Pages

ပိုးစုန်းကြူး


တောင်ပံကွန့်မြူး၊ ပိုးစုန်းကြူး၊ အထူးတဆန်းပင်၊
အရောင်တွဲ့တွဲ့၊ ထွန်းလင်းခဲ့၊ မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊ အိပ်နေပါ၊ ရောင်ဝါမပေါ်လွင်။

ထိုနည်းတူစွာ၊ လူတို့မှာ၊ ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊ အလုပ်ရှိ၊ လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊ အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။

ပျင်းပျင်းရိရိ၊ အိပ်နေဘိ၊ မရှိအလုပ်ခွင်။
မှေးတေးမှိန်တိမ်၊ သေးသိမ်သိမ်၊ အရှိန်ကင်းလိမ့်ပင်။
လူဖြစ်ပါခဲ့၊ အရှိန်မဲ့၊ တကယ့်နွားအသွင်။

အပျင်းရောဂါ၊ စွဲကပ်လာ၊ မြန်စွာကုဖို့ပြင်။
မကုစားပဲ၊ အပျင်းစွဲ၊ ငမွဲငနုံပင်။


သံပေါက် ( လယ်တီပဏ္ဍိတ ဦးမောင်ကြီး)


ငယ်ငယ်က စနစ်သစ် စပြောင်းတဲ့နှစ်မှာ သင်ရတဲ့ ခုနှစ်တန်း မြန်မာကဗျာစာအုပ်ထဲက ကဗျာတပုဒ် ဖြစ်ပြီး အကြိုက်ဆုံး ကဗျာလေး ဖြစ်တယ်။ ဒီကဗျာလေးက ကလေးတွေကို သင်တဲ့ကဗျာဆိုပေမယ့် အနှစ်သာရကတော့ အားလုံးအတွက် အကျုံးဝင်ပြီး ကျွန်မကိုလည်း အခုချိန်ထိ အမြဲတမ်း အသိတရားပေးတဲ့ ကဗျာလေးဖြစ်တယ်။ ပို့စ်အသစ်အတွက် စာရေးဖို့ အချိန် မရသေးတာနဲ့ စာလေ့လာဖို့ တခုခုစလုပ်တိုင်း ပျင်းရိဖင့်နှေးလေးလံ ထိုင်းမှိုင်းနေပြီး အမြဲတမ်း အိပ်ငိုက်နေတဲ့ မိမိကိုယ်မိမိ ကဗျာလေးရဲ့ အနှစ်သာရနဲ့ ပြန်ဆုံးမရင်း ကဗျာလေးကို ဘလော့ဂ်ထဲမှာ သိမ်းထားလိုက်ပါတယ်။ ၁၉၈၆ ခုနှစ် နောက်ပိုင်း ခုနှစ်တန်းမြန်မာစာကို သင်ဖူးသူတိုင်း ဒီကဗျာလေးကို အားလုံးသိကြလိမ့်မယ် ထင်တယ်။

"ရန်ကုန်မှာ သာတဲ့လ သာပေမဲ့လည်း အလကား" ဆိုတဲ့သီချင်း အထဲကအတိုင်းပဲ ရန်ကုန်မှာမှ မဟုတ်ပါဘူး လျှပ်စစ်မီးတွေနဲ့ ထိန်လင်းနေတဲ့ မြို့ကြီးတွေပ်ါမှာ ကြီးပြင်းခဲ့သူတွေ ဘယ်သူမှ လသာတဲ့ညတွေမှာ လရဲ့ အရသာကို သတိထားမိ တန်ဖိုးထားမိကြလိမ့်မယ် မထင်ဘူး။ ဒါပေမဲ့ တောဘက်တွေမှာတော့ လပြည့်ညရဲ့ အေးချမ်းတဲ့ အရသာကို ပျိုရွယ်သူတွေက ရင်ဖိုလှိုက်မောဖွယ်ရာ စိတ်ကူးယဉ် အိပ်မက်တွေကို မက်ရုံသာမက ကလေးတွေကလည်း ထုပ်ဆီးထိုးတမ်း၊ တူတူပုန်းတမ်းကစားကြ၊ လူကြီးတွေကလည်း အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ထိုင်လျက် ရေနွေးကြမ်းသောက်ရင်း ၀ိုင်းဖွဲ့ စကားပြောကြနဲ့ လပြည့်ညရဲ့ အရသာကို အရွယ်သုံးပါးစလုံးက သူ့နည်းသူ့ဟန်နဲ့ ခံစားကြပါတယ်။ ဒါအပြင် တောဘက်က လူတွေဟာ နာရီတွေ ပြက္ခဒိန်တွေ မလိုပဲ နေ့စွဲနဲ့ အချိန်ကို လနဲ့ ဒီရေအတက်အကျ အချိန်ကိုပဲ ကြည့်ပြီး တွက်ကြပါတယ်။

လကွယ်ညတွေမှာတော့ ကျွန်မတို့ တောဘက်က လူတွေက မရတာကို မတမ်းတနေတော့ပဲ လရဲ့တာဝန်ကို တဘက်တလမ်းက ယူနေတဲ့ ပိုးစုန်းကြူးတွေရဲ့ လှပတင့်တယ်မှုကို ခံစားကြပြန်တယ်။ လလောက် အလင်းရောင် ပေးနိုင်စွမ်း မရှိပေမယ့် လမသာတဲ့ လကွယ်ညတွေမှာ အိမ်ရှေ့မျက်နှာပြင်ကို ကြည့်လိုက်ရင် ပိုးစုန်းကြူးလေတွေ မှိတ်တုန်မှိတ်တုတ်နဲ့ လှပတင့်တယ်စွာ ပျံသန်းနေတာကို ဒီကဗျာထဲမှာလိုပဲ ထူးဆန်းစွာ တွေ့ရမှာဖြစ်ပြီး ဝေးဝေးကို မတွေ့နိုင်ပေမယ့် အိမ်ရှေ့က လှပတဲ့ သစ်ပင်၊ ပန်းပင်တွေကို သူတို့ရဲ့အလင်းရောင်နဲ့ ကောင်းကောင်း တွေ့မြင်နိုင်ပါတယ်။ တောင်ပံကွန့်မြူးပြီး ပျံသန်းနေတဲ့ ပိုးစုန်းကြူးလေးတွေရဲ့ အလှက ကျွန်မတို့အမြင်မှာ ကျွန်မတို့ကို ကပြဖြေဖျော်နေသကဲ့သို့ ကျက်သရေ ရှိလှပါတယ်။ ဒါပေမယ့် ပိုးစုန်းကြူးတကောင်ကို ဖမ်းပြီး မပျံသန်းပဲ နားနေတဲ့အချိန် လက်ထဲမှာ ကြည့်ကြည့်မယ် ဆိုရင်တော့ ပျံသန်းနေတဲ့အချိန်မှာ သိပ်ကို ကျက်သရေနည်းတဲ့ ခြင်ကောင်၊ ယင်ကောင်တွေနဲ့ ဘာမှ မကွာခြားတာကို တွေ့ရလိမ့်မယ်။ ပိုးစုန်းကြူးဟာ ဒီကဗျာထဲမှာ ရေးထားတဲ့အတိုင်းပဲ ပျံသန်းနေမှ ချစ်စရာလည်းကောင်းပြီး လောကကိုလည်း အကျိုးပြုသလို လူတွေကိုလည်း အလုပ်မလုပ်တဲ့သူကို အသုံးမ၀င်တဲ့ လူ့ငနွားတွေ ငမွဲငနုံတွေနဲ့ နှိုင်းယှဉ်ထားတဲ့ ဒီကဗျာလေးရဲ့ အနှစ်သာရ၊ လရောင်ရဲ့ အသုံးဝင်ပုံ၊ ပိုးစုန်းကြူးရဲ့အလှနဲ့ အသုံးဝင်ပုံတွေကို လရောင်နဲ့ ပိုးစုန်းကြူကို မခံစားဖူးသူ အားလုံးအတွက် ပြန်လည် မျှဝေလိုက်ပါတယ်။

Bibliography

လယ်တီပဏ္ဍိတ၊ ဦးမောင်ကြီး။ (၂၀၀၀)။ မြန်မာကဗျာ လက်ရွေးစင်: သတ္တမတန်း။ မြန်မာနိုင်ငံ။ ပညာရေး ၀န်ကြီးဌာန၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကနှင့် ကျောင်းသုံးစာအုပ် ကော်မတီ။



21 comments:

  1. စိမ်းတို့ မသင်ခဲ့ရဘူး မငယ်... ခုမှ ဖတ်ဖူးတယ်... ကျေးဇူးပဲ မှတ်သားသွားပြီ... ခက်တာက အသိပဲ ရှိပြီးလိုက်မလုပ်နိုင်တာက ခက်တယ်... :P
    ခုထိကို စာမလုပ်ရသေးဘူး... ဟီး

    ReplyDelete
  2. အရင်က ဒီကဗျာလေးကို ဖတ်ဖူးပေမယ့် ကျနော် လည်းနဲနဲဝေးတယ် အမရေး).. ဒီလိုအနှစ်သာရ ရှိမှန်းသေချာ မသိခဲ့ဖူးဗျာ ခုမှ ပြန်ဖတ်ပြီး ပိုသဘောပေါက်လာတယ်
    မျှဝေပေးတာ ကျေးဇူးတင်ပါသည်ခင်ဗျာ

    ReplyDelete
  3. ဒီကဗျာလေးကို ခုမှ ဖတ်ဖူးတာပါ ။
    အစက ထင်မိတာ မငယ်နိုင် ကဗျာစပ်တာလည်း ကောင်းတယ်လို့  ....

    လူဆိုတာ ကာယ ၊ ဥာဏ၊ ဝီရိယ အားစိုက်ပြီး အလုပ် တခုခုကို လုပ် နေမှ ဂုဏ်ရောင် ပြောင် တဲ့အကြောင်းကို ကဗျာ လေးနဲ့ တွဲပြီး ခုလို သတိပေးတာ ကျေးဇူးတင်စရာပါဘဲ ....

    ကိုယ့် ကာယ ဥာဏအားနဲ့  ၊ဘာအလုပ်မှ မလုပ် ၊ဘာမှ မတတ်ပဲ တတ်ယောင်ကားနဲ့ ..သူများကို လက်ညှိုးညွှန် ဆရာလုပ် ပြီး ။ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေကြသူများ အတွက်ရော..သက်ဆိုင်တဲ့ ကဗျာလေးများ ရှိသေးရင် တင်ပြပေးပါအုံး ...

    ReplyDelete
  4. အလုပ်မလုပ်ပဲနေရင် လူ့ ငနွားတဲ့။
    အလုပ်သွားပါပြီ။:)

    မအယ်
    word verification ဆိုတာကြီး ဖြုတ်ချင်ဘူးလား မငယ်နိုင်။ :)

    ReplyDelete
  5. ကျမ်းကိုး (Bibliography) အရ ဒီကဗျာက လွန်ခဲ့တဲ့ ၉ သက္ကရစ် ၂၀၀ ကထုတ်တဲ့ စာအုပ်ထဲက ကူးယူ ဖေါ်ပြထားတာ ဖြစ်တယ်။ ဖြိုးဝေနဲ့ စိမ်းက အသက်တူပြီး တယောက်သိတယ် တယောက်က မသိဘူး၊ kiki က မသိဘူးဆိုတော့ မေ့သွားကြတာလည်း ဖြစ်နိုင်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ သင်ရိုးညွှန်းတမ်း ပြောင်းလိုက်တာလည်း ဖြစ်နိုင်တယ်။ ပိုးစုန်းကြူးကဗျာက သိပ်အနှစ်သာရရှိတော့ အစ်တို့တုန်းကတော့ (၁၉၈၅/၈၆ ပညာသင်နှစ်) စာမေးပွဲမှာ အတိအကျ နီးပါးပါဖို့အထဲမှာ ခန့်မှန်းခံရတဲ့ ကဗျာမို့ ဘယ်သူမှ မမေ့ကြဘူး။

    kiki ရေ အထင်ကြီးတယ်နော့်။ ဒီလောက် ကဗျာစပ်တော်နေရင်တော့ တခြားဘာစာမှ ရေးတော့မှာ မဟုတ်ဘူး ရင်ထဲက ခံစားချက်တွေ၊ ဘ၀အတွေ့အကြုံတွေကို လိုရင်းတိုရှင်း ကဗျာပဲ ရေးတော့မယ်။ အစ်မဘလောဂ်ထဲမှာ ဖေါ်ပြထားတဲ့ ကဗျာတွေ အားလုံး သူများကဗျာတွေကို ပြန်ဖေါ်ပြတာ ချည်းပါပဲ ကဗျာစပ်လို့ လုံးဝမတတ်ပါဘူး။

    8 Oct 09, 14:38
    penai22: ပိုးစုန်းကြူးလေးတွေကိုကြည့်စမ်းကွယ်...စိန်ပွင့်လေး လက်နေသလိုကွယ်

    ဒီပို့စ်ကို ရည်ရွယ်ပြီး ပြောထားလို့ C-Box ထဲက ပြန်ကူးလာတယ်။ ဟုတ်တယ် ပိုးစုန်းကြူးလေးတွေက စိန်ပွင့်လေးတွေ လွင့်နေသလိုပဲ စောစောက သတိထားမိရင် ပို့စ်ထဲမှာ တင်စားပြီး ထည့်ရေးမိမှာ အမှန်ပဲ။

    ReplyDelete
  6. ဆောရီး လွန်ခဲ့တဲ့ ၉ နှစ် သက္ကရစ် ၂၀၀၀ လို့ရိုက်တာ မှားသွားတယ်။

    မအယ်ရေ အလုပ်သွားတာ ကောင်းပါတယ်။ အခုပြောတာက အလုပ်မလုပ်လို့ ပြောတာမဟုတ်ဘူး။ ကျွန်မအပါအ၀င် ကျောင်းတက်နေတဲ့သူတွေ လုပ်စရာရှိတဲ့ စာတမ်းတွေ Assignment တွေကို မလုပ်ပဲ တွန့်ဆုတ်နေတာကို ရည်ရွယ်ပါတယ်။

    Work verification က ဖြုတ်လိုက်တာ ကြာပါပြီ။ မအယ် ဆီမှာ ဘာဖြစ်လို့ ပေါ်နေရတာလဲ မသိဘူး။ မောင်လေး မိုးသွေးငယ်ကို ပြန်မေးကြည့်ဦးမယ်။ သူပဲ ဖြုတ်ထားပေးတာ ကျွန်မ ကွန်ပြူတာမှာတော့ အဲဒါမပေါ်တော့ဘူး။ တခြားသူတွေ ကွန်ပြူတာမှာတော့ ဘယ်လိုရှိလဲမသိဘူး။

    ReplyDelete
  7. မငယ်နိုင်ရေ...

    မသင်ခဲ့ရပေမယ့် အစ်မအော်ကျက်နေကျမို့ အဲဒီကဗျာလေးကို သိပါတယ်။ နောက် ခုနစ်တန်း ကဗျာစာအုပ်ထဲက
    "ငှက်လေးက စိုးစီစိုးစီ၊ ဝင်းပေါက်မှာမြည်
    ချိန်တန်ပြီ ညီမထွေးရဲ့၊ ဆွမ်းချက်စို့လေး ..."
    အစဉ်လိုက် မရတော့ဘူး..။
    "ကိုရင်ကြီးပျိုတို့မောင် ညှိုးနွဲ့ယောင်ယောင်
    ပျိုတို့မောင် မာပါစ၊ မေးလိုက်ပါကြ
    မာပါရဲ့ အထွေးရယ်၊ ပြောလိုက်ပါကွယ်၊
    ရွာလည်မှာကိုရင်လဲလို့၊ ဆွမ်းတော်ခွက်ကွဲ"
    အဲဒါနဲ့ စတဲ့ ကဗျာလေးလည်း အစ်မအော်ကျက်တာနဲ့ အလွတ်ရခဲ့ဖူးတယ်..အစဉ်လိုက် မရတော့ပေမယ့် ခုထိ ကြိုက်နေတုံးပဲ၊ မျက်စိထဲတောင်မြင်ယောင်တယ်။

    ReplyDelete
  8. ဒီကဗျာလေးကိုဖတ်ဖူးပါတယ်..ကြိုက်လည်းကြိုက်ပါတယ်။ နောက်ပိုးစုန်းကြူး ကဗျာလေးလည်းရှိပါသေးတယ်..
    "ပိုးစုန်းကြူးလည်း..သူ့အဆင်းနဲ့အချင်းနဲ့
    ဖိုးလမင်းလည်း..သူ့အရောင်နဲ့အဆောင်နဲ့"
    ဆိုတာလေ...

