Pages

ABSDF ၂၁ နှစ်မြောက်အမှတ်တရ

လွန်ခဲ့တဲ့ ၂၁ နှစ် ABSDF ကို မွေးဖွားပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ ညီလာခံကို အောင်မြင်စွာ ပြီးဆုံးသွားတဲ့ အခုလို နေ့ရက် အခါသမယမှာ ABSDF ဆိုတဲ့ ဝေါဟာရကို စပြီးကြားသိခဲ့ရပုံကို တွေးမိကာ စိတ်ကူးနဲ့ အတိတ်ကာလဆီကို ကျွန်မ ခဏလောက် ပြန်ပြီး အလည်သွားကြည့်ပါတယ်။ လွန်ခဲ့တဲ့ ၂၁ နှစ် အခုလို အချိန်အခါက ကရင်အမျိုးသား အစည်းအရုံး KNU ကော့မူးရာ စခန်းမှာ ကျင်းပတဲ့ မြန်မာပြည်အနှံ့ အပြား က နယ်စပ်ဒေသ အသီးသီးရောက် ကျောင်းသားများ ညီလာခံက ABSDF ကို စတင် မွေးဖွားခဲ့ပါတယ်။ ABSDF ရဲ့ ပထမအကြီမ် ညီလာခံကြီးကို နိုဝင်ဘာလ (၁) ရက်နေ့ကနေ (၅) ရက်နေ့အထိ ကျင်းပခဲ့ပြီး ညီလာခံစတဲ့နေ့ (၁) ရက်နေ့ကို မကဒတ (ABSDF) နေ့လို့ သတ်မှတ်ခဲ့ပါတယ်။ သို့ကျွေန်မက ညီလာခံကြီးကို စတဲ့နေ့ထက် အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့နေ့ကို ပိုပြီး သဘောကျလို့ ABSDF ၂၁ ကြိမ်မြောက် အမှတ်တရပို့စ်ကို ဒီနေ့ နိုဝင်ဘာလ (၅) ရက်နေ့မှာမှ တင်လိုက်ပါတယ်။

၁၉၈၈ ခု စက်တင်ဘာလ (၁၈) ရက်မှာ ဒီမိုကရေစီ တောင်းဆိုသူတွေကို စစ်တပ်က ပစ်ခတ်နှိမ်နှင်းကာ အာဏာသိမ်းပြီး နောက်ပိုင်း ဒီမိုကရေစီအတွက် လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နီးစပ်ရာ တောတွင်း လူမျိုးစု လက်နက်ကိုင် အင်အားစုတွေ ရှိတဲ့နေရာကို ထွက်ခွာလာခဲ့တဲ့ ကျွန်မတို့တတွေ အားလုံးမှာ ညီလာခံ မပြီးခင်အချိန်ထိ တိကျတဲ့ အဖွဲ့အစည်း ဟူ၍ မရှိသေးဘဲ မိမိတို့ ရောက်ရှိတဲ့ ဒေသက လူမျိုးစုတွေ ပေးတဲ့ နေရာမှာနေကာ တိုက်ပွဲအတွက် ပြင်ဆင်တဲ့ သင်တန်းတွေကို တက်ကာ တော်လှန်ရေးဘ၀ကို လူမျိုးစုတွေဆီက သင်ယူလေ့လာနေဆဲ ကာလဖြစ်ပါတယ်။ ညီလာခံ လုပ်တဲ့အချိန်မှာ အန္ဒိယ နယ်စပ်ရောက် ကျောင်းသားများက သီးခြားပြောက်ကျား တပ်ဦးတခုကို ဖွဲ့ထားပြီးသားမို့ မပါဝင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ (၂၁) နှစ် ဒီနေ့မှာ ပြီးတဲ့ ညီလာခံမှာ ကရင်နယ်မြေရောက် ကိုယ်စားလှယ်တွေနဲ့ မွန်နယ်မြေရောက် ကိုယ်စားလှယ်တွေ အများစုဖြစ်ပြီး ကျန်တဲ့ ဘင်္ဂလားဒေရှ်၊ တရုတ်၊ အန္ဒိယ နယ်စပ်ရောက် ကျောင်းသားတွေအတွက် တပ်ရင်း နံပတ်တွေကို သတ်မှတ်ပြီး ABSDF ကို ကျောင်းသားတပ်မတော် တခုအနေနဲ့ အခိုင်အမာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဒီအချိန်မှာ ကျွန်မတို့ မင်းသမီးစခန်းက ရဲဘော်တွေ အများစုက ကရင်ဆီမှာ တက်ထားတဲ့ စစ်သင်တန်းပြီးနေကြပြီ ဖြစ်ပြီး တချို့က စစ်သင်တန်း၊ ဆက်သွယ်ရေးနဲ့ ကြားဖြတ်သင်တန်း၊ ဆေးသင်တန်းတွေကို တက်နေဆဲ ကာလဖြစ်တယ်။ တောတွင်း ရောက်ရောက်ချင်း ကျွန်မတို့မှာ ဘာအဖွဲ့အစည်းမှ မရှိသေးပဲ မြို့နယ်အလိုက် ပြည်တွင်း သမဂ္ဂမှာတုန်းက ဖွဲ့စည်းပုံအတိုင်းပဲ သူ့မြို့နယ်နဲ့သူ သူ့အစုနဲ့သူ အစုအဖွဲ့လိုက် ရှိနေကြပြီးအားလုံးအတွက် နေရာထိုင်ခင်း စားရေးသောက်ရေးတွေကို ကရင်ကပဲ အစစအရာရာ တာဝန်ယူနေရတဲ့အချိန်၊ ငပိရည်နဲ့ ငှက်ပျောအူ နှစ်ပါးသွား နေရတဲ့အချိန် ဖြစ်တယ်။ မြို့ထဲကနေ အုပ်လိုက်သင်းလိုက်ကနေ နှစ်ယောက်သုံးယောက် တအုပ်စု တဖွဲဖွဲ ရောက်ရှိလာတဲ့ ကျောင်းသားတွေကို ရှေ့တန်း၊ တပ်ခွဲ စတဲ့ တထောက်နားတဲ့ နေရာတိုင်းမှာ နေစရာ စားစရာတွေ စီစဉ်ပေးကာ ခရိုင်ရောက်အောင် တောက်လျှောက်က် KNU တပ်တွေက တဆင့်ဆင့် ပို့ပေးခဲ့ပါတယ်။ ခရိုင်ရောက်တော့ စခန်းနေရာတွေ သတ်မှတ်ပေးပြီး ကရင်ကပေးတဲ့ သက်ဆိုင်ရာ သင်တန်းတွေတက်ပြီး နေနေကြပါတယ်။ ဒီလိုပဲ တဖွဲဖွဲ ရောက်လာနေကြတာ ကျွန်မတို့ စခန်းမှာတော့ ညီလာခံလုပ်နေတဲ့ အချိန်ထိပါပဲ။ တဖွဲ့ရောက်လာတိုင်း မြို့ထဲကနောက်ဆုံး ကြားသိရတဲ့ အခြေအနေတွေ မေးကြ၊ မြန်းကြတော့ ဘယ်သူကတော့ မိသွားတယ်၊ ဘယ်သူကတော့ သူ့အဖေ တိုက်တွန်းတာနဲ့ သွားအဖမ်းခံပြီး ၀န်ခံကတိလက်မှတ် ထိုးလိုက်တယ် စသည်ဖြင့် သမဂဂ္ဂမှာ လုပ်ခဲ့တဲ့ တချို့သူတွေအကြောင်းကို ကြားသိရပြီး ရှေ့လုပ်ငန်းစဉ်တွေ အတွက်တော့ ညီလာခံက ပြန်လာမည့် ကိုယ်စားလှယ်တွေကို မျှော်လင့်နေကြပါတယ်။

