မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

လွတ်လပ်စွာ တွေးခေါ်ကြရာဝယ်

နွေရာသီမှာ နေပူမယ်၊ မိုးရာသီမှာ မိုးရွာမယ်၊ ဆောင်းရာသီမှာ နှင်းကျမယ်ဆိုတာ လူသားတိုင်း သိနေပါတယ်။ဒါပေမဲ့ ယခုအခါ မိုးရာသီမှာ မြူနှင်းများကျတာခဲ့ရှိသလို၊ ဆောင်းရာသီမှာ မိုးတွေရွာနေတာလဲရှိတယ်။ နွေရာသီမှာလဲ မိုးတွေ ထစ်ချုန်းရွာတာကိုလဲ တွေ့မြင်နေရပါတယ်။ ဒါကိုသတိထားမိတော့ ရာသီဥတုတစ်ခုမှာ ဒီလိုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဆုတ်ကိုင်ထားတဲ့အတွေးစတွေလဲ တဖြေးဖြေးပျောက်ကွယ်ခဲ့ရပါတယ်။ ရာသီဥတုတွေ လွတ်လပ်စွာ ဖေါက်နေပြန်ကြသလို လောကလူသားများဟာလဲ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့် လွတ်လပ်စွာ ယူဆပိုင်ခွင့် လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်တွေရှိကြပါတယ်။

ဘုရားရှင်လက်ထက်တော်ကတည်းက ငါဘုရားဟောတဲ့တရားကိုလဲ မှန်တယ်လို့ မထင်ကြနဲ့ဦး ကိုယ်တိုင်ဝေဖန်သုံးသပ်ပြီး ကိုယ်တိုင်အားထုတ်ကြည့်ပြီးမှ အမှား အမှန်ကို ကိုယ်တိုင်ပဲ မှတ်ယူကြဖို့ ကာလာမသုတ်မှာ ဟောကြားတော်မူခဲ့တာပါ။ ဒါကြောင့်လဲ လွတ်လပ်စွာ ဝေဖန်သုံးသပ်၊ယူဆ၊တွေးခေါ်မှု တွေဟာ ရှေးပဝေသဏီကတည်းက ရှိခဲ့သလို အခုလဲရှိနေဆဲ၊ နောင်လဲရှိနေဦးမှာပါ။
တစ်နေ့ လူရွယ် တစ်သိုက် ကျောင်းပေါ်ရောက်လာကာ စာရေးသူအား ၀တ်ပြုကြပြီး တစ်ယောက်သောသူက “အရှင်ဘုရား…တပည့်တော်က အရှင်ဘုရားရဲ့စာဖတ်ပရိသတ်တစ်ဦးဖြစ်ပါတယ်။ တပည့်တော်ဟာ ထားဝယ်မြို့ကပါဘုရား၊ မရှင်းလင်းတာတွေကို တွေးခေါ်ပိုင်ခွင့်ရှိသလို မေးမြန်းခွင့်လဲ ရှိမယ်လို့ ထင်ပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် စိတ်ထဲမတင်မကျတာလေးကို မေးလျှောက်ခွင့်ပြုပါဘုရား။ အရှင်ဘုရားရေးထားတဲ့ “ဘုရားအရာမြောက်-မမြောက်” ဆိုတာနဲ့ပတ်သက်ပြီး ဘုရားဂုဏ်တော်တွေလဲ ရှိပြီးသားမို့ ဂုဏ်တော်ကိုသာ မျှော်မှန်းပြီး ရှိခိုးလို့ရပါတယ်။ ရုပ်တုတော်က အရေးမကြီးလို့ ထင်ပါတယ်။ ဒါနဲ့စပ်လို့ အဖြေပေးစေချင်ပါတယ်ဘုရား” လို့ လျှောက် ထားလာပါတယ်။ ထိုလူရွယ်ရဲ့ ဆိုလိုချက်က ဘုရားဂုဏ်တော်ရှိနေပြီဖြစ်တဲ့အတွက် ဂုဏ်တော်ကိုမှန်းပြီး ရှိခိုးရင်လုံလောက်ပြီ၊ ဆင်းတုတော်က အရေးမကြီးဘူး၊ ဒါကြောင့် ဘုရားအရာ မြောက်-မမြောက် ဆိုတာလဲ အရေးကြီးတဲ့ကိစ္စမဟုတ်တော့ဘူး။(ဆင်းတုတော်က ပဓာနမဟုတ်၊ ဂုဏ်တော်သာ ပဓာန) လို့ ဆိုလိုခြင်းဖြစ်တယ်။ ထိုစဉ်က တိုစိတိုစိပဲ ဖြေခဲ့ရတဲ့အတွက် မေးလာသူလူရွယ်ဟာ ကျေနပ်ဟန်မတူပါဘူး။ ဒါကြောင့် မေးလာသူလူရွယ်နှင့်တကွ စာချစ်သူများလဲ သိစေဖို့အတွက် ရည်ရွယ်ပြီး “နှုတ်တစ်ရာ စာတစ်လုံး” ဆိုတဲ့အတိုင်း စာနဲ့ အဖြေပေးလိုက်ရပါတယ်။
ပထမဦးစွာ “ဘုရားအရာ မြောက် မမြောက်” ဆိုတာနဲ့စပ်လို့ စာချစ်သူများသိအောင် အနည်းငယ်တင်ပြလိုပါတယ်။ ဘုရားဆင်းတုတော် ဖြစ်မြောက်အောင် ထုလုပ်ဆဲကာလမှာတော့ ကျော်ခွပြီး ထုလုပ်ပေမဲ့ အပြစ်မရှိဘူး။ ဘာကြောင့်ဆိုရင် ဘုရားအရာ မမြောက်သေးလို့ပါပဲ။ ဒါပေမဲ့ ဆင်းတုတော်ကို ထုလုပ်ပြီးစီးတဲ့အခါ ဘုရားဆင်းတုတော်ပဲလို့ မှတ်ယူတဲ့အချိန်ကစပြီး ဘုရားအရာမြောက်သွားပြီမို့လို့ ဆင်းတုတော်ကို မရိုမသေ မလုပ်ကောင်းတော့ပါဘူး။ ဒုတိယ ဂုဏ်တော်သာ ပဓာန၊ဆင်းတုတော်၊ပုံတော် ပဓာနမဟုတ် ဆိုတာနဲ့စပ်ပြီး တင်ပြပါ့မယ်။
ယနေ့မျက်မှောက်ခေတ်မှာ လောကအကျိုး အများအကျိုးကို အသက်စွန့်ပြီး လုပ်ဆောင်သွားကြတဲ့သူများ ရှိပါတယ်။ အများကလေးစားရတဲ့ ထိုသူများကို ရုပ်တုထုလုပ်ပြီး ထားရှိတာကို တွေ့ရပါတယ်။ လက်ညိုးထိုးပြရရင်တော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု၊ ဦးဝိစာရ ရုပ်တုပါတဲ့ ကျောက်တိုင်၊ အိန္ဒိယနိုင်ငံမှာဆိုရင် မဟတ္တမဂန္ဓီအိမ်ဝင်းအတွင်းထားရှိတဲ့ မဟတ္တမဂန္ဓီရုပ်တု ၊ အခြားခြားသောနိုင်ငံတွေမှာလဲ ထင်ရှားတဲ့သူတွေရဲ့ရုပ်တုတွေ အသီးသီးထုလုပ်ထား ရှိကြတာ ကို တွေ့မြင်ကြရမှာပါ။ ဒီလိုရုပ်တုတွေဘာကြောင့်ထားတာလဲ၊ သူတို့ရဲ့စွမ်းစွမ်းတမံလုပ်ဆောင် ခဲ့တဲ့ အတုယူဖွယ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထုလုပ်ထားခဲ့သလို၊ နောင်လာနောင်သားများလဲ အတုယူ အားကျလာအောင် ထုလုပ်ခဲ့ကြတာ ဖြစ်တယ်။
ထို့အတူပဲ လူတိုင်းမှာ မိဘဆိုတာရှိပါတယ်။ မိဘများ မရှိတဲ့နောက် ဓါတ်ပုံကိုပဲ အထွဋ်အမြတ်ထားကြပါတယ်။ မိဘဆိုတဲ့ဂုဏ်တွေ ရှိနေတာပဲ ၊ ဂုဏ်ကိုပဲမှန်းဆရင်ရပြီ၊ မိဘဓါတ်ပုံက အရေးမကြီးဘူးဆိုပြီး ဘယ်သားသမီးမှ ပြောကြမှာမဟုတ်ပါ။ မိဘဓါတ်ပုံကို မြတ်မြတ်နိုးနိုး ထားရှိကြမှာပါ။ ဒါဟာ ကိုယ့်ကိုယ်မွေးကျွေးခဲ့တဲ့ မိဘအဆင့်သာရှိသေးတာပါ။
လောက၊ဓမ္မနှစ်ဖြာ ကောင်းကျိုးအတွက် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ပြီးမှ ဘုရားဖြစ်တော်မူလာရတဲ့ ဘုရားရှင်ဟာ သုံးဆယ့်တစ်ဘုံအတွင်းရှိတဲ့လောကသားများကို အို နာ သေဘေးမှ လွတ်အောင် လမ်းညွန်ပေးတော်မူတဲ့အတွက် အထူး ဆိုဘွယ်ရာမရှိပြီ။ ဘုရားကို ဖူးမျှော်တဲ့အခါမှာ “ပုံတော်ကိုဖူး ဂုဏ်ထူးကိုမျှော် ဖူးမျှော်ခေါ်ရသည်” လို့ ရှေးဆရာတော်များ စပ်ဆိုခဲ့တဲ့ လင်္ကာနဲ့အညီ ဘုရားရှင်ရဲ့ပုံတော်ဆင်းတုတော် ကို ဖူးပြီး ဘုရားရှင်ရဲ့ဂုဏ်ထူးကိုမျှော်မှန်းမှသာ ဖူးမျှော်တယ်လို့ ပြောရတာပါ။ ပြီးတော့ ဗုဒ္ဓါနုဿတိပွားများတဲ့အခါ ပထမဦးစွာ ဘုရားဆင်းတုတော်၊ ပုံတော်များကို မျက်စိထဲစွဲနေအောင် ကြည့်ရပါမယ်။ ပြီးမှ မျက်စိမှိတ်ပြီး ပုံတော်ကိုအာရုံပြုကာ ဂုဏ်တော်ကို အထပ်ထပ်အခါခါ ပွားများရတာပါ။
ဒါကြောင့် ဘုရားရှင်ကို ရှိခိုးတဲ့နေရာမှာ ဂုဏ်တော်သာမက ပုံတော်၊ဆင်းတုတော်များပါ ရှိခိုးပါက ပိုမိုထိရောက်ကောင်းမွန်ပါကြောင်း ပြောပါရစေ။
တစ်ဖန် ထိုလူရွယ်က စာရေးသူအား “အရှင်ဘုရား…တပည့်တော် သံသယဖြစ်မိတာ၊ မေးချင်တာတွေကို စာထဲထည့်ရေးထားပါတယ်ဘုရား” ဆိုပြီး စာတစ်စောင် ဆက်ကပ်လာပါတယ်။ စာပါအကြောင်းအရာများကို လိုရင်းပဲပြောပါ့မယ်။
“အရှင်ဘုရား….တပည့်တော် စိတ်ထဲ မတင်မကျ ဖြစ်နေတာတစ်ခုကို ဖြေရှင်းပေးတော်မူပါဘုရား။ “မနုဿတ္တဘာဝ ဒုလ္လဘ” နဲ့စပ်ပြီး ဆရာတော်ကြီးများ တရားဟောပြောတဲ့အခါမှာ လူတစ်ထောင်သေရင် လူတစ်ယောက် ပြန်ဖြစ်ဖို့မလွယ်ဘူးဆိုတာကို နာကြားရပါတယ်ဘုရား။ အပါယ်လေးဘုံ ရောက်တာ များတယ်၊ တိရစ္ဆာန်ဘုံရောက်ပြီဆိုရင် လူပြန်ဖြစ်ဖို့ ပိုဝေးသွားပြီ လို့လည်း နာကြားရပါတယ်ဘုရား။ အခုအခါမှာ ကမ္ဘာ့လူဦးရေ မြန်မာ့လူဦးရေ တိုးတက်မှုဟာ လွန်စွာများပြားလာနေပါတယ်ဘုရား။ အဲဒီဖြစ်လာတဲ့ လူတွေဟာ လည်နေတဲ့သံသရာထဲကပဲ မဟုတ်ဘူးလားဘုရား၊ အပါယ်လေးဘုံသားတွေ လူပြန်ဖြစ်လာတာပါလို့ တွေးမိရင်လည်း အရှေ့အနောက်မညီဘဲ ဖြစ်နေပါတယ်ဘုရား။ ဆိုလိုတာကတော့ “လူ့ဘ၀ရခဲတယ်ဆိုရင် သေဆုံးမှုဦးရေနဲ့ မွေးဖွားမှုဦးရေတို့အနက် မွေးဖွားမှုနှုန်းဦးရေက ပိုမိုများပြားနေပါတယ်။ ဒါဘာကြောင့်လဲ ဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား” ။
မေးသင့်တဲ့အမေးတစ်ခုပါပဲ၊ ကမ္ဘာ့လူဦးရေကို အင်တာနက်ပေါ်မှာရှာကြည့်တဲ့အခါ
ကမ္ဘာ့လူဦးရေ (၁၉၀၀)ပြည့်နှစ်မှာ ၁.၆ ဘီလီလျံ ရှိပြီး (၂၀၀၉)ခုနှစ်မှာတော့ ၆.၈ ဘီလီလျံ အထိ များပြားလာတာကိုတွေ့ရပါတယ်။နှစ်ပေါင်း ၁၀၉နှစ်အတွင်း ကမ္ဘာ့လူဦးရေ (၅.၂) ဘီလီလျံ တိုးတက်ပွားများလာပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ကမ္ဘာမှာ သေဆုံးမှုနှုန်းနည်းပြီး မွေးဖွားမှုနှုန်း များပြားနေတာကို တွေ့ရပါတယ်။ ဒါဆိုရင် ကမ္ဘာမှာ လူအဖြစ်များလာတယ်လို့ဆိုရမယ်။ ဒါနဲ့စပ်ပြီး လူ့ဘ၀ရခဲတယ် ဆိုတဲ့ဘုရားရှင်ရဲ့စကားတော်နဲ့ စပ်လို့ သံသယ ဖြစ်စရာပဲ လို့ မေးခွန်းရှင်မေးသလို စာချစ်သူများလဲ တွေးကောင်းတွေးပါလိမ့်မယ်။ ဘုရားရှင်တို့မည်သည် ဘယ်သောအခါမှ မမှန်သောစကားကို မဆို၊ မှန်သောစကားကိုသာဆိုတတ်တဲ့အတွက် ဘုရားရှင်ရဲ့စကားတော်ကို တော့ ယုံကြည်ရမှာပါ။ဒါဖြင့် ယခုလက်ရှိပစ္စုပ္ပန်လူဦးရေအလွန်များပြားလာတဲ့အခြေအနေအရ သံသယဖြစ်စရာဖြစ်နေတဲ့အတွက်….အားလုံးအသိရှင်း သွားအောင် တင်ပြပေးပါရစေ….။
စာရေးသူတို့ကျောင်းရှေ့မှာ လမ်းမီးတိုင်တွေရှိတယ်။ မိုးတအားရွာချပြီး မိုးတိတ်သွားတဲ့အချိန်မှာ လျှပ်စစ်မီးတိုင်မှ မီးရောင်ကြောင့် မြေကြီးထဲက အတောင်ပေါက်ပြီး ထွက်လာတဲ့ ပလူကောင်တွေဟာ အရေအတွက်အားဖြင့် မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှပါတယ်။ များပြားလွန်းတဲ့ပလူကောင်တွေရှိတဲ့နေရာမှာ လူရယ်လို့တစ်ယောက်မှ မရှိ၊ အယုတ်ဆုံး ပလူကောင်ကို တွေ့မြင်သူတစ်ယောက်နှစ်ယောက်တော့ အများဆုံးရှိမှာပေါ့။ ဒီလိုနေရာလေးမှာတောင်မှ လူအရေအတွက်က တစ်ယောက်နှစ်ယောက်၊ ပလူကောင်အရေအတွက်က မရေနိုင်တဲ့ အသင်္ချေအနန္တဖြစ်နေတော့ လူနဲ့တိရစ္ဆာန်အရေအတွက် ကွာခြားလွန်းလှပါတယ်။
ဒီအခြေအနေကိုကြည့်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ဆိုဖွယ်ရာတောင် မရှိတော့ပါ။ ပြီးတော့ ကမ္ဘာ့လူဦးရေ ဘယ်လောက်ပဲ များပြားပါစေ၊ ရေတွက်နိုင်တဲ့အနေအထားမှာရှိပါသေးတယ်။ တိရစ္ဆာန်တို့ရဲ့ အရေအတွက်ကျတော့ များပြားလွန်းတဲ့အတွက် မရေမတွက်နိုင်ပါဘူး။
ဥပမာ လူနေအိမ် သုံးဆယ့်တစ်လုံးရှိတယ်ဆိုပါစို့။ ကိုယ်နေတဲ့အိမ်တစ်အိမ်ရဲ့ အခြေအနေကိုကြည့်ကြည့်ပါ။ နှစ်ကာလကြာလာတဲ့အမျှ မိသားစု လူဦးရေဟာ အထိုက်လျောက်တော့ တိုးပွားလာမှာပါ။ ကိုယ့်အိမ်က လူဦးရေတိုးတက်များပြားလာတာကို ကြည့်ပြီး လူဦးရေ တအားများလာတယ်လို့ ထင်တာပါ။ ဒါဟာ ကိုယ့်အိမ်တွင်းအခြေအနေကိုသာကြည့်ပြီး မှတ်ယူတာပါ။ တကယ်တန်း ကိုယ့်အိမ်ရဲ့အပြင်ဘက်က အိမ် အလုံးသုံးဆယ်နဲ့ နိုင်းယှဉ်လိုက်မယ်ဆိုရင် ကိုယ့်အိမ်ရှိတဲ့အရေအတွက်ဟာ မပြောပလောက်ပါဘူး။
ဒီလိုပါပဲ ကိုယ့်အိမ်နဲ့အလားတူတဲ့ ဒီကမ္ဘာကြီးမှာ လူဦးရေတိုးတက်များပြားလာတာကိုကြည့်ပြီး ဝေဖန်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာ့ကြောင့်ဆိုရင် ကျန်တဲ့ အိမ်အလုံးသုံးဆယ်နဲ့တူတဲ့ အပါယ်လေးဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ဘုံနှစ်ဆယ်မှာရှိတဲ့ ငရဲသား၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်၊ နတ်သား၊နတ်သမီး၊ ရူပ၊အရူပဗြဟ္မာများရဲ့အရေအတွက်ဟာ များပြားလွန်းလှပါတယ်။ ဆိုလိုတာက သတ္တ၀ါအနန္တလို့ဆိုတဲ့အတိုင်း မရေမတွက်နိုင်တဲ့ အပါယ်ဘုံသား၊နတ်၊ဗြဟ္မာတို့နဲ့ နှိုင်းယှဉ်ကြည့်ရင် လူ့ဘုံက လူ့အရေအတွက်ဟာ အပုံတစ်ရာပုံလို့ တစ်ပုံ မရှိသေးပါဘူး။ ဒါကြောင့်လဲ သုံးဆယ့်တစ်ဘုံအတွင်း လူဖြစ်ဖို့ဆိုတာ ရခဲတယ်လို့ ဘုရားရှင် ဟောကြားတော်မူခဲ့တာပါ။
နောက်တစ်ခု ဘုရားရှင်ရဲ့အလိုတော်ကျပြောရရင် လောကမှာ လူလာဖြစ်တိုင်း လူ လို့ခေါ်နိုင်တဲ့သူဟာ ကမ္ဘာတစ်ဝှမ်းမှာ နည်းပါးလှပါတယ်။ လူ လို့ခေါ်နိုင်တဲ့ အဆင့်ရှိမှသာ ရခဲတဲ့လူဘ၀ ရရှိတယ်လို့ ပြောရမှာပါ။ လောကမှာ လူနဲ့တူတဲ့လူဖြစ်အောင် နေတတ်ဖို့ လိုတယ်။
လူ့ပြည်မှာ လူဦးရေ ဘီလျံနဲ့ချီပြီး တိုးတက်များပြားလာသော်လည်း လူအမျိုးအစားခွဲခြားလိုက်ရင် လေးမျိုးသာ ရှိပါတယ်။ အဲဒီလေးမျိုးက (၁) ငရဲသားနဲ့တူတဲ့လူ။ (၂) ပြိတ္တာနဲ့တူတဲ့လူ။ (၃) တိရစ္ဆာန်လူ။ (၄) လူနဲ့တူတဲ့လူ တို့ ဖြစ်ကြပါတယ်။
(၁)ငရဲသားနဲ့တူတဲ့လူ။ ။ ငရဲသားများဟာ ငရဲဘုံမှာ အကုသိုလ်ကံအားလျော်စွာ နှိပ်စက်ညင်းပမ်း ခံနေကြရတဲ့အတွက် ကိုယ်နေချင်သလို နေလို့ မရပါဘူး။ ဒီလိုပါပဲ လောကမှာ ရာဇ၀တ်မှုတွေ ကျုးလွန်ပြီး ထောင်ထဲ၊ အချုပ်ထဲမှာ အပြစ်ဒါဏ်ကျခံကြရပါ တယ်။ ထောင်သားများ ထောင်ကျခံနေရတဲ့အခိုက် စားချင်တဲ့အစားစာလဲ မစားရ၊ နေချင်တိုင်းလဲ မနေရ၊၀တ်ချင်တိုင်းလဲမ၀တ်ရ၊ အိပ်ချင်တိုင်းလဲ မအိပ်ရ၊ ကိုယ်နေချင်သလို နေလို့ မရတဲ့အတွက် လူစင်စစ်ကနေ ငရဲကျခံနေရသလိုပါပဲ။ ဒါကြောင့် ထောင်ကျခံနေရတဲ့သူများကို “ငရဲသားနဲ့တူတဲ့လူ” လို့ ခေါ်ဆိုရပါတယ်။
(၂)ပြိတ္တာနဲ့တူတဲ့လူ။ ။ပြိတ္တာဘုံဆိုတာ ချမ်းသာကင်းတဲ့နေရာဖြစ်တယ်။ ဆင်းရဲတာနဲ့ပြည့်နှက်နေပြီး၊ ချမ်းသာတာဆိုလို့ ဘာတစ်ခုမှ မရှိပါ။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ၀တ်စရာလည်းမရှိ၊ နေစရာဆိုလဲရှားပါးလှတယ်။ ဒီလိုပါပဲ လောက လူရယ်လို့ဖြစ်လာပေမဲ့ အတိတ်ကုသိုလ်ကံ နည်းပါးလွန်းတဲ့အတွက် သူတောင်းစားမျိုးမှ ဖြစ်ကြရတဲ့ သူတောင်းစားများပဲဖြစ်တယ်။ ထိုသူများဟာ စားဝတ်နေရေးအတွက် လူတွေဆီက ပင်ပင်ပမ်းပမ်း လိုက်တောင်းစားနေရတဲ့အတွက် အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲ ဖြစ်ကြရတယ်။ ဒါကြောင့် သူတောင်းစားဖြစ်နေတဲ့ သူများကို “ပြိတ္တာနဲ့တူတဲ့လူ” လို့ခေါ်ဆိုရပါတယ်။
(၃)တိရစ္ဆာန်နဲ့တူတဲ့လူ။ ။ တိရစ္ဆာန်များဟာ ကာမဂုဏ်မှီဝဲခြင်း၊ စားခြင်း၊အိပ်ခြင်း ဆိုတဲ့လုပ်ငန်းသုံးမျိုးနဲ့ ဘ၀တစ်လျှောက်လုံး အချိန်ကို ကုန်လွန်စေပါတယ်။ ဒီလို ကာမဂုဏ်၊အိပ်၊စား ဆိုတဲ့ သုံးမျိုးသာအလုပ်ရှိတဲ့အတွက် တိရစ္ဆာန်လို့ ခေါ်ကြတာပါ။ ဒီလိုပါပဲ လောကမှာ လူဖြစ်လာပေမဲ့ ကာမဂုဏ်မှီဝဲမယ်၊အိပ်မယ်၊ စားမယ် ဆိုတဲ့ လုပ်ငန်းသုံးမျိုးသာသိပြီး အကုသိုလ်တရားတွေနဲ့ ဘ၀ရဲ့အချိန်တွေကို ကုန်လွန်စေပါတယ်။ ကုသိုလ်တရားနဲ့စပ်လို့ ဘာတစ်ခုမှ မပြုလုပ်၊မပွားများတတ်ကြ။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ လူလာဖြစ်သော်လဲ “တိရစ္ဆာန်နဲ့တူတဲ့လူ” လို့ ခေါ်ဆိုရပါမယ်။
ဖေါ်ပြခဲ့တဲ့ လူသုံးမျိုးဟာ ကုသိုလ်တရားနည်းပါးပြီး အကုသိုလ်ဒုစရိုက်နဲ့သာ အချိန်ကုန်ခဲ့ကြတဲ့သူများဖြစ်တယ်။ ဒီလိုလူမျိုးတွေဟာ လောက လူလာဖြစ်သော်လဲ လူ့ဘ၀ကို အကျိုးမဲ့စွာ ဖြတ်သန်းခဲ့ကြတဲ့အတွက် ရခဲတဲ့လူ လို့ မခေါ်ဆိုနိုင်ပါ။
ဒါဖြင့် ရခဲတဲ့လူအဖြစ်ကို ရလိုက်တဲ့သူများက ဘယ်လိုလူလဲဆိုရင် “လူနဲ့တူတဲ့လူ” များသာဖြစ်ပါတယ်။ လူနဲ့တူတဲ့လူ(ရခဲတဲ့လူ)ဖြစ်ဖို့ အတွက် အခြေခံအချက်ကြီးသုံးချက်ရှိပါတယ်။ (က) သရဏဂုံတည်ရပါမယ်။ (ခ) ငါးပါးသီလလုံခြုံရပါမယ်။(ဂ) အသက်မွေးမှု စင်ကြယ်ရမယ်။ တရားတဲ့နည်းနဲ့ စီးပွားရှာရမယ်။ ဒီအခြေခံအချက်ကြီးသုံးချက်နဲ့ပြည့်စုံရင်တော့ လူနဲ့တူတဲ့လူ(ရခဲတဲ့လူ)ဖြစ်ပါပြီ။ ထိုလူနဲ့တူတဲ့လူမှာလဲ သုံးမျိုးသုံးစားရှိပါသေးတယ်။ ဒါတွေကတော့ မူလတန်းလူ၊အလယ်တန်းလူ၊အထက်တန်းလူ တို့ဖြစ်ကြပါတယ်။
(က) မူလတန်းလူ။ ။ ကံနဲ့ကံရဲ့အကျိုးကို ယုံကြည်တဲ့သူများကို မူလတန်းလူလို့ခေါ်ပါတယ်။
(ခ) အလယ်တန်းလူ။ ။နည်းမှန်လမ်းမှန်နဲ့တရားအားထုတ်ပြီး မမြဲ၊ ဆင်းရဲ၊ အစိုးမရ လို့ ရုပ်နာမ်ရဲ့သဘော လက္ခဏာသုံးပါး အနက်တစ်ပါးပါးသိမြင်တဲ့သူကို အလယ်တန်းလူ လို့ခေါ်ပါတယ်။
(ဂ) အထက်တန်းလူ။ ။ထိုသူများကျတော့ တရားအားထုတ် လို့ အောက်ထစ်ဆုံး သောတာပန် ဖြစ်သွားပြီ ဆိုရင် အထက်တန်းလူဖြစ်ပါပြီ။
နိဂုံးချုပ်ပြောလိုတာကတော့ လူ့ဘ၀ရောက်လာပြီး ရခဲလှတဲ့လူ့ဘ၀ရရှိဖို့အတွက် လူနဲ့တူတဲ့လူ များဖြစ်အောင် ကျင့်သုံးနေထိုင်ဖို့ပါပဲ။ ဒီအတွက် အကုသိုလ်တွေကို တတ်နိုင်သလောက်ပယ် သတ်သွားရမှာဖြစ်ပြီး၊ ဒါန၊သီလ၊ဘာဝနာကုသိုလ်တရားများကို စွမ်းနိုင်သလောက် ကျင့်သုံးသွားရပါမယ်။ ဒိလိုကျင့်သုံးနေတဲ့လူများကိုမှ မနုဿတ္တဘာဝဒုလ္လဘ ရခဲတဲ့လူ့ဘ၀ကို ရရှိလာတာဖြစ်တယ်။ ဒါဆိုရင် ကမ္ဘာကြီးမှာ လူဖြစ်လာပေမဲ့ ရခဲတဲ့လူ့ဘ၀ကို ရရှိလာကြတဲ့သူများဟာ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ကြည့်ရင် အနည်းငယ်မျှသာရှိတယ်ဆိုတာ ပြောရင်း အဆုံးသတ်လိုက်ပါရစေ……

Link

0 comments: