Pages

ကမ္ဘာဖြစ်ခြင်းနှင့် ပျက်ခြင်းအပေါ် သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရား



ကမ္ဘာပျက်တဲ့အကြောင်း ပြောရင် ကမ္ဘာ စတဲ့အကြောင်းလည်း မပါလို့ မဖြစ်ဘူး ထင်တယ်။ ဗုဒ္ဓဘာသာတရား အရဖြစ်စေ၊သိပ္ပံ အထောက်အထားများအရ ဖြစ်စေ အခုလက်ရှိ ကျွန်မတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ အစဉ် ဖြစ်ပျက် ပြောင်းလဲနေပါတယ်။ ကိုအောင်သာငယ်က ကမ္ဘာမပျက်ခင် တလအလို ကာလမှာ ဘယ်လိုရင်ဆိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး Tag ထားတဲ့ မေးခွန်း (10) ခုကို မဖြေခင် ကျွန်မ အထက်တန်း ပြန်တက်တုန်းက လုပ်ခဲ့ဖူးတဲ့ သိပ္ပံနဲ့ ပတ်သက်တဲ့ Assignment တွေအထဲက သိရတဲ့ အချက်အလက်တွေအရရော ဖတ်ဖူးတဲ့ ဘုရားဟောတရားအရပါ ပြန်သုံးသပ်ပြီး ကမ္ဘာဖြစ်ခြင်း၊ ပျက်ခြင်းနှင့် ပတ်သက်တဲ့ Fact ကိုအရင် တင်ပြပြီးမှ မေးခွန်းတွေကို ဖြေလိုက်ပါတယ်။



သိပ္ပံကျောင်းသူတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် သိပ္ပံနဲ့ ပတ်သက်တာကိုပဲ အရင်ပြောပါရစေ။ သိပ္ပံဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုအရ ဒီကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံက စခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာကိုစပြီးနောက် သက်ရှိသတ္တ၀ါဆိုတာ မပေါ်ခင် ဓါတုဗေဒမှာ ကျွန်မတို့ သင်ခဲ့ရတဲ့ သက်ရှိဓါတ်ပေါင်း (organic compound) တွေ ဖြစ်လာဖို့ အချိန်တော်တော် ယူရပါတယ်။ ကမ္ဘာကြီး စခဲ့တဲ့အချိန်မှာ ကမ္ဘာကြီးကို သံတို့ ကြေးတို့လို ကျောက်စိုင်ကျောက်ခဲ တွေပါတဲ့ inorganic compound (သက်မဲ့ ဓါတ်ပေါင်း) တွေနဲ့ပဲ ဖွဲ့စည်းထားပြီး သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ကာဗွန်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင် စတဲ့ organic compound (သက်ရှိဓါတ်ပေါင်း) တွေက Evolution နည်းအရ နှစ်ကာလ အတော်ကြာပြီးမှ တရွေ့ရွေ့ ပြောင်းလဲနည်းနဲ့ ဖြစ်လာခဲ့တယ်လို့ သိရတယ်။

 အောက်စီဂျင်မရှိပဲနဲ့ လူတွေ အသက်ရှင်လို့ မရသလို ကာဗွန်ဒိုင် အောက်ဆိုက် မရှိပဲနဲ့ အပင်တွေ အသက်ရှင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါတွေ ဖြစ်လာပြီးမှ အဲဒီက ဓါတ်ပေါင်းတွေက တဖန် တရွေ့ရွေ့ပြောင်းတဲ့နည်းနဲ့ ဘက်တီးရီးယားလို သေးငယ်တဲ့အရွယ် သတ္တ၀ါကနေ အကြီးတွေ အဲဒီကတဆင့် ဒီလိုပဲ တရွေ့ရွေ့ ထပ်ပြောင်းရင်းနဲ့ လူနဲ့တူတဲ့ အကောင်တွ ဖြစ်လာပြီးမှ လူသားအဆင့် ရောက်ဖို့က အများကြီး ထပ်ကြာသေးတယ်။ ဒါကြောင့် ဘာသာရေးအရ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ရခဲ့လှတဲ့ အရာတွေထဲမှာ လူ့အဖြစ်ဟာ ရခဲတယ်လို့ ဘုရားဟောခဲ့တာဟာ သိပ္ပံအထောက်အထားအရလည်း တကယ်ကို မှန်ကန်နေပါတယ်။

ဒီလိုသက်မဲ့ ဓါတ်ပေါင်း ကျောက်စိုင်ကျောက်ခဲတွေနဲ့ ကမ္ဘာကို နှစ်ပေါင်း ၄.၅ ဘီလီယံက စပြီး သက်ရှိသတ္တ၀ါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ ဘီလီယံကမှ စတင်ပေါ်လာပါတယ်။ ဒီအထဲမှာမှ လူ၊ မျောက်အပါအ၀င် Hominidae family လို့ခေါ်တဲ့ လူနဲ့တူတဲ့ ခြေနှစ်ချောင်းပေါ်မှာ မတ်တတ်ရပ်ပြီး သွားနိုင်တဲ့ သတ္တ၀ါတွေကတော့ လွန်ခဲ့တဲ့အနှစ် နှစ်သန်းပေါင်း ၂၀ ခန့် Cainozoic ခေတ်မှာမှ ပေါ်ထွန်းခဲ့ပါတယ်။ လူနဲ့ လူလိုသတ္တ၀ါတွေမတိုင်ခင် နောက်ဆုံးခေတ် Mesozoic ခေတ်မှာ နှစ်သန်းပေါင်း ၁၈၀ ခန့်က ပျံသန်းနိုင်တဲ့ ဒိုင်နိုဆောတွေ ဒီကမ္ဘာကို လွှမ်းမိုးခဲ့တယ်။

 ဒီမတိုင်ခင် ခေတ်အဆက်ဆက်ကို လေ့လာပါက Palaeozoic ခေတ်မှာ သန်းပေါင်း ၆၀၀ ခန့်က ကျောရိုးမဲ့သတ္တ၀ါတွေ၊ နှစ်သန်းပေါင်း ၄၄၀ ခန့်က မေးရိုးပါတဲ့ ငါးမျိုးတွေ၊ နှစ်သန်းပေါင်း ၄၀၀ ခန့်က အင်းဆက်ပိုးကောင်တွေ၊ နှစ်သန်းပေါင်း ၃၀၀ ခန့်က ကျောရိုးရှိပြီးသား တွားသွားသတ္တ၀ါတွေ။ နှစ်သန်းပေါင်း ၂၅၀ ခန့်က ဒိုင်နိုဆော နို့တိုက်သတ္တ၀ါတွေ ကမ္ဘာကို လွှမ်းမိုးခဲ့တယ်ဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းများရဲ့ သက်တမ်းကို တွက်ချက်ပြီး သိရပါတယ်။ သိပ္ပံ အထောက်အထားများအရ ခေတ်တခုခုကို သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး နှစ်သန်းပေါင်း အတော်ကြာ အချိန်ပြန်ယူပြီးမှ Organic compound တွေ ပြန်ရ၊ သတ္တ၀ါတွေ ပြန်ဖြစ်ပြီး Evolution ဆိုတဲ့ တရွေ့ရွေ့ပြောင်းလဲပြီးမှ သတ္တ၀ါကို အသစ်ကနေပြန်စတာ ဖြစ်တယ်။ ဒါကြောင့် ကမ္ဘာပျက်ပြီးလို့ နှစ်သန်းနဲ့ ချီပြီးမှ လူသတ္တ၀ါတွေကို ပြန်ဖြစ်ပေါ်စေတာ ဖြစ်တယ်။

ဒါကတော့ ရှာဖွေတွေ့ရှိထားသမျှ သိပ္ပံအထောက်အထားများသာ ဖြစ်ပြီး နှစ်သန်းပေါင်း ၆၀၀ မတိုင်ခင်က သက်ရှိတွေရဲ့ အထောက်အထားကို သိပ္ပံပညာရှင်တွေ ရှာမတွေ့သေးပါဘူး။ ကြားကာလတွေမှာလည်း သိပ္ပံပညာရှင်တွေ မတွေ့သေးတာ အများကြီးရှိနိုင်ပါတယ်။ အလုံးစုံကို သိတော်မူခဲ့တဲ့ မြတ်စွာဘုရားကတော့ အကုန်လုံးကို သိသွားခဲ့ပေမယ့် ဟောဖို့လိုအပ်တဲ့ တရားတွေကိုပဲ ဟောခဲ့ပါတယ်။

 ကမ္ဘာဖြစ်ခြင်း ပျက်ခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရားက သိပ်ပြီး မကွာခြားလှတာကို တွေ့ရပါတယ်။ မြတ်စွာဘုရားက အဖန်တလဲလဲ မပြတ်ပျက်စီးလိုက် ပြန်ဖြစ်လိုက် ဖြစ်တဲ့ သံသရာကြီးဟာ သိပ်ရှည်ပါတယ်။ ဒီကမ္ဘာဟာ မရေတွက်နိုင်တဲ့ ကမ္ဘာပေါင်း မြောက်များစွာထဲက တခုသာ ဖြစ်ပါတယ်လို့ ဟောထားခဲ့ပါတယ်။ အရင်အရင် ကမ္ဘာတွေတုန်းကလည်း လူသတ္တ၀ါတွေဟာ တကွေ့ကွေ့မှာ ကြုံဖူး၊ သိဖူး၊ သားအမိ၊ ချစ်သူ၊ မောင်နှမ မဖြစ်ဖူးသူ တယောက်မှ မရှိခဲ့လို့ သတ္တ၀ါတိုင်း (တိရိစ္ဆာန်အပါအ၀င်) ကို မိဘ၊ ညီအစ်ကို မောင်နှမလို မေတ္တာထားဖို့ ဟောခဲ့ပါတယ်။

ကမ္ဘာပျက်တယ် ဆိုတဲ့နေရာမှာ ငလျင်လှုပ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း ရေခဲဖုံးလွှမ်းခြင်း စတာတွေအမျိုးမျိုး ဖြစ်နိုင်ပြီး လုံးဝ ပျက်စီးသွားတာမဟုတ်ပဲ ဖြစ်လိုက်ပျက်လိုက်နဲ့ နာလိုက် နလံပြန်ထလိုက် ဖြစ်တာမျိုး ရှိပါတယ်။ ဒီလိုဖြစ်ရင် အခုရေပေါ်မှာ ရောက်နေတဲ့ ကုန်းမြေတွေက ရေအောက် ပြန်ရောက်ပြီး ရေအောက် ရောက်နေတဲ့အပိုင်းက ကုန်းပေါ် ပြန်ရောက်တာမျိုး၊ ဆက်နေတဲ့ ကုန်းမြေတခုခုဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ကျွန်းအသေးတွေ ဒါမှမဟုတ် ရေအောက်မြှုပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

 သြစတြေးလျားနိုင်ငံ အလယ်ပိုင်း အခုသဲကန္တာရ ရှိတဲ့နေရာဟာ လွန်ခဲ့တဲ့ နှစ် သန်း ၄၀၀ ခန့်က ရေအာက်မှာရှိခဲ့ပါတယ်လို့ ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာသူတွေက ဆိုပါတယ်။ ကမ္ဘာ တကယ်လုံးဝ ပျက်စီးခြင်းဆိုတာလည်း တချိန်ချိန်မှာ ရှိလာမှာဖြစ်ပြီး ကမ္ဘာကြီး လုံးဝမပျက်စီးခင် ဒီကမ္ဘာမှာ အရိမေတ္တယျ မြတ်စွာဘုရားတဆူ ပွင့်ဖို့ ရှိသေးတယ်လို့ ဟောထားတဲ့အတွက် အခုချိန်မှာ လုံးဝပျက်စီးသွားတာမျိုးတော့ မဖြစ်နိုင်သေးဘူး။

နောက်တချက်က အရိမေတ္တယျ ဘုရားပွင့်တဲ့အချိန်မှာ လူတွေရဲ့ သက်တမ်းက အနှစ်တသောင်း ရှိတယ်လို့သိရတော့ အဲဒီအခြေအနေကို ရောက်ဖို့ အချိန် အတော်ကြာဦးမှာ ဖြစ်လို့ ကျွန်မတို့ အခုဘ၀မှာတော့ နောက်ပွင့်မည့် ဘုရားကို တွေ့ရဖို့ မရှိသေးဘူး။ ဘုရားမပွင့်ခင် ကမ္ဘာကို ဆေးကြောသန့်စင်ရင်လည်း သာသနာ ရှင်သန်နေတဲ့အထိ သူတော်ကောင်းတွေဟာ ရှိနေဦးမှာဖြစ်လို့ သာသနာကွယ်ပြီး အတော်ကြာ လူတွေဟာ အကျင့်စာရိတ္တတွေ လုံးဝပျက်ပြားနေတဲ့ အချိန်မှသာ ကမ္ဘာပျက်တာ ဖြစ်နိုင်တယ်။

 ဂေါတမ မြတ်စွာဘုရားရဲ့ သာသနာက အနှစ် ငါးထောင်တောင် မပြည့်သေးဘူး အနှစ်ငါးထောင် ပြည့်ပြီးနောက်ပိုင်း သာသနာ ပျက်ပြီးမှ ကမ္ဘာ တခုခု ဖြစ်ဖို့ ရှိတယ်ဆိုတာလည်း သိထားတယ်။ အခုထိ ဝေနေယျ သတ္တ၀ါတွေအတွက် နေ့တိုင်းမေတ္တာပို့ပေးနေတဲ့ လူနဲ့ ရဟန်း သူတော်ကောင်းတွေ ရှိနေဆဲမို့ သာသနာက ရှင်သန်ဆဲ၊ ဘာသာခြားတွေမှာလည်း စိတ်ကောင်း စေတနာကောင်းတွေ အများကြီး ရှိနေဆဲဆိုတော့ ပုံမှန်အတိုင်း မီးစာကုန် ဆီခမ်းမှ သက်တမ်းကုန်ရမယ်ဆိုရင် ကမ္ဘာက အခုလာမည့် ၂၀၁၂ မှာ ပျက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကိုးအကားတွေက တခြား သာသာဝင်တွေအတွက် အနှစ်သာရ မရှိနိုင်၊ အကျုံးမ၀င်နိုင်လို့ ဘာသာရေးနဲ့ လုံးဝ မသက်ဆိုင်တာကို ကျွန်မနည်းနည်း ထပ်ဖြည့်ချင်ပါတယ်။ ၂၀၁၂ ရုပ်ရှင်ကြော်ငြာကို ကိုအိုးဝေအောင် ဘလောဂ်မှာ ကျွန်မ ကြည့်ဖြစ်ပါတယ်။ တကယ်ဖြစ်ရင် မဖြစ်ခင် ကြိုရှောင်လို့ပဲ ရနိုင်လိမ့်မယ်၊ ဒီလိုအခြေအနေမှာ ကမ္ဘာကြီးတခုလုံးကို တိုက်မိမှတော့ တိုက်မိတဲ့အရှိန်၊ ပေါက်ကွဲတဲ့ အရှိန်တွေကြောင့် လျှပ်စစ်လှိုင်း လေထုဖိအား၊ ကမ္ဘာမြေကြီးရဲ့ ဆွဲအားတွေ ဆိုရင် ပုံမှန်အတိုင်း ဘယ်လိုမှ မဟုတ်နိုင်တော့လို့ ဒီဗွီဒယိုထဲကလို ဖြစ်တဲ့အချိန်မှ လေယဉ်နဲ့ ထွက်ပြေးလို့ ဘယ်လိုမှ ရနိုင်မယ်မထင်ဘူး။ ပရိတ်သတ် စိတ်ဝင်စားအောင် ရိုက်ပြထားတာပဲ ဖြစ်နိုင်ပါထင်တယ်။

ပြီးတော့ ၂၀၁၂ ဆိုတာ သိပ်ကို နီးနေပါပြီ။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတိုင်းမှာ ရှိတဲ့ အစိုးရတွေက ဒီကိစ္စကို အရေးတကြီးထားပြီး ဘာကြောင့် မဆွေးနွေးနေကြတာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ကမ္ဘာပျက်ဖို့ အခြေအနေကို အမှန်တကယ် တွန်းအားပေးနေတဲ့ သစ်တောပြုန်းတီးမှု၊ ကမ္ဘာပူနွေးလာမှုကြောင့် ၀င်ရိုးစွန်းဒေသ ရေခဲ ပျော်လာမှုနဲ့ ပင်လယ် သမုဒ္ဒရာရေ မြင့်တက်လာမှု၊ သဘာဝတွင်းထွက် စွမ်းအင်တွေက ရတဲ့ လောင်စာတွေကို အတတ်နိုင်ဆုံး ထိန်သိမ်းပြီး ဇိဝလောင်စာ တီတွင်သုံးစွဲမှု စတဲ့ အဝေးကြီးကြာမှ ကမ္ဘာပျက်နိုင်စေတဲ့ အကြောင်းရင်းတွေကို ကာကွယ်ဖို့ပဲ ကမ္ဘာ့ခေါင်းဆောင်တွေက အဓိက ဆွေးနွေးနေကြတယ်။ 

သိပ္ပံဘာသာ တက်နေတဲ့ ကျောင်းသားတွေကလည်း Assignment တွေမှာ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ် ဆိုတာပဲ Research တွေလုပ်ပြီး ဖေါ်ပြနေရတယ်။ မကြာခင်ဖြစ်မှာ ဖြစ်လာတော့မယ့် နောက်သုံးနှစ်ကြာမှာ ကမ္ဘာပျက်မည့် အကြောင်းအရာကိုတော့ ဘယ်သူမှ ဘာမှ ဆွေးလည်းမဆွေးနွေး အရေးလည်းမထားတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၂ ကိစ္စဟာ ဘာမှ အခြေအမြစ်မရှိတာကို သက်သေပြနေပါတယ်။ ဒါကြောင့်မို့ နေအဖွဲ့အစည်းရဲ့ အာကာသ ဟင်းလင်းပြင်ထဲကို လမ်းကြောင်းမှားပြီး ၀င်လာနေတယ်လို့ ကြားထားတဲ့ ဂြိုလ်တခုဆိုတာကိုလည်း သပ္ပံပညာရှင်တွေက တနည်းနည်းနဲ့ ရှောင်နိုင်ရှားနိုင်အောင် လုပ်ထားနိုင်ကြပါလိမ့်မယ်။

ဒါပေမယ့်လည်း အိုမှ နာမှ မဟုတ်ပဲ ငယ်ငယ် ရွယ်ရွယ်တွေလည်း တစုံတခုကြောင့် သေကြေ ပျက်စီးနေတာတွေကို မကြာခဏ တွေ့နေရတယ်။ မျက်စိတမှိတ် လျှပ်တပြက်အတွင်း ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ အချိန်မရွေး တခုခု ဖြစ်နိုင်တယ်ဆိုတာလည်း ဘုရားက ဟောထားတာ ရှိသေးတော့ ကမ္ဘာမပျက်သေးဘူး ဆိုတာကိုလည်း လုံးဝ ယုံကြည်စိတ်ချနေလို့လည်း မဖြစ်သေး။ ဒါကြောင့်မို့ မိုမပြို ပြိုခဲ့သည် ရှိသော်၊ အကယ်၍များ များပျက်ခဲ့သည် ရှိသော် မပျက်ခင်တလမှာ ဘယ်လို ရင်ဆိုင်မလဲဆိုတဲ့ မေးခွန်းတွေကို ဖြေဖို့အတွက် စိတ်ကူးယဉ် အခန်းကဏ္ဍကို စတင်လိုက်ပါပြီ။

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ကျွန်မ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး။ ကျွန်မသားလေးတယောက်ကို ရင်ခွင်ထဲမှာ ပိုက်ထားပြီး သားလေးကိုပဲ တရားဓမ္မအကြောင်းတွေ ဘာမှ မတည်မြဲဘူးဆိုတဲ့ အကြောင်းတွေ ပြောပြလိုက် တရားမှတ်လိုက်နဲ့ အချိန်ကုန်ချင်တယ်။