ညီလာခံ ကျင်းပနေချိန်မှာ ကျွန်မတို့ မင်းသမီးစခန်းက ရဲဘော်အများစုက ကျောင်းသားတွေအတွက် သတ်မှတ်ပေးထားတဲ့ ခရိုင်မြို့ကနေ မင်းသမီးချောင်းကို ဖြတ်ပြီး မိနှစ် ၄၀ခန့် တောနင်း လမ်းလျှောက်သွားမှ ရောက်တဲ့ မောင်တော်စခန်းမှာ ရှိနေကြပါတယ်။ အဲဒီမှာ KNU ပေးတဲ့ သင်တန်းတချို့ကို တက်ရင်း၊ စခန်းတည်ဆောက်ရင်းနှင့် ညီလာခံ ကိုယ်စားလှယ်တွေ ပြန်လာရင် ပါလာမည့် ရှေ့လုပ်ငန်းစဉ်တွေကို စောင့်ဆိုင်းနေကြပါတယ်။ တချို့ကတော့ KNU ခရိုင်စစ်ဌာနချုပ် ရှိတဲ့ ထီးခီးမှာ ကြားဖြတ်နဲ့ ဆက်သွယ်ရေး သင်တန်းကို တက်နေကြတယ်။ ကျွန်မတို့က ဆေးအဖွဲ့ကတော့ ခရိုင်ဆေးတပ်က ပေးတဲ့ ဆေးသင်တန်းကို ခရိုင်ဆေးရုံရှိတဲ့ ထီးထာမှာ တခြားကရင် သင်တန်းသားတွေနဲ့အတူ သင်တန်း စည်းကမ်း အတိအကျနဲ့ တက်နေရပါတယ်။ ကျွန်မတို့ ကျောင်းသားစခန်းကို ပြန်လည်ချင်ရင် စနေ၊ တနင်္ဂနွေပိတ်ရက် (သို့) ကျောင်းသားစခန်းမှာ အထူးအစီစဉ် တခုခုလုပ်စရာ ရှိမှ ခွင့်နဲ့ သွားရပါတယ်။ ကရင်တွေဆီက လူနာစောင့်ရှောက်ပုံ၊ ဆေးကုပုံ၊ ဆေးရုံမှာ အလှည့်ကျ လုပ်ငန်းလည်ပတ်ပုံ အားလုံးသင်ခဲ့ရပါတယ်။ ကရင်ဆေးတပ်က သင်တန်းဆရာတွေကလည်း သိပ်ကို စေတနာထက်သန်တော့ သင်တန်းကာလမှာ ကရင်တွေဆီက ကျွန်မတို့ ပညာတွေ အများကြီးရခဲ့ပါတယ်။

ဒီသင်တန်းမှာ အများစုက ကျွန်မတို့ ကျောင်းသားစခန်းက လာသူတွေဖြစ်ပြီး ကရင်သင်တန်းသားတွေလည်း အနည်းငယ် ပါပါတယ်။ သင်တန်းမှာ ယောက်ျားလေးတွေ အထဲက တနေ့ကိုတယောက် တာဝန်မှူး အလှည့်ကျ ယူရပြီး ဆေးရုံဂျူတီ (သို့) စာသင်ချိန်နဲ့ မဆိုင်တဲ့ တခြား နေ့တဓူဝ အလုပ်တွေ ပုံမှန် လည်ပတ်ပြီးစီးဖို့ စီမံကွပ်ကဲရပါတယ်။ ကရင်ဆီမှာ သင်တန်းတက်တော့ တန်းစီချိန် အမိန့်ပေးတာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ အားလုံးကို ကရင်လိုနဲ့ပဲ သုံးပါတယ်။ ဥပမာ - ရှေ့ကြည့်ကို မယ်ညား သတိကို ပါသား၊ သက်သာကို အိုညား၊ အေးစေကို အိုမူ ဆိုပြီး စစ်သုံး ဝေါဟာရတွေကို ကရင်လိုတွေနဲ့ပဲ သုံးရပါတယ်။ ဒါကို အကျင့်ပါသွားလို့ တခါတလေ ကိုယ့်ကျောင်းသားစခန်းမှာ တခုခုလုပ်ဖို့ သွားရင် အလံတိုင် အလေးပြုချိန်မှာ မြန်မာလိုနဲ့ အမိန့်ပေးတာကို ကျွန်မတို့ ဆေးအဖွဲ့သားတွေက လိုက်လုပ်လို့ မတတ်ပဲ ယောင်နေတယ်။ ဒါကြောင့်မို့ နောက်ပိုင်းတော့ တန်းမစီခင် ဗမာလိုနဲ့ ရှေ့ကြည့်ပြောရင် မယ်ညားကို လုပ်ရမယ်၊ သက်သာဆိုရင် အိုမူကိုလုပ်ရမယ် ဆိုတာကို ကြိုပြီး လေ့ကျင့်ရတယ်။ မှတ်စဉ်မှတ်ရင်လည်း တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး လို့ မရေပဲ ကရင်လို တဲ၊ ခီး၊ သဲ၊ လွီ၊ ရယ် လို့ပဲ ရေပါတယ်။ တာဝန်ခွဲဖို့ စကားပြောမှပဲ ဘယ်အဖွဲ့က ဘာလုပ်မယ်ဆိုတာကို ဗမာလိုနဲ့ ပြောပါတယ်။

