နှုတ်ခွန်းဆက်စကား

မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ အခုလို ကျွန်မ ပို့စ်အသစ် တင်ဖို့ အချိန်မပေးနိုင်သေးတဲ့ အခါတွေမှာ ပို့စ်အဟောင်းတွေထဲမှာ ဖတ်စေချင်တဲ့ ပို့်စ်တချို့ကို ပြန်ညွှန်းထားပေးမှာ ဖြစ်တယ်။ (၁) တခါက ကျွန်မရဲ့ဇာတ်လိုက်(ဒီမှာ Click ပါ) (၂) ABSDF မှာ ကျွန်မရဲ့ ပထမဦးဆုံး ကြုံခဲ့တဲ့ ရှေ့တန်းတိုက်ပွဲ (ဒီမှာ Click ပါ) (၃) ABSDF မှာ တာဝန်ထမ်းဆောင်စဉ် မေ့မရနိုင်သော စခန်းသိမ်းတိုက်ပွဲတခုအကြောင်း (ဒီမှာ Click ပါ) (၄) အကြွေစောသူများ အမှတ်တရ (၁) (ဒီမှာ Click ပါ) (၅)ရင်သွေးတခု ဖြစ်တည်မှု (ဒီနေရာမှာ Click ပါ) (၆) ပျော်၍မရသော အမေနေ့အတွေး (ဒီနေရာမှာ Click ပါ) (၇) Migration Story (ဒီမှာ Click ပါ)

မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မေ့ပျောက်ခံ မျိုးဆက်တခု ဖြစ်သွားပြီလား

ထက်အောင်ကျော်။ (၀၁-၁၁-၂၀၁၂)

ဒီနေ့ နိုဝင်ဘာလ ၁-ရက်နေ့ဟာ ABSDF (All Burma Students' Democratic Front) ခေါ် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ၂၄-နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ တနည်း အားဖြင့်ပြောမယ်ဆိုရင် ၈-လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်အစိုးရက ပစ်ခတ်ဖြိုခွဲပြီးတဲ့နောက် အဲဒီစစ်တပ်ကို လက်နက်ကိုင်တော်လှန်မှ ရတော့မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ တက္ကသိုလ်နယ်မြေက ကျောင်းသားတွေ၊ အဖြူ အစိမ်းဝတ်ကျောင်းသားတွေ၊ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဈေးသည်၊ လယ်သမားအပါဝင် လုပ်ငန်းခွင်အသီးသီးက တက်ကြွတဲ့ပြည်သူတွေ ထောင်-သောင်းချီပြီး တောခိုခဲ့ တဲ့နေ့၊ သူတို့ဘ၀အတွက် အရေးပါဆုံး နေ့တနေ့ပါ။

၁၉၈၈ ခုနှစ် မတ်လကနေ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီရရှိရေး လမ်းမပေါ်ဆန္ဒပြ ပွဲတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွဲတဲ့အတွက် လူပေါင်း (၃၀၀၀)- သုံးထောင်ခန့် သေဆုံးခဲ့တယ်လို့ လေ့ လာသူတွေက ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ တိကျတဲ့ စာရင်းဇယားနဲ့ အထောက်ထားတွေ ထွက်မလာနိုင်သေးပါဘူး။ အခုလို ပွင့်လင်းစ နိုင်ငံရေးအခြေနေမှာ ဒီလိုစာရင်း ဇယားတွေ၊ အထောက် ထားတွေကိုထုတ်ပြန်ပြီး သမိုင်းမှတ်တမ်းအနေနဲ့ အသေချာပြုစုထားဖို့ လိုနေပြီလို့ ထင်ပါတယ်။

ဒါပေမယ့် အဲဒီအရေးတော်ပုံမှာ ပါဝင်ခဲ့သူတချို့ဟာ ဒီလိုအရေးကြီးလှတဲ့ အထောက်ထားတွေ၊ မှတ် တမ်းမှတ်ရာတွေကို ရှာဖွေဖော်ထုတ် အရေးယူဖို့ ပျက်ကွက်ခဲ့ပေမယ့် သူတို့ရဲ့ ရဲဘော်ရဲဘက် တောခို ကျောင်းသားတွေကြားမှာဖြစ်ပွားခဲ့တဲ့ ၁၉၉၂-၀န်းကျင်ကအဖြစ်ပျက်တခုကိုတော့ အကြီးကျယ် မီး မောင်းထိုးပြပြီး မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံး လူ့အခွင့်ရေးချိုးဖောက်မှုတခုအသွင် ပြောဆိုနေကြပါ တယ်။

ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲ။ တောခိုကျောင်းသားတွေဘက်က အခြေနေမှန်တွေကို အချိန်မီ အ သေချာမရှင်းပြနိုင်ခဲ့လို့လား။ သတင်းအမှောင်ချခံခဲ့ရလို့လား။ ဒါမှမဟုတ် သမိုင်းဆိုတာက စစ်နိုင်သူ တွေဘက်ကရေးတဲ့ မှတ်တမ်းဆိုတဲ့ စကားလို တောခိုကျောင်းသားတွေ အောင်ပွဲမရသေးလို့ ဒီလို စော် ကားခံလိုက်ရတာလား။

တကယ်ကတော့ ၁၉၉၂-မှာ ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းကိစ္စဟာ အဲဒီကာလက ဗဟိုကော်မတီနဲ့ မြောက် ပိုင်းကော်မတီ တာဝန်ရှိသူတစုနဲ့သာ သက်ဆိုင်ပြီး ကျန်တဲ့ရဲဘော်အများစုကြီးနဲ့ မသက်ဆိုင်ပါ။ သိ လည်း မသိကြပါ။ ဒီတော့ ဖြစ်သင့်တာက အဲဒီတာဝန်ရှိသူတွေကိုသာ ဖော်ထုတ်အရေးယူသင့်ပါ တယ်။

အဲဒီလိုမဟုတ်ဘဲ ABSDF တခုလုံးကို ခြုံငြုံအပစ်ပြောနေခြင်းဟာ မဖြစ်သင့်တဲ့ကိစ္စတခုအဖြစ် မြင်မိပါ တယ်။ ဒီလိုဝါးလုံးရှည်နဲ့ ရိုက်ခတ်ပြောဆိုနေခြင်းဟာ ဘ၀တခုလုံးကို စွန့်လွတ်ပြီး ရိုးသားစွာ တော် လှန်တိုက်ပွဲဝင်ခဲ့သူတွေ၊ ၀င်နေဆဲဖြစ်သူတွေ၊ အထူးသဖြင့် ၂၄-နှစ်တာ လက်နက်ကိုင်တိုက်ပွဲ တော် လှန်ခရီးရှည်အတွင်း လူမသိ သူမသိနဲ့ ကျဆုံးသွားရတဲ့ ကျနော်တို့ရဲ့ ''ရဲဘော် သူငယ်ချင်း'' ၆၂၅-ဦးနဲ့ ခြေပြတ်လက်ပြတ်အပါဝင် ဒုက္ဒိတဖြစ်သွားကြတဲ့ ရဲဘော် ၃၉၉-ဦးအပေါ် စော်ကားပြောဆို နေကြ သလို ကျနော်စိတ်ထဲ ခံစားနေရပါတယ်။


တောထဲမှာ ဘာတွေဖြစ်ခဲ့သလဲ။ ဘာကြောင့်လဲ။

ရှေ့မှာ စကားခံခဲ့တဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်လိုမျိုး တိုင်းပြည်ကို စစ်အာဏာ ရှင် လက်အောက်ကနေ လွတ်မြောက်အောင် လက်နက်ကိုင် တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ကူးယဉ်မှုနဲ့ တောခိုခဲ့တဲ့ ကျနော်တို့မျိုးဆက်ဟာ ကြိုတင်စဉ်းစားမထားတဲ့ ဖြစ်စဉ်အများကြီးကို တောထဲမှာ ကြုံခဲ့ရ ပါတယ်။

 
ပထမ-ဆုံးကြုံရတာကတော့ စားဝတ်နေရေးအခက်ခဲနဲ့ ငှက်ဖျားပါဘဲ့။ ရှေ့မှာဖော်ပြခဲ့တဲ့ ကျဆုံးစာ ရင်း ၆၀၀-ကျော်ထဲမှာ ငှက်ဖျားနဲ့ ကျဆုံးသွားသူ စာရင်း သိပ်မနည်းလှပါဘူး။ ဒုတိယ ကြုံရတာက တော့ လူမျိုးရေး အမြင်မကြည်မှုနဲ့ အချင်းချင်းကြား သံသယကြီးမှုပါဘဲ့။

တောခိုလာတဲ့ ကျောင်းသားအများစုဟာ မြို့ပြဒေသက ဗမာမျိုးနွယ်စုတွေ ဖြစ်တဲ့အတွက် ဌာနေတိုင်း ရင်းသားမဟုတ်ဘူး။ ''ဗမာတွေ'' သာ ဖြစ်တယ်လို့ ကျနော်တို့ထက် အရင်စောပြီး နယ်စပ်မှာ အခြေ စိုက်စခန်း ဆောက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြင်ကြပါတယ်။

''ကျနော်တို့ထဲမှာ ဗမာလည်း ပါရင်ပါမယ်၊ ကရင်လည်း ပါရင်ပါမယ်၊ ကချင်လည်း ပါရင်ပါမယ်၊ မွန် လည်း ပါရင်ပါမယ်။ ဒါပေမယ့် ကျနော်တို့ဟာ လူမျိုးစုအခွင့်ရေးအတွက်၊ နယ်မြေရရှိဖို့အတွက် တိုက် ပွဲဝင်မယ့်လူတွေမဟုတ်ဘူး။ တနိုင်ငံလုံးက အဖိနှိပ်ခံပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် ကျောင်းသားတွေသာဖြစ်တယ်။ စစ်အစိုးရပြုတ်ကျပြီးရင် ကျနော်တို့ တာဝန်ကျေပြီ။ ကျန်တာ နိုင်ငံရေးသမားတွေ ဆက်လုပ်ပါလိမ့်မယ်'' ဆိုပြီး တောခိုကျောင်သားတွေက အကြိမ်ကြိမ် ရှင်းပြခဲ့ပါတယ်။

ဒီရှင်းပြချက်အပေါ် လူမျိုးစုခေါင်းဆောင်ပိုင်းတချို့က နားလည်သဘောပေါက်ခဲ့ပေမယ့် သူတို့ အုပ်ချုပ် ရေးဒေသတွင်းရှိ ပြည်သူတရပ်လုံး သူတို့နားလည်သလို နားလည်လာအောင် မဆောင်ရွက် ပေးခဲ့ပါ ဘူး။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ နှစ်ပေါင်းများစွာ ဗမာမုန်းတီးရေး အခြေခံပေါ်မှာ တည် ဆောက်ထားတဲ့ သူ့တို့ရဲ့အမျိုးသားရေးအမြင်ကိုဖယ်ရှားဖို့ လူမျိုးစုခေါင်းဆောင်တွေက လိုလောက်စွာ မကြိုးစားခဲ့ပါဘူး။

ဒီအတွက် တော်လှန်ရေး အစောပိုင်းကာလမှာ ကျနော်တို့ရဲ့ ရဲဘော်သူငယ်ချင်းတချို့ လူပျောက်စာရင်း ၀င်သွားခဲ့ရပါတယ်။ တချို့က စောစောစီးစီး ပြည်တွင်းပြန်ဝင်သွားကြပါတယ်။ တချို့က စောစောစီးစီး နိုင်ငံခြား ထွက်သွားကြပါတယ်။ စစ်အစိုးရနဲ့ တကယ်မတိုက်ရသေးခင်မှာ ''စစ်မဖြစ်ခင် ကုန်ဆုံးသွား တဲ့ မြား'' တွေပါဘဲ့။

တတိယ ကြုံရတဲ့အခက်ခဲကတော့ လက်နက်ခဲယမ်း မလုံလောက်မှုပါ။ မလုံလောက်ဘူးဆိုတာ သံတ မန်ဆန်တဲ့ စကားလုံး ဖြစ်နေနိုင်ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် ဘယ်အဖွဲ့စည်း၊ ဘယ်အစိုးရ ကမှ ကျနော်တို့ကို လက်နက်အကူအညီ မပေးကြပါဘူး။

စိတ်ကူးယဉ်ပြီး တောခိုခဲ့သူတွေပီပီ နယ်စပ်ရောက်တာနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက M 16 သေနတ်တွေ၊ လောင်ချာတွေ၊ မော်တာတွေ လာပေးလိမ့်မယ်။ နယ်စပ်မှာ အခြေခံစစ်သင်တန်း ၂-၃ ပတ် တက်ပြီးတာနဲ့ ပြည်တွင်းကိုပြန်ဝင်ပြီး စစ်တပ်ကို ပြန်တိုက်လို့ရပြီဆိုတဲ့ စိတ်ကူးယဉ်မှုတွေဟာ နယ်စပ်ရောက်ပြီး မကြာခင်မှာ ပျက်စီးသွားပါတယ်။

နိုင်ငံတကာဘက်က မကူညီတဲ့အပြင် မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း လို အပ်သလောက် အကူညီမပေးခဲ့ပါဘူး။ သူတို့မှာလည်း မပြည့်မစုံမို့လို့ မကူညီနိုင်တာပါလို့ အစောပိုင်း ကာလတွေက ဆင်ခြင်ပေးကြပေမယ့် နောက်ပိုင်း KNU စခန်းတွေကျတဲ့အခါ မသုံးရသေးဘဲ ဂိုထောင်ထဲ သိမ်းထားတဲ့ လက်နက်တွေအများကြီးကိုတွေ့ရခြင်းက ဒါဟာ ကျောင်းသားတွေနဲ့ လူမျိုးစု မဟာမိတ်တွေကြား တခုခုလွဲနေခဲ့တယ်ဆိုတာကို သိနိုင်ပါတယ်။

ဒါပေမယ့် ဒီလိုကွာဟမှုတွေကို မေ့ထားပြီး အားလုံးနဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ တပ်ပေါင်းစုတွေဖြစ်တဲ့ DAB (၁၉၈၈-မှာ ဖွဲ့စည်းခဲ့တဲ့ ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်) ကနေ NCUB (အခုချိန်ထိ ရှိနေဆဲ တပ်ပေါင်းစု) အထိ ကျောင်းသားတွေက ပါဝင် လက်တွဲဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီထဲက အဓိက အောင်မြင်မှုကတော့ ခွဲထွက်ရေးကိုမပြောတော့ဘဲ ဖက်ဒရယ်မူကိုအားလုံး လက်ခံလာအောင်စည်းရုံး နိုင်ခဲ့ခြင်းနဲ့ ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကြား နားလည်မှုတစုံတရာရအောင် ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနှစ်ချက်မှအပ တခြားနေရာတွေမှာတော့ ထင်သလောက် ခရီးမပေါက်ခဲ့ပါ ဘူး။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ တပ်ပေါင်းစုတွေဟာ စုပေါင်းတပ်တွေ ဖြစ်မလာခဲ့ပါဘူး။ အခြေ နေအရ တပ်ပေါင်းစု ဖွဲ့ထားပေမယ့် သူ့နယ်မြေနဲ့သူ၊ ကိုယ့်နယ်မြေနဲ့ကိုယ်။ သူ့နယ် ကိုယ်နယ် အထိမခံ ခဲ့ကြပါဘူး။ ၁၉၉၂-က ဖြစ်ပွားခဲ့တဲ့ မာနယ်ပုလောစခန်း ခုခံစစ်ပွဲကလွဲရင် တပ်ပေါင်းစုက တပ်တွေ အားလုံး ပေါင်းပြီး စုပေါင်းခုခံတိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမျိုး မတွေ့မိသေးပါ။

စစ်ရေးဘက်မှာ ဒီလို တပ်ပေါင်းစုကနေ စုပေါင်းတပ် မလုပ်နိုင်ခဲ့သလို နိုင်ငံရေးဘက်မှာလည်း အမြင် တွေက မတူကြပြန်ပါဘူး။ တိုင်းရင်းသားအဖွဲ့တွေ အားလုံးကြားမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာချင်း တူပေမယ့် ဘယ်လိုအဆင့်တန်းမျိုးရှိတဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်လဲ။ အားလုံးလက်ခံနိုင်တဲ့ ဘုံရပ်တည်ချက်က ဘာတွေလဲဆိုတဲ့အပေါ် မတူညီကြပါဘူး။

