မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ABSDF ၂၂ နှစ်မြောက်အမှတ်တရ

လွန်ခဲ့တဲ့ ၂၁ နှစ် ABSDF ကို မွေးဖွားပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ ညီလာခံကို အောင်မြင်စွာ ပြီးဆုံးသွားတဲ့ အခုလို နေ့ရက် အခါသမယမှာ ABSDF ဆိုတဲ့ ဝေါဟာရကို စပြီးကြားသိခဲ့ရပုံကို တွေးမိကာ စိတ်ကူးနဲ့ အတိတ်ကာလဆီကို ကျွန်မ ခဏလောက် ပြန်ပြီး အလည်သွားကြည့်ပါတယ်။ လွန်ခဲ့တဲ့ ၂၁ နှစ် အခုလို အချိန်အခါက ကရင်အမျိုးသား အစည်းအရုံး KNU ကော့မူးရာ စခန်းမှာ ကျင်းပတဲ့ မြန်မာပြည်အနှံ့ အပြား က နယ်စပ်ဒေသ အသီးသီးရောက် ကျောင်းသားများ ညီလာခံက ABSDF ကို စတင် မွေးဖွားခဲ့ပါတယ်။ ABSDF ရဲ့ ပထမအကြီမ် ညီလာခံကြီးကို နိုဝင်ဘာလ (၁) ရက်နေ့ကနေ (၅) ရက်နေ့အထိ ကျင်းပခဲ့ပြီး ညီလာခံစတဲ့နေ့ (၁) ရက်နေ့ကို မကဒတ (ABSDF) နေ့လို့ သတ်မှတ်ခဲ့ပါတယ်။ သို့သော် ကျွန်မက ညီလာခံကြီးကို စတဲ့နေ့ထက် အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့နေ့ကို ပိုပြီး သဘောကျလို့ ABSDF ၂၁ ကြိမ်မြောက် အမှတ်တရပို့စ်ကို ဒီနေ့ နိုဝင်ဘာလ (၅) ရက်နေ့မှာမှ တင်လိုက်ပါတယ်။



၁၉၈၈ ခု စက်တင်ဘာလ (၁၈) ရက်မှာ ဒီမိုကရေစီ တောင်းဆိုသူတွေကို စစ်တပ်က ပစ်ခတ်နှိမ်နှင်းကာ အာဏာသိမ်းပြီး နောက်ပိုင်း ဒီမိုကရေစီအတွက် လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နီးစပ်ရာ တောတွင်း လူမျိုးစု လက်နက်ကိုင် အင်အားစုတွေ ရှိတဲ့နေရာကို ထွက်ခွာလာခဲ့တဲ့ ကျွန်မတို့တတွေ အားလုံးမှာ ညီလာခံ မပြီးခင်အချိန်ထိ တိကျတဲ့ အဖွဲ့အစည်း ဟူ၍ မရှိသေးဘဲ မိမိတို့ ရောက်ရှိတဲ့ ဒေသက လူမျိုးစုတွေ ပေးတဲ့ နေရာမှာနေကာ တိုက်ပွဲအတွက် ပြင်ဆင်တဲ့ သင်တန်းတွေကို တက်ကာ တော်လှန်ရေးဘ၀ကို လူမျိုးစုတွေဆီက သင်ယူလေ့လာနေဆဲ ကာလဖြစ်ပါတယ်။ ညီလာခံ လုပ်တဲ့အချိန်မှာ အန္ဒိယ နယ်စပ်ရောက် ကျောင်းသားများက သီးခြားပြောက်ကျား တပ်ဦးတခုကို ဖွဲ့ထားပြီးသားမို့ မပါဝင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ (၂၁) နှစ် ဒီနေ့မှာ ပြီးတဲ့ ညီလာခံမှာ ကရင်နယ်မြေရောက် ကိုယ်စားလှယ်တွေနဲ့ မွန်နယ်မြေရောက် ကိုယ်စားလှယ်တွေ အများစုဖြစ်ပြီး ကျန်တဲ့ ဘင်္ဂလားဒေရှ်၊ တရုတ်၊ အန္ဒိယ နယ်စပ်ရောက် ကျောင်းသားတွေအတွက် တပ်ရင်း နံပတ်တွေကို သတ်မှတ်ပြီး ABSDF ကို ကျောင်းသားတပ်မတော် တခုအနေနဲ့ အခိုင်အမာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒီအချိန်မှာ ကျွန်မတို့ မင်းသမီးစခန်းက ရဲဘော်တွေ အများစုက ကရင်ဆီမှာ တက်ထားတဲ့ စစ်သင်တန်းပြီးနေကြပြီ ဖြစ်ပြီး တချို့က စစ်သင်တန်း၊ ဆက်သွယ်ရေးနဲ့ ကြားဖြတ်သင်တန်း၊ ဆေးသင်တန်းတွေကို တက်နေဆဲ ကာလဖြစ်တယ်။ တောတွင်း ရောက်ရောက်ချင်း ကျွန်မတို့မှာ ဘာအဖွဲ့အစည်းမှ မရှိသေးပဲ မြို့နယ်အလိုက် ပြည်တွင်း သမဂ္ဂမှာတုန်းက ဖွဲ့စည်းပုံအတိုင်းပဲ သူ့မြို့နယ်နဲ့သူ သူ့အစုနဲ့သူ အစုအဖွဲ့လိုက် ရှိနေကြပြီးအားလုံးအတွက် နေရာထိုင်ခင်း စားရေးသောက်ရေးတွေကို ကရင်ကပဲ အစစအရာရာ တာဝန်ယူနေရတဲ့အချိန်၊ ငပိရည်နဲ့ ငှက်ပျောအူ နှစ်ပါးသွား နေရတဲ့အချိန် ဖြစ်တယ်။ မြို့ထဲကနေ အုပ်လိုက်သင်းလိုက်ကနေ နှစ်ယောက်သုံးယောက် တအုပ်စု တဖွဲဖွဲ ရောက်ရှိလာတဲ့ ကျောင်းသားတွေကို ရှေ့တန်း၊ တပ်ခွဲ စတဲ့ တထောက်နားတဲ့ နေရာတိုင်းမှာ နေစရာ စားစရာတွေ စီစဉ်ပေးကာ ခရိုင်ရောက်အောင် တောက်လျှောက်က် KNU တပ်တွေက တဆင့်ဆင့် ပို့ပေးခဲ့ပါတယ်။ ခရိုင်ရောက်တော့ စခန်းနေရာတွေ သတ်မှတ်ပေးပြီး ကရင်ကပေးတဲ့ သက်ဆိုင်ရာ သင်တန်းတွေတက်ပြီး နေနေကြပါတယ်။ ဒီလိုပဲ တဖွဲဖွဲ ရောက်လာနေကြတာ ကျွန်မတို့ စခန်းမှာတော့ ညီလာခံလုပ်နေတဲ့ အချိန်ထိပါပဲ။ တဖွဲ့ရောက်လာတိုင်း မြို့ထဲကနောက်ဆုံး ကြားသိရတဲ့ အခြေအနေတွေ မေးကြ၊ မြန်းကြတော့ ဘယ်သူကတော့ မိသွားတယ်၊ ဘယ်သူကတော့ သူ့အဖေ တိုက်တွန်းတာနဲ့ သွားအဖမ်းခံပြီး ၀န်ခံကတိလက်မှတ် ထိုးလိုက်တယ် စသည်ဖြင့် သမဂဂ္ဂမှာ လုပ်ခဲ့တဲ့ တချို့သူတွေအကြောင်းကို ကြားသိရပြီး ရှေ့လုပ်ငန်းစဉ်တွေ အတွက်တော့ ညီလာခံက ပြန်လာမည့် ကိုယ်စားလှယ်တွေကို မျှော်လင့်နေကြပါတယ်။

ညီလာခံ ကျင်းပနေချိန်မှာ ကျွန်မတို့ မင်းသမီးစခန်းက ရဲဘော်အများစုက ကျောင်းသားတွေအတွက် သတ်မှတ်ပေးထားတဲ့ ခရိုင်မြို့ကနေ မင်းသမီးချောင်းကို ဖြတ်ပြီး မိနှစ် ၄၀ခန့် တောနင်း လမ်းလျှောက်သွားမှ ရောက်တဲ့ မောင်တော်စခန်းမှာ ရှိနေကြပါတယ်။ အဲဒီမှာ KNU ပေးတဲ့ သင်တန်းတချို့ကို တက်ရင်း၊ စခန်းတည်ဆောက်ရင်းနှင့် ညီလာခံ ကိုယ်စားလှယ်တွေ ပြန်လာရင် ပါလာမည့် ရှေ့လုပ်ငန်းစဉ်တွေကို စောင့်ဆိုင်းနေကြပါတယ်။ တချို့ကတော့ KNU ခရိုင်စစ်ဌာနချုပ် ရှိတဲ့ ထီးခီးမှာ ကြားဖြတ်နဲ့ ဆက်သွယ်ရေး သင်တန်းကို တက်နေကြတယ်။ ကျွန်မတို့က ဆေးအဖွဲ့ကတော့ ခရိုင်ဆေးတပ်က ပေးတဲ့ ဆေးသင်တန်းကို ခရိုင်ဆေးရုံရှိတဲ့ ထီးထာမှာ တခြားကရင် သင်တန်းသားတွေနဲ့အတူ သင်တန်း စည်းကမ်း အတိအကျနဲ့ တက်နေရပါတယ်။ ကျွန်မတို့ ကျောင်းသားစခန်းကို ပြန်လည်ချင်ရင် စနေ၊ တနင်္ဂနွေပိတ်ရက် (သို့) ကျောင်းသားစခန်းမှာ အထူးအစီစဉ် တခုခုလုပ်စရာ ရှိမှ ခွင့်နဲ့ သွားရပါတယ်။ ကရင်တွေဆီက လူနာစောင့်ရှောက်ပုံ၊ ဆေးကုပုံ၊ ဆေးရုံမှာ အလှည့်ကျ လုပ်ငန်းလည်ပတ်ပုံ အားလုံးသင်ခဲ့ရပါတယ်။ ကရင်ဆေးတပ်က သင်တန်းဆရာတွေကလည်း သိပ်ကို စေတနာထက်သန်တော့ သင်တန်းကာလမှာ ကရင်တွေဆီက ကျွန်မတို့ ပညာတွေ အများကြီးရခဲ့ပါတယ်။

