မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃) (၄)


ABSDF မြောက်ပိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ကျွန်မကို ABSDF တပ်ဖွဲ့ဝင်ဟောင်းမှန်း သိသူတွေက ဘလော့ဂ်ကို လာပြီး မြောက်ပိုင်းအကြောင်းကို  မကြာခဏ မေး မြန်းကြပါတယ်။ ABSDF  တောင်ပိုင်း တပ်ရင်းတရင်းမှ  ရဲမေဟောင်းတဦးအနနဲ့ မြောက်ပိုင်းက အဖြစ်အပျက်တွေကို ကျွန်မ မသိခဲ့တော့ မသိဘူးဆိုတာကလွဲပြီး ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ မြောက်ပိုင်းနဲ့ ပတ်သက်ပြီး အခုလက်ရှိအချိန်ထိ ကျွန်မတို့ ကြားသိထားတဲ့ အချက်အလက်တွေကို ကြည့်ရင်  အဖမ်းဆီးခံခဲ့ရသူတွေ ပြောထားတာတွေရယ်၊ အဲဒီအကြောင်း ဘာဆိုဘာမှမသိ၊ သိအောင် လေ့လာရကောင်းမှန်းလည်း မသိဘဲ ဘုမသိဘမသိနဲ့ ကြားက ရမ်းတုတ်ပြီး လိုက်ဖွနေသူတွေဆီကရယ် ဒီနှစ်နေရာက ထွက်လာတဲ့အချက်တွေက များနေပါတယ်။ အပြစ်ပေးအရေးယူသူတွေရဲ့ အသံနဲ့ အပြစ်ပေးသူလည်းမဟုတ် အဖမ်းခံရသူလည်းမဟုတ်တဲ့ သာမန်တပ်ဖွဲ့ဝင်တွေဆီက အသံ မရှိသလောက် နည်းပါတယ်။ ဒါကြောင့်မို့ မြောက်ပိုင်းမှာ  အဖမ်းဆီးခံရသူထဲက မဟုတ်တဲ့အတွက် စိတ်ဒဏ်ရာကြောင့် ထွက်လာတဲ့စကားတွေမဟုတ်၊ အပြစ်ပေးအရေးယူတဲ့သူထဲကလည်း မဟုတ်တဲ့အတွက် အပြစ်ကို ကာကွယ်ပြီး ပြောနေစရာလည်း မလိုတဲ့  သာမန်တပ်ဖွဲ့ဝင် မြောက်ပိုင်းရဲမေတဦးဖြစ်ခဲ့သူ မခင်ရွှေလှိုင်ရဲ့  မြောက်ပိုင်းမှာ သူမ ကြုံတွေ့ခဲ့ရတဲ့ ဘ၀ ဖြတ်သန်းမှုနဲ့ သူမကိုယ်ပိုင် အမြင်တွေကို ဘယ်ဘက်ကိုမှ ငှဲ့စရာမလိုဘဲ ရေးထားတဲ့ ရှားရှားပါးပါး အချက်အလက်တွေကို  အဂတိတရား အကင်းဆုံးလို့ ယူဆလို့ ပြန်ဖေါ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အရင်ပိုင်းတွေမဖတ်ရသူများအတွက် အပိုင်း (၁)  အပိုင်း (၂)အပိုင်း (၅)

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၃)

မြောက်ပိုင်းရဲ့ ယူဂျီ (ပင်မ)လမ်းကြောင်း က တနိုင်ငံလုံးရဲ့ ဆက်သွယ်ရေး စုံချက်ဖြစ်တဲ့ မန္တလေး၊ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် (မန္တလေး အသတ်ခံရ) နဲ့ အတူ အစီစဉ်ရှိရှိ ထိုးကျွေးတာခံခဲ့ရတဲ့ (ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးနဲ့ အချိန် ကိုက် မြို့မှာနေလို့မရအောင် ဖန်တီးပြီးမောင်းပို့ခဲ့လို့ တောထဲကိုရောက်လာခဲ့ရတဲ့) ကိုချိုကြီး (မန္တလေး အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ အသတ်ခံရ) တို့ဆိုတာ မြို့မှာယူဂျီလိုင်းတွေကို အဓိက ကိုင်ထားသူတွေ။
ဖြစ်သွားတဲ့ အဖြစ်အပျက်က တောနဲ့မြို့ပြ ဆက်သွယ်ရေး လမ်းကြောင်းကို အပြီးအပိုင် ဖြတ်တောက်ခံလိုက်ရခြင်း၊ (ဒီ နေရာမှာ ကျမတခု ပြောချင်တာက မြောက်ပိုင်းဗဟိုကော်မတီတွေကလွဲရင် ကျမအပါအ၀င် မြောက်ပိုင်း ရဲဘော်ရဲမေ တွေဟာ ရောက်တဲ့နေရာမှာ ကိုယ်လုပ်ရမဲ့အလုပ်ကို လုပ်နေကြသူတွေဖြစ်တဲ့အတွက် အေဘီ (ဗဟို) နဲ့ပတ်သက်ပြီး ကိုမိုးသီး၊ ကိုနိုင်အောင်တို့ နာမည်တွေကို မကြားမဖြစ် ကြားဖူးနေတာကလွဲလို့ အဲဒီတုန်းက ဗဟိုနဲ့ပတ်သက်ပြီး တခြား ဘာကိုမှ သိလည်းမသိခဲ့ကြသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြဘူး။

ကျမကိုယ်တိုင် ထိုင်းဘက်ရောက်မှ တချို့နာမည် တွေနဲ့ ရင်းနှီးခဲ့တာပါ။ လူ (၁၅) ယောက်ကို သတ်ပြီးတဲ့နောက် အဖမ်းခံထားရတဲ့ နန်းအောင်ထွေးကြည်၊ ဘိုဘိုတို့ မိဘ တွေ တောထဲလာကြတဲ့အချိန် ဥက္ကဋ္ဌ ကိုနိုင်အောင်ကို (၁၉၉၂) ခုနှစ် ဧပြီလထဲမှာမှ မြင်ဖူးတွေ့ဖူးခဲ့တာပါ)
သေချာတာကတော့ ရန်သူ့လူတွေ ရှိနေတယ်ဆိုတာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် ကိုညီညီကျော်တို့ကအစ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးက လက်ခံခဲ့ကြတယ်။
သတင်းပေါက်ကြားမှုတွေကြောင့် စစ်ကြောင်းထွက်ချိန် မမျှော်လင့်တဲ့နေရာတွေကနေ ဖြတ်တိုက်ခံခဲ့ရတဲ့အတွက် ရဲ ဘော်တချို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာတွေ။ ရင်ဘတ်တည့်တည့်ကို မှန်ရမှာဖြစ်ပေမဲ့ အီကွေးမန့်မှာချိတ်ထားတဲ့ ဓါး မြှောင်ဓါးရိုးခံနေလို့။ ကျောတည့်တည့်ကို မှန်ရမှာ ဖြစ်ပေမဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ဟန်းကောခံနေလို့။ ဦးခေါင်း ဘေးနားရွက်အထက်မှာပဲ ရှပ်ထိသွားလို့ သေကံမရောက်အသက်မပျောက်ခဲ့တဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ရှေ့တန်း ထွက်ချင်လို့ ပူဆာခဲ့တဲ့ ကျမတို့ရဲမေတွေတောင် ရှေ့တန်းမရောက်ခင်၊ ရှေ့တန်းအလယ်လောက် ဖျားနာကုန်လို့ လှည့် ပြန်ခဲ့ကြသူတွေရှိသလို နှစ်လနီးပါး တောထဲတောင်ထဲမှာ ရေငတ် ထမင်းငတ်နဲ့ ညတိုင်းဓါတ်မီးမပါ ဘာမပါနဲ့ ချီတက်ရ၊ ရောက်တဲ့နေရာထိုးအိပ်လို့မရ၊ ကင်းစောင့်ရနဲ့ တိုက်ပွဲတွေကြားမှာ တချို့ရဲမေတွေ စစ်ဆင်ရေးအစအဆုံး ပါဝင်ခွင့်ရခဲ့ ပေမဲ့ တကြိမ်ဆို တကြိမ်ပါပဲ နောက်တကြိမ် ရှေ့တန်းထွက်ချင်တယ်ပြောဖို့ အတော်လေး အားပြန်ယူရအုံးမယ်။ ဒါ တောင် ရှေ့တန်းထွက်တဲ့ ရဲဘော်တွေအပေါ် နောက်တန်းက ရဲမေတွေ ကိုယ်ချင်းစာနားလည်တတ်အောင် လုပ်ပေးတဲ့ အစမ်းသဘောပဲ ရှိပါသေးတယ်။
ရန်သူနဲ့ လက်တကမ်း (လူ့အခွင့်အရေးတွေ ခံစားခွင့်ရနေတဲ့ နိုင်ငံခြားမှာ နေကြရသူများမဟုတ်) အသက်ကိုဖက်နဲ့ ထုပ် ထားရသလို ကိုယ်မချရင် သူချတာခံရမဲ့ အမှန်တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေအတွက်ကတော့ ဆိုဖွယ်မရှိပါဘူး။

ကျမတို့ရဲဘော်တွေဟာ နောက်တန်းမှာ မူးရူးပြီး အချင်းချင်း အော်ဟစ်ဆဲဆို ထိုးကြကြိတ်ကြလိမ့်မယ်။ ရှေ့တန်းရောက် ရင် အဲဒါတွေ သတိမရတော့ဘူး။ တက်ညီလက်ညီနဲ့ တယောက်ကိုတယောက် ကာကွယ်စောင့်ရှောက်ကြလိမ့်မယ်။ ရဲဘော်အချင်းချင်းကြားမှာရှိတဲ့ သံယောဇဉ်ကြိုးဟာ အိမ်ကမိန်းမတွေထက်တောင် ခိုင်မြဲပါသေးတယ်။ ဒါကို တကယ်အ သက်ပေးပြီး အမှန်တကယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူတွေသာ ခံစားနိုင် နားလည်နိုင်တယ်။ ဒီခံစားမှုမျိုးကို ပိုက်ဆံဘယ် လောက်ရှိရှိ ယူထားတဲ့နေရာ ဘယ်လောက်ကြီးကြီး အချောင်သမားတွေ ခံစားနိုင် နားလည်နိုင်မှာ မဟုတ်ဘူး။

ရွာတွေနဲ့မနီး နက်ရှိုင်းတဲ့တောတောင်တွေ တတောင်ပြီးတတောင် မြစ်တွေ၊ ချောင်းတွေ၊ ချောက်ကမ်းပါးတွေ တခုပြီး တခု ကျော်လွှားဖြတ်သန်းရင်း ရှေ့တန်းထွက်ခဲ့ရတဲ့ ရဲဘော်တွေရဲ့အသက်ဟာ “ဆန်နဲ့ ကျည်ဆံ” ဖြစ်သလို ရဲဘော်တွေ အတွက် အလေးဆုံး သယ်ပိုးရတဲ့အရာဟာလည်း ဆန်နဲ့ကျည်ဆံ ပါပဲ။ ရှေ့တန်းထွက်တဲ့ ရဲဘော်တိုင်း ဆန်ကြိုးပါရသ လို လက်နက်၊ ကျည်ဆံ၊ ဆေးဝါး၊ ရေဘူး၊ ရိက္ခာခြောက် သွားရမဲ့ခရီး တက်ရမဲ့တောင် အနေအထားနဲ့ နှစ်ရက်စာအပြင် ပိုမသယ်နိုင်ပါဘူး။ ဒါကြောင့် ချီတက်ရမဲ့ခရီးတလျှောက် တောတောင်ချောက်ကမ်းပါးတွေမှာပဲ ဆန်တွေကို ကြိုတင် လှောင်ထားရတယ်။ ဆန်ထုတ်ဖို့လိုပြီ ဆိုရင် ရှေ့တန်းထွက်ရင်း ခဏစခန်းချထားရာ နေရာကနေ အနည်းဆုံး (၁၀) မိ နစ်လောက် လမ်းလျှောက်ပြီ ချောက်တွေထဲမှာ အသင့်ဝှက်ထားခဲ့တဲ့ဆန်တွေကို ဆင်းယူကြရတယ်။ ကျမကိုယ်တိုင် အဲ ဒီလိုသွားယူခဲ့ဖူးတဲ့အတွက် သိနေတာပါ။

နအဖ ထိုးစစ်ဆင်တဲ့အချိန်ဟာ မိုးတွင်းအချိန်ပါ။ တောတောင်နယ်မြေအနေအထားက ဆိုးဝါး၊ ရာသီဥတုက ကြမ်းတမ်း၊ ရွှံ့တွေ ဗွက်တွေ ကျွတ်တွေ ဒက်တွေ မျှော့တွေနဲ့ အင်းဆက်ပိုးတွေမျိုးစုံကြား ငှက်ဖျား၊ တုပ်ကွေး၊ ၀မ်းရောဂါတွေက ပြင်းထန် ကိုယ်ခံအားကောင်းနေမှသာ တွန်းလှန်နိုင်တဲ့ အနေအထားမျိုးပါ။ အဲဒီလိုအချိန် အဲဒီလိုအခါမျိုးမှာမှ ခရီးစဉ်တ လျှောက် ဆန်တွေသိုလှောင်ထားရာနေရာတွေ (တနေရာတည်းမှာမဟုတ်) ကို ရန်သူက သိရှိရရှိသိမ်းပိုက်သွားနိုင်ခဲ့ဟာ မတော်တဆ တိုက်ဆိုင်မှုလို့ ယူဆနိုင်ပါသလား။ အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့အပေါ် စားစရာဆန်တောင် မရှိတော့ တဲ့ ရဲဘော်တွေဟာ တောထဲမှာ တွေ့သမျှ စားလို့ရတာမှန်သမျှ အကုန်ကောက်စားရင်း ခရီးကြမ်းကို မရရအောင်ဖောက် ထွက် ကျော်ဖြတ်ခဲ့ကြရတယ်၊ အဲဒီအတွက် ကျဆုံးကျန်ခဲ့တဲ့ ရဲဘော်တွေ။ အဟာရငတ်ပြတ်ဖျားနာပြီး လမ်းခရီးမှာ သေ ဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေ စခန်းရောက်မှ သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ဒါတွေကို ဒီရဲဘော်တွေနဲ့အတူ ဖြတ်သန်းရင်း မျက်စိရှေ့မှာတင် မြင်ရတွေ့ရ ကိုယ်တိုင်ခံစားခဲ့ရသူက ရဲဘော်မျိုးဝင်း။ ဒီလူဟာ ရန်သူလို့ သူထင်ခဲ့တဲ့ သူတွေအပေါ် ရက်စက်ချင် ရက်စက်လိမ့်မယ်(ရန်သူနဲ့ပတ်သက်တဲ့ သူရဲ့စိတ်ဓါတ်ကိုလည်း ရန်သူသူလျှိုတွေက ကြိုတွက်ထားပြီးသား ဖြစ်ပါလိမ့်မယ်) သူ့ရဲဘော်တွေကိုတော့ သူချစ်ခဲ့တယ်၊ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ (ဘယ်သူပြောပြခဲ့တာလည်း မ မှတ်မိ) စားစရာ နောက်ဆုံးလက်ကျန်ဆန်ကို ရဲဘော်တွေ ဆန်ပြုတ်ပြုတ်စားကြတဲ့အချိန်မှာ လူကြီးဖြစ်တဲ့သူ့အတွက် ဟန်ကောချိုင့်လေးနဲ့ ထမင်းချက်ထားပေးခဲ့တယ်။ အဲဒီ ဟန်ကောချိုင့်ထဲကထမင်းကို ဆန်ပြုတ်အိုးထဲလာသွန်ထည့်ပြီး ရဲဘော်တွေနဲ့အတူစား အတူနေပြီး သေတဲ့အထိ တိုက်ပွဲဝင်သွားခဲ့တဲ့သူ။

ကျောင်းသားတပ်မတော်ရဲ့ အဓိကလိုအပ်ချက်က ကိုယ်ပိုင်သီးသန့်နယ်မြေဖြစ်သလို ရေမဲ့ငါးလို မဖြစ်ရအောင် ၀ိုင်းရံ ထောက်ပံ့ပေးမဲ့ မိဘပြည်သူတွေလည်း လိုပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ ကော်လင်း၊ ၀န်သို၊ ကသာ၊ စစ်ကိုင်း တိုင်းဘက်က ကျောင်းသားရဲဘော်တွေ အများဆုံးပါဝင်တဲ့ ပထမအကြိမ် “စစ်ကိုင်းတိုင်းထိုးဖောက်ရေးစစ်ကြောင်း” ဆို ပြီး ထွက်ခဲ့ကြတာရှိပါတယ်။ သတင်းပေါက်ကြားမှုကြောင့် လမ်းမှာတင် ဖြတ်တိုက်ခံခဲ့ရပြီး စစ်ကြောင်းပျက်သွားခဲ့ရ တယ်။ ရဲဘော်တွေ ကစင့်ကလျားနဲ့ ဆုတ်ခွာခဲ့ရတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ရပြီး ရဲဘော်အနည်းစု လောက်ပဲ ဗဟိုကိုပြန် ရောက်လာခဲ့ကြတယ်။ (ဒီအဖြစ်အပျက်ကိုတော့ ကိုရဲလင်း (ဗဟိုကော်မတီ) ပိုသိပါလိမ့်မယ်)
ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ထိုးဖောက်ရေးစစ်ကြောင်းကို ရင်းမှူးအောင်ဆွေဦး ဦးဆောင်ပြီး ရဲဘော်မင်းဌေး (မိုး ကောင်း၊ ရမ်ဘိုကားရိုက်ခဲ့သူ) အပါအ၀င် ရဲဘော်တွေ ထပ်ပြီးကြိုးစားကြည့်ခဲ့ကြတယ်။ နယ်မြေအနေအထား ကြမ်း တမ်းခက်ခဲမှု၊ ရိက္ခာမလုံလောက်မှု၊ ငတ်ပြတ်ဆင်းရဲနေမှုတွေနဲ့အတူ ရှေ့ဆက်ရင် အားလုံးသေတွင်းထဲဝင်သွားသလို ဖြစ်နိုင်တဲ့ အခက်အခဲအမျိုးမျိုးတွေကြောင့် ပြန်ဆုတ်လာကြရတယ်။

ရဲဘော်သံချောင်းနဲ့ ရဲဘော်တစု အဖမ်းခံခဲ့ရတာက တတိယအကြိမ် “စစ်ကိုင်းတိုင်း ထိုးဖောက်ရေး စစ်ကြောင်း” ပါ၊ ရှမ်း ပြည်တောင်ပိုင်းကနေ စထွက်တဲ့စစ်ကြောင်းဟာ ပင်းပန်းဆင်းရဲတဲ့ဒဏ်မခံနိုင်တဲ့ ရဲဘော်တချို့ လမ်းခရီးမှာ ထွက်ပြေး ခဲ့တဲ့အတွက် သတင်းပေါက်သွားပြီး တပ်ရင်း (၂၀) လောက်နဲ့ ဖြတ်လေးဖြတ်ကိုသုံးပြီး လမ်းကြောင်းတလျှောက် ပိတ် ဖမ်းခဲ့တဲ့အတွက် အားအင်ကုန်ခမ်းငတ်ပြတ်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တဲ့ ရဲဘော်သံချောင်းနဲ့ ရဲဘော်တွေကို ၀ိုင်းပြီးအဖမ်းခံခဲ့ရတဲ့နေရာက ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ်းခမ်းဘက်မှာပါ။
သေဒဏ်ကျခံနေရတဲ့ရဲဘော်သံချောင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်က စာရင်းဖျက်ပေးပါလို့ တောင်းဆိုနေတဲ့သူတွေ။ ကိုယ့်ခွင်ထဲက ကိုယ့်ဖီးတွေအကြောင်းပဲ ပြောမနေပါနဲ့ ဆိုတဲ့လူတွေကို “တောင်မတက်ခိုင်းပါဘူး။ အဲဒီလိုလူမျိုးတွေကို ပြေးပြီးတက်ခိုင်းကြည့်ချင်တာက ဒုက္ခသည်က တောင်ကုန်းလေး တကုန်းလောက်ပါပဲ။ လိုအပ်တဲ့အစာလည်း အ၀ကျွေး ပါ့မယ်၊ စိန်ခေါ်ရဲရင်ပေါ့၊
မြောက်ပိုင်းရဲ့တောတောင်တွေထဲမှာ ကျဆုံးသေဆုံးခဲ့ရတဲ့ ရဲဘော်ရဲမေပေါင်း (၇၀) ကျော်ရှိတယ်။ အများစုက ဒေသခံ ကျောင်းသားရဲဘော်ရဲမေတွေ။ အဲဒီ ရဲဘော်ရဲမေတွေမှာလည်း သူ့သားလိုချင်တဲ့ ဒီမိုကရေစီမရမချင်း ဆွမ်းသွပ်အမျှမဝေ ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြက်ကလေးချီတစ် (ခ) ရဲဘော် မျိုးကိုကို (မိုးညှင်း၊ ရန်သူဖမ်းမိပြီး ညဉ်းပမ်းနှိပ်စက်အသတ်ခံ ခဲ့ရတဲ့အပြင် အလောင်းကို ရွာလည်ခေါင်ကအပင်မှာ ကြိုးနဲ့ချိတ်ဆွဲ အပြခံခဲ့ရသူ) ရဲ့ အမေလို အမေမျိုးတွေလည်း ရှိကြ တယ်။ အခု အသတ်ခံခဲ့ရတဲ့သူတွေနဲ့ပေါင်းရင် မြောက်ပိုင်းတခုတည်းမှာပဲ အနည်းဆုံး အမေတရာလောက် ငိုကြပေအုံး တော့။

ကိုယ့်ကိုယ်ကို တော်လှန်ရေးဘက်တော်သားပါလို့ ခံယူထားတာမှန်ရင် ရဲဘော်အားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ မ ရမ်းပါနဲ့။ အဖွဲ့ကို မစော်ကားပါနဲ့။ အဖြစ်အပျက်ကို အဖြစ်အပျက်အတိုင်း ခွဲခြားပြီး မြင်အောင်ကြည့်ပါ။ မပြောမဖြစ်လို့ ပြောချင်ရင်လည်း ငါအချောင်သမားဟုတ်မဟုတ် ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ပါ။
နက်ရှိုင်းတဲ့ တောတောင်တွေထဲမှာ တွေ့ကြုံလာသမျှ အခက်အခဲ ဆင်းရဲဒုက္ခတွေကို လက်သီးဆုပ်တွေထဲမှာထည့် အ မှုန့်ခြေရင်း အသက်ပေးသွားခဲ့ကြရတဲ့ (တောထဲက ရဲဘော်တွေ ပိုင်ဆိုင်တဲ့အရာဆိုလို့ အမေတွေပေးခဲ့တဲ့ အဲဒီအသက် လေးတွေပဲ ရှိပါတယ်) မြောက်ပိုင်းက ရဲဘော်တွေ၊ ကေအိုင်အေ အပစ်အခတ်ရပ်ပြီးတဲ့နောက် ဘ၀ကို သုံညကနေ ဆင်း ဆင်းရဲရဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ကုန်းရုန်းရှာဖွေရင်း ရပ်တည်ခဲ့ကြရတဲ့ လက်ရှိတရုတ်နယ်စပ်မှာ ကျန်ရှိနေတဲ့ တိုက်ပွဲ ၀င်နေဆဲ ရဲဘော်ရဲမေတွေကိုယ်စား အချောင်သမားတွေ အချောင်နာမည်ရဖို့ ပြောနေတာမျိုးဆိုရင် ရင်နာလွန်းလို့ပါ။

မြောက်ပိုင်းမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ဂုဏ်ထူးတန်းကျောင်းသား) ဆိုတာ ရဲဘော်ရဲမေများရဲ့ (ကျမ က အက်စ်အက်စ်အေ (ရှမ်းပြည်) မှာ စစ်သင်တန်းယူခဲ့သူပါ) သင်တန်းဆရာ၊ သင်တန်းမှူးတဦးဖြစ်သလို ဒါတွေ မဖြစ်ခင်က နန်းအောင်ထွေးကြည်၊ ကျော်ခိုင်ဝင်း၊ သင်းသင်း၊ ဘိုဘိုတို့တွေနဲ့ သီချင်းဆိုဖော်ဆိုဖက် ဂစ်တာတီးဖော်တီး ဘက် ရဲဘော်တဦးဖြစ်ပြီး ရဲဘော်ရဲမေတွေကြားမှာ ဟာသလေးတပြောပြောနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင် နေ တတ်တဲ့ အားလုံးရဲ့ အချစ်တော်ထဲမှာပါခဲ့တဲ့ ဗဟိုကော်မတီဝင်ပါ။ ကျမတောင် ဒူဝါလှဆိုင်းနဲ့ အဖမ်းခံခဲ့ကြရတဲ့သူတွေ လောက် မရင်းနှီးခဲ့ပေမဲ့ ဒူဝါလှဆိုင်းရဲ့ ရိုးရှင်းတဲ့မျက်နှာ အပြောအဆိုတွေနဲ့တင် “ကျောင်းသား” ဆိုတာ ကျမယုံတယ်။

အပြောသက်သက် အချောင်သမားတွေမဟုတ်ဘဲ (အနုနည်းဖြစ်စေ၊ အကြမ်းနည်းဖြစ်စေ ကြိုက်တဲ့နည်းကိုသုံး) တိုက်ရဲ တယ်ဆိုရင်တော့ ဒီအဖြစ်အပျက်မျိုးတွေ တော်လှန်ရေးအင်အားစုကြားမှာ တကြိမ်မဟုတ် အကြိမ်ကြိမ် အခါခါဖြစ် အောင် ဖန်တီးနေတဲ့ တရားခံအစစ်က နေပြည်တော်မှာ အသင့်ရှိနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက တရားခံ လိုက်ရှာနေတဲ့ သူတွေအားလုံး စနစ်ဆိုးအတွင်းက သားကောင်တွေချည်း ဖြစ်နေတာကိုပါ။
ပြောတော့ကျောင်းသား လုပ်နေတာကခွေးသား ခွေးကျင့်ခွေးကြံတွေနဲ့ ဒါတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ တရားခံအစစ် ကတော့ လက်ရှိရပ်တည်နေတဲ့အဖွဲ့ကိုပါ ဘယ်လိုနည်းနဲ့တွန်းပို့ ဇာတ်သိမ်းပေးရရင် ကောင်းမလဲဆိုပြီး ဖြစ်ပျက်နေသမျှ တွေကို အခုအချိန်ထိ စင်ပေါ်ကနေ အပြုံးမပျက် ကြည့်နေအုံးမှာပါပဲ။

“တခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုသလို ဘယ်သူတွေက အဖြစ်အပျက်အမှန်ကို နစ်နာခဲ့ရသူတွေအတွက် ရိုးသားစွာ ဖော် ထုတ်လိုတာ ဘယ်ကောင်တွေက အေဘီပျက်စီးရေးအတွက် ရည်ရွယ်လုပ်နေတာဆိုတဲ့ စာရင်းကို ပြောပုံဆိုပုံရေးသား တင်ပြနေပုံတွေနဲ့ အဲဒီလူတွေရဲ့နောက်ခံသမိုင်းတွေကို လေ့လာရင်း အခုကတည်းက ခွဲခြားပြီး ကျမ စာရင်းပြုစုနေပါ တယ်။ နောင်တချိန် “အေဘီကို ဘယ်သူတွေ ဖြိုခွဲဖျက်စီးခဲ့ကြတာလဲ” ဆိုပြီး တရားခံရှာကြတဲ့အခါ အသုံးပြုနိုင်ဖို့ပါ။
ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးတဲ့ “ကျောင်းသားတပ်မတော်” ဆိုတာ စစ်အစိုးရစကား ဌားသုံးပြောရရင် ကမ္ဘာ့အလယ် မှာ မြန်မာဟေ့လို့ ၀င့်ကြွားဂုဏ်ယူနေတဲ့နိုင်ငံမှာမှ သမိုင်းရဲ့လိုအပ်ချက်အရကို ပေါ်ပေါက်လာခဲ့ရတယ်။ သမိုင်းအဆက် ဆက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတို့ရဲ့သင်္ကေတ ခွပ်ဒေါင်းဘက်တံဆိပ်တပ်ထားတဲ့ “ABSDF ဆိုတာ တစုတဖွဲ့တည်း က ပိုင်တဲ့နာမည် မဟုတ်ဘူး၊ သမိုင်းက ပေးခဲ့တဲ့နာမည် သမိုင်းက ပိုင်တဲ့နာမည်၊ တောထဲမှာ လက်ရှိရှိနေကြတဲ့ ရဲဘော် တွေ တင်မက ပါဝင်ပတ်သက်ဖူးခဲ့တဲ့ ထောင်ပေါင်းများစွာသော ပြည်တွင်းပြည်ပ ကျောင်းသားအားလုံးရဲ့ ရင်ထဲနှလုံး သားထဲက နာမည်၊ ထပ်တူပြုလို့လည်းမရ ရူပကအလင်္ကာလည်းမမြောက်တဲ့ “ကျောင်းသားတပ်မတော်” ဆိုတဲ့ ဒီနာ မည်ကို နောင်လာ နောက်သားတွေ သမိုင်းစာမျက်နှာတွေမှာ တွေ့နေရတိုင်း။ ကြားနေရတိုင်း စစ်အစိုးရဟာ မိဘပြည် သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ တိုင်းပြည်ရဲ့အရင်းအမြစ် ကျောင်းသားလူငယ်တွေအပေါ် သူတို့လုပ်ခဲ့သမျှတွေအတွက် အမေပေါင်းများစွာ ငိုကျွေးခဲ့ကြရတာတွေအတွက် အမြဲတမ်း အရှက်ရနေစေရပါမယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့

 မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၄)

(၃)
စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဆန်တွေသိုလှောင်ထားတာတွေနဲ့ ပတ်သက်ပြီး သင်္ကာမကင်းဖြစ်ခဲ့တဲ့ လူတချို့ကို စောင့် ကြည့်ခဲ့ကြတယ်။ ထွက်ပြေးခဲ့တဲ့ စိုးမင်းအောင် (မန္တလေး) ဟာ အဲဒီလိုစောင့်ကြည့်ခံခဲ့ရသူတွေထဲက တယောက်ဖြစ်ခဲ့ သလို စိုးမင်းအောင် တယောက်ထဲကပဲ လူအယောက်ငါးဆယ်လောက်ကို ထွက်ဆိုသွားခဲ့တယ်။
စိုးမင်းအောင် (မန္တလေး) ဆိုတာ ရင်းမှူးသိုက်ထွန်းဦးရဲ့ (၅၀၁) တပ်ရင်းက ရင်းမှူးရဲ့ကိုယ်ရံတော်ဆိုပေမဲ့ တောင်ပိုင်းက မဟုတ်ဘူး။ မြောက်ပိုင်းကိုရောက်လာတဲ့ ရင်းမှူးသိုက်ထွန်းဦးနဲ့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်တို့အတွက် ကိုယ်ရံတော် တွေအဖြစ် စိုးမင်းအောင် (မန္တလေး) နဲ့ ရဲဘော်ခင်မောင်စိုး (ခ) ကိုစိုးကြီး (အင်းတော်) တို့ နှစ်ယောက်ကို ဗန်းမော်ရင်း ကနေ ထည့်ပေးလိုက်တဲ့သူက ခွဲမှူး စောသက်ထွန်း၊ သူဟာ သန်းထွန်းစိုး(ခ)တိုက်ပိတ်နဲ့အတူ ရှေ့တန်းနယ်မြေမှာ အ ဖမ်းခံခဲ့ရသလို မြစ်ကြီးနားထောင်မှာ အတူကျပြီး ပြန်လွတ်ခဲ့သူတဦး ဖြစ်တယ်။

အများကတော့ သန်းထွန်းစိုး (ခ) တိုက်ပိတ်ကို ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့တယ်လို့ပဲ ယူဆခဲ့တယ်။ (သန်းထွန်းစိုး (ခ) တိုက်ပိတ်အနေနဲ့ ရန်သူ့သူလျှိုမဟုတ်ကြောင်း သက်သေပြနိုင်ဖို့ ထောင်ကျဖို့လည်း လိုအပ်ပါတယ်။ ဒါမျိုးတွေကို တော့ လူမှန်တွေမို့ နှစ်ရှည်ထောင်ဒဏ်တွေကျခံခဲ့ရဖူးတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက ထောင်ထဲမှာ သူတို့ကြား “ကိုယ့်လူ သူ့ဘက်သား” လုပ်သွားခဲ့တဲ့ ထောင်ကျ (ရန်သူ့လူတွေ) နဲ့ ပတ်သက်တဲ့ ပုံပြင်တွေအများကြီး ရှိခဲ့တယ်ဆိုတာ ကို ပြောပြနိုင်ပါလိမ့်မယ်။

ရန်သူ့သူလျှိုတွေကို ဖော်ထုတ်ဖို့ နောက်တန်းမှာရှိနေတဲ့ ဗဟိုကော်မတီအားလုံး သဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက် ကို ထွန်းအောင်ကျော်၊ ကိုညီညီကျော် တို့ကိုယ်တိုင် အစပိုင်း စစ်ဆေးမေးမြန်းမှုတွေမှာ ပါဝင်ခဲ့ကြတယ်။
ဘာဖြစ်လို့ ကျမ အဲဒီလိုပြောရတာလဲဆိုတော့ ကျမကိုယ်တွေ့ ဥပမာလေးနှစ်ခုပဲ ပေးပါ့မယ်၊ အသတ်ခံရတဲ့အထဲမှာပါတဲ့ မန္တလေးက ရဲဘော် ရန်အောင် ကိုတော့ မန္တလေးကျောင်းသားတွေ ကောင်းကောင်း သိကြပါတယ်။ အထူးသဖြင့် ဘွဲ့ရ ကျောင်းသားများအဖွဲ့က လူတွေပေါ့။ မြို့မှာကတည်းက ကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်တို့ ကိုညီညီ (ဆမား) တို့ ခိုင်းခဲ့တဲ့အလုပ်တွေကို လုပ်ပေးခဲ့တဲ့ ရဲဘော် လူငယ်တယောက်။ ကျမနဲ့က မြို့မှာတုန်းက မြင်ဖူးပေမဲ့ စကားမပြောဖူး ဘူး။ တောထဲရောက်မှ တမြို့တည်းသားချင်းမို့ စကားပြောမိရာက သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ဓါတ်ကိုသဘောကျပြီး ခင်မင် သွားခဲ့တဲ့ ရဲဘော်တယောက်။ ဒီအဖြစ်အပျက်တွေ စဖြစ်ချိန်က သင်းသင်း၊ နန်းစော၊ ရန်အောင်နဲ့ ကျမတို့က ကေအိုင် အေ ဆေးသင်တန်းကျောင်း တက်နေကြတဲ့အချိန်၊ သင်တန်းသားတွေကို တရားဝင်သွားလာခွင့် ပိတ်ထားတယ်။ ဒါပေမဲ့ မိုင်းထောင်ထားတဲ့ လမ်းကြားတွေကနေတဆင့် (ကိုအိုက်လျှံ အဲဒီလိုခိုးပြန်တုန်းက မိုင်းထိဖူးတဲ့လမ်း) ကနေ တပ်ကို ခိုးပြန်လို့ ရတယ်။

ရန်အောင်ကို ဆေးသင်တန်းမှာ လာဖမ်းတဲ့အချိန်တုန်းက ကျမ အဲဒီလိုခိုးပြန်ပြီး လက်ရှိအာဏာရှိနေဆဲ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော်ကို သွားတွေ့ခဲ့တယ်။ အဲဒီမှာ ဗန်းမော်ခရိုင်မှူး ကိုညီညီကျော်လည်း ရှိတယ်။ အတွင်းရေးမှူး ကိုအောင်နိုင် က အခန်းထဲမှာ လှဲနေတယ်။ ကျမက ရန်အောင် ဒီလောက်ရိုးသားဖြူစင်တာ မဖြစ်နိုင်ဘူးလို့ပြောတော့ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် ရော ခရိုင်မှူး ကိုညီညီကျော်ကပါ ရန်အောင်က ဟုတ်တယ်။ သေချာတယ်။ မြို့ထဲမှာတုန်းက ငါတို့နောက် လိုက်ရင် သူဘယ်လောက် ဘယ်လောက်ရတယ်လို့ နှစ်ယောက်စလုံး ကျမကိုပြန်ဖြေခဲ့ကြတယ်။ အဲဒီအချိန်မှာ အခန်း ထဲမှာလှဲနေတဲ့ ကိုအောင်နိုင်က ၀င်ပြီး “ဟုတ်လား ကျနော့်နောက်လိုက်ရင်ကော သူ ဘယ်လောက်ရသလဲဗျာ” လို့ ၀င် မေးခဲ့တယ်။

ကိုယ်ခိုင်းခဲ့တဲ့ ရဲဘော်တယောက်ကို ကိုယ်အာဏာ လက်ရှိရှိနေဆဲအချိန်မှာ ကာကွယ်မပေးခဲ့ဘဲ ဘာဖြစ်လို့ သူတို့ကိုယ် တိုင် ရိုက်စစ်တာမခံရသေးဘဲနဲ့ “ဟုတ်တယ်” လို့ အဲဒီအချိန်က ဖြေခဲ့သလဲဆိုတာကို မန္တလေးမှာ လက်ရှိရှိနေတဲ့ ဗန်း မော်ခရိုင်မှူးလုပ်ခဲ့တဲ့ ကိုညီညီကျော်ကို ကျေးဇူးပြုပြီး အချက်အလက်အမှန်တွေ ဖြည့်ရေးနိုင်ဖို့ မေးကြည့်ပေးပါ။ ရန် အောင်ဟာ ကိုညီညီကျော်တို့ပြောခဲ့သလို “ဟုတ်တယ်” ဆိုရင်လည်း ကိုထွန်းအောင်ကျော်တို့ ကိုညီညီကျော် တို့ကို ဆွဲ ထည့်သွားဖို့ မေ့နေမယ် မထင်ပါဘူး။

နောက်တယောက်က နန်းစော၊ နန်းစောနဲ့ ကျမနဲ့က ရဲဘော်တွေကြားမှာပဲ အမြဲနေထိုင်သွားလာနေတဲ့သူနှစ်ယောက်။ လူကြီးတွေထက် ကျမတို့ရဲ့ ရဲဘော်တွေကို ကျမတို့က ပိုချစ်တယ်။ အဲဒီအချိန်က တော်လှန်ရေးအတွက်ဆို အသက်ကို တောင် ပေးဖို့ဝင်မလေးအောင် တက်ကြွနေတဲ့ ရဲမေတွေ။ ကျမတို့ လူကြီးတွေကို ကျမတို့ယုံကြည်သလို သူတို့ကလည်း ကျမတို့ကို ယုံကြည်တယ်။ ဒါကြောင့် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ကိုယ်တိုင် တောင်ထိပ်က သူနေတဲ့တဲမှာပဲ ကျမနဲ့ နန်းစောကို ပစ်မှတ်ကို မှန်အောင်နဲ့ မြန်အောင် အချိန်မှတ်ပြီး အနီးကပ် ပစ္စတိုပစ် လေ့ကျင့်ပေးခဲ့တယ်။ ဒီအလုပ်မျိုး လုပ်တဲ့သူတွေဆိုတာ အသက်ရှင်လျှက် ပြန်လာစရာအကြောင်းလည်း မရှိတာမို့ မှတ်တမ်းဝင်ဓါတ်ပုံတွေပါ လေ့ကျင့်ချိန် မှာ ကိုယ်တိုင်ရိုက် ပေးခဲ့သေးတယ်။ ကိုမင်းဌေး ဖေ့ဘုတ်ခ်မှာရှိတဲ့ ပစ္စတိုနဲ့ ကျမပုံဟာ ကိုထွန်းအောင်ကျော် ကိုယ်တိုင် မှတ်တမ်းတင်ဖို့ ရိုက်ပေးခဲ့တာပါ။ ကျမတို့နှစ်ယောက် အဓိက လုပ်ရမဲ့အလုပ်က ပြည်တွင်းကိုပြန်ဝင်ပြီး ရန်သူကြားမှာ လုပ်ရမဲ့ အထူးလုပ်ငန်းတခု။ အဲဒီအချိန်က ကျမတို့ ဘာလုပ်မလဲဆိုတာ နည်းနည်းပါးပါး အရိပ်အခြေနားလည်နေတဲ့ (၄၀၁) တပ်ရင်းက ရဲဘော်ကျော်စွာဝင်းမောင်က ကျမတို့အတွက် စိတ်ပူပြီး သတိလာပေးတာလည်း ရှိတယ်။ ကျမ အဓိ က ပြောချင်တာက ကျမတို့ရဲ့ခေါင်းဆောင်တွေကို ကျမတို့ရဲဘော်ရဲမေတွေ အသက်ပေးရဲတဲ့အထိ သူတို့ခိုင်းတာလုပ်ဖို့ ဘယ်လောက်တောင် ယုံကြည်မှုရှိခဲ့ကြသလဲ ဆိုတာကိုပါ။

နန်းစောနဲ့ သင်းသင်းကို ဆေးသင်တန်းမှာ လာဖမ်းသွားတဲ့အချိန်တုန်းက အဲဒီခိုးလမ်းအတိုင်းဖြတ်ပြီး ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် နေတဲ့တဲကို နောက်တကြိမ်တက်ခဲ့တယ်။ ကျမ တက်လာတာကို လှမ်းမြင်တဲ့ ကိုညီညီကျော်က “ဥက္ကဋ္ဌ ပြောနေတယ် မယုံရင်ကြည့်နေ ခင်ရွှေလှိုင် တက်လာအုံးမယ်လို့ အဟုတ်ပဲ”။ အဲဒီအချိန်က အဲဒီတဲမှာ ကျောင်းသား ထောက်လှမ်းရေးထဲမှာပါတဲ့ မန္တလေးက ကိုသန်းဇော် (လက်ရှိ စစ်အစိုးရရဲ့အဖမ်းခံရပြီး ပြန်လွတ်မြောက်လာသူ)လည်း ရှိနေတယ်။

နန်းစောက ထောက်လှမ်းရေးဟုတ်တဲ့အကြောင်း သူ့ထွက်ဆိုချက်တွေ လက်မှတ်ထိုးထားတွေရှိတယ် ဖတ် ကြည့်မလားလို့ မေးတယ်။ ကျမက လူတယောက်ကို ရိုက်စစ်ပြီး မေးထားတာတွေအပေါ် မယုံကြည်ဘူး။ နှစ်ယောက် တည်း ပေးတွေ့ပါလို့ပြောတော့ ကိုသန်းဇော်က “ဟုတ်ရင် မင်းသူ့ကို ပါးရိုက်မလား” လို့ ဖြတ်မေးတယ်။ နှစ်ယောက်ထဲ ပေးတွေ့လို့ သူ့ပါးစပ်က ဟုတ်ပါတယ်လို့ ကျမကိုပြောခဲ့ရင် ကျမကိုယ်တိုင် သတ်ပစ်မယ်လို့ ပြန်ပြောခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ ဘူး။ အဲဒီလောက်ထိ ကျမ ယုံကြည်ချစ်ခဲ့တဲ့ ရဲမေကို ကျမယုံကြည်လေးစားခဲ့တဲ့ လက်ရှိအာဏာရှိနေဆဲ ဥက္ကဋ္ဌ ကိုထွန်း အောင်ကျော် ကိုယ်တိုင်က ရိုက်စစ်နေစရာမလိုပဲနဲ့ “အဟုတ်ပဲ” လို့ အဖြေပေးနေတယ်။ ဘာကြောင့်လဲ။ ကိုထွန်းအောင် ကျော်ကို မေးခွင့်မရတော့တဲ့အတွက် အဲဒီအချိန်က ကိုထွန်းအောင်ကျော်နဲ့ အတူရှိနေခဲ့တဲ့ ကိုညီညီကျော် ပဲ ကျေးဇူးပြု ပြီး ဖြေပေးပါ။

ရဲဘော် ရန်အောင် (မန္တလေး၊ အသတ်ခံခဲ့ရ) ကို ဆေးသင်တန်းမှာ လာဖမ်းတဲ့အချိန်တုန်းက ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်လို့ ကျမစိတ်ထဲ သံသယ၀င်လာခဲ့ဖူးတယ်။ ဘာကြောင့်လဲဆိုတော့ စတင်အဖမ်းခံရသူတွေက မန္တ လေး၊ ရန်ကုန်ကလူတွေ ဖြစ်နေလို့ပါပဲ။ အဲဒါကို နန်းစော အဖမ်းမခံရခင်မှာ ကျမ ပြောပြခဲ့ဖူးတယ်။ သူသာ အဲဒါတွေကို ပြန်ပြောခဲ့ရင် ဒေါ်လှိုင်လည်း အဖမ်းခံရမှာ သေချာတယ်လို့ နောက်ပိုင်းမှာ နန်းစော ကျမကို ပြန်ပြောဖူးတယ်။ ဒါပေမဲ့ ကိုသန်းဇော် (ကျောင်းသားထောက်လှမ်းရေး၊ မန္တလေး၊ အစိုးရထောင်ကျပြန်လွတ်) နောက်တခေါက် ဆေးသင်တန်းကို ရောက်လာတဲ့ အချိန်မှာ “ဥက္ကဋ္ဌ (ကိုထွန်းအောင်ကျော်)နဲ့ (ကိုအောင်နိုင်) အဖမ်းခံရတယ်လို့ကြားရင် ကျမကို မဖမ်း လည်း ကျမ လာအဖမ်းခံမယ်” လို့ ပြောခဲ့တယ်။

ရဲဘော်ထွန်းအောင်ကျော် အဖမ်းခံထားရတာကို ကျမတို့ တော်တော်ကြာတဲ့အထိ မသိခဲ့ဘူး။ ဆေးသင်တန်းရဲ့ စားဖို ဆောင်ထဲမှာ သင်တန်းသားတွေအားလုံး မနက်စာစားနေချိန်မှာ ကေအိုင်အေ လူကြီးတချို့နဲ့ ထိစပ်မှုရှိတဲ့ ကေအိုင်အေ ရဲမေတယောက်က ကျမနားလာထိုင်ပြီး “နင်တို့ ဥက္ကဋ္ဌကို ဖမ်းလိုက်ပြီ နင်တို့သိလား” လို့ တိုးတိုးလေး လာမေးတယ်။ ကျမ ထမင်းဆက်စားလို့ မရတော့ဘူး။ မျက်ရည်တွေပဲ ကျလာတာနဲ့ အဆောင်ပေါ် ပြန်တက်လာခဲ့တယ်။ အဲဒီနေ့က အ လုပ်လုပ်တဲ့ရက်ဖြစ်လို့ ရဲမေအငယ်တွေ တောထဲကို ထင်းခုတ် ၀ါးခုတ်သွားကြတဲ့အခါ ငိုနေတဲ့ကျမကို ချန်ထားခဲ့ကြ တယ်။ ဆေးသင်တန်းကိုလည်း ကျမ စိတ်မ၀င်စားတော့ဘူး။ သူတို့သွားတာနဲ့ ထုံးစံအတိုင်း အဆောင်နောက်က တော လမ်းအတိုင်း ဆင်းခဲ့ပြီး ဖြတ်လမ်းကနေ ကျောင်းသားတပ်ကို လာခဲ့တယ်။

“ထောက်လှမ်းရေးရုံး” ကိုသွားဖို့ စခန်းရုံးမှာ အကြောင်းကြားခဲ့တယ်။ အဲဒီအချိန် စခန်းမှူးက ရဲဘော် ဆရာထိန် (ဗန်း မော်၊ လက်ရှိ ချင်းမိုင်) သူက ငိုထားတဲ့ကျမ မျက်နှာကို ကြည့်ပြီး ဘာမှမမေးဘူး။ ရဲဘော် မြင့်ဇော်ဦး (တိုက်ပွဲကျ) ကို လိုက်ပို့ခိုင်းခဲ့တယ်။ ကျမတို့နှစ်ယောက် လက်ချာဟောကို ဖြတ်တဲ့အချိန်မှာ အဲဒီမှာ အစောင့်ကျနေတဲ့ ဒူဝါး လှဆိုင်း (မြစ်ကြီးနား၊ နောက်တန်းမှူး) ထွက်လာပြီး “ဘယ်သွားမလို့လဲ” မေးတယ်၊ “ထောက်လှမ်းရေးရုံးကို သွားမလို့” ဆိုတော့ “အဲဒီမှာ အခု အလုပ်လုပ်နေတယ် သွားလို့မရဘူး၊ သွားချင်ရင် ဆေးခန်းမှာ CS (ရဲဘော်သံချောင်း) နဲ့ GS (ရဲဘော် အောင်နိုင်) ရှိတယ်” လို့ ပြောရင်း တလက်စတည်း “CS နဲ့ GS ဒီမှာ ခင်ရွှေလှိုင် လာနေတယ်” လို့ အော်ပြောပေးခဲ့တယ်၊ လက်ချာဟော နောက်ဘက်မှာရှိတဲ့ ဆေးခန်းကို ဆင်းလာခဲ့တယ်။

ဆေးခန်းထဲကို ၀င်လိုက်တာနဲ့ ကျမ ဘာမှမပြောရသေးခင် ငိုထားတဲ့ကျမ မျက်နှာကိုကြည့်ပြီး CS သံချောင်းက “ခင်ရွှေ လှိုင် ဥက္ကဋ္ဌ တယောက်ကိုဖမ်းဖို့ဆိုတာ ၉၀% မသေချာပဲနဲ့ ငါတို့မလုပ်ရဲဘူး။ မင်းတို့ ဥက္ကဋ္ဌကတောင် ဒီလိုလားဆိုပြီး မ ဟာမိတ်ယုံကြည်မှု အပျက်ခံပြီးလုပ်ရတာ။ ခင်မောင်ဇော် (မန္တလေး၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန် လွတ်) ဆိုကြည့်စမ်း ငါဘယ်လောက် ယုံကြည်ခဲ့သလဲ စစ်ရုံးကိုကိုင်ခိုင်းထားတာ ဒီကောင်က“ဒလမ” ဖြစ်နေတယ်။ ကြောင် (ကျော်နိုင်ဦး) သာယာဝတီ၊ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်) ဆိုလည်း GS က ယုံကြည် လို့ သူ့နားမှာတောင် ခေါ်ထားခဲ့တာပဲ” ပြောရင်းနဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့ ကျမ မျက်လုံးကို သူသတိထား မိပြီး “မင်းက ငါပြောရင် ယုံမှာမဟုတ်ဘူး၊ GS ခင်ဗျာ့ပဲ ရှင်းပြလိုက်ပါ” လို့ ပြောပြီး ဆေးခန်းထဲက ထွက်သွားတယ်။

ကိုအောင်နိုင် က “လောလောဆယ်တော့ မင်းတက်နေတဲ့ ဆေးသင်တန်းကိုပဲ ပြီးအောင်လုပ်ပါ။ ငါ့ကိုဖမ်းခဲ့ရင်လည်း ငါတော့ အသားအနာမခံဘူး။ ဟုတ်တယ်လို့ ဖြေမှာပဲ။ မင်းလည်း မင်းအလှည့်ရောက်လာခဲ့ရင်သာ ဘယ်လိုရင်ဆိုင်မလဲ အသင့်ပြင်ထားပါတဲ့” ကျမ ဘာဆက်ပြောစရာ ကျန်ပါသေးလဲ။

အဲဒီအချိန်မှာ ကျမ နားလည်လိုက်တာက ရန်သူ့သူလျှိုတွေဟာ ယူဂျီလမ်းကြောင်းကတဆင့် ၀င်လာခဲ့သူတွေ ဖြစ်တဲ့အ တွက် ယူဂျီလမ်းကြောင်းမှာရှိနေကြတဲ့ ကျမ အပါအ၀င် အားလုံးကို မယုံသင်္ကာဖြစ်နေတယ်ဆိုတာလောက် ပါပဲ။ ဒီလိုနဲ့ တရက်၊ ဆေးသင်တန်း လက်ချာဟောမှာ စာသင်နေတုန်း ဧည့်သည်လာတယ်ဆိုပြီး သင်တန်းကြီးကြပ်က လာခေါ်ခဲ့ တယ်။ ဆေးသင်တန်းမှာ လာဖမ်းရင်လည်း ဒီပုံစံမျိုးနဲ့ပဲ ခေါ်ထုတ်သွားတတ်တာမို့ ကျန်ခဲ့တဲ့လူတွေက ကျမကိုဖမ်းသွား တယ်လို့ပဲ ထင်ခဲ့ကြတယ်။ ကျမတို့နေတဲ့အဆောင်ရှေ့မှာတော့ ကျမတက်လာတာကို စောင့်ကြည့်နေတဲ့ ကိုသန်းဇော်နဲ့ ဒူဝါလှဆိုင်း။ ကျမရောက်တာနဲ့ “ဘာမှမဟုတ်ပါဘူး၊ ဆေးသင်တန်းမှာ စိတ်ဝင်စားမှုလည်းမရှိ အမှတ်တွေလည်း ကျလာ တယ် ပြောလို့လာတွေ့တာ၊ သင်တန်းသားတွေ (ကျောင်းသားတပ်မှ ရဲဘော်တပ်စိပ်နှစ်စိပ်၊ ရဲမေတပ်စိပ်နှစ်စိပ်) အတွက် လည်း တခြားလိုအပ်တာတွေ ဘာတွေရှိရင်လည်း ပြောဖို့” တဲ့။ ဒါဟာ ကျမကို အကဲစမ်းနေတာ ဆိုတာလောက်တော့ ကျမနားလည်ပါတယ်။

ကျမ ဆေးသင်တန်းမှာရှိနေတဲ့အချိန် ရဲဘော်မြဇော် (ခ) ၀သုန် (ပုလိပ်မြို့၊ လက်ရှိအမေရိက၊ တောနဲ့မြို့ဆက်သွယ်ရတဲ့ ရဲဘော်တပိုင်း ယူဂျီတပိုင်း) အရက်မှူးပြီး ရောက်လာတယ်၊ “ကျနော် ကိုကြီး (ကိုထွန်းအောင်ကျော်) ကို ထိုးခဲ့ရိုက်ခဲ့ တယ်” လို့ပြောပြီးငိုတယ်။ ပြီးတော့ “ကိုကြီးက ဟုတ်တယ်၊ ကျနော် သူလွတ်လိုက်လို့ သူ့အိမ်ကိုသွားတဲ့အချိန်မှာ ကျနော် အ၀ိုင်းခံခဲ့ရတယ်။ မနည်းအသက်လွတ်အောင် ပြေးခဲ့ရတာ၊ မန္တလေး တီတီစီကျောင်းထဲက မြက်ရိုင်းတွေကြား မှာ မြက်ရိတ်သမားအယောင်ဆောင်ပြီး နှစ်ရက်သုံးရက်လောက် အောင်းနေခဲ့ရသေးတယ်” လို့ ဆက်ပြောတယ်။ ကျမ က “သူ ဟုတ်တယ်ဆိုရင်လည်း သူ့ဘာသာ သူခံလိမ့်မယ်။ မင်းကြားထဲက ဘာမှ သွားထိုးစရာ အကြောင်းမရှိဘူး” လို့ ပြောခဲ့တယ်။

တခါတလေ သူက ကျောင်းသား ထောက်လှမ်းရေးရုံးကလိုလို ဘာလိုလိုနဲ့ ကျမကိုစကားတွေ လာအစ်အောက်နေတာ ရှိတယ်။ ရင်းနှီးနေတဲ့ သူတွေဖြစ်လို့ “မင်းငါ့ကို စကားတွေ လာအစ်အောက်နေတာ ငါမသိဘူးများ မှတ်နေလား” ဆိုပြီး ဗြောင်ပြောလွတ်တော့ ရယ်နေတယ်။ ကျမ ဆေးခန်းမှာ တာဝန်ကျနေတုန်းက သူ တကိုယ်လုံးတုန်ပြီး ငှက်ဖျားထနေလို့ ဆေးခန်းလာပြတယ်။ ဆေးထိုးပေးရင်း အဲဒီကိစ္စနဲ့ စကားထများတယ်၊ “ဟုတ်လို့ မှန်လို့လုပ်တာ၊ မဟုတ်ရင် ကြိုးစင် တက်မယ်” ပြောပြီး ဆေးတောင်မယူတော့ဘူး၊ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားတယ်။ ကျမကလည်း “အေး မင်းတို့ ကြိုး စင်တက်မယ့်အချိန်ထိ စောင့်ကြည့်နေမယ်လို့” ပြောခဲ့တယ်၊ အိန္ဒိယဘက်မှာပြန်တွေ့တော့ အဲဒီလိုမလုပ်ရင် ကျနော် လည်း ပါနိုင်လို့တဲ့။ ကဲ ကြိုးစင်တက်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သူရဲကောင်းများ ထွက်လာပြီး ရှင်းကြပါ။

ဆေးသင်တန်းတက်နေချိန်မှာပဲ နောင်ရာပါရွာလေးကို ခွပြီးစီးနေတဲ့ တောင်ကျချောင်းနှစ်ချောင်းက တချောင်းတည်း ပေါင်းပြီး တိုက်စားသွားလို့ လူတွေအများကြီး သေကြေပျက်စီးခဲ့ရတယ်။ အဲဒီထဲမှာ ကျမတို့ ကျောင်းသားရဲဘော် (၈) ယောက်လည်း ပါသွားခဲ့တဲ့အတွက် သူတို့အတွက် အမှတ်တရမှတ်တိုင်လေး အဲဒီနေရာမှာ စိုက်ထူခဲ့ကြတယ်။ တ ယောက်ကတော့ သဲတွေနုန်းတွေထဲမှာ ကိုယ်တပိုင်းနစ်ပြီး သတိလစ်နေတာပြန်တွေ့ခဲ့တယ်၊ အသက်ရှင်ခဲ့ပေမဲ့ ခြေ ထောက်တဘက် မသန်တော့ဘူး။ ရဲဘော်တယောက်ကတော့ ဆန်ထမ်းရင်း ကြိုးတံတားပေါ်က ပြုတ်ကျသေဆုံးခဲ့ရ တယ်။ ရွာသားတွေကို လွိုင်ဆာဘက်မှာ ပြောင်းရွှေ့နေရာချထားတာကို ဆေးသင်တန်းသားတွေသွားကူပြီး ဒူးလောက် နစ်တဲ့ ရွံ့တွေနွံတွေထဲမှာ နာရီဝက်လောက်သွားရတဲ့ တောထဲက ၀ါးတွေ၊ တိုင်တွေကို ထမ်းသယ်ရင်း အဆောက်အဦ တွေ ပြန်ဆောက်ပေးကြရတယ်။ အဲဒီ လွိုင်ဆာဆိုတဲ့ ရွာလေးဟာ နအဖဂိတ်တွေနဲ့ တနာရီတောင် မဝေးတော့ပါဘူး။ ထွက်ပြေးချင်ရင် ပြေးနိုင်ပါတယ်။ ဒါပေမဲ့ ကျမ မစဉ်းစားခဲ့ဘူး ရင်ဆိုင်ဖို့သာ ပြင်ထားခဲ့တယ်။

ကျမဆေးသင်တန်းပြီးလို့ တပ်ကိုပြန်လာတဲ့အချိန်မှာ အရင်က ကျမကို ခင်ခဲ့တဲ့ မဘေဘီ (မိုးညှင်း)၊ မနှင်းမေ (မိုးညှင်း) တို့ဟာ ကျမကို မခေါ်မပြောနိုင်တော့အောင် ရန်သူတယောက်လို သဘောထားဆက်ဆံလာတယ်။ အစကတည်းက သိပ်အတွဲ မဖြစ်ခဲ့တဲ့ တခြားရဲမေအကြီးတချို့ကတော့ သူတို့ပါအဆစ်ပါသွားမှာ ကြောက်တယ်ထင်ပါရဲ့ ကျမနဲ့ စကားမ ပြောဖြစ်အောင် ရှောင်ကွင်းနေကြတယ်။ ကျမအနားမှာတော့ နဂိုကတည်းက ကျမကို ခင်မင်နေတဲ့ ရဲမေအငယ်တွေပါပဲ။

တခါကတော့ ထောက်လှန်းရေးရုံးက လာခေါ်လို့ လိုက်သွားရတယ်။ အထဲကိုရောက်တော့ ကိုသန်းဇော်က “ဘာမှ မ ဟုတ်ပါဘူး ငါတို့စစ်တာကို မင်းကြည့်ချင်ရင် ကြည့်ရအောင်” တဲ့။ မျက်လွှာလေးတွေချပြီး ငုတ်တုတ်လေးတွေ ထိုင်နေ သူ သုံးယောက်က ရဲဘော်ရန်အောင်၊ မခင်ချိုဦး၊ သင်းသင်း၊ မျက်လုံးချင်းစုံကြည့်မိရင် ကျမအတွက် အန္တရာယ်ရှိနိုင်တာ ကို သူတို့သိနေလို့ ထင်ပါတယ်။ တချက်မှ ကျမကို မကြည့်ကြဘူး။ ကျမရှေ့မှာမို့ ဘာမှထူးထူးခြားခြား မေးမြန်းနေတာ မျိုး မရှိပါဘူး။ ဒါလည်း ကျမကို အကဲစမ်းနေတယ်ဆိုတာ သိနေတဲ့ ကျမက “အဲဒီအထဲမှာ ကျမကော မပါဘူးလားလို့” တမင်ဘုတောပြီး ၀င်မေးခဲ့တယ်၊ သုံးယောက်စလုံး “မပါပါဘူး” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။ ပြန်ခါနီးမှာ ကိုသန်းဇော်က “မင်း သတ္တိရှိတယ်ဆိုတာကိုတော့ ဇော်ဦး (တိုက်ပွဲကျဆုံး၊ ရှေ့တန်းထွက်စဉ်က ကျမရဲ့တပ်စိပ်မှူး) ပြောဖူးတယ်” တဲ့။

ဘယ်တုန်းကမှ ကျမကို အဖမ်းခံထားရတဲ့ဘက်မှာ တာဝန်မချပေးခဲ့ဘူး။ အမျိုးသမီးတွေအတွက် ဘယ်ရဲမေတွေကို အ စောင့်ချထားတယ်ဆိုတာလည်း ကျမ မသိဘူး။ ဆေးနဲ့ပတ်သက်တဲ့တာဝန်ကိုတော့ ဆေးတာဝန်ခံ ရဲမေ အန်ရမ်တီး (မိုးကောင်း) နဲ့ ဆေးဆရာမ တင်စန်းဦး (မိုးညှင်း) ပဲ တာဝန်ယူခဲ့တယ်။ အမျိုးသမီးတွေရဲ့ မအင်္ဂါကို စစ်ဆေးခဲ့သူက ဆေးတာဝန်ခံ ဆရာမ အန်ရမ်တီး ပါ။ စစ်ခဲ့တာကိုပဲပြောပြီး ဘယ်သူစစ်တာလဲ ထည့်မပြောတော့ လုပ်ခဲ့သူတွေကပဲ တဏှာရူးလို့ လုပ်ခဲ့သလို ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ တခါတော့ ကျမကို ကျောင်းသားထောက်လှမ်းရေးထဲက ကျော်ထင်ဦး (အထဲပြန်ဝင်သေဆုံး) လာခေါ်လို့ လိုက်သွားရတယ်။ အဖမ်းခံထားရတဲ့ လူတွေကိုထားတဲ့ ဟောကြီးရဲ့ ဘေးအပြင်ဘက် ထိုင်ခုံတွေလုပ်ထားတဲ့နေရာမှာ ရဲဘော်ထွန်းအောင်ကျော်နဲ့ အဖမ်းခံထားရတဲ့ရဲဘော်တစု နေပူဆာလုံ ရင်း စကားပြောနေကြတာကို တွေ့ရတယ်။ ကျမကိုကြည့်လိုက်တဲ့ မျက်လုံးရဲ့ အဓိပ္ပါယ်၊ ပြုံးလိုက်တဲ့ နှုတ်ခမ်းကို မမေ့ပါ ဘူး။ ကျမ ဘယ်လိုရဲမေလဲဆိုတာ သိတဲ့လူထဲမှာ ကိုထွန်းအောင်ကျော်လည်း ပါပါတယ်။ အထဲမှာ ဖျားနာနေတဲ့ ရဲဘော် တချို့ကို ဆေးထိုး၊ ဆေးပေးခဲ့တယ်။ မဖျားနာတဲ့ လူတွေအတွက် ကျမလက်ထဲမှာပေးစရာက ငါးကြီးဆီပဲရှိတာမို့ သူတို့ တောင်းတောင်း မတောင်းတောင်း အားလုံးရဲ့ လက်ထဲထည့်ပေးခဲ့တယ်။ ဒါလည်း အကဲစမ်းချက် တခုပါပဲ။

ကျောင်းသားထောက်လှမ်းရေးထဲမှာပါတဲ့ ရဲဘော်အောင်စိုးမြင့်က ကျမကို ယူဂျီလမ်းကြောင်းမှာ သုံးခဲ့တဲ့ တကျပ်တန် ငွေစက္ကူတွေနဲ့ပတ်သက်ပြီး မေးခဲ့တာရှိတယ်။ “သိချင်ရင် ဥက္ကဋ္ဌ ကိုအောင်နိုင်ကိုမေးကြည့်၊ သူ ခိုင်းခဲ့တာ” လို့ဖြေတော့ “မင်းကလည်း အလာကြီးပါလား” တဲ့။ အမှန်က ကိုအောင်နိုင်နဲ့ ကျမနဲ့ တိုက်ရိုက်မပါတ်သက်ပါဘူး။ ကျမ တမင်ဘုတော ပြီး ဖြေခဲ့တာ။ ရင်းမှူး သိုက်ထွန်းဦးဆိုရင်လည်း ကျမလိုပဲ သံသယနဲ့ အကြည့်ခံရတဲ့ထဲမှာ ပါပါတယ်၊ “ငါ့ကို ဒီလိုမဆက် ဆံနဲ့ ဖမ်းချင်ရင် တခါတည်းဖမ်းလိုက်” လို့ အရက်မူးပြီး ပေါက်ကွဲအော်ခဲ့တဲ့အထိ။
မယုံကြည်တာကို ကျမခံစားရကတည်းက ကောင်းကောင်းမွန်မွန်လုပ်ရင် ယုံကြည်အောင်လုပ်ပြသလို ဖြစ်နေမှာစိုးလို့ မ ကောင်းတာတွေ ဘဲ့တိုက် လုပ်ခဲ့တာရှိတယ်။ (ဒါကိုတော့ မရေးတော့ဘူး မိသားစုဝင်တွေ စိတ်မကောင်းမှာစိုးလို့) မယုံ ကြည်ပဲနဲ့ ဆေးလာထိုးခိုင်းတဲ့ လူကြီးတွေရှိရင် ဆေးထိုးသတ်မယ်လို့ ပြောခဲ့တာတွေရှိတယ်။ လူကြီးရော ရဲဘော်တွေ ရော တယောက်မကျန် ငါးကန်တူးရမယ်ဆိုရင်လည်း မသွားလို့ CS သံချောင်းက ရဲဘော်သက်လင်း (ကျောင်းသား ထောက်လှမ်းရေး၊ ဗန်းမော်) ကို လာခေါ်ခိုင်းတယ်။ “ဒေါ်လှိုင် မပါရင် ကျနော့်ကို ပြန်မလာနဲ့လို့ ပြောလိုက်တယ် လာပါ” လို့ အတင်းခေါ်ခဲ့ပေမဲ့ “မလိုက်ဘူးကြိုက်တာလုပ်” ဆိုပြီး ဇွတ်ပေနေတာမျိုးတွေလည်း ရှိတယ်။

ဒါတွေဖြစ်ပြီးနောက်ပိုင်း ရှေ့တန်းကပြန်ရောက်လာတဲ့ ခရိုင်မှူး ကိုစိန်အေးကလည်း (မိုးညှင်း၊ ကိုသန်းဇော်နဲ့အတူ စစ်အ စိုးရ အဖမ်းခံ၊ ထောင်ကျ ပြန်လွတ်) က ကိုမျိုးဝင်းတို့ ရှေ့တန်းထွက်ဖို့ ပြင်နေချိန် ကျောင်းသားထောက်လှမ်းရေးရုံးထဲမှာ ကျမကို ပြောခဲ့တာရှိတယ်။ “မင်းက အကုန်လုံးပြောစရာမရှိဘူး။ ကောင်းတယ်။ တခုလေးပဲ မှားနေတယ်” တဲ့၊ “အဲဒီ မှား နေတဲ့တခု က ဘာလဲ” လို့ ကျမ ချက်ချင်း ပြန်မေးတော့ ပြန်မဖြေခဲ့ဘူး။
လေ့ကျင့်မွမ်းမံ သင်တန်းတွေ ပြန်လုပ်နေတဲ့အချိန် သင်တန်းတက်နေရင်း တညနေမှာ ဖျားနာခြင်း လုံးဝမရှိဘဲ အ ကောင်းကြီးကနေ တကိုယ်လုံး ညောင်းကိုက်ပြီး အန်တာနဲ့ ၀မ်းလျောတာနဲ့ တပြိုင်တည်းဖြစ်ပြီး သတိလစ်သွားတယ်။ သတိရလာတော့ ခြေထောက်နှစ်ဘက် လက်နှစ်ဘက်စလုံးမှာ ပုလင်းကြီးတွေ ချိတ်ထားတယ်။ ခြေသည်းတွေ လက် သည်းတွေ အားလုံး ပုတ်ကုန်တယ်။ လူကအရိုးပေါ်အရည်တင်ပဲ ကျန်တယ်။ ဆေးရုံကဆရာဝန်တွေလည်း ဒါမျိုးလက္ခ ဏာ တခါမှမတွေ့ဖူးဘူးတဲ့။ အဲဒီအချိန်မှာ ရင်းမှူးသိုက်ထွန်းဦးနဲ့ ရဲဘော်မြဇော် ရောက်လာပြီး သတင်းမေးတယ်။ “ဆေးသောက်တယ်ဆို” တဲ့၊ “ဆေးရုံတက်နေပါတယ် ဆိုမှ ဆေးသောက်တာပေါ့” လို့ အူကြောင်ကြောင်နဲ့ ဖြေမိတော့၊ “အဲဒီဆေးကို ပြောတာမဟုတ်ဘူး။ ဆေးဖြုတ်ချတယ် ကြားလို့” တဲ့၊ ကဲ ကာယကံရှင်က အခုမှသတိရလာခါစ ကျောင်း သားတပ်မှာတော့ “ဖမ်းတော့မယ်မှန်း သိလို့ ဆေးဖြုတ်ချတယ်” ဆိုတဲ့ သတင်းက ပြန့်နေပြီ။ ဘယ်သူတွေက ဒါတွေကို ဖြန့်နေကြတာလဲ။ ဘယ်သူ့ကို သွားရှင်းပြ ရမှာလဲ။

ဒါတွေအားလုံးဖြစ်ပျက်ပြီး တပ်ထဲမှာ နေချင်စိတ်ကုန်သွားလို့ (၁၉၉၂ ၉၃) ဗဟိုနဲ့ (၁၇) ရက်လောက် မေခ မေလိခ၊ ချီ ဖွေလောခေါင်ကားလမ်းကို ဖြတ်ပြီးသွားရတဲ့ တပ်မဟာ(၁)နယ်မြေ အင်ဂွန်းလရွာကလေးမှာ ကျောင်းဆရာမသွားလုပ်ဖို့ ကျမနဲ့ အန်တီအေး (မန္တလေးမှာ အဖမ်းခံခဲ့ရတဲ့ တောထဲကနေ ကိုမျိုးဝင်း ပြန်လွတ်တဲ့ ယူဂျီ မမူရဲ့ညီမ ရဲမေ မခင်မာ အေး) ကိုသံချောင်းဆီ သွားခွင့်တောင်းတုန်းက သူက ကျမသွားမှာကို စိတ်မကောင်းဖြစ်ပြီး “ငါ မင်းကိုယုံတာပဲ မင်းက ဆေးဖြုတ်လိုက်တာကိုး” တဲ့။ ကိုသံချောင်းဆိုတဲ့လူက အဲဒီလိုလူမျိုး။
ကြောင် (ခ) ကိုကျော်နိုင်ဦးကို ဖမ်းတဲ့အချိန်တုန်းကလည်း ကိုသံချောင်းက ကျောင်းသားထောက်လှမ်းရေးတွေကို “ငါ့ ကြောင်လေးတော့ ဟုတ်မယ် မထင်ပါဘူးကွာ မင်းတို့ကြည့်လည်း လုပ်ပါအုံး” လို့ ပြောခဲ့တယ်။ အဖမ်းခံထားရတဲ့ ကြောင်ကိုလည်း “မင်း ငါတို့ကို ထမင်းချက်ကျွေးခဲ့တာပဲ ဘာလို့ အဆိပ်ခပ်မသတ်ခဲ့တာလဲလို့ သွားမေးသေးတယ်” အဲဒီတော့ ကြောင်က ပြန်ဖြေခဲ့တယ် “ကျနော် CS ကို ချစ်လို့” တဲ့။

အကျယ်ချုပ်ကနေ လွတ်လာတဲ့ ကြောင် (ခ) ကိုကျော်နိုင်ဦး (သာယာဝတီ၊ လက်ရှိထောင်ကျနေတဲ့ ကိုသံချောင်းကို ကူ ညီပေးနေသူ) အဆောင်ရှေ့မှာ ကျမကို လာပြောခဲ့တာ ရှိတယ်။ “မင်းကို မျက်မြင်သက်သေအဖြစ် ချန်ထားနိုင်ဖို့ အား လုံးက ၀ိုင်းကာထားကြတယ်။ (နောက်ပိုင်းမှာ ကိုသန်းဇော်ပြောပြတာက မင်း အဲလို ဗြောင်ပြော ဗြောင်ဖိုက် နေတာတွေ က မင်းကို ကယ်သွားတာတဲ့) ကိုအောင်နိုင်ကလည်း မသေချာဘူး။ သူ့ရဲ့ပစ္စတို အသိမ်းခံထားရတယ်။ ငါ သူ့ကို စိတ်မချ လို့ ထွက်မပြေးသေးတာ” တဲ့၊ သူပြေးခါနီးအချိန် ကေအိုင်အေ အပစ်အခတ်ရပ်ပြီး (၁၉၉၄ ၉၅) မှာ “ငါ မနက်ဖြန်ဆို ဒိုး ပြီ” လို့ ကျမ လိုက်ချင်လည်းလိုက်လို့ရအောင် ယုံယုံကြည်ကြည်နဲ့ အသိလာပေးခဲ့တယ်။
အခုနေပြန်စဉ်းစားရင် အဲဒီအချိန်က သတိလစ်ပြီးဆေးရုံရောက်သွားတာ အဆိပ်များမိခဲ့သလားလို့တောင် သံသယဖြစ် လာတယ်။ အဲဒီလိုဖြစ်ခဲ့တာဟာ ကျမအတွက်အကောင်းလား အဆိုးလား ကျမ မသိဘူး။

(၁၉၉၂) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်၊ လေ့ကျင့်မွန်းမံသင်တန်းက ရဲဘော် ရဲမေတွေကို ဘွန်လွန်းဘက် တရက်ခရီးလွတ်လိုက်တယ်။ နောက်တန်း မှာ ယုံကြည်စိတ်ချရတဲ့ ရဲဘော်တချို့ပဲ ကျန်ခဲ့တယ်။ ရဲမေဆောင်မှာ နေမကောင်းလို့ သင်တန်းကထွက်ခဲ့တဲ့ ကျမနဲ့ ကျမကို စောင့်ကြည့်နေတဲ့ ရဲမေ ဂျူးဂျူး (ခ) မာမာထွန်း (မိုးကောင်း၊ နောင်မှာ ကိုသံချောင်းဇနီးဖြစ်လာသူ) နှစ်ယောက် ပဲ ရှိတယ်။ အဲဒီအချိန်မှာ အတွင်းရေးမှူး ကိုအောင်နိုင်နဲ့ ကိုယ်ရံတော် ကျားလေး (ခ) ရဲဘော်အောင်စိုး ရှေ့တန်းသွားသ လို ၀တ်စုံအပြည့်နဲ့ ရောက်လာပြီး “ခရာမှုတ်သံ မကြားဖူးလား” လို့မေးတော့ နှစ်ယောက်စလုံးက “မကြားဖူး ဘာဖြစ်လို့ လဲ” ပြန်မေးတော့ မဖြေဘဲ ပြန်ထွက်သွားတယ်။

ခဏနေတော့ အာဆန်ကုန်းဘက် တက်သွားတဲ့ လူတန်းရှည်ကြီးကို ကျမတို့နေတဲ့ ရဲမေဆောင်ကနေ လှမ်းမြင်လိုက် တော့ “မဂျူး အဲဒါ ဘာလုပ်တာလဲ” လို့ ကျမမေးကြည့်တော့ “သတ်လိမ့်မယ်ထင်တယ်” တဲ့၊ ကျမက သူ့ကို “သွားကြည့် မယ် လိုက်မလား” လို့ မေးတော့ “မလိုက်ချင်ဘူး” တဲ့၊ “ဘာပဲဖြစ်ဖြစ် ငါသိကို သိနေရမယ်” ဆိုတဲ့စိတ်က ကျမကို အမြဲ တွန်းအား ပေးနေခဲ့တယ်။

ကျမ သူတို့ရှိတဲ့နေရာ ကုန်းပေါ်ကိုရောက်တော့ ကိုသံချောင်းက “ဟာ မင်းကြည့်ရဲမှာ မဟုတ်ဘူး။ ပြန်ပြန်လို့ပြောတယ်။ ကျမက ရပါတယ်လို့ ပြောရင်း သူတို့နားမှာ ၀င်ထိုင်လိုက်တယ်။ တန်းစီလျက်ရှိနေတဲ့ အသတ်ခံရမဲ့လူ (၁၅) ယောက်ရဲ့ မျက်နှာတွေကို ကျမကြည့်ခွင့်ရခဲ့တယ်။ တူးထားပြီးသားတွင်းတွေရဲ့ ရှေ့မှာ အားလုံးကတည်တည်ငြိမ်ငြိမ်နဲ့။ တယောက် စီကို ဟုတ်သလား ထပ်မေးတော့ ခွဲမှူးသာဓု (မိုးကောင်း) တယောက်ပဲ သူဟာ ငယ်ငယ်ကတည်းက မိဘမဲ့မို့ ရဲရိပ်သာ က ခေါ်ယူမွေးစားခဲ့တယ်။ ဒီကိုတာဝန်နဲ့ လွတ်လိုက်တာ ဟုတ်ပေမဲ့ ဒီရောက်တော့ ကျောင်းသားရဲဘော်တွေကို သံ ယောဇဉ်တွယ်သွားလို့ သူ့ကိုခိုင်းခဲ့တာတွေ ဘာတခုမှ မလုပ်ခဲ့ပါဖူးလို့ ရှည်ရှည်ဝေးဝေး ရှင်းပြတာကလွဲရင် အားလုံးက “ဟုတ်ပါတယ်” လို့ပဲ ၀န်ခံခဲ့ကြတယ်။

အသတ်ခံရတဲ့ အထဲမှာပါတဲ့ မခင်ချိုဦး (ရန်ကုန်) ဟာ နန်းအောင်ထွေးကြည်၊ တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့ သူတဦး ဖြစ်သလို၊ တောထဲလာခဲ့တဲ့လမ်းမှာပဲ တိုက်ပိတ်နဲ့အိမ်ထောင်ကျခဲ့တဲ့ တိုက်ပိတ်ရဲ့အမျိုးသမီးလည်းဖြစ်ပါတယ်။ ကျမ မြောက်ပိုင်းရောက်စက ကျမနဲ့စားအတူ အိပ်အတူဖြစ်အောင် ခင်မင်သွားတဲ့သူတဦး ဖြစ်သလို သူ့မှာရှိနေတဲ့ ပဲပုတ် ခြောက်လေးတွေ မီးကင်ပြီး ကျမကို သုတ်ကျွေးတတ်တယ်။ ပြန်စဉ်းစားမိတော့ မခင်ချိုဦးဟာ နန်းအောင်ထွေးကြည်နဲ့ အတူလာခဲ့ပေမဲ့ သူတို့နှစ်ယောက် အတူတွဲပြီး နေထိုင်စားသောက် သွားလာဆက်ဆံတာမျိုးတွေ ကျမ တခါမှ မမြင်ခဲ့ဖူး တာကို သတိထားမိလာတယ်။ မခင်ချိုဦးက ရန်ကုန်တက္ကသိုလ် မြန်မာစာကျောင်းသူလို့ ပြောခဲ့ပေမဲ့ ရန်ကုန်တက္ကသိုလ် ရဲ့အနေအထားကို မေးကြည့်တော့ သူဘာမှမသိဘူး ဖြစ်နေတဲ့အပြင် သူရဲ့နေပုံထိုင်ပုံတွေအရ ကျောင်းသားထောက် လှမ်းရေးဘက်က သူ့ကို မကောင်းတဲ့မိန်းမသဘော ယူဆထားတာကို ကြားခဲ့ရတယ်။

ဒါနဲ့ပတ်သက်ပြီး နန်းအောင်ထွေးကြည်ကို ကျမမေးကြည့်တော့ “သူ တက္ကသိုလ်ကျောင်းသူ ဟုတ်မဟုတ် ငါမသိဘူး။ ငါ ကတော့ စိတ်ပညာနဲ့ စာပေးစာယူ ယူထားတာပဲ၊ သူနဲ့ငါက NLD မှာ လုပ်ရင်းတွေ့ကြတာ။ သူ အရမ်းဆင်းရဲတယ် ဆို တာတော့ ငါသိတယ်။ အခု ကျူးကျော်ရပ်ကွက်တွေ ဖျက်လိုက်တော့ သူတို့မိသားစုတောင် ဘယ်ရောက်နေလဲ မသိ တော့ဘူး။ (တိုက်ပိတ် (ခ) သန်းထွန်းစိုးတော့ သိနိုင်မယ်လို့ ကျမထင်တယ်)၊ ပြီးတော့ မိချို ထွက်ဆိုတာတွေမှန်သမျှ ငါ ကနောက်ကနေ ဒိုင်ခံလိုက်ဖြေနေရတာ။ ငါကတော့ အားလုံးကို သန်းထွန်းစိုး (ခ) တိုက်ပိတ်ကိုချည်းပဲ လွဲချဖြေခဲ့တာ” လို့ ပြောခဲ့တယ်။ သေချာတာကတော့ မခင်ချိုဦးဟာ လည်မလိုလိုနဲ့ အူတူတူအတတထဲက၊ အသုံးချခံလိုက်ရတာ ဖြစ်ဖို့ များပါတယ်။

တန်းစီနေရာကနေ တယောက်စီ နေရာတွေချပေးဖို့ ခေါ်ထုတ်တဲ့အချိန်မှာ ကိုထွန်းအောင်ကျော်က “VCS,CS တို့ မှား မယ်နော်” လို့ စကားတခွန်း ပြောသွားခဲ့တယ်” ကျည်ဆံကို အသုံးမပြုဘ၊ဲ ဓါးကိုအသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ သတ်မယ့်သူ (၁၅) ယောက်လုံးရဲ့ အ၀တ်အစားတွေကို ပခုံးအောက်ကျောလယ်လောက်ထိ ချွတ်ချခဲ့ကြတယ်။ (နန်းအောင်ထွေး ကြည် ပြောခဲ့သလို မခင်ချိုဦးကို တကိုယ်လုံးချွတ်ချပြီး ရဲဘော်တွေကို မုဒိမ်းကျင့်ခိုင်းတယ်ဆိုတဲ့အချက်က မမှန်ကန်ပါ။ မြောက်ပိုင်းက ရဲဘော်တွေအားလုံးကို သိမ်းကြုံးစော်ကားသလို ဖြစ်နေပါတယ်။ မလုပ်ရတာကြာပြီ လုပ်ချင်လုပ်လို့ ပြော ရအောင်လည်း အဲဒီအချိန်မှာ ရဲဘော်တွေအားလုံးက လူပျိုတွေချည်းပါ။ ကျော်ခိုင်ဝင်း အပါအ၀င် တခြားရဲဘော်တွေ လည်း အများကြီးရှိပါတယ်) ၁၅ ယောက်ကို သူလျှိုတွေအဖြစ် သေဒဏ်ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီထဲက ဘယ်သူတွေ ပါဝင်ဆုံးဖြတ်ခဲ့တာ ကျမ မသိခဲ့ပေမယ့် အမိန့်ပြဋ္ဌာန်းကိုတော့ အားလုံးကိုယ်စား ကိုမျိုးဝင်းတယောက်ပဲ တာဝန်ခံလက်မှတ်ထိုးပြီး ထုတ်ပြန်ချက်ကို ရဲဘော်တွေကြားအောင် ဖတ်ပြခဲ့တာကိုတော့ ကြားခဲ့ရတယ်။

တကယ်လုပ် တော့မယ့် အချိန်မှာတော့ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းက ကျမကိုပြန်ခိုင်းခဲ့သလို ကျမကိုယ်တိုင်လည်း လက် တွေ့ကျ ကြည့်နိုင်တဲ့အားမရှိတာမို့ ပြန်ဆင်းလာခဲ့ပေမယ့် ကျမခေါင်းထဲမှာတော့ မေးခွန်းတွေ တခုပြီးတခု ရောက်လာခဲ့ တယ်။ ဒါတွေ စဖြစ်ကတည်းက “ဘာတွေဖြစ်နေတာလဲဆိုပြီး အဖြစ်အပျက်အမှန်ကို အသိချင်ဆုံး လူထဲမှာ ကျမရှေ့ ဆုံးက ပါခဲ့တယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့

နေ့သစ်မှ ကူးယူဖေါ်ပြပါတယ်။ အပိုင်း (၅) ကို ဒီမှာ ဖတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ..

15 comments:

(
"ABSDF ဥက္ကဌဟောင်း ၃ ဦးသို့ ပန်ကြားခြင်း" ကို ရေးတဲ့ ဆလိုင်းကိုကိုဦး ဟာ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပြီး နောက်တော့ ABSDF အထွေထွေအတွင်းရေးမှုး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ )


September 3, 2012

ABSDF မြောက်ပိုင်းပြန်များက ကမ်းလှမ်းထားသော ပူးပေါင်း ဖြေရှင်းမှုကို လက်သင့်ခံရမည်ဟု ယူဆပါက မြောက်ပိုင်းပြန်ကျောင်းသားတွေနဲ့ တရားဝင် တွေ့ခဲ့စေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့အားလုံး မကဒတ (ကျောင်းသားတပ်မတော်) ရဲ့သမိုင်းကို ဆေးကြောပေးဖို့ (သို့မဟုတ်) တာဝန်ခံ ဖြေရှင်းပေးဖို့ တာဝန်ရှိနေပါတယ်။

ခင်ဗျားတို့စိတ်ထဲမှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ
ခင်ဗျားတို့နဲ့ သက်ဆိုင်တဲ့၊ ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍတွေကို ကာယကံရှင်တွေနဲ့ တွေ့ဆုံ ဖြေရှင်းခြင်းအားဖြင့် အကျိုးရလဒ်တခု ရမယ်လို့ မျှော်လင့်ပါတယ်။

( "ABSDF ဥက္ကဌဟောင်း ၃ ဦးသို့ ပန်ကြားခြင်း - ၂" သို့ ဆက်ဖတ်ပါ။)

-
တကယ်လို့ ခင်ဗျားတို့က ရင်ဆိုင် မဖြေရှင်းလို၍ဖြစ်စေ၊ ရှောင်ရှားလိုစိတ်ကြောင့်ဖြစ်စေ အခွင့်အရေး ရခိုက်မှာ မလုပ်ခဲ့ဘူး ဆိုရင် မြောက်ပိုင်းပြန်များက စွပ်စွဲ ပြောဆိုချက်များအားလုံးကို ခင်ဗျားတို့က တေ့တေ့ဆိုင်ဆိုင် ပြန်လည် ဖြေရှင်းနိုင်သည့် အခွင့်အရေးများအားလုံးကို ဆုံးရှုံးရမှာ ဖြစ်သလို ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဦးဆောင်ခဲ့တဲ့ ကျောင်းသားတပ်မတော် အဖွဲ့အစည်းထက် ခင်ဗျားတို့၏ အနာဂတ်နိုင်ငံရေးကို ဦးစားပေးနေသည်ဟု ယူဆရမည်သာ ဖြစ်သည်။

နိုင်ငံရေးခေါင်းဆောင် ဆိုတာ မည်သည့် နေရာမှာမဆို၊ မည်သည့် ပြဿနာကိုမဆို ရဲရဲဝံ့ဝံ့ ဖြေရှင်းရဲရမည်သာဖြစ်သည်။ မကဒတ (ကျောင်းသားတပ်မတော်) ၏ ဂုဏ်သိက္ခာအတွက် ခင်ဗျားတို့ရဲ့ကိုယ်ကျိုး တစုံတရာ ထိခိုက်ခဲ့ရင်တောင် ခင်ဗျားတို့ရဲ့ မကဒတ မှ လုပ်ဖေါ်ကိုင်ဖက်ဟောင်းများကို လေးစားသောအားဖြင့် မြောက်ပိုင်းပြန်ကျောင်းသားတွေနဲ့ တရားဝင် တွေ့ခဲ့တာကို အမှန်တကယ် တွေ့လိုပါကြောင်း အဝေးကနေ ဆန္ဒပြုလိုက်ပါတယ်။

Ko Ko Oo
(ဆလိုင်းကိုကိုဦး)
(EX - ABSDF)

.
The Voice
ရန်ကုန်၊ စက်တင်ဘာ ၁၂


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း မှ ကျောင်းသားများကို စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံခဲ့ရမှုကို ပြည်တွင်းတွင် ဥပဒေနှင့်အညီ တရားစွဲရန် ပြင်ဆင်လျက် ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် တရားစီရင်ခြင်း မခံရပါက အပြည်ပြည်ဆိုင်ရာတရားရုံး ထိ တက်ရောက် တရားစွဲဆိုရန် ကြိုးပမ်း စီစဉ်သွားမည်ဟု သတ်ဖြတ်ခံရခြင်းမှ လွတ်မြောက်လာခဲ့သည့် ABSDF မြောက်ပိုင်း ကျောင်းသားဟောင်းများက ထုတ်ဖော် ကြေညာလိုက်သည်။

ယင်းကြေညာချက်ကို စက်တင်ဘာ ၉ ရက် တနင်္ဂနွေနေ့ ၊ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့၊ ဒက္ခိဏရာမ ဘုရားကြီး အလယ်တိုက်တွင် မြောက်ပိုင်း အမှုမှန် ဖော်ထုတ်ရေးအဖွဲ့က ပြုလုပ်သည့် ပါဂျောင် ရှင်းတမ်း အခမ်းအနား၌ ထုတ်ဖော်ကြေညာခြင်းဖြစ်သည်။

.
ယခုအမှုကို နစ်နာခံခဲ့ရသူ ကျောင်းသားများ တစ်ဦးချင်း အမှုဖွင့် ရင်ဆိုင်နေပါလျှင် အချိန် ကြာမြင့်နေမည် ဖြစ်သောကြောင့် စုပေါင်း အမှုဖွင့် ရင်ဆိုင်သွားမည်ဖြစ်ပြီး တရားခံ စာရင်းကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှင့် တရားရေး အဖွဲ့ထံ တင်သွင်းသွားမည် ဖြစ်ကြောင်း ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုများမှ လွတ်မြောက်လာခဲ့သည့် ကျောင်းသားရဲဘော်ဟောင်း ဦးဆမားညီညီက ပြောသည်။

“ကျွန်တော်တို့ လုံးဝ ခွင့်မလွှတ်၊ မကျေအေး နိုင်ပါဘူး” ဟု ဦးဆမားညီညီ က ဆိုသည်။

အဆိုပါ ABSDF မြောက်ပိုင်း ညှဉ်းပန်းသတ်ဖြတ်မှု ကိစ္စကို ဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်း ဆောင်ရွက်၍ အမှုမှန်ပေါ်ရေးကို တောင်းဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ ပါဂျောင်စခန်း ညှဉ်းပန်း သတ်ဖြတ်မှုများမှ လွတ်မြောက်လာသူ ဦးညီညီက ဆိုသည်။

.
အကယ်၍ နိုင်ငံရေးလှည့်ကွက် များအရ တရားခံများ အနေဖြင့် ပြည်တွင်းတွင် ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံရခြင်း မရှိပါက အပြည်ပြည်ဆိုင်ရာတရားရုံး ထိ တက်ရောက်သွားမည်ဟု ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုများမှ လွတ်မြောက်လာခဲ့သည့် ကျောင်းသားဟောင်းများက တညီတညွတ်တည်း ပြောခြင်း ဖြစ်သည်။

ယင်းတရားခံများ ပြည်တွင်းတွင် မရှိတော့ပါကလည်း မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လက်မှတ် ရေးထိုးပြီး ဖြစ်သောကြောင့် အင်တာပို (Interpol) ရဲတပ်ဖွဲ့ မှတစ်ဆင့် ဖမ်းဆီးသွားနိုင်သည်ဟုလည်း သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဦးဆမားညီညီက ဖြေကြားသည်။

ထိုအမှုကို တင်သွင်းရာတွင် အထူး စစ်ဆေးရေး အဖွဲ့ ဖွဲ့ပေးရန် မန္တလေး ပတ်ဝန်းကျင် ပြည်သူများထံမှ ဆန္ဒမဲ လက်မှတ် တစ်သောင်းခန့် ကောက်ခံသွားမည်ဖြစ်ပြီး တစ်ပါတည်း တင်သွင်းနိုင်အောင် ကြိုးပမ်းသွားမည်ဟု ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုများမှ လွတ်မြောက်လာခဲ့သည့် ဦးဆမားညီညီက ဆိုသည်။

.
ABSDF ဗဟို၏ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဦးထွန်းအောင်ကျော်က ယခုကဲ့သို့ ပြောကြားသည်။

“ဒီကိစ္စကို ကျွန်တော်တို့ တရားဥပဒေ ဘောင်တွင်းမှာ ဖြေရှင်းနိုင်အောင် ကျွန်တော့်မှာ ရှိတဲ့ အချက်အလက်တွေ၊ နောက် နော်ဝေက အဖွဲ့ပြုစုထားတဲ့ အချက်အလက်တွေနဲ့ ကျွန်တော် အမှန်အတိုင်း ဖြစ်အောင် လုပ်ဆောင်သွားမယ်။ ဒါမှ သေဆုံးခဲ့သူတွေကို အသိအမှတ် ပြုရာ ရောက်မှာ” ဟု ABSDF ဗဟို၏ ပထမဆုံး ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောကြားသည်။

.
အဆိုပါ ABSDF မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ABSDF မှ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းကာ အမှုမှန် ပေါ်ပေါက်ရန် ထုတ်ဖော်သွားမည် ဖြစ်ပြီး စုံစမ်းရေးကော်မရှင်သည် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားပြန်လည် စည်းလုံးရေးဆီ ဦးတည်ကြောင်း လက်ရှိ ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်း က ဆိုသည်။

ယခုလက်ရှိ ABSDF ဗဟိုကော်မတီသည် အဆိုပါ ABSDF မြောက်ပိုင်း လူအစုလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၇ ရက်နေ့ ရက်စွဲ ဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကာ ယင်းကြေညာချက်တွင် သမိုင်းစာမျက်နှာပေါ်၌ အကြောင်းအကျိုးနှင့် သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်း ဖော်ထုတ်သွားနိုင်ရေး အပါအဝင် ပတ်သက်သူ အားလုံးအတွက် တရားမျှတမှုနှင့် အမှန်တရား ပေါ်ထွန်းရေး သက်ဆိုင်သူများ အားလုံး နားလည် ကျေနပ်မှုနှင့် ပြန်လည် သင့်မြတ်ရေး ရရှိစေရေး စသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဖြင့် ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။

.
အနာဂတ် မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမည့် ခရီးစဉ်တွင် ထိုကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်ကာ မျက်နှာပြောင်တိုက်၍ ဝင်လာသူများ ပြန်လည် ပါဝင်လာမည်ကို လုံးဝ မလိုလား၊ လက်မခံနိုင်ကြောင်း ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုများမှ လွတ်မြောက်လာခဲ့သည့် ကျောင်းသားဟောင်းများက တညီတညွတ်တည်း ဆိုသည်။


ABSDF ဗဟို ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်က ABSDF ဗဟိုတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ အမှုမှန်ကို ဖော်ထုတ်ရန် ကြိုးစားလျက် ရှိပြီး အချိန်မရွေး သက်သေအဖြစ် လိုက်ပေးနိုင်ကြောင်း ပြောဆိုသည်။

.
ယင်းပြဿနာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များကို စုံစမ်း ဖော်ထုတ်ရမည် ဖြစ်ပြီး ယင်းဖြစ်ရပ်တွင် ပါဝင် ပတ်သက်နေသူများ ကလည်း ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ကာ ပြန်လည် သင့်မြတ်ရေး အတွက်လည်း ဦးတည်ရမည့် ပြဿနာ ဖြစ်ကြောင်း၊ အချိန်ယူ ဖြေရှင်းရမည့် ပြဿနာ ဖြစ်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) အဖွဲ့မှ ဒေါက်တာသောင်းထွန်း က ဆိုသည်။

“ဒီ ABSDF မြောက်ပိုင်း ပြဿနာက ထောက်လှမ်းရေး ပါနေတဲ့ အတွက် သူတို့လည်း တာဝန်ရှိတယ်။ အဲဒီတော့ သူတို့လည်း ဖော်ထုတ်ပေးဖို့လိုတယ်” ဟု ဒေါက်တာသောင်းထွန်း က ဆက်လက် ပြောကြားသည်။

.
ABSDF မြောက်ပိုင်း၊ ပါဂျောင်စခန်း အစုလိုက် အပြုံလိုက် နှိပ်စက် သတ်ဖြတ်မှုတွင် တာဝန်ရှိသူများမှာ ဒေါက်တာနိုင်အောင်၊ ရော်နယ်အောင်နိုင်၊ ဦးမျိုးဝင်း (သေဆုံး)၊ ဦးလှဌေး၊ ဦးသံချောင်း၊ ဦးနေတိုး (USA)၊ ဦးအောင်ကြီး (SSA) ၊ ဦးစိန်အေး၊ ဦးလှဆိုင်း၊ ဦးသန်းဇော်၊ ဦးဇော်ဇော်မင်း၊ ဦးအောင်စိုးမြင့်၊ ဦးသက်၊ ဦးဖိုးနှောင်း၊ ဦးနောင်စော တို့ ဖြစ်သည်ဟု ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီဝင်ဟောင်း ဦးညီညီကျော် က ဆိုသည်။


ABSDF မြောက်ပိုင်း၊ ပါဂျောင် စခန်းတွင် ၁၉၉၂ ခုနှစ် နှစ်ဆန်းပိုင်းက ကျောင်းသား ၁၀၇ ဦး ကို စစ်ထောက်လှမ်းရေး အဖြစ် ဖမ်းဆီး စစ်ဆေးခဲ့ရာ ၁၄ ဦးမှာ စစ်ဆေးစဉ် နှိပ်စက်သည့် ဒဏ်ဖြင့် သေဆုံးခဲ့ပြီး ၁၅ ဦးမှာ အာစံကုန်း (လူသတ်ကုန်း) တွင် အသတ်ခံခဲ့ရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၉ ဦး ရှိခဲ့ပြီး ၅၅ ဦးခန့် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း လွတ်မြောက်လာသည့် ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်များက ဆိုသည်။

(The Voice
Vol.8 No.37 မှ ကူးယူ ဖော်ပြသည်။)

-
ကျနော်တို့ကလည်း ဒီမြောက်ပိုင်းအရေး နဲ့ ပါတ်သက်ပြီး တကယ့်အမှန်တရားကို ပေါ်ပေါက်စေခြင်ပါတယ်။ တကယ့်အမှန်တရား ပေါ်ပေါက်မှ အသက်၊ သွေး၊ ချွေး၊ ဘဝတွေ ပေးခဲ့ရတဲ့ ABSDF သမိုင်းကြောင်း သန့်စင်မှာပါ။ ဒီမြောက်ပိုင်းအရေး နဲ့ ပါတ်သက်ပြီး တကယ့်ကြားထဲကနေ နစ်နာခဲ့ရတဲ့သူတွေအတွက်လည်း လုပ်ပေးသင့်တာတွေ လုပ်ပေးနိုင်မှာပါ။


ဒါပေမဲ့ တခုတော့ ပြောခြင်ပါတယ်။ တရားစွဲမယ့်သူတွေ.. ခင်ဗျားတို့ အားလုံး တလေသံထဲ ထွက်အောင် လုပ်ပါဦး။

တရားစွဲမယ့်သူတွေထဲက တစ်ယောက်က အေဘီမြောက်ပိုင်း ဗဟိုကော်မတီဝင် ရှစ်ဦးမှာ တာဝန်ရှိတယ် လို့ ပြောတယ်၊ တစ်ယောက်က မြောက်ပိုင်းက လွတ်လာတဲ့ ၁၀၆ ဦးက လွဲလို့ ကျန်တဲ့ အေဘီမြောက်ပိုင်း ရဲဘော်တွေအားလုံး အပြစ်ရှိတယ် လို့ ပြောတယ်၊ ခု လဲ ဦးညီညီကျော် ပြောထားတဲ့သူတွေက အားလုံးက ပြောနေတဲ့ အေဘီမြောက်ပိုင်း ဗဟိုကော်မတီဝင် ရှစ်ဦး အပြည့်အစုံ မပါတဲ့အပြင် တခြားသူတွေပါ ဆွဲထည့်ထားတယ်။ တရားလိုတွေ တလေသံထဲ ထွက်အောင် အရင် လုပ်ပါဦး။

Zaw Lin
Friends of ABSDF

.
September 7, 2012


အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းမှာ ကျောင်းသားရဲဘော်တွေကို ဖမ်းခဲ့တယ်၊ နှိပ်စက်ခဲ့တယ်၊ သတ်ဖြတ်ခဲ့တယ်။ အဲဒီတုန်းက (၁၉၉၂ ခုနှစ်တုန်းက) အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မီတီက တရားဝင် ကြေညာစာ ထုတ်ခဲ့ခြင်း ရှိမရှိ ကို ကြည့်ရမယ်။ ထုတ်ခဲ့တယ်ဆိုရင် အဲဒီ အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မီတီဝင်တွေအားလုံးက အေဘီမြောက်ပိုင်း နှိပ်စက် သတ်ဖြတ်မှု ကိစ္စ အတွက် တာဝန်ယူ ဖြေရှင်းသင့်တယ်။

တခုတော့ ရှိပါတယ်။ အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မီတီဝင် စာရင်းထဲမှာ ပါတဲ့ ဗဟိုကော်မတီဝင်တိုင်း ဒီ ဆုံးဖြတ်ချက်တွေကို သိသလား ဆိုတာ
ပါပဲ။ အနည်းဆုံးတော့ အဲဒီတုန်းက (၁၉၉၂ ခုနှစ်တုန်းက) အဲဒီ ကြေညာချက်တွေကို တာဝန်ခံ ထုတ်ပြန် ကြေညာခဲ့တဲ့သူတွေ၊ အဲဒီတုန်းက (၁၉၉၂ ခုနှစ်တုန်းက) သတင်း အင်တာဗျူး လုပ်ခဲ့သူတွေကတော့ တာဝန်ယူကို ယူမှ ဖြစ်မယ်။

အေဘီအက်စ်ဒီအက်ဖ် အဖွဲ့အစည်းတရပ်လုံးအနေနဲ့ကလည်း "ဒီ မြောက်ပိုင်း သတ်ဖြတ်မှု ကိစ္စဟာ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့အစည်းနဲ့မဆိုင်၊ အေဘီအက်စ်ဒီအက်ဖ် အတွင်းက အာဏာရှင်ဆန်ဆန် ပြုကျင့်တဲ့ လူရမ်းကား တစုရဲ့ လုပ်ရပ်သာဖြစ်တယ်" ဆိုတာကို သက်သေပြနိုင်ပါမှ အေဘီ ရဲ့ သမိုင်းကြောင်း သန့်ရှင်းနိုင်မှာပါ။

တကယ့်ကို ရိုးသားစွာနဲ့ ပေးဆပ်ခဲ့ကြသူတွေ၊ အေဘီ အပေါ်မှာ သံယောဇဉ်ကြီးကြတဲ့သူတွေ ကျနော် တွေ့ခဲ့တယ်။ သူတို့ဟာ အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်း နှိပ်စက် သတ်ဖြတ်မှု အဖြစ်အပျက်တွေကို ဂဃနဏ မသိဘူး။ ဒါပေမယ့် မြောက်ပိုင်း သတ်ဖြတ်မှု ကိစ္စကို ဖေါ်ထုတ်တာဟာ အေဘီ ကို ထိခိုက်မယ့် အရေး လို့ စိုးရိမ် ကြောင့်ကြပြီး ဒီ အေဘီမြောက်ပိုင်း နှိပ်စက် သတ်ဖြတ်မှု ကိစ္စ ထုတ်ဖေါ်မှုတွေကို တားမြစ်နေကြတယ်။

မဆိုင်ပါဘူး။ အေဘီအက်စ်ဒီအက်ဖ် အတွင်းက အာဏာရှင် လူရမ်းကား တစုရဲ့ မသမာမှုတွေကို ၀ိုင်းဝန်း ဖေါ်ထုတ်ပါမှ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့အစည်းရဲ့ သိက္ခာကို ဆည်နိုင်ပါလိမ့်မယ်။

အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်း နှိပ်စက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ သူတွေကလည်း သတ္တိရှိရှိ ရင်ဆိုင်စေချင်၊ တာဝန်ယူစေချင်တယ်။ နောက်ဆုံးအချိန်မှာ တာဝန်ယူရဲမှုနဲ့ ဂုဏ်သိက္ခာကို ပြန်တည်ဆောက်စေချင်တယ်။

ချိုတူးဇော်


(
ခေါင်းစဉ်ကို click လုပ်ပြီး ဆရာနေဝင်းအောင် ရှင်းပြတဲ့ ABSDF တတိယအကြိမ်ညီလာခံ အကွဲအပြဲ ဗီဒီယို ကို ကြည့်နိုင်ပါတယ်။ )


ABSDF 3th Conference by Saya Nay Win Aung

ABSDF တတိယအကြိမ်ညီလာခံ သမိုင်း
ABSDF (တောင်ပိုင်း) မှ ဆရာနေဝင်းအောင် (နည်းပြ၊ မြန်မာစာဌာန၊ လုပ်သားကောလိပ်) နှင့် တွေ့ဆုံ မေးမြန်းခြင်း


ABSDF မြောက်ပိုင်းမှာ ကျောင်းသားရဲဘော် ၁၀၆ ယောက်ကို ထောက်လှမ်းရေး ဆိုပြီး ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တာတွေက ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ကနေ ၁၉၉၂ ခုနှစ်၊ မေလ အထိ ဖြစ်ပွားခဲ့ပါတယ်။

ABSDF မြောက်ပိုင်းမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေချိန်မှာ ABSDF ဗဟိုမှာ ABSDF တတိယအကြိမ်ညီလာခံ (၁၄-၈-၁၉၉၁ မှ ၂၅-၁၀-၁၉၉၁ ရက်နေ့ အထိ) ကျင်းပနေပါတယ်။

ABSDF တတိယအကြိမ်ညီလာခံ လုပ်နေတုန်းမှာပဲ "ABSDF-ဒေါက်တာနိုင်အောင် အဖွဲ့" နဲ့ "ABSDF-မိုးသီးဇွန် အဖွဲ့" ဆိုပြီး ABSDF ၂ ခြမ်း ABSDF ကွဲသွားပါတယ်။



(
ခေါင်းစဉ်ကို click လုပ်ပြီး ABSDF (တောင်ပိုင်း) မှ ဆရာနေဝင်းအောင် ရှင်းပြတဲ့ ABSDF တတိယအကြိမ်ညီလာခံ အကွဲအပြဲ ဗီဒီယို ကို ကြည့်နိုင်ပါတယ်။ )


ကျောင်းသားချင်း သွေးစွန်းခဲ့ရတဲ့ ABSDF (မြောက်ပိုင်း) လူသတ်ပွဲသမိုင်းရိုင်းမျိုး အနာဂတ် မြန်မာ့သမိုင်းမှာ လုံးဝ ထပ်မဖြစ်ဖို့ အလွန် အရေးကြီးပါတယ်။

သင်ခန်းစာ ယူနိုင်အောင် ABSDF တပ်ဖွဲ့ ဝင်ဟောင်းတွေ၊ လက်ရှိတပ်ဖွဲ့ ဝင်တွေ၊ မျိုးဆက်သစ်တွေ အပါအဝင် ပြည်သူအားလုံး ABSDF အကွဲအပြဲ သမိုင်းကို လေ့လာသင့်ပါတယ်။

(
ခေါင်းစဉ်ကို click လုပ်ပြီး ABSDF (တောင်ပိုင်း) မှ ဆရာနေဝင်းအောင် ရှင်းပြတဲ့ ABSDF တတိယအကြိမ်ညီလာခံ အကွဲအပြဲ ဗီဒီယို ကို ကြည့်နိုင်ပါတယ်။ )


ABSDF အတွင်းက အာဏာရူးတစုရဲ့ မနာလိုစိတ်၊ မတရားတဲ့နည်းလမ်းတွေနဲ့ အနိုင်ယူလိုစိတ်တွေကြောင့် အပြစ်မဲ့ ကျောင်းသားရဲဘော်စစ်စစ်တွေ တောထဲမှာ လူမသိလူမသိ အသတ်ခံခဲ့ရတယ်

မေခလာ
20th September, 2012


၁၉၈၈ ပြည်တွင်း၊ ပြည်ပ က သမိုင်းမှာ ပါဝင်ခဲ့တဲ့
ABSDF တပ်ဖွဲ့ ဝင်ဟောင်းတွေ၊ လက်ရှိတပ်ဖွဲ့ ဝင်တွေ၊
မျိုးဆက်သစ်တွေ လေ့လာသင့်ပါတယ် ။

မြန်မာ့သမိုင်း တလျှောက်လုံး အတွေးအခေါ် ကွဲပြားသွားတာကို
စကားနိုင်လုနည်း၊ အနိုင်ရရေး တခုတည်းနဲ့  ဖြေရှင်းလို့ 
လူသတ်မှုတွေနဲ့  အဆုံးသတ်ခဲ့ရတယ် ။

နောက်ဆုံး ပြည်သူလူထုအတွက် မွန်မြတ်လှတဲ့ စိတ်ဓါတ်တွေဟာ
လူတယောက်နဲ့  တယောက်၊ လူတစုနဲ့  တစု၊ လူတဖွဲ့ နဲ့ တဖွဲ့ 
အပြန်အလှန်နားလည်မှု မတည်ဆောက်နိုင်ဘဲ
ဂိုဏ်းဂဏ ဆိုတဲ့ အောက်တန်းကျလှတဲ့ အဆင့်ကို ရောက်သွားကြတယ် ။

လူ့ အခွင့်အရေးထွန်းကားရေးအတွက်
ဒီမိုကရေစီ တိုက်ပွဲ လမ်းကြောင်းမှာ
၁၉၈၈ ကျောင်းသားတွေရဲ့ 
အသက်တွေ၊ သွေးတွေ ခင်းခဲ့ကြရတယ် ။
အရိုးတွေနဲ့  တံတားထိုးပေးခဲ့ကြရတယ် ။

မနာလိုစိတ်၊ အတင်းအဖျင်းပြောတဲ့စိတ်၊ မတရားတဲ့နည်းလမ်းတွေနဲ့ အနိုင်ယူလိုစိတ်၊
မသေချာတာတွေ၊ အထောက်အထား မရှိတာတွေ၊
လက်တွေ့ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်စိတ်တွေကြောင့်
တောထဲမှာ လူမသိလူမသိ အသတ်ခံခဲ့ရတယ်။

`အတိတ်က ကံ´ လည်း မဟုတ်ဖူး၊ `ဘယ်သူမပြု မိမိမှု´ လည်း မဟုတ်ဖူး၊
ယုတ်မာပြီး ကောက်ကျစ်စဉ်းလဲတဲ့ စိတ်ဓါတ်အခြေခံတွေကြောင့် ဖြစ်တယ် ။

[Credit - May Kha Lar]