မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒီတခါတော့ သူတို့တကယ်ပဲ လွတ်လာကြပါပြီ

မနေ့က လွတ်ငြိမ်းချမ်းသာခွင့် ကြေညာထားလို့ ညကနဲ့ ဒီမနက် သတင်းထွက်နေကတည်းက ဒီနေ့ တနေကုန် လုပ်စရာရှိတာ ဘာမှကိုမလုပ်ဘဲ သတင်းကိုထိုင်မျှော်နေခဲ့တယ်။ ဘယ်ထောင်မှ ဘယ်သူတွေ လွတ်ပြီလို့ သတင်းတွေ မနက်အစောကြီးကတည်း ပေါ်ထွက်လာနေပေမဲ့ ပုံတွေပေါ်မလာမချင်း အသံမကြားရမချင်း ချောချောမောမောနဲ့ လွတ်လာလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ အကုန်လုံးနီးပါကိုလွတ်ပြီး ဒီတအုပ်စုတည်းကိုများ ချန်ထားခဲ့မလားမသိဆိုပြီး သင်္ကာမကင်းနဲ့ပဲ စောင့်မျှော်ခဲ့တယ်။ Facebook မှာ ပုံတွေကို ဘယ်သူတင်လာမလဲလို့ တချိန်လုံး ထိုင်စောင့်နေရင်း သတင်းဌာနတချို့မှာများ အဲဒီအကြောင်းတွေကို ပုံတွေနဲ့ ဝေေ၀ဆာဆာ ဖေါ်ပြနေပြီလားမသိလို့ သတင်းဌာန တခုပြီးတခု လိုက်ဖွင့်ကြည့်နေရာကနေ နောက်ဆုံးမှာ အောက်က ကိုမင်းကိုနိုင်ရဲ့ ပြည်သူလူထုကို နှုတ်ခွန်းဆက် မိန့်ခွန်းပြောတဲ့ အသံဖိုင်ကို ပထမဦးဆုံး နားထောင်လိုက်ရပါတယ်။ ကိုမင်းကိုနိုင်ရဲ့ ဘယ်တော့မှ မပြောင်းလဲသွားတဲ့ ရဲရင့်အောင်မြင်သော အသံကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်မကို ကြက်သီးတဖြန်းဖြန်း ထစေပါတယ်။


ဟုတ်တိပတ်တိ သတင်းထွက်ထားပြီးမှ လွတ်လပ်ရေးနေ့ကလို အဖျားရှူးသွားလေမလားဆိုတဲ့ ကျွန်မရဲ့ စိုးရိမ်နေမှုက ယူပစ်သလို ပျောက်သွားခဲ့ပါတယ်။ အသံကြားရပေမဲ့လည်း Facebook မှာ ပုံကို ဘယ်နေရာမှာမှ တင်ထားတာ မတွေ့ရသေးတော့ နာဂစ်တုန်းက သတင်းဘယ်နေရာမှာမှ မရတဲ့အချိန်တုန်းက ရန်ကုန်မှာ မုန်တိုင်းဖြစ်ပြီး သစ်ပင်တွေ လွင့်နေပုံကို ဘလော့ဂ်တခုမှာ တင်ထားတာကို ပထမဦးဆုံး တွေ့ရတဲ့အကြောင်း သွားသတိရပြီး ကျွန်မ ဘလော့ဂ်ထဲ ၀င်လာကြည့်တော့ ဟော တွေ့ပြီ ထင်ထားတဲ့အတိုင်းပဲ Link ထားတဲ့ ဘလော့ဂ်တချို့မှာ ပြည်သူလူထု အနှစ်နှစ်အလလက မျှော်လင့်နေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ လွတ်လာတဲ့ ဓါတ်ပုံတချို့ကို တွေ့ရပါပြီ။ ပထမဦးဆုံးတွေ့ရတာက ကိုဒီမိုဝေယံရဲ့ဘလော့ဂ်ပါ။ အဲဒီအချိန်မှ အနီးဆုံးမှာ ရှိတာကို မကြည့်ပဲ အဝေးမှာ လိုက်ရှာနေတာကို နောင်တရမိတယ်။ သိချင်တဲ့သတင်းကို သတင်းဌာနတွေမှာ မတွေ့ရဘဲ ဘလော့ဂ်မှာ ပထမဦးဆုံး သိရတာ ဒီတခါနဲ့ဆို ကျွန်မအတွက် ဒုတိယအကြိမ် ရှိသွားပြီ။ နောက်တခါဆိုရင် သတင်းဦးသိချင်ရင် ဘလော့ဂ်မှာ အရင်ရှာရမယ်ဆိုတာ သဘောပေါက်သွားပြီ။ တချိန်တည်းမှာ ဘလော့ဂါ ကိုနေဘုန်းလတ်လွတ်လာတာကိုပါ သိလိုက်ရတော့ ပိုပြီး ၀မ်းသာသွားတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်ကို တချိန်တည်း လွတ်ပေးထားတာ မရှိဘူး၊ တယောက်ကိုလွတ်ထားရင် တယောက်ကို ချုပ်ထားမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးသူ ခန့်မှန်းသူတွေ များတော့ လွတ်မှလွတ်ပါ့မလားလို့ မယုံတ၀က်ယုံတ၀က်နဲ့ပဲ စောင့်မျှော်နေခဲ့တာ အခုတော့ တကယ်ပဲ လွတ်လာကြပါပြီ မျှော်ရကျိုးနပ်သွားပါတယ်။ လွတ်လပ်ရေးနေ့တုန်းက ဘယ်သူမှ လွတ်မလာတော့ ဦးသူရရွှေမန်း ပေးထားတဲ့ ဂတိက ငပေါကြီး ဖြစ်သွားပြီပေါ့လို့ တွက်နေတာ အခုတော့ ဦးသူရရွှေမန်းရဲ့ ဂတိတည်သွားတာကို အသိအမှတ်ပြုလိုက်ပါတယ်။ နေ့စဉ် ဘုရားရှိခိုးတိုင်း ဆုတောင်းနေတဲ့ ဆုတောင်းလေးတခုတော့ ပြည့်သွားပြန်ပြီ။ အများနဲ့ဆိုင်တဲ့ ကိစ္စတွေအတွက် ကျွန်မရဲ့ ဆုတောင်းတွေ တခုပြီးတခု ပြည့်လာနေပြီး မိမိနဲ့ ဆိုင်တဲ့ဆုတောင်းတော့ အခုထိ တခုမှ မပြည့်သေးပေမဲ့ အတ္တဟိတထက် ပရဟိတအတွက် တောင်းတဲ့ဆု ပြည့်တာ ကျွန်မကို ပိုပြီး ပီတိသောမန ရှိစေလို့ ဒီနေ့ ကျွန်မ သိပ်ကို ပျော်နေပါတယ်။ အခုလွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုယ်တိုင်နဲ့ သူတို့ရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ၊ မြန်မာပြည်တွင်းက ပြည်သူလူထုကြီးနဲ့ ထပ်တူထပ်မျှ ၀မ်းမြောက်မိပါတယ်။ သတင်းကောင်းလေးတွေကို ဘလော့ဂ်တွေနဲ့ Facebook က စုစည်းတင်ပြလိုက်ပါတယ်။