ဒီသင်တန်းမှာ အများစုက ကျွန်မတို့ ကျောင်းသားစခန်းက လာသူတွေဖြစ်ပြီး ကရင်သင်တန်းသားတွေလည်း အနည်းငယ် ပါပါတယ်။ သင်တန်းမှာ ယောက်ျားလေးတွေ အထဲက တနေ့ကိုတယောက် တာဝန်မှူး အလှည့်ကျ ယူရပြီး ဆေးရုံဂျူတီ (သို့) စာသင်ချိန်နဲ့ မဆိုင်တဲ့ တခြား နေ့တဓူဝ အလုပ်တွေ ပုံမှန် လည်ပတ်ပြီးစီးဖို့ စီမံကွပ်ကဲရပါတယ်။ ကရင်ဆီမှာ သင်တန်းတက်တော့ တန်းစီချိန် အမိန့်ပေးတာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ အားလုံးကို ကရင်လိုနဲ့ပဲ သုံးပါတယ်။ ဥပမာ - ရှေ့ကြည့်ကို မယ်ညား သတိကို ပါသား၊ သက်သာကို အိုညား၊ အေးစေကို အိုမူ ဆိုပြီး စစ်သုံး ဝေါဟာရတွေကို ကရင်လိုတွေနဲ့ပဲ သုံးရပါတယ်။ ဒါကို အကျင့်ပါသွားလို့ တခါတလေ ကိုယ့်ကျောင်းသားစခန်းမှာ တခုခုလုပ်ဖို့ သွားရင် အလံတိုင် အလေးပြုချိန်မှာ မြန်မာလိုနဲ့ အမိန့်ပေးတာကို ကျွန်မတို့ ဆေးအဖွဲ့သားတွေက လိုက်လုပ်လို့ မတတ်ပဲ ယောင်နေတယ်။ ဒါကြောင့်မို့ နောက်ပိုင်းတော့ တန်းမစီခင် ဗမာလိုနဲ့ ရှေ့ကြည့်ပြောရင် မယ်ညားကို လုပ်ရမယ်၊ သက်သာဆိုရင် အိုမူကိုလုပ်ရမယ် ဆိုတာကို ကြိုပြီး လေ့ကျင့်ရတယ်။ မှတ်စဉ်မှတ်ရင်လည်း တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး လို့ မရေပဲ ကရင်လို တဲ၊ ခီး၊ သဲ၊ လွီ၊ ရယ် လို့ပဲ ရေပါတယ်။ တာဝန်ခွဲဖို့ စကားပြောမှပဲ ဘယ်အဖွဲ့က ဘာလုပ်မယ်ဆိုတာကို ဗမာလိုနဲ့ ပြောပါတယ်။

အများအားဖြင့် မနက်ပိုင်း စာမသင်ခင် သစ်ပင်ရေလောင်းရပြီး နေ့လည် အတန်းပြီး ညနေစာ မစားခင် ညနေပိုင်းဆို ထင်းဖြတ်တာတို့ တဘက်ကမ်းမှာ ရှိတဲ့ တောင်ယာဟောင်းတွေသွားပြီး ဟင်းသီးဟင်းရွက် သွားရှာတာတို့ လုပ်ရပါတယ်။ ရိက္ခာက ဆန်၊ ငပိနဲ့ ပဲကိုပဲ ထုတ်ပေးတော့ ဟင်းသီးဟင်းရွက်ကို မစိုက်စား မရှာစားရင် အူခြောက်၊ အဟာရပြတ်ပြီး သေနိုင်ပါတယ်။ စာသင်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကို စာပဲသင်ပြီး သင်တန်းမှူးက သင်တန်းသားတွေကို သင်တဲ့စာနဲ့မဆိုင်တဲ့ တစုံတရာ ပြောစရာ ရှိရင် တန်းစီအချိန်မှာပဲ ပြောများပါတယ်။ တနေ့တော့ သင်တန်းမှူး ဗိုလ်ဝေလီယံက သင်တန်းသားတွေကို တန်းစီချိန်မှာ ပြောစရာ ရှိတယ်ဆိုလို့ တန်းစီပြီး အလုပ်တာဝန် ရှိရာနေရာကို ချက်ချင်းမသွားပဲ စောင့်နေရပါတယ်။ ရောက်လာတော့ သင်တန်းမှူးက သူပြောတဲ့အကြောင်းအရာတွေကို အောက်ကအတိုင်း ကရင်လိုတလှည့် ဗမာလိုတလှည့်နဲ့ ပြောပြတဲ့အချိန်မှာ ABSDF ဆိုတာကို ကျွန်မ ပထမဦးဆုံး စပြီး ကြားဖူးခဲ့ပါတယ်။

”ဒီနေ့ ခင်ဗျားတို့ဆီ လာပြီး ပြောရတဲ့ အကြောင်းအရာကတော့ ဗဟိုကလာတဲ့ သတင်းတွေကို ပြောပြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးစု အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု- National Democratic Front (မဒတ-NDF) နယ်မြေ အသီးသီးကို ရောက်ရှိလာတဲ့ ကျောင်းသား ကိုယ်စားလှယ်တွေက ကျွန်တော်တို့ KNU နယ်မြေမှာ အားလုံး လာရောက် စုဆုံကာ ညီလာခံတခုလုပ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-All Burma Students' Democratic Front (မကဒတ- ABSDF) ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မဒတ-NDF အတွက် သော်လည်းကောင်း၊ KNU အတွက် သော်လည်းကောင်း စစ်အာဏာရှင်ကို အတူလက်တွဲ တော်လှန်တဲ့ မဟာမိတ် အင်အားစုကြီးတခု အဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ABSDFနှင့် NDF လူမျိုးစုအဖွဲ့တွေ၊ အဝေးရောက် မြန်မာတွေ ပါဝင်ပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်-Democratic Alliance of Burma (မဒမခ- DAB) ဆိုတဲ့ တပ်ပေါင်းစုကြီးကိုလည်း ကျွန်တော်တို့ KNU နယ်မြေမှာပဲ ဖွဲ့စည်းလိုက်ပါတယ်” လို့ ပြောပြီး အရေးအခင်းကာလတုန်းက နယ်မြေလုပြီး တိုက်ပွဲဝင်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ KNU ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုလိုက်တဲ့ အကြောင်းတွေ ဆက်ပြောပြတယ်။ ပြီးတော့Statement တချို့ကို ဆက်ဖတ်ပြပါတယ်။ (မှတ်ချက်-NDF-မဒတ ဆိုတာ ကျောင်းသားတွေ မရောက်လာခင်ကတောင် ကရင်၊ မွန်၊ ကချင် စတဲ့ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ဖွဲ့ထားတဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။)

သင်တန်းမှူး ပြောပြီးလို့ ပြန်သွားပြီးနောက် တန်းလည်း ဖြုတ်ပြီးတာနဲ့ ကျွန်မက အဖွဲ့အစည်းနာမည်ကို မမှတ်မိလို့ တခြားသူတွေကို လိုက်မေးကြည့်တော့ တခြားလူတွေ အတော်များများကလည်း ကျွန်မနဲ့ ဘာမှမကွာပါဘူး သူမသာ ကိုယ်မသာပါပဲ။ “ငါတို့အဖွဲ့ အစည်းနာမည်က ဘာလဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ ဒီမိုကရက်တစ် အဖွဲ့ချုပ်ဆိုလား မသိဘူး တပ်ဦဆိုတာလည်း ကြားလိုက်တယ် မသေချာဘူး” ဆိုတာနဲ့ပဲ ပြန်ဖြေကြတယ်။ ပြီးတော့ DAB (မဒမခ) နဲ့ ABSDF (မကဒတ) ကို လည်း ကျွန်မတို့က မကွဲပဲ နာမည်တွေ ရောနေကြတယ်။ “ABSDF တဲ့ အရှည်ကြီးပဲ ခေါ်ရခက်လိုက်တာ” လို့ မှတ်မိတဲ့သူ တချို့က အဖွဲ့အစည်း နာမည်နဲ့ ပတ်သက်ပြီး တယောက်တမျိုးစီ ပြောနေကြတယ်။

အဖွဲ့အစည်း စဖွဲ့တဲ့ကာလမှာ အဖွဲ့အစည်းနာမည်ကို မှတ်မိဖို့ ကျွန်မတို့ တော်တော်လေး လေ့ကျင့်ရပါတယ်။ ကရင် သင်တန်းသားတွေကလည်း “ငါတို့ အဖွဲ့အစည်း KNU ဆိုတာ ခေါ်ရတာ လွယ်လွယ်လေး နင်တို့အဖွဲ့အစည်းကလည်း ခေါ်ရခက်လိုက်တာ ငါတို့ကတော့ ကြိုးဖိုး ဟာ ကြိုးဖိုး (ကျောင်းသား) ပဲသိတယ် ကြိုးဖိုးပဲ ခေါ်မယ်” လို့ လိုက်စပြီး ပြောနေကြတယ်။ ကျွန်မတို့ ကျောင်းသားစခန်းက လာတက်တဲ့ သင်တန်းသား ရဲမေတွေထဲမှာ နော်လားစေးဝါးဆိုတဲ့ ညီမလေး တယောက်က ကရင်ဖြစ်ပြီး မ၀င်းဝင်းမူဆိုတဲ့ အစ်မတယောက်က မွန်ဆိုတော့ မွန်နဲ့ကရင် တိုက်ပွဲဖြစ်လာခဲ့ရာက ငြိမ်းချမ်းရေး ယူလိုက်တာကို အကြောင်းပြုပြီး “လားဆေးဝါးနဲ့ မမူတော့ ငြိမ်းချမ်းရေး ယူလိုက်ပြီဟေ့ ၀မ်းသာလိုက်တာ” လို့ ကျွန်မတို့က လိုက်စတော့ “ဘယ်တုန်းက ရန်ဖြစ်တာ တွေ့ဖူးလို့လဲ” လို့ သူတို့နှစ်ယောက်က ပြန်ပြောပြီး ပြောဆိုရယ် မောနေကြတယ်။

ABSDF ပထမအကြိမ် ညီလာခံကို ကျွန်မတို့ စခန်းက ကိုကျော်ကျော် (ချင်းမိုင်)၊ ကိုကျော်ထင် (နော်ဝေ)၊ ကိုခင်မောင်ဝင်း (နော်ဝေ၊ DVB)၊ ကိုဝင်းထိန် (နော်ဝေ၊ DVB ထက်အောင်ကျော်)၊ ဦးအောင်ခင် (နေရပ်မသိ)၊ ကိုအောင်သန်းဝင်း (အမေရိက) တို့ ကိုယ်စားလှယ် ၆ ဦး သွားတက်ခဲ့တာ ၆ ဦးစလုံး ဗဟိုကော်မတီထဲမှာ အရွေးခံရလို့ စခန်းကို တော်တော်နဲ့ ပြန်မရောက်လာခဲ့ကြပါဘူး။ အဲဒီအချိန်က ကျွန်မတို့စခန်းကို ရောက်လာတဲ့ သူတွေအထဲမှာ ဆက်သွယ်ရေးပညာရှင် တယောက်မှ ပါမလာလို့ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ကရင်ကိုပဲ အားကိုးနေရတဲ့အချိန် ဖြစ်တယ်။ ကျွန်မတို့ ကျောင်းသား စခန်းကော်မတီကနေပြီး နောက်ပတ်ကျမှ ကျွန်မတို့ သင်တန်းတက်နေတဲ့ ဆေးရုံကို ရောက်လာပြီး ပြီးသွားတဲ့ ညီလာခံအကြောင်း ပိုမို အသေးစိတ်ကျတာတွေကို လာရှင်းပြပါတယ်။

