မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဥသြမဆွဲသော အာဇာနည်နေ့ကို စတဲ့နှစ်


နေ့စဉ်လုပ်နေကျ ပုံမှန် တန်းစီအလံအလေးပြုချိန်ဖြစ်တဲ့ မနက် ၇ နာရီအချိန်မှာ နိုင်ငံတော်လံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆာင်ကြီးများ၊ ဒီမိုကရေစီတော်လှန်ရေးအတွက် အသေက်ပေးသွားသူများ အားလံးကို အလေးပြုတဲ့အချိန် တန်းစီကတည်းက အာဇာနည်နေ့ အထိမ်းအမှတ်အတွက် ၁၀ နာရီတိတိမှာ လူနာနဲ့ လူနာစောင့်ဆေးမှူး တယောက်နှစ်ယောက်မှအပ တပ်ရင်းမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်အားလုံး တန်းပြန်စီရမယ်ဆိုတာ သိထားလို့ အားလုံးက အဆင်သင့်ဖြစ်နေကြပါတယ်။ ၀ီစီသံ ကြားလိုက်တာနဲ့ အားလုံးက ယူနီဖေါင်းအပြည့်အစုံနဲ့ အလံတိုင်ရှိရာ ကွင်းထဲကို ရောက်လာကြပါတယ်။ တပ်စုတပ်ဖွဲ့အသီးသီး ကွင်းထဲရောက်လာပြီးတဲ့ အခါမှာ စောစောက အလံတိုင်ဖျားအထိ လွှင့်ထားတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အာဇာနည်နေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတိုင်တ၀က်အထိ လျှော့ချနေတဲ့အချိန်မှာတော့ အားလုံးက လက်တင်ပြီး အလေးပြုနေကြပါတယ်။ နေ့စဉ် အလေးပြုတဲ့အတိုင်း လွှင့်ထားတဲ့အထဲမှာမပါဘဲ စိတ်ကူးထဲက နိုင်ငံတော်အလံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံနဲ့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆာင်ကြီးတွေကို အလေးပြုခြင်းကို ၁၀ နာရီခွဲမတိုင်ခင်မှာ အပြီးလုပ်ပြီး ဆယ်နာရီခွဲတဲ့အချိန်မှာတော့ ဗိုလ်ချုပ်တို့ စတင်ပစ်ခတ် ခံရတဲ့အချိန် ဆယ်နာရီ ၃၇ ခုနှစ်မိနှစ်မှာ မြည်လာမည့် မြန်မာ့အသံက ဥသြဆွဲသံကို စောင့်ကြိုရန် အသင့်ပြင်ထားပြီး အားလုံးက ရေဒယိုဖွင့်ပြီး ဥသြဆွဲသံကို သတိဆွဲလျှက် စောင့်နေကြပါတယ်။ သြဥဆွဲသံအဆုံးမှာ အလေးပြုကြမှာဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ကျွန်မတို့ တောတွင်း ABSDF တပ်ရင်း (၂၀၁) မင်းသမီးခန်းမှာ ကြုံခဲ့ရတဲ့ အာဇာနည်နေ့တုန်းကအကြောင်း ဖြစ်ပါတယ်။ ၁၀ နာရီခွဲတိတိမှာ ကျွန်မတို့ သတိဆွဲပြီး မြန်မာ့အသံက ဥသြဆွဲသံကို စောင့်နေလိုက်ကြတာ ၁၀ နာရီ ၃၇ ခုနှစ်မိနှစ် မကလို့ ၄၅ မိနှစ်အထိ ရောက်လာတာတောင် ရေဒယိုက ဘာဥသြဆွဲသံမှ မထွက်လာခဲ့ဘူး။ အရှေ့တည့်တည့်ကိုပဲ ကြည့်ပြီးသတိဆွဲနေရာကနေ အားလုံးက ခန္ဓာကိုယ်ကပဲ သတိအနေအထားမှာ ရှိပြီး မျက်လုံးတွေကိုတော့ ရေဒယိုက ဥသြဆွဲသံ ဘာကြောင့် မပေါ်လာသေးတာလဲ၊ ဘယ်တော့ ထွက်လာမလဲ ဥသြမဆွဲတော့ဘူးလား ဆိုတာတွေကို စူးစမ်းလိုဇောနဲ့ ရေဒီယိုရှိရာကိုပဲ အားလုံးက ပေကလပ် ပေကလပ်နဲ့ ကြည့်လာကြတယ်။ နောက်တော့ အရှေ့ကတပ်မှူးက သက်သာအနေအထား ပြန်နေဖို့ အားလုံးသက်သာ လို့အမိန့်ပေးလိုက်ပြီး ရေဒယိုက ဥသြဆွဲသံက နှစ်တိုင်းဆို ၃၇ မိနှစ်တိတိမှာ လာတယ် အခုဘာဖြစ်လို့လဲမသိဘူး မြန်မာ့အသံမှာ စက်တခုခု ချွတ်ယွင်းတာ ဖြစ်နိုင်တယ်၊ ကိုယ့်ဖါသာကိုယ်ပဲ အာဇာနည်ကြီးများ ကျဆုံးတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ခေတ္တငြိမ်ရအောင် ဆိုပြီး ပြန်အမိန့်ပေးလို့ အားလုံးက သတိဆွဲပြီး အာဇာနည်တွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥသြဆွဲသံမပါဘဲ ကိုယ့်အစီစဉ်နဲ့ကိုယ် ခေတ္တ ပြန်ငြိမ်လိုက်တယ်။

အဲဒီိလို ကိုယ့်အစီအစဉ်နဲ့ကိုယ် ၀မ်းနည်းတဲ့ အထိမ်အမှတ်အဖြစ် ငြိမ်သက်ပြီးတဲ့အချိန်မှာ ရုတ်တရက် တန်းမဖြုတ်သေးဘဲ မြန်မာ့အသံက ဥသြဆွဲသံ ပြန်လာလိမ့်မယ် မတော်တဆ အခန့်မသင့် ဖြစ်သွားတာပဲ ဖြစ်မယ် ဆိုပြီး အားလုံးက အစပိုင်းမှာ ဒီလိုပဲ ထင်နေကြတယ်။ အသံလွှင့်ရုံ စက်ပျက်နေလို့လည်း ဖြစ်နိုင်တယ် တော်ကြာ ဥသြပြန်ဆွဲရင် ဆွဲနိုင်တယ်ဆိုပြီး တကယ်လို့ ဥသြဆွဲသံ ရုတ်တရက် ပေါ်လာရင် အားလုံး ချက်ချင်း သတိပြန်ဆွဲကြမယ်ဆိုပြီး ကျွန်မတို့ အလံတိုင်ရှေ့မှာ စောင့်နေကြပါသေးတယ်။ ဒါပေမဲ့ ၁၁ နာရီ ထိုးပြီးတဲ့အထိလည်း ဥသြဆွဲသံ ပေါ်မလာတော့ တန်းဖြုတ်လိုက်ရတယ်။ တန်းဖြုတ်ပြီးတဲ့အချိန်မှာ အားလုံးက ဥသြမဆွဲတာ ဘာကြောင့်ဘာလိမ့်၊ မြန်မာ့အသံက အသံလွှင့်ဌာန စက်တခုခုများ ချွတ်ယွင်းတာလား၊ ဒါမှမဟုတ် အသံလွှင့်ရုံပဲ မီးလောင်နေပြီလား သူပုန်ဝင်စီးတာတော့ မဟုတ်လောက်ပါဘူး၊ အသံလွှင့်ရုံ ဘာများဖြစ်ပါလိမ့် စသည်ဖြင့် တယောက်တပေါက် ပြောနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို မေ့မရနိုင်တာ ဒီမိုကရေစီ လိုလားသူတွေမှ မဟုတ်ဘူး စစ်အာဏာရှင်တွေလည်း တပ်မတော်က တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ကို ဘယ်တော့မှ မေ့လိမ့်မယ် မထင်လို့ အစပထမမှာ တမင်ဥသြမဆွဲတာဖြစ်တယ်လို့ ဘယ်သူမှ မထင်ကြဘူး။ နောက်တော့မှ တယောက်က (ဘယ်သုဆိုတာ မမှတ်မိတော့ပါ) “ခါတိုင်းနှစ်တွေ ဒီလိုတခါမှ မဖြစ်ဘူး အခုမှ ဒီလိုဖြစ်တယ် ပြီးတော့ အသံလွှင့်တယ်ဆိုကတည်းက သေချာအောင် အရင် ကြိုတင် စမ်းသပ်ထားပြီးမှ လွှင့်တာ ဖြစ်လို့ စက်ပျက်တာလည်း မဖြစ်နိုင်ဘူး၊ အသံလွှင့်ရုံမှာ ပြဿနာတခုခု ကြုံတာလည်း မဖြစ်နိုင်ဘူး၊ သေချာတယ် ဒီယုတ်မာတဲ့ကောင်တွေ တမင် လုပ်တာဖြစ်ရမယ်” လို့ ပြောလိုက်တဲ့အချိန်မှာ “အေးဟုတ်တယ် ဖြစ်နိုင်တယ် ကြည့်စမ်း ဒီကောင်တွေ ဘယ်လောက်ယုတ်မာလဲဆိုတာ အာဇာနည်နေ့မှာတောင် ဥသြမဆွဲတော့ါဘူး” လို့ စခန်းကော်မတီထဲက ခေါင်းဆောင်တွေ အချင်းချင်း ပြောနေကြတယ်။ တချို့ကလည်း “ဟုတ်မယ်မထင်ပါဘူး နှစ်တိုင်းလုပ်နေကျပဲ သူတို့လည်း အာဇာနည်နေ့ကိုတော့ ဒီလိုတမင် လစ်လျူရှုမှာ မဟုတ်ပါဘူး တခုခုချွတ်ယွင်းလို့ပဲ ဖြစ်မှာပါ” ဆိုပြီး ပြောတဲ့သူကလည်း ပြောနေကြတယ်။

ကျွန်မကလည်း တမင်လုပ်တာမဟုတ်ဘူး မတော်တဆ တခုခု ဖြစ်သွားတာ ဖြစ်မယ်လို့ ထင်တဲ့ဘက်မှာ ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်ဖြစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင် ဖြစ်တဲ့အတွက်လည်း စစ်သားတွေဟာ အရပ်သားတွေထက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို ပိုပြီးလေးစားလိမ့်မယ်လို့ အဲဒီတုန်းကအထိ ကျွန်မထင်ခဲ့တာအမှန်ပဲ။ တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့အာဇာနည်နေ့ကို တပ်မတော်က ဘယ်တော့မှ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ကျွန်မက လုံးဝ ယုံကြည်ခဲ့ပါတယ်။ အဲဒီနေ့က ကျွန်မတို့ ကိုယ်စီ ထင်ကြေးတွေ ပြောပြီးတန်းဖြုတ်လိုက်ခဲ့တယ်။ နောက်တော့ နောက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ဖမ်းတယ်ဆိုတဲ့ သတင်းကို ကြားလာရတယ်။ အာဇာနည်နေ့ ဥသြမဆွဲဖြစ်တာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာ ရေဒယိုမှာ ဘာမှ ပြောသံဆိုသံ မကြားတော့ ဒါမတော်တဆ ဖြစ်တာမဟုတ်၊ တမင်ကို ဥသြမဆွဲတာ ဖြစ်ကြောင်းနားလည်လိုက်တယ်။

နောက်ပိုင်းကျတော့ ၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားအကြောင်းကို မြက်ခင်းသစ် မဂ္ဂဇင်းထဲမှာလား မြန်မာ့အလင်း သတင်းစာထဲမှာလားဆိုတာတော့ ကျွန်မ မမှတ်မိတော့ဘူး ကျွန်မဖတ်ခဲ့ရတယ်။ အဲဒီထဲမှာ ရေးထားတာက အဲဒီတုန်းက အာဇာနည်တွေရဲ့ မိသားစုတွေကို န၀တက အာဇာနည်ဗီမာန်ကို အတူတူ ချီတက်အလေးပြုဖို့ ကြိုတင် အကြောင်းကြားထားခဲ့တယ်။ အာဇာနည်နေ့မှာ တခြား အာဇာနည် ၈ ဦးရဲ့ မိသားစုတွေ အကုန်ရောက်လာကြပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုတွေ မရောက်လာလို့ အချိန်ပေးပြီး စောင့်နေခဲ့ပါသေးတယ်။ နောက်တော့ မရောက်လာတာနဲ့ ဆက်မစောင့်တော့ဘဲ လာတဲ့ အာဇာနည် မိသားစုတွေနဲ့ပဲ အလေးပြုလိုက်ရတယ်လို့ ရေးထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က န၀တလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မလာဘဲ NLD အနေနဲ့ သူ့အစီအစီနဲ့သူ သွားအလေးပြုတာတာဟာ အာဏာဖီဆန်ပြီး လူထုကို ဆူပူစေလိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်လို့ ရေးထားတာ တွေ့တယ်။ ဥသြမဆွဲဖြစ်တဲ့ အကြောင်းတော့ ဘယ်မှာမှ ရေးထားတာ မတွေ့ရဘူး။

ဒီတော့ ကျွန်မသိထားတာ အာဏာရှင်တွေဟာ အာဇာနည်နေ့မှာ ဥသြမဆွဲတော့ပေမဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ ၁၉၈၉ ခုနှစ်ကလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစု မပါပေမဲ့ ကျန်တဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုတွေနဲ့ နိုင်ငံတော် အခမ်းအနားအနေနဲ့ နှစ်တိုင်း ဆက်လုပ်နေသေးတယ်လို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မတို့ ဒီမိုကရေစီ လိုလားသူတချို့ ရေးတဲ့စာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း လူမသိသူမသိဖြစ်လာပြီ အာဇာနည်နေ့ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့ ဆိုတာလည်း လူငယ်တွေကြားမှာ ဘာလုပ်တဲ့နေ့မှန်းမသိ ဖြစ်လာကြပြီ၊ ငွေစက္ကူတွေမှာလည်း ဗိုလ်ချုပ်ပုံ ပျောက်ကုန်ပြီလို့ ရေးထားတဲ့ စာတွေကို စတွေ့ရတုန်းက ကိုယ်တိုင်မဆန်းစစ်ရရင် မယုံတတ်ဘဲ အကောင်းမြင်ဝါဒလည်း သိပ်ထားတတ်တဲ့ ကျွန်မဟာ ပိုက်ဆံမှာ ဗိုလ်ချုပ်ပုံ ပျောက်ကုန်တာတော့ လက်တွေ့မြင်နေရလို့ လွယ်လွယ်ကူကူ ယုံခဲ့ပြီး တခြား အကြောင်းအရာတွေ အပေါ်မှာတော့ အကောင်းဘက်ကပဲ တွေးပြီး ဒါအစိုးရနဲ့ သိပ်ဆိုင်မယ်မထင်ဘူး၊ ကျောင်းတွေမှာ Educate လုပ်လျက်နဲ့ လူငယ်တွေကိုယ်တိုင်က စိတ်မ၀င်စားလို့ ခေါင်းထဲမှာ မထားလို့လည်း ဖြစ်နိုင်ပါတယ်လို့ အကောင်းဘက်ကပဲ အမြဲမြင်ပေးတတ်ပါတယ်။ ၆၂ နောက်ပိုင်း သမိုင်းကိုပဲ ဖုံးကွယ်တာ ဖြစ်နိုင်တယ် ၆၂ မတိုင်ခင်နဲ့ လွတ်လပ်ရေး လှုပ်ရှားမှု ကာလကသမိုင်းတွေကိုတော့ ဖုံးကွယ်စရာအကြောင်း မရှိဘူးလို့ ထင်ခဲ့ပါတယ်။ သို့ပေမဲ့ အခုဘလော့ဂ်ရေးတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့အကြောင်း ပို့စ်တွေ တင်ပြီးနောက်ပိုင်း မှတ်ချက်နဲ့ C-Box တွေမှာ လာရေးတဲ့ တချို့လူငယ်တွေရဲ့ မှတ်ချက်တွေကို ကြည့်ပြီး ဒီအခြေအနေတွေဟာ တကယ်ပဲ ဖြစ်နေတယ်၊ စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ အာဏာတည်မြဲရေးအတွက် သမိုင်းကို တကယ်ပဲ လိမ်ညာ/ဖုံးကွယ်နေတယ်ဆိုတာ လုံးဝလက်ခံလိုက်ရတယ်။

ကျွန်မ ဘလော့ဂ်မရေးခင်က ဘလော့ဂ်တခုမှာ လူငယ်တွေက ကျန်စစ်သားဆိုတာ ဘယ်သူမှန်းမသိတော့ဘူး ဆိုတာနဲ့ ပတ်သက်ပြီး မှတ်ချက်တွေနဲ့ ဆွေးနွေးထားတာ တွေ့တုန်းကလည်း ကျွန်မမှာ အံ့သြလို့ မဆုံးဖြစ်ခဲ့ဖူးတယ်။ အခုတော့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ကောင်းကောင်းမသိကြရင် ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗန္ဓုလတို့ကို မသိကြတာ ဘာမှမဆန်းပါဘူးလို့ သဘောပေါက်သွားတယ်။ လူငယ်တွေ မိမိလူမျိုး၊ နိုင်ငံနဲ့ ဆိုင်တာကို မသိတာဟာလည်း လက်ရှိအုပ်စိုးနေသူ အစိုးရနဲ့ဆိုင်တယ်၊ အစိုးရမှာ အများကြီးတာဝန်ရှိတယ်ဆိုတာ လုံးဝလက်ခံသွားတယ်။ မြန်မာလူမျိုးက မြန်မာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်းပြည်ရဲ့အခြေခံ အကြောင်းအရာ လေးတွေကိုတောင် မသိထားရင် အမျိုး၊ ဘာသာ၊ သာသနာ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ဖို့ မလွယ်ပါဘူး။ အာဏာရှင်တွေ မှိုင်းတိုက်ခံထားရပြီး အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်ဖို့နဲ့ စောင့်လေမျိုးနွယ်လို့ တဖွဖွ ပြောနေတဲ့ စစ်ဘက်အရပ်ဘက် လူငယ်တချို့ဟာ မြန်မာပြည်ရဲ့ နောက်ခံသမိုင်းကြောင်း၊ လွတ်လပ်ရေးပိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြား သိသင့်သိထိုက်တဲ့ မြန်မာသူရဲကောင်းတွေရဲ့ အကြောင်း၊ မြန်မာပြည်က အထွတ်အမြတ်ထားတဲ့ နေ့ကြီးရက်မြတ်တွေရဲ့ အကြောင်းကို မသိကြဘဲနဲ့ ဘယ်လိုလုပ်ပြီး မြန်မာရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်လို့ ရနိုင်မလဲဆိုတာ လူငယ်တွေ တကယ်ကို ဆန်းစစ်သင့်ပါတယ်။

ဥသြမဆွဲတဲ့ ပထမဦးဆုံး အာဇာနည်နေ့ဟာ 19/07/89 မှာ စခဲ့ပါတယ်။ ကျွန်မကတော့ ငယ်စဉ်ဘ၀က ဥသြမဆွဲတဲ့ အာဇာနည်နေ့ဆိုတာ မြန်မာပြည်မှာ တနေ့တချိန် ရှိလာလိမ့်မယ်လို့ စိတ်ကူး၊ အိပ်မက်ထဲမှာတောင်  ဘယ်တုန်းကမှ မထင်ခဲ့ဖူးတာ အမှန်ပဲ။ အခုတော့ မထင်ခဲ့တာတွေက တကယ်ဖြစ်လာပြီး ဥသြဆွဲတာ ဘာအတွက်ဆိုတာ သိဖို့နေနေသာသာ အာဇာနည်နေ့ဆိုတာတောင် ဘာကြောင့် ဖြစ်လာရတယ်ဆိုတာ မသိတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ မျက်ဝါးထင်ထင် သိလာရချိန်မှာ ဥသြမဆွဲတဲ့ အာဇာနည်နေ့တွေအထဲမှာ ပထမဦးဆုံးနေ့ဖြစ်တဲ့ 19/07/89 တုန်းကတောင် ဒီလောက်ဝမ်းမနည်းခဲ့ပေမဲ့ အခု 19/07/10 မှာတော့ လူငယ်တွေက အာဇာနည်နေ့ကို မသိတဲ့အတွက်၊ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်က ကျယ်ကျယ်ပြန့်ပြန့် မလုပ်ပေးတာ့တဲ့အတွက်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရတဲ့အတွက်ပါ ပေါင်းပြီး ကျွန်မ အရင်ကထက် နှစ်ဆပိုပြီး ၀မ်းနည်းရပါတယ်။ (အောက်က ဥသြဆွဲ အသံဖိုင်ကို အခု ဒီနေ့ 19/7/11 မှာမှ မြတ်လေးငုံ ဘလော့၈်မှ ကူးယူထားပါတယ်။ )



အာဇာနည်များကို လွတ်လွတ်လပ်လပ် ဂုဏ်ပြုနိုင်တဲ့ ခေတ်ကို အမြန်ဆုံး ပြန်ရောက်ပါစေ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ကြီးများ ကောင်းရာသုဂတိ လားပါစေ။

(19/July/10, 6:21 PM က တင်တဲ့ပို့စ်ကို ဒီနှစ်အာဇာနည်နေ့အထိမ်းအမှတ်အတွက် အပေါ်ခဏ ပြန်တင်ထားပါတယ်။)

21 comments:

မငယ်နိုင်ရေ ကျွန်တော်တို့ ငယ်ငယ်က အာဇာနည်နေ့ ဥသြဆွဲရင် လမ်းလျှောက်နေတဲ့သူကော ကားတွေပါ ရပ်ပြီး အလေးပြုကြရတယ်.. နောက် အာဇာနည်နေ့ မတိုင်ခင် အသံလွှင့်ချက် သတင်းတွေ ဆောင်းပါးတွေနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့တာပါ။ အခုတော့ ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေကြတာလေ.. ကျေးဇူးရှင်သမီးကို ထောင်ထဲထည့် ဗိုလ်ချုပ်ပုံတွေဖြုတ်. ဒီနေ့သတင်းစာမှာ ဆိုလည်း ဘာမှမပါ.. ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတောင် တိုင်တဝက်မလျှော့တော့ဘူးလေ.. မငယ်နိုင်ရေ သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရသလို လုပ်ကြံဖန်တီးလို့ မရပါဘူး.. ဗိုလ်ချုပ်ရဲ့တိုင်းပြည်ကို ချစ်တဲ့စိတ် ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စိတ်တွေကို အခုခေတ် ဗိုလ်ချုပ်ဆိုပြီး ဗိုလ်လုပ်နေသူတွေ ခြေဖျားတောင် မမှီပါဘူး.. တစ်ချိန်ကြရင် မိမိလုပ်ခံတဲ့ကံ မိမိရှိပဲပြန်လာမှာပါ.. သမိုင်းဆိုတာ အမြဲစီးဆင်းနေတာပါ... ရပ်တန့်မနေပါဘူး.. တစ်နေ့အမှန်တရားတွေနဲ့ အတူ ကျွန်တော်တို့ တိုင်းပြည်မှာ အာဇာနည်နေ့ကို တခမ်းတနား ကျင်းပနိုင်အောင် ကြိုးစားအားထုတ်ကြရအောင်ဗျာ...

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တိုင်းမှူးအသစ်လား မေးတဲ့လူ ရှိတယ်။ လူငယ်ပိုင်း ထဲက။ တခြားနိုင်ငံကလူတွေကို ပြောပြရင် ကိုယ့်နိုင်ငံရဲ့ လွပ်လပ်ရေးအတွက် လုပ်ပေးသွားသူကို မသိရကောင်းလား ရီစရာဖြစ်မယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူနဲ့ ဝေးအောင် ပြည်သူတွေ မုန်းအောင် လုပ်တဲ့ နေရာမှာ အဖေ့ရဲ့ တိုင်းပြည်အပေါ်မှာ ကြီးမားတဲ့ ကျေးဇူးတွေကို ပြည်သူတွေက နားလည်လာမိမယ် .. ဒါကို ဒီကောင်တွေ မလိုလားဘူး ... ဒေါ်အောင်ဆန်းစုကြည် ကို မှေးမှိန်အောင် လုပ်မယ် .. အာဇာနည်တွေကို မှေးမှိန်အောင် လုပ်မယ် .. သူတို့တွေ ပဲ တိုင်းပြည်ကို ကယ်တင်ထား သယောက် လုပ်မယ် ... သူတို့ရဲ့ တိုင်းပြည်အပေါ် မကောင်းမှူတွေကို ဖုံးကွယ်မယ် .. ဒီလုပ်ရပ်တွေအားလုံး အာဏာရှင်တွေ လုပ်ရပ်တွေပါပဲ ... သမိုင်းအမှန်ကို ဖော်ထုတ်ရမှာ အမှန်တရား ဘက်တော်သားတွေရဲ့ လုပ်ရပ်ပဲ ... ဆက်တိုက်ပါ အမ ..

ဟုတ်တယ် အမရေ....၈၈ ပတ်လည်လောက်မှာမွေးတဲ့
လူငယ်တွေ အတော်များများ အာဇာနည်နေ့ဆိုတာ၊
ဗိုလ်ချုပ်ဆိုတာ ဘာမှ မသိကြတော့ဘူး..။
ဦးနေဝင်းတောင် အဲဒီလောက် မမိုက်ရိုင်းဘူး..။

အမရဲ့ ....ညီမသိတတ်ထဲက ဥသြဆွဲတာမကြားဘူးပါဘူး..း(..ခုထိပဲ
.အမေ့တောင်ပြော၇သေးတယ်တိတ်လိုက်တာလို့တော့။ကျန်တာတော့ ညီမ
လဲမသိပါဘူး။

မနုငယ်

19 Jul 10, 05:24
ကိုဇော်: အမရေ အာဇာနည်နေ့အတွက် ကိုယ်တိုင်မလုပ်ဖြစ်လို့ အမစီက သီချင်းလေးတွေကို လာနားထောင်ရင်း အလေးပြုသွားပါတယ်ဗျာ
19 Jul 10, 16:00
AATO: အာဇာနည်နေ့ အထိမ်းအမှတ် ပို့စ်တွေ လာဖတ် တယ် အမ။ ကျနော် တို့ဆီမှာ ဥသြော ဆွဲ ပြီး လမ်း မပေါ်ကလူတွေ ကားတွေ အကုန်ရပ်ပြီး အလေးပြုကြတယ်။
19 Jul 10, 16:01
AATO: ဟိုး အရင် ငယ်ငယ်တုန်းက ပေါ့။
19 Jul 10, 21:26
မိုးစက်: ဥသြမဆွဲတဲ့ ၁၉၈၉ အဲဒီနေ့ကို မငယ်နိုင်လိုဘဲ စောင့်နေခဲ့ဘူးပါတယ်....

ဟုတ်ပါ့ မငယ်ရာ...
အန်ကယ်လဲ အဲဒီနေ့က ဥဩဆွဲမလားလို့
နားထောင်နေသေးတာ..အမှတ်ရမိတယ်..

ကိုမောင်လေး ပြောတာဟုတ်တယ် ကောင်းကောင်းမမှီ လိုက်ပေမယ့်  ပို့ စ်တွေလိုက်ဖတ်ကြည့်တာ အဲဒီသဘောသက်ရောက်နေတယ်။

ကညော

လူငယ်တွေ ဗိုလ်ချုပ်အောင်ဆန်းကို မသိတာဟာ မဖြစ်နိုင်ပါဘူး...မသိဘူးဆိုတဲ့သူက ပညာမတတ် လေ့လာမှုမရှိတဲ့သူပဲဖြစ်ရမယ်...အခြေခံမူလတန်းကျောင်း အဆင့်တောင်မှ မနေခဲ့ဖူးလို့ပဲဖြစ်မှာပါ...Primary School မှာနေဖူးလောက်ခဲ့ယုံနဲ့ ဗိုလ်ချုပ်နာမည်လေးတော့ သိခဲ့မှာပါ...

ရည်ညွှန်း-အပေါ်က Anonymousရဲ့ အဆိုကိုပြောဆိုခြင်းဖြစ်သည်...


ကိုနီဒင်း

ဒီပို့စ်ကို အသိအမှတ်ပြုပြီး မှတ်ချက်လာပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းမှူးလား မေးရလောက်အောင် မသိတဲ့သူတွေကို Anonymous (July 21, 2010 2:01 AM) သုံးသပ်တာ ကျွန်မ လက်ခံပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ လွတ်လပ်ရေး ဖခင်တဦးဆိုတာတော့ ကျောင်းတက်ဖူးသူတိုင်း လူတိုင်းသိမယ်လို့ ကျွန်မ ယုံတယ်။ ဒါပေမဲ့ မြန်မာပြည်က ရုံးတွေ၊ ပိုက်ဆံတွေ၊ လမ်းတွေ၊ နေ့ကြီးရက်ကြီးတွေမှာ ဗိုလ်ချုပ်အောင်ဆန်း အရိပ်အယောင်ပျောက်ကုန်ပြီ ဆိုတာတော့ Anonymous (July 21, 2010 2:01 AM) ငြင်းလို့မရဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်ဆိုတဲ့ ဝေါဟာရတလုံး သိတာကလွဲပြီး သူဘယ်တုန်းက ဘယ်လိုလုပ်လာခဲ့တယ် ဘယ်လောက် အနစ်နာခံခဲ့တယ်ဆိုတာ မသိကြတော့ဘူး။ မသိတော့ သူ့ရဲ့တန်ဖိုးကိုလည်း နားမလည်ကြတော့ဘူး တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။ ကျွန်မတို့ ခေတ်က ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်လိုနေရာယူတယ်ဆိုတာ ကျွန်မပို့စ်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း Label အောက်က ပို့စ်တွေကို ဖတ်ကြည့်ပါ။ အဲဒါတွေ အပိုမဟုတ်ဘူး အလိုပဲရှိတယ်။ ကျွန်မတို့မတိုင်ခင် ဒီမိုကရေစီခေတ်ကဆို ဒီထက်တောင် ကြီးကျယ် ခမ်းနားသေးတယ်လို့ မီတဲ့သူတွေက ပြောပြပါတယ်။ အခုခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နာမည်ပဲ သိတော့တယ် ကျန်တာဘာမှ မသိတဲ့သူတွေပဲ များလာတယ်ဆိုတော့ ကျေးဇူးရှင်ကို ကျေးဇူးသိတတ်တာ အပါအ၀င် မြန်မာပြည်မှာ အခြေအနေအားလုံးက ဆုတ်ယုတ်ခြင်းကို ဦးတည်နေတယ်ဆိုတာ အဆိုးမြင်ဝါဒနဲ့ ပြောတာမဟုတ် ပကတိ အခြေအနေကိုက ဖြစ်နေတယ်ဆိုတာ Anonymous ငြင်းလို့မရနိုင်ဘူး။

အောင်ဆန်းဇာနည်


ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ် မွေးနေ့ပါ။
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။


(ယနေ့  (၂၀၁၁ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ ) တွင် ကျရောက်သော ၆၄ နှစ်မြောက် အာဇာနည်နေ့ တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ သတိရသော အနေဖြင့် တတိယတန်း မြန်မာဖတ်စာအုပ်ပါ "အောင်ဆန်းဇာနည်" ကဗျာကို ကူးယူ ဖော်ပြပါသည်။)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျဆုံးသွားသော
အာဇာနည်ခေါင်းဆောင်ကြီးများ


(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) သခင်မြ
(၃) ဒီးဒုတ်ဦးဘချို
(၄) မန်းဘခိုင်
(၅) မိုင်းပွန်စော်ဘွား စပ်စံထွန်း
(၆) ဦးဘဝင်း
(၇) ဦးရာဇတ်
(၈) ဦးအုန်းမောင်
(၉) ရဲဘော်ကိုထွေး


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွတ် အလေးပြုပါသည်။


တာရာ

၁၉၊ ဇူလိုင်၊ ၂ဝ၁၁
နံနက် ၁၀ နာရီ ၃၇ မိနစ်

ကျွန်မလည်း အဲဒီအချိန်မှာ မြတ်လေးငုံဘလော့ဂ်က အခုမှ ပြန်ကူးထည့်ထားတဲ့ ဥသြဆွဲတဲ့ အသံဖိုင်ကို ဖွင့်ပြီး ဥသြဆွဲသံနဲ့အတူ ငြိမ်ပြီး ဥသြဆွဲသံအကျမှာ အလေးပြုလိုက်တယ်။

C-Box မှတ်ချက်များ


21 Jul 11, 10:02 PM
Htun Aung Gyaw: သမီး ဦးထွန်းလာလည်သွားတယ်ငါ့သမီးအတွက်အရမ်းဂုဏ်ယူတယ်။keep up the good work


21 Jul 11, 11:53 PM
Nge Naing: ဦးထွန်းလာလည်တာ ကျေးဇူးတင်ပါတယ်။ ဦးထွန်းက ဘာကိုဂုဏ်ယူလဲတော့မသိဘူး။ အခုတလော ကျွန်မ နေ့တိုင်းနီးပါး အဆဲခံနေရတာကို သိရင်တော့ ဂုဏ်ယူနိုင်မယ်မထင်ဘူး။


21 Jul 11, 11:53 PM
Nge Naing: AB လက်ရှိဥက္ကဌရော ဥက္ကဌဟောင်းတွေအားလုံးပါ လာလည်ပြီး တိတ်တိတ်လေး ပြန်သွားတဲ့သူတွေချည်းပဲ ရှိခဲ့ရာကနေ ဦးထွန်းတယောက် နှုတ်ဆက်ဖေါ်ရတာ ၀မ်းသာပါတယ်။

နောက်ထပ် စီဘောက်က မှတ်ချက်လေးတွေကို ကွန်းမန်.မှာ ကိုယ်.ဘာကို ပြန်ပေးပါအုံး။ မငယ်နိုင်အားယားနေတာပဲ

ရုရှားက စစ်ဗိုလ် ပညာတော်သင် ဆိုတဲ့ ယောကျာ်းရင့်မကြီးတွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ အမျိုးသမီးတယောက်ကို ဝိုင်းတိုက်နေလိုက်တာ အံ့သြကုန်နိုင်ဘွယ်ပါဘဲ ...
ရုရှားက စစ်ဗိုလ်တွေ လူ့ ကျင့်ဝတ်ကို မလိုက်နာတာက ကမ်းကုန်တယ် ...

ငယ်နိုင်လမ်း ကဗျာစာသားတွေ မှန်တယ်ဆိုတာကို ရုရှားက စစ်ဗိုလ်တွေက နေ့ တိုင်းနီးပါး လာပြီး သက်သေပြနေတာကိုး ...



ဒီမနက် တမနက်ထဲမှာ ရုရှားက စစ်ဗိုလ်တွေက မငယ်နိုင်ရဲ့ ပို့ စ် ပေါင်းစုံမှာ -

(၁) mg (၂) Anonymous (July 27, 2011 4:01 AM) (၃) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:02 AM) (၄) Anonymous (July 27, 2011 4:05 AM) (၅) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:05 AM) (၆) ဦးသူတော် (၇) Anonymous (July 27, 2011 4:10 AM) (၈) Anonymous (July 27, 2011 4:12 AM) (၉) Anonymous (July 27, 2011 4:13 AM) (၁ဝ) အိုပါး (ခေတ္တကိုရီးယား) (၁၁) ဘိုဘိုလွင်

ဆိုတဲ့ နာမည်တွေကို သုံးပြီး မငယ်နိုင်ကို ပက်ပက်စက်စက် ဆဲတာတွေ၊ မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်တာတွေ၊ မမှန်သတင်း ရေးတာတွေ၊ အရေမရအဖတ်မရ ပေါတောတော ပေါက်ကရ ရေးတာတွေ လုပ်သွားပြန်ပြီ ...

ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ မငယ်နိုင်ကို ဝိုင်းတိုက်နေလိုက်တာ ပြောမယုံ ကြုံဘူးမှသိရတော့တယ် ...



((( ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။ )))

ဆိုတဲ့ ကိုစစ်နိုင် ရဲ့ ငယ်နိုင်လမ်း ကဗျာထဲက ကဗျာစာသား အတိုင်းကို ဖြစ်နေတော့တာဘဲ ...

ဒီမိုကရေစီလိုလားသူ ကိုစစ်နိုင်က ဒီမိုကရေစီ တိုက်ပွဲကို ကိုယ်ကျိုးမဖက် တက်တက်ကြွကြွ ဆင်နွှဲလာတဲ့ မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာပါ ...