    ReplyDelete
  9. မငယ်နိုင်ရေ.. အောက်ကစာဖတ်တော့မှ ကိုယ့်ကိုယ်ကိုယ် ပိုးစုန်းကြူးကဗျာသင်ခဲ့ဖူးလား မမှတ်မိတော့ဘူး၊ အပေါ်မှာ မသင်ခဲ့ဖူးဘူးရေးထားလို့ လာပြင်ပြောတာပါ။

    ညီမ ၂ တန်းတုံးက အစ်မလေးက ၇ တန်း၊ အဲဒီကဗျာအော်ကျက်လွန်းလို့ ရနေတာပဲ မှတ်မိတော့တယ်။

    word verification က ညီမလည်း ရိုက်ထည့်ရတယ်၊ မငယ်နိုင်က ဘလော့ပိုင်ရှင် admin မို့လို့ အဲဒါကို မတွေ့ရတာနေမယ်။

    ReplyDelete
  10. SDL နဲ့ AATO ပြောတဲ့ ကဗျာတွေ က ၁၉၈၅ -၂၀၀၀ အထိတော့ ခုနှစ်တန်း ကဗျာထဲက မဟုတ်ဘူး။ ပြီးတော့ တခြားတန်းတွေမှာလည်း ဒီကဗျာတွေကို အစ်မ သင်ဖူးတာ မမှတ်မိဘူး ဆိုတော့ မတိုင်ခင်နဲ့ နောက်ပိုင်း ဖြစ်ချင်ဖြစ်မယ်။ ကဗျာလေးကို စိတ်ဝင်စားကြတာ ကျေးဇူးတင်ပါတယ်။

    ဒီအတိုင်းဆို Work Verification နဲ့ ၀င်နေရတဲ့ သူက နှစ်ယောက် ရှိပြီဆိုတော့ သေချာလု နီးနေပြီထင်တယ်။ သုံးယောက် ပြည့်မှပဲ အတည်ပြုမယ်နော့်။ အခုတော့ SDL နဲ့ မအယ်တို့ ကွန်ပြူတာနဲ့ ဆိုင်တယ်လို့ တွက်လို့ ရသေးတယ်။

    ReplyDelete
  11. အားလုံးအတွက် အသိပေးကဗျာလေးပါပဲ ရန်ကုန်မှာတုန်းက မီးပျက်တဲ့ရက်တွေဆို လရောင်ကိုပဲ ကြည့်နေခဲ့ရတာလေ။ ပိုးစုန်းကြူးလေးတွေကိုလည်း တခါတလေ တွေ့ရတတ်တယ်။ ဒီရောက်တော့မှ လရောင်မခံစားရတာ အတော်ကြာခဲ့ပါပြီ။ အရင်က အဖြစ်အပျက်တွေကို မငယ်ရေးတဲ့ ကဗျာတွေဖတ်ပြီး သတိတရရှိသွားပြီ။
    အစဉ်အမြဲ ပျော်ရွှင်နိုင်ပါစေနော်။

    ReplyDelete
  12. ဖြူတုတ်တို့ ၇တန်းတုန်းက ဒီကဗျာ မသင်ခဲ့ရဘူး မငယ်။

    ReplyDelete
  13. သိတော့ဘူးအမရေမေ့ကုန်ပြီ
    စိတ်လေတယ်ကျောင်းစာတွေ
    ဘာမှမမှတ်မိတော့ဘူး :(
    ခုလိုဖတ်ရတာကျေးဇူးပဲအမရေ

    ReplyDelete
  14. ကျနော်ငယ်ငယ်ကလည်း ပိုးစုန်းကြူးလေးတွေကို အရမ်း စိတ်ဝင်စားခဲ့တာ။

    ReplyDelete
  15. မငယ်ရေ ဒီမှာတော့ ဖိုးလမင်းကြီးလည်းခံစားရတယ်။ လမိုက်ညဆို ပိုးစုန်းကြူးကိုလည်း တွေရတယ်။ ဒို့နေတာက မြောက်အမေရိကတိုက်အလယ်ပိုင်း ပရီရေမြက်ခင်းပြင်ကြီးထဲမှာပါ။ ဒို့အိမ်ကလည်းမြို့အစွန် တိုးချဲ့ရပ်ကွက်သစ်ဆိုတော့ အိပ်နောက်ဖက်ပြူတင်းပေါက်ဖွင့်လိုက်ရင် တကယ်ပဲ ဟိုးငယ်ငယ်တုန်းက ငါတို့ကြီးပြင်းခဲ့တဲ့ ဒို့အိမ်ရှေ့က နွားစားကြက်ကွင်းပြင်လိုပဲ ညဖက်ဆိုမဲမှောင်လို့။ စိတ်ကူးယဉ်လို့အရမ်းကောင်းတာ။ လာမလည်ချင်ဘူးလား။ word verification still there

