မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အပိုင်း (၃-၄) နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး (သို့မဟုတ်) မေခွန်းထုတ်စရာများ

အပိုင်း (၁-၂) ကို မဖတ်ရသေးသူများ ဒီနေရာမှာ Click ပြီး ဖတ်နိုင်ပါတယ်။

အပိုင်း (၃)

တော်လှန်ရေးနယ်မြေတွေမှာ သူလျှိုလို့ သံသယအဖြစ်ခံရသူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်း ခဲ့တာတွေ ကြားဖူးနားဝ ရှိကြပါလိမ့် မယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ  ကိုယ့်ဘာသာကိုယ်ပဲ အသားအနာခံခဲ့ကြရုံသာမက အသတ်ခံပါခံလိုက်ကြရတဲ့အဖြစ်တွေ လည်း ရှိခဲ့ကြပါတယ်။

အသားနာတာကို အကြောင်းပြပြီး နန်းအောင်ထွေးကြည်လို “စစ်ဆင်ရေး”ဆိုတဲ့ခေါင်းစဉ် အကြီးကြီး တပ်ဖြေခဲ့တဲ့သူမျိုး ၊ ဉက္ကဌအပါအဝင်  ရဲဘော်ရဲမေတွေ တပြုံတမကြီး  ဆွဲထည့် သွားနိုင်ခဲ့တာမျိုးကို ဘယ်သူများ ကြားဖူးခဲ့ကြပါသလဲ။ ဒါကို ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ လုပ်ခဲ့ပါတယ်လို့ မပြောရင် ဘယ်လိုပြောရမှာပါလဲ။

ဘယ်သူက သူ့ကိုယ်သူ အဖမ်းခံ၊ အသားအနာခံ၊ အသေခံပြီး လုပ်ပါ့မလဲ။ စွပ်စွဲတဲ့လူနဲ့ စွပ်စွဲခံရ သူ ဘယ်သူက အစီစဉ်ကျကျ လုပ်ဖို့လွယ်မလဲ။

ဖြစ်သွားတဲ့အဖြစ်အပျက်ဟာ ဒီလောက်ရိုးရှင်းနေတာမျိုး မဟုတ်ပါဘူး။ ဒီရေလှိုင်းစစ်ဆင်ရေး ဆိုတာကို နန်းအောင်ထွေးကြည် အဖမ်းခံရတဲ့အချိန်ကျမှသာ သူလုပ်ခဲ့တာဖြစ်ခဲ့တဲ့အပြင် ဒီဇာတ်လမ်းတွေ စကတည်းက နန်းအောင်ထွေးကြည်ဟာ သူတော့ သေချာပေါက်ပါနိုင်တယ်ဆိုတာကို  ကြိုသိနေခဲ့ပါတယ်။ ဒီလိုတွေလုပ်ပြီးတာနဲ့ ထွက်ပေါက်အသင့် ရှိထားတယ်ဆိုတာ သိနေရင် လည်း လုပ်ဖို့က မခက်ပါဘူး။

ထူးခြားတာက ကေအိုင်ကေဘက်က လူတွေကိုဆွဲထည့်တာလည်း နန်းအောင်ထွေးကြည် တယောက်ပဲဖြစ်သလို အားလုံးထဲမှာမှ နန်းအောင်ထွေးကြည်တယောက်တည်းကိုသာ ကေအိုင်အေက ရွေးထုတ်ပြီး ကျောင်းသားရဲဘော်တွေမပါပဲ သီးသန့်ခေါ်ထုတ် မေးမြန်းခဲ့ကြတဲ့ ကိစ္စတွေပါ။  အဲဒီမှာလည်း သူဘာတွေပြောခဲ့ပြန်သလဲ။ သူရေးထားတာတွေရှိပေမဲ့ ဗြောင်လိမ် ရဲတဲ့သတ္တိက မသေးတော့ ကေအိုင်အေလူကြီးတွေကလွဲလို့ ဘယ်သူမှ အမှန်အတိုင်း မသိနိုင် ပါဘူး။

နန်းအောင်ထွေးကြည် လုပ်ခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးနဲ့ ဒီလိုင်းတွေကို ယုံကြည်လက်ခံလုပ်ခဲ့တဲ့ သူတွေကလည်း  နန်းအောင်ထွေး ကြည်ပြောခဲ့တဲ့စကားအတိုင်း ပြန်ပြောရရင် “မန္တလေး ကျောင်းသားလှုပ်ရှားမှု့အကြောင်း ကောင်းကောင်းမသိတဲ့ စစ်ကြောရေးမှာ ပါတဲ့သူတွေကလည်းကွာ ဒီလောက်တောင် တုံးရသလား”ဆိုရမလိုပါပဲ။

၈၈မှာ တက်ကြွလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေ ထုနဲ့ထေးရှိခဲ့သလိုပဲ အဲဒီလိုလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေကြား မှာ တန်ပြန်ထောက်လှမ်းရေးသဘောမျိုးနဲ့ သတင်းယူပို့ ပေးရတာတွေကို အကြီးအကျယ် စွန့်စားမှု့ကြီးတခုအဖြစ် ကိုယ်ဘာသာ ကိုယ် ဂုဏ်ယူကျေနပ်စွာ လုပ်ကိုင်နေကြတဲ့ ကျောင်းသားလူငယ်တွေလည်း အများကြီး ရှိနေခဲ့ကြတာတွေကိုတော့ သတိရကြပါ လိမ့်မယ်။

ဖြစ်ခဲ့တဲ့အချိန်တုန်းကလည်း ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ ယုံကြည်လက်ခံသွားလောက်အောင် သူ့ကိုယ်သူ တကယ့်ထောက် လှမ်းရေးမတယောက်အသွင်မျိုးနဲ့ နန်အောင်ထွေးကြည် မင်သေသေ ပြောခဲ့ လုပ်ခဲ့တယ်။ အခုကျ သေသွားတဲ့ မဖြေရှင်းနိုင်တော့ တဲ့ ကိုမျိုးဝင်းအပေါ် အားလုံးပုံချပြီး အသားအနာမခံနိုင်လို့ပါ အကြောင်းပြ  ကျောင်းသားတပ်ကို မစွန့်ခွာချင်ပါပဲ စွန့်ခွာခဲ့ရတဲ့ အင်မတန် သနားဖွယ်ရာကောင်းတဲ့ရဲမေလေး ပြန်ဖြစ်နေပြန်တယ်။

ဒီအမျိုးသမီးဟာ မဟုတ်ခဲ့ရင်တော့ အတော်လေးကို သနားကြင်နာဖို့ကောင်းတာ အမှန်ပါ။ ဟုတ်ခဲ့ရင်တော့ အတော်လေးကို ကြောက်စရာကောင်းတဲ့ အနေအထား မီးစတဘက်-ရေမှုတ် တဘက်ကိုင်ထားတဲ့ တော်လှန်ရေးမပြောနဲ့ ကျောင်းသားစိတ်ဓါတ်မျိုး တောင်မရှိတဲ့ ရပ်တည် ချက်မမှန်တဲ့ မိန်းမမျိုးထဲကပါ။

(ဘယ်သူဘယ်ဝါမှန်းမသိ လမ်းမှာတွေ့တဲ့သူနဲ့ စကားပြောမိရာက အဲဒီလူနဲ့အတူ ရှစ်လေးလုံး လှုပ်ရှားမှု့တွေမှာ ပါဝင်လာခဲ့တယ် တဲ့။ ကြားမကြားဖူးခဲ့တဲ့ ရှားရှားပါးပါးပုံပြင်လေး တပုဒ်ပါပဲ။ ဒါလည်း တကယ်မရှိတဲ့ လူတယောက်ကိုသုံးပြီး ဇာတ်လမ်းဖော်ထား တဲ့ ပုံပြင်ပဲ ဖြစ်ရမယ်၊၊)

အဖမ်းခံခဲ့ကြရသူတွေအားလုံး ကိုယ့်အိမ်ကိုယ်တန်းပြန်ခဲ့ကြချိန်မှာ အိမ်တန်းမပြန်ပဲ နိုင်ငံခြား မှာ အကြာကြီးသောင်တင်နေတဲ့ နန်းအောင်ထွေးကြည်နဲ့ ကေအိုင်အေမှာ ဆက်နေပြီး တာဝန်ထမ်းဆောင်နေခဲ့ပါတယ်ဆိုတဲ့ ကိုညီညီဆမား၊ သူတို့နှစ်ယောက် လျှောက်တဲ့လမ်းကိုက တခြားခံရသူတွေနဲ့မတူပဲ သီးခြားကွဲထွက်နေခဲ့တာကလည်း စဉ်းစားစရာတချက်။

အထဲပြန်ဝင်သွားကြသူတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ သဘောမျိုး ဖြစ်နေပါ တယ်။

( ဒီလောက် အိမ်လွမ်းလှပြီဆိုတဲ့သူက အားလုံး ကိုယ့်အိမ်ကိုယ်တန်းပြန်ကြတဲ့အချိန်မှာ ဘာအကြောင်းကြောင့် အဲဒီအချိန်က အိမ်တန်းမပြန်ရဲ ခဲ့ရတာပါလဲ။ တောထဲမှာ ဒီလောက် ဆင်းရဲဒုက္ခရောက်ခဲ့ရသူတယောက်အတွက် ပြန်စရာ အဖေအမေအိမ်ထက် ပိုကောင်းတဲ့နေရာ ဆိုတာ ရှိနေသေးလို့လား။ ရိုးသားရင် အဲဒီအချိန်ကတည်းက အိမ်ပြန်ရောက်နေရမဲ့ကိစ္စ။ အိမ်တော့မပြန်နဲ့ သွားချင်ရင် မင်းအကိုဆီသွားဆိုပြီး ကေအိုင်အေကဘန်ကောက်ပို့ ပေးခဲ့ တာပါတဲ့။ ဟနေတဲ့အချက်မှန်သမျှ သူသိပါတယ်၊ အကုန်လိုက်ပိတ်ထားပြီး မေးလို့မရတော့တဲ့ သူတွေကို လက်ညိုးထိုးညွန်ပြလိုက်တာချည်းပဲ။)

အထဲပြန်ဝင်သွားတဲ့ ရဲဘော်အများစုကတော့ သူတို့ပြောသလိုပါပဲ ဘာမှန်းညာမှန်းမသိပဲနဲ့ကို ခံလိုက်ကြရတာပါ။ နောက်တခုက ဒီဇာတ်လမ်းအစပျိုးချိန်က အမှန်တရားဖော်ထုတ်ပေးဖို့ ကိုထွန်းအောင်ကျော်မှာသွားလို့ပါဆိုတဲ့ သူနှစ်ယောက်ကလည်း ထူးထူး ခြားခြား နန်းအောင် ထွေးကြည်နဲ့ ကိုညီညီဆမားပဲ ပြန်ဖြစ်နေပြန်ပါတယ်။ အခုကျတော့ ဒီလိုပဲ ကျမတို့အားလုံး တယောက်ကို တယောက်မှာကြတယ်နဲ့ ပြန်လျှောချသွားတယ်။ ကိုထွန်းအောင်ကျော် သူ့ကို ဒီလိုမှာသွားလို့လုပ်ရတာပါဆိုတာနဲ့ အစပျိုးလာချိန် ကတည်းက ရှင်းရှင်းပြောရရင် ကျမက တော့ မယုံကြည်ခဲ့ပါဘူး။

နန်းအောင်ထွေးကြည်ဖော်ခဲ့ လုပ်ခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီလိုင်းတွေအရပဲ လုပ်တဲ့သူတွေက ထောက်လှမ်း ရေးတွေအဖြစ်နဲ့ ညာတာမှု့မရှိပဲ လုပ်ခဲ့ကြတဲ့အတွက် ဉက္ကဌကိုထွန်းအောင်ကျော် အပါအဝင် လူတော်တော်များများဟာ မဟုတ်ပဲနဲ့ ခံလိုက်ရသလို  မရှိပဲနဲ့  လုပ်ကြံဖြေထားတဲ့အပေါ် လက်နက်တွေ ၊အဆိပ်တွေ၊ ဆက်သွယ်ရေးစက်တွေ ထုတ်မပေးမချင်း ရက်ရက် စက်စက် ညှင်းပမ်းနှိပ်စက်ခံခဲ့ကြရတယ်။ မရှိလို့ ထုတ်မပေးတာကို ခေါင်းမာတယ်ထင်ပြီး ထပ်ခါထပ်ခါ ညှင်းဆဲမေးမြန်းရင်း တချို့ စစ်ကြောရေးမှာပဲ သေဆုံးသွား ခဲ့ရတယ်။

ရုပ်ပိုင်းဆိုင်ရာအရ သူ့ထက်အဆပေါင်းများစွာ နာကျင်ခဲ့ရတဲ့သူတွေထက်  သူဆင်လိုက်တဲ့ ဇာတ်လမ်း သူလုပ်ခဲ့တဲ့လုပ်ရပ်တွေ အတွက်  တခြားလူတွေရဲ့ဘဝတွေ ဘယ်လောက်တောင် ထိခိုက်နစ်နာသွားခဲ့ရသလဲဆိုတာ သူကိုယ်တိုင်သာအသိဆုံးမို့ စိတ်ပိုင်း ဆိုင်ရာအရ  ကိုယ့် ကိုယ်ကို ဒဏ်ခတ်ချောင်ပိတ်မိနေခဲ့တဲ့အထိ ဆောက်တည်ရာမရ နန်းအောင်ထွေးကြည် ခံစားနေခဲ့ရတာတွေ ဟာ ဒါတွေကြောင့်ပါ။

(သို့မဟုတ်) အချိန်အခါတခုကိုစောင့်ပြီး သူ့ဆင်ခဲ့တဲ့ဇာတ်လမ်းကို သူပြန်ပြီးဆက် ”က” နေခြင်းမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

တိုက်ဖော်တိုက်ဖက် ကျောင်းသားအချင်းချင်းကို ရန်သူ့လူထောက်လှမ်းရေးတွေလို့ ထင်မြင်သွားခဲ့ကြတဲ့အထိ  အဲဒီအချိန်က သွေးခွဲလှုံ့ဆော်တွန်းပို့ပေးခြင်းကို ခံခဲ့ကြရတာဟာ ဒီအဖြစ်အပျက်တခုလုံးရဲ့အရင်းခံ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