ဒီလိုမတူညီတဲ့အတွက်ကြောင့် ၁၉၉၂-မာနယ်ပုလော ခုခံစစ်ပွဲအပြီးမှာပဲ KNU မှအပ ကချင်၊ မွန်၊ ပအိုးဝ်၊ ပလောင် စသဖြင့် အဖွဲ့အတော်များများ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်လိုက်ကြပါတယ်။ အဲဒီအချိန်မှာ ကိုယ်ပိုင်နယ်မြေမရှိဘဲ့ ရောက်တဲ့အရပ်မှာ အခြေစိုက်ပြီး မဟာမိတ်တွေနဲ့ လက်တွဲတိုက် ပွဲ ၀င်နေတဲ့ ABSDF တပ်တွေ ဒုက္ခရောက်တော့တာပါပဲ။

တချို့ ABSDF တပ်တွေက ကျောင်းသားတပ်မတော် ဘက်တံဆိပ်ကို ဖြုတ်ပြီး သက်ဆိုင်ရာဒေသ မဟာမိတ်တပ်တွေရဲ့ ဘက်တံဆိပ်ကိုတပ်ကာ လိုက်လျောညီထွေ နေလိုက်ကြရပါတယ်။ ဒါပေမယ့် တချို့ဒေသတွေမှာတော့ သူတို့နယ်မြေကနေ ကျောင်းသားတပ်တွေ ထွက်သွားကြဖို့ အပစ်ရပ်တိုင်း ရင်းသား အဖွဲ့တွေက မောင်းထုတ်ခဲ့ကြပါတယ်။

ဒီအတောတွင်းမှာပဲ အပစ်ခတ်ရပ်စဲရေးမလုပ်ပဲ တင်းခံနေတဲ့ KNU ကို၊ တနည်းအားဖြင့် ပြောမယ်ဆို ရင် ကျောင်းသားတပ်ဖွဲ့တွေ အများဆုံးအခြေစိုက်ထားတဲ့၊ ကျောင်းသားတွေရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ KNU နယ်မြေကို စစ်အစိုးရက အကြီးအကျယ် ထိုးစစ်ဆင်လာခဲ့ပါတယ်။ ၁၉၉၅-ကနေ ၁၉၉၇ အထိ ၂-နှစ်ကျော်ထိုးစစ်အတွင်း မာနယ်ပုလောဌာနချုပ်အပါဝင် KNU ရဲ့ အရေးကြီးစခန်းတွေ၊ တပ်မဟာ၊ ခရိုင်ဌာနချုပ်စခန်းတွေ အားလုံးနီးပါး ကျဆုံးသွားခဲ့ပါတယ်။

အဲဒီ ၂-နှစ်တာကာလ ခုခံစစ်အတွင်း ကျောင်းသားတွေလည်း အတော်များများကျဆုံးခဲ့ပြီး ထိုင်းနယ် စပ်ရှိ ဒုက္ခသည်စခန်းတွေဆီ ဆုတ်ခွာလာခဲ့ကြရပါတယ်။ နယ်စပ်ရှိ ယာယီစစ်ပြေးဒုက္ခသည်စခန်း တွေမှာ ခေတ္တာဆိုပြီး ခုံလှုံလိုက်ရာကနေ အခု ၂၄-နှစ် ကြာပြီးတဲ့အခါမှာတော့ တကယ့်ဒုက္ခသည်တွေ ဖြစ်သွားလို့ တတိယနိုင်ငံဆီ ရောက်နေသူဦးရေက ABSDF ရဲ့ မူလအင်အား ၅-ထောင်ကျော်ရဲ့ ၈၀- ရာခိုင်နှုန်းခန့် ရှိသွားပြီဖြစ်ပါတယ်။

အဲဒီလူတွေ အခုဘာလုပ်နေလဲ၊ ပြည်တော်ပြန်တဲ့အထဲ သူတို့မပါဘူးလား


နိုင်ငံရေးအပြောင်းအလဲဆိုတာ ခန့်မှန်းဖို့ ခက်တယ်ဆိုတဲ့အတိုင်း အသက်ပေါင်းများစွာ စတေးခံပြီး နှစ် ၂၀-ကျော်လုံးလုံး တိုက်ပွဲဝင်ခဲ့စဉ်က ဘာမှမပြောင်းလဲခဲ့တဲ့ နိုင်ငံရေးဟာ ဟော...အခုတော့ နေ့ချင်း ညချင်း ပြောင်းလဲသွားပါပြီ။


''မင်းကိုနိုင်အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပါ'' ဆိုတဲ့ နှစ် ၂၀-ကျော်လုံးလုံး အော်ခဲ့တဲ့ ကြွေးကြော်သံ အခုမလိုတော့ပါဘူး။ ၈၈-မျိုးဆက်ကျောင်းသားတွေအပါဝင် နိုင်ငံရေးအကျဉ်းသား အားလုံးနီးပါး လွှတ်ပြီးလို့ နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းနေကြပါပြီ။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးညှိနှိုင်းပါ'' ဆိုတဲ့ နှစ် ၂၀-ကျော် ကြွေးကြော်သံကိုလည်း ကျနော် တို့ ဆက်အော်ဖို့ မလိုတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်တပ်နောက်ခံပေးထားတဲ့ ပါလီမန် ထဲ ရောက်နေပါပြီ။

''တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး'' ဆိုတဲ့ နှစ် ၂၀-ကျော် ကြွေးကြော်သံကိုလည်း အယင်လောက် အော်စရာမလိုတော့ပါဘူး။ တောခိုကျောင်းသားတွေရဲ့ အဓိကမဟာမိတ် KNU တောင် အစိုးရသစ်နဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးသွားပါပြီ။

ဒါပေမယ့် တချိန်က သူ့နယ်မြေထဲကနေ ကျောင်းသားတွေကို မောင်းထုတ်ခဲ့ဖူးတဲ့ KIA ကချင်လွတ် လပ်ရေးတပ်မတော်ကတော့ မောင်းထုတ်ခံ ကျောင်းသားတွေနဲ့ ပြန်လည်မဟာမိတ်ဖွဲ့ပြီး အစိုးရတပ် တွေကို အကြီးအကျယ် ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။