    ReplyDelete
  16. နောက်တခါ ထပ်စမ်းသပ်ကြည့် မလို့ ဝင်ရေးကြည့်တာနော် ... တခြား ဘာမှ တော့ မဟုတ်ပါဘူး .
    just testing... :)
    word verification ကြီး က ရှိနေတုံး ပါဘဲ...
    ဘာလို့ ဖြုတ်မရတာလဲ .. ဟီးဟီး

    ReplyDelete
  17. ဒီပို့စ်နဲ့ ပတ်သက်ပြီး နောက်ထပ်လာ မှတ်ချက်ပေးသွားတဲ့ ၀ိုင်း၊ ဖြူတုတ်လေး၊ မချစ်ရ၊ နွေဆူးလင်္ကာ၊ Nee နဲ့ Wordverification အတွက် သီးသန့် ပြန်လာပြီး အသိပေးသွားတဲ့ kiki တို့ကို အထူး ကျေးဇူးတင်ပါတယ်။

    Word verification ရိုက်နေရတုန်းပဲဆိုတာ ၄ ယောက်ဆီက အတည်ပြုချက် ရထားတယ်ဆိုတော့ မောင်လေး မိုးသွေးငယ် ဖြုတ်ထားတာ မပြုတ်ဘူးဆိုတာ သေချာသွားပါပြီ။ ကျွန်မက ကျွန်မ ၀င်တဲ့အချိန် တခါမှ ၀င်စရာမလိုလို့ မရှိတော့ဘူး ထင်နေခဲ့တယ်။ မောင်လေးမိုးသွေးငယ်ကို ပြန်အကြောင်းကြားပြီး ဖြုတ်လိုက်ပါ့မယ်။ သူလည်း Connection ပြန်ပျက်နေပြန်ပြီ ထင်တယ် အွန်လိုင်းပေါ်မှာ တလောက Connection ပျက်လို့ ပျောက်နေရာက ပြန်ပေါ်လာပြီး အခု တခါ ပြန်ပျောက်နေလို့ Connection ပျက်ပြန်ပြီထင်တယ်။ ကိုယ့်ဖါသာကိုယ်လည်း ဘယ်နားမှာ သွားဖြုတ်ရမှန်းမသိလို့ လောလောဆယ်တော့ သီးခံပေးကြဖို့ အားလုံးကို တောင်းပန်ထားပါတယ်နော့်။

    ReplyDelete
  18. ဟိုးငယ်ငယ်က ဖတ်ခဲ့ရတုန်းကအတွေးနဲ့ အခုချိန်ပြန်ဖတ်တဲ့အခါ ရတဲ့အတွေး မတူတော့ပါဘူး။ အဖိုးတန်ကဗျာလေးကို ပြန်ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် အစ်မ Nge Naing...။ ညီမလည်း ကိုယ့်အပျင်းစွဲကို ဖျောက်ဖျက်ပစ်ဖို့ တော်တော်ကြိုးစားနေရပါတယ်...

    ReplyDelete
  19. ကဗျာကောင်းလေး ပြန်အမှတ်ရသွားပြီ။ ကျေးဇူး။

    ReplyDelete
  20. ဒီကဗျာလေးကို အရမ်းကြိုက်ပါတယ်။အဓိပ္ပါယ်လဲ ထိထိမိမိရှိလှပါတယ်အမရေ။မြန်မာပြည်က ဘာအလုပ်မှမလုပ်ပဲ အလေနတ်တော နှစ်လုံး သုံးလုံးနေသူတွေကို ပေးဖတ်သင့်တယ်ဗျာ။အခုဆို မြန်မာပြည်မှာ လေလွင့်နေသူတွေ ပေါ်လာသလိုပဲ။ရသမျှအလုပ်ကို ထိုင်ရွေးချယ်သူတွေကလဲ အများသာဗျာ။ နောင်တခေတ်အတွက်တော့ ရင်လေးမိပါရဲ့။

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။