မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အဘ မြ၀တီ ရဲခေါင်အမှတ်တရ





Dear all staff

This is a list of some useful words which could be requested by Mr Ye Goung. He is quite orientated with person, place and what he wants. He will point out what he wants in this list as he couldn't speak clearly. When you talk to him please keep your mouth close to his left ear otherwise he wouldn’t hear you. I think it will be helpful to communicate between staff and Mr Ye Goung.
With regards 
 (1)ဟုတ်ကဲ့ - Yes
(2) မဟုတ်ဘူး  - No
(3) ရေသောက်ချင်တယ်  (3) I’m Thirsty-
(4) ဗိုက်ဆာတယ် (4) I am hungry
(5) နာတယ် Pain
 
  အဘဦးရဲခေါင် ကွယ်လွန်ခဲ့တဲ့ တလပြည့်နေ့မှာ အဘဆုံးတဲ့နေ့က သူဆုံးတဲ့ လူအိုရုံကနေ ကျွန်မပြန်ယူလာခဲ့တဲ့ သူနာပြုတွေနဲ့ အဘအကြား ပြောဆိုဆက်ဆံရေးမှာ လွယ်ကူချောမွေ့အာင် သူနာပြုတွေကို အဘလိုအပ်တာ ထောက်ပြပြီး ပြောဖို့ လိုအပ်တဲ့ အကြောင်းအရာ တဆယ်ကျော်ခန့် ကျွန်မရေးထားပေးတဲ့ စာရွက်လေးကို ပြန်ကြည့်ဖြစ်ပြီး အဘရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်လာတယ်။ အဘ ဆုံးခါစကတော့ အဘဆီ ကျွန်မ နေ့တိုင်းလိုလို ရောက်နေပြီး မရောက်ဖြစ်တဲ့ နေ့မှာမှ အဘတယောက် ကျွန်မ မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက် ဆုံးသွားတာကို မယုံကြည်နိုင်အောင် ဖြစ်ရပြီး သူ့ရဲ့နောက်ဆုံးထွက်သက်အချိန်မှာ ကျွန်မအဘဘေးနားမှာ မရှိလိုက်တာကို ယူကျုံးမရ ဖြစ်ရလို့ ဆုံးပြီး တပတ်နှစ်ပတ်အတွင်း အဘနဲ့ပတ်သက်ပြီး  ဘာမှပြောနိုင် ရေးနိုင်စွမ်း မရှိတော့လောက်တဲ့အထိ ကျွန်မကို စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။

 အဲဒီအချိန်က အဘသားအငယ် ကိုနေလင်းကို အဘနောက်ဆုံးထွက်သက်အချိန်မှာ ဘယ်လိုအခြေအနေ ရှိခဲ့လဲလို့ ကျွန်မမေးကြည့်တော့ "မငယ်ရေ ဖါးသားကြီးအတွက်တော့ ဘာမှ မပူပါနဲ့ သေတာ အပြုံးတောင်မပျက်ဘူး သူအသက်မထွက်ခင်မှာ ကျွန်တော်အပါအ၀င် ဘေးနားမှာ ရှိနေသူအားလုံးကို ဘိုင့်ဘိုင်တွေဘာတွေ ပြောပြီးတောင် လက်ပြနှုတ်သွားသေးတယ် ဖါးသားကြီးကတော့ မနိုင်ဘူး. သူ့လက်ကို ကျွန်တော်ကိုင်ပေးထားပြီး တရားခွေ ပေးနားထောင်ထားတဲ့အချိန်မှာ သိပ်မကြာလိုက်ဘူး အသက်ပြင်းပြင်း သုံးကြိမ်လောက်ပဲ ရှူပြီး အေးအေးဆေးဆေးပဲ အသက်ထွက်သွားတယ်" လို့ အရယ်တ၀က်နဲ့ သူ့အဖေရဲ့ နောက်ဆုံးထွက်သက်အချိန်ကို ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောပြတော့ အဘ ဘ၀ကူးကောင်းကြောင်း သိရလို့ အနည်းငယ် စိတ်သက်သာရာ ရခဲ့ပါတယ်။ 

အဘရဲ့ ဈာပနအခမ်းအနား ကျင်းပတဲ့နေ့က အဘရဲ့ခန္ဓာကိုယ် ရုပ်ကလပ်ကို နောက်ဆုံးနှုတ်ဆက် ဂါရ၀မပြုမီ အနည်းငယ် ပိုနေသေးတဲ့အချိန်မှာ အခမ်းအနားမှူးက မိမိဖြတ်သန်းခဲ့တဲ့ ဘ၀မှာ အဘနဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေ ရှိရင်မိနှစ်အနည်းငယ်စီ ပြောကြဖို့  ခွင့်ပေးတော့ တော်လှန်ရေး သို့မဟုတ် စာပေလောကမှာ အဘနှင့်အတူ ဖြတ်သန်းလာသူ တချို့က သူတို့ကြုံတွေ့ရတဲ့ အမှတ်တရလေးတွေကို လွမ်းလွမ်းဆွေးဆွေး ပြောပြကြပါတယ်။ ကျွန်မကတော့  တခြားသူတွေနဲ့လို အနှစ်နှစ်အလလက  သိကျွမ်းခင်မင် ရင်းနှီးလာသူလည်း မဟုတ် လုပ်ဖေါ်ကိုင်ဘက် ဖြစ်ဖူးသူလည်း မဟုတ်တော့ ပုံမှန်အတိုင်းဆို ပြောစရာ ဘာမှ မရှိလောက်ပေမဲ့ အဘနဲ့ ပတ်သက်ပြီး ကျွန်မမှာ ရင်နဲ့မဆံ့အောင် ပြောချင်စရာတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့က အဘအကြောင်း ပြောဖို့နေနေသာသာ အခမ်းအနား ပြီးခါနီးအချိန် ရောက်လေ ရင်ထဲကအလုံးကြီးက ပိုပြီးဆို့နစ်လာလေ ဖြစ်နေတော့ ဘေးနားကလူတွေ နှုတ်ဆက်ရင်တောင် ပြန်ပြောနိုင်စွမ်း မရှိတော့လောက်အောင်ကို ကျွန်မလျှာတွေကို လေးလံ၊ ဆွံ့အ၊ တုံ့ဆိုင်းစေခဲ့ပါတယ်။ အခုအဘဆုံးတာ တလကြာတဲ့အခါမှာတော့ တသက်လုံး မိမိအကျိုး၊ မိသားစုအကျိုးထက် အများအကျိုးကိုသာ ဦးစားပေးခဲ့တဲ့ အဘတယောက် ကောင်းရာဘုံဘ၀မှာ ရောက်ရှိနေလိမ့်မယ်ဆိုတာ ယုံကြည့်လို့ စိုးရိမ်မှုတွေ၊ ပူဆွေးမှုတွေ သူဆုံးခါစကလောက် မရှိတော့တဲ့အတွက် အဘနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို ပြန်ပြောနိုင်ပါပြီ။
 
အဘကို ကျွန်မ စတွေ့ဖူးတာက သြစကြေးလျားနိုင်ငံကို ကျွန်မတို့ ရောက်ပြီးနောက်ပိုင်း အခုသူ့အတွက် တလပြည့်ဆွမ်းကပ်တဲ့ ဆစ်ဒနီမြန်မာ ဘုန်းတော်ကြီးကျောင်းမှာပဲ ၂၀၀၂ နှစ်ရဲ့ နှစ်သစ်ကူး အခမ်းအနားမှာ ဖြစ်တယ်။ အဲဒီအခမ်းအနားမှာ အဘအပါအ၀င် သက်ကြီးရွယ်အိုတွေက နှစ်သစ်မင်္ဂလာ သြ၀ါဒစကားချွေကြပြီး နှစ်သစ်အတွက် ဆုတောင်းမေတ္တာ ပို့သပေးကြပါတယ်။  ကျွန်မတို့ ဆစ်ဒနီမြန်မာ ကွန်မြူနီတီမှာ ကျင်းပတဲ့ အခမ်းအနားတွေ ပွဲတွေထဲမှာ ရှစ်လေးလုံးတို့လို နိုင်ငံရေး အခမ်းအနားတွေမှာသာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့သူနဲ့ စိတ်ဝင်စားသူတွေသာ လာကြပေမဲ့ ဒီလို ဘာသာရေး၊ ယဉ်ကျေးမှုစတဲ့ အခမ်းအနားတွေကျတော့ နောက်ခံပေါင်းစုံက မြန်မာနိုင်ငံသားတွေလာကြပြီး ဒီလိုအခမ်းအနားမျိုးတွေမှာ စကားပြောကြသူတွေဟာ နိုင်ငံရေးအကြောင်းတို့ စစ်အာဏာရှင်အကြောင်းတို့ကို ပြောခဲပါတယ်။ လာကြတဲ့ လူတွေကလည်း နိုင်ငံရေးကို အကြောင်းပြုတဲ့ အခမ်းအနားတွေထက် ဒိလိုအခမ်းအနားမျိုးမှာ လူပိုများလေ့ရှိပါတယ်။

 ဒီလို နောက်ခံပေါင်းစုံက သူတွေပါတဲ့အခမ်းအနားတခုမှာ နှစ်သစ်ဆုတောင်းကို တခြားသူတွေ ဆုတောင်းတွေနဲ့မတူ တမူထူးခြားစွာ ဆုတောင်းသူ အဘကို အဲဒီအခမ်းအနားမှာ စတွေ့ဖူးပြီး ထူးထူးခြားခြား သတိထားမိသွားပါတယ်။ အဲဒီအချိန်က ကျွန်မတို့က သြစကြေးလျားကို ရောက်ခါစ ဖြစ်ပြီး သားကလည်း ငယ်သေးတော့ ကျွန်မက ဟောခန်းမထဲမ၀င်ဘဲ ခန်းမအပြင်ဘက်ကနေပြီးပဲ  တွန်းလှည်းလေးနဲ့ ကလေးထိန်းရင်း အထဲမှာ ပြောနေတာကို နားထောင်နေခဲ့တယ်။ အတော်များများ အဖိုးအဖွားတွေက ဆုတောင်းကို တိုတိုလေးပဲ ပေးကြပါတယ်။ အဲဒီအချိန်မှာ ထူးခြားပြီး ရှည်လျားတဲ့ နိုင်ငံရေးလိုအပ်ချက်တွေနဲ့ ဆက်စပ်တဲ့ နှစ်သစ်ကူးဆုတောင်းတွေကို ကဗျာသံ ကာရန်သံတွေနဲ့ အဖိုးအိုတယောက်က ရွတ်ဆိုဆုတောင်းသံကို ကြားလိုက်ရတယ်။ ဒီလို ဘာသာရေး ယဉ်ကျေးမှု အခမ်းအနားမျိုးမှာ ဒီလိုဆုတောင်းမျိုးကို ဆုတောင်းပေးတဲ့အဖိုးအိုကို ကျွန်မ တော်တော်လေး စိတ်ဝင်စားသွားပါတယ်။ ကျွန်မတင်မဟုတ်ဘူး တခြားခန်းမအပြင်က လူတွေတချို့ကပါ အဘကတော့ မနိုင်ဘူး လုပ်ချလိုက်ပြန်ပြီလို့ ပြောပြီး အဘဆုတောင်း စာကြောင်းတခုကျတိုင်း ခန်းမထဲမှာ ထိုင်ပြီးနားထောင်နေတဲ့သူ တချို့နဲ့ အတူလက်ခုပ် သြဘာပေးကြတာကို တွေ့ရပါတယ်။ ကျွန်မက ခန်းမ အပြင်မှာ ရှိနေတဲ့ တယောက်ကို အဲဒီအဖိုးကြီးက တော်တော်ပြောတတ်တာပဲနော့် ဘယ်သူလဲလို့ မေးကြည့်တော့ ဟယ် အဘဦးရဲခေါင်ကိုတောင် မငယ်မသိဘူးလားဆိုပြီး ကျွန်မကို အံ့သြတဲ့ လေသံနဲ့ ပြန်မေးခံရလို့ ဒီအဖိုးကြီးကတော့ တော်တော်လူသိများတဲ့ အဖိုးကြီး ဖြစ်မယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒီတုန်းက ကျွန်မတို့ရောက်တာလည်း တနှစ်တောင် မပြည့်သေးတော့ ကျွန်မအတွက်တော့ အဘကို မသိတာ ဘာမှမဆန်းဘူးလို့ပဲ တွေးနေတယ်။ 

အဲဒီနေ့က အဘရဲ့ ဆုတောင်းစာသားတွေကို သဘောကျပြီး ခန်းမအပြင်ဘက်မှာ ကလေးထိန်းရင်း နားထောင်နေရာကနေ ကလေးကို တခြားကလေးအကြီးတွေနဲ့ ခဏအပ်ထားခဲ့ပြီး ဘုန်းကြီးကျောင်းရဲ့  ကျောဘက် မီးဖိုဆောင်တံကားကနေ  ခန်းမထဲလှည့်ဝင်ပြီး အဘဦးရဲခေါင် ဆိုသူကို ဓာတ်ပုံ သွားရိုက်ဖို့ ခန်းမထဲ ကျွန်မ ၀င်လာပါတယ်။ အဘဦးရဲခေါင်ဆိုသူဟာ တိုက်ပုံအကျီနဲ့ ရခိုင်ပုဆိုးဝတ်ကာ မောင့်ကျက်သရေခေါင်းပေါင်းကြီးကို ကျကျနန ပေါင်းထားလိမ့်မယ်လို့ ထင်ထားတာ ကြည့်လိုက်တော့ ထင်တာနဲ့ တခြားစီ ဖြစ်နေတယ်။ သူက တခြားအဖိုးကြီးတွေလို ပုဆိုးနဲ့ တိုက်ပုံဝတ်ထားတာ မဟုတ် မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့လည်း မဟုတ် ခေါင်းပေါင်း တပ်ရမည့်နေရာမှာတော့ ဂျပန်စစ်သား ဆောင်းတဲ့ ဦးထုပ်လို နားရွက်နှစ်ဖက်အထိ အုပ်တဲ့ ဦးထုပ်အနက်ရောင်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရင်ထိုးတံဆိပ်ကို တပ်ပြီးဆောင်းထားတာကို တွေ့ရပါတယ်။ အ၀တ်အစားကတော့ အပေါ်ပိုင်းမှာ အဖြူရောင် ရိုးရိုးရှတ်အကျီကိုဝတ်ထားပြီး အောက်ပိုင်းမှာတော့  အနက်ရောင်ထင်တယ် ရိုးရိုးဘောင်းဘီရှည်ကိုပဲ ၀တ်ထားပြီး ဦးထုပ်အောက်က တွေ့ရတဲ့ ဆံပင်က အဖိုးကြီးတယောက်လို တိုတိုမဟုတ်ဘဲ ကာလသားဆံပင်ဆန်ဆန် အရှည်နဲ့ နှုတ်ခမ်းမွေးအနေတော်၊ ပလီဆရာတယောက်လို မေးစေ့ကိုဖုံးပြီး တွဲလောင်းကျနေတဲ့ မုတ်ဆိတ်မွေးခပ်ရှည်ရှည်နဲ့  ပိန်ပိန်သွယ်သွယ် အဖိုးကြီးတယောက် ဖြစ်နေတာကို တွေ့ရတယ်။ ကုလားမဟုတ်၊ ဘာမဟုတ်ဘဲ မုတ်ဆိတ်မွေးကို ဒီလောက်အရှည်ထားတဲ့ ဗမာတယောက်ကို ကျွန်မ ပထမဦးဆုံး တွေ့ဖူးခြင်းဖြစ်တယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ သူ့ပုံကိုကြည့်ရတာ သူ့အသက်အရွယ်နဲ့စာရင် ပိုနုနေသလိုရှိပေမဲ့ ကျွန်မမျက်စိမှာတော့  ဗမာအဖိုးအိုတယောက်ရဲ့ ဒီလိုပုံစံကို ကိုးယိုးကားယား နိုင်သလို ခံစားရတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆုတောင်းတွေကို သဘောကျလို့ အဲဒီကိုးယိုးကားယားနိုင်တာကို ကျွန်မ မေ့သွားပါတယ်။ 
 
  (9/03/13) ရက်က အဘ ဈာပန အခမ်းအနားမှာ ကျွန်မ ဝေခဲ့တဲ့ အဘရဲ့ ဆုတောင်းတွေက အဲဒီတုန်းက ကျွန်မကြားခဲ့တဲ့ အခမ်းအနားက ဆုတောင်းတွေပါ။ အဘကို ကျွန်မ အဲဒီအခမ်းအနားမှာ ပထမဦးဆုံး တွေ့ဖူးတာဖြစ်ပြီး ယောက်ျားက အဲဒါမြ၀တီရဲခေါင်ပေါ့ စာပေရော နိုင်ငံရေးပါ နှံ့စပ်တဲ့ တကယ့် တော်လှန်ရေးသမားကြီးလို့ တလေးတစား ပြောပြတဲ့အခါမှာ ဘယ်တုန်းက ဘယ်အဖွဲ့မှာ ဘာလုပ်တဲ့တော်လှန်ရေးသမားမှန်းလည်း မသိ၊ သူ့နာမည်ကို ကြားဖူးသလို ရှိပေမဲ့ ဘယ်နေရာမှာ စာရေးလို့ စာပေနဲ့ နှံ့စပ်မှန်းလည်း ကျွန်မ မသိဘဲ သူ့အရင်ကအကြောင်းကို ကျွန်မ သိပ်ပြီး စိတ်မ၀င်စားလှဘူး။ အရင်က သူလုပ်လာတဲ့ သူ့အကြောင်းထက် လက်ရှိသူ့ဆုတောင်းကိုပဲ ကျွန်မ ပိုစိတ်ဝင်စား ပိုသဘောကျနေပြီး အဲဒီအဖိုးကြီးက တော်တော်လေး ထိအောင် ပြောတတ်တယ်နော်လို့ပဲ မှတ်ချက်ပေးခဲ့ပါတယ်။ ကျန်တဲ့သူတွေကလည်း အဘကို စိတ်ကောင်းရှိကြောင်း၊ တော်ကြောင်း ရဲဘော်ရဲဘေက်တွေကို သားသမီးလိုချစ်ကြောင်း စသည်ဖြင့် သူ့ဂုဏ်ပုဒ်တွေကို ပြောပြီး ချီးမွမ်းခန်း ထုတ်နေလေတော့ ဒီအဖိုးကြီးဟာ လူသိများတဲ့အပြင် လူချစ်လူခင်လည်း တော်တော်များတာပဲဆိုတာ တခုထပ်သိသွားတယ်။ တဆက်တည်းမှာပဲ အဘဟာ ပြည်ချစ်ခေတ်က တော်လှန်ရေးလုပ်လာသူဆိုတာ သိခဲ့ရတယ်။ ဒါက အဘကိုစတွေ့ဖူးတဲ့အချိန်မှာ စစချင်း သိရတဲ့ အချက်တွေပါ။
 
နောက်တခါ ဒီဘုန်းကြီးကျောင်းမှာပဲ မြန်မာနှစ်သစ်ကူး အခမ်းအနားမှာ အဘစကားပြောနေတာ  တခါထပ်တွေ့ရတယ်။ အဲဒီတုန်းကလည်း အရင်တခါလိုပဲ ကလေးထိန်းရင်း အပြင်က နားထောင်ရတော့ ကြားတချက် မကြားတချက်နဲ့ ဆိုတော့ သူပြောနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အဆက်အစပ်ကို မသိလိုက်ဘူး။ ပထမကြားတာ ၃၈ ဖြာမင်္ဂလာဆိုတာ တချက်ကြားလိုက်တော့ ဘုန်းကြီးကျောင်းမှာလည်း ဖြစ်တော့ ဘုရားသမိုင်း ပြောနေတယ်လို့ ထင်လိုက်ပါတယ်။ အာရုံက ခန်းမဆီမှာ တလှည့် ကလေးဆီမှာ တလှည့်ဖြစ်နေလို့ မကြားတချက် ကြားတချက်ပါပဲ။ နောက်တခါ ကြားလိုက်တာက အာဝါဟ၊ ၀ိဝါဟ ဆိုတဲ့စကားလုံးတွေ ဖြစ်တယ်။ ကျွန်မ ကြားဖူးသလောက် အာဝါဟ ၀ိဝါဟဆိုတာ မင်္ဂလာဆောင်ရင် မင်္ဂလာမောင်နှံကို ဘိဿိက်ဆရာက သြ၀ါဒပေးတဲ့ စကားဖြစ်ပြီး ဒါကို ဇာတ်ပွဲတွေမှာ လူရွှင်တော်တွေက မကြာခဏ ပြက်လုံးလုပ်ပြီး ပြောနေတာကို အများဆုံး ကြားဖူးထားတော့ ဘယ်လိုကနေ ဘယ်လို ၃၈ ဖြာမင်္ဂလာကနေ အာဝါဟ ၀ိဝါဟ ဖြစ်သွားပြန်တာလဲမသိဘူး၊ အဘလည်း ဟာသပြောနေတာပဲ ဖြစ်မယ်လို့ ကျွန်မက ထင်လိုက်တယ်။  ဒီအဖိုးကြီးတယောက်တော့ ဘုရားအကြောင်းပြောလိုက် အာဝါဟ ၀ိဝါဟတွေ ပြောလိုက်နဲ့ တော်တော်စုံတာပဲလို့ တွေးနေခဲ့ပေမဲ့ အဲဒီနေ့က အဘ ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ မသိလိုက်ဘူး။ အမှန်က အဘပြောတာ ကျွန်မတို့က အစွန်အဖျားကြားပြီး ထင်ကြသလို မဟုတ်ဘူးဆိုတာ ကျွန်မကို အဘပေးထားခဲ့တဲ့ စာထုပ်ထဲက အဘလက်ရေးမူနဲ့ ရေးထားတဲ့ စာရွက်တခုမှာ အဲဒီတုန်းက ပြောထားတဲ့ စာရွက်လည်း ပါလာပြီး အခုပြန် တွေ့မှရမှ အဘပြောတဲ့ စကားက ကျွန်မတို့ ထင်သလို ဟာသမဟုတ် မင်္ဂလာနဲ့ ပတ်သက်တဲ့ တိကျတဲ့အချက်အလက်တွေကို ပြောထားတယ်ဆိုတာ သိရတယ်။ (ဒါကို ကျွန်မ လာမည့်မြန်မာနှစ်သစ်ကူးနေ့မှာ တင်ဖို့ရှိပါတယ်)။ 

ဘာသာရေး အခမ်းအနားတွေအပြင် နောက်ပိုင်းကျတော့ ကျွန်မရောက်တဲ့ နိုင်ငံရေးအခမ်းအနားတိုင်းမှာလည်း အဘကို မကြာခဏ တွေ့ရပြီး အဲဒီ အခမ်းအနားတွေမှာ စကားပြောတာကိုလည်း မကြာခဏ တွေ့ရတယ်။ အဘနဲ့ ရင်းရင်းနှီးနှီး သိသွားတာက ကျွန်မတို့ မကြာခင်ကမှ ပြောင်းလာပြီး အခုလက်ရှိနေတဲ့ ရပ်ကွက်မှာ ညနေပိုင်း မြန်မာအမျိုးသားတွေ ခြင်းလုံးခတ်ပြီး အမျိုးသမီးတွေက ကလေးလာပေးကစားတဲ့ Park ရှိပါတယ်။ အဘက အဲဒီ ရပ်ကွက်မှာနေပြီး ညနေပိုင်းမှာ Park ကို လမ်းလျှောက်လေ့ရှိတော့  ခြင်းလုံးသွားခတ်တဲ့ ကျွန်မ အမျိုးသားနဲ့ ရင်းနှီးလာပြီး ပြည်ချစ်ခေတ်က တော်လှန်ရေးလုပ်ခဲ့တဲ့ အဖိုးကြီးအဖြစ် သိထားရာကနေ အဘဟာ BIA နဲ့ BDA တပ်တွေမှာ ပါဝင်ခဲ့တဲ့ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ဖြစ်တဲ့အပြင် ၈၈ နောက်ပိုင်း ကျွန်မတို့လို တောခိုတော်လှန်ရေး လုပ်ခဲ့သူဆိုတာကိုပါ သိလိုက်ရပြီး BIA, BDA ခေတ်တုန်းက အတွေ့အကြုံတွေ မေးရင်း ခြင်းလုံးအမြဲသွားခတ်တဲ့ ကျွန်မ ယောက်ျားနဲ့ ရင်းနှီးသွားပါတယ်။ နောက်ပိုင်းမှာ ယောက်ျားက အဘကို အိမ်အထိခေါ်လာလည်တာတွေ ရှိလာပြီး ခြင်းကွင်းကို သိပ်မသွားတဲ့ ကျွန်မလည်း အဘနဲ့သိပြီးနောက်ပိုင်း တခါတလေ ယောက်ျားခြင်းလုံး သွားခတ်ရင် လိုက်လည်ဖြစ်တယ်။ ခြင်းကွင်းမှာ ခြင်းခတ်တဲ့သူက ခတ်နေရင် ကလေးငယ်ငယ်တွေရဲ့ အမေတွေက ကလေးကို ကလေးကစားတဲ့နေရာမှာ သွားပေးဆော့ပြီး ကျွန်မတို့လို ကလေးကြီးကြီးတွေရဲ့ မိခင်တွေနဲ့ အဘတို့လို သက်ကြီးရွယ်အိုတွေက မြက်ခင်းပြင်ပေါ်မှာ ထိုင်စကားပြောပြီး ခြင်းပွဲကိုကြည့်ရှု အားပေးကြတယ်။ အဲဒီမှာ အဘနဲ့ စကားတွေဘာတွေ ပြောဖြစ်မှ အဘအကြောင်းနဲ့ အဘရဲ့ စိတ်ဓာတ်ကို ကျွန်မ ပိုသိလာပါတယ်။

နောက်ပိုင်းမှာ အိမ်မရောက် ဖြစ်ပေမဲ့ ဆစ်ဒနီမှာ ကျင်းပတဲ့ အခမ်းအနားတွေမှာ အဘကို အမြဲတမ်းလိုလို တွေ့ရပြီး စကားတွေ ပြောဖြစ်တယ်။ နောက်တော့ ကျွန်မက အဘအကြောင်းတွေ ပိုစိတ်ဝင်စားလာတော့ ယောက်ျားက အဘရေးတဲ့စာတချို့ ဘလော့ဂ်မှာ တင်သင့်ကြောင်း အကြံပြုလို့ သူ့ဆီကတဆင့် အဘ ရေးတဲ့တချို့အကြောင်းအရာတွေကို ကျွန်မဘလေ့ဂ်မှာ တင်ချင်ကြောင်း ပြောတော့ အဘက စက္ကူဖါအသေးတဖါနဲ့ ထည့်ထားတဲ့ သူ့စာမူထုပ်တထုပ်ကို ကြိုက်တာသုံးဆိုပြီး ယောက်ျားနဲ့  ပေးလိုက်တယ်။ အဲဒီကစပြီး အဘရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကို ပထမဦးဆုံး စတင်ဖြစ်ပြီး အဘလက်ရေးမူနဲ့ ရေးထားတဲ့ စာတချို့ကို ကွန်ပြူတာနဲ့ ပြန်ရိုက်ထုတ်ပြီး ကျွန်မဘလော့ဂ်မှာဆက်တင်ဖြစ်ခဲ့တယ်။ ဘလော့ဂ်က ဆိုက်ဘားရှိ Label အောက်မှာ မြ၀တီရဲခေါင်လို့ ရေးထားတဲ့ Label ကိုနှိပ်လိုက်ရင် ကျွန်မတင်ထားပြီးသား အဘပို့စ်တွေကို တစုတစည်းတည်း တွေ့နိုင်ပါတယ်။

အိမ်ကသားမူလတန်းကျောင်းပြီးသွားတဲ့အချိန်မှာတော့  သားပညာဆက်သင်မည့် အထက်တန်းကျောင်းကို ကိုယ်လိုချင်တဲ့ကျောင်းမှာ ရနိုင်ဖို့အတွက် ကျွန်မတို့က အဲဒီကျောင်းရှိရာ ရပ်ကွက်ကို ပြောင်းပြီးသွားနေလိုက်တော့ မြန်မာအများစုနဲ့ ဝေးရာကို ရောက်သွားသလို ခြင်းကွင်းကိုလည်း ကောင်စီက စနစ်တကျ ကော်ဇောခင်းပေးဖို့ ပြန်ပြင်နေချိန် ဖြစ်လို့ Park ကို ပိတ်ထားလိုက်တာနဲ့ တိုက်ဆိုင်သွားတော့ မြန်မာအများစု စုဆုံရာ ခြင်းကွင်းနဲ့ပါ အဆက်ပြတ်သွားပြီး ဒီဘက်ကို သိပ်မရောက်ဖြစ်ဘဲ အခမ်းအနားတွေ သွားဖြစ်မှ အခမ်းအနားတွေမှာ တွေ့တာကလွဲလို့ အဘနဲ့လည်း မတွေ့ဖြစ်တာ တော်တော်လေးကို ကြာသွားပါတယ်။ ကလေးကျောင်းအခြေကျသွားလို့ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးက ဒီဘက်ကို ပြန်ပြောင်းလာပြီး အိမ်အပြောင်းအရွှေ့နဲ့ အလုပ်များနေချိန်မှာ အဘနေမကောင်းလို့ ဆေးရုံတက်ရတယ်ဆိုတာ ကြားသိလိုက်ရတယ်။ ဒီလောက်အထိ မထင်ထားတော့ အိမ်ပြန်ရောက်မှပဲ သွားကြည့်တော့မယ်ဆိုပြီး စီစဉ်ထားစဉ်မှာ အဘကို အိမ်ပြန်မခေါ်လာဖြစ်တော့ဘူး Nursing Home ကို ပို့လိုက်တယ်ဆိုတာ ကြားရတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ Burma Campaign Australia က ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ် မွေးနေ့ပွဲမှာအဘကို ကျန်းမာနေစဉ် ကျွန်မ နောက်ဆုံးတွေ့ခဲ့ပြီး အပေါ်ပုံက အဲဒီအချိန်က ညနေစာအခမ်းအနားတုန်းက ထောင့်အကျဆုံး စာပွဲခုံမှာ ထိုင်တဲ့အဘကို ကျွန်မ အမှတ်တရ ရိုက်လာတဲ့ပုံ ဖြစ်တယ်။ ဒီကြားထဲ အနေဝေးသွားတာရော၊ အလုပ်များတာပါ စုဆုံပြီး ကျွန်မလည်း စနေတနင်္ဂနွေအလုပ်လုပ်ပြီး အခမ်းအနားတွေလည်း သိပ်မရောက်ဖြစ်တော့တာနဲ့ အဘကို အကြာကြီးမတွေ့တော့ဘဲနဲ့  နောက်တခါ ပြန်တွေ့ရတဲ့အချိန်မှာ အဘက နေမကောင်းသူတယောက် အဖြစ်နဲ့ သူနောက်ဆုံးနေသွားတဲ့ Nursing Home ကိုရောက်နေပါပြီ။

 ကံအားလျော်စွာပဲ အဘ ရောက်နေတဲ့ လူအိုရုံက ကျွန်မ အလုပ်လုပ်တဲ့ ရပ်ကွက်မှာ ဖြစ်ပြီး ကျွန်မ လုပ်တဲ့ဆေးရုံနဲ့လည်း သိပ်မဝေးတော့ မနက်ပိုင်း အလုပ်လုပ်တဲ့ နေ့တွေမှာ အလုပ်ဆင်းရင် အိမ်မပြန်ခင် နေ့တိုင်းလိုလို ရောက်ဖြစ်ပါတယ်။ ကျွန်မ ပထမဆုံး ရောက်သွားတဲ့နေ့မှာ အဘက ညကအန်ပြီး အဖျားတွေတက်၊ အသက်ရှုတွေကြပ်လို့ အောက်စီဂျင်ပေးခဲ့ရတယ်လို့ သိရပြီး အဘ ကျွန်မကို စကားတောင် မပြောနိုင်ဘူး။ ကျွန်မကို မှတ်မိလားမမှတ်မိလား ခန့်မှန်းလို့ မရလောက်အောင်ကို အဘအခြေအနေက တော်တော်လေး ဆိုးနေခဲ့ပါတယ်။ အဲဒီအချိန်အထိ အဘဘာဖြစ်တယ်ဆိုတာ မသိသေးပေမဲ့ အခြေအနေ မကောင်းတော့ဘူးဆိုတာ ကျွန်မ သဘောပေါက်ပြီး အဘနေမကောင်း စဖြစ်တာ မသိလိုက်ဘဲ အဘဆီ တခေါက်မှ မရောက်ဖြစ်ခဲ့တာကို နောင်တရလို့မဆုံး ခံစားရတယ်။ အဘ ဘာမှမဖြစ်ပါစေနဲ့ဦးလို့ ကျွန်မအိမ်အပြန် တလမ်းလုံးဆုတောင်းလာခဲ့တယ်။ အိမ်ပြန်ရောက်တော့ အဘသားအငယ် ကိုနေလင်းဆီကို ဖုန်းဆက်ပြီး အဘဘာရောဂါ ဖြစ်တာလဲဆိုတာ မေးကြည့်တော့မှ အဆုပ်ကင်ဆာဆိုတာ သိလိုက်ရတဲ့အချိန်မှာ သွားပြီ အဘကို ဘယ်လိုမှ ကယ်လို့မရနိုင်တော့ဘူး၊ အဘရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ ဆိုတဲ့အသိက ကျွန်မကို တော်တော်လေး တုန်လှုပ်ချောက်ချားသွားစေတယ်။

  နောက်ဆုံးတော့ အဘရဲ့ နောက်ဆုံးခရီးမှာ အဘအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာ လုပ်ပေးမယ်လို့ ဆုံးဖြတ်ပြီး အဘဆီ မနက်ပိုင်းအလုပ်လုပ်တဲ့နေ့တွေမှာ အိမ်မပြန်ခင် နေ့တိုင်းလိုလို ရောက်အောင်သွားပြီး လိုအပ်တာတွေကို လုပ်ပေးဖြစ်ခဲ့တယ်။ အဲဒီလူအိုရုံမှာ အဘိုးအို အဖွားအို ၃၃ ယောက်ကို ပြုစုတဲ့ တာဝန်ခံ သူနာပြုတယောက်နဲ့ ပြုစုသူ သူနာပြုသုံးသောက်သာ တွေ့ရပြီး ကျွန်မကိုယ်တိုင်ကလည်း တချိန်က လူအိုရုံမှာ အလုပ်လုပ်ဖူးတော့ သူနာပြုတွေကို လူအိုရုံမှာ တော်တော်လေး အကန့်အသတ်နဲ့သာ ခန့်ထားပြီး လူနာတယောက်ကို မလစ်ဟင်းအောင် အချိန်ပေး ပြုစုနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ သိတော့ အဘအတွက် တချို့ လိုအပ်တာတွေကို သူတို့ကို ပြောမနေတော့ဘဲ ကိုယ့်ဖါသာပဲ လုပ်ပေးပြီး သူနာပြုတွေ သေသေချာချာ မကျွေးမှာစိုးလို့ ညနေစာ ခွပ်ကျွေးပြီးမှ ကျွန်မ အိမ်ပြန်တာ များပါတယ်။ ဒါပေမဲ့ ညနေပိုင်းအလုပ်လုပ်တဲ့နေ့ကျတော့ အဘဆီ ကျွန်မ မှန်မှန် မရောက်ဖြစ်ဘူး။ ဒီကာလအတွင်း အဘစာတွေ ရိုက်မအားလို့ ဘလော့ဂ်မှာ မတင်တာ ကြာရာကနေ အချိန်ရရင် ရသလို ရိုက်ပြီး အဘရဲ့ ရွှေပြည်တော် မျှော်တိုင်းဝေးဆိုတဲ့ အပေါ်မှာ ကျွန်မ ညွန်းခဲ့တဲ့ နှစ်သစ်ကူးဆုတောင်းပို့စ်ကို ဘလော့ဂ်မှာရော Face Book မှာပါ တင်ပြီး အဘအခြေအနေကို မိတ်ဆွေတွေ သိအောင် တင်ပေးခဲ့ပါတယ်။

ဒီလိုနဲ့ အဘဆီ ကျွန်မ သွားပြီး နောက်နေ့တွေမှာ အဘပိုလန်းလာသလို သတိလည်း ပိုကောင်းလာတာကို တွေ့ရပါတယ်။ ကျွန်မ အဘဆီ ရောက်တိုင်း အဘအိပ်ပျော်နေရင် သူနိုးလာတဲ့အခါမှာ လုပ်ပေးဖို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးရင် ဘုရားစာရွတ်ပေး၊ တရားခွေဖွင့်ပေးတာ တခုခုကို လုပ်နေပြီး အဘနိုးနေတာနဲ့ ကြုံရင် ဒါမှမဟုတ် အဘအိပ်ရာက နိုးလာရင် ကျွန်မအမြဲတမ်း မေးဖြစ်တဲ့ မွေးခွန်းတွေက အပူချိန်နဲ့ သွေးခုန်နှုန်းကို စမ်းသပ်တဲ့အနေနဲ့ အဘလက်ဖမိုးနဲ့ လက်ကောက်ဝတ်ကို စမ်းသပ်ဆုပ်ကိုင်ပြီး ဒီနေ့ အဘ နေရထိုင်ရတာ သက်တောင့်သက်သာ ရှိသလား၊ အသက်ရှုရတာ အဆင်ပြေလား၊ နာတာကျင်တာ ရှိလား၊ စားလို့သောက်လို့ ရလား၊ ဆိုတာနဲ့ ဘယ်သူတွေ လာသွားသေးလဲဆိုတာကို မေးလေ့ရှိပါတယ်။ မေးတိုင်းမှာ နာကျင်တယ် အသက်ရှူကြပ်တယ် စသည်ဖြင့် တခါမှ ဖြေတာမရှိဖူးဘူး။ ဒါပေမဲ့ ပထမနေ့တွေမှာ အိပ်ပျော်နေရင်းနဲ့ နှုတ်ခမ်းတ၀ိုက်နဲ့ ကိုယ်တွေ မျက်နှာတွေကို ထထကုတ်တာ တွေ့ရတယ်။ အဲဒီအချိန်မှာ အဘကို ကလေးစားစရာလို စက်နဲ့ ညက်အောင်ကြိတ်ချေထားတဲ့ အစာတွေနဲ့ ချောင်းဆိုးမှာစိုးလို့ ပျစ်အောင် လုပ်ထားတဲ့ ရေကိုသာ တိုက်ကျွေးရပြီး နှုတ်ခမ်းမွေးတွေက ရှည်လာနေတော့ အစာခွပ်ကျွေးရင်လည်း အစာတွေနဲ့ ထိပြီး ပေတယ်။ သူနာပြုတွေက အစာခွပ်ကျွေးပြီး စင်အောင် မသုတ်ပေးရင် နောက်ပိုင်း ယားလာတာ ဖြစ်တယ်။ ပြီးတော့ ရေမချိုးပေးဘဲ ရေပတ်ပဲ တိုက်ပေးတော့ ဆပ်ပြာရေတွေက အရေပြားကို ယားစေတာလည်း ဖြစ်နိုင်တယ်။ တနေ့တော့ အဘအိပ်ရာက နိုးလာတဲ့အချိန်မှာ ကျွန်မ အစာခွပ်ကျွေးရင်း စားစရာနဲ့ နှုတ်ခမ်းမွေး ထိပြီး ပေတာကို ခဏခဏ သုတ်ပေးနေရလို့ အဘနှုတ်ခမ်းမွေးတွေက ရှည်လာပြီ ပြောတော့ အဘက နှုတ်ခမ်းမှာရော အရေပြားတွေပါ ယားတဲ့အကြောင်း၊ နှုတ်ခမ်းမွေး ရိပ်ချင်ကြောင်းပြောလို့ သူနာပြုတွေဆီက နှုတ်ခမ်းမွေးရိပ်တဲ့ဓါး တောင်းပြီး ကျွန်မ ရိုက်ပေးလိုက်တယ်။ ခန္ဓာကိုယ်ကိုလည်း ရေပတ် ပြန်တိုက်ပေးသင့်တဲ့ နေရာကို ပြန်တိုက်ပေးပြီး ကျွန်မ ၀ယ်လာတဲ့  Sorbolene Cream လူးရှင်းနဲ့ မျက်နှာအစ ခြေဖ၀ါးအဆုံး တကိုယ်လုံး လိမ်းထားပေးတော့ နောက်နေ့တွေမှာ ကုတ်တာ မတွေ့ရတော့ဘဲ အဘနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ပြီး အဘအသားအရေတွေ ခြောက်သွေ့ခြင်းမရှိဘဲ စမ်းကြည့်တိုင်းမှာ စိုပြေ ပျော့ပြောင်းပြီး အမြဲတမ်းနွေးနေတာကိုပဲ တွေ့ရပါတယ်။

ဘယ်သူလာသွားလဲလို့ မေးတာနဲ့ ပတ်သက်ပြီး အဘက လာလည်တဲ့ လူနာမည်တွေ အကုန်လုံးကို မမှတ်မိပေမဲ လင်မယားနှစ်ယောက်လာတယ်၊ ယောက်ျား သုံးလေးယောက်လာတယ် အကုန်လုံးကိုတော့ မမှတ်မိဘူး စသည်ဖြင့် အတိအကျ ပြန်ပြောပြနိုင်တယ်။ တနေ့တော့ဘယ်သူလာသွားသေးလဲမေးတော့ ညကလာကြတာ အများကြီးပဲ မောလို့ စကားတောင် ကောင်းကောင်းဧည့်ခံ မပြောလိုက်နိုင်ဘူး သူတို့ပြန်သွားပြီးနောက်ပိုင်းလည်း ဘေးအိမ်က ဆူညံနေတာ အိပ်လို့မရဘူး တရားလည်း မှတ်လို့မရဘူးလို့ ပြောတယ်။ အဲဒါကြောင့် ကျွန်မက အဲလိုဆူညံလို့ တရားမှတ်မရရင် အဘ ပုတီးစိပ်ကြည့်ပါလားလို့ အကြံပေးတော့ ပုတီးစိပ်ချင်တယ်ပြောလို့ နောက်နေ့ ကျွန်မအိမ်က စပ်ပုတီး ယူလာပေးလိုက်တယ်။ ရေပတ်တိုက်တဲ့အချိန်ပဲ ဖြုတ်ထားပြီး အခြားအချိန်တွေမှာတော့ လည်ပင်းမှာ ဆွဲထားတာ တွေ့တယ်။ ဈာပနနေ့က အဘရုပ်အလောင်း လည်ပင်းမှာ ဆွဲထားတဲ့ စိပ်ပုတီးက ကျွန်မ ယူလာပေးထားတဲ့ စိပ်ပုတီး ဖြစ်တယ်။

အဘရဲ့ ထူးခြားချက်က တခြားကင်ဆာ ဝေဒနာရှင်တွေလို နာကျင်ကိုက်ခဲလို့ မော်ဖိန်း အိပ်ဆေးတောင်းထိုးရတာ တခါမှ မရှိ၊ တခြားအဆုပ်ကင်ဆာသမားတွေလို အသက်ရှူမ၀လို့ အောက်စီဂျင်အမြဲတပ်ထားစရာမလို၊ အသက်ရှုမ၀ဖြစ်ကာ၊ အဆုပ်ထဲက ချွဲတွေလိုက်လာလို့ စုပ်ထုပ်ပေးရတာတွေမျိုး တခါမှ မတွေ့ရဘူး။ အမြဲတမ်းမှာ အသက်ကို သက်တောင့်သက်သာ မှန်မှန်နဲ့ ဖြေးဖြေးရှူပြီး အဘတရားမှတ်နေတာကိုပဲ တွေ့ရပြီး အဘမျက်နှာဟာ အိပ်ပျော်နေရင်တောင် အမြဲတမ်းလန်းနေပါတယ်။ အဘရဲ့ နောက်ဆုံးအချိန်မှာ သူရထားတဲ့ ရောဂါနဲ့ စာရင် ဒီလိုအခြေအနေကောင်းတွေကို ကြည့်ခြင်းအားဖြင့် သူ့လို အဆုပ်ကင်ဆာသမားတယောက်အတွက်တော့ တခြားဘာသာဆိုရင် ဘုရားပေးတဲ့ လက်ဆောင်လို့တင်စား ပြောရမှာ ဖြစ်သလို ဗုဒ္ဓဘာသာဝင်တေယာက်အတွက်တော့ တကယ့်ကံထူးသူလို့ ပြောရမှာဖြစ်တယ်။

အဘ အဆုပ်ကင်ဆာဖြစ်တာလို့ သိလိုက်တဲ့အချိန်ကစပြီး ကျွန်မအလုပ်လုပ်တဲ့ ဆေးရုံရှိ Palliative Unit  က အဆုပ်ကင်ဆာလူနာတချို့လို ဖုတ်လိုက်ဖုတ်လိုက်နဲ့ အောက်စီဂျင်မလုံလောက်လို့ ဖြစ်ရတဲ့ အသက်ရှူမ၀တဲ့ ဝေဒနာ၊ ကင်ဆာကြောင့်ဖြစ်တဲ့ ပြင်းထန်စွာ နာကျင်တဲ့ ဝေဒနာကို အလူးအလဲ ခံစားရပြီး နောက်ဆုံး Terminal agitation လို့ခေါ်တဲ့ သေခါနီးမှာ ဘေးနားမှာ ရှိတဲ့လူတိုင်းကို အကောင်းမမြင်တော့ဘဲ ကန့်လန့်တိုက် ရန်တွေ့လို့ မူးယစ်ထုံထိုင်းစေတဲ့ ဆေးတွေထိုးပြီးပေးအိပ်ရာကနေ သတိပြန်မရတော့ဘဲ အသက်ရှူရပ်သွားတာ၊ ဒါမှမဟုတ် မသေခင် အသက်ရှူမ၀တော့ အောက်စီဂျင်ပေးထားတဲ့ကြားက ရုန်းကန်အသက်ရှူရင်း မသေချင်ဘဲ စိတ်ဂယောင်ချောက်ချား ကြောက်အားလန့်အားနဲ့ သေသွားရတာမျိုးတွေ လုံးဝမဖြစ်ပါစေနဲ့လို့ အကြိမ်ကြိမ်  ဆုတောင်းခဲ့တာ အဘနဲ့ ပတ်သက်ပြီး ကျွန်မ ဆုတောင်းပြည့်ပါတယ်။ ဒါဟာ အဘရဲ့ ဘ၀ဖြတ်သန်းစဉ်က ဆောက်တည်ခဲ့တဲ့ သီလသမာဓိနဲ့ ဖြည့်စွက်ခဲ့တဲ့ ပါရမီတွေကြောင့်သာ အဲလိုသက်သာရာ ရခဲ့တာလို့ ကျွန်မ ယုံကြည်တယ်။

လူတယောက်ရဲ့ ဘ၀တလျှောက်လုံးမှာ အထပ်ထပ် ဖြည့်ဆည်းလာတဲ့ အကောင်းအဆိုး အမူအကျင့်တွေဟာ သသိကောင်းနေချိန်မှာ ဦးနှောက်က အသိတရားနဲ့ အကျင့်ဆိုးစရိုက်ဆိုးတွေ မပေါ်အောင် ထိန်းချုပ်ထားလို့ ရနိုင်ပေမဲ့ နေမကောင်းဖြစ်ပြီး ဦးနှောက်ကိုအောက်စီဂျင် လုံလုံလောက်လောက်မရောက်လို့ ဦးနှောက်ပုံမှန် အလုပ်မလုပ်နိုင်တော့တဲ့အချိန် အထူးသဖြင့် အသိစိတ်မှာ ပုံမှန်သတိအပြည့်အ၀ ရှိမနေတဲ့ စိတ်ထွေပြားနေချိန်မှာကျတော့ ဒီအမူအကျင့်တွေကို မသိစိတ်မှာ ဖုံးကွယ်လို့မရပါဘူး  မသိစိတ်မှာ အတိုင်းသား တွေ့မြင်ရတတ်ပါတယ်။ ဒါကြောင့် မကောင်းတဲ့အမူအကျင့်တွေနဲ့ ကျင်လည်လာသူတဦးဟာ စိတ်ထွေပြား သတိလက်လွတ် ဖြစ်နေချိန်မှာ မကောင်းတဲ့အမူအကျင့်တွေနဲ့ အပြောအဆိုတွေကို တွေ့ရမှာ ဖြစ်ပြီး  ဘ၀ကို ကောင်းတဲ့အမူအကျင့် အလေ့အထတွေနဲ့ ဖြတ်သန်းလာသူတွေဆိုရင်လည်း ဒီအချိန်မှာ ကောင်းတဲ့အမူအကျင့်တွေ အပြောအဆိုတွေကို တွေ့မြင်နိုင်ပါတယ်။  တချို့လူနာတွေဟာ စိတ်ထွေပြားချိန်တွေမှာ စောင့်ရှောက်တဲ့ သူနာပြုတွေအပေါ် ကိုယ်၊ နှုတ် အမူအယာနဲ့ Sexual assault တွေဟာ စိတ်ထွေပြားပြီး အသိစိတ်ကင်းနေချိန်မှာ တချိန်က ပြုမူခဲ့တဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ပေါ်လာတာ ဖြစ်တယ်။

 အဘစိတ်ထွေပြားနေချိန်မှာ ဖြစ်ပေါ်တဲ့ အမူအကျင့်တွေကို အနည်းငယ် ပြောပြချင်ပါတယ်။ အဘဟာ သတိတော်တော်ကောင်းပြီး ဟိုအရင်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ အားလုံး (long term memory) ကို တခုမကျန် ပြန်ပြောပြနိုင်ပေမဲ့ ခဏလေးအတွင်း ဖြစ်နေတဲ့ အဖြစ်တွေ (Short term memory) နဲ့ ပတ်သက်ပြီး အဘနေမကောင်း ဖြစ်နေစဉ်မှာ တခါတလေ သတိမေ့ကာ စိတ်ထွေပြားတာတွေကို တွေ့ရပါတယ်။ ဒါမျိုးကို အဘ အိပ်ပျော်နေရာကနေ နိုးလာစအချိန်မှာ အများဆုံး တွေ့ရပါတယ်။ တခါတလေ သူနိုးလာတဲ့အချိန် သူ့ကိုယ်သူ တရားအားထုတ်နေတဲ့ ယောဂီတယောက်လို့ပဲ အမှတ်မှားနေတတ်ပြီး သီလဆောက်တည်ခဲ့တဲ့ အမူအကျင့်တွေက အဘဆီမှာ အထုံပါရမီအဖြစ် ရှိနေပါတယ်။ အိပ်ရာက နိုးရင် "အဘ ဗိုက်ဆာတယ်သမီး အဘ မနက်ကတည်းက ဘာမှမစားရသေးဘူး" လို့ ပြောပြီး ဘယ်အချိန် ရှိပြီလဲလို့ မေးတတ်ပါတယ်။ ကျွန်မက နှစ်နာရီ (သို့) သုံးနာရီလို့ ပြောရင် "အဲဒါဆိုရင်တော့ အဘကို တခြားဘာမှ မပေးနဲ့တော့ ရေပဲပေးသမီး အဘဆယ်ပါးသီလ ယူထားတယ်" လို့ စိတ်ထွေပြားပြီး ပြောလို့ ဆယ်ပါးသီလက နေမကောင်း ဖြစ်နေတဲ့အချိန် ယူစရာမလိုလိုဘူးအဘ မကျန်းမာတဲ့အချိန် အစားအသောက်ဝင်အောင် စားမှ အဘနေရထိုင်ရ သက်တောင့်သက်သာ ရှိမယ်၊ နေရထိုင်ရ သက်သာမှ အဘတရားမှတ်လို့ အာရုံရမယ်၊ နေကောင်းလာမှ သီလပြန်ယူပါ အခုတော့ စားဖို့လိုတယ်လို့ ပြောရင် အဘနေကောင်းပါတယ် ဘာမှမဖြစ်ပါဘူးလို့ ပြောလို့ သူ့အခြေအနေမှန်ကို သေသေချာချာ ပြန်ရှင်းပြမှ သတိပြန်ဝင်လာပြီး အေးဟုတ်သားပဲ လို့ပြောပြီး အသိစိတ်နဲ့ ပြန်သတိရတယ်။
         
တခါတော့ အဘ အိပ်ပျော်နေစဉ် အဘဆီ မိတ်ဆွေတချို့လာလည်ပြီး သူနိုးလာတော့ မောပမ်းနေတဲ့ကြားက သူ့ဆီလာလည်တဲ့သူတွေနဲ့ သူစကားထပြောပါတယ်။ ပြီးတော့ အဲဒီနေ့က လာလည်တဲ့သူတွေကို အဘက တရား ဟောလိုက်သေးတယ်။ သူဟောတဲ့တရားက "အခမ်းအနား တခုခုလုပ်စရာ ရှိလို့ မင်းတို့ အစည်းအဝေးလုပ်ရင် ဟိုတစု ဒီတစုနဲ့ နှစ်နေရာ သုံးနေရာမှာ မလုပ်ကြနဲ့ တနေရာတည်းမှာ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တိုင်တိုင်ပင်ပင် လုပ်ကြပါ" လို့ စိတ်ထွေပြားနေတဲ့ကြားက  သူပြောခဲ့တဲ့ စကားက ကျန်းမာသန်စွမ်းနေသူ ကျန်ရစ်သူတွေအတွက် တကယ်ကို လိုက်နာ မှတ်သားစရာ ဖြစ်နေပါတယ်။

အဘစိတ်ထွေပြားတဲ့ အထဲမှာ တခါကျတော့ အဘက ကျွန်မကိုလည်း သူ့ချွေးမနဲ့ မှားပြီး သမီးဖေဖေဗိုက်ဆာလို့ ရေပေးပါလို့ ပြောလို့ ကျွန်မက ရေနှစ်ဇွန်းလောက်တိုက်ပြီး အဘက ချဉ်ချဉ်လေး စားချင်တယ်ဆိုလို့ ၀ယ်လာတဲ့ စထရော်ဘယ်ရီ ဒိန်ချည်ခွပ်ကျွေးရင်း အော်.. အဘကတော့ ကျွန်မကိုတောင် မမှတ်မိတော့ပါလားလို့ တွေးပြီး ၀မ်းနည်းသလို ခံစားနေချိန်မှာ မောင်ကျော်နိုင်က ကလေးနဲ့ ကျန်ခဲ့တာလား အလုပ်သွားတာလား သူ့အလုပ်က ဘယ်အချိန်လဲလို့ မေးပြန်တော့ ဟယ် အဘ ကျွန်မကို မှတ်မိသွားပြီ လို့ပြောပြီး ကျွန်မ တော်တော်လေး ပျော်သွားတယ်။ ဒီတော့ အဘက ဘာလို့မမှတ်မိရမလဲလို့ ပြောပြီး ၂၀၁၁ခု ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တုန်းက ကျွန်မ ယေက်ျားက အလုပ်ရှိလို့ ကျွန်မကို အသွားမှာပဲ ပို့ထားခဲ့ပြီး မွေးနေ့အခမ်းအနား ပြီးလို့ အပြန်မှာ ကျွန်မက အဘတို့သားအဖ ကားနဲ့ လိုက်လာတာကိုတောင် အဘက ကောင်းကောင်း မှတ်မိနေပြန်တယ်။ တချက်တချက် မေ့တတ်ပေမဲ့ ဒီလိုမျိုး အရင်က အကြောင်းအရာတွေကျတေ့ အဘက ကောင်းကောင်း မှတ်မိနေတတ်တယ်။
 
တနေ့တော့ ကျွန်မသွားတော့ သူနာပြုနှစ်ယောက်က အဘကို ရေချိုးပေးရာကအပြန် ကျောရိုးနဲ့ တင်ပုဆုံရိုးဆုံရာမှာ ရှိတဲ့ နေရာ (Sacrum) မှာ ရှိတဲ့ အိပ်ရာနာမှာ ဆေးထည့်ပေးပြီး ဒိုင်ပါတပ်ပေးနေတယ်။ ပြီးတဲ့အချိန် ခန်းဆီးဖွင့်လိုက်တော့ ကျွန်မကိုတွေ့တဲ့အချိန်မှာ သမီးရောက်နေတာ ကြာပြီလားလို့ မေးပြီး ကိုယ့်ဖါသာကိုယ် ဘာမှမလုပ်နိုင်တော့ ကြီးကောင်ကြီးမနဲ့ လူလည်းမွေးခါစကလို ပြန်ဖြစ်သွားတာပဲ ဟီးဟီးလို့ ပြောပြီး ရီနေတယ်။ နောက်တော့ သူနာပြုတွေ ဆေးထည့်ပေးပြီး ထားခဲ့တာ အဘကိုယ်လုံးက ကုတင်ခြေရင်းဘက်မှာ ပိုများနေပြီး ကုတင်ကို ခေါက်ချိုးပြီး ထထိုင်တဲ့အချိန်မှာ ကုတင်ချိုးထားတဲ့ နေရာနဲ့ အဘခန္ဓာကိုယ် ချိုးရမည့်နေရာက အချိုးမကျဘဲ အဆင်မပြေ ဖြစ်နေလို့ ကျွန်မက ခေါင်းရင်းကိုသွားပြီး အဘအိပ်နေတဲ့ မွေ့ရာပေါ်က အခင်းကို ဆွဲတင်ပေးလိုက်တော့ အဘခန္ဓာကိုယ်လည်း အခင်းနဲ့အတူ အပေါ်ဘက် ပြန်ရောက်ပြီး အနေအထားမှန်သွားတယ်။ အဲဒီတော့ အဘက သမီးတယောက်တည်းနဲ့ အဘကိုရွှေ့နိုင်တယ်လို့ ပြောပြီး သြအံ့နေတယ်။ အဲဒါကြောင့် ကျွန်မက နိုင်တာပေါ့ အဘက သေးသေးလေးပဲရှိတာလို့ ပြောတော့မလို့ လုပ်ပြီးမှ အဲလိုပြောရင် သူတော်တော်ပိန်တယ်ဆိုတာ သတိထားမိပြီး စိတ်မကောင်း ဖြစ်သွားနိုင်တာကို သတိရပြီး နိုင်တာပေါ့ ကျွန်မ ဒီလောက် သန်တာ တွေ့လားလို့ လက်နှစ်ဘက်ကို လက်သီးဆုပ်ပြီး ကြံခိုင်တဲ့ပုံ လုပ်ပြတော့ လက်မောင်းအပေါ်ပိုင်းကိုပဲ ဖုံးနေတဲ့ အင်္ကျီလက်မောင်းဝက်ခန့်ရှည် ယူနီဖေါင်း အင်္ကျီလက်အာက်က ကီလိုတိုးနေလို့ တွဲကျနေတဲ့ လက်မောင်းသားတွေကို တွေ့လို့လားတော့ ပြောမတတ်ဘူး အဲဒီနေ့က ကျွန်မပုံကိုကြည့်ပြီး အဘက သဘောကျပြီး ရီနေတယ်။ အိမ်ကယောက်ျားတွေ့ရင် ဘယ်လိုကဲ့ရဲ့ဦးမလဲမသိဘူးလို့ တွေးမိသေးတယ်။

လူတယောက်ဟာ ဘ၀တသက်တာမှာ ဘယ်လိုပဲ ခက်ခဲကြမ်းတမ်း (သို့) လွယ်ကူ ချောမွေ့စွာနဲ့ ဖြတ်သန်းလာပါစေ ဘ၀ရဲ့နောက်ဆုံးအချိန်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်ပြီး ဘ၀ကူးနိုင်ဖို့ထက် အရေးကြီးတာ တခြားဘာမှ မရှိပါဘူး။ အဖေလို ချစ်ခင်ရပြီး အဖေထက် တိုင်းပြည်ကောင်းကျိုးပိုပြုခဲ့ပြီး အဖေထက် ပိုလေးစားစရာကောင်းတဲ့ အဘကို အဖေတုန်းက ကျွန်မ မပြုစုလိုက်ရလို့ အဖေအရင်းကို ပြုစုနေသလိုမျိုး သဘောထားပြီး ကျွန်မအဘကို ကောင်းကောင်း ပြုစုခွင့် ရခဲ့ပေမဲ့ သူမဆုံးခင် နေ့တွေမှာ မရောက်ဖြစ်လိုက်တာကို ကျွန်မ အခုထိ ၀မ်းနည်းလို့ မဆုံး ခံစားရပါတယ်။ အဘအသက်ရှိထင်ရှား ရှိနေစဉ် အဘဆီ ကျွန်မ နောက်ဆုံးရောက်ခဲ့တဲ့နေ့က အဘက အိပ်နေပြီး နိုးလာတော့ သတိလည်းကောင်းတယ် တော်တော်လေးလည်းလန်းပါတယ်။ အဘက သမီးဝယ်လာတဲ့ ဒိန်ချဉ်ပန်းရောင်လေးလေ ကုန်သွားပြီလို့ ပြောတယ်။ ကျွန်မ ၀ယ်လာပြီး ဆရာမတွေကို ပေးထားခဲ့ရင် ဆရာမတွေက အစာကျွေးချိန်မှာ ထုတ်ကျွေးတဲ့ စထရော်ဘယ်ရီ ဒိန်ချဉ်ကို ဆိုလိုတာ ဖြစ်တယ်။ အဘက ကျန်တဲ့ဒိန်ချဉ်တွေဆို ခွပ်ကျွေးရင် တဗူး ကုန်အောင် တခါမှ မစားပဲ တ၀က်လောက်နဲ့ တော်ပြီလို့ အမြဲပြောပေမဲ့ အဲဒီအမျိုးအစားကျတော့ ကုန်အောင်စားတယ်။ ဒါပေမဲ့ အဲဒီနေ့က အဲဒီအမျိုးစား ဆိုင်မှာ ရှာမရလို့ ၀ယ်သွာပေးတာ အဲဒီ အမျိုးအစားတော့မဟုတ်ဘူး တခြားအမျိုးအစားပဲရပြီး နောက်တခါလာမှ အဘကြိုက်တဲ့ အမျိုးအစား ၀ယ်လာမယ်လို့ ပြောခဲ့တယ်။ အစားအသောက် စားလို့ဝင်တယ်လို့ သူကိုယ်တိုင်ရော သူနာပြုကပါ ပြောလို့ ကျွန်မလည်း အဘကို လောလောဆယ်တော့ ဘာမှ ဖြစ်သွားမှာ မဟုတ်သေးဘူးလို့ တွေးပြီး တော်တော်လေး စိတ်ချသွားတယ်။ အဘကို အစားအသောက် ဆက်ပြီးတော့ဝင်အောင်စားဖို့ တိုက်တွန်းပြီး သွေးပေါင်ချိန်တွေ ဘာတွေတိုင်းကြည့်လို့ အဆင်ပြေရင် ရာသီဥတုကောင်းတဲ့တနေ့မှာ ဘီးတပ်ကုလားထိုင်နဲ့ အရင်ကလမ်းလျှောက်တဲ့ ခြင်းကွင်းကို တနေ့ခေါ်သွားပေးမယ်၊ ခြင်းကွင်းက အရင်လို မြက်တောထဲမှာ ဟုတ်တော့တဲ့အကြောင်း ကောင်စီက ဗမာကွန်မြူနီတီအတွက် ကော်ဇောခင်းထားပေးတဲ့အကြောင်းတွေကိုပါ သူ့ကို ပြောပြတော့ အဘ၀မ်းသာပါတယ်။ ကျွန်မ တကယ်လည်း အဘအစားအသောက်ပိုဝင်ပြီး ကျန်းမာလာရင် ခေါ်သွားပေးမယ်လို့ စဉ်းစားထားပါတယ်။ ဒီတခါတွေ့ခြင်းဟာ အဘကို သက်ရှိထင်ရှားနဲ့ နောက်ဆုံးတွေ့ခြင်းလို့ အဲဒီနေ့က ကျွန်မ လုံးဝမထင်ခဲ့တာ အမှန်ပါ။


 အဲဒီပတ်မှာ ကျွန်မ သူကြိုက်တဲ့ ဒိန်ချဉ် ရှာဝယ်ဖို့မတွေ့တာရယ် အလုပ်တာဝန်ကျတာကလည်း မနက်ပိုင်း မဟုတ်တော့ဘဲ ညနေပိုင်း အလုပ်ဆင်းရတဲ့နေ့တွေ ဖြစ်နေတာရယ်ကြောင့် နောက်နေ့ ဒိန်ချဉ်ရမှ သွားမယ်ဆိုပြီး နေ့ရွှေ့ရက်ရွှေ့နဲ့ အဘဆုံးတဲ့အချိန်ထိ အဘဆီ ကျွန်မ မရောက်ဖြစ်လိုက်ဘူး။ အဲဒီရက်တွေအတွင်း  ရောက်တဲ့သူတွေကလည်း အဘလန်းလန်းဆန်းဆန်း ရှိတယ်၊ စားလို့သောက်လို့ ၀င်တယ်ဆိုတာ ပြောပြကြတော့ ကျွန်မလည်း စိတ်အေးပြီး စိတ်ချနေခဲ့တယ်။ သူဆုံးတဲ့နေ့မှာ အလုပ်က မနက်ပိုင်းလုပ်ရပြီး အလုပ်ပြီးတာနဲ့ ဒီန်ချဉ်ဝယ်ပြီး အဘဆီသွားမယ်လို့ စီစဉ်ထားတဲ့အချိန်မှာပဲ Palliative Care Unit မှာ တယောက်နေမကောင်း ဖြစ်ပြီး အလုပ်မလာနိုင်တော့လို့ ကျွန်မကို ညနေပိုင်းဆက်လုပ်ပေးပါဆိုလို့ နောက်နေ့မှာ အလုပ်မရှိတာနဲ့ နောက်နေ့မှ အဘဆီ စောစောသွားတော့မယ်လို့ စဉ်းစားပြီး ကျွန်မအဲဒီနေ့က Double shift လုပ်ဖြစ်သွားလို့အဘဆီ မရောက်ဖြစ်လိုက်ဘူး။ ညနေ သုံးနာရီခွဲ Afternoon tea ချိန်မှာ Mobile phone ဖွင့်ကြည့်တော့ အဘဆုံးပြီဆိုတာ ကိုမြတ်သူက Facebook မှာ တင်ထားတာ တွေ့လို့ သိလိုက်ရတော့ မကြာတော့ဘူးဆိုတာ သိပေမဲ့ အခုလောက် မြန်မြန် ဖြစ်သွားလိမ့်မယ်ဆိုတာ လုံးဝမတွက်ထားတော့ ကျွန်မ ခံစားရတာကို ပြောပြမတတ် ဘာမှမပြောချင်လောက်အောင် ကျွန်မ ငြိမ်သက်သွားပါတယ်။ ညကိုးနာရီထိုး အလုပ်ပြီးချိန် လူအိုရုံကို သွားကြည့်ပြီး ဘော်ဒီရှိနေသေးရင် ခဏကြည့်ခွင့်ပေးပါလို့ တာဝန်ကျ သူနာပြုဆီမှာ ခွင့်တောင်းတော့ အဘရုပ်အလောင်းကို Funeral service ဆီ သယ်သွားလိုက်ပြီဆိုတာ သိရတယ်။ ကျွန်မ ၀ယ်သွားပေးပြီး ရောက်တဲ့နေ့တိုင်း လိမ်းပေးပြီး ခြေတောက်တွေ လက်တွေကို နှိပ်ပေးတဲ့ Sorbolene Cream နဲ့၊ သူလျှာဝတ်တက်နေတာကို ပါးစပ်ဆေးပေးတဲ့ ဆေးရည်၊ အဘနဲ့ သူနာပြုတွေ ပြောဆိုဆက်ဆံတဲ့အခါ အဆင်ပြေချောမွေ့အောင် စာလုံးဆိုက် ၄၈ နဲ့ အဘမြင်သာအောင့် လုပ်ထားပေးတဲ့ ပြောဆိုဆက်ဆံတဲ့ စာရွက်နဲ့ ဖိနပ်နှစ်ရံကို ကုတင်ဘေးက အန်ဆွဲထဲမှာ  ရှိနေသေးတာ တွေ့လို့ အဘအမှတ်တရ သိမ်းထားဖို့ ကျွန်မ သူနာပြုတွေကို ပြောပြီး ယူပြန်လာလိုက်တယ်။

အဘဆုံးသွားတဲ့အချိန်မှာ ကျွေးချင်တာ မကျွေးလိုက်ရလို့ ၀မ်းနည်းရသလို မေးချင်တာ မမေးလိုက်ရတာ တခုလည်း ရှိပါတယ်။ အဘရေးတဲ့ စာမူတိုင်းမှာ စာဆုံးရင် နေ့စွဲအမြဲတပ်ထားပေမဲ့ သူများဆီက ပြန်ကူးပြီးဖေါ်ပြထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါး  စိတ်ကောင်းရှိသူ မှာ နေ့စွဲမတွေ့ရလို့ နောက်တခါ သွားရင်မေးမယ်လို့ လုပ်ထားတာမမေးလိုက်ရဘူး။ အဘတလျှောက်လုံး အချိန်တွေကို အများအတွက်ပဲ ပေးသွားခဲ့တဲ့ မျိုးချစ် တော်လှန်ရေးသမားကြီးတဦး ဘ၀ခရီးနောက်ဆုံးအချိန်ကို ငြိမ်းချမ်းစွာနဲ့ အဆုံးသတ်သွားခဲ့ပြီ။ ဒီဘ၀မှာ အဘနဲ့ ပြန်ဆုံဖို့ မရှိနိုင်တော့ပေမဲ့ အဘပေးထားခဲ့တဲ့ စာတွေကျွန်မ လက်ထဲမှာ ရှိနေတာကို သိမ်းဆည်းထားပြီး အချိန်ရရင် ရသလိုအများပြည်သူတွေအတွက် ပြန်တင်ပေးမယ်လို့ အဘကိုကျွန်မ သက်ရှိထင်ရှား ရှိစဉ်တုန်းက ဂတိပေးခဲ့သလို အခုလည်း ထပ်ပြီးဂတိပေးပြီး အဘအနားယူသွားပြီ ဖြစ်ပေမဲ့ အဘရဲ့ အားထုတ်မှုတွေ ဆက်လက်ရှင်သန်စေရဦးမယ်။ အဘဟာ သူလေးစားချစ်မြတ်နိုးသူတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ၀န်ကြီးချူပ်ဟောင်း ဦးနုတို့ကို သုတိသာ နတ်ပြည်မှာ စံမြန်းရောက်ရှိပါစေလို့ သူဆုတောင်းပေးခဲ့သလို ကျွန်မကလည်း အဘကို အခုချိန်မှာ နတ်ပြည်ခြောက်ထပ်မှာ ဘုရားလောင်းတွေနဲ့ သူတော်ကောင်းတွေသေဆုံးရင် ရောက်တဲ့ဘုံလို့ဆိုတဲ့ အဲဒီသုတိသာ နတ်ပြည်မှာ ရောက်ရှိနေပါစေလို့ ဆုတောင်းပါတယ်။ လူအိုရုံမှာ ရှိနေစဉ် တခါက အဘရဲ့ mental status ကို စမ်းသပ်တဲ့အနေနဲ့ ကျွန်မက အဘဘယ်မှာ ရောက်နေလဲ သိလားမေးတော့ Auburn မှာ မဟုတ်ဘူးလားလို့ ပြောလို့ Auburn ကတော့ ဟုတ်ပြီ Auburn ဘာလဲလို့ မေးတော့ အဘက ကျွန်မ မေးတာကို တော်တော်နဲ့ သဘောပေါက်ဘဲ အဘ Auburn မှာရောက်နေတယ်လေ သမီး အဲဒါမဟုတ်ဘူးလားဆိုပြီး ထပ်မေးနေလို့ ကျွန်မ မေးခွန်းကို အဘမရှင်းဘူးဆိုတော့ သူ့ကို ထပ်မမေးတော့ဘဲ ဟုတ်တယ် အဘ Auburn က Nursing Home တခုကို ကို ရောက်နေတာ အဘသိတယ်နော့် ပြောတော့ နားကြားမှားပြီး နတ်ပြည်မှာ ရောက်နေတယ် ဟုတ်လားလို့ ပြန် မေးလို့ ကျွန်မမှာ အဘနားကြားမှားပုံကို ကြားရတော့့ ငိုရမလို ရည်ရမလိုနဲ့ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီး ချက်ချင်းပဲ အဘဆုံးရင် ရောက်မည့်နမိတ်များလားမသိဘူးလို့ အစွဲဝင်သွားသေးတယ်။

အခုတော့ အစွဲမဟုတ်ဘူး မသေခင်တွေ့ရတဲ့ သူ့ရဲ့အမူအကျင့်တွေနဲ့ တည်ငြိမ်မှုကို ထောက်ရင် အဘဟာ ဘုရားလောင်းတွေရယ် အကျင့်သီလနဲ့ ပြည့်စုံတဲ့ သူတွေသာ ရောက်တဲ့ သုတိသာ နတ်ပြည်ကို တကယ်ရောက်နေပြီလို့ ကျွန်မ လုံးဝယုံကြည်လိုက်ပါတယ်။ သူစားချင်တဲ့ ဒိန်ချဉ်ကို အချိန်မီ မယူလာပေးနိုင်၊ သူ့နောက်ဆုံးထွက်သက်ချိန်ထိ ကျွန်မ သူ့နားပြန်မရောက်တော့တာကို သူ့ရဲ့ဈာပန အခမ်းအနားမှာ ကျွန်မ နောက်ဆုံး ဂါရ၀ပြုစဉ် တောင်းပန်လိုက်ပါတယ်။ အဘခွင့်လွတ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒါကြောင့် ကျွန်မမှာ အဘအတွက် စိုးရိမ်မိတာ ကျွန်မ ကျွေးချင်တဲ့ ဒိန်ချဉ်ကို မကျွေးလိုက်ရတဲ့အတွက် ခံစားရတာ ဘာမှမရှိတော့ဘူး။  ခုချိန်မှာ ဒိန်ချဉ်ထက် ကောင်းတဲ့ နတ်သုဒ္ဒါကို စားနေလောက်ပြီမို့ အဘအတွက် ကျွန်မ စိတ်ချသွားပါပြီ။ ကောင်းရာ ဘုံဘ၀မှာ ရောက်ရှိနေပြီဆိုတာ ယုံကြည်လို့ အဲဒီအတွက်တော့ ဆုတောင်းပေးစရာ မလိုတော့ဘူး။

အဘ သုတိသာ နတ်ပြည်မှာ သူချစ်ခင်လေးစားတဲ့ သူတွေနဲ့ ဆုံတွေ့နိုင်ပါစေ..



8/03/13 ရက်က Auburn က funeral Service မှာ အသုဘရှုတဲ့နေ့က ဖြစ်ပြီး အဘဆီ နောက်ဆုံးရောက်တဲ့နေ့က နောက်တခါ ပြန်တွေ့ရင် အခုလိုအသက်မဲ့ခန္ဓာကိုယ်ကြီးကိုပဲ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ခဲ့တာ အမှန်ပါ။



နေမကောင်း ဖြစ်နေစဉ်က စမ်းလိုက်ရင် အမြဲတမ်း ပျော့ပြောင်းပြီးနွေးထွေနေတဲ့ အဘလက်တွေက အခုကျတော့ ရေခဲတိုက်က ထုတ်လာလို့ အေးစက်ပြီး မာကျောနေတာကို တွေ့ရတယ်။



PS. ဒီပို့စ်ကိုတင်တဲ့အခါမှာ ဓာတ်ပုံတွေ Upload လုပ်လို့မရတာနဲ့ နောက်ဆုံး အခုမတင်ခင်လေးမှာတင် တင်လို့မရဘဲ Error ပဲ ခဏခဏ ပြနေလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန်မှာ အဘ ကောင်းရာ ဘုံဘ၀မှာ အမှန်တကယ် ရောက်ရှိနေတာ သေချာရင် ချက်ချင်းတင်လို့ရပါစေလို့ ဘုရားမှာ တိုင်တည် ဆုတောင်းပြီး တင်လိုက်တာနဲ့ ဘာ Error မှ မပြတော့ဘဲ ချက်ချင်းကို တင်လို့ရသွားတယ်။ ဒါဟာ တိုက်ဆိုင်မှု သက်သက်လုံးဝမဟုတ်ပါ။ အဘ အမှန်တကယ်ကို ကောင်းရာဘုံဘ၀မှာ ရောက်ရှိနေမှာ သေချာတယ်လို့ ကျွန်မ ယုံကြည်သွားတယ်။

0 comments: