မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကိုမင်းကိုနိုင် သက်တော်ရာကျော်ရှည်ပါစေ


ကိုမင်းကိုနိုင်ရဲ့ ရွှေရတုမွေးနေ့ကို လွန်ခဲ့တဲ့ ၂၄ နှစ်က သူကိုယ်တိုင် စပ်ခဲ့တဲ့ ကျွန်မ အကြိုက်ဆုံး ကဗျာလေးကို ပြန်ဖေါ်ပြပြီး ဂုဏ်ပြုလိုက်ပါတယ်။ မင်းကိုနိုင်ဆိုတဲ့ နာမည်ကို ကျွန်မ စကြားဖူး တွေ့ဖူးခဲ့တာကတော့ ၈၈ အရေးတော်ပုံမတိုင်ခင် ရက်ပိုင်းမှာပါ။ ("ခွေးအိုဆင်းလို့ ခွေးရူးတက် မြန်မာနိုင်ငံပျက်” ဆိုတဲ့ ခေါင်းစဉ်ပါ ကိုမင်းကိုနိုင် လက်ရေးမူနဲ့ ကော်ပီဆွဲထားတဲ့ ဗကသများ အဖွဲ့ချုပ်က လှုံ့ဆော်စာတစောင်ကို ကျွန်မတို့ အတန်းက ယောက်ျားလေးတွေကြားထဲမှာ ရှစ်ရက်နေ့ မတိုင်ခင် နေ့ရက်တွေကတည်းက ရောက်နေရာကနေ ကျွန်မတို့ မိန်းကလေးတွေ ဆီအထိ ပြန့်နှံ့လာခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ၆၂ အာဏာသိမ်းတဲ့နေ့ ကနေ ၈၈ တံတားနီအရေးခင်းကို နှိမ်နင်းရာမှာ ကျောင်းသူတွေကို စိန်လွင်လက်ပါးစေတွေက အင်းယားကန်မှာ ရေနစ်သတ်တာ၊ အချုပ်ခန်းအတွင်း မုဒိန်းကျင့်ခံခဲ့ရတာတွေနဲ့၊ အခုချိန်မှာ မဆလကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာအထိ မဆလ တပါတီအာဏာရှင်တွေရဲ့ စံပြလုပ်ရပ်တွေနဲ့ ဖုံးကွယ်ထားတဲ့ သမိုင်းအမှန်တွေကို ဖေါ်ပြထားပါတယ်။ စာရဲ့ အဆုံးပိုင်းမှာတော့ ဒီမကောင်းတဲ့ မိစ္ဆာအယုတ်မာတွေကို ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ဟာ ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ ဆိုတဲ့အကြောင်း၊ ခေတ်အဆက်ဆက်မှာ စနစ်တခုကို ပြောင်းချင်ရင် ကျောင်းသားတွေကပဲ အနှစ်နာခံပြီး ရှေ့ကအသေခံ ဦးဆောင်ခဲ့လို့သာ ပြောင်းခဲ့ကြောင်း ဒါကြောင့်မို့ ၈.၈.၈၈ မှာ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူကျောင်းသားများ အားလုံးလမ်းမပေါ်ထွက် ဆန္ဒပြပြီး ပြည်သူတွေကို ရှေ့ကလမ်းပြဖို့ ရေးထားပါတယ်။

ဒီစာကို ဖတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ကိုယ်ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို အခုမှ သိရတာကို ယူကျုံးမရ ခံစားရပြီး ကျွန်မတို့ အထက်တန်း ကျောင်းသားတွေကြားမှာ အစိုးရကို မုန်းတီးရွံရှာတဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့ပါတယ်။ ဒီစာကို ဖတ်ပြီးနောက်ပိုင်း ကျွန်မတို့ ကျောင်းသားတွေ မလုပ်ရင်တော့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ တကယ်ပဲ ယုံကြည်သွားခဲ့ပါတယ်) 

 စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပို့စ်ထဲက ပြန်ကူးထားတဲ့ စာပိုဒ်ပါ။ အဲဒီစာကြောင့်ပဲ အစိုးရကို ဘယ်တော့မှ ဆန့်ကျင်ရကောင်းမှန်းမသိခဲ့တဲ့ ကျွန်မဟာ အတွေးအခေါ် အယူဆတွေလည်း လုံးဝပြောင်းလဲသွားပြီး အစိုးရကို ဆန့်ကျင်တဲ့ ဒီအရေးတော်ပုံကြီးမှာ ပါဝင်လာခဲ့ရာကနေ ဘ၀တဆစ်ချိုးကို ဖြစ်စေခဲ့ပါတယ်။ အဲဒီစာကြောင့်ပဲ ကျွန်မတို့ မြို့က အထက်တန်းကျောင်းလေးမှာ ရှစ်လေးလုံး အရေးတော်ပုံကို စတင်ခဲ့ပြီး ကျွန်မတို့တမြို့နယ်လုံး ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီတုန်းက အကြောင်း အသေးစိတ်ကိုတော့ အပေါ်မှာ ညွန်းထားတဲ့ စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပို့စ်ထဲမှာ ရေးထားတာ ရှိပါတယ်။ အခုပြန်ဖေါ်ပြတဲ့ အောက်က ကဗျာကိုတော့ ၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တောတွင်းကို ရောက်မှ ဖတ်ဖူးတဲ့ ကဗျာပါ။ ကျွန်မရဲ့ အာဏာရှင်ကို တော်လှန်မှ ဖြစ်မယ်ဆိုတဲ့ အသိတရားကို ကိုမင်းကိုနိုင်ရေးတဲ့စာကို ဖတ်ပြီး စတင်သိရသလို အာဏာရှင်ကို တော်လှန်တဲ့စိတ် ဆက်လက်ရှင်သန်ဖို့အတွက်ကိုလည်း ကိုမင်းကိုနိုင်ရေးတဲ့ ဒီကဗျာလေးကပဲ ကျွန်မကို ပေးခဲ့ ပေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုမင်းကိုနိုင်ရဲ့ အရင်နှစ်မွေးနေ့တွေကိုလည်း ဒီကဗျာလေးနဲ့ ဂုဏ်ပြုခဲ့သလို အခုဒီနေ့ကျရောက်တဲ့ ရွှေရတုမွေးနေ့ကိုလည်း ဒီကဗျာလေးနဲ့ပဲ ဂုဏ်ပြုလိုက်ပါတယ်။ ကိုမင်းကိုနိုင် မွေးနေ့အနှစ်တရာတိုင်ပါစေ..

သစ္စာ
 
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ၀ိညာဉ် ပူးကပ်ဝင်၍
ကျွနိုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ် ပေးကြပါလေ။

မပြီးပြတ်သေးလေသာ တော်လှန်ရေးအတွက်
ကျွနိုပ် အသက်လမ်းတ၀က်မှ ပေးဆက်ရလည်း
လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ် ကျွေပြွန် မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွနိုပ် ၀ိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွနိုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ။

(မင်းကိုနိုင်)

ကိုမင်းကိုနိုင် ကျန်းမာရွှင်လန်း ချမ်းမြေ့စွာဖြင့် သက်တော်ရာကျော်ရှည်ပါစေ။ မပြီးပြတ်သေးသော ဒီမိုကရေစီ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက် ဦးဆောင်နိုင်ပါစေ...

ကိုမင်းကိုနိုင် ၄၈ နှစ်မြောက်မွေးနေ့ အထိမ်းမှတ် တင်ခဲ့တဲ့ကဗျာကို ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။

စာဖတ်သူများအာလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
 

3 comments:

ကိုမင်းကိုနိုင်

ယနေ့  မွေးနေ့မှသည် တိုင်းပြည်ကောင်းကျိုးများကို ဆထက်တပိုး ကျန်းမာချမ်းသာစွာဖြင့် တိုးတက်အောင် စွမ်းဆာင်ရွက်နိုင်ပါစေဗျာ။

မငယ်ရေ၊ ကူးသွားပြီဗျို့ ...ကျေးဇူးပါ။

.
(ခေါင်းစဉ်ကို နှိပ်ပြီး ကိုမင်းကိုနိုင် ၏ မိခင်ကြီး ဒေါ်လှကြည် ရဲ့ ဓာတ်ပုံကို ကြည့်နိုင်ပါတယ်။)


**************************


အမေထဲက အမွန်မြတ်ဆုံး အမေ ဒေါ်လှကြည်


ဒီသားအမိ ကျနော် ချစ်၏။
အမှန်တရားအတွက် သူ့ လိုလူ
ဒီဇမ္ဗူမှာ မရှိ၊ အတွေ့ ရခက်ဘိ။

သူရဲကောင်းကို မွေးပေးတဲ့ အမေ
ကျနော် ဦးညွှတ် ဂုဏ်ပြုနေမယ်။


*အာဏာရှင်အဆက်ဆက်မှာ တာဝန်ကျေတဲ့ ဒီအမေ
*ပြည်သူဘက်က အမှန်တရားအတွက် မားမား ရပ်တည်ပေးတဲ့ အမေ
*ကျနော်တို့ စားဝတ်နေရေးအတွက် ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ
*စနစ်ဆိုးဒဏ် ခံလျက် ဒီမင်းဆိုးကို မေတ္တာနဲ့ အနိုင်ယူခဲ့တဲ့ အမေ
*ဆံပင်တွေ ဖြူမွဲ နေလဲ အမေ့ရင်ထဲမှာ အကြင်နာတွေ ထူထဲနေဆဲ အမေ
*ချစ်တာတွေ ဗလပွနဲ့  သားဆိုးတွေကို ချစ်တဲ့ ဒီအမေ
*မျက်စိကောင်းနေပေမဲ့ သတ္တိတွေ မကုန်သေးတဲ့ အမေ
*ဘေးပြောတာတွေ မယုံဘူး၊ သွေးစည်းအောင် ဟောအုံးမယ်တဲ့ ဒီအမေ
*သားဆိုးတွေ ထင်ရာစိုင်းပြီး သားသမီးတွေအတွက် ခွင့်ပြုနေမယ့် အမေ

*အမေ့ မေတ္တာရည်တွေက အမေ့ရဲ့ နှလုံးသားထဲကပါ။
*အမေ့ နို့ရည်နဲ့  သွေးရည် က ကျနော်တို့ကို ရှင်သန် ကြီးထွားစေခဲ့တယ်။
*အမေ့ ချွေးရည်က သားတို့ကို တိုးပွားစေခဲ့တယ်။
*အမေ့ ရုပ်ရည်က သားတို့ကို လိမ္မာစေခဲ့တယ်။
*အမေ့ အသံတွေက သားတို့အတွက် သန်မာစေခဲ့တယ်။
*အမေ့ ဟန်တွေက သားဆိုးတို့အတွက် စိတ်ဓါတ် ခိုင်မာစေခဲ့တယ်။

အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍ ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်။
အမေ့သားကြီး မွေးနေ့ မှာ ကမ္ဘာ အဆုံးတိုင်၊ အမေ ပြုံးနိုင်ပါစေ။ ။

ကိုထွန်းဝေ
18 October 2012

ကိုမင်းကိုနိုင်၏ နှစ် (၅၀) ပြည့် ရွှေရတုမွေးနေ့ပွဲကို ယခုလို လာရောက်ပြီး တက်ရောက်နိုင်ခဲ့တဲ့ မိခင်ကြီး ဒေါ်လှကြည်ကဲ့သို့ မိခင်များအား ကျနော် ဒီစာလေး ရေးပြီး မိမိစိတ်ထဲရှိရာ ဂုဏ်ပြု ဦးညွှတ်လိုက်ပါတယ်။

ကိုထွန်းဝေ

( http://tunwai-states.blogspot.jp/2012/10/blog-post_486.html

မှ ကူးယူ ဖော်ပြသည်။)


မငယ်နိုင်း ရေ

ကဗျာလေး ရှယ်သွားတယ်
ကျေးကျေးနော်

ရွှေစင်ဦး