မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

သူမရဲ့ နောက်ဆုံးအချိန်

ဗုဒ္ဓါနံ ဇိဝိတဿ နသက္ကာ ကေနစိ အန္တရာရော ကာတုံ တထာမေဟောန္တု အဓိပ္ပါယ်ကတော့ ဗုဒ္ဓမြတ်စွာဘုရားတို့၏ အသက်ကို တစုံတယောက်သောသူသည် အန္တရယ်ပြုခြင်းငှာ မတတ်နိုင် ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေသတည်းတဲ့။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပဋိဟတံ ဥာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပဋိဟတံ ဥာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘ၀၀တော အပဋိစတံ ဥာဏံ၊ အဓိပ္ပါယ်ကတော့ ဗုဒ္ဓမြတ်စွာဘုရားတို့မည်သည် အတိတ်၊ အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးမှာ ဥာဏ်နဲ့ အမြဲယှဉ်တွဲလျက်ရှိပြီး ဥာဏ်နဲ့ ကင်းကွာသွားတယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ဘူးတဲ့ တွေ့လား မြတ်စွာဘုရားဟာ ဘယ်လောက် ကြည်ညိုဖို့ ကောင်းလဲ၊ မြတ်စွာဘုရားပုံတော်ကို စိတ်မှန်းနဲ့ မြင်အောင်ကြည့်ပြီး ကြည်ညိုပါနော့်လို့ သူမကို ကျွန်မ ပြောပြီး ဓါရဏပရိတ်ကို ဆက်ဖတ်ပြနေတယ်။

တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ ပရိတ်တရားတော်အကျမှာ တခြားတရားနဲ့ပတ်သက်တာ တခုခုကို သူမအိပ်မပျော်ခင် ကျွန်မ ဖတ်ပြနေတာပါ။ ဒီအချိန်မှာ လူနာလာမေးတဲ့ ဇနီးမောင်နှံနှစ်ဦး ရာက်လာလို့ ခဏနားပြီး သူမနဲ့ စကားပေးပြောပါတယ်။ သူမကတော့ လာမေးတာ ကျေးဇူးတင်ကြောင်း၊ သူမနေရတာ သက်တောင့်သက်သာ ရှိကြောင်းပြောပြီး သူမကလေးတွေနဲ့ တွေ့သေးလားလို့ မေးနေတယ်။ ဟိုက မတွေ့ဘူးပြောတော့ ပြန်ရင် သူတို့အဆင်ပြေမပြေ ခဏလောက် ၀င်ကြည့်ပေးလို့ရမလားနဲ့ မေးနေလို့ ဧည့်သည် ဇနီးမောင်နှံက ဘာပြန်ပြောရမှန်း မသိဖြစ်နေချိန်မှာ ကျွန်မက "ကလေးတွေ အခုလောက်ဆို အိပ်ပြီ ကလေးတွေအတွက် ဘာမှ စိတ်မပူပါနဲ့" လို့ ကြားက ၀င်ပြောပေးလိုက်ရတယ်။ ဧည့်သည်ဇနီးမောင်နှံပြန်ပြီးနောက် ကျွန်မ ပရိတ်ဆက်ဖတ်ပြလည်း သူမက ခုနကလောက် စိတ်ဝင်စားမှု မရှိတော့တာကို တွေ့ပြီး သူမက တခြားအကြောင်းအရာတွေကို ပြောနေတာနဲ့ ကျွန်မလည်း သူပြောတာကို လိုက်ပြောဖြစ်ပါတယ်။

"အလောင်းကို အိမ်သယ်လို့ မရဘူးလားမသိဘူးနော့်" လို့ သူမ မေးလိုက်တော့ ကျွန်မက "ရမယ်မထင်ဘူး ဒီမှာက အိမ်မှာသေမလား ဆေးရုံမှာ သေမလားဆိုတာ လူနာနဲ့ မိသားစုမှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ရွေးချယ်ပြီးရင် သေပြီးတဲ့ ခန္ဓာကိုယ်ကို သေတဲ့နေရာနဲ့ သချိင်းအကြား ဆိုရင် Funeral service တနေရာကိုပဲ သယ်ခွင့် ရှိပါတယ်။ အဲလို သယ်တာကိုလည်း တခြားလူသယ်လို့ မရဘူး Funeral Director ကပဲ သယ်ခွင့် ရှိတယ်" လို့ သူမကို ကျွန်မ ရှင်းပြလိုက်တယ်။ "အေးပါ ဒါကို သိပါတယ် အခုပြောနေတာကလည်း သယ်ဖို့ ပြောနေတာ မဟုတ်ပါဘူး သယ်လို့ရရင်တော့ သိပ်ကောင်းမှာပဲလို့ စဉ်းစားကြည့်တာပါ အိမ်မှာဆိုတော့ မြန်မာပြည်မှာလို ဧည့်သည်တွေလာရင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်း ကြိုက်သလို စီစဉ်လို့ရတာပေါ့၊ ဆေးရုံမှာကျတော့ လူကရှုပ်ပြီး ဧည့်ချိန်ခဏလေးမှာ ဧည့်သည်တွေလာရင်လည်း ကျဉ်းကျဉ်းကြုတ်ကြုတ်နဲ့ တခြား အခန်းက လူနာတွေကိုလည်း အားနာရသေးတယ်" လို့ သူမက ဆက်ပြောတယ်။"အဲဒါတော့ ဟုတ်တယ် ဒါပေမဲ့ ဆေးရုံမှာလည်း အစီစဉ် တခုခု လုပ်ချင်ရင်တော့ လုပ်လို့ရပါတယ်၊ ဘုရားဝတ်ပြုတဲ့ နေရာရှိတယ်။ တကယ်လို့ ဘုန်းကြီးပင့်ပြီး အသက်ထွက်တရား နာချင်တယ် ဆိုပါတော့ အဲဒီနေရာကို ကုတင်တခုလုံး တွန်းသွားပြီး တရားသွားနာပြီး အမျှဝေလို့ ရပါတယ်" လို့ ကျွန်မက ပြောလိုက်တော့ "ဒီလောက်အထိလည်း မလိုအပ်ပါဘူး သေပြီပဲ သေတဲ့သူကတော့ စုတိစိတ်ဆိုတာကို ရပြီး ဘ၀ကူးပြီဆိုတာနဲ့ ဒီခန္ဓာကိုယ်ကြီးနဲ့အတူ ရှိတော့မှာမှ မဟုတ်တာ၊ ကျန်ရစ်တဲ့ သူတွေအတွက် တွေးကြည့်တာပါ" လို့ သူမက ဆက်ပြောတယ်။ ဒါတွေက သူမရဲ့ နောက်ဆုံးနေ့မတိုင်ခင် တရက်ကျော်ကျော်အလိုမှာ ပြောခဲ့တဲ့ စကားဖြစ်တယ်။

သူမရဲ့ နောက်ဆုံးအချိန်

ဆရာဝန်မနဲ့ သူနာပြု ရောက်လာတဲ့အချိန် အခန်းထဲမှာ သူမနားမှာ ကျွန်မတယောက်ပဲ ရှိပါတယ်။ သူမရဲ့ နောက်ဆုံးအချိန်မှာ သူမမှာထားတဲ့အတိုင်း တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ ပရိတ်တရားတော်ကို မတိုးမကျယ်လေး ဖွင့်ထားပေးပါတယ်။ ပြီးတော့ ကျွန်မက သူမ ဘယ်အချိန်မှာ နှလုံးသွေးခုန်တာ ရပ်ဆိုင်းသွားတယ် ဆိုတာ သိချင်လို့ သူမရဲ့ လက်ကောက်ဝတ်က သွေးခုန်နှုန်းကို အမိအရဖမ်းထားပြီး သူမနှလုံးသွေး ရပ်ဆိုင်းသွားမည့် နောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေပါတယ်။ ဒီအချိန်မှာ မနက် Round လှည့်လာတဲ့ ဆရာဝန်မနဲ့အဖွဲ့ ရောက်လာတယ်။
"ဟိုင်း ကောင်းသော မနက်ပါ သူမအခြေအနေ ဘယ်လိုရှိလဲ" လို့ သူမကို စောင့်ရှောက်တဲ့ ဆရာဝန်မ ၀င်လာရင်းနဲ့ ကျွန်မကို မေးလိုက်ပါတယ်။ သူမ လက်ကောက်ဝတ်မှာ သွေးခုန်နှုန်းစမ်းနေတာကို ကျွန်မ ရပ်လိုက် ပြီးတော့ ဒီမနက် သူမကိုယ်တိုင် ညစောင့် သူနာပြုဆီက မော်ဖိန်းတောင်းထိုးပြီးနောက်မှာ အောက်စီဂျင်တွေ ဖြုတ်ခိုင်းလိုက်ပြီး သူမကို ဘာအကူအညီ ဘာကုသမှုမှ လာမပေးဖို့ သူမရဲ့ နောက်ဆုံးအချိန်ကို တရားမှတ်ပြီး အေးအေးဆေးဆေး အနားယူသွားတော့မှာ ဖြစ်ကြောင်း မှာထားပြီး အိပ်နေတာ အခုထိတော့ နှလုံးခုန်နှုန်းရှိဆဲပဲ လို့ ကျွန်မက ဆရာဝန်မကို ရှင်းပြလိုက်တယ်။ ဆရာဝန်မက သူမကို တချက်စမ်းပြီး "She's gone" သူမ အသက်မရှိတော့ဘူးလို့" ပြောလိုက်တယ်။ ကျွန်မက "မဟုတ်ဘူး ဆရာမ သူမအသက်ရှိသေးတယ်လို့" ပြန်ပြောပြီး ကျွန်မ သူမမျက်နှာကို ကြည့်လိုက်တော့ ခုနကလို မျက်လုံးကိုမှိတ်ပြီး တရားမှတ်နေတဲ့ပုံ မဟုတ်တော့ဘဲ မျက်စိဖွင့်လျက် သူမငြိမ်သက်နေပြီ။

ကျွန်မ မယုံကြည်နိုင်စွာနဲ့ သူမ လက်ကောက်ဝတ်ကို ချက်ချင်းကောက်စမ်းတာ မရလို့ လည်ပင်းသွေးကြောမကြီးကိုပါ စမ်းကြည့်တော့လည်း မရ။ သွေး မခုန်တော့ဘူး ဆိုတော့ ဆရာဝန်မ ပြောတာမှန်တယ် သူမအသက်မရှိတော့ဘူး။ နာရီကို ကြည့်လိုက်တာ့ မနက် ၁၀ နာရီထိုးဖို့ ဆယ်မိနှစ်တိတိလိုသေးတယ်။ ဆရာဝန်မကို ကျွန်မ စကားပြောချိန် သူမလက်ကို ကျွန်မ အခုပဲ လွတ်လိုက်တာ ဖြစ်တယ်။ မလွတ်ခင် အချိန်ထိ သွေးခုန်နှုန်းက ရှိဆဲပဲ။ ဆယ်စက္ကန့်တောင် ပြည့်မယ်မထင်ဘူး။ ကျွန်မ နာရီတကြည့်ကြည့်နဲ့ သွေးခုန်နှုန်း စမ်းနေတဲ့အချိန်မှာ အသက်မထွက်ဘဲ ဆရာဝန်မနဲ့ လှည့်စကားပြောလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ ဘယ်သူမှမသိဘဲ အသက်ထွက်သွားတာ မျက်စိတမှိတ် လျှပ်တပြက်ဆိုတဲ့ ဘုရားဟောခဲ့တဲ့ အချိန်ထက်တောင်မှ ပိုပြီး တိုတောင်းသေးတယ်လို့ ကျွန်မ ခံစားရတယ်။ တယေက်တည်းပဲ သေချင်တယ်ဆိုတဲ့ သူမ ပြောသွားတဲ့အတိုင်း ဘေးနားမှာ လူတွေ ရှိနေလျှက်နဲ့ တကယ်ပဲ ဘယ်သူ့ကိုမှ ပေးမသိစေဘဲ လူ့လောကထဲက သူမ ထွက်ခွာသွားခဲ့တယ်။

ဆရာဝန်မနဲ့အတူ ပါလာတဲ့ သူနာပြုက ကျွန်မကို ဖက်ကာ "နင့်လို အကြင်နာတရား ကြီးမားပြီး စိတ်ရှည်တဲ့ သူငယ်ချင်းမျိုး ငါတခါမှ မတွေ့ဖူးပါဘူး သူမအတွက် နင်သိပ်ကို တာဝန်ကျေပါတယ်။ နင်ငိုချင်ရင် အားရပါးရသာ ငိုချလိုက်ပါ။ သူ့ယောက်ျားကို ငါတို့ ဖုန်းဆက်ပေးလိုက်မယ်" လို့ ပြောပြီး နှစ်သိပ့်အားပေးပါတယ်။ ကျွန်မက "ရပါတယ် ကျွန်မ သူသေမယ်ဆိုတာ သိပါတယ်၊ ဒီအခြေအနေအတွက် ကျွန်မ စိတ်ကို ကျွန်မ ကြိုပြင်ထားပြီးသားပါ၊ ကျွန်မအတွက် မစိုးရိမ်ပါနဲ့ ကျွန်မပဲ ဖုန်းဆက်သင့်တဲ့သူတွေ အားလုံးဆီကို ဖုန်းဆက်လိုက်ပါ့မယ် ဆရာမ တခြား လုပ်စရာ ရှိတတာသာ သွားလုပ်ပါ" လို့ ပြောလိုက်ပြီး ကျွန်မ သူ့အမျိုးသားနဲ့ တခြား ဖုန်းဆက်သင့်သူတွေဆီ ဖုန်းသွားဆက်တယ်။

သူမဆိုတာ တခြားသူ မဟုတ်ပါ။ အစာအိမ်ကင်ဆာ ရောဂါနဲ့ ဆစ်ဒနီမြို့က St. Joseph's ဆေးရုံမှာ ဆုံးသွားတဲ့ တချိန်က ABSDF တပ်ရင်း ၆၀၁ က မသက်သက်လွင် ခေါ် မသက် ဖြစ်ပါတယ်။ မသက်ကို ဆစ်ဒနီမြို့ Westmend ဆေးရုံကနေ ကျွန်မနေတဲ့ ရပ်ကွက်မှာရှိတဲ့ St.Joseph's ဆေးရုံရှိ သေအံ့ဆဲဆဲ လူနာတွေနဲ့ ကုလို့မရတော့တဲ့ လူနာတွေကို နှစ်သိမ့်အားပေး စောင့်ရှောက်တဲ့ Ward ကို လွှဲပြောင်းခဲ့ပြီး သေတော့မလိုလို ခဏခဏ ဖြစ်လိုက် ပြန်လန်းလာလိုက်နဲ့ တလကျော်ကျော်ကြာမှ ဆုံးခဲ့ပါတယ်။ တလကျော် ကာလအတွင်း အကြိမ်ကြိမ်၊ သေတော့မလိုလို ဖြစ်ပြီး တခါတော့ ဆရာဝန်က အကြောင်းကြားသင့်သူကို အကြောင်းကြားခိုင်းပြီးတဲ့အချိန်မှာ အသက်မထွက်ခင်လေးမှာ တရားလေး နာသွားရအောင်ဆိုပြီး မသက်စိတ်ကို နည်းနည်းလေးတင်းထားပါလို့ ပြောပြီး ဘုန်းကြီးကို ဆေးရုံပင့်ပြီး သူ့အခန်းထဲမှာပဲ တရားပေးနာခဲ့ပါတယ်။ အဲဒီနေ့ကလည်း မသေဘဲ တရားနာပြီးတော့ ပြန်လန်းလာခဲ့တယ်။ အိပ်ပျော်သွားပြီး ပြန်နိုးလာလာတိုင်း ဒီနေရာကို ပြန်ရောက်လာပြန်ပြီလားနဲ့ ဘ၀င်မကျ ဖြစ်ခဲ့တာလည်း အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ သတိလစ်တာမဟုတ်ဘဲနဲ့ ရုပ်ပိုင်းဆိုင်ရာ အာရုံတုံ့ပြန်မှု ဘာမှ မလုပ်နိုင်တော့တာကြောင့် ဘာမှ ပြန်မတုန့်ပြန်နိုင်ဘဲ အကြောဆွဲနေလို့ အားလုံးက သေတော့မလိုလို ထင်ခဲ့ပေမဲ့ မသေဘဲဖြစ်ခဲ့တာ တကြိမ် အဲဒီလို သေလုနီးပါး အကြိမ်ကြိမ် ဖြစ်ပြီးတဲ့နောက် 7/4/03 တနင်္ဂလာနေ့မနက် နယူးဆောက်ဝေး စံတော်ချိန် ၉ နာရီ မိနှစ် ၅၀ တိတိ မှာတော့ မသက်တကယ်ပဲ အသက်ထွက်သွားခဲ့လို့ ဒီနေ့ဆိုရင် မသက်ဆုံးတာ ရှစ်နှစ်တိတိ ရှိသွားပါပြီ။ ဆရာဝန်မနဲ့ နာ့စ်တွေ မလာခင် သူအသက်မထွက်ခင်အထိ မသက်ရဲ့ နောက်ဆုံးအချိန်မှာ မသက်နားမှာ ကျွန်မတယောက်ပဲ ရှိနေခဲ့ပါတယ်။ ဒီအကြောင်းတွေကို ဆက်ရေးစရာတွေ အများကြီး ကျန်ပါသေးတယ်။ မသက် မဆုံးခင် ရေးသွားခဲ့တဲ့ ၀ိပဿနာ ဆိုတဲ့စာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

မသက် ကောင်းရာသုဂတိလားပါစေ။

ဆက်လက်ဖေါ်ပြပါမည်။
သူမရဲ့ နောက်ဆုံးအချိန် (၂) ကို ဒီနေရာမှာ ဆက်ဖတ်နိုင်ပါတယ်

4 comments:

I`m very sad for ma that that lwin .Before 19 years ago ,we are studied in kalaw GTI together. Ma that is senior me. We are stay inThazin Hostel kalaw Myo 3 years . I sent to myanmar our kalaw GTI friend ma that new from your post.We are all friend very sorrowfully to ma that and thankyou you wrote it.

Ma Nang - မသက်ရဲ့ မြန်မာပြည်မှာတုန်းက မိတ်ဆွေတယောက် စာလာဖတ်တယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ မသက်ကို တောတွင်းရောက်မှ သိရပေမဲ့ သူဆုံးတဲ့အချိန်ထိ တကယ်မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးသူတွေ ဖြစ်သလို သူ့ရဲ့ နောက်ဆုံးနေ့တွေမှာ သူနဲ့ တချိန်လုံး အနီးကပ်ဆုံး ရှိနေပြီး သူနဲ့ စကားအများဆုံး ပြောဖြစ်တာဟာလည်း ကျွန်မပဲ ဖြစ်တော့ သူ့အကြောင်းနဲ့ပတ်သက်ပြီး တခြားသူ့မိတ်ဆွေတွေကို ပြန်ပြောပြချင်လို့၊ နောက်တခုက သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ဘလော့ဂ်မှာ သိမ်းထားချင်လို့ မသက်အကြောင်း ရေးစရာ အများကြီး ကျန်ပါသေးတယ်။ အခုရေးထားတာက သူသေတဲ့အချိန် တတင်္ဂလေးမှာ ဖြစ်သွားတဲ့အကြောင်းပဲ ရှိပါတယ်။ မသက်အကြောင်း မပြီးသေးပါဘူး နောက်ထပ်လည်း လာဖတ်ပြီးပြီး မြန်မာပြည်က မိဘဆွေမျိုးတွေကို အကြောင်းကြားပေးပါ။ ဒါနဲ့ မသက်မသေခင် ရေးသွားတဲ့ ၀ိဿနာဆိုတဲ့ ခေါင်းစဉ်နဲ့ စာစုလေးက ဒီနေရာမှာ http://nge-naing.blogspot.com/2010/10/blog-post_09.html ရှိပါတယ်။ နောက်တခေါက်ပြန်ရောက်ရင် သွားဖတ်လိုက်ဦးနော့်။

သူငယ်ချင်း

လာဖတ်တယ်.. မသက်ဆုံးတုံးက မငယ်အခုရေးထားသလိုပဲ ဖုန်းလှမ်းဆက်ခဲ့ပြီး ရှင်းပြခဲ့တာကို အမှတ်ရတယ်... သူ့ကိုလည်း အမြဲမဟုတ်တောင် တိုက်ဆိုင်တိုင်း သတိယနေတက်တယ်..

မသက်အတွက် အခုလို တခုတ်တရ ပြန်ရေးတာ ကျေးဇူး.. မသက်ကတော့ ကောင်းရာ နေရာ ကို ရောက်မှာ အသေချာပဲ...သူ တည်ငြိမ်ခဲ့တယ် အေးချမ်းခဲ့တယ် သေဖို့အတွက် ဝိပဿနာကို နားလည်ရင်း သူ ဘဝကူးသွားခဲ့တယ်လို့ နားလည် လို့ပါ..

သူငယ်ချင်း အဆင်ပြေပါစေ..

ပန်းဗေဒါ

Very good Nge Naing, thanks for taking care of Ma Thet on her final days. I'm so sad when I'm reading it and remember Ma Thet Gyi.
She’s like my elder sister and always helped me when I was serving at Lawl-Khwarr-Lu, Manerplaw. I have a picture with her original hand writing on the back of photo which was a turning point day of the ABSDF Third conference. She had given that photo to me as a gift from the Regiment (601) and I’m still keeping it.
I gave a copy to Ko Htet Aung Kyaw (Ko Win Htein of 201) for his series of an article, if he is not using it, I will post it on the Southern Burma page.

Thiri Nyunt