ကျွန်မက အဖွဲ့အစည်းနာမည် ABSDF (မကဒတ) ကို စာအုပ်ထဲမှာ အပြည့်အစုံ ရေးမှတ်ထားလိုက်တယ်။ မဒတ (NDF)၊ မကဒတ (ABSDF) နှင့် မဒမခ (DAB) အဲဒီအချိန်မှ သေသေချာချာ ကွဲသွားတယ်။ တပ်ရင်းတွေ ဖွဲ့စည်းလိုက်တာ ရှေ့လုပ်ငန်းစဉ်တွေ နိုင်ငံရေစးစစ်ရေး လမ်းစဉ်တွေကို စခန်းကော်မီတီက အကျယ်တ၀င့်လာရောက် ရှင်းလင်းပြောပြပြီး ကျွန်မတို့တပ်ရင်းကို တပ်ရင်း (၂၀၁) လို့ သတ်မှတ်ကြောင်းလည်း အဲဒီအချိန်မှ သိရတယ်။ ဖွဲ့စည်းပုံထဲမှာ ကျောင်းသားတပ်မတော်လို့ ခေါ်တွင်စေရမည် ဆိုတာလည်းပါတော့ ကျွန်မတို့က ခေါ်ရခက်တဲ့ ABSDF တွေ မကဒတတွေကို မသုံးတော့ပဲ အဖွဲ့အစည်းကို ကျောင်းသားတပ်မတော်လို့ပဲ ခေါ်လိုက်တယ်။ တပ်မတော် ဖြစ်သွားပြီဆိုတော့ ဘယ်ကလဲမေးရင် မင်းသမီးစန်းကလို့ မပြောတော့ပဲ တပ်ရင်း ၂၀၁ ကလို့ပဲ ပြောဖြစ်တော့တယ်။ တပ်ရင်းနံပါတ်တွေကို မွန်နယ်မြေရောက် ကျောင်းသားတပ်ရင်းတွေကို ၁၀၁၊ ကရင်နယ်မြေ ၂၀၁၊ ကရင်နီ (ကယား) နယ်မြေ ၃၀၃၊ ပအို့နယ်မြေ ၆၀၁၊ ရှမ်းနယ်မြေ ၈၀၁၊ ကချင်နယ်မြေ ၇၀၁၊ ရခိုင်နယ်မြေ ၉၀၁ နဲ့ စထားပါတယ်။ အင်အား အများဆုံးကတော့ ကရင်နယ်မြေဖြစ်ပြီး ကျွန်မတို့ တပ်ရင်း ၂၀၁ က စခဲ့တာ ညီလာခံလုပ်တဲ့ နေရာမှာ ရှိတဲ့တပ်ရင်း ၂၁၁ မှာ ဆုံးပါတယ်။ ၂၁၂၊ ၂၁၄ နှင့် ၂၁၆ တို့က ပထမအကြိမ် ညီလာခံသက်တမ်းတုန်းက မရှိသေးပဲ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ညီလာခံသက်တမ်းမှာမှ ပေါလာတဲ့ တပ်ရင်းတွေ ဖြစ်တယ်။ ဒုတိယ ကျောင်းသားတပ်ရင်း အများဆုံး လူမျိုးစု နယ်မြေကတော့ လက်နက်ကိုင် လူမျိုးစုထဲမှာလည်း ဒုတိယ အင်အားအကြီးဆုံး ဖြစ်သည့် ကချင်နယ်မြေ ဖြစ်ပါတယ်။
ABSDF ပထမအကြိမ် ညီလာခံမှာ ဥက္ကဌအဖြစ် ဦးထွန်းအောင်ကျော်ကို ရွေးချယ်တင်မြောက် ခံရပြီး ဗဟို ကော်မတီ တခုကို ဖွဲ့စည်းကာ ABSDF ပေါ်ပေါက်လာခဲ့ပါတယ်။ ပထမအကြိမ် ညီလာခံပြီးမှ အဖွဲ့အစည်းဆိုတာ တိတိကျကျ ရှိလာပြီး နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး လုပ်ငန်းလည်ပတ်မှုတွေ စတင်အသက်ဝင် လှုပ်ရှားလာခဲ့ပါတယ်။ ABSDF ဟာ လက်နက်ကိုင်တိုက်ပွဲ၊ သံတမန်တိုက်ပွဲတွေ အားလုံးမှာ NDF (မဒတ), DAB တပ်ပေါင်းစုနဲ့ ပေါင်းပြီး ဦးဆောင် အခန်းကဏ္ဍမှာ ပါဝင်တိုက်ပွဲဝင်လာခဲ့ပါတယ်။ ရှေ့တန်း စစ်မြေပြင် တိုက်ပွဲတွေမှာ ရန်သူတောင်ကုန်းတွေကို သိမ်းပြီး စည်းရုံးရေး နယ်မြေတွေ ချဲ့ကာ ဖက်ဒရယ် ပြည်တောင်စုမူကို ပြည်သူကြားထဲ ချပြနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချနိုင်အောင် Lobby လုပ်ရမှာလည်း ABSDF ပါဝင်ခဲ့ပါတယ်။
ABSDF ဆိုတာ သမိုင်းရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့အဖွဲ့အစည်း တခုဖြစ်တယ်။၂၁ နှစ်ကာအတွင်း ABSDF ဟာ အသက်၊ သွေးချွေးပေါင်း များစွာကို ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး တိုက်ပွဲအတွက် ပေးဆပ်ခဲ့ပါတယ်။ ဒီလို ပေးဆပ်ခဲ့ရတာကို ကျွန်မတို့လို မသေလို့ ကျန်နေတဲ့သူတွေကသာ သွားလေသူတွေအတွက် မှတ်တမ်းတင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ABSDF ရဲ့ ၂၁ နှစ်မြောက် နှစ်ပတ်လည် ထုတ်ပြန်ကြေညာချက်အရ သေဆုံးသူနဲ့ ကျဆုံးသူ စုစုပေါင်း ၇၅၀ ရှိပြီလို့ သိရပါတယ်။ ၁၉၈၈ ကနေ ၁၉၉၉ ခုနှစ်အထိ ကျွန်မတို့ မင်းသမီးစခန်း၊ ၂၀၁ တပ်ရင်း တခုတည်းမှာ သေဆုံးကျဆုံးသူစာရင်းကို လက်လှမ်းမီသလောက် စုစည်းထားခဲ့တဲ့ စာအုပ်အထဲမှာ ၈၁ ရှိခဲ့ပါတယ်။ ၂၀၁ မင်းသမီးစခန်းက ကျဆုံးသူများရဲ့ ပုံတချို့ကို Minthamee 8888 ဘလော့ဂ်က ပြန်လည်ကူးယူပြီး တင်ပြလိုက်ပါတယ်။

တပ်ရင်း (၂၀၁) မင်းသမီးစခန်းမှ ၁၉၈၈ မှ ၁၉၉၉ ခုနှစ်အတွင်း အသက်ပေးသွား သူတချို့



၁၉၈၈ ခု၊ ကျွန်မ ၁၀ တန်း စတက်တဲ့နှစ် လူ့ဘ၀ရဲ့ အပျံသင်စ အရွယ်ကနေ ၁၉၉၈ ခုနှစ် ကုန်ခါနီးအထိ ၁၀ စုနှစ်တခုစာ ဒီအဖွဲ့အစည်းမှာ ကျွန်မ အချိန်ပေးလာခဲ့ပြီး ဒီ ၁၀ နှစ်ကာလအတွင်း ကိုယ်စိတ်နှစ်ပါးမှာ အခက်အခဲ အကြမ်းတမ်း အမျိုးမျိုးကို ရင်ဆိုင် ဖြတ်သန်းခဲ့ရသလို အမှတ်ရစရာ လွမ်းစရာများစွာကိုလည်း ဖြတ်သန်းခဲ့ရ၊ အဖိုးမဖြတ်နိုင်တဲ့ ဘ၀အတွေ့အကြုံတွေ အများကြီးကိုလည်း ရခဲ့လို့ ကျွန်မဘ၀မှာ ABSDF နှင့် ပတ်သက်သမျှ အသက်ရှင်နေသရွေ့ ဘယ်တော့မှ မေ့ပျောက် သွားမှာမဟုတ်ပါဘူး။ ဒီပို့စ်နဲ့အတူ ကျွန်မတို့ တပ်ရင်း ၂၀၁ အပါအ၀င် ABSDF တပ်ရင်း အသီးသီးမှာ တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်သွားသော ရဲဘော်ရဲမေ အားလုံးနဲ့ အတူ ခေတ်အဆက်ဆက်မှာ ဖိနှိပ်သူတွေမှန်သမျှကို တိုက်ပွဲဝင်ရင်း အသက်သွေးချွေးတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပေးဆပ်သွားခဲ့တဲ့ တိုက်ပွဲဝင်ရဲဘော်အပေါင်းနဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အားလည်းကောင်း၊ ဒီမိုကရေစီ တော်လှန်ရေးအတွက် လက်ရှိ ဆက်လက် တိုက်ပွဲဝင်လျက်ရှိသော ABSDF ရဲဘော်များ အားလည်းကောင်း ဦးညွတ် ဂုဏ်ပြုလိုက်ပါတယ်။

သွားလေသူအားလုံး ကောင်းရာသုဂတိ လားကြပါစေ..
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်..
ဒီမိုကရေစီတော်လှန်ရေး မုချအောင်ပွဲခံရမည်။

(ဒီနှစ်အတွက် အမှတ်တရပို့စ်ကို ကျွန်မတို့ စခန်းမှာ လုပ်ခဲ့တဲ့ ဒုတိယအကြိမ် ညီလာခံအကြောင်း ရေးပြီး အမှတ်တရ တင်ဖို့ စိတ်ကူးရှိခဲ့ပေမဲ့ ပို့စ်ရေးမအားလို့ အရင်နှစ် ၂၁ နှစ်မြောက်က တင်တဲ့ပို့စ်ကို ပြန်လည် ဖေါ်ပြလိုက်ပါတယ်။)




24 comments:

အကျယ်တ၀က် ကို အကျယ်တ၀င့် ပြောင်းပြီးရင်
ဒီကွန်မန့်ကို ဖျက်ပစ်ပါ မငယ်။

ပြည်သူ့ အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသူများ ကောင်းရာမွန်ရာရောက်ပါစေ။ နောက်နောင်ဘ၀တွေမှာ အာဏာရှင် အုပ်ချုပ်သော အစိုးရများလက်အောက်မှာ မမွေးဖွား မနေကြရပါစေနဲ့ ။ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့သူများ၊ ကျဆုံးခဲ့သူများအား ဂုဏ်ယူအလေးပြုလိုက်ပါတယ်။

ညို

မငယ်တို့ ၂၀၁ တပ်ရင်းက နေ အစောဆုံး ကျဆုံးသွားသူတွေထဲက ကိုကျော်အောင် က ကျနော်နဲ့ သထုံဆောင်မှာ အခန်းခြင်းကပ်လျက်ပါ သူငယ်ချင်းတွေပါ ကိုကျော်အောင်ရဲ့ အခန်းဖေါ် ကိုကျော်စိုးသတင်းရရင် ကျနော့်ကိုပြောပါဦးဗျာ ကနေဒါရောက်နေတယ်ကြားပါတယ် သူတို့ မင်းသမီးကို အတူထွက်လာတယ်လဲကြားပါတယ် ဒုတိယနှစ် စိတ်ပညာမှာ သူတို့၂ ဦးက အတန်းတူအခန်းတူပါ ကျနော်က .ထိုင်းရောက်မှ ဓါတ်ပုံကြည့်ရတာရယ် ဖြစ်ကြောင်းကုန်စင်ရယ် သိရတာပါ.

ပျောက်ဆုံး နေသူ လူ တစ်ယောက် ကို အစဖော် ပေးတဲ့ မငယ် ကို ကျေးဇူ ကမ္ဘာ ပါ

ABSDF ပေါ်ပေါက်လာပုံနှင့် ကျမ၏ အစောပိုင်းကာလ ဒိုင်ယာရီ (အပိုင်း ၁) - ၁
.
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပေါ်ပေါက်လာပုံနှင့် ကျမ၏အစောပိုင်းကာလ ဒိုင်ယာရီ

ရိုဘီနာ

February 17, 2012

အချိန်တချိန်ထဲမှာပင် တဦးနှင့်တဦး Memoir မတူကြပါ၊ တဦးက ရီနေသော်လည်း တဦးက ငိုနေရသောအချိန် ဖြစ်ကောင်းဖြစ်မည်။

ထို့ ကြောင့် (မကဒတ) နှင့်ပက်သက်ပြီး အခြားသူများအတွေအကြုံကို ကျမ မသိမှီလိုက်တာ ရှိသလို ကျမ၏အတွေ့ အကြုံကိုလည်း အခြားသူများ ကြုံချင်မှကြုံပေလိမ့်မည်။ (မကဒတ) အစောပိုင်းကာလ ဖြစ်စဉ်တချို့ ကို ကျမ၏ ဒိုင်ယာရီ နှင့် ဆရာမစီစီမာ ၏ ဒိုင်ယာရီ နှစ်ခုကို ပေါင်းကာ ရေးသား တင်ပြပေးခြင်း ဖြစ်ပါသည်။

၁၉၈၈-ခု စက်တင်ဘာလ ၁၈ .ရက်နေ့  စစ်အာဏာရှင် နေ၀င်း၊ စောမောင် အုပ်စုမှ ၈ လေးလုံး အရေးတော်ပုံကြီးအား အကြမ်းဖက်ဖြိုခွင်းပြီးနောက် ကျောင်းသားများ၊ နယ်စပ်ဒေသ အသီးသီးသို့ အခက်အခဲ မျိုးစုံဖြင့် ထွက်လာခဲ့ကြပါသည်။ ထွက်လာကြသော ကျောင်းသားများသည် -

၁။ လက်နက်ကိုင်တော်လှန်ရေး အသွင်ပြောင်းမည်ဟု ဆုံးဖြတ်ထားပြီး ထွက်လာသောအုပ်စု

၂။ စစ်အာဏာရှင်တို့၏ ဗရမ်းဗတာ ဖမ်းဆီး နှိပ်စက်မှုကြောင့် ဘာမှ စဉ်းစားဆုံးဖြတ်ချိန် မရဘဲ ရှောင်တိမ်းလာခဲ့ရသောအုပ်စု

၃။ မည်သည့် နည်းဖြင့်မဆို စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အကောင်းဆုံးနည်းလမ်းများ ရှာကာ ဆက်လက် တိုက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက် ချထားသောအုပ်စု တို့ ဖြစ်သည်။

ကျမတို့ မြ၀တီ အဖွဲ့ မှာ ယခုချိန်တိုင် တာဝန်ထမ်းဆောင်နေသော (မကဒတ) စစ်ရေးတာဝန်ခံ ကိုထွန်းထွန်း နှင့် ကျောင်းဆရာမ လေးဦး မှ ဦးဆောင်ကာ ကျောင်းသား ၁၃၇ ဦးနှင့်အတူ ထိုင်းဘက်ကမ်းသို့ ပထမဆုံး ထွက်လာခဲ့ကြသော အဖွဲ့ ဖြစ်သည်။ ပထမဦးစွာ မယ်တော် မြန်မာဘုန်းကြီးကျောင်းတွင် ယာယီ ခိုနားခဲ့ကြပြီး ထိုင်းရဲများ၏ ခေါ်ဆောင်သွားမှုဖြင့် (KNU) ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ သေဘောဘိုး စခန်းသို့ ရောက်ရှိခဲ့ကြသည်။

သေဘောဘိုး ဈေးသို့ ရောက်စအချိန်က ကျောင်းသား ၅၀၀၀ ကျော်ခန့် ရှိနေသဖြင့် ကရင်အမျိုးသား အစည်းအရုံးက မမျှော်လင့်ဘဲ ရောက်လာသော ကျောင်းသားများကို ကြိုဆိုကာ စားသောက်ရေးအတွက် ဖြစ်သလို အမြန် စီစဉ်ကြသည်။ တတောလုံးရှိ အသီးအရွက်များ ခူးဆွတ်ကာ "တာလပေါ့ဟင်း" ကို နိုင်နိုင် ချက်နေကြတော့သည်။

ကျမတို့ အုပ်စု ထမင်းစားရန်အတွက် မနက် ၉ နာရီ ထဲက တန်းစီခဲ့သည်မှာ နေ့ လည် ၂ နာရီ ထိုးမှ ကျမတို့ အလှည့် ရောက်ခဲ့ရသည်။

နယ်အသီးသီးမှ ရောက်လာသော ကျောင်းသားကိုယ်စားလှယ်များ စုစည်းကာ နေ့ စဉ်လိုလို ရှေ့ ဆက်မည့် ခရီးအတွက် ဆွေးနွေး အဖြေရှာကြသည်။ KNU အမျိုးသားအစည်းရုံးမှ အကြံပေးလာသည်မှာ သေဘောဘိုး နယ်မြေသို့ ရောက်ရှိလာသော ကျောင်းသား များလွန်းသည့်အတွက် အခြားစခန်များတွင် ခွဲ နေပေးကြရန် ဖြစ်သည်။

.
၁၉၈၈ ခု၊ အောက်တိုဘာလ ၁၆ ရက်နေ့ တွင် သေဘောဘိုး နယ်မြေရောက် ကျောင်းသားများ အစည်းဝေးတရပ် ပြုလုပ်ကြသည်။ (ကျောင်းသားအဖွဲ့ အစည်း အမည် ရွေးချယ်ရန်အတွက် ဖြစ်သည်။)

ထိုနေ့ တွင် ပါဝင် တက်ရောက်သူများစာရင်း
(ကျမတို့ မှတ်မိသလောက်) မှာ -

၁။ ရိုဘီနာ
၂။ စီစီမာ
၃။ ဒေါ်အေးအေးစိုးဝင်း
၎။ ယဉ်ယဉ်ထွန်း
၅။ သီသီခင် (သီသီခင်မှာ အကြောင်းတခုကြောင့် အခန်းထဲမှ ခဏ ထွက်သွားပြီး မကြာမီ ပြန်ဝင်လာသည်။)
၆။ ဆလိုင်းကိုကိုဦး
၈။ ဦးမျိုးချစ်
၉။ ကိုလှအောင်
၁၀။ စိုးမိုးလှိုင်
၁၁။ ရွှေထွန်း
၁၂။ ကိုဝမ်ဟုတ်
၁၃။ မောင်သန်းရွှေ
၁၄။ အုန်းမြင့် နှင့် အခြား အမည်မမှတ်မိသော ဦးရေများ ရှိပါသေးသည်။

အဖွဲ့ အမည်ကို ဦးမျိုးချစ်မှ "မျိုးချစ်တပ်ဦး" (သို့ ) "မျိုးချစ်ပါတီ" ၊ ကိုလှအောင်မှ "မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများပါတီ" စသဖြင့် ၁၃ မျိုးခန့် တင်ပြလာကြရာ နောက်ဆုံး ကိုလှအောင် တင်သွင်းသော အမည်အား "ပါတီ" ကို ဖြုတ်ကာ "တပ်ဦး" က ပိုမို သင့်လျော်ကြောင်း ဆွေးနွေးကြ့ပီး နောက်ဆုံးတွင် "မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး" ဟု အတည်ပြု ရွေးချယ်လိုက်ကြသည်။

"မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး" အမည်ကို ရွေးချယ်ပြီးသည့်နေ့ တွင် ကိုလှအောင်က Statement တစောင်ကို ထုတ်ပြန်ကာ သေဘောဘိုးရှိ ကျောင်းသားများနှင့် တိုင်းရင်းသား အဖွဲ့ အစည်းတချို့ ထံ ဖြန့် ဝေခဲ့သည်။ ဖတ်ရသူများရှိသလို မဖတ်လိုက်ရသူများလည်း ရှိသည်။

.
၁၉၈၈ ခု၊ နိုဝင်ဘာလ ၁ ရက်နေ့ တွင် ကရင်အမျိုးသားနယ်မြေတခုဖြစ်သော "၀မ်ခ" စခန်းတွင် နယ်စပ်ဒေသရောက် ကျောင်းသားများ ညီလာခံကို ကျင်းပခဲ့သည်။

ကျောင်းသားစခန်းတခုလျှင် ကိုယ်စားလှယ် ၃ ဦး၊ စခန်း ၅ ခု မှ ကိုယ်စားလှယ်ပေါင်း ၁၅ ဦး နှင့် တိုင်းရင်းသားအဖွဲ့ အစည်း ကိုယ်စားလှယ်များ တက်ရောက် ပါဝင်ကြပြီး ၁၉၈၈ ခု၊ နိုဝင်ဘာလ ၅ ရက်နေ့ တွင် သေဘောဘိုး ကျောင်းသားစခန်းမှ ရွေးချယ် အတည်ပြုထားသော (မကဒတ) အမည်ကို သဘောတူညီခဲ့ကြသဖြင့် ၁၉၈၈ ခု၊ နိုဝင်ဘာ ၅ ရက်နေ့ တွင် "မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး" အမည်သည် တရားဝင် ဖြစ်သွားပြီး ယနေ့ အထိ သမိုင်းတွင်သွားပြီး ဖြစ်ပါသည်။

ထိုနေ့ တွင် သေဘောဘိုး ကျောင်းသားစခန်းအပေါ်မှ မြန်မာစစ်အာဏာရှင်တပ်သည် ပူးတွဲပါ စာဖြတ်ပိုင်းများကို လေယာဉ်ဖြင့် ကြဲချသွားပါသည်။ "ကျောင်းသား တဦး ပြန်ဝင်ပါက ပို့ ပေးသူ အား ဆုငွေ ဘတ် ၅၀၀၀ ပေးမည်" ဟု ဖြစ်ပါသည်။

ရိုဘီနာ

.
ရိုဘီနာ

February 17, 2012


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) သေဘောဘိုး စခန်းတွင် ကျမ တွေ့ ကြုံခဲ့ရသော မှတ်တမ်းဒိုင်ယာရီ ပထမပိုင်းကို ဖော်ပြပြီး ယခု ဒုတိယပိုင်း အတွေ့ အကြုံများကို ဆက်လက် ဝေငှလိုက်ခြင်း ဖြစ်ပါသည်။

သို့ရာတွင် ကျမရေးသားသော အကြောင်းအရာများသည် မကဒတ ကျောင်းသား စခန်းတွင် ရှိစဉ် အညတရ ရဲမေတဦး၏ နေ့စဉ် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို ရေးသားခြင်းသာ ဖြစ်ပြီး "မကဒတ သမိုင်း" ဟု ပြော၍တော့ မရပါ၊ ရဲမေတဦး၏ ကိုယ်တွေ့ မှတ်တမ်းသာ ဖြစ်ပါသည်။

ကျောင်းသားများ ထွက်လာခါစအချိန်က ကွန်ပျူတာခေတ် မဟုတ်၊ လက်နှိပ်စက်၊ စာကူးစက်လည်း မ၀ယ်နိုင်၊ ကင်မရာပင် ရှားရှားပါးပါး အချိန်အခါ ဖြစ်သောကြောင့် စာရွက်စာတမ်းများကို လက်ရေးမူ ဖြင့်သာ ရေးခဲ့ကြရသည်။ အချက်အလက် မှတ်တမ်းများကို အစပိုင်းတွင် မည်သူမျှ ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပေ။ သို့ရာတွင် (မကဒတ) ဗဟိုကော်မတီ ဖွဲ့ စည်းပြီးချိန်မှစ၍ သမိုင်းမှတ်တမ်းတင်အဖွဲ့ က မှတ်တမ်းများ တင်ထားကြပြီး ဖြစ်ပါသည်။

၁၉၈၈ ခု၊ နိုဝင်ဘာလ ၁ ရက်နေ့ တွင် ကျောင်းသားစခန်း ၁၃ -ခုအတွက် ကရင်အမျိုးသား နယ်မြေ၊ ၀မ်းခ စခန်းတွင် ကျောင်းသားများ ညီလာခံကို ကျင်းပပြီး (မကဒတ) အမည်သည် နိုဝင်ဘာလ ၅ ရက်နေ့တွင် တရားဝင် ဖြစ်သွားပြီးနောက် ကရင်အမျိုးသား အစည်းအရုံးမှ ကျမတို့ ကျောင်းသားများအတွက် စခန်းနေရာများ ချမှတ်ပေးလိုက်ကြသည်။

ကျောင်းသားများ စခန်းတွင်းသို့ မ၀င်မီ ယာယီ အုပ်ချုပ်ရေး ကော်မတီလေးကိုလည်း ဖွဲ့ စည်းခဲ့သည်။

.
ထိုအချိန်က နယ်စပ်သို့ ရောက်ရှိလာသော ကျောင်းသားခေါင်းဆောင်များထဲတွင် ပထမဦးဆုံး ရောက်ရှိလာသော ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မောင်မောင်ကျော် သည် ထင်ရှား၍ နံမည်ရနေသူ တဦးဖြစ်သည်။

မောင်မောင်ကျော် ၏ ခေါင်းဆောင်မှု နှင့် အကြံပေးချက်များကို ကျောင်းသားအများစုက တသွေမတိမ်း လက်ခံနေသော အချိန်လည်း ဖြစ်သည်။ ကျောင်းသားများက မောင်မောင်ကျော် ကို ကျောင်းသားအားလုံး၏ ခေါင်းဆောင်တဦးအဖြစ် တင်ရန် အသင့် ရှိနေကြသည်။ ကိုမိုးသီးဇွန် မှာ အပြင်သို့ ထွက်မလာသေး၊ မြန်မာပြည်အတွင်း၌ပင် လှုပ်ရှားနေရသောအချိန် ဖြစ်သည်။

သိုသော် မောင်မောင်ကျော်မှာလည်း ခရီးများ အဆက်မပြတ် ထွက်ရပြီး အလုပ်ရှုတ်နေရသော အချိန် ဖြစ်သောကြောင့် သေဘောဘိုးဈေးတွင် ကျောင်းသားများနှင့် လာရောက် တွေ့ဆုံပြီး ခရီးပြန်ထွက်သွားရာ အချိန်မီ ပြန်ရောက် မလာနိုင်ခဲ့ပါ။

ထို့ ကြောင့် ယာယီအုပ်ချုပ်ရေး ကော်မတီ ရွေးချယ်သောအခါတွင် ကိုလှအောင် ( ရန်ကုန်လုပ်သားများကောလိပ် စိတ္တဗေဒဌာနမှဆရာ) ကို စခန်း၏ အတွင်းရေးမှုး အဖြစ် ရွေးချယ်ခဲ့ကြသည်။

ကိုလှအောင်ကို အတွင်းရေးမှုး အဖြစ် ရွှေးချယ်ပြီး ၂ ရက်အတွင်း စစ်တပ်မှ ကျောင်းသားများအတွင်း ရောနှော လွှတ်ထားသူများ၏ စည်းရုံးမှုနှင့် မြန်မာပြည်သို့  အလင်းပြန်ဝင်သွားကြောင်း ကြားသိခဲ့ရသည်။ သူနှင့်အတူ သေဘောဘိုးစခန်း၏ ပထမဆုံး မှတ်တမ်းနှင့် စာရွက်စာတမ်းများလည်း ပါသွားခဲ့သည်။

ထို့ကြောင့် ၁၉၈၈ ခု၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စခန်းကော်မတီ အသစ်ကို ပြန်လည် ရွေးချယ်ခဲ့ရသည်။

.
ထိုအတောအတွင်းမှာပင် ကျောင်းသားများအားလုံး စုပေါင်း၍ တောရိုင်းများကို ရှင်းကာ နေစရာ တဲအိမ်များကို ကိုယ်တိုင် ဆောက်လုပ်ကြရသည်။ ၀ါးခုတ်၊ သစ်ခုတ်၊ သက်ကယ်ရိတ်၊ ထမ်း၊ သယ် အလုပ်များသည် ကျမတို့ အမျိုးသမီးများအတွက် အတော် ပင်ပန်း ဆင်းရဲခဲ့ကြသည်။

သက်ကယ်ပင် တပင်စီအား ဒါးဖြင့်ခုတ်ရင်း သွေးများ နီရဲနေသည့် ကျမလက်အား ကြည့်၍ မျက်ရည်ကျခဲ့ရသည်။ ကျမကဲ့သို့ ပင် ခေါင်းနှင့် တိုင်ဆောင့်ကာ ငိုနေသော ကျောင်းသားများကိုလည်း တွေ့ နေရသည်။

သေဘောဘိုးစခန်းသည် ကျောင်းသားဦးရေ များသည့်အတွက် တပ်ရင်း ၃ ရင်း ထားရသည်။ တပ်ရင်း ၂၀၄ ၊ ၂၀၅ ၊ ၂၀၆ တို့ ဖြစ်သည်။ နောက်ပိုင်းတွင် နယ်မြေအခြေအနေကို ကြည့်၍ တပ်ရင်း (၂၀၅) ကို မိုးကဲ စခန်း ဘေးနားသို့ ၎င်း၊ ရင်း (၂၀၆) ကို ဝေါ်လေသို့ ၎င်း ရွှေ့ပြောင်းခဲ့ကြသည်။

စခန်းတွင် နေစရာ တဲအိမ်များ ဆောက်လုပ်နေစဉ်အတွင်း အမေရိကန်နိုင်ငံသား တဦးဖြစ်သော G Shate သည် စခန်းတွင်းသို့ ရောက်လာပြီး ကယ်လီဖိုးနီးယား ကျောင်းသားများ လှုဒါန်းသောငွေဖြင့် ဆေးဝါး၊ စားစရာနှင့် အသုံးအဆောင်ပစ္စည်း အချို့ ပေးအပ်ပြီး စခန်း လုံခြုံရေးကိစ္စကို စီစဉ်ရင်း စခန်းတွင် တည်းခိုနေထိုင်ခဲ့သည်။

၁၉၈၈ ခု၊ နိုဝင်ဘာ ၁၅ ရက်နေ့  ညသန်းခေါင်အချိန်တွင် ကရင်အမျိုးသားအစည်းအရုံး မှ စောတယ်နက်ဆင်သည် စခန်းတွင်းသို့ ဆိုင်ကယ်ဖြင့် ရောက်လာကာ စခန်းဥက္ကဌ အက်စ် အောင်လွင်အား မဲဆောက်ရှိ ဗိုလ်မှုးစိုးစိုး အိမ်သို့ ခေါ်ဆောင်သွားသည်။

အက်စ် အောင်လွင်မှာ မနက် ၄ နာရီအချိန်တွင် စခန်းသို့ ပြန်ရောက်လာပြီး စခန်း တခုလုံး၏ လုံခြုံရေးကိစ္စကို အရေးတကြီး ဆောင်ရွက်ကြသည်။ အကြောင်းမှာ အမေရိကန်လွတ်တော်အမတ် Dana Rohrabacher စခန်းသို့ လာရောက်မည် ဆိုသောကြောင့်ပင်။ G Shate စခန်းတွင်း ကြိုတင် ရောက်နေသည်မှာ ထိုကိစ္စအတွက် ရှေ့ပြေး လာရောက် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်လွှတ်တော်အမတ် Dana Rohrabacher သည် နေ့ လည်ဘက်တွင် စခန်းသို့ ရောက်ရှိလာပြီး ကျောင်းသားများအား နှုတ်ခွန်းဆက်စကား ပြောကြား၍ မြန်မာကျောင်းသားများအတွက် နိုင်ငံရေးအကူအညီနှင့် အခြား လိုအပ်သော အကူအညီများကို ပေးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

.
"ကျောင်းသားတဦး ပြန်ပို့ ပေးပါက ဆုငွေဘတ် ၅ ထောင်ပေးမည်" ဟု မြန်မာစစ်တပ်မှ စာထုတ်ထားသောကြောင့် ထိုင်းနိုင်ငံ၊ တက်ခ် (Tak) မြို့ က အကြီးဆုံး အာဏာပိုင်အရာရှိ တဦးသည် သေဘောဘိုး ကျောင်းသားစခန်း တပ်ရင်း (၂၀၅) သို့ ရောက်လာပြီး ကျောင်းသားများအား ပြန်ဝင်ရန် စည်းရုံးသည်။ တပ်ရင်း (၂၀၅) ကျောင်းသားများက ထိုင်းအာဏာပိုင်အရာရှိကို ဖမ်းကာ ၀က်ခြံထဲ (အချုပ်ထဲ) ထည့်ထားလိုက်ကြသည်။

ထို့ ကြောင့် သောင်ရင်းမြစ် တဖက်ကမ်း၌ ထိုင်းစစ်တပ်များ လက်နက်အပြည့် ဖြင့် နေရာယူထားကြသည်။ လက်နက်မဲ့ကျောင်းသားများမှာ မနီးမဝေးရှိ ကေအင်ယူ မူဆလင် တပ်မှ လက်နက်များကို ငှားရမ်းကာ ထိုင်းတပ်များ မြင်သာမည့် တောင်ကုန်းများပေါ်တွင် ကိုင်ဆောင်ပြခဲ့ကြသည်။