အများအားဖြင့် မနက်ပိုင်း စာမသင်ခင် သစ်ပင်ရေလောင်းရပြီး နေ့လည် အတန်းပြီး ညနေစာ မစားခင် ညနေပိုင်းဆို ထင်းဖြတ်တာတို့ တဘက်ကမ်းမှာ ရှိတဲ့ တောင်ယာဟောင်းတွေသွားပြီး ဟင်းသီးဟင်းရွက် သွားရှာတာတို့ လုပ်ရပါတယ်။ ရိက္ခာက ဆန်၊ ငပိနဲ့ ပဲကိုပဲ ထုတ်ပေးတော့ ဟင်းသီးဟင်းရွက်ကို မစိုက်စား မရှာစားရင် အူခြောက်၊ အဟာရပြတ်ပြီး သေနိုင်ပါတယ်။ စာသင်ဖို့ သတ်မှတ်ထားတဲ့ အချိန်ကို စာပဲသင်ပြီး သင်တန်းမှူးက သင်တန်းသားတွေကို သင်တဲ့စာနဲ့မဆိုင်တဲ့ တစုံတရာ ပြောစရာ ရှိရင် တန်းစီအချိန်မှာပဲ ပြောများပါတယ်။ တနေ့တော့ သင်တန်းမှူး ဗိုလ်ဝေလီယံက သင်တန်းသားတွေကို တန်းစီချိန်မှာ ပြောစရာ ရှိတယ်ဆိုလို့ တန်းစီပြီး အလုပ်တာဝန် ရှိရာနေရာကို ချက်ချင်းမသွားပဲ စောင့်နေရပါတယ်။ ရောက်လာတော့ သင်တန်းမှူးက သူပြောတဲ့အကြောင်းအရာတွေကို အောက်ကအတိုင်း ကရင်လိုတလှည့် ဗမာလိုတလှည့်နဲ့ ပြောပြတဲ့အချိန်မှာ ABSDF ဆိုတာကို ကျွန်မ ပထမဦးဆုံး စပြီး ကြားဖူးခဲ့ပါတယ်။

”ဒီနေ့ ခင်ဗျားတို့ဆီ လာပြီး ပြောရတဲ့ အကြောင်းအရာကတော့ ဗဟိုကလာတဲ့ သတင်းတွေကို ပြောပြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးစု အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု- National Democratic Front (မဒတ-NDF) နယ်မြေ အသီးသီးကို ရောက်ရှိလာတဲ့ ကျောင်းသား ကိုယ်စားလှယ်တွေက ကျွန်တော်တို့ KNU နယ်မြေမှာ အားလုံး လာရောက် စုဆုံကာ ညီလာခံတခုလုပ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-All Burma Students' Democratic Front (မကဒတ- ABSDF) ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မဒတ-NDF အတွက် သော်လည်းကောင်း၊ KNU အတွက် သော်လည်းကောင်း စစ်အာဏာရှင်ကို အတူလက်တွဲ တော်လှန်တဲ့ မဟာမိတ် အင်အားစုကြီးတခု အဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ABSDFနှင့် NDF လူမျိုးစုအဖွဲ့တွေ၊ အဝေးရောက် မြန်မာတွေ ပါဝင်ပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်-Democratic Alliance of Burma (မဒမခ- DAB) ဆိုတဲ့ တပ်ပေါင်းစုကြီးကိုလည်း ကျွန်တော်တို့ KNU နယ်မြေမှာပဲ ဖွဲ့စည်းလိုက်ပါတယ်” လို့ ပြောပြီး အရေးအခင်းကာလတုန်းက နယ်မြေလုပြီး တိုက်ပွဲဝင်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ KNU ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုလိုက်တဲ့ အကြောင်းတွေ ဆက်ပြောပြတယ်။ ပြီးတော့Statement တချို့ကို ဆက်ဖတ်ပြပါတယ်။ (မှတ်ချက်-NDF-မဒတ ဆိုတာ ကျောင်းသားတွေ မရောက်လာခင်ကတောင် ကရင်၊ မွန်၊ ကချင် စတဲ့ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ဖွဲ့ထားတဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။)

သင်တန်းမှူး ပြောပြီးလို့ ပြန်သွားပြီးနောက် တန်းလည်း ဖြုတ်ပြီးတာနဲ့ ကျွန်မက အဖွဲ့အစည်းနာမည်ကို မမှတ်မိလို့ တခြားသူတွေကို လိုက်မေးကြည့်တော့ တခြားလူတွေ အတော်များများကလည်း ကျွန်မနဲ့ ဘာမှမကွာပါဘူး သူမသာ ကိုယ်မသာပါပဲ။ “ငါတို့အဖွဲ့ အစည်းနာမည်က ဘာလဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ ဒီမိုကရက်တစ် အဖွဲ့ချုပ်ဆိုလား မသိဘူး တပ်ဦဆိုတာလည်း ကြားလိုက်တယ် မသေချာဘူး” ဆိုတာနဲ့ပဲ ပြန်ဖြေကြတယ်။ ပြီးတော့ DAB (မဒမခ) နဲ့ ABSDF (မကဒတ) ကို လည်း ကျွန်မတို့က မကွဲပဲ နာမည်တွေ ရောနေကြတယ်။ “ABSDF တဲ့ အရှည်ကြီးပဲ ခေါ်ရခက်လိုက်တာ” လို့ မှတ်မိတဲ့သူ တချို့က အဖွဲ့အစည်း နာမည်နဲ့ ပတ်သက်ပြီး တယောက်တမျိုးစီ ပြောနေကြတယ်။

အဖွဲ့အစည်း စဖွဲ့တဲ့ကာလမှာ အဖွဲ့အစည်းနာမည်ကို မှတ်မိဖို့ ကျွန်မတို့ တော်တော်လေး လေ့ကျင့်ရပါတယ်။ ကရင် သင်တန်းသားတွေကလည်း “ငါတို့ အဖွဲ့အစည်း KNU ဆိုတာ ခေါ်ရတာ လွယ်လွယ်လေး နင်တို့အဖွဲ့အစည်းကလည်း ခေါ်ရခက်လိုက်တာ ငါတို့ကတော့ ကြိုးဖိုး ဟာ ကြိုးဖိုး (ကျောင်းသား) ပဲသိတယ် ကြိုးဖိုးပဲ ခေါ်မယ်” လို့ လိုက်စပြီး ပြောနေကြတယ်။ ကျွန်မတို့ ကျောင်းသားစခန်းက လာတက်တဲ့ သင်တန်းသား ရဲမေတွေထဲမှာ နော်လားစေးဝါးဆိုတဲ့ ညီမလေး တယောက်က ကရင်ဖြစ်ပြီး မ၀င်းဝင်းမူဆိုတဲ့ အစ်မတယောက်က မွန်ဆိုတော့ မွန်နဲ့ကရင် တိုက်ပွဲဖြစ်လာခဲ့ရာက ငြိမ်းချမ်းရေး ယူလိုက်တာကို အကြောင်းပြုပြီး “လားဆေးဝါးနဲ့ မမူတော့ ငြိမ်းချမ်းရေး ယူလိုက်ပြီဟေ့ ၀မ်းသာလိုက်တာ” လို့ ကျွန်မတို့က လိုက်စတော့ “ဘယ်တုန်းက ရန်ဖြစ်တာ တွေ့ဖူးလို့လဲ” လို့ သူတို့နှစ်ယောက်က ပြန်ပြောပြီး ပြောဆိုရယ် မောနေကြတယ်။

ABSDF ပထမအကြိမ် ညီလာခံကို ကျွန်မတို့ စခန်းက ကိုကျော်ကျော် (ချင်းမိုင်)၊ ကိုကျော်ထင် (နော်ဝေ)၊ ကိုခင်မောင်ဝင်း (နော်ဝေ၊ DVB)၊ ကိုဝင်းထိန် (နော်ဝေ၊ DVB ထက်အောင်ကျော်)၊ ဦးအောင်ခင် (နေရပ်မသိ)၊ ကိုအောင်သန်းဝင်း (အမေရိက) တို့ ကိုယ်စားလှယ် ၆ ဦး သွားတက်ခဲ့တာ ၆ ဦးစလုံး ဗဟိုကော်မတီထဲမှာ အရွေးခံရလို့ စခန်းကို တော်တော်နဲ့ ပြန်မရောက်လာခဲ့ကြပါဘူး။ အဲဒီအချိန်က ကျွန်မတို့စခန်းကို ရောက်လာတဲ့ သူတွေအထဲမှာ ဆက်သွယ်ရေးပညာရှင် တယောက်မှ ပါမလာလို့ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ကရင်ကိုပဲ အားကိုးနေရတဲ့အချိန် ဖြစ်တယ်။ ကျွန်မတို့ ကျောင်းသား စခန်းကော်မတီကနေပြီး နောက်ပတ်ကျမှ ကျွန်မတို့ သင်တန်းတက်နေတဲ့ ဆေးရုံကို ရောက်လာပြီး ပြီးသွားတဲ့ ညီလာခံအကြောင်း ပိုမို အသေးစိတ်ကျတာတွေကို လာရှင်းပြပါတယ်။

ကျွန်မက အဖွဲ့အစည်းနာမည် ABSDF (မကဒတ) ကို စာအုပ်ထဲမှာ အပြည့်အစုံ ရေးမှတ်ထားလိုက်တယ်။ မဒတ (NDF)၊ မကဒတ (ABSDF) နှင့် မဒမခ (DAB) အဲဒီအချိန်မှ သေသေချာချာ ကွဲသွားတယ်။ တပ်ရင်းတွေ ဖွဲ့စည်းလိုက်တာ ရှေ့လုပ်ငန်းစဉ်တွေ နိုင်ငံရေစးစစ်ရေး လမ်းစဉ်တွေကို စခန်းကော်မီတီက အကျယ်တ၀င့်လာရောက် ရှင်းလင်းပြောပြပြီး ကျွန်မတို့တပ်ရင်းကို တပ်ရင်း (၂၀၁) လို့ သတ်မှတ်ကြောင်းလည်း အဲဒီအချိန်မှ သိရတယ်။ ဖွဲ့စည်းပုံထဲမှာ ကျောင်းသားတပ်မတော်လို့ ခေါ်တွင်စေရမည် ဆိုတာလည်းပါတော့ ကျွန်မတို့က ခေါ်ရခက်တဲ့ ABSDF တွေ မကဒတတွေကို မသုံးတော့ပဲ အဖွဲ့အစည်းကို ကျောင်းသားတပ်မတော်လို့ပဲ ခေါ်လိုက်တယ်။ တပ်မတော် ဖြစ်သွားပြီဆိုတော့ ဘယ်ကလဲမေးရင် မင်းသမီးစန်းကလို့ မပြောတော့ပဲ တပ်ရင်း ၂၀၁ ကလို့ပဲ ပြောဖြစ်တော့တယ်။ တပ်ရင်းနံပါတ်တွေကို မွန်နယ်မြေရောက် ကျောင်းသားတပ်ရင်းတွေကို ၁၀၁၊ ကရင်နယ်မြေ ၂၀၁၊ ကရင်နီ (ကယား) နယ်မြေ ၃၀၃၊ ပအို့နယ်မြေ ၆၀၁၊ ရှမ်းနယ်မြေ ၈၀၁၊ ကချင်နယ်မြေ ၇၀၁၊ ရခိုင်နယ်မြေ ၉၀၁ နဲ့ စထားပါတယ်။ အင်အား အများဆုံးကတော့ ကရင်နယ်မြေဖြစ်ပြီး ကျွန်မတို့ တပ်ရင်း ၂၀၁ က စခဲ့တာ ညီလာခံလုပ်တဲ့ နေရာမှာ ရှိတဲ့တပ်ရင်း ၂၁၁ မှာ ဆုံးပါတယ်။ ၂၁၂၊ ၂၁၄ နှင့် ၂၁၆ တို့က ပထမအကြိမ် ညီလာခံသက်တမ်းတုန်းက မရှိသေးပဲ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ညီလာခံသက်တမ်းမှာမှ ပေါလာတဲ့ တပ်ရင်းတွေ ဖြစ်တယ်။ ဒုတိယ ကျောင်းသားတပ်ရင်း အများဆုံး လူမျိုးစု နယ်မြေကတော့ လက်နက်ကိုင် လူမျိုးစုထဲမှာလည်း ဒုတိယ အင်အားအကြီးဆုံး ဖြစ်သည့် ကချင်နယ်မြေ ဖြစ်ပါတယ်။
ABSDF ပထမအကြိမ် ညီလာခံမှာ ဥက္ကဌအဖြစ် ဦးထွန်းအောင်ကျော်ကို ရွေးချယ်တင်မြောက် ခံရပြီး ဗဟို ကော်မတီ တခုကို ဖွဲ့စည်းကာ ABSDF ပေါ်ပေါက်လာခဲ့ပါတယ်။ ပထမအကြိမ် ညီလာခံပြီးမှ အဖွဲ့အစည်းဆိုတာ တိတိကျကျ ရှိလာပြီး နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး လုပ်ငန်းလည်ပတ်မှုတွေ စတင်အသက်ဝင် လှုပ်ရှားလာခဲ့ပါတယ်။ ABSDF ဟာ လက်နက်ကိုင်တိုက်ပွဲ၊ သံတမန်တိုက်ပွဲတွေ အားလုံးမှာ NDF (မဒတ), DAB တပ်ပေါင်းစုနဲ့ ပေါင်းပြီး ဦးဆောင် အခန်းကဏ္ဍမှာ ပါဝင်တိုက်ပွဲဝင်လာခဲ့ပါတယ်။ ရှေ့တန်း စစ်မြေပြင် တိုက်ပွဲတွေမှာ ရန်သူတောင်ကုန်းတွေကို သိမ်းပြီး စည်းရုံးရေး နယ်မြေတွေ ချဲ့ကာ ဖက်ဒရယ် ပြည်တောင်စုမူကို ပြည်သူကြားထဲ ချပြနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာ ချနိုင်အောင် Lobby လုပ်ရမှာလည်း ABSDF ပါဝင်ခဲ့ပါတယ်။
 

