မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့အခမ်းအနားများ အတွေ့အကြုံ (ဆစ်ဒနီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ကို ဆစ်ဒနီမြို့မှာ နှစ်နေရာ ကျင်းပခဲ့ပါတယ်။ ဘယ်သူကျင်းပတဲ့ အခမ်းအနားရယ်လို့ ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်းစွဲ မထားဘဲ ဒ်ါအောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ (၁၉) ရက်နေ့ တင်္ဂနွေနေ့မှာ ကျင်းပမည့် အခမ်းအနားကိုပဲ တက်မယ်လို့ ရည်ရွယ်ထားခဲ့ပေမဲ့ တကယ်တမ်းကျတော့ အခမ်းအနား နှစ်ခုစလုံးကို ကျွန်မတက်ဖြစ်သွားခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ (19/06/11) မြို့ထဲက 4 A Centre for Contemporary Asian Art မှာ ကျင်းပတဲ့ အခမ်းအနားကို သြစကြေးလျားက ထင်ရှားတဲ့ အထင်ကရ အမျိုးသမီး လေးဦးက ဦးဆောင်ကျင်းပခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့ (21/06/11) နေ့က မြန်မာစားသောက်ဆိုင် ပုဂံစားသောက်ဆိုင်မှာ ကျင်းပတဲ့ အခမ်းအနားကိုကျတော့ Burma Campaign Australia က ဦးဆောင်ကျင်းပခဲ့ပါတယ်။ မြို့ထဲက အခမ်းအနားက ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နိုင်ငံရေးကို အသိနည်းနေသေးသူ နိုင်ငံခြားသားများအတွက် မြန်မာ့အရေးကို သတင်းအချက်အလက် စီမံဆောင်ရွက် ဖေါ်ပြပေးတဲ့ အခမ်းအနား ဖြစ်ပြီး ပါတီပွဲတခု အသွင်သဏ္ဍန်ဆောင်နေတာကို တွေ့ရပါတယ်။

 Burma Campaign က ကျင်းပတဲ့အခမ်းအနားကတော့ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ မိတ်ဆုံစားပွဲ သဏ္ဍန်ဆောင်နေတာကို တွေ့ရပါတယ်။ အခမ်းအနား နှစ်ခုက ကျင်းပတဲ့ ပုံစံတခုနဲ့တခု လုံးဝ ကွဲပြားခြားသလို နှစ်စဉ် ကျင်းပနေကျ ရှစ်လေးလုံး မျိုးဆက်တွေ ကျင်းပတဲ့ အခမ်းအနားတွေလို ဈေးရောင်းပွဲတွေနဲ့ တွဲလုပ်ခြင်း မဟုတ်ဘဲ လူကြီးတွေသက်သက် တက်ရောက်တဲ့အတွက် အရင်တက်ခဲ့ဖူးတဲ့ အခမ်းအနားတွေနဲ့ မတူကွဲပြားခြားနားနေတာကိုလည်း တွေ့ရပါတယ်။ အခမ်းအနား တက်ရောက်သူတွေကို ကြည့်လိုက်တော့ နိုင်ငံခြားသားတွေနဲ့ Activists မဟုတ်သူတွေကို အများဆုံးတွေ့ရပြီး နှစ်စဉ်နှစ်တိုင်း အခမ်းအနားတွေမှာ တွေ့နေကျ Activists တွေကို သိပ်မတွေ့ရတာကို သတိထားမိပါတယ်။

19/06/11 မှာ သြစကြေးလျား အမျိုးသမီးတွေ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနား

 ဒီအခမ်းအနားကို သြစကြေးလျားက ထင်ရှားတဲ့ အမျိုးသမီးလေးဦးဖြစ်တဲ့ Di Morrissey (ထင်ရှားတဲ့အမျိုးသမီး စာရေးဆရာမတဦး), Therese Rein (လက်ရှိနိုင်ငံခြားရေး ဖြစ်သူ ယခင် သြစကြေးလျားဝန်ကြီးချုပ် Kevin Rudd ရဲ့ဇနီး), Lucy Turnbull AO (လက်ရှိ Shadow Minister Communication and Broadband ယခင် အတိုက်အခံခေါင်းဆောင် Malcolm Turnbull ရဲ့ ဇနီး) Ms. Janelle Saffin MP (လက်ရိအာဏာရ လေဘာပအတီက ဖက်ဒရယ် MP and Co-convenor of Australian Parliamentarians for Democracy in Burma) တို့က ဦးဆောင်ကျင်းပခဲ့ပါတယ်။ 

ဒီအခမ်းနားကို ကျွန်မ သွားစဉ် ဆောင်းတွင်းကာလ သိပ်အေးပေမဲ့ နိုင်ငံခြားသားတွေ ဦးစီးတဲ့အခမ်းအနားဆိုတော့ မြန်မာ့ယဉ်ကျေးမှုကို ပြသတဲ့အနေနဲ့ မြန်မာဆန်ဆန် ဖြစ်အောင် မနေ့တနေ့ကမှ မြန်မာဆိုင်က သွားဝယ်လာတဲ့ မြန်မာရင်ဖုံးအင်္ကျီ အစိမ်းရောင်လေးကို ရှိပြီးသား ပိုးချိတ်ထမိန်လေးနဲ့ ၀တ်ပြီးအခမ်းအနားကို လာလိုက်တာ ထမိန်က တချိန်လုံး လျှောကျနေပြီး ပြင်ဝတ်နေရလို့ ၀တ်လာမိတာကို နောင်တရသွားတယ်။ အရင်က ချည်ချိတ်ထမိန်တွေကို ၀တ်ပြီးကျောင်းသွားဖူးတာ ဒီလောက်အထိ ဒုက္ခမရောက်ဘူး အခုကျတော့ လူကလည်း ကီလိုတိုးနေတော့ ထမိန်ဝတ်လို့ သိပ်မခိုင်ဖြစ်နေချိန်မှာ ပိုးချိတ်ကို သွားဝတ်တော့ ပိုဆိုးသွားတာပေါ့။ ဒါက အလှမက်လို့ ရတဲ့ဒုက္ခပါ။

အခမ်းအနား ကျင်းပတဲ့နေ့က အမျိုးသားကလည်း အလုပ်သွားနေတော့ သားကိုပါ ခေါ်လာပြီး အခမ်းအနားကို ၀င်လို့ရရင် အခန်းထဲ ခေါ်သွားမယ် မရရင်လည်း မလှမ်းးမကမ်းမှာ ရှိတဲ့ အခမ်းအနားကျင်းပရာနေရာနဲ့ တလမ်းတည်း Hay Street ပေါ်က ကျွန်မတက်တဲ့ တက္ကသိုလ် UTS  စာကြည့်တိုက်မှာ
ကျွန်မရဲ့ ကျောင်းသားကဒ်ကို ပေးပြီး ခဏသွားထားမယ်လို့ စဉ်းစားပြီး သားကို ခေါ်လာခဲ့တယ်။ ဒါပေမဲ့  အခမ်းအနားကို ရောက်တော့ အိမ်မှာ တယောက်တည်း ထားခဲ့ဖို့ မဖြစ်နိုင်လို့ ခေါ်လာရတဲ့အကြောင်း Reception မှာရှင်းပြတော့ သားသားလည်း ၀င်ခွင့်ရခဲ့ပါတယ်။

Reception  ကနေ  လှေကားပေါ်တက်ပြီး အပေါ်ရောက်လို့ ကျွန်မကြည့်လိုက်တော့ အခမ်းအနားလို့သာ ပြောတယ် ဘာဆိုင်းဘုတ်မှ ရေးထားတာ မတွေ့၊ ထိုင်စရာ ကုလားထိုင်လည်း တလုံးမှအတွေ့ဘဲ အခန်းတခန်းလုံးမှာ အဖြူနဲ့ဗမာတွေ ရောနေတဲ့ လူတွေက မတ်တပ်ရပ်လျှက်နဲ့ နှစ်ယောက်တစု သုံးလေးယောက်တစုနဲ့ ၀ိုင်းဖွဲ့စကားပြောနေကြတာကို တွေ့ရပါတယ်။ မြန်မာအကကို ကပြမည့် ကလေးမလေးနဲ့ သူ့မိဘတွေဖြစ်တဲ့ ကိုဇော်ဝင်းနိုင် မမီမီရှိန်တို့ မိသားစု၊ ဒေါက်တာမြင့်ချိုတို့ကို လှေကားက တက်တက်ချင်း အခန်းအ၀င်ဝမှာပဲ အရင်တွေ့ရပြီး လှမ်းနှုတ်ဆက်နေချိန်မှာ Burma Campaign က ဒေါက်တာကျော်မြင့်ကိုလည်း လူအုပ်ထဲမှာ တွေ့လိုက်ရပြီး အပြန်အလှန် နှုတ်ဆက်ကြတယ်။ 


အခန်းရဲ့ အတွင်းဘက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ကိတ်မုန့်တင်ထားတဲ့ စားပွဲခုံ၊ မိုက်နဲ့ မွေးနေ့ကဒ် တင်ထားတဲ့ စကားပြောမည့်နေရာနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရုပ်ပုံတွေနဲ့ စာသားတွေကို ဆလိုက်နဲ့ ထိုးပြထားတာတွေကို တွေ့ရပါတယ်။ ကရင်ဝတ်စုံ ၀တ်ဆင်ထားတဲ့ ကရင်အမျိုးသမီးလေးတွေက လင်ပန်းထဲမှာ အသားကင်၊ ဆူရှီ၊ Spring roll စတဲ့ အစားအစာတွေကို တလုပ်စာအရွယ် ပြင်ဆင်ထားတာတွေနဲ့ ဖန်ခွက်နဲ့ ထည့်ထားတဲ့ ဖျော်ရည်မျိုးစုံကို ယူလာပြီး အခမ်းအနား မစတင်မီ မတ်တပ်ရပ်လျှက် စကားပြောနေသူတွေကို လိုက်ပြီး ဧည့်ခံကျွေးမွေးနေကြ ပါတယ်။ ကျွန်မတော့ တလုပ်စာအရွယ် ပုဇွန်သေးသေးလေး သုံးကောင်နဲ့ လိပ်ထားတဲ့ Spring roll လေး တလိပ်ပဲ ကောက်စားဖြစ်ပြီး တခြားဘာမှမစား ဘာမှမသောက်ခဲ့ပေမဲ့ သားကတော့ လာသမျှအစားအစာ အကုန်ယူစားနေတော့တယ်။

အတွင်းဘက်မှာ လူတွေအများကြီးနဲ့ စကားပြောနေတဲ့ အမျိုးသမီးတဦးကို ကောင်းကောင်းမှတ်မိနေလို့ သေသေချာချာ ကြည့်လိုက်တော့ နာမည်ကိုပဲ မမှတ်မိပေမဲ့ လူကိုကျွန်မ ကောင်းကောင်းမှတ်မိသွားတယ်။ သူကလူအများကြီးနဲ့ စကားပြောနေတယ် ဆိုတော့ ကျွန်မ ရုတ်တရက် သွားနှုတ်မဆက်သေးဘဲ ဒေါက်တာမြင့်ချိုကိုမးကြည့်တော့  ABSDF ဗဟို ရှိရာ တောထဲလာဖူးသူဆိုတာ သေချာသွာုးတယ်။ ဒေါက်တာမြင့်ချိုက အဲဒါ မြန်မာ့အရေးကို အဓိက ဦးဆောင်ပြီး အထောက်ကူပြုနေတဲ့ လေဘာပါတီက ဖက်ဒရယ် အမတ် Jannelle လေ ဒီပွဲကိုလည်း သူပဲ ဦးဆောင်ခဲ့တာပေါ့လို့ ပြောပြတော့ ကျွန်မက သူ့နာမည်ကို ပြန်မှတ်မိသွားပါတယ်။  အဲဒီတုန်း Jannelle လာလည်တော့ ဒုက္ခသည်စခန်းနဲ့ သံလွင်မြင်ကမ်းဘက်ကို သွားလေ့လာချင်တယ်ဆိုလို့ ဗဟိုကနေ တနာရီခန့် လမ်းလျှောက်ရတဲ့ မယ်ရယ်ဒုက္ခသည်စခန်းကို နှစ်ယောက်တည်း ခြေကျင်လျှောက်ပြီး လိုက်ပို့ဖူးတယ်။ အဲဒီတုန်းက တောတွင်းမှာ ကြီးတဲ့ ကျွန်မထက်တောင် သူက ပိုပြီးလမ်းလျှောက် မြန်နေလို့ အံ့သြရတာကိုလည်း ပြန်သတိရသွားတယ်။ သူ့ကို မှတ်မိသွားပေမဲ့ သူ့မှာလည်း နှုတ်ဆက်တဲ့ ပရိတ်သတ်တွေ မနည်းမနောဆိုတော့ လူရှင်းတာကို စောင့်ရင်းနဲ့
အခမ်းအနားစတဲ့အထိ ကျွန်မ သွားမနှုတ်ဆက်ဖြစ်ဘူး။

ဒီအခမ်းအနားကို သြစကြေးလျား အစိုးရဘက်ကရော အတိုက်ခံဘက်ကပါ နှစ်ဘက်စလုံးက ခေါင်းဆောင်တချို့ လာကြတယ်ဆိုတော့ ဒီလူတွေကို ကျွန်မထက် သားသားက ပိုသိနေပြီး မေမေ ဟိုတယောက်က ဘယ်သူမဟုတ်ဘူးလားနဲ့ တယောက်တွေ့တယောက် တိုးတိုး တိုးတိုးနဲ့ လာလာပြီး မေးနေလို့ ကျွန်မကလည်း ၀န်ကြီးချုပ်၊ အတိုက်အခံခေါင်းဆောင်နဲ့ ကျန်းမာရေးဝန်ကြီး ရှဲဒိုးကျန်းမာရေးဝန်ကြီးတွေကလွဲရင် ဘယ်သူ့ကိုမှ
နာမည်နဲ့ လူကိုတွဲမသိတော့ တိတိကျကျ မဖြေဖြစ်ဘဲ " ဒီပွဲက သံတမန်အသိုင်းအ၀ိုင်းက လူတချို့လည်း လာကြတယ်ဆိုတော့ ဟုတ်မှာပေါ့သား" လို့ပဲ ပြန်ဖြေလိုက်တယ်။ နောက်တော့ သားမေးတဲ့နာမည်တွေနဲ့ ဒေါက်တာ မြင့်ချိုကို ပြန်မေးကြည့်တော့ သားပြောတာ ဟုတ်နေတယ်။ အဲဒီနေ့က သူ တီဗွီထဲမှာ တွေ့နေကျ အတိုက်ခံပါတီကရော အာဏာရပါတီကဘက်ကပါ ခေါင်းဆောင်တချို့ကို အပြင်မှာ ကိုယ်တိုင် တွေ့ရလို့ဆိုပြီး သားသားက တော်တော်လေး အံ့သြနေတယ်။

အခမ်းအနား စတင်တော့ အခမ်းအနားအစီစဉ်တွေကို ကြေညာတဲ့ အခမ်းအနားမှူးက အမျိုးသားတဦးဖြစ်နေတာကို တွေ့ရပြီး ဒီအခမ်းအနားနဲ့ပတ်သက်ပြီး မိတ်ဆက်အနည်းငယ်ပြောတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ အမှတ်အသားတချို့အကြောင်း အနည်းငယ်ပြောပြီးတာနဲ့
ဒေါက်တာဂျိုးတို့ ဇနီးမောင်နှံက မြန်မာ့ရိုးရာအစားအစာတခု ဖြစ်တဲ့ လက်ဘက်သုပ်အကြောင်းကို နိုင်ငံခြားသားတွေသိအောင် မိတ်ဆက်ပေးပြီး ခင်းကျင်းပြသကာ အသေးစိတ်ရှင်းပြခဲ့ပါတယ်။ ရှင်းပြနေစဉ်မှာလည်း ဒုံးယိမ်းအဖွဲ့က ကရင်အမျိုးသမီးလေးတွေက သုပ်ထားပြီးသား လက်ဘက်သုပ်တွေကို တခါသုံး ဟင်းခပ်ဇွန်းအရွယ် ကော်ဇွန်းတွေနဲ့ လင်ပန်းထဲမှာ ထည့်လာပြီး လိုက်ဝေပေးပါတယ်။ မြန်မာ့ရိုးရာ အစားအသောက်ကို ပြသပြီးတာနဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှုအကတွေ ဖြစ်တဲ့ မြန်မာရိုးရာ မင်းသမီးအကနဲ့ ကရင်ဒုံးယိမ်းအကတို့နဲ့ ဖျော်ဖြေပါတယ်။ ဖျော်ဖြေရေး အစီစဉ်ပြီးမှ ဒီအခမ်းအနားကို ဦးဆောင်တဲ့ အမျိုးသမီးလေးဦးက တယောက်ပြီးတယောက် စကားပြောကြပါတယ်။

သူတို့ပြောတဲ့ အကြောင်းအရာကတော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့်ပြတ်သားတဲ့ တိုက်ပွဲဝင်မှုကို ချီးကျူးဖေါ်ထုတ်ကြပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာ တိုက်ပွဲဝင်သမိုင်းကြောင်းနဲ့ မြန်မာ့အရေးကို သြစကြေးလျား လူ့အဖွဲ့အစည်းက သိသင့်သိထိုက်တာတွေကို ဦးစားပေးပြောသွားတဲ့အတွက် ကျွန်မတို့ သိပြီးသားတွေပဲ များပါတယ်။ အာဏာရှင်တို့ရဲ့ မတရားမှုတွေနဲ့ ပတ်သက်ပြီးတော့ အာဏာရှင်တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း၊ ရွေးကောက်ပွဲပြီးသွားလည်း သိသာထင်ရှားတဲ့ ပြောင်းလဲမှု ဘာမှမရှိကြောင်း၊ ရွေးကောက်ပွဲပြီး ရက်ပေါင်း ၁၀၀ ရောက်တဲ့အထိတောင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက ဆက်တိုက်ဖြစ်ပေါ်လျှက် ရှိနေသေးကြောင်း ဒီနေ့ ၆၆ နှစ် ပြည့်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဒီမိုကရေစီတိုက်ပွဲ ၂၃ နှစ်ကာလမှာ အချိန်ကာလအများစုကို အကျယ်ချုပ်ဘ၀နဲ့နေခဲ့ရပေမဲ့ အားမလျှော့ဘဲ ဆက်လက်ပြီး တိုက်ပွဲဝင်လျှက်ရှိကြောင်း၊ ဘာမှလုပ်လို့မရဘူး ဆိုတာလုံးဝ မဖြစ်စေရဘဲ မြန်မာ့အရေးကို ၀ိုင်းဝန်းပံ့ပိုးပေးဖို့လိုကြောင်း စသည်တို့ကို ပြောကြားသွားပါတယ်။

နောက်ဆုံးပိတ် Speech ကို Jenelle က ပြောပြီးတာနဲ့ မွေးနေ့ဆုတောင်းကြတယ်။ မွေးနေ့ကိတ်ခွဲပြီးတတာနဲ့ မွေးနေ့ကဒ်ထဲမှာ
မွေးနေ့ဆုတောင်းကို ရေးပေးကြပါတယ်။ ကျွန်မအရှေ့က ရေးပေးတဲ့သူတွ အားလုံးက အင်္ဂလိပ်လိုနဲ့ ရေးပေးကြတာကို တွေ့ရတယ်။ ကျွန်မလည်း မွေးနေ့ဆုတောင်းကို ဗမာလိုနဲ့ စာလုံးနည်းနည်းပေးကြီးပြီး များများရေးရင် တခြားသူတွေ ရေးဖို့ နေရာမကျန်ဖြစ်မှာစိုးတာနဲ့ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ပဲ လိုရင်းကို ရေးလိုက်ပါတယ်။ သားသားရေးတဲ့အလှည့်မှာတော့ အကြာကြီးဖြစ်နေလို့ နောက်မှာ ရေးဖို့တန်းစီနေတဲ့ လူတွေကလည်း အများကြီးနဲ့ အားနာစရာကြီး Happy Birthday တလုံးနဲ့ Mg Toee Nanda တလုံး ရေးတာ ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရလဲ ဆိုပြီး သွားကြည့်တော့ သူက သူ့အသက်က ၁၁ ရှိကြောင်းနဲ့ သူ့ရဲ့ History Speech မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ပြောခဲ့တဲ့အကြောင်းပါ ရေးထားတယ်။ အမှန်က သူက ကျောင်းမှာ လုပ်ရတဲ့ Oral Presentation အကြောင်းကို ပြောတာ ဖြစ်ပေမဲ့ အဲလို မဖေါ်ပြထားတော့ သူရေးလိုက်ပုံက မသိရင် ဒီအခမ်းအနားမှာပဲ သူက speaker တယောက်လိုလို ထင်သွားနိုင်တယ်။

မွေးနေ့ ဆုတောင်းတွေ ရေးနေချိန်မှာတော့ ပြန်တဲ့သူကပြန်နဲ့ လူနည်းနည်း ပါလာတဲ့အချိန်မှာ အဲဒီအချိန်ကျမှပဲ ကျွန်မက Jannelle ကို သွားနှုတ်ဆက်တယ်။ ကျွန်မကိုမှတ်မိလား မေးကြည့်တော့ မျက်နှာကိုတော့ ကောင်းကောင်းမှတ်မိတယ် ဒါပေမဲ့ ဘယ်တုန်းက ဘယ်မှာဆိုတာ စဉ်းစားလို့မရဖြစ်နေတယ် ပြောလို့ တွေ့တာ လွန်ခဲ့တဲ့ ၁၃-၁၄ နှစ်ခန့်ကတောင် ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့၊ ၉၇ ခုနှစ် ကုန်ခါနီးလောက်က ABSDF ဗဟိုကို လာလည်တုန်းကလို့ ပြောလိုက်တော့ သြော် မှတ်မိပြီ မှတ်မိပြီ မဲစရီးယန်းနားက စခန်းမဟုတ်လား ဒုက္ခသည်စခန်းကို လမ်းလျှောက်သွားတာ ကောင်းကောင်းမှတ်မိတယ်ဆိုပြီး ပြောလို့ ကျွန်မလည်း တော်တော်လေး ၀မ်းသာသွားတယ်။ နင့်နာမည်က ဆိုပြီး ကျွန်မရင်ဘတ်က နာမည်ကဒ်ကို သူကဖတ်ကြည့်ကာ နာမည်ကိုခေါ်ပြီး နင်က မြန်မာဝတ်စုံနဲ့ အနောက်တိုင်းကုတ်ဝတ်ထားတယ်လို့ ကျွန်မ၀တ်ထားတဲ့ အနွေးထည်ကို ရည်ညွန်းပြီး ပြောတယ်။ ပြီးတာ့ကျွန်မကို ဒီမှာတွေ့ရတာ ၀မ်းသာကြောင်းနှင့် သူက အခုထိ မြန်မာ့ဒီမိုကရေစီအရေးအတွက် အဓိကပံ့ပိုးနေတဲ့ MP တယောက်ဖြစ်ကြောင်း ပြောပြပါတယ်။ ကျွန်မလည်း ဒေါက်တာမြင့်ချို ပြောပြလို့ သိပြီးပြီဆိုတာနဲ့ ဒီအခမ်းအနားကို ဆောင်ရွက်တဲ့အတွက်ရော မြန်မာ့ဒီမိုကရေစီအရေးကို တောက်လျှောက် ထောက်ခံ အားပေး ပံ့ပိုးနေတဲ့အတွက်ပါ အထူပဲ ကျေးဇူးတင်ကြောင်း ပြောကာ နှုတ်ဆက်ပြီး ပြန်လာလိုက်တယ်။ မပြန်ခင် သားသားက အမှတ်တရ ဓါတ်ပုံရိုက်ပေးပါတယ်။


 ဒီအခမ်းအနားက အပြန်မှာတော့ သားက ကျွန်မကို မေမေ အရင်က ဒီအခမ်းအနားတွေ တက်ဖူးလား ဘာအကြောင်းတွေ ပြောကြလဲ စသည်ဖြင့် မေးတဲ့မေးခွန်းတွေကို ဖြေလိုက်ရတာ မနည်းမနောပဲ။ ကျွန်မတို့အခမ်းအနားပြီးလို့ Paddy Market အပေါ်က Market City Shopping Center မှာ ဆောင်းတွင်းဝတ် ဘောင်းဘီတထည်ဝယ်ကာ ခဏခဏ ပြင်ဝတ်နေရတဲ့ ပိုးချိတ်ထမိန်နဲ့ Change Room မှာ ၀င်လဲပြီးတာနဲ့ Darling Harbour ဘက်ကို လမ်းလျှောက်လာပြီး သားအဖေ အလုပ်ပြီးတဲ့အချိန်ကို လာစောင့်ပြီး သူ့အဖေကားနဲ့ အိမ်ပြန်လာလိုက်ပါတယ်။ အခမ်းအနားက ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီပို့စ်အတွက် လူနာမည်တွေနဲ့ တာဝန် အတိအကျနဲ့ ပြောသွားတဲ့အကြောင်းအရာ အကျဉ်းချုပ်ကို ပို့လာပေးတဲ့ ဒေါက်တာမြင့်ချိုကို ကျေးဇူးတင်ပါတယ်။)

Ms. Janelle Saffin MP (Federal Labor MP and Co-convenor of Australian Parliamentarians for Democracy in Burma).


အခမ်းအနားမှူးမှ အစီစဉ်များကို ကြေညာနေစဉ်

အခမ်းအနားမှာ ကရင်ဝတ်စုံ ၀တ်ဆင်ထားတဲ့ ဒုံးယိမ်းအဖွဲ့က စားစရာများကို လင်ပမ်းနဲ့ ထည့်ပြီး လိုက်ဧည့်ခံတာကို တွေ့ရပါတယ်။

အစားအသာက်များ လိုက်ဝေငနေသည့် ဒုံးယိမ်းအဖွဲ့မှ ကရင်အမျိုးသမီးလေး နှစ်ဦး

ဒေါက်တာ Joe ဇနီးမောင်နှံမှ လက်ဘက်သုတ်အကြောင်းကို ခင်းကျင်းပြသပြီး အသုံးပြုပုံ စားသောက်ပုံကို ရှင်းလင်းပြနေစဉ်

ဆစ်ဒနီမြန်မာ မိန်းကလေးတဦးမှ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကဖြင့် ကပြဖျော်ခြေနေစဉ်


မြန်မာ့ရိုးရာအက ဗွီဒီယို


ကရင်ဒုံးယိမ်းအဖွဲ့မှ ကပြဖျော်ဖြေနေစဉ်

ကရင်ဒုံးယိမ်းအက ဗွီဒီယို

Co-organisers of this event were Di Morrissey (one of Australia's most popular female novelists),

Therese Rein (wife of former Australian Prime Minister and current Foreign Minister Kevin Rudd) စကားပြောနေစဉ်

Lucy Turnbull AO (wife of former Opposition Leader and current Shadow Minister for Communication and Broadband Malcolm Turnbull)

Ms. Janelle Saffin MP (Federal Labor MP and Co-convenor of Australian Parliamentarians for Democracy in Burma).

အခမ်းအနားကို ကျင်းပသည့်အမျိုးသမီးလေးဦးနှင့် မြန်မာအမျိုးသမီးတဦးကို ကိတ်မုန့်ခွဲခါနီးတွေ့ရစဉ်

Happy Birthday သီချင်းသီဆိုပြီး တက်ရောက်သူ အားလုံးကို Miss Janelle မှ ကျေးဇူးတင်စကား ပြောကြားစဉ်



မွေးနေ့ကဒ်မှာ မွေးနေ့ဆုတောင်း ရေးထိုးနေကြစဉ်

ရှည်ရှည်ဝေးဝေး ဆုတောင်းနေရင် မွေးနေ့ကဒ်မှာ နောက်လူတွေဆုတောင်းဖို့ နေရာ မကျန်မှာစိုးလို့ မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ပဲ မြန်မာလိုနဲ့ ရေးပြီး ဆုတောင်းပေးလိုက်ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်တဲ့ တဦးတည်းသောကလေး ဖြစ်သူ မောင်တိုးနန္ဒက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းကို ရေးနေစဉ်

Ms. Janelle Saffin နဲ့ အမှတ်တရ



Burma Campaign Australia က ပုဂံစားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနား


ဒီအခမ်းအနားကတော့ အခမ်းအနားတခုပုံစံတခုထက် မိတ်ဆုံစားပွဲပုံစံနဲ့ ပိုဆင်ပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ဒီအခမ်းအနားကို ကျွန်မ တက်ဖို့အစီစဉ် မရှိခဲ့ပါဘူး။ ၁၉ ရက်နေ့မှာ လုပ်တဲ့အခမ်းအနားမှာ ဒေါက်တာကျော်မြင့်နဲ့ ဒေါက်တာ မြင့်ချိုတို့ကို တွေ့ပြီးတဲ့အခါမှာတော့ နိုင်ငံခြားသားတွေ ကျင်းပတဲ့ပွဲကိုတော့ သွားအားပေးပြီး ကိုယ့်လူတွေ လုပ်တဲ့ပွဲကို မသွားရင် ကောင်းပါ့မလား ဆိုတဲ့အတွေးနဲ့ ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ သွားတက်လိုက်ရတဲ့ပွဲပါ။ ဒါပေမဲ့ ဒီအခမ်းအနားကမှ ကျွန်မအတွက် လာဘ်ကီးကောင်းတဲ့ အခမ်းအနားဖြစ်နေတာကို တွေ့ရပါတယ်။ 


အခမ်းအနားကို သွားဖို့ဆုံးဖြတ်ပြီး အွန်လိုင်းပေါ်မှာ လက်မှတ်အတွက် Book လုပ်တုန်းက လက်မှတ်ဖိုး ငါးဆယ်ဆိုတာ သိထားရာကနေ အခမ်းအနားရောက်တော့ လေးဆယ်ပဲ ဖြစ်နေတာကို သိရတော့ ဒါပထမလာဘ်ကီး ဖြစ်နေတယ်။  နောက်တခုက အဲဒီနေ့မှာ အမျိုးသားက အလုပ်ချိန်နဲ့ တိုက်နေတယ် ထင်နေတာ အလုပ်မရှိတဲ့နေ့နဲ့ ကြုံနေလို့ အခမ်းအနားကို ရထားနဲ့ သွားစရာမလိုဘဲ အမျိုးသားလိုက်ပို့လို့ ကားနဲ့သွားလိုက်ရတယ်။ အဲဒီကတည်းက ကျွန်မက ဒီအခမ်းအနားမှာ လာတ်ကီးကောင်းနေတယ်ဆိုတာကို သတိမထားမိသေးဘူး။ ကိုယ့်ကိုယ်ကိုယ် လာတ်ကီးကောင်းမှန်း အခမ်းအနားပြီးခါနီးမှ တကယ်သိရပါတယ်။

ဒီအခမ်းအနားမှာလည်း အခမ်းအနား ကျင်းပတဲ့အဖွဲ့ Burma Campaign Australia က ဗမာဆိုလို့ ဥက္ကဌ ဖြစ်သူ ဒေါက်တာကျော်မြင့်နှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုတို့ နှစ်ယောက်ကိုပဲ တွေ့ပြီး ကျန်တဲ့ ဧည့်ခံကြိုဆိုပြီး လက်မှတ်တွေ လက်ခံသူ၊ အစီစဉ်ကြေညာသူ၊ Burma Campaign နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်လေးကို လိုက်ဝေပြီး အဖွဲ့ဝင်အဖြစ် ၀င်မလားနဲ့လိုက်စည်းရုံးနေသူ၊ Burma Campaign ရန်ပုံငွေအတွက် ထုတ်လုပ်ရောင်းချတဲ့ စာအုပ်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကြော်ငြာပြီး ရောင်းချနေသူ၊ မဲဖေါက်ဖို့ Ruffle ticket တွေလိုက်ရောင်းနေသူတွေက သြစကြေးလျားလူမျိုးတွေပဲ ဖြစ်နေတာ တွေ့ရပါတယ်။ 


အခမ်းအနား တက်သူအများစုကလည်း ကျွန်မ ခါတိုင်းတွေ့နေကျ အသိတွေကို သိပ်မတွေ့ရဘဲ မတွေ့ဖူးတဲ့ မျက်နှာစိမ်းတွေက သိတဲ့သူထက် ပိုများနေတယ်။ အသိတွေအထဲမှာတော့ အဘဦးရဲခေါင် (မြ၀တီရဲခေါင်) တယောက်ကို တွေ့လိုက်ရလို့ ဒီလောက်အေးတဲ့ ရာသီမှာ ညဘက်ကျင်းပတဲ့ ဒီအခမ်းအနားကို တကူးတက လာတက်တာကို ကြည့်ပြီး အဘရဲ့စိတ်ဓါတ်ကို လေးစားမိတယ်။ ဒီအခမ်းအနားကာလမှာ စားစရာတွေ လာချပေးတာကို စားရင်းနဲ့ တင်ဆက်တဲ့ အစီစဉ်တွေကို ကြည့်လိုက် သီချင်းသီဆိုတာကို နားထောင်လိုက်နဲ့ပဲ လုပ်သွားပါတယ်။ 

အခမ်းအနား အစီစဉ်ကို ကြေညာပြီးမှာ ပထမဦးစွာ ဆစ်ဒနီမြန်မာလူမျိုးစု မြန်မာ့အသံက ဦးပန်တျာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ချီးမွမ်းစကား ပြောဆိုပြီး နဂါးနီသီချင်း သံစဉ်ကို ယူပြီး စပ်ဆိုထားတဲ့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် အာဏာရှင်ကို စုပေါင်းတော်လှန်ကာ အောင်ပွဲခံမယ်ဆိုတဲ့ အဓိပ္ပါယ်ပါရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သီချင်းကို သီဆိုပြပါတယ်။ ကျွန်မတို့ အခမ်းအနားတက်တဲ့သူတွေလည်း စားရင်းသောက်ရင်း ဓါတ်ပုံရိုက်ရင်းနဲ့ပဲ နားထောင်ဖြစ်ပါတယ်။ ကျွန်မထိုင်လိုက်တဲ့ ထိုင်ခုံက ၀င်ဖို့ထွက်ဖို့ သိပ်မလွတ်လပ်တော့ တခြားအခမ်းအနားတွေလို ဓါတ်ပုံလိုက်ရိုက်ဖို့ အဆင်မပြေဘဲ အခမ်းအနား အစပိုင်းမှာ ထိုင်ရာကပဲ ဓါတ်ပုံ ရိုက်ယူရပါတယ်။

 ဦးပန်တျာ တင်ဆက်မှု ပြီးတဲ့အခါမှာတော့ မြန်မာအမျိုးသမီးတဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ လေးစားအားကျဖွယ်ရာတွေကို ပြောကြားပြီး ကျန်တဲ့အပိုင်းကိုတော့  အဆိုတော် ညီအစ်ကို နှစ်ယောက်က အခမ်းအနားပြီးတဲ့အထိ တောက်လျှောက် သီချင်းတွေ တပုဒ်ပြီးတပုဒ် ဂီတာတီးပြီး သီဆိုဖျော်ဖြေခဲ့ပါတယ်။ ကျွန်မတခါမှ မတွေ့ဖူးတဲ့သူတွေ ဖြစ်နေသလို အဆိုရောအတီးပါ ကောင်းလွန်းလို့ ဘယ်ကလူတွေလဲလို့ ဘေးနားက အစ်မတယောက်ကို မေးကြည့်လို့ ကိုအံ့ကြီးရဲ့ တူတော်တွေဆိုတာ သိရတယ်။ မျိုးဆက်မတူလို့ သီချင်းသံစဉ် တီးလုံးတွေ အသုံးပြုတဲ့ Musical instrument တွေ မတူကြပေမဲ့ အနုပညာအမွေအနစ်တွေကတော့ စီးဆင်းလျှက် ရှိတာကိုတွေးပြီး ပီတိဖြစ်မိပါတယ်။ အခမ်းအနားလာတက်တဲ့ အထဲက အန်တီတယောက်က ကိုအံ့ကြီးသီချင်း တပုဒ်လောက် ဆိုပြပါလားဆိုတော့ သံစဉ်တွေကိုပဲ မှတ်မိပြီး သီချင်းစာသားတွေကို မမှတ်မိတော့ဘူးလို့ ပြောတယ်။ ရွှေဘိုသနပ်ခါးတုံးသီချင်းကို မှတ်မိသလောက် တ၀က်တပြက်နဲ့ ဆိုပြတာကို အမှတ်တရအဖြစ် ကျွန်မ ဗွီဒီယိုရိုက်လာခဲ့ပါတယ်။

အခမ်းအနား ပြီးခါနီးမှာတော့ ကိတ်မုန့်ခွဲပြီးတာနဲ့ ကိတ်မုန့်ဝေတဲ့အချိန်မှာ ညဘက် အချိုမစားတတ်တဲ့ ကျွန်မက ဒီညကတော့ ညစာလည်း စားဖြစ်သွားသလို ချော့ကလက်ကိတ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နဲ့ အမှတ်တရ စားဖြစ်သွားပါတယ်။ အခမ်းအနားရဲ့ နောက်ဆုံးအချိန်မှာတော့ Ruffle ticket တွေကို မဲဖေါက်ဖို့အတွက် Burma Campaign ဥက္ကဌ ဒေါက်တာကျော်မြင့်က မဲနိုက်ပြီး အဖွဲ့ရဲ့ Coordinator Zatty က ပေါက်မဲကို ကြေညာပါတယ်။ ပထမဆုက King Cross မှာ ရှိတဲ့ မြန်မာစားသောက်ဆိုင်မှာ စားဖို့ $110 တန် စားသောက်ဆိုင် ဘောက်ချာတခု၊ ဒုတိယဆုက ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားတဲ့ စာအုပ်တအုပ်ကို ပေးပြီး တတိယဆုကိုတော့ ဘာပေးလဲဆိုတာ မမှတ်မိတော့ဘူး။ ဒီအထဲမှာ ကံထူးသူ ပထမဆု ရသူက ကျွန်မဖြစ်နေလို့ တကယ်ပဲ အံ့သြသွားတယ်။

ကျွန်မက ဘယ်အရာမဆို ဘယ်တော့မှ အလကားမရတတ်သူ၊ ကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်လုပ်ပြီးမှပဲ ရတတ်သူ ဖြစ်ပြီး  မဲပေါက်တာ ထီပေါက်တာလို အလကားရတယ်ဆိုတာမျိုး ကျွန်မဘ၀မှာ သိပ်ကြုံကြိုက်ခဲလှတယ်။ ငယ်ငယ်က ခုနှစ်တန်းနှစ်တုန်းက ကျောင်းမှာ သင်္ချာစာအုပ် တအုပ်ပဲ လိုနေလို့ ဆရာက မဲဆွဲခိုင်းတာ တခုတည်းသော မပေါက်မဲက ကျွန်မမှာ လာကျခဲ့တာကို ကျွန်မ အခုထိ အမြဲမှတ်မိနေပါတယ်။ ဒီလို မဲဖေါက်တာကို တခါမှ ရတတ်တဲ့သူမဟုတ်တဲ့ ကျွန်မမှာ ပထမဆုမဲပေါက်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်မကံကောင်းနေတဲ့အချိန်လို့ပဲ မှတ်ယူလိုက်ပါတယ်။ 


ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ကျွန်မမွေးနေ့တုန်းက ဘလော့ဂ်နဲ့ Facebook မှာ လာပြီးဆုတောင်းပေးသွားသူတွေရဲ့ မေတ္တာတွေကြောင့် ကျွန်မကုသိုလ်ကံတွေ တက်လာတာလို့ မှတ်ယူလိုက်ပါတယ်။ ဒါကိုတောင် ကျွန်မက စားသောက်ဆိုင်မှာ ဘောက်ချာက ဘာလုပ်လို့ရမလဲ စာအုပ်ကမှ ဖတ်လို့ရသေးတယ်ဆိုပြီး ဒုတိယရတဲ့ အစ်မနဲ့ လဲဖို့လုပ်နေလို့ ဘေးနားက အစ်မတွေက စာအုပ်က လိုချင်ရင် ၀ယ်လိုက်လိုက်လို့ရတယ် အစိတ်ပဲပေးရတယ် စားသောက်ဆိုင်လက်မှတ်က မိတ်ဆွေမိသားစုတစုခေါ်ပြီး ကောင်းကောင်းစားလို့ရတယ်လို့ ပြောသလို ဒေါက်တာကျော်မြင့်ကလည်း စာအုပ်သူ့မှာရှိတယ် သူပေးမယ်ဆိုလို့ မလဲဖြစ်ဘဲ ဘောက်ချာကိုပဲ ယူလာလိုက်တယ်။ အခမ်းအနားက ကိုးနာရီခွဲမှာ ပြီးမယ်ဆိုပေမဲ့ ကိုးနာရီမှာပဲ အားလုံးကို နှုတ်ဆက်ပြီး အဘဦးရဲခေါင်ကို လာကြိုတဲ့ သူ့သား ကိုဝေလင်းကားနဲ့ ပြန်လာလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အနှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေ




အခမ်းအနားအစီစဉ်များကို စတင်ကြေညာနေစဉ်

Burma Campaign မှ လက်ကမ်းစာစောင်နှင့် ရန်ပုံငွေအဖြစ် ရောင်းချနေသည့် ပစ္စည်းများကိုအဖွဲ့ရဲ့ Coordinator က ကြော်ငြာနေစဉ်

ဆစ်ဒနီမြန်မာလူမျိုးစု မြန်မာ့အသံမှ ဦးပန်တျာက သူတင်ဆက်မည့် အစီစဉ်များကို ပြောကြားနေစဉ်
အဆိုတော် ကိုအံ့ကြီးရဲ့ တူတော်သူတဦးမှ တေးဂီတဖြင့် ဖျော်ဖြေနေစဉ်

အဆိုတော် ကိုအံ့ကြီးရဲ့ တူတော်သူနှစ်ဦးမှ တေးဂီတဖြင့် ဖျော်ဖြေနေစဉ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်သည့် အားကျအတုယူစရာများကို အမျိုးသမီးတဦးမှ ပြောကြားနေစဉ်

Burma Campaign Australia မှာ ဥက္ကဌ ဒေါက်တာကျော်မြင့်နှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချို



အခမ်းအနားတက်ရောက်သူများ

အခမ်းအနားတက်ရောက်သူထဲမှာ အဘဦးရဲခေါင်ကိုလည်း ပါပါတယ်

မွေးနေ့ဆုတောင်းစဉ်နှင့် ကိတ်မုန့်ခွဲစဉ်
ကိတ်မုန့်မကြိုက်တဲ့အပြင် ညဘက်မုန့်အချိုမစားတတ်ပေမဲ့ ဒီတခါတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရအဖြစ် စားလိုက်ပါတယ်


Ruffle ticket ပေါက်မဲ မဲနှုက်ရန် ပြင်ဆင်နေစဉ်

ပေါက်မဲ ကြေညာနေစဉ်





Free Burma သီချင်းဗွီဒီယို

Free Burma သီချင်း ဗွီဒီယို

ရွှေဘိုသနပ်ခါး သီချင်းဗွီဒီယို

ရွှေဘိုသနပ်ခါး သီချင်းဗွီဒီယို

17 comments:

စင်ပေါ်တက်သွားတာက နိုင်ငံခြားသားတွေ
ဖျော်ဖြေရတာက မြန်မာနိုင်ငံသားတွေ
ကျွန်စိတ် ကျွန်စိတ်

သူများမွေးနေ.တွေရော
ကိုယ်.မွေးနေ.ရော
ပိုစ်.တွေဆက်တိုက်တင်ပေးတာကောင်းပါတယ်
နောက်ထပ် ကျန်တဲ.လူတွေရဲ.မွေးနေ.တွေကျရင်လည်း ပိုစ်.တွေတင်ပေးပါအုံး
မငယ်နိုင်အားနေတာပဲ

ပထွေး ကင်အီဆွန်း မွေးနေ့ ကို ဖေါ်ပြပေးပေမယ့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ကို သန်းရွှေ၊ သိန်းစိန်တို့ က တမင်မေ့ထားတာပါ (၁)


ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာပြည်သူပြည်သားများတင်မက ကမ္ဘာ့ပြည်သူပြည်သားများကပါ ချစ်ခင်လေးစားမြတ်နိုးရသူ ဖြစ်တယ်။


အာဏာရူး သန်းရွှေတို့  ကြံ့ ဖွတ် သိန်းစိန်တို့ ကတော့ မြန်မာပြည်သူလူထု ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၆) နှစ်မွေးနေ့ အကြောင်းကို ပါးစပ်ကတောင် မဟရဲကြဖူး၊ ဒေါ်အောင်ဆန်းစုကြည် မပြောပါနဲ့  ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်းရဲ့  မွေးနေ့ တို့  အာဇာနည်နေ့ တို့ တောင်မှ တိုင်းပြည်ရဲ့  လွတ်လပ်ရေးဖခင်ကြီး မြန်မာ့တပ်မတော်ရဲ့  ဖခင်ကြီးဆိုတာကို တမင်မေ့ထားပြီး ကျေးဇူးကန်းပြီး အရိုအသေ အလေးပြုဖို့ သန်းရွှေကအစ အခု ဒူးမနာသား သိန်းစိန်တို့ အထိ ကိုယ်တိုင်ကိုယ်ကျ မလုပ်ကြဖူး။

အာဏာရူး သန်းရွှေတို့  ကြံ့ ဖွတ် သိန်းစိန်တို့ ရဲ့  မုသားစကားလုံးများနဲ့ စီကုံထားတဲ့ မိုးလုံးပြည့်မုသားဝါဒ ဟာသစာစောင်တွေ ဖြစ်တဲ့ ကြေးမုံသတင်းစာတို့  မြန်မာ့အလင်းသတင်းစာတို့ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့  (၆၆) နှစ်မြောက် သတင်းလေးတောင် မဖေါ်ရဲကြဖူး။

ဒါပေမယ့် အဖေကျော်ပြီး ပထွေး တမ်းတနေတဲ့ သန်းရွှေတို့  သိန်းစိန်တို့ က သေဆုံးသွားခဲ့ပြီးဖြစ်တဲ့ မြောက်ကိုရီးယား သမတဟောင်း ကင်အီဆွန်းရဲ့  (၉၇) နှစ်မြောက်မွေးနေ့  အခမ်းအနားကို ၂၀၀၉ ခုနှစ် ဧပြီလတုန်းက ရန်ကုန် အင်လျားလိတ်ဟော်တယ်မှာ ကျင်းပတာကိုတော့ သတင်းစာတွေထဲမှာ ဝေေ၀ဆာဆာဖေါ်ပြပေးကြခဲ့ရဲ့ ဗျာ။ အော် - ဒီလိုလူတွေကို ပုဆိန်းရိုးတွေ အမျိုးသားသစ္စာဖောက်တွေလို့  မပြောသင့်ဖူးလားမေးရင် မြန်မာပြည်သူလူထုတစ်ရပ်လုံးက ပြောသင့်ပါတယ်လို့  ထောက်ခံလိုက်မယ့်ဖြစ်ခြင်း။

ပထွေး ကင်အီဆွန်း မွေးနေ့ ကို ဖေါ်ပြပေးပေမယ့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ကို သန်းရွှေ၊ သိန်းစိန်တို့ က တမင်မေ့ထားတာပါ (၂)


အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးကျေးဇူးရှင်ကြီး တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမီး၊ မြန်မာပြည်သူလူထုရဲ့  ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ တစ်ကွ နိုင်ငံတကာအစိုးရတွေ အဖွဲ့ အစည်းတွေ ပြည်သူတွေက အသိအမှတ်ပြု လေးစားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  တိုင်းပြည်ဂုဏ်ရောင်တောက်ပြောင်စေတဲ့ အမျိုးသမီးကောင်းတစ်ဦးရဲ့  မွေးနေ့ အကြောင်းကို မပြောရဲ မဖေါ်ရရဲတာကတော့ တိုင်းပြည်အကျိုး လူမျိုးအကျိုးကို ရှေ့ ရှူ မရှုဆိုတာ အာဏာရူး သန်းရွှေ သိန်းစိန်တို့  ကိုယ့်ကိုကိုယ် လိပ်ပြာမသန့် လို့ ဘဲ ဖြစ်ပါလိမ့်မယ်။

ဘယ်လိုဘဲ အာဏာရူး သန်းရွှေတို့  ကြံ့ ဖွတ် သိန်းစိန်တို့  အာဏာရှင် တရုတ်အစိုးရတို့  မပြောရဲပါစေ မဖေါ်ပြရဲပါစေ မနေ့ က ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၆) နှစ်မြောက်မွေးနေ့ တင်မက ပြီးခဲ့တဲ့မွေးနေ့ တိုင်း နောင်လာမယ့် မွေးနေ့ တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူပြည်သားတွေ ဘယ်လောက်ချစ်ကြတယ် တန်ဖိုးထားလေးစားကြတယ်ဆိုတာ ပြည်တွင်းပြည်ပတစ်လျှောက် ပြောဆိုကြတဲ့ မွေးနေ့ ဆုတောင်းတွေ တခမ်းတနားကျင်းပကြတဲ့ မွေးနေ့ ပွဲတွေကို ကြည့်ရင် မြင်ပါလိမ့်မယ်။ မြန်မာတိုင်းရင်းသားပြည်သူတွေတင်မကဖူး ကမ္ဘာ့အရပ်ရပ်က နိုင်ငံတကာအသီးသီး အစိုးရတွေ ပြည်သူတွေ ပေးပို့ ပြောကြကြတဲ့ မွေးနေ့ နှုတ်ခွန်းဆက်စကားတွေကို ကြည့်ရင်လည်း အထူးပြောနေစရာမလိုပါဖူး။

အာဏာရှင်နေ၀င်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့် ကို အလေးမထား အရိုအသေမဲ့ပြီး ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့သလိုဘဲ၊ အခု အာဏာရှင်နေ၀င်းရဲ့  ဒူးမနာသားများဖြစ်ကြတဲ့ သန်းရွှေ သိန်းစိန်တို့ ကလည်း ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အလေးမထားရဲတဲ့ ချိတ်ထမိန်ဝတ်တွေ ဖြစ်နေကြကြောင်းပါဗျာ။


(ကိုနစ်နေမန်းဘလော့မှ ကူးယူဖော်ပြပါသည်။)

မြန်မာ့ယဉ်ကျေးမှုအကတွေ အစားအစာတွေနဲ့ ဖျော်ဖြေတာကို ကျွန်စိတ်ဆိုရင် သူများယဉ်ကျေးမှုကို ခိုးချတာကို သခင်စိတ်လို့ ဆိုလိုချင်ပုံရတယ်။ အခမ်းအနားနှစ်ခုမှာ တခုက နိုင်ငံခြားသားလုပ်တာလို့ ရေးထားတာ ပို့စ်ကို သေသေချာချာ ဖတ်ပါ။ ပို့စ်ကို မဖတ်ပဲနဲ့ ပေါက်ကရ ရေးချင်တာ လာရေးရင် နောက်ဖေါ်ပြပေးမှာ မဟုတ်ဘူး။

-မောင်ဆိုတဲ့တယောက် တခြားသူမွေးနေ့ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က တခြားသူမဟုတ်ဘူး မြန်မာပြည် ဒီမိုကရေစီခေါင်းဆောင် သာမကဘူး ကမ္ဘာဒီမိုကရေစီခေါင်းဆောင် စာရင်းထဲမှာပါ ပါတယ်။ သားတို့ကျောင်းမှာ Assignment ကမ္ဘာ့ဒီမိုကရေစီ သူရဲကောင်းတွေနဲ့ပတ်သက်ပြီး ရှာကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်က ထိပ်ဆုံးမှာ ပါလာလို့ အတန်းသားတွေကြားမှာ သားက တော်တော်လေး ဂုဏ်ယူခဲ့ရတယ်။ ဒီလို ဂုဏ်ယူစရာ ပုဂ္ဂိုလ်မျိုး မင်းတို့ ကိုးကွယ်နေတဲ့ အာဏာရှင်တွေ ထဲမှာရှိဖူးလား ဆိုတာ ပြန်စဉ်းစားပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို တကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာတွေရော နိုင်ငံခြားသားတွေပါ ကျင်းပကြတယ်။ အခု ဆစ်ဒနီမှာ နိုင်ငံခြားသား ကျင်းပတဲ့ ပွဲက အတိုက်ခံပါတီကရော အာဏာရပါတီကပါ အပြင်က စီးပွားရေးသမား စာရေးဆရာ အနုပညာရှင် စတဲ့ နောက်ခံမတူတဲ့အမျိုးသမီးလေးယောက်က စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျင်းပတာ။ ပွဲကိုလာတဲ့သူတွေကလည်း အတိုက်ခံဘက်ကရော အစိုးရဘက်ကပါ ရိုးရိုးပါတီစွဲမရှိသူတွေပါပါတယ်။ အဲလိုမျိုး မင်းတို့အာဏာရှင်ထဲက လူတွေအတွက် ဘယ်သူလုပ်ဖူးလဲ စဉ်းစားပါ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီရဲ့ အမှတ်အသား ဖြစ်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို သူများမွေးနေ့လို့ မပြောမိစေနဲ့။

ကမ္ဘာ့ တတိယအဆိုးဆုံး အာဏာရှင် သန်းရွှေ (၁)


ကင်ဂျုံအိ က ပထမ၊ သန်းရွှေ က တတိယ (၁)


တာကလူး


အမေရိကန် ၀ါရှင်တန် အခြေစိုက် Foreign Policy ခေါ် နိုင်ငံခြားရေးပေါ်လစီရေးရာ မဂ္ဂဇင်းက ကမ္ဘာတစ်ခုလုံးရှိ နိုင်ငံ အမည်ပျက် စာရင်းကို ရေးသားထုတ်ဝေရာတွင် မြန်မာနိုင်ငံကိုလည်း ထည့်သွင်း ဖေါ်ပြထားသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့က ထုတ်ဝေလိုက်သည့် FP မဂ္ဂဇင်းတွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၆၀ ကို စာရင်းပြုစု ဖေါ်ပြထားရာတွင် မြန်မာနိုင်ငံကို နံပါတ် ၁၈ နေရာ၌ စာရင်းသွင်း ဖေါ်ပြ ထားခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံများတွင် လူ့ဂုဏ်သိက္ခာကို မလေးစားမှု၊ လုံခြုံရေး ကင်းမဲ့မှု နှင့် ဆင်းရဲမွဲတေ မှုများရှိနေပြီး၊ ပြည်သူများက အသက်ရှင်ရည်တည်ရေး အတွက် နေ့တဓူဝ ရုန်းကန်နေရချိန်တွင် အစိုးရများမှာ သူတို့၏ အာဏာ ရေရှည်တည်မြဲရေးအတွက်သာ လုံးပန်းနေကြကြောင်း ရေးသား ဖေါ်ပြထားသည်။

မြန်မာနိုင်ငံအကြောင်း ရေသားထားရာတွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး အစိုးရ ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်ခဲ့သည်ဟု ဆိုသော်လည်း ဒီမိုကရေစီ အတိုက်အခံ အင်အားစုများကို နည်းမျိုးစုံဖြင့် ကန့်သတ် ချုပ်ချယ် ထားကာ စစ်အစိုးရကသာ နိုင်ငံ၏အာဏာကို ထိမ်းချုပ်ထားဆဲဖြစ်ပြီး၊ တိုင်းပြည်ကို ၂၂ နှစ်ကြာ အုပ်ချုပ်လာခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများမှာ စစ်မှန်သော ဒီမိုကရေစီ အသွင် ကူးပြောင်းရေး နှင့် အမျိုးသားရင်ကြားစေ့ရေးတို့အတွက် အခွင့် အခါကောင်း တစ်ခုကို တလွဲပြုလုပ်လိုက်ကြကြောင်း ရေးသားဖေါ်ပြထားသည်။

ကမ္ဘာ့ တတိယအဆိုးဆုံး အာဏာရှင် သန်းရွှေ (၂)


ကင်ဂျုံအိ က ပထမ၊ သန်းရွှေ က တတိယ (၂)


၎င်းအပြင် မြန်မာအစိုးရမှ တိုင်းပြည်ဘဏ္ဍာ၏ ထက်ဝက်နီးပါးကို စစ်တပ်ကို အင်အား ဖြည့်တင်း ရာတွင် အသုံးပြုနေသောကြောင့် တိုင်းပြည် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ ဆင်းရဲ မွဲတေစွာဖြင့် အသက်ရှင် နေထိုင်နေကြရကြောင်း၊ အစိုးရကို ဆန့်ကျင်သည့် လူထုအုံကြွမှုများ ဖြစ်ပေါ် လာတိုင်း တွင်လည်း ရက်စက်စွာ နှိပ်ကွပ်ပစ်လေ့ ရှိကြောင်းလည်း ရေးသားထားသည်။

ထိုသို့ရေးသားဖေါ်ပြချက်များနှင့် အတူ လွန်ခဲ့သော ဒီဇင်ဘာလအတွင်းက မြန်မာစစ်တပ်မှ ကရင် တော်လှန်ရေး တပ်ဖွဲ့ကို ထိုးစစ် ဆင်ခဲ့စဉ် အတွင်း ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည် ၂၀၀၀၀ ကျော်ထဲမှ သံတိုင်များဖြင့် ကာရံထားသည့် အခန်းထဲမှ အပြင်သို့ လှမ်းကြည့် နေသည့် ကလေးငယ်များနှင့် အမျိုးသမီးများကို ရိုက်နှိပ်ထားသည့် ဓါတ်ပုံတစ်ခုကိုလဲ ငရဲပြည်မှ ပို့စကတ်ဓါတ်ပုံ ဟု ခေါင်းစဉ်တပ်ကာ ဖေါ်ပြပေးထားသည်။

ထိုသို့ FB မဂ္ဂဇင်းတွင် ဖေါ်ပြထားသည့် အဆိုးဝါးဆုံး နိုင်ငံ အမည်ပျက် ၆၀ တွင် ထိပ်ဆုံး ၁၀ နိုင်ငံမှာ ဆိုမာလီယာ၊ ချတ်၊ ဆူဒန်၊ ကွန်ဂို၊ ဟေတီ၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ အာဖရိက အလယ်ပိုင်း သမ္မတနိုင်ငံ၊ အီရတ် နှင့် အိုင်ဗိုရီကို့စ် နိုင်ငံများဖြစ်ကြပြီး၊ အများစု မှာ အာဖရိကတိုက်မှ နိုင်ငံများ ဖြစ်ကြသည်။

အာရှတိုက်မှ မြန်မာနှင့် အတူ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကလာ၊ နီပေါ နှင့် ဘူတန်နိုင်ငံများကိုလည်း နိုင်ငံအလိုက် စစ်တမ်းများအရ ထည့်သွင်းဖေါ်ပြထားသည်။

FP ၏ ၂၀၁၀ခု ဇွန်လထုတ် မဂ္ဂဇင်းတွင်လည်း ကမ္ဘာတ၀ှန်းမှ အဆိုးတကာ့ အဆိုးဆုံး အာဏာရှင် ၂၃ ဦးကို အစီလိုက်သင့် စာရင်းသွင်း ဖေါ်ပြရာတွင် မြောက်ကိုးရီးယား သမ္မတ ကင်ဂျုံအိ၊ ဇင်ဘာဘွေ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ရောဘတ်မူဂါဘီတို့နှင့်အတူ မြန်မာနိုင်ငံမှ နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တတိယ အဆိုးဆုံး အာဏာရှင် အဖြစ် ဖေါ်ပြခဲ့သည်။


http://arzarni.blogspot.com/2011/06/fp.html

ဒေါ်အောင်ဆန်းစုကြည်လည်း သာမန်လူတစ်ယောက်ပါ
သာမန်လူမို.ကိလေသာနဲ.မကင်းနိုင်တော. မိုက်ကယ်အဲရစ် ကို ဘယ်သူမှအတင်းမတိုက်တွန်းပဲ သူ.သဘောနဲ.သူယူခဲ.တာပါ
သာမန်လူမို. အသက် ၄၀ ထိ နိုင်ငံတော်ကို မေ.နေတာပါ
သာမန်လူမို. အနှစ် ၂၀ ကျော်လုပ်သမျှ ဘာမှဖြစ်မလာတာပါ
သာမန်လူမို. အကျယ်ချုပ်က လွတ်တာ ၇ လ ကျော်လည်း ဘာမှ ဖြစ်မလာတာပါ

အက်စစ်
လူတိုင်းလူတိုင်းက တသက်လုံး နိုင်ငံရေးပါတီထောင်ပြီး နိုင်ငံရေးလုပ်ရမယ်လို့ ဘယ်ဘုရားမှ မဟောထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် မိုက်ကယ်အဲရစ်နဲ့ ယူတာ၊ အသက်လေးဆယ်အထိ နိုင်ငံရေးမလုပ်တာ သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံကိုမေ့နေတာတော့ မဟုတ်ဘူး သူ့အကြောင်း ရေးထားတဲ့ စာတွေကို လေ့လာပါ။ အနှစ်နှစ်ဆယ်ကျော်ကာလ လုပ်လာတာနဲ့ အကျယ်ချုပ်က ထွက်လာတဲ့ ခုနှစ်လမှာ ဘာမှဖြစ်မလာဆိုတော့ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ ဆိုတာ ဖြေပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘုရား၊ ရဟန္တာ မဟုတ်လို့ ပြီးပြည့်စုံမှုတော့ ရှိချင်မှ ရှိမယ် ဒါပေမဲ့ ဘာကြောင့် အက်စစ်တို့ အာဏာရှင်တွေနဲ့ အာဏာရှင်ကိုးကွယ်တဲ့သူတွေ မနာလိုဝန်တို ဖြစ်ရလောက်အောင် ကမ္ဘာကရော မြန်မာကပါ လူတွေက သူ့ကို ဒီလောက်ချစ်ပြီး သူကောင်းပြုနေရတာလဲ။ သူ့ကို သူကောင်းပြုနေတဲ့သူတွေက တယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ် တကမ္ဘာလုံးဖြစ်တယ်။ အဲဒီတော့ အသုံးမကျတဲ့ သာမန်အမျိုးသမီးတဦးကို တကမ္ဘာလုံးက ၀ိုင်းပြီး ချစ်ခင်လေးစားနေကြ သူကောင်းပြုနေကြတာ တကမ္ဘာလုံးက အရူးတွေ ဖြစ်သွားပြီလား။ Mental Health မှာတော့ အရူးတွေက သူတို့ကိုယ်သူတို့ ရူးတယ်လို့ ဘယ်တော့မှ ထင်ဘူး သူကလွဲရင် ကျန်တဲ့သူအကုန်လုံးကို မှားနေတယ်၊ ရူးနေတယ်လို့ပဲ ထင်တတ်ကြတယ် ဆိုတော့ အခုလည်း ဒီလိုပဲ သတ်မှတ်ရင် ဘယ်သူရူးလဲဆိုတာ သိသာနေတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ခေါင်းဆောင်တယောက်အဖြစ် ကမ္ဘာမှာ မှတ်တမ်းဝင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ဖျက်ဆီးသူဆိုပြီး သူ့ရဲ့ဦးဆောင်မှုကို အသိအမှတ်မပြုတာက ရူးနေလို့ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှလည်း နတ်ဘုရားတပါးလို့ မပြောပါဘူး။ ဒါပေမဲ့ သာမန် အညကြတယောက် မဟုတ်ဘူးဆိုတာ ဘယ်သူမှ ငြင်းလို့မရနိုင်ဘူး။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ (၁)


လင်းသန့်
Thursday, 23 June 2011 14:11


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ၂၀၁၀ မတ်လက တောင်းဆိုခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့စည်းရေးကို ထောက်ခံကြောင်း ယမန်နေ့က အမေရိကန် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

ဇွန်လ ၂၂ ရက်က ကျင်းပသည့် အမေရိကန် အောက်လွှတ်တော်၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲသို့ ပေးပို့သော ကြိုတင်အသံသွင်းထား သည့် ဗီဒီယို မိန့်ခွန်းတွင် ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ကျမ ပါမောက္ခ ကင်တာနာ တောင်းဆိုထားတဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး (CoI) ကို ထောက်ခံတယ်။ ဒါက စုံစမ်းရေး ကော် မရှင်ပဲဆိုတာ ရှင်းနေတာပဲ။ ခုံရုံးဖွဲ့ အရေးယူတာမဟုတ်ဘူး။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဘာတွေရှိလဲ။ နောင်မှာ ဒါမျိုးတွေ မရှိအောင် ကျမတို့ ဘာလုပ်နိုင်မလဲဆိုတာကို ဖော်ထုတ်ဖို့ပဲ။ ဒါက ရှင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဗီဒီယို မိန့်ခွန်းတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည်။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ (၂)


မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မည်ကဲ့သို့ အခြေအနေရှိသည်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ရေး အတွက် မစ္စတာ ကင်တာနာ တောင်းဆိုထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရေး(CoI)ကို အမေရိကန်၊ ကနေဒါ အပါအ၀င်နိုင်ငံ ပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။

နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့များက မြန်မာအစိုးရသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများ နှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲထားမှုများအပေါ် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်တွင် တိုင်ကြားခဲ့သည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မကြာခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့ သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တွင် နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လွတ်လပ်စွာ အသင်းအဖွဲ့ကိစ္စ၊ သတင်း လွတ်လပ်ခွင့် ကိစ္စ၊ လွတ်လပ်သည့် တရားစီရင်ရေးနှင့် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ အနေဖြင့် အချိန်မရွေး မြန်မာနိုင်ငံသို့ လာရောက်ခွင့် ရှိရေး တို့သည် အရေးကြီး ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ဒီကနေ့ တိုင်းပြည်မှာ အခုလိုအပ်နေတာက လွတ်လပ်တဲ့တရားစီရင်ရေးမရှိရင် တရားဥပဒေစိုးမိုးမှု မရှိနိုင် ဘူး၊ တရား ဥပဒေ စိုးမိုးမှုမရှိရင် နိုင်ငံသားတွေဘ၀ ဘယ်လုံခြုံမလဲ၊ ဒီမိုကရေစီကို သွားဖို့ စစ်မှန်တဲ့ တိုး တက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။ ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ အခုထိ အကျဉ်းထောင်ထဲ မှာ ရှိနေတာလဲ။ ဒီမိုကရေစီ ဖော်ဆောင်မယ်လို့ ပြော နေတဲ့ အခုအစိုးရဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမှန်တကယ်ဖြစ်ပေါ်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုလုပ်ရှိစရာလိုတော့မှာ လဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ရုပ်သံမိန့်ခွန်းတွင် ပြောသည်။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ (၃)


ထိုကြားနာပွဲတွင် အမေရိကန်အခြေဆိုက် U.S Campaign for Burma အဖွဲ့မှ ဒါရိုက်တာ ဦးအောင်ဒင်နှင့် Johns Hopkins Center for Public Health and Human Rights မှ ဒါရိုက်တာ Dr.Chris Beyrer တို့ကလည်း မြန်မာနိုင်ငံ အခြေအနေများ နှင့် ပတ်သက်ပြီး တင်ပြကြသည်။

ကြားနာပွဲ၌ Burma နှင့် Myanmar စကားလုံးနှင့် ပတ်သက်၍လည်း အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုမှတဆင့် ပြောသောစကားကို နားထောင်ပြီးနောက် ကြားနာရေး ကော်မတီ ဥက္ကဌ မစ္စတာ ဒေါ်နယ် မန်ဇူလိုက အမေရိကန် သမ္မတ အိုဘားမား ၏ မြန်မာအစိုးရနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရေး မူဝါဒသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မြန်မာ့ဒီမိုကရေစီရေးတို့တွင် တိုး တက်မှုမရှိဟု သံသယဖြစ်မိကြောင်း ယင်းကြားနာပွဲ၌ ထုတ်ဖော်ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ (၄)


မြန်မာ့အရေးကြားနာပွဲသည် ကချင်၊ ရှမ်း စသည့်ပြည်နယ်များတွင် လတ်တလောဖြစ်ပွားနေသော မြန်မာ အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့အကြား စစ်ပွဲများဖြစ်နေချိန်နှင့်လည်း တိုက်ဆိုင် နေသည်။
ထိုစစ်ပွဲများကြောင့် ထောင်နှင့်ချီသော ဒုက္ခသည်များသည် တရုတ်-မြန်မာနယ်စပ်သို့ လည်းကောင်း၊ တချို့မှာ တရုတ်နိုင်ငံ ဘက်သို့ လည်း ကောင်း ထွက်ပြေးတိမ်းရှောင် နေကြရသည်။

အမေရိကန်နိုင်ငံကလည်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခ အခြေအနေများအပေါ် စိုးရိမ်ကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် အမျိုးသား ပြန် လည် သင့်မြတ်ရေးဆီသို့ ဦးတည်ကြိုးစားကြရန်နှင့် စစ်ပွဲများကို ရပ်တန့်ရန် တိုက်တွန်းထားသည်။

အမေရိကန် အောက်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ်အတွက် အောက်လွှတ်တော် ဆိုင်ရာ ရွှေတံဆိပ် ဆုကို ချီးမြှင့်ခဲ့ဖူးသည်။ ယင်း ဆုသည် အမေရိကန်အရပ်သားများကို ချီးမြှင့်သည့် ဆုများတွင် အမြင့်ဆုံး ဆုတဆု ဖြစ်သည်။


http://arzarni.blogspot.com/2011/06/blog-post_3383.html

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ကြားတုန်းက ငါးတန်းလောက်ပဲရှိအုံးမယ်။ အတိအကျမသိဘူး။ စာအုပ်ထဲမှာသင်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလို့ပဲသိတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း စာအုပ်ထဲမှာပါလို့  သူ့ နာမည်ကိုကြားဖူးတယ်။ သူဘယ်လောက်ကောင်းလဲမသိ။

လူထုခေါင်းဆောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြားရတွေ့ရဖတ်ဖူးရတယ်။ ကျနော်က လူထုခေါင်းဆောင်ဆိုတဲ့နာမည်ကို ဘယ်သူပေးလဲမသိဆိုပြီးစဉ်းစားနေမိတယ်။

ကျနော်တို့ထမင်းငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ ကျနော်တို့သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ငတ်နေတာကို ဒေါ်အောင်ဆန်းစုကြည်မလုပ်ပေးနိုင်သေးဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေလုပ်ပေးလားဆိုတော့ သူလည်းမလုပ်ပေးနိုင်ဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရှိအနေအထားအထိ ကျနော်တို့ကို ထမင်းဝတဲ့ဘ၀၊ စိတ်ချမ်းသာတဲ့ဘ၀ကို မလုပ်ပေးနိုင်သေးဘူး..။

လူထုခေါင်းဆောင်ဆိုရင်အထက်က အခြေအနေတွေကို ဖြည့်ပေးနိုင်ရမယ်။ အခုဒေါ်အောင်ဆန်းစုကြည်ဘာမှ မလုပ်ပေးနိုင်သေးဘူး။

ကျနော်က ဒီလိုမြင်တယ်။ လောလောဆယ်ကာလမှာ...
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို မပြတ်သားဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူနာမည်ကြီးတာကို ဂုဏ်ယူနေပြီး နအဖပြောတာကို အခုထက်ထိကျနော်တို့ကို ပြန်မပြောသေးဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားတို့ဘာ့ကြောင့် လူထုခေါင်းဆောင်တင်လဲမသိ။ လူထုခေါင်းဆောင်ဆိုတာ ဘာလဲ????

သိရင်ဖြေပေးပါ။

http://phonekyaw.blogspot.com/2011/03/blog-post_6927.html

((ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ရဲ့ ခေါင်းဆောင်မဟုတ်ပါ))
ဆိုတဲ့ နာမည်နဲ့ ရေးသွားသူ သို့ .....



မငယ်နိုင် ရေးတဲ့

((ရုရှားရောက် ပညာတော်သင် ချာတိတ်ရဲ့ မေးခွန်းအတွက် အဖြေ)) post

http://nge-naing.blogspot.com/2010/12/blog-post_3879.html

ကို ဖတ်ရန် အကြံ ပေးလိုပါတယ်။

အပေါ်က ဘုန်းကျော်ပို့စ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော့်ခေါင်းဆောင် မဟုတ်ပါ နာမည်နဲ့ လာရေးသူ ကို Advisor ပြောတဲ့ Link အပြင် အပေါ်က ကျွန်မ ရေးထားတဲ့ မှတ်ချက်ထဲမှာလည်း အဖြေက ပါပြီးသား ဖြစ်တယ်။ မိမိခေါင်းဆောင် ဟုတ်မဟုတ်ဆိုတာ မိမိရဲ့ ရွေးချယ်မှုသာ ဖြစ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူတယောက်နှစ်ယောက်နဲ့ လူတစုက ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်က ကျဆင်းသွားမှာ မဟုတ်ပါဘူး။ မိမိတယောက်တည်း မထောက်ခံရုံနဲ့ ခေါင်းဆောင် မဟုတ်ဘူးလို့ ပြောလို့မရနိုင်ဘူး။ သူ့ကို ပြည်သူလုထု ထောက်ခံတာ သိသာထင်ရှားပါတယ်။ ၈၈ ကနေ အခုထိ သူအပြင်ထွက်ရင် သူ့ကိုလူတွေက သောင်းသောင်းဖြဖြ ကြိုဆိုကြ အားပေးကြတာ အသိအသာကြီးကို မမြင်ဘူးဆိုရင် မျက်စိကွယ်နေသူ ဦးနှောက်ချွတ်ယွင်းနေသူတွေပဲ ဖြစ်ကြလိမ့်မယ်။ လူအများစု ထောက်ခံနေတဲ့ ခေါင်းဆောင်တယောက်ကို မိမိမထောက်ခံတာနဲ့ပဲ ခေါင်းဆောင် မဟုတ်ဘူးလို့ ပြောလို့ မရနိုင်ပါဘူး။



၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

"အောင်ဆန်းစုကြည်" ဆိုတာ သူမ၏ အဖေ ဦးအောင်ဆန်းနှင့် သူမ၏ အမေ ဒေါ်ခင်ကြည် နှစ်ဦးစလုံး သဘောတူ ပေးခဲ့တဲ့ နာမည်ပါ ။ ထွင်ပြီး အဖေနာမည် ကောက်တပ်ထားတာ မဟုတ်ပါ ။

နာမည်လေးလုံးစလုံး ခေါ်ရမှာ မောတယ် ဆိုရင်လည်း အဖျားဆွတ်ပြီး "ဒေါ်အောင်ဆန်း" လို့ ခေါ်ပေါ့ဗျာ ။

"ခွေး" ဆိုတာတော့ အိုမှ သတင်းစာကောက်၊ ဘောလုံးကောက်၊ လက်ပေး သင်လို့ မရတော့ပေမယ့် .... "လူ" ဆိုတာတော့ ဘယ်အချိန်မဆို အမူအကျင့်ကောင်းတွေကို လေ့ကျင့်လုပ်ဆောင်လို့ ရပါတယ် ။

သဘောကို ပြောပြတာပါ ၊ ဦးအောင်မင်းက "ဒေါ်စုကြည်" လို့ သုံးနှုန်းလို့ "ခွေးအိုလော" ၊ "လူအိုလော" ပြောခြင်း မဟုတ်ပါ ။

ဒီမို ဖက်တီး


https://www.facebook.com/photo.php?fbid=10151681288561374&set=a.74759741373.78273.582151373&type=1&theater