Pages
Stand for the ABSDF ထုတ်ပြန်ချက်
မကဒတ (မြောက်ပိုင်း) ဖြစ်ရပ်နှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသောရိုက်ခတ်မှုများအပေါ် နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်
နေ့စွဲ။ ။ ၂၀ ၊ ၀၂၊ ၂၀၁၂
စာအမှတ်- ၀၀၁။၂၀၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ - ကျောင်းသားတပ်မတော်)-ABSDF သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ၊ လူတန်းစားပေါင်းစုံဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ကျောင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မကဒတ(ABSDF)သည် ခေတ်အဆက်ဆက် ဗမာပြည်ကျောင်းသားထု ကိုင်ဆွဲခဲ့သည့် “အမျိုးသားနိုင်ငံရေးလမ်းစဉ်” ကိုချမှတ်ပြီး ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လျက် ရပ်တည်လာခဲ့သည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်ပေသည်။
မကဒတ(ABSDF)သည် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စံနစ်အောက်မှလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် ၁၉၈၈ ခုနှစ် နိုဝင် ဘာလ (၁) ရက်နေ့မှစ၍ ယနေ့တိုင်အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်၍ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် လက်တွဲကာ ဖေါ်ဆောင်လျှက်ရှိသည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်သည်။
ယခုအခါ မကဒတ(ABSDF) စတင်ဖွဲ့စည်းစ အတွေ့အကြုံနုနယ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည့် အင်မတန်တုန်လှုပ်ဖွယ် ကောင်းလှသည့် မြောက်ပိုင်းဖြစ်ရပ်ကို ဗဟိုပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မကဒတ၏ဂုဏ်သိက္ခာနှင့် သမိုင်းအစဉ်အလာကိုတိုက်ခိုက် စော်ကားနေသည်များကိုလည်းကောင်း၊ ဗကသ၊ မကဒတအပါအ၀င် ကျောင်းသားထုညီညွတ်ရေးကိုထိုးနှက် ဖြိုခွဲနေသည်များကိုလည်းကောင်း တွေ့မြင်နေရသည်။ မိမိတို့သည် တုန်လှုပ်ဖွယ် မြောက်ပိုင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကာယကံရှင်များ၏နစ်နာမှုများအတွက် စာနာကာ အဖြစ်မှန် ပေါ်ပေါက်ရေးကိုအထူး လိုလားသည်။
မိမိတို့ နိုင်ငံတကာရောက် မကဒတ(ABSDF) အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူများပီပီ အမှန်တရားပေါ်ပေါက်ရေးကို လိုလားသည်။ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် ထိုတုန်လှုပ်ဖွယ်ရာ မြောက်ပိုင်း ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆုံးရှူံးနှစ်နာခဲ့မှုများအတွက် အပြည့်အဝကိုယ်ချင်းစာသည့်အပြင် ဖြစ်ပျက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး အမှန်တရားကို တာဝန်ရှိသူများ အနေဖြင့် ဖော်ထုတ်ရန် အလေးအနက် တောင်းဆိုသည်။
သို့သော် အဆိုပါဖြစ်ရပ်ကိုအကြောင်းပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား (၂၃) နှစ်တိုင် တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အမြင့်မားဆုံးလွှင့်ခဲ့တင်သည့် မကဒတ(ABSDF)၏နိုင်ငံရေးနှင့် ဂုဏ်သိက္ခာအား နည်းမျိုးစုံဖြင့် ထိုးနှက် တိုက်ခိုက်နေမှု့၊ ကျောင်းသားထုညီညွတ်ရေးအား ထိုးနှက်ဖြိုခွဲနေမှုနှင့် ဗမာပြည်သူလူထုအတွင်း မကဒတ(ABSDF) အဖွဲ့အစည်း တခုလုံးအပေါ် အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်နေမှုများ အားလုံးကို ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားများ၏ ခွပ်ဒေါင်းစိတ်ဓာတ်အပေါ်အခြေခံ၍၊ မကဒတနှင့်အတူ အသက်သွေးချွေးပေး တိုက်ပွဲဝင်ခဲ့သော၊ မိမိတို့ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများမှပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေငြာအပ်ပါသည်။
- ကျောင်းသားထု ညီညွတ်ရေးကို ကာကွယ်ကြ
- တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်နှင့် ကျဆုံးလေပြီးသော ကျောင်းသားအာဇာနည်အပေါင်းအား အလေးပြုလျှက်
နိုင်ငံတကာရောက် မကဒတ (ABSDF) အဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်ဟောင်းများ (Stand for the ABSDF)
ဒီနေရာမှ လည်း PDF ဖိုင်ထဲမှာ တိုက်ရိုက်ဖတ်နိုင်ပါတယ်။
ဒီစတိတ်မင့်နဲ့ ပတ်သက်ပြီး Stand for the ABSDF သြစကြေလျှရောက် ကိုယ်စားလှယ် ကိုသန်းထွဋ်ဆွေနှင့် ABC မြန်မာပိုင်းအစီစဉ် ဆက်သွယ်မေးမြန်းချက်။
Sound clip 05 by Zaw Lin 1
29 comments:
  1. ကျောင်းသားတပ်မတော်ကို ဦးညွတ်ဆဲပါပဲ (၁)February 21, 2012 at 10:25 AM
    .
    ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်
    ၁၉၉၁ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်မှာ ABSDF မြောက်ပိုင်းမှာ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်းအပါအဝင် အာဏာရူးတစုက အေဘီမြောက်ပိုင်းဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၀ဝ ကျော်ကို ထောက်လှမ်းရေးလို့ မမှန်မကန် စွပ်စွဲ ဖမ်းဆီးပြီး လူမဆန်တဲ့ နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့လို့ ကျောင်းသားရဲဘော် ၃၈ ဦး ကျဆုံးသွားခဲ့ရတဲ့ အကျည်းတန် ဖြစ်ရပ်တွေဟာ တကယ် ဖြစ်ခဲ့တာကို အလွန့်အလွန် ကြေကွဲစွာနဲ့ လက်ခံလိုက်ရပါပြီ။
    ABSDF မြောက်ပိုင်း ညှဉ်းပန်းသတ်ဖြတ်မှုတွေမှာ ကိုယ်တိုင် နှိပ်စက်ခံခဲ့ရပြီး ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ ကာယကံရှင်တွေရဲ့ တင်ပြချက်တွေကို ဖတ်နေစဉ် တန်းလန်းမှာ၊ အသံဖိုင်တွေကို နားထောင်နေစဉ် တန်းလန်းမှာ "စစ်အုပ်စုက ABSDF ကို နာမည်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ကြံဇာတ်လမ်း ဖန်တီးပြီး မမှန်သတင်း လွှင့်တာပါ၊ ကောလာဟလတွေပါ" လို့ မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်တွေဟာ တစစီ ကြေမွသွားခဲ့ပါပြီ။
    ကျောင်းသားတပ်မတော်အတွင်းက ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်းအပါအဝင် အာဏာရူးတစုဟာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်ပြီး မူလ ကျောင်းသားတပ်မတော်ရဲ့ မူဝါဒတွေ၊ သဘောထားတွေ၊ အစဉ်အလာတွေထဲမှာ အစဉ်အမြဲ အရေးအပါဆုံး ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး နဲ့ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေတဲ့ ကမ်းကုန်အောင် ရက်စက်လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာတွေဟာ ပကတိဖြစ်ရပ်တွေ ဖြစ်တာကို နှလုံးသားက လက်မခံချင်ပေမယ့် ဦးနှောက်က လက်ခံလိုက်ရပါပြီ။
    ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့တဲ့ ကျောင်းသားချင်း "တော်တော်လေး ယုတ်ယုတ်မာမာနဲ့ အောက်တန်းကျကျလုပ်တဲ့ အာဏာလုပွဲ" ကြောင့် သွေးမြေကျခဲ့ရတဲ့ အတိတ်ဆိုးကြီးဟာ အေဘီချစ်သူတွေရဲ့ နှလုံးသည်းပွတ်တွေကို နေ့ရောညပါ ချေမွှနေပါပြီ။
    ReplyDelete
  2. ကျောင်းသားတပ်မတော်ကို ဦးညွတ်ဆဲပါပဲ (၂)February 21, 2012 at 10:25 AM
    .
    ဒါပေမယ့် အေဘီချစ်သူတွေ အနေနဲ့ ဒီ တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးဟာ ABSDF တခုလုံးရဲ့ မူဝါဒ၊ သဘောထား မဟုတ်ဘဲ ABSDF အတွင်းက အာဏာရူးတစုရဲ့ မင်းမဲ့စရိုက်နဲ့ ရမ်းကားမှုသာ ဖြစ်တာကို ကွဲကွဲပြားပြား မြင်နိုင်စွမ်းတော့ ရှိကြပါတယ်။
    ဒါကြောင့် အေဘီသမိုင်းကို သေသေချာချာ သိရှိပြီး တန်ဖိုးထားသူတွေရဲ့ ကျောင်းသားတပ်မတော်ကို တသက်လုံး လေးစားလာခဲ့တဲ့၊ ချစ်မြတ်နိုးလာခဲ့တဲ့ စိတ်ကို ဒီ မြောက်ပိုင်း သွေးချောင်းစီးမှုကြီးက ဗြောင်းဗြန်လှန် မပစ်နိုင်ရုံမက ဆံတချည်မှတောင် လျော့မသွားတဲ့ လေးစား မြတ်နိုးမှုမျိုးနဲ့ အရင်လိုပဲ ဆက်လက် လေးစား မြတ်နိုးနေကြဆဲပါ။
    ဒီ တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးဟာ တကယ် ဖြစ်ခဲ့တာကို ခိုင်ခိုင်မာမာ သိလိုက်ရပြီးတဲ့ အချိန်မှာလည်း အေဘီချစ်သူတွေဟာ အသက်၊ သွေး၊ ချွေးတွေနဲ့ ပေးဆပ်သွားခဲ့ကြတဲ့၊ ပေးဆပ်နေကြတဲ့ အေဘီရဲဘော်တွေရဲ့ ရိုးသားဖြောင့်မတ်မှု၊ စွန့်လွှတ်အနစ်နာခံမှုတွေ အပေါ်မှာ အရင်လိုပဲ အသိအမှတ်ပြုနေကြဆဲပါ။
    အေဘီချစ်သူတွေဟာ ကျောင်းသားတပ်မတော်ရဲ့ ထွန်းပြောင်လာခဲ့တဲ့ သမိုင်းအစဉ်အလာကို ရင်ထဲမှာ တသက်လုံး သိမ်းဆည်းသွားပြီး ကျောင်းသားတပ်မတော် ရဲဘော်တွေရဲ့ ရိုးသားဖြောင့်မတ်မှု၊ စွန့်လွှတ်အနစ်နာခံမှုတွေ အတွက် တသက်လုံး ဦးညွတ်သွားကြမှာပါ။
    ReplyDelete
  3. ကျောင်းသားတပ်မတော်ကို ဦးညွတ်ဆဲပါပဲ (၃)February 21, 2012 at 10:26 AM
    .
    ABSDF ဟာ ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ပြီး ရပ်တည်လာတဲ့ ကျောင်းသားတပ်ဦး ဖြစ်လို့ ဗကသ ကို အလွန် ကြောက်တဲ့ စစ်အုပ်စုက ABSDF စတင် မွေးဖွားလာတဲ့ အချိန်က စပြီး နည်းမျိုးစုံနဲ့ ဖြိုခွဲ ဖျက်ဆီးပစ်ဖို့ ကြိုးစားလာခဲ့တာပါ။
    အခုလို အေဘီမြောက်ပိုင်း ရက်ရက်စက်စက် ညှဉ်းပန်းသတ်ဖြတ်မှုတွေကို ကိုယ်တိုင် ခံခဲ့ရသူတွေနဲ့အတူ တာဝန်သိ အေဘီ ရဲဘော်ဟောင်းတွေ၊ တာဝန်သိပြည်သူတွေက ဝိုင်းဝန်း ဖော်ထုတ်နေကြတာကို ရန်သူ စစ်အုပ်စုဖက်က အခွင့်ကောင်းယူပြီး ပွဲလန့်တုန်း ဖျာခင်းပြီး အေဘီ ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် တိုက်ခိုက်လာနေပါတယ်။
    စစ်အာဏာရှင်တွေရဲ့ မတရားမှုတွေ၊ နိုင့်ထက်စီးနင်း လုပ်ရပ်တွေ၊ ယုတ်မာရက်စက်မှုတွေကို မုန်းတီးရွံရှာတတ်တဲ့ ရိုးသားတဲ့ သာမန် ပြည်သူတွေရဲ့ စိတ်အထာကို သိတဲ့ ရန်သူ စစ်အုပ်စုရဲ့ လက်ပါးစေတွေဟာ ကျောင်းသားတပ်မတော် အတွင်းက ယုတ်မာရက်စက်တဲ့ အာဏာရှင်တွေရဲ့ မတရားမှုတွေ၊ နိုင့်ထက်စီးနင်း လုပ်ရပ်တွေ၊ ယုတ်မာရက်စက်မှုတွေကို မီးမောင်းထိုးပြပြီး ပြည်သူတွေရဲ့ စိတ်ကို ဆွပေးပြီး ကျောင်းသားတပ်မတော်ကို လုံးဝ ဖျက်သိမ်းဖို့အထိ ဝါဒဖြန့် လှုံ့ဆော်လာနေပါတယ်။
    အဲဒီလို ရန်သူ့ လှုံ့ဆော်မှုတွေကြောင့် အေဘီသမိုင်းကို လုံးဝ မသိတဲ့ သာမန် ပြည်သူ တချို့ဟာ ကျောင်းသားတပ်မတော် ဆိုတဲ့ အဖွဲအစည်း နဲ့ ကျောင်းသားတပ်မတော်ထဲက လူရမ်းကားတစုကို ခွဲခြားပြီး မမြင်နိုင်ကြတော့တဲ့ အနေအထားကို ရောက်လာနေပါတယ်။
    ReplyDelete
  4. ကျောင်းသားတပ်မတော်ကို ဦးညွတ်ဆဲပါပဲ (၄)February 21, 2012 at 10:27 AM
    .
    အဲဒီလို အနေအထားမှာ ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ဖို့ လုပ်ရမယ့် တခုတည်းသော လမ်းကြောင်းက ကျောင်းသားတပ်မတော် သမိုင်းကို ရိုင်းစေခဲ့တဲ့ ကျောင်းသားတပ်မတော်အတွင်းက သွေးဆိုးပြည်ပုပ်တွေကို လုံးဝ ကင်းစင်အောင် ညှစ်ထုတ်ဖို့ ဆိုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
    ရန်သူ စစ်အုပ်စုရဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်တဲ့ သမိုင်းကို လိမ်တာ၊ သမိုင်းကို ဖျောက်တာ၊ သမိုင်းကို မှေးမှိန်အောင် လုပ်တာမျိုးတွေကို လုံးဝ မလုပ်ဘဲ လူမဆန်စွာ နှိပ်စက် သတ်ဖြတ်မှုကြီးတွေကို ABSDF အလံတော်အောက်မှာ ကျူးလွန်ခဲ့တဲ့ ABSDF အဖွဲ့ဝင်အားလုံးကို လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။
    ထောက်လှမ်းရေး လို့ မမှန်မကန် စွပ်စွဲပြီး သမိုင်းအဖျက်ခံထားရတဲ့ အေဘီမြောက်ပိုင်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် ကျဆုံးသွားခဲ့တဲ့ အေဘီ ရဲဘော် ၃၈ ဦး အပါအဝင် အေဘီ ရဲဘော် ၁၀ဝ ကျော်ရဲ့ သမိုင်းမှန်ကို ဖော်ထုတ်ပြီး မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ တရားဝင် မှတ်တမ်းတင်ပေးပြီး သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အရောင်တင်ပေးရမှာကို သမိုင်းပေးတာဝန်အဖြစ် ခံယူကြရပါမယ်။
    အေဘီမြောက်ပိုင်း ငရဲခန်းတွေဟာ ABSDF သမိုင်း နဲ့ AB ရဲ့ ဂုဏ်သိက္ခာကိုသာမက မြန်မာ့သမိုင်း နဲ့ မြန်မာတို့ရဲ့ ဂုဏ်သိက္ခာအတွက်ပါ အမဲစက် စွန်းစေခဲ့တဲ့ ဆိုးရွားလှတဲ့ ဖြစ်ရပ်ကြီး ဖြစ်တာကြောင့် အေဘီမြောက်ပိုင်း ဖြစ်ရပ်ဆိုးကြီးရဲ့ သမိုင်းမှန်ကို မျိုးဆက်သစ်တွေ သင်ခန်းစာယူနိုင်စေဖို့အတွက် သမိုင်းမှန်ကို အမှန်အတိုင်း ပြည့်ပြည့်စုံစုံ ပြန်ရေးရာမှာ အေဘီ ရဲဘော်ဟောင်းတွေ၊ လက်ရှိ အေဘီ ရဲဘော်တွေသာမက ကျောင်းသားသမဂ္ဂ အသီးသီးက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူထုလူတန်းစား အသီးသီးကို ကိုယ်စားပြုသူတွေ၊ ဒီမိုကရေစီမိတ်ဆွေ အဖွဲ့အစည်း အသီးသီးကို ကိုယ်စားပြုသူတွေ အပါအဝင် တာဝန်သိပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆွေးနွေး အကြံပြုနိုင်ဖို့ အေဘီ မြောက်ပိုင်း သမိုင်းမှန် ဖော်ထုတ်ရေးကို ဦးဆောင်နေသူများက ကော်မတီတရပ် ဖွဲ့စည်းကာ ကော်မတီ အနေနဲ့ စီစဉ်ပေးပြီး အကြံပြုချက်တွေကို လေးလေးနက်နက် ထည့်သွင်း စဉ်းစားပြီး အားလုံးက ရိုးရိုးသားသား ကြိုးစား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
    ReplyDelete
  5. ကျောင်းသားတပ်မတော်ကို ဦးညွတ်ဆဲပါပဲ (၅)February 21, 2012 at 10:27 AM
    .
    ကျောင်းသားတပ်မတော်ရဲ့ ထွန်းပြောင်ခဲ့တဲ့ သမိုင်းကို သတိရကြ။
    ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ကြ။
    အေဘီ မြောက်ပိုင်း သမိုင်းမှန်ကို ဖော်ထုတ်ကြ။
    ရန်သူ စစ်အုပ်စုရဲ့ သပ်လျှိုမှုကို ဆန့်ကျင်ကြ။
    အေဘီမြောက်ပိုင်းက လူမဆန်စွာ ညှဉ်းပန်းသတ်ဖြတ်မှုတွေမှာ ဘယ်လို အခန်းကဏ္ဍကမှ မပါဝင် မပတ်သက်ခဲ့တဲ့
    ABSDF ရဲဘော်ဟောင်းများ၊ လက်ရှိ ABSDF ရဲဘော်များ အားလုံးကို အလေးပြုလျက် -
    အေဘီချစ်သူ
    ၂၀-၂-၁၂
    ReplyDelete
  6. အေဘီချစ်သူပြောသွားတာကို သဘောတူပါတယ်။ ကျွန်မလဲ အစကစိုးရိမ်နေတာ။ မငယ်နိုင်တို့လို အေဘီဟောင်းတွေအနေနဲ့ ဒီမြောက်ပိုင်းလုပ်ရပ်တွေကို လက်မခံနိုင်ပေမယ့် အေဘီ အဖွဲ့ကြီးပြိုကွဲမှာစိုးလို့ ဘာလို့နဲ့ လက်ရှောင်နေမှာစိုးတယ်။ တဖက်ကလဲ မငယ်နိုင်က အမြဲပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တော့ အဲလိုလူစားမျိုး မဟုတ်မှန်းလဲသိတယ်။ အမှန်တကယ်က အေဘီချစ်သူ ပြောသွားသလိုပါပဲ။ လူတစုလုပ်ရပ်နဲ့ အဖွဲ့ရဲ့ရပ်တည်ချက်က ကွာပါတယ်။ အဖွဲ့ပြိုကွဲသွားမှာစိုးလို့ နာမည်ပျက်မှာစိုးလို့ဆိုပြီး မဟုတ်တာလုပ်ခဲ့တဲ့သူတွေအအကြောင်း မဖော်ထုတ်ရင် အသက်စွန့်သွားခဲ့တဲ့ သူတွေအပေါ် တကယ်ကို မတရားရာရောက်ပါတယ်။ အခုလို အေဘီဟောင်းတွေအနေနဲ့ အမှန်ကိုဖော်ထုတ်ပေးဖို့ တောင်းဆိုတာအရမ်းကောင်း တယ်လို့ ထင်ပါတယ်။ ကျေးဇူး။
    ReplyDelete
  7. ABSDF ကို အရမ်းစိတ်ပျက်တယ်
    ReplyDelete
  8. ညီအစ်ကိုများခင်ဗျာ
    ခွေးဟောင်တိုင်းထရင်အိပ်ရေးပျက်ပါတယ်ခင်ဗျာ။ ဒါကြောင့် ကိုယ့် ကိစ္စကိုကိုယ်အောင် မြင်အောင်အကောင်အထည်ဖော်ကြပါ ခင်ဗျာ။
    မငယ်ရေ
    အစဉ်အမြဲအားပေးနေပါတယ်။
    ReplyDelete
  9. တော်ပါတော.
    ဘာမှမထုတ်ပြန်ကြပါနဲ.တော.
    အဖွဲ.သာဖျက်လိုက်ပါတော.
    ကျက်သရေတုံးလို.ပါ
    ReplyDelete
  10. စစ်မုန်းFebruary 25, 2012 at 10:11 AM
    Anonymous (February 22, 2012 12:25 AM) သို့
    ဟေ့ စစ်ကျွန်
    မင်းက Myanmar Astronomy ဘလော့မှာ Nge Naing နာမည်နဲ့ မင်းဟာမင်း အရေမရ အဖတ်မရတွေ ရေးပြီး စာဖတ်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် မငယ်နိုင် ဘလော့မှာ လာပြီး မဟုတ်ကဟုတ်ကတွေ လာရေးသွားတာ မင်း မရှက်ဘူးလား
    Anonymous (February 22, 2012 12:25 AM) နဲ့ ရေးသွားတာ Myanmar Astronomy နာမည် သုံးပြီး မငယ်နိုင်ကို မဟုတ်မမှန် စွပ်စွဲပြီး စော်ကားသွားတဲ့ ကောင်နဲ့ အတူတူပဲ
    Myanmar Astronomy ဘလော့ ဆိုတာက မျက်ကန်း ဖော်လံဖား စစ်ကျွန်စစ်စစ် ရုရှက စစ်ဗိုလ် SLIP ပါဝင် ရေးသားနေတဲ့ ဘလော့ပဲ
    SLIP ဆိုတဲ့ ကောင်ကလဲ မဆဲတတ်သလိုလို၊ မပုတ်ခတ် မစော်ကားတတ်သလိုလို မခုတ်တတ်တဲ့ကြောင် ပုံစံ ဖမ်းပြီး သူတော်ကောင်းယောင် ဆောင်နေတဲ့ ကြောင်သူတော်ပဲ
    ရုရှက စစ်ဗိုလ် SLIP က SLIP ဆိုတဲ့ နာမည်နဲ့တော့ မဆဲဘူး၊ မစော်ကား မပုတ်ခတ်ဘူး
    ဒါပေမယ့် SLIP က (စစ်သည်) ဆိုတဲ့ နာမည် အပါအဝင် တခြားနာမည်တွေ သုံးပြီး ဘလော့ဂါ မငယ်နိုင်ကို လာလာပြီး ပုတ်ခတ် တိုက်ခိုက်တာကို လူမိသွားတော့မှ အရှက်ကွဲပြီး ထွက်ပြေးသွားတယ်
    ဒါတောင် "ကျနော်က ကိုSLIP မဟုတ်ပါဘူး၊ ကိုSLIP ကို ကျနော် အပြင်မှာ မြင်ရင်တော့ မြင်ဖူးမှာပါ" ဆိုပြီး ပလီစေ့ခြောက်ချက် နဲ့ ဗြောင်လိမ်သွားသေးတယ်
    ပြီးတော့ Myanmar Astronomy ဘလော့မှာ စစ်အုပ်စုရဲ့ ဒေါက်တိုင် SLIP ရဲ့ အပေါင်းအသင်း စစ်ကျွန်တွေက ဘလော့ဂါ မငယ်နိုင် ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ Nge Naing နာမည်နဲ့ မဟုတ်တရုတ် ပေါက်ကရတွေ ရေးထားတာကို Myanmar Astronomy ဘလော့ရဲ့ Admin SLIP က မဖျက်ဘဲ ထားတာက အဲဒီလို စစ်ကျွန်တွေက ပြည်သူတွေကို တိုက်ခိုက်နေတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကို SLIP က အားပေးအားမြှောက် လုပ်နေတာပဲ
    ဒါဟာ ရုရှက စစ်ဗိုလ် SLIP အပါအဝင် စစ်အုပ်စုရဲ့ လက်ကိုင်တုတ်တွေက ပြည်သူတွေကို ရန်သူလို သဘောထားပြီး နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်နေတဲ့ ဥပမာတခုပါပဲ
    ReplyDelete
  11. စစ်မုန်းFebruary 25, 2012 at 11:06 AM
    Anonymous (February 22, 2012 12:25 AM) သို့
    Anonymous (February 25, 2012 4:32 AM) သို့
    ဟေ့ စစ်ကျွန်တွေ
    ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု ကိစ္စက မင်းတို့လို စစ်ကျွန်တွေနဲ့ မဆိုင်ဘူးကွ
    မင်းတို့ ဘာမှ ဝင်ရှုပ်နေစရာ မလိုဘူးကွ
    ABSDF ထဲက အာဏာရူး လူရမ်းကားတစုက ကျောင်းသားရဲဘော်အချင်းချင်း နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေက လူမဆန်လွန်းတဲ့ လူသတ်မှုကြီးတွေ၊ အရမ်း ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးတွေ ဖြစ်လို့ ဆွေးနွေးရမယ့် ရှုထောင့်တွေက အရမ်း ကျယ်ပြန့်လို့ ABSDF တဖွဲ့ထဲတင်မက ABSDF အပေါ် စေတနာမှန်ထားတဲ့၊ ကချင်ပြည်၊ ပါဂျောင်၊ ABSDF မြောက်ပိုင်းမှာ မတရား အသတ်ခံ၊ အနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေအပေါ်မှာ စေတနာမှန်ထားတဲ့၊ အမှန်တရားကို လေးစားတန်ဖိုးထားတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ ပြည်သူတွေပါ ပါဝင်ဆွေးနွေးနေတာကို ငါတို့ လက်ခံတယ်
    အေး ... ဒါပေမယ့် ABSDF အပေါ် ပျက်စီးရာပျက်စီးကြောင်း စေတနာယုတ်နဲ့ အမြဲ ကြံစည်လုပ်ဆောင်ခဲ့တဲ့၊ ကချင်ပြည်၊ ပါဂျောင်၊ ABSDF မြောက်ပိုင်းမှာ မတရား အသတ်ခံ၊ အနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေအပေါ်မှာ စေတနာမှန် မထားတဲ့၊ အမှန်တရားကို လေးစားတန်ဖိုး မထားတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုး မထားတဲ့ စေတနာမမှန်တဲ့ မင်းတို့လို စစ်ကျွန်တွေက ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု ကိစ္စမှာ ဘာမှ ဝင်ရှုပ်နေစရာ မလိုဘူးကွ
    အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း အပါအဝင် ကျောင်းသားအာဏာရှင် တစုက အာဏာရှင်စရိုက်နဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး လုပ်ချင်သလို လုပ်ခဲ့၊ နှိပ်စက်ချင်သလို နှိပ်စက်ခဲ့၊ သတ်ချင်သလို သတ်ခဲ့တာ ဖြစ်လို့ ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး
    ဒါကြောင့် အဲဒီ အင်မတန် ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို ကျူးလွန်ခဲ့တဲ့ ABSDF အတွင်းက အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လဆိုင်း၊ သန်းဇော် အပါအဝင် လူသတ်သမားတွေကို ပြည်သူစစ်စစ်တွေက အပြင်းအထန် ကန့်ကွက် ရှုတ်ချကြတာကို လက်ခံတယ်
    မင်းတို့ စစ်ကျွန်တွေ ပြောတဲ့ (( ABSDF ကို အရမ်းစိတ်ပျက်တယ် )) ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတဲ့
    စကားကို ပြည်သူစစ်စစ်တွေက ပြောရင် တစုံတခုသော အတိုင်းအတာအထိ ငါတို့ လက်ခံနိုင်သေးတယ်
    ဘာလို့လဲဆိုတော့ ပြည်သူတချို့က ABSDF အတွင်းက ကျောင်းသားအာဏာရှင်တစုရဲ့ လူမဆန်တဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကို (လူတစုရဲ့လုပ်ရပ်) လို့ မမြင်တော့ပဲ ABSDF အဖွဲ့ကို အဖွဲ့အနေနဲ့ ပုတ်ခတ်လာရခြင်းရဲ့ အဓိကအကြောင်းရင်းက ပြည်သူတချို့က အေဘီသမိုင်းကို လုံးဝ မသိကြလို့ပဲ
    (Facebook မှာ အေဘီ မြောက်ပိုင်း လူသတ်မှုတွေကို ဝေဖန်ကြတဲ့ ပြည်သူအများစုက စေတနာမှန်နဲ့ ဝေဖန်ကြတာပါ
    အဲဒီထဲမှာ ထောက်လှမ်းရေးတွေ၊ စစ်ကျွန်တွေ အနည်းအကျဉ်းကတော့ ထုံးစံအတိုင်း ရောပါလာတာပေါ့
    စစ်အာဏာရှင်ဝါဒဖြန့်ဘလော့တွေမှာတော့ ထောက်လှမ်းရေးတွေ၊ စစ်ကျွန်တွေက ပြည်သူ အယောင်ဆောင်ပြီး အေဘီ အဖွဲ့ကို ဖျက်သိမ်းသင့်တယ် ဆိုပြီး တိုက်ခိုက်တာပေါ့
    ဒါကို နားယောင်ပြီး အေဘီသမိုင်းကို လုံးဝ မသိတဲ့ ပြည်သူတချို့ကပါ အေဘီကို အဖွဲ့အစည်းအရပါ အထင်သေးအမြင်သေးနဲ့ သုံးစားမရအောင် စော်ကားလာကြတာပါ
    အားလုံး သတိပြုသင့်တာကတော့ Facebook မှာ ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု ကိစ္စကို ဆွေးနွေးဝေဖန်နေသူ အများစုက စေတနာမှန်နဲ့ ဝေဖန်နေကြတဲ့ ပြည်သူစစ်စစ်တွေပါ
    မပြောပလောက်တဲ့ အနည်းစုကသာ ထောက်လှမ်းရေးနဲ့ စစ်ကျွန်တွေ ဖြစ်ပါတယ်)
    အေဘီ သမိုင်းကို ပြည်သူတချို့က လုံးဝ မသိဘဲ ဖြစ်နေတာဟာ အဲဒီ ပြည်သူတွေရဲ့ အပြစ် မဟုတ်ဘူး
    အဲဒီလို ပြည်သူတွေက အေဘီ သမိုင်းကို မသိအောင် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ လုပ်ထားလို့ ဖြစ်နေတာ
    ဒါကြောင့် အေဘီ သမိုင်းကို လုံးဝ မသိတဲ့ ပြည်သူစစ်စစ်တွေက ABSDF ထဲက ကျောင်းသားအာဏာရှင် လူသတ်သမားတွေကို ကန့်ကွက်ရှုတ်ချရင်း၊ ရှုတ်ချရင်းနဲ့ ထောက်လှမ်းရေး မဟုတ်ဘဲ ကျောင်းသားရဲဘော် ၁၀ဝ ကျော်ကို အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း တို့က နှိပ်စက်သတ်ဖြတ်လို့ ကိုထွန်းအောင်ကျော် အပါအဝင် ၃၈ ယောက် အသက်ဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရလို့ မတရား ခံခဲ့ရတဲ့ ရဲဘော်တွေဖက်က၊ အမှန်တရားဖက်က၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဖက်က၊ ABSDF ရဲ့ ဂုဏ်သိက္ခာ ရှုထောင့်က၊ မြန်မာလူမျိုးရဲ့ ဂုဏ်သိက္ခာ ရှုထောင့်က၊ မြန်မာ့သမိုင်းမှာ အမဲစက်ကြီး စွန်းထင်းခဲ့ရတဲ့ ရှုထောင့်ကနာကျည်းခံစားရလွန်းလို့ အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း အပါအဝင် ABSDF ထဲက အာဏာရူး လူသတ်သမားတွေကို ရှုတ်ချရင်း၊ ရှုတ်ချရင်းနဲ့ အေဘီ ကို အဖွဲ့အစည်း အနေနဲ့ပါ စော်ကားတဲ့အထိ ဖြစ်လာတာကိုလဲ တစုံတခုသော အတိုင်းအတာအထိ ငါတို့ လက်ခံနိုင်သေးတယ်
    အေး ... ဒါပေမယ့် ABSDF ကို စတင် ဖြစ်တည်လာကတဲက ပျက်စီးအောင် ဖျက်ဆီးဖို့ ကြိုးစားလာခဲ့တဲ့ စစ်အုပ်စုရဲ့ လက်ပါးစေ မင်းတို့လို စစ်ကျွန်တွေက ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု ကိစ္စမှာ ဘာမှ ဝင်ရှုပ်နေစရာ မလိုဘူးကွ
    ReplyDelete
  12. စစ်မုန်းFebruary 25, 2012 at 11:18 AM
    Anonymous said...
    (February 25, 2012 4:32 AM)
    (( တော်ပါတော.
    ဘာမှမထုတ်ပြန်ကြပါနဲ.တော.
    အဖွဲ.သာဖျက်လိုက်ပါတော.
    ကျက်သရေတုံးလို.ပါ ))
    ပွဲလန့်တုန်း ဖျာဝင်ခင်းတဲ့ စစ်ကျွန်
    Anonymous (February 25, 2012 4:32 AM) သို့
    ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု ကိစ္စက (( ABSDF တခုလုံးရဲ့ မူဝါဒ၊ သဘောထား မဟုတ်ဘဲ ABSDF အတွင်းက အာဏာရူးတစုရဲ့ မင်းမဲ့စရိုက်နဲ့ ရမ်းကားမှုသာ ဖြစ်တယ်။ )) လို့ အပေါ်မှာ ( အေဘီချစ်သူ) ရေးထားတာကို သေသေချာချာ ဖတ်ကြည့်ကြကွ
    အပေါ်က Comment ( ကျောင်းသားတပ်မတော်ကို ဦးညွတ်ဆဲပါပဲ (၂) ) (February 21, 2012 10:25 AM) မှာ ဖတ်ကြည့်ကြကွ
    မင်းတို့စစ်ကျွန်တွေ ဘာမှ ဖျာဝင်ခင်း မနေကြနဲ့ကွ
    ပြည်သူ အယောင်ဆောင်ပြီး ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး ABSDF အဖွဲ့အစည်းကို လာပြီး တိုက်ခိုက် မနေကြနဲ့ကွ
    ReplyDelete
  13. ဟားဟား
    ABSDF ကို မတိုက်ခိုက်ကြနဲ.ဆိုပါလား
    ဘယ်သူမှတိုက်ခိုက်မစရာမလိုပါဘူးမငယ်နိုင်ရယ်
    အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေတာနဲ.တင် ကုန်နေပါပြီနော
    ReplyDelete
  14. မငယ်နိုင်ရေ
    ကိုယ်.ဘလော.မှာကိုယ်
    စစ်မုန်း နာမည်နဲ. ကွန်းမန်.ပြန်ပေးတာလည်း ပြန်ပေးပါ
    ဒါပေမယ်. သဲလွန်စမကျန်အောင်လည်းဂရုစိုက်ပါနော်
    Myanmar Astronomy နာမည်နဲ. လာရေးတယ်ဆိုတာ မငယ်နိုင်သိတော.ဖျက်လိုက်တယ်ထင်တယ်
    အဲဒီ မငယ်နိုင်ပဲသိလိုက်တဲ.ဟာကို ကိုယ်.ဘာကိုယ်ပြန်ပြီး ထောက်ပြကာကွယ်နေတော.
    မငယ်နိုင်နဲ. စစ်မုန်းက တစ်ယောက်တည်းမှန်း သိသာသွားတာပေါ.
    ReplyDelete
  15. စစ်မုန်းFebruary 27, 2012 at 7:20 AM
    Anonymous (February 27, 2012 5:43 AM)
    Anonymous (February 27, 2012 5:50 AM) သို့
    Anonymous (မောင် ၊ mg ၊ zaw ၊ ဦးသူတော်၊ မှော်ဆရာ ... နာမည်မျိုးစုံနဲ့ လျှာအခွ ၁၀ဝ လောက်နဲ့ နှောင့်ယှက် တိုက်ခိုက်တတ်တဲ့) ရုရှားပြန် စစ်သား က ထင်ရာမြင်ရာတွေ ပြောနေလိုက်တာ
    မငယ်နိုင်ကို ရမ်းသန်းပြီး စွပ်စွဲနေလိုက်တာ
    ဘလိုင်းကြီးပါလား
    အချက် မသိတော့ သားမက် သူခိုးထင် တာ ကျနေတာပဲ
    မင်းလဲ အချက် မသိတော့ ဘကြီးကို ကြီးတော် ထင်နေပြန်ပြီ
    မငယ်နိုင်ရဲ့ စာရေးပုံနဲ့ မင်းဘကြီး စစ်မုန်းရဲ့ စာရေးပုံနဲ့ အကွာခြားကြီး ကွာခြားတာကိုတောင် မမြင်ရှာဘူး
    ထုံလိုက်တာ၊ ဒုံးဝေးလိုက်တာ
    မိုက်မဲထုံပေ၊ ဒုံးဝေး သန်းရွှေ ရဲ့ တပည့် ပီသလိုက်တာ
    မောင် (mg) ဆိုတဲ့ ရုရှားပြန် စစ်သားက မငယ်နိုင်ကို စစ်မုန်း လို့ အတင်း စွပ်စွဲနေလိုက်တာ
    ရော်နယ်အောင်နိုင်က ကိုထွန်းအောင်ကျော်ကို ထောက်လှမ်းရေး လို့ အတင်း စွပ်စွဲနေတဲ့ အတိုင်းပဲ
    မင်း အဲဒီလောက် သေချာနေရင် ရော်နယ်အောင်နိုင်လို ဆက်ပြီး ပြောပါဦးလား
    "အခု ဖမ်းပြီး နှိပ်စက်နေတဲ့ ကျောင်းသားရဲဘော် ၁၀ဝ ကျော်ထဲမှာ ကျောင်းသားအစစ် တယောက် ပါရင် ကြိုးစင်ပေါ်ကို ရင်ကော့ပြီး တက်သွားမယ်" လို့ ရော်နယ်အောင်နိုင် စိန်ခေါ်သလို စိန်ခေါ်ကြည့်လိုက်လေ
    "အခု စစ်မုန်း နာမည်နဲ့ ရေးထားတဲ့ မှတ်ချက် ၃ ခုထဲမှာ စစ်မုန်း အစစ်ရဲ့ မှတ်ချက် အစစ် တခု ပါရင် နာမည်မျိုးစုံ သုံးပြီး မငယ်နိုင်ကို ဆဲဆိုလိုက်၊ ပုတ်ခတ်လိုက်၊ အရေမရ အဖတ်မရ ရေးလိုက် အမြဲလာလုပ်နေတဲ့ မင်းရဲ့ အောက်တန်းစားအကျင့်တွေကို ခဝါချပြီး မငယ်နိုင်ကို နေ့တိုင်း လာကန်တော့မယ်" လို့ စိန်ခေါ်ကြည့်လိုက်လေ
    မင်းဘကြီး
    စစ်မုန်း
    ReplyDelete
  16. စစ်မုန်းFebruary 27, 2012 at 7:49 AM
    ဟေ့ စစ်ကျွန် မောင် (mg)
    မင်းတို့ စစ်ကျွန်တွေနဲ့ ABSDF မြောက်ပိုင်းကိစ္စနဲ့ ဘာမှ မဆိုင်ဘူးကွ
    ဘာမှ ဝင်ပြီး ပွားမနေနဲ့ကွ
    ပွဲလန့်တုန်း ဖျာ ဝင်ခင်း မနေနဲ့ကွ
    (( အဖွဲ.သာဖျက်လိုက်ပါတော.
    ကျက်သရေတုံးလို.ပါ )) ဆိုပြီး
    ခွေးပါးစပ်က ခွေးစကား ထွက်မနေနဲ့
    မင်း ကန်းနေလား၊ ပင်းနေလား၊
    ABSDF အတွင်းက လူသတ်မှု ကျူးလွန်တဲ့ မင်းမဲ့ဝါဒီ လူရမ်းကား တစုကို အေဘီ ရဲဘော်တွေရော၊ ဒီမိုကရေစီ အင်အားစုတွေရော၊ ပြည်သူတွေပါ ကန့်ကွက်ရှုတ်ချနေကြတာ မင်း မမြင်ဘူးလား၊ မကြားဘူးလား
    သမိုင်းမှန်ကို ထုတ်ဖေါ်ပေးဖို့ တောင်းဆိုနေကြတာ မင်း မမြင်ဘူးလား၊ မကြားဘူးလား
    သန်းရွှေ အမိန့်နဲ့ စစ်ခွေးတပ်က အပြစ်မဲ့ အရပ်သား ၈၁ ယောက်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ခရစ်စတီကျွန်းလူသတ်ပွဲ (၁၉၉၈)
    သန်းရွှေ အမိန့်နဲ့ အပြစ်မဲ့ ပြည်သူ ၁၀ဝ ကျော်ကို မင်းမဲ့စရိုက်နဲ့ ရိုက်သတ်ခဲ့တဲ့ ဒီပဲရင်းလူသတ်ပွဲ (၂၀ဝ၃)
    သန်းရွှေ အမိန့်နဲ့ စစ်ခွေးတပ်က အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၁၀ဝ ကျော်ကို ပစ်သတ်ခဲ့တဲ့ ရွှေဝါရောင် လူသတ်ပွဲ (၂၀ဝ၇)
    တုန်းက ဘယ်စစ်ခွေးတွေ သန်းရွှေကို အခုလို ကန့်ကွက်ရှုတ်ချသလဲ
    ဘယ်စစ်ခွေးတွေ သန်းရွှေကို သမိုင်းမှန်ကို ထုတ်ဖေါ်ပေးဖို့ တောင်းဆိုသလဲ
    စစ်မှန်တဲ့ ကျောင်းသားရဲဘော်တွေ၊ ဒီမိုကရေစီအင်အားစုတွေက မင်းတို့လို အာဏာရှင် လက်ပါးစေတွေလို မလုပ်ဘူး
    သမိုင်းမှန်ကို ဖေါ်ထုတ်နေကြတယ်ကွ
    ReplyDelete
  17. (
    ခေါင်းစဉ်ကို နှိပ်ပြီး လေ့လာ ကြည့်ရှုနိုင်ပါတယ်။)
    အေဘီ အဖွဲ့ဝင် အများစုသည် မည်သည့် ကိုယ်ကျိုးစီးပွား၊ မည်သည့် ဆုလဒ်ကိုမှ မျှော်ကိုးခြင်း မရှိဘဲ မြန်မာပြည်သူများ စစ်အာဏာရှင်၏ လက်အောက်မှ လွတ်မြောက်စေလိုသော ရည်ရွယ်ချက်သက်သက်ဖြင့် ကျောင်းသားတပ်မတော်သို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်၏။ အေဘီ အဖွဲ့ဝင် အများအပြားသည် ရည်ရွယ်ချက်အတိုင်း အသက်၊ သွေး၊ ချွေး တို့ဖြင့် ပေးဆပ်သွားကြ၏။ ကျောင်းသားတပ်မတော်သားတို့၏ တော်လှန်ရေးခရီးလမ်းသည် မုန်တိုင်းထန်သော ပင်လယ်ခရီး ဖြစ်၏။ ကျောင်းသားတပ်မတော်သားတို့၏ ဘဝသည် စစ်အာဏာရှင်၏ ခါးပိုက်ဆောင်စစ်တပ်က စစ်သားများထက် အဆပေါင်းများစွာ ခက်ခဲ ပင်ပန်း ကြမ်းတမ်း၏။ အေဘီ မြောက်ပိုင်းလူသတ်သမားများ၏ လုပ်ရပ်သည် အေဘီ ၏ ခံယူချက် မဟုတ်၊ အေဘီ ၏ ကျင့်စဉ် မဟုတ်။ အေဘီ မြောက်ပိုင်း အတွင်းသို့ ကျောင်းသားအစစ်များနှင့် ရောယောင်ပြီး ဝင်ရောက်ကာ အာဏာကို ယုတ်မာ အောက်တန်းကျသော အစီအစဉ်ဖြင့် အာဏာသိမ်းလိုက်သော မင်းမဲ့ဝါဒီ အာဏာရူးများ၏ ယုတ်မာရိုင်းစိုင်းသည့် ဥပဒေမဲ့ ရမ်းကားမှုသာ ဖြစ်၏။ အေဘီ၏ ထွန်းပြောင်ခဲ့သော အစဉ်အလာကို အေဘီ မြောက်ပိုင်း အာဏာရူးများ၏ လူသတ်ပွဲများက ဖျောက်ဖျက်နိုင်မည် မဟုတ်။ အေဘီ အဖွဲ့ဝင် အများစု၏ ရိုးသားမှု၊ အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှု၊ ပေးဆပ်မှုများကို အေဘီသမိုင်း သိသော ပြည်သူများက ကမ္ဘာတည်သရွေ့ အမှတ်ရနေကြမည်သာ ဖြစ်၏။
    ReplyDelete
  18. (
    ခေါင်းစဉ်ကို click လုပ်ပြီး ABSDF မြောက်ပိုင်းက လူသတ်ကောင် ရော်နယ်အောင်နိုင် နဲ့ အပေါင်းပါ အာဏာရူးတစုက မင်းမဲ့စရိုက်နဲ့ ဥပဒေမဲ့ ခေါင်းဖြတ်ပြီး သတ်ပစ်လိုက်တဲ့ ကိုထွန်းအောင်ကျော် (ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ) ရဲ့ ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။ )
    အချိန်မတန်ခင် လွင့်ပျောက်ခဲ့ရတဲ့ ခွပ်ဒေါင်းကြယ်ပွင့်
    စစ်အစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေးလို့ မမှန်မကန် စွပ်စွဲခံရပြီး လူမဆန်စွာ နှိပ်စက်ခံရပြီး ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကချင်ပြည်နယ်၊ ပါဂျောင် ABSDF (မြောက်ပိုင်း) မှာ ခေါင်းဖြတ် အသတ်ခံရသူ
    ကိုထွန်းအောင်ကျော် (မန္တလေး)
    ကျောင်းသားတပ်မတော် (ABSDF) မြောက်ပိုင်း ဥက္ကဋ္ဌ
    အထက်ဗမာပြည် ဗကသ ဥက္ကဋ္ဌဟောင်း (၁၉၈၈-၉၀)
    Ko Ko Gyi - Who is he ?
    Khin Maung Htway - ကိုထွန်းအောင်ကျော် (AB မြောက်ပိုင်း) ကချင်နယ်မြေမှာ အသတ်ခံလိုက်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ လူခြင်းတော့ မရင်းနှီးပါ သူအကြောင်းတွေ ကြားဘူးရင်း နဲ့ လေးစားမိသူတစ်ဦးပေါ့
    Maungmaung Skw - အိမ်မှာ အမြဲလာတတ်တဲ့- အိမ်မှာ ဖိုးညီနဲ့ အစည်းအဝေးတွေ အမြဲ လာလုပ်တတ်တဲ့ သူ----- ဒေါက်တာသန်းအောင်နဲ့ ဒေါက်တာရှီလာစန်းစန်းမြင့် တို့ရဲ့သား- ရော်နယ်အောင်နိုင် တို့အဖွဲ့က ဒေါက်တာနိုင်အောင်ရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ ခေါင်းဖြတ် အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် စစ်စစ် ထွန်းအောင်ကျော် လေ--------
    Maungmaung Skw - Sorry- ဒေါသတကြီး ရေးလိုက်လို့ သဒ္ဒါ မှားသွားတယ်- ဒေါက်တာတွေရဲ့သား လူသတ်သမား က ရော်နယ်အောင်နိုင်---
    Moe Sal - ခု.. သတင်းတခု.. ရထားပါတယ် မခင်မင်းဇော်ဆီကပါ ခု အေဘီမြောက်ပိုင်းကို ဦးစီးပြီး ပြန်ဖွင့်တဲ့ လှဆောင် ဟာ.. ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ဦးစီး လူသတ်သမားအဖွဲ့ကပါ။ ဟိုတလောက မြောက်ပိုင်းမှာ ဌါနချုပ် ပြန်ဖွင့်ခဲ့ပါတယ်။...
    Maungmaung Skw - လူသတ်ပွဲထဲမှာ ဝါသနာပါရာ အခန်းက ပါခဲ့ကြတဲ့ကောင်တွေ ဒီလိုဘဲ ရပ်တည်စရာ ရှာနေရမှာ ပေါ့- KIA - KIO တို့က အရင်လို အဖြစ်မျိုး ထပ်မဖြစ်ရအောင် ထိမ်းချုပ်ဖို့တော့ လိုလိမ့်မယ်။
    Maungmaung Skw -
    ABSDF (NB) ဖြစ်မြောက်ရေး လုပ်ခဲ့ကြတဲ့- အပတ်စဉ် ၅ ဆင်း ဖြစ်ခဲ့ပြီး- ကျွန်တော့်ကို တောထဲ သွားဖြစ်အောင်- ABSDF သွေးသမိုင်း- ရေးဖြစ်အောင် လုပ်ခဲ့တဲ့သူ- လက်ရှိ " ဖေဖဝါရီ ၁၂ ရက်နေ့ မြောက်ပိုင်း AB နဲ့ ကိုထွန်းအောင်ကျော်နေ့" စီစဉ်နေသူ- ညီညီကျော် တစ်ယောက် ပျောက်ချက်သားကောင်းပြီး အသံတိတ်နေတယ်- အားလုံး သတိထားနေကြပါ။
    Hay Shan - ကဒ်ချိုးလိုက်လို့ ပျောက်သွားတာနဲ့ တူတယ်ဗျ
    Aung Khin Myint ‎- ဒေါက်တာသန်းအောင်နဲ့ ဒေါက်တာရှီလာစန်းစန်းမြင့်က ကိုထွန်းအောင်ကျော်ရဲ့ မိဘနှစ်ပါးလား ခင်ဗျာ ...
    Kyaw Gyi AB - ရော်နယ်အောင်နိုင်ရဲ့ မိဘပါ
    Aung Khin Myint - ဟုတ် ကျေးဇူး အကို ...
    Hmone Shwe Yi ‎- ကိုထွန်းအောင်ကျော် ပုံ ကြည်.ရတာ ငိုချင်တယ်ဗျာ
    ReplyDelete
  19. (
    ခေါင်းစဉ်ကို နှိပ်ပြီး ကိုထွန်းအောင်ကျော် ကျောင်းသားတပ်မတော်မှာ တာဝန် ထမ်းဆောင်စဉ်ကာလမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၆ ပုံ ကို ကြည့်နိုင်ပါတယ်။ )
    ကျောင်းသားခေါင်းဆောင်စစ်စစ် ကိုထွန်းအောင်ကျော် (ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ) ဟာ ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက်၊ ပြည်ထောင်စုနေ့မှာ ကချင်ပြည်နယ်၊ ပါဂျောင် ABSDF (မြောက်ပိုင်း) မှာ အောင်နိုင် (ရော်နယ်အောင်နိုင်)၊ သံချောင်း၊ မျိုးဝင်း၊ လှဆောင် (လှဆိုင်) တို့ ABSDF (မြောက်ပိုင်း) အာဏာရူး အုပ်စုရဲ့ ခေါင်းဖြတ်ပြီး သတ်တာကို ခံရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော် ရဲဘော် ၁၅ ဦးထဲက တဦး ဖြစ်ပါတယ်။
    ကျောင်းသားခေါင်းဆောင်စစ်စစ် ကိုထွန်းအောင်ကျော်တို့ဟာ "စစ်အစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေး သူလျှို" လို့ မမှန်မကန် စွပ်စွဲခံရပြီး လူမဆန်စွာ နှိပ်စက်ခံရပြီးမှ ခေါင်းဖြတ် အသတ်ခံရတာပါ။
    အဲဒီလို တရားဝင် ကြေညာပြီး ၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့မှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော် ၁၅ ဦး အပြင် မင်းမဲ့စရိုက်နဲ့ နှိပ်စက်ရင်း အသက်ဆုံးသွားရသူတွေ နဲ့ တရားဝင် မကြေညာဘဲ အသတ်ခံခဲ့ရသူတွေပါ ပေါင်းလိုက်ရင် အဲဒီတုန်းက ကျောင်းသားရဲဘော် ၁၀ဝ ကျော် အဖမ်းခံပြီး လူမဆန်အောင် နှိပ်စက်ခံခဲ့ရတဲ့ အထဲက ကျောင်းသားရဲဘော် ၃၈ ယောက် ကျဆုံးခဲ့ရပါတယ်။
    ReplyDelete
  20. °
    - သံပြားအား မီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊
    - ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊
    - သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊
    - စိတ်ဓါတ်ပျက်ပြား ခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ် တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊
    - ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊
    - ခေါင်းဖြတ် သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
    (ကိုအောင်မိုးဝင်း ရဲ့ "မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း - ၇) -
    ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း ကျော်ခိုင်ဝင်းရဲ့ အစီရင်ခံစာ"
    ( http://www.pyustate.com/2012/01/blog-post_28.html )
    မှ ကောက်နုတ်ချက်)
    ReplyDelete
  21. This comment has been removed by the author.
    ReplyDelete
  22. ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပြီး မျိုးဝင်းက ခေါင်းဖြတ် သတ်ပုံ (မျက်မြင်သက်သေ ကိုထင်လင်းအောင် ၏ တင်ပြချက်)February 28, 2012 at 1:44 AM
    °
    ကိုထွန်းအောင်ကျော်ကိုတော့ သံချောင်းကို မီးဖုတ်ပြီး ဒူးခေါင်းကို ထိုးတဲ့အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါ။ သို့နှင့် အားမရသေးဘဲ အဆိပ်နဲ့ ဆက်သွယ်ရေးစက် တောင်းပြန်ပါသည်။ ကိုထွန်းအောင်ကျော်က "ကျနော့်မှာ မရှိဘူး" လို့ ပြောတော့ မရဘူး။ ကိုထွန်းအောင်ကျော်က အချိန်ဆွဲပြီး "သူ န၀တ သူလျှို မဟုတ်ဘူး" ဆိုတာကို KIA နားလည်အောင် ကြိုးစားပေမယ့် KIA က ကိုထွန်းအောင်ကျော်ကို မကာကွယ်ပေးဘဲ မသိယောင် ဆောင်နေခဲ့ပါသည်။
    ကိုထွန်းအောင်ကျော်ကို နှိပ်စက်ပုံမှာ ကိုထွန်းအောင်ကျော် လမ်းနည်းနည်း လျှောက်နိုင်မှန်း သိတော့ လှေခါးက ၀ါးတွေကို ပြောင်းပြန် လုပ်ထားသည်။ အဲဒီအပေါ်ကို ဖင်ဒရွတ်ဆွဲပြီး တက်နေတဲ့ ကိုထွန်းအောင်ကျော်ကို ကန်ချလိုက်တော့ ဒလိန့်ခေါက်ခွေး ကျသွားပါသည်။
    နောက်ဆုံးမှာ ကိုထွန်းအောင်ကျော်က "အဖမ်းခံထားရတဲ့ ရဲဘော်အားလုံးက ထောက်လှမ်းရေး မဟုတ်ပါဘူး၊ ကျနော် တယောက်တည်းသာ ထောက်လှမ်းရေး ဖြစ်တယ်" လို့ ပြောပြီး အသက်ပေးသွားပါသည်။ မျိုးဝင်းကိုယ်တိုင် ကိုထွန်းအောင်ကျော်ကို ဒါးနဲ့ ခုတ်သတ်လိုက်တာပါ။
    ကိုထွန်းအောင်ကျော်ကို အလွန် လေးစားမိပါသည်။ ကျနော် မသေသေးသမျှ အမှန်တရားတွေကို ဖော်ထုတ်ပါမည်ဟု သံဓိဌာန်ချထားပါသည်။
    ("လိုင်စင်တောင် ပါဂျောင်စခန်းမှ ရင်နင့်ဘွယ်ဖြစ်ရပ်များ ( ထင်လင်းအောင် ၏ အစီရင်ခံစာ)"
    မှ ကောက်နုတ်ချက်)
    ReplyDelete
  23. ကိုထွန်းအောင်ကျော် ABSDF မြောက်ပိုင်း သို့ တောခိုရန် မထွက်ခွာမီ မိခင်ကို နှုတ်ဆက်စကား (၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ)February 28, 2012 at 4:59 AM
    -
    "အမေ၊ မေသိန်းက သစ္စာလေးပါး မသိဘူး။
    သူ့ ကို သိစေချင်တယ်။
    ပြီးတော့ အမေလည်း မသိပါဘူး။"
    "ဟဲ့၊ မင်းတို့  ရှိနေတာ ငါက ဘယ်လို သိရမှာလဲ။"
    "ကျွန်တော်တို့  မရှိမှ အမေ သိလာမှာလား။"
    "အဲ၊ သိချင်လည်း သိလာမှာပေါ့။"
    "ဟုတ်တယ်၊ ကျွန်တော်တို့ ကို သံယောဇဉ် ဖြစ်နေသရွေ့ အမေ မသိသေးပါဘူး။
    အမေ၊ ကျွန်တော် သွားတော့မယ်။
    အမေ့ကို နှုတ်ဆက်နေတာပါ။
    အမေ၊ သံယောဇဉ်တွေကို လျှော့ပါ၊ အမေ။"
    (Credit - ညီညီကျော်)
    ReplyDelete
  24. -
    ခေါင်းစဉ်ကို နှိပ်ပြီး ကိုထွန်းအောင်ကျော် ၏ မိခင် (အသက် ၇၈ နှစ်) ( ၆-၂-၂၀၁၂ ရက်နေ့) ဓာတ်ပုံကို ကြည့်နိုင်ပါတယ်။
    ကိုထွန်းအောင်ကျော် ရဲ့ အမေ
    သားတွေရဲ့ အမေ၊
    သားတွေလုပ်သမျှ "ကကြီး" က "အ" အထိ သိတဲ့ အမေ၊
    အိမ်မှာ ဝင်၊ ထွက်သူ အားလုံးကို သိတဲ့ အမေ၊
    "မင်းက ဘယ်သူ့ သားလဲ" လို့ မေးတတ်တဲ့ အမေ၊
    မူလ မန္တလေးက ဇစ်မြစ်ကို သိကြတယ်လေ။
    ဒီနေ့  (၆-၂-၂၀၁၂ ရက်နေ့) မှာတော့ ကိုထွန်းအောင်ကျော် ရဲ့ အမေက အခုလိုပဲ ပြောနိုင်ရှာတော့တယ်။
    "အော်.. အောင်နိုင် က ဒီလိုတောင် လုပ်ရက် သလား။
    ငါ့သားကြီးကတော့ ပြန်မလာနိုင်တော့ဘူးပေါ့။"
    ကိုထွန်းအောင်ကျော် ရဲ့ အမေနဲ့ ရော်နယ်အောင်နိုင် ရဲ့ အမေ က ကွန်ဗင့်ကျောင်း မှာတုန်းက ကျောင်းနေဖက်သူငယ်ချင်း ဖြစ်တဲ့ အကြောင်းကိုလည်း ကိုထွန်းအောင်ကျော် ရဲ့ အမေက ၆-၂-၂၀၁၂ ရက်နေ့မှာ ပြောပြရှာပါသေးတယ်။
    "အောင်နိုင် ရဲ့ အမေက ရှီလာဝီလျံ လေ။
    နောက်တော့ ဒေါက်တာရှီလာစန်းစန်းမြင့် လို့ ခေါ်တယ်။
    အမေနဲ့ အောင်နိုင် ရဲ့ အမေ ရှီလာဝီလျံ (ဒေါက်တာရှီလာစန်းစန်းမြင့်) က ကွန်ဗင့်မှာ သူငယ်ချင်းပေါ့။
    အော်.. အောင်နိုင် က ဒီလိုတောင် လုပ်ရက် သလား" တဲ့။
    (Credit - ညီညီကျော်)
    ReplyDelete
  25. -
    ခေါင်းစဉ်ကို နှိပ်ပြီး ဓာတ်ပုံကို ကြည့်နိုင်ပါတယ်။
    Maungmaung Skw - အိမ်မှာ အမြဲလာတတ်တဲ့- အိမ်မှာ ဖိုးညီနဲ့ အစည်းအဝေးတွေ အမြဲ လာလုပ်တတ်တဲ့ သူ-----
    ဒေါက်တာသန်းအောင်နဲ့ ဒေါက်တာရှီလာစန်းစန်းမြင့် တို့ရဲ့သား- ရော်နယ်အောင်နိုင် တို့အဖွဲ့က ဒေါက်တာနိုင်အောင်ရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ ခေါင်းဖြတ် အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် စစ်စစ် ထွန်းအောင်ကျော် လေ--------
    (Credit - Maungmaung Skw)
    ReplyDelete
  26. ABSDF မြောက်ပိုင်းမှာ လူမဆန်စွာ နှိပ်စက်ခံရပြီး အသတ်ခံရတဲ့ လူတွေရဲ့ အမေတွေနဲ့ လူသတ်မှု ကျူးလွန်ခဲ့တဲ့ လူတွေရဲ့ အမေတွေကို သနားမိပါတယ်February 28, 2012 at 5:12 AM
    ^
    February 11
    ကျမက ကိုယ်တိုင် တောမခို..နိုင်ငံရေးမလုပ်..ထောင်မကျခဲ့ဖူးတာမို့.. မြောက်ပိုင်းလူသတ်မှု နဲ့ ပတ်သက်ရင် အမေ နေရာကနေပဲ တွေးမိပါတယ်။ မကြာခင်မှာ ကျမသားကြီး အသက် ၂၁ နှစ် ပြည့်တော့မယ်။ သူ ဘယ် တက္ကသိုလ်မှာ သွားတက်ရမယ်လည်း မသိသေး။ အိမ်နဲ့ အဝေးမှာဆို သူ အခက်အခဲတော့ ကြုံမှာလို့ စဉ်းစား မိရင်တောင် စိတ်ထဲ တယ် မကောင်းချင်ပါဘူး။ ဒါတောင် ကျမက သားသမီးကို ကြက်သားအုပ်မကြီးလို ကိုယ်နဲ့မကွာ အုပ်ထားချင်တဲ့ အမေမျိုး မဟုတ်ပါဘူး...။
    ဆိုတော့ ခုတလောတွေမှာ မြောက်ပိုင်းလူသတ်မှု အကြောင်းတွေ ဖတ်ရတော့ အမေတွေကိုယ်စား ရင်ထဲ မချိအောင် နာကျင်ရပါတယ်။ ဖတ်နေရင်း မျက်ရည်ကျမိတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါတောင် အဲဒီ အရက်စက်ခံရတဲ့သူတွေထဲမှာ ကျမ သိတဲ့ သူဆိုလို့ ထိန်ထိန် (ပန်းချိထိန်လင်း) တယောက်ပဲ ပါတာပါ။
    ကျမ စဉ်းစားနေမိတယ်။ ကိုယ်မွေးထားတဲ့ သားလေးတွေ… ကိုယ်နဲ့ ခွဲပြီး "တိုင်းပြည်အတွက်" ဆိုပြီး ထွက်သွားကြ.. အစားဆင်းရဲ.. အနေဆင်းရဲ.. ဘက်ပေါင်းစုံမှာ အဆင်ပြေစရာ အကြောင်းမရှိ။ ဒါပေမဲ့ "တိုင်းပြည်အတွက်" ဆိုတဲ့ စိတ်ကလေးတွေနဲ့ နေခဲ့ကြရင်း.. မဟုတ်မတရား "ရန်သူ့လူ" လို့ စွပ်စွဲခံရတာ။ ပိုဆိုးတာက အမေတွေမို့.. အမှန်ကို သိတယ်။ ကိုယ့်ကလေးတွေဟာ ရန်သူ့လူ မဟုတ်ကြောင်း.. မတရားသဖြင့် ရမယ်ရှာခံရတာ ဖြစ်ကြောင်း.. အမေတွေ ရဲ့ အသည်းနှလုံးက ကျိန်းသေ သိပါတယ်။
    အမေ အနေနဲ့ စဉ်းစားကြည့်တော့.. ကဲ.. မသင်္ကာစရာဖြစ်ဦးတော့.. လူအချင်းချင်း..သူငယ်ချင်း အချင်းချင်း… ခုလောက် ရက်ရက်စက်စက် မလုပ်ရက် ပါဘူးကွယ်လို့.. အမေတွေခမျာ နာကျင်ကြရှာမယ်..။
    အမေတွေရဲ့ ညပေါင်းများစွာမှာ.. ဒီသားသမီးတွေရဲ့ မျက်နှာလေးတွေ မြင်ယောင်ရင်း ပူလောင် ပြင်းပျရရှာမယ်..။ ပိုဆိုးတာက သမိုင်းမှာ ကိုယ့်ကလေးတွေကို သစ္စာဖောက်အဖြစ် သမုတ်ခံရတာကလည်း ဆိုးလွန်းလှတာပါ…။ ကျမ ဆက်ပြီး ခံစားမကြည့်နိုင်တော့ပါဘူး…။
    ကျမ သားသမီး ၃ ယောက် မွေးထားတာ..။ ကလေးတွေ ဖျားရင်ကို အိပ်မရ နေမရ ထိုင်မရ… ငါသာ ဖြစ်လိုက်ပါတော့ လို့ တ, မိတဲ့အထိ…။ ဒါကို အမေတိုင်း သိပါတယ်။ အဲဒီအခါ ဒီရက်ပိုင်းတွေထဲ တွေ့ရတဲ့ ကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး အမေတွေရဲ့ ပုံတွေကို ကျမ ကြာကြာ မကြည့်ရက်တော့ပါဘူး..။
    တချိန်တည်းမှာပဲ အဲဒီ လူသတ်မှုကျူးလွန်ခဲ့တဲ့ လူတွေရဲ့ အမေတွေရော…… မနာကျင်.. မထိခိုက်.. မကြေကွဲဘဲ နေပါ့မလား… အရှက်ရတာ တခုပါ ပိုတိုး ခံစားရဦးမယ်လို့ တွေးမိပါတယ်..။
    ကျမကတော့ အမေတွေကို သနားတာပါပဲ…။
    May Nyane
    (တီချယ် မေငြိမ်း ရဲ့ စာစုလေးက ကောင်းလွန်းလို့ share လိုက်ပါတယ်။)
    ReplyDelete
  27. ABSDF မြောက်ပိုင်းလူသတ်မှုတွေကို ကျူးလွန်ခဲ့သူတွေ အနေနဲ့ "မမှားခဲ့ဘူး" လို့ ယုံရင်လည်း ရဲရဲ တုံ့ပြန်ပြီး မှားခဲ့ရင်လည်း ၀န်ခံကြစေချင်ပါတယ်February 28, 2012 at 5:25 AM
    ^
    May Nyane - ကျမ ပေးချင်တဲ့ message က ဒီအမှု ကျူးလွန်သူတွေအနေနဲ့ ကိုယ့်မိခင်.. သူ့မိခင်.. ကိုယ့်မိဘ.. သူ့မိဘရဲ့ ခံစားချက်နဲ့ ဂုဏ်သိက္ခာတွေကို ငဲ့ညှာပြီး အချိန်ရှိတုန်း တခုခု တုံ့ပြန်ကြစေချင်တာပါ။
    ကိုယ်တကယ် မမှားခဲ့ဘူးလို့ ယုံရင်လည်း ရဲရဲ တုံ့ပြန်ဖို့..
    မှားခဲ့ရင်လည်း ၀န်ခံ တုံ့ပြန်ဖို့ လုပ်ကြစေချင်တာပါ။
    Aung Khin Myint - သူများ သားသမီးတွေ တတိယ ကမ္ဘာ့နိုင်ငံတွေမှာ ဘာပဲပြောပြော ကျနော်တို့လို အဆင်ပြေနေတာကို
    အဲဒီ ခေါင်းဖြတ်ခံရ ... သတ်ဖြတ်ခံရသူတွေရဲ့ မိဘတွေ တွေ့ရင် ... ကြားရင် ...
    သူတို့ သားသမီးတွေအတွက် ဘယ်လောက်တောင် ရင်ထုမနာ ဖြစ်နေမလဲ
    ဆိုတာ ကျနော်တော့ စဉ်းစားလို့တောင် မရဲဘူး ဆရာမရယ် ... တကယ်ပါ ...
    Wallet Mon - လုပ်တဲ့သူတွေက..ရှက်ပုံမပေါ်ဘူး အစ်မ...
    Nay Lin - လုပ်ရဲရင် ခံရဲသူတွေ ဒီကမ္ဘာမြေပြင်ပေါ်မှာ မရှိတော့ပြီ ထင်ပါရဲ့..
    Marlu San - "သူလျှို" ထင်လို့ အမြင်မှားပြီး သတ်မိတာက တပိုင်း (တော်တော်လွန်တဲ့ အပိုင်း)။
    အခုတော့ ကြားရတာက -
    သူလျှို ဟုတ်၊ မဟုတ် မတရား ညှင်းပန်း၊
    ခြေဖြတ်၊ လက်ဖြတ်၊
    မကြားဝန့် မနာသာ နည်းတွေနဲ့ နှိပ်စက် ယူထားတဲ့ ထွက်ချက်
    ဘယ်လို လက်ခံရမှာလဲ။
    ကိုယ်သာ ဆိုလဲ "အသား အနာခံရမယ့် အတူတူ မထူးဘူးဟယ်၊ နင် ဖြစ်စေချင်တာ ငါ ဖြစ်ပေးမယ်" လို့ ဖြေမိမှာပဲ။
    လူမဆန်အောင် နှိပ်စက်မှုကိုတော့ ခွင့်လွှတ်ဘို့ အကွက် မတွေ့ဘူး။
    (တီချယ် မေငြိမ်း စာစုလေးက ကောင်းလွန်းလို့ share လိုက်ပါတယ်။)
    ReplyDelete
  28. မတရား ညှင်းပန်း၊ ခြေဖြတ်၊ လက်ဖြတ်၊ မကြားဝံ့ မနာသာ နည်းတွေနဲ့ နှိပ်စက်ပြီး အတင်းအဓမ္မ မတရား ရယူထားတဲ့ "ကျနော်ဟာ သူလျှို ဖြစ်ပါတယ်၊" "ကျမဟာ သူလျှို ဖြစ်ပါတယ်" ဆိုတဲ့ ထွက်ချက်တွေကို ဘယ်လို လက်ခံရမှာလဲFebruary 28, 2012 at 5:36 AM
    ^
    "သူလျှို" ထင်လို့ အမြင်မှားပြီး သတ်မိတာက တပိုင်း (တော်တော်လွန်တဲ့ အပိုင်း)။
    အခုတော့ ကြားရတာက -
    သူလျှို ဟုတ်၊ မဟုတ် မတရား ညှင်းပန်း၊
    ခြေဖြတ်၊ လက်ဖြတ်၊
    မကြားဝံ့ မနာသာ နည်းတွေနဲ့ နှိပ်စက် ယူထားတဲ့ ထွက်ချက်
    ဘယ်လို လက်ခံရမှာလဲ။
    ကိုယ်သာ ဆိုလဲ "အသား အနာခံရမယ့် အတူတူ မထူးဘူးဟယ်၊ နင် ဖြစ်စေချင်တာ ငါ ဖြစ်ပေးမယ်" လို့ ဖြေမိမှာပဲ။
    လူမဆန်အောင် နှိပ်စက်မှုကိုတော့ ခွင့်လွှတ်ဘို့ အကွက် မတွေ့ဘူး။
    Marlu San
    ReplyDelete
  29. ရက်စက်လိုက်ကြတာ
    တိရိစ္ဆာန်လိုပဲနော်
    ABSDF ဆိုတာက
    ReplyDelete
မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။