နန်းအောင်ထွေးကြည်ရဲ့ တွန်းပို့ခဲ့မှု့အပေါ် ကိုမျိုဝင်းယုံကြည်လက်ခံသွားအောင် ထပ်ဆင့်တွန်းပို့ချောက်တွန်းလုပ်ခဲ့သူ နောက်တ ယောက်ကတော့ ကိုမျိုးဝင်း ယုံကြည်လို့ အဖမ်းခံရသူတွေကြား တမင်ထည့်ထားခဲ့တဲ့ ခို (ခ) ကိုခင်မောင်ဇော် (စစ်ရုံးအုပ်၊ မန္တလေး) ဆိုတာတော့ အသေအချာပါပဲ။

နန်းအောင်ထွေးကြည်ရဲ့ မင်သေသေနဲ့ ဖြေကြားချက်တွေ (သူ့စကားအရပြောရရင် သူရေးပေး လိုက်တဲ့ ဝတ္ထုဇာတ်လမ်းတွေအပေါ် ) ကျောင်းသားထောက်လှမ်းရေးဘက်က လူတွေ ဘယ် လောက်တောင် ယုံကြည်ပြီး လုပ်ဆောင်ခဲ့ကြသလဲဆိုတဲ့ သာဓကတွေပါ။
ဘာကြောင့်မို့ သူပြောတာတွေကို အလွယ်တကူယုံကြည် လက်ခံခဲ့ကြပါသလဲ စဉ်းစားကြည့်နိုင်ပါတယ်။ သူက ထောက်လှမ်းရေး မှူးတယောက်ရဲ့သမီး ဖြစ်နေခဲ့တဲ့အပြင် စရောက်လာကတည်းက သူတို့ရဲ့ပြောဆိုပြုမူလုပ်ကိုင်ခဲ့ပုံတွေအရကို သံသယအဖြစ်ခံ ခဲ့ရတဲ့သူတယောက် ၊ ဒါ့အပြင် အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အခြေအမြစ်ရှိတဲ့အချက်တွေကို ဆွဲယူသုံးခဲ့လို့ပဲ ဖြစ်ပါ တယ်။

အပိုင်း (၄)


မြောက်ပိုင်းအဖြစ်အပျက်တွေ ပြန်ဖော်တဲ့အခါမှာလည်း သူ့ကိုလုပ်မဲ့ဟန်နဲ့ ခြိမ်းခြောက်ခဲ့တာ ကလွဲလို့ အမှန်တကယ် အနှိပ်စက်ခံ ခဲ့ရတာသိပ်မရှိခဲ့ သူ့ဘာသာသူ ထွက်ဆိုခဲ့တာတွေပဲ ဖြစ်တော့ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့သူတွေ ဘယ်လိုပုံစံမျိုးတွေနဲ့ နှိပ်စက်ခံခဲ့ရ တဲ့အကြောင်းတွေကို သာ ထပ်ခါတလဲလဲ ရေပက်မဝင်အောင် အသုံးချပြော (သူဘယ်တုန်းကမှ အရေးစိုက်ဆက်ဆံ ခြင်းမျိုး တောင်မရှိခဲ့တဲ့ မခင်ချိုဉီးတို့လိုလူမျိုးတွေ) ဟုတ်တာရော မဟုတ်တာတွေရော ပြောတဲ့အချိန်မှာ ဇာတ်နာသွားအောင် သိသိချည်း နဲ့ကို တမင်ထည့်ပြော  လက်ညိုးတွေ တထိုးထဲထိုး ပြပြီး ထောက်လှန်းရေးဖြစ်ခဲ့ကြရင်တောင် အဲဒါတွေက အရေးမပါတော့တဲ့ အဆင့်မျိုးထိရောက်အောင် တွန်းပို့သွားပါတယ်။

ဘယ်လိုလူသားမျိုးရဲ့ နှလုံးသားကမှ လက်မခံနိုင်တဲ့ပွိုင့်ကိုကိုင်ပြီး ဖြစ်ခဲ့တဲ့အကြောင်းအရင်း အမှန်ထိမရောက်အောင်  ကြိုပြီး ပိတ်ပင်တားဆီးလိုက်ခြင်းမျိုးလည်း ဖြစ်နေပါတယ်။

