မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၁၅ နှစ်မြောက်နှင့် နှစ်သစ်အမှတ်တရ


ဒီနှစ် နှစ်သစ်ကူး မီးပန်းဖေါက်တာကို အရင်နှစ်ကလို မြို့ထဲမှာ သွားမကြည့်တော့ဘဲ အိမ်ကနေပြီးပဲ တီဗွီမှာ Live Show ပြတာကို ထိုင်ကြည့်လိုက်တယ်။ ညက အိမ်ရာဝင် နောက်ကျခဲ့ပြီး နေ့တာရှည်တဲ့ နွေရာသီလည်း ဖြစ်တော့ ဒီမနက်မိုးလင်း ခါတိုင်းလိုပဲ အိပ်ရာထ ဘုရားရှိခိုးတဲ့အချိန်မှာ အပြင်မှာ မိုးစင်စင်လင်းနေပါပြီ။ အပြင်မှာ လင်းနေပေမဲ့ ခန်းဆီးပိတ်ထားလို့ အိမ်ထဲမှာ မှောင်နေဆဲမို့ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းနဲ့အတူ ဘုရားမီးကိုပါထွန်းပြီး ကပ်လိုက်ပါတယ်။ ဒီနှစ်အတွက် နှစ်သစ်ကူးနှင့် ၁၅ နှစ်မြောက်ခရီးစဉ် အမှတ်တရ အဖြစ် ထမင်းမချက်စားဘဲ မုန့်ဟင်းခါးချက်စားဖို့ စီစဉ်ထားတဲ့အတိုင်း ဘုရားရှိခိုးပြီးတာနဲ့ မုန့်ဟင်းခါးချက်ဖို့ စတင်ပြင်ဆင်လိုက်ပါတယ်။



နှစ်သစ်ကို ရောက်တိုင်း ကျွန်မတို့ အိမ်ထောင်သက်တမ်း တနှစ်တိုးတဲ့အတွက် နှစ်စဉ်နှစ်တိုင်း အမှတ်တရအဖြစ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ABSDF မှာ မိခင်တပ်ရင်း မတူတဲ့ တပ်ရင်း (၂၀၈) က သူနဲ့ တပ်ရင်း (၂၀၁) က ကျွန်မတို့နှစ်ယောက်ဟာ ဗဟိုဌာနချုပ်မှာ ဆုံတွေ့ကြပြီး နှစ်ဦးသဘောတူ ကြည်ဖြူစွာဖြင့် ၁၉၉၆ က ဒီလိုနေ့မှာ တောတွင်းတနေရာ၌ ကိုယ်တိုင်ဆောက်ထားတဲ့ အိမ်မှာ ကိုယ်တိုင် လက်နဲ့ချုပ်ထားတဲ့ အ၀တ်အစားကို ၀တ်ပြီး နှစ်ဘက် မိဘဆွေမျိုးမရှိဘဲ အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ရှေ့မှာ လက်မှတ်ထိုးပြီး ရဲဘော်ရဲဘက်တွေကို မုန့်နဲ့ လက်ဘက်ရည် ကျွေးမွေးဧည့်ခံကာ မင်္ဂလာဆောင်ခဲ့ပါတယ်။ အခု ဒီနေ့မှာ ကျွန်မတို့ နှစ်ယောက် အိမ်ထောင်သက်တမ်းဟာ ၁၅ နှစ် တိတိပြည့်ပါပြီ။ ဒါကြောင့် နှစ်သစ်ကူးတိုင်း ကျွန်မတို့ မိသားစုအတွက် အမြဲတမ်း အမှတ်တရ ကျန်နေပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်က ကျွန်မတို့နှစ်ယောက်ကို ဘ၀နှစ်ခု ပေါင်းစပ်နိုင်ဖို့အတွက် ၀ိုင်းဝန်းကူညီပေးခဲ့သူ မိတ်ဆွေ အပေါင်းအသင်း ရဲဘော်ရဲဘက်များကို ကျွန်မ ဒီနေ့ကျေးဇူးဆိုလိုက်ပါတယ်။ ကျွန်မတို့ နှစ်ယောက်က တပ်ရင်း မတူကြတော့ ကျွန်မသူနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီး အဖွဲ့အစည်းကို လက်ထပ်စာမတင်ခင် ကျွန်မတို့တပ်ရင်းက ဗဟိုမှာ အတွင်းရေးမှူး (၂) နဲ့ စစ်ကော်မရှင် ဥက္ကဌ အဖြစ် တာဝန်ကျနေတဲ့ ဦးဌေးအောင် (ယခု စစ်ရေးလေ့လာသူ) အပါအ၀င် တခြားတပ်ဖွဲ့ဝင် တယောက်စီကို အသိပေး တိုင်ပင်တော့ တယောက်မှ မကန့်ကွက်ခဲ့ပဲ သဘောတူကြပါတယ်။ သူ့တပ်ရင်းကတော့ ဗဟိုမှာ များများစားစား မရှိ ရှိတဲ့သူ သုံးလေးယောက်ကလည်း ကျွန်မနဲ့ ခင်မင်ရင်းနှီးပြီးသား ဆိုတော့ တိုင်ပင်စရာ အများကြီး မရှိပါဘူး။ ပြီးတာနဲ့ ကျွန်မတို့ လက်ထပ်ခွင့် စာတင်ခဲ့တယ်။

အဲဒီတုန်းက ကျွန်မတို့ လက်ထပ်ခွင့် စာတင်တဲ့အချိန်မှာ တပ်ရင်း ၃၀၃ က ဗဟိုပြန်ကြားရေးမှာ တာဝန်ကျနေတဲ့ မဆူးပွင့်နဲ့ တပ်ရင်း ၂၀၇ က ဗဟိုကျန်းမာရေးမှာ တာဝန်ကျနေတဲ့ စန်းစန်းချိုကလည်း ကျွန်မ မတင်ခင်ကတောင် လက်ထပ်ခွင့်စာ တင်ထားပြီးနေပြီ။ အားလုံး သဘောတူရင် ဗဟိုလည်း သိပ်အလုပ်မများပဲ အကုန်အကျလည်း သက်သောအောင် သုံးတွဲအတူတူ မင်္ဂလာဆောင်ရင် ကောင်းမယ်ထင်ပြီး မဆူးပွင့်နဲ့ ကျွန်မနဲ့ တိုင်ပင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ အမျိုးသားတွေက ဒီအစီစဉ်ကို သဘောကျတဲ့ အရိပ်ယောင် မပြလို့ လက်ထပ်စာတင်ထားတဲ့ နေ့စွဲအစီစဉ်လိုက်ပဲ မိမိတို့စုံတွဲအတွက် မိမိတို့ဖါသာ သီးခြားစီ ရက်ရွေးပြီး အရင်စောတဲ့ အတွဲက အရင်မင်္ဂလာဆောင်ဖြစ်ခဲ့ပါတယ်။ ဒီသုံးတွဲမှာ ကျွန်မတို့က နောက်ဆုံးအတွဲဖြစ်တယ်။

မင်္ဂလာဆောင်ဖို့နေ့ကို ရွေးခဲ့တုန်းက နှစ်သစ်ကူးတိုင်း အိမ်ထောင်သည်ဘ၀ကို စခဲ့တာကို အမြဲသတိရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီနေ့ကို ရွေးခဲ့ပါတယ်။ ကျွန်မတို့ မင်္ဂလာဆောင်ခဲ့တဲ့ နေ့ဟာ တနင်္ဂနွေနေ့လည်း ဖြစ်ခဲ့တော့ တကယ်ဆို အဲဒီလိုနေ့မှာ ပုံမှန်အတိုင်းဆို ရုံးပိတ်ရက် ဖြစ်ပြီး အားလုံး အနားယူရမယ့်ရက် ဖြစ်သင့်ပါတယ်။ သို့သော်လည်း တော်လှန်ရေးမှာ နားရက်ဆိုတာ မရှိတတ်ဘဲ အဲဒီတုန်းက နှစ်သစ်ကူးနေ့နဲ့ တနင်္ဂနွေနေ့တိုက်နေတာတောင်မှ မနားပဲ ကျွန်မတို့ ရွေးတဲ့နေ့ကို လက်ခံပြီး အခမ်းအနားလုပ်ပေးခဲ့တဲ့ ရုံးအဖွဲ့နဲ့ လက်ထပ်ခွင့်ပေးတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေကိုလည်း အခုမှ ပြန်တွေးပြီး ကျေးဇူးတင်နေမိတယ်။

မင်္ဂလာဆောင်တဲ့ စုံတွဲတိုင်းကို အိမ်ဆောက်တဲ့ ပစ္စည်းတချို့နဲ့ အိုးခွက်ပန်းကန်တချို့ကို ထောက်ပံ့ရေးဌာနက ၀ယ်ပေးပြီး အိမ်မိုးဖို့ ဖက်ဖိုးနဲ့ ကျွေးမွေးဧည့်ခံစာရိတ် လဘက်ရည်နဲ့ မုန့်အတွက်စာရိတ် အနည်းငယ်ကိုလည်း အဖွဲ့အစည်းက ပေးပါတယ်။ ကျွန်မတို့အိမ်ကို ကျွန်မတို့ ကိုယ်တိုင်ဆောက်ပြီး အိမ်ဆောက်လို့ အပြီးမှာ မင်္ဂလာမဆောင်ခင် ၉၅ ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ ၃၁ မှာ သူ့ဗားတိုက်က သူ့ပစ္စည်းတွေနဲ့ အမျိုးသမီးအဆောင်က ကျွန်မအ၀တ်အစား အသုံးအဆောင်တွေကို ဆောက်ထားတဲ့ အိမ်ကိုအပြီးရွှေ့ပြီး နေရာချခဲ့ပါတယ်။ ပြီးတော့ နောက်နေ့ မနက် ၉၆ ရဲ့နှစ်ဆန်းတရက်နေ့ မနက် ရှစ်နာရီခွဲမှာ မင်္ဂလာဆောင်ပြီးတာနဲ့ အတူတူဆောက်ထားတဲ့ အိမ်အသစ်ကြပ်ချွတ်မှာ အတူတူ စနေခဲ့ပါတယ်။

အိမ်ဆောက်တဲ့ အချိန်မှာ တပ်ရင်း (၂၀၈) သူ့တပ်ရင်းက ဗဟိုမှာ တာဝန်ကျနေတဲ့ ရဲဘော်တွေက ကျွန်မတို့နှစ်ယောက်နဲ့အတူ သစ်ဝါး၊ ၀ိုင်းခုတ်တာ အမိုးအတွက် အင်ဖက်ဝိုင်းကောက်တာနဲ့ ကောက်ထားတဲ့ အင်ဖက်ရွက်တွေကို ဖက်ဖြစ်အောင် ပြန်လုပ်တာ အပါအ၀င် အိမ်ကိုပြီးတဲ့အထိ ၀ိုင်းပြီး တာဝန်ယူခဲ့ပါတယ်။ ကျွေးမွေးဧည့်ခံဖို့ ချက်ပြုတ်တာကို ကျွန်မတို့ တပ်ရင်း (၂၀၁) က ကိုမြင့်အောင်၊မနီနီစန်းက ဦးဆောင်ပြီး တပ်ရင်း (၂၁၆) က မဌေးတို့ မမွှေးတို့ ဦးဆောင်တဲ့ ဗဟိုမိသားစုတွေ လုပ်ပေးပါတယ်။ အိမ်မှာ လိုအပ်တဲ့ တချို့အိမ်သုံးပစ္စည်းတွေကို ကျွန်မတို့ တပ်ရင်းက ကိုကင်းရှင်က ၀ယ်ပေးပါတယ်။ မင်္ဂလာဆောင်ရာမှာ ဆံပင်စည်းဖို့ ခေါင်းစည်းကြိုးကို တပ်ရင်း ၂၁၆ က ဗဟိုပြန်ကြားရေးမှာ တာဝန်ကျနေတဲ့ ကျွန်မသူငယ်ချင်း အခု ဘလော့ဂါမဗေဒါက သိုးမွေးနဲ့ ထိုးပေးပါတယ်။ ကျွန်မတို့တပ်ရင်းက အဲဒီအချိန်က စစ်ရုံးမှာ တာဝန်ကျနေတဲ့ အတွင်းရေးမှူး (၂) တာဝန်နဲ့ စစ်ကော်မရှင်ဥက္ကဌ တာဝန်ယူထားတဲ့ ဦးဌေးအောင် (အခု-ဆစ်ဒနီ) နဲ့ တပ်ရင်း (၂၁၆) က နေ တာဝန်ကျနေတဲ့ ဗဟို တရားသူကြီးအဖွဲ့ဝင် ဦးတင်ရွှေ (ကွယ်လွန်) က မင်္ဂလာ သြ၀ါဒ စကားပြောကြားခဲ့ပါတယ်။ ဒီမနက် ကျွန်မ မုန့်ဟင်းခါး ချက်နေတုန်း အမျိုးသားက ဘလော့ဂ်ထဲဝင်တော့ ဦးဌေးအောင်က ကျွန်မ C_Box မှာ မင်္ဂလာသက်တမ်း ၁၅နှစ် အမှတ်တရ ဆုတောင်းကို လာရေးထားတာကို ပြလို့ တွေ့တော့ ကာရကံရှင်တွေ မဟုတ်ဘဲ အခုလို ၁၅ နှစ်ကြာတဲ့အထိ သတိရနေတာကို တကယ်ပဲ အံ့သြ၀မ်းသာသွားပြီး ကျေးဇူးတင်မိတယ်။

မင်္ဂလာဆောင်ရာမှ ကူညီတဲ့သူတွေအကြောင်း ပြန်စရရင် မင်္ဂလာဆောင်တဲ့ မှတ်တမ်းတင်ဓါတ်ပုံကို ပြန်ကြားရေးက မဆူးပွင့်နဲ့ တပ်ရင်း ၂၀၄/၂၀၅ က ဦးစိုးခိုင်က ရိုက်ပေးပါတယ်။ ဓါတ်ပုံရိုက်ထားတဲ့ ဖလင်ကို ကျွန်မတို့ တပ်ရင်းက အဲဒီချိန်က ပြန်ကြားရေးမှာ (CEC) တာဝန် ယူထားတဲ့ ကိုခင်မောင်ဝင်း (ယခု DVB) က ကူးပေးပါတယ်။ ဒါပေမဲ့ သူကဓါတ်ပုံကို မြို့မှာ ကူးပြီးဗဟိုကို ပြန်မရောက်ခင် ကျွန်မအမျိုးသား တပ်ရင်းဖြစ်တဲ့ (၂၀၈) ကို လမ်းကြုံလို့ ခဏရောက်သွားပြီး ဒီမှာ တို့တပ်ရင်းက ရဲမေနဲ့ နင်တို့တပ်ရင်းက ရဲဘော် မင်္ဂလာဆောင်တဲ့ပုံတွေ ဆိုပြီးသွားပြတော့ ဟိုက ပုံကောင်းကောင်းတွေ အကုန် တောင်းယူထားခဲ့တာကိုလည်း ဖလင်ရှိရင် ပြန်ကူးလို့ ရတယ်ဆိုတဲ့ အကြံအစည်နဲ့ ပေးခဲ့တယ်။ ပြီးတော့ ဖလင်နှစ်လိပ်လုံးကိုလည်း ဖျောက်ပစ်လိုက်တော့ ကျွန်မတို့မှာ မင်္ဂလာဆောင် ဓါတ်ပုံကောင်းကောင်း အမှတ်တရ မကျန်ခဲ့တဲ့ တရားခံက ကိုခင်မောင်ဝင်းပဲ ဖြစ်တယ်။ ကျွန်မတို့ မင်္ဂလာပွဲဟာ ဗဟိုမိသားစုတွေ၊ နှစ်ဘက်တပ်ရင်းက ရဲဘော်ရဲဘက်တွေ၊ ဒေသခံတပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း ၆၀၁၊ ၃၀၃၊ ၂၁၀၊ ၈၀၁ မိသားစုတွေအားလုံးရဲ့ အကူအညီကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် ဒီလိုနေ့မှာ သိုက်သိုက်မြိုက်မြိုက်နဲ့ ချောချောမောမော ပြီးသွားခဲ့ပါတယ်။

မင်္ဂလာ ဆောင်တုန်းက သြ၀ါဒစကား ပြောတဲ့နှစ်ယောက်မှာ ဦးဌေးပြောတဲ့ သြ၀ါဒစကားက နားလည်မှု ရှိရှိနဲ့ ဘယ်လိုချစ်ချစ်ခင်ခင် နေထိုင်သွားဖို့စသည်ဖြင့် သာမန် သြ၀ါဒသာ ဖြစ်ပြီး သူများနဲ့မတူ တမူထူးခြားစွာ ပြောသွားတဲ့ ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့ ဆရာတင်ရွှေကတော့ လင်မယားဆိုတာ ခဏခဏ ရန်ဖြစ်ပေးမှ သမီးရည်းစားဘ၀ကို ခဏခဏ ပြန်ရောက်ပြီး ရန်ဖြစ်ရာက ပြန်တည့်တဲ့အချိန်မှာ အသစ်မင်္ဂလာ ပြန်ဆောင်ခါစလို ခံစားရပြီး ပိုချစ်တယ်၊ ဒါကြောင့် ခဏခဏ ရန်ဖြစ်ကြပါ ချစ်ကြပါလို့ ပြောသွားတာကို အခုထိ သတိရနေသေးတယ်။ ဒါပေမဲ့ ဆရာတင်ရွှေတို့ လင်မယား ရန်ဖြစ်တာ ကျွန်မတခါမှ မတွေ့ဖူးတော့ ဆရာတင်ရွှေဇနီး မဌေးကိုကျွန်မက မဌေးတို့လင်မယားက လူမသိအောင် ခဏခဏ ရန်ခိုးဖြစ်ကြလားလို့ စနောက်ပြီးမေးဖူးပါတယ်။

ကျွန်မတို့ လင်မယားက တော်တော်လေး ရန်ဖြစ်ခဲတယ် ဒါကြောင့် ဦးဌေးရဲ့ သြ၀ါဒ အောင်မြင်ပါတယ်။ တပ်ထဲမှာတုန်းက ကျွန်မတို့ လင်မယား ဘယ်တော့ ရန်ဖြစ်မလဲလို့ စောင့်ကြည့်နေတဲ့သူတွေ ကျွန်မတို့ ရန်ဖြစ်တာကို မြင်ခွင့်ကြားခွင့် မရခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အပြင်ရောက်လာပြီး နောက်ပိုင်းမှာ တပ်ထဲမှာတုန်းကလို မဟုတ် ရွေးစရာတွေက များလာတော့ အနေအထိုင် အစားအသောက် ဘ၀လူနေမှု ပုံစံတွေနဲ့ ပတ်သက်ပြီး
အကြိုက်မတူတာတွေက များလာတော့ မကြာခဏ အချေအတင် ဖြစ်ရတာတွေ ရှိလာပြီး ပြန်ညှိရတာတွေ ရှိလာတော့ ဆရာတင်ရွှေ ပြောခဲ့တဲ့ သြ၀ါဒကလည်း ဆရာတင်ရွှေ ကွယ်လွန်ပြီးမှပဲ ကျွန်မတို့အတွက် မှန်ကန်နေပါလားလို့ တွေးမိပြီး ဆရာတင်ရွှေကို လွမ်းမိတယ်။


လွန်ခဲ့တဲ့ ၁၅ နှစ်က မင်္ဂလာအခမ်းအနား စတင်တဲ့အချိန်ဖြစ်တဲ့ ဒီနှစ် ဒီနေ့ မနက် ရှစ်နာရီခွဲမှာတော့ ကျွန်မက မုန့်ဟင်းခါးချက်ဖို့အတွက် မီးဖိုချောင်ထဲမှာ အလုပ်များနေခဲ့တယ်။ ဘာမှလည်း ဖီးလိမ်း ချယ်သထားခြင်းမရှိဘဲ မုန့်ဟင်းခါးချက်ဖို့ မနေ့က၀ယ်လာတဲ့ ငါးတွေကိုကိုင်ပြီး နံစော်နေတဲ့ ကျွန်မကို အလုပ်က ပြန်ရောက်လာတဲ့သူက မီးဖိုခန်းထဲဝင်လာပြီး ငါ့မိန်းမက လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် အခုပုံက ပိုချောတယ်ဆိုပြီး လာနောက်နေလို့ "သွားစမ်းပါ အပိုတွေ လာမပြောနေနဲ့ ဒီမှာ ငါးတွေနဲ့ နံစော်နေရတဲ့အထဲ၊ အိပ်ရာထမှ မုန့်ဟင်းခါး အတူတူစားမယ် အခုတော့ အေးအေးဆေးဆေး သွားအိပ်လိုက်ပါ" လို့ ပြန်ပြောလိုက်ရတယ်။

အမှန်ကတော့ စတာပဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ် သူပြောတဲ့ ဒီစကားက ကျွန်မအတွက် အသစ်အဆန်း ဖြစ်နေတာတော့ အမှန်ပဲ။ သူက ကျွန်မကို မကြာခဏ ကဲ့ရဲ့ပြီး ပြောတတ်တာက မင်းက ဗမာတော့ မဖြစ်နိုင်ဘူး ကုလားဒိန် ဖြစ်ဖို့များတယ် လို့ပြောပြီး ကလေးရပြီး နောက်ပိုင်းမှာ သားသားကလည်း ကိုယ်ဝန်ရစဉ်က အသားအရောင်နဲ့ ပတ်သက်ပြီး ကျွန်မနဲ့ မတူပါစေနဲ့လို့ ဆုတောင်းနေတဲ့ကြားထဲက ဆုတောင်းမပြည့်ဘဲ ကျွန်မထက်တောင် မဲပြီး မွေးလာတော့ ကျွန်မတို့ သားအမိကို မင်းတို့သားအမိက ဗမာမဟုတ်ဘူး ဘင်္ဂလားက သင်္ဘောပျက်ပြီး မြန်မာပြည်မှာ လာတင်နေတဲ့ သားအမိဖြစ်မယ်နဲ့ သူ့အတွက် စရာတယောက် ထပ်တိုးသွားလို့ ကျွန်မလည်း အဖေါ်ရသွားတယ်။ သူစတာကို သားကတော့ ဖေဖေဟာ တော်တော်ကို လူမျိုး အသားအရောင်ခွဲခြားတတ်သူလို့ မှတ်ချက်ပေးပေမဲ့ ကျွန်မကတော့ သူစတာတွေကို ခေါင်းထဲထည့်လေ့ မရှိပါဘူး။

ဒီနှစ်နှစ်သစ်ကူးနေ့မှာ ဘုရားရှိခိုးပြီး ကျွန်မဆုတောင်းက ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုတောင်းခဲ့ပြီး ဘုရားရှိခိုးအပြီး ဟိုတုန်းက ဓါတ်ပုံတွေနဲ့ ယှဉ်ပြီး မှန်ထဲမှာ ကိုယ့်ပုံကိုယ် ပြန်ကြည့်မိတော့ အခုတောင် တော်တော်အိုနေပြီပဲဆိုတာ သတိထားမိလိုက်ပြီး ဇရာရဲ့ခြိမ်းချောက်မှုကို စတင်ခံစားလိုက်ရပါတယ်။ ဒီနေ့မှာ ဘယ်တုန်းကမှ မလှခဲ့တဲ့ ကျွန်မကို လွန်ခဲ့တဲ့ ၁၅ နှစ်ကထက်ချောတဲ့အကြောင်း သူကပြောတယ်ဆိုတော့ မဟုတ်ဘူးဆိုတာ သိပေမဲ့ အဲဒါသူ့ဆီက ရှားရှားပါးပါး ကြားရတဲ့စကားဆိုတော့ ၁၅ နှစ်မြောက်မှာ သူ့ဆီက ရတဲ့လက်ဆောင် အဖြစ်ပဲ သဘောထားလိုက်ပါတယ်။ သူပြောတဲ့အတိုင်း ဟုတ်မဟုတ်ဆိုတာကိုတော့ အောက်က ဓါတ်ပုံတွေကို ယှဉ်ကြည့်ပြီးပဲ ဆုံးဖြတ်ကြတော့။ နောက်ထပ် အနှစ် ၆၀ ဆိုရင် မင်္ဂလာ သက်တမ်း စိန်ရတုတိုင်မှာမို့ နှစ်ယောက်စလုံး အသက်တရာကျော်တဲ့အထိ နေရရင်တော့ မင်္ဂလာသက်တမ်း စိန်ရတုတိုင်မှာ သေချာပါတယ်။ အသက်တရာကျော်တဲ့အထိ ကျန်းကျန်းမာမာ နေသွားရမယ်ဆိုရင်တော့ စိန်ရတုတိုင်အောင် နေသွားချင်ပါတယ်။

နှစ်သစ်မှာ အားလုံး ပျော်ရွှင်ပြီး လိုရာဆန္ဒ ပြည့်ဝကာ ရွှင်လန်းချမ်းမြေ့ကြပါစေ။



လွန်ခဲ့တဲ့ ၁၅ နှစ်က ကိုယ်တိုင်ဆောက်ခဲ့တဲ့ အိမ်

လွန်ခဲ့တဲ့ ၁၅ နှစ်ကပုံ(လက်ထပ်စာချုပ်လက်ခံယူနေစဉ်)










ဒီနေ့ပုံ (Camera child က သားသားပါ)

ဒီနေ့ ထမင်းမချက်စားဘူး မုန့်ဟင်းခါးပဲ ချက်စားတယ် သုံးယောက်စလုံး ကြိုက်တဲ့အစားအစာဆိုလို့ ရှားရှားပါးပါး မုန့်ဟင်းခါးတမျိုးပဲ ရှိပါတယ်။


ဒီနှစ် နှစ်သစ်ကူးကာလမှာ ပန်းဆိုင်တွေ အကုန်ပိတ်ထားလို့ နှစ်သစ်ကူးနေ့နဲ့ ၁၅ နှစ်မြောက် အမှတ်တရနေ့မှာ ဘုရားမှာ အိမ်နား Park ထဲက သဖြေခက်တွေနဲ့ တောပန်းတွေနဲ့ပဲ သွားခူးပြီး ဘုရားကပ်လိုက်ရတယ်။


(ဒီပို့စ်မှာ တော်လှန်ရေးနဲ့ အိမ်ထောင်ရေး နိဂုံးပိုင်းနဲ့ ပြီးခဲ့တဲ့နှစ်က တင်တဲ့ ၁၄ နှစ်မြောက်အမှတ်တရမှ ဓါတ်ပုံ၊ အချက်အလက်တချို့နဲ့ စာသားတချို့ကိုလည်း ပြန်လည် ယူသုံးထားပါတယ်။)

16 comments:

ပျော်ရွှင်သော မင်္ဂလာနှစ်ပတ်လည်လေး
ဖြစ်ပါစေ..
နောင်နှစ်ပေါင်းများစွာ..ဒီမိသားစုလေး
ချစ်ခင်ကြင်နာမှုများစွာနဲ့
ဘဝခရီးကိုရှေ့ဆက်နိုင်ပါစေရှင်

မင်္ဂလာနှစ်သစ်ပါ အစ်မရေ....။
၁၅နှစ်ပြည့် မှ....နောင်နှစ်ပေါင်းများစွာ....မိသားစုတွေ
ပျော်ရွင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်....။

အရင်ကထက် ပိုပြီးချောလာကြောင်းထောက်ခံပါရစေ။
ပျော်ရွင်သော နေ့များ အမြဲရှိနေပါစေကြောင်း...

စောစောက ဘလော့ကိုဝင်တာ ဘာပိုစ်မှ မမြင်ရဘူး အခုမှ တစ်ခါပြန်လာဝင်တာ ရတယ်။

မင်္ဂလာသက် နှစ် ၁၂၀ တိုင်ပါစေ ညီမငယ် ...
နှစ်သစ်ရဲ့  အစ ဆိုတော့ အမြဲတိုင်းညီမတို့ မင်္ဂလာရက်ကို မှတ်မိနေတော့မှာ ...

mie nge

မင်္ဂလာရှိသော နှစ်သစ်နဲ့ ပျော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်ပတ်လည် ဖြစ်ပါစေ မငယ်နိုင်ရေ...၊

လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အကြောင်းလေး ဖတ်ရတာ ကြည်နူးစရာလေးပါပဲ၊ ဆောက်ခဲ့ကြတဲ့အိမ်လေးက ရိုးရိုးရှင်းရှင်းလေးပေမယ့် နားလည်မှုအုတ်မြစ်က ခိုင်ခန့် ခဲ့ကြလို့ ဒီနေ့အထိ တည်တံ့နေတာ ဖြစ်မယ်၊ ဓါတ်ပုံကိုတော့ နှစ်ခုစလုံး ကြိုက်တယ်၊ နှစ်ပုံစလုံးမှာ အခြေအနေ၊ အချိန်အခါကို ထင်ဟပ်တဲ့ Expression တွေ အများကြီးပါပဲ၊ :)

လာရောက် ဆုတောင်းပေးသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

မနုငယ်နဲ့ မောင်လေးရေ နှစ်သစ် ဆုတောင်းပို့စ်ထဲမှာ လူလွတ်တွေအတွက် ဆုတောင်းပေးထားတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ ပြန်ဆုတောင်းပေးပါတယ်နော့်။

မခင်ဦးမေ - သားကလည်း မေမေအရင်ကပုံက ဒုက္ခသည်နဲ့တူပြီး ရုပ်ဆိုးမှဆိုးလို့ မကြာခဏ ပြောတတ်တော့ ယုံရမလိုလို ဖြစ်နေပြီ။

မမီးငယ်ရေ စိန်ရတုဆို တော်ပြီပေါ့ နှစ်ပေါင်း ၁၂၀ က မများလွန်းဘူးလား။

ကိုညီလင်းသစ် ဆုတောင်းပေးတာ ကျေးဇူး - နှစ်ပုံစလုံးကတော့ နုပျိုခြင်းနှင့် ဇရာကို ဖယ်လိုက်ရင် ဘာမှမကွာပါဘူး၊ အခြေတကျမဟုတ်တဲ့ ဘ၀ထဲက ပုံတွေပါပဲ။

နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး အစစအရာရာ အောင်မြင်ကြပါစေ။

မင်္ဂလာဦး ဓါတ်ပုံတွေ ပျောက်သွားတာ နှမြောစရာပါ၊ အမတို့ရဲ့ ၁၅ နှစ်ပြည့် မင်္ဂလာ ခရီးကနေ နောင်နှစ်ပေါင်းများစွာ သေတပန် သက်တဆုံး ခိုင်မြဲပါစေ ဆုတောင်းပါတယ်။
နှစ်သစ်မှာ တစ်မိသားစုလုံး ပျော်ရွှင်ပါစေ။

မင်္ဂလာနှစ်သစ်နှင့်အတူ ကျရောက်သော မင်္ဂလာနှစ်ပတ် လည် (15) နှစ် မြောက်မှသည် ကာလာကြာရှည်စွာ နှစ်ပေါင်းများစွာ ကြာသည့် တိုင် ကျန်းမာခြင်း၊ ချမ်းသာခြင်း များစွာဖြင့် ပြည့်ဝပျော်ရွှင် စွာ မိသားစု မခွဲမခွာ လိုအင်ပြည့်ဝကြပါစေ လို့  လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်။

ညို

အမှတ်ရ စရာ..နေ့ထူးနေ့မြတ်တွေ ပါလား..မငယ်နိုင်..

ကြည်နူး စရာ..း)

မင်္ဂလာနှစ်သစ်ပါ..

1 Jan 11, 06:45
Htay Aung: Happy New Year & 15th wedding anniversary. Best wishes for a happy and prosperous New Year and be filled with much joy, happiness and success.

2 Jan 11, 08:04
ကောင်းဇံ: မငယ် အခုမှဘဲ ဒီအလော့ကိုေ၇ာက်ဖြစ်တာ တိုက်တိုက်ဆိုင်ဆိုင် ၁၅ နှစ်မြောက်နဲ့မှ လာဆုံတော့ သတိရတယ်ဗျာ။

3 Jan 11, 23:22
စိန်ပွဲစား: မငယ်ရေ... မနေ့ကတည်းက ဖေ့စ်ဘုတ်မှာ ဖတ်ပြီးသား.. မန့်မလို့လာတာ မရဘူး..မင်္ဂလာဆောင်တုန်းက ပုံတပုံ ကျွန်တော့်မှာရှိတယ်.. ကိုကောင်းဇံဆိုတာ ကျွန်တော်တို့ ကိုကောင်းဇံလား.. :

အဲံဒီနေ့က မင်္ဂလာလက်ဖွဲ့ဖို့စဉ်းစားကြည့်တော့ ဘာမှမရှိ။ ရှိတာက ဘူးပင်က ဘူးသီး။ ဘာပဲဖြစ်ဖြစ်မိသားစုသစ်အတွက်အကျိုးရှိမှာပဲဆိုပြီး ဘူးသီးတလုံးရယ် ပြက္ခဒိန်တစောင်ရယ်ယူပြီး မင်္ဂလာပွဲကို ချီတက်ခဲ့ပါတယ်။
အခန်းအနားလည်းရောက်ရော ဘူးသီးကြီးကိုမြင်တာနဲ့ ရဲဘေ...ာ်တွေအကုန်လုံး ၀ိုင်းရီကြတဲ့ဒဏ်ကို လှလှကြီးခံလိုက်ရလို့ ဒေါသ ထွက်ခဲ့ရပါတယ်။
ခုတော့လည်း ဒါတွေက အမှတ်တရပေါ့။
ဒီမှာတော့ ရဲဘော်ဟောင်းတွေ၊ ပလောဖက်က ဘိတ်သားတွေနဲ့ စကားစပ်မိရင် ပြောဖြစ်ပါသေးတယ်။
ခုလို ၁၅ နှစ်မြောက်အထ် ချီတက်နိုင်ခဲ့တဲ့ ရဲဘော်၂ ယောက် အနှစ် ၁၅၀ အထိ ချမ်းမြေ့စွာ ဆက်လက်ချီတက်နိုင်ကြပါစေ။ မင်္ဂလာဆောင်နဲ့ သိတ်မကွာခင်မှာမွေးကြတဲ့ ကိုမြင်အောင် မနီစမ်းတို့ရဲ့သား ပိုးတုံးလုံးတောင် အကောင်ကြီးဖြစ်နေပြီဟေ့ ။ သူတို့လည်းမကြာခင် နယူးဇီလန်ကိုထွက်ရတော့မယ်။ကျနော်တို့သာ ........

မငယ်က အိမ်ထောင်သက်(၁၅)နှစ်မှာ အရင်လိုပဲ မပြောင်းလဲပါဘူး။ ကိုကျော်နိုင်ကတော့ မိန်းမရဲ့ပြုစုယုယမှုတွေကြောင့် ဖြစ်မယ်။ ပိုပြီးနုပျိုနေတာတွေ့ရတယ်။ (၁၅)နှစ်အထိတော့ တဦးဆီကတဦးရစရာတွေရှိနေတယ်လို့ ယူဆတာကို မှားတယ်လို့မထင်ပါ ဘူး။ (၁၅)နှစ်ကျော်ကာလတွေမှာတော့ တဦးကိုတဦး ပေးစရာတွေ ရှိနေတယ်လို့ ယုံကြည်လာကြမယ်ထင်ပါတယ်နော်။

မငယ်နိုင် ကျနော့်ထက် နည်းနည်းလေး ကပ်နောက်ကျသွားတယ်။
ဒါပေမယ့် လ္ဘက်ရည် + မုန့်နဲ့ ကိစ္စပြီးတာရယ်၊ ကင်မရာမရှိလို့ မှတ်တမ်းဓါတ်ပုံ မရှိတာရယ်ကတော့ နည်းနည်းဆင်တူယိုးမှားပါပဲ။

နောက်တစ်ခု ဆင်တာက ယူစမှာ ဝါးခြမ်းပြားကလေးနဲ့ တူတဲ့မိန်းမဟာ ခုတော့ဝါးလုံးကလေးနဲ့ နည်းနည်းပိုတူလာသဗျ။ :-)

မန်းကိုကို

ကိုမန်းကိုကို - ကျွန်မက လွန်ခဲ့တဲ့ ၁၅ နှစ်ကနဲ့ အခု ခန္ဒာကိုယ် အရွယ်အစား သိပ်မကွာပါဘူး။ မင်္ဂလာဆောင်တုန်းက အက်ျီက အခုထိရှိပြီး ရင်ဘတ်မှာ နည်းနည်း စည်းနေတာက လွဲရင် ၀တ်လို့ရတယ်။ အရင်ကလည်း Healthy Weight (BMI 19) မှာ အခုလည်း Healthy Weight (BMI 21-22) မှာပါ။ BMI 18 အောက် ရောက်မှ Under Weight ဖြစ်ပြီး BMI 25 ကျော်မှ Over Weight ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မက အရင်ကလည်း ၀ါးခြမ်းပြားနဲ့မတူသလို အခုလည်း ၀ါးလုံးနဲ့ မတူပါဘူး ပုံမှန်အရွယ်အစားပါပဲ။ ကိုမန်းကိုကိုရဲ့ဇနီး ၀ါးလုံးနဲ့တူပြီး Over Weight ဖြစ်နရင် ကျန်းမာရေးနဲ့ ဇိဝသိပွံ ခေါင်းစဉ်အောက်မှာ ကျွန်မတင်ထားတဲ့ Nutrition နဲ့ ပတ်သက်တဲ့ ပို့စ်တွေ ရှိပါတယ်။
http://nge-naing.blogspot.com/2009/08/blog-post_18.html

- http://nge-naing.blogspot.com/2009/08/blog-post_22.html

-http://nge-naing.blogspot.com/2009/08/blog-post_24.html

-http://nge-naing.blogspot.com/2009/08/blog-post_24.html

အဲဒီပို့စ်တွေမှာ သွားဖတ်ကြည့်ပြီး လိုတိုးပိုလျှော့ လုပ်နိုင်ကြောင်း အကြံပြုပါတယ်။

အစ်မ ဘုရားစင်လေးက ကျက်သရေရှိလိုက်တာ။ မြင်ရတာ စိတ်ချမ်းသာစရာကောင်းလိုက်တာ။
အစ်မတို့ ဇနီးမောင်နှံ အိမ်ထောင်သက် စိန်ရတုတိုင် ချစ်ချစ်ခင်ခင် အတူတူရှိပါစေ ဆုတောင်းလျှက်..။