နိုင်ငံတကာမျက်နှာစာဘက်မှာဆိုရင်လည်း တမ္ဘာလုံးက ရှုတ်ချထားတဲ့ မြန်မာအစိုးရဟာ အခုတော့ အမေရိကန်နဲ့တောင် ရွှေလမ်းငွေလမ်းပေါက်နေပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနေပါပြီ။ စီးပွား ရေး ပိတ်ဆို့မှုလုပ်ရေး၊ စစ်အစိုးရ ရှုတ်ချရေး ကြွေးကြော်သံတွေအော်ပြီး နိုင်ငံတကာရှိ မြန်မာသံရုံး တွေရှေ့ ဆန္ဒပြကြတဲ့ အသံတွေလည်း မကြားရတော့ပါဘူး။

သံရုံးရှေ့ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတွေကိုယ်တိုင်က စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းပေးဖို့ ပြောင်းပြန် လှန်ပြောဆိုလိုက်ပြီး အစိုးရသစ်ရဲ့ ဖိတ်ခေါ်ချက်အရ နေပြည်တော်ဆီရောက်နေခဲ့ပါပြီ။ ၁၉၉၀-ရွေး ကောက်ပွဲရလဒ်အပေါ် အခြေခံဖွဲ့စည်းထားတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ (စင်ပြိုင်အစိုးရ) ကို ဖျက် သိမ်းလိုက်ပါပြီ။ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ခေါင်းဆောင်တချို့ နေပြည်တော်ကို ရောက်နေကြ ပါပြီ။

ဒီလိုပြည်တော်ပြန်သွားကြတဲ့အထဲမှာ တောခိုကျောင်းသားဟောင်းတွေ ဖြစ်တဲ့ ဒေါက်တာဇော်ဦး၊ ကို အောင်နိုင်ဦး၊ ကိုအောင်သူငြိမ်းတို့လို ပညာရှင်ခေါင်းစဉ်နဲ့ ပြန်သွားသူတွေ။ ကိုအောင်ဇော်၊ ကိုစိုးမြင့်၊ ကိုအေးချမ်းနိုင်၊ ကိုခင်မောင်ဝင်းတို့လို မီဒီယာခေါင်းစဉ်နဲ့ ပြန်သွားသူတွေ။ အခုနောက်ဆုံး တသီး ပုဂ္ဂလဆိုတဲ့ခေါင်းစဉ်နဲ့ပြန်သွားတဲ့ ABSDF ဥက္ကဋ္ဌဟောင်း ၃-ဦးဖြစ်သူ ကိုထွန်းအောင်ကျော်၊ ကိုမိုး သီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ ပါဝင်ပါတယ်။

ပညာရှင်နဲ့မီဒီယာသမားတွေ ပြန်စဉ်က သိပ်လှုပ်လှုပ်ရှားရှားမဖြစ်ပေမယ့် တသီးပုဂ္ဂလဆိုတဲ့ ဥက္ကဋ္ဌ ဟောင်း ၃-ဦး ပြန်ချိန်မှာတော့ အခြေအနေက အတော်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ သူတို့ဟာ တသီးပုဂ္ဂလဖြစ်တဲ့အတွက် အဖွဲ့စည်းနဲ့ ဆိုင်တာတွေ မပြောနိုင်ဘူးလို့ အစောပိုင်းမှာ သတင်းထုတ်ပြန် ခဲ့ ပေမယ့် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့အမှုကိုတော့ အတော်ကြီးကို သူတို့ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် ရှေ့မှာ ကျနော်တင်ပြခဲ့တဲ့ ABSDF တဖွဲ့လုံးရဲ့ ထိခိုက်ကျဆုံးစာရင်း လူ ၁၀၀၀-ကျော်ကိစ္စ ကိုတော့ တလုံးမှ ပြောဆိုရှင်းပြခြင်း မရှိခဲ့ပါဘူး။ နောက်တခါ သူတို့နဲ့အတူ တောခိုလာခဲ့တဲ့ ထောင် သောင်းချီရှိတဲ့ကျောင်းသားတွေ အခု ဘယ်ရောက်နေကြလဲ။ ဘာတွေလုပ်နေကြသလဲ ဆိုတာကို လည်း ဒီ ဥက္ကဋ္ဌဟောင်း ၃-ဦးက ရှင်းပြတာမျိုး ကျနော်မကြားမိပါဘူး။

ပြည်တွင်းဂျာနယ်တွေနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ရေးသားမှုတွေကို ကြည့်မယ်ဆိုရင် သူတို့ရှင်းပြလိုက်မှ မြောက်ပိုင်းကိစ္စက ပိုရှုပ်ထွေးလာပြိး ABSDF တဖွဲ့လုံးအပေါ် မကောင်းမြင်ရေးသားမှုတွေ ပိုတိုးလာ သလိုတောင် ကျနော်ခံစားမိပါတယ်။ ရှင်းပြပုံရှင်းပြနည်း ကျနော်တို့ ဘာတွေ အားနည်းခဲ့သလဲ။

