြုခြင်းခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အခုချိန်မှာ အာဇာနည်နေ့မှာတောင် အလေးပြုမခံရတော့တာ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းလှပြီး အခြေခံကျောင်းသူဘ၀ ဂျူလိုင်လက အာဇာနည်နေ့ အတွေ့အကြုံတွေကတော့ လွမ်းစရာအဖြစ်နဲ့ ရင်ထဲမှာပဲ ကျန်နေတော့တယ်။

အာဇာနည် ၈၉ ခုနှစ်က ဖြတ်သန်းခဲ့တဲ့ အာဏာနည်နေ့အကြောင်းကို မနက်ဖြန်ဆက်လက်ဖေါ်ပြပါမယ်။

18/18/10 12:12 AM က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် တင်တဲ့ပို့စ် ဖြစ်တယ်။

အရင်နှစ်က တင်ထားတဲ့ အာဇာနည်နေ့အကြောင်း ပို့စ်ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

8 comments:

တိုင်းပြည်အပေါ်မှာ အင်မတန် ကျေးဇူးကြီးမားခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေကို သူတို့ မနာလို ဖြစ်နေတာက တကြောင်း သမိုင်းအမှန်ကို ဖုံးကွယ်ချင်နေတာက တကြောင်း ဒီသမိုင်းတွေကို မျိုးဆက်သစ် လူငယ်တွေ လုံးဝ အဆက်အသွယ် ပြတ်သွားအောင် စစ်အစိုးရက တမင် တကာ ဖန်တီးနေတာ ၀မ်းနည်းစရာ ကောင်းပါ တယ် ...ဒါကို တာဝန်သိတတ်တဲ့ ပြည်သူ တွေက အခုလို ဖော်ပြ ထိန်းသိမ်း ပေးနေတာ ၀မ်းသာ မိပါတယ်ဗျာ ...

ဗိုလ်ချူပ်အကြောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတာ ဗိုလ်ချုပ်သမီးကို ကြောက်လို့ ဖြစ်မှာပေါ့...

ကျွန်မက နိုင်ငံရေးသမားမဟုတ်ပါဘူး ဒါပေမယ့် နေ့စဉ်ရေးနေတာကတော့ နိုင်ငံရေးအကြောင်းတွေပါပဲ ;)

ကိုဇော်နဲ့ ကိုလူထွေးရေ ဘာရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကိုဖုံးကွယ်တာဟာ မြန်မာ့သမိုင်းကို ဖုံးကွယ်တာပဲဖြစ်တယ်။ တချို့ဆို ဗိုလ်ချုပ် ပင်လုံစာချုပ်ကိုတောင် စော်ကားမော်ကား ပြောနေကြသူတွေ ရှိနေကြတယ်ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို လုံးဝနားမလည်အောင် အလုပ်ခံခဲ့ရတာ သိသာနေပါတယ်။ တချိန်က မြန်မာနိုင်ငံမှာ ပြည်ထောင်စုအလံလှည့်တာ ကမ္ဘာမှာ အိုလံပစ်မရှူးတိုင်လှည့်တာထက်တောင် ကြီးကျယ်ခမ်းနားတယ်ဆိုတာ နောက်လူငယ်တွေ မသိလိုက်ဘူး။ ကျွန်မကတော့ ဖုံးကွယ်ထားတာတွေကို သိလျက်နဲ့ မပြောခဲ့ဘူးဆိုတာ မဖြစ်စေရဘူး။ ကျွန်မမီခဲ့တာတွေကိုလည်း သူများတွေ ပြောထားတာကို ဘလော့၈်မှာ မှတ်တမ်းအဖြစ် သိမ်းထားသလို မိမိသိတာကိုလည်း သိမ်းထားရင်း မျှဝေပါတယ်။

Anonymous
အခုရေးထားတာတွေဟာ နိုင်ငံရေးဆိုရင် ကျွန်မက သူငယ်တန်းကတည်းက နိုင်ငံရေးလုပ်လာတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံရေးသမားနဲ့မှ သက်ဆိုင်တာမဟုတ်ဘူး။ ကျွန်မ နိုင်ငံရေးသမားမဟုတ်လည်း နိုင်ငံရေးကို နားလည်ဖို့လိုတယ်။ ဒီလိုပဲ တိုင်းပြည်တပြည်မှာ တိုင်းသူပြည်သားတိုင်း နိုင်ငံရေးကို နားလည်ဖို့လိုပြီး အဲလို နားလည်ရင် အစိုးရက ချယ်လှယ်ချင်သလို ချယ်လှယ်၊ ဖိနှိပ်ချင်သလို ဖိနှိပ်လို့မရဘူး။ အစိုးရတွေ ဖေါက်ပြန်ပြီး ကိုယ်ကျိုးရှာရင် တိုင်းသူပြည်သားတွေက တည့်မှတ်ထိန်းကျောင်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း နိုင်ငံရေးကို နားလည်ဖို့လိုပါတယ်။ နိုင်ငံရေးလုပ်နေတဲ့သူပဲ နိုင်ငံရေးနားလည်ရင် ကျန်တဲ့သူတွေကို လုပ်ချင်သလို လုပ်တော့မှာပေါ့။

18 Jul 10, 02:09
ကိုကြီး: အမရေ ကောင်းတယ်ဗျာ အာဇာနည်နေ့ ကျောင်းသားဘ၀ ပြန်သတိရရင် စိတ်မကောင်းဘူး ဗိုလ်ချုပ်ကြေးရုပ်ကို နှင့် ဗိုလ်ချုပ်အိမ်ကို သွားရတယ် ကျောင်းအစီစဉ်နှင့်လေ
18 Jul 10, 02:11
ကိုကြီး: အခုခေတ်တော့ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ထောက်လှမ်းရေးတွေ စစ်သားတွေနှင့် ဘယ်သူမှ မသွားရပါဘူးဗျာ ပြန်ခွေချလို့ ဖမ်းခံရတာ ၁၉၉၂ မှာ သုံးနှစ်ကျလာတဲ့ ကျောင်းသားတောင်ရှိတယ် ရေးအုန်းမယ်အမရေ
18 Jul 10, 23:08
အိအိ: လာရောက်အလေးပြုသွားပါတယ် မငယ်ရယ်။ ကြေကွဲဖွယ်နေ့ရက်တွေက ကျမတို့မျိုးဆက်သစ်အတွက် အမြဲတမ်း သင်ခန်းစာဖြစ်နေပါတယ်

"တိုင်းပြည်အပေါ်မှာ အင်မတန် ကျေးဇူးကြီးမားခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေကို သူတို့ မနာလို ဖြစ်နေတာက တကြောင်း သမိုင်းအမှန်ကို ဖုံးကွယ်ချင်နေတာက တကြောင်း ဒီသမိုင်းတွေကို မျိုးဆက်သစ် လူငယ်တွေ လုံးဝ အဆက်အသွယ် ပြတ်သွားအောင် စစ်အစိုးရက တမင် တကာ ဖန်တီးနေတာ ၀မ်းနည်းစရာ ကောင်းပါ တယ် ..." လို့ ခြေလှမ်းသစ် က ရေးသွားတယ်..

"ဗိုလ်ချူပ်အကြောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတာ ဗိုလ်ချုပ်သမီးကို ကြောက်လို့ ဖြစ်မှာပေါ့..." လို့ ကိုလူထွေး က ရေးသွားတယ်..

"ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကိုဖုံးကွယ်တာဟာ မြန်မာ့သမိုင်းကို ဖုံးကွယ်တာပဲဖြစ်တယ်" လို့ အစ်မ မငယ်နိုင် က ရေးသွားတယ်..



ခြေလှမ်းသစ်၊ ကိုလူထွေး၊ အစ်မ မငယ်နိုင် တို့
ရေးထားတာတွေက ရေမရောတဲ့ အမှန်တရား စစ်စစ်တွေ ချည်းပါပဲ..

အဲဒါတွေကို တွေးမိတိုင်း အရမ်း ရင်နာတယ်..


သဘာဝကျကျသုံးသပ်သူ (အစစ်)

နေပြည်တော်က စစ်ခေါင်းဆောင်တွေက စစ်အာဏာရှင်ရဲ့ တသွေးတသံတမိန့် အာဏာကို သုံးပြီး လွတ်လပ်ရေးပိသုကာ အမျိုးသားခေါင်းဆောင် အစစ်အမှန်၊ တပ်မတော်ဖခင် အစစ်အမှန် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်း၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ကတဲကစပြီး ကျောင်းသားတွေက စစ်အာဏာရှင်ကို ဆန့်ကျင်လာခဲ့ကြလို့ အဲဒီနေ့ကစပြီး ကျောင်းသားတွေကို အကြိမ်ကြိမ် အသေ ပစ်သတ်ပြီး နှိပ်ကွပ်လာခဲ့တဲ့ သမိုင်း၊ နောက်ပိုင်းမှာ ကျောင်းသားပြည်သူ ရဟန်းရှင်လူ လူတန်းစား အားလုံးက စစ်အာဏာရှင်ကို ဆန့်ကျင်လာခဲ့ကြလို့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ အားလုံးကို ထပ်တလဲလဲ "စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်ပြ" လာခဲ့တဲ့ သမိုင်းမှန်တွေကို မျိုးဆက်သစ်လူငယ်တွေ မသိနိုင်တော့အောင် ဖုံးကွယ်ထားပါတယ်..

ရုရှားက စစ်ကျွန်တွေက သမိုင်းမှန်ကို မျိုးဆက်သစ်လူငယ်တွေ သိအောင် ဖော်ထုတ်ပေးနေတဲ့ အစ်မ မငယ်နိုင် အပါအဝင် ပြည်သူ့ဘလော့ဂါတွေကို ဆဲဆို ပုတ်ခတ် စော်ကား တိုက်ခိုက်တဲ့ နည်းအပြင် တခြား နည်းပေါင်းစုံနဲ့ နှောင့်ယှက်တယ်..

အခုတခါ ဆရာ ဒေါက်တာ ဦးလှိုင်မြင့်က တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ က ဒီနေ့မှာ ကမ္ဘာပေါ်မှာ ဓါးမနောက်ပိတ်ခွေး ဖြစ်နေရတဲ့ အကြောင်းရင်းတွေက စစ်ခေါင်းဆောင်တွေ သုံးမရအောင် ဖျင်းလွန်းလို့၊ ခိုးလွန်းလို့၊ ရမ်းလွန်းလို့၊ ယုတ်လွန်းလို့၊ ထင်ရာစိုင်းလွန်းလို့၊ ကိုယ်ကျိုးရှာလွန်းလို့၊ တမျိုးတဆွေဝ လုပ်လွန်းလို့ ဆိုတာတွေကို အတွင်းစကားတွေနဲ့ ကွင်းကွင်းကွက်ကွက် ဖွင့်ချနေတော့ ရုရှားက စစ်ခွေးတွေက တီကောင် ဆားထိသလို ဖြစ်နေတာပါ.. ဆရာ ဒေါက်တာ ဦးလှိုင်မြင့် ရဲ့ ပြောင်မြောက်လှတဲ့ အမှန်တရား စကားတွေကို ဗဟုသုတလဲ နည်း၊ အသိဥာဏ်လဲ မွဲလှတဲ့ ရုရှားက စစ်ဗိုလ်တွေက ဘယ်လိုမှ ယှဉ်ပြောလို့ မရမှန်း သိနေတော့ ဆရာ့ကို ကြည်ညိုနေကြတဲ့ ပြည်သူတွေ အကြည်ညိုပျက်အောင် အောက်လမ်းနည်းနဲ့ တိုက်ဖို့ အကွက်ဆင်လာပါပြီ..

"သန်းရွှေ မခိုးဘူး လို့ ပြောရဲလား" ၊ "ဒီပဲယင်းလူသတ်ပွဲမှာ ကြံ့ဖွတ်တွေ မပါဘူး လို့ ပြောရဲလား" ဆိုပြီး ဆရာ ဒေါက်တာ ဦးလှိုင်မြင့်က စစ်ဗိုလ်အားလုံးကို ဆိုင်ယာနိုက် အဆိပ် သောက်ကြေး စိမ်ခေါ်ထားတာကို ဘယ်စစ်ဗိုလ်မှ ယောကျာ်းလို မထွက်ရဲကြတော့ မိန်းမဥာဏ်နဲ့ ဆရာ ဒေါက်တာ ဦးလှိုင်မြင့်ကို နာမည်ဖျက်ဖို့
ကလိမ်ကကျစ်ကွက်တွေ စလာပါပြီ.. အခုရက်ပိုင်းမှာ ရုရှားက စစ်ဗိုလ် mg က "ဒေါက်တာလှိုင်မြင့်" နာမည်နဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို စ ရေးနေပါပြီ..

အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ရေးထားတဲ့ "ဒေါက်တာလှိုင်မြင့်" ဆိုတာ ဆရာ မဟုတ်ဘူး ဆိုတာကို အစ်မ မငယ်နိုင်ရော၊ နိုင်ငံရေးဘလော့တွေကို မှတ်ချက်တွေပါ ဂရုတစိုက် ဖတ်လေ့ရှိတဲ့ စာဖတ်သူ အများစုကပါ သိကြပါတယ်.. နိုင်ငံရေးဘလော့တွေကို ဖတ်နေကျ မဟုတ်တဲ့ စာဖတ်သူ အသစ်တွေ၊ နိုင်ငံရေးဘလော့တွေ ဖတ်ပေမယ့် မှတ်ချက်တွေ ဖတ်လေ့မရှိတဲ့ စာဖတ်သူတွေ လောက်ပဲ မသိကြတာပါ.. ဒါပေမယ့် စိတ်ယုတ်စိတ်ညံ့ပဲ ရှိပြီး အသိဥာဏ်မွဲတဲ့ ရုရှားက စစ်ဗိုလ် mg က စာဖတ်သူတွေ ယုံမယ် ထင်ပြီး သူ ရေးတဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ဒေါက်တာလှိုင်မြင့် ရေးသလို ပုံမှားရိုက်ပြီး ထပ်တလဲလဲ လာတင်နေတာပါ..

ဆရာ ဒေါက်တာ ဦးလှိုင်မြင့်ရဲ့ စိတ်ဓါတ်၊ ခံယူချက် နဲ့ တိုင်းပြည်ကို ကောင်းစေချင်တဲ့ စေတနာကို လူအများက သိနေကြတော့ "ဒေါက်တာလှိုင်မြင့်" နာမည်နဲ့ အစ်မ မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ဆရာ ရေးတာ မဖြစ်နိုင်ဘူး ဆိုတာကို အစ်မ မငယ်နိုင်က ချက်ချင်း သိပေမယ့် ကျနော့်လို မထင်မရှား ပါမွှားရဲ့ nickname ("သဘာဝကျကျသုံးသပ်သူ") ကို အတုလုပ်ပြီး အစ်မ မငယ်နိုင်ကို တိုက်ခိုက်ထားတဲ့ မှတ်ချက်ကို ရုရှားက စစ်ဗိုလ်တယောက်က ဝင်ရေးသွားတာကိုတော့ အစ်မ မငယ်နိုင်က အမှတ်တမဲ့ ဖြစ်သွားတယ်.. မနေ့က ကျနော် ပြောပြတော့မှ အဲဒီ မှတ်ချက်ကို ဖျက်လိုက်ရတယ်..

ဘာပဲပြောပြော ပြည်သူ့ဘက်သားတွေရဲ့ nicknames တွေကို အတုလုပ်ပြီး ရေးတဲ့ ရုရှားက စစ်ဗိုလ်တွေရဲ့ ကလေးကွက်ကိုတော့ ကျနော်တို့ သတိထားဖို့ လိုပါတယ်.. တချက်လောက် သတိလွတ်သွားရင် ကျနော်တို့ ပြည်သူ့ဘက်သား အချင်းချင်း အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာနိုင်ပါတယ်.. မသိသေးတဲ့ စာဖတ်သူအသစ်တွေကလဲ ယုန်ထင်ကြောင်ထင် ဖြစ်လာနိုင်ပါတယ်.. ဒါကြောင့် အစ်မ မငယ်နိုင် အပါအဝင် ဒီဘလော့ကို လာနေကျ စာဖတ်သူလူဟောင်းတွေက ရုရှားက စစ်ဗိုလ်တွေရဲ့ ညစ်လုံး၊ လှိမ့်လုံးတွေကို မသိသေးသူတွေ သိအောင်၊ ပြည်သူ့ဘက်သားတွေကို ထင်ယောင်ထင်မှား မဖြစ်အောင် မကြာခဏ ဖော်ထုတ်ပေးနေတာ လုပ်သင့်တာကို လုပ်နေကြတာ ဖြစ်လို့ အထူး ကျေးဇူးတင်မိပါတယ်..