ဒီမိုကရေစီ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့် အောင်လံရှိ ထောင်နှင့်ချီသော ပြည်သူများက ကြိုဆိုကြ

ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသော ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲ ဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့ " ဟု ပြောကြားခဲ့ပါသည်။
သရက်မြို့မှ ပြန်လည် ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင် လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည် ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင် နေကြကြောင်းလည်း သိရှိရသည်။
(နောက်ဆုံးရသတင်းနှင့် ဓါတ်ပုံများကို ဆက်လက်ဖော်ပြပေးသွားပါမည် EMG)
သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို သရက်နဲ့ အောင်လံက ထောင်နဲ့ချီတဲ့ ပြည်သူလူထုများက ကြိုဆိုပုံ..
ဘူးသီးတောင် အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်

ကိုဒီရေ ဘလော့ဂ်မှ

သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကိုမင်းကိုနိုင်၏ ပြောကြားချက် – Eleven Weekly ဂျာနယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော် ၀ိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲ ဆောင်ရွက်ကြဖို့ပါပဲ။
ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်းရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ပြီ/ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။

ရှေ့ဆက်ပြီး ဒီမိုကရေစီအရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော် မစဉ်;စားထားပါဘူး၊
သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်က လုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့အစီအစဉ်မ ရှိဘူး။

သို့သော် ဒီမိုကရေစီအရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွာ;မှာဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့ မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။
ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရောပါလားမသိဘူး။
ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulations လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့။ (စာသားကို ကိုထက်အောင်ကျော်ရဲ့ ဘလော့ဂ်မှ ကူးယူပါတယ်)

