မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Burma Food and cultural festival (Sydney, 2010)


ရတနာပုံ သီချင်းနဲ့ အကဖြင့် စတင်ဖျော်ဖြေပါတယ်။

ပွဲတော် အခမ်းအနားအ စီအစဉ်များကို ကြေညာနေစဉ်

မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒေသအတွက် ကူညီရန် ရန်ပုံငွေ ရှာဖွေရေးအတွက် ပြုလုပ်သည့် တတိယကြိမ်မြောက် မြန်မာယဉ်ကျေးမှုနဲ့ အစားအစာ ပြသရောင်းချပွဲတော်ကို Australia Burma Community Developmnet (ABCD) Netwoark က ကြီးမှူးပြီး 12/9/10 မှာ ဆစ်ဒနီမြို့ရဲ့ အပမ်းဖြေအနားယူ လည်ပတ်ရာ နေရာတခုဖြစ်တဲ့ Darling Harbour မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲတော်မှာ မြန်မာ၊ ရှမ်း၊ ရခိုင်စတဲ့ မြန်မာတိုင်းရင်းသား အစားအစာများ မြန်မာနိုင်ငံလုပ် လက်ဆောင်ပစ္စည်းများကို ရောင်းချပြီး မြန်မာတိုင်းရင်းသား အကနဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ပြကွက်များကို ပြသခဲ့ပါတယ်။ ဆစ်ဒနီမြို့ရဲ့ လည်ပတ်ကြည့်ရှုစရာ နေရာ ဖြစ်သလို ရာသီဥတုကလည်း သာယာတဲ့နေ့ ဖြစ်တဲ့အတွက် ဖြတ်သွားဖြတ်လာရင်း ၀င်ကြည့်ကြတဲ့ လူတွေ၊ တကူးတက လာရောက်အားပေးကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံတွေနဲ့ တနေကုန် စည်ကားခဲ့ပါတယ်။ ဒီပွဲတော်ကို ရောက်သွားတဲ့ တနေ့တာ အချိန်တွေကို ဘလော့ဂ်မှာ သိမ်းထားရင်း အားလုံးကို ပြန်လည်မျှဝေ လိုက်ပါတယ်။



ရှမ်းရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ


မနက်ငါးနာရီထိုးကတည်းက သွားစရာလာစရာ ရှိလို့ ဘုရားကို ဖြေင့်ဖြောင့်တန်းတန်း မရှိခိုးအားပဲ ကပြာကရာ ဘုရားကန်တော့ ရှိခိုး ရေချမ်းနဲ့ ဆီမီးကပ်ပြီးတာနဲ့ နေ့တိုင်းလို ဂုဏ်တော်တွေ၊ ပရိတ်တွေလည်း မရွတ်၊ တရားလည်း မမှတ်တော့ပဲ သွားဖို့လာဖို့ အချိန်ပေးပြီး ပြင်ဆင်နေတဲ့ကြားက ၉ နာရီထိုးတဲ့အထိ သွားဖို့ အဆင်သင့် မဖြစ်ခဲ့ဘူး။ ဒီတော့ ညနှစ်နာရီမှ အလုပ်က ပြန်ရောက်ပြီး မနက်ကိုးနာရီထိုး အဆင်သင့်လုပ်ထားပါလို့ ပြောထားတဲ့ အိမ်က ကျေးဇူးရှင်က ရွှေစိတ်တော်ငြိုးပြီး မင်းတို့သားအမိဟာ အမြဲတမ်း ဒီအတိုင်းပဲလို့ ပြောပြီး ဒေါသ ထွက်နေလေရဲ့။ ဒေါ်သထွက်တာ သက်သက်ဆို တော်ပါသေးတယ် အခုတော့ မဆီမဆိုင် ကျွန်မတို့သားအမိကို စိတ်တိုတာနဲ့ သူသီချင်းဆိုလို့ အသံမရတော့ဘူး သံစဉ်တွေ လိုက်မမီတော့ဘူး ဆိုတော့ ဘာမှလည်း မဆိုင်ဘူး။ ကျွန်မက သားကို သားအဖေကတော့ လုပ်ပြီ မေမေတို့ကို စိတ်တိုတာနဲ့ သူသီချင်း အသံလိုက်မမီတာနဲ့ ဘာဆိုင်လို့လဲ မသိဘူးလို့ ပြောပြီး သားကို မဖေါ်ညှိလိုက်တယ်။ သားက ဘာမှမဟုတ်ဘူး မေမေ ကမ္မဆိုတာ ပြေးလို့မလွတ်ဘူး တနေ့ကိုယ်ပြန်ရမှာ သေချာတယ် အဲဒါ ကျောင်းက လုပ်တဲ့ပွဲတော်တုန်းက သားသား Oppera House မှာ သီချင်းသွားဆိုဖို့ We are the would သီချင်းတို့ကို တိုက်နေတုန်းက သားသားကို ကဲ့ရဲ့ထားလို့ သူအခု ၀ဋ်ပြန်လည်တာတဲ့။

ဟုတ်တယ် သားသီချင်းတိုက်နေတုန်းက သူက မင်းဆိုတာ မဟုတ်သေးဘူး မှားနေတယ်နဲ့ ဝေဖန်ပြီး ဘာကြိုက်လို့ ဒီကောင်ကို ရွေးထားလဲ မသိဘူး သံစဉ်မမှန် အဖြတ်အတောက်မမှန်နဲ့လို့ အမျိုးမျိုး ကဲ့ရဲ့သလိုလို တချိန်လုံး လိုက်စနေခဲ့နေခဲ့တယ်။ ပွဲတော်ကို သွားဖို့ ကားမောင်းလာစဉ် ကားထဲအထိ အဲဒီ ရတနာပုံ သီချင်း တီးလုံးကို CD နဲ့ ဖွင့်ပြီး ဆိုတုန်း။ ဆိုရင်းနဲ့ ဒုက္ခပါပဲ သွားပါပြီ သီချင်းဆိုလို့ အသံလုံးဝ မရတော့ဘူး စိတ်အနှောင့်ယှက် ဖြစ်သွားရင် ဒီလိုပဲ ဖြစ်တယ်လို့ ထပ်ပြောနေလို့ ဘာဆိုင်လို့လဲ ညက အလုပ်ပြန်ချိန် ချက်ချင်းမအိပ်ဘဲ သန်းခေါင်ကျော်ညနက် အွန်လိုင်းမှာ တွတ်ထိုးနေလို့ ပြီးတော့ သားပြောသလို သူ့ကို ကဲ့ရဲ့ထားလို့ ၀ဋ်လည်တာ ဖြစ်မှာပေါ့လို့ ပြန်ပြောလိုက်မှ တမနက်လုံး တည်နေတဲ့ မျက်နှာက ဒီကောင် ငါ့ကိုဆို တော်တော် နှိပ်ကွပ်ချင်တယ်ဆိုပြီး ပြုံးလာလို့ တော်သေးတယ်။ ဒီလိုနဲ့ သီချင်း ညည်းလိုက် ကားမောင်းလိုက်နဲ့ ပွဲတော် ကျင်းပရာ Darling Harbour ရောက်တဲ့အထိ လုပ်လာတယ်။ အနုပညာကို ဖန်တီးမတတ်၊ ခံပဲခံစားတတ်တဲ့ ကျွန်မကတော့ သူတို့လို ဆိုလို့လည်း မတတ်ပါဘူး။ အနုပညာဖန်တီးကြတဲ့ သားအဖနှစ်ယောက် အပြန်အလှန် စကြတာကို တွေးပြီး သားကသူ့အဖေကို ပြန်ချွတ်တဲ့စကားကို ဘာမှထပ်မပြောပေမဲ့ စိတ်ထဲမှာတော့ ကျွန်မ ထောက်ခံပြီး သဘောကျနေတယ်။

Darling Harbour ရောက်တော့ ပွဲတော် မစသေးဘူး။ သို့သော်လည်း ဆိုင်းဝိုင်းအဖွဲ့က မြင်နေကျ မျက်နှာပိုင်ရှင်တွေကိုတော့ ဇာတ်စဉ်ပေါ်မှာ နေရာယူထားတဲ့ ဆိုင်းဝိုင်းကို တီးခတ်နေကြတာကို တွေ့ရပါတယ်။ အရင်နှစ်ကတော့ ဆိုင်းဝိုင်းမပါခဲ့ဘူး။ ပွဲတော် ခင်းကျင်းတဲ့ နေရာ အရင်နှစ်ကအတိုင်းပဲ Convention Centre နဲ့ Imax Thertre ကြားမှာမှာ ပွဲတော်နေရာ အတွင်းဘက်ကို သံတန်းတွေနဲ့ ခြံစည်းရိုးလို ခတ်ပြီး ခင်းကျင်းထားပါတယ်။ Darling Harbour ဆိပ်ကမ်းဘက်အခြမ်းကျတော့ ဘာအတားအဆီးမှ မရှိပါဘူး။ တခြားဘက်မှာလည်း နေရာ သတ်သတ်မှတ်မှတ်လေး ဖြစ်အောင် လုပ်ထားခြင်းသာ ဖြစ်လို့ ဘေးဘက်က ၀င်တဲ့လမ်းတွေတော့ ခြံစည်းရိုး မခတ်ထားပါဘူး။ ဇာတ်စဉ်ရှေ့မှာတော့ ခြင်းလုံးခတ်ဖို့ နေရာ အလွတ် သီးသန့် ချန်ထားပြီးမှ လူတွေ ထိုင်လျက် (သို့) နေရာယူထားသူ ရှိပြီးသား ဆိုတာကို ဖေါ်ပြတဲ့အနေနဲ့ ပစ္စည်း တင်ထားတဲ့ ကုလားထိုင်တချို့ကို စီလျက် တွေ့ရပါတယ်။ ကျွန်မလည်း ဓါတ်ပုံရိုက်မည့်သူဆိုတော့ ထိုင်ဖို့ကို သိပ်စိတ်မ၀င်စားဘူး။ ၀င်းခတ်ထားတဲ့ တ၀ိုက်မှာတော့ အစားအသောက် ရောင်းချရာ ဆိုင်တန်းတန်းတွေ၊ ခင်းကျင်းပသရာ သတင်းအချက်အလက် ရယူရာ နေရာတွေကို ဇာတ်စဉ်နားအထိ သွယ်တန်းလျက် တွေ့ရပါတယ်။

ပွဲတော်မစခင်မှာ ပွဲတော်လာသူတွေက အစားအစာများကို စည်ကားသိုက်မြိုက်စွာ ၀ယ်ယူစားသောက်နေတာ တွေ့ရပါတယ်။ ဒီနှစ်စားစရာတွေက အရင်နှစ်ကလို အန္ဒိယ၊ ထိုင်း၊ တရုတ်တို့လို နိုင်ငံခြား စားစရာတွေ သိပ်မတွေ့ရဘဲ မြန်မာပြည်က မြန်မာ၊ ရှမ်း၊ ရခိုင်စတဲ့ စားစရာတွေပဲ အများဆုံးတွေ့ရပါတယ်။ ကျွန်မလည်း ရောက်ပြီး အသိတချို့နဲ့ နှုတ်ဆက်စကားပြောပြီးတာနဲ့ ရခိုင်မုန့်တီတပွဲ အရင်စားပြီးတာနဲ့ မြန်မာမုန့်ဟင်းခါး တပွဲကို ဆက်တိုက် ၀ယ်စားလိုက်တယ်။ ဒါပေမဲ့ မြန်မာမုန့်ဟင်းခါးကို စားနေချိန်မှာ ပွဲတော် အစီစဉ်ကို အခမ်းအနားမှူး တာဝန်ယူသူတွေက ကြေညာနေပြီမို့ ကုန်အောင်မစားတော့ဘဲ အမှိုက်ပုံးမှာ သွားထည့်ပြီး ပွဲတော်အစီစဉ်တွေကို စတင်အားပေးပါတယ်။ အရှေ့ဆုံးတန်းက အသိအန်ကယ် တယောက်နားမှာ ကုလားထိုင်တခုံ လွတ်နေတာနဲ့ တောင်းထိုင်ပြီး အစီစဉ်တခု စတိုင်း ဗွီဒယို ထရိုက်လိုက် ပြန်လာထိုင်လိုက်နဲ့ လုပ်နေလိုက်တာ တော်တော်နဲ့ အပြင် မထွက်ဖြစ်ဘူး။

ပွဲတော် Performance အစီစဉ်တွေကို မစခင်မှာ ဒီပွဲတော်ကို ဦးစီးကျင်းပတဲ့ Australia Burma Community Development (ABCD) Net work မှ ဒုဥက္ကဌနဲ့ ဒီပွဲတော်ကို ဖြစ်မြောက်ရေးကို စပွန်ဆာပေးသည့်အဖွဲ့ Eye Foundations မှ တာဝန်ရှိသူ ဆရာဝန်တဦးမှ အမှာစကား ပြောကြားခဲ့ပြီး ဆစ်ဒနီမြို့မှ သမီးငယ်လေး တဦးမှ ဖဲကြိုးဖြတ်ပြီး ပွဲတော်ကို ဖွင့်လှစ်ခဲ့ပါတယ်။ (ဒီပုဂ္ဂိုလ် သုံဦးရဲ့နာမည်ကို ကျွန်မမှတ်မိလို့ မှတ်မိသူများ အသိပေးစေချင်တယ်)။ ABCD Network ဒုဥက္ကဌမှ အားလုံးကို ကျေးဇူးတင်စကားဆိုပြီး ABCD Network ကို မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး ဒုက္ခရောက်သွားသူတွေအတွက် လိုအပ်တဲ့နေရာမှာ အကူအညီပေးနိုင်ဖို့အတွက် ရန်ပုံငွေ ရှာဖွေရန် ဖွဲ့ထားကြောင်းနဲ့ အစချီကာ အဖွဲ့ရဲ့ သမိုင်းကြေင်းနဲ့ လှုပ်ရှားမှုကို အကျဉ်းချုပ်ပြောကြားသွားပါတယ်။ Eye Foundation မှ ဆရာဝန်ကတော့ မြန်မာပြည်ကို သွားရောက်ကာ မျက်လုံးနဲ့ ပတ်သက်တဲ့ ဒုက္ခရောက်နေသူတွေကို မြန်မာပြည်က ဆရာဝန်အသင်းတွေနဲ့ တွေ့ဆုံပြီး အကူအညီပေးခဲ့ကြောင်းအပါအ၀င် မြန်မာပြည်က ဒုက္ခရောက်နေသူတွေကို တွေ့ရပြီး သူ့မှာ အကူအညီပေးဖို့အကြံအစည် ဖြစ်လာပုံ၊ ဆစ်ဒနီမြန်မာတွေရဲ့ ဒုက္ခရောက်နေသူတွေအတွက် အကူအညီပေးလိုတဲ့ စိတ်ကိုလေးစားကြောင်း၊ စသည်တို့ကို အကျဉ်းချုပ်ပြောသွားပါတယ်။


မြန်မာပြည်မှာတော့ ဘာပွဲတော်ပဲလုပ်လုပ် ပွဲပေးတယ်ဆိုပြီး အများအားဖြင့် ထုံးစံအတိုင်း အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ နတ်ကိုပသပြီး စကြတာ အားလုံးသိပါလိမ့်မယ်။ ဒီမှာတော့
ပွဲတော် စတဲ့အချိန်မှာ အုန်းပွဲငှက်ပျောပွဲ ပါတာ မတွေ့ရပေမဲ့ အပျိုတော်ယိမ်းလို့ အမည်ပေးထားတဲ့ နတ်ကိုပူဇော်ပသတဲ့ အကနဲ့ စထားတာကိုတွေ့ရတော့ ဒါလည်းပဲ ပွဲပေးခြင်းတမျိုး ဖြစ်မှာပဲလို့ တွေးမိပါတယ်။ ဒီပွဲတော်မှာ ဆစ်ဒနီရောက် တိုင်းရင်းသား ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက ပူးပေါင်းပါဝင်ထားတာကို တွေ့ရပါတယ်။ အစီစဉ်တခုကို မပြသမီ အခမ်းအနားမှူးလုပ်သူများက အစီစဉ်ရဲ့ နောက်ခံအကြောင်းအရာ များကို အင်္ဂလိပ်လိုနဲ့ မြန်မာလို နှစ်မျိုးဖြင့် မိတ်ဆက်ပြီးမှ စတဲ့အတွက် မြန်မာ့ယဉ်ကျေးမှုရဲ့ ဓလေ့တွေကို လာရောက် ကြည့်သူတိုင်း သိခွင့်ရအောင် ဆောင်ရွက်ထားတာ တွေ့ရပါတယ်။ ဥပမာ တိုင်းရင်းသား ရိုးရာ အက (သို့) ပြကွက်တခုကို ပြသပါက မပြခင်မှာ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်း အနည်းငယ်ကို မိတ်ဆက်ပြီး ပြမည့် အကြောင်းအရာကို ရှင်းပြပြီးမှ ပြပါတယ်။ ပွဲတော်မှာ ပါဝင်တဲ့ အစီစဉ်တိုင်းဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ခြင်းလုံးခတ်တဲ့ အစီစဉ်ကလွဲလို့ အခြားပြသတဲ့ အစီစဉ်အားလုံးကို ဇာတ်စဉ်ပေါ်မှာပဲ ပြုလုပ်ပါတယ်။ ပွဲတော်မှာ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင် တိုင်းရင်းသား ရိုးရာ အက (သို့) ယဉ်ကျေးမှု ပြကွက်တွေ ပါဝင်ပါတယ်။ ဒီနှစ်မှာ မြို့တော် ကမ်ဘာရာက အဖွဲ့မလာနိုင်တဲ့အတွက် အရင်နှစ်ကလို မွန်ရိုးရာ အကနဲ့ ပြကွက်ဒီနှစ်မှာ မပါတာကို သတိထားမိပါတယ်။ (ပွဲတော်အစီစဉ်တွေကို ဓါတ်ပုံအောက်မှာ စာတန်းနဲ့တကွ ဖေါ်ပြထားကို ကြည့်ရှုနိုင်ပါတယ်။)

ဖျော်ဖြေရေးအစီစဉ် ပထမတ၀က် ပြီးတာနဲ့ မြန်မာ့ခြင်းလုံး ခတ်ပုံကို ဇာတ်စဉ်ရှေ့က သီးသန့်ချန်ထားတဲ့ နေရာမှာ ပြသပါတယ်။
ခြင်းလုံးခတ်ပွဲကလည်း အရင်နှစ်ကတော့ မြန်မာပြည်က လာတဲ့ ခြင်းလုံးပညာရှင် မစန်းစန်းမော် လာရောက်ခတ်ပြခဲ့လို့ ဒီမှာ ရှိတဲ့ ခြင်းဝိုင်းတော်သားတွေရဲ့ ခြေစွမ်းကို သိပ်မတွေ့လိုက်ရပေမဲ့ ဒီနှစ်မှာတော့ မြန်မာပြည်က ဘယ်သူမှ မရှိ ဒီမှာရှိတဲ့ ၀ိုင်းတော်သားတွေခတ်တာကိုပဲ တွေ့ရမှ ဆစ်ဒနီခြင်းဝိုင်းကလည်း တော်တော်လေး ခြေစွမ်းကောင်းတာကို သတိထားမိလိုက်တယ်။ ခြင်းလုံးခတ်ချိန် မပြီးခင် ဗိုက်ဆာလာလို့ အပြင်ထွက်ကြည့်တော့ ရောင်းချနေတဲ့ အစားအစာတွေက ကုန်လုနီးပါး ဖြစ်နေပါပြီ။ မုန့်အချိုတွေပဲ ကျန်တော့တယ်။ ပွဲတော်ရဲ့ ပထမပိုင်းအစီစဉ်မှာ တိုင်းရင်းသား ရိုးရာအကတွေ ပြကွက်တွေကို ဦးစားပေးပြီး အလယ်မှာ ခြင်းဝိုင်း၊ ပြီးတော့ နောက်အစီစဉ်တွေမှ ခေတ်ဆန်ဆန် အစီစဉ်တွေနဲ့ ရိုးရာအကတွေကို ရောပြီးဖေါ်ပြတာ တွေ့ရပါတယ်။ နောက်ပိုင်းအစီစဉ်တွေကတော့ ကိုယ်တိုင်တီးခတ်ပြီး Live နဲ့ သီဆို ကပြကြတာ တွေ့ရပါတယ်။ သင်္ကြန်သီချင်းတွေနဲ့ သင်္ကြန်အကတွေ အပါအ၀င် နောက်ပိုင်း အစီစဉ် အားလုံးက Live တွေ ဖြစ်ပါတယ်။ သီဆိုကပြနေကြတာ ကြည့်ရှုနားထောင်ရတာ ကောင်းလို့ အပြီးထိ နေချင်ပေမဲ့ ပြန်ချင်တဲ့သူက ပြန်ချင်နေတော့ ညနေလေးနာရီ မထိုးခင် ပြန်လာလိုက်လို့ နောက်ဆုံးအစီစဉ်တွေကို အကုန်မကြည့်လိုက်ရဘူး။

ဒီပွဲတော်ကျင်းပရာ နေရာဟာ Sydney မြို့ရဲ့ အချက်အခြာကျတဲ့ အားလပ်ချိန် လူထုအပမ်းဖြေအနားယူရာနဲ့ ကမ္ဘာလှည့်ခရီးသွားများ လှည့်လည်ကြည့်ရှုရာ နေရာတခုဖြစ်ခြင်း၊ မြန်မာပြည်သား လူမျိုး၊ ဘာသာ၊ ကျား/မ၊ အဖွဲ့အစည်းနောက်ခံမရွေး လာရောက်အားပေးတဲ့ ပွဲတော် ဖြစ်ခြင်းကြောင့် လူစည်းကားသိုက်မြိုက်လှပါတယ်။
ကျွန်မတို့ ပြန်တဲ့အထိ လူတွေ အဆက်မပြတ်ဝင် ထွက်သွားလာနေဆဲ ဖြစ်တယ်။ အိမ်ပြန်ရောက်တော့ အပြင်သိပ်မရောက်လို့ လူတွေကို သိပ်မသိတဲ့ ကျွန်မကို အမျိုးသားက သီဆို၊ တီးမှုတ်၊ ကခုန်နေသူတွေအထဲက ကနေတဲ့ ဘယ်သူနဲ့ သီချင်းဆိုနေတဲ့ ဘယ်သူက၊ ဘယ်သီချင်းကို ဆိုနေသူနဲ့ ဘာတူရိယာကို တီးနေသူက သားအဖ၊ သားအမိ၊ လင်မယား၊ မောင်နှမပေါ့ စသည်ဖြင့် တော်စပ်ပုံတွေ ပြောပြတော့ ၀ါသနာတူ ဇနီးမောင်နှံစုံတွဲတွေ တော်တော် များပါလားလို့ သိလိုက်ရတယ်။ ကျွန်မ အမျိုးသားလည်း အနုပညာနဲ့ ပတ်သက်လာရင် လက်ခုပ်တောင် ဖြောင့်အောင်မတီးတတ်တဲ့ ကျွန်မကို အနုပညာ Sense လုံးဝမရှိဘူး၊ အနုပညာလည်း ခံစားမတတ်ဘူးလို့ တခါတခါ ပြောတတ်တော့ ပွဲတော်မှာ တွေ့တဲ့ ဒီစုံတွဲတွေကို အားကျနေပုံရပါတယ်။ ဒါပေမဲ့ အဲဒီပွဲတော်က ၀ါသနာတူ ဇနီးတွေ ရှိတဲ့အမျိုးသားတွေမှာ ကိုယ့်ယောက်ျားရဲ့ အနုပညာကို ကျွန်မလို တကူးတက ရေးပြီး ဘလော့ဂ်မှာ တင်ပေးနိုင်တဲ့ဇနီးတော့ တယောက်မှ မရှိပါဘူး။ တကယ်တော့ ဒါလည်းပဲ အနုပညာတခုပဲ မဟုတ်လား။ဒီပွဲတော်ဟာမြန်မာနိုင်ငံက မတူကွဲပြားသူများ တနှစ်တကြိမ် စုစည်းညီညွတ်စွာ ပါဝင်ကြတဲ့ ပွဲတော် ဖြစ်ပါတယ်။ ပူးပေါင်းပါဝင်သူတွေဟာ လူမျိုး၊ ဘာသာ၊ လူတန်းစားအလွှာ မရွေး ပါဝင်ပြီး အယူဝါဒ၊ နိုင်ငံရေးခံယူချက် နောက်ခံ မျိုးစုံက ပါပေမဲ့လည်း မြန်မာပြည်သူတွေအပေါ် ထားရှိတဲ့ စေတနာတူကြပါတယ်။ ဒီပွဲတော်ရဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်း ပါဝင်သူများဟာ လူမျိုးစုံ၊ နောက်ခံအမျိုးစုံက လာတဲ့သူတွေကို တွေ့ရခြင်းအားဖြင့် စေတနာတူရင် အလုပ်တခုကို လက်တွဲအလုပ်လုပ်လို့ ရတယ်ဆိုတာ သက်သေပြနေပါတယ်။ ဒီပွဲတော်မှာ ဆစ်ဒနီမြန်မာတွေရဲ့ စည်းလုံးညီညွတ်မှုကို ကြည့်ပြီး ကျွန်မ တကယ်ကို ပီတိ ဖြစ်မိပါတယ်။ ပွဲတော်ဟာ မြန်မာပြည်သားတိုင်း လာရောက် လည်ပတ်အားပေးသင့်တဲ့ ပွဲတော်ဖြစ်ပါတယ်။ ပွဲတော်လုပ်တဲ့ နေရာတ၀ိုက်မှာ ကလေးကစားတဲ့နေရာတွေ ကလေးတွေ ပျော်တဲ့ရှုခင်းတွေလည်း ရှိတဲ့အတွက် ကလေးငယ်တွေ ရှိတဲ့ မိသားစုတွေလည်း လည်ပတ်ဖို့ ကောင်းတဲ့ နေရာတခု ဖြစ်ပါတယ်။ ဒီနှစ်မှာ မသွားလိုက်ရတဲ့ ဆစ်ဒနီရောက် မြန်မာတွေကို တနှစ်တခါ လုပ်မှာဖြစ်တဲ့ ဒီပွဲတော်ကို နောက်နှစ်မှာ ဖြစ်အောင်သွားသင့်ကြောင်း အကြံပြုလိုက်ပါတယ်။ ဓါတ်ပုံတွေနဲ့ ကျန်တဲ့ ဗွီဒယိုတွေကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

မြန်မာ့ရိုးရာ ခြင်းလုံးခတ်ခြင်း
ရခိုင်အက ဗွီဒယို



စံတော်ချိန်အက ဗွီဒယို



ကချင်အက ဗွီဒယို



ပုဂံလှံစွပ်အက ဗွီဒယို

သီတာရာမဇာတ်တော် ဗွီဒယိုကက ပြတ်တောက်ပြတ်တောက် ဖြစ်နေလို့ ဓါတ်ပုံပဲ ဖေါ်ပြလိုက်ပါတယ်။ ၂၀၀၉ ခုနှစ်က ကျင်းပသွားတဲ့ ပွဲတော်အကြောင်းကတော့ ဒီနေရာမှာ ရှိပါတယ်။




ABCD Network ဒုဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားစဉ်


ပွဲတော်ဖြစ်မြောက်ရေးအတွက် စပွန်ဆာ ပေးသည့် Eye Foundation မှာ ဆရာဝန်တဦး အမှာစကားပြောကြားစဉ်


အခမ်းအနားကို သမီးငယ်လေး တဦးမှ ဖဲကြိုးဖြတ်ပြီးဖွင့်လှစ်စဉ်


ဖျော်ဖြေရေး အစီအစဉ်အစ အပျိုတော်အက


မောင်ထွန်းလင်းမိုးမှ လှံစွပ်ထိုးအကကို ကပြစဉ်


ပုဂံယိမ်းအက


ရှမ်းရိုးရာဝတ်စားဆင်ယင်မှု ပြသစဉ် (အပေါ်နှစ်ပုံစလုံး)