ABSDF  ဆိုတာ သမိုင်းရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့အဖွဲ့အစည်း တခုဖြစ်တယ်။ ၂၁ နှစ်ကာအတွင်း ABSDF ဟာ အသက်၊ သွေးချွေးပေါင်း များစွာကို ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး တိုက်ပွဲအတွက် ပေးဆပ်ခဲ့ပါတယ်။ ဒီလို ပေးဆပ်ခဲ့ရတာကို ကျွန်မတို့လို မသေလို့ ကျန်နေတဲ့သူတွေကသာ သွားလေသူတွေအတွက် မှတ်တမ်းတင်ပေးနိုင်မှာ ဖြစ်ပါတယ်။

 ABSDF ရဲ့ ၂၁ နှစ်မြောက် နှစ်ပတ်လည် ထုတ်ပြန်ကြေညာချက်အရ သေဆုံးသူနဲ့ ကျဆုံးသူ စုစုပေါင်း ၇၅၀ ရှိပြီလို့ သိရပါတယ်။ ၁၉၈၈ ကနေ ၁၉၉၉ ခုနှစ်အထိ ကျွန်မတို့ မင်းသမီးစခန်း၊ ၂၀၁ တပ်ရင်း တခုတည်းမှာ သေဆုံးကျဆုံးသူစာရင်းကို လက်လှမ်းမီသလောက် စုစည်းထားခဲ့တဲ့ စာအုပ်အထဲမှာ ၈၁ ရှိခဲ့ပါတယ်။ ၂၀၁ မင်းသမီးစခန်းက ကျဆုံးသူများရဲ့ ပုံတချို့ကို Minthamee 8888 ဘလော့ဂ်က ပြန်လည်ကူးယူပြီး တင်ပြလိုက်ပါတယ်။

တပ်ရင်း (၂၀၁) မင်းသမီးစခန်းမှ ၁၉၈၈ မှ ၁၉၉၉ ခုနှစ်အတွင်း အသက်ပေးသွား သူတချို့





၁၉၈၈ ခု၊ ကျွန်မ ၁၀ တန်း စတက်တဲ့နှစ် လူ့ဘ၀ရဲ့ အပျံသင်စ အရွယ်ကနေ ၁၉၉၈ ခုနှစ် ကုန်ခါနီးအထိ ၁၀ စုနှစ်တခုစာ ဒီအဖွဲ့အစည်းမှာ ကျွန်မ အချိန်ပေးလာခဲ့ပြီး ဒီ ၁၀ နှစ်ကာလအတွင်း ကိုယ်စိတ်နှစ်ပါးမှာ အခက်အခဲ အကြမ်းတမ်း အမျိုးမျိုးကို ရင်ဆိုင် ဖြတ်သန်းခဲ့ရသလို အမှတ်ရစရာ လွမ်းစရာများစွာကိုလည်း ဖြတ်သန်းခဲ့ရ၊ အဖိုးမဖြတ်နိုင်တဲ့ ဘ၀အတွေ့အကြုံတွေ အများကြီးကိုလည်း ရခဲ့လို့ ကျွန်မဘ၀မှာ ABSDF နှင့် ပတ်သက်သမျှ အသက်ရှင်နေသရွေ့ ဘယ်တော့မှ မေ့ပျောက် သွားမှာမဟုတ်ပါဘူး။ ဒီပို့စ်နဲ့အတူ ကျွန်မတို့ တပ်ရင်း ၂၀၁ အပါအ၀င် ABSDF တပ်ရင်း အသီးသီးမှာ တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်သွားသော ရဲဘော်ရဲမေ အားလုံးနဲ့ အတူ ခေတ်အဆက်ဆက်မှာ ဖိနှိပ်သူတွေမှန်သမျှကို တိုက်ပွဲဝင်ရင်း အသက်သွေးချွေးတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပေးဆပ်သွားခဲ့တဲ့ တိုက်ပွဲဝင်ရဲဘော်အပေါင်းနဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အားလည်းကောင်း၊ ဒီမိုကရေစီ တော်လှန်ရေးအတွက် လက်ရှိ ဆက်လက် တိုက်ပွဲဝင်လျက်ရှိသော ABSDF ရဲဘော်များ အားလည်းကောင်း ဦးညွတ် ဂုဏ်ပြုလိုက်ပါတယ်။

သွားလေသူအားလုံး ကောင်းရာသုဂတိ လားကြပါစေ..
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်..
ဒီမိုကရေစီတော်လှန်ရေး မုချအောင်ပွဲခံရမည်။



18 comments:

  1. ဒီမိုကရေစီတော်လှန်ရေး မှာ ကျဆုံး သွားခဲ့ရသူများ ၊
    ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေးဆပ်ခဲ့ရသူများ ။အညတြ အာဇာနည်များ အတွက် စိတ်မကောင်းပါ ။
    ဆက်လက်တိုက်ပွဲဝင်နေကြသူများ အားလုံး ကျန်းမာပြီး ဆန္ဒတွေ အမြန်ဆုံး ပြည့်ဝနိုင်ကြပါစေ ။

    ReplyDelete
  2. လေး စား ပါ တယ် အ မ။

    ReplyDelete
  3. လူမသိလိုက်တဲ့အာဇာနည်တွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်

    ReplyDelete
  4. မငယ်နိုင်က ကျောင်းသားတပ်မတော် ဖြစ်လာပုံကို သမိုင်းကျဉ်းလို ရေးပြမှပဲ မအယ်လည်း
    တော်တော် နားလည် သွားတယ်။

    အဖွဲ့အစည်းတွေကလည်း များတယ်ဆိုတော့ တကယ်လုပ်ခဲ့တဲ့သူက ခုလိုလေး ပြောမှ ရေးမှပဲ ကျန်တဲ့သူတွေလည်း သိရမှာ။

    တောထဲ တောင်ထဲ စစ်မြေပြင်က ၁၀ နှစ် အတွေ့အကြုံဆိုတာ နည်းမှာ မဟုတ်ဘူး။ နောင်လည်း ဖတ်ချင်ပါသေးတယ်။

    ကိုယ်ယုံကြည်ရာကို ဒီလို အခက်အခဲတွေ မျိုးစုံ ကြားက လုပ်ကိုင်နိုင်ကြတဲ့ စိတ်ဓါတ်ကို တကယ်ပဲ အံ့သြ မိပါတယ်။

    ကျဆုံးသွားတဲ့ ကိုယ်အရွယ် ကျောင်းသား လူငယ်တွေရဲ့ပုံကိုကြည့်ရတဲ့ခါ တကယ်ပဲ ၀မ်းနည်း တုန်လှုပ်ရတယ်။ သိတ်လည်း နှမြောတာပါပဲ။

    သူငယ်ချင်းတွေ မောင်နှမတွေ ဆွေမျိုးသားချင်းတွေမြင်ရင် ရင်ကွဲလိမ့်မယ်ထင်ပါတယ်။

    အာဏာရှင် စနစ်မှန်သမျှ ဒီကမ္ဘာမှာ ကျဆုံး ပါစေ။
    တို့ပြည်သူတွေ ဒီမိုကရေစီ အမြန်ရပါစေ။
    ကျောင်းသားတပ်မတော် ရည်ရွယ်ချက်များ ပြည့်မြောက်ပါစေ။
    ကျဆုံးသွားလေသူများ မြင့်မြတ်သော ဘုံမှာ အေးချမ်းကြပါစေ။

    မအယ်


    မအယ်

    ReplyDelete
  5. မငယ်
    ရေးထားတာ အပိုအလိုမရှိ အရမ်းကောင်းတာပဲ။ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေကိုအလေးပြုပါတယ်။
    နိုဝင်ဘာလ ၅ရက်နေ့ က ကျနော်မွေးနေ့ လေ။ ကျနော်
    တောထဲရောက် ပြီးနောက်တရက်က ကျနော်မွေးနေ့ ပဲ။
    အေဘီ ကွဲနေတုန်းက ကိုမိုးသီးဆိုက် က နိုဝင်ဘာလ ၅
    ရက်ကိုပဲ အေဘီ မွေးနေ့ သတ်မှတ်ခဲ့ကြတယ်။

    ReplyDelete
  6. မငယ် ကျဆုံးသွားတဲ့ရဲဘော်တွေဓါတ်ပုံကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရပါတယ်.မင်းသမီးစခန်းမှာ နေထိုင်ရင်း ကျဆုံးသွားတဲ့ ကိုကျော်အောင်(ဒုနှစ်-စိတ်ပညာ) က ကျနော်သူငယ်ချင်းအရင်းပါ ၈၈ တုန်းက သထုံဆောင်မှ အခန်းချင်းကပ်လျှက် ပါ ကျနော်သူ့ကျဆုံးပုံကို ကိုကျော်ထင် ပြောပြလို့ ၂၀၀၄ မှာမှ သိရပါတယ်.စိတ်မကောင်းဘူးဗျာ.

    ReplyDelete
  7. ABSDF သမိုင်းကြောင်းထဲ မှာတော့ ကိုမိုးသီး ကို အလေးစားဆုံးပါပဲ ကျန်ရဲဘော် တွေ ကိုလည်း လေးစားပါတယ် ။ ကိုမိုးသီးကတော့ တိုက်ရေးမူ ပြတ်သားတယ် .မြန်မာပြည်မှာ ABSDF လို့ ပြောရင် မိုးသီး နဲ့  ခွဲ ခြားလို့ ကို မရပါဘူး

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ရေးသားဖော်ပြချက်တွေ အရမ်းကောင်းတယ် မငယ်နိုင်၊
    အားပေးလျက်ပါ။

    ReplyDelete
  10. “ရ ရင် ရ။ မရ ရင် ချ” ABSDF အဖွဲ့သားများအား လေးစားလျှက် -------------------
    မအားတဲ့ကြား လေ့လာမှတ်သားစရာကို အခုလို အရေးအသားကောင်းကောင်းနဲ့ ဖော်ပြပေးတာ ကျေးဇူးတင်ပါသည်။

    ReplyDelete
  11. မိုးသီးဇွန်က ABSDF မှာ ရှေ့တန်းစစ်မြေပြင်ကို တခေါက်မှ ရောက်ဖူးသူ မဟုတ်ပါခင်ဗျား။ ဒေါ်မေအိခင် ခင်ဗျားကလည်း ဘာမှမသိပဲနဲ့ အရမ်း ချီးကျူးနေပြန်ပြီ။ ခင်ဗျားက တိုက်ရေးမူ ပြတ်သားပြီး လေးစားစရာ ကောင်းလှပါတယ်ဆိုတဲ့ မိုးသီးဇွန်က စာအုပ်တွေ ဖတ်ပြီး လေပေါတဲ့ နေရာမှာပဲ ကျွမ်းကျင်တာဗျ။ ABSDF ပထအကြိမ် ညီလာခံ ကာလမှာ မိုးသီးဇွန်က ပြည်တွင်းက လူ့ဘောင်သစ်ပါတီမှာ လေပေါလို့ ကောင်းတုန်း။ ဒုတိယအကြိမ် ညီလာခံ နီးမှ တောထဲကို ကြောက်လို့ ထွက်ပြေးလာပြီး ABSDF ကို သူရောက်လာတယ်။ ဒုတိယအကြိမ် ညီလာခံမှာ သူဥက္ကဌ နေရာ ရလာတဲ့အချိန်က စပြီး ABSDF ကို ဖြိုခွဲလိုက်တာ နောက်ဆုံးတတိယ အကြိမ်ညီလာခံမှာ အစိတ်အစိတ် အမွှာမွှာ ပြိုကွဲသွားတော့တာပဲ။ မိုးသီးဇွန်ဟာ ABSDF သမိုင်းမှာ လေးစားစရာ တခုမှ မလုပ်ခဲ့တဲ့အပြင် ABSDF ကို ဖြိုခွဲပြီး ABSDF သမိုင်းကို သုံးမရအောင် ဖျက်ဆီးခဲ့သူသာ ဖြစ်ကြောင်းပါ ခင်ဗျား။

    ReplyDelete
  12. ကျွန်မက ဒီပို့စ်ကို ကပြာကယာ တင်ပြီး အလုပ်တွေ သိပ်များနေလို့ ပြန်လှည့်မကြည့် ဖြစ်ခဲ့ဘူး။ လာဖတ်ပြီး မှတ်ချက်ထားခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

    kiki, AATO, Rose ကိုအောင်နှင့် ဖြိုးဝေတို့ရဲ့ အားပေးမှုတွေအတွက် နှင့် ကျဆုံးသူများအတွက် အသိအမှတ်ပြု ကြတာ ကျေးဇူးပါ။

    မအယ်ရေ- ကျောင်းသားတပ်မတော် သမိုင်းမဟုတ်ပါဘူး ကျွန်မတို့ တပ်ရင်းက အကြောင်းတောင်မှ ကျွန်မ ကြုံတွေ့ခဲ့တာကို ရေးချထားတာသာ ဖြစ်တယ်။ ကျွန်မ တောထဲမှာ ၁၀ နှစ်မပြည့်ပါဘူး ၂ နှစ်က မြို့ပေါ်မှာပဲ ဖြတ်သန်းခဲ့တာပါ။

    ကိုချစ်ဖေ-ကျွန်မဘလော့ဂ်ကို ပတမဦးဆုံးအကြိမ် စာလာဖတ်ပြီး မှတ်ချက် ရေးခဲ့တာ ကျေးဇူးတင်ပါတယ်။ ကျွန်မက ကိုကျော်အောင်ကို လူချင်းတော့ မရင်းနှီးခဲ့ဘူး။ သူတို့အုပ်စုမှာ အတူတူပါသွားတဲ့ အထဲက ကိုအောင်မိုးမြတ် တယောက်ကိုပဲ ကျွန်မတို့ ဆေးတာဝန်ခံ ဖြစ်လို့ ကောင်းကောင်း သိပါတယ်။ ဦးကျော်ထင် ပြောပြလို့ သိထားတယ်ဆိုတော့ ကိုချစ်ဖေက ကျွန်မထက် ပိုသိပြီး ဖြစ်ပါလိမ့်မယ်။ သူတို့ ဒီလိုဖြစ်သွားတာ အားလုံးက ယူကျုံးမရ ဖြစ်ရပါတယ်။

    ReplyDelete
  13. ကိုနှင်းလှိုင် မမေအိခင်နဲ့ အမည်မဖေါ်လိုသူတို့ ပြောလိုတဲ့ အကြောင်းတွေက ABSDF ကို မွေးဖွားပေးလိုက်တဲ့ ပထမအကြိမ် ညီလာခံကာလနဲ့ ဘာမှ မဆိုင်သူတွေနဲ့ မပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်လို့ ကျွန်မဘာမှ မှတ်ချက် ပြန်မပေးလိုပါဘူး။ ကျွန်မပို့စ်က မကဒတကို စတင်မွေးဖွားစဉ်က ကျွန်မ အတွေ့အကြုံလေးတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မက မကဒတနဲ့ ပတ်သက်ပြီး လေးစားရင်တော့ ဘယ်သူဘယ်ဝါရယ်လို့ တဦးချင်းစီ သတ်သတ်မှတ်မှတ် မရှိပါဘူး အထင်ကရ ဖြစ်စေ၊ အညတြဖြစ်စေ မကဒတကို စတဲ့အချိန်ကနေ အခုထိ ရိုးသားစွာ ဆက်လက် တိုက်ပွဲဝင်ရင်း ကျန်ရှိနေဆဲဖြစ်တဲ့ တော်လှန်ရေး ရဲဘော်တွေကို အားလုံးထက် ပိုပြီးလေးစားပါတယ်။

    အမည်မဖေါ်လိုသူအနေနဲ့ သူများလေးစားတဲ့ သူတယောက်အကြောင်းကို ပြောတဲ့နေရာမှာ မိမိကိုယ်တိုင် မလေးစားပေမယ့် နည်းနည်းတော့ ချင့်ချိန်သင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုလာဖတ်ရှု အားပေးခဲ့ကြတာ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။

    ReplyDelete
  14. စိတ်ဝင်စားစရာကောင်းတဲ့ စာတပုဒ်ပါပဲ...
    နောက်လဲ ဒီလိုအတွေကအကြုံတွေကို အလျဉ်းသင့်သလို ရေးပေးစေချင်ပါတယ်...

    တရားမျှတရေးအတွက် အသက်တွေ ဘဝတွေ ပေးသွားကြတဲ့ ရဲဘော်များအားလုံးကို ရင်ထဲကနေ နင့်နင့်နဲနဲ အလေးပြုပါတယ်...

    ReplyDelete
  15. ABSDF တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်းNovember 1, 2013 at 12:19 PM

    ABSDF တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
    (ကျောင်းသားတပ်မတော်)

    ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ ( ၂၇ ) ရက်။


    သို့
    မကဒတ ဥက္ကဌ (ဟောင်း) များ အားလုံး၊
    မကဒတ အတွင်းရေးမှူး (ဟောင်း) များ အားလုံး၊
    မကဒတ ဗဟိုကော်မတီဝင် (ဟောင်း) များအားလုံး၊
    မကဒတ တပ်ဖွဲ့ဝင် (ဟောင်း) များ အားလုံး။


    အကြောင်းအရာ။ ။ မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း။


    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအား မကဒတ (မပ) လိုင်ဇာတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက် ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


    ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်။
    အချိန်။ ။ နံနက် ၀၈း၀၀ နာရီ။
    နေရာ။ ။ မကဒတ (မပ) လိုင်ဇာ။


    ချစ်ကြည်လေးစားစွာဖြင့်

    ရဲဘော် ဆန်နီ
    အထွေထွေအတွင်းရေးမှူး
    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
    (ကျောင်းသားတပ်မတော်)

    ABSDF Hq
    2013 October 27


    မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


    on.fb.me/16Hm6bJ

    ReplyDelete


  16. ABSDF တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
    (ကျောင်းသားတပ်မတော်)

    ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ ( ၂၇ ) ရက်။


    သို့
    မကဒတ ဥက္ကဌ (ဟောင်း) များ အားလုံး၊
    မကဒတ အတွင်းရေးမှူး (ဟောင်း) များ အားလုံး၊
    မကဒတ ဗဟိုကော်မတီဝင် (ဟောင်း) များအားလုံး၊
    မကဒတ တပ်ဖွဲ့ဝင် (ဟောင်း) များ အားလုံး။


    အကြောင်းအရာ။ ။ မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း။


    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားအား မကဒတ (မပ) လိုင်ဇာတွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက် ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


    ရက်စွဲ။ ။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်။
    အချိန်။ ။ နံနက် ၀၈း၀၀ နာရီ။
    နေရာ။ ။ မကဒတ (မပ) လိုင်ဇာ။


    ချစ်ကြည်လေးစားစွာဖြင့်

    ရဲဘော် ဆန်နီ
    အထွေထွေအတွင်းရေးမှူး
    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
    (ကျောင်းသားတပ်မတော်)

    ABSDF Hq
    2013 October 27



    မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


    on.fb.me/16Hm6bJ

    ReplyDelete


  17. ကျနော်၏ မကဒတ (၂၅) နှစ် ပြည့်မြောက် သ၀ဏ်လွှာ

    ကိုကိုဦး၊
    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) အထွေထွေအတွင်းရေးမှူးဟောင်း


    မကဒတ (၂၅) နှစ်လည်း ပြည့်ခဲ့ပြီ။


    ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကို မမေ့နိုင်ခြင်းဟာ သတိရခြင်းထက် ပိုတဲ့ တော်လှန်ရေးရဲ့ အမှတ်တရရုပ်ပုံလွှာတွေပါ။


    ဘယ်သူတွေ ဘာပြောပြော အစစ်အမှန်စွန့်လွှတ်ခြင်း တွေဟာ အချောင်သမားတွေ၊ အခွင့်အရေးသမားတွေကို အမြဲတန်း ခြောက်လှန့်နေဦးမယ်။


    တော်လှန်ရေးသတိ အမြဲမပြတ် ရှိခြင်းဟာ တော်လှန်ရေးလုပ်ရင်း သတိလက်လွတ်ဖြစ်သွားသူတွေကို တည့်မတ်ပေးနိုင်တဲ့ အင်အားဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။


    ဒီယုံကြည်ချက်အတိုင်း ကျနော်တို့အားလုံး သမိုင်းတစ်ခုရဲ့ ဖြစ်တည်မှုကို မျက်ခြေပြတ်ခံလို့ မဖြစ်ဘူး၊ ဖြစ်လိုရာဖြစ်ပါစေ လို့လည်း
    မျက်နှာလွှဲထားလို့ မရနိုင်ဘူး။


    တကယ့်ကို အရိုးသားဆုံး ပေးဆပ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေရဲ့ သစ္စာကိုစောင့်တည်ဘို့ ကျနော်တို့အားလုံး ရှိနေတယ်လို့ ယုံကြည်နေလို့ပဲ။


    ကိုကိုဦး (၈၈ သူပုန်မျိုးဆက်)
    ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့


    ( ကိုကိုဦး (ခေါ်) ဆလိုင်းကိုကိုဦး ဟာ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပြီး နောက်တော့ ABSDF အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ )



    ABSDF အထွေထွေအတွင်းရေးမှူးဟောင်း ကိုကိုဦး ၏ ABSDF တည်ထောင်ခြင်း (၂၅) နှစ် ပြည့် သ၀ဏ်လွှာ


    https://www.facebook.com/ko.oo2/posts/606290499407163

    ReplyDelete


  18. ABSDF ငွေရတုသဘင်သို့ ကဗျာ


    မောင်ကို (ထပ်ခနွန်-ထောင်ဖာဖုံ)


    ဒေါင်းမာန်ဝင့်ချီ သွေးရဲနီသည်
    သမိုင်းတခေတ် တော်လှန်နှစ် (၈၈) မှာ
    တော်လှန်တဲ့အသိ မွေးခဲ့ကြသည် ခွပ်ဒေါင်းနီ။

    အရေးကြီးပြီ ညီနောင်အပေါင်းတို့
    ကိုမွန်းအောင် ဆိုခဲ့တဲ့ တော်လှန်တေးသီချင်း
    ခွပ်ဒေါင်းမာန်ကို နှိုးဆွ စိတ်မာနကို အပ်နှင်း
    လက်ချင်းတွဲယှက်မြဲလျှက် ခွပ်ဒေါင်းတို့ သွေးမပျက်ခဲ့။

    ခေတ်အဆက်ဆက်
    အာဏာရူး စစ်ဘီလူးတွေကို အန်တု
    သေမှာကို ခွပ်ဒေါင်းတို့ မမှုခဲ့။

    တရားသောစစ်မှာ
    ငါတို့ဝိညာဉ်သာ ကျန်နေရစ်ပါစေ
    အသက်နဲ့သွေး တို့စတေးခဲ့သည်
    မာန်ဟုန်ဝင့်ချီ ခွပ်ဒေါင်းနီ။


    မောင်ကို
    (ထပ်ခနွန်-ထောင်ဖာဖုံ၊
    ခေတ္တ အမေရိကန်)


    ၂၅ နှစ်မြောက်
    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
    ငွေရတုသဘင်သို့




    မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း


    https://www.facebook.com/ko.oo2/posts/606290499407163

    ReplyDelete

မင်္ဂလာပါ။ ပို့စ်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိပါက Comment မှာ ရေးသားစေလိုပါတယ်။ ပို့စ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာကိုသာ ရေးသားပါရန် မေတ္တာရပ်ခံပါတယ်။