Face book မှ

ခွန်ထွန်းဦးပုံ



တောင်ငူထောင်မှ လွတ်လာသော ဦးခွန်ထွန်းဦး၏ ပြောကြားချက် – Eleven Weekly ဂျာနယ်

“နိုင်ငံတော် အစိုးရအနေနဲ့ ပြောင်းလဲချင်စိတ် ရှိလို့ ပြောင်းလဲလာတာ။ ကမ္ဘာမှာ ဒီမိုကရေစီစနစ်က စက်ဝိုင်းလို လည်နေတယ်။ အဲဒီအပြောင်းအလဲ မြန်မာနိုင်ငံကို ရောက်လာတဲ့ အတွက် ပြောင်းလဲလာတယ် လို့မြင်တယ်။
နိုင်ငံအနေနဲ့ အရမ်းကြီးကံဆိုးမှသာ ရှေ့ဆက် ဆိုးသွားနိုင်တယ်။ အခုလို အနေအထားအတိုင်း ဆိုရင်တော့ ကောင်းလာမှာပါ။ ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော့်ပါတီက ဗဟိုကော်မတီနဲ့ တွေ့ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ် ဆိုတာ ပြောပါမယ်။ နိုင်ငံရေးကတော့ မပြီးသေးတဲ့အတွက် ဆက်လုပ်ရမှာပါပဲ။ နိုင်ငံရေးအကျဉ်းသား နည်းနည်းတော့ ကျန်နေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဘယ်လို ဆက်လုပ် မယ် ဆိုတာတော့
မသိသေးဘူး။
(စကားပြော စာသားကို ကိုထက်အောင်ကျော်ရဲ့ ဘလော့ဂ်မှ ကူးယူပါတယ်))

ဖားအံ အကျဉ်းထောင်မှ လွတ်လာတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လည်း နေအိပ်အကျယ်ချုပ်မှ လွတ်လာပါတယ်။

အခုလို လွတ်မြောက်လာတာ ဝမ်းသာတယ်၊ သူလွတ်သလိုပဲ သူ့တပည့်သားမြေးတွေလည်း လွတ်မြောက် လာစေချင်တယ်။ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်မှာစိုးတယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားမှာကို ကြိုဆိုပါတယ်။ စတုတ္ထမဏ္ဏိုင် ဖွံ့ဖြိုးပါစေလို့ ဆန္ဒပြုပါတယ်။ မိသားစုနဲ့ ၇ နှစ်လောက် ခွဲနေရတဲ့အတွက် အတူတူ ပြန်နေမယ်။
အခုကတော့ ဘုရားတရား အလုပ်နဲ့ သစ်ပင်စိုက်တာပဲ လုပ်နေတယ်။ ( စာသားကို ကိုထက်အောင်ကျော်ရဲ့ ဘလော့ဂ်မှ ကူးယူပါတယ်)

ဒီနေ့ မင်္ဂလာဒုံလေဆိပ်မြင်ကွင်း


စစ်မှန်တဲ့ ဒီမိုကရေစီကို မြန်မာပြည်မှာ တကယ်ပဲ အကောင်အထည် ဖေါ်ဆောင်ပါစေ။

1 comments:

.

ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြဖို့ ပြုံးပြပါ (သီချင်း)

("Tie a Yellow Ribbon round the old Oak Tree" သီချင်း၏ တေးသွားအတိုင်း သီဆိုပါ။ တေးသွားကို နားဆင်ရန် ခေါင်းစဉ်ကို နှိပ်ပါ။)


အိမ်ပြန်လာပြီ၊ အကျဉ်းခံချိန် ဆုံးပြီ။
ပြည်သူ့ဆန္ဒ ဘယ်လိုရှိတာ သိချင်သည်။
ဒီနေ့ ကျွန်တော် လွတ်မယ် ဆိုတဲ့ သတင်း ပြည်သူတွေ ကြားမိရင်
ဘာလုပ်ရမလဲ ဆိုတာ သိမည်၊
ကျွန်တော့်ကို လိုသေးရင်။
ကျွန်တော့်ကို လိုသေးရင်

ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြဖို့ ပြုံးပြပါ။
ဒီတခါ ၄ နှစ် ကြာ၊ ကျွန်တော့်ကို လိုသေးလား။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင်
ကား ဆက်စီးသွားမယ်၊ ကျွန်တော့်ကို မေ့လိုက်၊ ဒီမိုကရေစီ မရသေးလို့ ခွင့်လွှတ်ပါ။
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံးကို မမြင်ရင် ပြောတာပါ။

ကားဆရာ၊ ကျွန်တော်အစား ကြည့်ပေးဗျာ၊
ဘာမြင်ရမလဲ ဆိုတာ ကျွန်တော် မကြည့်ရဲလို့ပါ။
ထောင်ပြင် ရောက်လာပေမယ့် စိတ်က တကယ် မလွတ်မြောက်သေးပါ။
ပြည်သူ့ ဒေါင်းမာန်အပြုံးက ကျွန်တော့်ကို လွတ်စေမယ့် သော့ချက်ပါ၊
ဒီသော့က ပြည်သူ့လက်ထဲမှာ။

ကားတစီးလုံး ဩဘာပေးနေပြီ။
ကျွန်တော် မြင်ရတာ မယုံနိုင်ပါ၊
ဒေါင်းစိတ်၊ ဒေါင်းမာန် မပျောက်တာ ပြတဲ့ ပြည်သူ့အပြုံး ထောင်နဲ့ချီ မြင်နေရပြီ။


ပြည်သူ့ဘက်သား
၁၃၊ ၁၊ ၂၀၁၂ ရက်နေ့