မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

သူမရဲ့နောက်ဆုံးအချိန် (၂)

သူမရဲ့နာက်ဆုံးအချိန် (၁) ကိုအရင်ဖတ်ပါ။

သူမဆုံးတဲ့နေ့က တနင်္လာနေ့ဖြစ်တော့ အသိမိတ်ဆွေတွေကို အကြောင်းကြားခဲ့ပေမဲ့ အလုပ်ထဲရောက်နေကြလို့ ဘယ်သူမှ ဆေးရုံကို ချက်ချင်းမလာဖြစ်ဘူး ညကျမှ လာမယ်လို့ ပြောကြတော့ သူ့ယောက်ျားကို အိမ်မှာပဲ ဧည့်သည်တွေအတွက် နေရာထိုင်ခင်း ပြင်ပြီး စောင့်ခိုင်းလိုက်တယ်။ အသက်ထွက်ဆွမ်းအတွက် ချက်ပြုတ်မည့်သူတွေ နာရေးမေးသူတွေ အတော်များများက အရင်အချိန်တွေကလည်း သေအံ့ဆဲဆဲ မကြာခဏဖြစ်ခဲ့ဖူးလို့ ရောက်လာကြတာ ရှိကြတော့ သူတို့အနေနဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို လာကြည့်ချင်ကြတော့မှာလည်း မဟုတ်တော့ဘူး၊ ဒါကြောင့် မေးလာတဲ့သူတွေကို အိမ်ကိုပဲ သွားကြဖို့ပြောလိုက်ပါတယ်။ ဆေးရုံက Staff တွေကိုလည်း မိသားစုတွေလာကြတော့မှာ မဟုတ်တဲ့အတွက် အလောင်းကို ဆက်လက်လုပ်ဖို့လိုအပ်တာ လုပ်နိုင်ကြောင်း အကြောင်းကြားပြီး ကျွန်မတယောက်တော့ ဆေးရုံက Staff တွေ အလောင်းလာပြင်ရင် အလောင်းမှာ ၀တ်ပေးဖို့ သူမ မဆုံးခင်နေ့တွေက သူမဆုံးပြီး အလောင်းပြင်ရင် ၀တ်ပေးဖို့ ဆိုပြီး သူမကိုယ်တိုင် ရွေးချယ်ပေးထားခဲ့တဲ့ မြန်မာရင်ဖုံးအကျီအဖြူနဲ့ ချိတ်ထမိန်ကို ဘေးမှာချပြီး သူမနားမှာ အကြာကြီးအထိ ထိုင်စောင့်နေတယ်။ Staff တွေက တော်တော်နဲ့ မရောက်လာတော့ သူမအလောင်းကို ကြည့်ပြီး အော်.. ဟိုတုန်းကတော့ ဒီမိုကရေစီရပြီးလို့ ပြည်တော်ပြန်ပြီး မြန်မာပြည်ထဲမှာပဲ မိမိကိုယ်မိမိ ခေါင်းခေါင်းချရမယ်လို့ ထင်ခဲ့မှာပဲ အခုလို တိုင်းတပါးမှာ ဘ၀ကို ဒီလိုအဆုံးသတ်ရလိမ့်မယ်လို့ ဘယ်ထင်မလဲလို့ တွေးပြီး သံဝေဂရနေမိတယ်။ သူမဆုံးခင် တရားစကားတွေ အများကြီး ပြောခဲ့ပြီး စုတိစိတ်ဖြစ်ရင် သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းမှာပဲဆိုတဲ့ မသက်ဟာ အခုချိန်မှာ ဒီခန္ဓာကိုယ်ကြီးနားမှာ မကျွတ်လွှတ်တဲ့ ဘ၀နဲ့ ရစ်ဝဲရစ်ဝဲ လုပ်နေတော့မှာ မဟုတ်ဘူး ကောင်းရာမွန်ရာ ဘ၀တခုခုကို ရောက်နေလိမ့်မယ် ဆိုတာကိုတော့ ကျွန်မ သေချာအတတ်အပ် ယုံပါတယ်။ အသက်ရှင်စဉ်က ဘယ်လိုပဲ ဖြည့်တင်းခဲ့ ၀တ်ဆင်ခဲ့ပေမဲ့ အခုတော့ ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်သူ့အတွက်မှ ဘာမှသုံးစားလို့ မရတော့လို့ စွန့်ပစ်ရတော့မှာပါလားလို့ တွေးပြီး သူမကို စတွေ့ဖူးတဲ့ အချိန်က စပြီးအခုလက်ရှိအချိန်ထိ သူမနဲ့ပတ်သက်ပြီး ကျွန်မမှာ ရှိနေတဲ့ အမှတ်တရတွေက ကျွန်မအတွေးထဲကို တခုပြီးတခု အစီအရီ ၀င်ရောက်လာပါတယ်။

မသက်ကို စတွေ့ဖူးတာကတော့ ၁၉၈၉ ခုနှစ် မင်းသမီးစခန်းမှာ ကျင်းပတဲ့ ABSDF ရဲ့ ဒုတိယအကြိမ် ညီလာခံကာလကပါ။ ညီလာခံကို ကျောင်းသားစခန်းထဲမှာ ကျင်းပတာ မဟုတ်ဘဲ ကျောင်းသားစခန်းနဲ့ တနာရီခန့် လမ်းလျှောက်ရတဲ့ ထီးထာခေါ် ခရိုင်မြို့မှာ ကျင်းပပေမဲ့ တခြားညီလာခံကိုယ်စားလှယ်တွေလို ညီလာခံကျင်းပရာကို တန်းသွားတာ မဟုတ်ဘဲ မသက်ကတော့ ရဲမေတွေနဲ့ တွေ့ချင်လို့ ဆိုပြီး ကျွန်မတို့စခန်းထဲကို အရင်ရောက်လာခဲ့တယ်။ အဲဒီနေ့က ကျွန်မက ဆေးရုံမှာ တာဝန်ကျတော့ နေ့လည်ဘက်မှာ အဆောင်က ရောက်လာတဲ့ ရဲမေတဦးက တပ်ရင်း ၆၀၁ ပအို့ဝ်မြေကတဲ့ ညီလာခံကိုယ်စားလှယ်ထဲမှာ ရဲမေတေယောက်ပါတယ် ယောက်ျားကြီးလိုပဲ ဆိုပြီးလာပြောလို့ သိထားတယ်။ ညနေဘက် ဆေးရုံတာဝန်ချိန် ပြီးလို့ အဆောင်ကိုသွားတော့ ဆံပင်တိုတိုနဲ့ ယောက်ျားပုံပေါက်နေတဲ့ မသက်ကိုစတွေ့ဖူးပါတယ်။ ကျွန်မရောက်တော့ အဆောင်က မိန်းကလေးတွေနဲ့ တ၀ါးဝါး တဟားဟား ပွဲကျနေတာကိုတွေ့ရပြီး ကျွန်မ အဆောင်ပေါ်တက်လာတော့ အလှည့်ကျတာဝန်ကျ အဆောင်မှူး ရဲမေက ကျွန်မနဲ့ မသက်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ညည်းတို့တပ်ရင်းမှာ ရဲမေတွေအများကြီးနဲ့ ပျော်စရာကောင်းလိုက်တာ ၆၀၁ မှာတော့ ရဲမေဆိုလို့ မသက်တယောက်ပဲ ရှိတယ်လို့ ရင်းရင်းနှီးနှီး ပြောပါတယ်။ ကျန်တဲ့ အဆောင်သူတွေအားလုံးကို ကြည့်လိုက်တော့လည်း မျက်ရည်ကျလောက်အောင်ကို ရယ်နေကြတဲ့သူတွေလည်း ရှိတော့ ကျွန်မက ဘာတွေများ ဒီလောက်တောင် ပွဲကျနေကြလဲလို့ မေးတော့ မသက်က အလှူမှာ ဘုန်းကြီးက ပွဲမငှားဖို့ တိုက်တွန်းတဲ့ ဇာတ်လမ်းအကြောင်းကို အစအဆုံး ပြန်ပြောပြပါတယ်။ အလှူမှာ ပွဲမငှားဖို့ တိုက်တွန်းခဲ့တဲ့ ဘုန်းကြီးက ဆိုင်းသံဗုံသံကြားတော့ ကွေးအောင်ထကနေရာကနေ ငါပြောသားပဲ မငှားနဲ့လို့ ပြောလိုက်တဲ့အကြောင်းကို ကိုယ်အမူအယာ လက်ဟန်ခြေဟန်တွေနဲ့ မသက် ပြောပြနေတဲ့ပုံကို သဘောကျလို့ ကျွန်မကလည်း ရီရသလို နားထောင်ပြီးသားဖြစ်တဲ့ ကျန်တဲ့သူတွေ အားလုံးကလည်း ထပ်ရယ်ကြတော့ အဲဒီညက အဆောင်တခုလုံး ဆူညံနေတာပဲ။ မသက်က ရီစရာလေးတွေ သိပ်ပြောတတ်တော့ အချိန်ခဏလေးအတွင်းမှာ ကျွန်မတို့ အားလုံးနဲ့ ခင်မင်သွားတယ်။

မသက်ဟာ ညီလာခံကာလမှာလည်း ဘယ်လိုတော်ကြောင်း သူဆွေးနွေးတဲ့အချက် အတော်များများကို ညီလာခံက အတည်ပြုခဲ့ရကြောင်း စသည်ဖြင့် မသက်တော်ပုံထက်မြက်ပုံကို ညီလာခံကိုယ်စားလှယ်တွေဆီက ပြန်ကြားသိရပါတယ်။ အဲဒီအချိန်က မသက်တို့ ၆၀၁ ကလာတက်တဲ့ ကိုယ်စားလှယ်တွေအထဲမှာ ကျွန်မမှတ်မိသလောက် ကိုသန်းကျော်ဌေး၊ ခွန်စံလွင်၊ ကိုတိုက်မောင်းနဲ့ နောက်တယောက်ပါပြီး အဲဒီ သူတို့တပ်ရင်းက အမျိုးသား ကိုယ်စားလှယ်တွေ အားလုံးကလည်း မသက်ကို တလေးတစား ရှိကြာတာကို တွေ့ရပါတယ်။ ညီလာခံပြီးတော့ မသက်ဟာ ဒီညီလာခံမှာ ဗဟိုကော်အတီဝင်အဖြစ် အရွေးချယ်ခံရလို့ ABSDF ရဲ့ ပထမဦးဆုံး အမျိုးသမီး ဗဟိုကော်အတီဝင်ဖြစ်လာခဲ့ပါတယ်။ ညီလာခံ မပြီးခင်ကာလ ပိတ်တဲ့ Weekend တနေ့မှာတော့ မသက်က မိန်းကလေးတွေ ကိစ္စ ဆွေးနွေးစရာရှိလို့ဆိုပြီး စခန်းမှာ မိန်းကလေးတွေ အားလုံးနဲ့ဆုံဖို့ ချိန်းလိုက်ပြီး မြန်မာအမျိုးသမီးစည်းအရုံးကို ဖွဲ့ဖို့ ဆွေးနွေးဖူးပါတယ်။ အဲဒီအချိန်က ဘုရားသုံးဆူ တပ်ရင်း ၁၀၁ က ရဲမေတဦးဖြစ်သူ အတာလည်း ရောက်နေတော့ သူတို့နှစ်ယောက်ကတော့ တော်တော်လေးကို တက်ကြွကြတာကို တွေ့ရပါတယ်။ ကျွန်မတို့ တပ်ရင်းမှာ ဆေးအဖွဲ့၊ ဆက်သွယ်ရေးအဖွဲ့နဲ့ ရုံးအဖွဲ့က မိန်းကလေးတွေ အားလုံးက အမျိုးသမီးအခွင့်အရေးဆိုတာကို သူတို့လောက်လည်း စိတ်မ၀င်စားခဲ့သလို ဒီလောက်ကိုယ့်အလုပ်နဲ့ကိုယ် လက်မလည်ဖြစ်နေတာ သူတို့ပြောတဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုအချိန်ပေးပြီး သွားလုပ်မလဲဆိုလို့တောင် တွေးနေခဲ့ပါတယ်။ ပြီးတော့ ရည်ရွယ်ချက်မှာလည်း အမျိုးသမီးအမျိုးသား တန်းတူအခွင့်အရေး ဆိုတာပါတော့ ကျွန်မတို့တပ်ရင်းမှာ စစ်သင်တန်း မတက်ရသေးလို့ မိန်းကလေးတွေ ရှေ့တန်းမဆင်းရတာကလွဲလို့ ဘယ်နေရာမှာမှ တန်းတူအခွင့်အရေး မပေးတာ မရှိပါဘူးဆိုပြီး ထင်နေတဲ့အချိန်ဖြစ်တယ်။ ပြီးတော့ အဲဒီတုန်းက ကျွန်မတို့မှာ ရှေ့တန်းသွားရဖို့အရေးကလွဲပြီး တခြားဘာမှစိတ်မ၀င်စားသလို မသက်တို့ အတာတို့ လာချပြတဲ့ အမျိုးသမီးရေးကိစ္စဆိုတာကို ကျွန်မတို့ သိပ်ပြီး နားမလည်သေးသလို ဒီလောက်အထိ စိတ်မ၀င်စားခဲ့တာ အမှန်ပဲ။ ဒါပေမဲ့လည်း မိန်းကလေးတွေ ဘ၀တိုးတက်ရေးအတွက် ဆိုတော့ အားလုံးက သဘောတူပြီး လက်မှတ်တွေ ထိုးပေးခဲ့ပါတယ်။

သို့ပေမဲ့လည်း ကျွန်မတို့ တပ်ရင်းက ကိုယ်စားလှယ်တွေကပဲ အားမပေးလို့လား၊ ကျွန်မတို့ ကိုယ်တိုင်ကပဲ သိပ်စိတ်မ၀င်စားတာကို မသက်ကလည်း သဘောပေါက်လို့လား မသိဘူး အမျိုးသမီးအစည်းအရုံး ဖွဲ့ဖို့ကိစ္စ မအောင်မြင်ခဲ့ဘူး။ ဒုတိယအကြိမ် ညီလာခံမှာ မသက်ကဗဟိုကော်မတီဝင် ဖြစ်လာခဲ့ပြီး ထောက်ပံ့ေ၇းကိစ္စတွေနဲ့ တပ်ရင်းကို မကြာခဏ ရောက်လာတာတောင် ဒီအကြောင်း သိပ်မပြောဖြစ်ခဲ့ဘူး။ နောက်ပိုင်းမှာတော့ ကျွန်မတို့ တပ်ရင်းက မိန်းကလေးတွေ အတော်များများလည်း စစ်သင်တန်းတွေ ပြီးသွားတဲ့အချိန်မှာ ရှေ့တန်းဆင်းဖို့ကိုပဲ အားသန်နေပြီး ရှေ့တန်းဆင်းခွင့်ရဖို့အတွက် စခန်းကော်မတီတွေဆီမှာ အပြင်းအထန် ဆန္ဒပြတောင်းဆို နေခဲ့တယ်။ စခန်းကော်မတီဥက္ကဌက ပထမအကြိမ် ညီလာခံသက်တမ်းတုန်းက ဗဟိုကော်အတီဝင်တယောက် ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် ညီလာခံမှာ ဗဟိုကပြုတ်လာပြီး စခန်းကော်အတီရွေးပွဲမှာ ဥက္ကဌအဖြစ် အရွေးချယ်ခံရသူ ဖြစ်တယ်။ အဲဒီအချိန်မှာ ပထမအကြိမ် ညီလာခံသက်တမ်းက ဗဟိုဥက္ကဌ ဦးထွန်းအောင်ကျော်က ကျွန်မတို့ စခန်းဥက္ကဌနဲ့ ခင်မင်ရင်းနှီးသူ ဖြစ်ပြီး ဗဟိုမှာ ဥက္ကဌအဖြစ် ပြုတ်လာချိန်မှာ သူ့မိခင်တပ်ရင်းကို မပြန်ဘဲ ကျွန်မတို့တပ်ရင်းကို တပ်ဖွဲ့ဝင်တယောက်အဖြစ် ၀င်ရောက်လာပါတယ်။ သူတို့နှစ်ယောက်စလုံးက မသက်နဲ့ သိပ်ပြီး မျက်နှာကျောတည့်ပုံ မရဘူး။ ကျွန်မတို့က ရှေ့တန်းဆင်းခွင့်ရဖို့ ဆန္ဒပြကြတာတွေ ရှိလာတော့ စခန်းဥက္ကဌက ရှေ့တန်းဆင်းခွင့်ပေးမယ်လို့ ကျွန်မတို့ကို လိုက်လျောခဲ့ပါတယ်။ ဒါပေမဲ့ အခုလို ဆန္ဒပြတောင်းဆိုတာကို ဥက္ကဌက ကျွန်မတို့ကို မသက်မြှောက်ပေးလို့ပဲ ထင်နေပြီး "ကိုထွန်းရေ အရင်ကဘာမှ နားမလည်တဲ့ ကျနော့်တပ်ရင်းက မိန်းကလေးတွေတော့ သက်သက်လွင် ပညာတွေ သင်ပေးထားခဲ့လို့ ပညာတတ်ကုန်ပြီး ဘာပညာတွေ ပေးထားခဲ့လဲမသိဘူး အရင်ကနည်း လုံးဝမတူတော့ဘူး" ဆိုပြီး ကျွန်မတို့က ရှေ့တန်းဆင်းခွင့်မပေးလို့ ကလန်ခဲ့တာကို ရည်ညွန်းပြီး ဦးထွန်းအောင်ကျော်ကို ကျွန်မရှေ့မှာ ပြောပြနေလို့ ကျွန်မက "မသက်နဲ့ မဆိုင်ပါဘူး အရင်ဥက္ကဌလက်ထက်တုန်းကလည်း ရှေ့တန်းထွက်ဖို့ ကျွန်မတို့ တောင်းဆိုခဲ့ပေမဲ့ စစ်သင်တန်း မတက်ရသေးဘဲနဲ့ ရှေ့တန်းထွက်လို့ မရဘူးဆိုလို့ ငြိမ်နေတာ အခုတော့ စစ်သင်တန်းပြီးပြီမို့ ပြန်တောင်းဆိုတာ မသက်နဲ့ ဘာမှကိုမဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ဒါကို ကျွန်မက မသက်ဘက်က နာပြီး ကာပြောနေတယ်ထင်နေကြတယ်။

အဲဒီအချိန်က စခန်းဥက္ကဌရော ဦးထွန်းအောင်ကျော်ပါ ကျွန်မနဲ့ သိပ်ရင်းနှီးတော့ ပြောစရာရှိတာကို ကျွန်မက ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။ ကျွန်မက မသက်ဟာ ဥက္ကဌတို့ ဦးထွန်းတို့ ထင်နေသလို မဟုတ်ကြောင်း၊ ဘယ်လိုတော်ကြောင်း ဗဟုသုတရှိကြောင်း၊ သူ့တပ်ရင်းက လာတဲ့ကိုယ်စားလှယ်တွေကလည်း သူ့ကိုတလေးတစားရှိကြောင်း ပြောတော့ ကျွန်မတို့စခန်းဥက္ကဌက "သက်သက်လွင်ကို အထင်ကြီးပြီး ညည်းတို့ ဘာမှအတုယူဖို့ မစဉ်းစားနဲ့ သူကကောင်းတာ မဟုတ်ဘူး မိန်းကလေးတန်မဲ့ အရက်သောက်လိုသောက်နဲ့ နင်တို့အတုယူရင် နင်တို့ပါ ပျက်စီးသွားမယ် မယုံရင် ကိုထွန်းကိုမေးကြည့်ပါလား" လို့ ပြောလိုက်တယ်။ ဦးထွန်းအောင်ကျော်ကလည်း ဒါကို ထောက်ခံပြီး ဘန်ကောက်မှာ မသက်ဘယ်လိုမူးကြောင်း ပြောပြပါတယ်။ မသက်က ကျွန်မတို့ တပ်ရင်းမှာသာ မသောက်ပေမဲ့ ကျွန်မတို့တပ်ရင်းနဲ့ အဲဒီတုန်းက ပလောပီနံ စိုက်ခင်းတခင်းပဲ ခြားတဲ့ တပ်ရင်း ၂၀၃ မှာတောင် သောက်ကြောင်း ပြောပြတယ်။ ကျွန်မတို့တပ်ရင်းမှာတော့ တပ်ရင်း ၀င်းထဲမှာ လာသောက်ရင် ဗဟိုကော်အတီတွေဘာတွေ နားမလည်ဘူး အကုန်လုံး မြက်ရှင်း၊ တောရှင်း၊ အိမ်သာကျင်းတူး တခုခုနဲ့ အပြစ်ပေးခံရမှာ သေချာတယ်။ ကျွန်မလည်း ကျွန်မတို့ တပ်ရင်းက ဥက္ကဌ တယောက်တည်း ပြောတာဆိုရင်တော့ သူကအမြင်ကပ်လို့ ပြောတာပဲ ဖြစ်မယ်လို့ သတ်မှတ်ပြီး ယုံမှာမဟုတ်ပေမဲ့ ဘုရားဆုပန်ထားပြီး ဘာသာရေး အင်မတန်ကိုင်းရှိုင်းတယ်လို့ ကျွန်မယူဆထားတဲ့ ဦးထွန်းအောင်ကျော် ကိုယ်တိုင်ပြောတယ်ဆိုတော့ မသက်နဲ့ ပတ်သက်ပြီး သူတို့ ပြောတာတွေကို ယုံလိုက်တယ်။ မသက် အရက်သောက်တယ်ဆိုတာ သိပြီးနောက်ပိုင်း မသက်ကို ကျွန်မအပါအ၀င် ကျွန်မတို့တပ်ရင်းက မိန်းကလေးတချို့က သိပ်မကြည်တော့ပေမဲ့ မသက်က ဟာသလေးတွေ သိပ်ပြောတတ်ပြီး ထွေရာလေးပါး ဗဟုသုတလေးတွေလည်း ပြောပြတတ်တော့ အဆောင်ကို ရောက်လာရင် သူ့ကို တယောက်မှမခင်ဘဲ မနေနိုင်ဘူး။

အဲဒီအချိန်က ကျွန်မတို့တပ်ရင်းမှာ ရှိတဲ့ မိန်းကလေးတွေ တယောက်မှ အိမ်ထောင်မကျသေးဘူး။ တော်လှန်ရေးမအောင်ခင် အိမ်ထောင်ကျတာဟာ တကိုယ်ကောင်းဆန်တယ် တော်လှန်ရေးအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်တယ်လို့ သဘောထားနေပြီး ကျွန်မတို့ အားလုံးဟာ တကယ်ကို တော်လှန်ရေးအတွက် ရဲရဲတောက် တက်ကြွနေတဲ့အချိန်လည်း ဖြစ်တယ်။ မို့တောင်ကျပြီး တပ်ရင်း (၂၀၃) က ကျွန်မတို့မင်းသမီးကို စရောက်ခါစအချိန်လည်း ဖြစ်တော့ ကလေးပုစုကွေးတွဲလောင်းတွေနဲ့ ၂၀၃ ကအဖွဲ့တွေကို တွေ့ရတာ ကျွန်မတို့ မင်းသမီးစခန်းက ရဲမေတွေကို အတော်လေး အံ့သြစေခဲ့ပါတယ်။ တနေ့တော့ တပ်နဲ့မတူဘဲ အရပ်နဲ့တူနေတဲ့ ၂၀၃ အဖွဲ့တွေကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ရင်း ကျွန်မ သက်ပြင်းချနေတာကို တွေ့ပြီး မသက်က "မငယ် ဘာတွေဖြစ်နေလဲ" မေးလို့ "ဒီလိုပုံစံနဲ့ တော်လှန်ရေး အောင်မှ အောင်ပါတော့မလား မသက်" လို့ ပြောပြီး တော်လှန်ရေးမှာ ဒီလိုကလေးတွဲလောင်းနဲ့ ဖြစ်နေရင် အခုလိုချိန် ရန်သူတက်လာရင် အဲဒီမိသားစုတွေ ကလေးတွေကို ကာကွယ်ပေးရင်းနဲ့ ကျွန်မတို့ ရန်သူကို ဘယ်လိုပြန်တိုက်မလဲ။ ရှေ့တန်းကို ဘယ်လိုထွက်မလဲလို့ ပြောတော့ "အဲဒါလည်း တော်လှန်ရေးပဲလေ မငယ် ပကတိအခြေအနေကို လက်ခံရမှာပေါ့ မငယ်တို့တပ်ရင်းလည်း တချိန်ကျရင် အဲလိုဖြစ်လာမှာပဲ" လို့ ပြောလို့ "မသက် ကျွန်မတို့တပ်ရင်း အဲလို လုံးဝမဖြစ်စေရဘူး" လို့ အသံခပ်မာမာနဲ့ ပြန်ပြောတာကို မသက်က ရယ်ပြီးတော့ ထားလိုက်ပါ Family တွေကို ကြည့်ပြီး စိတ်ပျက်နေသော ရဲမေကြီးပါလားလို့ စနောက်ပြီး ၂၀၃ အဖွဲ့တွေဆီ အားပေးစကားပြောဖို့ သွားလိုက်ပါတယ်။

အဲဒီနောက်ပိုင်းတော့ မသက်က မင်းသမီးကို ရောက်တိုင်း ကျွန်မတို့အဆောင်မှာ မအိပ်ဘဲ ၂၀၃ က အမျိုးသမီးအဆောင်မှာပဲ သွားအိပ်တော့တယ်။ နောက်ပိုင်းတော့ တပ်မဟာ (၄) ကို မသက် မရောက်လာတော့တာ အတော်ကြာသွားတယ်။ ဒီအတောအတွင်း ကျွန်မတို့တပ်ရင်းမှာ ပထမဦးဆုံးအနေနဲ့ ရဲမေထဲက တယောက်က တပ်ရင်း (၂၀၃) ကနေ ကျွန်မတို့တပ်ရင်းကို ပြောင်းလာတဲ့ ရဲဘော်တဦးနဲ့ မင်္ဂလာဆောင်ပြီး အိမ်ထောင်စပြုတော့ အဆောင်က မိန်းကလေးတွေ အားလုံးက တော်လှန်ရေးကာလမှာ အိမ်ထောင်ပြုလို့ဆိုပြီး အပြစ်မြင်ပြီး မကျေမချမ်းဖြစ်ကြပါတယ်။ (ဒီအကြောင်းကို တော်လှန်ရေးနဲ့ အိမ်ထောင်ရေး ပို့စ်မှာ ရေးထားတာ ရှိပါတယ်။) အဲဒီပြီး သိပ်မကြာခင်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မသက်က ဗဟိုကလာတဲ့ လူကြုံနဲ့အတူ မင်းသမီးစခန်းက ရဲမေများ ပျော်ရွှင်စွာ ရယ်မောနိုင်ကြပါစေလို့ ရေးပြီး ကာတွန်းရုပ်ပြောင်လေးတခုကို ပို့ပေးလိုက်တယ်။ ကြည့်လိုက်တော့ ကာတွန်းပုံမှာ အဖေက စည်းကမ်းချက်စာရွက်တခုကို ချထားပြီး သမီးကဟိုဘက်လှည့်ပြီး အဖေ့စည်းကမ်းပဲ အဖေပဲလိုက်နာ သမီးလိုက်မနာနိုင်ဘူးလို့ ကျောခိုင်းပြီး ပြောနေတဲ့ပုံကို တွေ့ရတယ်။

အဲဒါကို အဆောင်မှာ ညဘက် လူစုံချိန် ၀ိုင်းကြည့်ကြပြီး မသက်က ကျွန်မတို့တပ်ရင်းက ရဲမေတယောက် အိမ်ထောင်ပြုသွားလို့ ကျွန်မတို့ကို မသက်က တမင်သရော်တယ်လို့ အားလုံးက ထင်ကြတယ်။ အဲဒါကို မခံမရပ်နိုင်ဖြစ်ကာ ၀ိုင်းပြီး မသက်ကို စာပြန်ရေးပို့ကြတယ်။ ကျွန်မကလည်း "မသက်ရယ်စေချင်လို့ ပို့ပေးလိုက်တဲ့ ရုပ်ပြောင်ကို ရယ်ဖို့နေနေသာသာ မချိပြုံးလေးတောင် မပြုံးမိဘူး၊ ကျွန်မတို့တပ်ရင်းမှာ တော်လှန်ရေးသက်တမ်း နှစ်နှစ်ပြည့်ပြီးမှ မင်္ဂလာဆောင်တာ သက်တမ်းပြည့်ခင် တပ်စည်းကမ်း ချိုးဖေါက်ပြီး အိမ်ထောင်ပြုတာ မဟုတ်လို့ အဲဒါကို မသက်သရော်စရာ အကြောင်းမရှိဘူး" လို့ ရေးလိုက်တယ်။ အဲဒီနောက်ပိုင်း မသက်နဲ့ မတွေ့တော့တာ ၁၉၉၃ ကုန်ခါနီး ကျွန်မတို့ ဒေါင်းဂွင်ဗဟိုဌာနချုပ်ကို ရောက်မှပဲ ပြန်တွေ့တော့တယ်။ ဒါတွေကတော့ သူမနဲ့ ပတ်သက်တဲ့ ကျွန်မမှာ ရှိနေတဲ့ အစောပိုင်းကာလ အမှတ်တရတွေပါ။
ဆက်လက်ဖေါ်ပြပါမည်။

မနေ့က မသက်ဆုံးတဲ့ ၉ နှစ်မြှောက်နေ့မှာ တင်ချိန်မရလိုက်လို့ ဒီနေ့မှ တင်ဖြစ်ပါတယ်။

0 comments: