Pages

ပဉ္စမမြောက် မြန်မာနိုင်ငံကို ထူထောင်ကြစို့


အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ.....။

ပလူပျံနေတဲ့ စစ်သေနတ်ပြောင်းရှေ့
ကျည်ဆံတွေကြားမှာ
ပြည်သူတွေဟာ အလောင်းချင်းထပ်၍
ဖီဆန် အော်ဟစ်နေ။
မြန်မာပြည်မှာ မဆလ (န၀တ၊ အနဖ) ကို
မလိုချင်တော့ဘူးလေ…


မြန်မာပြည် နာဇိလက်သစ်ဂိုဏ်းကို
ဥပဒေတွေနဲ့ အရေခြုံပြီး
အာဏာပိုင် အဖွဲအစည်းအသွင်
လုပ်မနေပါနဲ့လေ..
ပြည်သူတွေနဲ့ ကျောင်းသားအလောင်းတွေ
ရိုးတွန်ချိန် ရောက်လာပြီလေ
နိုင်ငံတော် လူသတ်မှုတွေ
ရုံးတင် စစ်ဆေးပေး။

နိုင်ငံတော်အသစ်မွေးဖွားခြင်းရဲ့ နေအာရုံတက်နေ
ဒီမိုကရေစီမထွန်းကားသေးတဲ့ မြန်မာပြည်အမှောင်ကျနေ
လူကို လူလိုအုပ်ချုပ်ရေးမျိုး မြန်မာပြည်မှာမရှိပေ

အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ.....။


ပြည်သူတွေဟာ လက်နက်မဲ့တဲ့ သာမန်အရပ်သားတွေ
ကျည်ဆံကို လည်စင်းပေးကြမည့် အသေခံမဲ့သိုးတွေ
ရင်နာနာနဲ့ အလေးပြုလိုက်တယ်
အာဇာနည်တို့ရေ....


အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
မောင်းပြန်သေနတ် သံတွေကြား
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
မိုးယံမှာ လွင့်နေ
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
သမိုင်းက လိုလားနေပြီလေ..
မြန်မာနိုင်ငံ ပဉ္စမြောက်ကို တို့ထူတောင်စို့လေ...


မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။
(အစအဆုံး ပြန်ဆိုရန်)
ရေးသူ - နိုင်မြန်မာ

(စစ်အာဏာသိမ်းသည့် ၂၁ နှစ်မြှောက် ၀မ်းနည်းခြင်း အထိမ်အမှတ်ပို့စ် ဖြစ်ပါတယ်)



(ဂီတာနဲ့ ဆိုချင်သူများအတွက်)

(Foxtrot)
C - - -
အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
F - C -
မောင်းပြန်သေနတ် သံတွေကြား
C - G -
ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
F - C -
မိုးယံမှာ လွင့်နေ
C - - -
နိုင်ငံတော်ကို အသစ်မွေးဖွားရန်
F - C -
သမိုင်းက လိုလားနေပြီလေ..
C - G - F - C -
မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။ ။
Am - - -
ပလူပျံနေတဲ့ စစ်သေနတ်ပြောင်းရှေ့
Em - - -
ကျည်ဆံတွေကြားမှာ
Am - - -
ပြည်သူတွေဟာ အလောင်းချင်းထပ်၍
Em - - -
ဖီဆန် အော်ဟစ်နေ။
Am - - -
မြန်မာပြည်မှာ မဆလ (န၀တ၊ အနဖ) ကို
F - G -
မလိုချင်တော့ဘူးလေ


(ဂီတာတီးတဲ့ ကီးတွေကို မှတ်ချက်မှာ လာထည့်ပေးခဲ့တဲ့ KKL ကို ကျေးဇူးတင်ပါတယ်)

ဒီသီချင်းရေးသူနာမည်ကို ပို့စ်တင်ခါစက အသေအချာ အမှတ်မိခဲ့လို့ စာလာဖတ်သူတွေထဲက သိတဲ့သူတွေရှိရင် ပြောပြခဲ့ဖို့ အကူအညီတောင်းခဲ့ပါတယ်။ ကျွန်မဘလော့ဂ်ကို လာလည်ပြီး စာလာဖတ်သူ မိတ်ဆွေများထဲမှာ ၈၈ က ရန်ကုန်မှာ ကိုယ်တိုင်သီဆို တီးခတ်ဖူးသူတွေနဲ့ ကြားဖူးသူတွေကိုယ်တိုင်က မှတ်ချက်မှာ လာပြီး ပြောပြခဲ့လို့ ရေးသူ နိုင်မြန်မာဆိုတာ သိခဲ့ရပါတယ်။ လာပြောပြသူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ဒီသီချင်းက ၈၈ အရေးတော်ပုံ ကာလက စပ်ခဲ့တဲ့ သီချင်းဖြစ်ပေမယ့် အရေးအခင်း ကာလတုန်းက မြို့ပေါ်မှာ လှုပ်ရှားတဲ့သူတွေပဲ အသိများပြီး အဲဒီတုန်းက နယ်တွေကို မရောက်ခဲ့လို့ နယ်မှာ လှုပ်ရှားခဲ့တဲ့ ကျွန်မတို့က ဒီသီချင်းကို တောတွင်းရောက်မှ ကြားဖူးခဲ့ပါတယ်။ ကျွန်မတို့ တောတွင်းကာလက ABSDF က နိုင်ငံရေး၊ စစ်ရေး စည်းရုံးရေးသင်တန်းတွေမှာ သင်ခဲ့၊ ဆိုခဲ့ရပါတယ်။ တောတွင်းမှာတုန်းက အခုလို အာဇာနည်တွေ သွေးကျတဲ့နေ့တွေမှာလည်း မကြာခဏ ဆိုရလေ့ရှိတဲ့ သီချင်းဖြစ်ပါတယ်။ ဆိုတဲ့သူအနေနဲ့ကတော့ ကျွန်မတို့ တပ်ရင်းမှာ စနားထောင်ရတာ ဘုရားသုံးဆူစခန်း (၁၀၂) မှာလား သေ့ဘိုးဘောစခန်း (၂၀၄/၂၀၅) မှာလားဆိုတာတော့ အသေအချာ မမှတ်မိတော့ပေမယ့် အဲဒီမှာ အဆိုတော် ကိုမွန်းအောင် ဆိုထားတဲ့အခွေက ပထမအကြိမ် ညီလာခံအပြီး ဗဟိုက ပြန်လာကြတဲ့ ကျွန်မတို့ တပ်ရင်း (၂၀၁) မင်းသမီးခန်း ကိုယ်စားလှယ်တွေနဲ့ ပါလာလို့ နားထောင်ရပါတယ်။ အဲဒီ နောက်ပိုင်း ကျွန်မတို့တပ်ရင်းက ကျင်းပတဲ့ သင်တန်းတွေမှာ သင်တန်းသားတွေကို သင်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ရဲဘော်ဗားတိုက်တိုင်းလိုလိုမှာ ဂီတသံ တဒေါင်ဒါင်နဲ့ ဒီသီချင်းသံကို နေ့စဉ် ကြားလာရပြီး ကျွန်မတို့ တပ်ရင်းက ရဲဘော်တွေနဲ့ သိပ်ပြီးရင်နှီးခဲ့ပါတယ်။

၁၉၈၈ ခု စက်တင်လ (၁၈) ရက်နေ့ စစ်အာဏာရှင်တွေ အာဏာသိမ်းတဲ့ နေ့မှာ သွေးမြေကျခဲ့ရတဲ့ အာဇာနည် ကျောင်းသားပြည်သူတွေကို အမှူးထား၍ ခေတ်အဆက်ဆက်မှာ အများကောင်းကျိုးအတွက် တိုက်ပွဲဝင်ရင်း အသက်စွန့် သွေးမြေကျခဲ့ရတဲ့ ကျောင်းသား၊ ပြည်သူ ရဟန်းရှင်လူ အာဇာနည် ထောင်သောင်းတို့အား ဤသီချင်းနဲ့ အလေးပြုလိုက်ပါတယ်။ အမိမြန်မာပြည်ကို ချစ်မြတ်နိုးပြီး အသက်စတေးသွားသော အာဇာနည်သူရဲကောင်းများရဲ့ စွန့်လွှတ်မှုကို အသိအမှတ်ပြုသူအားလုံး ဤသီချင်းရဲ့ အနှစ်သာရနဲ့အတူ သွားလေသူ အာဇာနည်များအား ကျွန်မတို့ အတူတကွ ရင်နာနာနဲ့ အလေးပြုကြရအောင်...


"သေသူတွေဟာ လက်နက်မဲ့တဲ့
သာမန်အရပ်သားတွေ
ကျည်ဆံကို လည်စင်းပေးခဲ့ကြတဲ့
အသေခံတဲ့သိုးတွေ
ရင်နာနာနဲ့ အလေးပြုလိုက်တယ်
အာဇာနည်တို့ရေ……။"

အာဇာနည်များ ကောင်းရာသုကတိ လားကြပါစေ။
"ဓါတ်ပုံ=>၈၈ တွင်ကျဆုံးခဲ့သည့် အာဇာနည် ကျောင်းသူ မဝင်းမော်ဦး ကျဆုံးချိန်တွင် အသက်(၁၆ ) နှစ်သာရှိသေးသည်။" သူမအား သယ်ပြေးနေသော ဆရာဝန်နှစ်ဦးအနက် ကျောဘက်မှ ပင့်သယ်နေသည့် တယောက်မှာ ABSDF တပ်ရင်း (၂၁၀) စောထစခန်း တပ်ဖွဲ့ဝင်တယောက် ဖြစ်လာခဲ့ပြီး ရှေ့တန်း ညတိုက်ပွဲ တခုမှာ ရန်သူလူနှင့် ကိုယ့်လူရောသွားရာကနေ လူစုကွဲပြီး ကျန်ရစ်ခဲ့သည်ဟု ထိုစစ်ကြောင်းတွင် ပါဝင်ခဲ့သည့် တပ်မှူးတဦး၏ ပြောပြချက်အရ သိရပါသည်။ ဆရာဝန်နှစ်ဦး၏ နောက်ဆက်တွဲ ဖြစ်ရပ်များကို ဧရာဝတီသတင်း၊ မမေအိခင်ဘလော့ဂ်ကိုလူထွေး ဘလော့ဂ်နှင့် ကိုနစ်နေမန်း ဘလော့ဂ်များတွင် ဖတ်ရှု/နားဆင်နိုင်ပါသည်။
Photo by : Google
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။

(ပြီးခဲ့တဲ့နှစ်က 18/09/09 ရက်၊ 2:24 PM မှာ တင်ခဲ့တဲ့ပို့စ်ကို ခဏတာ အပေါ်ပြန်ဆွဲတင်ထားပါတယ်။)

19 comments:

  1. အကြိုက်ဆုံးတေးတပုဒ်ပါ။မထင်မှတ်ပဲ ခဏခဏဆိုညည်းဖြစ်လည်း ဒီသီချင်းကိုပါပဲ။
    တိုက်တိုက်ဆိုင်ဆိုင် တင်ပေးတာ ကျေးဇူးပါ။

    စစ်အာဏာရှင်စနစ်နှင့်အာဏာရှင်တိုင်း အမြန်ကျဆုံးရမည်။

    ReplyDelete
  2. ဒီသီချင်းနဲ့ ကမ္ဘာမကျေဘူး သီချင်းက အရမ်းနာမည်ကြီးခဲ့ပြီး နောက်ပိုင်းမှာတော့ "ကမ္ဘာမကျေဘူး" ပဲ ရှေ့ကို ရောက်လာတော့တယ်...

    အခုသီချင်းကိုတောင် မနိုင်ပြန်ပြောပြမှ စိတ်ထဲမှာ ရေးရေးပြန်ပေါ်လာမိတာ...

    သီချင်းရှိရင်လဲ နားထောင်ချင်ပါသေးတယ်...

    ReplyDelete
  3. အဲဒါ ၈၈ ကထွက်လာတဲ့ သီချင်းပါပဲ အမှတ်မမှားဘူးဆိုရင် ရေးသူကလဲ နိုင်မြန်မာပါပဲ။ ကမ္ဘာမကြေလိုပဲ ကော်ပီသီချင်းပါ။
    ဒီဗွီဘီက အရင် ခဏခဏ လွှင့်ပါတယ်။ ရေးသူတော့ သေချာမှတ်မထားမိဘူး။

    ReplyDelete
  4. (ရေတွက်ချိန်) နေရာမှာ (အရိုးတွန်ချိန်)
    (နိုင်ငံတော်ပို) နေရာမှာ (နိုင်ငံတော်ကို)
    (လူကို လူလို) နေရာမှာ (လူကိုလူဗိုလ်)
    ကျနော်လည်းမသေခြာပါဘူး။ သူများတီးနေတာအဲလိုပဲကြားလို့ ကိုယ်လည်း အဲဒီအတိုင်းပဲ အကျင့်ရသွားတာ။

    ReplyDelete
  5. လာပြောပြ၊ ထောက်ပြ မှတ်ချက်ပေးကြတာ ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း ကိုအိုးဝေနဲ့ ကိုလူထွေးတို့လိုပဲ ဒီသီချင်းကို နားထောင်ချင်ပါတယ်။ ဒါပေမယ့် ရှာမတွေ့ဘူး။ မခင်မင်းဇော် ပြောတော့ DVB က အသံလွှင့်တယ်ဆိုတာလည်း ကျွန်မ တခြားသီချင်းတွေပဲ ကြားဖူးတယ် ဒီသီချင်းကို တခါမှ မကြားရဘူး။ အမြဲတမ်း နားမထောင် ဖြစ်လို့ ဖြစ်မယ်။

    အစ်မ ခင်မင်းဇော်ရေ မသေချာပဲနဲ့ မထည့်ချင်သေးလို့ နောက်ထပ်သိတဲ့သူတွေက နိုင်မြန်မာရေးတယ်ဆိုတာ အတိအကျ သိတဲ့သူတွေကို စောင့်လိုက်ဦးမယ်။

    အမည်မဖေါ်လိုသူရေ ကျွန်မလည်း အရိုးတွန်ချိန်ဆိုတာ မှတ်မိတယ် ဒါပေယ့်မဲ့ အဓိပ္ပါယ်ကို ဇဝေဇ၀ါ ဖြစ်လို့ ရေတွက်ချိန်လုပ်လိုက်တာ အခုတော့ နှစ်ယောက် ဖြစ်သွားပြီဆိုတော့ သေချာတယ် ပြန်ပြင်လိုက်မယ်။ ဒါပေမယ့် လူကိုလူလို အုပ်ချုပ်ရေးကိုတော့ ကျွန်မတို့ ဆိုလာတာ ဒီအတိုင်းပဲ ပြီးတော့ အဓိပ္ပါယ်အရလည်း ဒီလိုပဲ ရှိတယ်ထင်လို့ ဒီအတိုင်းပဲ ထားထားဦးမယ်။ နောက်ထပ် ပြောလာသူတွေ ရှိရင်တော့ ပြန်စဉ်းစားမယ်လေ။ ပြောပြပေးတာ ကျေးဇူးတင်တယ်နော့်။

    ReplyDelete
  6. နိုင်မြန်မာ ရေးတာ မငယ်။

    ReplyDelete
  7. ဂီတာနဲ့ ဆိုချင်သူများအတွက်

    (Foxtrot)
    C - - -
    အာဏာရှင်ရဲ့ ပစ်မိန့်ပေးသံ
    F - C -
    မောင်းပြန်သေနတ် သံတွေကြား
    C - G -
    ပြည်သူတွေရဲ့ ဟစ်ကြွေးသံ
    F - C -
    မိုးယံမှာ လွင့်နေ
    C - - -
    နိုင်ငံတော်ကို အသစ်မွေးဖွားရန်
    F - C -
    သမိုင်းက လိုလားနေပြီလေ..
    C - G - F - C -
    မြန်မာနိုင်ငံ ပဉ္စမမြောက်ကို တို့ထူထောင်စို့လေ။ ။
    Am - - -
    ပလူပျံနေတဲ့ စစ်သေနတ်ပြောင်းရှေ့
    Em - - -
    ကျည်ဆံတွေကြားမှာ
    Am - - -
    ပြည်သူတွေဟာ အလောင်းချင်းထပ်၍
    Em - - -
    ဖီဆန် အော်ဟစ်နေ။
    Am - - -
    မြန်မာပြည်မှာ မဆလ (န၀တ၊ အနဖ) ကို
    F - G -
    မလိုချင်တော့ဘူးလေ

    ReplyDelete
  8. မှတ်မှတ်ရရ အရေးအခင်းပြီးခါစက လမ်းထဲမှာ ဂစ်တာနဲ့ အဲဒီသီချင်းတွေ အော်အော်နေလို့  ရပ်ကွက် ရ.၀.တ ရုံးက သတိတာပေးခံရဘူးတယ်..

    ReplyDelete
  9. ကျနော်ကတော့ ခုမှ စဖတ်ရတာပါ
    ဖတ်ပြီး အားမာန်တခုဖြစ်စေတယ်
    ရေးသားသူနိုင်မြန်မာနှင့် ဖော်ပြပေးတဲ့ အမကိုလည်းကျေးဇူးတင်ပါသည်
    KKL ကိုလည်းကျေးဇူးတင်ပါသည်ခင်ဗျာ

    ReplyDelete
  10. မငယ်နိုင်ရေ... ကျနော် မှတ်မိသလောက်ကတော့ နိုင်မြန်မာပါပဲ...
    ကျနော်တို့ ဥက္ကလာနဲ့ သင်္ဃန်းကျွန်းဖက်မှာ အဲခေတ်က လူငယ်တိုင်း ဆိုကြတာပဲလေ... ကိုနိုင်ကြီးက (၁၁) ရပ်ကွက်ထဲနေတာကိုး...

    ReplyDelete
  11. ရေးသူ နိုင်မြန်မာ ဆိုတာ သိတဲ့သူအားလုံးက ပြောပြလာတော့ အတည်ပြုလိုက်ပါပြီ။ ကျွန်မက တောထဲရောက်မှ ဒီသီချင်းကို စကြားဖူးတယ်ဆိုတော့ အခုလို အဂိုကတည်းက သိခဲ့ပြီး လာပြောပြတဲ့ ကိုအောင်သာငယ်၊ အမည်မဖေါ်လိုသူ၊ အစ်မ ခင်မင်းဇော်တို့ကို သိပ်ပြီး ကျေးဇူး တင်ပါတယ်။

    အမည်မဖေါ်လိုသူရေ- သီချင်းရေးသူ နာမည် ပြောပြတာ အမည်ဖေါ်ပြီး ပြောပြလည်း ဘာမှပြဿနာ ရှိမယ် မထင်လို့ အမည်ဖေါ်ပြီး လာပြောပြလည်း ရပါတယ်နော့်။

    ဂီတတီးတဲ့ ကီးတွေပါ တွဲပြီးဖေါ်ပြပေးတဲ့ KKL ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စာလာဖတ်တဲ့သူတွေထဲက ဂီတသမားတွေရှိရင် တီးလို့ရအောင် ကျွန်မ ဒါကို ပို့စ်ထဲကို ကော်ပီကူးထည့်လိုက်မယ်။

    Phyowai-mmp ရေ- မျိုးဆက်ဟောင်းတွေ ဘာလုပ်ခဲ့တယ် ဆိုတာ မျိုးဆက်သစ်တွေကို လက်ဆက်ကမ်းဖို့ ကျွန်မတို့မှာ တာဝန်ရှိလို့ လက်ဆက်ကမ်းပေးတာပါ။ လက်ဆက်ကမ်းတဲ့ Message ကို ရခဲ့တယ်ဆိုလို့ ၀မ်းသာပါတယ်။

    ReplyDelete
  12. လေးနက်စွာဖြင့်အလေးပြုသွားပါသည်
    နိုင်မြန်မာရဲ့ ဘယ်တော့မှမမေ့နိုင်မယ့်တေးတပုဒ်ပေါ့
    ရှေ့တန်းနဲ့မိခင်တပ်ရင်းကိုပြန်သတိရသွားမိတယ်မငယ်ရေ...

    ReplyDelete
  13. hello ma ngae naing,
    thanks a lot for this song.
    when i first heard this song i was only 11. it was recorded in a tape with other revolutionary songs (like " khut daung doh yay, democracy taung gya, kyun myoe ma hote yin ar nar shin go tike kya, tike pwae htae win gya ...) and i listened to these songs almost every day.
    sadly, my grandma was so worried for her grand-daughter that she destroyed that tape just after the thugs had shoot our people.
    i however sang these songs (without the help of the tape!) in order not to forget the lyrics but unfortunately, i can't recall most of these songs.
    if, by any chance, you still have these songs, please do post them. i would be very grateful!

    khin myo chit

    ReplyDelete
  14. ကျွန်မလည်း ကိုဆောင်းယွန်းလ လိုပဲ ဒီသီချင်းကို တွေ့ရင် တောတွင်းကိုပဲ သတိရတယ်။ ရန်ကုန်မှာ လှုပ်ရှားခဲ့တဲ့ သူတွေကတော့ ဒီသီချင်းကို တွေ့ရင်၊ ကြားရင် အရးအခင်း ကာလကိုပဲ ပိုသတိရကြမှာ သေချာတယ်။

    ခင်မျိုးချစ်ရေ-ဒီသီချင်းထဲက စာသားတွေက နောက်မျိုးဆက်တွေအတွက် သမိုင်းအမှန်တွေကို သိအောင် ဖေါ်ပြပေးထားတာ ဖြစ်လို့ တင်ရကျိုးနပ်ပါတယ်။ ဖုံးကွယ်ထားတဲ့ ဒီအဖြစ်အပျက်တွေကို နောက်မျိုးဆက်တွေ အမှန်အတိုင်း သိအောင်လုပ်ဖို့အတွက် အဲဒီအချိန်က သီချင်းတွေကို အခမ်းအနားတချို့မှာ ပြန်ဆိုထားတာတွေကို ဗွီဒီယိုရော စာသားပါ ထည့်ပြီး နောက်ပိုင်းမှာ အခါအားလျော်စွာ တင်ပေးသွားဖို့ စည်းစားထားပါတယ်။ နောက်ထပ်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

    ReplyDelete
  15. အားမာန်အပြည့်ပါတဲ့ ကဗျာလေးကို ဖတ်ရင်း ရင်လည်း တော်တော်လေး နာမိတယ်ဗျာ

    ReplyDelete
  16. ဂျေဂျူပိုင်ရေ-ကဗျာမဟုတ်ပါဘူး သီချင်းပါ။ ကိုယ်တိုင် ရင်နာတာမှန်ပေမယ့် တခြားသူတွေကို ရင်နာအောင် ဝေဒနာပေးလိုတဲ့ ရည်ရွယ်ချက်တော့ မပါပါဘူး။ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကို မမီလိုက်သူတွေ နဲ့ မေ့နေသူတွေ သတိထားမိပြီး နောက်မျိုးဆက်မှာ ဒီလို ရုပ်ဆိုးအကျဉ်းတန် စိတ်မချမ်းမြေ့စရာတွေ ထပ်မဖြစ်ဖို့အတွက် ၀ိုင်းဝန်း အဖြေရှာလို့ ရအောင် မျှဝေတာပါ။

    ReplyDelete
  17. Mingalarbar! I heard this song played by my youngest uncle and my eldest brother last 20 yeas ago.

    ReplyDelete
  18. ကျနော်ဖတ်ပြီးပါပြီ .. ကျနော်က မလေးတို့ နိုင်ငံရေးဆိုက်တွေကို လည်ပြီဆိုရင် ကျနော့်ရဲ့ feed ကျန်ခဲ့မှာစိုးလို့ ကျနော် ဘလော့မဟုတ်တာနဲ့ပဲ အမြဲလည်ဖြစ်ပါတယ် .. အဲ့အချိန်မှာ ကျနော့်အိမ်ကိုလဲ ဖွင့်မထားတတ်ပါဘူး..
    ကျနော် သိပ်ကြိုက်ပါတယ်.. ဒါပေမယ့် ကျနော် အိမ်ပြန်ချင်ပါသေးတယ် .. ကျနော့်ချစ်သူကြောင့်တော့မဟုတ်ပါဘူး .. ကျနော် တိုင်းတစ်ပါးမှာ နှစ်ရှည်လများ မနေနိုင်လို့ပါ .. ပြီးတော့ ကျနော် အိမ်ပြန်ချင်ပါသေးတယ် ..
    မလေး နားလည်ပေးမယ်ဟုတ် .. =)

    ReplyDelete
  19. ဇော်ရေ
    အစ်မ တင်ထားတဲ့ ပို့စ်တွေကို ခဏလောက် Skim လုပ်ကြည့်လိုက်ရင် အစ်မဘလော့ဂ်မှာ ဘာတွေ တင်ထားသလဲဆိုတာ တွေ့ရလိမ့်မယ်။ ဒီလိုပို့စ်တွေ တင်တဲ့ဘလော့ဂ်မျိုးကို နိုင်ငံရေးဘလော့ဂ်ခေါ်တယ် ဆိုတာ ဇော်ကို ဘယ်သူတွေ သတ်မှတ်ပေးလိုက်လဲဆိုတာ အစ်မ သဘောပေါက်ပါတယ်။ အစ်မ ဘလော့ဂ်ရေးတာ နှစ်လနဲ့ တပတ်ပဲ ရှိသေးတော့ ဘလော့ဂ် လောကသမားတွေက နိုင်ငံရေး ဘလော့ဂ်ဆိုတာ ဘာတွေနဲ့ စံထားပြီး ကင်ပွန်းတပ်လဲဆိုတာ အစ်မ အတိအကျတော့ မသိသေးပါဘူး။ ဒါပေမယ့် အစ်မဘလော့ဂ်ကိုတော့ ဘယ်အနည်းနဲ့မှ နိုင်ငံရေးဘလော့ဂ်လို့ ကင်ပွန်းတပ်လို့မရဘူးဆိုတာ တင်ထားတဲ့ပို့စ်တွေမှာပါတဲ့ အကြောင်းအရာ အမျိုးမျိုးကို ကြည့်ပြီး ခန့်မှန်းမိပါတယ်။ ဒါပေမယ့် ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး ဘ၀ဖြတ်သန်းမှု စတဲ့အရေးတွေ အားလုံးဟာ နိုင်ငံရေးနဲ့ ဆက်နွယ်ပတ်သက်နေလို့ ဒီအကြောင်းတွေ ရေးထားတဲ့ ဘလော့ဂ်မျိုးကို နိုင်ငံရေးဘလော့ဂ်လို့ သတ်မှတ်တယ် ဆိုရင်တော့ အစ်မ ဘလော့ဂ်ကို နိုင်ငံရေးဘလော့ဂ်လို့ လုံးဝ လက်ခံပါတယ်။ ဒီလို သတ်မှတ်မယ်ဆိုရင်လည်း အစ်မဘလော့ဂ်တခုတည်း မဟုတ်ဘူး ဇော်ဘလော့ဂ်အပါအ၀င် အကြောင်းအရာ တခုတည်းကို ဦးတည်မရေးတဲ့ ဘလော့ဂ်တွေ အားလုံးဟာ နိုင်ငံရေး ဘလော့ဂ်တွေချည်းပဲ ဖြစ်သွားလိမ့်မယ်။ လူတိုင်းမှာ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်တစုံနဲ့ ခံစားတတ်တဲ့ နှလုံးသားတစုံစီ မွေးကတည်းက ကိုယ်ပိုင် အဖြစ် ပါရှိပါတယ် ညီမလေးဇော်။ အသက် ၁၈ နှစ်ပြည့်ပြီး ဒီထက်လျှော့ပြောရရင် ၂၁ နှစ်ပြည့်ပြီးသူ အားလုံးဟာ ဒီအင်္ဂါအစိတ်အပိုင်းတွေမှာ လုံလောက်တဲ့ ဖွံ့ဖြိုးမှု၊ ရင့်ကျက်မှုတွေ ရထားပြီးပြီလို့လည်း ဆေးသိပ္ပံပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေက သုတေသန ပြုထားပြီးတာ ကြာပါပြီ။ ဒါကြောင့်မို့ အသက် ၂၁ နှစ်ပြည့်ပြီးတဲ့ ပညာတတ်တယောက် ဖြစ်တဲ့ ဇော်က အာဏာရှင်တွေက ဒါကို နိုင်ငံရေးလို့ပြောတိုင်း ကိုယ်ကလည်း အသံယောင်လိုက်ဖို့ မလိုပဲ ကိုယ့်ကိုယ်ပိုင် ဦးနှောက်ကို အသုံးချပြီး နိုင်ငံရေးဆိုတာ ဘာလဲ၊ ဘယ်သူတွေနဲ့ ပတ်သက်ပြီး ဘာအတွက် ဖြစ်လာတဲ့ ဝေါဟာရလဲဆိုတာကို လေ့လာစေချင်တယ်။ ၀န်ထမ်းတွေရဲ့ ဘ၀ကို နားလည်ပါတယ် ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုဖို့ကိုပဲ တိုက်တွန်းတာပါ။ အစ်မက ဇော်လောက် ပညာမတတ်လို့ အမှားပါရင်လည်း ခွင့်လွတ်ပါ။
    မေတ္တာ စေတနာဖြင့်
    ငယ်နိုင်

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။