မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

22 ကြိမ်မြောက် စစ်အာဏာသိမ်းသည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်





"ဓါတ်ပုံ=>၈၈ တွင်ကျဆုံးခဲ့သည့် အာဇာနည် ကျောင်းသူ မဝင်းမော်ဦး ကျဆုံးချိန်တွင် အသက်(၁၆ ) နှစ်သာရှိသေးသည်။" သူမအား သယ်ပြေးနေသော ဆရာဝန်နှစ်ဦးအနက် ကျောဘက်မှ ပင့်သယ်နေသည့် တယောက်မှာ ABSDF တပ်ရင်း (၂၁၀) စောထစခန်း တပ်ဖွဲ့ဝင်တယောက် ဖြစ်လာခဲ့ပြီး ရှေ့တန်း ညတိုက်ပွဲ တခုမှာ ရန်သူလူနှင့် ကိုယ့်လူရောသွားရာကနေ လူစုကွဲပြီး ကျန်ရစ်ခဲ့သည်ဟု ထိုစစ်ကြောင်းတွင် ပါဝင်ခဲ့သည့် တပ်မှူးတဦး၏ ပြောပြချက်အရ သိရပါသည်။ ဆရာဝန်နှစ်ဦး၏ နောက်ဆက်တွဲ ဖြစ်ရပ်များကို ဧရာဝတီသတင်း၊ မမေအိခင်ဘလော့ဂ်၊ ကိုလူထွေး ဘလော့ဂ်နှင့် ကိုနစ်နေမန်း ဘလော့ဂ်များတွင် ဖတ်ရှု/နားဆင်နိုင်ပါသည်။
Photo by : Google
၂၀၀၉ ခုနှစ်က တင်တဲ့ပို့စ် ကို အရင်နှစ် (9/18/10 2:18 PM )က သီချင်းထည့်သွင်ဖြည့်စွက်ကာ ပြန်တင်ထားတာကို အခုဒီနှစ်တော့ ပို့စ်ရေးချိန်မရလို့ စစ်အာဏာသိမ်းတဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ စစ်အာဏာသိမ်းတဲ့ ၂၃ သုံးနှစ်မြောက်နေ့မှာ အပေါ်ခဏပြန်တင်ထားပါတယ်။


အာဏာရှင်ကို ဆန့်ကျင်တဲ့ သီချင်းကို အောက်မှာ Click ပြီး နားဆင်နိုင်ပါတယ်။



အရင်က သီချင်းစာသားပဲ တင်ခဲ့တဲ့ပို့စ်ကို သီချင်းအသံနဲ့တကွ ပြန်တင်ထားပါတယ်။ သီချင်းကို နားထောင်ဖို့ အပေါ်က သီချင်းဖိုင်ကို Click ပါ။

အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ.....။

ပလူပျံနေတဲ့ စစ်သေနတ်ပြောင်းရှေ့
ကျည်ဆံတွေကြားမှာ
ပြည်သူတွေဟာ အလောင်းချင်းထပ်၍
ဖီဆန် အော်ဟစ်နေ။
မြန်မာပြည်မှာ မဆလ (န၀တ၊ အနဖ) ကို
မလိုချင်တော့ဘူးလေ…


မြန်မာပြည် နာဇိလက်သစ်ဂိုဏ်းကို
ဥပဒေတွေနဲ့ အရေခြုံပြီး
အာဏာပိုင် အဖွဲအစည်းအသွင်
လုပ်မနေပါနဲ့လေ..
ပြည်သူတွေနဲ့ ကျောင်းသားအလောင်းတွေ
ရိုးတွန်ချိန် ရောက်လာပြီလေ
နိုင်ငံတော် လူသတ်မှုတွေ
ရုံးတင် စစ်ဆေးပေး။

နိုင်ငံတော်အသစ်မွေးဖွားခြင်းရဲ့ နေအာရုံတက်နေ
ဒီမိုကရေစီမထွန်းကားသေးတဲ့ မြန်မာပြည်အမှောင်ကျနေ
လူကို လူလိုအုပ်ချုပ်ရေးမျိုး မြန်မာပြည်မှာမရှိပေ

အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ.....။


ပြည်သူတွေဟာ လက်နက်မဲ့တဲ့ သာမန်အရပ်သားတွေ
ကျည်ဆံကို လည်စင်းပေးကြမည့် အသေခံမဲ့သိုးတွေ
ရင်နာနာနဲ့ အလေးပြုလိုက်တယ်
အာဇာနည်တို့ရေ....


အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမြောက်ကို တို့ထူတောင်စို့လေ...


မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။
(အစအဆုံး ပြန်ဆိုရန်)
ရေးသူ - နိုင်မြန်မာ
သီဆိုသူကတော့ အန္ဒိယက ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ သီချင်း File ပို့ပေးလာတဲ့ ကိုတေဇသူရကို ကျေးဇူးတင်ပါတယ်။



(ဂီတာနဲ့ ဆိုချင်သူများအတွက်)

(Foxtrot)
C - - -
အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
F - C -
မောင်းပြန်သေနတ် သံတွေကြား
C - G -
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
F - C -
မိုးယံမှာ လွင့်နေ
C - - -
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
F - C -
သမိုင်းက လိုလားနေပြီလေ..
C - G - F - C -
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။ ။
Am - - -
ပလူပျံနေတဲ့ စစ်သေနတ်ပြောင်းရှေ့
Em - - -
ကျည်ဆံတွေကြားမှာ
Am - - -
ပြည်သူတွေဟာ အလောင်းချင်းထပ်၍
Em - - -
ဖီဆန် အော်ဟစ်နေ။
Am - - -
မြန်မာပြည်မှာ မဆလ (န၀တ၊ အနဖ) ကို
F - G -
မလိုချင်တော့ဘူးလေ

(ဂီတာတီးတဲ့ ကီးတွေကို မှတ်ချက်မှာ လာထည့်ပေးခဲ့တဲ့ KKL ကို ကျေးဇူးတင်ပါတယ်)


ဒီသီချင်းရေးသူနာမည်ကို ပို့စ်တင်ခါစက အသေအချာ အမှတ်မိခဲ့လို့ စာလာဖတ်သူတွေထဲက သိတဲ့သူတွေရှိရင် ပြောပြခဲ့ဖို့ အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မဘလော့ဂ်ကို လာလည်ပြီး စာလာဖတ်သူ မိတ်ဆွေများထဲမှာ ၈၈ က ရန်ကုန်မှာ ကိုယ်တိုင်သီဆို တီးခတ်ဖူးသူတွေနဲ့ ကြားဖူးသူတွေကိုယ်တိုင်က မှတ်ချက်မှာ လာပြီး ပြောပြခဲ့လို့ ရေးသူ နိုင်မြန်မာဆိုတာ သိခဲ့ရပါတယ်။ လာပြောပြသူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ဒီသီချင်းက ၈၈ အရေးတော်ပုံ ကာလက စပ်ခဲ့တဲ့ သီချင်းဖြစ်ပေမယ့် အရေးအခင်း ကာလတုန်းက မြို့ပေါ်မှာ လှုပ်ရှားတဲ့သူတွေပဲ အသိများပြီး အဲဒီတုန်းက နယ်တွေကို မရောက်ခဲ့လို့ နယ်မှာ လှုပ်ရှားခဲ့တဲ့ ကျွန်မတို့က ဒီသီချင်းကို တောတွင်းရောက်မှ ကြားဖူးခဲ့ပါတယ်။ ကျွန်မတို့ တောတွင်းကာလက ABSDF က နိုင်ငံရေး၊ စစ်ရေး စည်းရုံးရေးသင်တန်းတွေမှာ သင်ခဲ့၊ ဆိုခဲ့ရပါတယ်။ တောတွင်းမှာတုန်းက အခုလို အာဇာနည်တွေ သွေးကျတဲ့နေ့တွေမှာလည်း မကြာခဏ ဆိုရလေ့ရှိတဲ့ သီချင်းဖြစ်ပါတယ်။ ဆိုတဲ့သူအနေနဲ့ကတော့ ကျွန်မတို့ တပ်ရင်းမှာ စနားထောင်ရတာ ဘုရားသုံးဆူစခန်း (၁၀၂) မှာလား သေ့ဘိုးဘောစခန်း (၂၀၄/၂၀၅) မှာလားဆိုတာတော့ အသေအချာ မမှတ်မိတော့ပေမယ့် အဲဒီမှာ အဆိုတော် ကိုမွန်းအောင် ဆိုထားတဲ့အခွေက ပထမအကြိမ် ညီလာခံအပြီး ဗဟိုက ပြန်လာကြတဲ့ ကျွန်မတို့ တပ်ရင်း (၂၀၁) မင်းသမီးခန်း ကိုယ်စားလှယ်တွေနဲ့ ပါလာလို့ နားထောင်ရပါတယ်။ အဲဒီ နောက်ပိုင်း ကျွန်မတို့တပ်ရင်းက ကျင်းပတဲ့ သင်တန်းတွေမှာ သင်တန်းသားတွေကို သင်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ရဲဘော်ဗားတိုက်တိုင်းလိုလိုမှာ ဂီတသံ တဒေါင်ဒါင်နဲ့ ဒီသီချင်းသံကို နေ့စဉ် ကြားလာရပြီး ကျွန်မတို့ တပ်ရင်းက ရဲဘော်တွေနဲ့ သိပ်ပြီးရင်နှီးခဲ့ပါတယ်။

၁၉၈၈ ခု စက်တင်လ (၁၈) ရက်နေ့ စစ်အာဏာရှင်တွေ အာဏာသိမ်းတဲ့ နေ့မှာ သွေးမြေကျခဲ့ရတဲ့ အာဇာနည် ကျောင်းသားပြည်သူတွေကို အမှူးထား၍ ခေတ်အဆက်ဆက်မှာ အများကောင်းကျိုးအတွက် တိုက်ပွဲဝင်ရင်း အသက်စွန့် သွေးမြေကျခဲ့ရတဲ့ ကျောင်းသား၊ ပြည်သူ ရဟန်းရှင်လူ အာဇာနည် ထောင်သောင်းတို့အား ဤသီချင်းနဲ့ အလေးပြုလိုက်ပါတယ်။ အမိမြန်မာပြည်ကို ချစ်မြတ်နိုးပြီး အသက်စတေးသွားသော အာဇာနည်သူရဲကောင်းများရဲ့ စွန့်လွှတ်မှုကို အသိအမှတ်ပြုသူအားလုံး ဤသီချင်းရဲ့ အနှစ်သာရနဲ့အတူ စစ်ကျွန်ဘ၀ကို ရောက်ခဲ့တဲ့ ၂၂ နှစ်မြောက်နေ့မှာ သွားလေသူ အာဇာနည်များအား ကျွန်မတို့ အတူတကွ ရင်နာနာနဲ့ အလေးပြုကြရအောင်...

"သေသူတွေဟာ လက်နက်မဲ့တဲ့
သာမန်အရပ်သားတွေ
ကျည်ဆံကို လည်စင်းပေးခဲ့ကြတဲ့
အသေခံတဲ့သိုးတွေ
ရင်နာနာနဲ့ အလေးပြုလိုက်တယ်
အာဇာနည်တို့ရေ……။"

အာဇာနည်များ ကောင်းရာသုကတိ လားကြပါစေ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။
ဒီမိုကရေစီ တော်လှန်ရေး မုချအောင်ပွဲ ခံရမည်။

13 comments:

သီချင်းလေးက ကောင်းပါ့ဗျာ..
ရေးသူ နိုင်မြန်မာ ဆိုတာတော့ ခုမှသိရတယ်..

အန်ကယ်နိုင်ကလည်း ကျွန်မ ဒီသီချင်းစာသားကို အရင်နှစ်ဒီလိုအချိန်ကတောင် တင်ထားတာ အသံကိုပဲ အခုမှရလို့ အခုမှ တင်ရတယ်။ အန်ကယ်နိုင်ကျန်းမာရေး အခြေအနေက ဘယ်လိုလဲ။ အသိတွေထဲက အသည်းကင်ဆာနဲ့ အသည်းပြဿနာတွေ တယောက်ပြီးတယောက် ဖြစ်နေတာ ကြားရလို့ ဒီစက်တင်ဘာ အာဏာသိမ်းတဲ့ ပို့စ်တွေ ပြီးရင် အန်ကယ်နိုင်တို့လို အသည်းမကောင်းသူတွေအတွက် ကြိုတင်ကာကွယ် သတိထားလို့ရအောင် အသည်းရဲ့ အရေးကြီးပုံနဲ့ အသည်းကင်ဆာအကြောင်း ပို့်စ်တခု တင်ပေးဖို့ ကျွန်မ လျာထားတယ်။

ဖတ်ဖူးပါတယ်..ဇော်မျိုးမှတ်ချက်တွေ..
အရမ်းအဆိုးကြီးအဟုတ်ပါဘုး..
ပြန်ထည့်ပေးလိုက်ပါ..

အမရေ.. ငိုခြင်းချနေတာတွေ ရပ်သင့်ပြီ။ ကျုပ်တို့မြန်မာတွေက နအဖကို နေ့စဉ်နဲ့အမျှ မုန်းတာနဲ့ ဒေါသထွက်တာပဲ လုပ်ကြတယ်။ မုန်းတာတွေ.. ဒေါသထွက်တာတွေနဲ့ပဲ နှစ်တွေ ကူးခဲ့တာ မနည်းတော့ဘူး။ ထို့အတူပဲ . . ပြည်တွင်းကလူတွေက တော်လှန်မလား မျှောင်လင့်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမျိုး စွန့်စားမလဲဆိုတာ နားစွင့်နေတယ်။ NLD ဘယ်လို နအဖကို ဒေါသထွက်အောင်လုပ်မလဲဆိုပြီးစောင့်ကြည့်တယ်။ စသဖြင့်.. စသဖြင့် .. . တိုင်းပြည်အရေးကို ဘေးကနေ လက်ပိုက်ပြီးပဲ ကြည့်နေကြတယ်။ ဘယ်သူကမှ အုတ်တစ်ချပ် သဲတစ်ပွင့် မလုပ်လိုကြဘူး။ ဝေးဝေးမကြည့်နဲ့ ပဲခူးကိစ္စကို မကျေနပ်ဘူးဆိုပြီး အပြင်မှာ တောက်ခေါက်တာပဲရှိတယ်။ ဘယ်သူကများ နအဖကို ကော်မန့်တွေမှာရေးပြီး ဆန့်ကျင်တာရှိလို့လဲ? အဲလောက်အလွယ်ဆုံး အလုပ်လေးတောင် မလုပ်ဘူးဖြစ်နေတယ်။ အစ်မရေ.. အဓိက လုပ်ရမှာက ဒီမိုသမားတွေ စိတ်တို ဒေါသထွက်အောင် နာကျည်းချက်တွေကြီးအောင် ငိုခြင်းတွေချပြနေဖို့ မဟုတ်ဘူး။ အုတ်တစ်ချပ် သဲတစ်ပွင့် .. ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်ဖို့ နားချပေးတာ လက်တွေ့ကျတယ်ထင်ပါတယ်။

လေးစားလျက်
ဇော်မျိုး

ဟယ်အမရယ် ...
ရိုင်းလိုက်တာ။ ဒါသူ့ သရုပ်စရိုက်အမှန်ပေါ့။ ကောင်းတယ်အမ မဖျက်နဲ့ ဆက်ထည့်ထားလိုက်ပါ။ တော်တော်ရိုင်းစိုင်း အောက်တန်းအရမ်းကျတယ်။ ကိုယ့်ကိုရိုင်းလို့ ပြန်ရိုင်းတယ်ဆိုရင် လက်ခံနိုင်သေးတယ်။ အခုတော့ ... တော်တော်ရိုင်းတာဘဲ။

ညို

ဘာမှမသိနားမလည်းတဲ့ ကျောင်းသားသူငယ်တွေ(ကလေး) အသေဆိုးနဲ့ သေရတာ စစ်တပ်နဲ့ဒီမိုတွေကြောင့် ဖြစ်ရတာ။နောက်နောင် မသိနားမလည်းတဲ့ ကျောင်းသားသူငယ်(ကလေး)တွေကို နိုင်ငံရေးထဲ ဆွဲမထဲပါနဲ့။

ပြည်သူကို သတ်စို့

(လက်ရှိ တပ်မတော်၏ အခြေအနေမှန်နှင့် ကိုက်ညီသည့် စစ်ချီသီချင်းသစ်)


ပြည်သူကိုလေ "ဓါး ဓါးချင်း" ဖြိုခွင်းမယ်။
ဗိုလ်ချုပ်နေဝင်း လူသတ်လမ်းစဉ် ငါတို့ဆက်ကျင့်မယ်။
"စစ်တပ်ဟာ ပစ်ပြီဆိုရင် မှန်အောင် ပစ်ပါတယ်။"
လမ်းမှာ ဆန္ဒပြရင် အသေပင် ပစ်သတ်မယ်။

ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
မပြောင်းချင်တဲ့ ရွာသားသတ်ဖို့ သတ်မိန့် ပေးထားတယ်။
"အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
ကိုယ်ဝန်ဆောင်ပါမကျန်အောင် ငါတို့ ပစ်သတ်မယ်။

