မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၂၄ နှစ်မြောက် (၈) လေးလုံး နှစ်ပတ်လည်အတွက် ဒေါက်တာမြင့်ချို ပြောခဲ့တဲ့ မိန့်ခွန်း



 အခမ်းအနားတခုမှာ ပြောခဲ့တဲ့ မိန့်ခွန်းတခုဟာ အခမ်းအခမ်းပြီးသွားတာနဲ့ ပြောခဲ့တဲ့အချက်အလက်တွေက အခမ်းအနားတက်တဲ့ သူတွေနဲ့အတူ ကျန်ခဲ့ချင်မှ ကျန်ခဲ့မယ်။ အများမြင်တွေ့နိုင်တဲ့ တနေရာမှာ သိမ်းထားပေးလိုက်ရင်တော့ အခမ်းအနားမတက်သူတွေလည်း အချိန်မရွေး ဖတ်လို့ရမယ်၊ မှတ်တမ်းလည်း အမြဲရှိနေမှာဖြစ်တယ်။ ဒါကြောင့်မို့ ဒေါက်တာမြင့်ချို ပြောခဲ့တဲ့ အချက်တွေကို ဘလော့ဂ်မှာ တင်ပေးဖို့ ယူလာခဲ့ပေမဲ့ အခမ်းအနား ပြီးဆုံးပြီးနောက်ပိုင်း ကျွန်မ ဆက်တိုက်အလုပ်များခဲ့ပြီး စာပြန်ရိုက်မအားတာကြောင့် အခုမှ တင်ပေးရတဲ့အတွက် အားလုံးကို တောင်ပန်ပါတယ်။  ဆစ်ဒနီမှာ ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် (၈) လေးလုံး နှစ်ပတ်လည် အခမ်းအနားအကြောင်း သတင်းကိုတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ အခုဒီိပို့စ်က အခမ်းအနားမှာ ဒေါက်တာမြင့်ချိုပြောခဲ့တာကို သီးသန့်တင်ပေးထားတာ ဖြစ်တယ်။

အားလုံးမင်္ဂလာပါ။
 အခုလို သမိုင်းဝင် (၈) လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့ (၂၄) နှစ်မြှောက် အထိမ်းအမှတ် အခမ်းအနားမှာ၊ ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ (၈) လေးလုံးနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ ပြောကြားခွင့်ရတဲ့အတွက် ကျနော့်အနေနဲ့ အထူးဂုဏ်ယူမိပါတယ်။ အခုလို စကားပြောဖို့ ဖိတ်ကြားခဲ့တဲ့ ABSDF, Australia branch ကိုလည်း ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့ (၂၄) နှစ်တုန်းက မြန်မာနိုင်ငံတ၀ှမ်းလုံး ကျောင်းသားတွေ ဦးဆောင်ပြီး ရဟန်းရှင်လူ ပြည်သူတရပ်လုံး လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ကျနော်တို့လည်း ဖားအံမြို့မှာ လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေက စစ်တပ်ကိုသုံးပြီး ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းခဲ့လို့ အာဇာနည် (၃၀၀၀) ကျော် အသက်ပေးကြွေလွင့်ခဲ့ရပါတယ်။ ဒါအပြင် ရာပေါင်းများစွာကို ဖမ်းဆီးထောင်ချပစ်ပြီး တသောင်းကျော်ကိုလည်း နယ်စပ်ဒေသတွေကို မောင်းထုတ်ခဲ့ကြတယ်။ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားသူ တသောင်းကျော်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်တာမရခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ရပါတယ်။ တိုင်းရင်းသား လူမျိုးစု တော်လှန်ရေး အဖွဲ့တွေနဲ့ မိတ်ဆွေဖွဲ့၊ နိုင်ငံတကာကို ထိုးဖေါက်စည်းရုံး၊ ပြည်တွင်းလူထုကို နိုင်ငံရေး စည်းရုံးမှုတွေလုပ်၊ ဒီလိုနဲ့ ကြမ်းတမ်းခက်ခဲတဲ့ တော်လှန်ရေးခရီးကြမ်းကို နှစ်ပေါင်းများစွာ ဖြတ်သန်းလှုပ်ရှားလာခဲ့ကြတယ်။ အသက်တွေလည်း ပေးခဲ့ရတယ်။  တကယ်တော့ ဒီနေ့ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဆက်ဖြစ်သလို ရှစ်လေးလုံး အရေးတော်ပုံကြီးကလဲ (၁၉၆၂) ခုနှစ်၊ (၁၉၇၄) ခုနှစ်၊ (၁၉၇၆) ခုနှစ် ကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှုတွေရဲ့ အဆက်ဖြစ်တယ်လို့ ကျနော်ခံယူပါတယ်။