၂။ ဘာတွေခံစားနေရမလဲ..
သားလေးမှာ သာသနာနဲ့ ကြုံတဲ့အချိန် နည်းလိုက်တာလို့ပဲ တွေးပြီး ခံစားမိလိမ့်မယ်။

၃။ ဘာတွေပြင်ဆင်ထားမလဲ
ဘုရားအဆုံးအမ တွေကလွဲပြီး ဘာမှ ပြင်ဆင်ထားဖြစ်မယ် မထင်ဘူး။

၎။ ၀မ်းနည်းမိမှာက
အသက် ၄၀ မှ လူ့ဘ၀ကို စမယ်လို့ ရည်ရွယ်ထားတော့ လူ့ဘ၀ စပြီး မကြာခင်မှာပဲ ချက်ချင်း သေရတော့မှာကို ၀မ်းနည်းမိတယ်။ သံသရာမှာ ဘယ်တော့မှ သာသနာနဲ့ မလွဲရအောင် သာသနာနဲ့ ကြုံတုန်းကြုံခိုက် အနှိမ့်ဆုံး သောတာပန် အဆင့်လေးအထိတောင် မရယူလိုက်နိုင်တာ ဗုဒ္ဓဘာသာ ဖြစ်ရရှုံးတယ်ဆိုတာ တွေးပြီး ၀မ်းနည်းမိလိမ့်မယ်။

၅။ကြောက်လန့်မိတာက..
ချက်ချင်းမသေမှာကို

၆။ဆောင်ထားချင်တာ..
သားလေးအတွက် စားစရာ သောက်စရာတချို့ ဘုရားပုံတချို့ကလွဲပြီး တခြားဘာမှ မဆောင်ထားချင်ဘူး။

၇။ဘာတွေရေးမိမလဲ..
ဘယ်သူမှ ဆက်ပြီး အသက်ရှင်ကျန်နေဖို့ မရှိဘူးဆိုရင်တော့ ဘာမှ ရေးဖြစ်တော့မှာ မဟုတ်တော့ဘူး။ ဒါပေမယ့် တခုတော့ရှိတယ် ကမ္ဘာမပျက်ခင် သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တိုင်ပင်ပြီး လူသားမျိုးနွယ်ကို နှစ်သန်းနဲ့ ချီပြီးမှ ပြန်စရတာမျိုး မဖြစ်ရလေအောင် လူသားမျိုးနွယ်ကို စောင့်ထိန်းဖို့ အစီစဉ်တခု လုပ်ရင်လုပ်နိုင်တယ်။ အဲဒီအစီစဉ်က လက်ရှိ ရှာဖွေတွေ့ရှိထားတဲ့ သိပ္ပံပညာတွေကို ထိန်းသိမ်းဖို့ သိပ္ပံပညာရှင် တချို့နဲ့ လူသားမျိုးနွယ်ကို ဆက်ထိန်းဖို့ တနိုင်ငံကို လူနည်းနည်းစီ အနည်းဆုံးတော့ တနိုင်ငံကို ဥာဏ်ရည်ထက်မြက်တဲ့ လူငယ်စုံတွဲ တတွဲစီခန့် လကမ္ဘာမှာ Stay ခဏသွားရှောင်ဖို့ ၀န်ဆောင်ပေးတာမျိုး ဒါမှမဟုတ် အဲဒီလို ဆင်တူရိုးမား အစီစဉ် တခုခု ကုလသမဂ္ဂအနေနဲ့ စီစဉ်နိုင်လိမ့်မယ်။ ဒီလောက်တိုးတက်နေတဲ့ ခေတ်မှာ အကုန်လုံးတော့ အသေခံမယ် မထင်ဘူး။ အထူးသဖြင့် ကျွန်မသာ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ဒါမှမဟုတ် ကြီးငါးကြီးနိုင်ငံရဲ့ ခေါင်းဆောင် တဦးဖြစ်နေမယ်ဆိုရင် ဒါကို မဖြစ်မနေလုပ်ဖို့ အကြံပြုဖြစ်လိမ့်မယ်။ ကုလသမဂ္ဂက မဆောင်ရွက်ရင်တောင်မှ အနည်းဆုံးတော့ ပိုက်ဆံချမ်းသာတဲ့ သိပ္ပံပညာရှင် မိသားစုတွေတော့ ဒီလို တိမ်းရှောင်ပြီး အသက်ရှင် ကျန်ခဲ့နိုင်ပါတယ်။ အဲဒီတော့ အသက်ရှင် ကျန်နေခဲ့သူတွေအတွက် အင်တာနက်ကနေ ဖတ်လို့ရအောင် သေတမ်းစာတခု Message ထားခဲ့ချင်တယ်။ နောက်ထပ် ပြန်လည်တည်ဆောက်တဲ့ ကမ္ဘာမှာ လူသားမျိုးနွယ်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့ နေဖို့ ဗီတိုအာဏာမရှိတဲ့ တကယ်ကို ဒီမိုကရေစီ နည်းကျတဲ့ ကမ္ဘာကုလသမဂ္ဂကို ဖွဲ့ဖို့ သေတမ်းစာတခု ရေးခဲ့ချင်တယ်။

ဂ။တွေးမိတွေးရာ အတွေး
သာသနာနဲ့ နောက်ထပ် ထပ်ကြုံဖို့ဆိုတာ မသေချာတော့ဘူး ထပ်ကြုံဖို့နေနေသာသာ ကမ္ဘာပျက်သွားပြီးရင် အပေါ်က အချက်အလက်တွေအရ လူပြန်ဖြစ်ဖို့က သိပ်ကိုမလွယ်တော့ဘူး။ လူဖြစ်ဖို့ နေနေသာသာ သတ္တ၀ါ တခုခု ပြန်ပေါ်ပေါက်ဖို့တောင် နှစ်က သန်းနဲ့ချီကြာဦးမယ်။ နတ်ပြည်လို ကိလေသာ များလွန်းတဲ့ နေရာကိုလည်း မရောက်ချင်ဘူး။ ဘုရားစာအုပ်ထဲမှာတော့ ကမ္ဘာပျက်ခါနီး လူတွေဟာ မေတ္တာ၊ ဂရုဏာ ပွားများပြီး ဗြဟ္မာစိုရ်တရားတွေ ထားလွန်းလို့ ဗြဟ္မာပြည်ကို ရောက်တာများတယ်လို့ ဖတ်ဖူးတယ်။ ဗြဟ္မာပြည်ရောက်ရင်လည်း ရုပ်မရှိဘဲ နာမ်သက်သက်ရှိတဲ့ အရူပဘုံနဲ့ နာမ်မရှိပဲ ရုပ်သက်သက်ဘဲ ရှိတဲ့ ရှုပဘုံကိုသွားရောက်ရင်တော့ ဒုက္ခပဲ လို့တွေးနေမိမှာ ဖြစ်ပြီး လူပြန်မဖြစ်ခင်စပ်ကြား အဲဒီ ကြားကာလအချိန်မှာ ပျံသန်းနိုင်တဲ့ ဒိုင်နိုဆော ဖြစ်နေရင်လည်း အကောင်းသားလို့ တွေးနေမိလိမ့်မယ်။

၉။ ဂုဏ်ယူချင်တာက
ဂုဏ်ယူရလောက်တာ ဘာတခုမှ မလုပ်သွားရလို့ ဂုဏ်ယူစရာတော့ သိပ်မရှိလှဘူး။ ဒါပေမယ့် တခုတော့ရှိတယ် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီး သန်းရွှေကလည်း အဲဒီအချိန်လောက်ဆို တရားတွေရပြီး သံဃာတွေကို ဓါတ်တိုင်မှာ ကြိုးချည်ရိုက်နှက်တာကအစ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာ သတ်ထားတာတွေအတွက် မှားကြောင်း တောင်းပန်ပြီး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ပြည်သူလူထု တောင်းဆိုတာကိုလည်း အကုန်လုံး လိုက်လျောပြီး အဖသတ်တဲ့ အဇာတသတ် မသေခင်ကလို တရားဓမ္မနဲ့ နေလို့ ပြည်သူလူထုကလည်း သူ့တရား သူစီရင်လိမ့်မယ်ဆိုပြီး အာဃာတ မထားတော့ပဲ ကမ္ဘာပျက်ခါနီး အားလုံးမှာ တရားဓမ္မနဲ့ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာပြည်ဟာ လုံးဝငြိမ်းချမ်းနေမှာ ဖြစ်ပြီး ကမ္ဘာမှာ စံပြအထားရဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေပါလိမ့်မယ်။ အဲလို အခြေအနေဆိုရင်တော့ ကမ္ဘာပျက်ခါနီး သေအံ့ဆဲဆဲမှာတောင်မှ မြန်မာနိုင်ငံမှာ အနှစ်နှစ်အလလက ပွားလာခဲ့တဲ့ ရန်မီးဟာ ကမ္ဘာပျက်မှပဲ ငြိမ်းတော့တာပဲလို့ ကမ္ဘာပျက်တာကိုတောင် ကျေးဇူးတင်ရမလို ဖြစ်ပြီး ဂုဏ်ယူမိမှာသေချာပါတယ်။

၁၀။ ရှာကြံဖြေသိမ့်မိတာက
သာသနာနဲ့ ကြုံတုန်းကြုံခိုက် ဗုဒ္ဓဘာသာ တယောက်ဖြစ်ခွင့် ရလိုက်တာကို ဂုဏ်ယူမိတယ်။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
နံပါတ် ၉ ကအတိုင်း ဖြစ်ရင် “ကမ္ဘာတည်သရွှေ့ မြန်မာပြည် ငြိမ်းချမ်းသွားပြီဟေ့” လို့ ကျူးရင့်မိမှာ သေချာပါတယ်။

အကိုအောင်သာငယ်ရေ Tag post ကိုဖတ်ပြီး ကိုယ့်ထက်ပိုပြီး စိတ်ကူးယဉ်တဲ့သူက ရှိသေးတယ်လို့ သ၀န်မတိုနေနဲ့နော့်။  Fact နဲ့ Imagination ကို ပေါင်းစပ်ပြီး ရေးရတော့ ပို့စ်က သာမန်ထက် နည်းနည်း ရှည်သွားတယ် ဆောရီးပါ။

တကယ်ကမ္ဘာပျက်သေးမှာ မဟုတ်ဘူးလို့ ယုံကြည်လို့ ဘယ်သူ့ကိုမှ ပြန်မ tag တော့ဘူး။

ရွင်လန်းချမ်းမြေ့ကြပါစေ။


33 comments:

  1. အနှစ်မဲ့ အရေးအသားတွေနဲ့ အော်ဂလီဆန်စရာ စကားလုံးတွေ လက်ခမောင်းခတ်နေချိန်မှာ ဒီလို အဓိပ္ပါယ်ရှိတဲ့ စာမျိုးဖတ်ခွင့်ရလို့ ကျေနပ်တယ်။ တကယ် အဆင့်အတန်းရှိတဲ့ ပိုစ့်ပါပဲ။

    ReplyDelete
  2. ဒီလို tag post မှာတောင်မှ မမ စာတွေက ဗဟုသုတ ရစရာတွေ တွေးစရာတွေ အများကြီးပါနေပါသေးတယ်။

    ReplyDelete
  3. Geological terms တွေ ကို စနစ်တကျ လေ့လာပြီး..
    ရေးသွားတာ ချီးကျူးတယ် ငါ့တူမရေ့....
    လက်ကတော့..ကိုးယိုးကားယားလုပ်နေပြီး..
    ပါးစပ်က ဘုရားဘုရား အော်နေတဲ့..ဘဘကြီးတွေ ..
    တရားရကြတော့မဲ့..အတွေးလေးကိုတော့ သဘောကျတယ်...

    ReplyDelete
  4. သေသေချာချာ လေးလေးနက်နက် ရေးထားပေးတဲ့အတွက် ကျေးဇူးပါ ညီမရေ့...
    တကယ်တော့လည်း ကမ္ဘာပျက်မယ်လို့ အကိုလည်း မယုံကြည်ပါဘူး...

    ReplyDelete
  5. တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့… ။ Ma Nge Naing ရဲ့ ဂုဏ်ယူချင်စရာကိုဖတ်မိရင်း… အဇာတသတ်မင်းက “မိမိရဲ့ အာဏာရမက်ကြောင့် တရားနဲ့အညီအုပ်ချုပ်တဲ့ မိမိရဲ့ ဖခင်ကိုသတ်ခဲ့မိကြောင်း” မိမိရဲ့ အပြစ်ကို ဘုရားရှင်ထံ ၀န်ခံတောင်းပန်ခဲ့တဲ့ တန်ဆောင်မုန်လပြည့်ည … ။ “မိမိအပြစ်ကို အပြစ်ဟု ရှုမြင်၍ တရားနှင့် အညီ ကုစားခြင်း, နောင်မဖြစ်စေရန် စောင့်စည်းခြင်းတို့ကို သာသနာမှာ ကြီးပွားတိုးတက်ခြင်း” လို့သတ်မှတ်ကြောင်း ဟောကြားခဲ့တယ်။ အပြစ်ကို အပြစ်လို့ အသိအမှတ်မပြုသရွေ့ ၀န်မခံသရွေ့ ဒီလူ, ဒီအဖွဲ့အစည်း, ဒီနိုင်ငံမှာ ဆုတ်ယုတ်ပျက်စီးမှုတွေ ဖြစ်နေပါလိမ့်မယ်။ ဆုတ်ယုတ်ပျက်စီးနေတဲ့ လူ, အဖွဲ့အစည်း, နိုင်ငံမှာ သာသနာဟာ အဓွန့်ရှည်စွာ တည်နိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာတည်သရွေ့ မြန်မာပြည်မှာ သာသနာတည်ပါစေ…. ။

    ဧရာ

    ReplyDelete
  6. ကောင်းမွန်တဲ့ အတွေးအခေါ်တွေနဲ့ ရေးဖွဲ့ထားတဲ့ပို့စ်ကို ဖတ်ရလို့ လေးစားပါတယ် မငယ်ရေ

    ReplyDelete
  7. အစ်မ အဲဒီအချိန်လောက်ဆို သူ နောင်တရလောက်ပါပြီလို့ သိပ်တော့ မထင်နဲ့နော်။
    :)

    ReplyDelete
  8. သမ္မာဒိဌိအမြင်နဲ့ ရှင်းပြသွားတာ အားရကျေနပ်လှတယ်။
    ပေါ့ပျက်ပျက်အတွေးရှိတဲ့ ဘာသာမဲ့သူတွေရဲ့ အမြင်ကို စာဖတ်သူတွေ နားယောင်သွားမှာ စိုးနေချိန်မှာ
    အမရဲ့ လေးနက်လှတဲ့ ဗုဒ္ဓဘာသာစစ်စစ် (ဒါနသီလလောက်သာ သိတဲ့ မိရိုးဖလာတွေကို မဆိုလိုပါ) အဘိဓမ္မာသဘောတရားတွေကိုပါတင်ပြသွားတာ အဆင့်အတန်း ရှိတဲ့ စာပေအရေးအသားလို့ ဆိုချင်ပါတယ်။

    ReplyDelete
  9. လာလည်လည်ပြီး ဖတ်သွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

    ကျွန်မဘလော့ဂ်ကို တခါမှ မရောက်ဖူးပဲနဲ့ အခုလို လာလည်ပြီး အားပေးစကား ပြောသွားတဲ့ ကိုမိုးမောင်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘယ်သူမဆို တယောက်နှင့်တယောက် အကြိုက်ချင်း ထပ်တူ မကျနိုင်တဲ့အတွက် မိမိမကြိုက်တဲ့ စာတွေကိုလည်း တခြားသူတွေ ကြိုက်နေရင် လေးစားမှုပေးတဲ့ အနေနဲ့ ထိခိုက်စေတဲ့ အသုံးအနှုန်းကို ရှောင်သင့်တယ်လို့ ကျွန်မ အကြံပြုချင်ပါတယ်။

    သိင်္ဂါကျော်၊ လေးလေးNai နဲ့ ကိုဆောင်းယွန်းလတို့ရေ ဗဟုသုတတွေ၊ အတွေးအခေါ်တွေ ပါတယ်ဆိုလို့ ဒီပို့စ်အတွက် အချိန်နည်းနည်း ယူပြီး အချက်အလက် ပြန်ရှာခဲ့ရ ကျိုးနပ်ပါတယ်။

    ကိုအောင်သာငယ်က ကျွန်မလည်း ကုလသမဂ္ဂ အတွင်းရေးမှူးအဆင့်ထိ စိတ်ကူးယဉ်လို့ တတ်တယ်ဆိုတာ ပြထားတဲ့ အချက်တွေကိုတော့ ဘာမှ ပြောမသွားဘူး။

    ကိုဧရာရေ ကျွန်မက ဖြစ်ခဲ့တဲ့ ရာဇ၀င်ကိုပဲ သိပြီး အဲဒါ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆိုတာ အခုကိုဧရာ ပြောမှပဲ သိရလို့ ကျေးဇူးတင်ပါတယ်။

    Rita ရေ- ဘာမဆို အရှိန်ကုန်နဲ့ ပြန်ကျတာပဲ ဆိုတဲ့ ရုပဗေဒ နိယာမ တခုရှိတယ်လေ။ ကမ္ဘာကြီး ပျက်ခါနီးမှာ သူလည်း ဗုဒ္ဓဘာသာဝင်ပဲ တမလွန်အတွက် ရိက္ခာလိုမယ်လေ။ အဲဒီအရှိန်က ဒီအချိန်မှု မကျလို့ ဘယ်အချိန်မှာ သွားကျမလဲ။

    ReplyDelete
  10. မနှစ်က အချိန်တခုမှာ Yahoo News ကလားမသိဘူး သတင်းအတိုလေးတစ်ခုကနေ အစပြုပြီး ၂၀၁၂ ideas တွေကို စ သတိထားမိခဲ့တယ်။ ဒါနဲ့ပဲ google ကနေ ရှာဖွေပြီး သတင်းတွေဖတ် Youtube မှာ သူတို့ ပြထားတဲ့ ဗွီဒီယို အတော်များများကိုလည်း လျှောက်ရှာကြည့်မိတယ်။ ဆက်စပ်ပြီး evolution တွေ astronomy နဲ့ ပတ်သက်တာအချို့ကို ဆက်ဖတ်မိတယ်။ ဗုဒ္ဓဘာသာအရ ဘဒ္ဒကမ္ဘာ အတွက် ပြောဆိုယူဆချက်တွေနဲ့ မတိုက်ဆိုင်တာတွေ ရှိတယ်ဆိုတာကိုလည်း သတိထားမိခဲ့တယ်။

    အခုလောလောဆယ်မှာတော့ ၂၀၁၂ ဆိုတဲ့ ရုပ်ရှင်ကားက ထွက်လာခါနီးဆိုတော့ (အလေးအနက် ယုံကြည်လို့မဟုတ်တောင်မှ) စိတ်ဝင်စားစရာ တခုအနေနဲ့ ဆူဆူညံညံ ပိုပြီး ပြောကြဆိုကြ ဖြစ်လာတယ်လို့ ထင်မိပါတယ်။ internet ထဲမှာ count down လုပ်နေကြတဲ့ website အတော်များများလည်း တွေ့တယ်။ လူတွေကတော့ လုပ်စရာရှိတဲ့ ပုံမှန်ဘ၀တွေထဲ လည်ပတ်ဆဲပါလေ။

    စုစည်းတင်ပြထားတဲ့ မငယ်နိုင်ရဲ့ အားထုတ်မှုကို လေးစား ကျေးဇူးတင်ပါတယ်။

    ReplyDelete
  11. တင်ပြပေးတာကျေးဇူးပါ

    ReplyDelete
  12. နောက်ထပ် လာဖတ်သွားကြတဲ့ ကိုအိုးဝေနဲ့ မပန်ဒိုရာနဲ့ အေးမြနှင်းရည်တို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။