မြို့လယ်မှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
ဘယ်မှာ တွန့်ဆုတ်ပါလိမ့်၊ ငါတို့ စစ်သားရယ်။

ပြည်သူဟာလဲ အသေဆိုး သေရတယ်။
သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
"စစ်တပ်ကိုမစမ်းနဲ့၊ အသေဆိုးနဲ့သေမယ်။"
"ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်


("တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်" စာသားဖြင့် အစချီသော "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန်)

တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာပြီး တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ " ပြည်သူကို သတ်စို့" (ယနေ့ တပ်မတော်၏ အခြေအနေမှန်ပြ စစ်ချီသီချင်းသစ်) ကို တပ်မတော်သားများ အမြင်မှန် ရစေရန် ရည်ရွယ်ချက်ဖြင့် ရေးစပ်ပါသည်။

တပ်မတော်သားများ အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်

တူယှဉ်ကာ တိုက်စို့

(မူရင်း စစ်ချီသီချင်း )


တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်။

မိုးတွေကလဲ မစဲပဲ ရွာနေတယ်။
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။

စစ်မြေမှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က ဓါးကိုဆွဲလို့ ရှေ့ကတက်ပါတယ်။
ဘယ်မှာ ကြောက်စိတ်ရှိလိမ့်၊ ငါတို့စစ်သားရယ်။

ရန်သူဟာလဲ အရှုံးကြီး ရှုံးရတယ်။
သူတို့အလောင်းကို အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။

စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံနေရသော တပ်မတော်သားများ အနေဖြင့် အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို လွန်ခဲ့သော နှစ် ၅ဝ က အနေအထား ဖြစ်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

စစ်တပ်က ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ


"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

(ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)



"စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။"

(ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့)



"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
၁၉၉ရ ခုနှစ်
စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး) )



"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်"

( ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
"ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
၎ - ၉ - ၂ဝ၁ဝ ရက်ည )



ပြည်သူတွေ သိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ခလရ-၅၉ ပဲခူးတပ်က ဗိုလ်ကြီးသိဒ္ဓိစိုး ရဲ့ ရဲဘော် တပ်သားတယောက် ပြောခဲ့တဲ့ အဲဒီစကားတွေဟာ မြန်မာစစ်တပ်ရဲ့ လူသတ်ဝါဒကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်ပြသနေပါတယ်။

စစ်အာဏာရှင် အဆက်ဆက်ရဲ့ အလွဲသုံးတာကို နှစ်ရှည်လများ ခံလာရတဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဗိုလ်ကျစိုးမိုးလိုတဲ့ သဘောထားဟာ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ မပြောင်းလဲသေးတာ ထင်ရှားနေပါတယ်။

"ငါတို့စစ်တပ်ကို အံတုရင် အသေ ပစ်သတ်မယ်" ဆိုတဲ့ လူမိုက်လမ်းစဉ် အမြစ်မပြုတ်သေးသရွေ့ စစ်အာဏာရှင်ရဲ့ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခံနေရတဲ့ နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ သူခိုး ဓါးပြ မုဒိမ်းတပ် အဆင့်အထိ နိမ့်ကျသွားပြီ ဖြစ်တဲ့ မြန်မာစစ်တပ်က စစ်ဗိုလ်၊ စစ်သားတွေရဲ့ လက်နက်အားကိုးပြီး ဥပဒေမဲ့ လက်ရဲဇက်ရဲ အနိုင်ကျင့် ပစ်သတ်နေတာကို ပြည်သူတွေဟာ ဆက်ခံနေရဦးမှာပါ။

အရိုးရှင်းဆုံး ပြောရရင် စစ်တပ်က ပြည်သူအားလုံး အပေါ်မှာ လူမိုက်ဝါဒနဲ့ လက်နက်အားကိုးပြီး ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ အကြွင်းမဲ့ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

စစ်ပွဲ ဆိုတာ တကယ်တော့ စစ်ပွဲမှာ ယှဉ်ပြိုင် တိုက်ခိုက်တဲ့ တပ်နှစ်တပ်လုံးအတွက် ကိုယ့်ဘက်က နိုင်လည်း ရှုံး၊ ကိုယ့်ဘက်က ရှုံးလည်း ရှုံးတာပါ။ စစ်ပွဲကို ပြည်သူတွေဘက်က အမြင်နဲ့ ကြည့်ရင် အရှုံးချည်းသက်သက်
ဆိုတာ ပိုပြီး ထင်ရှားပါတယ်။