ဒီ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ပေမဲ့ အင်မတန် တန်ဖိုးကြီးတဲ့ သင်ခန်းစာတွေပေးခဲ့သလို သမိုင်းအမွေအနစ်တွေကိုလည်း ပေးခဲ့ပါတယ်။ ကျနော်တို့ ဘာသင်ခန်းစာ ရသလဲဆိုတာကို ကျနော်ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ အရေးတော်ပုံကာလမှာ ကျောင်းသားနဲ့ ရဟန်းရှင်လူ ညီညွတ်မှုကြောင့် အာဏာရှင် လက်ပါးစေ အစိုးရ (၃) ဆက်ပြုတ်ကျခဲ့ပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေကြား ညီညွတ်ခိုင်မာတဲ့ နိုင်ငံရေး ဦးဆောင်မှု မရှိခဲ့လို့ မဟာဗျူဟာ ရေရှည်လုပ်ငန်းတွေ မချမှတ်နိုင်ခဲ့လို့ စစ်တပ်ကို ကြားမချနိုင်ခဲ့လို့ အောင်ပွဲနဲ့လွဲခဲ့ရတယ်။ ဒါပေမဲ့ ဒီအရေးတော်ပုံကြီးကပဲ ဒေါ်အောင်ဆန်းစုကြည် မင်းကိုနိုင်အပါအ၀င် ဒီမိုကရေစီ ခေါင်းဆောင်တွေကို အနာဂတ် မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် မွေးထုတ်ပေးခဲ့တယ်။  ပြည်သူလူထုကြီးတရပ်လုံးကိုလည်း ဒီမိုကရေစီလိုချင်လာအောင် ကိုယ်တိုင်လည်း ပါဝင်ထောက်ခံ လှုပ်ရှားချင်လာတဲ့ စိတ်ဓာတ်ကို မွေးစေခဲ့တယ်။ တံခါးပိတ်ဝါဒနဲ့ အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကိုလည်း တကမ္ဘာလုံး သိလာအောင် လှုံ့ဆော်ပေးခဲ့တယ်။

 ဒါတွေအပြင် မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ကျောင်းသားတပ်မတော် ABSDF ကိုလည်း နယ်စပ်ဒေသမှာ ပေါက်ဖွားစေခဲ့ပါတယ်။ တချိန်က တသီးတခြားစီ ရှိနေခဲ့တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့ တိုင်းရင်းသား လူမျိုးစု တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် လှုပ်ရှားမှု နှစ်ခုကို ပေါင်းစပ်ပေးနိုင်ခဲ့တယ်။ နိုင်ငံရေး ခေါင်းဆောင်မှု ကွက်လပ်ကို ဖြည့်ဆည်းပေးမည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုလည်း ပေါ်ပေါက်စေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ အကြိမ်ကြိမ် ထောင်ကျခဲ့ပေမဲ့ လူထုထောက်ခံမှုနဲ့ NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသော်လည်း တိုင်းပြည်အုပ်ချုပ်ခွင့်မရဘဲ ချေမှုန်းဖြိုခွင်းခံခဲ့ရပေမဲ့ ကနေ့အထိ သတ္တိရှိရှိ ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံ ရပ်တည်ဦးဆောင်နေတာဟာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးလိုက်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး စိတ်ဓာတ်ကြောင့်ပါပဲ။

ဒါတွေကိုကြည့်ခြင်းအားဖြင့် ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ သမိုင်းလက်ဆက်ကမ်းအမွေတွေကို အောက်မေ့ကျေနပ်နေဖို့ထက် ရှစ်လေးလုံးစိတ်ဓာတ် အာဏာရှင်စနစ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ ကျနော်တို့တတွေ ရောက်ရာအရပ် ကျရာအခန်းကဏ္ဍကနေ တတ်နိုင်သလောက် ၀ိုင်းဝန်းကြိုးပမ်းနေကြဖို့လိုပါတယ်။ မိတ်ဆွေတချို့ကတော့ နိုင်ငံခြားမှာ နေပြီး ဒီမိုကရေစီရေးအတွက် ဘာလုပ်ပေးနိုင်မလဲလို့ ပြောကြဆိုကြတာတွေ ကနေ့အထိ ကျနော်ကြားနေရပါတယ်။ ဒါလည်း မဆန်းပါဘူး။ မြန်မာစကားပုံတခု ရှိပါတယ် "လိုရင်ကြံဆ နည်းလမ်းရ" ကျနော်တို့ တကယ်လုပ်ပေးချင်တယ်ဆိုရင် ကျနော်တို့ကိုယ်တိုင် လုပ်နိုင်တဲ့နည်းလမ်းတွေကို တွေးတောကြံစည် အကောင်အထည်ဖေါ်ရပါမယ်။ တိုင်ပင်ဆွေးနွေးရပါမယ်။ ကျနော်တို့အားလုံး ပြိုင်တူတွန်းလျှင် အရွေ့ တခုကို ဖြစ်စေနိုင်ပါတယ်။  အားလုံးကြားသိနေရတဲ့အတိုင်း (၂၄) နှစ်ကျော်ကာလမှာ ပြည်တွင်း၊ နယ်စပ်နဲ့ ပြည်ပလှုပ်ရှားမှုတွေ တွန်းအားတွေ၊ ဖိအားတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားနဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် စစ်အာဏာရှင်တွေဟာ တိုက်ရိုက်စစ်အုပ်ချုပ်ရေးကိနေ စစ်တပ်ကြိုးကိုင်တဲ့ အရပ်သားအာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ပြောင်းခဲ့ရတယ်။ ဒါဟာ အရွေ့ တခုပါပဲ။ ဒီအရွေ့ကို ကျေနပ်နေလို့မရပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီရေးဘက်ကို ဆက်ရွှေ့အောင် လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။

ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအပေါအ၀င် တရားဥပဒေ စိုးမိုးရေးရှိအောင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုက်ပွဲတွေ ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရှိအောင် စစ်တပ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လာအောင် အဓိကကြိုးပမ်းသွားမယ်။ ဒီအတွက် ပြည်တွင်းပြည်ပက အင်အားစုတွေ အားလုံး ထောက်ခံကူညီကြပါလို့ အတိအလင်း ထုတ်ဖေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျနော်တို့ အားလုံးအတွက် ခိုင်မာတဲ့ နိုင်ငံရေး ခေါင်းဆောင်မှုမျိုး ရှိနေပြီး မဟာဗျူဟာ လုပ်ငန်းစဉ်တွေလည်း ရှိနေပြီ။. လုပ်ချင်တဲ့စိတ်မွေးပြီး လုပ်သင့်တဲ့လုပ်ငန်း၊ သင့်တော်တဲ့ လုပ်နနည်းလုပ်ဟန်တွေကို ကြံဆပြီး ကြိုးပမ်းလုပ်ဆောင်ကြဖို့ပဲ လိုပါတယ်။  အဓိကက ကျနော်တို့ သြစကြေးလျားမှာ  လုပ်ဆောင်မှုတွေဟာ ပြည်တွင်းက  ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်တွေ၊ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍကို ထောက်ခံအားပေး ကူညီတာမျိုးပဲ ဖြစ်ရပါမယ်။ 

နိုင်ငံရေးပညာပေးမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး အကူအညီပေးရေးတွေလို ဆောင်ရွက်ပေးနေကြတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို ကူညီဖို့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ လုပ်ဆောင်မှုတွေကို မျက်ခြေမပြတ်လေ့လာပြီး သူတို့ကို ဘက်ပေါင်းစုံက ထောက်ခံကူညီလာအောင် သြစကြေးလျား အစိုးရ၊ ပါလီမန်၊ အလုပ်သမားသမဂ္ဂ၊ လူမှုကူညီရေး အသင်းအဖွဲ့တွေကို စည်းရုံးလှုပ်ဆော်ကြဖို့လိုပါတယ်။ ကျနော်တို့ Burma office ကလည်း ဒီအတွက် ကြိုးပမ်းသွားမယ်။ တချိန်တည်းမှာပဲ ကျနော်တို့ကိုယ်တိုင်လည်း နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး လူမှုအထောက်အကူပြုရေးဘက်မှာ ကိုယ်စိတ်အားထက်သန်ရာ ကဏ္ဍကနေ ပါဝင်ကူညီကြဖို့လိုပါတယ်။ ကျနော်တို့ မိသားစုတွေ၊ မိတ်ဆွေတွေကိုလည်း ပြောပြတိုက်တွန်းဖို့လိုပါတယ်။

 အရေးကြီးတဲ့ နောက်တခုကတော့ ကျနော်တို့ လှုပ်ရှားမှုတွေဟာ ဦးသိန်းစိန် အစိုးရကို နိုင်ငံရေး အကျဉ်းသားတွေ လွတ်အောင်၊ တိုင်းရင်းသားလူမျိုးစုတွေကို တိုက်ခိုက်နေတာ ရပ်ဆိုင်းအောင်၊ လူ့အခွင့်အရေး ချိုးဖေါက်နေတာတွေ ရပ်ဆိုင်းအောင်၊ လက်ရှိမတရားတဲ့ ဥပဒေတွေကို ဖျက်သိမ်းလာအောင်၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်မဆုံး ဖေါ်ဆောင်အောင်၊ စစ်တပ်ကြီးစိုးရေး အခြေခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်အောင် တွန်းအားပေးတာမျိုး ဖြစ်ရပါမယ်။ အရွေ့တွေကို အသိအမှတ်ပြုနေ ကျေနပ်နေရုံနဲ့ မရပါဘူး။ ဆက်တွန်းကြဖို့လိုပါတယ်။  သြစကြေးလျား အစိုးရနဲ့ ပါလီမန်၊ အလုပ်သမားသမဂ္ဂတွေကိုလည်း ဦးသိန်းစိန်အစိုးရကို ဒါတွေ လုပ်ဆောင်လာအောင် ဖိအားပေးဖို့ တောင်းဆိုရမယ်။

နောက်အရေးကြီးတာတခုကတော့ လက်ရှိအာဏာရှင်လက်ကိုင်ဒုတ် ဖြစ်နေတဲ့ စစ်တပ်ကို တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ ပြည်သူ့တပ်မတော် ဖြစ်လာအောင် ကြိုစားပြီး စည်းရုံးကြဖို့လိုပါတယ်။  နောက်ဆုံးအနေနဲ့  ရှစ်လေးလုံး အရေးတော်ပုံကြီးက ပေးလိုက်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ါ်ဓာတ်၊ ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျနော်တို့ တိုင်းရင်းသားလူမျိုးအားလုံး လိုလားတောင်းတတဲ့ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာတဲ့အထိ ဆထက်တပိုး ကြိုးပမ်းသွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါက်တာမြင့်ချို 



ရွှင်လန်းချမ်းမြေ့ကြပါစေ။

3 comments:

(
ခေါင်းစဉ်ကို နှိပ်ပြီး ABSDF မြောက်ပိုင်း ညှဉ်းဆဲသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ဒေါက်တာမြင့်ချို ပြောကြားချက် (ဗီဒီယို) ကို 50:35 မိနစ်မှ 56:48 မိနစ် အထိ ကြည့်နိုင်ပါတယ်။ )


by ဘရာဇီး ငှက်ရိုး
March 18, 2012


ABSDF မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်ဒေသမှာ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင် (ခေါ်) လဗျလဆိုင်း၊ သန်းဇော် အပါအဝင် အာဏာရူး လူသတ်သမား တစုက ကျောင်းသားတပ်မတော်ရဲဘော် ၁၀ဝ ကျော်ကို ထောက်လှမ်းရေး သူလျှိုတွေ လို့ မမှန်မကန် စွပ်စွဲ ဖမ်းဆီးပြီး လူမဆန်တဲ့ နှိပ်စက် သတ်ဖြတ်မှုတွေ ဖြစ်နေတဲ့ အချိန် (၁၉၉၁ ခုနှစ်၊ ဩဂုတ်လ မှ ၁၉၉၂ ခုနှစ်၊ မေလ အထိ) မှာတုန်းက ဒေါက်တာမြင့်ချို (ယခု သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့) က ABSDF တောင်ပိုင်း (ABSDF ဗဟို) ရဲ့ ဗဟိုကော်မတီဝင် တဦး ဖြစ်ပါတယ်...


ABSDF ဗဟို (ABSDF တောင်ပိုင်း) ရဲ့ ဗဟိုကော်မတီဝင်ဟောင်း ဒေါက်တာမြင့်ချို က ဆစ်ဒနီမြို့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေကို ABSDF မြောက်ပိုင်း ညှဉ်းဆဲသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ပြောပြသွားတာက အောက်ပါအတိုင်း ဖြစ်ပါတယ်..

"ကျနော်တို့ (ABSDF မှာ) စစ်တပ်တွေမှာလို၊ အဖွဲ့အစည်းတွေမှာလို သူကအောက်၊ ငါကအထက် ဒီလို မရှိပါဘူး... ဒေသ ပထဝီ အနေအထားအရ (ABSDF) တောင်နဲ့မြောက် ကွဲကွာနေတဲ့ အပေါ်မှာ သီးသန့် လှုပ်ရှားတယ်၊ သီးသန့် လုပ်ကိုင်တယ်၊ သီးသန့် ဆုံးဖြတ်တယ်... ကျနော်တို့ (ABSDF) တတိယအကြိမ်ညီလာခံ တောင်ပိုင်းမှာ လုပ်တဲ့အချိန်က ၉၁ ခုနှစ်၊ သြဂုတ်လ... အဲဒီအချိန်မှာ မြောက်ပိုင်း ABSDF က "တောင်ပိုင်းနဲ့ ပူးပေါင်းတဲ့ တဖွဲ့တည်းသော အဖွဲ့ ဖြစ်ချင်တယ်" ဆိုပြီးတော့ ကိုယ်စားလှယ် လွှတ်လာတယ်... အဲဒီအချိန်က စပြီးတော့ ABSDF နှစ်ခြမ်းဟာ စပြီး သန္ဓေတည်တဲ့ အချိန်ကနေ သီးသန့်ဖြစ်ရာကနေ ပေါင်းပြီးတော့ တစ်ဖွဲ့တည်း ဖြစ်ဖို့ အတွက် ကျနော်တို့ ကြိုးစားခဲ့ကြတယ်...

အဲဒီအချိန်မှာပဲ ညီလာခံကာလမှာ မြောက်ပိုင်းမှာ လူပေါင်းများစွာကို သံသယနဲ့ "စပိုင်" ဆိုပြီးတော့ ဖမ်းတာတွေ ဖြစ်ခဲ့တယ်... အဲဒီအထိ ကျနော်တို့ ညီလာခံက မပြီးသေးဘူး... ပြောချင်တာက ဘာလဲ ဆိုတော့ မြောက်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စသည် တောင်ပိုင်းဗဟိုကော်မတီက ဘာမှ ကွန်ထရိုး (control) လုပ်လို့ မရဘူး... သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး... သူ့ရဲ့ command (အမိန့်အာဏာ) အောက်မှာ မရှိဘူး... constitution (ဖွဲ့စည်းပုံ) က သပ်သပ် ဖြစ်တယ်... အုပ်ချုပ်ပုံက သပ်သပ် ဖြစ်တယ်...

သို့သော် အဲဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာတော့ တောင်ပိုင်းမှာ ရှိတဲ့ ရဲဘော်တွေ အကုန်လုံးက၊ တာဝန်ရှိသူ အကုန်လုံးက ဒီ ထိန်းသိမ်းထားတဲ့ လူတွေကို ဒီလောက် အများကြီး ဖြစ်နေတဲ့ ကိစ္စ အပေါ်မှာ မဖြစ်သင့်တာ မဖြစ်ရအောင် ဆိုပြီးတော့ "ဘာမှမလုပ်ပါနဲ့၊ ထိန်းထားပါ... ဒို့ အဖွဲ့အစည်းက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တိုက်တဲ့ အဖွဲ့အစည်း... မသတ်ပါနဲ့၊ မညှဉ်းဆဲပါနဲ့... သူများ စားသလို စားရမယ်... နေမကောင်းထိုင်မကောင်း ဖြစ်ရင် စောင့်ရှောက်ရမယ်" ဆိုပြီးတော့ သဘောထား ပေးထားတာ ရှိပါတယ်...

အဲ့ဒီအချိန်မှာပဲ ကျနော်တို့ နှစ်ဖွဲ့ ကွဲသွားတယ်၊ ABSDF က... ကွဲသွားတော့ မြောက်ပိုင်းက ရဲဘော်တွေက ကျနော်တို့ တောင်ပိုင်းက ဘက်တဘက်ကို ထောက်ခံတယ်... ထောက်ခံတဲ့ ဘက်ကနေ message (သတင်း) ပို့တယ်... "ခဏ ထားထားပါ၊ ဘာမှ မလုပ်ကြပါနဲ့၊ စီစစ်မယ်" ဆိုပြီး ပြောတယ်... အဲဒီအချိန်က စပြီးတော့ တောင်ပိုင်းရဲ့ command (အမိန့်အာဏာ) က မြောက်ပိုင်းမှာ သွားပြီးတော့ သက်ရောက်မှု ရှိလာတယ်... သို့သော် တရားဝင် သက်ရောက်ပေမဲ့ လက်တွေ့မှာ သူ့နည်း သူ့ဟန်နဲ့ ဆက် သွားနေတယ်... သွားတော့ တောင်ပိုင်း မြောက်ပိုင်းဟာ ဆက်လဲ အဆက်အသွယ် မရှိဘူး... ဆက်လို့လဲ မရဘူး...

(
ခေါင်းစဉ်ကို နှိပ်ပြီး ABSDF မြောက်ပိုင်း ညှဉ်းဆဲသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ဒေါက်တာမြင့်ချို ပြောကြားချက် (ဗီဒီယို) ကို 50:35 မိနစ်မှ 56:48 မိနစ် အထိ ကြည့်နိုင်ပါတယ်။ )


အဲဒီကာလမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ မြောက်ပိုင်းမှာ (၁၅ ယောက်) ၁၂ ယောက် ကို သေဒဏ် ပေးပြီးတော့၊ အမိန့်ချပြီးတော့ သတ်တယ်... ကျနော်တို့ မသိဘူး၊ တောင်ပိုင်းမှာ... ဘီဘီစီ တို့၊ ဘာတို့ ကနေ အသံလွှင့်တဲ့အခါကျမှ တောင်ပိုင်းကလူတွေ သိတာ... မြောက်ပိုင်းက ပြောတာက "မြောက်ပိုင်း ဗဟိုကော်မတီ၊ မြောက်ပိုင်းစည်းကမ်း၊ မြောက်ပိုင်းရဲ့ command (အမိန့်အာဏာ) နဲ့ပဲ ဗဟိုကော်မတီက မြောက်ပိုင်းမှာပဲ ဆုံးဖြတ်ပြီးတော့ ဒီလူတွေဟာ အထောက်အထားတွေ တွေ့ရှိလို့ သေဒဏ် ပေးလိုက်တယ်" ဆိုပြီးတော့ အဲဒီလို သူတို့ ဖော်ထုတ်လိုက်တယ်... မီဒီယာကို...

အဲဒါပဲ ကျနော်တို့ သိတယ်... သိတော့ ကျနော်တို့က ဘာစဉ်းစားလဲ ဆိုတော့ တောင်ပိုင်းမှာ ရှိတဲ့လူတွေက "ငါနဲ့မဆိုင်ဘူး" လုပ်လို့ မရတော့ဘူး... သိတာ၊ မသိတာ တကဏ္ဍပဲ... တာဝန်ခံရတော့မယ်... အဲဒီတော့ statement (ထုတ်ပြန်ချက်) တစောင် ထုတ်လိုက်တယ်... "ဒါတွေအားလုံးကို နိုင်ငံတကာ အကူအညီနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ လိုတယ်" ဆိုပြီးတော့...

