မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မ၀င်းမော်ဦး အမှတ်တရ

.
မ၀င်းမော်ဦး (၂၁)နှစ်ပြည့် အထိမ်းအမှတ်
၁၉.၉.၂၀၀၉ မှာဝေငှတဲ့
အာဇာနည် မ၀င်းမော်ဦး၏ အတ္တုပတ္တိအကျဉ်း

အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်။ (ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်.



ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဆရာဝန်လောင်းကိုမင်းသိန်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုမင်းသိန်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဆရာဝန်လောင်းကိုစောလွင် ဟုလည်းပြောပါသည်။


သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။

"မ၀င်းမော်ဦး" သည် ၁၉.၉.၈၈ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ပါသည်။



မီးမသဂြိုလ်ခင်မှာ နောက်ဆုံး တွေ့ရတဲ့ အာဇာနည် မဝင်းမော်ဦးရဲ့ နောက်ဆုံးပုံပါ...

"မ၀င်းမော်ဦး" သည် ၁၉.၉.၈၈ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။
(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ စစ်အာဏာ ပါးကွက်သားတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့.. မောင်တင်ထွန်း. မဝင်းမော်ဦးနှင့် မောင်သန်းဋ္ဌေး

အင်မတန်ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက်ပါ.. ခံစားချက်များစွာနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်ပြောင်းသတိရရင်း အာဇာနည် မ၀င်းမော်ဦးရဲ့ အတ္တုပတ္တိကို ဖတ်လိုက်ရပါတယ်။ နှစ်စဉ်နှစ်တိုင်း စစ်အာဏာရှင် စံနစ်အောက် ထပ်မံကျရောက် ခဲ့ရသည့်.... စစ်အာဏာသိမ်း ပြီးနောက်တစ်နေ့၌ ကျဆုံးခဲ့ရတဲ့ (၁၉)ရက် (၉)လ ရောက်တိုင်း မဝင်းမော်ဦး အတွက် ဆွမ်းသွပ်တရားနာပွဲ နှစ်စဉ် မိသားစုမှကျင်းပ ပြုလုပ်ခဲ့ကြပါတယ်...။ မဝင်းမော်ဦး မသေဆုံးခင် ပြောသွားခဲ့တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပေးပါလို့ ရင်နင့်ဖွယ် မှာကြားသွားခဲ့တဲ့အတွက်.. ယခုအချိန်အထိ မဝင်းမော်ဦးအတွက် အမျှမပေးနိုင်သေးတာ (၂၂)နှစ်ရှိနေပါပြီ.... အာဇာနည်မဝင်းမော်ဦးကို အမျှပေးဝေနိုင်ဖို့ ကျွန်တော်တို့ အားလုံး မစွမ်းဆောင်နိုင်သေးပါဘူး.. မဝင်းမော်ဦး ကောင်းရာ သုဂတိလားပါစေ...။

ဒီမိုဝေယံ...

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ဓာတ်ပုံ ပေးပို့သူ BP နှင့် blue.peaceforu အားကျေးဇူးတင်ပါသည်...။



လက်ရှိ လှိုင်သာယာက မဝင်းမော်ဦးရဲ့ မိဘတွေရဲ့ နေအိမ်ပါ....

(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ ကျဆုံးသွားခဲ့ရတဲ့.. မ၀င်းမော်ဦး နှစ်ပတ်လည်များအား အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ မ၀င်းမော်ဦးမိသားစုသည် တချိန်က ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်ခဲ့ပြီး အာဏာပိုင်တို့၏ အနှောက်အယှက် ပေးခဲ့မှုကြောင့် မိသားစုများ ဒုက္ခရောက်ပြီး မိသားစုလိုက် လှိုင်သာယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ မဝင်းမော်ဦး မိသားစုအား လေ့လာချက်အရ အထက်ပါ.. အိမ်ကလေးတွင် လူအမြောက်အများ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါသည်။ ထိုကြောင့် မ၀င်းမော်ဦး နှစ်ပတ်လည် ကျင်းပရန်လဲ ခက်ခဲခဲ့ပါသည်။ နောက်ပိုင်းနှစ်များအား ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများမှ ဖိတ်စာမှစပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ မ၀င်းမော်ဦး၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့မှုအား အသိအမှတ် ပြုသူများအနေဖြင့် အာဇာနည် ကျောင်းသူ မ၀င်းမော်ဦး၏ နှစ်ပတ်လည် နှစ်စဉ်နှစ်တိုင်း ဖြစ်မြောက်ရေးအား ၀ိုင်းဝန်းကူညီကြပါရန် ... ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။ blue.peaceforu@gmail.com , babagyi67@gmail.com skype-shwekyaungtharr 0044-07915157660 shwekyaungtharr@gmail.com သို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ
(မြန်မာနိုင်ငံ)
ပုံပြင်မဟုတ် ဒဏ္ဍာရီမဟုတ် လုပ်ကြံဖန်တီးထားတဲ့ ပုံမဟုတ်ပါ။ ရှစ်ဆယ့်ရှစ်မှာ စစ်တပ်က တကယ်ပစ်သတ်ခံရလို့ တကယ်သွေးမြေကျခဲ့တဲ့ ကျောင်းသူစစ်စစ် ဖြစ်ပါတယ်။ ဒီပို့စ်ကို ဒီမိုဝေယံ ဘလော့ဂ်မှ ကူးယူဖေါ်ပြထားပြီး သူမတကယ်ကျဆုံးခဲ့တဲ့ ၁၉ ရက်နေ့ကျမှ ကိုယ်တိုင်ရေးတဲ့ ၀မ်းနည်းကြောင်း ဂုဏ်ပြု အမှတ်တရဆောင်းပါးတင်မှာ ဖြစ်ပါတယ်။ (9/17/10 9:22 PM မှာ တင်တဲ့ပို့စ်ကို အပေါ်ခဏ ပြန်တင်ထားပါတယ်။)

မ၀င်းမော်ဦးနဲ့ အဲဒီတုန်းက ကျဆုံးခဲ့ရတဲ့ အာဇာနည်များအားလုံး ကောင်းရာသုဂတိလားကြပါစေ။


30 comments:

မျက်စေ့ထဲမှာ..မနေ့တနေ့ကလိုပါပဲ.................................................................................................................

စိတ်မကောင်းပါ ၊

မဝင်းမော်ဦး ကောင်းရာမွန်ရာဘ၀ ရောက်နေ မှာပါ

ဒီမိုကရေစီရမှအမျှဝေပါဆိုတော့အခုချိန်သရဲအကြီးစားဖြစ်နေလောက်ပြီ။သနားတော့သနားစရာပါ။အဲဒီလိုအရေးအခင်းမျိုးလဲမမြင်ချင်တော့ပါဘူး။ဒီမိုကရေစီဆိုတာဘာမှန်းသေချာမသိသေးပဲသေသွားတာသနားပါတယ်။သရဲကြီးဘ၀ကအမြန်ကျွတ်ပါစေကြောင်းတောင်းဆုပြုပါတယ်။ဒါဆိုရင်အဲဒီအချိန်ကဆန်ဒပြသူတွေအကုန်လုံးကအာဇာနည်တွေပေါ့။မသိလို့မေးတာပါ။ရှေ့တန်းစစ်မျက်ပြင်မှာသူပုန်တွေကိုနှိမ်နှင်းရင်းကျဆုံးသွားတဲ့စစ်သည်တွေကိုလဲအာဇာနည်အဖြစ်သတ်မှတ်သလား။...တွေးရင်ခေါင်းရှုပ်တယ်..စဉ်းစားတော့ဘူး.....သရဲဘ၀ကအမြန်ကျွတ်ပါစေပဲဆုတောင်းပေးတော့မယ်..။
ခြင်္သေ့

ခြင်္သေ့တို့လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံတောင်မှ ကျောင်းမှာ တွေ့ဖူးမှာမဟုတ်တော့ အာဇာနည်အကြောင်းလည်း သင်ရမှာ မဟုတ်ဘူး။ ဒီတော့ အာဇာနည်ဆိုတာ ဘာကိုခေါ်လဲလို့ မသိတာ မဆန်းပါဘူး။ ကျောင်းမှာ မသင်ရလည်း အခုကိုယ့်ဖါသာကိုယ် လေ့လာလို့ ရပါတယ်။ အရင်နှစ်က တင်တဲ့ အာဇာနည်နေ့ပို့စ်တွေကို ပြန်ရှာဖတ်ကြည့်ပါ။ ခြင်္သေ့တို့ခေတ်မှာ ရှိတဲ့သူပုန်တွေ အားလုံးက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်တဲ့ သူပုန်တွေပဲ ဖြစ်လို့ သူပုန်နဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ စစ်သားတွေက အာဇာနည်တွေ မဟုတ်ကြဘူး။ စစ်အုပ်စုဟာ ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ ဘယ်သူသေသေ ငတေမာရင်ပြီးဆိုတဲ့ သဘောနဲ့ အသုံးချခံလိုက်ရတဲ့ သနားစရာစစ်သည်တွေသာ ဖြစ်ပါတယ်။ အာဏာရှင်စနစ် မချုပ်ငြိမ်းသရွေ့ ဒီလိုအရေးအခင်းတွေကို မမြင်ချင်လည်း မြင်နေရဦးမှာပဲ ဖြစ်တယ်။