ဒီ အမှန်တရားကို လျစ်လျူရှုပြီး အကြောင်း အမျိုးမျိုး ပြပြီး စစ်အင်အားကို လိုအပ်တဲ့ အတိုင်းအတာထက် အဆပေါင်းများစွာ ပို ကြီးမားလာအောင် လုပ်နေသူတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မလုပ်လိုတဲ့၊ ဗိုလ်ကျ စိုးမိုးရေး လမ်းစဉ်ကို ကျင့်သုံးလိုတဲ့၊ မငြိမ်းချမ်းတဲ့ နယ်မြေတွေမှာ လက်နက်အားကိုးပြီး အာဏာကို ချဲ့ထွင်ကာ ဘိန်းကုန်ကူးတာ၊ လူကုန်ကူးတာ အပါအဝင် မြိုးမြိုးမြက်မြက် ရတဲ့ တရားမဝင် စီးပွားရေးသမားတွေဆီက နယ်မြေဖြတ်သန်းခ အပါအဝင် လိုင်းကြေး၊ ဆက်ကြေး မျိုးစုံကိုလိုင်းကြေးတွေကို သူဌေးဖြစ်တဲ့ အတိုင်းအတာ အထိ မတရား ကိုယ်ကျိုးရှာလိုတဲ့၊ အတ္တကြီးတဲ့ စစ်ဝါဒီတွေပါ။

ကိုယ်ကျိုးရှာ
စစ်ခေါင်းဆောင်တွေဟာ စစ်အင်အား တိုးချဲ့ရာမှာ အကြောင်းပြချက်ကောင်း အဖြစ် တင်ပြဖို့ ပြည်တွင်းစစ်ကို တမင် မွေးထားပါတယ်။

ပြီးတော့ လူမျိုးစုလက်နက်ကိုင်တပ်တွေနဲ့ လက်နက်မဲ့ ရွာသားတွေကို ခွဲခြားမှု မရှိဘဲ လက်နက်မဲ့ တိုင်းရင်းသားပြည်သူတွေကိုပါ ရန်သူလို့ သဘောထားပြီး ရန်သူအဖြစ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေတော့ ကြေကွဲစရာ အဖြစ်ဆိုး အမျိုးမျိုးဟာ နယ်စွန်နယ်ဖျားတွေ၊ တိုင်းရင်းသားဒေသတွေမှာ လူမသိသူမသိ ဆက်လက် ဖြစ်ပွားနေတုန်းပါ။

စစ်အုပ်စုက တိုင်းရင်းသား ပြည်သူတွေကို ပစ်မှတ်ထား ထိုးစစ်ဆင်ပြီး တိုင်းရင်းသားအချင်းချင်း (ဥပမာ - KNU နဲ့ DKBA)၊ ပြည်သူအချင်းချင်း (ဥပမာ - နာမည်အမျိုးမျိုး ပြောင်းခေါ်လာတဲ့ ပြည်သူ့စစ် နဲ့ KNU) တိုက်ခိုင်းနေတဲ့ စစ်ဝါဒ မချုပ်ငြိမ်း သေးသရွေ့ ၊ ကိုယ်ကျိုးရှာ စစ်အာဏာရှင်စနစ် မကျဆုံးသေးသရွေ့ ဝမ်းနည်းစရာ အဖြစ်ဆိုးမျိုးတွေကို ပြည်သူတွေ ဆက်လက် ကြုံတွေ့ ခံစားနေရဦးမှာပါ။

တဆက်ထဲမှာပဲ စစ်တပ်က ပြည်သူအားလုံး အပေါ်မှာ လူမိုက်ဝါဒနဲ့ လက်နက်အားကိုးပြီး ပြည်သူတွေက ရသင့်ရထိုက်တဲ့ အခြေခံ လူ့ အခွင့်အရေးကို ကာကွယ်တဲ့ အနေနဲ့ ဆန္ဒ ထုတ်ဖော်ပြသတာကို ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ အကြွင်းမဲ့ နိဂုံးမချုပ် သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို ပြည်သူတွေ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

အသံဖိုင်လေး နားထောင်ချင်ပါတယ်။ Preview Not Available ဖြစ်နေပါပြီ။ ဖြစ်နိုင်ရင် ပြန်တင်‌ေပးပါဦးဗျာ။