    မပန်ဒိုရာ မှတ်ချက်ကို ဖတ်အပြီးမှာ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ စာဖတ်သူတွေအတွက် ပို့စ်မှာ ထပ်ဖြည့်ဖို့ တခုခု လိုလိမ့်မယ်လို့ သတိထားမိတာနဲ့ အောက်က စာနှစ်ပိုဒ်ကို ထပ်ဖြည့်လိုက်ပါတယ်။ တိုက်ရိုက်တော့ မသက်ဆိုင်ပေမယ့်မပန်ဒိုရာကို ကျေးဇူးတင်ပါတယ်။

    ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကိုးအကားတွေက တခြား သာသာဝင်တွေအတွက် အနှစ်သာရ မရှိနိုင်၊ အကျုံးမ၀င်နိုင်လို့ ဘာသာရေးနဲ့ လုံးဝ မသက်ဆိုင်တာကို ကျွန်မနည်းနည်း ထပ်ဖြည့်ချင်ပါတယ်။ ၂၀၁၂ ရုပ်ရှင်ကြော်ငြာကို ကိုအိုးဝေအောင် ဘလောဂ်မှာ ကျွန်မ ကြည့်ဖြစ်ပါတယ်။ တကယ်ဖြစ်ရင် မဖြစ်ခင် ကြိုရှောင်လို့ပဲ ရနိုင်လိမ့်မယ်၊ အဲဒီမှာ ကမ္ဘာကြီးတခုလုံးကို တိုက်မိမှတော့ တိုက်မိတဲ့ရှိန်၊ ပေါက်ကွဲတဲ့ အရှိန်တွေကြောင့် လျှပ်စစ်လှိုင်း လေထုဖိအား၊ ကမ္ဘာမြေကြီးရဲ့ ဆွဲအားတွေ ဆိုရင် ပုံမှန်အတိုင်း ဘယ်လိုမှ မဟုတ်နိုင်တော့လို့ ဒီဗွီဒယိုထဲကလို ဖြစ်တဲ့အချိန်မှ လေယဉ်နဲ့ ထွက်ပြေးလို့ ဘယ်လိုမှ ရနိုင်မယ်မထင်ဘူး။ ပရိတ်သတ် စိတ်ဝင်စားအောင် ရိုက်ပြထားတာပဲ ဖြစ်နိုင်ပါထင်တယ်။ ပြီးတော့ ၂၀၁၂ ဆိုတာ သိပ်ကို နီးနေပါပြီ။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတိုင်းမှာ ရှိတဲ့ အစိုးရတွေက ဒီကိစ္စကို အရေးတကြီးထားပြီး ဘာကြောင့် မဆွေးနွေးနေကြတာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ကမ္ဘာပျက်ဖို့ အခြေအနေကို အမှန်တကယ် တွန်းအားပေးနေတဲ့ သစ်တောပြုန်းတီးမှု၊ ကမ္ဘာပူနွေးလာမှုကြောင့် ၀င်ရိုးစွန်းဒေသ ရေခဲ ပျော်လာမှုနဲ့ ပင်လယ် သမုဒ္ဒရာရေ မြင့်တက်လာမှု၊ သဘာဝတွင်းထွက် စွမ်းအင်တွေက ရတဲ့ လောင်စာတွေကို အတတ်နိုင်ဆုံး ထိန်သိမ်းပြီး ဇိဝလောင်စာ တီတွင်သုံးစွဲမှု စတဲ့ အဝေးကြီးကြာမှ ကမ္ဘာပျက်နိုင်စေတဲ့ အကြောင်းရင်းတွေကို ကာကွယ်ဖို့ပဲ ကမ္ဘာ့ခေါင်းဆောင်တွေက အဓိက ဆွေးနွေးနေကြတယ်။ သိပ္ပံဘာသာ တက်တဲ့ ကျောင်းသားတွေကလည်း Assignment တွေမှာ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမယ် ဆိုတာပဲ Research တွေလုပ်ပြီး ဖေါ်ပြနေရတယ်။ မကြာခင်ဖြစ်မှာ ဖြစ်လာတော့မယ့် နောက်သုံးနှစ်ကြာမှာ ကမ္ဘာပျက်မည့် အကြောင်းအရာကိုတော့ ဘယ်သူမှ ဘာမှ ဆွေးလည်းမဆွေးနွေး အရေးလည်းမထားတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၂ ကိစ္စဟာ ဘာမှ အခြေအမြစ်မရှိတာကို သက်သေပြနေပါတယ်။

    ReplyDelete
  13. တော်တော်များများ..ကမ္ဘာပျက်မှာကိုတောင်စိတ်အေးအေး နဲ့ပြင်ဆင်နိုင်ကြပါလား...။

    ReplyDelete
  14. UN by consensus? may be on the day after tomorrow.. :D

    ReplyDelete
  15. ဖြိုးအောင်November 3, 2009 at 8:15 AM

    အမငယ်နိုင်ရေ
    သေချာလေ့လာပြီးရေးထားတာလေးတွေ ဖတ်ရလို့ ကျေးဇူးပါဗျာ။ အမှတ်တရလေးများဘလော့ဂ်ကတဆင့် မင်းလင်္ကာရဲ့ ပိုစ့်လေးမှာလဲ ၂၀၁၂အကြောင်းလေး ဖတ်လိုက်ရသေးတယ်။
    အပျော်သဘောလျှောက်
    နောက်တဲ့ ကွန်မင့်လေးတွေပေးမိပေမဲ့
    အစကတည်းက ကိုယ့်ကမ္ဘာကြီး ဒီလောက်မြန်မြန်ပျက်လိမ့်
    မယ်လို့ မထင်ခဲ့ပါဘူး။ ပျက်ခဲ့ရင်လဲ မကြောက်ပါဘူးအမရေ..
    ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့ပြီး၊ ပျက်ချိန်တန်ရင် ပျက်ကြရမှာပါပဲ။
    ခုတော့ အကျိုးအကြောင်းပိုသိရတာ
    ပေါ့လေ။ ကျောင်းတဘက်၊ အလုပ်တဘက်နဲ့ သူများတိုင်းပြည်မှာ စိတ်ဖိစီးမှု့တွေကြား တနေ့လုံးနေရတာတွေများ
    တော့ ပေါ့ပေါ့ပါးပါး ကိုယ့်ဗမာ
    တွေကြားမှာ ယဉ်ကျေးစွာ
    စရ၊ နောက်ရတာ ကျွန်တော်ပျော်လာတတ်တယ်
    လေးလေးနက်နက်ဖတ်ရတဲ့
    အမလိုပိုစ့်လေးတွေကို ကြိုက်သလို ပေါ့ပေါ့ပါးပါး ရေးထားတဲ့ အခြားပိုစ့်လေးတွေကိုလဲ ကျွန်တော်တကယ်နှစ်သက်မိပါတယ်ဗျာ။

    ReplyDelete
  16. စာရေးသူရဲ့ရင့်ကျက်မှုတွေကိုတွေ့လိုက်တယ်..
    ဗဟုသုတတွေအများကြီးရသွားလို့ ကျေးဇူးစကားလာပြောတာပါ..

    ReplyDelete
  17. AATO, Anonymous, ဖြိုးဝေနဲ့ Craton တို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။

    AATO ရေ- အခြေအနေတခုကို ရင်ဆိုင်ရမည့် အတူတူ စိုးရိမ်ကြောက်လန့်ပြီး ရင်ဆိုင်ရတာနဲ့ စာရင် စိတ်အေးအေး ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

    Anonymous ရေ အဲဒါကြောင့် ကျွန်မလည်း ကမ္ဘာပျက်ပြီး ပြန်လည်ဖွဲ့စည်းမည့် UN ကိုပဲ ဆိုလိုတာပါ။ အခုလက်ရှိ UN ကတော့ ဗီတိုအာဏာကို ဘယ်တော့မှ ဖျက်သိမ်းမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။

    ဖြိုးအောင်ရေ အစ်မလည်း စာဆိုရင် အတော်များများကို ကြိုက်ပါတယ်။ ကောင်းမကောင်းဆိုတာ ဖတ်သူရဲ့ နှစ်ခြိုက်သဘောကျမှု အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်မကြိုက်တာ ရှိရင်တောင်မှ သူများကြိုက်တာကို လေးစားမှု ပေးဖို့ လိုအပ်ပါတယ်။

    Craton ရေ ဗဟုသုတတွေ ရသွားတယ်ဆိုလို့ ၀မ်းသာပါတယ်။ ဒါပေမယ့် အစ်မက Emotion တွေ Stress တွေ သိပ်များတဲ့သူပါ။ အသက်အရွယ်ကလွဲပြီး စိတ်ဓါတ်က Craton ထင်သလို မရင့်ကျက်သေးပါဘူး။

    ReplyDelete
  18. ညီမရေ အတွေးအခေါ်ကောင်းတွေ နဲ့  တင်ပြချက် ကို အမ လက်ကမ်းကြိုဆိုလိုက်ပါတယ် မြန်မာအမျိုးသမီးတွေ ရဲ့ ထက်မြတ်တဲ့  အတွေးအမြင်ဟာ ဒီအချက်တွေက သက်သေပဲ ညီမ
    အမ အခြားတာဝန်တွေ နဲ့ မအား လို့  ၀င် မရေးနိုင် မပြောနိုင်ပေ မဲ့  ညီမလို ရှင်းလင်းတင်ပြ နိုင်တဲ့ သူတွေ ကို ဂုဏ်ယူပါတယ် ညီမ

    ReplyDelete
  19. စာရေးသူ ရဲ့ ရင့်ကျက်မှူနဲ့စဉ်းစားညာဏ်ကို
    ကို ဒီလို မျိုးမှာတွေ့လိုက်နိုင်တာပါပဲ :) :)

    ReplyDelete
  20. စာရေးသူ ရဲ့ ရင့်ကျက်မှူနဲ့စဉ်းစားညာဏ်ကို
    ကို ဒီလို Post မျိုးမှာတွေ့လိုက်နိုင်တာပါပဲ :) :)

    ReplyDelete
  21. ခရစ်ယန်ဘာသာနဲလဲ 2012 မှာ ကမ္ဘာပျက်မယ်ဆိုတာ ဘာမှမဆိုင်ပါဘူး။ မငယ်နိုင်ရေးသလို ဗုဒ္ဓဘာသာ နောက်ဘုရားပွင့်ပို့ရှိသလို ခရစ်ယန်မှာလဲ Rapture, Jesus Second Coming တို့ရှိပါသေးတယ်။

    That's fundamental christian doctrine but I am not sure what False-christian-theory and Liberal-christian-theory are saying..

    There are many of these false types of denominations in the presence..

    ReplyDelete
  22. ကျွန်မဘလော့ဂ်ကို တခါမှ မရောက်ဖူးပဲနဲ့ အခုလို လာလည်ပြီး အားပေးစကား ပြောသွားတဲ့ ကိုမိုးမောင်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘယ်သူမဆို တယောက်နှင့်တယောက် အကြိုက်ချင်း ထပ်တူ မကျနိုင်တဲ့အတွက် မိမိမကြိုက်တဲ့ စာတွေကိုလည်း တခြားသူတွေ ကြိုက်နေရင် လေးစားမှုပေးတဲ့ အနေနဲ့ ထိခိုက်စေတဲ့ အသုံးအနှုန်းကို ရှောင်သင့်တယ်လို့ ကျွန်မ အကြံပြုချင်ပါတယ်။

    Thanks for ur suggestion.

    ReplyDelete
  23. ကျေးဇူးပါ အမရေ...

    ReplyDelete
  24. This comment has been removed by the author.

    ReplyDelete
  25. ပစ္စုပ္ပန်သည်သာ ပိုင်ဆိုင်သောအရာဖြစ်၏။
    အနာဂတ်တွင် ဖြစ်မည်ပျက်မည်ဆိုသောအရာကို ကြိုတွေးပြီး စိတ်ပျက်နေလည်း မထူး။
    လူသည်ကား သေမျိုးတည်း။
    ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ သေနိုင်သည်။
    သေလျင်ကော အားလုံးပြီးသွားမှာလား။ သံသရာခရီးသည်အဖို့ ဆက်လက်လျှောက်လှမ်းရအုံးမည်။
    သတိစိတ်ဖြင့် ဆင်ခြင်ခြင်းသည် အမှောင်ကို ခွင်းနိုင်သည်။
    အမှန်တရားကို သိမြင်အောင်လုပ်ခြင်းဖြင့် စိတ်နှလုံးအေးချမ်းရာ၏
    မမြဲသောဤ ခန္ဒာသည် အချိန်မရွေး ပျက်စီးနိုင်သည်....

    ReplyDelete
  26. -
    ၂၁-၁၂-၂၀၁၂ -

    ကမ္ဘာပျက်မည်ဆိုသည့် မာယာ ပြက္ခဒိန် နောက်ဆုံးနေ့၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်


    မငယ်နိုင် တင်ပြထားတဲ့ ဒီ ပို့စ် "ကမ္ဘာဖြစ်ခြင်းနှင့် ပျက်ခြင်းအပေါ် သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရား" ဟာ အင်မတန် တန်ဖိုးရှိတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဒီ ပို့စ်မှာ မငယ်နိုင်က တွေးအားကောင်းကောင်း၊ ရေးအားကောင်းကောင်းနဲ့ သိပ္ပံပညာ ရှုထောင့် (ဆင့်ကဲဖြစ်စဉ် ရှုထောင့်) ကရော၊ ဗုဒ္ဓဘာသာ ရှုထောင့်ကပါ သုံးသပ်ပြထားတာ အရမ်း ကောင်းပါတယ်။


    မငယ်နိုင်ရဲ့ ဒီပို့စ် "ကမ္ဘာဖြစ်ခြင်းနှင့် ပျက်ခြင်းအပေါ် သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရား" (October 31, 2009 ရက်မှာ တင်တဲ့ပို့စ်) ကို
    ဒီပို့စ် နဲ့ ဆက်စပ်နေတဲ့ မငယ်နိုင် နောက်ထပ် တင်ထားတဲ့ ပို့စ် တခုနဲ့ တွဲပြီး ဖတ်သင့်ပါတယ်။

    မငယ်နိုင် နောက်ထပ် တင်ထားတဲ့ ပို့စ် - "နောက်နှစ် ဒီဇင်ဘာမှာ တကယ်ပဲ ကမ္ဘာပျက်တော့မလား"
    (June 29, 2011 ရက်မှာ တင်တဲ့ပို့စ်) http://bit.ly/RFbd8r နဲ့ တွဲပြီး ဖတ်သင့်ပါတယ်။

    ReplyDelete
  27. .
    (ခေါင်းစဉ်ကို click လုပ်ပြီး ဖတ်နိုင်ပါတယ်။)


    မငယ်နိုင်ရဲ့ ဒီပို့စ် "ကမ္ဘာဖြစ်ခြင်းနှင့် ပျက်ခြင်းအပေါ် သိပ္ပံအထောက်အထားနဲ့ ဗုဒ္ဓတရား" နဲ့ ဆက်စပ်နေတဲ့
    မငယ်နိုင် နောက်ထပ် တင်ထားတဲ့ ပို့စ် - "နောက်နှစ် ဒီဇင်ဘာမှာ တကယ်ပဲ ကမ္ဘာပျက်တော့မလား" http://bit.ly/RFbd8r

    ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။

    ReplyDelete
  28. .
    (ခေါင်းစဉ်ကို click လိုက်ရင်
    မငယ်နိုင် ရဲ့ "နောက်နှစ် (၂၀၁၂ ခုနှစ်)၊ ဒီဇင်ဘာမှာ တကယ်ပဲ ကမ္ဘာပျက်တော့မလား" ပို့စ်
    http://bit.ly/RFbd8r ကို ရောက်သွားမှာ ဖြစ်ပါတယ်။)


    အဲဒီ "ဒီဇင်ဘာမှာ တကယ်ပဲ ကမ္ဘာပျက်မလား" ပို့စ် အောက်က Comments မှာ ပို့စ် နဲ့ ပတ်သက်ပြီး
    မှတ်ချက်ပေးသူ "ဂရမ်မာကြာရွက်" က
    ၁-၇-၂၀၁၁ ရက်နေ့က ရှင်းပြထားတဲ့ အချက်အလက်အမှန် တချို့ကို ပြန်ကူးပြီး အောက်မှာ တင်ပေးလိုက်ပါတယ်။


    ဂရမ်မာကြာရွက် said...
    (July 1, 2011 11:10 AM)


    မငယ်နိုင်

    မနေ့ (၃၀-၆-၂၀၁၁ ရက်) က ဟေလီကြယ်တံခွန် အကြောင်း ကွန်မန့် ရေးပြီး အချိန်မရလို့ ပို့စ်နဲ့ ပတ်သက်ပြီး အချက်အလက် အမှန်တွေကို မရေးဖြစ်လိုက်ဘူး။
    ပို့စ် နဲ့ပတ်သက်ပြီး အချက်အလက် အမှန်တွေကို ပြောပြပါရစေ။


    နောက်နှစ် ဒီဇင်ဘာမှာ တကယ်ပဲ ကမ္ဘာပျက်တော့မလား။

    နောက်နှစ် ဒီဇင်ဘာ (၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ) ၂၁ ရက်နေ့မှာ ကမ္ဘာပျက်မှာ မဟုတ်ပါဘူး။
    ၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ် ......... တွေမှာလည်း ကမ္ဘာပျက်မှာ မဟုတ်ပါဘူး။


    အခုတော့ Planet Nibiru နဲ့ ပတ်သက်ပြီး myanmar astronomy က တင်ထားတဲ့ ပို့စ်ကို ကိုကိုးအိမ်က ပြန်လည်ဖေါ်ပြထားတာကို တွေ့လို့ ဖတ်မိတော့ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ စိတ်ဝင်စားရတဲ့ အကြောင်းကတော့ ဒီပို့စ်ကို တင်တဲ့ကာလနဲ့ အခုလက်ရှိ ကာလကြား
    ကမ္ဘာကြီးမှာ ဖြစ်ပျက်သွားတဲ့ Planet Nibiru နဲ့ပတ်သက်ပြီး ပြောထားတဲ့အတိုင်း ငလျှင်လှုပ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်ခြင်းတွေကို ကမ္ဘာ့ဒေသ အတော်များများမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

    Planet Nibiru ကြောင့် ဖြစ်တာ မဟုတ်ပါ။ တခြားအကြောင်းတွေကြောင့် ဖြစ်တာပါ။


    ဒါတကယ်ပဲ ဖြစ်လာမလား ဖြစ်လာနိုင်မနိုင်ကို ဘယ်သူက ဘယ်လို အတိအကျ ပြောနိုင်မလဲ။

    ဒါ တကယ်ပဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဖြစ်လာမှာ မဟုတ်ပါဘူး ဆိုတာကို အာကာသသိပ္ပံပညာရှင်တွေက အတိအကျ ပြောထားပါတယ်။
    ဘာဖြစ်လို့ ဖြစ်လာမှာ မဟုတ်သလဲ ဆိုတော့ Planet Nibiru ဆိုတဲ့ ဂြိုဟ်ဟာ တကယ် မရှိလို့ပါ။


    ၂၀၁၂ ကူးမည့် အခုလာမည့် New Year က Happy New Year ဖြစ်မလား Uncertain New Year ဖြစ်မလား ဆိုတာ တကယ်ကို တွေးတောဆင်ခြင်ဖို့ လိုနေတာ အမှန်ပဲ။

    ၂၀၁၂ ကူးမည့် အခုလာမည့် နှစ်သစ်က ခါတိုင်း နှစ်သစ်တွေလိုပါပဲ။ မသေချာ မရေရာတဲ့ နှစ်သစ် ဖြစ်မလားလို့ တွေးတော ဆင်ခြင်စရာ မလိုပါဘူး။