ခင်္သေ့တို့ခေတ်မှာ ရှိတဲ့သူပုန်တွေ အားလုံးက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်တဲ့ သူပုန်တွေပဲ ဖြစ်လို့ သူပုန်နဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ စစ်သားတွေက အာဇာနည်တွေ မဟုတ်ကြဘူး..ဆိုတော့အဲဒီသူပုန်တွေပဲကျွန်တော်တို့ရွာတွေကိုဝင်ဆီးပြီး လူတွေသတ်သွားတာမျက်စိအခုထိတော့မထွက်သေးဘူး.ငယ်ငယ်ကအဖြစ်ပျက်ပါ။အခုတော့အေးချမ်းနေပြီ။အဲလိုရွာတွေထဲဝင်ပြီးဆက်ကြေးကောက်။လူသတ်တဲ့သူပုန်တွေသေတာကောအာဇာနည်လို့ခေါ်မလား။ကျွန်တော်ကတော့သူပုန်တွေကိုမုန်းတယ်။အသဲထဲနှလုံးသားထဲစွဲနစ်အောင်မုန်းတာ။ကျွန်တော်တို့ခြံကလိမ်မော်ပင်တွေအကုန်ခုတ်သွားတယ်။တခြားအိမ်တွေမီးရို့ခံရတယ်။လူတွေသတ်သွားတယ်၊မိန်းမတွေခေါ်သွားတယ်မုန်းတယ်။သူပုန်မှန်သမျှအကုန်မုန်းတယ်။အမျိုးရေးတိုက်ပွဲဝင်နေတယ်ပြောပြီးလုပ်ချင်ရာလုပ်နေလို့။အခုတော့နားအေးပါးအေးနေလို့ရလို့စိတ်ချမ်းသာတယ်။

ခြင်္သေ့တို့ခေတ်မှာ ရှိတဲ့သူပုန်တွေ အားလုံးက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်တဲ့ သူပုန်တွေပဲ ဖြစ်လို့ သူပုန်နဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ စစ်သားတွေက အာဇာနည်တွေ မဟုတ်ကြဘူး။
အာပါးပါး
အောင်ဆန်းသူရိယအေးချိုကယ်ပါ
အောင်ဆန်းသူရိယဆပ်ဗဟာဒူးရိုင်းကယ်ပါ
ဗိုလ်မှူးခင်ကယ်ပါ။ဗိုလ်ပီတာကယ်ပါ ။ အဲ နေအုံး တရုပ်ဖြူနဲ့ တိုက်ရင်းသူရဘွဲ့ ရထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးကယ်ပါ
ဗိုလ်မှူးချုပ်ကျော်ဇော
ကယ်ပါ
မိတ္ထီလာမှာကရင်နဲ့ တိုက်လာရတဲ့ ဗိုလ်မှူးအောင်ရွှေကယ်ပါ
ဗိုလ်မှူးကြည်မောင်ကယ်ပါ
မြင်းခြံမှာ ကွန်မြူနစ်သတ်ခါနီးဖေါက်ထွက်လာရတဲ့  ဗိုလ်မှူးချစ်ခိုင်ကယ်ပါ
ဗိုလ်မှူး၂တင်မောင်လုံးကယ်ပါ
ဆေးဗိုလ်ကြီးသူရမွန်ထော်သက်ညွန့် ကယ်ပါ
ကရင်အမျိုးသားရဲဘော်များဖြစ်တဲ့ အောင်ဆန်းသူရိယစောဘရီနဲ့ စောမြင့်ကယ်ပါ။
တော်လှန်ရေးတလျှောက်မသေခဲ့ဘဲ ရထားမိုင်းခွဲခံရတော့မှ ပစ္စတိုလေးတလက်နဲ့  ခံပစ်ရင်းသေခဲ့ရတဲ့ ဗိုလ်မှူးခင်မောင်ချစ်ကယ်ပါ ။
ခြေတဘက်ဖြတ်ပြီးတာတောင်အရီမပျက်သေရဲခဲ့တဲ့ ချင်းဗိုလ်မှူးကြီးဟာရန်သီအိုကယ်ပါ။
မိမိတပ်နဲ့  မိမိတပ်မှူးလွတ်ရေးအတွက် ဘရင်းတလက်နဲ့  ကာပစ်ပေးခဲ့တဲ့ တပ်သားအောင်ဆန်းသူရိယလှသောင်းကယ်ပါ
ကတုတ်ကွင်းမှာအသက်ပေးသွားခဲ့တဲ့ ဗိုလ်စိုးမင်းကယ်ပါ။
အင်းစိန်စစ်မျက်နှာမှာ ကျခဲ့ရတဲ့ ဗိုလ်မှူးသူရလှသောင်းကယ်ပါ ။
မိုးကြိုးခံစစ်သားကောင်းကြီးဗိုလ်မှူးကျော်သောင်း ( ဒေါ်ခင်နှင်းယုယောက်ျား)ကယ်ပါ

ပြန်ပြင်ပေးပါ မငယ်။(ကျောင်းသူလေး ၀င်းမော်ဦးရဲ့ ရှေ့ကနေ ခြေထောက်ကို ဆွဲ မ ထားတဲ့ ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းဘက်ကနေ မ ထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။)
လေးစားစွာ-အိုးဝေအောင်

ဗိုလ်မှူးထူးငိုစေ
အမယ်မင်းအသဲပူစရာပါနော်ဗျာ
မိုးနဲ ကွန်ကီးကိုလူလုတာကြောင့် အဲလေ
မငယ်နိုင်ရက်စက်ပုံရယ်ကြောင့်
ဒီမလေ နှမမယ်အချော်ရဲ့ 
ကိုယ်ဆိုတာ ဆယ်ကျော်သက်ရယ်က
တိုင်းပြည်သာရည်ကာမှန်းပါလို့ 
ဂျပန်ထံ လက်ဝါးစာခံခဲ့ရ
ခမ်းဘုခိုးဟိုးဆေးတဲ့  မင်္ဂလာဒုံမြေ
၄၈ ဇန်န၀ါရီက လွတ်လပ်ခါတိုင်းပြည်နုပြန်တော့
၃လက်မမော်တာတကိုယ်တော်ဆွဲပါလို့ 
ပစ်ခဲ့ရလ၀ချီး
ဖားအံမြေ ရှမ်းပြည်တကြောနဲ့ 
တိုက်ခဲ့ရ တရုပ်ဖြူ
ချမ်းတုန်တဲ့ ထိုငှက်ဖျား
ငါ့အတွက်သာ မင်းအပြောရင်မှာမပူဘူး
ငါ့ရဲဘော် ဒိုဘာသာ မင်းအသံကြားရင်လ
သေခါသာ ၂ခါပြန်ခွိချင်မို့ 
တန်တော့လခွီး

ဒိုဘာငိုစေ
ထားဝယ်ခေါ်ရွှေမြို့ တော်မှာ
ဖွါးပါတဲ့  ဘွားငယ်နိုင် ။
အပြောမချို အအိုပေါရယ်လို့ 
မယ်နှမကိုတော့ မသမုတ်ချင် ။
ထားဝယ်မြေ တကယ်ဖွါးပါတဲ့ 
ကျုပ်ဒိုဘာ ။
တိုင်းပြည်အေးစေဘို့ ရယ်လို့ 
လိုက်ခဲ့ရ ဘီအိုင်အေ ။
တိုက်ခဲ့ရ ကုလား
မသေပြန် တပ်ပြန်နားပြန်မတော့
ပျဉ်းမနားတဲ့  စစ်နယ်မြေ
မခိုလို့ နားမနိုင်ဘူး
ဗိုလ်ချုပ်ခေါ်သံ အမိန့် ကိုရင်ဝယ်ပိုက်ပါလို့ 
ရောက်ပြန်ပေါ့ ခမ်းဘုခိုးဟိုးဆေး
စားရတာက အမဲရွတ်
အံခဲကာနာနာကိုက်နေတုန်း
ပါးကိုသာ နာနာရိုက်တာက ရွှေဂျပန်
ဆင်းလာရ စစ်ကျောင်း
ဖြစ်ပြန်ရ မီနာရစ်ရှခန်းနဲ့ 
ထားဝယ်နယ်
ငပန်ကိုဆော်ပြန်ရ ။
ဖင်ကြားက ချွေးတောက်တောက်ယို
မသေပြန် လွတ်လာမိပြန်တော့
အဖဗိုလ်ချုပ် သြဇာခံလို့ 
လုပ်ပြန်ရ ပြည်သူ့ ရဲဘော်
ရလာပေါ့လွတ်လပ်ရေး
မအေးပြန် ကရင်ထပါလို့ 
ရရာလူ ဆွဲခါစုပါရ
စစ်ဝန်ထမ်းလို့ အမည်ပေါ်
ဒုရင်းမှူးတဲ့  ရာထူးကြီး
ဂေါ်ဇီလာ အတော်လာ မထင်လိုက်ပါနဲ့ 
၅၀၀ကျော် ရဲဘော်စုမှာတော့
ရိုင်ဖယ်ဆို ဟင်းချက်စရာထင်တာ ၄၀၀ကျော်လောက်ပါဘဲ
မြို့  အေးဘို့ တဲ့ တောကိုနင်း
ခြုံတခို ကရင်ကျည် ကျုပ်ကိုသင့်ပြန်တော့
မကယ်နိုင် ကျုပ်ကြောင်လက်စွပ်ရယ်
သေရွာကိုမြန်း ။
ပေးခဲ့ ရ ကျုပ်အသက်
ထွက်ပါစေ တကယ်မနှမြောပါဘူး
အေးစေဘို့  ကိုယ့်တိုင်းပြည်
ခုများမတော့ ထားဝယ်သူကန်းလေဘိ
ငါ့ကျေးဇူး
ဒိုဘာခေါ် ငါ့မှာကြားပြန်ရ
အမယ်မင်း
ကွဲပေါ့ ၂လုံး
အဲ
ကွဲပေါ့ နှလုံး

ကျွန်တော်ထင်တယ်မ၀င်းမော်ဦးကိုအာဇာနည်လို့သတ်မှတ်ထားတာတော့နဲနဲဝေဖန်ချင်တယ်။ကျွန်တော်အနေနဲ့ကတော့မ၀င်းမော်ဦးကိုအာဇာနည်လို့ဂုဏ်မတပ်ချင်ဘူး။ဒါပေမယ့်သူနဲ့ထိုက်တန်တဲ့အရာတစ်ခုတော့ရှိမှာပါ။ဒါပေမယ့်အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်တော့မဟုတ်ဘူ။ကျွန်တော်တို့ငယ်ငယ်တုန်းကကော.ယခုကောရှေ့တန်းစစ်မျက်နှာပြင်မှာတိုက်ပွဲဝင်နေတဲ့စစ်သည်၊စစ်သားတွေဟာအနည်းအများကျဆုံးကျတယ်။သူတို့ဟာပြည်ထောင်စုမြန်မာနိုင်ငံကြီးကိုငြိမ်းချမ်းမှု၊အေးချမ်းမှု၊တိုင်းပြည်ကာကွယ်ဖို့အတွက်အသက်ပေးသွားတဲ့စစ်သည်စစ်သားတွေပါ။သူတို့လိုလူတွေကိုအာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်နဲ့အလွန်ထိုက်တန်ပါတယ်။အုပ်ချုပ်နေခေါင်းဆောင်တွေကိုယခုကိတ်စမှာမဖော်ပြဘူး။တိုင်းပြည်အကျိုးအတွက်အသက်ပေးသွားတဲ့စစ်သည်တွေကိုပဲညွှန်းဆိုတာဖြစ်ပါတယ်။ပြည်နယ်လွတ်မြောက်ရေး၊ဒီမိုရရှိရေး၊အမည်ခံပြီးတိုင်းပြည်မငြိမ်းချမ်းအောင်လုပ်နေသူတွေကိုတော့အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်မတက်ပေးသင့်ဘူး။သေချာလေ့လာစမ်းစစ်ပါ။ယခုကျွန်တော်တို့နေတဲ့မြို့နယ်လေးနဲ့ပဲပြောချင်တယ်။အရင်ကပြည်နယ်လွတ်မြောက်ရေး၊ဒီမိုရရှိရေးဘန်းပြပြီးရွာတွေမီးရို့ဆက်ကြေးကောက်၊မိန်းမတွေဖမ်ဆီးရောင်းချ၊မငြိမ်းချမ်းဘူး။စီးပွားရေး၊ပညာရေး၊လူမှုရေးဘာတစ်ခုမှမလွပ်လပ်ဘူး။အခုလွပ်လပ်တယ်။ကြိုက်သလိုရောင်းဝယ်ဖောက်ကားလို့ရတယ်။ကြိုက်သလိုကျောင်းကိုလွပ်လပ်စွာသွားလိုရတယ်။ဒီလိုမျိုးအခြေအနေရောက်အောင်အသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့စစ်သည်တွေကိုအာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်တယ်ဆိုတာ..ငြင်းစာရာမရှိဘူး။ကျွန်တော်စစ်သားမဟုတ်ဘူး။ဒါပေမယ့်လေးစားတယ်သူတို့ရှိနေလို့အခုလိုလွပ်လပ်စွာနေရတယ်။ဒီမိုကရေစီဆိုတဲ့အရာကိုလဲလေးစားတယ်။ဒါကြောင့်သေချာလေ့လာတယ်။ဒါကြောင့်ယခုဒီမိုဆိုပြီးယောင်ယမ်းအော်နေတဲ့လူတွေသေချာ့လေ့လာစမ်းစစ်ပါလို့..ဝေဖန်တာပါစိတ်မရှိပါနဲ့...
ခြင်္သေ့

"မ၀င်းမော်ဦး" သည် ၁၉.၉.၁၉၈၈ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။
(၁၉-၉-၀၉ဟု တနေရာတွင် မှားရေးထားသည်ကို ပြင်ပေးပါ)

အေးဗျာ...
ရင်နာစရာ မဟာအိုင်ဒီယာတွေပဲ။ တိုင်းပြည်တာဝန်ထမ်းရင်း ကျဆုံးသွားတဲ့ စစ်သားတွေက သနားစရာ သက်သက် ဟုတ်စ။

အင်အယ်ဒီ က သူရဦးတင်ဦးကြီး ဦးအောင်ရွှေကြီး ကယ်ပါဗျာ။ တရုတ်ဖြူ နဲ့တိုက်တုန်းက တိုက်ပြီး ခုအဘတို့ သဘောတရားချပေးခဲ့ရတဲ့ သမီးသာသာအရွယ်တွေက ဘကြီးတို့ လုပ်သမျှ ခွေးဖြစ်အောင် ပြောနေပြီ။ ခင်ဗျားတို့ ဘယ်တိုက်ပွဲက ဘယ်လို ဆိုတာ နားမလည်ရင် ပါးစပ်ပိတ်ထားပါဗျာ။ မဟာအိုင်ဒီယာမှာ စစ်တပ်ဟာ ရန်သူဆိုတဲ့ အတွေးကို ဖျောက်ထားစမ်းပါ။ စစ်တပ်မပါဘဲ ခင်ဗျားတို့ ဘာမှ လုပ်မရပါဘူး။ ဒါရှင်းနေတာပဲ။ မယုံလို့ တနေ့ဒီမိုကရေစီရလို့ ခင်ဗျားတို့ နိုင်ငံကို အုပ်ချုပ်ခွင့်ရရင် တပ်မတော်ဆိုတာကို ဆက်မထားနဲ့ပေါ့ဗျာ။ စစ်တပ်မပါဘဲ နိုင်ငံတော်ကို အုပ်ချုပ်ကြပေါ့။ သေချာတာတစ်ခုကတော့ တပ်မတော်က ခင်ဗျားတို့ကို မယုံကြည်လာဘဲ ခင်ဗျားတို့နောက်ကို မလိုက်ဘဲ ခင်ဗျားတို့ တိုက်ပွဲ ဆယ်ပုံတစ်ပုံတောင် အောင်မြင်မှာမဟုတ်ဘူး။ သူပုန်ထတယ်ဆိုတာတောင် စစ်တပ်က တစ်ဝက်ပါတယ် ဘလော့ရှင်။ ခင်ဗျားတို့ မြတ်နိုးတဲ့ ၈၈ ဆိုတာလည်း စစ်တပ်က အထိုက်အလျောက် ပါခဲ့လို့ အောင်မြင်တာ။ ခု ခင်ဗျားတို့ရဲ့ စည်းရုံးပုံက ဒီလိုတဲ့လား။ အငတ်ခံ အပြတ်ခံ အသေခံပြီး တိုင်းပြည်အေးချမ်းအောင် တိုက်လာတဲ့ ကိုကျော်သောင်း၊ ကိုကျော်ဇောတို့ ကိုမောင်မောင်တို့ ရေ... ခုခေတ် မအောင်မြင်နိုင်တဲ့၊ အောင်မြင်ဖွယ်ရာ စည်းရုံးမှုနဲ့ အမြင် တစ်စက်မှ မရှိတော့တဲ့ အက်တီးဗစ်တွေရဲ့ သောက်ပြောကို ထကြည့်ကြပါဦးဗျာ...။

ကိုအိုးဝေ နေ့စွဲမှားနေတာကို ပြင်လိုက်ပြီးပြီ။ ဆရာဝန်နှစ်ယောက်ကျတော့ ဒီပို့စ်ထဲမှာ ရေးထားတာနဲ့ ကိုအိုးဝေပြောတာ ဆေးကျောင်းသားနဲ့ ဆရာဝန် ကွာတာကလွဲလို့ တခြား ဘာမှမကွာတာကို တွေ့ရတယ်။ ဒါကြောင့် သူ့မူရင်းပို့စ်မှာ ရေးထားတဲ့အတိုင်းပဲ ဆက်ထားလိုက်ပါတယ်။ ဒီပို့စ်က လာလည်တဲ့သူတွေလည်း ဖတ်လို့ရအောင် ဘလော့ဂ်မှာ သိမ်းထားချင်လို့ကိုဒီမိုပို့စ်ကို ပြန်ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ခြင်္သေ့ရေ ခြင်္သေ့တို့ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ မ၀င်းမော်ဦးက သူ့ကိုယ်ကျိုးအတွက် ဘာမှမပါဘဲ အများအတွက် မိမိအသက်ကို ပဓာန မထားဘဲ သေရင်သေပါစေ ဆိုတဲ့ပေးဆပ်မှုနဲ့ တိုက်ပွဲဝင်ရင်း ပစ်သတ်ခံရတာ ဖြစ်လို့ အာဇာနည် အစစ်အမှန် ဖြစ်ပါတယ်။ ဆူပူသူမဟုတ် မိမိဆန္ဒကို မိမိ ငြိမ်းချမ်းစွာ ဗိုလ်ချုပ်ပုံကိုင်ပြီး ၈၈ မှာ အဖြူအစိမ်းဝတ်ပြီး ဆန္ဒပြနေတဲ့ ငယ်ရွယ်နုပျိုတဲ့ အခြေခံပညာ ကျောင်းသူကျောင်းသားတွေ ဒီလိုပစ်သတ်ခံရတယ်ဆိုတာ သက်သေအထောက်အထားလည်း ဖြစ်တယ်။ နောက်တခုက ခြင်္သေ့တို့ သူပုန်ပေးတဲ့ ဒုက္ခတွေကို ခံစားခဲ့ရတယ်ဆိုလို့ တကယ်ကို စိတ်မကောင်းဖြစ်ပါတယ်။ စစ်တပ်က မြို့ပေါ်ကျေးလက် အကုန်လုံး တခြားဒေသတွေမှာ ဒုက္ခပေးတာလည်း ဒီထက် အဆတရာမကပါဘူး။ ဒီဒုက္ခတွေက ပြည်တွင်းစစ်ကြောင့် ဖြစ်ရပြီး ပြည်တွင်းစစ် ဘာကြောင့်ဖြစ်ရတယ်ဆိုတာနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသ၍ ဒီကိစ္စတွေ မငြိမ်းဘူးဆိုတာ လေ့လာသင့်ပါတယ်။

Ahmyinhman နဲ့ Horizontal - ခြင်္သေ့ကို ကျွန်မ ပြောလိုက်တဲ့ ((((ခြင်္သေ့တို့ခေတ်မှာ ရှိတဲ့သူပုန်တွေ အားလုံးက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်တဲ့ သူပုန်တွေပဲ ဖြစ်လို့ သူပုန်နဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ စစ်သားတွေက အာဇာနည်တွေ မဟုတ်ကြဘူး။ စစ်အုပ်စုဟာ ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ ဘယ်သူသေသေ ငတေမာရင်ပြီးဆိုတဲ့ သဘောနဲ့ အသုံးချခံလိုက်ရတဲ့ သနားစရာစစ်သည်တွေသာ ဖြစ်ပါတယ်။ ))))) ဆိုတာနဲ့ ပတ်သက်ပြီး ၀မ်းနည်းပက်လက် ဖြစ်နေကြတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီလောက်လည်း ၀မ်းနည်းပက်လက်ဖြစ်ပြီး မခံစားနေကြပါနဲ့။ ကျွန်မ ရှင်းပြတာကို သေသေချာချာ နားထောင်လိုက်ရင် ရှင်းသွားလိမ့်မယ်။ ဒီဘလော့ဂ်မှာ စာလာဖတ်နေတဲ့ ခြင်္သေ့ဆိုတာ အသက်သုံးဆယ်တောင် မပြည့်သေးတဲ့ လူငယ်တယောက်သာ ဖြစ်တယ်။ ရှင်တို့ပြောတဲ့ ခေတ်က ခြင်္သေ့မပြောနဲ့ ကျွန်မကိုတောင် မမွေးသေးပါဘူး။ ကုန်ကုန်ပြောလိုက်မယ် ရှင်တို့ပြောတဲ့ခေတ်က အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေအထဲမှာ ကျွန်မအဖေလည်း ပါတယ်ရှင့်.. ကျွန်မအဖေက ဟိုတုန်းက ဗမာ့သေနတ်ကိုင်တပ်ရင်း (၇) က။ သူတပ်ကြပ်ကြီးအဖြစ် ဦးဆောင်ပြီး တိုက်ခဲ့တဲ့ တိုက်ပွဲတခုမှာ သူ့အပေါ်က ဗိုလ်က သီဟသူရဘွဲ့ရသွားခဲ့ပါတယ်။ ကျွန်မတို့ လူမဖြစ်သေးတဲ့အချိန်ကပေါ့။ အဲဒီခေတ်က စစ်တပ်ကို ပြည်သူလူထုက သိပ်ချစ်တာ။ ကြွားတာမဟုတ်ဘူး တကယ်ပြောတာ။

ခြင်္သေ့ကို ကျွန်မ ပြောတဲ့ သနားတယ်ဆိုတာ ကျွန်မတို့ သူပုန်ဘ၀တုန်းက ကျွန်မတို့နဲ့ တိုက်ပွဲဖြစ်ရင်း ကျသွားတဲ့ စစ်သားတွေကို ရည်ညွန်းပါတယ်။ ခြင်္သေ့ကလည်း အဲဒီခေတ်က စစ်သားတွေကိုပဲ ရည်ညွန်းပါတယ်။ ရန်သူသေလို့ ပျော်တဲ့သူက ပိုများပါတယ်။ ကျွန်မလို မပျော်ဘဲ သနားတာကိုတောင် ရှင်တို့က ကျေးဇူးတင်ရဦးမယ်။

ဒီတော့ ခြင်္သေ့တို့ခေတ်လို့ ပြောလိုက်တာဟာ လွန်ခဲ့တဲ့ အနှစ် လေးငါးဆယ်ခေတ်က တိုက်ပွဲဝင်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာ မြန်မာစာကို ကောင်းကောင်း နားလည်ရင် သိနိုင်ပါတယ်။ ခြင်္သေ့ကို အသက် ၇၀/၈၀ ခန့်ထင်နေရာကနေ အခု ခြင်္သေ့က လူငယ်တယောက်ဆိုတာ သိပြီဆိုတော့ ရှင်တို့ လာပြီး ရွဲ့လိုက်စောင်းလိုက် လုပ်ထားပြီး ကျွန်မကို လာပြီး တရားခံလာဆွဲထည့်နေတဲ့ မကောင်းကြံလေးတွေကို ကိုယ့်ဖါသာကိုယ်ပဲ ပြန်ယူသွားကြတော့။ စောင်းသလိုလို ရွဲ့သလိုလို လာလုပ်လို့ ကျွန်မ နားလည်းနားမလည်ဘူး၊ ပြန်ရွဲ့လို့လည်းမတတ် စောင်းလို့လည်းမတတ်ဘူး တည့်တည့်ပဲ ပြောလို့တတ်ပြီး တည့်တည့်ပြောမှပဲ နားလည်ပါတယ်။ နောက်ထပ် စာလာဖတ်လို့ မှားနေတယ်ထင်တာကို မင်းပြောတာ တကယ်လုပ်လာတဲ့ ဒီလူတွေ ကို စော်ကားရာ ရောက်နေတယ် ဒါမျိုး မပြောသင့်ဘူးလို့ တည့်တည့်ပဲ ထောက်ပြဟုတ်ပြီလား။

ရှင်တို့ပြောတဲ့ခေတ်က အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေအထဲမှာ ကျွန်မအဖေလည်း ပါတယ်ရှင့်..
အံ့သြမိပါတယ် ။
တခုခုကို ပြောလာရင် အချက်အလက်နဲ့ ပြန်မပြောဘဲ personal ပါအောင်ပြောနိုင်တဲ့  ဘွားငယ်နိုင်ရဲ့ အရည်အချင်းကို။ဒီအရည်အချင်းက မွေးရာပါလား။လေ့ကျင့်ယူတာလားဗျ။
ကောင်းပြီလေ တည့်တည့်ပြောဆိုတော့လဲ ပြောရတော့တာပေါ့
လူဆိုတာက ဘာလုပ်လုပ်ရည်မှန်းချက်ဆိုတာ ရှိရတယ် ။ ခု မင်းတို့ ဘလော့ထောင်နေတာ ဘာကိုရည်မှန်းတာလဲ ။ ဗမာပြည်ကိုကောင်းစေချင်တာဆိုရင်တော့ ခုလုပ်နေပုံနဲ့  ဝေးစွ ၆ပါးဘဲ ။
အပေါ်မှာ Horizontal ထောက်ပြတာကိုသေချာမဖတ်ဘဲ နှုတ်သီးကောင်းရန်တွေ့ လုပ်နေတာကိုက အသုံမကျတာပြနေတာ ။ အခုပြဿနာကို လွတ်ချင်ရင်မင်းတို့ မှာ ၂လမ်းဘဲရှိတယ် ။
၁လမ်းက ခုလက်ရှိတပ်ကို ဖြိုနိုင်လောက်တဲ့  စင်ပြိုင်တပ်တခုကိုထောင် ။ ဒီလမ်းကိုလိုက်နိုင်လောက်တဲ့ လူ မင်းတို့ ထဲမှာ တယောက်မှမမြင်ဘူး ။ဟိုးထိပ်ကေါ်စုကစလို့  မင်းတို့ ထိ ။ နောက်ပေါက်ထဲက လူစွမ်းကောင်းပေါ်ရင်တော့ မသိဘူး
လမ်း၂က လက်ရှိတပ်ကို စည်းရုံးယူ ။ အဲလိုစည်းရုံးဆိုတဲ့  နေရာမှာ ငါတို့ က သူပုန်အမွေဆက်ခံသူ။ မင်းတို့ တပ်က သနားစရာအမှားတွေဘဲဆိုတဲ့ လေနဲ့  သွားပြောလို့ ကတော့ ဟိုကတပ်ထဲကလူတွေ မင်းတို့ ဘက်ပါဘို့ ကတော့ ဒိတသက်မပြောနဲ့ နောက် အသင်္ချေယကပ်ဆုံးတောင်မမျှော်နဲ့ 
တခုခုဆိုရင် မနှဲလေး ဘဲဥလုခံရသလို ကက်ကက်ကက်ကက်ပြန်ရန်တွေ့ ဘို့ ထက် ငါဘာတွေပြင်သင့်သလဲဆိုတာ အရင်စဉ်းစား
ဟုတ်ပလား