သဘာဝကျကျသုံးသပ်သူ (အစစ်)

"ဒေါက်တာလှိုင်မြင့်" (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်ခင်ဗျား


ဆရာ ဒေါက်တာဦးလှိုင်မြင့် မှတ်ချက်ရဲ့ နောက်ဆက်တွဲကို
ဆရာ ဒေါက်တာဦးလှိုင်မြင့် ကို အသိပေးခြင်း


လေးစားရတဲ့ ဆရာ ဒေါက်တာဦးလှိုင်မြင့် ခင်ဗျား

ဘလော့ဂါ မငယ်နိုင် ရဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) အောက်မှာ ဆရာ့နာမည်ကို သုံးပြီး မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက်ကို ထပ်တလဲလဲ ဝင်ရေးနေတဲ့ ရုရှားက စစ်ဗိုလ်ကို ဆရာ တုံ့ပြန်ထားတဲ့ မှတ်ချက်ရဲ့ နောက်ဆက်တွဲကို အသိပေးပါရစေ ခင်ဗျား..

ဆရာ့ နာမည်ကိုသုံးပြီး ငယ်နိုင်ဘလော့မှာ ရေးနေတဲ့ ဒေါက်တာလှိုင်မြင့် (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်၊ ဆရာခင်ဗျား..



ဒေါက်တာလှိုင်မြင့် (အတု) ဟာ ..........
.......... mg ၊ zaw ၊ han zaw ၊ မောင်၊ တုတ်ကြီး၊ တုတ်ကြီး(ခေတ္တ-နော်ဝေ)၊ နော်ဝေရောက်မြန်မာတစ်ဦး၊ စောင်.ကြည်.နေသူတစ်ဦး၊ အိုပါး (ခေတ္တကိုရီးယား)၊ SV ယောကျာ်း၊ ငယ်နိုင်.ယောက်ျား၊ ကျော်နိုင်၊ K N ၊ မေကိုလတ်၊ ယမင်းအိမ်ဇလီဦး၊ ဦးသူတော်၊ မှော်ဆရာ၊ ဒေါက်တာကျော်သက်၊ ဒီမိုကျော်ကျော်၊ ဓားမဝတီ မဲပြောင်၊ အလင်း၊ Hit ၊ Anonymous ..... ဆိုတဲ့ nicknames တွေ အပါအဝင် nicknames မျိုးစုံကို သုံးပြီး ဒေါက်တာလွမ်းဆွေဘလော့၊ ဧရာဝတီဘလော့၊ Simple Views ဘလော့၊ ငယ်နိုင်ဘလော့၊ ပိတောက်မြေဘလော့၊ ကျေးစေတမန်ဘလော့၊ ဒေါ်လာစားဘလော့၊ Myanmar Express ဘလော့၊ Myanmar Astronomy ဘလော့ .......... တွေ အပါအဝင် ဘလော့ အတော်များများမှာ စစ်အုပ်စုဖက်က ဖားပြီး ဒီမိုကရေစီလိုလားသူ ပြည်သူ့ဘက်သားတွေကို ဆဲဆို ပုတ်ခတ် စော်ကား တိုက်ခိုက်တဲ့ မှတ်ချက်တွေ၊ စကားကပ်ဖဲ့ပြောပြီး ဂွတိုက် ဘု ဂလန့် ပြောတဲ့ မှတ်ချက်တွေ၊ အပြစ်မရှိအပြစ်ရှာပြီး ချိုးဖဲ့တဲ့ မှတ်ချက်တွေ၊ အကြောင်းမရှိ အကြောင်းရှာပြီး ရယ်သွမ်းသွေးတဲ့ မှတ်ချက်တွေ၊ ကြမ်းပိုးကို လိပ်ဖြစ်အောင် ချဲ့ကားပြီး ထိုးနှက်တဲ့ မှတ်ချက်တွေ၊ သဘာဝမကျတဲ့ ပေါတောတော ဗြောင်လိမ်ဗြောင်စား မှတ်ချက်တွေကို ရက်ရှည်လများ ရေးလာတဲ့ ရုရှားက စစ်ဗိုလ် ဖြစ်ပါတယ်..



