မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ABSDF မြောက်ပိုင်း မှတ်တမ်းဗီဒီယိုအပိုင်းအစ(ရုပ်/သံ) ဘာသာပြန်

"ကျန်ာတို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည်း  သူလျှိုတွေအများကြီးလွှတ်ထားပါတယ် "(စမားညီညီ)


စနေနေ့၊ အောက်တိုဘာလ ၁၃၊ ၂၀၁၂
 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီ တပ်ဦး (မြန်မာပြည်မြောက်ပိုင်း ပါဂျောင်ဒေသ) လွန်ခဲ့သည့် ၁၉၉၁-၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မှတ်တမ်းဗီဒီယိုအပိုင်းအစ(ရုပ်/သံ) ဘာသာပြန်


လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ABSDF ကျောင်းသားတပ်မတော်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအချင်းချင်းပြန်လည် ဖမ်းဆည်းမှုကို ထိုစဉ်က ကျောင်းသားစခန်းသို့ ရောက်ရှိနေသာ ဂျပန်သတင်းထောက်တစ်ဦးရဲ့ မှတ်တမ်းဗီဒီယို ဖြစ်ပါသည်။


Video.. မင်းမင်း လတ် ကချင်ဒေသ Kioထိန်းချုပ်ထားတဲ့နေရာကို မြန်မာပြည်မှ ဒီမိုကရေစီအရေးလှုပ်ရှားသူများ မြောက်များလှစွာသော ကျောင်းသားများဟာ ပေါင်းစည်းရောက်ရှိလာကြပါတယ်..

တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှာ အင်အားတောင့်တင်းတဲ့ မြန်မာစစ်တပ်နဲ့ ဆန့်ကျင်တိုက်ပွဲဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ဌာနေမြေထဲမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများ ၈၀၀ခန့် နေထိုင်ခဲ့ပါတယ် မနက်၅နာရီဆိုရင် အားလုံး အိပ်ယာထပြီး စစ်ရေးလေ့ကျင့်နေခဲ့ပါတယ်..အဲဒီအချိန်မှာဘဲ စစ်အစိုးရဘက်က သူလျှိုဆိုပြီး ဖမ်းထားတဲ့ သူတွေကို အပြင်ထုတ်လိုက်ပါတယ်..

သူတို့တွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူကျောင်းသားများထဲမှာ ရောနှောပါဝင်နေတဲ့ စစ်အစိုးရရဲ့ သူလျှိုတွေ..ပါဂျောင်ဒေသမှာ ပြီးခဲ့တဲ့နှစ်က သူလျှိုအယောက် ၈၀လောက်လွှတ်ခဲ့ပါတယ်။။ အဲဒီအယောက် ၈၀ထဲမှ ၁၅ ယောက်ဟာ ဒီနေရာကို မလာခင်မှာ အဖမ်းခံခဲ့ရတာပါ..ကျနော်တို့လို သူလျှိုတွေ စစ်အစိုးရက အများကြီးလွှတ်ထားပါတယ်..တချို့ကတော့ စစ်အစိုးရက အတင်းအကြပ်ခိုင်းလို့၊တချို့ကတော့ငွေပေးလို့ သူလျှိုလုပ်ခဲ့ရပါတယ်..တခြားနေရာတွေမှာလည့်း  သူလျှိုတွေအများကြီးလွှတ်ထားပါတယ် (စမားညီညီရဲ့ ပြောကြားချက်)