Ahmyinhman - မင်းတို့လို့ မပြောပါနဲ့ ငါတို့လို့ ပြောပါ။ ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့သူတွေထဲမှာ ရှင်လည်း ပါတယ်မဟုတ်လား အဲဒီတော့ ရှင့်မှာလည်း တာဝန်ရှိပါတယ်တယ်။ ကျွန်မလည်း ကျွန်မလုပ်နိုင်တာပဲ ကျွန်မလုပ်တယ်။ ကျွန်မဘလော့ဂ်ရဲ့ ရည်ရွယ်ချက်က ဘလော့ဂ်ထဲဝင်ဝင်ချင်း ရေးထားပါတယ်။ မှတ်ချက်ပေးရင်ဖြစ်ဖြစ် ဘလေ့ဂ်တခုခုမှာ စာဖတ်ရင်ဖြစ်ဖြစ် ဘလော့ဂါဘာဆိုလိုတယ် ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာ လေ့လာသင့်တယ်။ ကျွန်မဘလော့ဂ်က ဘ၀ဖြတ်သန်းမှု တွေ၊ လေ့လာမှတ်သားမှုတွေကို ရေးတဲ့ စိတ်အပန်းဖြေရာ မိသားစုဘလော့ဂ် သက်သက်ပါပဲ။ ရှင်တကယ် အကြံပေးချင်ရင် တကယ်ကိုယ်ဖိရင်ဖိ လုပ်နေတဲ့သူတွေကို သွားအကြံပြုပါ။ ကျွန်မက တချိန်က အချိန်ပြည့် ပါဝင်ခဲ့ပေမဲ့ အခုချိမှာ ဒီမိုကရေစီကို မြတ်နိုးသူ ထောက်ပံ့ကူညီအားပေးသူတယောက်အဖြစ်ပဲ နေရာယူနိုင်တယ်။

အခုချိမှာ ဒီမိုကရေစီကို မြတ်နိုးသူ ထောက်ပံ့ကူညီအားပေးသူတယောက်အဖြစ်ပဲ နေရာယူနိုင်တယ်။
ဟားဟား
ရှင်းပါပြီ ရှင်းပါဘီ
အချိန်အားလို့ လေပန်းနေတဲ့  လူတယောက်ဘဲပေါ့ ။
မသိလို့ မှားမိတာပါဗျာ
အမေစုတွေ အန်တီစုတွေ ဥိးထိပ်တင်နေသလိုလိုရေးထားတာတွေ့ လို့  လူတယောက်ဟာ ကိုယ့်အမေတော့ ပစ်မထားလောက်ပါဘူလို့  ယေဘူယျတွေးမိတဲ့ ကိုယ့်အမှားပါ ။
ခုမတော့ရှင်းသွားပါပြီ ။
အားလို့ အော်ဇီထိုင် ဗမာပြည်အကြောင်း အာ နေတဲ့ သူကိုး ။
ဟုတ်ကဲ့ နောက်ကို အာရတီပါပါ ၀ိရတီပါပါပါဘဲ

ကျွန်မ ဒေါ်အောင်ဆန်းစုကြည်ကို အမေစု အန်တီစုလို့ တခါမှ ယောင်လို့တောင်မခေါ်ဖူးဘူး။ ဗိုလ်ချုပ်အောင်ဆန်း နာမည်ပါအောင်ကို ဒေါ်အောင်ဆန်းစုကြည်လို့ခေါ်ပါတယ်။ ကျွန်မရဲ့ လူငယ်ဘ၀တခုလုံးကို ဒီမိုကရေစီအရေးအတွက် ပေးခဲ့ပြီးပြီ အခုလည်း အစိတ်အပိုင်းအနေနဲ့ ပေးနေဆဲပဲ။ ခုနက မေ့ကျန်ခဲ့လို့ ကျွန်မ ရေးတာကို သေသေချာချာ ဖတ်ပါ။ ရှင်တို့ ကျွန်မကို ဦးတင်ဦးတို့ ဦးအောင်ရွှေတို့ကို ဒီလိုပြောနေတယ်ဆိုပြီး တရားခံလာဆွဲထည့်တာ မအောင်မြင်လို့ ပေါက်ကရလျှောက်ပြောနေတယ် မဟုတ်လား။ ဒီမိုကရေစီအရေးအတွက် ကျွန်မလောက် လုပ်နိုင်အောင်ပဲ ရှင်ကြိုးစားပါ။ ကျွန်မလောက် လုပ်နေတယ်ဆိုရင် ရှင့်ကို ကျွန်မ လေးစားမယ်။ သူများကို လိုက်သရော်တဲ့ အကျိုးမရှိတာ မလုပ်ပါနဲ့။ ကျွန်မကို လာသရော်လို့ ရှင်ဘာအကျိုးမှ မရသွားဘူး။ ကျွန်မ ကက်ကက်လန် ပြန်ပြောနေတာလည်း မဟုတ်ဘူး နှုတ်သီးကောင်းရှာပါး ပြောနေတာလည်း မဟုတ်ဘူး။ ရှင်ပြောသွားတာကိုပဲ အကျိုးနဲ့အကြောင်းနဲ့ ပြန်ပြောပြနေတာ ဖြစ်တယ်။ သူများကို တရားခံဆွဲထည့်ဖို့ ဘယ်တုန်းက အလစ်ချောင်းနေမှန်းမသိ ဆွဲထည့်လို့ မအောင်မြင်တော့ မကျေအနပ်ဖြစ်ပြီး ပေါက်ကရ လျှောက်ပြောမနေပါနဲ့။ ရှင်တို့ထက် Critical Thinking ရှိလို့ ခြင်္သေ့ကို တုံ့ပြန်တုန်းက ရှင်တို့လို လာပြောမည့်သူ ရှိမယ်ဆိုတာ အတိအကျသိလို့ ခြင်္သေ့တို့ခေတ်က စစ်သားတွေဆိုတာ မပါပါအောင် တမင်ထည့်လိုက်တာ ဖြစ်တယ်။ ဒါကို အမြင်ဘဲ ချောက်တွန်းဖို့ပဲ စဉ်းစားနေတာနဲ့ တန်းဝင်လာပြီး အခုပြန်ရှင်းပြလိုက်တော့ အကွက်ဆင်တာ မအောင်မြင်ဖြစ်သွားလို့ မကျေမနပ် ဖြစ်နေတယ် မဟုတ်လား။ ဗုဒ္ဓဘာသာဆိုရင် သူများကို မကောင်းကြံရင် ကိုယ့်မှာ ပြန်ထိတတ်တယ်ဆိုတာ နားလည်သင့်တယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့ စစ်သားတွေကို အခုထိလည်း ကျွန်မ ချစ်ပါတယ်။ ကြားကနေ သွေးလာထိုးဖို့ မစဉ်းစားနဲ့။ အောင်မြင်မှာ မဟုတ်ဘူး။

ပဒေသရာဇ်ခေတ်မှာ စစ်တိုက်တဲ့အခါအလံကိုင်စစ်သည်(standard-bearer) တွေရှိခဲ့ပါတယ်။ ရှေ့တန်းမှာရဲရဲဝံ့ဝံ့ အလံကိုမကျအောင် ထိန်းသိမ်းကိုင်ဆောင်ရသူတွေပါ။ ဒါပေမယ့်သူတို့ဟာ စစ်သားတွေဖြစ်သလို သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံရတာကို တော်ရုံအသိအမှတ်ပြုမခံကြရပါဘူး။

လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်ဘဲ အမှန်တကယ်ပစ်ခတ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို
ဲရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့ “မဝင်းမော်ဦး” လိုလူစားမျိုးကိုတော့ အာဇာနည်လို့အမည်နာမ မတပ်ရင်တောင် သူရဲကောင်းလို့ခေါ်ထိုက်ပါတယ်။ (သေနတ်သံမကြားဖူးသူတွေ အသံကြားရုံနဲ့ သွေးပျက်တာတွေအများကြီးပါ)။

သူပုန်ကိစ္စကတော့ အရှည်မပြောလိုပါဘူး။ ဒီကနေ့ကမ္ဘာမှာ အုပ်စိုးနေတဲ့အစိုးရအတော်များများဟာ တချိန်ကသူပုန်တွေပါပဲ။ သောင်းကျန်းသူဆိုတာလည်း ရှိခဲ့ပါတယ်၊ ရှိလည်းရှိနေဆဲပါ။ လက်နက်ကိုင်ပြီးအစုအဖွဲ့နဲ့ဖြစ်လာရင် ဘယ်အဖွဲ့မဆို(တပ်မတော်နာမည်ခံထားတဲ့အဖွဲ့အပါအဝင်) သောင်းကျန်းသူဖြစ်လာဖို့ လက်တစ်လုံးလောက်တင်ရှိနေတတ်တာပါ။ တခါတရံမှာ စည်းကျော်သွားမိတတ်တာတွေရှိပါတယ်။ ဒါပေမယ့် တပ်မတော်နာမည်ခံပြီး ပြည်သူတွေအသက်အိုးအိမ်ကို ကာကွယ်ဖို့တရားဝင်နေရာရယူထားသူတွေက ပြောင်းပြန်လုပ်တာကတော့ မျက်ကွယ်ပြုဖို့အင်မတန်ခက်လှပါတယ်။

အချုပ်ကိုပြောရရင် ပြဿနာအဖြေက လူအများစုဆီမှာအဆင်သင့်ရှိကြပါတယ်၊ နေ့တိုင်းလည်းမြင်သိကြားနေကြရပါတယ်။ ဒါတွေကို တာဝန်ရှိတဲ့သူတွေ၊ ပြောင်းလဲပြစ်လို့ရနိုင်တဲ့သူတွေက လက်မခံနိုင်၊ မကျင့်ကြံနိုင်လို့ ဒုက္ခတွေဆက်ဝေနေကြရတာပါ။ အဲဒီတာဝန်ရှိကြသူတွေ၊ ပြောင်းလဲပြစ်နိုင်တဲ့သူတွေကို သိချင်၊ မြင်ချင်ရင်တော့ မြားနောက်လိုက်မကြည့်ကြပါနဲ့။ မြားလာတဲ့ဆီကို ကြည့်ကြပါ။

ရွှေမန်း

ဟိုက်ရော

ဒါဖြင့် ခြင်္သေ့ဆိုသူရဲ့ အသက်အရွယ်ကို ပြောထားလေ။ ခင်ဗျားတို့ ကိစ္စကို ကျုပ်က သိစရာလား။ အသက် သုံးဆယ်အောက်ဆိုရင် နေစမ်းပါဦး။ ၈၈ နောက်ပိုင်းကို ခင်ဗျားပြောနေတာဆိုရင် ဘယ်သူပုန်ကို ပြစရာ ရှိတော့လို့တုန်း။ ကျုပ်ဆိုလိုတာက ကြီးကြီးမားမား အားကြိုးမာန်တက် တိုက်ပြီး၊ နိုင်ငံတော်ကို ခြိမ်းခြောက်နိုင်တဲ့ သူပုန်။

ထားလိုက်တော့။ အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်အောင် အငြင်းမပွားတော့ဘူး။ ခင်ဗျားအဖေက စစ်သားဟောင်းကြီးဆိုရင် သူ့နိုင်ငံရေးအမြင် သူ့ခံစားချက်တွေကို လေ့လာ မေးစမ်းကြည့်ပေါ့။

ဒါပေမယ့် ခင်ဗျားတို့က ကိုယ့်အတွေးအမြင် ကိုယ့်စည်းစိမ် ကိုယ့်အခြေနဲ့ကိုယ် ပျော်နေကြပြီပဲ။ တစ်ဖက်သားရဲ့ အမြင်ကို လေ့လာတော့မယ် မထင်ပါဘူး။

Horizontal - ပို့စ်ရော အကြောင်းပြန်ထားတာကိုပါ သေချာစွာဖတ်ပြီးမှ မှတ်ချက်ကို ရေးစေချင်တယ်။ သူပုန်က ကျွန်မ ကိုယ်တိုင်ပဲ။ ကျွန်မတို့နဲ့ တိုက်ပွဲဝင်လို့ ရန်သူဘက်က ရဲဘော်တွေကျရင် ကျွန်မစိတ်မကောင်းဖြစ်တယ်၊ သနားတယ်။ ဒါပေမဲ့ အာဇာနည်အဖြစ် မသတ်မှတ်နိုင်ဘူး သူတို့က စစ်အုပ်စု အသုံးချခံရတာ ဖြစ်လို့ အာဇာနည်အဖြစ်တော့ မသတ်မှတ်နိုင်ဘူး။ ဒါရွဲ့ပြောတာလည်း မဟုတ်ဘူး စောင်းပြောတာလည်း မဟုတ်ဘူး တကယ်သနားလို့ သနားကြောင်းပြောတာဖြစ်တယ်။ ကျွန်မတို့ဘက်က ကျတဲ့သူတွေကိုကျတော့ အာဇာနည်အဖြစ် သတ်မှတ်ပြီး အခုထိ အလေးပြုနေပါတယ်။ ကျွန်မဘလော့ဂ်က ပိုစ်အဟောင်းတွေကို ပြန်ဖတ်ကြည့်ရင် ကျွန်မအဖေနဲ့ သဘောထားမတိုက်ဆိုင်တာတွေကို တွေ့ရလိမ့်မယ်။ ဒီမှာ ရှင်းပြဖို့ အချိန်မရှိဘူး သိချင်ရင် အချစ်မေတ္တာဆိုတဲ့ Label အောက်က ပျော်၍မရသော အမေနေ့အတွေး၊ ပျောက်ဆုံးနေသော မောင်လေးတယောက်၊ တခါက ကျွန်မရဲ့ဇာတ်လိုက် ဒီပို့စ်သုံးခုကို သွားဖတ်ကြည့်ပါ။ ဒါဆိုရင် ရှင်သိချင်တဲ့ ကျွန်မအဖေရဲ့ သဘောထားကို ရှင်တွေ့ရလိမ့်မယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ ကျွန်မစာကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တယောက်ယောက်က ကျွန်မပေးတဲ့ message ကို ရသွားတာ ကျွန်မ၀မ်းသာပါတယ်။ ကျွန်မကို ဘယ်လိုပဲ ထင်ထင် တခါတလေကျတော့ ကိုယ်တောက်လျှောက် အမှန်လို့ လက်ခံထားတဲ့အရာတွေကလည်း အမှားဖြစ်နေတတ်တယ် မဟုတ်လား။ အဲဒီအချိန်ကျမှ ဘယ်တုန်းကတော့ ဘယ်သူက ဘာပြောဖူးတယ်ဆိုတာ ပြန်သတိရတတ်ပါတယ်။ ကျွန်မဘ၀မှာ ဒါမျိုး ခဏခဏ ကြုံရပါတယ်။ ဒါကြောင့် ကိုယ်နဲ့ မတူသူတွေကို မုန်းတဲ့အကျင့်ပျောက်သွားအောင် ဒီအတွေ့အကြုံတွေက ကျွန်မကို သင်ပေးခဲ့လို့ တန်ဖိုးမဖြတ်နိုင်ဘူး။ ကျွန်မနဲ့ သဘောထားမတိုက်ဆိုင်လို့ သက်သက်နဲ့ ကျွန်မ ဘယ်သူ့ကိုမှ မမုန်းတတ်ဘူး။ ကျွန်မကို ပြောချင်ရင် စောင်းလိုက်ရွဲ့လိုက်တော့လာမပြောနဲ့ ကျွန်မနားမလည်ဘူး။ သူများကိုလည်း ကျွန်မ တည့်တည့်ပဲ ပြောတတ်ပါတယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ မှတ်ချက်ရေးရင် စာကိုသေသေချာချာဖတ်ပြီး ရေးဖို့နဲ့ တည်တည်တံ့တံ့လေး ရေးဖို့တော့ မေတ္တာရပ်ခံပါတယ်။ ပေါတောတောစာတွေ ကျွန်မလည်း မရေးတတ်ဘူး သူများရေးတာကိုလည်း လက်မခံတတ်ဘူး။

ကျွန်တော်ခြင်္သေ့အသက်၃၀မပြည့်သေးပါ။ကျွန်တော်တို့မွေးပြီးနောက်ပိုင်းထိမြန်မာပြည်ဒေသတော်တော်များများမငြိမ်းချမ်းသေးဘူး။ယခုအချိန်ထိလဲတချို့ဒေသတွေမအေး
ချမ်းသေးဘူး။၂၀၀၂နောက်ပိုင်းလောက်မှကျွန်တော်တို့ဒေသတွေတော်တ်ာများများအေးချမ်းကုန်တယ်။မွေတော်ကက္ကူလိုနေရာမျိုးတောင်၂၀၀၄မှအေးချမ်းလို့ဘုရားဖူးကားတွေသွားရတာ။ကျွနတော်တို့အလယ်တန်းကျောင်းတက်နေချိန်ဆိုဘယ်လောက်သူပုန်တွေသောင်းကျမ်းနေလဲဆိုတာတွေးရင်သိနိုင်တယ်။ဒီသူပုန်တွေကြောင့်မိဘမဲ့တွေဖြစ်သွားတာမနည်းဘူး။ဒီလိုသူပုန်ဝင်သတ်သွားလို့မိဘမဲ့ဖြစ်သွားတဲ့ကလေးတော်တော်များကို၊တောင်တွင်းကြီး၊မကွေး၊မိတ္ထီလာ။စတဲ့မြို့တွေ့ကပရဟိတကျောင်းတွေကိုကျွန်တော်တို့ကိုယ်တိုင်ပို့ပေးခဲ့ရပေါင်းမနည်းတော့ဘူး။အခုထိလဲပို့နေရတုန်းပဲနယ်စပ်ဒေသကကလေးတွေကိုပါ..အခုတော့တော်တော်များများဒေသတွေအေးချမ်းနေပြီ။အဲလိုအေးချမ်းသွားအောင်လူတွေလွပ်လပ်စွာစီးပွားကူးသန်းနိုင်အောင်တိုက်ထုတ်အသက်ပေးခဲ့တဲ့စစ်သည်တွေကိုမှအာဇာနည်မခေါ်ထိုက်ရင်ဘယ်လိုလုကိုခေါ်ရမလဲ။အမငယ်နိုင်ကအရင်သူပုန်ဆိုတာသိတယ်။လက်ခံတယ်။သူပုန်ဘက်ကစစ်တပ်နဲ့တိုက်လို့ကျသွားတဲ့လူတွေကိုအာဇာနည်ခေါ်ရင်။တစ်တိုင်းပြည်လုံးအေးချမ်းအောင်တိုက်နေတဲ့စစ်သားတွေကိုဘယ်လိုခေါ်မလဲ။အခုကရင်ပြည်နယ်။(၀)ဒေသစတဲ့နေရာတွေမအေးချမ်းသေးဘူး။သူပုန်တွေမကုန်သေးလို့မအေးချမ်းသေးတာ။သွားရတာတောင်မလွပ်လပ်ဘယ်ကောင့်အဖေခေါ်ရမှန်းမသိတဲ့ဒေသတွေဘယ်လိုစီးပွားလွပ်လပ်စွာကူးသန်းမလဲ။တနိုင်ငံလုံးအေးချမ်းစေချင်တယ်ကျွန်တော်တို့ဒေသတွေလိုအေးချမ်းစေချင်တယ်။ဒါကြောင်သူပုန်ဆိုတာမရှိမှနားအေးမယ်။သူတို့ဘာသာသူတို့ဘယ်လိုခံယူချက်နဲ့တိုက်တိုက်၊လုယက်ခိုးဆိုးတဲ့သူပုန်ဟာသူပုန်ပဲ။တောင်ကြီးဟိုးဘက်မှာဆိုင်ကယ်ကယ်ရီသမား၇ယောက်ကိုပစ်သတ်သွားတာစစ်သားတွေလို့ဆိုအုံးမလား။မဟုတ်ဘူးသူပုန်တွေပစ်သတ်သွားတာလွတ်လာတဲ့လူတွေကိုယ်တိုင်ပြောတာ။ကဲပါပြောနေရင်လဲအတိုက်အခံလုပ်တယ်ထင်နေမယ်။ကျွန်တော်မြင်တာဝေဖန်တာပါစိတ်မရှိပါနဲ့။
ခြင်္သေ့

ယခုအချိန်ထိကျွန်တော်တို့မြို့ကစစ်သားတွေရှေ့တန်းထွက်ပြီဆိုရင်ကျွန်တော်နှင့်တကွသူငယ်ချင်းတွေရှေ့တန်းထွက်စစ်သားတွေကိုကိုယ့်အသိနဲ့ကိုယ်စာနာလို့..ဆေးလိပ်တွေမုန့်တွေထည့်ပေးနေကျ။သူတို့ကြောင့်ဒေသအေးချမ်းနေလို့ပြန်ပြီးစေတနာထားတာပဲ။လက်ရှီတိုက်နေတာစစ်သားတွေ၊ဗိုလ်ချုပ်တွေမဟုတ်ဘူး။ဗိုလ်ချုပ်မကောင်းရင်ဗိုလ်ချုပ်ပြော။တကယ်တိုက်နေတဲ့စစ်သားတွေကိုမပြောနဲ့၊တကယ်တိုက်နေတဲ့စစ်သား၊စစ်ဗိုလ်၊ဗိုလ်မှူးတွေကျဆုံးရင်အာဇာနည်ပဲသတ်မှတ်တယ်။ကျွန်တော်ကိုယ်တိုင်အလေးပြုတယ်။သူတို့အသက်ပေးသလိုကျွန်တော်တို့မပေးနိုင်လို့လုပ်နိုင်တာလုပ်ပေးတာပဲ။ဝေဖန်တာပါစိတ်မရှီပါနဲ့..

မငယ်နိုင်ရေ၊

တခါတရံမှာတော့ ဒုံရင်းဒုံရင်းပြန်သွားနေတဲ့၊ ရင့်ကျက်ဖို့ရာ လောကကြီးကိုဘက်စုံမြင်လာဖို့ရာ၊ တာဝန်ယူတတ်သူတွေဖြစ်လာနိုင်ဖို့ရာကို ဒီအချိန်မှာဘယ်လိုမှပြောပြလို့ မထူးနိုင်သေးတဲ့သူတွေမြင်ရတာ စိတ်တော့အင်မတန်လေးပါတယ်။ မငယ်နိုင်ကတော့ သူနာပြုမို့လို့ စိတ်ရှည်တာတော်တော့တယ်လို့ ချီးကျူးရတော့မှာပဲ။

သတိပြုစရာတစ်ခုကတော့ အစီအစဉ်ချပြီး အာဏာရှင်တွေကို ဆန့်ကျင်တဲ့ဆိုဒ်တွေမှာ စိတ်ဒုက္ခရောက်ဖို့၊ အချိန်တွေချွေပစ်ဖို့ လုပ်နေတာတွေရှိတယ်ဆိုတာကိုတော့ သတိလေးရှိစေချင်ပါတယ်။ troll, sock puppet, spamming နဲ့ multi-posting ပုံစံတွေနဲ့ လှည့်သုံးတတ်ကြပါတယ်။ virus, dos attack နဲ့ hacking တွေကတော့ နောက်တစ်ဆင့်ပေါ့။

ဒါပေမယ့် ဒီဘက်ခေတ်မှာ ဦးဏှောက်ဆေးခံထားရတဲ့ လူငယ်ကလေးတွေကိုမြင်ရင် စိတ်မသက်သာပေမယ့် ကိုယ်ကိုယ်တိုင်ဖြတ်သန်းခဲ့ရတာဆိုတော့ အလွန်အကျွံမဖြစ်ကြရင် အပြစ်လည်းသိပ်မတင်ချင်ပြန်ဘူး။ တစ်နေ့တော့ သိလာကြမှာပါလို့ပဲ သဘောထားရတာပါပဲ။
တစ်ခါကျနော်ကိုယ်တိုင်လည်း ကိုယ့်အတွက်ဗဟုသုတမျက်စိဖွင့်ပေးမယ့် ဝီကီပီဒီယာလိုဆိုဒ်မျိုးကို တော်တော်လေးနောက်ကျမှတွေ့ခဲ့ရလို့ အင်တာနက်ပေါ်တက်သူတိုင်း အရာရာကိုသိနားလည်ရမယ်လို့ မျှော်လင့်လို့မရတာ သဘောပေါက်မိတယ်။

မြန်မာပြည်နဲပတ်သက်လို့ကတော့ ပြောစရာတွေများပေမယ့် လွယ်လွယ်ကူကူဆွေးနွေးလို့ရတဲ့ အခြေခံအချက်တွေလည်း အများကြီးပါ။ နိုင်ငံကိုဘာလို့ နိုင်ငံတော်ဆိုပြီးခေါ်ရတာလဲ၊ စစ်တပ်ကို ဘာလို့တပ်မတော်ဆိုပြီး ခေါ်ရတာလဲစသည်ဖြင့်ပေါ့လေ၊ တွေးစရာတွေပါပဲ။ ဒါ့ပြင် ငယ်ငယ်ကစစ်တပ်ဘေးမှာနေခဲ့ရတာမို့ သိထားတာတွေလည်းရှိတော့ နောင်ပို့စ်တွေမှာအခန့်သင့်ရင် ထည့်ရေးသွားဖို့ရှိပါတယ်။ ဒါပေမယ့် စိတ်သဘောချင်းတိုက်ဆိုင်သူတွေချင်း အသိချင်းဖလှယ်တဲ့အဆင့်လောက်ပဲ မျှော်မှန်းလို့ရမယ်ဆိုတာတော့ သိထားပါတယ်။ မယုံဖို့ အစကတည်းက ဆုံးဖြတ်ထားတဲ့သူတွေကိုတော့ လုကံ ဝကံ လို့ပဲသဘောထားရတော့မှာပေါ့။

နောက်ဆုံးအနေနဲ့ကတော့ အထွေအထူးမဟုတ်ပေမယ့် လူ့ကျင့်ဝတ်နဲ့တော့ ဆိုင်ပါတယ်။ လိုင်းတွေခွကျော်ပြီး နာမည်ပျောက်လိုက်ရေးတဲ့ကိစ္စပါ။ ကိုယ်တော်တော်ကြောက်တတ်လှပြီထင်တာ ကိုယ့်ထက်သာသူတွေများတော့လည်း အားပဲရှိရတော့မလိုလို၊ ကိုယ်လည်းနာမည်ပြောင်းရေးရမလိုလိုနဲ့ အင်းလေ ဘဝ.. ဘဝ လို့ပဲစိတ်ဖြေပြီး လမ်းဆက်လျှောက်ရအုံးမှာပါပဲ။

မိသင်္ဂဟအပေါင်း စိတ်ပါကိုယ်ရောက် ထင်တိုင်းပေါက်ကြပါစေ။

အကြမ်းဖက်သမားပုံလား...

သူရဲကောင်းလိုချီးမွမ်းနေကြတဲ့သူတွေအနေနဲ့ ပိုက်ဆံနဲ့ချီးကျူးနေတာလား ကူညီထောက်ပံပေးနေတာလား? ဒီမိုသမားပြည်ပမှာ ဒေါ်လာသန်းကြွယ်သူဌေးတွေပေါနေတာတောင်မှ ဒီမိုတွေတွက်သူရဲကောင်းဆိုသူရဲ့ အိမ်လေးတစ်လုံးကိုလည်းကြည့်ပါအုံး...ပြုပြင်ပေးဖို့စိတ်မကူးပဲ စကားလုံးလေးတစ်လုံး စာရွက်လေးတစ်ခုပေါ်မှာ ရေးခြစ်လိုက်တာနဲ့ဝတ်ကျေတန်းကျေဖြစ်သွားရောလား..ထောက်ပံ့တဲ့ငွေစက္ကူကိုလည်းကြည့်ပါအုံး စာအိပ်လေးတစ်ခုလောက်လေးနဲ့...

သေနတ်နဲ့ ပစ်သတ်သူကို အကြမ်းဖက်သမားလို့ မမြင်ဘဲ ဘာလက်နက်မှ မပါဘဲ အဖြူအစိမ်းဝတ်၊ ဗိုလ်ချုပ်ပုံ ကိုင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူကို အကြမ်းဖက်သူပုံလားလို့ မေးတဲ့ ပထမ Anonymous ကတော့ စိတ်ပုံမှန် မဟုတ်လို့ပဲ ဖြစ်မယ်။

ဒုတိယ Anonymous ပြောတာကို ကျွန်မလည်း တွေးမိပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေ ဖြစ်နေရင် ဒီလို ရှုပ်ချပြောဆိုသလို ပြည်ပက ကူညီလိုက်လို့ ပြည့်စုံလာရင်လည်း တရားမ၀င်ဘူးလို့ ပြဿနာရှာပြီး ကြံ့တွေဖွတ်တွေနဲ့ မြို့ပေါ် လက်နက်ကိုင် သောင်းကျန်းသူတွေကလည်း ပစ္စည်းကိုသိမ်း လူကို အချုပ်ထဲထည့်မှာပဲ မဟုတ်လား။ ဒီတော့ အကူအညီပေးချင်ပေမဲ့ ဘယ်လို သွားပေးလို့ ဖြစ်မလဲ။

ခြင်္သေ့တို့ ကိုမန်းကိုကို ကိုရွှေမန်းတို့မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ခြင်္သေ့ကို နောက်မှ အကြောင်းပြန်ပေးမယ်။

မငယ် ဓာတ်ပုံတွေကြားထဲက စာလုံးအနီတွေ နဲ့ ရေး ထားတဲ့  ရက်စွဲတွေ က ၀၈၊၀၉တွေဖြစ်နေတယ်လေ

ငမူးရေ ကျေးဇူးတင်ပါတယ်။ ပြင်လိုက်ပြီ။

(
ခေါင်းစဉ်ကို နှိပ်ပြီး ၁၉-၉-၁၉၈၈ ရက် ရန်ကုန်မြို့လယ် လူသတ်ပွဲ ဗီဒီယို ကို ကြည့်နိုင်ပါတယ်။)


၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ မှာ ပြည်သူ့ရန်သူ နံပါတ် (၁) လူယုတ်မာ နေဝင်း ရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသွင်ပြောင်းခံထားရတဲ့ မြန်မာစစ်တပ်က လက်နက်ကိုင် ရန်သူတပ်စခန်းကို တိုက်ခိုက် ချေမှုန်းရာမှာ သုံးတဲ့ လက်နက်အင်အားမျိုးကို အတိုင်းအဆမရှိ အလွန်အကျွံ သုံးစွဲပြီး အချက်အချာကျတဲ့ ပြည်ထောင်စုဘဏ် ခေါင်မိုး၊ ခြောက်ထပ်ရုံး ခေါင်မိုး၊ ဆူးလေဘုရားလမ်းပေါ်က တိုက်ခေါင်မိုး တွေပေါ်မှာရော၊ လမ်းပေါ်မှာပါ ကြိုတင် နေရာယူထားပြီး ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံဘေး သတ်ကွင်းကို ယုတ်မာ ပက်စက်စွာ စနစ်တကျ ကြိုတင်စီစဉ် ထောင်ခြောက်ဆင်ထားပြီး သတ်ကွင်းထဲ ဝင်လာတဲ့ (၈-၈-၈၈ ရက်က ၁၃-၈-၈၈ ရက် ကျောင်းသား၊ ပြည်သူပေါင်း ထောင်နဲ့ချီပြီး အသေ ပစ်သတ်တဲ့ လူသတ်ပွဲ အပါအဝင် စစ်အာဏာရှင်ရဲ့ ကမ်းကုန်အောင် ဆိုးယုတ်လှတဲ့ ယုတ်မာရက်စက်မှု၊ မတရားမှု အဖုံဖုံကို လမ်းပေါ်မှာ စီတန်း လမ်းလျှောက်ပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်နေကြတဲ့) အပြစ်မဲ့၊ လက်နက်မဲ့ ကျောင်းသား၊ ပြည်သူတွေကို ညှပ်ပူးညှပ်ပိတ် ဥပဒေမဲ့ အစုလိုက် အပြုံလိုက် အသေ ပစ်သတ်နေပုံ



19 Sep 2012
by KoNiknayman

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  စစ်တပ်အာဏာသိမ်းပြီး နောက်တစ်နေ့  စက်တင်ဘာလ (၁၉) ရက်နေ့ မှာ အာဏာရူးလက်ပါးစေ သေနတ်ကိုင်လူသတ်သမားများက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ပြသခဲ့ကြတဲ့ အပြစ်မဲ့ ကျောင်းသူကျောင်းသား ပြည်သူပြည်သားများကို မသေမချင်း ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဒီမြင်ကွင်းက သမိုင်းသက်သေတည်နေပါတယ်။


http://www.youtube.com/watch?v=aoqIGGq5Eaw&feature=player_embedded


(ခေါင်းစဉ်ကို နှိပ်ပြီး ၁၉-၉-၁၉၈၈ ရက် ရန်ကုန်မြို့လယ် လူသတ်ပွဲ ဗီဒီယို ကို ကြည့်နိုင်ပါတယ်။)


၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ မှာ ပြည်သူ့ရန်သူ နံပါတ် (၁) လူယုတ်မာ နေဝင်း ရဲ့ ခါးပိုက်ဆောင်တပ် အဖြစ် အသွင်ပြောင်းခံထားရတဲ့ မြန်မာစစ်တပ်က လက်နက်ကိုင် ရန်သူတပ်စခန်းကို တိုက်ခိုက် ချေမှုန်းရာမှာ သုံးတဲ့ လက်နက်အင်အားမျိုးကို အတိုင်းအဆမရှိ အလွန်အကျွံ သုံးစွဲပြီး အချက်အချာကျတဲ့ ပြည်ထောင်စုဘဏ် ခေါင်မိုး၊ ခြောက်ထပ်ရုံး ခေါင်မိုး၊ ဆူးလေဘုရားလမ်းပေါ်က တိုက်ခေါင်မိုး တွေပေါ်မှာရော၊ လမ်းပေါ်မှာပါ ကြိုတင် နေရာယူထားပြီး ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံဘေး သတ်ကွင်းကို ယုတ်မာ ပက်စက်စွာ စနစ်တကျ ကြိုတင်စီစဉ် ထောင်ခြောက်ဆင်ထားပြီး သတ်ကွင်းထဲ ဝင်လာတဲ့ (၈-၈-၈၈ ရက်က ၁၃-၈-၈၈ ရက် ကျောင်းသား၊ ပြည်သူပေါင်း ထောင်နဲ့ချီပြီး အသေ ပစ်သတ်တဲ့ လူသတ်ပွဲ အပါအဝင် စစ်အာဏာရှင်ရဲ့ ကမ်းကုန်အောင် ဆိုးယုတ်လှတဲ့ ယုတ်မာရက်စက်မှု၊ မတရားမှု အဖုံဖုံကို လမ်းပေါ်မှာ စီတန်း လမ်းလျှောက်ပြီး ကန့်ကွက် ဆန္ဒထုတ်ဖော်နေကြတဲ့) အပြစ်မဲ့၊ လက်နက်မဲ့ ကျောင်းသား၊ ပြည်သူတွေကို ညှပ်ပူးညှပ်ပိတ် ဥပဒေမဲ့ အစုလိုက် အပြုံလိုက် အသေ ပစ်သတ်နေပုံ



Published on 1 Aug 2013
By KoNiknayman

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ကျောင်းသားကျောင်းသူ ရဟန်းရှင်လူ ပြည်သူတွေကို ဘယ်လောက် ရက်စက်ခဲ့သလည်းဆိုတာ သမိုင်းသက်သေတည်တယ်။

မေ့ပျောက်ပါ ကြေအေးပါ ပြောဆိုသူတွေ၊ မေ့ပျောက်သူတွေ ကြေအေးသူတွေ၊ အမုန်းတရားတွေ လက်ကိုင်မထားပါနဲ့  ပြောသူတွေ၊ မကောင်းမြင်ဝါဒ မထားကြပါနဲ့  ပြောသူတွေ၊ ရှစ်လေးလုံးသမိုင်းကို ဘာမှ မဟုတ်ဖူးလို့  မြင်သူတွေ၊ ရှစ်လေးလုံးသမိုင်းအပေါ် ကိုယ်ကျိုးရှာသူတွေ ဒီမြင်ကွင်းကို ပြန်ကြည့်ကြပါ။

(၂၅) နှစ်တာမကလို့  နောင်နှစ်ပေါင်းရာချီပလေ့စေဦးတော့ ကမ္ဘာကြေတာတောင် မကြေနိုင်တဲ့ ရှစ်လေးလုံးသမိုင်းဆိုတာ တည်တံ့နေမယ်ဆိုတာ။

ကိုနစ်နေမန်း


http://www.youtube.com/watch?v=iGy3wrJM_k0&feature=player_embedded


(ခေါင်းစဉ်ကို နှိပ်ပြီး "8888 ငွေရတု ကိုသတိရဖို့  မမေ့အပ်ပေ" ဗီဒီယိုက "ကမ္ဘာမကြေဘူး" သီချင်းကို နားဆင်ရင်း၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကာလ မြင်ကွင်း မှတ်တမ်းဓာတ်ပုံတွေကို ကြည့်ရင်း "စစ်အုပ်စုကို ကမ္ဘာမကြေဘူး" လို့ ထပ်မံ အဓိဌာန်ပြုနိုင်ပါတယ်။)



"ကမ္ဘာမကြေဘူး" သီချင်း
(၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံ သီချင်း)

နိုင်မြန်မာ ရေးစပ်သည်


(ကမ္ဘာမကြေဘူး...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး...
တော်လှန်ရေး...
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော...
ဩော်... သူရဲကောင်းတို့ရေ...
အာဇာနည်တွေ နေတဲ့ တိုင်းပြည်... ) x ၂
ရဲရဲတောက် တို့ပြည်သူတွေ...

(ကိုယ်တော်မှိုင်း...
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ၊ အဖိုးရေ...
သခင်အောင်ဆန်း...
နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ၊ အဖရေ...
ဩော်... လုပ်ရက်ကြပေ...
ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ... ) x ၂
အတုံးအရုံး လဲပြိုကာနေ...

(ညီအစ်ကိုတို့...
ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး...
မတွေဝေနဲ့...
ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာ ကျဆုံးသော...
ဩော်... သူရဲကောင်းတို့လို...
ခိုင်မာပီပြင် တော်လှန်ပစ်မလေ... ) x ၂
မျိုးချစ်တဲ့ တို့ဇာနည်တွေ...

ကမ္ဘာမကြေဘူး...


(၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ချီတက်ဆန္ဒပြတဲ့ ကျောင်းသား၊ ပြည်သူတွေ သီဆိုခဲ့တဲ့ သီချင်း)



(Credit - Sannee Maung)


http://www.youtube.com/watch?v=EfoH0qX3J7g