မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Migration Story


ဒီလေဆိပ်ကို ဖြတ်ပြီး ကျွန်မ ခရီးတွေ အကြိမ်ကြိမ် ထွက်ဖူးပါတယ်။ ဒီတခါထွက်တဲ့ ခရီးကတော့ အရင်ခါတွေလို ခဏတဖြုတ် သွားပြီး ပြန်လာရမည့် ခရီးမျိုးမဟုတ်။ သို့ပေမဲ့လည်း လေဆိပ်ရဲ့ လူဝင်မှုကြီးကြပ်ရေး (Passport control) ကို အဖြတ်မှာတော့ ဒီလေဆိပ်ကို ဖြတ်ပြီး ကျွန်မ သွားဖူးတဲ့ ခရီးတွေထဲမှာတော့ ဒီတခါလောက် လေဆိပ်ကို အလွယ်တကူ ဖြတ်ရဖူးတဲ့ခရီး တခါမှ မရှိဖူးသေးပါဘူး။  ခါတိုင်းဆိုရင်တော့ ဒီလို Loading gate ကို ရောက်ဖို့ Passport Control ကို မဖြတ်ခင် ဂုဏ်တော်တွေ၊ သမ္ဗုဒ္ဓေတွေ အခေါက်ပေါင်း မရေတွက်နိုင်အောင် စိတ်ထဲမှာ ရွတ်နေရပြီး ရင်တထိတ်ထိတ်နဲ့ ဒီနေရာကိုရောက်လာပြီး မေးခွန်းပေါင်းများစွာနဲ့ အစစ်အဆေး အမေးအမြန်းတွေကို ကောင်းစွာဖြေဆိုနိုင်ပြီးမှ ဒီနေရာကို ရောက်ရတာပါ။ အခုတော့ ဒီနေရာကို ရောက်တဲ့အထိ IOM (International Organisation for Migration) ၀န်ထမ်းကပဲ အစစအရာရာ လိုက်လုပ်ပေးတော့ ကျွန်မတို့ ကိုယ့်ဖါသာကိုယ် ဘာမှကို မပြောလိုက် မလုပ်လိုက်ရပါဘူး။

ကောင်တာမှာ ကျွန်မတို့ကို ဘာမှမမေး၊ MOI ၀န်ထမ်းကိုပဲ ထိုင်းလိုနဲ့ မေးမြန်းပြောဆိုပြီး ဖြတ်လာလိုက်တာ ဘန်ကောက်လေဆိပ်ရဲ့ Passport control ကို ဒီလောက်တောင် လွယ်ကူချောမွေ့စွာနဲ့ ဖြတ်ရတဲ့ အတွေ့အကြုံက ကျွန်မ အိပ်မက်များ မက်နေလားလို့တောင် သံသယ ၀င်မိတယ်။ လွယ်လိုက်တာ ဒါပေမဲ့ ဘန်ကောက်လေဆိပ်ရဲ့ Passport Control ကို ဒီလောက် လွယ်ကူချောမွေ့စွာနဲ့  ဖြတ်ရတာတောင်မှ ဘာကြောင့်များ ရင်ထဲမှာဖေါ်ပြမတတ်တဲ့ လေးလံထိုင်းမှိုင်း နေမိပါလိမ့်လို့ အဖြေရှာမရဘူး။
ကျွန်မတို့ကို ဘာမှ မမေးတဲ့အပြင်မှာ ကောင်တာက အမျိုးသမီးက ကျွန်မတို့ မိသားစုကိုကြည့်ပြီး Good luck for your family in the new country လို့တောင် ဖေါ်ဖေါ်ရွေရွေနဲ့ ပြောလိုက်သေးတော့ ဘုရားရေ အရင်ကြိမ်တွေ ခရီးထွက်တုန်းက မြန်မာမှန်း သိတာနဲ့ သူတို့လုပ်စာကို တသက်လုံး ထိုင်စားနေသလို မျက်နှာပေးနဲ့ စစ်လားဆေးလား၊ မေးလားမြန်းလား လုပ်ခဲ့တာ သူတို့မဟုတ်ရာ ကျနေတာပဲလို့ စိတ်ထဲမှာ ကြိတ်ပြီးပြောနေမိတယ်။ ကွာတာကတော့ အခုတကြိမ်လာတာ ကျွန်မတို့မှာ ဘာ Passpot မှမပါ IOM က ဆစ်ဒနီလေဆိပ်ရောက်ရင် လူဝင်မှု ကြီးကြပ်ရေး ကောင်တာမှာ ပြဖို့ဆိုပြီး ပေးလိုက်တဲ့ IOM ဆိုပြီး သုံးလုံးတည်း ရေးထားတဲ့ စက္ကူအိတ်လေးထဲမှာ သြစကြေးလျား သံရုံးက ဗီဇာတုံးထုပေးထားတဲ့ လျှောက်လွှာစာရွက်တရွက်နဲ့ တခြားစာရွက်စာတမ်း တချို့ပဲပါပါတယ်။ မြန်မာ Passpot ဟာ ဒီလို ဗီဇာတုံးထုထားတဲ့ လျှောက်လွှာစာရွက်လေး တရွက်လောက်တောင် ကိုင်ဆောင်သူကို နွေးထွေးလုံခြုံမှု မပေးနိုင်ဘူးဆိုတာ ကြုံဖူးသူတိုင်း ခံစားမိလိမ့်မယ်လို့ တွေးရင်း ဒီခရီးကိုထွက်ဖို့ စတင်စဉ်းစားစဉ်ကနေ အခုထိ အခြေအနေကို ကျွန်မ ပြန်စဉ်းစားနေခဲ့မိတယ်။


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများ (UNHCR) ရုံး ဘန်ကောက် က အသိအမှတ် ပြုထားတဲ့ မြန်မာကျောင်းသားတွေ တတိယနိုင်ငံတခုမှာ အခြေချဖို့ ကျွန်မတို့ စလျှောက်ခဲ့စဉ်က  မြန်မာပြည်က ကျောင်းသား နိုင်ငံရေးခိုလှုံသူတွေကို လက်ခံတဲ့ နိုင်ငံဆိုလို့ အမေရိကန်၊ ကနေဒါနဲ့ သြစကြေးလျား သုံးနိုင်ငံပဲ ရှိခဲ့ပါတယ်။ UNHCR က နံပါတ်ရပြီးတာနဲ့ စပြီးလျှောက်လွှာတင်တော့ အမျိုးသားက ဘာကြောင့်ရယ်မသိ အမေရိကကို သွားချင်တယ်၊ ကနေဒါမှာ ရောက်နေတဲ့ ညီမက ကနေဒါကိုပဲ လာစေချင်တယ်။၊ ကျွန်မကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးစနစ် ကောင်းပြီး စိတ်ဝင်စားဖွယ် သြစကြေးလျားသမိုင်းကိုလည်း အနည်းငယ် ဖတ်ဖူးတော့ သြစကြေးလျားကိုပဲ သွားချင်တယ်။ အလုပ်အကိုင် ရှာဖွေဖို့ ပိုမိုလွယ်ကူပေမဲ့ ပညာရေး၊ ကျန်းမာရေးအပါအ၀င် လူမှုဖူလုံရေးမှာ သြစကြေးလျားလောက် အာမခံချက် မရှိတဲ့ အမေရိကကို ကျွန်မလုံးဝမကြိုက်ပါ။ လူမှုဖူလုံရေးနဲ့ ကျန်းမာရေးမှာ အာမခံချက်ရှိပေမဲ့ ပညာရေးမှာ သြစကြေးလျားလောက် အခွင့်အရေးမရှိ ဒါအပြင် ရာသီဥတုအေးလွန်းတဲ့ ကနေဒါကိုလည်း သြစကြေးလျားလောက် မကြိုက်ခဲ့ပါ။ ဒါကြောင့် တတိယနိုင်ငံကို လျှောက်တဲ့ လျှောက်လွှာမှာ သြစကြေးလျား ပထမ၊ ယောက်ျား အရမ်းသွားချင်တဲ့ အမေရိက ဒုတိယ၊ ညီမရှိတဲ့ ကနေဒါကို တတိယ ဦစားပေးအနေနဲ့ လျှောက်လိုက်ပါတယ်။ သြစကြေးလျားကို ပထမဦးစားပေးအဖြစ်ထည့်တာ အမျိုးသားက သိပ်မကြိုက်ပေမဲ့ ကျွန်မတို့ လင်မယားကြားမှာ ထားရှိတဲ့နားလည်မှုက ဒီသုံးနိုင်ငံမှာ ပထမဦးဆုံးခေါ်တဲ့ နိုင်ငံကိုသွားမယ်လို့ နားလည်မှုထားပါတယ်။

ကံမကောင်းချင်တော့ အဲဒီအချိန်က သြစကြေးလျားမှာ လေဘာပါတီကနေ လစ်ဘရယ်ပါတီဆီ အာဏာ ကူးပြောင်းခါစ ကာလမို့ မြန်မာဒုက္ခသည် ခေါ်ယူရေးကို သြစကြေးလျားသံရုံးက Process လုပ်မှု သိပ်နှေးသွားခဲ့တာ တောက်လျှောက်ပါပဲ။ ဒါကြောင့် ကျွန်မအမျိုးသားကလည်း သြစကြေးလျားက တော်တော်နဲ့ ခေါ်မှာမဟုတ်ဘူး ဆိုတာ တွက်ထားပုံရပါတယ်။ သူထင်ထားတဲ့အတိုင်းပဲ လျှောက်ပြီး သိပ်တောင် မကြာဘူး အင်တာဗျူးခေါ်တော့ သူ့နိုင်ငံကို ဒုတိယ ဦးစားပေးမှာ ထည့်ထားပေမဲ့ အမေရိကားက ပထမဦးဆုံးခေါ်ပါတယ်။ ကျွန်မ အမျိုးသားကတော့ သူသွားချင်တဲ့ နိုင်ငံကို သွားရတော့မယ်ဆိုပြီး ပျော်နေခဲ့ပါတယ်။ အင်တာဗျူးမှာ အကုန်လုံး အဆင်ပြေခဲ့ပါတယ်။ အမေရိကန်က အင်တာဗျူးကို နှစ်ကြိမ်ခေါ်လေ့ရှိပြီး ပထမ အင်တာဗျူးက အချက်အလက်ယူယုံ လူစီစစ်ရုံသာ ဖြစ်ပြီး ဒုတိယအင်တာဗျူးမှာမှ လက်ခံမခံကို အဆုံးအဖြတ် ပေးလေ့ရှိပါတယ်။ ဒုတိယ အင်တာဗျူးကို တိယနိုင်ငံကို မထွက်ခွာမီ ယာယီဖြတ်သန်းရတဲ့ Ratchbury ခရိုင်မှာရှိတဲ့ Burmese Students' Centre လို့ခေါ်တဲ့ မနီလွိုင်စခန်းထဲဝင်ရပါတယ်။ အဲဒီလို Camp ထဲဝင်၊ တရားရုံးစတိသဘောတက်ရပြီးမှ ထိုင်းအစိုးရက နိုင်ငံခြား ထွက်ခွာခွင့်ပေးတယ်ဆိုတော့  အမေရိကန်သံရုံးက ကျွန်မတို့ကို Camp ၀င်ပြီးရင် ဒုတိယ အင်တာဗျူးကို  ချက်ချင်းခေါ်မယ်လို့ ပြောပါတယ်။

 အမေရိကန်သံရုံးဟာ တခြားသံရုံးတွေနဲ့ မတူတဲ့အချက်က အလုပ်လုပ်တဲ့ နေရာမှာ ဖင့်နှေးလေးလံမှု လုံးဝမရှိ ပြောထားရင်ပြောထားတဲ့အတိုင်းကို အချိန်အတိအကျနဲ့ အကောင်အထည်ဖေါ်တာ တခုကို ကျွန်မသိပ်သဘောကျပါတယ်။ သြစကြေးလျား သံရုံးကတော့ ခါတိုင်းလိုမဟုတ်ဘဲ လျှောက်ထားသူတွေ အားလုံးကို Camp ထဲရောက်ပြီးမှ အင်တာဗျူးခေါ်တော့မယ်ဆိုပြီး လုပ်လိုက်တော့ ကျွန်မမှာ ကိုယ်ဝန်နဲ့မို့ ကလေးမွေးပြီးမှ Camp ထဲဝင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Camp ၀င်တဲ့ နေ့ကို သြဂုတ်လ ၂၁ ရက်နေ့နဲ့ UN ရုံးမှာ ရက်ချိန်း ယူထားတာကို ပြောင်းစရာအကြောင်း ဖြစ်လာတယ်။  ကလေးကို Camp ထဲရောက်ပြီးမှ မွေးတော့မယ်လို့ ဆုံးဖြတ်ပြီး Camp ထဲ ၂၁ June မှာ ၀င်ဖို့ ရက်ယူထားတဲ့ ကိုသားညွန့်ဦး (VOA) နဲ့ အင်ကြင်း (RFA) စုံတွဲကလည်း နောက်ကျမှ ၀င်ချင်တယ်ဆိုတာနဲ့ အတော်ဖြစ်သွားတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ Camp ၀င်ဘို့ ရက်ချိန်းယူထားတဲ့ သူတို့စုံတွဲနဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ Camp ၀င်မည့် ကျွန်မတို့စုံတွဲ Camp ၀င်မည့်နေ့ကို UN ရုံးမှာ သွားပြောပြီး လဲလိုက်တာ အဆင်ပြေသွားပါတယ်။

Camp ထဲစောစော ၀င်ဖြစ်ပေမဲ့ သြစကြေးလျားသံရုံးဟာ အင်တာဗျူးကို တော်တော်နဲ့ မခေါ်ဘူး။ အလုပ်လုပ်တာ သိပ်တိကျတဲ့ အမေရိကန် သံရုံးကတော့ ကျွန်မတို့ Camp ထဲရောက်နေတာ UN နဲ့ သံရုံးတွေ အဆက်အသွယ်ရှိတော့ သိနေပြီး ကျွန်မတို့ ဆက်သွယ်စရာမလိုဘဲ ကျွန်မတို့ကိုကို ဆက်သွယ်လာတယ်။ ဒါပေမဲ့ အင်တာဗျူးခေါ်တာ မဟုတ်ဘဲ  ဒုတိယ အင်တာဗျူး မခေါ်သေးဘူး ဆိုတာ အကြောင်းအရင်းနဲ့တကွ အကြောင်းကြားလာပါတယ်။ အကြောင်းကတော့ ကနေဒါမှာ ကျွန်မညီမ ရှိတယ်ဆိုတဲ့ အချက်နဲ့ ဟိုရောက်ပြီးမှ Family reunification ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုကလူဒီပြောင်းချင် ဒီကလူဟိုပြောင်းချင် ပြဿနာတွေ အတိတ်မှာ ဖြေရှင်းရလွန်းလို့ အမေရိကန်နဲ့ အိမ်နီးနားချင်း နိုင်ငံတွေမှာ ဆွေမျိုးရှိတဲ့သူတွေကို အဲဒီနိုင်ငံတွေက လက်မခံမှသာ အမေရိကန်က လက်ခံဖို့ ပေါ်လစီရှိကြောင်းနဲ့ ကနေဒါ နိုင်ငံကိုပဲ အရင်လျှောက်ဖို့ အကြံပြုထားတယ်။ အကယ်၍ ကနေဒါက ကျွန်မတို့ကို လက်မခံဘဲ Reject ပေးလိုက်ရင် အမေရိကန် သံရုံးကို ချက်ချင်းအကြောင်းကြားပါ ဒါဆိုရင် ချက်ချင်းခေါ်မယ်လို့ အကြောင်းကြားလာပါတယ်။ ကျွန်မ အမျိုးသားကတော့ အတော်လေး စိတ်ပျက်သွားတယ်။ အမေရိကန်က Reject ကျပါစေလို့ အစကတည်းက ဆုတောင်းနေတဲ့ ကျွန်မကတော့ သြစကြးလျား သွားရဖို့ အကြောင်းဖန်တယ်လို့ပဲ သဘောထားပြီး ပျော်နေခဲ့ပါတယ်။

ကျွန်မကသာ ပျော်နေခဲ့ပေမဲ့ သြစကြေးလျားသံရုံးက တော်တော်နဲ့ အင်တာဗျူးမခေါ်ဘူး။ ကနေဒါကလည်း သူ့နိုင်ငံကို တတိယဦးစားပေးအနေနဲ့ လျှောက်ထားတော့ ကျွန်မတို့ကို အရင်ခေါ်စရာ အကြောင်းမရှိ။ ပထမဦးစားပေး လျှောက်ထားတဲ့သူတွေကိုပဲ ခေါ်တာ သဘာဝကျပါတယ်။ ဒါကြောင့် သြစကြေးလျားသံရုံးကို ခဏခဏ ဖုန်းဆက်ပြီး ကျွန်မတို့ဟာ သြစကြေးလျားကို ပထမဦးစားပေးအနေနဲ့ လျှောက်ထားတဲ့သူတွေ ဖြစ်ကြောင်း Camp ထဲရောက်မှ အင်တာဗျူးခေါ်မယ်ဆိုလို့ အခု Camp ထဲရောက်နေတာလည်း ကြာပြီဖြစ်ကြောင်း ဘယ်တော့ခေါ်မလဲ စသည်ဖြင့် ခဏခဏ ဖုန်းဆက်လှမ်းမေးလည်း ဘာမှ တိကျရေရာတဲ့ အဖြေကိုမှ မပေးခဲ့ဘူး။ နောက်တော့ ဘာမပြော ညာမပြောနဲ့ တချို့ကို အင်တာဗျူးမခေါ်ပဲ ဆေးစစ် Form တွေ တခါတည်း ပို့ပေးလိုက်ပြီး တချို့ကို အင်တာဗျူးခေါ်မည့် List ကို ရုံးမှာ ကပ်ထားတာ တွေ့တယ်။ ဆေးစစ် Form တန်းရတဲ့သူတွေကို ကြည့်လိုက်တော့ မြန်မာပြည်မှာ ဘွဲ့ရပညာတတ်တွေ ဖြစ်လာခဲ့သူတွေ ဖြစ်နေတာကို တွေ့ရတယ်။ အင်တာဗျူးခေါ်တဲ့ စာရင်းထဲမှာ ကျွန်မတို့ အပါအ၀င် မိသားစု သုံးဆယ်ခန့်ပါတယ်။

သားကို ကိုယ်ဝန်မရခင်ကတည်းက လျှောက်ထားတာ သားမွေးပြီး ၆ လကြာမှ အင်တာဗျူးခေါ်ခံရတယ်။ အင်တာဗျူးခေါ်ပြီး ၆ လကြာတဲ့အထိ အောင်တယ် ရှုံးတယ်လည်းမပြောပဲ ထားတော့ အကြိမ်ကြိမ် ဖုန်းဆက်မေးပြီးတဲ့အချိန်မှာ တချို့ကို ဆေးစစ် Form ချပေးပါတယ်။ ကြည့်လိုက်တော့ ကျွန်မတို့အပါအ၀င် အင်တာဗျူးကို ဘာသာပြန်မပါဘဲ ဖြေထားတဲ့သူတွေ အများဆုံးပါနေတာကို တွေ့ရတယ်။ ကျန်တဲ့သူတွေကို အောင်တယ် ရှုံးတယ်ဆိုတာလည်း ဘာမှမပြောဘဲ ဒီလိုပဲ တန်းလန်းကြီး ထားထားတာကို တွေ့ရတယ်။ ဆေးစစ်ပြီးတော့လည်း ဘာမှမပြောဘဲ ဒီအတိုင်း အကြာကြီး ထားထားတယ်။ အရင်က ဆေးလိပ်သောက်ဖူးတဲ့သူတွေကို ထပ်ခါတလဲလဲ Chest X-Yay ပြန်ပြန်ရိုက်ပြီး အချိန်ဆွဲထားတယ်။ သြစကြေးလျား သံရုံးဟာ အလုပ်လုပ်တာ လုံးဝစနစ်ကျမှု မရှိဘူး။ ဒီအချိန်မှာ စကင်ဒီနေဗီးယား နိုင်ငံတနိုင်ငံဖြစ်တဲ့ ဖင်လန်က ပထမဦးဆုံး မြန်မာဒုက္ခသည်ခေါ်တဲ့ ဥရောပ နိုင်ငံတခုအဖြစ် ပေါ်လာတော့ သြစကြေးလျားကို လျှောက်ထားတဲ့ မိတ်ဆွေတွေ အတော်မျာများကလည်း သြစကြေးလျား သံရုံး အလုပ်လုပ်ပုံကို စိတ်မရှည်တော့ဘဲ ဖင်လန်ကို ပထမဦးစားပေး သွားပြောင်းကုန်ကြသလို နောက်ပိုင်း နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်နဲ့ နယူးဇီလန်တို့ပါ ခေါ်ကြတော့ အော်စီလျှောက်တဲ့အဖွဲ့တွေ ၈၀% လောက်က အဲဒီကိုပဲ ပထမဦးစားပေး သွားပြောင်းကုန်ကြတယ်။ ဒါနဲ့ အော်စီအဖွဲ့တွေက လူအနည်းစုပဲ ကျန်တော့တယ်။ ဘာသာစကားအားနည်းတဲ့ ကျွန်မတို့ကတော့ ဘာသာစကားအသစ်တခု ထပ်သင်ဖို့ ဘယ်လိုမှ စိတ်မ၀င်စားတော့တဲ့အတွက် ဥရောပနိုင်ငံတွေဟာ ကျွန်မတို့လျှောက်ထားတဲ့ သုံးနိုင်ငံစလုံးထက် နိုင်ငံရေး၊ လူမှုဖူလှုံရေး Social Security အကုန်သာတဲ့ နိုင်ငံတွေဖြစ်ပေမဲ့ ဘာသာစကားတခုတည်းကြောင့် အဲဒီနိုင်ငံတွေကို လျှောက်ဖို့ စိတ်မ၀င်စားခဲ့လို့ စောင့်တလက်စနဲ့ စောင့်တော့မယ်ဆိုပြီး သြစကြေးလျားက ခေါ်မည့်နေ့ကိုပဲ စောင့်နေခဲ့ပါတယ်။

နောက်မှ သွားပြောင်းပြီး ဥရောပကိုထွက်တဲ့သူတွေ အမေရိကားကို ထွက်တဲ့သူတွေ တသုတ်ပြီးတသုတ် ထွက်ကြကုန်ပြီ ကျွန်မတို့က ဘာမှန်းမသိသေးဘူး။ ဥရောပ နိုင်ငံတွေဆို သူတို့ခေါ်တဲ့ သူတွေကို ဆေးတောင် သူတို့နိုင်ငံရောက်မှ စစ်မယ်ဆိုပြီး ဆေးတောင်မစစ်ဘဲ ချက်ချင်းပဲ ခေါ်ကြတယ်တဲ့အချိန်မှာ အော်စီကို လျှောက်တဲ့ မိသားစုတွေထဲမှာတော့ ဆေးအကုန်ုအောင်ရင်တောင်မှ တယောက်ယောက် စိတ်ပိုင်း (သို့) ရုပ်ပိုင်း တခုခု မသန်စွမ်း ဖြစ်နေတာတွေ့ရင် ချက်ချင်းကို Reject ပေးပါတယ်။ ခေါ်တဲ့နိုင်ငံတွေဟာ စေတနာ ဘယ်လောက်ပါတယ်ဆိုတာ ဒီနေရာမှာ သိသာပါတယ်။ အော်စီက ခေါ်တာကို စောင့်ရင်းနဲ့ အဲဒီအချိန်မှာ ဘန်ကောက်သံရုံးနဲ့ Ratchaburi ဆေးရုံကို ကျောင်းသားတွေ ၀င်စီးတဲ့ ပြဿနာတွေ ပေါ်လာပြီးတဲ့နောက်ပိုင်း Camp ထဲမှာ တင်းကြပ်မှုတွေက ပိုများလာပြီး အရင်က Camp အပြင်ကို လွတ်လွတ်လပ်လပ် ထွက်လို့ရရာကနေ စနေနေ့တနေ့ပဲ Camp အပြင်မှာ လာရောင်းတဲ့ ဈေးမှာဈေးထွက်ဝယ်ခွင့်ပေးပြီး ကျန်တဲ့နေ့တွေမှာတော့ Camp လမ်းမဟိုဘက်မှာ ရှိတဲ့ နှုတ်ခမ်းမွေးဆိုင်နဲ့ ဖီးချိုင်ဆိုင်နှစ်ဆိုင် ရှိတာတောင် ဈေးထွက်ဝယ်လို့မရဘဲ ၀ယ်ချင်ရင် လက်ယပ်ခေါ်ပြီး လိုချင်တာကို အော်ပြောပြီး ဒါမှမဟုတ် စာရင်းစာရွက် ခေါ်ပေးပြီး ၀ယ်ရပါတယ်။ 

Maniloy Camp မှာ ကျွန်မတို့ ဒီလောက်အထိ အခြေအနေဆိုးဆိုးရွားရွား နေနေရာကနေ  Ratchaburi ဆေးရုံကို မနီလွိုင်က ကျောင်းသားဟောင်းတွေ ၀င်အစီးခံရပြီး နောက်ညမှာတော့ Camp ထဲမှာ TV ကြည့်မှာစိုးလို့ မီးတောင် အဖြတ်ခံရပါတယ်။ ကျွန်မတို့ဘ၀က အလိုလိုနရင်း အကျဉ်းသားတွေလို ဖြစ်လာတယ်။ နေ့တိုင်း သြစကြေးလျား လျှောက်ထားတဲ့သူတွေထဲက ရုံးကိုသွားပြီး ဘာထူးလဲ၊ ဗီဇာဘယ်တော့ကျမလဲဆိုတာ အနည်းဆုံး တယောက် သွားမေးလေ့ရှိတော့  ရုံးကလည်း အော်စီလျှောက်သမားတွေ အကုန်လုံးကို မှတ်မိနေပြီး ကျွန်မတို့ သြစကြေးလျား လျှောက်သမားတယောက်ယောက် ရုံးပေါ်တက်လာတာ တွေ့ရင် ဘာမေးမယ်ဆိုတာ သိနေပြီး ပေးစရာအဖြေမရှိလို့ မထူးခြားဘူးဆိုတဲ့ သဘောနဲ့ လက်ခါပြလိုက်ရင် ကျွန်မတို့ကလည်း သဘောပေါက်နေပြီး ဘာမှမေးစရာမလိုဘဲ ပြန်လာတတ်တဲ့ အကျင့်ရနေပြီ။  သွားမေးတဲ့သူ အဆောင်ပြန်လာရင်လည်း ရုံးကဘာပြောလိုက်တယ်ဆိုတာကို ကျန်တဲ့သူတွေ အားလုံးက စောင့်မျှော်လေ့ ရှိပြီး သွားမေးတဲ့သူကလည်း လက်ခါပြလိုက်ရင် သဘောပေါက်နေပြီ။ အရင်အော်စီလျှောက်ထားပြီး တခြားနိုင်ငံကို သွားပြောင်းလိုက်လို့ ဗီဇာရထားပြီးသားသူတွေလည်း ရှိတော့ အော်စီသမားတွေရေ အော်အော်ပြီး စီသာစီနေကြ တို့တာ့ ထွက်တော့မယ် နေခဲ့ကြတော့ဟေ့ဆိုပြီး ကျွန်မတို့ကို တချိန်လုံး လိုက်စကြနေကြတယ်။ 

  မသေချာ မရေရာတဲ့ ဘ၀မှာ အတော်လေး စိတ်ဒုက္ခရောက်ခဲ့ရတော့ ကျွန်မအမျိုးသားက သြစကြေးလျားကို သွားဖို့ စောင့်ရင်းနဲ့ အခုလိုဒုက္ခတွေကို ခံရတယ်၊ တခြားနိုင်ငံတွေကို လျှောက်ရင် အခုလောက်ဆို ထွက်သွားတာ ကြာပြီ အဲဒီသံရုံးကို စောင့်မနိုင်တော့ဘူး ရတဲ့နိုင်ငံကို ထွက်တော့မယ် အခုပဲ သွားပြောင်းတော့မယ် လိုက်ချင်တဲ့သူလိုက် မလိုက်ချင်တဲ့သူနေ မြန်တဲ့နိုင်ငံကို သွားပြောင်းတော့မယ် လို့ စိတ်တိုပြီး သွားပြောင်းဖို့လုပ်နေတယ်။ ခါတိုင်းဆိုရင်တော့ ကျွန်မက “ပြောင်းချင်ရင်တော့ ကိုယ့်တယောက်တည်းနာမည်ပဲ သွားပြောင်းပါ၊ ကျွန်မတို့ သားအမိတော့ ဘယ်လောက်ပဲ ကြာကြာ အော်စီကိုပဲ ရအောင်စောင့်မယ်လို့” လေသံမာမာနဲ့ ပြောခဲ့တဲ့ ကျွန်မလည်း ဒီတခါတော့ အော်စီကို စောင့်နေလို့ ဘာမှ ထူးတော့မှာ မဟုတ်တော့ဘူးဆိုတာ တကယ်ကို ယုံကြည်ပြီး အော်စီကိုပဲ သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်လျှော့လိုက်ရတယ်။ သို့ပေမဲ့ အမျိုးသားကိုတော့ “ယောက်ျားရေ မြန်တဲ့နိုင်ငံဆိုတိုင်း ဥရောပနိုင်ငံတွေကိုတော့ သွားမပြောင်းပါနဲ့နော့်၊ ဘာသာစကားက သုညကနေ ပြန်သင်ရမယ်ဆိုတော့ ဘာသာစကား အားနည်းတဲ့ ကျွန်မတို့ ဟိုရောက်ရင် ဘာသာစကား သင်ရင်းနဲ့ တခြားဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ပြောင်းချင်ရင်တော့ နည်းနည်းကြာရင်လည်း ကြာပါစေ ကနေဒါကိုပဲ သွားပြောင်းပါနော့်” လို့ လေသံ ဖျော့ဖျော့နဲ့ ပြောလိုက်ရတယ်။ အမျိုးသားကလည်း “အေးပါ ကနေဒါကိုပဲ ပြောင်းမှာပါ ဟိုမှာ မင်းညီမလည်း ရှိတယ်ဆိုတော့ ပထမဦးစားပေး လုပ်လိုက်တာနဲ့ အင်တာဗျူး ချက်ချင်းခေါ်ပြီး Process စတင်မှာ သေချာတယ်” လို့ ပြန်ပြောပြီး ရုံးကို သွားလိုက်တယ်။

ကျွန်မလည်း ကျွန်မတို့ နေတဲ့ UN 10 လို့ခေါ်တဲ့ အဆောက်အဦးက အော်စီလျှောက်ထားတဲ့ မိတ်ဆွေတွေကို ကျွန်မအမျိုးသားတော့ ကနေဒါကို ပထမဦးစားပေး သွားပြောင်းနေပြီ ဖြစ်ကြောင်း အော်စီသံရုံးကို စိတ်မရှည်တော့ဘူး အော်စီကို မစောင့်နိုင်တော့ဘူးလို့ လိုက်ပြောထားလိုက်တယ်။ သွားပြီး ဘာမှတောင် မကြာလိုက်ဘူး အမျိုးသားက မျက်နှာပြုံးပြုံးရွှ့င်ရွှင်နဲ့ ပြန်လာတယ်။ ကျွန်မက “ပြန်လာတာ မြန်လှချည်လား ပြောင်းကောပြောင်းဖြစ်ရဲ့လား” လို့ မေးတော့ သူက “ပြောင်းစရာမလိုတော့ဘူး” တဲ့ “ဘာဖြစ်လို့လဲ” ဆိုတာ ကျွန်မတယောက်တည်းမဟုတ်ဘူး ဒီအဆောက်ဦးမှာ ရှိတဲ့ အော်စီကို လျှောက်ထားတဲ့ တခြားသူတွေပါ စိတ်ဝင်တစား မေးလိုက်ပါတယ်။ သူက “ကျွန်တော်တို့ အဆောင်က အော်စီလျှောက်ထားတဲ့ သူတွေအားလုံး ဗီဇာကျပြီ ရုံးမှာ ကပ်ထားတယ်” လို့ တခြားသူတွေကိုပါ လှမ်းပြောလိုက်တော့ အားလုံးက အံ့သြ၀မ်းသာလို့ ဘာပြောရမှန်းတောင် မသိဖြစ်သွားကြတယ်။ Camp ထဲက ထွက်ရမည့်နေ့နဲ့ဆို နှစ်ပတ်ခန့်ပဲ အချိန်ရတော့တယ်။ အနှစ်နှစ်အလလ မျှော်လင့်စောင့်စားနေတာတခု ရမသိရတော့လည်း ဆိုင်းမဆင့်ဘုံမဆင့်ပါပဲ။

ကျွန်မတို့ Camp ထဲကနေ ဘန်ကောက်ကို ကားငှားပြီး လာခဲ့ပါတယ်။ နိုင်ငံခြားထွက်တဲ့သူတိုင်း မိတ်ဆွေတဦးဦးကို လိုက်ပို့ဖို့ ခေါ်ခွင့်ပေးပါတယ်။ ရာသီဥတုနဲ့ ခရီးပန်းတဲ့ ဒဏ်ကြောင့် သားလေးဟာ အစပိုင်းမှာ တက်ကြွလာခဲ့ပေမဲ့ တလမ်းလုံး ကားမူးပြီး အန်တာနဲ့ ဘန်ကောက်ရောက်တော့ ဖျော့ဖျော့လေးပဲ ကျန်တယ်။ ကလေးနေမကောင်းတော့ ဘန်ကောက်ရောက်ရင် မထွက်ခင်  လျှောက်ပတ်လိုက်ဦးမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပျက်ကုန်တယ်။ နိုင်ငံခြား ထွက်ခါနီး ကျောင်းသားတွေကို ဘန်ကောက်မှာ မသွားခင် အသေးသုံးသုံးစွဲဖို့ ငွေကြေးထောက်ပံ့နေတဲ့ JRS (အရှည်ကို မမှတ်မိတော့ပါ မှတ်မိသူများ ဖြည့်စွက်ပေးနိုင်ပါတယ်) ရုံးကိုတောင် သွားဖို့အချိန်မရလိုက်ဘူး။ ဘန်ကောက်ရောက်ရင် မထွက်ခင် ပါတီလုပ်မယ်လို့ စီစဉ်ထားခဲ့တဲ့ Altsean-Burma ရုံးက တရုံးလုံးကလည်း ရုံးကို သော့ပိတ်ပြီး မနီလာကို အလုပ်ကိစ္စနဲ့ တရုံးလုံး သွားနေတဲ့အချိန်နဲ့ ကြုံရတဲ့အပြင် ဘန်ကောက်မှာ ရှိတဲ့မိတ်ဆွေတွေတယေက်မှ မရှိတဲ့အချိန် ဖြစ်နေတယ်။  ဘယ်နိုင်ငံရောက်ရောက် ရောက်တဲ့နိုင်ငံက မြို့တိုင်းနဲ့  နှိုင်းယှဉ်လေ့ရှိပြီး မိခင်တိုင်းပြည်လို ကျွန်မ တက်တက်ကြွကြွ သွားလာလှုပ်ရှားလာတဲ့ ဘန်ကောက်မြို့၊ ကျွန်မ ပျော်ပျော်ပါးပါး  Shopping သွားခဲ့တဲ့ ဘန်ကောက်မြို့ဟာ အဲဒီအချိန်ကလောက် ခြောက်ကပ်ကပ်နိုင်ပြီး ပျင်းရိစရာကောင်းတာမျိုး ကျွန်မတခါမှ မခံစားဖူးဘူး။

Camp ထဲက ကျွန်မတို့ကို လိုက်ပို့တဲ့ စည်သူကလည်း ယူလာတဲ့လက်မှတ်က လေယဉ်တက်တဲ့ နေ့အထိ မယူခဲ့မိတော့ လေဆိပ်လိုက်မပို့ဖြစ်ဘဲ ပြန်သွားရတယ်။ ကျွန်မတို့ ရောက်တဲ့အချိန်မှာ ဘန်ကောက်မြို့ပေါ်မှာ မိတ်ဆွေထဲကဆိုလို့ BLC (Burma Lawer Council) ရုံးမှာ ရောက်နေတဲ့ မဆူးပွင့်အမျိုးသား ကိုထူးမြတ်တယောက်ပဲ ဘန်ကောက်မြို့ပေါ်မှာ ရှိနေပြီး ကိုထူးမြတ်ပဲ လေဆိပ်ကို လိုက်ပို့ရတယ်။ လေဆိပ်ကို ရောက်ပြီး Check in Counter မှာ ပစ္စည်းသွင်းနေချိန် JRS ရုံးက တာဝန်ခံ Pinoy ရောက်လာပါတယ်။ Check in မှာလည်း IOM ကပဲ အစစအရာရာ လိုက်လုပ်ပေးနေတော့ ကျွန်မတို့က Check in လုပ်ရင်းနဲ့လည်း Pinoy နဲ့ စကားပြောဖို့ အချိန်ရပါတယ်။ ကျွန်မတို့က Pinoy ကိုတွေ့ချင်ပေမဲ့ ကလေးနေမကောင်းလို့ သူ့ရုံးကို မသွားဖြစ်တော့ကြောင်း အကြောင်းကြားထားပေမဲ့ ကျွန်မတို့ သူ့ရုံ့းကို ရောက်မလာလို့ ကျွန်တို့ကို သူကိုယ်တိုင် လာတွေ့ပြီး နှုတ်ဆက်တယ်လို့ ပြောပါတယ်။ မနီလွိုင်ကနေ နိုင်ငံခြားထွက်တဲ့သူတိုင်း ငါ့ရုံးကို မရောက်တဲ့သူ ဘယ်သုမှမရှိဘူး၊ နင်တို့မိသားစုပဲ ရှိတယ်လို့ ပြောပြီးလိုက်စနေတယ်။ ဘန်ကောက်ကနေ Camp ထဲမ၀င်ခင်တုန်းက ကလေးမရှိသေးပေမဲ့ သားသားကို ကြည့်ပြီး နင်တို့ဟာ ကလေးဒီအရွယ်ထိတောင် စောင့်ရတယ်နော့်လို့ ပြောပြီး အံ့သြနေတယ်။ Check in လုပ်ပြီးတဲ့အချိန် Loading ကိုမ၀င်ခင်မှာတော့ ကျွန်မတို့လည်း သြစကြေးလျားသံရုံး အလုပ်လုပ်ပုံ အကြောင်းတော့ မပြောချင်တော့ဘူး ဆိုတာနဲ့ စကာ Camp ထဲမှာ ကြာရတဲ့အကြောင်းကို ခုနကပြောတဲ့အကြောင်းအရာ စုံအောင်ပြောပြဖြစ်ပါတယ်။ Pass Port Control ကိုဖြတ်တဲ့အချိန်မှာတော့ ကိုထူးမြတ်နဲ့ Pinoy နှုတ်ဆက်ပြီး ပြန်သွားလိုက်ပါတယ်။

 IOM ၀န်ထမ်းကတော့ Loading အထိ ၀င်လာပြီး နည်းနည်းလာရှင်းပြသွားပြီးမှ နှုတ်ဆက်ပြီး ပြန်သွားပါတယ်။ Loading ကို ရောက်နေပြီး လေယာဉ်ထွက်ချိန်ကို စောင့်နေတာ တော်တော်ကြာလို့ လေယာဉ်ထွက်ခါနီးလေ ကျွန်မစိတ်က ပိုလေးလေပဲ။ အဲဒီအချိန် အမျိုးသားကိုကြည့်လိုက်တော့ ဘ၀အသစ်တခုကို ပြန်စဖို့အတွက် ရှေ့မှာဘာတွေ ရင်ဆိုင်ဖြတ်ကျော်ရမလဲဆိုတာ မျှောလင့်ချက်နဲ့ တွေးနေတာ သူ့မျက်နှာမှာ အထင်းသား တွေ့ရပါတယ်။ ကျွန်မတို့ကို တတိယနိုင်ငံမထွက်ခင် သွင်းထားတဲ့ ထိုင်းနိုင်ငံ ရတ် (ခ်ျ) ပူရီခရိုင် မနီလွိုင် စခန်းကနေ ၈ ရက်နေ့မှာ ထွက်လာစဉ် လမ်းမှာ ကားမူးရာကနေ ဆက်တိုက် နေမကောင်းဖြစ်နေတဲ့ နှစ်နှစ် မပြည့်တတ်သေးတဲ့ သားသားကလည်း အခုချိန်မှာ ပေါ့ပါးလန်းဆန်းကာ ပျော်နေတဲ့ပုံက ပြီးခဲ့တဲ့ သုံးရက်လုံးလုံး အဖျားတက်လိုက် အန်လိုက်နဲ့ တောက်လျှောက် နေမကောင်းဖြစ်နေခဲ့တာ သူမဟုတ်ရာ ကျနေတာပဲ။ တခါမှ မရောက်ဖူးတဲ့ နေရာသစ်တခုကို လေယာဉ်ပျံကြီး စီးပြီးသွားရတော့မယ်ဆိုပြီး ခလေးပီပီ တကယ်ကိုစိတ်လှုပ်ရှား တက်ကြွလန်းဆန်းနေပုံပါပဲ။ အဖေရောသားပါ လန်းဆန်းတက်ကြွနေချိန်မှာ နေချိန်မှာ လေယာဉ်ထဲ ဆင်းခါနီးလေ စိတ်ရော လူပါ မလန်းဆန်းလေ ဖြစ်နေတာက ကျွန်မတယောက်ပဲ ရှိပါတယ်။ ဘေးမှာ ကြည့်လိုက်ရင် အားလုံးသော ခရီးသည်တွေကလည်း တက်ကြွလန်းဆန်းလို့။ ဒီအခြေအနေကို ကိုရောက်ဖို့အတွက် ကျွန်မတို့ မိသားစု နှစ်နှင့်ချီပြီးစောင့်ခဲ့ရပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ ဒီလို နှစ်နှင့်ချီပြီး စောင့်ပြီး ရောက်ချင်တဲ့နေရာကို ရောက်ရတော့မည့်အချိန်မှာ ကျွန်မစိတ်တွေ လေးလံထိုင်းမှိုင်းနေဖို့ မသင့်ပါဘူး။ လန်းဆန်းတက်ကြွနေရမည့်အစား ဘာကြောင့် ဒီလိုလေးလံထိုင်းမှိုင်းနေရတယ်ဆိုတာလည်း ကျွန်မနားမလည်နိုင်ဘူး။

လေယာဉ်ထဲဆင်းတဲ့ လမ်းမှာ တားထားတဲ့ ကြိုးတွေကို ဖြုတ်ပြီး ခရီးသည်များ လေယာဉ်ထဲမှာ နေရာယူလို့ ရပြီလို့ ၀န်ထမ်းတွေက သတိပေးလိုက်ချိန်မှာတော့ ကျွန်မတို့လည်း တခြားခရီးသည်တွေနဲ့အတူ လေယာဉ်ထဲကို ရောက်လာပါတယ်။ ထိုင်ရမည့် ထိုင်ခုံနံပါတ်  ရှာတွေ့ပြီးတာနဲ့ ကျွန်မတို့ ၀င်ထိုင်ချိန်မှာတော့ နှစ်နှစ်မပြည့်တတ်သေးတဲ့ သားလေးက လေယာဉ်ထဲရောက်တာနဲ့ ချက်ချင်းမထိုင်ချင်သေးဘဲ စပ်စပ်စုစုနဲ့ ဟိုကြည့်ဒီကြည့်နဲ့ ရှေ့ကိုဆက် လျှာက်သွားဖို့ လုပ်နေလို့ ချီပြီး နို့တိုက်လိုက်တဲ့အချိန်မှာ အိပ်ချိန်လ်ည်း ရောက်နေပြီဆိုတော့ လေယာဉ်မိုးပေါ်ကို မပျံတက်ခင် ဘီးစလိမ့်ပြီး ပြေးလမ်းကိုပတ်နေချိန်မှာပဲ သားကနို့စို့ရင်း အိပ်ပျော်သွားပါတယ်။ လေယာဉ်က ပြေးလမ်းမှာ အရှိန်ရလို့ မြေပြင်ပေါ်က စတင်ထွက်ခွာဖို့ မိုးပေါ်ပျံတက်လိုက်တာနဲ့ တပြိုင်နက် ဒါအရင်ခါတွေလို ခဏတဖြုတ် အလုပ်ကိစ္စနဲ့ ခရီးထွက်တာမဟုတ် ဒီခရီးဘယ်လောက်ကြာမယ်ဆိုတာလည်း အတိအကျ မပြောနိုင်၊ စာသင်ခန်းနဲ့ အိမ်ကို စွန့်ခွာခဲ့တာက ၈၈ ကတည်းက ဆိုပေမဲ့  ကျွန်မ ဘယ်တုန်းကမှ အိမ်ကိုစွန့်ခွာခဲ့တယ်လို့ မခံစားမိဘူး။ အခုဒီခရီးကမှ ကျွန်မ အမိမြေက အိမ်ကို  တကယ်စွန့်ခွာတော့မည့် ခရီးပါလား ဆိုတာကို သဘောပေါက်သွားပြီး Passport Control ကို ဖြတ်ပြီးကတည်းက တချိန်လုံး လေးလံထိုင်းမှိုင်းနေတဲ့ ရင်ထဲက  အလုံးကြီးကို သဘောပေါက်ပြီး ကျွန်မ ရှိုက်ကြီးတငင် ငိုချမိပါတယ်။ 

ငယ်ငယ်တုန်းကတော့ ကျွန်မဘ၀မှာ ကြီးလာရင် ပညာတော်သင်အဖြစ် နိုင်ငံခြားတိုင်းပြည်တခုခုမှာ အဆင့်မြင့် ပညာတခုခုကို သွားသင်နိုင်လောက်တဲ့ အရည်အချင်းရှိသူတယောက် ဖြစ်အောင် ကြိုးစားပြီး တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုဖို့ ရည်ရွယ်ချက်ရှိခဲ့ပေမဲ့ အခုလို အမိမြေကို စွန့်ခွာပြီး နိုင်ငံရပ်ခြားမှာ အခြေချဖို့တော့ တခါမှ မစဉ်းစားခဲ့ဖူးတာ အမှန်ပါ။

(လွန်ခဲ့တဲ့ ၉ နှစ် ဒီနေ့ဒီအချိန်မှာ တွေးခဲ့ခံစားခဲ့ ခံစားမှုကို ထပ်တူ ပြန်ခံစားရင်း ဒီပို့စ်ကိုရေးဖြစ်ပါတယ်။)

18 comments:

မငယ်ရေ..

ဖတ်ပြီးမောသွားတာပဲ..။

မငယ်မှတ်မိလား ဆွစ်ဇာလန်သွားတုန်းက မြန်မာပြည်ပေါ်က လေယာဉ်ပျံတုန်းက မြန်မာပြည်ကိုလွမ်းလို့ မျက်ရည်ဝဲတယ်လို့ ပြောဖူးတာလေ..။

အော်စီသွားတာ မြန်မာပြည်ရော လေယာဉ်ဖြတ်သေးလား..။

အခုလို တခုတ်တရ ရေးပေးတာ ကျေးဇူးပါ..။ မငယ်ငိုတယ်ပြောတော့ မဗေဒါလည်း ငိုချင်သွားတယ်.. မဗေဒါကတော့ အကြောမာတယ်.. မငိုဘူး.. အခုတော့ လွမ်းတိုင်း ရင်ထဲမှာ စို့တက်တာပဲ.. ငိုလို့မရတာကများတယ်..။ တော်ပါပြီ..။

Jesuit Refugee Service= JRS

"ပညာရေး၊ ကျန်းမာရေးအပါအ၀င် လူမှုဖူလုံရေး အာမခံချက် မရှိတဲ့ အမေရိကကို ကျွန်မလုံးဝမကြိုက်ပါမှာ"
တခြားဟာတွေတော့ မသိပါဘူး။ ပညာရေးမှာ အာမခံချက်မရှိဘူးဆိုတာကို ဘာကိုဆိုလိုတာလဲ ကျွန်မ နားမရှင်းလို့ပါ။ USမှာ တရားဝင်နေထိုင်ခွင့်ရသူတိုင်း စကော်လာရှစ်တွေ၊ financial aidတွေ ပေးတာ မနည်းပါဘူး။ GPAပေါ်မူတည်ပြီး ဆုံးဖြတ်တာမို့ ဒီတိုင်းတော့ အလကားမပေးဘူးပေါ့။ သိပ်အခြေအနေမဆိုးဘူးလို့ ထင်ပါတယ်။ အမှားပါသွားရင် ဆောရီးပါ။

စာရေးကောင်းလိုက်တာ အစ်မရေ. အကြိုက်ဆုံး ပို့ လေးပါပဲ

သူငယ်ချင်း အမတ်လောင်း မြန်မာပြည်က ထိုင်းနိုင်ငံရဲ့ အနောက်ဘက်မှာ ရှိတယ်၊ အော်စီက အရှေ့တောင်ဘက်မှာ ရှိတယ်လေ။ ဒီတော့ ထိုင်းကနေ အော်စီကိုလာတာ ဘာကိစ္စ မြန်မာပြည်ကို ဖြတ်ရမလဲ။ ရန်ကုန်သူနော့် ရန်ကုန်သူ တောသူက ပြန်ပြောပြနေရတာ အကြိမ်မနည်းတော့ဘူး ဟိုနေ့က C-Box မှာ တောသူကို နှိမ်ပြီး လာရေးသွားတဲ့ ရန်ကုန်သူ ဆိုသူကို မြင်စေချင်စမ်းပါဘိ။ ဆွစ်ဇာလန်ကို သွားတုန်းကရော အန္ဒိယကို သွားတုန်းကပါ မြန်မာပြည်ကို ဖြတ်သွားပါတယ်။

Anonymous ရေ JRS အရှည်အခေါ်ဝေါ်အတွက် ကျေးဇူးတင်ပါတယ်။ သူတို့အဖွဲ့အစည်းနာမည် အရှည်မမှတ်မိတော့ဘူးဆိုတာ Pinoy များ သိရင် ဘယ်လောက် ၀မ်းနည်းလိုက်မလဲ မသိဘူး။

Thu Hninsee ရေ - ကျွန်မဆိုလိုတာ ဖက်ဒရယ် အစိုးရအဆင့်အနေနဲ့ US မှာ အခြေခံပညာ အဆင့်ပညာရေးပြီးရင် အစိုးရက အလကားသင်ပေးတဲ့ မူမရှိလို့ အဲဒါကို တခြား Social Security ရှိတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ပြောလိုက်တာသာ ဖြစ်ပါတယ် လုံးဝအာမခံချက် မရှိဘူးလို့ ပြောတာမဟုတ်ဘူး။ ကမ္ဘာ့နိုင်ငံ အားလုံးကို ပျမ်းမျှအနေနဲ့ ချုံပြီး နှိုင်းယှဉ်တာ မဟုတ်ပါဘူး။ ဒုက္ခသည်ခေါ်တဲ့ ဥရောပက နိုင်ငံတွေ၊ သြစေကြးလျား၊ ကနေဒါ ဒီနိုင်ငံတွေနဲ့ပဲ နှိုင်းယှဉ်ပါတယ်။ ပညာရေးတို့ ကျန်းမာရေးတို့ အခွင့်အရေးတွေဟာ Social အထဲမှာ ပါပါတယ်။ အခုပြောတဲ့ နိုင်ငံတွေမှာ အခြေခံပညာအဆင့်ပြီးရင် ရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာတွေနဲ့ Diploma အဆင့်ထိကို နိုင်ငံတော်အဆင့် အစိုးရက အာမခံချက်ရှိပါတယ်။ US မှာ Social Security ဆိုတာ ပြည်နယ်အစိုးရရဲ့ ပေါ်လစီအပေါ်မှာပဲ မူတည်ပါတယ်။

AMK ရေ စာရေးကောင်းတာ မဟုတ်ဘူး တကယ်ကြုံခဲ့တာကို ချရေးထားတာပါ။

လာလည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ သိပ်အနှောင့်အယှက် ပေးနေသူတယောက်ရှိလို့ Comment Moderation လုပ်ထားရတာ တခြားစာလာဖတ်သူတွေအတွက် စိတ်မကောင်းပါဘူး။

မငယ်နိုင်ပြောတာ ဟုတ်ပါတယ်...

ယူအက်စ်မှာ လူမှုရေးအာမခံချက် အစိုးရဆီက မရှိပါဘူး။ ဥပမာ...အလုပ်ပြုတ်ရင် ၆လပဲ အလုပ်ရှင်ဆီက လုပ်ခရတယ်(ကိုယ်ကအပြစ်မရှိပဲပြုတ်မှ)။ အပြစ်ရှိလို့ပြုတ်ရင်ဘာမှမရဘူး။ ပြန်အလုပ်ရှာပေးရင် ဘာအလုပ်ဖြစ်ဖြစ် လက်ခံရတယ်။ ယူရတယ်။ ကြေးများလို့မရဘူး။ ၆လပြီးရင်ဘာပိုက်ဆံမှ မရတော့ဘူး။ အချို့ဥရောပနိုင်ငံတွေမှာ ဘာကြောင့်ပြုတ်ပြုတ် တနှစ်လုပ်ခရတယ်။ အဲဒါက အစိုးရကပေးတာ။ အလုပ်ရှင်က ပေးတာမဟုတ်ဘူး။ အလုပ်ရှာပေးရင်လည်း အဲဒီအလုပ်က ကိုယ်သင်ထားတဲ့ပညာထက်နိမ့်နေရင် ကြေးများလို့ရတယ်။ အဲဒီနောက်ပိုင်းလုံးဝ အလုပ်ပြန်ရှာလို့မတွေ့ခဲ့ရင် မတွေ့မချင်း အစိုးရပိုက်ဆံနဲ့ထိုင်စားလို့ရတယ်။ အဲလိုနှစ်ပေါင်းများစွာ ထိုင်စားနေသူတွေအများကြီးပါ။ ဆိုးကျိုးကတော့ တချို့ အဲလိုအလုပ်မလုပ်ပဲ ထိုင်စားနေသူတွေအတွက် အစိုးရပိုက်ဆံ သိပ်ကုန်တာပါပဲ။

လူတိုင်းကျန်းမာရေးအာမခံရှိတယ်။ ဘာလေးဖြစ်ဖြစ် ဆေးခန်းကောက်သွားလိုက်ကြတာပဲ။ နှာစေးချောင်းဆိုးကအစ ကိုယ်မှမပေးရပဲကိုး။ ယူအက်စ်မှာတော့ ကျန်းမာရေးအာမခံ လူတိုင်းမရှိကြဘူး။ ယူအက်စ်မှာက အစိုးရကို ပေးရတဲ့ အခွန်အကောက် အချို့ဥရောပနိုင်ငံတွေနဲ့ နှိုင်းကြည့်ရင် တော်တော်ကြီးနည်းတယ်။ လက်ထဲမှာ ပိုက်ဆံပိုကျန်တယ်။ ဒါကြောင့် သူတို့ ပြန်ရတဲ့ အစိုးရဆီက စောင့်ရှောက်မှုကလည်း နည်းတယ်။ နေမကောင်းဖြစ်ရင် ကုဖို့ ကိုယ့်ဟာကိုယ် စုရပါတယ်။ သိပ်ပိုက်ဆံကုန်မယ့် ရောဂါမျိုးဖြစ်ရင် ပိုက်ဆံမရှိတဲ့သူက မကုနိုင်ပါဘူး။ အခြားဥရောပနိုင်ငံတွေမှာတော့ အလုပ်လက်မဲ့ကအစ ဘယ်လိုရောဂါမျိုးလာလာ ပူစရာမလိုပါဘူးတဲ့။

ပညာရေးကလည်း တက္ကသိုလ်အခမဲ့ပညာရေးစနစ်ပါ။ ယူအက်စ်မှာက တက္ကသိုလ်ကောင်းကောင်းတက်ရင် သိပ်ပိုက်ဆံကုန်ပါတယ်။ တော်ရုံကျောင်းကျတော့လည်း အလုပ်ရှာတဲ့အခါ စကားပြောပါတယ်။

ဒါတွေကတော့ ကျမ စကားစပ်လို့ အရင်က စပ်စုထား မေးထားသမျှတွေပါ။ အတိအကျ အချက်အလက်တွေ ကွဲကောင်းကွဲနိုင်ပေမယ့် မငယ်နိုင်ပြောသလို
.......ဥရောပနိုင်ငံတွေဟာ ကျွန်မတို့လျှောက်ထားတဲ့ သုံးနိုင်ငံစလုံးထက် နိုင်ငံရေး၊ လူမှုဖူလှုံရေး Social Security အကုန်သာတဲ့ နိုင်ငံတွေဖြစ်ပေမဲ့ ဘာသာစကားတခုတည်းကြောင့် ..........ဆိုတာမှန်ကြောင်းရယ် သြစတေးလျ၊ ကနေဒါနဲ့ အမေရိကားကို နှိုင်းယှဉ်တာလဲ မှန်ကြောင်းရယ် ပြောပြချင်လို့ပါ။

မေနန်းဦး

ဒါတွေကြောင့်လည်း ယူအက်စ်မှာ လမ်းပေါ်မှာနေကြတဲ့သူတွေများပါတယ်။ ဥရောပနိုင်ငံတွေမှာတော့ လမ်းပေါ်နေလူ မရှိသလောက်နည်းပါတယ်။ အခွင့်အရေးကများတော့ အစိုးရအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ အလုပ်မလုပ်ပဲ ထိုင်စားနေသူတွေ ဘာအလုပ်ရရ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အလုပ်လက်မဲ့တွေရဲ့ လူမှုရေး ကျန်းမာရေး အတွက်ကို လက်ရှိအလုပ်လုပ်နေကြတဲ့ လူတွေရဲ့ အခွန်တွေကနေ ပေးရတော့ လစာ ၁၀၀၀ ၀င်ရင် ဟိုဖြတ်ဒီဖြတ်နဲ့ ၅၀၀ ပဲအိမ်ပြန် ပါပါတယ်တဲ့။ နောင်ရေးအတွက်တော့ စိတ်အေးရပေမယ့် လောလောဆယ်လက်ထဲမှာ ကျန်တာက ယူအက်စ်က အလုပ်လက်ရှိ လူတွေလောက် မကျန်ပါဘူး။ ယူအက်စ်က လူတွေကတော့ နောင်ရေးအတွက် ကိုယ့်ဟာကိုယ် စီစဉ်ရမှာပါ။

ကောင်းကျိုးဆိုကျိုး ဒွန်တွဲလျက်ပေါ့။

မေနန်းဦး

မငယ်နိုင်ရေ

မအယ်ကတော့ လေယာဉ်ပေါ်တက်ပြီ ဘူတာရုံကို ရောက်ပြီ ဆိုတာနဲ့ ဘာမှန်းမသိ ဝမ်းနည်းတာ ငိုချင်လာတာ ငယ်ငယ်တည်းကပဲ။


မအယ်

အမငယ်နိုင်ရေ....ဖတ်ပြီးမော ကျန်ခဲ့တယ်။
ဗဟုသုတ အတော်ရပါတယ်...။

ခုမှ နောက်ပြန်ပြန်ဖတ်မိတယ်ခဗျ။ ဗိုလ်ချုပ်နော်လစ် ရသွားပါတယ်။

မမေနန်းဦး

အကောင်းနဲ့ အဆိုးဒွန်တွဲနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ ရှိတဲ့သူကလည်း အကန့်အသတ်မရှိ မရှိတဲ့သူကလည်း မျက်စိငရဲ နားငရဲဖြစ်လောက်တဲ့အထိ မဖြစ်ရလေအောင် လူတန်းစား ကွာဟမှုကို ဒီလိုညှိပေးမှပဲ ညှိပေးပြီးမှပဲ ရမှာ ဖြစ်တယ်။

အမေရိကန်နိုင်ငံက အရင်းရှင်နိုင်ငံဖြစ်တော့ လစ်ဘရယ် ဒီမိုကရက် အတွေးအခေါ်အတိုင်း ကျင့်သုံးပါတယ်။ ဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေကိုပဲ အဓိကထားပါတယ်။ ကြိုးစားရင် ကြိုးစားသလောက် အကန့်အသတ်မရှိ တိုးတက်တာကို အားပေးပြီး မကြိုးစားသူကို လူတိုင်းကို ကြိုးစားဖို့ အခွင့်အရေးပေးထားလျက် မကြိုးစားလို့ ဒီအခြေအနေရောက်တာ အစိုးရတာဝန်မဟုတ် လူပုဂ္ဂိုလ် တဦးချင်းစီက မိမိတို့ကိုယ်တိုင်တွင်သာ တာဝန်ရှိတယ် ဆိုပြီး အနည်းဆုံး အုပ်ချုပ်တဲ့အစိုးရဟာ အကောင်းဆုံးအစိုးရလို့ သတ်မှတ်ပြီး ချမ်းသာသူကို အကန့်အသတ်မရှိ ချမ်းသာခွင့်ပေးပြီး ဆင်းရဲမွဲတေမှု ဖြစ်သလို နေမှုကို လစ်လျူရှုထားတယ်။

ခုနက ပြောတဲ့ ဥရောပနိုင်ငံတွေကျတော့ ဆိုရှယ် ဒီမိုကရက် အတွေးအခေါ်အတိုင်း ကျင့်သုံးပါတယ်။ အစုအဖွဲ့ကို ကိုယ်စားပြုတဲ့ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှု အခွင့်အရေးတွေရော နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေကိုပါ အဓိကထားပါတယ်။ လူတဦးချင်းစီရဲ့ အနှိမ့်ဆုံးအဆင့်ကို လူတိုင်းလူတိုင်း ဒီထက်ပိုမဆင်းရဲစေရဘူးလို့ ကန့်သတ်ထားပါတယ်။ သတ်မှတ်ထားတဲ့ အဆင့်အတိုင်း အဲဒီပုဂ္ဂိုလ်က မိမိကိုယ်မိမိ တာဝန်မယူနိုင်ရင် လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်လို့ ယူဆပြီး အစိုးရက တာဝန်ယူပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေက လူတိုင်းဟာ သတ်မှတ်ထားတဲ့ အဆင့်ထက် ပိုမဆင်းရဲအောင် အစိုးရက ထောက်ပံ့ရတာ ဖြစ်တယ်။ ဒါကြောင့် ဥရောပနိုင်ငံတွေက လူ့အခွင့်အရေးမှာ အမေရိကန်ထက် အများကြီးသာပါတယ်။ လူတယောက်၊ မိသားစုတစု၊ လူတအုပ်စု ငတ်ပြတ်နေတာဟာ သူတို့ညံ့လို့ပျင်းလို့ ဆိုတာ ဟုတ်ပေမဲ့ အဲဒီလူတွေဟာ လူထဲကလူ လူ့အဖွဲ့အစည်းတခုရဲ့ အစိတ်အပိုင်းပဲ ဖြစ်လို့အဖွဲ့အစည်းတခုလုံးနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် ကာယကံရှင်တဦးတည်းမှာသာ တာဝန်ရှိတာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းကလည်း တာဝန်ရှိပါတယ်။

12 Jul 10, 17:32
K: မငယ်နိုင် ရဲ့ မိုင်ရရေးရှင်း ပုံပြင်လေး စိတ်ဝင်တစား ဖတ်သွားတယ်။ အချိန်တွေ ကြာပီကော..
(C-Box မှ)

မအယ်ရေ ကျွန်မက ခရီးသွားတာ ပျော်တဲ့သူဆိုတော့ ခါတိုင်းခရီးသွားတာ တခါမှဝမ်းမနည်းတတ်ဘူး။ ဒီတခါပဲ ဖြစ်ဖူးတယ်။

မောင်လေးရေ အစ်မတို့ မနီလွိုင် စခန်းထဲမှာ ဒုက္ခရောက်ပုံကိုသာ ရေးရင်ပိုတောင် ဒီထက်ပိုဆိုးဦးမယ်။

ကိုလူသစ် ဗိုလ်ချုပ်နော်လစ်က ဘာလဲ။ ကျွန်မ ဘန်းစကားနားမလည်ဘူး။

အမေရိကန်နဲ့ ဆိုင်တဲ့ တချို့အချက်တွေ မှားနေတယ် မငယ်ရေ..... အိမ်ခြေရာမဲ့ များတယ်ဆိုတာ တခြားကြောင့် မဟုတ်ဖူးဗျို့..... အစိုးရရဲ့ policy အမှားကြောင့် အပျင်းကြီးတဲ့ သူတွေက ဘဝပျက်တဲ့ သူတွေကြား ဝင်ရောနေတာဗျ။ အနိမ့်ဆုံးလခ တနာရီ $9နဲ့ လူတွေ အတော်များများ အလုပ်လုပ် နေကြချိန်မှာ သူတို့က ဘာမှ မလုပ်ပဲ တနာရီ $13 to $15 ရနေတာ သိထားဖို့ လိုတယ်ဗျ။ ကျွန်တော်တောင် ရောက်ခါစက တခါတလေ အမေ့ကို စနေသေးတယ်။ သားအမိ ၂ယောက် homeless လုပ် ရအောင်လို့.... :P
ကျန်တာတွေတော့ နောက်မှ ပြောပြတော့မယ်။ အဲ social နဲ့ ပက်သက်ရင်တော့ Europe နဲ့ အော်စီက ပိုကောင်းတာတော့ အမှန်ပဲဗျ။

18 Jul 10, 01:03
လေးသည်တော်: migration story ပိုစ်လေးဖတ်ရတာ စိတ်မကောင်းပါဘူးအမ။ မြန်မာနိုင်သားဖြစ်ပေမယ့် ကိုယ့်နိုင်ငံမှာ လွတ်လပ်စွာနေထိုင်ခွင့် မရှိတဲ့ဘ၀ကို အများကြီးစာနာမိပါတယ်။ www.arakanarcher.blogspot.com

You will need the best of the best, sounds and samples
that is, and you will also need to continually expand upon your
sound library. By using a quad-core processor chip or over to 16GB of RAM it's a proper monster -- a suitable beast that one could toss in your messenger bag and take with you all day without spending all night long protesting and complaining about an aching back. Nevertheless, if you are still willing to buy other refurbished Mac Book Pro other than those that are certified by Apple, then you are free to do so as long as you check the item well.

my web site - macbook pro

This article will help you find the best tablet PC. Additionally,
the wireless connectivity has good speed. "Many eyes will likely be on them to determine if they'll pull the rabbit out with the hat," Enderle
mentioned.

Also visit my webpage :: samsung galaxy tab 2

However, with a mobile phone, you will have to be acutely
aware of your surroundings. The application Execution Environment provides an
interface for application programming. You can convert more
than hundred different types of currencies and will be able to keep up with the currency rate changes.


My blog post - samsung galaxy s4