    Planet Nibiru ဒါမှမဟုတ် တခြားဂြိုဟ် တခုခု ဒါမှမဟုတ် ဥက္ကာပျံ တခုခုက ကမ္ဘာကို ဝင်တိုက်မယ် ဒါမှမဟုတ် ကမ္ဘာနားက ဖြတ်သွားလို့ ကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်မယ် ဆိုတဲ့ အချက်ကို အာကာသသိပ္ပံပညာရှင်တွေက သိပ္ပံနည်းကျ အထောက်အထား မရှိတဲ့အတွက် ပယ်ချထားပြီးပါပြီ။

    အာကာသအကြောင်းကို အင်မတန် အားကောင်းတဲ့ အာကာသကြည့်မှန်ပြောင်းကြီးတွေနဲ့ လက်တွေ့ မျက်ခြေမပြတ် ထောက်လှမ်းနေတဲ့၊ စာတွေ့ လေ့လာဆွေးနွေး နေတဲ့ အာကာသသိပ္ပံပညာရှင် အများစုက "၂ဝ၁၂ ခုနှစ်မှာ Planet Nibiru ဒါမှမဟုတ် တခြားဂြိုဟ် တခုခု ဒါမှမဟုတ် ဥက္ကာပျံ တခုခုက ကမ္ဘာကို ဝင်တိုက်မယ် ဒါမှမဟုတ် ကမ္ဘာနားက ဖြတ်သွားလို့ ကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေ ကျရောက်မယ်" ဆိုတဲ့ အချက်ကို ကြားတောင် မကြားဖူးကြပါဘူး။

    http://bit.ly/RFbd8r

    ReplyDelete
  29. .
    December 20, 2012

    "ရှေးခေတ် မာယာလူမျိုးတို့၏ ပြက္ခဒိန်အရ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာကြီးပျက်စီးသွားမည်" ဟူသော ကောလဟလများမှာ အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်တွင်းရှိ ခရိုင်အများအပြားတွင် ပြန့်နှံ့နေသည်ဟု ဆိုသည်။

    ကမ္ဘာပျက်မည့်နေ့ ကောလာဟလများကြောင့် အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်ရှိ ကျောင်း ၃၃ ကျောင်းကို ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပုံမှန်ကျောင်းပိတ်အားလပ်ရက်များထက် ၂ ရက်စော၍ ပိတ်လိုက်ကြောင်း NBC News တွင် ဖော်ပြသည်။

    ထို့အပြင် မကြာသေးမီက နယူးတောင်း မူလတန်ကျောင်း ပစ်ခတ်မှုအတွင်း ကလေးငယ် ၂၀ ဦးအထိ သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကြောင့်လည်း "၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ကမ္ဘာပျက်ကိန်း" အပေါ် မိဘနှင့် ကျောင်းသူကျောင်းသားများ အနေဖြင့် ပိုမို စိုးရိမ်ကြောက်ရွံ့နေခြင်းဖြစ်ကြောင်း မီချီဂန်ပြည်နယ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    (Planet News)

    ReplyDelete
  30. .
    ဒေါ်ခင်မျိုးသက်

    30.12.2012


    သင်္ချာနဲ့ နက္ခတ္တဗေဒ ပညာရပ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ ကျော် သမိုင်းဦးခေတ် ကတည်းက ပိုင်ပိုင်နိုင်နိုင် လေ့လာနိုင်ခဲ့တဲ့ လူမျိုး တမျိုး ရှိပါတယ်။ သူတို့ကတော့ အမေရိကတိုက် အလယ်ပိုင်းဒေသမှာ တွေ့ရတဲ့ မာယာလူမျိုးတွေပါ။ အလယ်ပိုင်း အမေရိကတိုက်မှာ ရှိတဲ့ မက်ဆီကို၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်လို နိုင်ငံတလွှားမှာတွေ့ရတဲ့ မာယာတွေ ရဲ့ ရှေးဟောင်း လက်ရာတွေနဲ့ သူတို့ရဲ့စာပေတွေကနေ မာယာယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ခေတ်ကို အံ့မခန်း တွေ့ခဲ့ကြတာပါ။

    ဒီအထဲမှာ သူတို့ရဲ့ပြက္ခဒိန်က ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၃၁၁၄ နှစ်၊ သြဂုတ်လ ၁၃ ရက် မှာ စခဲ့တာမို့ သုတေသန ပညာရှင်တွေကို အံ့သြစေခဲ့သလို ခရစ်နှစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ အထိပဲ ရေတွက်ထားတဲ့ ဒီပြက္ခဒိန်က အံ့သြစရာ အပြည့်ပေးနိုင်တဲ့ ဒီလူမျိုးတွေ ကမ္ဘာကြီး ပျက်သုဉ်းမယ့်နေ့ကိုများ ကြိုပြောခဲ့လေသလားလို့ တွေးခဲ့ကြတာပါ။

    အမေရိကန်ပြည်ထောင်စု၊ Illinois ပြည်နယ်၊ Spoon River ကျောင်းက နက္ခတ္တဗေဒဌာန ပါမောက္ခ ဒေါက်တာ ၀င်းသာထွေးကတော့ ဒါကို လက်မခံပါဘူး။


    ဒေါက်တာ ၀င်းသာထွေး - “၂၀၀၅ ခုနှစ်လောက်ကတည်းက စပြီးတော့ သူတို့ ပြောနေကြတာပါ။ ဒါကတော့ fiction တွေ၊ စိတ်ကူးယဉ်တာတွေပေါ့။ ဒီအချိန်မှာ ကမ္ဘာကြီး ပျက်မယ် ဆိုပြီး ပြောနေကြတာ။

    ဒါက မဟုတ်ပါဘူး။ တကယ်ဆို မာယာတွေက ဒီနေ့ကို ပျက်မယ်လို့ အတိအကျ ပြောမသွားပါဘူး။ သူတို့တွေ တွက်ထား၊ လုပ်ထားတဲ့ Calendar က ဒီဖင်ဘာ ၂၁ ရက်နေ့မှာ ဆုံးတာကိုး။ ဆုံးတာနဲ့ ကျန်တဲ့လူတွေက ဒီနေ့မှာပဲ ကမ္ဘာပျက်မယ့် ပုံစံပြောတာ။ အမှန်က မဟုတ်ပါဘူး။”

    ReplyDelete


  31. VOA - မာယာတွေ တင်မကဘဲ တခြားသူတွေကပါ ပြောသေးတယ် မဟုတ်လားဆရာ၊ အဲဒီနေ့ ကမ္ဘာကြီး ပျက်မယ်လို့။

    ဒေါက်တာ ၀င်းသာထွေး - “Nostradamus ကလည်းပြောတယ်။ တရုတ်ပြည်က ချင်းရယ်ချောင်း ဆိုတာကလည်း သူတို့ တွက်ချက်တာတွေကလည်း ၂၀၁၂ခုနှစ် မှာ ကမ္ဘာကြီး ပျက်မယ်ပေါ့။ အဲဒီလို ပြောကြတာပဲ။ ဒါပေမယ့် ဒါတွေက ဘာအထောက်အထားမှ မရှိပါဘူး။ ကမ္ဘာပျက်ဖို့ အထောက်အထား မရှိပါဘူး။”


    VOA - ဒီလိုပြောရတဲ့ အကြောင်းရင်းတော့ ရှိမယ်ထင်တယ် ဆရာ။ အဲဒါ ဂြိုဟ် နက္ခတ်တွေနဲ့များ ဆိုင်သလား။ ပြောပြပေးပါ ဆရာ။

    ဒေါက်တာ ၀င်းသာထွေး - “ကျနော့်အနေနဲ့ ပြောရရင်တော့ ဂြိုဟ်၊ နက္ခတ်က ဒီဇင်ဘာ ၂၁ ရက်နေ့ကို ကြည့်လိုက်လို့ ရှိရင် ကောင်းကင်မှာ တောရပ်စ် လို့ခေါ်တဲ့ နက္ခတ်မှာ ကြည့်လိုက်လို့ရှိရင် အဲဒီမှာ ဂျူပီတာ ဆိုတဲ့ ကြာသပတေး ဂြိုဟ်ကြီး ရှိနေတယ်။ တခြား ဂြိုဟ်တွေက နေ့လည်ဘက်မှာ ဆိုရင်တော့ တခြားဂြိုဟ်ဆို စနေဂြိုဟ်ရယ်၊ သောကြာဂြိုဟ်ရယ်၊ နောက် မာကျူရီ လို့ခေါ်တဲ့ ဗုဒ္ဓဟူး ဂြိုဟ်ရယ်၊ ဒါတွေပဲ ရှိနေတယ်။ ကျန်တဲ့ ဂြိုဟ်တွေ တတန်းထဲဖြစ်နေတာ (Line up) ဖြစ်နေတာတော့ မရှိဘူး။ ဒါပေမယ့် တတန်းတည်း ဖြစ်နေတာမျိုးတော့ ရှိခဲ့ဖူးတာပေါ့လေ။ ၁၉၆၂ ခုနှစ်တုန်းက တခါ lineup ဖြစ်ခဲ့တယ်။ ၁၉၇၂ ခုက တခါ ဂြိုဟ်တွေ တတန်းတည်း ဖြစ်ခဲ့ဖူးတယ်။ ၁၉၈၂ ခု နောက်ပြီးတော့ ၂၀၀၀ ။ အဲဒီအခါတွေတုန်းကလည်း ကျနော်တို့မှာ ဘာမှ ပြဿနာ မရှိခဲ့ဖူးပါဘူး။

    တခုပဲရှိတာက- လူတွေက ဘယ်လို ထင်သလဲ ဆိုတော့ ဂြိုဟ်တွေ၊ နေတွေ၊ လတွေ တတန်းတည်း တန်းနေမယ်။ ပြီးတော့ နေနဲ့ ကမ္ဘာနဲ့ ဂြိုဟ်တွေနဲ့ နောက်ပြီး- စင်္ကြာဝဠာ- ကျနော်တို့ရဲ့ နဂါးငွေ့တန်း ကြီးနဲ့က တတန်းတည်း ဖြစ်နေမယ်၊ အဲဒီအခါကျလို့ ရှိရင် ကျနော်တို့ရဲ့ ကမ္ဘာဆွဲအားတွေက များလာပြီးတော့ ကမ္ဘာပဲပျက်မယ် ဆိုပြီးတော့ ပြောကြတာ။ ၂၁ ရက် ဒါမှမဟုတ် ၂၂ ရက် ဒီဇင်ဘာလ ဆိုရင် ကျနော်တို့ နေက ဒက္ခိဏ ယဉ်စွန်းတန်းလို့ခေါ်တဲ့ တောင်ဘက် အစွန်ဆုံးကို ရောက်တာကိုး။ အင်္ဂလိပ်လိုတော့ Winter Solstice လို့ ခေါ်တယ်။ အဲဒါကတော့ နေက နှစ်စဉ် တန်းနေကျပဲ။ အဲတော့ ဒီနှစ်မှ ပိုပြီး ထူးခြားပြီးတော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။”


    VOA - ဂြိုဟ်တွေ ဒီလို တတန်းထဲ ဖြစ်သွားလို့ ဆွဲအား ပြောင်းသွားမယ်ဆိုတာ တခုတည်းပေါ်မှာ မူတည်ပြီး တော့ပဲ ပြောတာလား ဆရာ၊ တချို့ကတော့ ဒီနေ့မှာပဲ ကမ္ဘာကြီးက အမှောင် ကျသွားမယ်လို့ပါ ပြောနေတာကရော။

    ဒေါက်တာ ၀င်းသာထွေး - “အမှောင်ကျသွားဖို့ကလည်း ကျနော်တို့ ရဲ့နေက အခု သက်တမ်းကပဲ နှစ်သန်းပေါင်း ၄,၅၀၀ ရှိနေပြီ နောက်ထပ် နှစ်သန်းပေါင်း ငါးထောင်လောက် သွားအုံးမှာပဲ။ ဒါပေမယ့်လို့ တနေ့ ကျရင်တော့ ကျနော်တို့ နေကြီးက ကြီးမားတဲ့ အနီရောင်နေကြီး အကြီးကြီး ဖြစ်လာပြီးတော့ တချို့က ပေါက်ကွဲမယ်လို့လည်း ထင်တယ်။ ဒါပေမယ့် မပေါက်ကွဲပါဘူး။ တဖြည်းဖြည်းကြီး လာပြီးတော့ energy တွေ စွမ်းအင်တွေ ကုန်ဆုံးသွားပြီး ပြန်ကျုံ့သွားပြီး white dwarf ပြန်ဖြစ်သွားအုံးမှာပဲ။ အဖြူရောင် နေမှိန်ကလေး တခု ပြန်ဖြစ်သွားအုံးမှာပဲ။”


    ReplyDelete
  32. .
    VOA - နောက် မမြင်ရတဲ့ ဂြိုဟ်တခုက လာပြီးတိုက်မှာမို့ ကမ္ဘာပျက်မှာ လို့လည်း ပြောနေတာရှိပါတယ် ဆရာ။

    ဒေါက်တာ ၀င်းသာထွေး - “ဒါက စိတ်ကူးယဉ်ပြီး ပြောနေကြတာပေါ့လေ။ fiction ထဲမှာပါတဲ့ "Nibiru" ဆိုတဲ့ X planet လို့လည်း ခေါ်တယ်။ ဒါဟာ ဆယ်ခုမြောက် ဂြိုဟ်လို့လည်း တချို့ပြောတယ်။ တချို့ကျတော့ ၁၂ ခုမြောက် ဂြိုဟ် လို့ ပြောတယ်။ အဲဒါကြီးက တခြား ဂြိုဟ်တွေရဲ့ ပတ်လမ်းထဲမှာ မရှိဘဲ ကမ္ဘာရဲ့တောင်ဘက် အောက်ဖက်ကို ကြည့်မှ မြင်ရတယ်ပေါ့လေ။ အဲဒီဂြိုဟ်က မကြာခင်မှာပဲ နေနားကို ကပ်လာပြီးတော့ ကမ္ဘာကို တိုက်မယ်ပေါ့။ အဲဒါမျိုးတွေ ပြောကြတာပေါ့လေ။

    အမှန်ကတော့ အဲဒီ "Nibiru" ဆိုတဲ့ X planet ဂြိုဟ်လည်း မရှိပါဘူး။ နောက်တခုက ကျနော်တို့ အလွန်ဆုံးပြောရရင် တွေ့တာက Eris (အဲရစ်) ဆိုတဲ့ ဂြိုဟ်မွှားလေးတခုပဲ ရှိတယ်။ အဲဒါလေးကလည်း အင်္ဂါဂြိုဟ် နဲ့ ကြာသပတေးဂြိုဟ် ကြားမှာရှိတဲ့ ဥက္ကာပျံ ခါးပတ်ကြီးထဲမှာရှိတာ။ အဲဒါကလည်း ကမ္ဘာဘက်ကို ဦးတည်မနေပါဘူး။”


    VOA - ..ဆိုတော့ ၂၁ ရက်နေ့မှာ ကမ္ဘာကြီး ပျက်မယ်လို့ ခန့်မှန်းကြတာက သူတို့ အခြေခံပြီး ပြောတဲ့အကြောင်းက ဘာလို့ ထင်ပါလဲ ဆရာ။

    ဒေါက်တာ ၀င်းသာထွေး - “ကျနော်တို့ သိပံ္ပပညာရှင်တွေဘက်ကနေ ကြည့်မယ်ဆိုရင်တော့ သူတို့ ဘာကြောင့် ပြောတယ်ဆိုတာ မပြောနိုင်ဘူးပေါ့လေ။ ဒါပေမယ့် တခုပဲရှိတာက- အခုန ပြောသလိုပဲ မာယာ Calendar က ၂၁ ရက်နေ့ မှာ သူတို့ သတ်မှတ်ထားတဲ့၊ သူတို့ဆွဲထားတဲ့ Calendar ကြီးက ဆုံးတာကိုး။ အဲဒီဆုံးတာကိုပဲ လူတွေက ကမ္ဘာပဲ ဆုံးမယ့်ပုံ၊ ကမ္ဘာပဲ ပျက်တော့မယ့် ပုံစံ မျိုး ပြောကြတာ။ သူတို့တွေ ဆွဲခဲ့တဲ့ Calendar က ကျနော်တို့ဆီမှာလည်း ရှိတယ် မဟုတ်လား။ နှစ်တထောင် Calendar ပြက္ခဒိန် ရှိတယ် မဟုတ်လား။ အဲဒီ နှစ်တထောင် ပြက္ခဒိန် Calendar ဆုံးသွားပေမယ့် ကမ္ဘာဆုံးသွားမယ်လို့ ပြောတာမှ မဟုတ်တာ။”



    VOA - အမေရိကန်ပြည်ထောင်စု၊ Illinois ပြည်နယ်၊ Spoon River ကျောင်းက နက္ခတ္တဗေဒဌာန ပါမောက္ခ ဒေါက်တာ ၀င်းသာထွေး ရှင်းပြသွားတာပါ။

    ReplyDelete
  33. .
    မာယာတွေဟာ ပြက္ခဒိန် ၃ မျိုးကို ရေးဆွဲခဲ့တယ်လို့ Virginia ပြည်နယ် Longwood တက္ကသိုလ်က ရှေးဟောင်း မာယာလူမျိုးဆိုင်ရာ ကျွမ်းကျင်သူ Walter Witschey က ပြောပါတယ်။

    (1) Tzolkin လို့ ခေါ်တဲ့ ဘာသာရေး အခန်းအနားတွေအတွက် ရည်ရွယ်တဲ့ ရက်ပေါင်း ၂၆၀ သတ်မှတ်ထားတဲ့ ပြက္ခဒိန်၊

    (2) နောက် လက်ရှိ ကမ္ဘာသုံးပြက္ခဒိန်လို ရက်ပေါင်း ၃၆၅ ရက် ပါပေမယ့် ၄ နှစ်တကြိမ် ဖေဖော်ဝါရီလမှာ တရက် တိုးတာမျိုး ရက်ထပ်ရက် မရှိတဲ့ Haab လို့ ခေါ်တဲ့ ပြက္ခဒိန်အပြင်

    (3) နှစ်ပေါင်းများစွာကို ရေတွက်ထားတဲ့ ပြက္ခဒိန် အရှည်ကြီးပါ။ ဒီပြက္ခဒိန်အရှည်ကြီးမှာ နှစ်ပေါင်း ၅,၁၂၆ နှစ်ပါပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဆုံးပါတယ်။

    မာယာတွေဟာ ရက်ပေါင်း ၂၀ အတွက် သူတို့ရဲ့ ရုပ်ပုံစာနဲ့ ကိန်းဂဏန်းတွေ သတ်မှတ် ထားပြီး ၂၀ ပြည့်ရင် အစက်တစက်နဲ့ခြားပြီး အဲဒီ ၂၀ ကို တစ်ခုအဖြစ် ပြန်ရေတွက်ပါတယ်။ အဲဒီလို ကန့်ထားတဲ့ အစက်ပေါင်း ၄ စက် ရှိပြီး ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ် မှာတော့ ရေတွက်ထားတဲ့ ရက်ပေါင်း ၁၃.၀.၀.၀.၀ ရှိနေပါတယ်။

    ဒီဇင်ဘာ ၂၂ ရက်နေ့ ဆိုရင်တော့ ၁၃.၀.၀.၀.၁ အဖြစ် ရေတွက်ဖို့ ရှိပြီး အဲဒီအချိန်မှာ ကမ္ဘာပျက်မယ်လို့ ရေးထားတာကိုတော့ မတွေ့ရသေးဘဲ သူတို့ဟာ နောင် နှစ်ပေါင်း သန်းနဲ့ချီပြီး ဆက်ရေတွက်ဖို့ ရှိနေသေးတယ်လို့ ခန့်မှန်းထားတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပံ္ပနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါစေ။

    (VOA)


    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။