အဲဒီ ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို မငယ်နိုင်က ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး မငယ်နိုင်ဘလော့က "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် အောက်မှာ ရုရှားက စစ်ဗိုလ် နောက်တယောက်က "လွတ်လပ်စွာရေးသားခွင့်တွေ နည်းပါးလှချည်လား၊ ဒေါက်တာလှိုင်မြင့် ရဲ့ကွန်းမန့်က ဆဲထားတာလဲမဟုတ်၊ ဝေဖန်ထားတာလဲမဟုတ်၊ ဒါပေမယ့် ခုမရှိတော့ဘူး" ဆိုပြီး ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ဖက်က အလံရှုးလုပ်ပြီး ရေးသွားပြန်ပါတယ်..

အဲဒီ ဒုတိယစစ်ဗိုလ်က "သဘာဝကျကျသုံးသပ်သူ" ဆိုတဲ့ ကျနော့် nickname ကို သုံးပြီး မငယ်နိုင်ကို တိုက်ခိုက်တဲ့ မှတ်ချက် ရေးသွားတာ ဖြစ်ပါတယ်ခင်ဗျား..

အဲဒီ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ဟာ ကျနော် ("သဘာဝကျကျသုံးသပ်သူ" (အစစ်) ) မဟုတ်ပါဘူး ခင်ဗျား..

အဲဒီ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ဟာ ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို အလံရှုးလုပ်ပြီး ရေးသွားခြင်း ဖြစ်ပါတယ်ခင်ဗျား..



ဒေါက်တာလှိုင်မြင့် (အတု) (= ရုရှားက စစ်ဗိုလ် mg) ရဲ့ မှတ်ချက်ကို အလံရှုးလုပ်ပြီး ရေးသွားတဲ့ "သဘာဝကျကျသုံးသပ်သူ" (အတု) (= ရုရှားက စစ်ဗိုလ် နောက်တယောက်) ကြောင့် ကျနော် "သဘာဝကျကျသုံးသပ်သူ" (အစစ်) ကို စစ်အုပ်စုနောက်မြီးဆွဲတယောက်လို့ အမှတ်မှားမှာကို စိုးလို့ အသိပေးရခြင်း ဖြစ်ပါတယ်ခင်ဗျား..

"ဒေါက်တာလှိုင်မြင့်" (အတု) နဲ့ "သဘာဝကျကျသုံးသပ်သူ" (အတု) လုပ်ပြီး ရေးတဲ့ ရုရှားက စစ်ဗိုလ်တွေရဲ့ မိန်းမလိုမိန်းမရ ကလိမ်ကကျစ် ကွက်တွေအကြောင်း အသေးစိတ်ကို ဘလော့ဂါ မငယ်နိုင် ရဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ် ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) နဲ့ ပို့စ် အောက်က မှတ်ချက်တွေမှာ ဖတ်နိုင်ပါတယ် ခင်ဗျား..

အခု ကျနော့်မှတ်ချက်ရဲ့ ခေါင်းစဉ် " "ဒေါက်တာလှိုင်မြင့်" (အတု) ဟာ ရုရှားက စစ်ဗိုလ် mg ဖြစ်ပါတယ်ခင်ဗျား" ကို နှိပ်ပြီး အဲဒီ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" ပို့စ်ကို ဖတ်နိုင်ပါတယ် ခင်ဗျား..


သဘာဝကျကျသုံးသပ်သူ (အစစ်)