မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကိုမင်းကိုနိုင် ပြောသော 7 July အဓိဋ္ဌာန်




မြန်မာပြည်က အွန်လိုင်းသုံးသမားတွေ လိုင်းမကောင်းလို့  ဗွီဒီယိုကို နားထောင်မရင် ဖတ်လို့ရအောင် စာကိုအချိန်ယူပြီး ရိုက်ထားပေးပါတယ်။

၁၉၆၂ 7 July လို့ခေါ်တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ သွေးမြေကျခဲ့ရဲ့ မှတ်တမ်းဟာ  ကျနော်တို့ မမွေးခင်ကတည်းက ဖြစ်ခဲ့တာပါ။ ကျနော်တို့ လူမှန်းသိလာတတ်စ အရွယ်မှာဆိုရင် ဂျူလိုင် (၇) ရက်ဝန်းကျင်မှာ ရောက်လာတိုင်း ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေရဲ့ တက်ခေါက်သံကို ကျနော်တို့ ကြားနေခဲ့ရတာပဲ။ အဲဒီမှာ ကိုယ်တိုင်ပေးဆပ်လိုက်ရတဲ့ မိသားစုတွေရဲ့ ငိုရှိုက်သံတွေကို ကျနော်တို့ ကြာုးနေရတာပဲ။ ကျနော်တို့ ကြီးပြင်းပြီးတော့ သိတတ်လာတဲ့အ၇ွယ်မှာတော့ အဲဒီအချိန်က အစိုးရက ဒါကို တတ်နိုင်သမျှ ဖုံးဖိပြီးတော့ ဖျောက်ဖျက်ဖို့ ကြိုးစားတာပါပဲ။ ဒါပေမဲ့ တကယ့်သမိုင်းဖြစ်ရပ်မှန်တွေက ဖျောက်ဖျက်လို့ မရပါဘူး။ ပြည်သူလူထုကြားထဲကို ဖြစ်ရပ်မှန်တွေကို ပြန်ပြောပြကြတာ လက်ဆက်ကမ်းကြတဲ့ နည်းနဲ့ ရောက်လာပါတယ်။ အဲဒီအချိန်မှာ ငယ်နုသေးပေမဲ့ ကျနော်တို့ရဲ့ နှလုံးသားထဲမှာ စောစောစည်းစည်း ဒါဏ်ရာတွေ ရခဲ့ပါတယ်။ ငါတို့ကျောင်းသားတွေ ဒီလို ရက်ရက်စက်စက် ဖြိုခွင်းခံခဲ့ရပါလားဆိုတာကို ကျနော်တို့ ခံစားတတ်လာတယ်။

ကျောင်းသားတွေဟာ အဲဒီအချိန်မှာ ကျောင်းဝင်းထဲမှာ လှည့်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာပါ။ ကျောင်းအပြင်တောင် ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒါကို ကျနော်တို့ တက္ကသိုလ်ကျောင်းတံခါးကြီးကို ကျောင်းသူတွေက မင်းဒုံးလို သူတို့ရဲ့ လက်တံတွေကို ထည့်ပြီးတော့ ထိုးပိတ်လိုက်ပြီးတော့ ကားကို ၀င်ချင်ရင် ငါတို့ရဲ့ လက်တွေကို တိုက်ပြီးမှ ၀င်သွား၊ ကားနဲ့တိုက်ပြီးမှ ၀င်သွားဆိုပြီးတော့ ပိတ်ပြီးတော့ ခံခဲ့ကြတဲ့ အဖြစ်တွေကိုလည်း ကျနော်တို့ ပြန်ကြားရပါတယ်။ အဲဒီမှာ နောက်ဆုံးတော့ အဖြိုခွင်းခံလိုက်ရတဲ့အခါမှာ သမိုင်းဆိုင်ရာ အထွတ်အမြတ်ထားရမယ့် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုချအခွဲခံလိုက်ရတာကို ကျနော်တို့ သိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိသားစုတွေရဲ့ ဂီတကို ဖေါ်ကျူးမယ့် စောင်းကြိုးတွေ တချောင်းပြီးတချောင်း ပြတ်ခဲ့တယ် ဆိုတာကို ကျနော်တို့ တွေ့ပါတယ်၊ ကျနော်တို့ မြင်ပါတယ်။ အိမ်ဂေဟာတွေရဲ့ ဆည်းလည်းတွေ အက်ကွဲခဲ့တာ ပျောက်ဆုံးခဲ့တာတွေကို ကျနော်တို့ ကြာုးရပါတယ်၊ ကျနော်တို့သိပါတယ်။ နောက်ပိုင်းမှာတော့ ဘုရားစဉ်ရှေ့က ကြမ်းပြင်မှာ အဲမှာ မိသားစုတွေရဲ့ မျက်ရည်တွေ အိုင်ထွန်းခဲ့ရတာတွေကို ကျနော်တို့ နားလည်လိုက်ရပါတယ်။ တိုင်းပြည်တခုအတွက်တော့ အနာဂတ်ပျိုးခင်းထဲက ပျိုးပင်လေးတွေ နင်းချေခံလိုက်ရတာပေါ့ဗျာ။ အဲဒါ 7 July ရဲ့ မြင်ကွင်းပါ။

ဖျက်ဆီးခံလိုက်ရတာဟာ ကျောင်းသားသမဂဂ္ဂဆိုတဲ့ အဆောက်ဦလို့ ရုပ်ဝတ္တုအားဖြင့် မြင်နိုင်ပါလိမ့်မယ်။ အဲဒီတော့ ရုပ်ဝတ္တုဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်ဦဟာ ဖြိုခွင်းခံလိုက်ရတာ ပြိုကျသွားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ရှိတဲ့ကျောင်းသားတွေရဲ့ စိတ်ဓာတ်အင်အား မမြင်နိုင်တဲ့ ဖမ်းဆုပ်ကိုင်ပြလို့ မရတဲ့စိတ်ဓာတ်အင်အားတွေကတော့ လက်ဆက်ကမ်းပြီး ဒီကနေ့ ကျနော်တို့ နှလုံးသားထဲအထိ၊ ကျနော်တို့ရဲ့ ရင်ထဲအထိ စွဲစွဲမြဲမြဲ ရှိနေတုန်ပါ။ သမိုင်းတန်ဖိုးအရ အင်မတန် အဖိုးတန်လှတဲ့ ကျောင်းသားသမဂဂ္ဂ အဆောက်ဦ ဒါဟာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တာပါ။ ဒါကို ဖြိုချဖျက်ဆီးပစ်လိုက်နိုင်ပေမဲ့ လက်ဆက်ကမ်း သယ်ဆောင်လာတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖေါ်ဆောင်လာတဲ့ ကျောင်းသားသမဂဂ္ဂ စိတ်ဓာတ်ကိုတော့ ဖျောက်ဖျက်လို့ ဒီနေ့အထိ မရနိုင်သေးပါဘူး။

 တိုင်းတပါးသား အစိုးရ လက်ထက်တုန်းကတောင်မှ ကျောင်းသားသမဂဂ္ဂ ကို တရားဝင် ခွင့်ပြုပြီးတော့ ကျောင်းသားသမဂဂ္ဂ အခွင့်အရေးတွေကို ပေးခဲ့ပါတယ်။ ကျောင်းအပ်ပြီးပြီ ဆိုတာနဲ့ ကျောင်းသားသမဂဂ္ဂကြေးကို တက္ကသိုလ်များ အုပ်ချူပ်ရေးကောင်စီကနြေ့ပီးတော့ ကောက်ပေးခဲ့တာပါ။ နောက် ကျောင်းသား သမဂဂ္ဂကို တရားဝင် ရပ်တည်ခွင့် ကျောင်းသား သမဂဂ္ဂ တရားဝင်စည်းရုံး လှုပ်ရှားခွင့်၊ အစိုးရကို ဝေဖန်ခွင့် ဒါအပြည့်အ၀ ပေးခဲ့ပါတယ်။ အဲဒီလို တိုင်းတပါးသား အစိုးရကတောင် ပေးနိုင်ခဲ့ရင် ကိုယ့်အမျိုးသားချင်း ဘာကြောင့် မပေးနိုင်ရမှာလဲ။ သူတို့လိုချင်တာက ကျောင်းသားတွေအတွက် ထိုက်တန်တဲ့ အခွင့်အရေးကို ပေးပါ၊ အဲလိုပေးပြီးရင် ပြည်သူလူထုအတွက်လည်း ထိုက်တန်တဲ့ အခွင့်အရေးကို ပေးပါ။ ပြည်သူလူထု အတွက် ဘယ်အခွင့်အရေးလဲ ဆိုတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပါ။  ဒါ အကြပ်အတည်းပေါင်းစုံက ဖြေရှင်းဖို့၊ အကြပ်အတည်းပေါင်းစုံက ဖေါက်ထွက်နိုင်ဖို့အတွက် နည်းလမ်းကို ကျနော်တို့ အကြိမ်ကြိမ်အခါခါ ပြောနေရတာပါ။ ဒီကနေ့ အရေးကြီးဆုံးက ဒီအချက်ပါပဲဗျာ။

ဒီနေရာမှာ ကျနော်တို့ မပြောမဖြစ် ပြောရမှာကတော့ အဲဒီ 7 July အဲဒီတုန်းက ဒီမိုကရေစီ အစိုးရလက်ထဲက အာဏာသိမ်းပြီးလိုက်ခါစ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချူပ်ကြီးနေ၀င်းရဲ့ မိန့်ခွန်းမှာ အဲဒါကို စိန်ခေါ်ချက်လို့ ပြောရင်လည်း ရပါတယ်။ မြန်မာ့အသံထဲကနေပြီးတော့ အဲဒီ 7 July နဲ့ပတ်သက်ပြီးတော့ ထုတ်လွှင့်လိုက်တဲ့ သူ့ရဲ့မိန့်ခွန်းမှာ အင်မတန်မှ ဒေါသ၊ မာန၊ အတ္တတွေ ပြင်းထန်နေတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ကျောင်းသားတွေကို ဓါးဓါးချင်း လှံလှံချင်း ဆိုပြီးတော့ စိန်ခေါ်ခဲ့ပါတယ်။ အဲဒါ သူ့ရဲ့ ပထမဆုံး အဖွင့်မိန့်ခွန်းမှာ သူ့ရဲ့အာဏာသိမ်းပြီးပြီးချင်း အရင်ဆုံးပြောတဲ့ မိန့်ခွန်းအဖွင့်မိန့်ခွန်းမှာ အဲဒီလို ဓါးဓါးချင်း လှံလှံချင်းလို့ စိန်ခေါ်ခြင်းကို ခံခဲ့ရတဲ့ ကျောင်းသားတွေက လက်နက်မဲ့ကျောင်းသားတွေပါ။ စာအုပ်ကိုယ်စီ မင်တံကိုယ်စီနဲ့ပဲ ကျောင်းဝင်းထဲမှာ လှည့်နေကြတဲ့ ကျောင်းသားတွေပါ။ အဲဒီလို စတင်ပြီးတော့ အဖွင့်မှာ စိန်ခေါ်ခဲ့သလို နောက်ဆုံး သူမတတ်သာလွန်းလို့ ဆင်းရတော့မဲ့ အခြေအနေမျိုးမှာ ပြောတဲ့မိန့်ခွန်း ဒါဒီကနေ့ မျိုးဆက်သစ်တွေ အားလုံးသိပါတယ်။

 "စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပြီး ချောက်တာမပါဘူး ပစ်ရင်တည့်တည့်ပစ်တယ်" ဆိုတဲ့ မိန့်ခွန်း၊ နောက်တခါ ဆူဆူပူပူ လုပ်ရင်ရင်တော့ မတတ်သာဘူးသာ မှတ်ပေတော့ ဆိုပြီးတော့  လက်ညိုးငေါက်ငေါက်နဲ့ ကြိမ်းမောင်းပြီးတော့ ဆင်းသွားတာပါ။ အဲဒါဟာ သူ့ရဲ့ နိဒါန်းနဲ့ နိဂုံး မိန့်ခွန်းနှစ်ခုပါ။ အဲဒီနောက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး ကျနော်တို့ ပြည်သူတွေအသိဆုံးပါ။ ကျေကွဲစရာ နာကျည်းစရာ ဆိုးကျိုးသက်ရောက်ခဲ့တယ်ဆိုတာကိုပါ၊ အဲဒီသဘောမျိုး သက်ရောက်စေတာမျိုးကို မပြုမိဖို့ မကြံစည်မိဖို့ လိုပါတယ်။ အဲဒါဟာ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် အုပ်ချုပ်ရေး အာဏာနဲ့ သက်ဆိုင်တဲ့သူတိုင်း ဆင်ချင်ကြဖို့ သတိပြုဖို့ လိုပါတယ်။ ဒီလိုမပြောသော်လည်း ပြောသကဲ့သို့ မကြံစည်ခဲ့သသော်လည်း ကြံစည်သကဲ့သို့ အဲဒီသဘောသက်ရောက်တဲ့ အပြုအမူတွေ မလုပ်မိဖို့ လိုပါတယ်။ အဲဒါက ကျနော်တို့ ပြည်သူလူထုကြီးကလည်း အဲဒီသဘောကို သတိပြုနေကြဖို့ လိုပါတယ်။ ဘယ်သူမဆို ဒီလိုပြောသလား၊ သို့တည်းမဟုတ် ဒီလို ပြုမူနေကြသလားဆိုတာကို သတိပြုနေဖို့လိုပါတယ်။ အဲဒီတော့ ကျနော်တို့ လိုချင်တယ်ဆိုတာက အပြစ်မဲ့တဲ့ ပြည်သူတွေ ကျောင်းသားတွေ၊ လက်နက်မရှိတဲ့ ကျောင်းသားတွေကို လက်နက်နဲ့ စိန်ခေါ်တဲ့စကားမျိုး၊ စိန်ခေါ်တဲ့ အပြုမူမျိုး၊ အကြမ်းဖက်ပြီးတော့ ဖြေရှင်းတဲ့ကိစ္စမျိုးကို မဖြစ်အောင်လို့ စနစ်သစ်တခုကို ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ အဲဒါက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုကို ကျနော်တို့ တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ လူသားပီသပြီးတော့ ယဉ်ကျေးတဲ့ လူ့အဖွ့အစည်းတခုကို တည်ဆောက်ကြဖို့ ကျနော်တို့ ဒီကနေ့ တိုက်တွန်းနေရတာပါ။

ဆိုလိုတာကတော့ ကျနော်တို့တတွေ အကျဉ်းတောင်ထဲမှာဗျာ ၁၇ နှစ်နှစ်လောက်လည်း သီးခြား အကျဉ်းသားအနေနဲ့ သီးခြားတဦးတည်း နေခဲ့ရတယ်။ အဲဒီတော့လည်း ဒီနိုင်ငံရေးမှာ ပတ်သက်နေပြန်ပြီ၊ ပြောနေပြန်ပြီ ဆိုနေပြန်ပြီ လှုပ်ရှားနေပြန်ြ့ပီဆိုတော့ တချို့လည်း ကျနော်တို့ကို ဝေဖန်ကြတယ် မင်းတို့ မကြောက်ကြသေးဘူးလား၊ မလန့်ကြသေးဘူးလား ဘာဖြစ်လို့ ဒီလောက်မှ နစ်နာဆုံးရှုံးရတဲ့ဘ၀ကို အန္တရယ်ဖြစ်ရတဲ့ အလုပ်ကို ဘာလို့ဒီလောက် လုပ်နေကြသလဲဆိုတော့ ကျနော်တို့ ရှေ့လာမဲ့ ကျနော်တို့အနာဂတ်ကို ကျနော်တို့ ကြည့်တယ်လေ၊ ကျနော်တို့လို ကျောင်းသားတွေဟာ အကျဉ်းထောင်ထဲမှာ ဘ၀ကို မပေးလိုက်ရဖို့ နောက်တခါ ယဉ်ကျေးပြီးတော့ လူသားပီသတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ဖို့အတွက် ကျနော်တို့ ကြိုးစားရမှာပဲ။ ကျနော်တို့ လုပ်ကြရမှာပဲ၊ ဒါကကျနော်တို့ ပေးဆပ်ရသည်ဖြစ်စေ၊ မပေးဆပ်ရသည်ဖြစ်စေ လိုအပ်ရင်လည်း ထပ်ပေးဆပ်ဖို့ အသင့်ပါပဲ။

အဲဒီတော့ 7 July နေပြီးတော့ စခဲ့တယ် ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ မိန့်ခွန်း၊ ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ စခဲ့တဲ့ 7 July ရဲ့နောက်ဆက်တွဲမှာ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ကျောင်းသားတွေဘက်က လက်လျှော့သွားသလား ကြောက်ဒူးတုန်သွားသလား၊ သွေးကြောင်သွားသလားလို့ မေးစရာ ရှိပါတယ်။ဆက်ပြီးတော့ ကြည့်လိုက်ပါ ဦးသန့်အရေးတော်ပုံတဲ့ မှိုင်းရာပြည့်အရေးတော်ပုံတဲ့ ကျနော်တို့ နောင်တော်တို့ရဲ့ ခွပ်ဒေါင်းအလံကို ကျနော်တို့ မျိုးဆက်တွေက လက်ဆက်ကမ်းပြီး သယ်ဆောင်ခဲ့တာပဲ။ အဲဒီတော့ ခေတ်အဆက်ဆက်က ကျနော်တို့ နောင်တော် ကျောင်းသားတွေရဲ့ ကောင်းမွေဖြစ်တဲ့ ပြည်သူတွေအတွက် စွန့်လွှတ် အနစ်နာခံမှု ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်မှုတွေကို ကျနော်တို့ အတုယူပြီးတော့ ဆက်လက်ပြီးတော့ သစ္စာရှိရှိကြိုးပမ်းသွားကြမယ်လို့ ကျနော်တို့ ကျောင်းသားများ အားလုံးကိုယ်စား အဓိဋ္ဌာန်ပြုလိုက်ပါတယ်ဗျာ။

ကိုမင်းကိုနိုင်ပြောထားတဲ့ ဗွီဒီယိုထဲက အသံကို စာသားအဖြစ် ပြန်ရိုက်ထားခြင်း ဖြစ်ပါတယ်။

7 July မှာ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိ လားကြပါစေ

19 comments:

ပြည်သူကို သတ်စို့

(ယနေ့ တပ်မတော်၏ အခြေအနေမှန်ပြ စစ်ချီသီချင်းသစ်)


("တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်" စာသားဖြင့် အစချီသော "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန်)


ပြည်သူကိုလေ "ဓား ဓားချင်း" ဖြိုခွင်းမယ်။
ဗိုလ်ချုပ်နေဝင်း လူသတ်လမ်းစဉ် ငါတို့ဆက်ကျင့်မယ်။
"စစ်တပ်ဟာ ပစ်ပြီဆိုရင် မှန်အောင် ပစ်ပါတယ်။"
လမ်းမှာ ဆန္ဒပြရင် အသေပင် ပစ်သတ်မယ်။

ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
မပြောင်းချင်တဲ့ ရွာသားသတ်ဖို့ သတ်မိန့် ပေးထားတယ်။
"အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
ကိုယ်ဝန်ဆောင်ပါမကျန်အောင် ငါတို့ ပစ်သတ်မယ်။

မြို့လယ်မှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
ဘယ်မှာ တွန့်ဆုတ်ပါလိမ့်၊ ငါတို့ စစ်သားရယ်။

ပြည်သူဟာလဲ အသေဆိုး သေရတယ်။
သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
"စစ်တပ်ကိုမစမ်းနဲ့၊ အသေဆိုးနဲ့သေမယ်။"
"ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။


ခွပ်ဒေါင်းဇာနည်
ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်



တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာပြီး တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ " ပြည်သူကို သတ်စို့" (ယနေ့ တပ်မတော်၏ အခြေအနေမှန်ပြ စစ်ချီသီချင်းသစ်) ကို တပ်မတော်သားများ အမြင်မှန် ရစေရန် ရည်ရွယ်ချက်ဖြင့် ရေးစပ်ပါသည်။

တပ်မတော်သားများ အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။

ခွပ်ဒေါင်းဇာနည်


(မငယ်နိုင်ဘလော့
"7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ ~ Nge Naing".

http://nge-naing.blogspot.de/2010/07/7-july-1962.html

ပို့စ်မှ ကူးယူ ဖော်ပြသည်။)

.
တူယှဉ်ကာ တိုက်စို့
(စစ်ချီသီချင်း)


မူရင်း - ဂျပန် စစ်ချီသီချင်း သံစဉ်ကို ယူပြီး စပ်ဆိုထားသည်။

သီဆိုသူ - တပ်ကြပ်ကြီး ညွန့်ခင်


တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
ဗမာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
တောတောင်အထပ်ထပ် ချီတက်တိုက်ခိုက်မယ်။

မိုးတွေကလဲ မစဲဘဲ ရွာသွန်းတယ်။
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။

စစ်မြေမှာလဲ မစဲဘဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က ဓားဆွဲလို့ ရှေ့ကတက်ပါတယ်။
ဘယ်မှာ ကြောက်စိတ်ရှိလိမ့်၊ ငါတို့စစ်သားရယ်။

ရန်သူမှာလဲ အရှုံးကြီး ရှုံးရတယ်။
သူတို့အလောင်းကောင် အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
ဗမာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။


(အစမှ အဆုံး နောက်တခေါက် ထပ်ဆိုပါ။)


http://soundcloud.com/aye-kyaw-soe/a-burmese-marching-song-from


( "တူယှဉ်ကာ တိုက်စို့ (စစ်ချီသီချင်း)" ခေါင်းစဉ်ကို နှိပ်ပြီး တပ်ကြပ်ကြီး ညွန့်ခင် သီဆိုထားတဲ့ "တူယှဉ်ကာ တိုက်စို့" သီချင်းကို နားဆင်နိုင်ပါတယ်။ )

.
တပ်မတော်သားများ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်နိုင်ကြပါစေ။


စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံနေရသော တပ်မတော်သားများ အနေဖြင့် အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မတိုင်မီ (လွန်ခဲ့သော ၅၁ နှစ် မတိုင်မီ) က အနေအထား ဖြစ်သော "ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ" ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်
ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁


(မငယ်နိုင်ဘလော့
"7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ ~ Nge Naing".

http://nge-naing.blogspot.de/2010/07/7-july-1962.html

ပို့စ်မှ ကူးယူ ဖော်ပြသည်။)

.
"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

ဓါး ဓါးချင်း၊ လှံ လှံချင်း

ဓါး ဓါးချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ

(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားတဲ့ မိန့်ခွန်း)



ကျနော် တိုင်းပြည် တာဝန်ယူတဲ့ အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါတယ်။
အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။
ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။
ဓါးကို ဓါးချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတယ်။


ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

.
"စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်" (ဗွီဒီယို)


(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ)


"နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"


ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့


http://www.youtube.com/watch?v=TDRK4z5JZxc


"မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဖြစ်တဲ့ "စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" ဆိုတာကို မြန်မာတွေ ကြားဖူးကြပေမယ့် အဲဒီလို ပြောတဲ့ "ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဗွီဒီယိုကို တချို့ မြန်မာတွေ မကြည့်ဖူးသေးပါဘူး။

ဒီသမိုင်းဝင်မိန့်ခွန်းကို မကြည့်လိုက်ရ မဖြစ်ပါစေနဲ့။

("စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" ခေါင်းစဉ်ကို နှိပ်ပြီး ဗွီဒီယို ကို ကြည့်ရှုနိုင်ပါတယ်။)

.
"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်" - (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၁၉၉ရ ခုနှစ်)


(မြန်မာ့သတ်မတော်ရဲ့ ဒုတိယ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ လူသတ်သြဝါဒ)


"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

(= ကိုယ်ဝန်ဆောင်တောင် မချန်နဲ့၊ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးကို သတ်ပစ်)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
နှုတ်မိန့်
၁၉၉ရ ခုနှစ်
စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)


("အစိတ်သား" ဆိုသော တပ်တွင်းသုံးစကား၏ အဓိပ္ပာယ်ကို ဗိုလ်မှူးအောင်လင်းထွဋ် ၏ ရှင်းပြချက်

"အစိတ်သား တောင် မချန်နဲ့" ဆိုတဲ့ဥစ္စာက "ကိုယ်ဝန်" ပေါ့ဗျာ။
"ကိုယ်ဝန်" ကို တပ်ထဲမှာ "အစိတ်သား" လို့ ကျနော်တို့ ခေါ်တာကိုး။
"ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးကို သတ်ပစ်" ဆိုပြီးတော့ တရားဝင်အမိန့် ပါ။
တရားဝင်အမိန့် ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။
စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ နှုတ်မိန့်နဲ့ ပြောလိုက်တဲ့စကားပါ။)


http://www.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html

.
"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်" - (ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး၊ ခလရ-၅၉ ပဲခူးတပ်၊ ၄ - ၉ - ၂ဝ၁ဝ ရက်ည)


("ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ" ဆင်နွှဲ အပြီးတွင် ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး နှင့် တပ်သား မောင်ထွန်း တို့၏ တပ်မှ တပ်သားတဦးက ပဲခူးမြို့၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်နေ ပြည်သူများကို လမ်းဘေးစရိုက်ဖြင့် မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားသော စကား)



"စစ်တပ်ကို စမ်းချင်တဲ့ကောင် စမ်း၊ သေချင်းဆိုးနဲ့ သေသွားမယ်။"


"ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
ဆင်နွှဲခဲ့သော ခလရ-၅၉ ပဲခူးတပ်မှ
ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
၎ - ၉ - ၂ဝ၁ဝ ရက်ည


http://bit.ly/17UBMKK

.
စစ်အာဏာသိမ်းမှုကို ဆန့်ကျင် အုံကြွခဲ့ကြသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသူ ကျောင်းသား ရာပေါင်းများစွာကို ၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်နေ့မှာ ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက ပစ်ခတ် သတ်ဖြတ် နှိမ်နှင်းခဲ့ပြီး ကျောင်းသား အပေါင်းတို့ရဲ့ အပျိုစင် မိခင် ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖြိုချ ဖျက်ဆီးခဲ့တဲ့ "၇ ဇူလိုင် အရေးတော်ပုံ" အကြောင်းကို စုစည်း တင်ပြ ထားတာ ဖြစ်ပါတယ်။



၇ ဇူလိုင် ကျောင်းသား အရေးတော်ပုံ


၇ ဇူလိုင် အကြောင်း ပြောမယ်ဆိုရင် ပထမဆုံး အဲဒီခေတ် နိုင်ငံရေး အခြေအနေနှင့် ကျောင်းသားထု အခြေအနေများကို မိတ်ဆက် ပြမှသာလျှင် ပြည်စုံ ပေလိမ့်မယ်။


အဲဒီခေတ် အဲဒီ အခြေအနေက ကျောင်းသားတွေထဲမှာ နိုင်ငံရေး အရောင်အသွေးစုံ ထိုးဖောက် ရောယှက်နေတဲ့ အချိန် ဖြစ်တယ်။ ကျောင်းသားတွေထဲမှာ ဆိုရှယ်နီ (ပန်းရောင် ကွန်မြူနစ်) ကျောင်းသား၊ ကွန်မြူနစ်ကို ထောက်ခံတဲ့ ကျောင်းသား၊ ဖဆပလကို ထောက်ခံတဲ့ ကျောင်းသား စတဲ့ ကျောင်းသားအုပ်စုတွေက နိုင်ငံရေးအရောင် အမျိုးမျိုးနဲ့ ကျောင်းသား အရေးအရာတွေကို ဦးတည် လူပ်ရှားနေတဲ့ အချိန် ဖြစ်တယ်။



၁၉၅၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့မှာ ကျင်းပတဲ့ တကသ ရွေးကောက်ပွဲမှာ DSO (Democratic Student's Organization) နဲ့ တိုးတက်သော ကျောင်းသားအုပ်စု (Progressive Student's Force) တို့ ပါဝင် ယှဉ်ပြိုင် ခဲ့ကြတယ်။

DSO အစုဟာ ၁၉၅၃ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက်မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသား အဖွဲ့ (၅) ဖွဲ့က ကျောင်းသား (၁၀၀) ကို ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့ ဖဆပလ ဆိုရှယ်လစ် ခေါင်းဆောင်တွေက နိုင်ငံရေး တလသင်တန်း ပို့ချအပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့တခု ဖြစ်တယ်။

တိုးတက်အစု ကတော့ ၁၉၅၁ ခုနှစ် ကတည်းက ကွန်မြူနစ် ပါတီနဲ့ ဗမာပြည် အလုပ်သမား လယ်သမား ပါတီဝင် ကျောင်းသားခေါင်းဆောင်တွေက ဖွဲ့ပေးခဲ့တဲ့ ဖဆပလ အစိုးရကို အတိုက်အခံ ပြုနေတဲ့ ကျောင်းသား အဖွဲ့အစည်း တခု ဖြစ်တယ်။



ဒီလို ကျောင်းသားတွေထဲမှာ နိုင်ငံရေးရောင်စုံ ယှက်သန်းနေတာဟာ စစ်တပ်က တော်လှန်ရေးကောင်စီ အမည်ခံပြီး နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရား သိမ်းပိုက်ပြီးချိန်ထိ ရှိနေခဲ့တယ်။ အထူးသဖြင့် အဲဒီအချိန်က အာဏာရအစိုးရတွေကို အတိုက်အခံ ပြုနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ တက္ကသိုလ်စင်မြင့်ကို အခြေပြု လှုပ်ရှားခဲ့ကြတယ်။

ဒါပေမဲ့ လူသားတွေဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့်၊ လွတ်လပ်စွာ တွေးတော ပိုင်ခွင့် ရှိတယ် ဆိုတာ ကိုတော့ ကျနော်တို့ သတိမူရပါလိမ့်မယ်။ အထူးသဖြင့် ပညာတတ် လူတန်းစား အလွှာဟာ တိုးတက်မှု၊ ပြောင်းလဲမှုတွေကို အခြား အလွှာအသီးသီးက လူတန်းစား တွေထက် ပို လက်ခံတတ်ကြတယ်။

နောက်ပြီး အဲဒီခေတ် နိုင်ငံရေးအခြေအနေ ကလည်း လက်ဝဲ၊ လက်ယာ အယူအဆ အမျိုးမျိုး ကွဲပြားနေတဲ့ အချိန်၊ တိုင်းရင်းသားတွေကလည်း တန်းတူ အခွင့်အရေး တောင်းဆိုနေတဲ့ အချိန်၊ တိုင်းပြည်မှာ သွေးစည်းညီညွတ်ရေး ပျက်ပြားနေတဲ့ အချိန်လည်းဖြစ်၊ အမေရိကန်တို့ရဲ့ အားပေးကူညီမှုနဲ့ ကွန်မင်တန် တရုပ်ဖြူ (KMT) တို့ရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ အချိန်လည်း ဖြစ်တယ်။ ဒီတော့ တိုးတက်တဲ့ ကျောင်းသား အများစုဟာ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား အမှီခိုကင်းရေး စိတ်ဓာတ်တွေ ပြင်းထန်နေတဲ့ အချိန်လည်း ဖြစ်တယ်။

.
ဒီလို နိုင်ငံရေး ပဋိပက္ခ တွေနဲ့ တိုင်းပြည်တွင်း သွေးစည်း ညီညွတ်မှု ပျက်ပြားနေတာကြောင့် ဒီမိုကရေစီ အခွင့်အရေး တွေလည်း မှေးမှိန် နေရတယ်။ နောက်ပြီး အာဏာရ ပထစ အစိုးရ အတွင်းမှာလည်း ဦး - ဗိုလ် - သခင် အကွဲအပြဲကြောင့် အစိုးရကိုယ်တိုင် ချိနဲ့ နေရတယ်။ ဒါတွေကို အခွင့်ကောင်း ယူပြီး ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက တော်လှန်ရေးကောင်စီ အမည်ခံပြီး ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့ကြတယ်။

ဒီလို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရ တရပ်ကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကို အာဏာသိမ်းပြီး နောက် မတ်လ ၄ မှာ တကသ၊ ရကသ၊ ဗကသ တို့က ကွန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြတယ်။

မတ်လ ၆ ရက်နေ့မှာ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြာင်း လက်မှတ်ရေးထိုး ထုတ်ပြန် ကြေညာခဲ့တယ်။

ဒါကို ဗကသများ အဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေး ခေါ်ယူပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌ အဖြစ် တင်မြောက်လိုက်ကြတယ်။ ပြီးတော့ တော်လှန်ရေးကောင်စီက အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ကြပြန်တယ်။



အဲဒီအချိန်က ကျောင်းသားထုအတွင်းမှာ တော်လှန်ရေးကောင်စီကို ထောက်ခံတဲ့ ကျောင်းသားတွေဟာ အနည်းစုသာ ဖြစ်ပြီး အများစုကတော့ တော်လှန်ရေးကောင်စီကို ဆန့်ကျင်ကြတယ်။

မတ်လ ၁၀ ရက်နေ့မှာ ဗကသများ အဖွဲ့ချုပ်က 'တော်လှန်ရေးကောင်စီမှ အခြေအနေကို ထိန်းလိုက်ခြင်းနှင့် ပတ်သက်၍ ဗကသ အဖွဲ့ချုပ် အမှုဆောင်အခိျု့က တော်လှန်ရေးကောင်စီ အစိုးရအား အခိျု့က ထောက်ခံပြီး အခိျု့က မထောက်ခံခြင်းမှာ အယူအဆ ကွဲခြင်းသာ ဖြစ်သည်၊ ဗကသများ အဖွဲ့ချုပ် အနေဖြင့် ကွဲသွားခြင်း မဟုတ်ပါ' လို့ ကြေညာချက် ထုတ်ခဲ့တယ်။

မတ်လ ၁၇ ရက်နေ့မှာ ကမောက်ကမ ပညာရေး စနစ်ကြီးကို ပြုပြင်ပေးဖို့ ဗကသများ အဖွဲ့ချုပ်က တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ စစ်တပ် အာဏာသိမ်းတဲ့ မတ်လဟာ ကျောင်းသားတွေ စာမေးပွဲတွေ ဖြေနေတုန်း ဖြစ်တယ်။ ဖြေပြီးတော့လည်း ကျောင်းတွေ ပိတ်တာမို့ လှုပ်ရှားမှုတွေ ဘာတွေတော့ မလုပ်နိုင်ခဲ့ကြပါဘူး။



ကျောင်းသားတွေရဲ့ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင့်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်ခေါင်းဆောင်တွေ အဖို့ ကျောင်းသားတွေအပေါ် အငြိုးထားစရာ၊ စိတ်ကွက်စရာ အကွက်တကွက် ဖြစ်ခဲ့ ရတယ်။ နောက်ပြီး အစဉ်အလာ ကြီးမားတဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး အဆက် ဖြစ်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို နှိပ်ကွပ်ထားမှသာ အာဏာတည်မြဲနိုင်မယ် ဆိုတာကိုလည်း စစ်တပ်ခေါင်းဆောင်တွေ သတိထားမိလာစေခဲ့ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာ "သားသုံးသားကို ပိုင်နိုင်မှသာ တိုင်းပြည်ကို အုပ်စိုးလို့ ရမယ်" ဆိုတဲ့ အတွေးအခေါ် တရပ်ကလည်း ရှိနေပြန်ပါသေးတယ်။ "သားသုံးသား" ဆိုတာက ကျောင်းသား၊ စစ်သား၊ ဘုရားသားလို့ ခေါ်တဲ့ သံဃာတွေပဲ ဖြစ်တယ်။

၇ ဇူလိုင် မတိုင်ခင် ရန်ကုန်တက္ကသိုလ်မှာ ဖြစ်ပျက်နေတဲ့ နောက်ခံအခြေနေကို ပြောရမယ် ဆိုရင်လည်း ၁၉၆၂ ခု၊ မေလ ၉ ရက်နေ့မှာ ဒတ်ခ်ျသံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးက ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်းတို့ ဖမ်းဆီးခံခဲ့ရတယ်။ အဲဒီ (၁၉၆၂ မေလ ၉ ရက်) နေ့မှာပဲ တော်လှန်ရေးကောင်စီက ဥပဒေ အမှတ် (၃) နဲ့ (၄) ကို ထုတ်ပြန်ပြီး ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ် အက်ဥပဒေတွေကို ရုပ်သိမ်းခဲ့တယ်။ အဲဒီ ဥပဒေ (၃) နဲ့ (၄) ဟာ 'ရန်ကုန် တက္ကသိုလ်' နဲ့ 'မန္တလေး တက္ကသိုလ်' ဆိုတဲ့ စကားလုံး ၂ လုံးက လွဲရင် အားလုံး တူပါတယ်။

.
ဥပဒေ အပြည့်အစုံ ကတော့ -

၁။ (၁) ဤ ဥပဒေကို "၁၉၆၂ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ" ဟု ခေါ်တွင်စေရမည်။

(၂) ဤ ဥပဒေကို ချက်ချင်း အာဏာတည်ရမည်။

၂။ (၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်း ရမည်။

(၂) ယင်းသို့ ရုပ်သိမ်းသည့်အခါ ...

(က) မြန်မာနိုင်ငံ ယေဘုယျ စကားရပ်ဖြင့် အက်ဥပဒေ ပုဒ်မ (၅) ပါ ပြဌာန်းချက်များ အကျိုးသက်ရောက်ရမည်။

(ခ) ရန်ကုန်တက္ကသိုလ်ပိုင် ပစ္စည်းအားလုံးသည် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၏ ကြွေးမြီတာဝန် အားလုံးသည် လည်းကောင်း အစိုးရ၌ တည်ရှိ သက်ရောက်ရမည်။

(၃) ဤ ဥပဒေ စတင် အာဏာတည်သည့် အချိန်မှ အစပြု၍ နိုင်ငံတော် တော်လှန်ရေးအစိုးရသည် ရန်ကုန်တက္ကသိုလ်အား အဆိုပါ ရုပ်သိမ်းခြင်း ခံရသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖြင့် ပေးအပ်ထားသည့် အာဏာနှင့် တာဝန်ဝတ္တရားများကို ဆက်လက် သုံးစွဲ ဆောင်ရွက်ရမည်။



၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်ကို စတင် တည်ထောင်ခဲ့တယ်။ မန္တလေးတက္ကသိုလ် အက်ဥပဒေကိုတော့ ၁၉၅၈ ခုနှစ်ကျမှ ပြဌာန်းကာ သီးခြားတက္ကသိုလ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ် နှစ်ခုလုံးကို အစိုးရက ဘဏ္ဍာငွေ အခိျု့ ထောက်ပံ့တယ်။ တက္ကသိုလ်တွေမှာ သီးသန့်ဘဏ္ဍာငွေ အခိျု့ ရှိတယ်။ အခြား အရပ်ရပ် ရတဲ့ ဘဏ္ဍာရယ် လို့လည်း ရှိတယ်။ ဒီဘဏ္ဍာငွေတွေနဲ့ တက္ကသိုလ်က လည်ပတ်နေတာပါ။

အက်ဥပဒေအရ တက္ကသိုလ်မှာ အဓိက ဦးဆောင်အဖွဲ့အစည်း နှစ်ခု ရှိတယ်။ တခုက တက္ကသိုလ်ကောင်စီနဲ့ ကျန်တခုက တက္ကသိုလ်ဆီးနိတ်အဖွဲ့ ဖြစ်ပါတယ်။

တက္ကသိုလ်ကောင်စီမှာ အစိုးရဲ့ ကိုယ်စားလှယ်တခိျု့၊ ပြင်ပက ကုန်သည်များ၊ ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးအဖွဲ့များက ကိုယ်စားလှယ်တခိျု့၊ ပြင်ပက ကုန်သည်တွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ စီးပွားရေးအဖွဲ့တွေက ကိုယ်စားလှယ်တခိျု့၊ တက္ကသိုလ် မဟာဌာန အသီးသီးက ပါမောက္ခတွေနဲ့ ကျောင်းသားသမဂ္ဂ ပို့လွှတ်တဲ့ ကိုယ်စားလှယ်တခိျု့ ပါဝင်ပါတယ်။



ကျောင်းသားသမဂ္ဂရဲ့ တက္ကသိုလ်ကောင်စီ ကိုယ်စားလှယ် ၂ ဦး ရွေးကောက်ပွဲကို ၁၉၆၀ မှာ ကျင်းပခဲ့ပြီး ပမညတက ဦးတီပီဝမ်းနဲ့ ဆိုရှယ်နီ ဦးမောင်မောင်ကျော်တို့ အနိုင်ရခဲ့ပါတယ်။

ဆီးနိတ်ကတော့ တက္ကသိုလ် ပါမောက္ခတွေ၊ ဆရာတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး သင်ကြားရေး၊ စာမေးပွဲ စစ်ဆေး အအောင်ပေးရေး၊ စာအုပ်စာတမ်းတွေ ထုတ်ဝေ ပြဌာန်းရေး တို့ကို စီမံ ဆောင်ရွက်တယ်လို့ အကြမ်းဖျင်း သိရပါတယ်။ အစိုးရရဲ့ ကိုယ်စားလှယ် ပါပေမဲ့ သူ့ သဘောထားကို တင်ပြနိုင်ပြီး တိုက်ရိုက် စွက်ဖက်တာ မလုပ်ရပါ။

အဲဒီနောက် မေလ ၁၀ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက တက္ကသိုလ်ကောင်စီဝင်တွေကို ဒဂုံရိပ်သာကို ဖိတ်ခေါ်ပြီး (၁) ဆရာတွေ အကျင့်ပျက်သည်၊ (၂) ကျောင်းသားတွေအကြား နိုင်ငံရေးပယောဂ ဝင်တယ်လို့ စွပ်စွဲပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်တယ်။

ဒီလို လုပ်လိုက်တာဟာ တက္ကသိုလ်အုပ်ချုပ်ရေးကို တော်လှန်ရေးကောင်စီက ထပ်မံ အာဏာသိမ်းလိုက်ခြင်း ဖြစ်တယ်လို့ သမဂ္ဂက အပြင်းအထန် ဝေဖန်ခဲ့တယ်။

.
ဒါ့အပြင် မေလ ၁၁ ရက်နေ့မှာ တက္ကသိုလ်နဲ့ ဥပစာကောလိပ်တွေက ဥပစာသိပံ္ပ (ခ) တန်း အောင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ သက်ဆိုင်ရာ ဘာသာရပ်တွေမှာ တဘာသာ အနည်းဆုံး အမှတ် ၅၀ ရရမယ်၊ ဖြေဆိုတဲ့ ဘာသာရပ် အားလုံးရဲ့ ပျမ်းမျှအမှတ်ဟာလည်း ၅၀% ရမှသာ ဆေးသိပံ္ပ္ပ၊ စက်မှုလက်မှုသိပံ္ပ၊ စိုက်ပျိုးရေးသိပံ္ပနဲ့ သစ်တောရေးမဟာဌာန တို့မှာ ဆက်လက် ပညာသင်ကြားခွင့် ရမယ်လို့ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေဝင်းက ကြေညာခဲ့တယ်။

ဒီလို တော်လှန်ရေးကောင်စီက ပညာရေးလောကကို ဝင်ရောက် စွက်ဖက်နေတာတွေကို တက္ကသိုလ်ဆရာများ အဝန်းအဝိုင်းမှာလည်း မကျေနပ်မှုတွေ ရှိနေခဲ့တယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာ တော်လှန်ရေးကောင်စီက တင်းကြပ်တဲ့ အဆောင်စည်းကမ်းတွေကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီကို အမိန့်ပေးလာတယ်။

အဲဒီအခါမှာ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံလို့ မေလ ၁၁ ရက်နေ့မှာ တောင်လှန်ရေးကောင်စီက ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက်ခိုင်းခဲ့တယ်။ မြန်မာစာ ပါမောက္ခ ဦးအေးမောင် အငြိမ်းစား ယူခဲ့တယ်။ ဦးဝန် (မင်းသုဝဏ်) ဌာန ပြောင်းခဲ့တယ်။

မေလ ၁၂ ရက်နေ့ မှာလည်း ရန်ကုန်တက္ကသိုလ် အဆောင်မှူး အခိျု့နဲ့ လက်ထောက်အဆောင်မှူး အခိျု့ နုတ်ထွက်ခဲ့ကြပြန်တယ်။



၁၉၆၂ ခု၊ မေလ ၁၄ ရက်နေ့မှာ တော်လှန်ရေးကောင်စီ အမိန့်အမှတ် (၃၀) ကို ထုတ်ပြန်ပြီး တက္ကသိုလ်ကောင်စီကို ပြန်ဖွဲ့ခဲ့တယ်။ အဓိပတိအဖြစ် ဗိုလ်မှူးချုပ်သန်းဖေ၊ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးတင်စိုး၊ ဗိုလ်မှူးကြီးသိန်းစိန်တို့ ပါဝင်တယ်။

သူတို့အလိုကျ တင်းကြပ်တဲ့ အဆောင်စည်းကမ်းသစ်တွေ ထုတ်ပြန်ပေးမဲ့ ၅၈ ခု၊ အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။

ဒါဟာ တက္ကသိုလ်ကို ဗိုလ်နေဝင်း သိမ်းလိုက်တာလို့ ကျောင်းသား အများစုက ခံယူခဲ့ကြတယ်။ ဒီလို တက္ကသိုလ်အုပ်ချုပ်ရေးကို တော်လှန်ရေးကောင်စီက စိတ်ကြိုက် ဖန်တီးနေမှုတွေဟာ ကျောင်းသားထုရဲ့ မကျေနပ်မှုကို ပိုလို့ တိုးစေခဲ့တယ်။

ဦးကာဟာ စစ်တပ်နဲ့ အလွန်နီးစပ်သူ ဖြစ်လို့ ကျောင်းသားတွေဘက်က သူဟာ မရှိသင့်ဘူးလို့ ခံယူထားကြတယ်။ မေလ ၂၂ ရက်နေ့မှာ ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါနဲ့ ကွယ်လွန်တော့ သူ့နေရာကို ဗိုလ်လှဟန် တက်လာတယ်။



ဒါတွေအပြင် အရေးအခင်း ဖြစ်စေဖို့ ဖန်တီးခဲ့တဲ့ တခြား အချက်တွေကလည်း ရှိနေပြန်တယ်။

ဇွန်လ ၁၇ ရက်နေ့ ဒဂုံရိပ်သာမှာ တက္ကသိုလ်ကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့တယ်။

၁၉၆၂ ခု ဇွန်လ ၁၈ ရက်နေ့မှာ ကျောင်းဆောင်နေ ကျောင်းသားတွေကို မတရား ချုပ်ချယ်တဲ့ ကျောင်းဆာင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့ပြန်တယ်။

အဲဒီ မတရား အဆောင်စည်းကမ်း (၂၂) ချက်မှာ ပါတဲ့ အချက်တွေကတော့ ကျောင်းဝင်ခွင့်နဲ့ အဆောင်နေခွင့် ရရေး တို့အတွက် လုံခြုံရေးနဲ့ အုပ်ချုပ်မှု ကော်မတီရဲ့ ထောက်ခံချက်နဲ့ လျှောက်ရမည် ဆိုခြင်း။ မိဘ အုပ်ထိန်းသူရဲ့ ဝန်ခံ ကတိပေးချက်နဲ့ ကျောင်းအပ်ရခြင်း။ သတ်သတ်လွတ် စားသူတွေကို တရက် နှစ်ရက်သာ စားခွင့် မပြုတော့ဘဲ တနှစ်ပတ်လုံး စားမှသာ ခွင့်ပြုတော့ခြင်း။ အဆောင်နေ ကျောင်းသားများ အနေနဲ့ မနက် ၇ နာရီ ခွဲမှ ၁၀ နာရီ မနက်စာ ထမင်းကို မဖြစ်မနေ စားရမည်။ ည ၈ နာရီ ထိုးရင် အဆောင်တွင်း ရှိနေရန်၊ သုံးကြိမ် ပျက်ကွက်ပါက အဆောင်က ထုတ်ရန်၊ အဆောင်မှူး သိုမဟုတ် လက်ထောက် အဆောင်မှူး စစ်ဆေးချိန်တွင် မိမိ အခန်းတွင်း ရှိနေရမည်၊ မရှိလျှင် အရေးယူမည် စတဲ့ ကျောင်းနဲ့ လားလားမှ မအပ်စပ်တဲ့ စည်းကမ်းတွေ ချမှတ်လာတာ ဖြစ်တယ်။

.
ဒီအချက်တွေက ကျောင်းသားထုရဲ့ မကျေနပ်မှုကို ပိုမို ကြီးထွားစေခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သတ်သတ်လွတ်စားခြင်း၊ အစားရှောင်ခြင်း ဆိုတာတွေဟာ ဘာသာရေးနဲ့ သက်ဆိုင်ပြီး ကိုးကွယ်ရာ ဘာသာအလိုက် နေ့ထူးနေ့မြတ်တွေ ကျမှသာ သတ်သတ်လွတ်စားကြ၊ အစားရှောင်ကြတာဟာ ထုံးစံ ဖြစ်တယ်။

အဆောင်စည်းကမ်းတွေကလည်း ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာ ရောက်ပြီး စစ်တပ်လို စည်းကမ်းတွေ တင်းကြပ်တာကို ကျောင်းသားထုအနေနဲ့ လက်ခံနိုင်ခြင်း မရှိဘူး။

ဒီလို တော်လှန်ရေးကောင်စီရဲ့ တဖက်သတ် ချုပ်ချယ် ဖိနှိပ် ကန့်သတ်မှုတွေနဲ့ တက္ကသိုလ်အုပ်ချုပ်ရေးကို စစ်တပ်က ဝင်ရောက် စွက်ဖက်တာတွေကြောင့် ကျောင်းသားထုတွင်း မကျေနပ်မှုတွေ တိုးသထက် တိုးလာရတယ်။

ဇူလိုင်လဆန်းက စပြီး အဆောင်အခိျု့မှာ သဟာယနှင့် စာဖတ်သင်း အမှုဆောင်သစ် ရွေးပွဲတွေနဲ့ တွဲပြီး ကျောင်းသားထု အစည်းအဝေးတွေ ကျင်းပကြတယ်။ ကျင်းပတဲ့ ကျောင်းသားထု အစည်းအဝေးတိုင်းမှာပဲ ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်းသစ်တွေကို ကန့်ကွက်တယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်။



၁၉၆၂ ခု၊ ဇူလိုင်လ ၃ ရက်နေ့ ကျတော့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထု အစည်းအဝေး တရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းပေးရန်နဲ့ မတရား အဆောင်စည်းကမ်းတွေ ရုပ်သိမ်းပေးဖို့ကို တောင်းဆို ဆန္ဒပြခဲ့ကြတယ်။

ဆန္ဒပြပွဲမှာ ရကသ ဥက္ကဋ္ဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားကြားမှ ဆန္ဒပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်း ပြောကြားသွားပြီး ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်နဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်း ပြောကြားခဲ့တယ်။

ဇူလိုင် ၅ ရက်နေ့မှာ သမဂ္ဂကြီး ၃ ခုက ကြီးမှူးပြီး ဒတ်ခ်ျသံရုံးရှေ့မှာ ဆန္ဒပြပွဲ ကျင်းပကြတဲ့အခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့တယ်။ ဒီလုပ်ရပ်ဟာ သမဂ္ဂကို သေးသိမ်အောင် လုပ်တာ ဖြစ်တယ်လို့ သမဂ္ဂက ယူဆခဲ့တယ်။ ဒါ့ကြောင့် ကျောင်းသားတွေက ကန့်ကွက်ကြပြန်တယ်။



ဇူလိုင်လ ၆ ရက်နေ့မှာ တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်နဲ့ ကျောင်းဆောင်ကော်မတီ တွေကို သူတို့ စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြန်တယ်။ ဇူလိုင်လ ၆ ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေး ကတော့ ကန့်ကွက်တယ်လို့ ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင် အပြင်ထွက် လှည့်လည် ဆန္ဒပြပါတော့တယ်။

အနီးအနားမှာရှိတဲ့ အဆောင်တွေက ကျောင်းသားတွေပါ ထွက်လာပြီး ပူးပေါင်းလိုက်ကြတော့ ဆန္ဒပြလူအုပ်ကြီးဟာ အင်အားများလာတယ်။ အဲဒီ အနီးမှာက ရွှေဘို၊ ဒဂုံ၊ တောင်ငူ၊ ရာမည၊ အမရ၊ မန္တလေး၊ သထုံ၊ ပဲခူး၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ ဆိုတော့ ၁၁ ဆောင် ကျောင်းထုပဲ၊ ဧရာမ အုပ်ကြီး ဖြစ်သွားတယ်။

ညအချိန်ကလည်းဖြစ်၊ မကြေနပ်ချက်ကလည်းရှိ၊ တက်ကြွနေကြတာလည်း ဖြစ်တော့ အဲဒီညမှာ အဆောင်တွေမှာ ကာရံထားတဲ့ အကာအရံတွေနဲ့ သံတံခါးတွေကို စတိအဖြစ် ရိုက်ချိုးလိုက်ကြပါတယ်။ အဲဒီ လူအုပ်ဟာ ပြည်၊ ပုဂံ၊ တကောင်း အဆောင်တွေ အထိ လှည့်လည် ဆန္ဒပြခဲ့ကြတယ်။ အဲဒီညက မိန်းကလေးဆောင်တွေက လွဲရင် အကုန် ပါခဲ့တယ်။

အဲဒီနောက် မကျေမနပ် ဖြစ်နေကြတဲ့ ကျောင်းသားတွေ စုပေါင်းပြီး တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ်နဲ့ ပါမောက္ခချုပ် ဦးကာ အိမ်တို့ကို ဝိုင်းပြီး ဆန္ဒပြ ဟစ်ကြွေးတာတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီည ဆန္ဒပြပွဲဟာ နောက်တနေ့ တကသက ကျင်းပမဲ့ ကျောင်းသားထု ဆန္ဒပြ စည်းဝေးပွဲအတွက် လှုံ့ဆော် ပေးလိုက်သလို ဖြစ်ခဲ့ရတယ်။

.
ဇူလိုင် ၇ ရက် နေ့လည် တနာရီမှာ သမဂ္ဂ အစည်းအဝေးခန်းမမှာ ကျောင်းသားထု အစည်းအဝေး ကျင်းပတယ်။ ဥက္ကဋ္ဌက ကိုဗဆွေလေးပါ။

အဲဒီ ကျောင်းသားထု အစည်းအဝေးကနေ တခဲနက် ဆုံးဖြတ်ခဲ့တာတွေကတော့ ကျောင်းသားတွေကို ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်တယ်။ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တယ်၊ တက္ကသိုလ် အက်ဥပဒေတွေ ရုပ်သိမ်းတာကို ကန့်ကွက်တယ်၊ စတာတွေပဲ ဖြစ်ပါတယ်။

အစည်းအဝေး အပြီးမှာ သမဂ္ဂ ရှေ့က စပြီး ကျောင်းဝင်းအတွင်းမှာပဲ ကြွေးကြော်သံတွေ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြပွဲခဲ့ကြတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက်ကြတယ်။

ဘွဲ့နှင်းသဘင် ရှေ့မှာ လူစုခွဲ ပြန်လာတဲ့ ကျောင်းသားတခိျု့ဟာ သမဂ္ဂ လက်ဖက်ရည်ဆိုင်မှာ၊ လက်ဖက်ရည် သောက်သူ သောက်၊ စကားပြောသူ ပြောနဲ့ ရှိနေတုန်း နေ့လည် ၂ နာရီခွဲ အချိန် လောက်မှာ ရဲကား ၂ စီး တကသ ထဲ ဝင်လာတယ်။ ရဲတပ်ဖွဲ့ ဝင်တွေက တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပါတယ်။

ကျောင်းသားတွေက ခဏတော့ ကြောင်သွားတယ်။ နောက်တော့ ရဲကားဆီ အတင်းပြေးလိုက်ကြတယ်။ ရဲကားကလည်း ချက်ခြင်းပဲ ပြန်ထွက်သွားတာမို့ ကျောင်းသားခေါင်းဆောင်တွေလည်း ပါသွားတယ်။ ကျန် ရဲတခိျု့လည်း တကသ အဆောက်အဦကို ဝင်စီးလိုက်ပြီး ရဲတခိျု့က တကသနဲ့ ကပ်နေတဲ့ ဦးကာ နေအိမ်ထဲကို ပြေးဝင် နေရာယူလိုက်ကြတယ်။



အဲဒီတော့မှ ကျောင်းသားတွေက အော်ရင်း ဟစ်ရင်း လူစုမိသွားတယ်။ ကျောင်းသားတွေက အဓိပတိလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ ကျောင်းသားတခိျု့က သထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်တယ်။ နောက်ပြီး ကျောင်းသားတွေက တကသ ဝင်းထဲ ဝင်ဖို့ ကြိုးစားကြတယ်။

ဒိုင်းကိုယ်စီ ကိုင်ထားတဲ့ ရဲတွေက တန်းစီ ပိတ်ဆို့ပြီး ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ ရိုက်သူက ရိုက်၊ မျက်ရည်ယိုဗုံး သေနတ်ကိုင်ထားတဲ့ ရဲတွေက ကျောင်းသားထုထဲကို မျက်ရည်ယိုဗုံး တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ကျောင်းသားတခိျု့ရဲ့ ရင်ဘတ်ကို ထိမှန်လို့ လဲသူလဲ ကွဲသူကွဲ ဖြစ်ကုန်တယ်။

ကျောင်းသားတွေက လဲကျသူ တခိျု့ကို မချီ သွားပြီး ကျန်တဲ့ ကျောင်းသားထုက ရဲတွေကို ဖိတိုက်ကြတော့တယ်။ ခဲတွေ၊ ပုလင်းတွေ၊ တုတ်တွေ၊ ရရာတွေနဲ့ ပစ်ခတ် တိုက်ခိုက်ကြတော့တယ်။

ကျောင်းသားတွေလည်း တဖြည်းဖြည်း များများ လာတော့ ရဲတွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကို မမှုတော့ဘဲ ရှေ့ကို ပိုတိုး တိုးတက်ကာ တိုက်ခိုက်ကြတယ်။ ရဲတွေ အထိနာလာတယ်။ တခိျု့ ကျောင်းသားတွေလည်း သွေးရဲရဲ သံရဲရဲ ဖြစ်လာတယ်။

တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားတွေက တောင်ငူဆောင်နဲ့ ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာတဲ့အခါ ပါမောက္ခချုပ် ဦးကာရဲ့ အိမ်ရှေ့က ရဲတွေကို ဒုတိယစစ်မျက်နှာ ဖွင့်တိုက်သလို ဖြစ်သွားတော့ ရဲတွေ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲတွေဆီ သွားပေါင်းကာ ပြန်တိုက်ကြတယ်။

ဒဏ်ရာ အပြင်းအထန် ရတဲ့ ကျောင်းသားတွေကို အဆောင်တွေဆီ ပြန်သယ်ခဲ့ကြတယ်။ ဒါတွေကို မြင်ရတဲ့အခါ ကျောင်းသားတွေ ပို စိတ်လှုပ်ရှား ခံပြင်းလာကြတယ်။ ကျောင်းသားထုလည်း များသထက် များလာတယ်။



ရဲတွေလည်း မျက်ရည်ယိုဗုံးတွေ ပေါပေါများများ သုံးပြီး ကျောင်းသားထုကို ဖြိုခွဲ ပေမဲ့ ဘဝတူ ကျောင်းသားတွေရဲ့ သွေးကို မြင်ကြရလို့ ကိုယ့်ကိုယ်ကို ထိခိုက် ဒဏ်ရာရမှာ မမှုတော့တဲ့ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်လို့ မရတဲ့အဆုံး ရဲတွေဟာ အဓိပတိလမ်း ဂိတ်ဘေး လူဝင်လူထွက် တံခါးကို ဖွင့်ပြီး တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသ အဝိုင်းလေးနားကို ထွက်သွားကြတယ်။ ပြီးတော့ လာကြိုနေတဲ့ ကားတွေနဲ့ ထွက်ခွာသွားကြတော့တယ်။ အဲဒီအခါမှာ ကျောင်းသားတွေက အောင်ပွဲရလိုက်သလို ဝမ်းသာအားရ အော်ဟစ်ကြတော့တယ်။

နောက်ပြီးတော့မှ တကသနဲ့ အနီးဆုံးမှာ ရှိနေတဲ့ အသစ်စက်စက် ပါမောက္ခချုပ် ဦးကာရဲ့ စကိုဒါ ကားအမဲ စ/၆၅၉ ကို သူ့ခြံထဲက တွန်းထုတ်လာပြီး ကားမှန်တွေကို ရိုက်ခွဲကြတယ်။ နောက် မီးရှို့လိုက်ကြတယ်။ ဦးကာရဲ့ ကားကို မီးရှို့ ပြီးတဲ့အခါ ဦးကာရဲ့သား ကားဖြစ်တဲ့ ဗောက်ဝက်စ်ဂွန် ကား အနီရောင် စ/၆၂၀၃ ကို ထပ်ပြီး ခြံအပြင် ထုတ်ကာ မီးရှို့လိုက်ကြတယ်။

ဦးကာ ဆိုတာ အရင်က သင်္ချာကထိကပါ၊ ပါမောက္ခတောင် မဖြစ်ဖူးပါဘူး။ တင်းကြပ်တဲ့ မတရား အဆောင်စည်းကမ်း တွေဟာ ဦးကာ ရဲ့ လက်ချက်လို့ ကျောင်းသားတွေက ထင်နေကြတယ်။

.
နေ့လည် ၄ နာရီခွဲ လောက်မှာတော့ ဘယ်နေရာက စောင့်နေမှန်း မသိတဲ့ စစ်ကား ၂ စီး အပြည့် တင်လာတဲ့ တပ်ရင်း (၄) က စစ်သားတွေ ချက်ခြင်းပဲ တက္ကသိုလ်ရိပ်သာလမ်းမပေါ် ရောက်လာပြီး ဆေးရုံရှေ့ကနေ ဓမ္မာရုံအထိ တပ်ဖြန့်လိုက်တယ်။ တက္ကသိုလ်ဝန်းကျင် တခုလုံးကို ပိတ်ဆို့လိုက်ကြတယ်။ စစ်သားတွေက တခါမှ စစ်မြေပြင်မှာ အသုံးမပြုရသေးတဲ့ အသစ်စက်စက် ဂျီသရီး မောင်းပြန်ရိုင်ဖယ် တွေကို ကိုင်ဆောင်ထားကြတယ်။

တပ်ရင်း (၄) ဆိုတာ ဗိုလ်နေဝင်းရဲ့ ကိုယ်ရံတော် တပ်၊ အထူးတပ် ဖြစ်တယ်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့်နဲ့ နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီးစိန်လွင်တို့ပါ ရောက်ရှိလာကြတယ်။

ကျောင်းသားတွေကလည်း ဓမ္မာရုံ တည့်တည့် အမရဆောင် ရှေ့က တံခါးကိုလည်း ပိတ်လိုက်တယ်။ ဒါကြောင့် ကျောင်းသားနဲ့ စစ်တပ်ကြားမှာ အောက်ခြေ နှစ်ပေခန့် အုတ်မြစ်ပေါ်မှာ အုတ်တိုင်တွေနဲ့ သံတိုင်စိုက် ဝင်းထရံပဲ ခြားတော့တယ်။ တဘက်နဲ့ တဘက် သံတိုင်ကြားက မြင်နေရပါတယ်။

အဲဒီအချိန်မှာ အခြေအနေ အနည်းငယ် ငြိမ်သက်သွားပြီး ကျောင်းသားတွေက တက္ကသိုလ် မြက်ခင်းပြင်တွေပေါ်မှာ ဝိုင်းဖွဲ့ စကားပြောသူက ပြော၊ သမဂ္ဂ ကွင်းပြင်ရှေ့ ထိုင်နေသူက ထိုင်နေကြ၊ အဆောင်တွေရဲ့ ဝရန်တာတွေရှေ့ ရပ်ပြီး ကြည့်သူက ကြည့်နေကြ၊ စစ်အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ်နေသူတွေကလည်း အော်ဟစ်နေကြနဲ့ ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေကြပါတယ်။ ကျောင်းသားတွေက အတွင်းကနေ အသံနက်ကြီးတွေနဲ့ ညာသံပေးလိုက်ကြ လုပ်နေကြတယ်။

နောက်ပြီး "ဒီကောင်တွေ မပစ်ရဲပါဘူးကွာ၊ အလကားပါ" ဆိုတဲ့ စကားသံတွေ မကြာခဏ ထွက်ပေါ်ခဲ့သလို "မင်းတို့အားလုံး ပေါင်းလို့မှ ၆ တန်း အောင်ရဲ့လားကွာ"၊ "ကောက်ရိုးခြေထောက်၊ မြက်ခြေထောက်" လို့ အော်ဟစ်ပြီး စစ်သားတွေကို လှောင်တဲ့သူက လှောင်နေကြပါတယ်။



နောက်ပိုင်းမှာ မောသွားကြပြီး ကျောင်းသားတွေက တကသ အဆောက်အဦ ရှေ့မှာ ဟောပြောပွဲတွေ ကျင်းပကြတော့တယ်။ စကားပြောသူ ပြော၊ တုံးလုံး လှဲသူ လှဲ နေနေကြတယ်။ စစ်သားတွေလည်း အေးအေးဆေးဆေး ဖြစ်သွားပါတယ်။

အဲဒီလို နှစ်ဖက်စလုံး အေးဆေး ငြိမ်သက်နေချိန်မှာ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီးသိန်းစိန်ရဲ့ ကား ရောက်လာပြီး တံခါးဝမှာ ဒုဗိုလ်မှူးကြီးလှမြင့်၊ ဒုဗိုလ်မှူးကြီးစိန်လွင်တို့နဲ့ ရပ်ပြီး စကားစမြည် ပြောနေတာကို မြင်ကြရပါတယ်။ ၁၀ မိနစ်လောက် အကြာမှာ ဗိုလ်မှူးကြီးသိန်းစိန်လည်း ကားနဲ့ ပြန်ထွက်သွားတယ်။

ဗိုလ်မှူးကြီးသိန်းစိန် ပြန်သွားပြီး မကြာမီပဲ ဗိုလ်မှူးကြီးမင်းသိမ်း ဂျစ်ကားလေး တစင်းနဲ့ ရောက်လာတယ်။ စိန်လွင် လက်ထဲကို စာရွက်လေး တရွက် ထည့်ပေးလိုက်တယ်။ ပြီးတော့ ဆက်ထွက်သွားတယ်။

လှမြင့်နဲ့ စိန်လွင်လည်း အဲဒီမှာ ရှိနေတဲ့ တပ်မှူးတွေကို ခေါ်ပြီး ခေါင်းချင်းရိုက်လိုက်တယ်။

နောက်ပြီး တပ်ရင်းမှူးက လက်ကို ဝိုင်းပြီး သုံးကြိမ် ဝှေ့ယမ်း ပြလိုက်တဲ့ အချိန်မှာတော့ အသင့် နေရာယူထားပြီး ဖြစ်တဲ့ စစ်သားတွေဟာ စစ်မြေပြင်မှာ ရန်သူကို ချေမှုန်းသလိုမျိုး မောင်းပြန်ရိုင်ဖယ် တွေနဲ့ မန္တလေးဆောင်၊ ရာမညဆောင်နဲ့ အဓိပတိ လမ်းမတလျှောက်ရှိ ကျောင်းသားထုထဲကို ဒလစပ် ပစ်ခတ်ကြပါတော့တယ်။

မန္တလေးဆောင် ခြံစည်းရိုး ပေါ်မှာ ထိုင်နေတဲ့ ကျောင်းသားတွေလည်း သေနတ်ထိမှန်ပြီး ဇောက်ထိုး ပြုတ်ကျကုန်တယ်။ အဓိပတိလမ်း တံခါးမကြီးကို ကိုင်ကာ ရပ်ကြည့်နေသူ တခိျု့လည်း သေနတ်မှန်ပြီး လဲကျကုန်တယ်။



ဒီလို ပစ်ခတ်လိမ့်မယ်လို့ မထင်မှတ်တာကြောင့် ကျောင်းသားအများစုက မှင်သက်မိပြီး နေရာမှာပဲ ကျောင်းသား တော်တော်များများ အသက်ပျောက်ခဲ့ရတယ်။ အခိျု့လည်း ပြေးရင်း လွှားရင်း ထိမှန်ကုန်ကြတယ်။

ကျောင်းသားတခိျု့က နီးစပ်ရာ မန္တလေးအဆောင်ပေါ် တက်ပြေးကြတယ်၊ ဒီလို အဆောင်ပေါ် တက်ပြေးတဲ့ ကျောင်းသားတွေကို စစ်သားတွေက ဒူးထောက်ပြီး မလွတ်တမ်း ပစ်ခတ်ခဲ့လို့ မန္တလေးဆောင် လှေကားရင်းမှာတင် အလောင်းချင်း ထပ်ခဲ့ရတယ်။

ဘေးနားရှိ စာတိုက်ဝင်းထဲက ရပ်ကြည့်နေသူတွေကိုပါ ပစ်ခတ်ခဲ့လို့ စာတိုက်ဝင်းထဲမှာတင် သေဆုံး ဒဏ်ရာရသူ ၄၀ လောက် ရှိတယ်။

စစ်သားတွေက ဒီ မောင်းပြန် သေနတ်တွေနဲ့ ၃ - ၄ မိနစ်လောက် ဆက်တိုက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ တခိျု့လည်း သမဂ္ဂ အဆောက်အဦ ကြီးထဲကို ခိုဝင်လိုက်ကြရတယ်။ နောက်ပိုင်း ဒဏ်ရာ ရနေတဲ့ ကျောင်းသားတွေပါ သမဂ္ဂ အဆောက်အဦထဲကို ရွှေ့ပြောင်းလာကြတယ်။

ဒီ ပစ်ခတ်မှု ပုံစံဟာ ဆန္ဒပြသူ အားလုံးကို အမြစ်ပြတ် ချေမှုန်းမယ့် ပုံစံမျိုး ဖြစ်တယ်။ ဝင်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ပြီးမှ အစီအစဉ်တကျ ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ အင်းလျားကန်ဘက်မှာ တာဝန်ကျတဲ့ ဗိုလ်ကြီးတဦးကသာ လူသားချင်း စာနာစိတ် အပြည့်အဝနဲ့ အင်းလျားကန်ဘက် ထွက်ပြေးလာတဲ့ ကျောင်းသားတွေကို လွှတ်ပေးခဲ့လို့ ကျောင်းသားအခိျု့ လွတ်မြောက်ခဲ့ရတယ်။

တကသ ရင်ပြင်ရှေ့မှာ ရှိတဲ့ ဆန္ဒပြ ကျောင်းသားတွေကို စစ်မြေပြင်ရှိ ရန်သူအလား ပစ်ခတ် ခြေမှုန်း ပြီးတဲ့အခါ ကျောင်းဆောင် အခန်းတွေကို တခန်းခြင်း ဝင်ရောက် ရှင်းကြပြန်တယ်။ ဒါပေမယ် သမဂ္ဂ အဆောက်အဦ ကတော့ ဒဏ်ရာရ ကျောင်းသား တွေကို သယ်ပြီးတာနဲ့ တံခါး ပြတင်းပေါက် အားလုံးကို အလုံ ပိတ်လိုက်တာကြောင့် ဝင်မရှင်းနိုင်တော့ဘဲ စစ်တပ်က ဝိုင်းရုံသာ ဝိုင်းထားလိုက်ကြရတယ်။

.
ပစ်ခတ်မှုကို ကိုယ်တိုင် ကြုံတွေ့သူတွေရဲ့ ဖွင့်ဟချက် တစိတ်တဒေသ


"ကျနော်သည် ဝပ်နေသည့် အနေအထား ၌ပင် လက်ထောက်ကာ ကိုယ်ကို အနည်းငယ် ကြွပြီး ခေါင်းထောင်၍ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ မြေကြီးပေါ်တွင် ဝပ်နေရာမှ ကုန်ရုန်း ထပြီး စာတိုက်ဘေးဆီသို့ ပြေးနေကြသူ အများအပြား တွေ့ရ၏။ သွေးသံရဲရဲဖြင့် လဲနေသူ ဆယ်ပေါင်း များစွာပါလား။ တခိျု့ ထထိုင်ဖို့ ကြိုးစားနေကြသည်။

ကျနော့် လကျာ်ဘက်၌ လက်လှမ်းမှီရာမှ ကျောင်းသားတယောက်မှာ ပက်လက်လန်နေသည်။ သူ့  မှာ ခေါင်းတခြမ်း မရှိတော့။ ကျန် မျက်နှာတခြမ်းမှ သူ့ မျက်လုံးမှာ မှိတ်တုတ်မှိတ်တုတ် မျက်တောင်ခတ်နေဆဲ။ ပဲ့ထွက်နေသော သူ့ ခေါင်းမှ ဦးနှောက် ဖြူဖြူဖွေးဖွေးတွေ ဖွာထွက်နေသည်။ နီရဲသော သွေးများ ပန်းထွက်နေသည်။ ကျနော် ကြည့်နေဆဲမှာပင် မှိတ်တုတ်မှိတ်တုတ် ခတ်နေသော သူ့ မျက်လုံး ရပ်သွားသည်။

ကျနော် လက်ဝဲဘက် ၄ ပေခန့် အကွာတွင် အခြား တယောက်။ သူလည်း ပက်လက်လန်နေသည်။ သူ့ ဝမ်းဗိုက် ညာဘက်ခြမ်း ပွင့်ထွက်နေပြီး အူများ ပြူထွက်နေသည်။ သူ့ ညာလက်ဖြင့် သူ့ အူများကို လှမ်းကိုင်ပြီး ဝမ်းဗိုက်ထဲသို့ ပြန်သွင်းဖို့ ကြိုးစားနေရာမှ သူ့ လက်သည် မြေကြီးပေါ်သို့ ရုတ်တရက် ကျသွားပြီး တကိုယ်လုံး ငြိမ်သက်သွားသည်။


x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x



စာတိုက်ဘေး တည့်တည့် ခြံစည်းရိုး လေးမှာ ဒဏ်ရာရထားသူ တယောက်သည် ခြံစည်းရိုး သံတိုင်ကို ကိုင်၍ မတ်တတ်ထလိုက်သည်။ သူ့  ဘယ်ဘက်ပေါင်မှာ သေနတ်ကျည် အနီးကပ် မှန်ထားသဖြင့် အရေပြား တဲတဲလေးသာ ကျန်နေသဖြင့် တွဲလောင်း ဖြစ်နေသည်။

ထိုသူသည် သံတိုင်ကို အားခဲ ခိုထားပြီး သူနှင့် လက်တကမ်းမျှသာ ဝေးသော စစ်သားများသို့ လှမ်းအော်၍ စကားပြောလိုက်၏။ 'ဒီမှာ ကြည့်ပါအုန်း။ လက်နက် ဆိုလို့ ဘာမှ မပါတဲ့ ကျနော်ကို ဘာကြောင့် ခုလို ပစ်ရတာလဲ'။

သူနှင့် လက်တကမ်းမှ စစ်သားသည် သူနှင် နီးသော စစ်ဗိုလ်ကို လှမ်းကြည့်လိုက်သည်။ စစ်ဗိုလ်က ကိုယ်အမူအယာဖြင့် အချက်ပေးလိုက်သည်နှင့် ထိုစစ်သားသည် သူ့ လက်ထဲမှ ဂျီ (၃) ဖြင့် ဒဏ်ရာကိုပြရင်း လဲကျမတတ် ဖြစ်နေသူ လူငယ်အား ရင်ညွှန့်သို့ ချိန်၍ မောင်းဖြုတ်လိုက်ရာ လူငယ်မှာ ပုံလျက် ကျသွားသည်။

'ဟေ့ ရှေ့ကို နောက်ထပ် တက်မလာကြနဲ့။ လာရင် ပစ်သတ်ခံရမှာဘဲ'။ ကျနော် ရပ်နေသော စာတိုက် ခြံစည်းရိုးမှ ၄ - ၅ ပေ မျှသာ ကွာသော နေရာ၌ ရပ်နေသည့် စစ်ဗိုလ်တယောက်က ကျနော်တို့ကို လှမ်း၍ ကြိမ်းမောင်းလိုက်ခြင်းဖြစ်သည်။"



တင့်ဇော်

("၇ ဇူလိုင် မှတ်တမ်း၊" စွမ်းမြိုင် စီစဉ်ပြီး အလင်းအိမ် စာစောင် (ဂျပန်) မှ ထုတ်ဝေသည်။ (ပထမအကြိမ် ၇ ဇူလိုင် ၂၀၀၆) မှ စာမျက်နှာ ၄၆ - ၄၇ နှင့် ၄၈)



ဒီ ဆန္ဒပြပွဲကြီးကို နှိမ်နှင်း ဖြိုခွဲဖို့ အတွက် 'လုံခြုံရေးကော်မတီ' ကို ဗိုလ်နေဝင်းက ဖွဲ့ပေးခဲ့တယ်။ ဒီ ကော်မတီမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်စိုး ခေါင်းဆောင်ပြီး ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးသန်းစိန်နဲ့ ဒုရဲချုပ်ဘအေး တို့ ပါဝင်ကြတယ်။ ဒီ ကော်မတီ အဖွဲ့ဝင်တွေဟာ အသံလွှင့်ရုံမှာ ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြတယ်။


ညပိုင်းမှာ ကျောင်းသားတွေကို ပစ်ခတ် နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေဟာ နန်ကင်းဟော်တယ်က အစားအသောက်တွေ မှာယူပြီး အောင်ပွဲခံ စားပွဲသောက်ပွဲတွေ ကျင်းပခဲ့ကြတယ်။

ဒီလို စားသောက်အပြီးမှာ ဗိုလ်လှဟန်နဲ့ ဗိုလ်အောင်ကြီး တို့ဟာ ဗိုလ်နေဝင်းဆီ သတင်းပို့ဖို့ ထွက်လာကြတယ်။

လမ်းမှာ အင်းယားကန်ဟော်တယ် အဝင်ဝမှာ ရှိတဲ့ ပါမောက္ခ ဦးကာ အိမ် ရောက်တဲ့အခါ ဝင်ကြပြီး ဦးကာနဲ့ စကားစမြည် ပြောကြတယ်။ ဒီ ဗိုလ်မှူးကြီးတွေဟာ ဦးကာ အိမ်မှာ စုပြီး ကျောင်းသားဆန္ဒပြမှု အခြေအနေတွေကို စုံစမ်းကြ၊ ဆွေးနွေး တိုင်ပင်တတ်ကြတယ်။

.
အဲဒီအခါမှာ ဗိုလ်လှဟန်က "သမဂ္ဂကို ခွဲဖို့ သူတို့ အမိန့်ရထားပြီ" လို့ ပြောလိုက်တယ်။ ဒီတော့ ဗိုလ်အောင်ကြီး က "ဟာ - ခင်ဗျားတို့ ခွဲဖို့ အမိန့် မပေးလိုက်ကြနဲ့အုန်း။ ကျနော် ဥက္ကဋ္ဌကြီးကို ပြောအုန်းမယ်လို့" ပြန်ပြောလိုက်တယ်။ ပြီးတော့ ဗိုလ်နေဝင်းဆီ ဆက်သွားကြတယ်။

ဗိုလ်နေဝင်းဆီ ရောက်တော့ ဗိုလ်လှဟန်က အခြေအနေ အရပ်ရပ်ကို အစီရင်ခံတယ်။ ဗိုလ်အောင်ကြီးကတော့ အမြီးကုပ်သွားတယ်။ ဗိုလ်အောင်ကြီးဟာ လုံခြုံရေး ကော်မတီမှာ တိုက်ရိုက် ပါဝင်ခြင်း မရှိပေမယ့် လုံခြုံရေးကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ရာ အသံလွှင်ရုံမှာရော၊ အနီးကပ် ကြီးကြပ် ကွပ်ကဲနေတဲ့ ဗိုလ်မှူးကြီးတွေနဲ့ပါ တချိန်လုံး အတူတကွ ရှိနေပါတယ်။

(၈) လေးလုံး အရေးတော်ပုံကာလ မဆလ ပါတီ အရေးပေါ်ညီလာခံမှာ ဗိုလ်နေဝင်း မိန့်ခွန်းပြောတဲ့အခါ သူ့  ဆီကို ဗိုလ်အောင်ကြီးနဲ့ ဗိုလ်လှဟန် လာတယ်။ ဗိုလ်လှဟန်က အခြေအနေ အရပ်ရပ်ကို သတင်းပို့တယ်။ ဗိုလ်အောင်ကြီးကတော့ ဘာမှ မပြောဘဲ ပြန်သွားကြတယ်။

အသံလွှင့်ရုံ ပြန်ရောက်တော့ "ဥက္ကဋ္ဌကြီးက `အိုကေ (OK)´ လို့ ပြောလိုက်တယ်" လို့ ဗိုလ်အောင်ကြီးက ပြောတယ်။ ဒီတော့မှ သမဂ္ဂကို ဖောက်ခွဲလိုက်တာလို့ ရှင်းပြသွားတယ်။



အမှန်တော့ ကျောင်းသားတွေ သမဂ္ဂ အဆောက်အဦထဲ ဝင်ခိုသွားကြပြီ ဆိုတာ သတင်းပို့ပြီးသားပါ။

အဲဒီအချိန်က ကွန်မြူနစ်တွေက ကျောင်းသားတွေအတွက် လက်နက်တွေ ပို့ပေးထားတယ်၊ ကွန်မြူနစ်တွေရဲ့  မြေပေါ်ဌာနချုပ်ဟာ သမဂ္ဂ အဆောက်အဦ ပဲလို သတင်းတွေ ထွက်နေခဲ့တယ်။

ဒီ အခြေအနေကို ဗိုလ်အောင်ကြီးက ၈၊ ၇၊ ၉၈ ရက်နေ့ VOA နဲ့ တွေဆုံ မေးမြန်းခန်းမှာ ဘယ်လို ပြောလဲ ဆိုတော့ "သမဂ္ဂမှာပေါ့လေ၊ ကျောင်းသားတွေက လက်နက်ကိုင်တဲ့ လူတွေ ရှိတယ်၊ လူနာတွေ ဆွဲသွင်းပြီး တံခါးတွေ ပိတ်သွားတယ်၊ ဘာညာ ဆိုတော့ကာ ညနေဘက် နည်းနည်း စောင်းလာတော့ ဗိုလ်ချုပ်ကြီးက (ဥက္ကဋ္ဌကြီးက) ပြောတယ်။ ပြည်ထဲရေးဝန်ကြီးကို တကယ်လို့ ညမိုးချုပ်သွားလို့ ရှိရင် အဲဒီအပေါ် ပစ်လား ခတ်လား ဖြစ်လို့ ရှိရင် တို့လူတွေ သေမယ်၊ အဲဒီတော့ အသေ မခံနဲ့နော်၊ အဲဒီတော့ ရကွိုင်းလက် ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ"။



သမဂ္ဂ အဆောက်အဦထဲမှာ လက်နက်ကိုင် လူတွေ ရှိတယ် ဆိုတာ မဟုတ်ပါဘူး၊ ဒါ တော်လှန်ရေး ကောင်စီရဲ့ ကုလားဖန်ပါ။ ဒါဟာ သမဂ္ဂ အဆောက်အဦကို ရကွိုင်းလက် ဂန်းနဲ့ ပစ်ခွင်းဖို့ ဗိုလ်နေဝင်းက လုံခြုံရေးကော်မတီကို အမိန့်ပေးလိုက်တာပဲ။ ဒါပေမဲ့ ရကွိုင်းလက် ဂန်း ကျည် ရှာမရခဲ့ကြဘူး။

ဒီတော့ အမိန့်ပေးရင် ကိုက်ဖို့သာ သိတဲ့ စစ်ခွေးတစုဟာ ဒိုင်းနမိုက်နဲ့ ကပ်ခွဲဖို့ ဒိုင်းနမိုက် ရှာကြပြန်တယ်။ ညသန်းခေါင်ကျော်မှာ သမဂ္ဂကို ဖောက်ခွဲဖို့ ထောက်ကြံ့ ပင်မ ခဲယမ်းသိုလှောင်ရုံ ကနေ ဒိုင်းနမိုက် အမြောက်များ ရရှိခဲ့ပါတယ်။

သမဂ္ဂ အဆောက်အဦကို စိတ်ကြိုက် ဒိုင်းနမိုက်တွေ တပ်ဆင် ဖောက်ခွဲခဲ့သူကတော့ အင်ဂျင်နီယာတပ်က ထားဝယ်သား ဗိုလ်မှူးထွန်းရီပဲ ဖြစ်တယ်။ ဖောက်ခွဲရာမှာလည်း လိုအပ်တဲ့ ပမာဏထက် အဆများစွာ ပိုသုံးခဲ့တယ်။

ဒိုင်းနမိုက်ကို ရန်ကုန် မြို့လယ်လို နေရာမျိုးမှာ တရားဝင် ဖောက်ခွဲဖို့ ဆိုတာ အနည်းဆုံး အဆင့် ဗိုလ်မှူးကြီးတဦးက ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ်ရေးထိုးပေးမှသာ တရားဝင်ပါတယ်။

.
ဒီနေရာမှာ တပ်မတော်ရဲ့  တော်သလို အမိန့်ပေးပြီး တော်သလို တရားခံ ရှာတတ်တဲ့ အာဏာရှင် လုပ်ထုံးလုပ်နည်းကို တွေ့ရပါတယ်။

ဗိုလ်နေဝင်းက ဗိုလ်ကျော်စိုး ဆီကို ဖောက်ခွဲဖို့ နှုတ်မိန့် ပေးလိုက်တယ်၊ ဗိုလ်ကျော်စိုးက တဖန် ဗိုလ်ထွန်းရီ ဆီကို နှုတ်မိန့် ပေးပြန်တယ်။

ဒီတော့ ဗိုလ်ထွန်းရီလည်း ဒိုင်းနမိုက်တွေက တပ်ဆင်ထားပြီးပြီ တရားဝင် အမိန့်ပေးတဲ့ စာချွန်လွှာကလည်း မရှိ၊ သူ့ကို အမိန့်ပေးလိုက်တဲ့ ဗိုလ်မှူးကြီးတွေကလည်း မရှိ၊ ဒီအချိန်ကြီး ဘယ်သွား ရှာရမှန်းလည်း မသိ ဖြစ်နေတယ်။

ဒီနေရာမှာ ဓါးခုတ်ရာ ခေါင်းဝင်ခံသူကတော့ တပ်မတော် စစ်မင်းကြီး ဗိုလ်မှူးကြီးဘဦး (မင်းသိမ်း လို့လည်း ခေါ်တယ်) ပဲ။ သူက မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးဖို့ ပြောတော့ ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ် ဝင်ထိုးပေးသွားတယ်။

ဒီတော့မှ ဗိုလ်ထွန်းရီလည်း သမဂ္ဂ အဆောက်အဦမှာ အသင့် တပ်ဆင်ထားပြီး ဖြစ်တဲ့ ဒိုင်းနမိုက်တွေကို ၈ ရက်နေ့ မနက် လင်းအားကြီး ၃ နာရီခွဲ၊ ၄ နာရီ ခန့်မှာ တကသ အပေါ်ထပ် မျက်နှာကြက်ပေါ် တက်ခါ ပုန်းအောင်းနေတဲ့ ဒဏ်ရာရ ကျောင်းသား တခိျု့နဲ့အတူ သမဂ္ဂ အဆောက်အဦ ကြီးကို ဖောက်ခွဲလိုက်ပါတော့တယ်။

သမဂ္ဂ အဆောက်အဦမှာ ဘကြီး ကံသိန်းရဲ့ သမဂ္ဂ ဆံပင်ညှပ်ဆိုင်နဲ့ စားသောက်ဆိုင် ရှိပါတယ်။ သမဂ္ဂ ဆံပင်ညှပ်ဆိုင်က ဘကြီး ကံသိန်းဟာ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းတို့ သမဂ္ဂခေတ် ကတည်းက ရှိနေသူပါ။ အဲဒီအချိန်က သမဂ္ဂ စားသောက်ဆိုင် တင်ဒါ ရပြီး ဖွင့်နေတဲ့ သူကတော့ ပန်းချီ ဦးနန်းဝေ ဖြစ်ပါတယ်။ သူတို့ မိသားစုတွေပါ သမဂ္ဂ အဆောက်အဦ ထဲမှာ နေကြပါတယ်။

၇ ရက်နေ့ည ၁၁ နာရီ လောက်မှာ စစ်တပ်က စစ်ဗိုလ် တွေက ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့ရဲ့ နာမည်တွေကို လက်ကိုင် အသံချဲစက် တွေနဲ့ အော်ခေါ်ပါတယ်။ နောက်ပြီး သမဂ္ဂ အဆောက်အဦ ထဲကနေ မိသားစု နဲ့အတူ ထွက်ပေးဖို့ ပြောပါတယ်။ ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့က ညကြီးသန်ခေါင် ကားရှာ မရလို့ မနက်မှ ထွက်ပါရစေလို့ တောင်းပန်တာကို လက်မခံဘဲ၊ ညတွင်းချင်း လူချည်းပဲ ထွက်ရမယ်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမယ်လို့ ပြောတယ်။

ယူနီယံထဲမှာ မသမာသူတွေ ခိုအောင်း နေနိုင်လို့ အပြတ်ရှင်းမယ် လို့လဲ ပြောတယ်။ ဒါကြောင့် သူတို့လည်း မိသားစုနဲ့ ခြေလွတ် လက်လွတ် ညတွင်းချင်း ထွက်ခဲ့ရတယ်။

ဦးကံသိန်း ပြောတာကတော့ အထဲမှာ ခိုအောင်းတဲ့ သူ ဆိုတာလည်း မရှိပါဘူး။ သူတို့ ထင်သလို မြေအောက်ခန်းတွေ ဘာတွေလည်း မရှိပါဘူးတဲ့။

ဒါပေမဲ့ မိုက်လုံးကြီး မနာလို ဝန်တိုတဲ့ စစ်အာဏာရူးတွေကတော့ ၈ ရက်နေ့ လင်အားကြီးမှာ ကျောင်းသားထု ပိုင်ဆိုင်တဲ့ ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်ပါတော့တယ်။



အဲဒီနေ့ ည (၇) နာရီ အချိန် မြန်မာရေဒီယိုကနေ အသံလွှင့်တဲ့အခါ အာဏာရူး နေဝင်းက

"ကျနော် တိုင်းပြည် တာဝန်ယူသည့် အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါသည်" တဲ့ ...

"အခု ဖြစ်တဲ့ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။ ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်"

လို့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း 'ဓါး ဓါးချင်း လှံ လှံချင်း' ဆိုပြီး ထပ်မံ စိန်ခေါ် စော်ကားခဲ့ပြန်တော့တယ်။

.
နောက်ပြီး စစ်အစိုးရက ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ရာမှာလည်း ကျောင်းသား ၁၇ ဦးသာ သေဆုံးကြောင်း ကြေညာခဲ့တယ်။ အမှန်မတော့ မန္တလေးဆောင် တခုထဲတင် စာရင်း အရ ၁၇ ဦး သေဆုံး ခဲ့တယ်။

မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သူရဲ့ ခန္ဓာကိုယ်က သွေးနဲ့ မန္တလေးဆောင် နံရံမှာ "၇ - ၇ - ၆၂ မမေ့ကြနဲ့" လို့ ရေးသွားခဲ့တယ်။

၆၂ ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးလှရွှေကို ဒီဗွီဘီ အသံလွှင့်ဌာနက ဇူလိုင်လ ၇ ရက် ၂၀၀၆ နေ့မှာ ဆက်သွယ်ပြီး "ဘာကြောင့် နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုက ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဖြိုဖျက် ပစ်ခဲ့ ရတာလဲ" ဆိုတာကို မေးမြန်း ခဲ့ရာ ဦးလှရွှေက အခုလို ဖြေကြားခဲ့ပါတယ်။

"ဒါကတော့ ခင်ဗျားတို့လဲ သိနေကြတာပဲ။ ဗမာပြည် ခေတ် အဆက်ဆက်က နိုင်ငံရေးမျိုးဆက်တွေ ဆိုတာ ကျောင်းသား သမဂ္ဂ စင်မြင့ပေါ်က ဖြတ်လာကြတာချည်းပါပဲ။ ဒါ တဖက်က ကြည့်လို့ ရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ ဒီ အဆောက်အဦဟာ ခေတ်တခေတ် ဗမာပြည် နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေး တိုက်ပွဲခေတ် ကိုယ်စားပြုထားတဲ့ အဆောက်အဦပဲ။ ဒီဘက်ခေတ် ကျတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကိုယ်စားပြုတဲ့ အဆောက်အဦ ဖြစ်နေတာပေါ့။ အဲဒီတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို မျက်ကွယ်ပြုချင်တဲ့ လူတွေကတော့ တခြား ရွေးစရာ လမ်းမရှိလို့ ထင်ပါတယ်။"



ဒီလို နီမောင်းသော ခွပ်ဒေါင်း အပေါင်းတို့ရဲ့ အပျိုစင် မိခင် သမဂ္ဂကို ကျောင်းသားတွေ နဲ့အတူ ဖြိုချ ဖျက်ဆီးခဲ့မှုဟာ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီ အဖို့ သမိုင်းမှာ ဖျောက်ဖျက်လို့ မရတော့တဲ့ အမည်းစက်ကြီးပါပဲ။ ဒီ သမဂ္ဂကြီးကပဲ အာဇာနည် ခေါင်းဆောင်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ မြန်မာ့ လွတ်လပ်ရေးကို မွေးဖွားပေးခဲ့တယ်။ နောက်ပြီး သမဂ္ဂ အဆောက်အဦဟာ မြန်မာ နိုင်ငံရဲ့  လူမှုရေး၊ နိုင်ငံရေး ပြယုဂ်လည်း ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ် တို့ရဲ့ လက်ထက်မှာတောင် သမဂ္ဂဟာ ဒီလို လူမဆန်စွာ ရိုင်းပြ ရက်စက်မှုကို မကြုံခဲ့ရဖူးဘူး။


ဒီတော့ ကျနော်တို့ တတွေလည်း ကိုကျော်ဝင်း သွေးနဲ့ ရေးခဲ့ သလို "၇ - ၇ - ၆၂ ကို မမေ့ ကြဖို့" လိုပါတယ်။ နောက်ပြီး ၁၉၆၃ ဇူလိုင်လ ကျောင်းပြန် အဖွင့်မှာ သမဂ္ဂ အဆောက်အဦ နေရာမှာ ယာယီ တဲဖြင့် သမဂ္ဂကို ပြန်လည် တည်ထောင်ကြတယ်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နဲ့ အတူ အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ ရှိတဲ့ ကျောက်တိုက် တခု လုပ်ပြီး ၇ - ၇ - ၇၂ နေ့မှာ ကျဆုံး ခဲ့ရတဲ့ ကျောင်းသား ရာကျော်အတွက် ရည်စူးကာ "ရာကျော် ကျောက်တိုင်" လို့ အမည်တွင်စေခဲ့တယ်။ ဒီ "ရာကျော် ကျောက်တိုင်" ဖွင့်ပွဲမှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း မိန့်ကြားခဲ့သလို "အဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂ စိတ်ဓာတ် ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး၊" ဆိုတဲ့ သမဂ္ဂ စိတ်ဓာတ်ကို အစဉ် နှလုံးသွင်းကြဖို့ လိုပါတယ်။


မှတ်ချက် - ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းတွေ ပြန်ပိတ်လိုက်တဲ့အခါ ရာကျော် ကျောက်တိုင်နဲ့ အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦလည်း ထပ်မံ ဖျက်ဆီးခံရတယ်။


*************************************************************************************************************************



(မငယ်နိုင်ဘလော့
"7 July, 1962 မှာ ဘာဖြစ်ခဲ့လဲ ~ Nge Naing".

http://nge-naing.blogspot.com/2010/07/7-july-1962.html

ပို့စ်မှ ကူးယူ ဖော်ပြသည်။)

.

မောင် စိန်ဝင်း ပုတီးကုန်း
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့


"သမဂ္ဂအဆောက်အဦး ဗုံးခွဲ ဖျက်ဆီးခံရခြင်းအပေါ် ပြန်လည် သတိရနေခြင်းဟာ အဖျက်မြင်သဘော" ဟု
Sky Net မှာ ဆရာ လင်းသိုက်ညွန့် က ပြောသွားတာ ကြားမိပြီး
ဒီကဗျာ ရေးဖြစ်သွားတာပါ။

မောင် စိန်ဝင်း ပုတီးကုန်း



သမိုင်းမှတ်ကျောက်




သမဂ္ဂစိတ်ကို ဖျောက်ဖို့
သမဂ္ဂအဆောက်အဦးကို ဖယ်
ကျောင်းသားတွေရဲ့ မြင်ကွင်းက ကွယ်စေခဲ့။




သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း
သမဂ္ဂရဲ့အခန်းမှာ ဖြစ်သလိုအိပ်စား
အဲဒီမှာ
နိုင်ငံရေးသမားအဖြစ် ထုံကူး
လွတ်လပ်ရေးအိပ်မက်တွေ
မက်ဖူးတယ်။




ဘယ်ခေတ်မှာဖြစ်ဖြစ်
ကောက်ကျစ်ဖိနှိပ်မှုကို တွန်းလှန်
အမှန်တရားအတွက် အသက်ပေး
ပြည်သူတွေနဲ့ တစ်သွေးတည်းပေါင်းရန်
ဒေါင်းအလံနဲ့
ကျောင်းခြံရဲ့ အပြင်ထွက်ခဲ့တာ ကျောင်းသား
မတရားမှု မှန်သမျှ ငုံ့မခံ
တုန့်ပြန်တတ်တာ သမဂ္ဂစရိုက်
ဘယ်ဒိုင်းနမိုက်နဲ့ ခွဲခွဲ
မလဲမပြို ထာဝစဉ်
ရာဇဝင် အဆက်ဆက်
သမဂ္ဂရဲ့ အသက် ဝိညာဉ်
ရင် မှာ ငြိစွဲ
ပူးကပ်ဆဲမို့ ခွပ်မြဲခွပ်နေ
ဒေါင်း အိုးဝေ ။




မြင်ကွင်းက ဖျောက်လိုက်တိုင်း
သမိုင်းမှာ မမှိန်မပျောက်
အဲဒီမှာ သမဂ္ဂအဆောက်အဦး
အာဇာနည်တွေ ဝတ်မှုံကူးတဲ့နေရာ
အာဏာရှင် စနစ်ရဲ့
ပြယုဂ် တစ်ပိုင်းတစ်စလို့
(ကမ္ဘာတည်သရွေ့)
သမိုင်းက မှတ်ကျောက်တင်လိမ့်မယ်။



မောင် စိန်ဝင်း ပုတီးကုန်း
၂၄ ၉ ၂၀၁၄

.