အဲဒီအချိန်အခါတုန်း ရော်နယ်အောင်နိုင်ပြောသွားတာကတော့ မြန်မာအစိုးရက ဂျပန်အစိုးရထံမှ ကူညီငွေအထောက်အပံအများကြီးရနေပါတယ်..အဲဒီငွေတွေဟာ ဂျပန်နိုင်ငံသားတွေရဲ့ အခွန်ပေးဆောင်ထားတဲ့ငွေတွေပါ..အဲဒီငွေတွေနဲ့ စစ်အစိုးရက မြန်မာပြည်သူတွေကို သတ်နေပါတယ်.ဒီဟာက ဂျပန်ပြည်သူတွေက မြန်မာနိုင်ငံသားတွေအပေါ် နှိပ်စက်နေတာနဲ့ တူတူပါဘဲ..ကျနော်တို့ဟာ ဂျပန်ပြည်သူပြည်သားတွေကို တောင်းဆိုချင်တာကတော့ မြန်မာစစ်အစိုးရ ကိုထောက်ပံနေတာတွေ လုံးဝရပ်တန့်သွားအောင် ဂျပန်အစိုးရထံ ဖိအားပေးတောင်းဆိုဖို့ပြောချင်ပါတယ် (ရော်နယ်အောင်နိုင်)

ဘာသာပြန်။။ ကိုထွဋ်
ဒီနေရာမှ ကူးယူဖေါ်ပြပါတယ်။

9 comments:

.
Ko Lin Wai Aung
12-10-12


ဒီမှတ်တမ်းဖိုင် ("၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံခြားသတင်းထောက် ၃ ဦးနှင့် ပါဂျောင် အဖမ်းခံ ကျောင်းသားရဲဘော်များ တွေ့ဆုံမှု မှတ်တမ်းတင် ဗွီဒီယိုဖိုင်") ကို ထိုင်းသတင်းထောက် ယင်ဒီး လာတ် ချာ ရွန် ဆွတ်ခ် (Ms. Yindee Lertcharoensok) ၊ မလေးရှား သတင်းထောက် ကင်ဂိုအီ၊ ဂျပန်သတင်းထောက် တာကာဟိတို အုအဲဇိုနို (Takahito Uezono) တို့နဲ့ ပါဂျောင်အကျဉ်းသားများ တွေ့ဆုံစဉ်မှာ ဂျပန်သတင်းထောက် က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်...

ရော်နယ်အောင်နိုင် (ဒီ ဗွီဒီယိုထဲမှာ နေကာမျက်မှန် တပ်ထားသူ) က ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရကို အကူအညီ မပေးဘို့ ပြောကြားနေစဉ် နောက်ကနေ ဂျပန်လို ပြောနေတာကို ကြားကြရမှာပါ...

" `မနေ့ (၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ) ကဘဲ ကျောင်းသားတပ်မတော်အဖွဲ့ဝင် ၁၅ ဦးကို ကွပ်မျက်လိုက်ပြီ´ ဆိုတာကို ကျနော်တို့ကို ပြောကြားခဲ့ပါတယ်" လို့ ဂျပန်သတင်းထောက် (ပရိုဂျူဆာ) ကဘဲ နောက်ကနေ ဂျပန်လို ပြောနေတာ ပါဝင်ပါတယ်....... မှတ်တမ်းဖိုင်ကို ရိုက်ကူးခဲ့တဲ့ ပရိုဂျူဆာက ဂျပန် ရုပ်မြင်သံကြား CHANNEL 4 ကနေ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်...

ဒီ မှတ်တမ်းဗွီဒီယိုဖိုင်ကို မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်များ၏ ၃၁.၈.၂၀၁၂ ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်များကို ထုတ်ဖေါ် ပြသခဲ့ပါတယ်....


(မှတ်ချက် - Ko Lin Wai Aung ဆိုတာ ABSDF မြောက်ပိုင်းမှ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ ကိုရဲလင်း ဖြစ်ပါတယ်။
ကိုရဲလင်းဟာ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် တဦး ဖြစ်ပြီး ၁၉၉၁ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်မှာ "စစ်အစိုးရရဲ့ ထောက်လှမ်းရေး" ဆိုပြီး မမှန်မကန် စွပ်စွဲ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
ကိုရဲလင်းဟာ အာဏာရူး လူရမ်းကား ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်း တို့ ဦးဆောင်တဲ့ အုပ်စုရဲ့ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှု အမျိုးမျိုးကို ခံနေရာက ၁၉၉၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ ရဲဘော်ဘာဘူ (ခေါ်) မြင့်သိန်း ဦးဆောင်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ ၅၅ ယောက်ထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။)


Ko Lin Wai Aung @ facebook


http://www.facebook.com/kolinwai.aung



မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် နဲ့
RFA အမေးအဖြေ


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာ နိုင်အောင် ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလက မြန်မာနိုင်ငံကို လေ့လာရေးခရီး သွားရောက်ခဲ့ပါတယ်။

လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ ABSDF မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာနိုင်အောင်ကို RFA က တွေ့ဆုံ မေးမြန်းထားပါတယ်။



RFA ။ ---------- ။ ကိုနိုင်အောင် အနေနဲ့ ပြည်တွင်းကို ပထမဆုံး ပြန်ဝင်တဲ့အချိန်မှာ ပြန်ပြီး လေ့လာတဲ့အချိန်မှာ လေဆိပ် ထွက်ထွက်ချင်း ပထမဆုံး ကြုံတွေ့ရတာကတော့၊ သတင်းထောက်တွေ မေးတာကတော့ မြောက်ပိုင်း ABSDF မှာ ဖြစ်ခဲ့တဲ့ အချင်းချင်း ထောက်လှမ်းရေး ဆိုပြီးတော့ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တဲ့ ကိစ္စကို မေးကြပါတယ်။

အဲဒီတော့ ကိုနိုင်အောင် တယောက်ထဲ ခေါင်းခံရတယ်လို့ ကိုနိုင်အောင် ခံစားရသလား၊ ဘယ်လို ခံစားရသလဲ။



ဒေါက်တာနိုင်အောင် ။ ---------- ။ ကျွန်တော် အမြဲတန်း ပြောပါတယ်။ ၉၁ - ၉၂ ဒီကိစ္စတွေ စဖြစ်တုန်းကလည်း ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ တာဝန်ရှိတယ်၊ တာဝန်ခံတယ် ဆိုတာကလည်း အဖွဲ့အစည်းသဘောပါ။ တာဝန်ခံတဲ့သဘောပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော် အခုထက်ထိ တာဝန်ခံပြီးတော့ ဖြေနေတာပေါ့လေ။

ဆိုတော့ လောလောဆယ်မှာတော့ ကျွန်တော်က ရောက်သွားတဲ့လူ၊ ဖြေနေတဲ့လူ ဆိုတော့ ကျွန်တော့်အဖို့ ဖြေနေရသလိုပဲ ဖြစ်တာပေါ့။ ဒါပေမယ့် ဒါက အခုစကားနဲ့ပဲ ဆက်ပြောမယ်ဆိုရင် ဒါ ကျွန်တော်ရဲ့ တာဝန်ခံမှုပေါ့။ အဲဒီလိုပဲ ကျွန်တော် ယူဆပါတယ်။
.



RFA ။ ---------- ။ ဟုတ်ကဲ့ခင်ဗျ။ မြောက်ပိုင်းပြန်တွေကလည်း ကိုနိုင်အောင်တို့ကို အဓိကထားပြီး စွပ်စွဲနေပြီ၊ ABSDF ကလည်း ဒီကိစ္စ တောင်းပန်ပြီ ဆိုတော့ အဲဒီအပေါ်မှာရော ကိုနိုင်အောင် ဘယ်လို သဘောထား အမြင် ရှိသလဲ မသိဘူး။



ဒေါက်တာနိုင်အောင် ။ ---------- ။ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ် ဆိုတာက နောက်ပိုင်းမှ တဖြည်းဖြည်း သိလာရတာ။

ဒါပေမယ့် စစချင်း စဖြစ်ကတဲကိုက ကျွန်တော်တို့ အရင်ဆုံး လုပ်တဲ့ကိစ္စကတော့ ဆက်ပြီးတော့ မသတ်ဖို့နဲ့ နောက်ပြီးတော့ အဖမ်းခံရတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့ ကိစ္စကို ကျွန်တော်တို့ ဗဟိုက ဆက်လုပ်တာပါ။ အဲဒါ ကျွန်တော်တို့ရဲ့ တာဝန်ခံမှုပါပဲ။

ကျွန်တော်တို့က လူတယောက်ကနေ လူတယောက်ကို သေဒဏ် အပြစ်ပေးတာမျိုး၊ အသက်ကို ဆုံးဖြတ်တာမျိုး ကျွန်တော်တို့ မကြိုက်ပါဘူး။

ကျွန်တော်တို့ အချိန်တုန်းက အဖွဲ့အစည်းက နုနယ်တယ်၊ အတွေ့အကြုံတွေ အားနည်းတယ်၊ နောက် စစ်သွေး စစ်မာန်တွေ ရှိတဲ့အချိန်မှာ မှားတတ်ကြတာတွေ ရှိတယ်။

ဒါပေမယ့်လို့ ကာယကံရှင်တွေ နစ်နာတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဒီဟာကို စိတ်မကောင်းဘူး၊ ဝမ်းနည်းတယ်၊ ဒီဟာကို တောင်းပန်တယ်လို့ ကျွန်တော်တို့ ပြောခဲ့ပြီးသားပါ။
.



RFA ။ ---------- ။ တပ်အများစုမှာတော့ အပြစ်ပေးတာတွေ ရှိတာပေါ့။ တချို့ဆိုရင် အများစုမှာ သေဒဏ်တောင် ပေးတာတွေ၊ ဘာတွေ ရှိပါတယ်။ သို့သော် အခုလို ရက်ရက်စက်စက် လုပ်တယ်လို့ စွပ်စွဲလိုက်တဲ့အပေါ်မှာ၊ ရက်ရက်စက်စက် လုပ်တဲ့အပေါ်မှာကျတော့ ကိုနိုင်အောင်က ဘယ်လို မြင်မိသလဲ။


ဒေါက်တာနိုင်အောင် ။ ---------- ။ မကောင်းဘူးပေါ့ဗျာ။ မဖြစ်သင့်ဘူးပေါ့။ တကယ်တန်း ပြောရင်တော့ ဖိနှိပ်မှုကြားထဲမှာ ရှိနေတဲ့၊ ခံစားနေရတဲ့ ဥစ္စာကိုပဲ နောက်တခါ ထပ်ပြီးတော့ ဖိနှိပ်မှု ခံစားရတယ် ဆိုတော့ သူသူကိုယ်ကိုယ် ဘယ် ကျေလည်နိုင်ပါ့မလဲ။ ဟုတ်တယ် မဟုတ်လား။

ဆိုတော့ ဒီဟာတွေအပေါ်မှာပဲ ကျွန်တော်တို့က အဖြစ်မှန်ကို သေသေချာချာ ပေါ်ပေါက်အောင် လုပ်သင့်တယ်၊ အဲဒီကိစ္စအပေါ်မှာ ကျွန်တော်တို့လည်း အပြည့်အဝ ပူးပေါင်း ပါဝင်မယ်၊ နောက် ကျွန်တော်တို့ ဖြစ်တဲ့အတိုင်းပဲ ဆက်ပြီးတော့ အရေးယူ ဆောင်ရွက်သွားဖို့ပေါ့လေ... ကျွန်တော်တို့ အမြဲတန်း ပြောပါတယ်။
.



RFA ။ ---------- ။ မြောက်ပိုင်းပြန် ABSDF ရဲ့ အဖွဲ့ဝင်ဟောင်းတွေက သူတို့က သေတွင်းက ထွက်ပြေး လွတ်မြောက်ခဲ့တယ်ပေါ့။ အဲဒီတော့ အခု ကိုနိုင်အောင်က ပြည်တွင်းမှာ ပြန်ရောက်တဲ့အချိန်မှာ သူတို့အနေနဲ့ ကိုနိုင်အောင်နဲ့ တွေ့ချင်ပါတယ် ဆိုပြီးတော့ တချို့ဂျာနယ်တွေမှာ ပါလာတာ ရှိပါတယ်။

အဲဒီတော့ သူတို့က ကိုနိုင်အောင်နဲ့ တွေ့ခွင့် တောင်းပေမယ့်လို့ ကိုနိုင်အောင်နဲ့ တွေ့ခွင့် မရဘူးပေါ့လေ... အဲဒီအပေါ်မှာရော ကိုနိုင်အောင် အနေနဲ့ ဘာပြောလိုပါသလဲ။



ဒေါက်တာနိုင်အောင် ။ ---------- ။ ကျွန်တော်က ပထမကိစ္စကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပါဝင် ပတ်သက်မှုပေါ့နော်။ ကျွန်တော် ခဏခဏ ပြောတာ ရှိတယ်... မြောက်ပိုင်း ကိစ္စတွေက ကျွန်တော်တို့ တောင်ပိုင်းက လူတွေက ဖြစ်ပြီးတော့မှ သိရတာ။

နောက်ပြီးတော့ ကျွန်တော်တို့ အဲဒီအချိန်မှာ ရှိတဲ့ စခန်းတွေရဲ့ အနေအထားက ကျွန်တော်တို့ ဗဟိုကော်မတီ ဆိုတာက မူ၊ ပေါ်လစီတွေ ချတာနဲ့ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးပဲ လုပ်ခွင့်ရှိတယ်။ စခန်းတွေအားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဆုံးဖြတ်ကြတာလေ။ ဆိုတော့ မြောက်ပိုင်းလို ကိစ္စမျိုးက အများကြီး ဝေးပါတယ်။

နောက်တခုက ကျွန်တော်တို့ အဲဒီအချိန်မှာ ဗဟိုက ဖွဲ့စည်းပုံအရကိုပင်လျှင် ကျွန်တော်တို့က စီမံခန့်ခွဲရေးနဲ့ တရားဥပဒေဆိုင်ရာ ဆုံးဖြတ်မှုတွေ လုပ်လို့ရတာ မဟုတ်ဘူး။

နောက် ပို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တာက အဲဒီအချိန်မှာ ကျွန်တော်တို့က ကွဲနေတယ်။ ကွဲတဲ့အချိန်မှာမှ မြောက်ပိုင်းက ကျွန်တော်တို့အထဲမှာ ပါလာလို့ ကျွန်တော်တို့ ဖြစ်တဲ့ ကိစ္စမျိုး ဖြစ်တာကိုး။ ဒါက အဖွဲ့အစည်းပိုင်း အနေအထားပေါ့။

ဆိုတော့ ကျွန်တော် ပြောပြချင်တာက ဘာလဲဆိုတော့ ကျွန်တော်က လက်ရှိ ABSDF ရဲ့ တာဝန်ရှိတဲ့ လူ မဟုတ်ဘူး။ ကျွန်တော် ဗမာပြည်ကို မသွားခင်မှာ ABSDF က ခေါင်းဆောင်တွေနဲ့ ကျွန်တော်နဲ့ ညှိပါတယ်။ ကျွန်တော်တို့ ဗမာပြည် သွားရမယ်၊ သွားမယ်ဆိုလို့ရှိရင် ဒီ မြောက်ပိုင်းကိစ္စက မလွဲမသွေ ကြုံရမယ်။ အဲဒီတော့ ကျွန်တော် ပြောမယ့် ကိစ္စတွေကတော့ အရင်က ပြောထားပြီးသားတွေ ရှိတယ်။ အဲဒါ ပြောမယ် ဆိုတာကို သဘောတူသလား။ နောက် ကျွန်တော့်အနေနဲ့ မြောက်ပိုင်းက ရဲဘော်တွေရဲ့ မိသားစုတွေနဲ့ တွေ့မယ်ဆိုရင် တွေ့လို့ ရသလား။

ဆိုတော့ ABSDF ခေါင်းဆောင်တွေ အကြံပေးတာကတော့ ဒီကိစ္စက ABSDF က အဖွဲ့အစည်း အနေနဲ့ပဲ ဖြေရှင်းပါ့မယ်လို့ ပြောတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်က အဲဒီလိုမျိုး ဆုံခွင့် မရပါဘူး။

နောက် ဗမာပြည်အထဲမှာ ကျွန်တော့်ကို ထပ်ပြီးတော့ မေးကြပါတယ်။ မေးတဲ့အခါမှာ ကျွန်တော် အဖွဲ့အစည်းကို ပြန် တင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ အဖွဲ့အစည်းက ပြောတာက ABSDF အနေနဲ့ပဲ ရှင်းပါ့မယ်။ အဲဒီတော့ ကျွန်တော်တို့ အခု အင်တာဗျူး လုပ်တဲ့ ပုံစံလောက်ပဲ နေပေးပါ ဆိုလို့ ကျွန်တော် အဲဒီအတိုင်းပဲ နေတာပါ။
.



RFA ။ ---------- ။ ဟုတ်ကဲ့။ ကိုနိုင်အောင်ရဲ့ အစီအစဉ်ထဲမှာ အသတ်ခံရတဲ့ လူတွေရဲ့ မိဘတွေနဲ့ တွေ့ဖို့ မူလက ကိုယ့် တသီးပုဂ္ဂလ အစီအစဉ် ရှိတယ်၊ အဲဒီလိုလား။



ဒေါက်တာနိုင်အောင် ။ ---------- ။ ကျွန်တော့်သဘော ပြောရင်တော့ မျက်နှာချင်းဆိုင်ပြီးတော့ ဘာကိစ္စ မဆို ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ ဆွေးနွေးလိုက်တာ အကောင်းဆုံးပဲ။ ကျွန်တော်က အဲဒီသဘော ရပါတယ်။
.



RFA ။ ---------- ။ ဟိုတုန်းကဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပဲခူးရိုးမထဲက အဲဒီတုန်းက အခေါ် ဖြုတ်-ထုတ်-သတ် ပေါ့၊

ဖြုတ်-ထုတ်-သတ် ပြဿနာ ကြောင့် နောက်ပိုင်းလူငယ်တွေရဲ့ စိတ်ဝင်စားမှု၊ မြန်မာပြည်သူလူထုရဲ့ စိတ်ဝင်စားမှု မရတဲ့အတွက် ရှစ်လေးလုံး လိုဟာမျိုး ဖြစ်တဲ့အချိန်မှာ ကိုနိုင်အောင်တို့ အပါအဝင် ကျောင်းသားတော်တော်များများဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေကိုပဲ ထွက်ခွာသွားကြတယ်။

ဆိုတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍဟာ လူထုရဲ့ စိတ်ဝင်စားမှု မရခဲ့ဘူး။

အခုလို မြောက်ပိုင်းကိစ္စ ဖြစ်တဲ့အချိန်မှာ ကရော ဗမာပြည်ကွန်မြူနစ်ပါတီလိုမျိုး လူထုရဲ့ စိတ်ဝင်စားမှု လျော့သွားနိုင်သလား... အခု လက်ရှိအနေအထားမှာ။



ဒေါက်တာနိုင်အောင် ။ ---------- ။ ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်တဲ့ ကိစ္စ - ကွန်မြူနစ်ပါတီတော့ ကျွန်တော် မပြောချင်ပါဘူး။ အဲဒီ အဖွဲ့အစည်းမှာ ဖြစ်တဲ့ ဖြုတ်-ထုတ်-သတ် ကိစ္စ နဲ့ ကျွန်တော်တို့ ABSDF မှာ ဖြစ်တဲ့ ကိစ္စ နှိုင်းယှဉ်တာ ကျွန်တော် သဘောမတူပါဘူး။

နောက်တခုကလည်း ဒါ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သူ့ အယူဝါဒရဲ့ အမှားတခုလို့ ကျွန်တော် မယူဆပါဘူး။ ဒါကတော့ ဆုံးဖြတ်ချက် ချတဲ့ နေရာမှာ မမှန်ကန်တဲ့ သဘောလို့ပဲ ကျွန်တော် ဆိုင်ပါတယ်၊ အယူဝါဒနဲ့ မဆိုင်ဘူးပေါ့နော်။

ဒုတိယတခု ကျွန်တော် ပြောချင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေထဲမှာ၊ ကျွန်တော်တို့ တာဝန်ယူထားတဲ့ အဖွဲ့အစည်းထဲမှာ အားနည်းချက်တွေ၊ မှားယွင်းမှုတွေ ရှိခဲ့ပါတယ်။ ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့အစည်းတခုလုံးရဲ့ ၂၄ နှစ်စာ ကာလလုံး ယုံကြည်ချက်အပေါ်မှာ၊ ပြည်သူတွေရဲ့ ယုံကြည်ချက်အပေါ်မှာ အသက်ပေး ခံစားရတဲ့ ရဲဘော်တွေအားလုံးရဲ့ စွန့်လွှတ်မှုတွေနဲ့တော့ ဒါကို ဖျောက်ဖျက်သင့်တယ်၊ ထပ်တူပြုလိုက်တယ်လို့တော့ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

နောက် ဒီနေ့အချိန်မှာ တိုင်းပြည်က ဒီမိုကရေစီရေးကို ပြောင်းလဲနေပြီ ဆိုတဲ့ အစိုးရက လုပ်နေတယ် ဆိုတဲ့ ဥစ္စာတောင်မှ အနည်းဆုံးတော့ ကျွန်တော်တို့ အပြည့်အဝ မဟုတ်တောင်မှ ကျွန်တော်တို့ ရဲဘော်တွေရဲ့ ၂၄ နှစ်လုံး ပေးဆပ်မှုက ဒီအထဲမှာတော့ အုတ်တချပ်၊ သဲတပွင့် အနေနဲ့ ပါပါတယ် ဆိုတာကို ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။
.

RFA ။ ---------- ။ ဟုတ်ကဲ့ခင်ဗျ။ ကိုနိုင်အောင်ကို ကျေးဇူး အများကြီး တင်ပါတယ်။ ကျွန်တော်တို့ RFA က ကျေးဇူး အများကြီး တင်ပါတယ်။



ဒေါက်တာနိုင်အောင် ။ ---------- ။ ဟုတ်ကဲ့။



ABSDF မြောက်ပိုင်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး
ဒေါက်တာနိုင်အောင် နဲ့ RFA အင်တာဗျူး ဗီဒီယို (November 2012)



ဒီမှာ နှိပ်ပြီး ဗီဒီယို ကို ကြည့်ရှု လေ့လာနိုင်ပါတယ်။


Credit - RFA (21 Nov 2012)



ဒေါက်တာနိုင်အောင် နဲ့ RFA အင်တာဗျူး ဗီဒီယို မှာ

၂း၂၈ မိနစ် မှ စပြီး

ABSDF မြောက်ပိုင်း ညှဉ်းပန်း သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး
ဆွေးနွေးထားတာပါ။


ABSDF မြောက်ပိုင်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး
ဒေါက်တာနိုင်အောင် နဲ့ RFA အင်တာဗျူး ဗီဒီယို (November 2012)


ဒီမှာ နှိပ်ပြီး ဗီဒီယို ကို ကြည့်ရှု လေ့လာနိုင်ပါတယ်။


Credit - RFA (21 Nov 2012)