တပ်ရင်း (၂၀၅) ကျောင်းသားများ၏ အစီအစဉ်မှာ ထိုင်းအာဏာပိုင်အရာရှိထံ သဘောတူညီချက် အချို့ တောင်းဆိုကာ နိုင်ငံတကာသတင်းထောက်များရှေ့၌ သောင်ရင်းမြစ်ကူး တံတားပေါ်တွင် လွှတ်ပေးလိုက်မည့် အစီအစဉ်ကို ကမ္ဘာသိအောင် လုပ်မည်ဟု စီစဉ်ထားခြင်း ဖြစ်သည်။

သို့ သော် ရွေးချယ်ပြီးကာစ (မကဒတ) ဗဟိုကော်မတီမှ ခေါင်းဆောင် တချို့ က မလိုလားအပ်သည့် ကိစ္စများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ကေအင်ယူ နှင့် ညှိနှိုင်းကာ ကျောင်းသားစခန်း အနောက်ပေါက်မှ ထိုင်းအာဏာပိုင်အရာရှိကို လွှတ်ပေးလိုက်သည်။ တပ်ရင်း (၂၀၅) ကျောင်းသားများလည်း သူတို့ အစီအစဉ် ပျက်သွားသဖြင့် (မကဒတ) ဗဟိုကော်မတီခေါင်းဆောင်များနှင့် ပြဿနာ အနည်းငယ် ဖြစ်ခဲ့ကြသည်။

၁၉၈၈ ခု၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chavalit Yongchayuth က မြန်မာပြည်သို့ သွားပြီး ဗိုလ်ချုပ်ကြီးစောမောင် နှင့် တွေ့ ဆုံရာ ဗိုလ်ချုပ်ကြီးစောမောင်က ထိုင်းရောက် မြန်မာကျောင်းသားများကို ပြန်ပို့ ပေးမည်ဆိုက မြန်မာနိုင်ငံမှ သစ်နှင့် ငါးဖမ်းလုပ်ငန်းများကို လုပ်ခွင့်ပေးမည်ဟု ဂတိပြုလိုက်သည်။

ထို့ ကြောင့် ၁၉၈၈ ခု၊ ဒီဇင်ဘာ ၂၁ ရက်နေ့ တွင် (Tak) လေဆိပ်တွင် ကျောင်းသားများကို ပြန်ပို့ ရန် (repatriation Center) စခန်းကို ထိုင်းအာဏာပိုင်များက ဖွင့်လှစ်လိုက်သည်။

၁၉၈၈ ခု၊ ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် ပထမဦးဆုံး မြန်မာကျောင်းသား အယောက် ၈၀ ကို ထိုင်းအာဏာပိုင်များက (repatriation Certer) စခန်းမှ မြန်မာပြည်သို့ ပြန်ပို့ လိုက်ကြပါသည်။

ရိုဘီနာ

.
ရိုဘီနာ

February 17, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အစောပိုင်းကာလနှင့် ပက်သက်သော ကျမ၏ ကိုယ်တွေ့ မှတ်တမ်း ဒိုင်ယာရီ အပိုင်း (၁) နှင့် အပိုင်း (၂) ကို ရေးသားခဲ့ပြီးနောက် ယခု အပိုင်း (၃) ကို ဆက်လက် တင်ပြခြင်း ဖြစ်ပါသည်။ အပိုင်း (၃) ပြီးပါက ရပ်နားလိုက်မည် ဖြစ်ပါသည်။

အစောပိုင်း ကျောင်းသားများ ထွက်လာခါစက ရှုပ်ရှက်ခက်နေသော အခြေအနေများနှင့် (မကဒတ) ဗဟိုကော်မတီ ဖွဲ့ စည်းပြီးစ အခြေအနေများတွင် စံနစ်တကျ မလုပ်ဆောင်နိုင်ကြသေးသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ဗဟိုကော်မတီနှင့် စခန်းများအားလုံး ညှိနှိုင်း လုပ်ဆောင်မှုကြောင့် ကျစ်လစ်ခိုင်မာသော အဖွဲ့ အစည်းတခု အသွင် ပြောင်းလဲ လုပ်ဆောင်နိုင်ပြီ ဖြစ်သောကြောင့် နောက်ပိုင်း သမိုင်းမှတ်တမ်းများမှာလည်း (မကဒတ) ဗဟိုကော်မတီမှ စုဆောင်း တင်ပြထားသော မှတ်တမ်းများနှင့် ဆက်စပ် တူညီနေမည်သာ ဖြစ်သည်။

.
ယခု ရေးသားထားသော မှတ်တမ်းများမှာ စီစီမာ၊ ရိုဘီနာ နှင့် ကဗျာဆရာ အောင်သာငယ် တို့ ၏ ကိုယ်တွေ့ မှတ်တမ်းများကို စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။

၁၉၈၈ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် ပထမဦးဆုံးအကြိမ် မြန်မာကျောင်းသား အယောက် ၈၀ ကို ထိုင်းအာဏာပိုင်များက (repatriation center ) မှတဆင့် မြန်မာပြည်သို့ ပြန်ပို့ ခဲ့ပြီးနောက်

၁၉၈၉ ခု၊ ဇန္န၀ါရီလ ၇ ရက်နေ့ တွင် နောက်ထပ် ကျောင်းသား ၂၆ ယောက်အား ပြန်ပို့ ရန် ပြင်ဆင်နေသဖြင့် ၄င်းကျောင်းသား ၂၆ ယောက်က မြန်မာပြည် ပြန် မပို့ ရန်အတွက် (repatriation center) မှာပင် ငုတ်တုတ်ထိုင်ကာ အစာငတ်ခံ ဆန္ဒပြကြသည်။ သို့ သော် ထိုင်းအစိုးရက အတင်းအဓမ္မ ရန်ကုန်သို့ ပြန်ပို့ လိုက်ကြသည်။

၁၉၈၉ ခု၊ ဇန္န၀ါရီလ ၁၀ ရက် နေ့ တွင် Amnesty International က ကျောင်းသားများကို မြန်မာပြည်သို့ ပြန်မပို့ ရန် ပြောဆိုတင်ပြခဲ့သော်လည်း ထိုင်းအစိုးရက လက်မခံသည့်အပြင် မြန်မာကျောင်းသားအားလုံး ၁၉၈၉ ခု၊ ဖေဖေါ်ဝါရီလ ၂၈ ရက် နေ့  နောက်ဆုံး ပြန်ရမည်ဖြစ်ကြောင်း၊ မပြန်ပါက ထိုင်နိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် စွဲချက်တင်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာခဲ့သည်။

.
သေဘောဘိုးစခန်းသို့  အမေရိကန်လွတ်တော်အမတ် လာရန်အတွက် ရှေ့ ပြေးစီစဉ်သူ G Shate သည် သေဘောဘိုးစခန်း ဥက္ကဌ အက်စ် အောင်လွင်နှင့် ၁၉၇၉ ခုနှစ်ကစ မြို့ ပြကျေးရွာဖွံ့ ဖြိုးရေး အတူ တွဲလုပ်ခဲ့သူ အမေရိကန်လူမျိုး Max E နှင့် အဆက်အသွယ် ပြန်ရရန် စီစဉ်ပေးခဲ့သဖြင့် Max E က ဆေးများ၊ First Aid Kid များ ပေးအပ် ကူညီ၍ စခန်းသို့ မကြာခဏ ရောက်လာသည်။ ထိုင်းကျောင်းသားခေါင်းဆောင်ဟောင်း (Sam Kalayanee) အား ခေါ်လာပြီး ထိုင်းကျောင်းသားနှင့် မြန်မာကျောင်းသားများ အတူ တွဲ လုပ်ဆောင်နိုင်ကြောင်း အကြံပေးခဲ့သည်။

Max E က မြန်မာကျောင်းသားများ နယ်စပ်ဒေသများသို့ ရောက်နေကြောင်း ကမ္ဘာ သိစေရန်အတွက် Canal စာစောင်မှ "A Call to Action" ဆောင်းပါးကို ရေးသား ထုတ်ဝေလိုက်သဖြင့် ဘန်ကောက်ရှိ အဖွဲ့ အစည်း အသီးသီးက ဆက်သွယ်လာကြသည်။ ပထမဦးဆုံး (JRS) မှ ထရီးစ် ဆိုသူ အမေရိကန်အမျိုးသမီး တဦးရောက်လာပြီး ပထမပိုင်းတွင် စခန်းအလိုက် အကူညီများ ပေးခဲ့ပြီး နောက်ပိုင်းတွင် မြန်မာပြည်ထောက်ပံ့ရေးကော်မတီ အဖွဲ့  ဖွဲ့ ကာ ဗဟိုကော်မတီ၊ ဒေသကော်မတီ၊ စခန်းကော်မတီအသီးသီး ကို လစဉ်ပုံမှန် စံနစ်တကျ ပံ့ပိုး ကူညီခဲ့ကြသည်။

ဤကဲ့သို့ ဖြစ်မြောက်လာရေးအတွက် စွမ်းဆောင်ခဲ့သူများအနက် Max E ၊ ထရီးစ် ၊ ပီပါတို့ သည် အဓိက ကြိုးပမ်း ကူညီပေးခဲ့ကြသူများ ဖြစ်သည်။

ထို့ အပြင် Max E က တောတွင်းရောက် ကျောင်းသားများအကြောင်းကို ကဗျာ၊ ဆောင်းပါး များနှင့် မှတ်တမ်းတင်ကာ "Voices from the Jungle" အမည်ဖြင့် ဂျပန်အဖွဲ့ ၏ အကူအညီကို ယူကာ ထုတ်ဝေခဲ့သည်။

ကျောင်းသားများ တောတွင်းဘ၀ကို "A Cry from Shwedagon" အမည်ဖြင့် နောက်ခံအသံနှင့် ရုပ်သေဇာတ်လမ်း ထုတ်ဝေခဲ့သည်။ ( မကဒတ ) Dawn အင်္ဂလိပ် စာစောင် နှင့် ဒေါင်းအိုးဝေမြန်မာ စာစောင်ကို Max ရုံးခန်းမှာပင် ပထမဦးဆုံး စတင် ထုတ်ဝေနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ Max ၏ အိမ်သည် မြန်မာကျောင်းသားများအတွက် စည်းရုံးရေးသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ပြန်ကြားရေးသင်တန်း နှင့် ဓါတ်ပုံသင်တန်း ပေးသော နေရာတခုပါ ဖြစ်လာခဲ့သည်။

.
၁၉၈၉ ခု ဧဗြီလ ၃ ရက် နေ့ တွင် သေဘောဘိုး စခန်းမှ ပထမဦးဆုံး Community Organizing Training (CO) သင်တန်းကို ကိုအောင်သန်း၊ ရိုဘီနာ နှင့် စီစီမာ တို့ က ဘန်ကောက်တွင် တက်ရောက်ခဲ့ကြသည်။

မကဒတ စစ်ရေးဘက်၌လည်း နယ်စပ်တလျှောက် စခန်းပေါင်း (၁၃) ခု နှင့် တပ်ရင်းပေါင်း (၁၇) ရင်း ဖြစ်လာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံခန့် ခွဲမှုအောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ ထိန်းချုပ်ရာ ဒေသတွေမှာ ရှိတဲ့ တပ်မဟာ နံပါတ်တွေကိုလိုက်ပြီး မကဒတ (ABSDF) တပ်ရင်းများကို ဖွဲ့ စည်းခဲ့ပါတယ်။

တပ်မဟာ (၄) မှာရှိတဲ့ မင်းသမီးစခန်း၊ မိုးတောင်စခန်းရဲ့ တပ်ရင်း (၂၀၁)၊ (၂၀၂) (၂၀၃)၊ တပ်မဟာ (၆) မှာ ရှိတဲ့ သေဘောဘိုးစခန်းရဲ့ တပ်ရင်း (၂၀၄)၊ (၂၀၅)၊ မိုးကဲစခန်းရဲ့  တပ်ရင်း (၂၀၆)၊ တပ်မဟာ (ရ) မှာရှိတဲ့ ရေကျော် စခန်း၊ စောထ စခန်း၊ သံလွင် စခန်း၊ ၀မ်းခ စခန်းတွေဖြစ်တဲ့ (၂၀၇)၊ (၂၀၈)၊ (၂၀၉)၊ (၂၁၀)။

မွန်ပြည်သစ်ပါတီ (New Mon State Party - NMSP ) ထိန်းချုပ်မှုအောက် ဘုရားသုံးဆူစခန်းမှာရှိတဲ့ မကဒတ တပ်ရင်းတွေကို တပ်ရင်း (၁၀၁)၊ (၁၀၂) ဆိုပြီး ဖွဲ့ ခဲ့ပါတယ်။

ကရင်နီပြည်တိုးတက်ရေးပါတီ (Karenni People Progressive Party - KNPP) ထိန်းချုပ်ရာဒေသမှာ ရှိတဲ့ မကဒတ အင်အားစုတွေကို တပ်ရင်း (၃၀၁)၊ (၃၀၃) ဆိုပြီးဖွဲ့ စည်းခဲ့ပါတယ်။

ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (Kachin Independent Organization - KIO) ထိန်းချုပ်ရာအောက်မှာ ရှိတဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Kachin Independent Army - KIA ) ဒေသတွင် မကဒတ တပ်ရင်း (၄၀၁) ဆိုပြီး ဖွဲ့ ခဲ့ပါသည်။

ဗမာပြည် အလယ်ပိုင်း အလွန် ရှုပ်ထွေးသည့် နေရာဖြစ်သော ပအို့ ပ် နယ်မြေတွင် ပအို့ ပ်အမျိုးသားအစည်းအရုံး ( Pa-Oh National Organization - PNO) ထိန်းချုပ်ရာနယ်မြေ၌ မကဒတ တပ်ရင်း (၆၀၁) ဆိုပြီး မကဒတ တပ်ရင်းများကို ဖွဲစည်းနိုင်ခဲ့ပါသည်။

.
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ သဘောထား ကြေငြာချက်

ရည်မှန်းချက် -

(က) အဖိနှိပ်ခံ တိုင်းရင်းသားများနှင့် ပြည်သူတရပ်လုံး၏ ဘ၀လွတ်မြောက်ရေး။

(ခ) စစ်မှန်သော ဒီမိုကရေစီ ရရှိရေး။

(ဂ) ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး စည်းလုံးညီညွတ်ရေး။

(ဃ) ကမ္ဘာ အဆင့်မီ ရင်ဘောင်တန်း၊ တိုးတက် သာယာဝပြောသော ပြည်ထောင်စု တည်ဆောက်ရေး။



ယုံကြည်ချက် -

ပြည်သူလူထုမှ အမှန်တကယ် ရွေးချယ်တင်မြောက်ခြင်း မရှိသော တိုင်းပြည်၏ အာဏာအား ပြည်သူလူထုလက်မှ မတရား အဓမ္မ လုယူ အုပ်စိုးသော အစိုးရသည် နိုင်ငံနှင့်လူမျိုးအား ဆုတ်ယုတ်မှု ဆိုးကျိုးနှင့် အနိဋ္ဌာရုံများကိုသာ ဖြစ်ပေါ်စေမည်ဟု ယုံကြည်သည်။

ဒီမိုကရေစီဝါဒ နှင့်လူ့ အခွင့်အရေးကို အခြေခံ၍ ပြည်သူလူထုမှ ကြည်ညို လေးစားသော ခေါင်းဆောင်နှင့် အစိုးရသည်သာ တိုင်းပြည်၏ အနာဂတ်ဘ၀ကို ဦးဆောင်နိုင်မည်ဟု ယုံကြည်သည်။

ထိုယုံကြည်ချက်အတိုင်း ကြိုးပမ်းသော ကျွန်ုပ်တို့ နှင့်ထိုက်တန်သော တိုင်းပြုပြည်ပြု အစိုးရ တရပ် မုချ ပေါ်ထွန်းလာမည်ဟု ကျွန်ုပ်တို့ အကြွင်းမဲ့ ယုံကြည်သည်။



ဦးတည်ချက် -

နိုင်ငံ၏အုပ်ချုပ်မှု အာဏာအား ပြည်သူလူထု အကျိုးစီးပွားအတွက် အမှန်တကယ် ရှေ့ရှု အသုံးချသော မူလ အရင်းအမြစ် မှန်ကန်သည့် တိုင်းပြု ပြည်ပြု ဒီမိုကရေစီအစိုးရ တရပ် ပေါ်ထွန်းလာရေးသို့ ဦးတည်သည်။

ပြည်ထောင်စုအတွင်း တိုင်းရင်းသားအားလုံး ညီညွတ်စွာဖြင့် တန်းတူညီတူ ယှဉ်တွဲ နေထိုင်ရေး သို့ ဦးတည်သည်။

ဒီမိုကရေစီဝါဒ ကို အခြေခံ၍ တည်ဆောက်ထားသော ကမ္ဘာအဆင့်မီ ဖွဲ့ ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်ရေးသို့ ဦးတည်သည်။



ခံယူချက် -

ကျွန်ုပ်တို့ သည် အမိနိုင်ငံအတွက် ဘ၀ပေးအသိဖြင့် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးသမားများ အဖြစ် ခံယူသည်။

ပြည်သူအတွင်းမှ ပေါက်ဖွားလာသည့် ပြည်သူ့ ရင်နှစ်သည်းချာများဖြစ်သည့် ကျွန်ုပ်တို့ သည် ပြည်သူအကျိုးစီးပွားကို ထာဝရ စောင့်သိလျက် ပြည်သူ့ ဘက်မှသာ အစဉ် ရပ်တည်ရမည်ဟု ခံယူသည်။

တိုင်းပြည်နှင့်လူမျိုး ဂုဏ်သိက္ခာ ကျဆင်းစေမည့်၊ နိုင်ငံတိုးတက်မှုကို ဆုတ်ယုတ် ပျက်စီးစေမည့်၊ ပြည်သူလူထုအား ဘ၀အနိဋ္ဌာရုံ အမျိုးမျိုးကို ဖြစ်ပေါ်စေမည့်၊ မည်သည့်ပါတီ၊ မည်သည့် အစိုးရအဖွဲ့ ကိုမဆို ဆန့် ကျင် တိုက်ဖျက်သွားမည်ဟု ခံယူသည်။

ရိုဘီနာ

(Credit - ကိုဝိုင်ဝိုင်ကေ)

.
ပြန်လည်ထုဆစ်ခြင်း

သမိုင်းရဲ့ ကောက်ကြောင်းကိုပြန်လည်ထုဆစ်ဖို့ 
မိုးမခတောကိုလွမ်းရဦးမယ်
မင်းသမီးရေ
... ငါတို့ စေတနာမင်းအသိဆုံးပါ
သံလွင် သောင်ရင်းဆိုတာ
ဘ၀ရဲ့ တက္ကသီလာပေါ့
ပုဂ္ဂိုလ်မစွဲဘူး
ဝါဒမစွဲဘူး
ဂိုဏ်းမစွဲဘူး
နယ်မြေမစွဲဘူး
ဒါပေမယ့်
မကဒတ ကိုတော့စွဲတယ်။ ။
အကွေ့ အကောက်ကိုတစေ့တစောင်းငှဲ့ ကြည့် မှ
ပြက္ခဒိန်ကြားကကြော်ငြာ
ဒေါသကိုလက်ရပ်ခေါ်လို့ 
ရန်ငါစည်း
ပန်းတိုင်ခရီးဝေးစေဦးတော့
ရေမြေအဆုံးထိရှာရဦးမှာပေါ့။ ။

အပြာရောင်မီးအိမ်
၂၂၊၂၊၂၀၁၂



မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)
အဖွဲ့အစည်း တည်ထောင်ခြင်း (၂၄) နှစ်မြောက် ထုတ်ပြန်ကြေငြာချက်


(၁) ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့သော မကဒတ (ကျောင်းသားတပ်မတော်) သည် -
- တိုင်းရင်းသား လူမျိုးပေါင်စုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး
ဟူသော နိုင်ငံရေး ဦးတည်ချက်လေးရပ်ကို အခိုင်အမာ ကိုင်စွဲလျက် ၂၄ နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့ပြီး ဖြစ်သည်။


(၂) ဤ ၂၄ နှစ်တာ တော်လှန်ရေးခရီးကြမ်း အတွင်း မကဒတ (ကျောင်းသားတပ်မတော်) မှ ကျဆုံး ရဲဘော် ၆၂၇ ဦး၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၉၉ ဦး ပေးဆပ်ခဲ့မှုအား အလေးအနက် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ ထို့အတူ အခက်အခဲ အကျပ်အတည်းများမှ ယနေ့တိုင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲများနှင့်အတူ ယုံကြည်ချက် ခိုင်မာစွာဖြင့် ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည့် မကဒတ ကျောင်းသားတပ်မတော် ရဲဘော်များ အားလုံးကို ဦးညွတ် အလေးပြုလိုက်ပါသည်။


(၃) ယနေ့ကာလသည် မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်များ ဖြစ်ထွန်းနေသည်ဟု ရှုမြင်သည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်တွင်း နိုင်ငံရေးထဲ ပါဝင်နေခြင်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ကိုယ်တိုင် လူထုကြားတွင် နိုင်ငံရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်လာခြင်း၊ နိုင်ငံတကာ အင်အားစုများက မြန်မာနိုင်ငံအပေါ် ယခင်ထက် ပိုမိုနီးကပ်စွာ လက်တွဲ ဆောင်ရွက်လာခြင်း၊ လွှတ်တော်နှင့် အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုသည့် ဝေါဟာရများအား တရားဝင် ထုတ်ဖော် ပြောဆို လာနေသည့် ကာလ ဖြစ်သည်။

သို့သော် ပြည်သူလူထု၏ မြေယာပိုင်ဆိုင်ခွင့် အပါအ၀င် အခြေခံ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ရပိုင်ခွင့်များ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အခွင့်အရေးများအတွက် ဆက်လက် တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။ ထို့ပြင် ယနေ့ နိုင်ငံရေးဖြစ်စဉ်မှာ အင်အားစုအားလုံး အတူတကွ အလုံးစုံ ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခြေအနေ မရောက်ရှိသေးပေ။ သတိရှိရှိဖြင့် အကန့်အသတ်များကြားမှ ထိတွေ့ ဆက်ဆံနေရသည့် ကာလဟု မှတ်ယူသည်။

.
ABSDF တည်ထောင်ခြင်း (၂၄) နှစ်မြောက် ထုတ်ပြန်ကြေငြာချက် - ၁ (အထက်) မှ အဆက် -


(၄) တဆက်တည်းတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေ ကျောရိုးပေါ်မှ ပေါ်ထွက်လာသည့် လွှတ်တော်နှင့် အစိုးရ ကိုယ်တိုင် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်း၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ စကားပြောနေခြင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေခြင်းများကို အပြုသဘောအနေဖြင့် ကြိုဆိုသည်။ သို့သော် နိုင်ငံရေး ပြဿနာများကို မှန်ကန်စွာ ဆွေးနွေး အဖြေရှာခွင့် မရှိသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ သမိုင်းသင်ခန်းစာကို မိမိတို့အားလုံး ကောင်းစွာ ထုတ်ယူကြရန် လိုသည်။ ထို့ကြောင့်

(က) ယနေ့ကာလဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲသွားရန်အတွက် လက်ရှိ အစိုးရ အနေဖြင့် တတိုင်းပြည်လုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိဖြင့် ဆောင်ရွက်ရေး၊

(ခ) တရားမျှတမှု (Justice)၊ တန်းတူရည်တူရှိမှု (Equality) နှင့် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့်ရှိမှု (Political Rights) တို့ကို ဂုဏ်သိက္ခာရှိစွာ ရှာဖွေ ဖော်ထုတ်နိုင်မည့် နိုင်ငံရေး အင်အားစုအားလုံး ကိုယ်စားပြု ပါဝင်နိုင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေး၊

(ဂ) ထိုမှတဆင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအဝင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေး တို့အတွက် ကြိုးစား ဆောင်ရွက်ကြရမည်ဟု အလေးအနက် ယုံကြည်သည်။
သို့မှသာ ရည်ရှည် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည့် ရလဒ် ကောင်းများကို ရရှိမည် ဖြစ်သည်။


(၅) ဤပကတိ နိုင်ငံရေးအခြေအနေအောက်တွင် မိမိတို့ မကဒတ (ကျောင်းသားတပ်မတော်) အနေဖြင့် ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံ စကားပြောမှုများ ရှိနေသလို တဖက်တွင်လည်း ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီအင်အားစုများ၊ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့်အတူ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကာ တတိုင်းပြည်လုံး လက္ခဏာဆောင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အခိုင်အမာ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခု ကျရောက်သည့် ၂၄ နှစ်မြောက် မကဒတ (ကျောင်းသား တပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ တွင် ထုတ်ပြန်အပ်ပါသည်။


ဒီမိုကရေစီ အရေးတော်ပုံ မုချ အောင်ရမည်။
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ ကျောင်းသားတပ်မတော်)
ရက်စွဲ။ ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်


http://www.facebook.com/groups/friendsofabsdf/permalink/375599942514624/


(Friends of ABSDF @ facebook မှ ကူးယူ ဖော်ပြသည်။)

.
2012-11-01


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်း တည်ထောင်တဲ့ ၂၄ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) နယ်မြေမှာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။


အခမ်းအနားမှာ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌ ဦးသံခဲက လက်ရှိ မြန်မာနိုင်ငံရေး ပြောင်းလဲမှုအခြေအနေနဲ့ အေဘီအက်စ်ဒီအက်ဖ် ရပ်တည်ချက်ကို အခုလို ပြောကြားခဲ့ပါတယ်။

“(၂၄) နှစ်မြောက် အခမ်းအနားမှာ ရဲဘော်ထုကြားမှာ တင်ပြခဲ့တဲ့ အချက် ရှိပါတယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်တွေ ဖြစ်ထွန်းနေတယ် ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အခင်းအကျင်း ဖြစ်ထွန်းမှုတွေဟာ အားလုံးအတွက် လိုက်ပါ ပါဝင်နိုင်တဲ့ အခြေအနေမျိုး ရောက်ဖို့အတွက် အလုပ်တွေ အများကြီး လုပ်ရမယ် ဆိုတာ ကျနော်တို့ တင်ပြပါတယ်။ ပြည်သူတွေရဲ့ အခြေအနေက မြေယာပိုင်ဆိုင်ခွင့်၊ အခြေခံစားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ရပိုင်ခွင့်တွေ... အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတွေ အဲဒါတွေ အတွက် ဆက်လက် တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ် ဆိုတာကို ကျနော်တို့ ရှုမြင်ပါတယ်။ ဒါကြောင့်မို့ ရပ်တည်ချက်ကိုပြောရင် ကျနော်တို့က လူထုဘက်က ရပ်တည်ရမယ်။ နောက်တစ်ခုက တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းတွေဘက်က ရပ်တည်ရမယ်။ ဒီ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေနဲ့ အတူ လက်တွဲပြီး ဒီအပြောင်းအလဲကို အေဘီအက်စ်ဒီအက်ဖ် အနေနဲ့ ကြိုးပမ်းရမှာပဲ ဖြစ်တယ်။”

အလားတူ အခမ်းအနားကို ကချင်ပြည်နယ်မှာ အခြေစိုက်တဲ့ မြောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF- မြောက်ပိုင်း) မှာလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

(RFA)


.
(ခေါင်းစဉ်ကို နှိပ်ပြီး ABSDF ဥက္ကဌ ကိုသံခဲ ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။)

(RFA)



ABSDF တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
(ကျောင်းသားတပ်မတော်)

ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ ( ၂၇ ) ရက်။


သို့
မကဒတ ဥက္ကဌ (ဟောင်း) များ အားလုံး၊
မကဒတ အတွင်းရေးမှူး (ဟောင်း) များ အားလုံး၊
မကဒတ ဗဟိုကော်မတီဝင် (ဟောင်း) များအားလုံး၊
မကဒတ တပ်ဖွဲ့ဝင် (ဟောင်း) များ အားလုံး။


အကြောင်းအရာ။ ။ မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအား မကဒတ (မပ) လိုင်ဇာတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက် ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်။
အချိန်။ ။ နံနက် ၀၈း၀၀ နာရီ။
နေရာ။ ။ မကဒတ (မပ) လိုင်ဇာ။


ချစ်ကြည်လေးစားစွာဖြင့်

ရဲဘော် ဆန်နီ
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
(ကျောင်းသားတပ်မတော်)

ABSDF Hq
2013 October 27


မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


on.fb.me/16Hm6bJ



ကျနော်၏ မကဒတ (၂၅) နှစ် ပြည့်မြောက် သ၀ဏ်လွှာ

ကိုကိုဦး၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) အထွေထွေအတွင်းရေးမှူးဟောင်း


မကဒတ (၂၅) နှစ်လည်း ပြည့်ခဲ့ပြီ။


ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကို မမေ့နိုင်ခြင်းဟာ သတိရခြင်းထက် ပိုတဲ့ တော်လှန်ရေးရဲ့ အမှတ်တရရုပ်ပုံလွှာတွေပါ။


ဘယ်သူတွေ ဘာပြောပြော အစစ်အမှန်စွန့်လွှတ်ခြင်း တွေဟာ အချောင်သမားတွေ၊ အခွင့်အရေးသမားတွေကို အမြဲတန်း ခြောက်လှန့်နေဦးမယ်။


တော်လှန်ရေးသတိ အမြဲမပြတ် ရှိခြင်းဟာ တော်လှန်ရေးလုပ်ရင်း သတိလက်လွတ်ဖြစ်သွားသူတွေကို တည့်မတ်ပေးနိုင်တဲ့ အင်အားဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။


ဒီယုံကြည်ချက်အတိုင်း ကျနော်တို့အားလုံး သမိုင်းတစ်ခုရဲ့ ဖြစ်တည်မှုကို မျက်ခြေပြတ်ခံလို့ မဖြစ်ဘူး၊ ဖြစ်လိုရာဖြစ်ပါစေ လို့လည်း
မျက်နှာလွှဲထားလို့ မရနိုင်ဘူး။


တကယ့်ကို အရိုးသားဆုံး ပေးဆပ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေရဲ့ သစ္စာကိုစောင့်တည်ဘို့ ကျနော်တို့အားလုံး ရှိနေတယ်လို့ ယုံကြည်နေလို့ပဲ။


ကိုကိုဦး (၈၈ သူပုန်မျိုးဆက်)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့


( ကိုကိုဦး (ခေါ်) ဆလိုင်းကိုကိုဦး ဟာ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပြီး နောက်တော့ ABSDF အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ )



ABSDF အထွေထွေအတွင်းရေးမှူးဟောင်း ကိုကိုဦး ၏ ABSDF တည်ထောင်ခြင်း (၂၅) နှစ် ပြည့် သ၀ဏ်လွှာ


https://www.facebook.com/ko.oo2/posts/606290499407163

ABSDF ငွေရတုသဘင်သို့ ကဗျာ


မောင်ကို (ထပ်ခနွန်-ထောင်ဖာဖုံ)


ဒေါင်းမာန်ဝင့်ချီ သွေးရဲနီသည်
သမိုင်းတခေတ် တော်လှန်နှစ် (၈၈) မှာ
တော်လှန်တဲ့အသိ မွေးခဲ့ကြသည် ခွပ်ဒေါင်းနီ။

အရေးကြီးပြီ ညီနောင်အပေါင်းတို့
ကိုမွန်းအောင် ဆိုခဲ့တဲ့ တော်လှန်တေးသီချင်း
ခွပ်ဒေါင်းမာန်ကို နှိုးဆွ စိတ်မာနကို အပ်နှင်း
လက်ချင်းတွဲယှက်မြဲလျှက် ခွပ်ဒေါင်းတို့ သွေးမပျက်ခဲ့။

ခေတ်အဆက်ဆက်
အာဏာရူး စစ်ဘီလူးတွေကို အန်တု
သေမှာကို ခွပ်ဒေါင်းတို့ မမှုခဲ့။

တရားသောစစ်မှာ
ငါတို့ဝိညာဉ်သာ ကျန်နေရစ်ပါစေ
အသက်နဲ့သွေး တို့စတေးခဲ့သည်
မာန်ဟုန်ဝင့်ချီ ခွပ်ဒေါင်းနီ။


မောင်ကို
(ထပ်ခနွန်-ထောင်ဖာဖုံ၊
ခေတ္တ အမေရိကန်)


၂၅ နှစ်မြောက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
ငွေရတုသဘင်သို့



ABSDF ငွေရတုသဘင်သို့ ကဗျာ (မောင်ကို)


https://www.facebook.com/ko.oo2/posts/606290499407163