ငယ်နိုင်လမ်း


အော်စီမှာ အခြေချလာရင်း
မငယ်ဟာ ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ရေးရလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
"တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းခဲ့လဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းကာသမ
Comment မှာ ရိုင်းလာကြ၊ ပိတ်လိုက်ပြန်ရ။

ပိတ်ပြန်လဲ မသက်သာ
C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။


စစ်နိုင်
(၁၇-၆-၂ဝ၁၁)


(ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ။

ရုရှားရောက် ပညာတော်သင် စစ်ဗိုလ်တွေက ဘလော့ရှင် မငယ်နိုင်ကို ပက်ပက်စက်စက် အောက်တန်းကျကျ ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်စော်ကားတာ၊ မမှန်သတင်းတွေကို လုပ်ကြံဖန်တီးရေးသားပြီး ဘလော့ရှင်ကို နာမည်ဖျက်တာ၊ အရည်မရအဖတ်မရ စကားတွေ ရေးသားပြီး နှောင့်ယှက်တာ၊ ဘလော့အတု လုပ်ပြီး ညစ်ညမ်းပုံနဲ့ ညစ်ညမ်းစာသားတွေ တင်ပြီး ဘလော့ရှင်ကို သိက္ခာချတာ၊ ဘလော့နဲ့ အီးမေးလ်အတွင်း ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေကို ခိုးယူပြီး ဖွင့်ချမယ် လို့ ခြိမ်းခြောက်တာတွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတဲ့ ကြားက ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ဆက်လက် ရေးသားတင်ပြနေတဲ့ ဘလော့ရှင် မငယ်နိုင် ရဲ့ အဖြစ်ဟာ ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာထဲက အနှောင့်အယှက်၊ ဘေးရန် အဖုံဖုံကို ကြံ့ကြံ့ခံ အံတုရင်း ခရီးဆက်နေတဲ့ ဗေဒါပန်း ရဲ့ အဖြစ်နဲ့ တူနေတာကို သတိထားမိလို့ မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် စပ်ဖြစ်သွားတာပါ။

စစ်နိုင်)


ကိုစစ်နိုင်က မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာကို
မငယ်နိုင်ရဲ့ (( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) ပို့ စ်မှာ တင်ထားပါတယ် ...

http://nge-naing.blogspot.com/2011/07/blog-post_14.html

.
သိင်္ဂီထွန်း
ဇူလိုင်လ ၀၄ ရက် ၂၀၁၃ ခုနှစ်


ဇူလိုင် ၁၉ တွင် ကျရောက်မည့် အာဇာနည်နေ့တွင် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် ယခင်ကဲ့သို့ ဥသြဆွဲကာ ဂုဏ်ပြုခြင်း ကို ပြည်သူလူထုဆန္ဒပြင်းပြလာလျှင် လွှတ်တော်က ဆောင်ရွက်ပေးမည်ဟု အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ပြောကြားလိုက် သည်။

''ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒ သိပ်ပြင်းပြလာ တဲ့အခါကျရင်တော့ ကျွန်တော် တို့ လွှတ်တော်ကြီးကနေ ဒီဆန္ဒအတိုင်းပဲ တညီတညွတ် တည်း ဆောင်ရွက်ပေးကြဖို့ သက်ဆိုင်ရာကိုလည်း တိုက်တွန်းပေးကြဖို့ ဖြစ်ပါတယ်'' ဟု ဇွန်လ ၃ ရက် ကကျင်းပသည့် လွှတ်တော်တွင် ဦးနန္ဒကျော်စွာက
ပြောကြားခြင်း ဖြစ်သည်။

၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည် နေ့မှစကာ ဥသြဆွဲသံ ကို မြန်မာ့အသံမှ ထုတ်လွှင့်ရန်အစီအစဉ် ရှိမရှိကို သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က မေးမြန်းမှုကို ပြန်ကြားရေး ဒု-ဝန်ကြီးက ပြု လုပ်ရန် အစီစဉ်မရှိသေးဘဲ ပြည်သူလူထု သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း ဖြေကြားမှုကို ဒု-ဥက္ကဋ္ဌ က ယခုကဲ့သို့ ပြောကြား
ခြင်းဖြစ်သည်။

ပြန်ကြားရေး ဒု-ဝန် ကြီး ဦးပိုက်ထွေးက အာဇာနည်နေ့ ကျင်းပသော နိုင်ငံ ၁၆ နိုင်ငံရှိပြီး ထိုနိုင်ငံများက လုပ်ဆောင်ခြင်းမရှိသောကြောင့် မြန်မာနိုင်ငံတွင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ပြန်လည်
ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ အခြား နိုင်ငံများက ကျင်းပခြင်းမရှိ၍ မလုပ်ဆောင်ဟူသည့် အချက်ကိုမူ လက်ခံခြင်းမရှိကြောင်း ဦးသိန်းညွန့်က မဇ္ဈိမကိုပြော ဆိုသည်။

''ဒုတိယဥက္ကဋ္ဌက ပြည်သူကဆန္ဒရှိလာရင် လွှတ်တော်က ဥသြဆွဲ တာမျိုးပြန်ရအောင် ဆောင်ရွက်ပေးမယ်ဆို တဲ့သဘောထားမျိုးပြော လာတဲ့အတွက် ဒီနေ့ အာဇာနည်နေ့မှာလည်း ဥသြဆွဲမဆွဲ မျှော်လင့်ချက်လေး ထားထားပါတယ်'' ဟုလည်း ၎င်းက ပြောသည်။

၎င်းက ဆက်လက်၍ ''ဒီနှစ်မှာ ဥသြ ဆွဲတာမလုပ်ခဲ့ရင်လည်း ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ အဆို ထပ်တင်ပြီး ကြိုးစားမှာပါ'' ဟု ပြောသည်။

အောက်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အာဇာနည်နေ့တွင် ဥသြဆွဲရန်ရှိမရှိ မေးမြန်းခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်။ ယမန်နှစ်က ၎င်း၏မေးမြန်းမှုကို ယခင်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ဥသြဆွဲသံကြောင့် ကားများ ဘရိတ်အုပ်လျှင် ယာဉ်ထိခိုက်မှုဖြစ်နိုင်သောကြောင့် မပြုလုပ်ခြင်းဖြစ်ကြောင်း လည်း ပြန်လည်ဖြေကြားခဲ့သည်။

NLD ဗဟို ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးစိုးဝင်းက ''အန်ကယ်တို့ရဲ့ ခေါင်းဆောင်တွေကို တစ်နှစ်မှာ ဒီတစ်ခါပဲ လွမ်းဆွတ်အောက်မေ့ပြီး ဂုဏ်ပြုရတာဆိုတော့ လုပ်စေချင်ပါတယ်။ ထိုင်းမှာဆို ညနေ ၆ နာရီဆို နိုင်ငံတော် သီချင်းဖွင့်သံကြားတာနဲ့ ဈေးဝယ်ရင်းကတောင်ရပ်ပြီး ဂုဏ်ပြုကြတယ်။ ဒါကနေ့တိုင်း လုပ်ကြတာ'' ဟု ပြောသည်။

ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု ကလည်း အာဇာနည်နေ့တွင် ဥသြဆွဲ ဂုဏ်ပြုကြိုဆိုလိုကြောင်း ယခုကဲ့သို့ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုခြင်းသည် လူငယ်တွေအတွက်လည်း စံနမူနာ တစ်ခု
ဖြစ်စေကြောင်း ပြောသည်။

ဥသြဆွဲသံကြားချိန်တွင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုကို ကိုဝေဠုက ''ပြောရရင် အရမ်းကို ကျေနပ်စရာကောင်းတယ်။ ကြည်နူးစရာ လည်းကောင်းတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ အတွက်လည်း ကြေကွဲခဲ့ရတယ်။ ဒါက ကိုယ်မှမဟုတ်ဘူး။ နိုင်ငံသားတိုင်းခံစားခဲ့ရတာ'' ဟု ပြောသည်။

အာဇာနည်နေ့တွင် ဥသြဆွဲဂုဏ်ပြုမှုကို ၁၉၆၁-၆၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ဥသြဆွဲချိန် မနက် ၁ဝ နာရီ ၃၇ မိနစ်တွင် နှစ်မိနစ်ခန့် ယာဉ်၊ လူများရပ်တန့်ကာ ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်အား ဖွင့်လှစ်
ပေးကာ အများပြည်သူအား ဝင်ရောက်ဂုဏ်ပြုခွင့်ပြုခဲ့သည်။

Mizzima



ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြား အာဇာနည်ခေါင်းဆောင်ကြီးတွေအပေါ်မှာ ကျေးဇူးကန်းတဲ့ စစ်ခွေးတွေ ၊
မင်းတို့ခေတ် ရှိနေသေးတော့ ပြောထားအုံးပေါ့ကွာ ။


ကျွန်တော်တို့ ပြည်သူတွေ ရင်ထဲမှာ အရင်တုန်းကလို နှစ်တိုင်း ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) ဆိုရင် မနက် ၁ဝ နာရီ ၃၇ မိနစ် မှာ ဥသြဆွဲတာကို ဖြစ်စေချင်တာ နှစ် ၂၀ ကျော် ရှိပြီ

စောင့်နေတာ .. ဖော်ထုတ်ပြဖို့ အချိန်ရောက်ပြီလို့ ပြောချင်ပါသည် ..။



ဇူလိုင် ၅ ရက်၊ ၂၀၁၃


၂၀၁၃ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲ ဂုဏ်ပြုခြင်း ပြန်လည် ဖော်ထုတ်ရန် ရှိ၊ မရှိနဲ့ ပတ်သတ်လို့ လူထုပုံရိပ်ဂျာနယ်မှ အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေဆိုထားသည်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးပြီးသော အာဇာနည်များ အတွက် လက်ရှိ တာဝန်ရှိသူများရဲ့  အဖြေစကားများ.....


ဦးဇော်ဌေး ( သမ္မတရုံးညွန်ကြားရေးမှူး )
========================
“ အဲဒီဥသြဆွဲမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့မှ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကိုပဲ
မေးရမှာပါ ”

..................................

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် ( သမ္မတပြောရေးဆိုခွင့်ရှိသူ )
==================================
“ ဦးကျော်ဆန်းလက်ထက်တုန်းကမဆွဲဘူးလို့ဖြေခဲ့တာက ပြန်ကြားရေးဝန်ကြီး
အနေနဲ့ ဖြေခဲ့တာမဟုတ်ပါဘူး။ ဒီဥသြဆွဲမယ့်ကိစ္စက ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရကိုပဲ မေးမှရမှာပါ။ ”

..................................

ရန်ကုန်အစိုးရရုံး
==========
“မသိဘူး။ အဲကိစ္စက မြို့တော်ဝန်ကိုပဲ လွဲထားတဲ့အတွက် မြို့တော်ဝန်ကိုပဲမေးရမှာ”

..................................

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေ
=========================
“ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးကို အဲဒီကိစ္စကို လွှဲထားတယ်။”

..................................

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ကိုယ်ရေးအရာရှိ
===============================
“ အဲဒီကိစ္စကို မသိဘူး။ ပြောခွင့်လည်း မရှိဘူး”
FNG


ဒီ အာဇာနည်နေ့ ဥသြဆွဲ ဂုဏ်ပြုတဲ့ ကိစ္စက သိပ်အရေးပါတဲ့ ကိစ္စ။

လွတ်လပ်ရေးခေါင်းဆောင်တွေ ကျဆုံးသွားတဲ့အချိန် မနက် ၁ဝ နာရီ ၃၇ မိနစ် မှာ "ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများခင်ဗျား... ခင်ဗျားတို့ကို ကျုပ်တို့ ဘယ်တော့မှ မမေ့ဘူး၊ ကျေကျေကွဲကွဲ သတိရနေဆဲပါ" ဆိုတဲ့ အထိမ်းအမှတ်။

ကျဆုံးသွားတဲ့ နေရာကလည်း တိုင်းပြည်အတွက် သိပ်အရေးပါတဲ့ အစည်းအဝေး ကျင်းပနေတဲ့ နေရာမှာလေ။ ဂေါက်ကွင်းမှာ မဟုတ်ဘူး။ တရုပ်ကို ဈေးဝယ်ထွက် ဆေးစစ်သွားတာ မဟုတ်ဘူး။

ဒီလိုကိစ္စမျိုးကြီးကိုတောင် တာဝန်ယူရဲတဲ့ စိတ် မရှိရင် အဲဒီ ဇော်ဌေး (မှူးဇော်)၊ ရဲထွဋ်၊ သန်းဆွေ ..... ဆိုတဲ့ ကောင်တွေရဲ့ ရင်ဘတ်ထဲမှာ ရာထူး၊ ကုလားထိုင်၊ စည်းစိမ်ကလွဲလို့ ဘာမှမရှိဘူး ဆိုတာ အသေအချာပေါ့။

ကိုင်း… ပြည်သူက အိမ်တိုင်းရာတိုင်း ကိုယ့်ဘာသာ ကိုယ် ဥသြဆွဲမယ်ဗျာ။ ဘယ်ခွေး ကိုက်ဦးမှာလဲ။

စစ်ငြိမ်းအေး