အဲဒီပေါ်မှာ ကျနော်တို့က စာထုတ်လိုက်ပြီးတော့ ဒီကိစ္စကို ဥက္ကဌ ကိုနိုင်အောင်က မြောက်ပိုင်း သွားပြီးတော့ ဖြေရှင်းရတယ်... ကိုနိုင်အောင်က ဧပြီလမှာ ရောက်တယ်၊ မြောက်ပိုင်းကို... သတ်တာက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သတ်တာ... သို့သော် ကျနော်တို့ တာဝန်ရှိတဲ့ သူတွေ အကုန်လုံးက တာဝန် မရှောင်ကြဘူး... ဒီကိစ္စကို အမှန်အမှား ဖြစ်အောင် သေချာ စီစစ်ပြီးမှ ဖော်ထုတ်မယ်... တချိန်ကျရင် ဘက်မလိုက်တဲ့ ပညာရှင်တွေ၊ ကျွမ်းကျင်တဲ့ သူတွေနဲ့ အထောက်အထားတွေ အကုန်လုံးကို သေသေချာချာ... ခံစားရတဲ့ ရဲဘော်တွေရော၊ ကျဆုံးသွားပြီးတော့ ကျန်ခဲ့တဲ့ မိဘတွေရော၊ ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေ အကုန်လုံးရော၊ အမိန့်ပေးခဲ့တဲ့ သူတွေရော၊ ကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့တဲ့ သူတွေရော၊ တာဝန်ခံရတဲ့ တောင်ပိုင်းက ဗဟိုကော်မတီရော၊ စသည်ဖြင့်ပေါ့ဗျာ... အားလုံး စုံစုံညီညီနဲ့ ဒီကိစ္စတွေကို မျက်နှာချင်းဆိုင် ရှင်းဖို့တော့ လိုတယ်...

အဲဒီအခါက ဘာလဲ ဆိုတော့ ဥပဒေ တကယ် မှန်မှန်ကန်ကန် ကြီးစိုးဖို့တော့ လိုတယ်၊ ဒီအချိန်မှာ... ဒီအချိန်မှာ သူလဲ မှန်တယ်၊ ငါလဲ မှန်တယ်... ကျနော်တို့ အမှန်တရား ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး... ဒါကြောင့်မို့လို့ လက်ရှိဗဟိုကော်မတီ အနေနဲ့ သူတို့အနေနဲ့ ဒါတွေနဲ့ မပတ်သက်ခဲ့သော်ငြားလဲပဲ ရှေ့က အဖွဲ့အစည်း ဖြစ်ခဲ့တဲ့ ကိစ္စ အပေါ်မှာ သူတို့ တာဝန်ယူပြီးတော့၊ ဒါကို ခေါင်းခံပြီးတော့ ထုတ်ပြန်ချက် ထုတ်ရတယ်၊ ကော်မရှင် ဖွဲ့ရတယ်... သူတို့နဲ့ ဘာမှ တိုက်ရိုက် မပတ်သက်ခဲ့ပါဘူး... သို့သော် အဖွဲ့အစည်းရဲ့ ထုံးစံအရ၊ အစဉ်အလာအရ ဆက်ခံလာတဲ့ အပေါ်မှာ ဒီတာဝန်ကြီးဟာ နောက်ထပ် ခေါင်းဆောင်သစ်တွေ အပေါ်မှာ သွားပြီးတော့ ပိနေတယ်...



(
ခေါင်းစဉ်ကို နှိပ်ပြီး ABSDF မြောက်ပိုင်း ညှဉ်းဆဲသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး ဒေါက်တာမြင့်ချို ပြောကြားချက် (ဗီဒီယို) ကို 50:35 မိနစ်မှ 56:48 မိနစ် အထိ ကြည့်နိုင်ပါတယ်။ )


ဒါကြောင့်မို့လို့ ကျနော် ပြောချင်တာက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ရင်နာစရာကောင်းတယ်၊ ကြေကွဲစရာကောင်းတယ်၊ ဝမ်းနည်းစရာကောင်းတယ်... အထစ်၊ အပိုင်းကြီး တခုလိုပဲ ခံစားနေကြရတယ်... ဒါပေမဲ့ ဒီအမှန်တရားကို တနေ့ ကျနော်တို့ ဖော်ထုတ်ကြမယ်... ဒီကာလမှာ အပြင်က ဘယ်လောက်ပဲ ရေး ရေးပါ... လက်ရှိ တိုက်ပွဲဝင်နေတဲ့ ABSDF ရဲဘော်တွေကို ခွဲခြားပြီး မြင်စေ့ချင်တယ်... မြောက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ "အေဘီ တဖွဲ့လုံးကို ဖျက်သိမ်းလိုက်ပါ" ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ၊ ABSDF ရဲဘော်တွေကို "လူသတ်သမား" ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ မဖြစ်စေချင်ဘူး... ကနေ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေက နယ်စပ်မှာ အသက်စွန့်ပြီး တိုက်နေတာ တပြည်သား၊ တပြည်ထောင်လုံး အတွက် တိုက်နေတာ ဖြစ်တယ်၊ သူတို့ အတွက် မဟုတ်ဘူး...

ဒါကြောင့်မို့လို့ ကျနော် နောက်ဆုံး ပြောချင်တာက ဖြစ်ခဲ့တဲ့ဟာတွေ အမှန်ပဲ... သို့သော် အင်တာနက်မှာ ရေးသလိုတော့ မဟုတ်ဘူး... ဖြစ်ခဲ့တယ်... အဲဒါကို ဖြေရှင်းဖို့လဲ ကျနော်တို့ ပရောဆက် (process) ကို ကျနော်တို့ လုပ်နေတယ်... အခု ဥက္ကဌ ကိုသံခဲတို့ ဖွဲ့ထားတဲ့ ကော်မရှင်ကို မယုံဘူး၊ ယုံတယ် ဆိုတာ တကဏ္ဍပေါ့ဗျာ... ဒါက ရဲဘော်တွေနဲ့ ဖွဲ့ထားတာ... ပတ်သက်ခဲ့သူ တယောက်မှ မပါဘူး... အဲဒီတော့ ပတ်သက်ခဲ့သူ အားလုံးက ဒီကော်မရှင်ကို ပူးပေါင်း ဆောင်ရွက်ပြီးတော့ အချက်အလက်တွေ ပေးမယ်...

အဲဒါ အားလုံး စုပြီးတော့ တချိန်ကျရင် အဲဒီကိစ္စကို တရားဝင် မြန်မာနိုင်ငံထဲမှာ ပြန်ရှင်းကြမယ်... အဲဒီအခါမှာ နစ်နာသူတွေ ကျုးလွန်သူတွေ ဘယ်လို ကျနော်တို့ အနေနဲ့ ကုစားကြမှာလဲ... လူမှုရေးအရပဲ ကျနော်တို့ ကုစားကြမှာလား၊ ဥပဒေကြောင်းအရ ကုစားကြမှာလား... ဒါကတော့ တချိန်ကျရင် အားလုံးက ဆုံးဖြတ်ကြပေါ့ဗျာ... ဒီအချိန်မှာတော့ ဒီရဲဘော်တွေ၊ ဒီခေါင်းဆောင်တွေ၊ သူတို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေမှာ ဒီကိစ္စကြောင့်တော့ အမဲစက် မစွန်းထင်းစေချင်ဘူး... သူတို့အပေါ်မှာ အထင်မလွဲစေချင်ဘူး... ကျနော် အဲဒါကို တောင်းပန်ပါတယ်...

ABSDF ဗဟို (ABSDF တောင်ပိုင်း) ရဲ့ ဗဟိုကော်မတီဝင်ဟောင်း ဒေါက်တာမြင့်ချို က ဆစ်ဒနီမြို့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေကို ABSDF မြောက်ပိုင်း လူမဆန်တဲ့ ညှဉ်းဆဲ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြောပြသွားတာ ဖြစ်ပါတယ်...


( ဒေါက်တာမြင့်ချို ပြောကြားချက် စာသားကို ဘရာဇီး ငှက်ရိုး ဘလော့ မှ ကူးယူ ဖော်ပြသည်။)


http://brasilhnetyoe.blogspot.de/2012/07/blog-post_1039.html