ဗမာ ရိုးရာတပင်တိုင် မင်းသမီးအက

ရုပ်သေးအက

မြန်မာ့ယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်းများနှင့် သရုပ်ပြပုံ



မြန်မာ့ရိုးရာ ၀ိုင်းခြင်း


မြန်မာစုံတွဲ ၀တ်စားဆင်ယင်ပုံပြသခြင်း


ရခိုင်အက


ကရင်အက


ကချင်အက


စံတော်ချိန်အက


မြန်မာ့ရိုးရာ သင်္ကြန်အက


ရာမဇာတ်တော် (သီတာဒေ၀ီနဲ့ ဒဿဂီရိ)


ရာမဇာတ်တော်မှ (သီတာဒေ၀ီနဲ့ ရာမ)


နှစ်ဆယ်ရာစု အစောပိုင်း (တယောထိုးပြီး) လူပျိုလှည့်ပုံ


နှစ်ဆယ်ရာစုနှောင်းပိုင်း (ဂီတာတီးပြီး) လူပျိုလှည့်ပုံ


နှစ်ဆယ့်တစ်ရာစု အခုလက်ရှိခေတ် (အွန်လိုင်းပေါ်မှာ အပြန်အလှန်) အပျို၊လူပျိုလှည့်ပုံ



မျိုးဆက်လေးခုရဲ့ ခေတ်အဆက်ဆက်မှာ ပိုးပန်းပုံ ကွဲပြားပြီး စုံတွဲများဖြစ်လာပုံ ပြီးခါနီး စုရိုက်ထားပုံ (၂၀ ရာစုမတိုင်ခင်က စောင်း/ပတ္တလားတီးပြီး လူပျိုလှည့်ပုံကို အပြင်ခဏထွက်ချိန်နဲ့ တိုက်သွားလို့ ဓါတ်ပုံမရိုက်မိလိုက်ဘူး၊ ဒီဓါတ်ပုံ ရိုက်ထားသူများ ပို့ပေးပါရန် အကူအညီတောင်းပါတယ်။)

ရွင်လန်းချမ်းမြေ့ကြပါစေ။


10 comments:

ကဲ...နေရာကောင်းရရန် စောစောကြွလာရှုစားလိုက်ပါပြီ

အင်း သူငယ်ချင်း

(စည်း ဝါးတော့ မှန်ပါတယ်..) ဆိုတာလည်း ကောင်းပါတယ်.. ဒါပေမယ့်လည်း အသံနိမ့်တော့... အသံမြင့်တဲ့အချိန်မှာ အသံက မနိုင်သေးဘူး... ဒါကြောင့် လာမဲ့ အခါတော်နေ့ကျရင်.. နော်ဝေးမှာ လုပ်မဲ့ပွဲအတွက် မဌားဖြစ်တော့ဘူးလို့ တခါတည်းအကြောင်းပြန်ပါတယ်.. မဗေဒါ ချစ်ချစ်ပဲ ဖွင့်ပွဲမှာ ဆိုခိုင်းတော့မယ်..

တကယ်တော့လည်း အတွေ့အကြုံအရ ပြောရရင် မဗေဒါက သူငယ်ချင်း ချစ်ချစ်ရဲ့ ရှေ့ နှစ်ပေါင်းများစွာကတည်းက လူရှေ့မှာ အရင်ဆိုတာပါလေ.. အင်း ဒါပေမယ့်လည်း အချင်းချင်းဆိုတော့ အလျှော့ပေးလိုက်ပါတယ်..။ (ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်က မအောင်မြင်ခဲ့တဲ့အပြင် ကျောင်းသားအဖွဲ့က သီချင်းဆိုတဲ့ အဖွဲ့တွေထဲမှာ အရွေးချယ် မခံခဲ့ရလို့ မစန်းမြင့်တို့လို နာမည်မကြီးခဲ့ရှာဘူး.. ဝမ်းနည်းနေတုန်း အခုချိန်ထိပေါ့...)

အပေါ်က ပြောတာတွေကို တကယ်ထင်ပြီး ... စိတ်ချိုးရဖူးနော်.. နောက်တာပါ... တော်ကြာ ပန်းဗေဒါလေးကို လာမဌားတော့မှာ ချိုးလို့ပါ..။ အားပေးနေပါတယ်.. ဆက်ဆိုပါအုန်းလို့... အမေလိကားတို့ မြန်မာပြည်က နေလာဌားမဲ့သူ ရှိချင်ရှိအုံးမှာမို့..

ပျော်ရွင်ပါစေ မငယ်...

ပန်းဗေဒါ

အစ်မ ကျနော်တို. စောင်းပျောက်နေလို. ပတ္တလား ပြောင်းတီး ထားတယ်လေ။ ဘာပဲဖြစ်ဖြစ်ပါ ကျနော့်ပုံ ပါမလာတာ ကျေးဇူးတင်ပါ၏။ ရွဲတာမဟုတ်ပါဖူး ရှက်လို.ပါ။

အော် စောင်းလား ပတ္တလားလားဆိုတာတောင် သတိမထားမိလိုက်ဘူး ခြင်းပွဲ ပြီးခါနီး ဗိုက်ဆာလို့ အပြင်ခဏ သွားလိုက်တာ ပြန်လာတော့ ခြင်းပွဲလည်း ပြီးနေပြီ ဖြစ်တဲ့အပြင် အဲဒီ ခေတ်အဆက်ဆက်က လူပျိုတွေ အပျိုပိုးပုံ အစီစဉ်ကလည်း စပြီးနေပြီ မီတဲ့နေရာကနေ ဓါတ်ပုံ ရိုက်ရတာ ဖြစ်တဲ့အတွက် မပြည့်မစုံ ဖြစ်သွားတာ ဆောရီးပဲနော့်။ ဒီအစီစဉ်လေးက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ အဲဒီ ဓါတ်ပုံကို ရိုက်ထားတာ ရှိရင် ပြီးတော့ ခြင်းဝိုင်းအပြီးမှာ ခြင်းဝိုင်းအဖွဲ့သားတွေ အမှတ်တရ ရိုက်ထားပုံ ရှိရင် အစ်မဆီကို ngenaing2008@gmail.com အတိုင်း ပို့ပေးစေချင်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ဒီပွဲတော်ကိုသွားပြီး ဒီဓါတ်ပုံတွေ ရိုက်ထားတဲ့သူ အားလုံးဆီက အကူအညီ တောင်းချင်ပါတယ်။ ပို့စ်က ဓါတ်ပုံတွေ ဗွီဒယိုတွေလည်း အကုန်လုံး Upload မလုပ်ရသေးဘူး၊ ပို့စ်စာသား ဆောင်းပါးလည်း မရေးရသေးလို့ အနှစ်သာရ မရှိသေးဘူး။ လောလောဆယ် ပုံပဲ ကြည့်လို့ရအောင် အရင်တင်ထားလိုက်ပါတယ်။ ဘာမှ မပြည့်စုံသေးပါဘူး။

အန်ကယ်နိုင် နေမကောင်းတဲ့ကြားက ဦးဦးဖျားဖျား လာကြည့်သွားတာ ၀မ်းသာပါတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ပါနော့်။

ဟဲ့ သူငယ်ချင်း ရန်ကုန်သူ အကြွားထူ - ကြီးကြီးကျယ်ကျယ် အသံမနိုင်ဘူးသလေး ဘာသလေးနဲ့ ဒီမှာ တောသူက သီချင်းသာ ဆိုမတတ်ရင်နေမယ် ကောင်းကောင်း နားထောင်တတ်တယ် ၀င်ဝင်ချင်း တချက်ပဲ ထောက်တယ်၊ ကျန်တာ အကုန်ကောင်းတယ်။ Live ဆိုတာ ဒီလောက်ပဲ ရမှာပေါ့။ အသံနိုင်မနိုင်သိချင်ရင် သူငယ်ချင်း ချစ်ချစ်ကို စမ်းပြီးပဲ ညည်းခိုင်းကြည့်ဦး ဘယ်လောက်ခက်တယ်ဆိုတာ သိလိမ့်မယ်။ ပြောရင်လည်း ကြွားရာ ရောက်ဦးမယ်။ အဲဒါ ကီးမြင့်လွန်းလို့ သူများ ဘယ်သူမှ ဆိုသမားမရှိလို့ သူက၀င်ဆိုပေးတာ သိလား။ အမှန်က သူက ဒီနှစ် ညဘက် အလုပ်လုပ်တော့ သီချင်း မဆိုတော့ဘူးလုပ်နေတာ သူများ Request လုပ်လို့ ဆိုလိုက်ရတာ။ အိမ်မှာ အိမ်ကျယ်နဲ့ အသံသေးအသံကြောင် မဟုတ်ဘူးနော့်။ အဲဒါ မြန်မာကွန်မြူနီတီတင်မကဘူး Austalian Community တခုလုံး လာတဲ့ Statewide ပွဲတော်မှာ ဆိုထားတာ။ ဟဲ ဟဲ သူငယ်ချင်း ယောက်ျား ဒီလို မဆိုတတ်တိုင်း မနာလို မဖြစ်နဲ့နော့်။

ပို့စ်တွေ မစုံသေးဘူး ဆိုပေမဲ့ တင်ထားသလောက် ဗွီိဒီယိုတွေ ဓာတ်ပုံတွေ၊ စာတွေ ကို ဖတ်ရတာနဲ့တင် အားရကျေနပ်စရာ ကောင်းပါတယ်။

ရခိုင်အက၊ အပါအဝင် အက မျိုးစုံကို ရှု့မြင် ခံစားသွားပါကြောင်းနဲ့ နောက်ထပ် တင်ပေးဖို့လည်း တိုက်တွန်းပါရစေ။

ခင်မင်စွာဖြင့်

တော်ဝင်ထွန်း

အခုလိုပျော်ပျော်ပါးပါးနဲ့ပြည်ပလိုနေရာမှာမြန်မာရိုးရာယဉ်ကျေးမှုနဲ့အညီနာဂစ်အလှူရန်ပုံငွေပွဲကြီးကတော့တကယ့်ကိုအားရစရာပါ။နောက်နှစ်တွေမှာလဲဒီထက်မကပိုပြီးပြည်စုံတဲ့ပွဲတော်ဖြစ်မြောက်ပါစေကြောင်း၊အခုလိုလက်တွေ့ကျကျလုပ်ဆောင်တာကိုဂုဏ်ယူကြောင်း၊ပြောလိုပါသည်။
သာဓုလဲခေါ်ပါတယ်။
ခြင်္သေ့

တော်ဝင်ထွန်း - ဖြည့်စွက်ဖို့ လိုအပ်တဲ့ ဓါတ်ပုံတွေ ဗွီဒယိုတွေကိုလည်း ဖြည့်ထားပြီးပြီ၊ စာသားပို့စ်ကိုလည်း ရေးထားပြီးပြီ။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ နောက်လည်း လာလည်ဖို့ဖိတ်ခေါ်ပါတယ်။

ခြင်္သေ့တယောက် တချိန်လုံး ကပ်ဖဲ့ပြောနေရာကနေ ဒီလိုလည်း တခါတလေ အကောင်းမြင်ဝါဒလေး ရှိမှပေါ့။ အဝေးရောက် မြန်မာတွေ ဘာပဲလုပ်လုပ် လုပ်စားတယ်ပဲ ထင်နေရာကနေ အခုလို အဝေးရောက် မြန်မာတွေကို အကောင်းမြင်ဝါဒလေး နည်းနည်း ရှိလာတာတွေ့လို့ ၀မ်းသာပါတယ်။

လက်တလော အခြေနေနဲ့ ပတ်သက်တဲ့ သဘောထား အမြင်ဆိုင်ရာ ပိုစ့်လေးတွေ တောင်းတမှိပါတယ် ၊ ဗဟုသု တအလို့ငှာ ရေးပါအုံးလို့ တိုက်တွန်းပါတယ် ၊

ဇေရေ ရေးစရာ စာကြွေးတွေတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အစ်မ လောလောဆယ်တော့ ဘာပို့စ်မှ ရေးဖို့အချိန်မရသေးဘူး။ လတ်တလော ဖြစ်နေတာနဲ့ ပတ်သက်ပြီး အမြင်ဆောင်းပါးလေးလို ပို့စ်တခုကို ချရေးလို့တော့ လွယ်ပါတယ်။ ဒါပေမဲ့ အဲလိုရေးလိုက်ရင် တက်လာမည့် မှတ်ချက်တွေအတွက် အပြန်အလှန် ဆွေးနွေးဖို့ လောလောဆယ်မှာ အချိန်မပေးနိုင်သေးလို့ မရေးဖြစ်သေးဘူး။ နောက်တင်မည့်ပို့စ်က စက်တက်ဘာ ၁၈ ရက်နေ့မှာ တင်မှာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၂ နှစ် စက်တင်ဘာ ၁၉ ရက်နေ့က စစ်အာဏာရှင်တွေ လက်ချက်နဲ့ ရင်ဝထိမှန်ပြီး ကျဆုံးသွားတဲ့ မ၀င်းမော်ဦးအမှတ်တရ ပို့်စ်ပဲ ဖြစ်ပါတယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

(စာလာဖတ်သူများထဲက ဇော်မျိုးမှတ်ချက်ကို ဘယ်သူမှ အကြောင်းမပြန်ပါနဲ့ ကျွန်မ အားတာနဲ့ ဖျက်ဖို့ ရှိပါတယ်။ အခုဖျက်ရင်လည်း ပြန်ထည့်မှာမို့ ထပ်ခါတလဲလဲ ပြန်ဖျက်မအားလို့ ခဏထား ထားထားပါတယ်။)

ဇော်မျိုးအကြောင်းကြားလာလို့ အဲဒီပို့စ်ကို သွားဖတ်ဖြစ်ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်နဲ့ ပတ်သက်ပြီး အကုန်လုံးမဟုတ်ပေမဲ့ ဇော်မျိုးနဲ့ ကျွန်မနဲ့ တော်တော်များများ သဘောထားတိုက်ဆိုင်မှု ရှိပါတယ်။ အဲဒီလို ပြောတာ အဖြူအထင်ကြီး ကုလားအထင်ကြီး ဒီမိုငတုံးလို့ အပြောခံရမှာစိုးလို့ မဟုတ်ဘူး။ တကယ်တိုက်ဆိုင်လို့ တိုက်ဆိုင်တဲ့အကြောင်း ပြောတာ ဖြစ်တယ်။

ဒါပေမဲ့ ဇော်မျိုးမှတ်ချက်တွေကို ကျွန်မ ဘလော့ဂ်မှာ ဖေါ်ပြခွင့်တော့ မပေးနိုင်ဘူး။ အကြောင်းက ဇော်မျိုးက ကျွန်မ C-Box မှာ ယုတ်ယုတ်ရိုင်းရိုင်း လာရေးဖူးတယ်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ မှတ်ချက်မှာ အကြိမ်တရာကျော် လာနှောင့်ယှက်ထားတယ်။ ကျွန်မ C-Box မှာ ယုတ်ရိုင်းစွာ လာရေးတဲ့ သူတွေရဲ့ IP ကိုပဲ ပိတ်ဖူးပါတယ်။ ဇော်မျိုးနာမည်နဲ့ စစ်သားတွေအကြောင်း တခါလာရေးဖူးတာကို ပိတ်စရာအကြောင်းမရှိလို့ မပိတ်ခဲ့ဖူးဘူး။ အခု ဇော်မျိုးက C-Box မှာ ရေးခွင့် ပေးထားလျက် မရေးဘဲနဲ့ ကန့်လန့်တိုက်ပြီး ရေးခွင့်မပေးတဲ့ မှတ်ချက်ထဲမှာပဲ လာရေးနေတာကို ကြည့်ခြင်းအားဖြင့် ဇော်မျိုး IP က နာမည်အမျိုးမျိုးနဲ့ ယုတ်ယုတ်ရိုင်းရိုင်း လာရေးလို့ ကျွန်မ Block လုပ်လိုက်တဲ့အထဲမှာ ပါသွားပြီဆိုတာ သဘောပေါက်လို့ ရပါတယ်။
မဆိုင်တဲ့ မှတ်ချက်တွေကို မဆိုင်တဲ့ပို့စ်မှာ ထပ်ခါတလဲလဲ လာမထည့်ပါနဲ့။ C-Box မှာ လာဆဲသူဟာ ဇော်မျိုးမဟုတ်လို့ အပိတ်မခံရဘူးဆိုတာကို သက်သေပြတဲ့အနေနဲ့ ရေးချင်တာ Link ပေးချင်တာကို C-Box မှာပဲ ပေးပါ။