မေ့ပျောက်ခံမျိုးဆက်ကနေ အပယ်ခံမျိုးဆက်တောင် ဖြစ်သွားတော့မလား။


ဥက္ကဋ္ဌဟောင်း ၃-ဦးရဲ့ ခရီးစဉ်အပေါ် တုံ့ပြန်ချက်တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖတ်ကြည့်တဲ့အခါ အကောင်းပြောသူ အတော်နည်းလှပြီး အပြစ်ပြောသူတွေက များလွန်းလှပါတယ်။ နည်းနည်းထပ်ပြီး လေ့လာကြည့်တဲ့အခါမှာတော့ ဒီနေ့ ဆိုရှယ်မီဒီယာသုံးနေသူ အများစုဟာ ၈-လေးလုံးအရေးတော်ပုံ ကာလ နောက်ပိုင်းမှ မွေးဖွားကြတဲ့ မျိုးဆက်သစ်လူငယ်တွေက အများစုဖြစ်ပြီး သမိုင်းနောက်ခံ တစုံလုံးကို မမီလိုက်သူတွေက များနေပါတယ်။


ဆိုလိုတာကတော့ ၈-လေးလုံးအရေးတော်ပုံနဲ့ ABSDF နောက်ခံသမိုင်းကြောင်းကို တနိုင်ငံလုံး သိပါ တယ်ဆိုပြီး ပေါ့ပေါ့ဆဆ တွက်ဆထားလို့မရ။ မျိုးဆက်သစ်လူငယ်တွေအားလုံး တစုံလုံးရဲ့ အခြေနေ ကိုသိအောင် ရှင်းပြပေးဖို့ ကျနော်တို့မျိုးဆက်မှာ တာဝန်ရှိနေပါတယ်။ အဲဒီလို အသေချာ မရှင်းပြ တတ်ရင်၊ မရှင်းပြနိုင်ရင် ကျနော်တို့အခြေနေဟာ မေ့ပျောက်ခံမျိုးဆက်ကနေ အပယ်ခံမျိုးဆက် ဘ၀ ကိုတောင် ရောက်သွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ ရေးနေသူအများစုဟာ ကျနော်တို့ ရဲဘော်ရဲဘက်တွေ နှစ် ၂၀ လုံးလုံး တောတောင်တွေထဲ အသေခံတိုက်ပွဲဝင်ခဲ့ကြတာတွေကို သိပ်မသိကြ။ နိုင်ငံခြားမှာနေ သူတွေ၊ ဒေါ်လာစားတွေ။ ပရိုပိုဆယ်သမားတွေ၊ မျိုးချစ်စိတ်မရှိဘဲ နိုင်ငံခြားသား ခံယူထားသူတွေ စသဖြင့် အကောင်းတစက်မှမမြင်ဘဲ အဆိုးချည်းမြင်နေတာကိုသာ တွေ့နေရပါတယ်။

''နှစ် ၂၀-ကျော်လုံးလုံး ကျနော်တို့မျိုးဆက်တွေ အသေခံတိုက်ပွဲဝင်ခဲ့တာ ဒီလို အပြောခံရဖို့လားဗျာ'' လို့ တတိယနိုင်ငံရောက် ကျနော်သူငယ်ချင်းတဦးက ၀မ်းနည်းပက်လက်နဲ့ ပြောပါတယ်။ "တကယ် ကတော့ ကျနော်တို့ဟာ နိုင်ငံခြားကို ထွက်လာတာ မဟုတ်ဘူးဗျ။ စစ်အစိုးရကို တော်လှန်ဖို့ တောခို လာတာ၊ တောထဲမှာ ဘယ်လိုမှ နေမရတော့လို့ ဒီကိုရောက်လာကြတယ်ဆိုတာ ဒီလူတွေ မသိကြဘူး လားဗျာ" လို့ နောက်တဦးက ထပ်ပြောပါတယ်။

''တက္ကသိုလ်ကျောင်းသားတွေပဲဗျာ။ ကိုယ်နိုင်ငံမှာကိုယ်နေခွင့်ရမယ်ဆိုရင် ဒီထက်သာတဲ့ အလုပ်တခု တော့ ကောင်းကောင်းရနိုင်တာပေါ့'' လို့ ဘွဲ့ရ သန့်ရှင်းလုပ်သားဖြစ်နေတဲ့ နောက်တဦးက ၀င်ပြောပါ တယ်။

ဆိုလိုတာကတော့ ဆိုရှယ်မီဒီယာပေါ်က မျိုးဆက်သစ် လူငယ်တချို့ မြင်နေကြသလို တတိယနိုင်ငံ ရောက် တောခိုကျောင်းသားဟောင်းတွေဟာ ပရိုပိုဆယ်စားနေသူတွေ မဟုတ်ပါဘူး။ အိမ်သာဆေး ရင်း၊ ကြမ်းတိုက်ရင်း၊ ကူလီထမ်းရင်း၊ သတင်းစာပို့ရင်းနဲ့ ထမင်းတလုပ်အတွက် ဘ၀ကိုခက်ခဲစွာ ရုန်းကန် နေရသူတွေပါ။ အသက်တွေကလည်း ၄၀-ကျော် ၅၀-နားနီးလာပြီဆိုတော့ ဘာသာစကား အသစ် တခုကို တော်ရုံနဲ့ မတတ်တော့ပါ။ စကားကလည်း မတတ်၊ အသက်ကလည်း ကြီးလာဆိုတော့ မိဝေးဘဝေး တတိယနိုင်ငံမှာ ရှင်သန်ရေးဆိုတာဟာ ဆိုရှယ်မီဒီယာပေါ်က လူငယ်တွေမြင်သလို ဇိမ်ခံ နေတယ်ဆိုတဲ့ဘ၀နဲ့ တကယ့်ကို တခြားစီပါ။

နောက် နိုင်ငံခြားသား ခံယူထားတာနဲ့ မျိုးချစ်စိတ်ပြဿနာ။ တကယ်ကတော့ ဘယ်သူကမှ နိုင်ငံခြား သားအဖြစ် မခံယူချင်ပါဘူး။ နိုင်ငံကိုချစ်လွန်းလို့ အသက်စွန့်လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သူတွေပါ။ ဒါ ပေမယ့် အခြေနေအရ ခရီးသွားနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ အမြဲတမ်းနေထိုင်ခွင့်တွေ၊ နိုင်ငံသား လက်မှတ်တွေ လိုပါတယ်။ အခု မြန်မာနိုင်ငံကို ပြန်လည်ရင်တောင် အဲဒီနိုင်ငံခြားသားခံယူထားတဲ့ လက်မှတ် မရှိရင် ပြန်လို့မရပါဘူး။

မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေထုတ်ပြီး ခေါ်တာမျိုးမဟုတ်သေးတဲ့အတွက် ABSDF သာ မန်ရဲဘော်တွေ အိမ်မပြန်ရဲသေးပါ။ နိုင်ငံခြားသားလက်မှတ်ကိုင်ထားတဲ့ ခေါင်းဆောင်ဟောင်းတချို့နဲ့ တခြားခေါင်းစဉ်တပ်နိုင်တဲ့ လူနဲစုလောက်သာ ပြန်လည်တဲ့အဆင့်မှာဘဲ့ရှိပါသေးတယ်။

ဒီလိုဒီလို အခြေအနေတွေကို ကျနော်တို့ အမေ့ခံမျိုးဆက်တွေက အသေချာရှင်းပြဖို့ လိုသလို ဆိုရှယ် မီဒီယာနဲ့ ပြည်တွင်းဂျာနယ်တချိုက မျိုးဆက်သစ်လူငယ်တွေလည်း အသေချာလေ့လာသင့်တယ်လို့ မြင်မိပါတယ်။


တဆက်တည်းမှာပဲ လက်ရှိနိုင်ငံရေး အခင်းအကျင်းသစ်မှာ နေရာရနေတဲ့ နိုင်ငံရေးသမားတွေ၊ ၈-လေး လုံးကာလတုန်းက လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ပြည်တွင်းရှိ ၈၈-မျိုးဆက်တွေကလည်း အခြေအနေမှန် တွေကို ကူညီရှင်းပြသင့်တယ်လို့ မြင်မိပါတယ်။

နောက်တခါ တသီးပုဂ္ဂလခေါင်းစဉ်တွေနဲ့ နေပြည်တော်ဆီ ထွက်လိုက် ၀င်လိုက် လုပ်ခွင့်ရနေတဲ့ ခေါင်း စဉ်ပြောင်းထားတဲ့ တောခိုကျောင်းသားဟောင်းတွေ အနေနဲ့လည်း ကိုယ့်ရဲ့ပရောဂျက် အလုပ်ဖြစ်ရေး တခု တည်းကိုမကြည့်ဘဲ မေ့ပျောက်ခံ မျိုးဆက်တခုလုံးနဲ့ဆိုင်တဲ့ အခြေနေမှန်တွေကို အခွင့်ရေးရရင် ရသလို ရှင်းပြပေးစေချင်ပါတယ်။

အားမနာတမ်းပြောရမယ်ဆိုရင် ကျနော်တို့ရှေ့မှာ တောခိုခဲ့တဲ့ မျိုးဆက် နှစ်ခုရှိခဲ့ဖူးပါတယ်။ ၁၉၄၈-က တည်းက တောခိုခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဆီ ၁၉၆၂-နဲ့ ၁၉၇၄-တွေမှာ တက္ကသိုလ်ကျောင်းသား အတော်များများ ထပ်မံဝင်ရောက်ခဲ့ပါတယ်။ ၁၉၇၀ ၀န်းကျင်မှာ တောခိုခဲ့တဲ့ ဦးနုရဲ့ပါတီ သို့မဟုတ် ပြည်သူ့ပြည်ချစ်ပါတီမှာလည်း တက္ကသိုလ်ကျောင်းသား အများအပြားပါဝင်ခဲ့ပါတယ်။ အဲဒီမျိုးဆက် နှစ်ခုကို ဒီနေ့ နိုင်ငံရေးသမားတွေ၊ ဒီနေ့လူငယ်တွေ ဘယ်လောက်သိသလဲ၊ ဘယ်လိုမှတ်မိနေသလဲ။ ကျနော်တို့ လေ့လာသင့်တယ်လို့ ထင်ပါတယ်။

ကျနော်တို့မျိုဆက်ကိုကော ဒီနေ့နိုင်ငံရေးသမားတွေ၊ ဒီနေ့လူငယ်တွေ ဘယ်လောက်သိသလဲ၊ ဘယ် လို သိထားသလဲ။ အခြေနေမှန်တွေကို ကျနော်တို့ အသေချာလေ့လာပြီး တောထဲကဖြစ်စဉ်တွေ၊ တတိ ယနိုင်ငံက ဖြစ်စဉ်တွေကို အဖြစ်မှန်အတိုင်း အားလုံးသိရှိနိုင်အောင် ကြိုးစားဖို့ ၈၈-တောခိုကျောင်း သားအားလုံးမှာရော၊ တဦးချင်းစီမှာရော တာဝန်ရှိပါတယ်။

ဒီတာဝန်အတွက် သက်ဆိုင်ရာဒေသ အလိုက်ဖြစ်စေ၊ မြို့အလိုက်ဖြစ်စေ၊ ကျောင်းအလိုက်ဖြစ်စေ၊ မိ သားစုအသိုင်းဝိုင်းအလိုက်ဖြစ်စေ ရတဲ့နည်းလမ်းတွေနဲ့ ရှင်းလင်းတင်ပြကြဖို့ ABSDF ၂၄-နှစ်ပြည့်နေ့ မှာ တိုက်တွန်းတင်ပြအပ်ပါတယ်။    ။

ထက်အောင်ကျော်
(၀၁-၁၁-၂၀၁၂)  
(နိုဝင်ဘာလ ၁၂-ရက်နေ့ထုတ် The Voice Weekly Vol. 8/ No. 45မှာလဲ ဖတ်ရှုနိုင်ပါတယ်။)

ဒီနေရာမှ ကူးယူဖေါ်ပြထားပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ

3 comments:



ABSDF ၂၅ နှစ်ပြည့် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
(ကျောင်းသားတပ်မတော်)

ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ ( ၂၇ ) ရက်။


သို့
မကဒတ ဥက္ကဌ (ဟောင်း) များ အားလုံး၊
မကဒတ အတွင်းရေးမှူး (ဟောင်း) များ အားလုံး၊
မကဒတ ဗဟိုကော်မတီဝင် (ဟောင်း) များအားလုံး၊
မကဒတ တပ်ဖွဲ့ဝင် (ဟောင်း) များ အားလုံး။


အကြောင်းအရာ။ ။ မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအား မကဒတ (မပ) လိုင်ဇာတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက် ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်။
အချိန်။ ။ နံနက် ၀၈း၀၀ နာရီ။
နေရာ။ ။ မကဒတ (မပ) လိုင်ဇာ။


ချစ်ကြည်လေးစားစွာဖြင့်

ရဲဘော် ဆန်နီ
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
(ကျောင်းသားတပ်မတော်)

ABSDF Hq
2013 October 27



မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


on.fb.me/16Hm6bJ



ကျနော်၏ မကဒတ (၂၅) နှစ် ပြည့်မြောက် သ၀ဏ်လွှာ

ကိုကိုဦး၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) အထွေထွေအတွင်းရေးမှူးဟောင်း


မကဒတ (၂၅) နှစ်လည်း ပြည့်ခဲ့ပြီ။


ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကို မမေ့နိုင်ခြင်းဟာ သတိရခြင်းထက် ပိုတဲ့ တော်လှန်ရေးရဲ့ အမှတ်တရရုပ်ပုံလွှာတွေပါ။


ဘယ်သူတွေ ဘာပြောပြော အစစ်အမှန်စွန့်လွှတ်ခြင်း တွေဟာ အချောင်သမားတွေ၊ အခွင့်အရေးသမားတွေကို အမြဲတန်း ခြောက်လှန့်နေဦးမယ်။


တော်လှန်ရေးသတိ အမြဲမပြတ် ရှိခြင်းဟာ တော်လှန်ရေးလုပ်ရင်း သတိလက်လွတ်ဖြစ်သွားသူတွေကို တည့်မတ်ပေးနိုင်တဲ့ အင်အားဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။


ဒီယုံကြည်ချက်အတိုင်း ကျနော်တို့အားလုံး သမိုင်းတစ်ခုရဲ့ ဖြစ်တည်မှုကို မျက်ခြေပြတ်ခံလို့ မဖြစ်ဘူး၊ ဖြစ်လိုရာဖြစ်ပါစေ လို့လည်း
မျက်နှာလွှဲထားလို့ မရနိုင်ဘူး။


တကယ့်ကို အရိုးသားဆုံး ပေးဆပ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေရဲ့ သစ္စာကိုစောင့်တည်ဘို့ ကျနော်တို့အားလုံး ရှိနေတယ်လို့ ယုံကြည်နေလို့ပဲ။


ကိုကိုဦး (၈၈ သူပုန်မျိုးဆက်)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့


( ကိုကိုဦး (ခေါ်) ဆလိုင်းကိုကိုဦး ဟာ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပြီး နောက်တော့ ABSDF အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ )



ABSDF အထွေထွေအတွင်းရေးမှူးဟောင်း ကိုကိုဦး ၏ ABSDF တည်ထောင်ခြင်း (၂၅) နှစ် ပြည့် သ၀ဏ်လွှာ


https://www.facebook.com/ko.oo2/posts/606290499407163



ABSDF ငွေရတုသဘင်သို့ ကဗျာ


မောင်ကို (ထပ်ခနွန်-ထောင်ဖာဖုံ)


ဒေါင်းမာန်ဝင့်ချီ သွေးရဲနီသည်
သမိုင်းတခေတ် တော်လှန်နှစ် (၈၈) မှာ
တော်လှန်တဲ့အသိ မွေးခဲ့ကြသည် ခွပ်ဒေါင်းနီ။

အရေးကြီးပြီ ညီနောင်အပေါင်းတို့
ကိုမွန်းအောင် ဆိုခဲ့တဲ့ တော်လှန်တေးသီချင်း
ခွပ်ဒေါင်းမာန်ကို နှိုးဆွ စိတ်မာနကို အပ်နှင်း
လက်ချင်းတွဲယှက်မြဲလျှက် ခွပ်ဒေါင်းတို့ သွေးမပျက်ခဲ့။

ခေတ်အဆက်ဆက်
အာဏာရူး စစ်ဘီလူးတွေကို အန်တု
သေမှာကို ခွပ်ဒေါင်းတို့ မမှုခဲ့။

တရားသောစစ်မှာ
ငါတို့ဝိညာဉ်သာ ကျန်နေရစ်ပါစေ
အသက်နဲ့သွေး တို့စတေးခဲ့သည်
မာန်ဟုန်ဝင့်ချီ ခွပ်ဒေါင်းနီ။


မောင်ကို
(ထပ်ခနွန်-ထောင်ဖာဖုံ၊
ခေတ္တ အမေရိကန်)


၂၅ နှစ်မြောက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
ငွေရတုသဘင်သို့



ABSDF ငွေရတုသဘင်သို့ ကဗျာ (မောင်ကို)


https://www.facebook.com/ko.oo2/posts/606290499407163