နန်းအောင်ထွေးကြည်ပြောခဲ့တဲ့ ဒီခွဲထားတဲ့လိုင်းတွေကို အမှန်တကယ် ယုံကြည်သွားခဲ့ကြတဲ့ အတွက်ကြောင့်လည်း ကိုသံချောင်း က အဖမ်းခံထားရတဲ့ ကြောင်(ခ) ကိုကျော်နိုင်ဉီး (သာယာဝတီ) ကို” မင်းငါတို့နဲ့ အတူနေပြီး ငါတို့ကို ထမင်းချက်ကျွေးနေတာပဲ ဘာကြောင့် အဆိပ်ခပ် မသတ်ခဲ့တာလဲ”လို့ မေးခဲ့တာလည်း ဖြစ်ပါတယ်။ ကိုကျော်နိုင်ဉီးဆိုတာ အဖမ်းမခံခဲ့ရသေးတဲ့ အချိန်ထိ လူကြီးတွေရဲ့ အနီးအနားမှာပဲ နေထိုင်ခဲ့ရသူတယောက်ဖြစ်သလို လူကြီးတွေရဲ့ စိတ်နေသဘောထားတွေကိုလည်း သိရှိနားလည် နေတတ်သူတယောက် ဖြစ်ခဲ့တဲ့အပြင် တခါတလေ အောက်ခြေက ရဲဘော်ရဲမေတွေ မသိတဲ့ကိစ္စမျိုးတွေကိုတောင် သိနေတတ်တဲ့ သူတယောက် လည်း ဖြစ်ပါတယ်။ (၁၉၉၅) မှာမှ ကျောင်းသားတပ်ကနေ နောက်ဆုံးလွတ်မြောက်သွားခဲ့သူ တယောက်လည်း ဖြစ်ခဲ့သလို လက်ရှိ သာယာဝတီထောင်မှာကျနေတဲ့ ကိုသံချောင်းကိုလည်း အပြင်ကနေ လိုအပ်တာတွေ ကူညီပေးနေသူ တယောက်လည်း ဖြစ်ပါတယ်။

ကိုသံချောင်းဆိုတာ (အဲဒီအချိန်က) အဖမ်းခံခဲ့ရတဲ့ ရဲဘော်ရဲမေတွေအပါအဝင် ရဲဘော်အများစုရဲ့ချစ်ခင်ခြင်းကို ခံခဲ့ရတဲ့ စကား ပြောရင် အကွေ့အကောက်မရှိ နည်းပရိယာယ်မသုံးတတ် စိတ်ထဲရှိတဲ့အတိုင်း တဲ့တိုးပြောတတ်လုပ်တတ်တဲ့ ရဲဘော်ရဲမေတွေကို လည်း ချစ်ခင်တွယ်တာတဲ့ အင်မတန်ရိုးသားတက်ကြွတဲ့ ကျောင်းသားရဲဘော်တဉီးပါ။ နန်းအောင်ထွေးကြည်ရဲ့ အဆိုအရ အဖမ်းခံ ထားရတဲ့သူတွေထဲမှာတောင် “သံချောင်းချစ်သူများအဖွဲ့”ရှိသေးတယ် ဆိုပါ တယ်။

နန်းအောင်ထွေးကြည် အစပိုင်းအင်တာဗျူးတွေမှာ ပြောခဲ့တဲ့စကားတွေ လိုက်နင်းပြီး ပုံဖော်နေကြသလို သွေးဆာနေတဲ့ သရဲသဘက် ဘီလူးကြီး မဟုတ်ပါ။ (မေသင်္ကြန်ဟိန်းရေးတဲ့စာ ထဲမှာတော့ ကိုသံချောင်းက ရိုးတာတော့ တော်တော်ရိုးတယ် ပြန်ဖြစ်သွားပြန်တယ်။ ကျမအမြင် အရဆို ရိုးရုံတင်မကဘူး။ ကြားစကားတွေကို အလွယ်တကူယုံကြည် လက်ခံသွား တတ်တဲ့ အထိ တုံးနေအောင်ကို “အ” ခဲ့တာ။) “ငါ နန်းအောင်ထွေးကြည်နဲ့ပဲ စကား ပြောချင်တယ်။ သံချောင်းမင်းနေခဲ့”လို့ ကျောင်းသား ရဲဘော်တွေရဲ့အဖေတယောက်ပမာ ဖြစ်နေတဲ့ ဗိုလ်မှူး ပန်းအောင်ရဲ့စကားကိုတောင် လွန်ဆန်ရဲခဲ့သူတဉီးမဟုတ် ချန်နေခဲ့ပေးရ သူပါ။

ဘယ်သူ့စကားမှ နားမထောင်ခဲ့ရင်တောင် ဗိုလ်မှူးပန်းအောင်ရဲ့စကားကိုတော့ မည်သည့်ကျောင်းသားရဲဘော်ကမှ မလွန်ဆန်ရဲပါ။ ကြောက်၍ မဟုတ်ပါ။ ဗိုလ်မှူးပန်းအောင်ကို ကျောင်းသားရဲဘော်တွေအားလုံးက အဖေတယောက်ပမာ ချစ်ခင်လေးစားကြရတဲ့ အတွက်  ဖြစ်ပါတယ်။ မြောက်ပိုင်းတပ်ကို တိုက်ရည်ခိုက်ရည်ကောင်းလာအောင် ကျောင်းသားကွန်မန်ဒိုတွေကို လေ့ကျင့်မွေးထုတ် ပေးခဲ့တာလည်း ဗိုလ်မှူးပန်းအောင်ပါပဲ။ ကျောင်းသားထောက်လှမ်းရေးတွေ မွေးထုတ်ပေးခဲ့တာလည်း ဗိုလ်မှူးပန်းအောင်ပါပဲ။ ဒီဖြစ်စဉ် တလျှောက်လုံးမှာ ဗိုလ်မှူးပန်းအောင်လည်း ရှိနေခဲ့ပါတယ်။

ကိုထွန်းအောင်ကျော်အပါအဝင် (၁၅)ယောက်ကိုမသတ်ခင် အစောပိုင်းကတည်းက နန်းအောင်ထွေးကြည်တယောက်တည်းကို ကျောင်းသားရဲဘော်တွေမပါပဲ ဗိုလ်မှူးပန်းအောင် အဲဒီလို ခေါ် ထုတ်မေးမြန်းခဲ့ချိန်က “ကျမတို့ အားလုံးက မဟုတ်ပါဘူး။ ဒါကို တားမြစ်ပေးပါ”လို့ နန်းအောင်ထွေးကြည် အဲဒီအချိန်ကဘာကြောင့် ဗိုလ်မှူးပန်းအောင်ကို မတောင်းဆိုခဲ့တာပါလဲ။

မဟာမိတ်တွေမို့ ဝင်စွပ်ခွင့်မရှိဘူးဆိုတဲ့အကြောင်းပြချက်က နန်းအောင်ထွေးကြည်၊ ကိုညီညီ ဆမား၊ ကိုမောင်မောင်တို့ သူတို့ ဘာသာ သူတို့ပေးထားတဲ့ ရှောင်ကွန်နရီနည်းတွေထဲက တခု ပါ။ ဒီဖြစ်စဉ်အတွင်းမှာ ကေအိုင်အေဘက်က ထောက်လှမ်းရေး အရာရှိတွေလည်း ကျောင်းသားတပ်မှာ ဝင်လိုက်ထွက်လိုက် ရှိနေခဲ့တယ်ဆိုတာ မသိခဲ့ကြ မမြင်ခဲ့ကြစရာ မရှိပါဘူး။ အဲဒီလို ဝင်ရထွက်ရခြင်း နောက်တကြောင်းကလည်း ကျောင်းသားထောက်လှမ်းရေးတွေက ကေအိုင်အေက မွေးထုတ်ပေးပြီးကာစ လက်သစ်လေးတွေ ဖြစ်နေခဲ့တာကလည်းတကြောင်း အပါအဝင် ဖြစ်ပါတယ်။ ပွဲကြီးပွဲကောင်း တွေ့သွားခဲ့ရသလိုမျိုးပါ၊

(၁၉၉၀-၁၉၉၁) တပ်မဟာ(၄)နယ်မြေ ကေအိုင်အေကနေ ဉီးမထုနော်တို့အဖွဲ့ ခွဲထွက်ပြီး အပစ် အခတ် ရပ်ဆဲရေးလုပ်တဲ့အချိန်က အဲဒီနယ်မြေမှာရှိတဲ့ (၄၀၁)ကျောင်းသားတပ်ရင်း ( ကျမနဲ့ ရဲဘော်(၆)ယောက်က ပါဂျောင်မှာ ရောက်နေလို့သာ ပါမသွားခဲ့ရ) ဗဟိုကော်မတီ ကိုသံလွင် (လားရှိုး)၊ ကိုဝင်းသိန်း (လာရှိုး)၊ တပ်ရင်းမှူးကိုဇော်နော်တို့ အပါအဝင် တပ်ရင်း တရင်းလုံး ဗဟိုရောက် အောင် ဖောက်ထွက်နိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ကြားက ရိက္ခာတွေပြတ် လက်နက်တွေ အသိမ်းခံခဲ့ရတယ်။ (၄၀၁) တပ်ရင်းတရင်းလုံး “လက်နက်ချ အလင်းဝင်တွေ”အဖြစ်နဲ့ ရန်သူ့ လက်ထဲ ထိုးအပ်ခံခဲ့ကြရတယ်။ ခေါင်းမာတဲ့ တပ်ရင်းမှူးကိုဇော်နော် ထောင်ထဲ ရောက်သွားတယ်။ မဟုတ်မခံစိတ် ပြင်းထန်တော့ တော်တော်လေး အနှိပ်အစက်ခံလိုက်ရတယ်။

(၁၉၉၁-၁၉၉၂) မြောက်ပိုင်းမှာ ဒီအဖြစ်အပျက်တွေ ဖြစ်လာခဲ့တယ်။

(၁၉၉၃-၉၄) ကေအိုအေအပစ်အခတ်ရပ်ဆဲရေးလုပ်တဲ့အချိန်က ကျောင်းသားရဲဘော်တွေကို ပါဂျောင်ဗဟိုမှာ နေခွင့်မပေးတော့ပဲ နောင်ရာဘာနားက နောက်တန်းစခန်းတခုမှာ တစုတည်း ပြန်စုထားခဲ့ပါတယ်။ ရှေ့မှာရှိထားပြီးသား သင်ခန်းစာအရ” ငါတို့ဆီက လက်နက်တွေသိမ်းပြီး ငါတို့ကိုကော ရန်သူ့လက်ထဲ ထိုးအပ်အုံးမှာလား”ဆိုတဲ့သံသယနဲ့ မြောက်ပိုင်းကျောင်းသား ရဲဘော်တွေ စိတ်ဓါတ်ကျ လက်မှိုင်ချနေကြမယ် ထင်ပါသလား။ ငါတို့ဆီက လက်နက်တွေ သိမ်းပြီး ငါတို့ကို ရန်သူ့လက်ထဲ ထိုးအပ်လို့ကတော့ ကေအိုင်အေဖြစ်ဖြစ် ဘာဖြစ်ဖြစ် မခံဘူး။ အသေခံပြီး ပြန်ချမယ်ဆိုပြီး ကျောပိုးအိပ်တွေကိုယ်စီ သေနတ်တွေရယ်ဒီနဲ့ နေ့ရောညပါ စခန်း တခုလုံး လှုပ်လှုပ်ရွရွ နဲ့  စတန်းဘိုင်ဖြစ်နေခဲ့ပုံတွေကို ပြန်မြင်ယောင်မိပါသေးတယ်။

အဲဒီလို မဖြစ်ခဲ့ပေမဲ့ တောထဲမှာ ကိုယ့်ယုံကြည်ချက်အတွက် ရန်သူကိုတိုက်ဖို့ မဟုတ်တော့ပဲ  တတောင်တက် တတောင်ဆင်း ထင်းခွေလိုက် ရေခပ်လိုက် တွေ့တဲ့အသီးအရွက်တွေ လျှောက် ကောက် ချက်စားလိုက် ဘယ်သူ ဘယ်လောက်ကြာကြာ နေနိုင် ပါသလဲ။ မိဘအရိပ်အောက် ပညာရှာရမဲ့အရွယ်တွေမှာ ဘာအတွက် မိဝေးဘဝေး တောထဲတောင်ထဲမှာ ဆင်းရဲဒုက္ခခံ အငတ်ပြတ်ခံ နေခဲ့ကြပါသလဲ။

(၁၉၉၆-၉၇) လက်နက်တွေကို လုံခြုံတဲ့နေရာတခုမှာ ဖွက်ထားပြီး လူတွေကို တစုပြီးတစု မသိမသာနဲ့ ပြောင်းရွေ့လိုက်ခြင်း အားဖြင့်  တပ်တခုလုံး တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ရွေလီကို ရောက်လာခဲ့ တပ်ဖျောက်ခဲ့ကြတယ်။ အဲဒီမှာမှ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်နဲ့ ချိပ်ပြီး လိုက်ချင်တဲ့သူ လိုက်နိုင်တယ်၊ နေချင်တဲ့သူ နေကျန်ခဲ့နိုင်တယ်၊ အိမ်ပြန်ချင်တဲ့သူပြန်နိုင်တယ်။ ဘက်တံဆိပ်တော့ ပြောင်းတပ်ရမယ်ဆိုပြီး ကိုသံချောင်းဉီးဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်ချင်တဲ့ ရဲဘော်တစု ရှမ်းတော်လှန်ရေး ဘက်တံဆိပ်ကို ပြောင်းတပ်ပြီး ရှမ်းပြည်တောင်ပိုင်းကို ရောက်သွားခဲ့ကြတယ်။ တချို့ အိမ်ပြန်သွာကြတယ်။ ဘက်တံဆိပ် ပြောင်းမတပ်လိုတဲ့ ရဲဘော် တွေ ချန်နေခဲ့ကြတယ်။ အမေ့အိမ်မှာ မင်းသားလုပ် ဗိုလ်ကျခဲ့ကြတဲ့  သားလိမ္မာလေးတွေ တရုတ်ပြည် နယ်စပ်တလျှောက် အိပ်မက်ထဲတောင် ထည့်မမက်ခဲ့ဖူးတဲ့ ကြုံရာကျပန်း လယ်ကူ လီ ယာကူလီ ပန်းရံ အလုပ်ကြမ်းတွေကို ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း ကုန်ရုန်းရှာဖွေ လုပ်ကိုင်ကြရင်း ဘဝကို “ဇီးရိုး”က  ပြန်စ ရပ်တည်ခဲ့ကြရတယ်။

ပြောရင် လွယ်ပါတယ်။ မင်းတို့က ဘာလုပ်နိုင်ခဲ့လို့လဲ။ ဘာတွေများ လုပ်ခဲ့ကြလို့လဲ။ လေသံနားထောင်ကြည့်ရုံနဲ့ ယုံကြည်ရာ ဗလပွနဲ့ ဘာတခုကိုမှ တစိုက်မတ်မတ် လုပ်ခဲ့ဖူးမဲ့ လူမျိုးတွေ မဟုတ်မှန်းလည်း   သိနိုင်ပါတယ်။ “ကျမတို့လက်ထက်မှာ မအောင်မြင်ပဲ သေသွားကြလည်း အကြောင်းမရှိပါဘူး။ ကိုယ်ယုံကြည်ရာ လုပ်သင့်လုပ်ထိုက်ရာကို လုပ်နေကြဖို့သာ အဓိက” ခံယူထားတဲ့ ကျမအတွက်တော့ ဆွဲဆောင်မှု့စိန်ခေါ်မှု့တွေကို ကျော်လွားဖြတ်သန်း ပြီး ဇွဲမလျှော့တမ်း တစိုက်မတ်မတ်
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်နေကြတဲ့ ရဲဘော်တွေရဲ့ တန်ဘိုးကို  နားလည်တယ်။ ဂုဏ်ယူလေးစားတယ်။

ကျမတို့ရဲဘော်တွေရဲ့တန်ဘိုးကို ”ဇီးရိုး”ပဲ သတ်မှတ်ခဲ့အုံး။ မြန်မာပြည်ရဲ့ အမြို့မြို့၊ အနယ်နယ်တိုင်းမှာ ကျမတို့ရဲဘော်”ဝ”တွေ ရေတွက်လို့ ရနိုင်မည်မထင်ပါ။ ကျမအထင် ကျမတို့ရဲဘော် ”ဝ” တွေ မရှိတဲ့မြို့ရယ်လို့ တမြို့မှတောင် ရှိလိမ့်မည်မထင်ပါ။ ပြည်ပနိုင်ငံ တွေမှာလည်း ကျမတို့ရဲဘော်”ဝ”တွေက နိုင်ငံအနှံ့အပြား ။ တိုင်းပြည်က လိုအပ်လာလို့ ဒီရဲဘော်”ဝ”တွေကို နေရာတကျ အသုံးပြုတတ်ခဲ့ရင် အသုံးပြုနိုင်သူရဲ့ ကိန်းဂဏန်းနောက်မှာ ဒီ”ဝ”တွေက ထောင်လည်းဟုတ်၊ သိန်းလည်းဟုတ်၊ သန်းလည်းဟုတ်တဲ့ တန်ဘိုးတွေအဖြစ် မိဘပြည်သူတွေအတွက် ပြောင်းလဲလာကြပါလိမ့်မယ် ။

ကျမအမြင်အရတော့ ဒီအဖြစ်အပျက်ကြီးတခုလုံးအတွက် အမှန်တကယ် နစ်နာဆုံးရှုံးမှူ့ဖြစ်ခဲ့ရတာ ဘယ်ဘက်ကပါလဲ။   ဘယ်သူတွေပါလဲ။ ပုဂ္ဂိုလ်ရေးတွေကို ရှေ့တန်းမတင်ပဲ တခုလုံးကို ခြုံပြီး စဉ်းစားကြည့်ကြစေချင်ပါတယ်။ တော်လှန်ရေးဘက်က၊ ကျောင်းသားတပ်ဘက်က၊ ကျောင်းသားရဲဘော်ရဲမေတွေ အင်အားတွေကို ဆုံးရှုံးခဲ့ကြရတဲ့အဖြစ်ပါ။

အမှန်တရားကို ဖော်ထုတ်ဖို့ထက် ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တဲ့နည်းကို အခါခါသုံးနေတဲ့အတွက် ထွက်လာမဲ့အမြတ်က သေသွားခဲ့တဲ့သူတွေအတွက်ထက် သေသွားကြရတဲ့သူတွေကို အသုံးချပြီးနွဲနေတဲ့ စစ်အစိုးရဘက်ကပွဲ ဖြစ်နေတဲ့သဘောမျိုးတွေ ကိုလည်း တွေ့မြင်နေရပါတယ်။

မခင်ရွှေလှိုင် facebook မှာ မခင်ရွှေလှိုင်ရေးထားတာကို ပြန်လည် ကူးယူ ဖေါ်ပြပါတယ်။ အပိုင်း (၅-၆) ကို ဒီနေရာမှာ Click ပြီးဆက်ဖတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။    ။

0 comments: