မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

သူပုန်ကျောင်းသားတဦး၏ မာရသွန်ခရီး (၂၄)

တပ်ရင်းညီလာခံနဲ့ ကော်မီတီသစ်၊ တပ်မှူးအသစ်များ ရွေးချယ်ခြင်း

တပတ်လောက်သာ ကြာမယ်ထင်ပြီး ခေါ်လိုက်တဲ့ တပ်ရင်းညီလာခံဟာ ၁၀ ရက်ကျော်တဲ့အထိ ဆွေးနွေးစရာ မကုန်သေးဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာလည်း ကျောင်းသားတွေနဲ့ တခြားအဖွဲ့စည်းတွေ မတူတဲ့အချက်ကို တင်ပြလိုပါတယ်။ ပြည်တွင်းမှာပဲဖြစ်ဖြစ် နယ်စပ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့စည်းတွေ အစည်းဝေးလုပ်တဲ့အခါ ဘယ်နှရက်လုပ်မယ်၊ ဆွေးနွေးမယ့်အကြောင်းအရာက ဘာတွေဖြစ်တယ် စသဖြင့် အတိအကျ သတ်မှတ်ပြီး ၂ ရက် ၃ ရက်နဲ့ ပြတ်အောင်လုပ်လေ့ရှိပေမယ့် ကျနော်တို့ကျိုးဖိုးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီလို ကြိုတင်ကန့်သတ် ထားတာကို မကြိုက်ဘူး။ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးရမယ်ဆိုပြီး ငြင်းလိုက်ခုန်လိုက်နဲ့ ၁၅ ရက်တိတိ ကြာသွားပါတယ်။

မင်းသမီးစခန်း အတွင်းရေးမှူး ကိုမျိုးဝင်း တပ်ရင်းညီလာခံမှာ သဘာပတိအဖြစ် တာဝန်ယူနေစဉ်

ညီလာခံအတွင်း ဆွေးနွေးတဲ့ အချက်တွေထဲက အရေးကြီးတဲ့အချက်တွေအဖြစ် ကျနော် မှတ်မိ သလောက်ကတော့ ရွေးကောက်ပွဲမှာ NLD က နိုင်သွားတဲ့အတွက် NLD အစိုးရအသစ် ပေါ်လာရင် ABSDF ဘယ်လို ဆက်လက်ရပ်တည်မလဲဆိုတဲ့ နိုင်ငံရေးကိစ္စ ပါပါတယ်။ နောက်တခါ ရှေ့တန်းမှာ KNU နဲ့ ပူးတွဲလှုပ်ရှားတဲ့အခါ ကျောင်းသားတွေက ရွာရှေ့မှာ လူထုတရားဟောပွဲလုပ်။ KNU က နောက်မှာ ရွာအုပ်ချုပ်ရေးချပြီး အခွန်ကောက်နေတဲ့ကိစ္စ ကော်မတီက ဖြေရှင်းပေးပါဆိုတဲ့ မဟာမိတ် ဆက်ဆံရေးကိစ္စ ပါပါတယ်။ နောက်တခါ ပင်လယ်ပြင်ဆီ တိုးချဲ့ထိုးဖောက်ရေးကိစ္စ ပါတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲဒီလို အရေးကြီးတဲ့ကိစ္စတွေအတွက် အချိန်သိပ်ကုန်တာ မဟုတ်ဘဲ အစည်းအဝေးဆုံးဖြတ်ချက်၊ မှတ်တမ်းတင်ချက် တကြောင်းချင်းစီကို စကားလုံး စီတာကအစ သတ်ပုံ အမှားအမှန်အထိအဆုံး ညီလာခံမှာ ဆွေးနွေး ငြင်းခုန်နေတဲ့အတွက် အခုလို အချိန် ၁၅ ရက် ကြာသွားတာဖြစ်မလားလို့ ကျနော် ပြန်စဉ်းစားနေမိပါတယ်။


ဒါပေမယ့် ဒီညီလာခံအပါဝင် ABSDF ညီလာခံ အသီးသီး၊ အစည်းဝေးအသီးသီးရဲ့ ဝေါဟာရငြင်းခုန်ပွဲ၊ သတ်ပုံငြင်းခုံပွဲတွေဟာ အလားကား အချိန်ဖြုန်းရုံ သက်သက်တော့ ဖြစ်ပုံမရပါဘူး။ ဘာကြောင့်လဲဆိုရင် Federal ကို မြန်မာမှုပြုတဲ့အခါ “ဖက်-ဒရယ်မူ” လို့ ရေးမလား။ “ဖယ်-ဒရယ်မူ” လို့ရေးမလားဆိုတဲ့ “ဖက်” နဲ့ “ဖယ်” စကားလုံး ၂ လုံးအပေါ် ကျောင်းသားတွေရဲ့ ရွေးချယ်မှုပုံစံကို အထူး စိတ်ဝင်စား မိတယ်လို့ KNU ပဒိုတဦးဖြစ်သူ တပ်မဟာ ၄ ဒေသ ကျောင်းသားရေးရာ တာဝန်ခံ မန်းငြိမ်းမောင်က ပြောဖူးပါတယ်။ “ဖယ်” ဆိုတာဟာ ကျဉ်ဖယ်၊ ရှောင်ဖယ်တဲ့သဘောဖြစ်ပြီး “ဖက်” ဆိုတာက ဖက်တွယ်ခြင်း၊ တဦးနဲ့တဦး ပွေ့ဖက်ခြင်း၊ ချစ်ကြည်ခြင်းသဘောကို ဆောင်တဲ့အတွက် “ဖယ်” အစား “ဖက်” ကို သုံးတယ်လို့ ကျိုးဖိုး ဘာသာဗေဒဆရာတွေရဲ့ ရှင်းလင်းချက်ကို သူ အထူးသဘောကျမိတယ်လို့ ပဒိုမန်းငြိမ်းမောင် ပြောခဲ့ဖူးတာကို ကျနော်အမှတ်ရနေပါတယ်။

ဒီလိုငြင်းခုံမှုမျိုးစုံနဲ့ သတင်း ၂ ပတ်ကြာခဲ့တဲ့ ညီလာခံနောက်ဆုံးနေ့မှာတော့ စခန်းကော်မတီ ပြန်ရွေးတာ၊ တပ်မှူးတွေ ပြန်ရွေးတာ၊ ပြန်လည် အတည်ပြုတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးချယ်မှုတွေအရ အရန်ဗဟိုကော်မတီနဲ့ စခန်းကော်မတီ စည်းရုံးရေးတာဝန်ခံ ကိုဌေးအောင် ဗဟိုဌာနချုပ်ဆီသွားတာကို အတည်ပြုပါတယ်။ နောက် လစ်လပ် စခန်းကော်မတီနေရာအတွက် တပ်ထောက်ဗိုလ်ကြီး ကျနော့်ကို စခန်းကော်မတီ ထောက်ပံ့ရေးတာဝန်ခံအဖြစ် ညီလာခံကနေ ရွေးချယ်လိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ် တက်နေတဲ့ ကျောင်းသားတဦးဖြစ်သူ ထားဝယ်မှ ကိုမြင့်လွင်က တပ်ထောက်ဗိုလ်ကြီး ဖြစ်လာပါတယ်။ တပ်ရေးဗိုလ်ကြီး ကိုအေးသော် တခြားတာဝန်ထမ်းဖို့ ရှိတယ်ဆိုပြီး နုတ်ထွက်သွားတဲ့အတွက် တပ်ခွဲ ၁ မှ ဒုခွဲမှူးဖြစ်သူ ကိုပြည်ဆောင်ဦးက တပ်ရေးဗိုလ်ကြီး ဖြစ်လာပါတယ်။ ခွဲ ၁ မှ တပ်စုမှူးတဦးဖြစ်သူ ကိုမျိုးအောင် ခေါ် ဖိုးတုတ်ကြီး (၁၉၉၁-မှာကျဆုံး) က ဒု ခွဲမှူးဖြစ်လာပါတယ်။ တပ်ခွဲ ၃ မှ ခွဲမှူး ကိုမြင့်အောင် ဗဟိုဖက်ဆီ တာဝန်ပြောင်းတဲ့အတွက် ဒုခွဲမှူး ကိုဘုန်းကျော်က တပ်ခွဲမှူးဖြစ်လာပြီး တပ်စုမှူးတဦးဖြစ်သူ ကိုအောင်နိုင် (၁၉၉၄-မှာကျဆုံး) က ဒုခွဲမှူး ဖြစ်လာပါတယ်။ တပ်ရင်း အရာခံဗိုလ်ကတော့ ကိုဝင်းအောင် (အခုအမေရိကန်) ဖြစ်ပါတယ်။

