မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဝါဆိုလပြည့်နေ့ ၀ါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲနှင့် ဓမ္မစင်္ကြာ ရွတ်ဆိုပူဇော်ပွဲ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ဆစ်ဒနီမြန်မာဘုန်းတော်ကြီးကျောင်းနှင့် ဆစ်ဒနီ သာသနာ့ဓဇ ဘုန်းတော်ကြီးကျောင်း ဓမ္မစင်္ကြာရွတ်ပွဲနှင့် ၀ါဆိုလပြည့် ၀ါဆိုသင်္ဃန်းကပ်ပွဲက ပုံတွေ ဖြစ်ပါတယ်။ ပထမ သုံးပုံက ဆစ်ဒနီမြန်မာ ဗုဒ္ဓဘာသာကျောင်းမှာ ပြုလုပ်တဲ့အခမ်းအနားဖြစ်ပြီး ဒုတိယ သုံးပုံက သာသနာ့ဓဇ ဘုန်းတော်ကြီးကျောင်းက ပြုလုပ်တဲ့ အခမ်းအနားဖြစ်ပါတယ်။

ဆစ်ဒနီမြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ နှစ်ပတ်က ၀ါဆိုသင်္ဃန်းကပ်ပွဲနှင့် ဓမ္မစင်္ကြာရွတ်ဆိုပွဲများကို သွားရောက် သင်္ဃန်းကပ်လှူခြင်း ဓမ္မစင်္ကြာ ရွတ်ဆိုပူဇော်ခဲ့ခြင်းကို ပြုခဲ့ပြီးနောက် 25/07/10 မှာ ပြုလုပ်တဲ့ ဆစ်ဒနီ သာသနာ့ဓဇ ဘုန်းတော်ကြီးကျောင်းရဲ့ ၀ါဆိုသင်္ဃန်းကပ်လှူပူဇော်တဲ့ အခမ်းအနားမှာတော့ သားမွေးနေ့ပြီး နောက်နေ့နဲ့ တိုက်နေလို့ မွေးနေ့အထိမ်းအမှတ်အဖြစ် သားကို သင်္ဃန်းသွားလှူ စေခဲ့ပါတယ်။ သားမွေးနေ့ 24/07/10 မှာ သားအမိနှစ်နှစ်ယောက် ဘုရားရှိခိုးဆိုပြီးတာနဲ့ သားမွေးနေ့အထိမ်းအမှတ်မဖြစ် ဓမ္မစင်္ကြာရွတ်ဖြစ်ခဲ့သလို ၀ါဆိုလပြည့် ဓမ္မစင်္ကြာနေ့မှာလည်း ဓမ္မစင်္ကြာအပြင် ပဌါန်း အရှည်ကိုပါ ရွတ်ဖြစ်ခဲ့ပါတယ်။ ရတနာသုံးပါးကိုရှိခိုးခြင်း၊ ငါးပါးသီလ၊ အာဇီဝဌမက သီလတို့ကိုယူပြီး ဘုရား၊ တရား၊ သံဃာဂုဏ် တော်တွေ၊ ဓါရဏပရိတ်၊ သဗုဒ္ဓေဘုရားရှိခိုးနဲ့ ၂၄ ပစ္စည်းပဌါန်း အတိုချုပ်တွေကို ရွတ်ဆိုခြင်းကို ကျွန်မ နေ့စဉ် ပြုလုပ်ဖြစ်ပေမဲ့ ဓမ္မာစင်္ကြာရွတ်ခြင်း၊ ပဌါန်းကို အရှည်ရွတ်ခြင်းတို့ကို အခုလို နေ့ကြီးရက်ကြီးတွေရောက်မှ တကူးတက လုပ်ဖြစ်ပါတယ်။ မနေ့က သားမွေးနေ့မှာ ဓမ္မစင်္ကြာရွတ်ပြီး ဓမ္မစင်္ကြာရဲ့ အဓိပ္ပါယ်ကို သားကိုရှင်းပြဖြစ်ပြီး သင်္ဃန်းကပ်လှူခြင်းအပါအ၀င် အပယ်တံခါးကို ပိတ်စေနိုင်တဲ့ ကောင်းမှု ခုနှစ်ခုကို ပြောပြဖြစ်ပါတယ်။



ဓမ္မစင်္ကြာကို ကျွန်မ စရွတ်ဖူးတာ ၁၉၈၉ ခုနှစ်က တောတွင်းစခန်းမှာ ဖြစ်ပါတယ်။ ဓမ္မစင်္ကြနဲ့ ပဌါန်း ပါဠိသက်သက်ကိုပဲ ကာတွန်းဆွဲတဲ့ စောငိုလက်ရေးနဲ့ လျှောက်လွှာစာရွက်မှာ ရေးပြီး ကော်ပီပြန်ကူးကာ စာအုပ်လေးတွေအဖြစ် ချုပ်ထားပါတယ်။ တပ်ရင်းထဲမှာ ရှိတဲ့ဘုန်းကြီးကျောင်းမှာ ညနေတိုင်း ၀ါသနာပါသူတွေ သွားရွတ်ကြတယ်။ ကျွန်မက အစပိုင်းမှာ ဘာသာမဲ့လိုလို ဘာလိုလိုနဲ့ တခါမှ ၀တ်လိုက်မရွတ်ပေမဲ့ ဆရာကြီး ဒေါက်တာမင်းတင်မွန်ရဲ့ ရှေးဘ၀နောက်ဘ၀နဲ့ ဓမ္မစရိယ ဦးဌေးလှိုင်ရဲ့ ကံ၊ ကံ၏အကျိုးကို ဖတ်ပြီးတဲ့အချိန်မှာတော့ မိမိကိုယ်ကိုယ် ဗုဒ္ဓဘာသာဖြစ်ပြီလို့ တကယ်ခံယူလိုက်တဲ့အချိန် သူများတွေ ရွတ်နေတာအတော်ကြာနေပြီ ဖြစ်တဲ့အချိန်မှ လိုက်ရွတ်ဖြစ်ပါတယ်။ ကျွန်မက ဘာပဲရွတ်ဆိုရွတ်ဆို အဓိပ္ပါယ်ကို သိအောင်လုပ်တတ်တာ ငယ်စဉ်ဘ၀ ကျောင်းနေကတည်းက အလေ့အထ ဖြစ်ပါတယ်။ အဓိပ္ပာယ်မသိဘဲနဲ့ စာကိုကျွန်မ အလွတ်ကျင့်လို့ မရတတ်ဘူး။ ဒါကြောင့်မို့ ငယ်ငယ်က ကိုးတန်းမှာ ဘိုင်လိုလော်ဂျီမှာ အဓိပ္ပာယ်လိုက်မနိုင်လို့ ရှုံးဖူးတယ်။

  ဓမ္မစင်္ကြာကို စရွတ်တော့မယ်ဆိုတော့ ကျွန်မမှာ မရှင်းလင်းတာတွေက ရှိနေတယ်။ ကျွန်မတို့ ရွတ်ဆိုနေတဲ့ ဓမ္မစင်္ကြာဝတ်ရွတ်စဉ်က အမွမ်းပြီးရင် ဧ၀ံမေသုတံ ဧကံသမရံနဲ့ စတော့ ကျန်တာကို နားမလည်ပေမဲ့ ဧ၀ံမေသုတံ ဆိုတာ ကျွန်ုပ် ဤသို့ ကြားသိရပါတယ်လို့ အဓိပ္ပါယ်ရတယ်ဆိုတော့ သိပါတယ်။ အဲဒါကို ဘယ်သူက ပြောလဲဆိုတာ ၀တ်လိုက်ရွတ်တဲ့ ပထမဦးဆုံးနေ့မှာ ၀တ်ရွတ်တာကို ဦးဆောင်နေတဲ့ ဆရာဦးဟန်လင်းရဲ့ညီ ကျွန်မတို့တပ်ရင်းရဲ့ ဥက္ကဌ ကိုမင်းအောင်ကို မေးကြည့်တော့ အရှင်အနန္ဒာက ကျန်တဲ့ရဟန်းတွေကို ပြောကြောင်း သိရတယ်။ ကျွန်မက အရှင်အနန္ဒာက သူတွေ့လို့ ဒီလိုပြောခဲ့တာကို ကျွန်မတို့က တွေ့တာလည်း မဟုတ်ဘဲနဲ့ ဧ၀ံမေသုတံ ရွတ်လို့ကောင်းပါ့မလား ဧ၀ံအာနန္ဒာသုတံ ဆိုရင်ဟုတ်သေးတယ်လို့ မေးလို့ “နင်ဟာလေ တော်တော်လျှာရှည်တာပဲ လောလောဆယ်တော့ ဒီထဲမှာ ရေထားတဲ့အတိုင်း သူများရွတ်သလိုသာ လိုက်ရွတ် မမှားဘူး၊ နောက်မှ မြန်မာလို အဓိပ္ပါယ်ပါတဲ့ စာအုပ်ရှာပြီး အဓိပ္ပါယ်ကို ကိုယ့်ဖါသာကိုယ် လေ့လာပါ” လို့ ကိုမင်းအောင်က စိတ်မရှည်ဘဲ ပထမဦးဆုံး ကျွန်မ၀တ်သွားရွတ်တဲ့နေ့မှာ ပြောခဲ့တာ အခုထိ မှတ်မိနေသေးတယ်။ 

နောက်တော့မှ ကျွန်မတို့ ရွတ်နေတာ အရှင်အနန္ဒာ ပြောထားတာကို Indirect Speech မဟုတ်ဘဲ Direct Speech နဲ့ ပြန်ရွတ်နေတာ ဖြစ်ကြောင်း သဘောပေါက်သွားပါတယ်။ ကျွန်မ သားလေးကို ပြန်ပြောပြရာမှာ အခုဒီနေ့ရွတ်တဲ့ ဓမ္မစင်္ကြာတရားဟာ သစ္စာလေးပါး တရားဖြစ်ပြီး ဒီတရားဟာ ဗုဒ္ဓတရားတွေ အားလုံးရဲ့ဆုံချက် (သို့) အနှစ်ချုပ်ဖြစ်တယ်ဆိုတာ အစချီပြီး ကျွန်မတို့ စာအုပ်ထဲမှာ ကြည့်ပြီး ရွတ်သလို Direct Speech အနေနဲ့ မဟုတ်ဘဲ Indirect Speech အနေနဲ့ပဲ သားကို အောက်ကအတိုင်း အတိုချုပ် ရှင်းပြခဲ့ပါတယ်။

မြတ်စွာဘုရားဟာ ဓမ္မစင်္ကြာတရားကို တိရိစ္ဆာန်တွေကို ဘေးမဲ့ပေးထားတဲ့ မိဂဓါရုံတောထဲမှာ သူအရင်က ဘယ်တုန်းကမှ မသိခဲ့ဘဲ အခုမှ သိလာရတဲ့ တရားတွေကို ဟောပြပါမယ်ဆိုပြီး ပဉ္စ၀ဂ္ဂီငါးဦးကို ၀ါဆိုလပြည့်နေ့မှာ ဟောကြားခဲ့ပါတယ်။ ပထမဦးစွာ အယုတ်တရားနှစ်ပါးကို စတင်ဟောပြပါတယ်။ အယုတ်တရား နှစ်ပါးကတော့ ကာမသုခလ္လိကာ နုယောဂေါ ခေါ် အပျော်အပါး လွန်ကဲစွာ လိုက်စားခြင်း အပါအ၀င် ကာမဂုဏ်အာရုံမှာ အလွန်အကျူး ခံစားခြင်းနှင့် အတ္တကိလမထာ နုယောဂေါခေါ် မိမိခန္ဓာကိုယ်ကို ညှင်းဆဲပြီး ကျင့်ကြံအားထုတ်ခြင်း ဖြစ်ပါတယ်။ ဒီအယုတ်တရား နှစ်ပါးက သတ္တ၀ါတွေကို ဒုက္ခကိုသာ ရောက်စေတတ်တဲ့ အစွန်းရောက်တဲ့ တရားနှစ်ခု ဖြစ်တယ်လို့ ဘုရားက ဟောပါတယ်။ ဆက်လက်ပြီးတော့ မြတ်စွာဘုရားက ဒီလို အစွန်းနှစ်ဘက်က လွတ်အောင် ရှောင်လို့ ရနိုင်သော တရားဖြစ်တဲ့ မစ္ဈိမပဋိပဋာခေါ် အမြတ်တရား (သို့) အလည်အလတ်ကျင့်စဉ် ဆိုတာလည်း အမှန်တကယ် ရှိပြီး ဒီအလည်အလတ်ကျင့်စဉ်ကသာ ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်သော တရားဖြစ်ကြောင်း ဟောပါတယ်။ အလယ်အလတ် တရားဆိုတာတွေကတော့ သမ္မာဒိဋ္ဌိ (မှန်ကန်သော အမြင်) သမ္မာသင်္ကပ္ပေါ (မှန်သော အကြံအစည်) သမ္မာဝါစာ (မှန်သောပြောဆိုမှု)၊ သမ္မာကမ္မန္တော (မှန်သော ပြုကျင့်မှု)၊ သမ္မာအာဇီဝေါ (မှန်သော အသက်မွေးမှု)၊ သမ္မာဝါယာမော (မှန်သော အားထုတ်မှု)၊ သမ္မာသတိ (မှန်သော သတိ)၊ သမ္မာသမာဓိ (မှန်သော စူးစိုက်မှု) လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။

ပြီးနောက်မှာတော့ မြတ်စွာဘုရားက သစ္စာလေးပါးတရားကို ဆက်ဟောပါတယ်။ သစ္စာလေးပါးတရားရဲ့ အတိုချုပ်ကတော့

(၁) ဒုက္ခသစ္စာ။ ။သတ္တ၀ါတွေ အားလုံးဟာ အပေါ်မှာ ပြောထားတဲ့ အယုတ်တရား နှစ်ပါးကြောင့် ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။ (ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း သေခြင်းမကင်းတဲ့ ဘ၀ဟာ ဒုက္ခသာ ဖြစ်တယ်) ဒါဟာ ဆင်းရဲခြင်း ဒုက္ခအမှန် ဖြစ်ပါတယ်။

(၂) သမုဒယသစ္စာ။ ။ ဘ၀ကို လိုချင်တပ်မက်ခြင်း၊ စွဲလန်းခြင်း သံယောစဉ် အနှောင်အဖွဲ့တွေဟာ သတ္တ၀ါတွေမှာ ရှိတဲ့ သမုဒယတွေ ဖြစ်ပါတယ်။ ဒါဟာ ဒုက္ခကို ဖြစ်စေတဲ့ အကြောင်းအရင်း သမုဒယအမှန် ဖြစ်ပါတယ်။

(၃) နိရောဓသစ္စာ။ ။အရိယသူတော်စင်အကျင့်ကို ကျင့်သူတွေအတွက် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ၊ သမုဒယဆိုတဲ့ လိုချင်တပ်မက်မှု တဏှာကုန်ဆုံးရာ နေရာနိဗ္ဗာန်ဆိုတာ အမှန်ရှိပါတယ်။ နိဗ္ဗာန်ဆိုတာ ငြိမ်းအေးခြင်းအမှန် ဖြစ်ပါတယ်။
(၄)မဂ္ဂသစ္စာ။ ။ ဒုက္ခအပေါင်းက လွတ်မြောက်နိုင်ဖို့အတွက် သမုဒယကို အဆုံးသတ်နေရာ နိဗ္ဗာန်ကို သွားတဲ့ လမ်းကြောင်းလည်း အမှန်ရှိပါတယ်။ မဂ္ဂင်ရှစ်ပါးဟာ (အပေါ်က မစ္ဈိမပဋိပဋာလမ်းစဉ်) ဒုက္ခကလွတ်မြောက် နည်းလမ်းအမှန် ဖြစ်ပါတယ်

(မြတ်စွာဘုရား ၄၅ ၀ါပတ်လုံး ဟောလာတဲ့ တရားရဲ့ အနှစ်ချုပ် ဖြစ်ပါတယ်။ ကျန်တာတွေက သစ္စာလေးပါးကို ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးနဲ့ မှန်မှန်ကန်ကန် သိရှိနားလည် ကျင့်သုံးနိုင်ဖို့အတွက် အကျယ်ပြန်ရှင်းထားခြင်းသာ ဖြစ်ပါတယ်။)

မြတ်စွာဘုရားဟာ တရားစဟောတဲ့အချိန်မှာ သူ့ကိုယ်သူ သဗ္ပညုတ ဥာဏ်တော်ရှင်အဖြစ် မပြောခဲ့ပေမဲ့ အပေါ်မှာ ပြောထားတဲ့ သစ္စလေးပါးကို ဟောပြီးမှ ဘုရားဖြစ်ကြောင်း ထုတ်ဖေါ်ပြောခဲ့ပါတယ်။ ပဉ္စ၀ဂ္ဂီ ငါးပါးဟာ သစ္စာလေးပါးတရားကို အလွန်ပဲ နှစ်သက်သဘောကျပြီး ရဟန်းတပါးဖြစ်တဲ့ အရှင်ကောဏ္ဍညဟာ ဓမ္မစင်္ကြာတရားအဆုံးမှာ ချက်ချင်း သောတာပန်တည်သွားလို့ သြကာသ ဘုရားရှိခိုးမှာ ဆိုနေတဲ့ အပယ်လေးပါးကို သွားတဲ့တံခါးကို ပိတ်ပြီးသားဖြစ်သွားပါတယ်။ (ဓမ္မစင်္ကြာထဲမှာ မပါပေမဲ့ ကျန်တဲ့ ရဟန်းတွေကတော့ နောက်နေ့ အနတ္တလက္ခဏာသုတ်ကို ဟောတဲ့အချိန် သောတာပန်တည်တယ်လို့ သိရတယ်)။ အရှင်ကောဏ္ဍည သောတာပန်တည်သွားတော့ မြတ်စွာဘုရားက ကောတဏ္ဍညအတွက် အပယ်ဆိုတာ ဘယ်တော့မှ မရှိနိုင်တော့ဘူး၊ ကောတဏ္ဍညအတွက် အပယ်တံခါးပိတ်သွားပါပြီလို့ ဥဒါန်းကျူးရင့်ပါတယ်။ မြတ်စွာဘုရား ဓမ္မစင်္ကြာတရားကို ဟောတော့ ကမ္ဘာလောကကြီးတခုလုံးလည်း အလင်းရောင်တွေ ဖြာထွက်လာပြီး နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မာပြည်ကလည်း ကောင်းချီးသြဘာ ပေးကြပါတယ်။ ဒါကတော့ အရှင်အာနန္ဒာ ပြန်ပြောပြထားတဲ့ ဓမ္မစင်္ကြာတရားကို ကျွန်မက သားကို အတိုချုပ် ပြန်ပြောပြထားတာ ဖြစ်ပါတယ်။

ကျွန်မက သားကို ဓမ္မစင်္ကြာတရားရဲ့ အတိုချုပ်ကို ရှင်းပြပြီး ဓမ္မစင်္ကြာတရားဟာ မြတ်စွာဘုရားရဲ့ တရားဦးဖြစ်ပြီး လောကမှာ အားလုံးအတွက် မလွဲနိုင်တဲ့ အမှန်တရားဆိုတာ ဒီလေးခုပဲ ရှိပါတယ်။ ဒီသစ္စာလေးပါး အမှန်တရား လေးခုကလွဲရင် ကျန်တာတွေက တချို့အတွက် ဘယ်လောက်ပဲ မှန်နိုင်ပေမဲ့ တချို့အတွက်တော့ မှားနိုင်တာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သစ္စလေးပါးကလွဲရင် ကျန်တဲ့အမှန်တရားဆိုတာတွေဟာ အမှန်တရားစင်စစ်မဟုတ် သင့်တော်ရင် သင့်တော်သလို ပညတ်ထားတဲ့ သတ်မှတ်ချက်တွေသာ ဖြစ်တယ်လို့ သားကို ရှင်းပြခဲ့ပါတယ်။ ဓမ္မစင်္ကြာတရားနဲ့ ပတ်သက်လို့ ကျွန်မသိထားပြီး သားကို မပြောပြဘဲ မှတ်မိနေတဲ့ ကဗျာတပုဒ်လည်း ရှိပါတယ်။ ဟိုတုန်းက ကျွန်မတို့ ဓမ္မစင်္ကြာမရွတ်ခင် ရွတ်ဆိုတဲ့ နမိတ်ကြီး ၃၂ ပါးကဗျာ ဖြစ်ပါတယ်။ မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီ ငါးဦးကို တရားဟောနေတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ နမိတ်တွေလို့ သိရတယ်။ သားကိုပြောပြရင်လည်း အတော်များများကို ယုံမှာမဟုတ်ဘဲ ပုံပြင်လိုပဲ သဘောထားမှာမို့ ကျွန်မ မပြောဖြစ်ခဲ့ပေမဲ့ ဒီထဲမှာတော့ ကျွန်မတို့ ဓမ္မစင်္ကြာရွတ်တိုင်း ဓမ္မစင်္ကြာမဆိုခင် ရွတ်ရတာကို သိမ်းထားချင်ပါတယ်။


နမိတ်ကြီး ၃၂ ပါး

မြတ်စွာဗုဒ္ဓ ဓမ္မစင်္ကြာ
သံသာခွန်းအိမ့် ဟောမိန့်သည်ခါ
မဖြစ်ဖူးမြဲ ထူးကဲလွန်စွာ
ဒွတ္တိဿ ကြီးလှနမိတ်ပါ။

လောကဓါတ်ပေါင်း တသောင်းနယ်ခွင်
အသံဆိတ်ကင်း ရုတ်ချင်းထိုစဉ်
တုန်လှုပ်ထက်သက် ညက်ညက်ရင်ရင်
အပူအအေး မျှရေးအတူပင်။

လေပြင်းမုန်တိုင်း မစိုင်းမလာ
လေပြေလေညှင်း တိုက်သွင်းသည့်အခါ
မြစ်ရေမစီး တံ့ပြီးနေတာ
အံ့မခန်း ထူးဆန်းသည်အခါ။

မြို့အိမ်တံခါး ပိတ်ထားခဲ့သော်
အကုန်ပွင့်လို့ အသင့်ပျော်ပျော်
ဖွားခြင်း သေခြင်း အလျဉ်းမပေါ်
သန္ဒေမှု မပြုသည့်အခါနော်။

လူနတ်ဘုံရှိ တူရိယာစုံ
တပြိုင်နက်တည်း မြည်ဟီးအကုန်
ရောင်ဝါကွန့်မြူး တိမ်ဦးဘွေပုံ
နတ်ပန်းမိုး သွန်းဖြိုးရွာချတုံ။

ငရဲရှစ်ခန်း မီးပန်းငြိမ်းသေ
ပဲ့တင်ရိုက်ညောင်း ထက်ကောင်းကင်ဘွေ
ညစ်ကြေးကင်းလျက်ထွန်းလင်းလှပေ
ရှင်နေမင်း ရောင်ချင်းယှက်လို့ဝေ။

ကြယ်တာရာများ ထွက်ငြားနေ့မြင်
နတ်ရေစဉ်ဖြန်း ထက်နန်းကောင်းကင်
ဂြိုလ်ခုနှစ်လုံးစုရုံးကြည်လင်
နက္ခတ်များ ထင်ရှားပေါ်သင့်အင်။

ဗြုဗ္မာသတ်မြတ် နက္ခခတ်ရှည်ခါ
လပြည့်စက်ဝန်း တည်ထွန်းထွက်လာ
တွင်းဂူလှိုင်ခေါင်း အောင်းသည့်သတ္တ၀ါ
အပြင်ဘက် ပေါ်ထွက်လာကြရှာ။

လူအပေါင်းတို့ ပြည့်ကြောင်းအလို
တင်းတိမ်ရောင့်ရဲအမြဲထိုထို
ကိုးဆယ့်ခြောက်ရပ် စွဲကပ်လူဗိုလ်
ကင်းကွာပျောက် ၀မ်းမြောက်သာဓုဆို။

ကိလေသာငြိမ်း ခပ်သိမ်းဝေနေ
ဆာခြင်းလောင်ခြင်း အရှင်းပျောက်ပြေ
ဗြိတ္တာများတို့ ၀ငြားစာရေ
အပယ်လေး ကွာဝေးဒုက္ခတွေ။

နတ်ပြည်ခြောက်ဝ ရူပဗြဟ္မာ
ရှစ်ဘုံငရဲ နေမြဲသတ္တ၀ါ
အကုန်ဒိဋ္ဌမြင်ရသူငါ
အံမခန်း ထူးဆန်းသည့်အခါ။

မြေမိုးဘ၀ဂ် သွက်သွက်ခါတုန်
ဖြန့်ဖြန့်ကျိုးမျှ တန်ခိုးဖုန်ဖုန်
သုံးဆယ့်နှစ်ပါး ကြီမားလုံးစုံ
ဓမ္မာစက် နှုတ်တိုက်သရဈာယ်ကုန်။

ချက်ရင်းပြုတ်ရင်း နှုတ်တွင်းကာသာ
သွားတုန်းလာတုန်း နှလုံးစိတ်မှာ
ရောင်းမှုဝယ်မှု ပြုကြသည့်ခါ
တတွတ်တွတ် ရွတ်လေ ဓမ္မစင်္ကြာ။ ။

ဒါက ကျွန်မတို့ လွန်ခဲ့တဲ့ အနှစ်၂၀ ခန့်က ဓမ္မစင်္ကြာမဆိုခင် ရွတ်တဲ့ကဗျာ ဖြစ်ပါတယ်။ ရနံ့မကောင်း အပေါင်းပျောက်စင် နတ်ပန်းနံ့လှိုင်ပြန့် ထိုအခါတွင်နဲ့ အဆုံးသတ်တဲ့ တပိုဒ် မေ့နေပါတယ်။ နောက်ပိုင်းမှာ ဓမ္မစင်္ကြာကိုပဲ ရွတ်ဖြစ်ပြီး ဒီကဗျာကို မရွတ်ဖြစ်တာ ကြာလို့ မေ့ကုန်ပါပြီ။ စာပိုဒ်တွေ အပေါ်အအောက် ပြောင်းနေနိုင်ပါတယ်။ ကျွန်မတို့ တချိန်က ရွတ်ခဲ့တာကို ဘလော့ဂ်မှာ မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါတယ်။ ဒီကဗျာကို ဘယ်သူစပ်ထားတယ် ဆိုတာ သိသူများနဲ့ ကဗျာအပိုဒ်မှားနေတာ မေ့နေတာကို သိတဲ့သူများရှိရင် ဖြည့်ပေး၊ အသိပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဓမ္မစင်္ကြာတရားဟောစဉ် ဖြစ်ပေါ်တဲ့ နမိတ်တွေထဲမှာ မြစ်ရေမစီးပဲနေတယ်၊ ငရဲရှစ်ထပ်၊ နတ်ပြတ်ခြောက်ထပ်နဲ့ ရူပဗြဟ္မာဘုံအထိ ဒီအတိုင်း တွေ့နေရတယ်၊ ငရဲရှစ်ထပ်လုံး ငရဲမီးတွေ ငြိမ်းနေတယ်ဆိုတာတွေနဲ့ လူ့ပြည်၊ နတ်ပြည်က တူရိယာတွေ တချိန်တည်းမည်တယ်ဆိုတာတွေက ကျွန်မ ဦးနှောက်နဲ့တောင် လိုက်မမီတဲ့အတွက် သားကိုပြောပြရင် ပိုဆိုးမှာမို့ မပြောပြဖြစ်ဘူး။ သစ္စာလေးပါး တရားကို ချွင်းချက်မရှိ ယုံပေမဲ့ နမိတ်ကြီး သုံးဆယ့်နှစ်ပါး ဖြစ်လာတာနဲ့ ပတ်သက်ပြီး ကျွန်မ အပြည့်အ၀ နားမလည်ပါ။ နမိတ်ကြီး သုံးဆယ့်နှစ်ပါးနဲ့ ပတ်သက်ပြီး တကယ်နားလည်သူများ ဘာသာရေးဗဟုသုတ မျှဝေလိုပါက ဖြည့်စွက် ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။




ဝါတွင်းကာလမှာ သတ္တ၀ါအပေါင်း ဘေး၊ ရန်ကြောင့်ကြ ဆင်းရဲခြင်းကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ မကောင်းမှုမှန်သမျှကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် မပြုခင် ရှောင်နိုင်ကြပါစေ။

5 comments:

ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ၀ါဆိုသင်္ဃန်း
ကပ်လှုနိုင်အောင်ကြိုးစားပြီး အလှုအထမြောက်
တဲ့ အတွက် ၀မ်းမြောက်စွာ သာဓုခေါ်ပါတယ်ဗျာ...

သာဓုသာဓုသာဓု။
ပြည်ပရောက်နေခြင်းတူတူ ခုလိုဝါဆိုသင်္ကန်းကပ်လှူခွင့်ရတာဝမ်းသာစွာသာဓုခေါ်ပါတယ်။ကျွန်တော်ကတော့ဒီနေ့ဘုန်းကြီးကျောင်းမှာသင်္ကန်းတော့မကပ်ခဲ့ဘူး။ဘုရားရုပ်ပွားတော်တစ်ဆူတော့ဝယ်ပြီးလှူခဲ့တယ်။ဟီးသင်္ကန်းကဘယ်မှာသွားဝယ်ရမှန်းမသိလို့။
ဝါဆိုလပြည့်အခါသယမှာမိသားစုရွှင်လန်းပါစေ
ခင်မင်စွာဖြင့်
ခြင်္သေ့

မငယ်နိုင်ရေ.. အမရဲ့အလှူအတွက် သာဓု သာဓု သာဓု ပါနော်..။
အလှူဓါတ်ပုံများကြည့်ရလို့ ပီတိဖြစ်ရပါတယ် အမ။
မျှဝေတာ ကျေးဇူးပါ..။

သာဓုလာခေါ်သွားကြတဲ့အတွက် ၀မ်းသာပါတယ်။ ဓမ္မစင်္ကြာတရားဟောစဉ် ဖြစ်ပေါ်လာတယ်ဆိုတဲ့ နမိတ်ကြီး ၃၂ ပါးနဲ့ ပတ်သက်ပြီးလည်း ဗဟုသုတ ရှိသူများ လာဖတ်ဖြစ်ရင် ဖြည့်စွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ၂၄ ရက်ကသားမွေးနေ့၊ ၂၅ ရက်က ဓမ္မာစင်္ကြာနေ့ ပြီးတော့ ဒီနေ့ ၂၇ ရက်က လစဉ်ဆွမ်းလှည့်ယူထားတဲ့နေ့ ဖြစ်တော့ မနေ့က ၂၆ ရက်နေ့မှာလည်း အလုပ်ကပြန် မအားဖြစ်ပြီး စာလာဖတ်သူတွေကို အကြောင်းပြန်ဖြစ်ပါတယ်။ သာဓုခေါ်တယ်ဆိုတာ မုဒိတာပွားနိုင်သူမှသာ ဖြစ်လို့ ရေသန့်၊ ခြင်္သေ့ အနမ်းတို့ရဲ့ မုဒိတာအတွက် ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ပါတယ်။

မငယ်နိုင်ရေ...အမရဲ့အလှူအတွက်
ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပါရစေ...သာဓု..သာဓု
သာဓုပါ..
ဓါတ်ပုံတွေကိုကြည့်ရင်းပီတိဖြစ်ရပါတယ်။
မျှဝေပေးတာကျေးဇူးပါအမ။



ခင်မင်စွာဖြင့်
ခိုင်နုငယ်