ဒီနေရာမှာ စခန်းကော်မတီနဲ့ တပ်မှူးတွေ ဘယ်လို အာဏာ (တာဝန်) ခွဲဝေသလဲ ဆိုတာကလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကော်မတီနဲ့ တပ်မှူး ပေါင်းထားတဲ့ဖွဲ့စည်းပုံကို ဘယ်ကနေ ကော်ပီကူးထားမှန်း ကျနော် အတိအကျမသိပေမယ့် အကြမ်းအားဖြင့်ကတော့ ကျနော်တို့အရင် တောထဲမှာ ရှိသမျှ လက်နက်ကိုင် အဖွဲ့အတော်များများ ဒီဖွဲ့စည်းပုံနဲ့ ခရီးနှင်ခဲ့တာကို ကျနော်သတိပြုမိပါတယ်။ ဥပမာအားဖြင့် ဗကပမှာဆိုရင် ခရိုင်နိုင်ငံရေးမှူးနဲ့ ခရိုင်တပ်မှူးဆိုပြီး ဗိုလ် ၂ ဦးကို ပူးတွဲတာဝန်ပေးထားပါတယ်။ KNU မှာလည်း အလားတူ ခပ်ဆင်ဆင်ပါပဲ။ ခရိုင်ဥက္ကဋ္ဌနဲ့ တပ်မဟာမှူး၊ မြို့နယ်ဥက္ကဋ္ဌနဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူး စသဖြင့် ဗိုလ် ၂ ဦးကို တွဲပြီးတာဝန်ပေးထားတာ တွေ့ရပါတယ်။ အလားတူ ပြည်ချစ်ခေတ်ကလည်း တပ်ရင်းနိုင်ငံရေးမှူးနဲ့ တပ်ရင်းမှူးဆိုပြီး ဗိုလ် ၂ ဦးကို တွဲပြီးတာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၁ တပ်ရင်း စစ်ရေးပြကွင်းအတွင်း တန်းစီနေတဲ့ ရဲဘော်တချို့အားတွေ့ရစဉ်

ဒါကြောင့် ကျနော်တို့ ကျိုးဖိုးတပ်မတော်ဟာလည်း ကမ္ဘာမှာ ပထမဆုံး ပေါ်လာတဲ့ တခုတည်းသော တပ်မတော်လို့ ကြွေးကြော်ထားပေမဲ့ ဖွဲ့စည်းပုံကတော့ နောင်တော် သူပုန်တပ်တွေဆီကပဲ ပုံတူ ကူးထားပုံရပါတယ်။ တောတွင်းကာလ ၁၀ နှစ်တာ အတွေ့အကြုံအရ ဒီလိုစခန်းကော်မီတီနဲ့ တပ်မှူးတွေ တွဲဖက်တာဝန် ပေးထားတဲ့ခေတ်ဟာ ကျနော်တို့စခန်းအတွက် အလုပ်အဖြစ်ဆုံး ကာလတွေအဖြစ် ကျနော် အမှတ်ရနေပါတယ်။ ၁၉၉၁ နောက်ပိုင်း စခန်းကော်မီတီကို ဖျက်ပြီး တပ်ရင်းမှူးနဲ့ တပ်မှူးတွေ သက်သက်က ဦးစီးတဲ့ခေတ်မှာတော့ တပ်ရင်းမှူးမှာ အာဏာ (တာဝန်နဲ့ လုပ်ပိုင်ခွင့်) သိပ်များလာပြီး တဦးတည်းရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အမိန့်ပေးနိုင်တဲ့ အဆင့်အထိ ရောက်သွားတာကို တွေ့ရဖူးပါတယ်။

ကော်မတီလေးဖြစ်ချင်သည်

ဒါက တပ်ရင်းရုံးရှိရာ အစည်းဝေးခန်းမထဲက ဆွေးနွေးငြင်းခုန်မှုတွေ။ အဲဒီကာလ အသုံးအနှုန်း အတိုင်းဆိုရင်တော့ “နိုင်ငံရေးအဘိဓမ္မာတွေ” ပေါ့။ ဒါပေမယ့် ရဲဘော်အများစုရှိတဲ့ ဘားတိုက်တွေမှာတော့ ဒီကိစ္စတွေကို သိပ်စိတ်ဝင်စားပုံ မပြပါ။ ဂစ်တာတွေဘာတွေနဲ့ သီချင်းဆိုသူဆို၊ ဟိုအကြောင်း ဒီအကြောင်းပွားသူနဲ့ ကော်မတီကို ဝေဖန်နေကြပါတယ်။ ရဲဘော်တွေ သီဆိုနေတဲ့ ဟောဒီသီချင်းကို နားထောင်ကြည့်မယ်ဆိုရင် အဲဒီကာလ ကော်မတီရဲ့ သြဇာကြီးပုံနဲ့ အမြင်ကပ်ခံရပုံကို ခန့်မှန်းနိုင်မယ်လို့ ထင်ပါတယ်။

“… ကော်မီတီလေး ဖြစ်ချင်သည် …
ဘန်ကောက်၊ မဲဆောက်ကို ခဏခဏသွားမည် …
ဘာဘာညာညာ ၀ယ်ခဲ့မည် …”
အဆိုတော်လွှမ်းမိုးရဲ့ “အခုတော့ ပါစပ်ရာဇ၀င်လေးတခု ဖြစ်လို့ကျန်ခဲ့ပြီ” သီချင်းထဲက မူလစာသားတွေဖြစ်တဲ့ “မှော်ဆရာလေးဖြစ်ချင်သည် … ပုံပြင်ဟောင်းကလေး အသက်သွင်းမိတော့မည် …” ကို စာသားပြောင်းဆိုထားတဲ့ ကျိုးဖိုးများရဲ့ ကော်မတီသရော်စာ သီချင်းများစွာထဲက ထင်ရှားတဲ့တပုဒ် ဖြစ်ပါတယ်။

နောက်ထပ် ထင်ရှားတဲ့ တပုဒ်ကတော့ …
“ကော်မတီအတွက်ဆို ကြက်ကိုလည်း ၀ယ်ပါမည် …
နေပါစေ ငါတို့အတွက်တော့ ပဲဟင်းနဲ့တော်ပြီ …”
ဒီသီချင်းကတော့ အခန်း ၈ မှာ ကျနော်တင်ပြခဲ့တဲ့အတိုင်း ကိုထူးအိမ်သင် ရန်ကုန်မပြန်ခင် ရေးပေးခဲ့တဲ့ “အဆုံးသတ်တိုက်ပွဲ” သီချင်းထဲက ပြောင်မြောက်လှတဲ့ မူလစာသားတွေဖြစ်တဲ့ … “နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ … သေပစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ” … ကို စာသားပြောင်းထားတဲ့ ကျိုးဖိုးများရဲ့ နောက်ထပ် ကော်မတီသရော်စာ သီချင်းတပုဒ်ဖြစ်ပါတယ်။

အဲဒီကာလဟာ စခန်းတခုနဲ့တခုအကြား ပုံမှန်ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်တွေ မရှိသေးပေမယ့် သီဘောဘိုးစခန်းဘက်မှာ နာမည်ကြီးနေတဲ့ အဲဒီသီချင်း ကျနော်တို့ခစန်းဆီ ဘယ်လိုကနေ ဘယ်လို ရောက်လာသလဲတော့ မသိပါ။ အဲဒီထက် ပိုဆိုးတာကတော့ ကျောင်းသားတပ်မတော်ရဲ့ သန္နိဌာန် ၄ ချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ “ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ အသက်စွန့် တိုက်ပွဲဝင်သွားရန် သန္နိဌာန်ပြုပါသည်” ဆိုတဲ့ စကားလုံးကိုတောင် နောက်ပြောင်ပြီး “ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ အသက်စွန့် တိုက်ပွဲဝင်သွားရန် ငါ၏မိန်းမနှင့် တိုင်ပင်ပါဦးမည်” ဆိုပြီး လှောင်ပြောင်တဲ့အထိ ကျောင်းသားတွေအကြား ဒီမိုကရေစီအခွင့်ရေးတွေ ရနေတယ်ဆိုပါတော့။

ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ

၂၀၁ တပ်ရင်း တပ်ခွဲ ၃ မှူး ကိုဘုန်းကျော် (နောက်တန်း ၁၁ ဦးထဲမှ အလယ်လူ) အပါဝင် ရဲဘော် တချို့ကို ရှေ့တန်းတနေရာတွင် တွေ့ရစဉ်

ကော်မတီနဲ့ပတ်သက်ပြီး ဒီလိုလှောင်ပြောင်တဲ့ စကားလုံးတွေ ထွက်နေသလို တချို့စခန်းတွေဆိုရင် ရွေးလိုက်တဲ့ကော်မတီဟာ ၃-၄-လလောက်ပဲခံပြီး မကြာခဏ ကော်မတီရွေးရင်းနဲ့ အုပ်ချုပ်မှု မတည်ငြိမ်တဲ့ စခန်းအတော်များများ ရှိခဲ့တယ်လို့သိရပါတယ်။ ဒီလို ကော်မတီ ခဏခဏပြောင်းတာကို တောင် ဒီမိုကရေစီရဲ့ လုပ်ထုံးလုပ်နည်းအဖြစ် ကျောင်းသားတချို့က မြင်ကြပါတယ်။ ဒါပေမယ့် တချို့ကျောင်းသားတွေကတော့ ဒီမိုကရေစီ အခွင့်ရေးဆိုတာဟာ ဒီမိုကရေစီရပြီးမှသာ ကျင့်သုံးနိုင်တဲ့ အခွင့်အရေးဖြစ်ပြီး ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်နေဆဲကာလမှာ ဒီမိုကရေစီကျင့်စဉ်အတိုင်း လုပ်လို့မဖြစ်နိုင်သေးဘူးလို့ ငြင်းချက်ထုတ်ကြပါတယ်။

ကျနော်တို့ ကျောင်းသားတွေကြားမှာ ဒီလို လွတ်လပ်စွာ သဘောထားကွဲပြီး အလွန်အကျွံ ဒီမိုကရေစီ ကျင့်သုံးကာ လွတ်လပ်စွာ ငြင်းခုန်နေကြပေမယ့် ကျနော်တို့ရဲ့မဟာမိတ် KNU နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေအတွက်တော့ ဒါတွေဟာ အထူးအဆန်း ဖြစ်နေပုံရပါတယ်။ လက်နက်ကိုင်အဖွဲ့ဆိုတာဟာ စစ်တပ်ဖြစ်တဲ့အတွက် တပ်မှူးက အမိန့်ပေးတဲ့အတိုင်း တသွေး တသံ တမိန့်နဲ့ သွားရမယ့်အချိန်မှာ ဒီလိုမျိုး လွတ်လပ်စွာ သဘောထားကွဲပြီး ဝေဖန်ငြင်းခုံနေကြပုံကို သူတို့တွေ နားလည်နိုင်ပုံမရပါဘူး။

ကျနော်မှတ်မိသလောက်ဆိုရင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ထီးခီးရုံးမှာတွေ့တဲ့ KNU အရာရှိ တချို့နဲ့ ကျနော်တို့ကျောင်းသားတွေကြား ဆွေးနွေး ငြင်းခုံဖူးပါတယ်။ အဲဒီကာလတွေက KNU ဟာ ၄ နှစ်တကြိမ်၊ ၅ နှစ်တကြိမ် ပုံမှန်ညီလာခံတွေ မလုပ်နိုင်တဲ့အတွက် ရာသက်ပန် ဥက္ကဋ္ဌတို့၊ အမြဲတမ်း ဗဟိုကော်မတီဝင်တို့နဲ့ စခန်းသွားနေဆဲ အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် KNU ပဒိုတွေဖက်က ပြောတာကလည်း သူ့အမြင်နဲ့သူ၊ သူ့အတွေ့အကြုံနဲ့သူတော့ သဘာဝကျနေသလို ဖြစ်နေပြန်ပါတယ်။ “တောထဲမှာ အချိန်ကြာလာရင် ခင်ဗျားတို့သိလာလိမ့်မယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ခေါင်းဆောင် ခဏခဏပြောင်းလို့ ဘယ်ဖြစ်မလဲ” ဆိုပြီး ပဒိုတဦးက ပြောခဲ့ဖူးတာကို ကျနော်မှတ်မိနေဆဲ ဖြစ်ပါတယ်။

အခုနှစ် ၂၀ ကြာပြီးတဲ့အခါမှာတော့ ကျနော်တို့ကျောင်းသားတွေဟာ ဒီမိုကရေစီကို အလွန်အကျွံ ကျင့်သုံးခဲ့တဲ့ တဖက်စွန်းကိုများ ရောက်ခဲ့လေသလား။ တခြား မဟာမိတ်အဖွဲ့တွေကတော့ အဖွဲ့အစည်း တည်ငြိမ်ရေးကို ဦးစားပေးရင်းနဲ့ ရာသက်ပန် ဥက္ကဋ္ဌထားရေးဘက်ကို အစွန်းရောက်သွားခဲ့လေသလားလို့ ပြန်စဉ်းစားနေမိပါတယ်။ တချိန်တည်းမှာပဲ လက်နက်ကိုင် တော်လှန်ရေးဆိုတာဟာ အချိန်တွေကြာလာတာနဲ့အမျှ ခေါင်းဆောင်အပြောင်းလဲလုပ်ဖို့ ပိုခက်သွားတတ်သလားဆိုပြီးလည်း ကျနော်စဉ်းစားနေမိပြန်ပါတယ်။

ဒါပေမယ့် အဲဒီကာလကတော့ ဒီလိုသဘောတရားတွေကို စဉ်းစားနေဖို့ အချိန်မရပါဘူး။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ဆန်နဲ့ရိက္ခာ အချိန်မီထုတ်ပေးနိုင်ဖို့ အပါအ၀င် နေ့စဉ်ကြုံတွေ့နေရတဲ့ ဗူးသီးဓားထိုးမှုတွေနဲ့ စခန်းကော်မတီအားလုံး အလုပ်ရှုပ်နေပါတယ်။ အဲဒီအမှုတွေထဲမှာ မနက် ၇ နာရီတိုင်း အလံတိုင်ရှေ့မှာ တန်းစီပြီး ခွပ်ဒေါင်းအလံကို အလေးပြုဖို့ ပျက်ကွက်တဲ့အမှုအတွက် ရဲဘော်တွေကို မြက်ရှင်းခိုင်းတာမျိုး၊ အမရာရွာဆီသွားပြီး အရက်ခိုးသောက်သူကို ၁၂ နာရီကြာ ထိပ်တုံးခတ်တာမျိုး၊ နောက်တခါ ညဘက် ကင်းအိပ်တဲ့အမှု၊ ကင်းသမားအတွက် ပေးထားတဲ့ ဓာတ်မီးထဲက ဓာတ်ခဲအသစ်ကို အဟောင်းနဲ့လဲပြီး ခိုးယူမှု၊ အမျိုးသမီးဘားတိုက်ကို ချောင်းကြည့်မှု၊ ရည်စားစာပေးမှု စသဖြင့် စုံနေတာပါပဲ။

အဲဒီလိုအမှုတွေထဲကမှ အများစိတ်ဝင်စားပြီး အခုချိန်အထိ ကျနော်တို့ကြား ပြောစမှတ်ဖြစ်နေတဲ့ အမှုတခုကတော့ ကျနော် မင်းသမီးစခန်းဆီ ပြန်မရောက်ခင်လေး ၁၉၈၉ ဒီဇင်ဘာလောက်မှာ ဖြစ်ပွားခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်ပါ။ ရှေ့မှာပြောခဲ့တဲ့အတိုင်း တော်လှန်ရေးအစောပိုင်း ကာလတွေဟာ စည်းကမ်းတွေ အလွန်တင်းကျပ်ပြီး အဲဒီထဲမှာ ရည်းစားစာ မပေးရ၊ ရည်စားမထားရ၊ အများမမြင်နိုင်တဲ့အရပ်မှာ အမျိုးသားနဲ့ အမျိုးသမီး တဦးချင်းမတွေ့ရဆိုတဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။ ဒီစည်းကမ်းချက်တွေအတိုင်း အတိအကျ လိုက်နာမှုရှိ မရှိ စုံစမ်းရသူကတော့ စခန်းကော်မတီ စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့ပေါ့ဗျာ။

ဒီလိုနဲ့ ညနေစောင်းတခုမှာတော့ လူမမြင်တဲ့ ကြခတ်ဝါးရုံတောမှာ ချိန်းတွေ့တဲ့ အတွဲတတွဲကို စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က ဖမ်းမိလာတယ်ဆိုပါတော့။
အဲဒီအတွဲကို ကော်မတီရုံးမှာ စစ်တဲ့အခါ စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က စည်းကမ်း ထိမ်းသိမ်းနေတာလား၊ အတွဲလိုက်ချောင်းနေတာလားဆိုပြီး အငြင်းပွားမှု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့ဘက်က တင်ပြတာကတော့ ဒီအတွဲဟာ စည်းကမ်းဖောက်လို့ ဒီလိုဖမ်းလာတယ်ပေါ့။ ဒါပေမယ့် ဖမ်းဆီးခံ စုံတွဲဘက်ကတော့ ဒါကို လက်မခံဘဲ “ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်” ဆိုပြီး ပြန်စွပ်စွဲတယ်လို့ ဆိုပါတယ်။

ပြီးတော့ အဲဒီအမျိုးသမီး ဆက်ပြောတာက “ကိုယ်ကြိုက်လို့ ကိုယ့်ရည်းစားကိုယ်တွေ့တာ ကော်မတီနဲ့ ဘာဆိုင်လဲ။ ဒီမိုကရေစီအတွက် တိုက်နေတယ်ပြောပြီး ရည်စားတောင် လွတ်လွတ်လပ်လပ် ထားလို့မရတဲ့ ဒီမိုကရေစီက ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ။ ဒီ ဒီမိုကရေစီမျိုးတော့ ကျမ မလိုချင်တော့ဘူး” ဆိုပြီး ကော်မတီတွေရှေ့မှာ ငိုချလိုက်တယ်လို့ဆိုပါတယ်။ ဒီအမှုကို စိတ်ဝင်တစား နားစွင့်နေတဲ့ ရဲဘော်ထုကြားမှာတော့ ဒီသတင်းက ချက်ချင်းပြန့်သွားပြီး “ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ” ဆိုတဲ့စကားလုံးက ရေပန်းစားသွားပါတယ်။

ဒီလိုနဲ့ ကျနော်မင်းသမီးစခန်းဆီ ပြန်ရောက်စအချိန်မှာ ဒီစကားလုံးက ရဲဘောထုအကြား အတွင်ကျယ်ဆုံး စကားလုံးဖြစ်နေပြီး တခုခုပြောဖို့အကွက်ဝင်တာနဲ့ “ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ” ဆိုပြီး နောက်ပြောင်လေ့ရှိတာကို ကျနော်မှတ်မိနေပါတယ်။


ကိုထက်အောင်ကျော်ပို့စ်ကို ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။



14 comments:

.

April 10, 2012


ကျနော့်ကို ၁၉၉၁ ခု၊ နိုဝင်ဘာလလယ်မှာ SIO ထောက်လှမ်းရေးက သံလိုင်ကတောင် (လိုင်စင်နဲ့ တဂိတ်ကျော်) လမ်းမှာ- ကျော်ထင်ဦး၊ မောင်ထွေး၊ ဖိုးနှောင်း၊ သက်နှင်းတို့ က မူးမူးနဲ့ အတင်း ၀င်ဖမ်းပါတယ်။ ကျော်ထင်ဦး အဓိကပါ။

လက်သီးနဲ့ ထိုး၊ လက်မ လက်ထိပ်ခတ်ပါတယ်။ ကျနော်တို့ လိုင်စင်စခန်း ဂိတ်တဲ အရောက် မီးပုံက ထင်းမီးစနဲ့ မျက်နှာကို ရိုက်၊ မီးစနဲ့ ထိုးပြီး လမ်း တောက်လျှောက် ဆဲဆို ရိုက်နှက်လာပါတယ်။ စခန်းမှူး အောင်ရဲစိုး (အရာခံဗိုလ်) က လှမ်းဟောက်လိုက်ပါတယ်။ နောက် ထောက်လှမ်းရေးတဲကို အရောက်မှာ သားရေ နံပါတ်တုတ်နဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ ကို ရိုက်ပြီး မင်အိုး ၂ အိုးနဲ့ရိုက်ခွဲပါတယ်။ ကျနော့ တကိုယ်လုံး မင်တွေကော၊ သွေးတွေကော ရောကုန်ပါတယ်၊။

နောက် စစ်ရုံး အခန်းထဲ ခေါ်သွားပြီး လက်နောက်ပြန် ကြိုးတုပ်ပြီး ကြသောင်းဝါး အချောင်း ၂၀ လောက် ပုံထားပြီး ကျနော့်ကို မေးလိုက်၊ ခြေထောက် ၂ ချောင်းကို ရိုက်လိုက် လုပ်လိုက်တာ ၀ါးချောင်းတွေဟာ ယင်လှန့် တဲ့ ယပ်လို ဖြစ်သွားပါတယ်။

ကျနော်က ထောက်လှမ်းရေးလို့ ဝန်မခံပါ။ ခန္ဓာကိုယ်တခုလုံးက စုတ်ပြတ်နေပါပြီ။ ”နောက်ထပ် စစ်မယ်” ပြောပြီး အချုပ်ဆောင်ကို ခေါ်သွားပါတယ်။

အချုပ် အဆောင်ဝမှာ လုံခြုံရေးတပ်စိတ်က ”လကော်” လို့ ခေါ်တဲ့ အ၀တ်လျှော်တုတ်ထက် ၅ ဆ လောက် ကြီးတဲ့ တုတ်တွေနဲ့ ဆီးရိုက်ကြပါတယ်။ ဘယ်နှစ်ချက်မှန်း မသိပါ။ ”အဲ့ဒါ အချုပ်ဝင်ကြေး...” တဲ့။

အချုပ်အဆောင်ထဲ ရောက်တော့ တန်းစီး ဘာဘူ (ခေါ်) ၀င်းမြင့် အပါအ၀င် ၅ ယောက်က ထောင် စည်းကမ်းတွေ ပြောလိုက်၊ ရိုက်လိုက်ပါပဲ။
(အဲ့ဒါက မျိုးဝင်းတို့ သင်ပေးတဲ့၊ လုပ်ခိုင်းတဲ့ န၀တ ထောင်ပုံစံပေါ့။)

အချုပ်သားချင်း စိတ်မပါဘဲ ရိုက်တာ ဆိုပေမယ့် ကျနော်ကတော့ ပြီးရင် နာပေါ့။
(ဘာဘူ (ခေါ်) ၀င်းမြင့် ဆိုတဲ့ ကောင်ကတော့ စိတ်ပါပုံ ရတယ်။ မျိုးဝင်း တို့ ကြိုက်ရင် သူ အနေချောင်မယ် လို့ ဘာဘူက ယူဆသလားတော့ မသိပါ။ )

(မှတ်ချက် - "ဘာဘူ (ခေါ်) ၀င်းမြင့်" ဆိုသူမှာ ဘာဘူ (ခေါ်) မြင့်သိန်း မဟုတ်ပါ၊ တခြားတယောက် ဖြစ်ပါတယ်။

ဘာဘူ (ခေါ်) မြင့်သိန်း မှာ အေဘီမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ လိုင်စင်စခန်းမှာ ဖမ်းဆီး နှိပ်စက်ခံနေရတဲ့ ကျောင်းသားရဲဘော် ၅၅ ယောက်ကို ၂၁-၅-၁၉၉၂ ရက်နေ့မှာ ဦးဆောင်ပြီး ခေါ်ထုတ်လာခဲ့သူ ဖြစ်ပါတယ်။)

.
ကျနော့် ပါးစပ် နဲ့ မျက်နှာတ၀ိုက် မှာရော၊ ခန္ဓာကိုယ်အနှံ့  မှာရော ဒဏ်ရာတွေနဲ့ ဆိုတော့ မငယ် (နန်းအောင်ထွေးကြည်) က ”ထမင်းစားနိုင်မှာ မဟုတ်ဘူး။ ဆန်ပြုတ်တိုက်ဖို့ လုပ်ရအောင်” ဆိုပြီး ဆန်ပြုတ် ကျိုပါတယ်။ ကျနော်လည်း တပတ်လောက် ဆန်ပြုတ်သောက်ပြီး ဒဏ်ရာ သက်သာသွားပါတယ်။

စောင်ပါးလေးတထည် ရပြီး ထိပ်တုံးခတ်ထားပါတယ်။ လက်ကို ကြိုးတုပ်ပြီး မျက်နှာကို အ၀တ်စီးပါတယ်။ (နေ့ စဉ် ရေခဲတဲ့ ဒေသမှာ စောင်တထည် ရတာ ဆိုတော့ စဉ်းစားသာ ကြည့်ပါ။)

နှစ်ပတ်အကြာမှာတော့ နောက်တကြိမ် လာခေါ်ပါတယ်။ SIO ရုံးကို တန်းခေါ်သွားပြီး တုတ်တွေနဲ့ ရိုက်ပေမယ့် ကျနော်က ”ထောက်လှမ်းရေး” လို့ မပြောလို့ အဲ့ဒီ ရုံးအနားမှာရှိတဲ့ ကွင်းလေးထဲက လက်ဝါးကပ်တိုင်မှာ ချည်ပြီး သားရေတုတ်နဲ့ ရိုက်လိုက်၊ ပြန်သွားလိုက် လုပ်ပါတယ်။

မနက် ၁၁ နာရီ လောက်က စချည်တာပါ။ (အဲ့ဒါကို "ယေရှုခရစ်နဲ့ တွေ့ တယ်" လို့ ခေါ်ပါတယ်။) ကျနော့်ကို နေလှန်းပြီး မျက်နှာကို နေကို ကြည့်ခိုင်းပါတယ်။ တနေကုန် နေလှန်းထားပြီး ညနေ ၅ နာရီ ကြိုးဖြေတဲ့အချိန်မှာ ကျနော်လည်း ပျော့ခွေ လဲပြိုသွားပြီး ပါးစပ်က အမြှုပ်တွေ ထွက်တာကို သတိမလစ် တလစ်နဲ့ သိနေပါတယ်။

(လက်တွေကို သံနဲ့ မရိုက်တာကိုပဲ ကျေးဇူးတင်မိနေတယ်။)

(ကိုထွန်းအောင်ကျော် ညီလေး ကိုချိုကြီး တုန်းက လက်ဝါးကို သံချောင်းတွေ ရိုက်တာပါ။)

.
ပြီးတာနဲ့ ကျနော့်ကို သန်းဇော် (ယခု ပြည်တွင်း) က ဆွဲခေါ်သွားပြီး အိုင်အို တဲထဲမှာ မီးလှုံခိုင်းထားပါတယ်။ မိနစ် ၂၀ လောက်အကြာမှာ တယ်လီဖုန်း ၀ိုင်ယာကြိုးစကို ပါးစပ်ထဲ လှည့်ပြီး သွားနဲ့ ကိုက်ခိုင်းပြီး လက်ကိုင်ကို ဆွဲလှည့်တော့ ကျနော့်ခေါင်း တခုလုံး ကျင်တက်သွားပြီး ခါထွက်သွားပါတယ်။

ကျနော်က ဆွဲဖြုတ်ပစ်လိုက်ပါတယ်။ ကျနော့ကို တုတ်နဲ့ ထပ်ရိုက်ပြီး ”ဒီတခါ ဆွဲဖြုတ်ရင် ပလာစတာ ကပ်ထားမယ်၊ မင်းကို အများကြီး ညှာထားတယ်” လို့ သန်းဇော်က ပြောပါတယ်။ (သန်းဇော်က ကျနော့ကို ညှာတယ် ဆိုတာက လူကို ၀ိုင်ယာရှော့ ရိုက်ပြီး ရာဘာတုတ်နဲ့ ရိုက်တာပါ။)

တတိယအကြိမ်မြောက် ၀ိုင်ယာကြိုးကို ကျနော့ ပါးစပ်ထဲ ပြန်ထိုးထည့်ပြီး သွားနဲ့ ကိုက်ရပါတယ်။ ပိုပိုပြီး ပြင်းလာတော့ ကျနော် မခံနိုင်တော့ပါဘူး။ ဆွဲဖြုတ်ပြီး ”ပြောမယ်” လို့ ပြောလိုက်ပါတယ်။
”ခဏ စဉ်းစားဦးမယ်” ဆိုပြီး ကျနော် စဉ်းစားပါတယ်။ ”ဘယ်လို ပြောရင် ကောင်းမလဲ” ဆိုပြီး ကျနော် စဉ်းစားပါတယ်။

”ယုတ္တိ မတန်တာကို ပြောမယ်” ဆိုပြီး ---

”ဒီပြဿနာမှာ အသက် (၁၈) နှစ်နဲ့ စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီး ရာထူး ပေးထားတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူ ဟာ ကျနော့်အထက် အရာရှိ။ ကျနော်က ဘိုဘို ရဲ့ လက်အောက်က ရဲဘော်ပါ” လို့ ပြောလိုက်တာကိုလည်း ကျနော့်ကို ၀ိုင်ယာရှော့ ရိုက်ပြီး ရာဘာတုတ်နဲ့ ရိုက်ပြီး စစ်ဆေးသူတွေ လက်ခံသွားပါတယ်။

”ဘာတွေ လုပ်ခိုင်းသလဲ” တဲ့။

”အထက်အောက် မကျေနပ်မှုတွေပေါ် မူတည်ပြီး ၀င်ပါ ပေးရတယ်” လို့။

.
ဒီလိုနဲ့ ကျနော်လည်း ကျနော့်ကို တုတ်တွေနဲ့ ရိုက်၊ နေလှန်း၊ လျှပ်စစ်ရှော့ ရိုက်ပြီး စစ်ဆေးသူတွေ (အေဘီမြောက်ပိုင်း၊ ကျောင်းသားထောက်လှမ်းရေးအဖွဲ့ဝင်တွေ) က သတ်မှတ်တဲ့ "စစ်ထောက်လှမ်းရေးအဖွဲ့ဝင်" ဖြစ်သွားပါတယ်။

ကျနော့်ထက် ရာထူးကြီးတဲ့ ဘိုဘိုက ၁၉၇၃ ခု မွေးပြီး "အသက် ၁၈ နှစ်နဲ့ ထောက်လှမ်းရေးတပ်ကြပ်ကြီး"။

"တုတ်တွေနဲ့ ရိုက်၊ လက်ဝါးကပ်တိုင်ချည် နေလှန်း၊ လျှပ်စစ်ရှော့ ရိုက်မှတော့" ကျနော်လည်း "အသက် ၂၀ နဲ့ စစ်ထောက်လှမ်းရေးပါ" လို့ ပြောလိုက်ရပါတယ်။

မပြောဘဲ ပေခံနေရင် ကိုယ့်ရှေ့မှာ လက်ဖြတ်ခံရတာတွေ၊ စစ်ကြောရင်းနဲ့ အသက်ပေးလိုက်ရတာတွေက ရှိနေတယ်လေ။

ဟုတ်ကဲ့၊ ကျနော် "စစ်ထောက်လှမ်းရေး" ဖြစ်သွားပါတယ်။

ဝန်ခံတာ မဟုတ်ဘူးနော်။ နှိပ်စက်တာ မခံနိုင်လို့ ပြောလိုက်တာ။

("၀န်ခံတယ်" ဆိုတာက "ဟုတ်တာကို လက်ခံတာ"။)

ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး

(ဟစ်တိုင် မှ ကူးယူ ဖော်ပြသည်။)


(မှတ်ချက် - "နှိပ်စက်တာ မခံနိုင်လို့ "စစ်ထောက်လှမ်းရေးပါ" လို့ ပြောလိုက်ရသူတဦး၏ လောကငရဲအကြောင်း" ကို ရေးတဲ့
"ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး" ဆိုတာ
အေဘီ မြောက်ပိုင်း ညှင်းပန်း သတ်ဖြတ်မှု မျက်မြင်သက်သေ ကျော်ဝင်းဆွေ (ခ) ဖိုးကျော် ဖြစ်ပါတယ်။

Ko Lin Wai Aung - ကျော်ဝင်းဆွေ (ခ) ဖိုးကျော်ပါ.... ဒုက္ခသည်စခန်းမှာ ရှိပါတယ်..... ရန်ကုန်ကပါ.... 88 တုံးက စမ်းချောင်း အကသ ပါ.... )

-
၁၈-၁၂-၁၂
မဲဆောက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (ကျောင်းသားတပ်မတော်) အဖွဲ့သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြဝတီ-ရန်ကုန် လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံသို့ ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားပြီဖြစ်သည်။

ABSDF ဥက္ကဌ ရဲဘော်သံခဲ နှင့်အဖွဲ့အား နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်ကြီး အောင်လွင်က မြဝတီမြို့တွင် လာရောက် ကြိုဆိုကြောင်း ၊ ဥက္ကဌ ရဲဘော်သံခဲနှင့်အတူ အဖွဲ့ဝင်များအဖြစ် ရဲဘော်ဆန်နီ (အထွေထွေ အတွင်းရေးမှူး) ရဲဘော် ဆလိုင်းယောအောင်၊ ရဲဘော် မောင်ဦး၊ ရဲဘော် ကျော်ကို၊ ရဲဘော် ကျော်သူရ၊ ရဲဘော် ကျော်ကျော်လင်း၊ ရဲဘော် မိဆူးပွင့်၊ ရဲဘော် ဝင်းတင်ဟန် (ရုံးအုပ်ကြီး) တို့ လိုက်ပါသွားကြောင်း သိရသည်။

(သတင်း - ကိုဇော်သူရ (မဲဆောက်) နှင့် The Myanma Age တို့မှ ရယူသည်။)

Burma-Newselite


-
၁၈-၁၂-၁၂
မဲဆောက်

မြန်မာအာဏာပိုင်များအား ၂၄ နှစ်ကြာ လက်နက်ကိုင် တော်လှန်နေသည့် ထိုင်းမြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် (ABSDF) ၏ ဥက္ကဌ ကိုသံခဲ အပါအ၀င် ခေါင်းဆောင် (၁၀) ဦး ပထမဆုံးအကြိမ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေးခရီးစဉ် အဖြစ် မြ၀တီမှ ရန်ကုန်မြို့သို့ ယနေ့နံနက် (၁၈-၁၂-၁၂ ရက်နေ့) တွင် ခရီးထွက်ခွါသွားကြောင်း သတင်းရရှိသည်။

“ကျနော်တို့ ဒီနေ့မနက် မြ၀တီကနေ ဖားအံကို ကားနဲ့ထွက်မယ်၊ ဖားအံမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့အဖွဲ့က ကြိုဆိုပြီး သူတို့ရဲ့  အစီအမံနဲ့ ရန်ကုန်ကို ခရီးဆက်မှာ ဖြစ်ပါတယ်” ဟုကျောင်းသားတပ်မတော် ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကပြောသည်။

၂၀၁၃ ခုနှစ်၊ ဂျန်န၀ါရီလ ၃ ရက်နေ့တွင် အဆုံးသပ်မည့် ၂ ပတ်ကြာ ပြည်တော်ဝင်ခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် အတိုက်အခံဒီမိုကရေစီအင်အားစုများ၏ နိုင်ငံရေးအပြောင်းအလဲနှင့် ပတ်သက်သည့် အမြင်များကို ကြားနာလေ့လာယုံကလွဲပြီး အစိုးရနှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်မရှိသေးကြောင်း သိရသည်။

“ဒီခရီးစဉ် ရည်ရွယ်ချက် ပထမအချက်က ဒီနေ့အပြောင်းအလဲမှာ ၂ ဘက်မြင်တဲ့အမြင်ကို ကျနော်တို့ နားထောင်ချင်တယ်၊ နောက်တချက်က အတိုက်အခံတွေက ကျနော်တို့အပေါ်မြင်တဲ့အမြင်၊ ကျနော်တို့ ဘာတွေ ဆက်လုပ်စေချင်သလဲ ဆိုတာ နားထောင်ချင်တယ်၊ ပြီးတော့ အနှစ် ၂၀ ကျော် ခွဲခွါနေရတဲ့ မိသားစုတွေနဲ့ ပြန်လည် တွေ့ဆုံဖို့ပေါ့” ဟု ကိုဆလိုင်းက ဆိုသည်။

ကျောင်းသားတပ်မတော် ခေါင်းဆောင် (၁၀) ဦး၏ ခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာနအကြီးအကဲများနှင့် တွေ့ဆုံသည့်အပြင် အတိုက်အခံဒီမိုကရေစီအင်အားစုများ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရန်ရှိသည်ဟု သိရသည်။

လောလောဆယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ၊ ဗကသ၊ UNA တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိသော်လည်း NLD ပါတီအပါအ၀င် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရက်ချိန်းမရသေးဟု သိရသည်။

လက်ရှိမြန်မာမြောက်ပိုင်းဒေသ ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းကျောင်းသားတပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်များ ပူးတွဲပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေချိန်နှင့်လည်းကောင်း၊ လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်ပြီး အစိုးရနှင့် ပြည်သူအကြား သဘောထားတင်းမာမှုများ ရှိနေချိန်ကျောင်းသားတပ်မတော်ခေါင်းဆောင်များ၏ ပြည်တော်ဝင် လေ့လာရေးခရီးစဉ်ကို ABSDF အဖွဲ့အစည်းအတွင်း ကန့်ကွက်မှုများလည်း ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ဒီခရီးစဥအစီအစဉ်ကို ယာယီနောက်ပြန်ရွှေ့ထားလည်း ရတယ်၊ ဒါမှမဟုတ် ဥက္ကဌနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ အကုန်မပါတဲ့ ကိုယ်စားလှယ်တွေ စေလွှတ်လည်း ရတာပဲ၊ ဒီလို နိုင်ငံရေးအရ ရှုတ်ထွေးနေတဲ့ကာလမှာ.ကျနော်တို့ကျောင်းသားတပ်မတော်က ကျွန်ဝယ်ရာ အဆစ်မပါစေချင်ဖူး” ဟု အမည်မဖော်လိုသည့် ကျောင်းသားတပ်မတော် ဗဟိုကော်မတီဝင်တဦးက ခရီးစဉ်အပေါ် ဝေဖန်ပြောဆိုခဲ့သည်။

၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော် (ABSDF) သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမထားပဲ မြန်မာပြည်တွင်း ၀င်ရောက်သည့် တခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။

ယခုခရီးစဉ်သည် ဖေဖေါ်ဝါရီလအတွင်းက သမတရုံးဝန်ကြီး ဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့်ထိုင်းနိုင်ငံ၌ တွေဆုံဆွေးနွေးခဲ့သည့် ရလဒ်ဟု သိရသည်။ “အခုခရီးစဉ်ဟာ ဦးအောင်မင်းနဲ့ ပထမအကြိမ် တွေ့ခဲ့တုံးက ကျနော်တို့ဘက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်မယ်၊ ပြည်တွင်းလေ့လာရေးခရီး ထွက်မယ်၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ် ဆိုတဲ့ သဘောတူညီမှုတွေရဲ့ အကျိုးဆက်ပါ” ဟု ကိုဆလိုင်းယောအောင်က ပြောသည်။

အေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်) ခေါင်းဆောင် (၁၀) ဦး ၏ ခရီးစဉ်အပြီး ရန်ကုန်မြို့နှင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့၌ သတင်းစာရှင်းပွဲ ပြုလုပ်မည်ဟု သိရသည်။

Burma-Newselite

-
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ABSDF ၏ သတင်း နှစ်ပတ်ကြာ ပြည်တွင်းလေ့လာရေး ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၃ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကျင်းပမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။

မီဒီယာအားလုံးကို ဖိတ်ကြားမည်ဖြစ်ပြီး ကြားထဲတွင် သတင်း မီဒီယာများနှင့်တွေ့ဆုံရန် မရှိကြောင်း ရဲဘော်မျိုးဝင်းကပြောကြားသည်။

ABSDF ၏ လက်ရှိ ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သည့် အဖွဲ့အား နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင် မြဝတီမြို့တွင် လာရောက် ကြိုဆိုခဲ့ကြောင်း၊ ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်အတူ အဖွဲ့ဝင်များအဖြစ် - ရဲဘော်ဆန်နီ (အထွေထွေ အတွင်းရေးမှူး)
ရဲဘော် ဆလိုင်းယောအောင် - ရဲဘော်မောင်ဦး - ရဲဘော်ကျော်ကို - ရဲဘော်ကျော်သူရ - ရဲဘော်ကျော်ကျော်လင်း - ရဲဘော်မဆူးပွင့် - ရဲဘော်ဝင်းတင်ဟန် (ရုံးအုပ်ကြီး) တို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။

The Voice Weekly

-
ABSDF ကျောင်းသားတပ်မတော် ရဲဘော်များနှင့် သွေးသောက်ရဲဘော်ဟောင်းများ တွေ့ဆုံပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်သောကြောင့် ABSDF ညီအကိုမောင်နှမများ တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေရာ - သင်္ဃန်းကျွန်းမြို့နယ်၊ မဂ္ဂင်ကျောင်း
နေ့ရက် - ၂၂-၁၂-၂၀၁၂ ရက်နေ့
အချိန် - နံနက် ၉ နာရီမှ ၁၂ နာရီ

(Skyheart Winko)

.
ကိုညို (မြစ်မခ)
Myit Makha Mediagroup
25 Dec, 2012


၂၄ နှစ်ကြာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲ အပါအ၀င် ထိတ်ပိုင်းခေါင်းဆောင်(၁၀)ဦးမှာ ဒီဇင်ဘာ(၁၈)ရက်နေ့၌ ရန်ကုန်သို့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အဆိုပါ ခရီးစဉ်အခြေအနေနှင့် ပတ်သက်၍ ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကို ဆက်သွယ် မေးမြန်းဖြစ်သည်များအား ဖော်ပြအပ်ပါသည်။



မေး- အခုလိုလေ့လာရေးခရီးစဉ်ဟာ ABSDFအတွက်ဖြစ်စေ ၊မြန်မာပြည်သူတွေအတွက် ဖြစ်စေ ဘယ်လောက် အရေးပါသလဲ?


ဖြေ- တိုင်းပြည်အပြောင်းအလဲမှာ ငြိမ်းချမ်းရေးက အဓိကလိုအပ်တယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုပဲ ရှေ့ရှုပြီး ဒီလေ့လာရေးခရီးကို အစပြုတာပါ။ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီစနစ်ဆီ ဦးတည်နေချိန် ကျွန်တော်တို့အနေနဲ့ လေ့လာကြားနာဖို့လည်း လိုလားပါတယ်။ကျွန်တော်တို့ တဖွဲ့ထဲ အကျိုးစီးပွားကိုမကြည့်ပဲ ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားအပေါ် ရပ်တည်ပြီး ဆုံးဖြတ်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်တယ်။ ဒီခရီးစဉ်ကနေ အစိုးရဘက်ကအသံ၊ အတိုက်အခံအဖွဲ့အစည်းတွေဘက်က အသံတွေကျွန်တော်တို့ နားထောင်မယ်။

အခု ပထမဆုံးအကြိမ်ခရီးစဉ်မှာ အစိုးရနဲ့ ဘာမှ အပေးအယူလုပ် ညှိနှိုင်းဆွေးနွေးဖို့ မရှိပါဖူး။ ကျွန်တော်တို့ ၂ဘက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တောင် မရှိသေးပါဖူး။ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေရဲ့ ကျွန်တော်တို့ အပေါ်ဖြစ်စေချင်တဲ့ သဘောထားတွေ ကြားနာစုစည်းပြီး၊ နောက်တခါအစိုးရနဲ့ တွေ့ဆုံဆွေးနွေး ဖို့အတွက် ပြင်ဆင်ထားမှာပါ။



မေး- ဒီခရီးစဉ်အတွင်းမှာပဲ ကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော်နဲ့ အစိုးရအဖွဲ့တွေ ကြားတိုက်ပွဲ တွေလည်း ဖြစ်နေတယ်။ ဒီခရီးကြောင့် အဲဒီတိုက်ပွဲတွေ တစုံတရာအပြောင်းအလဲ ရှိနိုင်မလား? ပြီးတော့ နှစ်ဖက်တိုက်ခိုက်နေချိန်၊ အပစ်အခတ်ရပ်ဖို့ သဘောမတူပဲ ပြည်တွင်းလေ့လာရေး လာတဲ့ခရီးစဉ်ဟာ အများဝေဖန်စရာ ဖြစ်မနေဖူးလား?


ဖြေ- မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) မှာ ထူးခြားတဲ့ ဖြစ်တည်မှုတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်နယ်စပ် တကြော တိုင်းရင်းသားတွေရှိတဲ့ နေရာမှာ ဖြစ်တည်နေတာပါ။ မွန်ဒေသ၊ ကရင်နီ၊ ကရင်ပြည်နယ်၊ ကချင်ဒေသနဲ့အနောက်ဖက်မှာရော ကျွန်တော်တို့ တပ်တွေရှိနေတယ်။ ကချင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲမှာမကဒတလည်း ကျွဲကူးရေပါရှိမှာပဲ။ ကျွန်တော်တို့က ခုခံရေးစစ်ပဲ၊ ကိုယ်ကသွားတိုက်တာ မဟုတ်ဖူး၊ ကိုယ့်ဆီသူတို့က ကျူးကျော်တိုက်ခိုက်နေတာ ဖြစ်တယ်၊ ပြီးတော့ ကချင်မှာဖြစ်နေတဲ့ စစ်ပွဲကြောင့် ဆိုပြီး ကျွန်တော်တို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မထိခိုက်နိုင်ဘူးလို့ မြင်ပါတယ်။

.
မေး- ဒါဆို ဒီခရီးစဉ်ကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့် ရောက်သွားနိုင်မလား?


ဖြေ- ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတာမဟုတ်ဖူး။ အပစ်အခတ်ရပ်စဲရေး ကိစ္စဆွေးနွေး ဖို့လည်းမဟုတ်ဖူး။ ကျွန်တော်တို့က ဒီနေ့တိုင်းပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အနေအထားတွေ လေ့လာဖို့နဲ့ ဒီအပေါ်အမြင်သဘောထားတွေ ကြားနာဖို့သက်သက်ပဲဖြစ်တယ်။



မေး- မကဒတဟာ ပြည်တွင်းခရီးစဉ်နဲ့ အစိုးရနဲ့ ဆွေးနွေးမှုဖြစ်စဉ်ကို ပြည်သူကို အသိပေး သတင်းထုတ်ပြန်မယ်လို့ တချိန်ကပြောဖူးပါတယ်။ အခုခရီးစဉ်မှာ မီဒီယာတွေကို အသိပေးတာ မတွေ့ရပါဖူး၊ ဘာကြောင့်ပါလဲ?



ဖြေ- ကျွန်တော်တို့ ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ တွေ့တဲ့အခါ ပြောပါတယ်။ လက်နက်ချပြီး အိမ်ပြန်မဲ့ခရီးစဉ်မဟုတ်ဖူး ဆိုတာပါ။ ဒီနေ့သွားတဲ့ခရီးစဉ်ကလည်း လက်နက်ချဖို့ခိုးကြောင်ခိုးဝှက် အိမ်ပြန်တဲ့ခရီးမဟုတ်ပါဖူး။ ကျနော်တို့နှစ်ဘက် သဘောတူထားတာ တွေရှိနေလို့လောလောဆယ်မီဒီယာတွေနဲ့ မတွေ့နိုင်ပေမဲ့ခရီးစဉ်ပြီးဆုံးတဲ့အခါ သတင်းစာရှင်းပွဲလုပ်ပြီး သတင်းထုတ်ပြန်မှာပါ။



မေး-ပြည်ပဒီမိုကရေစီအင်အားစုတော်တော်များများက ဒီနေ့အစိုးရရဲ့ အပြောင်းအလဲနဲ့ နိုင်ငံရေးအရွေ့တွေ အပေါ်သံသယရှိနေပါတယ်။ ယုံကြည်မှုလည်းနည်းတယ်။ မကဒတရဲ့ခရီးစဉ်ဟာ ကိုယ့်အချင်းချင်းကြား ယုံကြည်မှုကို မထိခိုက်စေဖူးလား?


ဖြေ- ကျနော်တို့အားလုံးမှာတိုင်းပြည်ကိုပြောင်းလဲဖို့လိုအပ်ပြီဆိုတဲ့စိတ်ကတူညီနေကြပါတယ်။ငြိမ်းချမ်း ရေးတည်ဆောက်ရာမှာ အပေးအယူဆိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူကသာတယ်၊ ဘယ်သူကနာတယ်လို့မဟုတ်ပဲ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားပေါ် ရပ်တည်ကြရမှာပါ။၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ကိုယ်က နိုင်ငံရေးအရ အောက်စီး ရောက်တယ်၊ သူကတော့ အပေါ်စီးက ကစားတယ် ဆိုတဲ့ အတွေးတွေနဲ့ လုပ်မယ်ဆို ကျွန်တော်တို့ကြားထဲမှာ တစုံတရာ အခက်အခဲတွေ ရှိနေမှာပဲ။ ဒီနေ့ပြုပြင်ပြောင်းလဲရေးကို သွားတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံဟာ အကန့်အသတ်တွေဖြစ်နေမယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒီတော့ အဲဒီအကန့်အသတ်တွေကို ဘယ်လို ကျော်လွှားနိုင်မလဲ၊ ဒီအတွက် သွေးထွက်သံယိုမှုနည်းတဲ့ နည်းလမ်းတွေ ရှာဖွေရမှာပါပဲ။



မေး- အစိုးရဘက်ကနဲ့ အတိုက်အခံဘက်က ဘယ်သူတွေနဲ့ တွေ့ဖို့ရှိလဲ?


ဖြေ- ကျွန်တော်တို့အစိုးရ၀န်ကြီးဌာနတွေအပြင် ဌာနဆိုင်ရာအကြီးအကဲတွေနဲ့တွေ့ပြီး တိုင်းပြည်ပြုပြင် ပြောင်းလဲရေးအတွက် တာဝန်ယူဆောင်ရွက်နေတာတွေကို လေ့လာမယ်၊ နောက်တခါ အတိုက်အခံဘက်က ၈၈ကျောင်းသားအုပ်စုတွေ၊ နိုင်ငံရေးပါတီအဖွဲ့တွေ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း တွေ့ခွင့် တောင်းထားပါတယ်။

.
မေး..အရင်ကရော အစိုးရနဲ့ ဆွေးနွေးဖူးတာ ရှိသလား? ဘယ်လို ရလဒ်တွေ ရခဲ့လဲ?


ဖြေ- ပြီးခဲ့တဲ့ ဇွန်လ၂၆ ရက်တုန်းက ဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ ဆွေးနွေးတော့ လက်နက်ချဖို့ကိစ္စ သူတို့ပြောတယ်။ အဲဒီတော့ မဖြစ်နိုင်လို့ ရပ်သွားတယ်။ နောက်တခါ ဥက္ကဌအပါအ၀င် ကျွန်တော်တို့ဗဟိုကော်မတီဝင်တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ ကျွန်တော်တို့ကတွေ့ဆုံဆွေးနွေးရေး အပေါ်ထားတဲ့ သဘောထား နိုင်ငံရေးရည်မှန်းချက် (၃) ခုကို ဆွေးနွေးပြတယ်။ ပထမ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်း ရေးဖြစ်စဉ်မှာ မကဒတ က ပါချင်တယ်။ ဒုတိယက အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စေချင်တယ်။ တတိယ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကိစ္စပါ။ အဲဒီဆွေးနွေးပွဲကနေ သဘောတူညီချက်(၃)ခု တော့ ရခဲ့တယ်။


၁။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်။

၂။ ပြည်တွင်းလေ့လာရေးသွားဖို့ကိစ္စ။

၃။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ ကျိုးစားဆောင်ရွက်ပေးပါ့မယ် ဆိုတဲ့ သဘောတူညီချက်တွေ ဖြစ်တယ်။

(အဲဒီသဘောတူညီချက် နောက်ဆက်တွဲအဖြစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ လွှတ်ပေးတဲ့ အကျဉ်းသား(၆၅)ယောက်မှာ သေဒဏ်ကျခဲ့ဖူးတဲ့ ကျွန်တော်တို့ရဲဘော်(၁၀)ယောက် ပါလာပါတယ်)

အခု လေ့လာရေးခရီးစဉ်ဟာ ဆွေးနွေးပွဲဖြစ်လာစေဖို့တံခါးစဖွင့်တဲ့ခရီးစဉ်ပဲ.. ။ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဟာ အပစ်အခတ်ရပ်စဲရေး မလုပ်သေးပဲ၊ ပြည်တွင်းထဲသွားတယ် ဆိုတာ၊ ကျွန်တော်တို့တစ်ဖွဲ့ထဲ ရှိတာကလည်း ထူးခြားမှုတခုပါ။



မေး-ဘယ်တွေကို သွားလေ့လာကြမှာလဲ? ဘယ်လောက် ကြာမလဲ?


ဖြေ- အဖွဲ့လိုက်အနေနဲ့တော့ ရန်ကုန်နဲ့ နေပြည်တော်ပဲ သတ်မှတ်ထားပါတယ်။

ကျန်တာက မိသားစုတွေနဲ့ ကိုယ့်ဖာသာ တွေ့ကြဖို့ပါ။ ၂ ပတ်လောက် ကြာမယ်။ လာမဲ့နှစ်သစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမှာပါ။



မေး- ဒီခရီးစဉ်ကနေ ဘယ်လောက်ထိ ရလဒ်ကောင်းတွေ မျှော်လင့်နိုင်မလဲ?ဲ..


ဖြေ- ပွင့်ပွင်းလင်းလင်းပြောရရင် အများကြီ်း မျော်လင့်ထားတာတော့ မရှိပါဖူး။ အစိုးရအသွင် ကူးပြောင်းရေးဆိုတာလည်းမြင်နေတာပဲလေ၊ ဒီကနေ့ အပြောင်းအလဲနဲ့ ပတ်သက်လို့ သူတို့ထဲမှာလည်း တကယ် ကြီးမားတဲ့ပြဿနာရှိနေတယ် ဆိုတာကို ဦးအောင်မင်းနဲ့ ဦးလှမောင်ရွှေတို့ကလည်း ပြောပြတယ်။ တကယ့် အပြောင်းအလဲကို သမ္မတနဲ့ အတူတူနဲ့ နီးစပ်သူတွေကပဲ လုပ်နေတာလေ၊ နောက်တခုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရဆီမှာ ခေါင်းစဉ်မရှိတာကို မြင်နေရတယ်။ သူတို့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လောက် ဆွေးနွေူးဖို့ စိတ်ဝင်စားမှု ရှိ/မရှိ မသိရဖူး။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ မျက်နှာကိုကြည့်ပြီး တတ်နိုင်သလောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။

(မြစ်မခ)

.
၁၈-၁၂-၁၂

ရှင်းရှင်းလေးပါ။

မြောက်ပိုင်းက အေဘီအက်စ်ဒီအက်ဖ် နဲ့ ရင်ဆိုင်တိုက်နေရတဲ့အတွက် တောင်ပိုင်းမှာ ရှိတဲ့ အေဘီအက်စ်ဒီအက်ဖ် တွေကို "နိုင်ငံရေးအမြတ်ထုတ်ဖို့" ပြည်တွင်းကို အတင်း ခေါ်သွင်းနေတာပါ။

ဘယ်လိုအခြေအနေတွေ ကို ရင်ဆိုင်နေရ၊ ကြပ်တည်းနေရ ဆိုတာကို မသိရတဲ့အတွက် ဘာမှ မဝေဖန်ချင်ပေမယ့် ဒီအချိန်မှာ လေ့လာရေးခရီးသွားတာပြဿနာမရှိပေမယ့် မြန်မာပြည်ရဲ့ တနေရာမှာ ထိုးစစ်ဆင်၊ တနေရာမှာ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးတည်ဆောက်တော့မယောင် လှည့်ဖြားခဲ့တဲ့ နိုင်ငံရေးကစားကွက်တွေကို ခုချိန်ထိ အကစား မခံသင့်တော့ပါဘူး။

ရှင်းရှင်းပြောရရင် ပြည်တွင်းမှာ လုပ်မယ့်သူတွေ အလျှံပယ်နေတယ်။ ပြည်ပမှာ နယ်စပ်မှာ ၈၈မျိုးဆက် အင်အားစုတွေ လိုနေတယ်။ ခုချိန်မှာ ပြည်တွင်းကို ၀င်ဖို့ စဉ်းစားတာထက် လက်နက်ကိုင်အင်အားစုတွေကြားမှာ လုပ်သင့်လုပ်ထိုက်တာတွေကိုသာ လုပ်ဖို့ အကြံပြုချင်ပါတယ်။

အထူးသဖြင့် မြောက်ပိုင်းအေဘီအက်စ်ဒီအက်ဖ် နဲ့ ထိပ်တိုက် ရင်ဆိုင်နေရတဲ့အတွက် တမင်တကာ တောင်ပိုင်းက အေဘီအက်စ်ဒီအက်ဖ် ကို နိုင်ငံရေးအမြတ်ထုတ်ဖို့ ခုလို ခေါ်သွင်းနေတယ် ဆိုတာ သိသာလွန်းနေပါတယ်။

မပြန်ရတာကြာတဲ့ အိမ်ကိုပြန်
သူငယ်ချင်းတွေနဲ့ ဆုံ
ရွှေတိဂုံကို ဖူးပြီး
ပြန်လာခဲ့ပါလေ။

မရိုးဖြောင့်တဲ့
စစ်အုပ်စု နိုင်ငံရေးအမြတ်ထွက်ရုံ ငြိမ်းချမ်းရေးတော့
မယူစေ့ချင်သေးပါဘူး။

အပေးအယူနဲ့ ၀င်သွားရင်
ဒါဟာ သွယ်ဝိုက်သောအားဖြင့် လက်နက်ချလိုက်တာပဲ ဖြစ်သွားလိမ့်မယ်။

ညီနောင်ရဲဘော်တို့ ကြံ့ကြံ့ခံပေးဆပ်ခဲ့တဲ့ သမိုင်းက
တောက်ပြောင်ပြီးသားပါ၊
ဂုဏ်ယူလေးစားပါတယ်လေ။

ချိုတူးဇော်

.
December 19, 2012

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ၁၀ ဦးသည် ယနေ့နံနက်ပိုင်းတွေင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုင်းမြန်မာနယ်စပ် အခြေစိုက် ABSDF ဥက္ကဋ္ဌ ကိုသံခဲ အပါအ၀င် ခေါင်းဆောင် (၁၀) ဦးသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ လေ့လာရေး ခရီးစဉ်အဖြစ် လာရောက်စဉ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

“ABSDF ဆိုတာဟာ သီးခြား အဖွဲ့အစည်း မဟုတ်ပါဘူး။ ABSDF ဟာ ပြည်တွင်းမှာ၊ နိုင်ငံတကာမှာ အားလုံး ဒီမျိုးဆက်ကို ကိုယ်စားပြုပြီးတော့ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ ABSDF က ဆွေးနွေးပွဲတွေ လာလုပ်မယ်။ ဒီမှာရှိနေတဲ့ အစိုးရ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများကိုယ်စား ကိုဌေးကြွယ်က တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြား သည်။

ABSDF ၏ လေ့လာရေး ခရီးစဉ်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

“နိုင်ငံရေး ခရီးလမ်းမှာ ABSDF အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲ ဆိုတဲ့အပေါ်မှာ သဘောထားတွေ စုစည်းဖို့၊ ပြည်တွင်းက အင်အားစုတွေနဲ့ ကျနော်တို့ ဆုံတွေ့ပြီး အမြင်တွေ အကြံပြုချက်တွေ နားထောင်ဖို့ ကျနော်တို့ ရည်ရွယ်ချက် ရှိပါတယ်။ အဲဒီ ရည်ရွယ်ချက် အခြေခံ အောက်မှာပဲ ၈၈ မျိုးဆက်တွေရဲ့ အကြံပြုချက်တေ၊ွ ရင်းရင်းနှီးနှီး လက်ခံဆွေးနွေးမှုတွေ ကျနော်တို့ ရရှိထားပါတယ်” ဟု ABSDF ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ရဲဘော် ကျော်ကိုကိုက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံခဲ့ပြီးနောက် ABSDF ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လေ့လာရေး ခရီး လာရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေ့လာရေး ခရီးစဉ်သည် ယခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့အထိ ၂ ပတ်ကြာမြင့်မည်ဖြစ်ကာ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ခရီးစဉ်နှင့် ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“လိုချင်တဲ့ လွတ်မြောက်ရေးအတွက် ကျနော်တို့ ၀ိုင်းဝန်း လက်တွဲကြတာပေါ့ဗျာ။ မီဒီယာလည်း မီဒီယာ အလုပ်လုပ်မယ်။ ကျနော်တို့ကလည်း ကျနော်တို့ အလုပ်ကို ကျေပွန်အောင် လုပ်သွားမယ်” ဟု ABSDF ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲက သတင်းထောက်များသို့ ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို ၁၉၈၈ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၄ နှစ်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကာ ယခုအချိန်ထိ အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲထားခြင်း မရှိသေးကြောင်းသိရသည်။

(Credit - နန်းသီရိလွင် | Irrawaddy)

.
(ခေါင်းစဉ်ကို နှိပ်ပြီး ဓာတ်ပုံများကို ကြည့်နိုင်ပါတယ်။)

December 19, 2012 by ဒီဗွီဘီ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဦးသံခဲ၊ ဦးဆလိုင်းယောအောင်၊ ဦးမြင့်စိုး နှင့် ဦးဆန်နီတို့ ဦးဆောင်ပါဝင်သော အဖွဲ့ဝင် ၉ ဦးနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးဌေးကြွယ်၊ ဦးမြအေး နှင့် ဦးပြုံးချို တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးတွင် ပြုလုပ်ခဲ့သည်။